အခန်း (၃၂၁၁-၃၂၁၅)
Vol. 140 Ch. 3211-3215
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၁၁)
ဘာသာပြန်သူ_တိမ်တိုက်
လတ်တလောတွင် ကျိယင်သည် ဆေးသိပ်သည်းခြင်းပညာရပ်အသစ်တစ်ခုကို စမ်းသပ်နေခြင်း ဖြစ်လေသည်။ ကျိယင်၏ရှင်းပြချက်အရ ထိုဆေးသိပ်သည်းခြင်းပညာရပ်သည် တတ်မြောက်ဖို့ရာ အတော်လေးကိုမှ လွယ်ကူလှသည်။ သာမန်ဆေးပညာရှင်များအဖို့ အနည်းငယ်လောက် လေ့ကျင့်လိုက်ရုံဖြင့် ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို တတ်မြောက်နိုင်ကြသည်။ ထို့အပြင် ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို ကျွမ်းကျင်သွားမည်ဆိုလျှင် ဆေးလုံးသိပ်သည်းနိုင်ခြေကို တစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်၏။
ဆေးလုံးသိပ်သည်းနိုင်ခြေ တစ်ဆယ်ရာခိုင်နှုန်းမှ နှစ်ဆယ်ရာခိုင်နှုန်းခန့် တိုးလာခြင်းသည် ဘာမှမပြောပလောက်ပါသော်ငြား ဆေးလုံးပေါင်းမြောက်မြားစွာကို ဖော်စပ်နေသော ဆေးပညာရှင်များအတွက်မူ အလွန်ကိုမှ အကျိုးရှိသည်ဟု ပြော၍ရပေသည်။ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်နိုင်ခြေသည် မြောက်မြားလှစွာသော ဆေးလုံးပမာဏကို ရည်ညွှန်းပေ၏။
ဆေးသိပ်သည်းခြင်းအပိုင်းသည် ဆေးဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာ အဆင့်မြင့်ဆေးလုံးများကို ရွေးမနေခဲ့ဘဲ တာအိုအဆင့်ဆေးလုံးတစ်လုံးကို ရွေး၍သာ ဖော်စပ်၍ သူစမ်းသပ်နေသော ဆေးသိပ်သည်းခြင်းပညာရပ်ကို လက်တွေ့စမ်းသပ်ပြလေသည်။
ဆေးဖော်စပ်ခြင်း၏ အစပိုင်းများသည် ပုံမှန်အတိုင်းသာ ဖြစ်ကြသည်။ ဘာမျှ ထူးထူးခြားခြားမရှိ။
အခန်းတစ်ခန်းလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး ကျိယင်မှာ ဆေးဖော်စပ်ရာတွင် အပြည့်အဝ အာရုံစိုက်ထားခဲ့သည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့မှာတော့ ကျိယင်ဆေးဖော်စပ်နေသည်ကို မမှိတ်မသုန် ကြည့်နေကြလေသည်။ အထူးသဖြင့် ရှနင်းချန်ပင်။ ရှနင်းချန်သည် ကျိယင်ဆေးဖော်စပ်နေသည်ကို အတွေးနက်နေသည့် အမူအယာဖြင့် သေသေချာချာကို မျက်တောင်မခတ်တမ်း ကြည့်နေလေသည်။
ကျိယင်သည် ဆေးအဆီအနှစ်များကို ထုတ်ယူပြီး ဆေးအရည်ကို သိပ်သည်းစေသည်။ ထို့နောက် အစီအရင်များကို ခင်းကျင်း၍ ဆေးအရည်များကို အပြည့်အဝပေါင်းစပ်ခဲ့ရာ မကြာမီတွင် ဆေးသိပ်သည်းရမည့်အဆင့်သို့ ရောက်လာခဲ့သည်။ ထို့နေရာသို့ ရောက်လာသည့်အချိန်တွင်တော့ ကျိယင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး လှမ်းပြောလိုက်လေသည်။ “ရောင်းရင်းရန်… တစ်ချက်လောက် သေသေချာချာလေး ကြည့်ပေးပါဦး…”
ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ကျိယင်သည် လက်ကွက်အချို့ကို ထုတ်ဖော်၍ ဧကရာဇ်ချီကို ဆေးမီးဖိုထဲသို့ စတင်ထည့်သွင်းလေသည်။ ချက်ချင်းဆိုသလို ဆေးမီးဖိုဆီမှ သင်းပျံ့သည့်မွှေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆေးလုံးသိပ်သည်းသည့်အဆင့်မှာ စတင်ခဲ့လေပြီ။ တစ်ခဏအကြာ၌ ကျိယင်က လေသံတိုးတိုးဖြင့် အော်ပြောလိုက်သည်။ “သိပ်သည်းလိုက်စမ်း…”
ကျိယင်မှ ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ရာ ဆေးလုံးလေးများ ပျံထွက်လာခဲ့လေသည်။ ကျိယင်သည် အသင့်ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းတစ်ပုလင်းဖြင့် ထိုဆေးလုံးများကို လွယ်လင့်တကူ ဖမ်းယူသိမ်းဆည်းလိုက်လေသည်။ စုစုပေါင်း ဆေးလုံးကိုးလုံးတိတိ ပျံသန်းထွက်လာခဲ့လေသည်။ ကိုးလုံးမှာ အကန့်အသတ်ဖြစ်ပေသည်။ ဆေးပညာရှင်တစ်ဦး မည်မျှပင် တော်နေစေကာမူ ဆေးတစ်ခါဖော်စပ်လျှင် ဆေးလုံးကိုးလုံးထက်ပိုရအောင် မဖော်စပ်နိုင်ကြပေ။ ဤသည်မှာ မဟာဆေးဧကရာဇ်သည်ပင်လျှင် ချိုးဖောက်နိုင်ခြင်းမရှိသော ဥပဒေသတစ်ခုလည်း ဖြစ်ပေသည်။
ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ကျိယင်မှာ သူသာ တာအိုသခင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်မည်ဆိုလျှင် သူအသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းနည်းစနစ်ကို မသုံးလျှင်ပင် ဆေးလုံးကိုးလုံးအထိရအောင် ဖော်စပ်နိုင်ပေသည်။ ထိုအကြောင်းကြောင့် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းနည်းစနစ်ကို သုံးခဲ့သည့်တိုင် ကျိယင်ဖော်စပ်နိုင်သည့် ဆေးလုံးအရေအတွက်မှာ ကိုးလုံးသာ ဖြစ်နေပေသေးသည်။
သို့ပင်ဖြစ်လင့်ကစား ကျိယင်ဖန်တီးထားသည့် ဆေးသိပ်သည်းခြင်းနည်းစနစ်နှင့်ပတ်သက်၍ ထူးခြားသည့်အချက်များ ရှိနေသည်ကို ရန်ကိုင် သတိထားမိလေသည်။ ထိုအကြောင်းကြောင့် သူသတိထားမိလိုက်သည့် အကြောင်းအရာများကို ကျိယင်နှင့် စတင်ဆွေးနွေးတော့လေသည်။
ဆေးပညာရှင်များ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြရာတွင် သီအိုရီများကိုသာ ဆွေးနွေး၍မရပေ။ လက်တွေ့စမ်းသပ်ဖို့ရာလည်း လိုအပ်ပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ၏ဆေးမီးဖိုနှင့် ဆေးပင်အချို့ကို ထုတ်ကာ ဆေးလုံးတစ်လုံးကို စတင်ဖော်စပ်တော့လေသည်။ ဆေးသိပ်သည်းခြင်းအဆင့်သို့ အရောက်တွင်တော့ ကျိယင် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်ကို ထုတ်သုံးကာ ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို သူကိုယ်တိုင် အတွေ့အကြုံယူလေသည်။
ထို့နောက်တွင် ရန်ကိုင်နှင့် ကျိယင်တို့မှာ ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ဖော်စပ်ကြတော့လေသည်။ အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေခဲ့ပါသော်ငြား ကျိယင်မှာတော့ အနည်းငယ်မျှပင် ပင်ပန်းမူးဝေခြင်းမရှိ။ ထို့အစား အချိန်ကြာလာသည်နှင့်အမျှ ကျိယင်၏မျက်လုံးများမှာ ပိုပို၍ပင် တောက်ပလာခဲ့ပေသေးသည်။ ရန်ကိုင်ကဲ့သို့သောလူမျိုးနှင့် ဆေးပညာအကြောင်း ဆွေးနွေးရသည်မှာ အမှန်တကယ်ကို မှန်ကန်သည့်လုပ်ရပ် ဖြစ်ပေသည်။ နောက်ရက်များအတွင်း ကျိယင်မှာ သူ အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်နှင့် ပတ်သက်၍ ချို့ယွင်းချက်များရှိနေသည်ကို သတိထားမိသွားခဲ့သည်။ ထို့နောက် ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင်၍ သူ၏ ဆေးသိပ်သည်းခြင်းပညာရပ်ကို ထပ်မံအဆင့်မြှင့်တင်လေသည်။
ငါးရက်ကြာပြီးသည့်နောက် ကျိယင်နှင့် ရန်ကိုင်တို့မှာ ဆေးမီးဖိုများကိုသုံး၍ ဆေးဖော်စပ်သည့်အခန်းထဲမှ အတူတကွ ထွက်လာခဲ့ကြသည်။ ရန်ကိုင်နှင့် အတူတကွ ဆွေးနွေးရင်းမှ ဉာဏ်အလင်းအသစ်များကို ရရှိလိုက်သည့်အတွက်ကြောင့် ကျိယင်မှာ အတော်လေးကိုမှ ဝမ်းသာပျော်ရွှင်နေခဲ့လေရာ ဆေးဖော်စပ်သည့်အခန်းထဲမှ ထွက်လာပြီးသည့်နောက်တွင် တပည့်များအား ရန်ကိုင်တို့ကို ဧည့်ခံရန်အတွက် စားသောက်ပွဲတစ်ခုပြင်ဆင်ရန် အမိန့်ပေးလိုက်လေသည်။
ဤသည်မှာလည်း ရန်ကိုင်မျှော်လင့်နေသည့်အရာမျိုး ဖြစ်သည့်အတွက်ကြောင့် ရှနင်းချန်အား မျက်စပစ်ပြလိုက်လေသည်။ ရှနင်းချန်သည်လည်း အလိုက်တသိပင် အရက်ပုလင်းကိုကိုင်၍ ရန်ကိုင်နှင့်ကျိယင်တို့အတွက် အရက်ငှဲ့ပေးလေ၏။
အရက် တစ်ခွက်ပြီးတစ်ခွက် သောက်ပြီးသည့်နောက်မှသာလျှင် ကျိယင်မှာ သူ့ခေါင်းကို ရုတ်တရက်ကောက်ရိုက်ရင်းမှ ပြောလိုက်လေသည်။ “အာ… ငါ တကယ်ကို စည်းမဲ့ကမ်းမဲ့တွေ လုပ်နေပါလား… ဒီအမျိုးသမီးရဲ့နာမည်ကိုတောင် အခုထိ မမေးရသေးဘူး…”
ထိုသို့ပြောနေရင်းမှ ကျိယင်သည် ရှနင်းချန်းအား တောင်းတောင်းပန်ပန်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင်နှင့် ရှနင်းချန်တို့ကြားရှိ ဆက်ဆံရေးမှာ ပုံမှန်မဟုတ်မှန်း သတိပြုမိလင့်ကစား ကျိယင်မှာ ဆေးဖော်စပ်ရာတွင် အပြည့်အဝ အာရုံစိုက်မိသွားခဲ့သည်။ ဆေးဖော်စပ်နေစဉ်အတောအတွင်း ကျိယင်၏စိတ်ထဲ သူနှင့် ဆေးပညာအကြောင်းကို ဆွေးနွေးနေသော ရန်ကိုင်တစ်ဦးတည်းသာ ရှိပေသည်။ ထို့အတွက်ကြောင့် ရှနင်းချန်အား လုံးဝ သတိမမူမိဖြစ်ကာ စားသောက်ပွဲကျင်းပ၍ ရှနင်းချန်မှ သူတို့အား အရက်လာငှဲ့ပေးနေသည်ကိုပင် ကျိယင်မှာ သတိမထားမိခဲ့။ ယခုအခါမှသာလျှင် ရှနင်းချန်လည်း ရှိနေသည်ကို သတိထားမိသွားခဲ့ခြင်း ဖြစ်လေသည်။
“ဒါက ငါချစ်ရတဲ့မိန်းမ ရှနင်းချန်လေ…” ရန်ကိုင်က ပြုံး၍ မိတ်ဆက်ပေးလိုက်လေသည်။
ရှနင်းချန်က ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။ “မင်္ဂလာပါ ဆေးဝိဇ္ဇာကျိယင်…”
ရှနင်းချန်၏မျက်နှာမှာတော့ အနည်းငယ်လေး နီမြန်းနေခဲ့လေသည်။ တကယ်တော့ ရန်ကိုင်မှ သူမအား သူ့မိန်းမဖြစ်သည်ဟု လူရှေ့သူရှေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်ပေးလိုခြင်းပင် မဟုတ်လေလော။
“မဒမ်ရန်လား…” ကျိယင် ကြောင်သွားခဲ့လေသည်။ (ငါ့ကို အရက်ငှဲ့ပေးနေတာ ရန်ကိုင်ရဲ့မိန်းမလား…)
ကျိယင်လည်း ချက်ချင်း ထိုင်ရာမှ အလျင်စလိုကုန်းထ၍ ပြောလိုက်လေ၏။ “အာ… ငါ ဘာတွေလုပ်လိုက်မိပြီလဲ… ကျေးဇူးပြုပြီး ထိုင်ပါဦး…” (သူက ရန်ကိုင်မိန်းမမှန်းသာ သိခဲ့ရင် အခုလိုမျိုး မလုပ်ခိုင်းပါဘူးကွာ… အခုတော့ ငါ့လုပ်ရပ်က ရောင်းရင်းရန်ရဲ့မျက်နှာကို ရိုက်သလိုဖြစ်နေပြီ… သူ စိတ်ထဲမထားတာ ကံကောင်းသွားတယ်…)
“ရောင်းရင်းရန်ရေ… မင်းကို မလေးစားသလို လုပ်မိသွားပြီကွာ… မဒမ်ရန်ကို တောင်းပန်တဲ့အနေနဲ့ ငါ နောက်တစ်ခွက်ထပ်သောက်ပေးမယ်… ကျေးဇူးပြုပြီးတော့ ကျုပ်ဘက်က ဧည့်ဝတ်မကျေသလို ဖြစ်သွားတာကို ခွင့်လွှတ်ပေးပါနော်…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ကျိယင်သည် သူ၏အရက်ခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။
“ရောင်းရင်းကျိ… မင်း အခုလိုတွေ လုပ်နေစရာမလိုပါဘူး… ဒါက ဘာမှဟုတ်တာမှမဟုတ်တာ…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ကျိယင်သည် ရန်ကိုင်ကိုကြည့်၍ ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “ရောင်းရင်းရန်… မင်း ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုမျိုး လုပ်ရတာလဲကွာ… မင်းမိန်းမကို မပြောမဆိုနဲ့ ခေါ်လာပြီး ငါ့ကို အရက်လာငှဲ့ပေးခိုင်းနေတာ… ငါ့ပုံစံက မကောင်းတဲ့ပုံပေါက်နေပြီ… မရဘူး… မင်းလည်း ငါ့ကို အခုလိုမျိုးလုပ်တဲ့အတွက် သုံးခွက်ပြန်သောက်ရမယ်…”
“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က ပြုံး၍ ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့် သောက်တာကတော့ နောက်မှသောက်တာပေါ့… အခု ငါ ရောင်းရင်းကျိကို အကူအညီတောင်းစရာလေးရှိသေးလို့… အခုတောင်းမယ့် အကူအညီကလည်း ငါ့မိန်းမနဲ့ ပတ်သက်နေတာဆိုတော့လေ…”
ကျိယင်က ပြန်ပြောလိုက်သည်။ “ပြောသာပြောလိုက် ရောင်းရင်းရန်… ငါကူညီနိုင်သရွေ့ ငြင်းမှာမဟုတ်ဘူး….”
