အခန်း (၅၀၁-၅၀၂)
Vol. 26 Ch. 501-502
အပိုင်း(၅၀၁) ပထမဆုံး စမ်းသပ်ပျံသန်းခြင်း
၂၀၁၉ ခုနှစ် မေလသို့ ရောက်သောအခါ "အာကာသယာဉ်တွင်း လုံခြုံရေး စီမံခန့်ခွဲမှုဌာန" ဟူသော ဌာနသစ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။
ဌာနစတင် ဖွဲ့စည်းသည့် ပထမဆုံးနေ့မှာပင် စက်ရုံများနှင့် သုတေသနဌာနများအတွက် ပြည်တွင်း ပြုပြင်ပြောင်းလဲရေး ညွှန်ကြားချက် စာတမ်းတစ်စောင်ကို ထုတ်ပြန်လိုက်သည်။
ပထမအချက် - အာကာသယာဉ်အတွင်း အလွယ်တကူ ရွှေ့ပြောင်းနိုင်သော မည်သည့်ပစ္စည်းကိုမဆို ကုန်းပတ်ပေါ်ရှိ လျှို့ဝှက်သော့ခလောက်များဖြင့် ချိတ်ဆက် သော့ခတ်ထားရမည်။
မဖြစ်မနေ ရွှေ့ပြောင်းရမည့် ပေါ့ပါးသော ကိရိယာအချို့ကို အသုံးပြုပြီးပါက အသေတပ်ဆင်ထားသော သိုလှောင်သေတ္တာများထဲသို့ ချက်ချင်း ပြန်လည် ထည့်သွင်းရမည်။
ဒုတိယအချက် - စက်ရုံအတွင်းပိုင်း နံရံများတွင် နူးညံ့သော အကာအကွယ်များ ထပ်မံတပ်ဆင်ရမည်။
တတိယအချက် - တုန်ခါမှုဒဏ်ကို မခံနိုင်သော စက်ကိရိယာအချို့၏ အလုပ်မလုပ်ပုံနှင့် အန္တရာယ်ရှိနိုင်စွမ်းကို အကဲဖြတ်စစ်ဆေးရမည်။
စတုတ္ထအချက် - စက်ရုံများနှင့် ဌာနအသီးသီးသည် အစိုးရမှ ထုတ်ပြန်ထားသော ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်နှင့်မျှ ချိုးဖောက်ခွင့် မရှိစေရ။
...
ထို့နောက် တစ်လခန့်အကြာတွင် ထို "အာကာသယာဉ်တွင်း လုံခြုံရေး စီမံခန့်ခွဲမှုဌာန" မှ ဝန်ထမ်းများအားလုံးနီးပါး အင်တိုက်အားတိုက် ဆင်းလာကြပြီး စက်ရုံကြီးများနှင့် ဌာနအသီးသီး၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို တစ်ရုံပြီးတစ်ရုံ အသေအချာ လိုက်လံစစ်ဆေးကြတော့သည်။
၎င်းနောက်တွင်တော့ ဤပြုပြင်ပြောင်းလဲရေး လှိုင်းတံပိုးက လူနေရပ်ကွက်များဆီသို့ပါ ကူးစက်သွားပြီး အိမ်တိုင်းစေ့နီးပါးအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
အာကာသယာဉ်အတွင်းရှိ အခြေအနေက ပိုမိုလေးနက် တင်းမာလာပြီး အကဲခတ်ကောင်းသူ အချို့ကမူ တစ်စုံတစ်ရာကို ရိပ်မိနေကြပြီ ဖြစ်သည်။
မေလ၏ နောက်ဆုံးရက်သို့ ရောက်သောအခါ စက်ရုံများနှင့် သုတေသနဌာနများ အားလုံးသာမက အစိုးရဝန်ထမ်း အများစုကိုပါ အားလပ်ရက် ပေးလိုက်သည်။
ထိုအခါမှသာ မိမိတို့ ခြေအောက်ရှိ ဧရာမ အာကာသယာဉ်ကြီးသည် မကြာမီ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းတော့မည် ဖြစ်ကြောင်းကို လူတိုင်း သိရှိသွားကြတော့သည်။
စိုးရိမ်ပူပန်မှု လေထုက လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ဤယာဉ်ပျံထဲတွင် နေထိုင်လာခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် မိမိတို့ ခြေအောက်ရှိ နေရာသည် ကုန်းမြေမဟုတ်ဘဲ ကြီးမားခမ်းနားလှသော အာကာသယာဉ်ကြီး တစ်စီးသာ ဖြစ်ကြောင်းကို လူအများစုက မေ့လျော့လုနီးပါး ဖြစ်နေကြချေပြီ။
လူသားများသည်လည်း အမှန်တကယ် ငြိမ်းချမ်းသွားခဲ့ခြင်း မဟုတ်ဘဲ မကြာမီ အချိန်အတွင်း ထွက်ပြေးတိမ်းရှောင်ရတော့မည် ဖြစ်သည်။
...
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ ယခင်က ဆူညံပွက်လောရိုက်နေတတ်သော လူနေရပ်ကွက်များသည် အထူးတလည် တိတ်ဆိတ်ငြိမ်သက်နေပြီး လမ်းမများပေါ်တွင်လည်း လူသူတစ်ယောက်မျှ မရှိတော့ပေ။
"မိဘပြည်သူများခင်ဗျာ... အာကာသယာဉ်ကြီးဟာ မကြာမီမှာ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ပြုလုပ်တော့မှာ ဖြစ်ပါတယ်"
"ဒါကြောင့် နေထိုင်သူများအားလုံး ဘေးကင်းလုံခြုံရေး ကိရိယာတွေကို တပ်ဆင်ထားကြပြီး အပြင်ကို လျှောက်မသွားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"
"ဒီတစ်ကြိမ် စမ်းသပ်ပျံသန်းမှုဟာ မနက် ရှစ်နာရီခွဲကနေ စတင်မှာဖြစ်ပြီး ငါးနာရီကြာမြင့်မှာ ဖြစ်ပါတယ်... နေ့လယ် တစ်နာရီခွဲမှာ ပြီးဆုံးမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို သတင်းကွန်ရက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်"
နံနက် ရှစ်နာရီတိတိတွင် ညင်သာသော အီလက်ထရွန်းနစ် အသံတစ်သံက လူနေရပ်ကွက်များ၏ ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
စမ်းသပ်ပျံသန်းတော့မည့် သတိပေးသံကို ကြားလိုက်ရသောအခါ ချွေ့ဝေ့ချွမ်က တိတ်တဆိတ် သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်သွင်းလိုက်သည်။
သူတို့ မိသားစု သုံးယောက်လုံးမှာ စောစောစီးစီးကတည်းက ဘေးကင်းလုံခြုံရေး ကိရိယာများကို တပ်ဆင်ထားပြီး ဖြစ်သည်။
ဘေးနားရှိ သမီးလေး၏ မျက်နှာမှာ စိုးရိမ်ထိတ်လန့်မှုကြောင့် ဖြူဖျော့နေပြီး သူမက ကြည်လင်သော အသံလေးဖြင့် မေးလိုက်၏။
"ဖေဖေ... သမီးတို့ ဘာမှမဖြစ်ဘူးမလားဟင်"
ချွေ့ဝေ့ချွမ်က အလျင်အမြန်ပင် တောင့်တင်းနေသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ ပြောလိုက်သည်။
"စိတ်ချပါ... ဟိုအာကာသယာဉ်လေးကို သမီး သိတယ်မလား"
"သမီးတို့ စီးလာခဲ့တဲ့ တစ်စီးလား"
သမီးဖြစ်သူက အနည်းငယ် ကြောက်ရွံ့နေသော မျက်နှာလေးဖြင့် ပြန်ဖြေလေသည်။
"ဟုတ်တယ်... အဲဒီယာဉ်ကို သမီးက တစ်ခါပဲ စီးဖူးပေမယ့် ဖေဖေကတော့ အကြိမ်ကြိမ် စီးဖူးတယ်လေ... တစ်ခါမှ ပြဿနာ မဖြစ်ခဲ့ဘူး... စီးရတာ တအားသက်တောင့်သက်သာ ရှိတာ... တုန်ခါမှုလေးတောင် မရှိဘူး... ဘာမှတောင် မခံစားရဘဲ ကမ္ဘာမြေကို ချက်ချင်းရောက်သွားတာ"
"အခု ဖေဖေတို့ စီးမယ့် အာကာသယာဉ်ကြီးက အဲဒီယာဉ်ငယ်လေးထက် အများကြီး ပိုပြီး ခေတ်မီတယ်... လုံးဝ ဘာမှဖြစ်မှာ မဟုတ်ဘူး... သမီး စိတ်ချလက်ချသာ နေလိုက်... တကယ်တော့ ဖေဖေ့အထင် ပြောရရင် ဒီတစ်ခါက သိပ်ပြီး အကျယ်ချဲ့လွန်းနေတာ... ဒီလို ယာဉ်မျိုးက ပျံသန်းတဲ့အခါ ပိုပြီးတော့တောင် ငြိမ်သေးတယ်... တုန်ခါတာမျိုးတောင် ရှိမှာမဟုတ်ဘူး"
"ဒါက လုံခြုံရေးအတွက်နေမှာပါ... အရင်တုန်းက ကားမောင်းရင်တောင် ထိုင်ခုံခါးပတ် ပတ်ရသေးတာပဲ မဟုတ်လား"
သမီးဖြစ်သူက ကြည်လင်စွာ ရယ်မောရင်း ပြောလိုက်ရာ သူမ၏ မျက်နှာထားမှာ တော်တော်လေး ပေါ့ပါးသွားခဲ့ပြီ ဖြစ်သည်။
ချွေ့ဝေ့ချွမ်သည် သမီးငယ်ကို နှစ်သိမ့်ပြီးနောက် ဇနီးဖြစ်သူကိုပါ စတင် ဂရုစိုက်ရပြန်သည်။
"ဒီလုံခြုံရေး ကိရိယာက ဗိုက်ကိုများ ထိခိုက်နိုင်မလား"
ချွေ့ဝေ့ချွမ်က ဇနီးဖြစ်သူ၏ ဗိုက်ကြီးကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ ထိုစဉ်က ဇနီးဖြစ်သူအား နည်းပညာသစ်ကို အသုံးပြုကာ ကိုယ်ဝန်ဆောင်စေရန် သူ သိပ်သဘောမကျခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤသို့ ဗီဇပြုပြင်ထားသော ကလေးသည် မိမိ၏ သွေးသား အစစ်အမှန် ဟုတ်မဟုတ်ကို သူ သေချာမသိချေ။