“ဒီကိစ္စက မင်းတစ်ယောက်ပဲကူညီနိုင်တာ ရောင်းရင်းကျိရဲ့…” ရန်ကိုင်က ပြုံး၍ ရှနင်းချန်ကို ညွှန်ပြရင်းမှ ပြောလိုက်သည်။ “ဒီလိုကွ… နင်းချန်က ကျင့်ကြံရေးခရီးလမ်းကို စလျှောက်တည်းက ဆေးပညာကို လေ့ကျင့်ခဲ့တာလေ… သူက တိုက်ခိုက်ရတာတွေ ကျင့်ကြံတာတွေထက် ဆေးဖော်စပ်တာကို ပိုပြီးကြိုက်တာ…”
“အို… မရီးက ဆေးပညာရှင်လား…” ကျိယင်သည် ရှနင်းချန်အား အလေးအနက်အမူအယာဖြင့် စစ်ဆေးကြည့်လိုက်သည်။ သို့သော်ငြား တစ်ခဏအကြာ၌ မျက်မှောင်ကျုံ့သွားတော့လေသည်။ ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် တစ်စုံတစ်ဦးသည် ဆေးပညာရှင်တစ်ဦး ဟုတ်လားမဟုတ်လားဆိုသည်ကို အကြည့်တစ်ချက်ဖြင့် ကျိယင်ပြောနိုင်ပေသည်။ အကြောင်းမှာ ဆေးပညာရှင်တစ်ဦးသည် သာမန်လူများနှင့် မတူသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ အထူးသဖြင့် ဆေးပင်များနှင့် တစ်နှစ်ပတ်လုံး ထိတွေ့နေသည့် ဆေးပညာရှင်များ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သာမန်လူများနှင့် မတူကွဲပြားသည့် အငွေ့အသက်မျိုး ရှိနေကြသည်။ ထိုအငွေ့အသက်များကို မည်သို့သောနည်းလမ်းကိုသုံးပါစေ အပြီးတိုင်ဖယ်ရှား၍မရပေ။ သို့သော်ငြား ရှနင်းချန်ဆီမှ တစ်နှစ်ပတ်လုံး မီးတောက်နှင့် အလုပ်လုပ်ထားသည့် အငွေ့အသက်မျိုးကို ကျိယင် မည်သို့မှ ရှာမတွေ့ခဲ့။ ရှနင်းချန်ဆီမှ အမျိုးမျိုးသောဆေးလုံးများ၏ အငွေ့အသက်တို့ကို ရနေပါသော်ငြား ကျိယင်စိတ်ထဲတွင်တော့ အနည်းငယ် မသင်္ကာ ဖြစ်နေမိပေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “မကြာသေးခင်ကမှ သူက အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုကနေ တက်လာခဲ့တာ… ဟိုဘက်မှာက နည်းနည်း အကန့်အသတ်နဲ့ ရှိတယ်လေ… အဲ့မှာတုန်းက သူ့ကို ဆေးပညာအကြောင်းသင်ပေးမယ့်လူ ဘယ်သူမှမရှိဘူး… အခု ဒီကိုရောက်လာပြီဆိုတော့ မင်းလည်းရှိနေတာနဲ့ ငါလည်း မင်းဆီမှာ သူ့ကို ဆေးပညာသင်ခိုင်းလို့ရမလားဆိုပြီး ခေါ်လာခဲ့တာကွ…”
ကျိယင်က ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန်… မင်းရဲ့ဆေးစွမ်းရည်က ငါ့အောက်နိမ့်ကျတာမှမဟုတ်တာ… ပြီးတော့ မင်းတို့နှစ်ယောက်က လင်မယားတွေလေ… မင်းကိုယ်တိုင်သင်ပေးလိုက်ရင် ပိုမကောင်းဘူးလား… ဘာဖြစ်လို့ ငါ့ဆီ တကူးတကကြီး ခေါ်လာနေရတာလဲ…”
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ ရောင်းရင်းကျိရေ… မင်းသိတဲ့အတိုင်းပဲ ငါ့မှာ သူ့ကိုသင်ပေးဖို့ အချိန်မှမရှိတာ…”
ထိုစကားကိုကြားသော် ရန်ကိုင် အမှန်ကိုပြောနေခြင်းဖြစ်မှန်း ကျိယင်သိသွားခဲ့သည်။ ကျိယင်သည် ထက်ကောင်းကင်နန်းတော်ထဲတွင် အတန်ကြာအောင်ရှိနေခဲ့ပါသော်ငြား ပုံမှန်အားဖြင့် ရန်ကိုင်အား ထက်ကောင်းကင်နန်းတော်ထဲတွင် တွေ့ရလေ့မရှိပေ။ ရန်ကိုင်မှာ တစ်နှစ်ပတ်လုံး အပြင်ဘက်တွင် အချိန်ကုန်နေလေရာ သူ့မိန်းမအား မည်ကဲ့သို့များ ဆေးပညာသင်ပေးရန် အချိန်ရှိပါမည်နည်း။
ထို့ကြောင့် ကျိယင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ငါ ကူညီပေးလို့ရပါတယ်… ဒါပေမယ့်…”
ကျိယင် သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “နင်းချန်… နင့်ဆရာကို လာနှုတ်ဆက်လိုက်လေ…”
ကျိယင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးသာလျှင်မဟုတ် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ရှနင်းချန်၏ဆရာဖြစ်ဖို့ရာ ထိုက်တန်သည်ထက်ကို ပိုပေသည်။ လက်ရှိအချိန်တွင် ကျိယင်နှင့် ရန်ကိုင်တို့မှာ တစ်ဦးကိုတစ်ဦး ရောင်းရင်းညီအစ်ကိုများသဖွယ် ခေါ်ဝေါ်နေကြပါသော်ငြား ကျိယင်သည်သာ ရှနင်းချန်အား ဤအတိုင်း သင်ပေးခဲ့မည်ဆိုလျှင် သူတို့ကြားရှိဆက်ဆံရေးမှာ ဘာမျှပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။
ကျိယင်သည် မဟာဆေးဧကရာဇ်၏ အမွေခံတပည့်တစ်ဦးဖြစ်ကာ သူ၏ဆေးပညာရပ်များကို မဟာဆေးဧကရာဇ်ဆီမှ သင်ကြားခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရှနင်းချန်သည်သာ ကျိယင်ဆီမှ သင်ကြားနိုင်မည်ဆိုလျှင် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
သို့သော်ငြား ကျိယင်သည်သာ သူမအား တရားဝင်တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင်တော အနည်းငယ်ကွဲပြားသွားပြီဟု ပြော၍ရပေသည်။ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် ကျိယင်မှာ သူသိထားသမျှ အရာအားလုံးကို ရှနင်းချန်အား မချွင်းမချန် သင်ပေးရတော့ပေမည်။ ကျိယင်ဆီမှ ဤအတိုင်း သွားသင်ခြင်းထက် ရှနင်းချန်အား ကျိယင်၏တပည့် ပိုဖြစ်စေလိုပေသည်။ ရှနင်းချန်သည်သာ ကျိယင်၏တပည့် ဖြစ်နိုင်မည်ဆိုပါက သူတို့ကြားရှိ ခေါ်ဝေါ်သုံးစွဲပုံရာထူးအဆင့် အနည်းငယ်ပြောင်းလဲသွားလျှင်ပင် ရန်ကိုင်အတွက် ကိစ္စမရှိပေ။
ဤနေရာသို့ မလာခင်ကတည်းက သူ့အစီအစဉ် မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ ရှနင်းချန်အား ကြိုပြောပြထားပြီးသားပင်။ ထို့အတွက်ကြောင့် ရှနင်းချန်သည်လည်း ရန်ကိုင်မှ အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် အလျင်အမြန် သွားဦးညွှတ်တော့လေသည်။ ရှနင်းချန်မှ ဘာမျှမပြောရသေးခင်မှာပင် ကျိယင်သည် သူ့လက်ကိုဝှေ့ယမ်း၍ ရှနင်းချန်အား ဦးမညွှတ်နိုင်အောင် လှမ်းတားထားလိုက်သည်။
“ရောင်းရင်းရန်…” ကျိယင်သည် ရန်ကိုင်အား ကူကယ်ရာမဲ့စွာကြည့်လျက် ဆက်ပြောလိုက်လေသည်။ “ငါ အဲ့လိုလုပ်လို့မရဘူးကွ…”
သူသည်သာ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် သူနှင့် ရန်ကိုင်ကြားရှိ ဆက်ဆံရေးမှာ မည်ကဲ့သို့များ ဖြစ်သွားပါမည်နည်း။ ထို့အပြင် ကျိယင်သည် သာမန်ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးမဟုတ်။ ဆေးလုံးတောင်ကြားကို ကိုယ်စားပြုနေသော ဆေးပညာရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကျိယင်အဖို့ ကြုံရာလူတစ်ဦးကို တပည့်အဖြစ်လက်ခံဖို့ရာမှာ သိပ်အဆင်မပြေလှပေ။ သူ့အနေဖြင့် ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုလျှင် ဆေးလုံးတောင်ကြား၏ ခွင့်ပြုချက်ကို ဦးစွာယူရပေမည်။
ထို့အပြင် ကျိယင်မှာ တပည့် ထပ်လက်ခံချင်စိတ် မရှိတော့ပေ။ သူ့အား ရှနင်းချန်အား ဆေးပညာသင်ပေးရန် တောင်းဆိုလာလျှင် ကိစ္စမရှိပေ။ သို့သော်ငြား ရှနင်းချန်အား တပည့်အဖြစ် လက်ခံပေးပါဟု ပြောလာလျှင်တော့ အနည်းငယ် အရေးကြီးသွားလေပြီ။ ထိုကဲ့သို့သောကိစ္စရပ်မျိုးကို မည်ကဲ့သို့များ မဆင်မခြင် လုပ်ရဲပါမည်နည်း။ ရှနင်းချန်သည် ရန်ကိုင်၏မိန်းမ ဖြစ်မည်ဆိုလျှင်ပင် ကျိယင်အနေဖြင့် ရှနင်းချန်၏အရည်အချင်းကို မသိရသေးဘဲ အလျင်စလို တပည့်အဖြစ် လက်မခံရဲပေ။ ထိုသို့သာမဟုတ်ပါက ဆေးလုံးတောင်ကြား၏ဂုဏ်သတင်း ထိခိုက်သွားရနိုင်ပေသည်။
ကျိယင်တွင် တပည့်များစွာရှိပေသည်။ သို့သော်ငြား သူ့တပည့်တစ်ဦးချင်းစီတိုင်းသည် ဆေးစွမ်းရည်တွင် လက်ရွေးစင်များဖြစ်ကြသည်။ တစ်နည်းဆိုရသော် အချိန်တန်လာလျှင် သူ့တပည့်များမှာ ဧကရာဇ်အဆင့်ဆေးပညာရှင် ဖြစ်လာနိုင်ခြေ အလွန်ကိုမှ များပေသည်။
“ဘာလို့မဖြစ်ရမှာလဲ… ရောင်းရင်းကျိ… မင်း လက်မခံချင်လို့လား…” ထို့နောက် ရန်ကိုင်က တွေးလိုက်လေသည်။ (ဒီလောက်ထိပြောပြီးမှတော့ ဒီတိုင်းလွှတ်ပေးလို့တော့ မရတော့ဘူး… ရှနင်းချန်ကို ရောင်းရင်းကျိရဲ့တပည့် ဖြစ်အောင် လုပ်ရမယ်… မလုပ်ချင်ဘူးဆိုရင်တောင် ငါတော့ လုပ်ခိုင်းမှာပဲ…)
“ငါမလုပ်ချင်တာမဟုတ်ဘူး… ဒီအတိုင်း…” ကျိယင်မှာ ဒွိဟဖြစ်နေခဲ့လေသည်။ “ရှင်းရှင်းပြောရရင်ကွာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်… ငါ တပည့်လက်ခံချင်တိုင်း ဒီတိုင်းလက်ခံလို့မရဘူး… အရင်ဦးဆုံး တပည့်လက်ခံချင်လို့ရှိရင် အကြီးဆုံးစီနီယာအစ်ကိုကို သွားတင်ပြရတယ်…”
ဆေးလုံးတောင်ကြားသည် မဟာဆေးဧကရာဇ် နေထိုင်သည့်နေရာ ဖြစ်ပါသော်ငြား မဟာဆေးဧကရာဇ်မှာ ဆေးလုံးတောင်ကြားကိစ္စများကို ဂရုစိုက်လေ့မရှိပေ။ လက်ရှိအချိန်တွင် ဆေးလုံးတောင်ကြားတစ်ခုလုံးကို ကြီးကြပ်ကွပ်ကဲနေသည့်လူမှာ မဟာဆေးဧကရာဇ်၏ အကြီးဆုံးတပည့်လည်းဖြစ် ကျိယင်မှ အကြီးဆုံးစီနီယာအစ်ကိုဟု ခေါ်ဝေါ်နေသူ ဖြစ်ပေသည်။
“အဲ့လိုစည်းမျဉ်းတွေလည်း ရှိသေးတာလား….” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကျိယင် သူ့အား လိမ်လိမ့်မည်မဟုတ်မှန်းတော့ သိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့အစီအစဉ်ကို သေချာပြန်လည်စဉ်းစားရတော့သည်။
“ဟုတ်တယ်… မဟုတ်ရင် ငါ အခုလိုမျိုးငြင်းနေမှာမဟုတ်ဘူး… ဒီလိုလုပ်ကြရင် မကောင်းဘူးလား ရောင်းရင်းရန်… ငါ မရီးကို ဆေးပညာသင်ပေးမယ်… ဒါပေမယ့် ငါ့တပည့်တော့ မလုပ်ခိုင်းနဲ့…”
ရန်ကိုင်မှာ ထိုသို့ သိပ်၍ မလုပ်ချင်လှပေ။ (သူ့တပည့်မဟုတ်လို့ သေသေချာချာမသင်ပေးရင် စီနီယာမမလေးအတွက် ဘယ်လိုလုပ်ပြီး ဒီလောက်အကျိုးရှိတော့မှာလဲ…)
စိတ်ပူနေသည့်အလျောက် ရန်ကိုင်က ထပ်၍မေးလိုက်လေသည်။ “ဆေးလုံးတောင်ကြားက တပည့်လက်ခံသေးလား…”
ရန်ကိုင်ဘာကြံနေသလဲဆိုသည်ကို ကျိယင် မည်ကဲ့သို့များ မသိဘဲနေပါမည်နည်း။ ထို့အတွက်ကြောင့် အကြပ်ရိုက်နေသည့် အပြုံးမျိုးပြုံးလျက် “ဆေးလုံးတောင်ကြားက တပည့်လက်မခံတာ နှစ်ငါးရာရှိသွားပြီ… ဒါပေမယ့် လက်ခံမယ့်လူက ပါရမီပါမယ်ဆိုလို့ရှိရင်တော့ အကြီးဆုံးစီနီယာအစ်ကို မငြင်းလောက်ပါဘူး…”
ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပဲ ပြောလိုက်လေသည်။ “နင်းချန်… နင့်အရည်အချင်းကို ရောင်းရင်းကျိမြင်အောင် ပြပေးလိုက်စမ်း…”
ကျိယင်သည် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်လေသည်။ သူမြင်သလောက် ရှနင်းချန်ဆီမှ ဆေးဖော်စပ်ထားသည့်အငွေ့အသက်များကို မတွေ့ရ။ သို့သော်ငြား ရန်ကိုင်ကိုကြည့်ရသလောက်တော့ ရှနင်းချန်အပေါ် အလွန်ကိုမှ ယုံကြည်ချက်ရှိနေသည့်ပုံပင်။ ကံမကောင်းစွာဖြင့် အခြေအနေမှာ ဤအတိုင်းအတာထိ ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာလည်း သွားတား၍မရတော့။ ယခုမူ ရှနင်းချန်၏အရည်အချင်းပေါ်တွင်သာ မူတည်သွားခဲ့လေပြီ။
(သူ့အရည်အချင်းက သိပ်မဆိုးရင်တောင် ငါ အကြီးဆုံးစီနီယာအစ်ကိုကို သွားတောင်းဆိုလို့ရသေးတယ်… အနည်းဆုံးတော့ ရန်ကိုင်အတွက် လုပ်ပေးသင့်တာပေါ့…)
“အဲ့ဒါဆို ကျေးဇူးပြုပြီး ကျွန်မကို ခွင့်ပြုပေးပါဦးနော်…” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရှနင်းချန်သည် သူမ၏သိုလှောင်လက်စွပ်ထဲမှ ဆေးပင်များကို ထုတ်ယူလိုက်လေသည်။ ထိုဆေးပင်အားလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်များသာ ဖြစ်ကြသည်။ တကယ်တော့ သူမနေထိုင်သည့် ကြယ်စီရင်စုတွင် တန်ခိုးရှင်ဘုရင်အဆင့်သည် အမြင့်ဆုံးအကန့်အသတ်သာလျှင် မဟုတ်ပေလော။ ထိုတစ်ချက်တည်းနှင့်ပင် ကျိယင်၏မျက်လုံးများမှာ တောက်ပသွားရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၁၂)
ဘာသာပြန်သူ_တိမ်တိုက်
ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးမှန်း ကျိယင် အလွယ်တကူပြောနိုင်ပေသည်။ သို့တိုင် ရှနင်းချန်မှ တန်ခိုးရှင်ဘုရင်အဆင့်ဆေးပင်များအား ထုတ်လာသည်ကိုကြည့်လျှင် သူမသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးအား ဖော်စပ်မည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ တစ်နည်းဆိုရသော် ရှနင်းချန်မှာ အဆင့်နိမ့်ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦး ဖော်စပ်နိုင်သည့် အမြင့်ဆုံးသော ဆေးလုံးကို ဖော်စပ်ရန် ကြံနေခြင်း ဖြစ်လေသည်။
(ကြည့်ရတာ ငါ နည်းနည်းလောက် မျှော်လင့်လို့ရမယ်ထင်တာပဲ…) ကျိယင် ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။ ရှနင်းချန်ဆေးဖော်စပ်မည်ကိုလည်း သေသေချာချာ အာရုံစိုက်လိုက်လေ၏။
ထိုအချိန်အတောအတွင်း ရှနင်းချန်သည် ဆေးပင်တစ်ပင်ကို ကောက်ယူလိုက်သည်။ ထိုဆေးပင် သူမလက်ထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှနင်းချန်၏အရှိန်အဝါမှာ အပြောင်းလဲကြီးကို ပြောင်းလဲသွားတော့သည်။ သူမ၏စိတ်အာရုံအလုံးစုံဟာလည်း ဆေးပင်ပေါ်သို့သာ ရောက်ရှိလာတော့သည်။
ဆေးဖော်စပ်ခြင်းသည် အလွန်ကိုမှ အာရုံစိုက်ရန် လိုအပ်ပေသည်။ အနည်းငယ်မျှပင် အာရုံထွေပြားနေ၍မရ။ အနည်းငယ်လေးသတိလက်လွတ်ဖြစ်သွားခြင်းသည် လက်ရှိဖော်စပ်နေသည့် ဆေးလုံးအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိပေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ကျိယင် ခေါင်းတညိတ်ညိတ် ဖြစ်သွားနိုင်သည်။ ရှနင်းချန်၏ဆေးပညာအရည်အချင်း မည်သို့ပင် ဖြစ်နေစေကာမူ လက်ရှိ သူမ၏ပုံစံမှာ အနည်းဆုံးတော့ ချီးကျူးထိုက်ပေသည်။
ထို့နောက်တွင်တော့ ကျိယင် မျက်မှောင်ကျုံ့သွားတော့လေသည်။ အကြောင်းမှာ ရှနင်းချန်မှ သူမ၏သူတော်စင်ချီကို ထိန်းချုပ်၍ ဆေးပင်များအား ရစ်ပတ်လိုက်သည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ရှနင်းချန်ထုတ်သုံးနေသည့် သူတော်စင်ချီပမာဏမှာ ပုံသေမရှိပေ။ သူမ၏သူတော်စင်ချီမှာ တစ်ခါတစ်ရံများသွားလိုက် တစ်ခါတစ်ရံ နည်းသွားလိုက် ဖြစ်နေခဲ့သည်။
ထိုသူတော်စင်ချီ၏ ထိန်းချုပ်မှုအောက်တွင် မြစိမ်းရောင်အရည်တို့မှာ ဆေးပင်များထဲမှ စိမ့်ထွက်လာတော့လေသည်။ ထိုအရာများသည် ဆေးအရည်များသာ ဖြစ်ကြလေ၏။