အကယ်၍ မွေးလာသောအခါ မိမိတို့နှင့် တစ်စက်ကလေးမျှ မတူဘဲ သူတစ်ပါး၏ အတင်းအဖျင်း ပြောဆိုခြင်းကို ခံရပါက ရင်ထဲတွင် တော်တော်လေး ခံရခက်မည် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်က စွဲလမ်းရူးသွပ်နေသည့် ဇနီးဖြစ်သူ၏ ပုံစံကို ကြည့်ကာ နောက်ဆုံးတွင်တော့ သူ သဘောတူခွင့်ပြုပေးခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ ဇနီးသည် ကိုယ်ဝန်ဆောင်ထားသည်မှာ ကိုးလနီးပါး ရှိနေပြီဖြစ်ကာ မီးဖွားရမည့်ရက်သို့ ရောက်လုနီးပါး ဖြစ်နေပြီလေ။
ဤစမ်းသပ်ပျံသန်းမှုကို ယနေ့တွင် ပြုလုပ်မည်ဟု မည်သူက သိထားမည်နည်း။ နောက်ထပ် တစ်လလောက် ဆုတ်ဆိုင်းလိုက်လျှင် ပိုကောင်းမည် ဖြစ်သည်။
"ဒါက ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ထားတာမို့ ဘာမှမဖြစ်လောက်ပါဘူး"
ဇနီးဖြစ်သူက စိုးရိမ်နေသော မျက်နှာဖြင့် ဗိုက်ကို ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။
ချွေ့ဝေ့ချွမ်က အာကာသဝတ်စုံနှင့်တူသော ဖောင်းကားကား လုံခြုံရေးကိရိယာကို ကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်မိသည်။
အစိုးရက ဤကိုယ်ဝန်ဆောင် မိခင်များကို အထူး ဂရုစိုက်ထားသည်ဟု ဆိုရမည်ပင်။ ကိုယ်ဝန်ဆောင်ပြီးနောက် နေ့စဉ် အသားဟင်းများကို အခမဲ့ ထောက်ပံ့ပေးရုံသာမက စမ်းသပ်ပျံသန်းမှု မတိုင်မီ ရက်အနည်းငယ်အလိုတွင် လုံခြုံရေး ကိရိယာများကိုလည်း ကိုယ်ဝန်ဆောင် သီးသန့်သုံး ကိရိယာများဖြင့် လဲလှယ်ပေးခဲ့သည်။
ထိုစဉ် ဇနီးဖြစ်သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ဗိုက်ကို ဖိကာ နာကျင်နေသော မျက်နှာအမူအရာ ဖြစ်သွားလေသည်။
"ဘာဖြစ်လို့လဲ... မွေးတော့မလို့လား"
ချွေ့ဝေ့ချွမ်က ရင်ထိတ်သွားကာ အလျင်အမြန် မေးလိုက်၏။
"မဟုတ်ဘူး... ကလေးက ထပ်ကန်နေပြန်ပြီ"
ဇနီးဖြစ်သူက အနည်းငယ် သက်သာသွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။
"သူ့အားက တအားကြီးတာပဲ... ဗိုက်တောင် ပေါက်ထွက်တော့မလိုပဲ... ကြီးလာရင်တော့ အတော်ဆိုးမယ့် ကလေးပဲ ဖြစ်ရမယ်"
သေချာပေါက် အားကြီးမည်သာ ဖြစ်သည်။ ဤမျိုးဆက်သစ် လူသားများကို ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက အခြေအနေနှင့် နှိုင်းယှဉ်ပါက တစ်ယောက်ချင်းစီတိုင်းသည် စူပါမင်းအဆင့်တွင် ရှိနေကြသည်။
လက်ရှိ လူသားများ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကသာ ပိုမို အားကောင်းမနေပါက ဤကလေးများကို မွေးဖွားနိုင်ရန်မှာ အမှန်တကယ် လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့ပြီး အပြင်ဘက်ရှိ အသံချဲ့စက်များမှ ထပ်တလဲလဲ သတိပေးသံများနှင့်အတူ နံနက် ရှစ်နာရီခွဲသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် လူတိုင်း အသက်အောင့်ထားမိကြသည်။
...
ထိုအချိန်တွင် အာကာသယာဉ်၏ အမြီးပိုင်း တစ်ဖက်တစ်ချက်စီ၌ တပ်ဆင်ထားသော အချင်း ပေ ၁၃၀ ကျော်ခန့်ရှိသည့် ဧရာမ အင်ဂျင်အိတ်ဇောပေါက် ရှစ်ခုက စတင် အပူပေးလာခဲ့သည်။
အပူချိန် ပြင်းထန်လှသော မီးတောက်ကြီးများက တဝုန်းဝုန်းဖြင့် ပြတ်တောင်းပြတ်တောင်း ပန်းထွက်လာခဲ့၏။
စက္ကန့်အနည်းငယ် အကြာတွင် အာကာသယာဉ်ကြီးက သတိမပြုမိနိုင်လောက်အောင် အနည်းငယ် တုန်ခါသွားပြီးနောက် ခရုတစ်ကောင်၏ အမြန်နှုန်းကဲ့သို့ ဖြည်းညင်းစွာ စတင် ပျံသန်းလေတော့သည်။
မိနစ်အနည်းငယ် အကြာတွင် မီးတောက်များက သွေးခုန်နှုန်းလှိုင်း အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အမှောင်ထု လွှမ်းမိုးနေသော အာကာသဟင်းလင်းပြင်ကြီးကို ထူးဆန်းလှပသော အရောင်အသွေးများဖြင့် တန်ဆာဆင်လိုက်တော့သည်။
အာကာသယာဉ်၏ အမြန်နှုန်းက တဖြည်းဖြည်းချင်း စတင် မြင့်တက်လာခဲ့သည်။
ဤဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသော ဥက္ကာခဲ တစ်လုံးသည် အာကာသယာဉ်နှင့် မဝင်တိုက်မိမီမှာပင် မည်သည့်နေရာမှန်း မသိရသော နေရာမှ ပစ်လွှတ်လိုက်သည့် စွမ်းအင်မြင့် လေဆာတန်းတစ်ခု၏ ထိမှန်မှုကို ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သည်။
ဤအချိန်တွင် အာကာသယာဉ်၏ ဗဟိုထိန်းချုပ်ရေးခန်း၌ ခုံလွတ်တစ်ခုမျှ မကျန်တော့ပေ။
လော်ယွမ် အပါအဝင် အာကာသယာဉ် အမှုထမ်းများသာမက အထက်တန်း အရာရှိများ အားလုံးပါ တစ်နေရာတည်းတွင် စုဝေးနေကြပြီး ဤစမ်းသပ်ပျံသန်းမှုကို အသေအချာ စောင့်ကြည့်နေကြသည်။
"အာကာသယာဉ်က ဆက်လက် အရှိန်တင်နေပါတယ်... တစ်စက္ကန့်ကို ဒသမ ၆ မိုင်နှုန်းပါ"
"တစ်စက္ကန့်ကို ဒသမ ၇ မိုင်နှုန်းပါ"
"တစ်စက္ကန့်ကို ဒသမ ၇၅ မိုင်နှုန်းပါ"
ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ဖြစ်သောကြောင့် အရာအားလုံးကို တည်ငြိမ်မှု အဓိကထား၍ ဆောင်ရွက်နေရပြီး အာကာသယာဉ်၏ အရှိန်မြှင့်တင်မှုမှာ အတော်လေး နှေးကွေးနေခဲ့သည်။
ပင်မထိန်းချုပ်ရေးခုံ၏ ဘယ်ဘက်ရှိ ဧရာမ သုံးဖက်မြင် ဖန်သားပြင် ငါးခု ခြောက်ခုခန့်ပေါ်တွင် မရေမတွက်နိုင်သော အချက်အလက်များနှင့် တွက်ချက်မှု ပုံသေနည်းများက လျင်မြန်စွာ ပြောင်းလဲနေသည်။
အများစုမှာ မျက်စိတစ်မှိတ်အတွင်း လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားတတ်ရာ သာမန်လူ အများစုအတွက်မူ ထိုအချက်အလက်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ခေါင်းမူး မျက်စိလည်သွားစေနိုင်သည်။
အရှိန်ပြင်းပြင်းဖြင့် ရွေ့လျားနေသော အာကာသယာဉ်တစ်စီးကို မောင်းနှင်ရသည်မှာ အလွန်တရာ ရှုပ်ထွေးခက်ခဲလှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
အာကာသထဲတွင် အချိန်မရွေး ဥက္ကာခဲများနှင့် ကြုံတွေ့နိုင်ရုံသာမက အနီးအနားရှိ ဂြိုဟ်များနှင့် ကြယ်များ၏ ဆွဲငင်အားကလည်း အာကာသယာဉ်၏ လမ်းကြောင်းအပေါ် သက်ရောက်မှု ရှိစေနိုင်သည်။
ဤအရာများတွင် တွက်ချက်မှု အမြောက်အမြား ပါဝင်နေသည်။ အာကာသယာဉ် အနေဖြင့် ဥက္ကာခဲ တစ်လုံးချင်းစီ၏ ရွေ့လျားမည့် လမ်းကြောင်းကို ကြိုတင် တွက်ချက်ထားရန် လိုအပ်သည့်အပြင် တစ်ချိန်တည်းမှာပင် အာကာသယာဉ်၏ ပျံသန်းမှု လမ်းကြောင်းကိုလည်း အဆက်မပြတ် ပြုပြင်ပေးနေရသည်။
အကယ်၍ တွက်ချက်မှု အမြောက်အမြားကို တာဝန်ယူ လုပ်ဆောင်ပေးနိုင်မည့် အစွမ်းထက်သော ပင်မထိန်းချုပ်ရေး ဉာဏ်ရည်တု ကွန်ပျူတာသာ မရှိပါက အာကာသအတွင်း ပျံသန်းရာတွင် ကံတရားကိုသာ အားကိုးရပေလိမ့်မည်။ ကံကောင်းပါက ဘေးအန္တရာယ်ကင်းရှင်းမည် ဖြစ်ပြီး ကံမကောင်းပါက ယာဉ်ရော လူပါ ပျက်စီးသေဆုံးရမည် ဖြစ်သည်။
ဤအချက်အလက်များက ခြောက်ကပ်ပြီး ပျင်းစရာကောင်းလှသည်။ ဉာဏ်ပညာဆေးရည် သောက်သုံးထားသော သင်္ချာပညာရှင်များက စိတ်ထဲမှနေ၍ တိတ်တဆိတ် တွက်ချက်နေကြသည်မှလွဲ၍ ကျန်သူများမှာ ထိုအရာများကို သိပ်ပြီး ဂရုမစိုက်ကြပေ။
အထက်တန်း အရာရှိကြီးများ၏ အာရုံစိုက်မှု အများစုမှာ အလယ်ဗဟိုရှိ ပုံရိပ်ယောင် မြင်ကွင်းပေါ်တွင်သာ ရှိနေကြသည်။
ပုံရိပ်ယောင် မြင်ကွင်းပေါ်ရှိ ရုပ်ထွက်များက အပြင်ဘက်ရှိ အစစ်အမှန် မြင်ကွင်းထက် ပိုမို လင်းထိန်နေပုံရပြီး အဝေးမှ ဖြတ်သန်းသွားသော ဥက္ကာခဲများကိုပင် မြင်တွေ့နိုင်စွမ်း ရှိသည်။
သို့သော်လည်း ဥက္ကာခဲများကို အမြဲတမ်း တွေ့မြင်ရလေ့ မရှိပေ။ အချိန်အများစုတွင် ကမ္ဘာမြေပေါ်မှ မြင်ရသည်ထက် ပိုမို တောက်ပနေသော အဝေးဆီမှ ကြယ်ရောင်များကိုသာ ကြည့်ရှုနေရသည်။
ခရီးစဉ် တစ်လျှောက်လုံးတွင် လုပ်ဆောင်ချက် အားလုံးနီးပါးကို ဉာဏ်ရည်တု ကွန်ပျူတာ၏ ထိန်းချုပ်မှုအောက်သို့ အပ်နှင်းထားရသည်။