(ဆေးမီးဖိုမသုံးဘူးလား…) ကျိယင်၏မျက်လုံးထဲ ထူးဆန်းသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ အလွန်ကိုမှ ထူးချွန်လှသည့် ဆေးပညာရှင်တစ်ဦးသည် ဆေးမီးဖိုမသုံးပဲနှင့်ပင်လျှင် ဆေးလုံးများကို ဖော်စပ်နိုင်ကြသည်။ သို့သော်ငြား ထိုကဲ့သို့ဖော်စပ်နိုင်ဖို့ရာ ဖော်စပ်မည့်ဆေးပညာရှင်သည် အလွန်ကိုမှ အဆင့်မြင့်နေရန် လိုအပ်ပေသည်။ ထို့အပြင် ထိုဆေးပညာရှင်ဖော်စပ်ရမည့်ဆေးလုံးသည် သိပ်အဆင့်မြင့်နေ၍မဖြစ်ပေ။
ဥပမာပြောရသော် ကျိယင်ကဲ့သို့သော ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦးသည် တာအိုအဆင့်ဆေးလုံးတစ်လုံးအား ဆေးမီးဖိုမသုံးပဲနှင့်ပင်လျှင် ဖော်စပ်နိုင်ပေသည်။ သို့သော်ငြား သူဖော်စပ်၍ရလာမည့် ဆေးလုံးများ၏ အရည်အသွေးနှင့် အရေအတွက်မှာတော့ ဆေးမီးဖိုကိုသုံး၍ ဖော်စပ်နိုင်သည့် ဆေးလုံးအရည်အသွေးနှင့် အရေအတွက်ကို မီလိမ့်မည်မဟုတ်ပေ။
ဆေးမီးဖိုတစ်လုံးသည် ဆေးပညာရှင်၏အသက် ဖြစ်ပေသည်။ ဆေးမီးဖိုတစ်လုံး မည်မျှပင်ကောင်းကောင်း မည်မျှပင်ဆိုးဆိုး ထိုဆေးမီးဖိုသည် ဆေးပညာရှင်များ ဆေးဖော်စပ်ရာတွင် လိုအပ်သည့် အခြေခံအကျဆုံးသော ပစ္စည်းတစ်ခုဖြစ်သည်မှာတော့ ငြင်း၍မရသည့် အမှန်တရားတစ်ရပ် ဖြစ်သည်။
ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးကို ဖော်စပ်ခြင်းသည် သူမ၏အကန့်အသတ် ဖြစ်ပေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ရှနင်းချန်ကမူ ထိုကဲ့သို့ဆေးလုံးမျိုးကို ဆေးမီးဖိုမသုံးပဲ ဖော်စပ်ပြနေခဲ့သည်။ ထို့အတွက်ကြောင့် ကျိယင်မှာ အနည်းငယ်မပျော်မရွှင် ဖြစ်သွားတော့လေသည်။ ရှနင်းချန်မှာ သူမ၏စွမ်းရည်ကို ထုတ်ပြချင်သည်ဆိုလျှင်ပင် ယခုကဲ့သို့တော့ မလုပ်သင့်ပေ။ ဤသည်မှာ ဆေးပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် စိတ်နေစိတ်ထားမျိုးမဟုတ်။ ရှနင်းချန်၏လုပ်ပုံသည် သူမမည်မျှတော်ကြောင်း ပြသရန်အတွက်နှင့် ဆေးဖော်စပ်ခြင်းအပေါ် သေချာအာရုံမထားတော့လေရာ ဤနည်းအတိုင်းသာဆက်သွားမည်ဆိုလျှင် သူမ၏အနာဂတ်အလားအလာအပေါ် သက်ရောက်မှု ရှိနိုင်ပေသည်။
အခြားတစ်ဦးဦးသာဆိုလျှင်တော့ သူ့ရှေ့တွင် ယခုကဲ့သို့ လာလုပ်သည့်အတွက်ကြောင့် ကျိယင်မှာ အပြစ်တင်မိလိုက်လိမ့်မည်ဖြစ်ပါသော်ငြား ဤအမျိုးသမီးမှာ ရန်ကိုင်၏မိန်းမ ဖြစ်နေသည့်အတွက်ကြောင့် ကျိယင်မှာ တစ်ဖက်လူအပေါ် သွားအပြစ်မတင်မိလေအောင် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းထားရလေသည်။ သို့သော်ငြား ရှနင်းချန်အပေါ် မျှော်လင့်ထားခဲ့သော သူ၏မျှော်လင့်ချက်များမှာတော့ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထို့နောက်တွင် ထပ်မြင်လိုက်ရသည့်အချက်ကြောင့် ကျိယင်မှာ ပို၍ပင် ကြောင်သွားခဲ့ရလေသည်။ အကြောင်းမှာ ရှနင်းချန်၏ သူတော်စင်ချီသည် မီးဓာတ်အမျိုးအစားမဟုတ်သည်ကို အာရုံခံမိလိုက်သည့်အတွက်ကြောင့်ပင်။ (သူ ဘာလုပ်နေတာလဲ… ဆေးမီးဖိုမပါပဲနဲ့ ဆေးဖော်စပ်တာကတော့ ဟုတ်ပါပြီ… အခု မီးမပါဘဲနဲ့ ထပ်ပြီးဖော်စပ်ဖို့လုပ်နေတာလား… သူဘာလုပ်ချင်နေတာလဲ… ဆေးဖော်စပ်တာကို ကလေးကလားများ မှတ်နေတာလား…)
ဆက်၍သည်းမခံနိုင်တော့သည့်အဆုံး ကျိယင်သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကမူ ကျိယင်ဘာတွေးနေသည်ကို သိနေသည့်အလား ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ကြည့်နေ ရောင်းရင်းကျိ… မင်းသိလာလိမ့်မယ်…”
ကျိယင် မျက်မှောင်ကျုံ့သွားခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်က ယခုကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ကျိယင်လည်း စိတ်ကိုတင်း၍ ဆက်ကြည့်နေရုံသာ တတ်နိုင်တော့လေ၏။ (ဒါကတော့ နည်းနည်းတော့ရှုပ်ကုန်ပြီကွာ… အခြားတစ်ယောက်ယောက်သာဆိုရင်တော့ ဒီတိုင်း ငြင်းပစ်လိုက်လို့ရတယ်… အခုက ရန်ကိုင်မိန်းမဖြစ်နေတာဆိုတော့ ငါသာ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်ရင် ရန်ကိုင်နဲ့ ငါ့ကြားမှာ မကျေနပ်ချက်တွေ ဖြစ်လာနိုင်တယ်…)
ထိုအချိန်အတောအတွင်း ရှနင်းချန်မှာ သူမ၏သူတော်စင်ချီကို ထပ်မံ၍ တိုးမြှင့်လိုက်လေရာ ဆေးပင်တစ်ပင်လုံးမှာ တဆတ်ဆတ် တုန်ခါလာပြီးသည့်နောက်တွင် ဆေးပင်တစ်ခုလုံး ညှိုးကျသွားခဲ့ပြီး ပုလဲလုံးအရွယ် မြသွေးရောင်အရည်စက်လေးတစ်စက် ထွက်ပေါ်လာခဲ့လေသည်။
ထိုအရည်စက်လေးကို မြင်လိုက်သည့်အခိုက် ကျိယင်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ…”
ဆေးဖော်စပ်ခြင်းသည် ပထမဦးဆုံးအဆင့်သည် ဆေးအရည်သိပ်သည်းခြင်းအဆင့်ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဆေးပညာရှင်များသည် ဆေးမီးဖိုနှင့် မီးတောက်များကိုသုံး၍ ဆေးအရည်များကို သိပ်သည်းလေ့ရှိကြသည်။ သို့သော်ငြား ရန်ကိုင်၏မိန်းမမှာတော့ ထိုအရာနှစ်ခုလုံးကို သုံးမသွားခဲ့ပေ။ ထိုသို့ပင်ဖြစ်လင့်ကစား သာမန်ဆေးပညာရှင်များကဲ့သို့ပင် ဆေးအရည်ကို အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့လေသည်။
ကျိယင်မှာ ရန်ကိုင်အား လှမ်း၍ကြည့်လိုက်ရာ ရန်ကိုင်မှာတော့ ထူးမခြားနားဟန်ဖြင့်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ပုံစံသည် ယခုကဲ့သို့ဖြစ်မည်မှန်းကို ကြိုတင်မျှော်လင့်ထားသည့်အလား။
(ဘာတွေဖြစ်နေတာလဲ… ဆေးမီးဖိုလည်းမပါ ဘာမီးတောက်မှလည်းမပါပဲနဲ့ မိန်းကလေးရှက ဘယ်လိုလုပ်ပြီး ဆေးအရည်ကို သိပ်သည်းလိုက်နိုင်ရတာလဲ…) မယုံနိုင်သည့်အဆုံး ကျိယင်သည် ကောင်းကင်စိတ်အာရုံကို မသိမသာလေးဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ရာ ပိုလို့ပင် အံ့အားသင့်သွားခဲ့ရလေသည်။
ထိုအရာသည် အမှန်တကယ်ကို ဆေးအရည်တစ်စက် ဖြစ်ပေသည်။ ထို့အပြင် သာမန်ဆေးအရည်မျိုးပင်မဟုတ်ဘဲ အလွန်တရာကိုမှ သန့်စင်လှသည့် ဆေးအရည်ဖြစ်သည်။ ထိုပုလဲလုံးအရွယ် ဆေးအရည်စက်ကလေးထဲတွင် မည်သည့်အညစ်အကြေးမှ ရှိမနေခဲ့။ ထို့အပြင် ဆေးအာနိသင်မှာလည်း လုံးဝကို အကောင်းအတိုင်းသာ ရှိနေသေးသည်။ အနည်းငယ်မျှပင် ထိခိုက်ထားသည့် အရိပ်အယောင်ကို မတွေ့ရ။ ဤသည်မှာ သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင်လျှင် မြင်ဖူးခဲ့ခြင်းမရှိသည့် အရာမျိုး ဖြစ်သည့်အတွက်ကြောင့် ကျိယင်မှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေမိတော့သည်။
သူ့လက်ရှိအရည်အချင်းအရ ကျိယင်အနေဖြင့် ရှနင်းချန်လုပ်သွားသကဲ့သို့ပင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်တစ်ပင်မှ ဤကဲ့သို့သော သန့်စင်လှသည့် ဆေးအရည်တစ်စက်ကို သိပ်သည်းနိုင်ပေသည်။ သို့သော်ငြား ထိုကဲ့သို့လုပ်နိုင်ဖို့ရာ ကျိယင်အနေဖြင့် ဆေးမီးဖိုနှင့်တကွ သင့်လျော်သည့် မီးတောက်အပူချိန်ကို အသုံးပြုရန် လိုအပ်ပေသည်။ ထို့အပြင် လက်ရှိကျိယင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ပါး ဖြစ်နေပါသော်ငြား ရှနင်းချန်မှာမူ တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ ရှိနေပေသေးသည်။ သူတို့နှစ်ဦးသားကြားရှိ ကွာခြားချက်မှာ မိုးနှင့်မြေပမာ ကြီးမားလွန်းလှပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသည် ဆေးအရည်ကို ဤအတိုင်းအတာထိသို့ရောက်အောင် သိပ်သည်းနိုင်လိမ့်မည်ဟု ကျိယင် လုံးဝ မျှော်လင့်ထားခြင်းမရှိပေ။ အနည်းဆုံး ကျိယင်ကိုယ်တိုင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်စဉ်က ယခု ရှနင်းချန်လုပ်သွားသကဲ့ မလုပ်နိုင်ခဲ့ပေ။
ဆေးအရည်တစ်စက်၏ သန့်စင်နှုန်းသည် ဆက်လက်ဖော်စပ်မည့် ဆေးလုံးအပေါ် သက်ရောက်မှုရှိပေသည်။ ဆေးအရည်ပိုမိုသန့်စင်လေ ဆေးဖော်စပ်ရ ပိုမိုလွယ်ကူမည်ဖြစ်သလို ထွက်ပေါ်လာမည့်ဆေးလုံးမှာလည်း ပို၍အာနိသင်ကောင်းလေပင်။ ထိုအကြောင်းကြောင့် ဤအဆင့်တွင် ရှနင်းချန်မှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေပြီဟု ပြော၍ရလေသည်။
ထို့နောက်တွင် ကျိယင်သည် ရှနင်းချန်၏လက်ထဲ၌ ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့်ဆေးပင်အား လှမ်းကြည့်လိုက်ရာ ဆေးပင်ထဲရှိ ဆေးအာနိသင်အားလုံးမှာ ကုန်စင်အောင် ထုတ်ယူခံလိုက်ရပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ဆေးပင်တစ်ပင်လုံးမှာ အမှိုက်သာသာသာ ဖြစ်နေပြီး ဆေးပင်ထဲ မည်သည့်ဆေးအာနိသင်မှ ကျန်ရစ်ခြင်း မရှိတော့ပေ။
ဆေးမီးဖိုကိုလည်းမသုံး မည်သည့်မီးတောက်ကိုမှလည်း အသုံးမပြုဘဲနှင့် ဤမျှသန့်စင်လှသော ဆေးအရည်စက်ကို သိပ်သည်းနိုင်သည်မှာ အလွန်ကိုမှ အံ့ဩဖွယ် ကောင်းနေလေပြီ။ သို့ပင်ဖြစ်လင့်ကစား ရှနင်းချန်မှာတော့ ဆေးပင်ထဲရှိ ဆေးအာနိသင်အားလုံးကိုပင် ကုန်စင်အောင် ထုတ်ယူပြသွားခဲ့သည်။ ဤသည်မှာ ကျိယင် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိစဉ်ကပင် မလုပ်နိုင်ခဲ့သည့် အရာမျိုးဖြစ်သည်။ လက်ရှိကျိယင်အနေဖြင့် ရှနင်းချန်အား အမှတ်ပေးရမည်ဆိုလျှင် ဆယ်မှတ်ပေးရမည်ဆိုပါက ကိုးမှတ်ထိပေး၍ရပေသည်။ နောက်ဆုံးတစ်မှတ်ကို လျှော့ထားရခြင်းမှာတော့ ရှနင်းချန် သွေးနားထင်ရောက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရှနင်းချန် ဤကဲ့သို့ဖြစ်သွားအောင် မည်ကဲ့သို့လုပ်လိုက်သလဲဆိုသည်ကို ကျိယင် လုံးဝမသိ။ ရှနင်းချန်လုပ်သွားသည်မှာ ကျိယင်ယုံကြည်ထားသည်နှင့် လုံးဝကို ကွာခြားနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ရှနင်းချန်အား ဆက်၍ကြည့်နေလိုက်သည်။ ရှနင်းချန်သည် ပထမဆေးပင်နည်းတူ အခြားသောဆေးပင်များကိုလည်း ဆေးအရည်စက်လေးများအဖြစ်သို့ သိပ်သည်းပစ်လိုက်လေသည်။ မကြာမီတွင် သူမထုတ်ယူလိုက်သော ဆေးပင်အားလုံးကို ဆေးရည်အဖြစ်သို့ အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့သည်။
ရှနင်းချန်လုပ်နေသည်ကိုကြည့်ရင်း ကျိယင်မှာတော့ အမှန်တကယ်ကို အံ့ဩမိနေခဲ့သည်။ ရှနင်းချန် ထပ်မံသိပ်သည်းလာသော ဆေးအရည်စက်များကို မြင်တွေ့ပြီးသည့်နောက် ရှနင်းချန် ပထမဦးဆုံးသိပ်သည်းလိုက်သည့်ဆေးအရည်စက်သည် ကံကောင်းမှုသက်သက်ကြောင့်သာမဟုတ်မှန်း ကျိယင် ထပ်မံသဘောပေါက်သွားခဲ့ရသည်။
ရှနင်းချန်၏စွမ်းရည်ကို မြင်တွေ့ပြီးသည့်နောက်တွင်တော့ ရှနင်းချန်အပေါ် ကျိယင်၏ မကျေနပ်ချက် အထင်သေးစိတ်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ကျိယင်ကိုယ်တိုင်သည် ရှနင်းချန်၏လက်ကွက်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေသည်။ သူ့အနေဖြင့် ရှနင်းချန်မှာ ဤကဲ့သို့ ဖြစ်လာအောင် မည်ကဲ့သို့လုပ်လိုက်သလဲဆိုသည်ကို မသိပါသော်ငြား ရှနင်းချန်၏လက်ကွက်လှုပ်ရှားမှုများကို ကြည့်ရသည်မှာ သူ့ကဲ့သို့သော ဆေးပညာရှင်တစ်ပါးအတွက် အလွန်ကိုမှ မျက်စိပသာဒဖြစ်စရာ ကောင်းလှပေသည်။
ဆေးအရည်များကို သိပ်သည်းပြီးသည့်နောက် အစီအရင်များကိုခင်းကျင်းကာ ပေါင်းစပ်ရမည့်အချိန်သို့ ရောက်လာခဲ့လေသည်။ ထိုအကြောင်းကြောင့် ကျိယင်မှာ သူ့စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ဒီအဆင့်ထိရောက်လာပြီဆိုတော့ အခုချိန်လောက်ဆို ဆေးမီးဖိုကို ထုတ်သင့်နေပြီ… ခုနတုန်းက လုပ်ပြသွားတာတွေနဲ့တင် သူဘယ်လောက်တော်လဲဆိုတာ ငါသိနေပြီပဲဟာကို…)
သို့သော်ငြား ကျိယင်မျှော်လင့်ထားသကဲ့သို့ ရှနင်းချန်မှာ ဆေးမီးဖိုကို ထုတ်မလာခဲ့ပေ။ ရှနင်းချန်သည် သူမ၏လက်ဝါးကိုဖြန့်၍သာ သူတော်စင်ချီဖြင့် ဆေးအရည်စက်များကို ထိန်းချုပ်ထားခဲ့သည်။ ရှနင်းချန်၏သူတော်စင်ချီ၏ ထိန်းချုပ်မှုအောက်တွင် ဆေးအရည်စက်များသည် တစ်စက်နှင့်တစ်စက် တဖြည်းဖြည်းချင်း အတူတကွ စတင်ပေါင်းစပ်လာတော့လေသည်။
လက်ရှိအချိန်တွင်တော့ ကျိယင်မှာ လုံးဝကို ဆွံ့အနေခဲ့ရလေပြီ။ သူ့အရည်အချင်းနှင့်ပင် လက်ရှိရှနင်းချန်ဆေးဖော်စပ်နေသည်ကိုကြည့်ရင်း သူနားလည်နိုင်သည့်အရာဆို၍ ရှနင်းချန်၏ဆေးဖော်စပ်ပုံသည် သူတို့ကဲ့သို့သောဆေးပညာရှင်များ ဆေးဖော်စပ်ပုံနှင့် လုံးဝကို ကွာခြားသည်ဟူသောအချက်ပင်။ ကောင်းကင်စိတ်အာရုံကိုသုံး၍ ဆေးအရည်စက်ထဲရှိ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်သည့်အချိန်တွင်တော့ ကျိယင်၏အမူအယာမှာ အဆက်မပြတ်ကို ပြောင်းလဲသွားရတော့လေသည်။ အံ့အားသင့်နေရာမှထိတ်လန့် ထိတ်လန့်နေရာမှတုန်လှုပ် စသဖြင့် အမျိုးမျိုးကို ပြောင်းလဲနေတော့လေ၏။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ရှနင်းချန်၏လက်ထဲတိုင် အဆက်မပြတ်လည်ပတ်နေသော ဆေးအရည်များကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် ဆေးအရည်စက်သည် တဖြည်းဖြည်းချင်း ငြိမ်ကျသွားခဲ့လေသည်။ လက်ရှိကျိယင်၏ အရည်အချင်းအရ ဆေးအရည်စက်အားလုံးမှာ အတူတကွ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီဖြစ်ကြောင်းကို အတိုင်းသားပြောနိုင်ပေသည်။
ပြီးခါနီးဖြစ်နေသော ဆေးလုံးကို ကိုင်ထားရင်းမှ ရှနင်းချန် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထို့နောက်တွင် သူမ၏ ကျန်လက်တစ်ဖက်ဖြင့် အသုံးပြုနေသောအစီအရင်ကို ပြောင်းလျက် သူမ၏သူတော်စင်ချီကို အနေအထားတစ်ခုအတိုင်း စတင်၍ လှည့်ပတ်လိုက်လေ၏။
“ဒါက…” ကျိယင် ရုတ်တရပ် ထရပ်လိုက်သည်။ ရှနင်းချန် ယခုလက်ရှိအသုံးပြုနေသည့် ဆေးပညာရပ်မှာ ကျိယင် အသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်မှလွဲ၍ အခြားမဟုတ်ပေ။ ကျိယင်သည် ထိုပညာရပ်အကြောင်းကို ရန်ကိုင်နှင့်အတူ ဆွေးနွေးရင်းမှ ထိုပညာရပ်ကိုသုံး၍ ဆေးလုံးပေါင်း အလုံးနှစ်ဆယ်ခန့်ထိ ဖော်စပ်ခဲ့သည်။ သို့သော်ငြား ထိုမျှသာလျှင် လုပ်ခဲ့ခြင်းဖြစ်လေသည်။ ရှနင်းချန်သည် သူတို့လုပ်နေသည်ကိုကြည့်ရင်းဖြင့် သူအသစ်စက်စက်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်ကို တတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ရှနင်းချန်သည် ထိုပညာရပ်ကို တတ်ရုံသာလျှင်မဟုတ်။ လက်တွေ့ပင်လျှင် အမှန်အကန် အသုံးချနေနိုင်ခြင်းပင် ဖြစ်လေ၏။