အာကာသယာဉ် အမှုထမ်းများ အနေဖြင့် ညွှန်ကြားချက်အသစ်များ ထုတ်ပြန်ရန် မလိုအပ်ပါက အခြား မည်သည့် အပိုလုပ်ဆောင်ချက်ကိုမျှ ပြုလုပ်ရန် မလိုအပ်ဘဲ အခြေခံအားဖြင့် အထောက်အကူပြု အခန်းကဏ္ဍမှသာ ပါဝင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ လူသားများနှင့် နှိုင်းယှဉ်ပါက မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ ဉာဏ်ရည်တု ကွန်ပျူတာ၏ တုံ့ပြန်မှုက ပိုမို လျင်မြန်လှသည်။ ၎င်းတွင် တုံ့ပြန်မှုနှေးကွေးခြင်း မရှိသလို အပြင်ဘက် ခလုတ်များ၊ သွယ်ဝိုက် ထိန်းချုပ်မှုများလည်း မလိုအပ်ပေ။
ညွှန်ကြားချက် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အာကာသယာဉ်၏ စနစ်အသီးသီးက ချက်ချင်း တုံ့ပြန် လုပ်ဆောင်ပေးနိုင်သည်။
အရာအားလုံးက ၎င်း၏ ယုတ္တိဗေဒ တွက်ချက်မှု စွမ်းရည်အပေါ်တွင်သာ မူတည်နေပြီး ယုတ္တိဗေဒ တွက်ချက်မှု စွမ်းရည်အရ ဆိုလျှင်မူ ၎င်းသည် လူသားများထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
လော်ယွမ် ကိုယ်တိုင်ပင် ၎င်းနှင့် ယှဉ်နိုင်ရန် အလှမ်းဝေးလွန်းလှသည်။ ဤသည်မှာ မွေးရာပါ ကွာဟချက်တစ်ခုပင် ဖြစ်သည်။
သက်ရှိတစ်ခု၏ ဉာဏ်ရည်ဉာဏ်သွေးက မည်မျှပင် အားကောင်းနေပါစေ ကွမ်တမ်ယူနစ် တစ်သိန်းပါဝင်သော စူပါကွမ်တမ်ကွန်ပျူတာ တစ်လုံး၏ တွက်ချက်မှုစွမ်းရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
အလုံးစုံ လေးဘက်မြင်စနစ်သို့ ကူးပြောင်းသွားသော ဦးနှောက်တစ်ခုကသာ ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
...
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အာကာသယာဉ်၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မိုင် ၆၀ ခန့်အထိ ရောက်ရှိလာခဲ့သည်။
ထို့နောက် အညိုဖျော့ဖျော့ ဂြိုဟ်တစ်လုံးသည် အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုဂြိုဟ်မှာ နေအဖွဲ့အစည်းရှိ ဂြိုဟ်ကြီးရှစ်လုံးအနက်မှ သောကြာဂြိုဟ်ပင် ဖြစ်ပြီး ယခုတစ်ကြိမ် ပျံသန်းရမည့် ဦးတည်ရာလည်း ဖြစ်သည်။
(သာြက်ာဂြိုဟ် ဆိုတာ ဗီးနပ်ဂြိုလ်ကို ပြောတာပါ)
အင်္ဂါဂြိုဟ်ဆီသို့ မသွားဘဲ သောကြာဂြိုဟ်ဆီသို့ ဦးတည်ပျံသန်းရခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ကြားတွင် ဥက္ကာပျံလမ်းကြောင်းတစ်ခု တည်ရှိနေပြီး ပတ်ဝန်းကျင် အခြေအနေမှာ ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်သည်။
ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ဖြစ်သည့်အတွက် ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး အနေဖြင့် ရွေးချယ်ခဲ့ရခြင်းမှာ ယုံမှားဖွယ်ရာ မရှိပေ။
ဤအချိန်တွင် အကွာအဝေးမှာ ဝေးကွာနေသေးသဖြင့် ကမ္ဘာမြေနှင့် အရွယ်အစား အရွယ်အစားတူညီသော ဤဂြိုဟ်ကြီးသည် အညိုဖျော့ဖျော့ ဖန်ဂေါ်လီလုံးလေး တစ်လုံးကဲ့သို့ ကောင်းကင်ယံတွင် တိတ်ဆိတ်ငြိမ်သက်စွာ တွဲလောင်းကျနေပုံပေါ်သည်။
"သောကြာဂြိုဟ်ကို ချဲ့ကြည့်လိုက်"
လော်ယွမ်က ခေတ္တမျှ ကြည့်ပြီးနောက် အသံထွက်ကာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ယာဉ်မှူး"
ဉာဏ်ရည်တု ကွန်ပျူတာက လော်ယွမ်၏ အမိန့်ကို ချက်ချင်း တုံ့ပြန်လိုက်သည်။
ဗဟိုဖန်သားပြင်ပေါ်ရှိ ပုံရိပ်ယောင် မြင်ကွင်းသည် ချက်ချင်းပင် နှစ်ပိုင်း ကွဲသွားပြီး လိမ္မော်ရောင်သန်းနေသော ထိုဂြိုဟ်ကြီးက လျင်မြန်စွာ ကြီးမားလာကာ အချိန်တိုအတွင်းမှာပင် ဖန်သားပြင်၏ ထက်ဝက်ခန့်ကို နေရာယူသွားတော့သည်။
သို့သော်လည်း ၎င်းက ဆက်လက်၍ ကြီးမားလာဆဲပင်။ သုံးဖက်မြင် ဖန်သားပြင်သည် အတိုင်းအတာ တစ်ခုအထိ နစ်မြုပ်ခံစားနိုင်စွမ်း ရှိသည့်အပြင် ကြည်လင်ပြတ်သားသော ရုပ်ထွက်များကြောင့် လူတစ်ယောက်လုံး ထိုဂြိုဟ်ကြီးပေါ်သို့ ပြုတ်ကျသွားတော့မလို ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။