ရှနင်းချန်ဆေးဖော်စပ်နေသည်ကို ကြည့်ရင်းနှင့်မှ နွံဖုံးနေသည့်ပတ္တမြားတစ်လုံးကို တွေ့ရှိသွားလိုက်သည့်အလား ကျိယင်မှာ ပိုပို၍ကို စိတ်လှုပ်ရှားလာနေတော့သည်။
ရှနင်းချန်ထုတ်ပြသွားသည့် ဆေးစွမ်းရည်များသည် သူမဆေးဖော်စပ်သည်မှာ ကြာနေပြီဖြစ်သည့်အတွက်ကြောင့်ဟု ငြင်း၍ရပါသော်ငြား ကျိယင်ဖန်တီးထားသော ဆေးသိပ်သည်းခြင်းပညာရပ်အား ယခုကဲ့သို့ အသုံးချပြနေသည်မှာတော့ သူမ၏ပါရမီကြောင့်သာလျှင် ဖြစ်သည်ဟူသော အချက်အပေါ် ငြင်း၍ရလိမ့်မည်မဟုတ်ပေ။ တစ်နည်းဆိုရသော် ရှနင်းချန်၏ ပါရမီသည် လုံးဝကို အံ့အားသင့်ဖွယ်ရာအဆင့်တစ်ခုသို့ ရောက်နေပြီဟုပင် ပြော၍ရလေသည်။
လက်ရှိရှနင်းချန်အသုံးပြုနေသော ကျိယင်ဖန်တီးထားသည့် ဆေးသိပ်သည်းခြင်းပညာရပ်တွင် ချို့ယွင်းချက်များ ရှိနေပေသေးသည်။ ရှနင်းချန် အချို့နေရာများတွင် သုံးသွားသည်မှာ သိပ်၍ပုံစံမကျပေ။ သို့သော်ငြား ထိုချို့ယွင်းချက်များသည် သူမ၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိပေ။ ရှနင်းချန်မှာ ထိုဆေးပညာရပ်အား အသုံးပြုနေသည်ကို ဤအတိုင်းထိုင်ကြည့်ရင်းမှ ယခုကဲ့သို့ ပြန်လည်အသုံးချပြနေခြင်း ဖြစ်လေသည်။ ရပ်ကြည့်နေရုံဖြင့်ပင်လျှင် ဤမျှကျွမ်းကျင်နေသည်ဆိုလျှင် သူကိုယ်တိုင်သာ သင်ကြားပေးလိုက်မည်ဆိုပါက ရှနင်းချန် မည်မျှပင် ထူးချွန်လိုက်လေမည်နည်း။ ရှနင်းချန်နှင့်ယှဉ်လိုက်သော် ကျိယင် မျှော်လင့်ချက်ကြီးကြီးမားမားထားရသော သူ့တပည့်များမှာ ဘာမျှမပြောပလောက်တော့ပေ။
နောက်ဆုံးအဆင့်အား အဆုံးသတ်လိုက်သည့်နောက်တွင်တော့ ရှနင်းချန်လက်ထဲရှိ ဆေးအရည်စက်သည် အလုံးလေးခုနှစ်လုံးအဖြစ်သို့ ကွဲထွက်သွားခဲ့လေသည်။ ထိုဆေးအရည်စက်ခုနှစ်စက်သည် အဆက်မပြတ် လည်ပတ်နေပြီးသည့်နောက်တွင် တဖြည်းဖြည်းချင်း အေးခဲမာကြောလာတော့လေသည်။
အလုံးစုံပြီးမြောက်သွားသည့်နောက်တွင်တော့ ရှနင်းချန်၏လက်ထဲ နှင်းဖြူရောင်ဆေးလုံးခုနှစ်လုံး ရှိနေခဲ့လေ၏။
“တစ်ချက်ကြည့်ကြည့်ပါဦး ဆေးဝိဇ္ဇာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှနင်းချန်သည် သူမဖော်စပ်ထားသော ဆေးလုံးခုနှစ်လုံးကို စားပွဲခုံပေါ်တွင် ချပေး၍ ကျိယင်ရှေ့သို့တိုးပေးလျက် ရန်ကိုင်နောက်တွင် သွားပြန်ရပ်နေလေ၏။
ကျိယင်သည်လည်း ထိုဆေးလုံးခုနှစ်လုံးကို သေသေချာချာ စစ်ဆေးကြည့်တော့လေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်မှာတော့ ကျိယင်၏အမူအယာကိုသာ အဆက်မပြတ် ကြည့်နေခဲ့လေသည်။ ကျိယင်၏အမူအယာ လုံးဝပြောင်းလဲသွားသည်ကို ရန်ကိုင် မည်ကဲ့သို့များ သတိမထားမိဘဲ နေပါမည်နည်း။ ထို့အတွက်ကြောင့် သူမလုပ်သွားသည်မှာ အမှန်တကယ်ကို ကောင်းမွန်လှကြောင်း ရှနင်းချန်အား လှမ်း၍ မျက်စပစ်ပြလိုက်သည်။
“ဆေးသွေးကြောတွေ…” ကျိယင် အလန့်တကြား ထအော်လေသည်။ ရှနင်းချန်ဖော်စပ်ခဲ့သော ဆေးလုံးခုနှစ်လုံးအနက် နှစ်လုံးတွင် ဆေးသွေးကြောများ ရှိနေခဲ့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၁၃)
ဘာသာပြန်သူ_တိမ်တိုက်
ဆေးသွေးကြောများသည် ဆေးပညာရှင်တစ်ဦး မည်မျှတော်ကြောင်းကို ပြသနိုင်သော အကောင်းဆုံးသော သက်သေအထောက်အထားတစ်ခု ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ဆေးသွေးကြောများသည် တစ်ခါတစ်ရံမှသာ ပေါ်လာတတ်ကြသည်။ ဆေးသွေးကြော ပေါ်လာခဲ့မည်ဆိုလျှင်တော့ ဆေးလုံး၏ ဆေးအာနိသင်မှာ အနည်းဆုံး နှစ်ဆခန့် ဖြစ်သွားပေလိမ့်မည်။ ထိုအပြင် ထိုဆေးလုံး၏ ဆေးအာနိသင်မှာလည်း အချိန်မည်မျှကြာအောင် သိုလှောင်ထားစေကာမူ ပျောက်ကွယ်သွားတော့လိမ့်မည် မဟုတ်ပေ။
ဆေးတိမ်တိုက်သာဆိုလျှင်တော့ ပို၍ပင် အံ့ဩဖွယ်ကောင်းပေလိမ့်ဦးမည်။ ဆေးတိမ်တိုက်များသည် ဆေးသွေးကြောများကဲ့သို့ပင် ဆေးလုံးအာနိသင်အား ထိန်းထားနိုင်ရုံသာလျှင် မဟုတ်။ မိုးမြေစွမ်းအင်ကို အလိုလို စုပ်ယူ၍ ဆေးလုံးကိုလည်း ပိုမိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်ပေသည်။ ဆေးတိမ်တိုက်ပါသည့် ဆေးလုံး တစ်လုံးအား ပို၍ ကြာကြာသိုလှောင်ထားလေ ထိုဆေးလုံး၏ ဆေးအာနိသင်မှာ ပိုမို အားကောင်းလာလေပင်။ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံးအား နှစ်ပေါင်းထောင်သောင်းနှင့်ချီကာ သိုလှောင်ထားခဲ့မည်ဆိုလျှင်တော့ ထိုဆေးလုံးထဲရှိ ဆေးအာနိသင်မှာ ကြောက်မခန်းလိလိ များပြားနေပေလိမ့်မည်။
ဆေးသွေးကြောပါသည့် ဆေးလုံးများကို ဖော်စပ်ဖို့ရာပင်လျှင် အတော်လေးကံကောင်းဖို့ လိုနေလေရာ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ဆေးတိမ်တိုက်ပါသော ဆေးလုံးများမှာ အလွန်တရာကိုမှ ရှားပါးလွန်းလှပေသည်။ ကျိယင်သည် ဆေးလုံးပေါင်းမြောက်မြားစွာကို ဖော်စပ်ခဲ့ပြီး ဆေးသွေးကြောပါသည့် ဆေးလုံးများကိုပင်လျှင် မကြာခဏ ဖော်စပ်ခဲ့ဖူးပါသော်ငြား ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကိုမူ တစ်ကြိမ်တစ်ခါမျှပင်လျှင် ဖော်စပ်ခဲ့ဖူးခြင်း မရှိသေးချေ။
သို့သော်ငြား သူ၏ လေးယောက်မြောက် စီနီယာအစ်မသည် ကံကောင်းထောက်မစွာဖြင့် ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့လေသည်။ သို့သော်ငြား ထိုဆေးလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့်သာ ဖြစ်လေသည်။ စီနီယာအစ်မကိုယ်တိုင်မှာမူ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေ၏။ သို့ပင်ဖြစ်လင့်ကစား ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့်အတွက်ကြောင့် သူ့ဆရာသည် သူ၏ လေးယောက်မြောက် စီနီယာအစ်မအား အထူးတလည် ချီးကျူးစကားဆိုခဲ့လေသည်။ သူ၏ လေးယောက်မြောက် စီနီယာအစ်မသည်လည်း ထိုဆေးတိမ်တိုက်ပါသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအား အလွန်ကိုမှ အဖိုးတန်လှသည့် ရတနာတစ်ပါးပမာ သေသေချာချာကို သိမ်းထားခဲ့သည်။
ရှနင်းချန်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သည့်အလျောက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကိုသာ ဖော်စပ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ထိုကဲ့သို့သော ဆေးလုံးကို ဖော်စပ်နေသည့်တိုင် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့သည်။
ထိုအတွက်ကြောင့် ကျိယင်မှာ အမှန်တကယ်ကို ထိတ်လန့်နေမိတော့သည်။ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ပါက ကံကောင်းသွားသည့်အတွက်ကြောင့်ဟု ပြော၍ ရပါသော်ငြား နှစ်လုံးဆက်တိုက်ကိုမူ ကံကောင်းသွားလွန်းသဖြင့် ဖော်စပ်နိုင်သည်လား။ ဤသည်မှာ ကံကောင်းသည်ထက် တိုက်ဆိုင်မှုများ ဖြစ်နေလေမလား။
ကျိယင်သည် ဆေးလုံးများကို သေသေချာချာ စစ်ဆေးကြည့်သည်။ သူ လုံးဝ မမှားခဲ့ပေ။ ဤဆေးလုံးများသည် ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်ကြသည်။
ဆေးသွေးကြောပါသည့် ဆေးလုံးများ၏ ဆေးအာနိသင်မှာ ပုံမှန်ဆေးလုံးများထက် နှစ်ဆဖြစ်နေသည့်အတွက်ကြောင့် ဆေးသွေးကြောပါသည့် ဆေးလုံး နှစ်လုံးပါသော ဆေးလုံး ခုနစ်လုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ ပုံမှန်ဆေးလုံးကိုးလုံး ဖော်စပ်နိုင်ခြင်းထက် ပိုမို ကောင်းမွန်ပေသည်။
ရှနင်းချန်အနေဖြင့် ယခုကဲ့သို့ ဆေးလုံး ခုနစ်လုံးကိုသာ ဖော်စပ်နိုင်ခဲ့ရခြင်းမှာ သူမ၏ ဆေးသိပ်သည်းခြင်းပညာရပ်အား ကောင်းကောင်း နားမလည်သေးသည့်အတွက်ကြောင့် ဖြစ်မည်မှန်း ကျိယင် ထပ်မံစဉ်းစားမိသွားခဲ့သည်။ တကယ်တော့ ရှနင်းချန်အဖို့ ထိုဆေးသိပ်သည်းခြင်းပညာရပ်ကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်သုံးခြင်းပင် မဟုတ်လေလော။ ထိုအပြင် ထိုပညာရပ်ကို ရှနင်းချန်သည် မည်သူ၏ သင်ကြားပြသပေးမှုကိုမှ မရရှိခဲ့ဘဲ သူမဘာသာ ဤအတိုင်း စောင့်ကြည့်ရင်းမှ သင်ယူခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ထိုပညာရပ်ကို သုံး၍ ဆေးလုံးကို သိပ်သည်းခဲ့လေရာ ဆေးလုံးခုနစ်လုံးသာ ရခဲ့သည်မှာတော့ အဆန်းမဟုတ်။
အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ ကျိယင်သည် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးကို ပြန်ချထားလိုက်ပြီး ကျန်သည့် ဆေးငါးလုံးကို အံ့ဩတကြီးဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ ရှနင်းချန် သိပ်သည်းလိုက်သည့် ဆေးအရည်ကို မြင်ကတည်းက သူမ ဖော်စပ်၍ ရလာမည့် ဆေးလုံးများ၏ အရည်အသွေးမှာ အတော်လေးကိုမှ ကောင်းမွန်လိမ့်မည်မှန်း ကျိယင် ခန့်မှန်းမိသားပင်။ သူထင်ထားသကဲ့သို့ပင် ဆေးသွေးကြောပါသည့် ဆေးလုံးနှစ်လုံးအပြင် ကျန်ဆေးငါးလုံး၏ ဆေးအာနိသင်မှာလည်း ထိပ်တန်းပင် ဖြစ်နေပေသည်။
[မဒမ်ရန်က ပါရမီရှင်တွေထဲမှာမှ တကယ့်ကို ပါရမီရှင်တစ်ပါးပဲ၊ ကြည့်ရတာက မဒမ်ရန်က ရန်ကိုင်ထက်တောင် ပိုပြီး ပါရမီရှိတယ်နဲ့တူတယ်]
အစောပိုင်းက ရှနင်းချန် ဆေးဖော်စပ်သွားသည့်ပုံကို သေချာပြန်စဉ်းစားမိလိုက်သည့်နောက် ကျိယင် စိတ်ထဲ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ရှနင်းချန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "မဒမ်ရန်က ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလား"
ထိုအကြောင်းကို ပြောလာချိန် ရှနင်းချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင်ကမူ အော်ရယ်မောလျက်... "ရောင်းရင်းကျိက တကယ်ကို အမြင်စူးရှတာပဲ"
"ဒါကြောင့်ကိုး ဒါကြောင့်ကိုး" ကျိယင် ခါးသက်သက်အမူအရာဖြင့် ပြုံးလိုက်လေသည်။ ရှနင်းချန်မှ ဤမျှ ကောင်းမွန်လှသော ဆေးလုံးများကို ဆေးမီးဖိုလည်းမပါ မည်သည့်မီးတောက်ကိုလည်း အသုံးမပြုဘဲနှင့် ဖော်စပ်နိုင်ခဲ့ခြင်းမှာ အဆန်းတော့ မဟုတ်တော့ပေ။ သူမတွင် ထွတ်မြတ်ဆေးခန္ဓာ ရှိနေသည်ကိုး။ [ရှက်ဖို့ကောင်းလိုက်တာကွာ၊ ငါကတော့ သူ့ကို ငါ့အရှေ့မှာ လာပြီး ဟိတ်ဟန်ထုတ်ပြတယ် လုပ်နေတာ၊ အကြောင်းအရင်းမှ မသိတာကိုး၊ ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူက ဘယ်လိုလုပ်ပြီး မီးတောက်တွေ ဆေးမီးဖိုတွေ လိုဦးမှာလဲ၊ သူတို့ခန္ဓာကိုယ်တစ်ခုလုံးက အကောင်းဆုံး ဆေးမီးဖိုကြီး ဖြစ်နေပြီပဲကို]
ထို့နောက်တွင် ကျိယင်သည် ရန်ကိုင်ဖက်သို့ လှည့်၍ မကျေမနပ်ဖြင့်... "ရောင်းရင်းရန်၊ မင်းဒီအကြောင်းကို ဘာဖြစ်လို့ ငါ့ကို အစောကြီးကတည်းက မပြောလိုက်တာလဲ၊ အခုတော့ ငါ့မှာ ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မိခါနီးတောင် ဖြစ်သွားတယ်"
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ကိုယ်ကိုယ်တိုင် မြင်ရတာလောက် ပိုပြီးယုံကြည်ရတဲ့အရာ ဘာမှမရှိဘူးလေ၊ ကြားပဲကြားရတယ်ဆိုရင်တောင် ယုံကြည်ဦးမှာ မဟုတ်သေးဘူး၊ ကဲ အခု ရောင်းရင်းကျိ မင်း ငါ့မိန်းမကို ဘယ်လိုထင်လဲ"
ကျိယင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ဒီကျိ သူ့ကိုမမီဘူး"
ကျိယင် တစ်ဖက်လူအား မြှောက်ဖားပင့်ဖား ပြောဆိုနေခြင်းမဟုတ်။ အမှန်ကို ပြောနေခြင်းသာ ဖြစ်လေသည်။ ကျိယင်ကိုယ်တိုင်သည်လည်း အမျိုးမျိုးသော စာအုပ်များကို ဖတ်ခဲ့ဖူးသည်။ သူဖတ်ခဲ့သည့် စာအုပ်များအနက် ဤလောကကြီးထဲတွင် အမျိုးမျိုးသော အထူးခန္ဓာကိုယ် တည်ဆောက်ပုံများ ရှိကြောင်း သိခဲ့ရသည်။ အထူးခန္ဓာကိုယ် တစ်ခုချင်းစီသည် တစ်မျိုးနှင့် တစ်မျိုး တူညီခြင်း မရှိကြပေ။ သို့သော်ငြား ဆေးပညာရှင်များအတွက်မူ ထွတ်မြတ်ဆေးခန္ဓာကိုယ်မှာ အကောင်းဆုံးဖြစ်ပေသည်။ အကြောင်းမှာ ထိုခန္ဓာကိုယ်သည် ဆေးပညာရှင်များအတွက် လောကကြီးမှ အထူးဖန်တီးပေးထားသော ခန္ဓာကိုယ်တစ်ခုဖြစ်သလားဟုပင် ထင်ရသည့်အတွက်ကြောင့်ပင်။ ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်လူများအတွက် ဆေးဖော်စပ်ရသည်မှာ ထမင်းစားရေသောက်သည့်ပမာ အလွန်ကိုမှ လွယ်ကူလှပေသည်။
လက်ရှိအချိန်တွင် ကျိယင်၏ ဆေးစွမ်းရည်မှာ ရှနင်းချန်ထက် ပိုမြင့်နေလိမ့်မည် ဖြစ်ပါသော်ငြား အချိန်တန်လာသည့်အလျောက်တွင်တော့ ကျိယင်မှာ သူမ၏ ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ပေ။ ကျိယင်၏ စီနီယာအစ်ကို စီနီယာအစ်မတို့သည်ပင်လျှင် အချိန်ကြာလာသည့်နောက် ရှနင်းချန်၏ ပြိုင်ဘက် မဟုတ်နိုင်တော့။ ရှနင်းချန်အနေဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျိယင်၏ ဆရာကဲ့သို့ပင် မဟာဆေးဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်ပေသည်။
ကျိယင် ရှနင်းချန်အား ဤအတိုင်းအတာအထိ ချီးကျူးလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက်တွင် ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် ကျိယင်ကိုကြည့်၍ သည်းလှိုက်အူလှိုက် ရယ်မောကာ ပြောလိုက်လေ၏။ "ရောင်းရင်းကျိ၊ မင်းချီးကျူးလွန်းနေပါပြီကွာ၊ ငါတို့မှာ သင်စရာတွေအများကြီး ကျန်သေးတယ်"
တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ဒီလိုဆိုတော့ မင်း ငါ့မိန်းမကို တပည့်အဖြစ် လက်ခံတော့မယ်ပေါ့၊ ဟုတ်တယ်မလား ရောင်းရင်းကျိ"
[ဒီလောက်တောင် ချီးကျူးထားတာ လက်မခံနိုင်စရာအကြောင်းတော့ ရှိမှာ မဟုတ်ဘူး]
နာမည်ကျော်ကြားသည့် မည်သည့်ပညာရှင်မဆို အမွေခံတပည့်များကို ပိုင်ဆိုင်လိုကြပေသည်။ ကျိယင်သည် ကြယ်တာရာအစုအဝေးထဲရှိ နာမည်ကျော်ကြားလှသော ဧကရာဇ်ဆေးပညာရှင်များအနက် တစ်ပါးအပါအဝင် ဖြစ်သည်။ မဟာဆေးဧကရာဇ်တွင် သူ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်မည့် တပည့်များရှိနေကြသလို ကျိယင်သည်လည်း သူ့အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်မည့် တပည့်တစ်ဦးကို လိုချင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် နာမည်ကျော်ကြားလှသည့် ပညာရှင်များမှာ များပြားလှပါသော်ငြား အရည်အချင်းရှိလှသည့် အမွေခံတပည့်များမှာတော့ ရှားပါးလွန်းလှပေသည်။ ရှနင်းချန်သည် ကျိယင်၏ အမွေကို ဆက်ခံနိုင်မည့် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
မူလကမူ ကျိယင်သည် ဝမ်းပန်းတသာဖြင့် ရှနင်းချန်အား သူ့တပည့်အဖြစ် လက်ခံလိမ့်မည်ဟု ရန်ကိုင် ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်မှ ထိုစကားကို ပြောလိုက်ချိန် ကျိယင် မျက်မှောင်ကြီးကြုတ်သွားခဲ့လေသည်။ ထိုအခါတွင်တော့ ရန်ကိုင်လည်း မယုံသင်္ကာအမူအရာဖြင့် ထပ်၍မေးလိုက်ရတော့သည်။ "ရောင်းရင်းကျိ၊ မင်း ဆေးတောင်ကြားရဲ့ စည်းကမ်းတွေကို စိတ်ပူနေတာလား"
"မဟုတ်ဘူး" ကျိယင်က လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ "ထွတ်မြတ်ဆေးခန္ဓာကိုယ်နဲ့ ဒီလိုအရည်အချင်းမျိုးကို ပိုင်ဆိုင်ထားတာ လက်မခံနိုင်စရာအကြောင်းရှိမလား၊ သူ့ကိုသာ သွားမိတ်ဆက်ပေးလိုက်ရင် အကြီးဆုံးစီနီယာအစ်ကို သူ့ကို ဝမ်းပန်းတသာနဲ့တောင် ဖိတ်ခေါ်လာဦးမှာ"
"အဲဒါဆို မင်းဘာဖြစ်လို့ အကျပ်ရိုက်နေတာလဲ ရောင်းရင်းကျိ" ရန်ကိုင် အံ့အားသင့်သွားလေသည်။ [ရှနင်းချန်ရဲ့ အရည်အချင်းကိုလည်း သူမြင်ပြီးသွားပြီပဲ၊ အဲဒါကို ဘာဖြစ်လို့ ရှနင်းချန်ကို လက်ခံဖို့ ဒီလောက်တောင် အကျပ်ရိုက်နေရတာလဲ၊ သူဘာတွေ တုံ့ဆိုင်းနေတာလဲ၊ ရှနင်းချန်ကို လက်ခံလိုက်ရလို့ သူပျော်နေရမှာမဟုတ်ဘူးလား]
ကျိယင်မှာ အတန်ကြာသည့်အထိ ပြန်မဖြေခဲ့ဘဲ ထိုင်ပြီးတော့သာ အကျပ်ရိုက်နေသည့် အမူအရာဖြင့် စဉ်းစားနေခဲ့လေသည်။ နောက်ဆုံး အတော်လေးကြာသွားသည့်နောက် တုံ့ဆိုင်းနေသည့်အမူအရာဖြင့် ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ ငါမရီးကို ဆရာ့ဆီ မိတ်ဆက်ပေးချင်တယ်"
"မဟာဆေးဧကရာဇ်ဆီလား" ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ထိတ်လန့်တကြားဖြင့်... "ရောင်းရင်းကျိ၊ မင်း"
"ဆရာကပဲ မရီးကို သင်ပေးဖို့ အရည်အချင်းရှိတာ" ကျိယင်က ပြောလိုက်သည်။ ရှင်းရှင်းပြောရလျှင် ကျိယင်မှာ ရှနင်းချန်အား တပည့်အဖြစ် အမှန်တကယ်ကို လက်ခံလိုပေသည်။ ရှနင်းချန်ကဲ့သို့သော ထူးချွန်လှသည့် ပါရမီရှင်တစ်ဦးကို မည်သည့်ဆေးပညာရှင်ကများ တပည့်အဖြစ် လက်မခံချင်ဘဲ နေပါမည်နည်း။ ကံမကောင်းစွာဖြင့် ကျိယင်သည်သာ ရှနင်းချန်အား တပည့်အဖြစ် လက်ခံလိုက်မည်ဆိုလျှင် သူမအား အချိန်အတန်ကြာအောင် သင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ရှနင်းချန်ကို တပည့်အဖြစ် လက်ခံပြီးမှ ရှနင်းချန်သည် သူ့ထက် ဆေးစွမ်းအင်ပိုမြင့်နေလျှင် ကျိယင်အဖို့ ရှက်စရာ ဖြစ်သွားရပေလိမ့်မည်။ ထိုအပြင် ရှနင်းချန်ကို တပည့်အဖြစ် လက်ခံလိုက်ပါကလည်း သူနှင့် ရန်ကိုင်အကြားရှိ ဆက်ဆံရေးမှာ အနည်းငယ်ကမောက်ကမ ဖြစ်ကုန်ရပေလိမ့်မည်။
ထိုအကြောင်းကြောင့်သာလျှင် ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူသည်သာ ရှနင်းချန်အား မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်လာအောင် လုပ်နိုင်ခဲ့မည်ဆိုပါက သူတို့နှစ်ဦးသည် စီနီယာအစ်ကိုနှင့် ဂျူနီယာညီမ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားသည့်အခါတွင် ရန်ကိုင်နှင့် နောက်ပိုင်းထပ်တွေ့သည့်အခါတွင်လည်း သူတို့အကြားရှိ ဝါစဉ်မှာ ကမောက်ကမဖြစ်နေတော့လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က စိတ်လှုပ်ရှားနေသည့် လေသံဖြင့်... "ရောင်းရင်းကျိ၊ ငါ မင်းကို ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းမသိတော့ဘူးကွာ"
ရန်ကိုင် အမှန်တကယ်ကို ပြောနေခြင်း ဖြစ်လေသည်။ သူ့အနေဖြင့် ရှနင်းချန် မဟာဆေးဧကရာဇ်၏ တပည့်ဖြစ်လာဖို့အရေးကို တစ်ခါမျှ စဉ်းစားခဲ့ဖူးခြင်းမရှိပေ။ မဟာဆေးဧကရာဇ်သည် သူတွေ့ချင်တိုင်း တွေ့လို့ရသည့် လူတစ်ဦးမှ မဟုတ်လေဘဲ။ မဟာဆေးဧကရာဇ်အား ရှနင်းချန်အား တပည့်အဖြစ် လက်ခံပေးပါဟု တောင်းဆိုဖို့ရာဆိုလျှင်တော့ ဝေလာဝေးစွပင်။ ကျိယင်မှာ အထက်ကောင်းကင်နန်းတော်တွင် ရှိနေသည့်အတွက်ကြောင့် ရှနင်းချန်အတွက် သင့်တော်သည့် ဆရာတစ်ဦးဖြစ်မည်ဟု အထင်ဖြင့် ရှနင်းချန်ကို ကျိယင်ဆီသို့ ခေါ်လာပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ကျိယင်သည် ရှနင်းချန်အား သူ့ဆရာဆီ မိတ်ဆက်ပေးရန် ကြိုးစားလာလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။ ဤသည်မှာ ရန်ကိုင်အတွက်တော့ အမှန်တကယ်ကို ဝမ်းသာစရာသတင်းတစ်ရပ်ပင် ဖြစ်လေသည်။
ရန်ကိုင်သည် ရှနင်းချန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "စီနီယာမမလေး ရောင်းရင်းကျိကို မြန်မြန်ကျေးဇူးတင်လိုက်လေ"
ရှနင်းချန် ကြယ်တာရာအစုအဝေးသို့ ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် မဟာဆေးဧကရာဇ် မည်သူဖြစ်သလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား ရန်ကိုင်၏ တုံ့ပြန်ပုံကို ကြည့်ရသလောက် မဟာဆေးဧကရာဇ်မှာ အလွန်ကိုမှ ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်းတော့ ပြောနိုင်ပေသည်။ ထိုအကြောင်းကြောင့် ကျိယင်အား အလျင်စလို ကျေးဇူးတင်တော့မည့်အပြု ကျိယင်က သူ့လက်ကို မြှောက်၍ လှမ်းတားလိုက်လေ၏။ "နေဦး နေဦး"
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ရောင်းရင်းကျိ၊ မငြင်းပါနဲ့ကွာ အခုကိစ္စက စကားနဲ့တောင် ကျေးဇူးတင်လို့ရတဲ့ကိစ္စမျိုး မဟုတ်ဘူး"
ကျိယင်က ခါးသက်သက်အမူအရာဖြင့်... "ငါ ငြင်းနေတာမဟုတ်ဘူး၊ ပြဿနာကကွာ ငါလည်း အခုကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီးယုံကြည်ချက်မရှိတာပဲ၊ ဒီတော့ မအောင်မြင်ရင် မင်း ငါ့ကိုအပြစ်တင်လို့မရဘူးနော်"
"ယုံကြည်ချက်မရှိဘူး" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ "ဘာဖြစ်လို့လဲ"
ကျိယင်က ပြန်ပြောလိုက်လေသည်။ "ဒီလိုကွ၊ ဆရာက အခုလောလောဆယ် တပည့်ငါးယောက်အထိကို လက်ခံထားတယ်၊ ငါက သူနောက်ဆုံးလက်ခံထားတဲ့ အငယ်ဆုံးတပည့်ပဲ၊ သူ ငါ့ကို လက်ခံတုန်းက ပြောခဲ့ဖူးတာရှိတယ်၊ ငါ့ကို လက်ခံပြီးကတည်းက နောက်ထပ်တပည့်တစ်ယောက်ကို ထပ်ပြီးတော့ လက်မခံတော့ဘူးတဲ့"
ထိုစကားကို ကြားသည့်အခါမှသာလျှင် ကျိယင် ဘာကြောင့်အကျပ်ရိုက်နေရသလဲဆိုသည်ကို ရန်ကိုင် နားလည်သွားတော့သည်။ ကျိယင်မှာ ရှနင်းချန်အား မဟာဆေးဧကရာဇ်ဆီ မိတ်ဆက်ပေးချင်ပါသော်ငြား ထိုလူအိုကြီးကမူ နောက်ထပ်တပည့်အသစ်တစ်ယောက် ထပ်၍ လက်မခံတော့ဟု ပြောထားခဲ့သည်။ မဟာဆေးဧကရာဇ်တစ်ပါးသည် ပြောပြီးသား စကားကို မည်သည့်နည်းနှင့်မျှ အလွယ်တကူ ပြန်လည် ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။
ရှနင်းချန်အနေဖြင့် မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်လိုပါက မဟာဆေးဧကရာဇ်မှ ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းရလောက်သည်အထိ စိတ်ဝင်စားလာအောင် လုပ်နိုင်မည့်အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားရန် လိုအပ်ပေလိမ့်မည်။ လက်ရှိ ရှနင်းချန်၏ ထွတ်မြတ်ဆေးခန္ဓာကိုယ်သည် သူမ၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ခု ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက ရှနင်းချန်အား သူ့ဆရာနှင့် မိတ်ဆက်ပေးမည်ဟု ကျိယင်မှ ပြောလာခဲ့လိမ့်မည် မဟုတ်ပေ။ မဟာဆေးဧကရာဇ်၏ တပည့်တစ်ဦး ဖြစ်သည့်အလျောက် ကျိယင်မှာ သူ့ဆရာကို အရှက်ရအောင် မလုပ်ဝံ့ပါသော်ငြား ရှနင်းချန်ကဲ့သို့သော အဖိုးတန်လှသည့် ပတ္တမြားတုံးတစ်တုံးကိုလည်း ဤအတိုင်း မထားရစ်ခဲ့နိုင်ပေ။
"အဲဒါကြောင့်ကိုး" ရန်ကိုင် နားလည်သွားခဲ့လေသည်။
ကျိယင်က ဆက်ပြောလိုက်သည်။ "ငါ အကောင်းဆုံးကြိုးစားပေးမယ်လို့ပဲ ကတိပေးနိုင်တယ်၊ တကယ် အလုပ်ဖြစ်မဖြစ်ကိုတော့"
ရန်ကိုင်က အလျင်စလို ပြောလိုက်သည်။ "ရောင်းရင်းကျိ၊ ငါနဲ့ ငါ့မိန်းမ မင်းကို ကြိုပြီးတော့ ကျေးဇူးတင်ပါရစေကွာ၊ မင်း တကယ်လုပ်နိုင်နိုင်မလုပ်နိုင်နိုင် ကိစ္စမရှိဘူး၊ ငါတို့ မင်းကို တကယ်ကျေးဇူးတင်နေမှာ"
ကျိယင်က ပြုံးလျက်... "မင်း ဘာမှမကန့်ကွက်ဘူးဆိုရင် ငါ အခုပဲ ဆေးတောင်ကြားဆီ သွားလိုက်တော့မယ်"
"ဒီကိစ္စက အဲဒီလောက် အလျင်လိုစရာမလိုပါဘူး" ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျိယင်က ပြန်၍ ပြောလေ၏။ "မင်းက အလျင်မလိုပေမဲ့ ငါက လိုတယ်ကွ"
ထိုသို့ပြောပြီးသည့်နောက် ထိုင်ရာမှ ထ၍ အခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။
"ငါ့မိန်းမရော လိုက်စရာလိုသေးလား" ရန်ကိုင်က လှမ်း၍ မေးလိုက်သည်။
"မလိုက်ခိုင်းနဲ့ဦး ဆရာ့အခြေအနေကို သွားစမ်းကြည့်လိုက်ဦးမယ်၊ အဆင်ပြေပြီထင်တော့မှ မင်း မရီးကို ဆေးတောင်ကြားဆီ ခေါ်သွားလို့လည်း နောက်မကျသေးဘူး" တကယ့်ပြဿနာမှာ လက်ရှိကိစ္စနှင့် ပတ်သက်၍ ကျိယင်မှာ ယုံကြည်ချက်မရှိခြင်းပင် ဖြစ်လေသည်။ သူ့ဆရာသည်သာ ရှနင်းချန်ကို တွေ့ပင်မတွေ့လိုပါက ရှနင်းချန်ကို ခေါ်သွားသည်မှာ သူမအား အရှက်ခွဲသလို ဖြစ်နေပေလိမ့်မည်။
ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် ရှနင်းချန်မှာလည်း ကျိယင်အား ခန်းမအပြင်ဘက်အထိသို့သာ လိုက်ပို့ပေးလိုက်လေသည်။
"အကုန်လုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးသွားဖို့ မျှော်လင့်ရတာပဲ" ထိုသို့ပြောပြီးသည့်နောက် ကျိယင်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။ တစ်ခဏလေးအတွင်းမှာပင် ကျိယင်သည် ရန်ကိုင်တို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
ကျိယင် ထွက်သွားသည့်ဘက်သို့ ကြည့်ရင်း ရန်ကိုင်သည် လက်သီးကို တင်းတင်းဆုပ်၍ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဒါသာ အလုပ်ဖြစ်သွားမယ်ဆိုရင်တော့ စီနီယာမမလေးမှာ အရမ်းကို အားကောင်းတဲ့ နောက်ခံတစ်ယောက် ရှိသွားပြီ"
သူမသည်သာ မဟာဆေးဧကရာဇ်၏ တပည့်တစ်ပါး ဖြစ်လာနိုင်မည်ဆိုလျှင် ကြယ်တာရာအစုအဝေးထဲရှိ မည်သူမျှ သူမအား အလွယ်တကူ ရန်စရဲတော့လိမ့်မည် မဟုတ်ပေ။
"ဂျူနီယာမောင်လေး၊ မဟာဆေးဧကရာဇ်က ဘယ်သူလဲ" ရှနင်းချန်က မေးလိုက်သည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "စီနီယာမမလေးကို ဒီအကြောင်းကို သေချာမရှင်းပြမိလိုက်သေးတာ ဆိုးသွားတယ်၊ ကဲ ဘာပဲဖြစ်ဖြစ် စုယန်၊ လော့အာနဲ့ ရွှယ့်အာတို့ကိုလည်း ခေါ်လိုက်ကြတာပေါ့၊ အကုန်လုံးကို တစ်ခါတည်း ဒီကြယ်တာရာအစုအဝေးရဲ့အကြောင်းကို ရှင်းပြပေးလိုက်မယ်"
ထို့နောက်တွင် ရန်ကိုင်သည် ရှနင်းချန်၏ ခါးကို ဖက်၍ သူနေထိုင်ရာ အဓိကတောင်ဆီသို့ ပျံသန်းသွားလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ပျော်နေသည့်အတွက်ကြောင့် သူ့လက်များမှာ ဂနာမငြိမ်ခဲ့။ ထိုအတွက်ကြောင့် ရှနင်းချန်မှာတော့ အဆက်မပြတ်ကို ရှက်သွေးဖြာနေရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၁၄)
ဘာသာပြန်သူ_တိမ်တိုက်
ကျိယင်မှာ အမှန်တကယ်ကို အားတက်သရောနှင့် ကူညီပေးနေခဲ့လေသည်။ ငါးရက်အတွင်းမှာပင် အထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့ပြီး အထက်ကောင်းကင်နန်းတော်ထဲရှိ အဓိကတောင်ဆီသို့ အပြေးအလွှား လာခဲ့လေ၏။
"ရောင်းရင်းကျိ၊ အခြေအနေ ဘယ်လိုနေလဲ" ရန်ကိုင်သည် ကျိယင်အား စိုးရိမ်တကြီးဖြင့် လှမ်း၍ မေးလိုက်သည်။
ကျိယင်က ပြန်ပြောလိုက်သည်။ "ဆရာက မရီးကိုတွေ့ဖို့ သဘောတူလိုက်ပြီ"
ထိုအဖြေကြောင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သို့သော်ငြား မဟာဆေးဧကရာဇ်သည် တပည့်တစ်ဦးကို လက်လွတ်စပယ် လက်ခံလိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့သည်။ မဟာဆေးဧကရာဇ်မှ ရှနင်းချန်နှင့် တွေ့ရန် သဘောတူလိုက်ခြင်းသည် သူတို့တွင် အခွင့်အလမ်းတစ်ခု ရှိမည်ဟု ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ မဟာဆေးဧကရာဇ်သည်သာ ရှနင်းချန်အား မတွေ့ချင်ပါက ရန်ကိုင်အနေဖြင့် ဤအစီအစဉ်နှင့်ပတ်သက်၍ လက်လျှော့ရုံသာ တတ်နိုင်ပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် မျှော်လင့်ချက် ရေးတေးတေးလေး ရှိနေခဲ့သည်။
"မရီး အလုပ်မရှုပ်နေဘူးဆို အခုချက်ချင်း သွားကြရအောင်၊ ဆရာ့ကို အကြာကြီး စောင့်ခိုင်းထားလို့မဖြစ်ဘူး" ကျိယင်မှာ အနည်းငယ်မျှပင် မနှောင့်နှေးနေချင်တော့ပေ။
"ကျေးဇူးပဲ ရောင်းရင်းကျိရေ" ရန်ကိုင်က ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ရင်းမှ ဦးညွှတ်လိုက်လေသည်။ ရှနင်းချန်သည် ရန်ကိုင် အနောက်မှ ထွက်လာပြီးသည့်နောက် ရန်ကိုင်အား နှုတ်ဆက်စကား ဆိုလိုက်လေသည်။
သူတို့ ပြန်တွေ့ရသည်မှာ မကြာသေးပါသော်ငြား နောက်တစ်ကြိမ် ထပ်ခွဲရပေတော့မည်။ ထိုအပြင် သူမသည်သာ ဆေးလုံးတောင်ကြားထဲသို့ ဝင်သွားခဲ့မည်ဆိုလျှင် ရန်ကိုင်နှင့် ပြန်တွေ့ဖို့ရာ လွယ်လိမ့်မည် မဟုတ်ပေ။ ထိုသို့ပင်ဖြစ်လင့်ကစား ဆေးလုံးတောင်ကြားသည် ရှနင်းချန် ရေရှည်နေဖို့ရာ အကောင်းမွန်ဆုံးသော နေရာတစ်ခုဖြစ်ပေသည်။