စက္ကန့်အနည်းငယ် အကြာတွင် ကင်မရာမှန်ဘီလူးက လေထုအလွှာထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ၎င်းသည် အဝေးမှ ကြည့်ရသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေခြင်း မရှိတော့ပေ။
ကြမ်းတမ်းလှသော လေထုအလွှာက အရှိန်အဟုန်ပြင်းစွာ ရွေ့လျားနေပြီး ထိတ်လန့်ဖွယ်ရာ မုန်တိုင်းကြီးများကို ဖြစ်ပေါ်စေသည်။ ကမ္ဘာမြေပေါ်ရှိ တိုင်ဖွန်းမုန်တိုင်းများသည် ဤနေရာရှိ မုန်တိုင်းများနှင့် နှိုင်းယှဉ်ပါက လေပြည်လေညင်းလေးများသာ ဖြစ်ပေလိမ့်မည်။
ဆန့်ကျင်ဘက်ဒြပ်သား လက်နက်များဖြင့် လူသားများကို ဖျက်ဆီးပစ်ခဲ့ပြီးနောက် ထိုရက်အနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။
ဤအာကာသယာဉ်ပေါ်ရှိ ထောက်လှမ်းရေးစနစ်၏ ထိတ်လန့်ဖွယ် ကောင်းလှသော အစွမ်းကို ဝန်ခံရမည်သာ ဖြစ်သည်။ ၎င်း၏ မြင်ကွင်းက ဆက်လက် ကြီးမားလာပြီး မကြာမီမှာပင် ထူထပ်လှသော လေထုအလွှာကို ဖြတ်သန်းကာ မြေပြင်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ဤနေရာသည် ပျက်ဆီးခြင်း အငွေ့အသက်များ လွှမ်းမိုးနေသော ငရဲပြည် တစ်ခုနှင့် တူလှသည်။ မျက်စိတစ်ဆုံး မြင်ရသမျှ နေရာတိုင်းတွင် မီးတောင်များနှင့် ချော်ရည်ပူများကိုသာ တွေ့မြင်ရပြီး ထူထပ်လှသော အက်စစ်ဓာတ်ငွေ့များက ဤနေရာရှိ တောင်ကုန်းများကို စားပွဲထိုးထားသဖြင့် အပေါက်အပြဲများစွာ ဖြစ်ပေါ်နေကာ ကျောက်တုံးကျောက်ဆောင်များကလည်း ကြမ်းတမ်းခက်ထန်နေသည်။
ဤနေရာရှိ လူအများစုမှာ အခြားဂြိုဟ်တစ်ခု၏ မြင်ကွင်းကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့် ယခုလို မြင်တွေ့လိုက်ရချိန်တွင် ရင်ထဲ၌ အံ့သြတုန်လှုပ်သွားကြသည်။
"ထောက်လှမ်းရရှိတဲ့ အချက်အလက်တွေအရ ဒါက ကျောက်တုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တစ်လုံး ဖြစ်ပါတယ်"
"အချင်းဝက်က ၃၇၆၀ မိုင်ခန့်ရှိပြီး ဆွဲငင်အားက သုညသမ ၉ ဂျီ ဖြစ်ပါတယ်... မြေပြင် အပူချိန်က ဖာရင်ဟိုက် ၇၅၀ ဒီဂရီကျော်လောက် ရှိပြီး လေဖိအားက ကမ္ဘာမြေရဲ့ ကိုးဆယ်ဆ ရှိပါတယ်"
"လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုးဆယ့်ခုနစ် ရာခိုင်နှုန်း ပါဝင်ပြီး ရေဓာတ်လည်း အမြောက်အမြား ပါဝင်ပါတယ်... ပြုပြင်ပြောင်းလဲဖို့ တန်ဖိုးနည်းပါးတဲ့အတွက် သတ္တုတူးဖော်ရေး ဂြိုဟ်အဖြစ် အသုံးပြုဖို့ အကြံပြုအပ်ပါတယ်"
ဉာဏ်ရည်တု ကွန်ပျူတာ၏ အကြံပြုချက်အပေါ် လော်ယွမ်က ရင်ထဲတွင် ခါးသက်စွာ ပြုံးလိုက်မိသည်။ သူတို့သည် မကြာမီမှာပင် ကမ္ဘာမြေကို စွန့်ခွာရတော့မည် ဖြစ်သည်။
ဤနေရာရှိ လူအများစု အနေဖြင့် တစ်သက်တာ ကာလအတွင်း ဤနေရာသို့ ပြန်လည်ရောက်ရှိရန် အလွန်ခဲယဉ်းသွားပြီ ဖြစ်ပေသည်။
ဆက်ရန်...
အပိုင်း(၅၀၂) ပထမဆုံး အာကာသတိုက်တိုက်ပွဲ
ထိုစဉ် အသိဉာဏ်တုစနစ်က တစ်စုံတစ်ခုကို ထောက်လှမ်းမိသွားပုံရပြီး ဘယ်ဘက်မျက်နှာပြင်ပေါ်တွင် အချက်အလက်မြောက်မြားစွာက ရေတံခွန်တစ်ခုပမာ အဆက်မပြတ် ကျဆင်းပေါ်လာတော့သည်။
"ယာဉ်မှူး... အာကာသယာဉ်နဲ့ မိုင် ၄၉ သန်းအကွာမှာ အာကာသသက်ရှိတစ်ကောင်ကို ထောက်လှမ်းတွေ့ရှိရပါတယ်" အသိဉာဏ်တုစနစ်က သတင်းပို့လာသည်။
လော်ယွမ်က အနည်းငယ် ကြောင်အမ်းသွားပြီးနောက် သူ၏မျက်နှာထက်တွင် အံ့သြဝမ်းသာမှုများ ဖြစ်ပေါ်လာ၏။
ယခုအခါ ဉာဏ်ပညာဆေးရည်သည် လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော တွန်းအားတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သော်လည်း စွမ်းအင်ဗဟိုချက်မှ ထုတ်ပေးနိုင်သော တက်ကြွစွမ်းအင် ပမာဏမှာ အကန့်အသတ်ရှိနေသောကြောင့် ထုတ်လုပ်မှုနှုန်းကို မြှင့်တင်၍ မရနိုင်သေးပေ။
တစ်နှစ်လျှင် အများဆုံးအနေဖြင့် ဉာဏ်ပညာဆေးရည် ပုလင်းနှစ်ထောင်ခန့်သာ ထုတ်လုပ်နိုင်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ စာရင်းဇယားများအရ ဉာဏ်ပညာဆေးရည် သောက်သုံးထားသူ စုစုပေါင်း ၆၁၂၃ ဦးသာ ရှိသေးသည်။
ယခုအခါ အရေအတွက် သုံးသိန်းအထိ ရှိလာပြီဖြစ်သော သိပ္ပံနှင့် သုတေသနပညာရှင် အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုပမာဏမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှသည်။
လော်ယွမ်၏အမြင်တွင် ဤမျှနှင့် လုံးဝ မလုံလောက်သေးချေ။ ပြည်သူအားလုံး ဉာဏ်ပညာဆေးရည် သောက်သုံးနိုင်ရန် မဆိုထားနှင့် အနည်းဆုံး သုတေသနပညာရှင်များ အားလုံးတော့ သောက်သုံးနိုင်သင့်သည်ဟု သူ ခံစားမိသည်။
သူက သိပ္ပံပညာရှင်များကို တက်ကြွစွမ်းအင်နှင့် ပတ်သက်၍ သုတေသန မလုပ်ခိုင်းခဲ့သည်တော့ မဟုတ်ပေ။ အမှန်တကယ်တွင် ထိုသုတေသနများကို ပြန်လည်တည်ဆောက်ရေးဇုန် ကာလကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုစွမ်းအင်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။ စောင့်ကြည့်လေ့လာမှုများအရ ၎င်းသည် မျက်စိဖြင့်မမြင်နိုင်ဘဲ တည်ရှိမနေသကဲ့သို့ပင်။
အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သလင်းကျောက်များတွင်ပင် ဩဂဲနစ်ဒြပ်စင် အစိတ်အပိုင်းများမှလွဲ၍ ၎င်း၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့နိုင်ချေ။
သို့သော် ရှေ့နောက်မညီ ဖြစ်ရသည်မှာ ထိုစွမ်းအင်က သက်ရှိများအပေါ် တကယ်တမ်း သက်ရောက်မှု ရှိနေခြင်းပင် ဖြစ်သည်။
လက်ရှိ လူသားများ၏ နည်းပညာအဆင့်အတန်းဖြင့်ပင် ထိုစွမ်းအင်နှင့် ပတ်သက်၍ နားလည်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေဆဲဖြစ်သည်။
လူလုပ်နည်းလမ်းဖြင့် ဖန်တီးရယူရန် ဆိုသည်မှာတော့ ပြောစရာပင် မလိုတော့ချေ။ ဉာဏ်ပညာဆေးရည် ထုတ်လုပ်မှုကို ချက်ချင်းလက်ငင်း တိုးမြှင့်ချင်ပါက လက်ရှိအခြေအနေတွင် အာကာသသားရဲများကို ပိုမိုရှာဖွေသတ်ဖြတ်ရန်မှလွဲ၍ အခြားနည်းလမ်း မရှိပေ။
ဝမ်းနည်းစရာကောင်းသည်မှာ နေအဖွဲ့အစည်းကြီးက အလွန်တရာ ကျယ်ပြောလွန်းနေခြင်းပင်။
ဤအာကာသယာဉ်၏ ခေတ်မီဆန်းသစ်သော ထောက်လှမ်းရေးစနစ်များနှင့် အားကောင်းသော တွက်ချက်မှုစွမ်းရည်များ ရှိနေစေကာမူ ကျယ်ပြောလှသော နေအဖွဲ့အစည်းအတွင်း လက်ဆယ်ချောင်းစာပင် မပြည့်သော အာကာသသားရဲကြီးများကို ရှာဖွေရခြင်းမှာ သမုဒ္ဒရာထဲ အပ်ကျတာကို ရှာရသကဲ့သို့ပင် ခက်ခဲလှသည်။
ထို့အပြင် မြင်ကွင်းကို ကွယ်နေသော ဂြိုဟ်များစွာ ရှိနေခြင်းကလည်း ရှာဖွေရေးလုပ်ငန်းစဉ်ကို ပိုမိုခက်ခဲသွားစေသည်။
ထို့ကြောင့် သုံးနှစ်ဆက်တိုက် ရှာဖွေခဲ့သော်လည်း ဘာမှ ထူးခြားမှု မရှိခဲ့ချေ။
ယခု ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုမှာပင် ကံကောင်းထောက်မစွာဖြင့် တစ်ကောင်ကို ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
"ဘယ်နေရာမှာလဲ" လော်ယွမ်က ချက်ချင်းပင် လောတကြီး မေးလိုက်သည်။
"သောကြာဂြိုဟ်ရဲ့ အနောက်ဘက် နေနဲ့နီးတဲ့ဘက်မှာပါ"
အသိဉာဏ်တုစနစ်က ဖြေကြားနေစဉ်မှာပင် ပုံရိပ်ယောင် မျက်နှာပြင်ကြီးပေါ်တွင် ဧရာမ သောကြာဂြိုဟ်ကြီးတစ်ခု ပေါ်လာပြီး ၎င်း၏ဘေး သိပ်မဝေးလှသော နေရာတွင် မမြင်ရသလောက် သေးငယ်သော အစက်လေးတစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
ထိုအစက်လေးကို အသိဉာဏ်တုစနစ်က တမင်တကာ စက်ဝိုင်းဝိုင်းပြထားပြီး သောကြာဂြိုဟ်ကိုလည်း အဆပေါင်းထောင်ချီ၍ ချဲ့ပြထားခြင်းမျိုး မရှိပါက အပ်ပေါက်ထက်ပင် သေးငယ်သော ထိုအမည်းစက်လေးကို မည်သူကမျှ သတိပြုမိနိုင်မည် မဟုတ်ချေ။
"အဲဒါကို ချဲ့ပြစမ်း"
စကားမဆုံးမီမှာပင် ထိုအစက်လေးကို အသိဉာဏ်တုစနစ်က အစွမ်းကုန်ချဲ့ပြလိုက်ရာ မျက်နှာပြင်တစ်ခုလုံး အပြည့်ဖြစ်သွား၏။