[ဘာပဲဖြစ်ဖြစ် သူသင်လို့ပြီးသွားတာနဲ့ ပြန်လာနိုင်မှာပဲဟာကို၊ အဲဒီအချိန်ကျမှ တွေ့ရင်လည်း နောက်မကျသေးဘူး၊ အခုတော့ ဒီအကြောင်းကိုတွေးပြီး စိတ်ပူမနေရင် ကောင်းလိမ့်မယ်၊ တော်ကြာ သူလည်း မသွားချင်ဘဲ နေနေဦးမယ်]
ထို့နောက်တွင် ကျိယင်သည် သူ၏ ပျံသန်းရေးမှော်ရတနာကိုထုတ်၍ ရှနင်းချန်ကို မှော်ရတနာပေါ်သို့ တက်စေကာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ပျံထွက်သွားခဲ့လေသည်။
ရန်ကိုင်သည် ခန်းမအရှေ့တွင် ရပ်ရင်းမှ ရှနင်းချန်တို့ ထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။ အတန်ကြာပြီးသည့်နောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ချိန် စုယန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့ သူ့အနောက်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်သည် သူ၏ ဟန်အမူအရာကို ပြန်ထိန်း၍ မေးလိုက်လေသည်။ "လော့အာ နင်ရှေးဟောင်းတောအုပ်ကြီးဆီ မသွားချင်တာ သေချာလား"
လွန်ခဲ့သည့်ရက်များအတွင်း သူ့အမျိုးသမီးလေးဦးအား ကြယ်တာရာအစုအဝေး၏ လတ်တလော အခြေအနေကို အကြမ်းဖျင်း ရှင်းပြခဲ့လေသည်။ ရှနင်းချန်ကိုလည်း ဆေးလုံးတောင်ကြားထဲသို့ ဝင်နိုင်အောင် စီစဉ်ပေးခဲ့သည်။ ရှန်ချင်းလော့အတွက်မူ ရှေးဟောင်းတောအုပ်ကြီးကို စီစဉ်ပေးထားပေသည်။ ရှန်ချင်းလော့မှာ လူသားတစ်ဦးအဖြစ် မွေးဖွားလာခဲ့ပါသော်ငြား သူမတွင် မွန်စတာမျိုးနွယ်စုဝင်၏ သွေးမျိုးဆက်ရှိနေသလို ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အမွေအနှစ်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပေသည်။ ထိုအတွက်ကြောင့် ရှန်ချင်းလော့အဖို့ သူမ၏ ခွန်အားကို တိုးတက်အောင်လုပ်လိုလျှင် အသင့်တော်ဆုံးနေရာမှာ ရှေးဟောင်းတောအုပ်ကြီးသာ ဖြစ်ပေသည်။
ရှန်ချင်းလော့ကိုသာ ရှေးဟောင်းတောအုပ်ကြီးထဲသို့ ပို့လိုက်လျှင် နတ်အရှင်သုံးပါး ဘာမျှပြောလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေသည်။ သူတို့ဘက်က လက်မခံချင်လျှင်ပင် လက်ခံရပေလိမ့်မည်။ သို့သော်ငြား ရှန်ချင်းလော့ကမူ ထိုနေရာသို့ မသွားလိုပေ။ ထိုအစား အထက်ကောင်းကင်နန်းတော်၌ နေ၍သာ ကျင့်ကြံလိုနေသည်။ ရှန်ချင်းလော့ ဤကဲ့သို့ လုပ်ရခြင်းမှာ ရွှယ့်ယွယ်တစ်ယောက်တည်း အထီးကျန်အဖော်မဲ့နေမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကိုင် ဝိုးတိုးဝါးတားတော့ ခံစားမိပေသည်။
"ငါသွားမှာမဟုတ်ဘူး" ရှန်ချင်းလော့က ပြုံး၍ ပြောလိုက်သည်။ "ငါ့မှာသာ ကျင့်ကြံလိုစိတ်ရှိမယ်ဆိုရင် ဘယ်နေရာမှာပဲ ကျင့်ကြံကျင့်ကြံ ဘာမှ ထူးမှာမဟုတ်ဘူး"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
လက်ရှိအချိန်တွင် အထက်ကောင်းကင်နန်းတော်၌ ကျင့်ကြံရေးအရင်းအမြစ်များ ပေါပေါသောသော ရှိနေလေပြီ။ ထိုအတွက်ကြောင့် ရှန်ချင်းလော့ ရှေးဟောင်းတောအုပ်ကြီးဆီသို့ မသွားလျှင်ပင် သူမ၏ ကျင့်ကြံနှုန်းအပေါ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့် ရန်ကိုင်ကလည်း ရှန်ချင်းလော့အား ထပ်မံ၍ ဖိအားပေးမနေတော့ဘဲ စုယန်ဘက်သို့ လှည့်၍သာ ပြောလိုက်လေသည်။ "ရေခဲနှလုံးသားတောင်ကြားဆီ သွားကြရအောင်"
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် စုယန်နှင့်အတူ ဟင်းလင်းပြင်အစီအရင် ခင်းကျင်းထားရာ နေရာဆီသို့ ထွက်လာခဲ့လေသည်။
တစ်ခဏအကြာတွင် ရေခဲနှလုံးသားတောင်ကြား၏ တားမြစ်နေရာထဲ၌ ခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်မှာ အရောင်တလက်လက် တောက်လာခဲ့လေသည်။
ပြောင်းလဲမှုများကို သတိထားမိလိုက်သော် ထိုနေရာ တစ်ဝိုက်အား စောင့်ကြပ်နေသည့် ရေခဲနှလုံးသားတပည့်များသည် အခြေအနေကို လာရောက် စစ်ဆေးကြည့်ကြလေသည်။ ဘာတွေ ဖြစ်သွားသလဲဆိုသည်ကို သိလိုက်သော် အကုန်လုံး သူတို့၏ အထက်အရာရှိများကို သွားရောက် အစီရင်ခံတင်ပြကြလေ၏။
ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားဆီသို့ လာခဲလှပါသော်ငြား ရေခဲနှလုံးသားတောင်ကြားထဲတွင် ရှိနေသည့် အကြီးအကဲများနှင့် တပည့်များစွာမှာတော့ ရန်ကိုင်အား သိနေကြပေသည်။ တကယ်တော့ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားကို ပျက်စီးမည့်ဘေးမှ ကယ်တင်ပေးခဲ့သူတစ်ဦးပင် မဟုတ်လေလော။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ခန်းမကြီးတစ်ခုထဲ ရန်ကိုင် ပင်းယွင်နှင့် လာတွေ့လေသည်။ ဤနေရာတွင် ပင်းယွင် ဘေးနား၌ ရှိနေသော ကျိယောင်မှ လွဲ၍ အခြားမည်သူမျှ ရှိမနေကြပေ။
ကျိယောင်ကို မြင်လိုက်သည့်အခိုက် ရှေးဟောင်းတောအုပ်ကြီးထဲက ဖြစ်ပျက်ခဲ့သော ရှက်စရာ အဖြစ်အပျက်များကို ပြန်စဉ်းစားမိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ကသိကအောက် ဖြစ်သွားရတော့သည်။
အလားတူပင် ကျိယောင်မှာလည်း ထူးထူးဆန်းဆန်း အမူအရာဖြင့် ရှိနေလေသည်။ ကျိယောင်မှာ ရန်ကိုင်အား ပြုံးပြနေပါသော်ငြား ထိုအပြုံးမှာ သိပ်၍ အသက်မဝင်လှ။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်မသက်မသာဖြစ်နေရသလို ကျိယောင်၏ အကြည့်ထဲ သူ့အား ပြောလိုသည့် ကိစ္စတစ်ခုခုရှိနေသည်ဟုလည်း ခံစားနေခဲ့ရလေသည်။
ရန်ကိုင်သည် ချက်ချင်းပဲ ကျိယောင်ဆီမှ အကြည့်လွှဲဖယ်၍ ပင်းယွင်ကိုကြည့်ကာ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ "ရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်"
ပင်းယွင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "အပြင်လူတစ်ယောက်လို လုပ်မနေစမ်းပါနဲ့၊ ကောင်လေး နင်ဒီကိုမလာတာ ဆယ်နှစ်တောင် မကတော့ဘူးနော်"
ရန်ကိုင် ပြန်မပြောနိုင်သေးခင်မှာပင် ကျိယောင်က ဖြတ်ပြောလိုက်လေသည်။ "နန်းတော်သခင်ရန်က အရမ်းကို ဂုဏ်သရေရှိ ခမ်းနားကြီးကျယ်ပြီး အလုပ်များတဲ့လူတစ်ယောက်လေ၊ သူကအဆင့်မြင့်တဲ့ တော်ဝင်နန်းမျိုးနန်းနွယ်တွေနဲ့ပဲ ဆက်ဆံတာ၊ ကျွန်မတို့လို ချောင်ကျပြီး သေးငယ်တဲ့ ရေခဲနှလုံးသားတောင်ကြားကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နေမှာလဲ"
ရန်ကိုင် ကျိယောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ [ငါနင့်ကိုလည်း တစ်ခါမှ ရန်မစဖူးပါဘူး၊ ဘယ်လိုလုပ်ပြီး နင်ဘာဖြစ်လို့ ငါ့ကို ဒီလောက်တောင် ရန်လိုနေရတာလဲ]
ထိုစကားကို ကြားပြီးသည့်နောက် ပင်းယွင်သည်ပင်လျှင် သူမ၏ တတိယတပည့်အား လှမ်းကြည့်မိလိုက်လေသည်။
ရန်ကိုင်က နှုတ်ခမ်းကြီးမဲ့လျက်... "ဂျူနီယာညီမယောင်၊ နင်အဆင်ပြေတယ်မလား"
ကျိယောင်သည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်၍ ပြန်ပြောလိုက်လေသည်။ "အရင်တစ်ကြိမ်တုန်းကတော့ ယောင်အာ၊ အခုတော့ ဂျူနီယာညီမလို့ ပြောင်းသွားပြီပေါ့"
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် မျက်မှောင်ကြီးပါ ကြုတ်သွားတော့လေသည်။ ပင်းယွင်သည်ပင်လျှင် ကူကယ်ရာမဲ့နေဟန်ဖြင့် လက်မြှောက်ကာ ဝင်ပြောရတော့သည်။ "သူစိမ်းလို လုပ်မနေစမ်းပါနဲ့၊ ထိုင်ပြီးမှပြော"
ကျိယောင်က ထပ်ပြောလိုက်သည်။ "ဧည့်သည်တွေအတွက် ရေနွေးကြမ်းမရှိတာမလို့ ကျွန်မတို့ဘက်က မဖော်ရွေသလိုဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါနော် နန်းတော်သခင်ရန်"
"အဟမ်း အဟမ်း" ရန်ကိုင်မှာ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ရတော့သည်။ ကျိယောင်၏ ဤစကားနှင့် ပတ်သက်၍ မည်သို့ပြန်ပြောရမှန်းမသိ။
ထိုအချိန်အတောအတွင်း ပင်းယွင်မှာတော့ ကျိယောင်၏ လုပ်ရပ်နှင့် ပတ်သက်၍ ဆက်၍ ကြည့်မနေနိုင်တော့သည့်အလား ကျိယောင်အား စူးရဲစွာ စိုက်ကြည့်လိုက်ရာ ကျိယောင်မှာလည်း မျက်နှာလေးကိုချလျက် ခေါင်းလေးငုံ့သွားခဲ့၏။
"ဒါက" ပင်းယွင်သည် ရန်ကိုင် အနောက်တွင် ရပ်နေသော စုယန်အား ထူးထူးဆန်းဆန်းအမူအရာဖြင့် ကြည့်လိုက်လေသည်။ သူမစိတ်ထဲတွင်လည်း ကြိတ်၍ တွေးလိုက်လေ၏။ [ကျိယောင် ရန်ကိုင်အပေါ် အခုလိုမျိုး ဆက်ဆံနေတာ ဒီကောင်လေးခေါ်လာတဲ့ ဒီအမျိုးသမီးနဲ့ ပတ်သက်နေရလိမ့်မယ်]
ထိုအတွက်ကြောင့် ပင်းယွင်မှာလည်း သိချင်စိတ်ဖြင့် လှမ်းမေးလိုက်လေသည်။
စုယန်သည် ရှေ့သို့တက်၍ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်လေ၏။ "စုယန် ဘိုးဘေးတည်ထောင်သူကို နှုတ်ဆက်ပါတယ်"
"ဘိုးဘေးတည်ထောင်သူ" ထိုစကားကြောင့် ပင်းယွင် အံ့အားသင့်သွားခဲ့လေသည်။ အလားတူပင် ကျိယောင်သည်လည်း စုယန်အား စိတ်ဝင်တစားဖြင့် ကြည့်လာမိသည်။
"ဒါက" စုယန်၏ ဘေးဘက်တွင် ချိတ်ဆွဲထားသော ဓားဆီသို့ရောက်သွားသည့်အခိုက် ပင်းယွင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ထို့နောက် သူမလက်ကို ဆန့်ထုတ်လိုက်ရာ ဓားသည် ပင်းယွင်၏ လက်ထဲသို့ အလိုလို ပျံသန်းလာခဲ့သည်။ ပင်းယွင်သည် ဓားလက်ကိုင်ရိုးကို ကိုင်ရင်းမှ ဓားကို ဓားအိမ်ထဲမှ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေ၏။ ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံး အေးစက်စက်အလင်းတို့ဖြင့် တလက်လက် တောက်ပသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် အေးစက်လှသည့် အရှိန်အဝါတစ်ရပ်ဟာလည်း အရပ်ရပ်သို့ ဖြာထွက်လာခဲ့လေသည်။
"နှင်းခဲဓားလား" ပင်းယွင် အံ့အားသင့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ဤဓားသည် ယခင်က ပင်းယွင် အသုံးပြုခဲ့သည့် ဓားဖြစ်ပေသည်။ တစ်နည်းဆိုရသော် ဟုန်းလော့ကြယ်စီရင်စုထဲရှိ လှိုင်းနီကြယ်၏ ရေခဲနှလုံးသားတောင်ကြားသခင် ဖြစ်ခဲ့စဉ်က ပင်းယွင် အသုံးပြုခဲ့သည့် ဓားဖြစ်သည်။ ဟုန်းလော့ကြယ်စီရင်စုမှ ထွက်လာပြီးသည့်နောက်တွင် နှင်းခဲဓားကို ရေခဲနှလုံးသားတောင်ကြားထဲ၌ ထားရစ်ခဲ့လေသည်။ နှစ်ပေါင်းသောင်းနှင့်ချီ ကြာသွားခဲ့သလို နှင်းခဲဓားမှာလည်း ယခင်နှင့် မတူ အတော်လေး ပြောင်းလဲသွားသည့်တိုင် ပင်းယွင်မှာတော့ နှင်းခဲဓားကို မှတ်မိနေဆဲပင်။
"ဟုတ်ပါတယ် ဘိုးဘေးတည်ထောင်သူ၊ ဒါကနှင်းခဲဓားပါ" စုယန်က တလေးတစားဖြင့် ပြန်ပြောလိုက်သည်။
ပင်းယွင်သည် စုယန်ကို ကြည့်၍ မေးလိုက်လေသည်။ "နင်က ဟုန်းလော့ကြယ်စီရင်စုကြီးကလား"
နှင်းခဲဓား ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် စုယန် မည်သည့်နေရာမှ လာသလဲဆိုသည်ကို မေးနေစရာပင် မလိုတော့ပေ။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျုပ်မိန်းမက အရင်က လှိုင်းနီကြယ်ပေါ်က ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ၊ နှင်းခဲဓားကို အဲဒီကနေ ရခဲ့တာ"
"မိန်းမ" ရန်ကိုင်၏ ခေါ်ဝေါ်ပုံကို ပင်းယွင် သေချာသတိထားမိလိုက်သည်။ တစ်ချိန်တည်းတွင် ကျိယောင်၏ မျက်လုံးများထဲ၌လည်း ထူးဆန်းသည့် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေ၏။
ဓားသွားတစ်လျှောက်ကို လက်ဖြင့် ပွတ်သပ်နေရင်းမှ အတိတ်ကအကြောင်းအရာများကို ပင်းယွင် ပြန်စဉ်းစားမိလိုက်လေသည်။ အတန်ကြာပြီးသည့်နောက် သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်လေ၏။ "ငါထားခဲ့တုန်းက နှင်းခဲဓားက တန်ခိုးရှင်ဘုရင်အဆင့်ပဲ ရှိသေးတာ၊ အခုတော့ တာအိုသခင်အဆင့် ဖြစ်နေပြီ၊ ပြီးတော့ ကြည့်ရတာ ဒီဓားမှာ အသိစိတ်ပါ ရှိနေတဲ့ပုံပဲ၊ ဓားကို နင့်လက်ထဲမှာထားခဲ့တာ အသုံးမဝင် ဖြစ်မသွားဘူးပဲ"
နှင်းခဲဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးသည့်နောက် ပင်းယွင်သည် နှင်းခဲဓားကို စုယန်ဆီသို့ ပြန်ပေးလိုက်လေသည်။ သူမ၏ လက်ရှိ ကျင့်ကြံခြင်းအရ နှင်းခဲဓားမှာ ပင်းယွင်အတွက် အသုံးမဝင်တော့ပေ။ ထိုအပြင် နှင်းခဲဓားကို ဤကဲ့သို့ပြောင်းလဲအောင် လုပ်ပေးခဲ့သူမှာလည်း စုယန်သာ ဖြစ်သည့်အလျောက် စုယန်ကိုသာ ပြန်ပေးလိုက်ခြင်း ဖြစ်လေ၏။
ဓားကို ပြန်ပေးလိုက်ပြီးသည့်နောက်တွင် ပင်းယွင်သည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "ရန်ကိုင် နင်သူ့ကို ဒီနေရာဆီ ခေါ်လာတာက"
ရန်ကိုင်က ပြုံးဖြီး၍..."စုယန်က လှိုင်းနီကြယ်ပေါ်က ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တစ်ယောက်လေ၊ ဒီတော့ ရေခဲနှလုံးသားတောင်ကြားအဖွဲ့ရဲ့ တပည့်တစ်ယောက်လို့ ပြောလို့လည်းရတာပေါ့၊ ကျုပ်က သူ့ကို တကယ့်ရေခဲနှလုံးသားတောင်ကြားဆီ ပြန်ခေါ်လာပေးရုံပဲ"
ပင်းယွင်က ခေါင်းတညိတ်ညိတ်လုပ်လျက် "ကောင်းပြီလေ၊ ငါသူ့ကို ခေါ်ထားလိုက်မယ်၊ စိတ်မပူနဲ့၊ ငါသူ့ကို လျစ်လျူရှုထားမှာမဟုတ်ဘူး"
[ပင်းယွင်က တကယ်ပြောရဆိုရလွယ်တာပဲ] စုယန်ကို ဤနေရာသို့ ခေါ်လာလိုက်၍ ဘာပြဿနာမျှ ကြုံရလိမ့်မည် မဟုတ်မှန်း ကြိုသိထားခဲ့ပါသော်ငြား ပင်းယွင် ဤမျှအလွယ်တကူ သဘောတူလိမ့်မည်ဟုတော့ ရန်ကိုင် မထင်ထားခဲ့ပေ။ မဟာဆေးဧကရာဇ်နှင့် ယှဉ်လိုက်သော် ပင်းယွင်မှာ အလွန်ကိုမှ ဖော်ရွေပေသည်။ သို့သော်ငြား
ပင်းယွင်မှာ ဧကရာဇ်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် မဟာဆေးဧကရာဇ်နှင့် အလွန်ကိုမှ အဆင့်ကွာသည်ဟု ပြော၍ရသည်။ မဟာဧကရာဇ်တစ်ပါးသည် တပည့်များကို လက်ခံရာတွင် အလွန်ကိုမှ သတိထားရလေသည်။ ထိုအပြင် မဟာဆေးဧကရာဇ်သည် နောက်ထပ်တပည့်များအား ထပ်မံ၍ လက်မခံတော့ဟု ပြောထားခဲ့ပြီးပြီ မဟုတ်လေလော။
ရန်ကိုင်မှ စုယန်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်ရာ စုယန်လည်း ချက်ချင်း ဦးညွှတ်လိုက်လေသည်။ "တပည့် ဆရာ့ကို နှုတ်ဆက်ပါတယ်"
ကျိယောင်က ဝင်ပြောလိုက်လေသည်။ "ဆရာ၊ ဆရာက ကျင့်ကြံရေးနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ဂျူနီယာညီမကို ကျွန်မလက်ထဲပဲ အပ်ထားလိုက်ပါလား၊ ကျွန်မ သူ့ကို တာဝန်ယူထားလိုက်မယ်လေ"
ထိုစကားကိုကြားသော် ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ကျိယောင်အား လှမ်းကြည့်လိုက်ရာ ကျိယောင်မှ သူ့အား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ကျိယောင်၏ အပြုံးကို ကြည့်ရင်း ရန်ကိုင် စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေသည်။ သို့သော်ငြား သူဘာမျှ မပြောနိုင်သေးခင်မှာပင် ပင်းယွင်က ခေါင်းညိတ်၍ ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ ငါအလုပ်ရှုပ်ရင် စုယန်လေးကို နင့်လက်ထဲ ထည့်ထားလိုက်မယ်နော်၊ သူ့ကို သေသေချာချာ ဂရုစိုက်ထားနော်"
"ဒါပေါ့ ဆရာ့ကို စိတ်မပျက်စေရဘူး" ကျိယောင်က တလေးတစားဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် စုယန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ဂျူနီယာညီမလေး ဒါငါတို့ အခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးတာ၊ ဒီတော့ နင်ငါ့ကို တတိယစီနီယာအစ်မလို့ ခေါ်ရင်ခေါ်၊ မဟုတ်ဘဲနဲ့ နာမည်တပ်ခေါ်ရင်လည်း ခေါ်ပေါ့၊ ငါ့နာမည်က ကျိယောင်ပဲ"
"မင်္ဂလာပါ တတိယစီနီယာအစ်မ"
ကျိယောင်က ပြုံးလျက်... "ကိန်းကြီးခန်းကြီးတွေကိုတော့ နောက်မှပဲ ထားလိုက်တော့၊ ဆရာက အခုနင့်ကို တရားဝင်တပည့်အဖြစ် လက်ခံရသေးတာ မဟုတ်ဘူး၊ ဒါပေမဲ့ အခမ်းအနားပွဲသာ ပြီးသွားခဲ့ရင်တော့ ငါတို့အကုန်လုံးက တစ်မိသားစုဝင်တွေ ဖြစ်သွားမှာ၊ ဒီတော့ ငါတို့အရှေ့မှာ အရမ်းကြီး သူစိမ်းတစ်ယောက်လို တောင့်တောင့်တင်းတင်းကြီးတွေ လုပ်နေစရာမလိုဘူး၊ အေးအေးဆေးဆေးသာနေ"
"ဟုတ်ကဲ့"
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ စုယန်အား ကျားဂူထဲသို့ ပို့လိုက်သလို ခံစားလိုက်ရတော့လေသည်။ သို့သော်ငြား လက်ရှိအချိန်သည် နောင်တရနေရမည့် အချိန် မဟုတ်။ ပင်းယွင်မှာ စုယန်အား တပည့်အဖြစ် လက်ခံမည်ဟု သဘောတူပြီးသွားခဲ့လေပြီ။ ထိုအပြင် စုယန်ကိုယ်တိုင်ကလည်း ရေခဲနှလုံးသားတောင်ကြားနှင့် အလွန်ကိုမှ သင့်တော်သည့်လူတစ်ဦး ဖြစ်လေရာ ယခုမှ နောင်တရနေ၍လည်း ဘာအကျိုးအမြတ် ရှိပါဦးမည်နည်း။
[ကျိယောင်က စုယန်ကို ခက်ခဲအောင်တော့ လုပ်မှာမဟုတ်လောက်ပါဘူး၊ ဟုတ်တယ်မလား] ရန်ကိုင် နားလည်သလောက်ဆိုလျှင် ကျိယောင်သည် ထိုကဲ့သို့ လုပ်တတ်သည့်လူစားမျိုး မဟုတ်ပေ။ ထိုအတွေးနှင့် ရန်ကိုင်မှာ အတော်လေး စိတ်အေးသွားရသည်။ ထို့နောက် ထပ်၍ ပြောလိုက်လေသည်။ "စီနီယာ၊ ကျုပ်မကြာသေးခင်ကမှ ဟုန်းလော့ကြယ်စီရင်စုကနေ ပြန်လာခဲ့တာ၊ အဲဒီမှာရှိတဲ့ လှိုင်းနီကြယ်ပေါ်က ရေခဲနှလုံးသားတောင်ကြားကနေ တပည့်တွေ အများကြီးခေါ်လာတယ်၊ စီနီယာ သူတို့ကို ခေါ်ထားချင်တယ်ဆိုရင် ကျုပ်ပြန်ရောက်တာနဲ့ သူတို့ကို စီနီယာဆီ ပို့ပေးလိုက်မယ်လေ"
ရန်ကိုင် ဟုန်းလော့ကြယ်စီရင်စုမှ ပြန်ခေါ်လာသည့် လူများမှာ အရိပ်ကြယ်မှ ကျင့်ကြံသူများသာလျှင် မဟုတ်ကြ။ အဓိက ကျင့်ကြံရေးကြယ်များမှ ကျင့်ကြံသူပေါင်းများစွာလည်း ပါဝင်ကြပေသည်။
"နင် ဟုန်းလော့ကြယ်စီရင်စုကြီးဆီ ပြန်သွားတာလား" ပင်းယွင် ထိတ်လန့်သွားခဲ့သည်။
"ဟုတ်တယ်၊ ဒီအတိုင်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်သွားခဲ့တာ"
"အခု နင်နဲ့အတူ ဘယ်လောက်ခေါ်လာလဲ"
"စီနီယာ ဘယ်သူ့ကို ပြောနေတာလဲ၊ ဟုန်းလော့ကြယ်စီရင်စုကြီးက လူတွေအကုန်လုံးကို ပြောတာလား၊ ဒါမှမဟုတ် ရေခဲနှလုံးသားတောင်ကြားက လူတွေကို ပြောတာလား"
"ရေခဲနှလုံးသားတောင်ကြားက လူပဲပေါ့"
"ထောင်နဲ့တော့ ချီလိမ့်မယ်"
ထိုစကားကို ကြားလိုက်သည့်အခိုက် ပင်းယွင် ထိတ်လန့်သွားခဲ့လေသည်။ ဟုန်းလော့ကြယ်စီရင်စုကြီးရှိ ရေခဲနှလုံးသားတောင်ကြားမှ ကျင့်ကြံသူများကို ပြန်ခေါ်လာသည်ဟု ရန်ကိုင် ပြောသည်ကို ကြားလိုက်စဉ်က ရန်ကိုင် ခေါ်လာသည့် လူအရေအတွက်မှာ ဆယ်ဂဏန်းလောက်သာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ ယခု ထောင်ဂဏန်းဖြစ်နေကြောင်း ကြားလိုက်ရသော် ပင်းယွင်မှာ အလွန်ကိုမှ ထိတ်လန့်သွားရတော့သည်။ သို့သော်ငြား မကြာမီ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ "နင် ကြယ်စီရင်စုသခင် ဖြစ်သွားတာလား"
ရန်ကိုင်က ရယ်မောလျက်..."စီနီယာက တကယ်ကို အမြင်စူးရှတာပဲ"
ထိုစကားကို ကြားပြီးသည့်နောက် ပင်းယွင် စိတ်အေးသွားခဲ့လေသည်။ [ဒါကြောင့်မလို့ လူတွေထောင်နဲ့ချီပြီးတော့ ပြန်ခေါ်လာနိုင်တာကိုး၊ ကြယ်စီရင်စုသခင်လည်းဖြစ်၊ ကြယ်စီရင်စုရဲ့ ကာကွယ်သူလည်းဖြစ်နေမယ်ဆိုမှတော့ မလုပ်နိုင်စရာအကြောင်းတော့ မရှိပါဘူး]
ရုတ်တရက် ပင်းယွင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ "ကြယ်စီရင်စုတွေနဲ့ ကြယ်တာရာအစုအဝေးမှာ သက်ဆိုင်ရာစည်းမျဉ်းတွေ ရှိပြီးသား၊ တန်ခိုးရှင်ဘုရင်တတိယအဆင့်ကို ရောက်နေတဲ့လူတွေပဲ ကြယ်တာရာလမ်းကြောင်းကိုဖြတ်ပြီးတော့ ဒီနေရာကို လာလို့ရတာ၊ နင်ဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ သူတို့ကိုခေါ်လာလဲ ငါမသိပေမဲ့ နင့်လုပ်ရပ်က ပြဿနာတက်သွားနိုင်တယ်နော်"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "စိတ်မပူနဲ့ စီနီယာ၊ ကျုပ်အခုလိုမျိုး လုပ်ရဲတယ်ဆိုမှတော့ ဘာပြဿနာမှ မရှိတာ သေချာလို့ပေါ့"
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၂၁၅)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏ အထက်အရာရှိမှာ ယန်ယန် ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူ့လုပ်ရပ်ကိုသာ တွေ့ရှိသွားခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ကျိန်းသေ အပြစ်ပေးခံရပေလိမ့်မည်။ အခန့်မသင့်လျှင် သူ၏ ကြယ်စီရင်စုသခင်ဟူသော ရာထူးကိုပါ ဆုံးရှုံးသွားရနိုင်ပေသည်။ သို့သော်ငြား ယန်ယန်မှ ကာကွယ်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘာမျှစိတ်ပူနေစရာ မလိုပေ။
"ဒါဆိုရင် နင် စုစုပေါင်း ဘယ်လောက်ခေါ်လာလဲ" ပင်းယွင်မှာ ရုတ်တရက် တစ်ခုခုကို နားလည်သွားတော့လေသည်။ လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားနှင့်ပင် လူထောင်နှင့်ချီနေပြီဆိုပါက ဟုန်းလော့ကြယ်စီရင်စုကြီး တစ်ခုလုံးဆိုလျှင် မည်မျှပင်များလိုက်လေမည်နည်း။ တကယ်တော့ ဟုန်းလော့ကြယ်စီရင်စုကြီးသည် ရန်ကိုင်၏ မွေးရပ်မြေပင် မဟုတ်လေလော။ ထိုနေရာတွင် ရန်ကိုင် လျစ်လျူရှု၍ မရသည့် သူ၏ မိတ်ဆွေများနှင့် မိသားစုများ ရှိနေကြပေသေးသည်။
"တစ်သိန်းကျော်မယ် ထင်တာပဲ" ရန်ကိုင်က မေးစေ့ကို ပွတ်ရင်းမှ ပြောလိုက်သည်။
ပင်းယွင်မှာ လုံးဝကို ကြောင်သွားခဲ့လေသည်။ ကျိယောင်သည်လည်း ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိလေသည်။ လူတစ်သိန်းဟူသော ပမာဏမှာ မည်မျှပင်များလိုက်လေမည်နည်း။ ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော တပည့်အရေအတွက်သည်ပင်လျှင် ထောင်ဂဏန်းလောက်သာ ရှိပေသည်။ တစ်သောင်းပင် မပြည့်ပေ။ ထိုအပြင် ထိုတပည့်အရေအတွက်မှာ ရေခဲနှလုံးသားတောင်ကြားမှ နှစ်နှင့်ချီကာ တပည့်များကို စုဆောင်းထားသည့် အရေအတွက် ဖြစ်လေသည်။ တစ်နည်းဆိုရသော် လူတစ်သိန်းကျော်ဟူသော ပမာဏသည် ရေခဲနှလုံးသားတောင်ကြားတွင် ရှိနေသော တပည့်အရေအတွက်ထက် အဆပေါင်းများစွာ ပိုမိုများပြားလှပေသည်။
"နင်ဘာလို့ ဒီလောက်တောင် လူအများကြီးခေါ်လာရတာလဲ" ပင်းယွင်မှာ ရယ်ရခက်ငိုရခက် ဖြစ်နေလေသည်။ "နင်သူတို့ကို ကျွေးထားနိုင်လို့လား"
[လူတစ်သိန်းကျော်ကို ကျွေးထားဖို့က နည်းတာတော့ မဟုတ်ဘူး၊ အထက်ကောင်းကင်နန်းတော် တည်ထောင်ထားတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူတို့မှာ လူတစ်သိန်းလုံးကို ထောက်ပံ့ပေးနိုင်မဲ့ အရင်းအမြစ်တွေ ရှိနေလို့လား] ပင်းယွင်မှာ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်မပူဘဲ မနေနိုင်ပေ။
ရန်ကိုင်က ရယ်သွမ်းသွေးလျက်... "အခုလောလောဆယ်တော့ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြဿနာမှမရှိသေးဘူး"
ပင်းယွင် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ခေါင်းညိတ်၍... "ကြည့်ရတာ ငါနင့်ကို အထင်သေးမိလိုက်တဲ့ပုံပဲ၊ နင့်ဆီမှာ လူတွေအများကြီးလည်းရှိနေပြီဆိုတော့ လှိုင်းနီကြယ်ပေါ်က ရေခဲနှလုံးသားတောင်ကြားက လူတွေကို ငါ့ဆီပို့လိုက်ပေါ့၊ အဲဒါဆိုရင် နင်လည်း နည်းနည်းပါးပါး ဝန်ပေါ့သွားမှာပေါ့"
ပုံမှန်အားဖြင့် ပင်းယွင် ယခုကဲ့သို့ လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား လှိုင်းနီကြယ်ပေါ်ရှိ ရေခဲနှလုံးသားတောင်ကြားသည် ပင်းယွင်ကိုယ်တိုင် တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ထိုဂိုဏ်း၏ ဂိုဏ်းသားများမှာ ပင်းယွင်၏ တပည့်များပင်ဖြစ်သည်ဟု ပြော၍ ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တပည့်များ ရေခဲနှလုံးသားတောင်ကြားတွင် လာရောက်ကျင့်ကြံလျှင် ပို၍အဆင်ပြေပေလိမ့်မည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"
ပင်းယွင်က ပြုံးလျက်... "ငါကပဲ နင့်ကိုကျေးဇူးတင်သင့်တာ၊ နင်ကိုယ်တိုင်ကလည်း တော်တော်လေး လုံလုံလောက်လောက်ရှိနေတာဆိုတော့ ငါတို့ ရေခဲနှလုံးသားတောင်ကြား နင့်ကိုပေးနိုင်တာ ဘာမှမရှိတော့ဘူး၊ ကျေးဇူးတင်စကားပဲ ပြောလို့ရတော့မယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ အလဲအလှယ်အနေနဲ့ ငါ စုယန်ကို သေသေချာချာပြန်ပြီး ဂရုစိုက်ပေးမှာပါ"
ရန်ကိုင်ကမူ အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ နောက်ထပ်တောင်းဆိုချက်တစ်ခုကို ထပ်မံ ပြုလုပ်လိုက်လေသည်။ "စီနီယာ၊ ဂျူနီယာ စီနီယာကို တောင်းဆိုချင်တာလေးတစ်ခု ထပ်ရှိသေးလို့"
ပင်းယွင်က ပြောလိုက်သည်။ "ဘာပြောမလို့လဲ၊ အရမ်းကြီးလွန်လွန်ကျူးကျူး မဟုတ်ရင်တော့ ပြောကြည့်ပေါ့"
ရန်ကိုင်က ခါးသက်သက်အမူအရာဖြင့်... "စီနီယာ၊ အထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားတာ သိပ်မကြာသေးဘူးလေ၊ ဒီတော့ ရှင်းရှင်းပြောရရင် အထက်ကောင်းကင်နန်းတော်က ကြယ်တာရာအစုအဝေးက အခြားဂိုဏ်းတွေနဲ့ ယှဉ်လို့မရသေးဘူး၊ ကျင့်ကြံမှုအရင်းအမြစ်တွေ ရှားပါးလို့ နည်းနည်းပါးပါး စိစစ်ပြီးနေလို့ရပေမဲ့ တပည့်တွေက အရင်းအမြစ်ကျောက်တွေကိုပဲ အားကိုးပြီးတော့ ကျင့်ကြံနေလို့ မရဘူးလေ၊ သူတို့ကျင့်ကြံဖို့အတွက် ကျင့်စဉ်တွေ သိုင်းပညာရပ်တွေလိုဦးမှာပေါ့ ဟုတ်တယ်မလား၊ ဦးတည်ရာလမ်းကြောင်းမရှိဘဲနဲ့ ဒီအတိုင်း ကြုံရာကျပန်း လျှောက်ကျင့်ကြံနေမယ်ဆိုရင် သူတို့ကျင့်ကြံခြင်း ဘယ်လောက်မြင့်နေမြင့်နေ အခြားသူတွေတိုက်ခိုက်တဲ့အချိန်ကျရင် သူတို့ပဲ ဒုက္ခရောက်ကြမှာ၊ သူတို့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့လူတွေ သတ်တာခံလိုက်ရမယ်ဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းမလဲ"
ပင်းယွင်သည် ရန်ကိုင်အား စိတ်ပျက်သည့် အမူအရာဖြင့် ကြည့်လျက် ပြောလိုက်လေသည်။ "လိုရင်းကိုပြော၊ နင်ဘာတွေဒီလောက်တောင် ဝေ့ပတ်ပြီး ပြောနေရတာလဲ"
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက်... "စီနီယာများ ရေခဲနှလုံးသားတောင်ကြားမှာရှိတဲ့ ကျင့်စဉ်လေး သိုင်းပညာရပ်လေး နည်းနည်းပါးပါးကို ငှားပေးနိုင်မလားလို့ မေးချင်လို့ပါ၊ စီနီယာသိတဲ့အတိုင်းပဲ ကျုပ်ခေါ်လာတဲ့ လူတွေထဲမှာ နေရာပေါင်းစုံက လူတွေ ပါနေကြတာလေ၊ အဲဒီအထဲမှာ အချို့က ရေခဲဓာတ်ကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံရင်ကျင့်ကြံနေကြမှာ၊ ဒါပေမဲ့ လတ်တလော ကျုပ်တို့ဂိုဏ်းမှာ အဲဒီလိုပညာရပ်တွေ မရှိဘူး ဖြစ်နေလို့"
ပင်းယွင်က ရယ်မောလျက်... "နင် ရမ္မက်လျှာဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပြီးတော့ သူတို့ ရတနာဂိုဒေါင်ထဲကဟာတွေ အကုန်လုံးကို ယူထားတာ၊ အဲဒါနဲ့တင်မလောက်သေးဘူးလား" ရှင်းရှင်းပြောရသော် ရမ္မက်လျှာဂိုဏ်း၏ အမွေအနှစ်သည် ရေခဲနှလုံးသားတောင်ကြား၏ အမွေအနှစ်ထက် ပိုမိုနက်ရှိုင်းသည်ဟု ပြော၍ ရပေသည်။ တကယ်တော့ ရမ္မက်လျှာဂိုဏ်းသည် မဟာဧကရာဇ်တစ်ပါးမှ တည်ထောင်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းပင် မဟုတ်ပေလော။ ရမ္မက်လျှာမဟာဧကရာဇ်မှာလည်း အလွန်ကိုမှသြဇာအာဏာကြီးမားသည့် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ သို့သော်ငြား ထိုဧကရာဇ်အလွန်တွင် ရမ္မက်လျှာဂိုဏ်း၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး အဆုံးတွင်တော့ ရမ္မက်လျှာဂိုဏ်းသည် ရန်ကိုင်၏ ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ရမ္မက်လျှာဂိုဏ်းကို ဖျက်ဆီးပြီးသည့်နောက် ရန်ကိုင် မည်မျှရလိုက်သလဲဆိုသည်ကို ပင်းယွင် မသိပါသော်ငြား သူခေါ်လာသည့် လူတစ်သိန်းကျော်အား ကျွေးမွေးထားနိုင်သည်ကို ကြည့်လျှင် ရမ္မက်လျှာဂိုဏ်းဆီမှ ရန်ကိုင် မည်မျှရလိုက်သလဲဆိုသည်ကို သိနိုင်ပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်တွင် အမျိုးမျိုးသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များလည်း ရှိနေရပေလိမ့်မည်။
ရန်ကိုင်သည် လက်နှစ်ဖက်ကို အတူပွတ်ရင်းမှ... "ဒါပေမဲ့လည်း စီနီယာရယ်၊ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေဆိုတာ များများပိုရှိထားလေ ပိုပြီးတော့ အဆင်ပြေလေပဲလေ၊ အဲဒီလိုဆိုရင် တပည့်တွေမှာလည်း ရွေးစရာပိုများသွားတာပေါ့၊ အမ် စီနီယာစိတ်ဝင်စားရင် ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် အလဲအလှယ် လုပ်လို့ရတယ်လေ၊ ကျုပ်တို့ အထက်ကောင်းကင်နန်းတော်မှာ သိုင်းကျမ်းဆောင်ရှိတယ်၊ စီနီယာကြိုက်တဲ့ သိုင်းပညာရပ်တွေကို အဲဒီမှာသွားရွေးလို့ရတယ်"
ပင်းယွင်က သူမ လက်ကို ဝှေ့ယမ်းလျက်... "ရေခဲနှလုံးသားတောင်ကြားက ရေခဲဓာတ်ကျင့်စဉ်တွေနဲ့ ရေခဲဓာတ်သိုင်းပညာရပ်တွေကိုပဲ ကျင့်ကြံတာ၊ ဘာလို့အခြားကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေကို လိုက်ပြီးတော့ ကျင့်ကြံနေရဦးမှာလဲ"
"ဒါဆို စီနီယာ"
ပင်းယွင်က ပြန်ပြောလိုက်သည်။ "ငါ နင်တောင်းဆိုတာကို ငြင်းလိုက်ရင် ငါကပ်စေးနှဲရာ ရောက်သွားမှာပေါ့"
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ" ရန်ကိုင် အပြုံးကြီးပြုံးသွားလေသည်။
ပင်းယွင်က ခေါင်းညိတ်၍ ကျိယောင်ဘက်သို့ လှည့်ကာ... "ယောင်အာ၊ သူ့ကို သိုင်းကျမ်းဆောင်ဆီ ခေါ်သွားပေးလိုက်၊ ထိပ်ဆုံးအဆင့်မှာရှိနေတဲ့ တားမြစ်ထားတာတွေက လွဲပြီးတော့ ကျန်တဲ့ဟာတွေ သူကြိုက်တာယူပါစေ"
ရန်ကိုင် အရှေ့၌ ယခုကဲ့သို့ပြောသည်ကို ကြည့်လျှင် ပင်းယွင် ရန်ကိုင်အား အပြင်လူတစ်ဦးအဖြစ် သဘောမထားကြောင်းကို သိနိုင်ပေသည်။ တားမြစ်ပညာရပ်များအတွက်မူ ထိုအရာများသည် ရေခဲနှလုံးသားတောင်ကြား၏ တပည့်များသည်ပင်လျှင် ကျင့်ကြံချင်တိုင်း ကျင့်ကြံ၍ မရသည့် ပညာရပ်များဖြစ်သည့်အလျောက် ရန်ကိုင်အား ယူသွားခွင့်မပေးသည်မှာ အဆန်းတော့မဟုတ်ပေ။
"အာ ရပါတယ်၊ ကျုပ်ဘာသာကျုပ်ပဲ သွားလိုက်ပါမယ်၊ ဂျူနီယာညီမ ကျိယောင်ကို အလုပ်ရှုပ်ခိုင်းနေစရာ မလိုပါဘူး"
ကျိယောင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။ "ဒါက စီနီယာအစ်ကိုရန် ပြောရမဲ့ကိစ္စ မဟုတ်တော့ဘူး၊ ဆရာက အမိန့်ပေးပြီးသွားပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပေးနော် စီနီယာအစ်ကိုရန်" ကျိယောင်သည် ပြော၍ ရန်ကိုင်အား ဖြတ်လျှောက်သွားလေသည်။ သူ့နားမှ ဖြတ်သွားသည့်အခိုက် သင်းပျံ့မွှေးကြိုင်သည့် ကိုယ်သင်းရနံ့လေးကို ရန်ကိုင် ရလိုက်လေ၏။
"သွားတော့ ငါစုယန်နဲ့ စကားပြောလိုက်ဦးမယ်" ပင်းယွင်သည် ရန်ကိုင်အား လက်ဝှေ့ယမ်းရင်း မောင်းထုတ်လိုက်လေသည်။
ထိုအကြောင်းကြောင့် ရန်ကိုင်လည်း ဆက်မနေနိုင်တော့ဘဲ ထွက်လာခဲ့လိုက်ရသည်။ သို့သော်ငြား ထွက်မလာခင် စုယန်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ ပြောသွားသေး၏။ "ကျင့်ကြံခြင်းကို အာရုံစိုက်နော်၊ ငါနင့်ဆီ မကြာမကြာ လာလည်မယ်"
စုယန် ခေါင်းပြန်ညိတ်ပြလိုက်လေသည်။
ထို့နောက်တွင်တော့ ခန်းမတံခါး ပိတ်သွားခဲ့ပြီး ရန်ကိုင်သည် ကျိယောင်နှင့်အတူ သိုင်းကျမ်းဆောင်ဆီသို့ ထွက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ချောမောလှပသော မိန်းမချောလေးပေါင်းများစွာကို တွေ့ခဲ့ရလေသည်။ ရန်ကိုင်တို့ကို မြင်သည့်အခါ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် ဘေးသို့ရွှေ့ကာ ရန်ကိုင်တို့အတွက် လမ်းဖယ်ပေးလိုက်ကြပြီး သူတို့အား တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။ ထိုအပြင် ရန်ကိုင်တို့အား ကြည့်ရင်းမှ အချင်းချင်း အတင်းများလည်း ပြောနေကြသေး၏။
လမ်းတစ်လျှောက်လုံးမှာ လုံးဝကို တိတ်ဆိတ်နေခဲ့လေသည်။ ကျိယောင်မှာ ရှေ့မှ ဦးဆောင်သွားနေပါသော်ငြား ရန်ကိုင်အား စကားအနည်းငယ်မျှပင် လှည့်မပြောခဲ့။ မကြာမီ ရန်ကိုင်၏ မြင်ကွင်းထဲ ကိုးထပ်ကျောင်းဆောင်တစ်ဆောင် ပေါ်လာခဲ့လေသည်။ ကျောင်းဆောင်အပေါက်ဝတွင်တော့ သိုင်းကျမ်းဆောင်ဟု ရေးထားသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေခဲ့သည်။ ရေခဲနှလုံးသားတောင်ကြား တပည့်များစွာတို့သည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်ချည်ထွက်ချည် ပြုနေကြလေ၏။
ရန်ကိုင် ကျိယောင်နှင့်အတူ သိုင်းကျမ်းဆောင်ထဲသို့ ဝင်လာသည့်အခါတွင် နန်းတော်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံထုံး ထုံးနှောင်ထားသည့် အမျိုးသမီးတစ်ဦးက သူတို့အား လာရောက်ဆီးကြို နှုတ်ဆက်လေသည်။ "ဒေါ်လေးကျိ" ထိုအမျိုးသမီးသည် တာအိုသခင်အဆင့်သာ ရှိပေသည်။
ထိုသို့ နှုတ်ဆက်ပြီးသည့်နောက်တွင် ထိုအမျိုးသမီးသည် ရန်ကိုင်ကို ကြည့်၍ အံ့အားသင့်နေဟန်ဖြင့်... "ဦးလေးရန်လား"
သူမ ရန်ကိုင်ကို မြင်ဖူးပေသည်။ အဝေးမှသာ လှမ်းမြင်ခဲ့ဖူးခြင်း ဖြစ်ပါသော်ငြား လက်ရှိအချိန်၌ ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ထဲသို့ ကျိယောင်နှင့်အတူ စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်သည့် အမျိုးသားဆို၍ အထက်ကောင်းကင်နန်းတော်၏ နန်းတော်သခင်ဖြစ်သော ရန်ကိုင် တစ်ဦးတည်းသာ ရှိပေသည်။
ရန်ကိုင်က ပြုံး၍ ပြန်နှုတ်ဆက်လိုက်လေသည်။ ရေခဲနှလုံးသားတောင်ကြားထဲတွင် သူမည်မျှ နာမည်ကျော်ကြားကြောင်းကို သိထားပြီး ဖြစ်သည့်အလျောက် ရန်ကိုင်မှာ အံ့အားသင့်နေခြင်းမရှိပေ။
"တပည့်တွေကို ထွက်သွားဖို့ပြောလိုက်၊ ငါ စီနီယာအစ်ကိုရန်နဲ့ လုပ်စရာလေးတစ်ခုရှိလို့" ကျိယောင်က ထူးမခြားနားဟန်ဖြင့် အမိန့်ပေးလိုက်လေသည်။
ထိုအမျိုးသမီး၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ [ကောလာဟလတွေက မှန်နေတာလား၊ မဟုတ်ရင် သိုင်းကျမ်းဆောင်ထဲက လူတွေအကုန်လုံးကို ဘာဖြစ်လို့ ထွက်သွားခိုင်းရမှာလဲ၊ ဒီအကြောင်းသာ သတင်းပျံ့သွားရင်တော့ ဒေါ်လေးကျိရဲ့ ဂုဏ်သတင်းက ထိခိုက်တော့မှာပဲ၊ ဒါပေမဲ့ ဒေါ်လေးကျိကိုကြည့်ရတာတော့ ဂရုစိုက်တဲ့ပုံမပေါ်ဘူး]
သူမ စိတ်ထဲ မယုံသင်္ကာဖြစ်နေလင့်ကစား ထိုအမျိုးသမီးက ပြန်၍ ပြောလိုက်လေသည်။ "ဟုတ်ကဲ့"
ထို့နောက်တွင် အမျိုးသမီးသည် သိုင်းကျမ်းဆောင်ထဲသို့ ဝင်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ သိုင်းကျမ်းဆောင်ထဲမှ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေ၏။ ရန်ကိုင်နှင့် ကျိယောင်တို့ကို မြင်သည့်အခါ ဦးညွှတ်နှုတ်ဆက်ကြပြီး ထွက်ခွာသွားကြသည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် အစောပိုင်းက သူတို့အား လာရောက်နှုတ်ဆက်ခဲ့သော အမျိုးသမီး ပြန်ရောက်လာခဲ့ပြီး ပြောလိုက်လေသည်။ "ဒေါ်လေးကျိ၊ တပည့်တွေအကုန်လုံးကို ထွက်သွားခိုင်းလိုက်ပါပြီ"
"ကောင်းပြီ" ကျိယောင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "ဝင်လာခဲ့"
ရန်ကိုင်မှာတော့ အတော်လေးကိုမှ နေရထိုင်ရ အဆင်မပြေ ဖြစ်နေခဲ့လေသည်။ ကျိယောင်မှ တပည့်အားလုံးကို ထွက်သွားခိုင်းရန်ပြောစဉ်က ရန်ကိုင်မှာ ဝင်တားလိုက်ချင်ပါသော်ငြား အခြားသူများ အထင်အမြင်လွဲမှားသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် တိတ်တိတ်နေရန်သာ ဆုံးဖြတ်ခဲ့လိုက်သည်။ ယခု သင်္ဘောမှာ ရွက်လွှင့်သွားပြီ ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဆက်စီးရုံသာ တတ်နိုင်တော့လေသည်။
[မိန်းမဖြစ်တဲ့ ကျိယောင်တောင် မကြောက်တာ၊ ငါကဘာလို့ကြောက်နေရမှာလဲ]
သိုင်းကျမ်းဆောင်ကို အထပ်ကိုးထပ်ခွဲထားခဲ့သည်။ အထပ်ပိုမြင့်လေ ထိုအထပ်တွင် ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ၏ အဆင့်မှာ ပိုမြင့်လေပင်။ ထိုနည်းတူစွာပင် ထိုအထပ်များသို့ ဝင်ရောက်ရန်အတွက် လိုအပ်ချက်မှာလည်း ပိုမိုမြင့်မားလာလေ၏။ ဤနေရာသည် ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ဖြစ်ပါသော်ငြား ဤနေရာ၌ ရှိနေသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်အားလုံးသည် ရေခဲဓာတ်အမျိုးအစားချည်းများသာ မဟုတ်ကြပေ။
တကယ်တော့ ရေခဲနှလုံးသားတောင်ကြား တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီနေခဲ့ပြီ မဟုတ်လေလော။ တပည့်များ အပြင်လောကကြီးဆီသို့ အတွေ့အကြုံ ခရီးထွက်သည့်အခါတွင် အခွင့်အလမ်းများနှင့် ကြုံကြိုက်ရ၍ဖြစ်စေ အခြားသောကျင့်ကြံသူများနှင့် တိုက်ခိုက်ပြီး ထိုကျင့်ကြံသူများကို သတ်ဖြတ်ကာ ပိုင်ဆိုင်မှုများကို ရယူလိုက်ခြင်းဖြင့်ဖြစ်စေ အမျိုးမျိုးသော သိုင်းပညာရပ်များ ကျင့်စဉ်များကို ရရှိခဲ့ကြသည်။ ထိုအရာများကို ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်ယူလာပြီးသည့်နောက်တွင် အကျိုးဆောင်ခွင့်များနှင့် လဲလှယ်ကြလေသည်။ ထိုနည်းဖြင့် ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ်မှာ တဖြည်းဖြည်းနှင့် ပိုမိုနက်ရှိုင်းလာရခြင်း ဖြစ်ပေသည်။ ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ် နက်ရှိုင်းလာဖို့ရာ နေ့ချင်းညချင်း လုပ်၍မရပေ။
ကျိယောင်သည် ရန်ကိုင်အား အထဲသို့ ခေါ်လာပြီးသည့်နောက် သိုင်းကျမ်းဆောင်၏ ဖွဲ့စည်းပုံကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ အကြမ်းဖျင်းသိသွားပြီးသည့် နောက်တွင် ရန်ကိုင်က ပြောလိုက်သည်။ "လေးလွှာမြောက်ကို တန်းသွားကြတာပေါ့"
လေးလွှာမြောက်၏ အောက်ဘက်တွင် ရှိနေသည့် သိုင်းပညာရပ်များနှင့် ကျင့်စဉ်များမှာ ရန်ကိုင်အတွက် အသုံးမဝင်ပေ။ သူတော်စင်ဘုရင်အဆင့်နှင့် အထက်အဆင့်များအတွက် ကျင့်ကြံဖို့ရာ သင့်လျော်သော အရာများသည် လေးလွှာမြောက်နှင့် အထက်တွင်သာ ရှိနေကြပေသည်။
ကျိယောင်လည်း ခေါင်းညိတ်၍ ရန်ကိုင်အား လှေကားထစ်မှတစ်ဆင့် လေးလွှာမြောက်ဆီသို့ ခေါ်သွားပေးလိုက်လေသည်။ "အချိန်ယူပြီး ကြည့်ကြည့်လိုက်"
ရန်ကိုင်လည်း ခေါင်းညိတ်၍ လှည့်ပတ်ကြည့်လေသည်။ လေးလွှာမှာ အတော်လေးကိုမှ ကျယ်ဝန်းပေသည်။ ထိုအပြင် ဤလေးလွှာတွင် လူတစ်ရပ်စာမျှ အမြင့်ရှိပြီး အလျားမီတာပေါင်းများစွာရှည်လျားသော သစ်သားစင် အခုနှစ်ဆယ်ခန့် ရှိနေခဲ့သည်။ သစ်သားစင်လေးများကိုမူ အကန့်အကန့် ထပ်ခွဲထားသေး၏။ ထိုအကန့်လေးများထဲတွင်မူ ကျောက်စိမ်းပြား တစ်ပြားချင်းစီ ရှိနေကြလေသည်။ ကျောက်စိမ်းပြားထဲ၌ ရှိနေသော ကျင့်စဉ်နှင့် သိုင်းပညာရပ်များကိုမူ ကျောက်စိမ်းပြားပေါ်၌ ထိုးထွင်းထားခဲ့လေသည်။
ကြုံရာ ကျောက်စိမ်းပြားတစ်ပြားကို ကောက်ယူလိုက်ပြီးသည့် နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ထိုကျောက်စိမ်းပြားထဲသို့ ပို့လွှတ်၍ အထဲရှိ အကြောင်းအရာများကို စစ်ဆေးကြည့်လိုက်သည်။ ဤအရာသည် ကျင့်ကြံသူတစ်ဦး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံနိုင်သော သိုင်းပညာရပ်တစ်ခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဤသိုင်းပညာရပ်မှာ သိပ်၍ အဖိုးမတန်လှပါသော်ငြား ကျင့်ကြံသူတစ်ဦးအား ဖြည်းဖြည်းနှင့်မှန်မှန် တိုးတက်လာအောင် ကူညီပေးနိုင်ပေသည်။ ကျင့်ကြံခြင်း သွေဖယ်သွားမည့် ကိစ္စမျိုးကို စိတ်ပူစရာမလိုပေ။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း အသင့်ပြင်လာသော ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူ၍ ကျောက်စိမ်းပြားထဲတွင်ရှိနေသည့် အကြောင်းအရာများကို သူ့ကျောက်စိမ်းပြားထဲသို့ ကူးထည့်လိုက်လေသည်။ ရန်ကိုင်သည် ယခုအဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။ ထိုအတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် ဗလာကျင်းနေသော ကျောက်စိမ်းပြားပေါင်းသောင်းနှင့်ချီကာ ရှိနေလေသည်။ ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြားရှိ သိုင်းပညာရပ်များကိုသာ ရယူရန် စဉ်းစားထားခြင်း မဟုတ်။ လီကျောက်ကိုလည်း မီးနဂါးနန်းတော်ဆီသို့ ပြန်ခိုင်း၍ ထိုနေရာတွင် ရှိနေသော သိုင်းပညာရပ်များနှင့် ကျင့်စဉ်များကို ယူလာရန် ပြောထားပြီးသားပင်။
ယခင်ကသာဆိုလျှင်တော့ လီကျောက်အနေဖြင့် ရန်ကိုင်နှင့် အပြန်အလှန်ဆွေးနွေးလျှင် ဆွေးနွေး မဆွေးနွေးပါက ရန်ကိုင်၏ တောင်းဆိုချက်ကို ငြင်းလျှင် ငြင်းပေလိမ့်မည်။ သို့သော်ငြား နဂါးကျွန်းမှ အဖြစ်အပျက် နောက်ပိုင်း လီကျောက်မှာ ရန်ကိုင်၏ တောင်းဆိုချက်ကို တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့လေသည်။ ယခုဆိုလျှင် လီကျောက်သည် လျူစန်းနျန်နှင့် လျူယုချင်းတို့ကိုခေါ်ကာ မီးနဂါးနန်းတော်ဆီသို့ ပြန်သွားခဲ့လေပြီ။
[အခုချိန်လောက်ဆိုရင်တော့ လီကျောက်ဆီကနေ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေ ရနေလောက်ပြီ] ရန်ကိုင်သည် တောင်ဘက်နယ်မြေသို့ သွားကာ နေမင်းပြာကျောင်းတော်မှ သိုင်းကျင့်စဉ်များနှင့် ပညာရပ်များကို ရယူရန် စဉ်းစားထားပေသေးသည်။
အထက်ကောင်းကင်ဂိုဏ်းထဲတွင် ကြယ်တာရာအစုအဝေး၏ ထိပ်တန်းဂိုဏ်း လေးဂိုဏ်းမှ သိုင်းပညာရပ်များနှင့် ကျင့်စဉ်များ လာရောက် စုဝေးနေမည်ဆိုပါက အထက်ကောင်းကင်နန်းတော်မှ တပည့်များအဖို့ ကျင့်ကြံဖို့ရာအတွက် ရွေးချယ်စရာ ပိုမိုများပြားလာရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါတွင်တော့ အထက်ကောင်းကင်နန်းတော်၏ တပည့်များသည် အခြားသူများထက် ပိုမို အားမကောင်းလျှင်ပင် ပိုမိုအားကောင်းလာရပေလိမ့်မည်။ တကယ်တော့ သူတို့တွင်ရွေးချယ်စရာ ကျင့်စဉ် သိုင်းပညာရပ်ပေါင်းများစွာ ရှိနေသည် မဟုတ်ပေလော။
"ငါကူညီပေးရမလား" ကျိယောင်သည် ရန်ကိုင် အနားသို့ ရောက်လာပြီး မေးလိုက်လေသည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ ကျောက်စိမ်းပြားတစ်ပြားကို ကျိယောင်ဆီသို့ ပေးလိုက်သည်။ ရေခဲနှလုံးသားတောင်ကြား၏ သိုင်းကျမ်းဆောင်ထဲ သိုင်းပညာရပ်များ ကျင့်စဉ်များ မည်မျှ ရှိနေသလဲဆိုသည်ကို ရန်ကိုင်မ သိပါသော်ငြား သူ့အား ကူညီပေးမည့် လူပိုတစ်ယောက် ရှိနေခြင်းမှာ ရန်ကိုင်အတွက် ပို၍ အဆင်ပြေရပေသည်။