၎င်း၏အနောက်ဘက်တွင် နေရှိနေသောကြောင့် ထိုဧရာမ သတ္တဝါကြီးမှာ အလင်းရောင်ကွယ်နေသော်လည်း မြင်ကွင်းကမူ အတော်လေး ရှင်းလင်းနေဆဲဖြစ်သည်။
ပင်လယ်သတ္တဝါတစ်ကောင်ကဲ့သို့ ကိုးရိုးကားယားနိုင်လှသော ၎င်း၏ခန္ဓာကိုယ်ကြီးကို ကြည့်ရင်း လော်ယွမ်က ပို၍ရင်းနှီးနေသလို ခံစားလာရသည်။
ထိုသားရဲကြီးမှာ လကမ္ဘာပေါ်တွင် သူတို့ ကြုံတွေ့ခဲ့ရဖူးသော အာကာသသားရဲကြီးပင် ဖြစ်နေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းက ထိုနေရာအထိ ရောက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
သို့သော် လော်ယွမ်၏ သက်ပြင်းချမှုမှာ မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရခြင်းကြောင့် ထွက်ပေါ်လာသော သက်ပြင်းချမှုမျိုး မဟုတ်ဘဲ အန္တရာယ်ပြုလိုသော ရည်ရွယ်ချက်များ အပြည့်အဝ ပါဝင်နေသည်။
ယခုလို အာကာသသားရဲကြီးများ နေအဖွဲ့အစည်းအတွင်း လှည့်လည်သွားလာနေခြင်းက လူသားများအတွက် မည်သည့်အကျိုးကျေးဇူးမျှ မရှိပေ။
ဤသတ္တဝါများသည် သက်ရှိများ၏ အံ့မခန်း အံ့ဖွယ်ရာများပင် ဖြစ်သည်။ ၎င်းတို့၏ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများမှာ နည်းလမ်းမတူသော်လည်း ပန်းတိုင်တစ်ခုတည်းသို့ သွားနေခြင်းဖြစ်သည်။
၎င်းတို့၏ စွမ်းရည်များ အထူးသဖြင့် စွမ်းအင်နှင့် စက်ကွင်းစွမ်းအား အသုံးပြုမှုများကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းဖြင့် နည်းပညာဖွံ့ဖြိုးတက်မှုအတွက် နှိုင်းယှဉ်မရနိုင်လောက်အောင် အဖိုးတန်သော အကိုးအကားများ ရရှိနိုင်မည် ဖြစ်သည်။
အမှန်တကယ်တွင် ဗိုရှင်းဂြိုဟ်သားများ၏ နည်းပညာများကို လူသားများက တဖြည်းဖြည်း စုပ်ယူရရှိလာသည်နှင့်အမျှ သုတေသီတစ်စိတ်တစ်ပိုင်းသည် ဤထူးကဲသော သားရဲကြီးများ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များဆီသို့ အာရုံစိုက်လာခဲ့ကြပြီ ဖြစ်သည်။
လူသားတို့သည် ပိုမိုမြင့်မားသော နည်းပညာသစ်များဆီသို့ ဦးတည်နိုင်မည့် အရုဏ်ဦးအလင်းတန်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် စွမ်းအင်ဗဟိုချက်အတွက် မဟုတ်လျှင်တောင်မှ နောက်ပိုင်းရောက်လာမည့် ဗိုရှင်းအာကာသယာဉ်များအတွက် အခွင့်အရေး မကျန်ရစ်စေရန် အာကာသသားရဲကြီးများအားလုံးကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။
သို့သော် ထိုအာကာသသားရဲကြီးနှင့် သူတို့ကြားရှိ အကွာအဝေးမှာ အလွန်ဝေးကွာလွန်းနေသည်။ ထို့အပြင် ယနေ့က အာကာသယာဉ်၏ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု ဖြစ်သောကြောင့် အာကာသယာဉ်ကို တိုက်ရိုက်သွားခိုင်းရန်မှာ အလွန်စွန့်စားရာကျလွန်းလှသည်။
ဤကဲ့သို့ အမြန်နှုန်းအနိမ့်ဖြင့် ခရီးနှင်ရန် အချိန်လည်း အလွန်ကြာမြင့်ပေလိမ့်မည်။ သူက ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...
"ဦးစီးမှူးစွန်း... အခု အာကာသတိုက်လေယာဉ်တွေ ထွက်ခွာလို့ ရနိုင်မလား" ဟု မေးလိုက်သည်။
"ယာဉ်မှူးကို သတင်းပို့ပါတယ်... တိုက်လေယာဉ် ငါးစင်းကို ပြင်ဆင်ထားတဲ့ ပစ်လွှတ်ခန်းထဲ ပို့ဆောင်ထားပြီးဖြစ်လို့ အချိန်မရွေး ထွက်ခွာနိုင်ပါတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ထိုင်ခုံမှ ချက်ချင်းမတ်တတ်ရပ်ကာ အလေးပြုရင်း အသံကျယ်ကျယ်ဖြင့် ဖြေကြားလိုက်သည်။
"ဒါဆိုရင် အကုန်လုံးကို လွှတ်လိုက်... ပစ်မှတ်က အဲ့ဒီသားရဲကြီးကို သတ်ဖို့ပဲ"
"ဟုတ်ကဲ့ပါ ယာဉ်မှူး"
ယာဉ်သားများထဲမှ လူငါးဦးက အထူးထုတ်လုပ်ထားသော ဦးထုပ်များကို ချက်ချင်း ဆောင်းလိုက်ကြသည်။
ဤဦးထုပ်များတွင် ကွမ်တန် ဆက်သွယ်ရေးစနစ် ပါဝင်ပြီး မျက်လုံးအတွင်းရှိ အလွန်သေးငယ်သော ကွမ်တန် ကွန်ပျူတာများမှတစ်ဆင့် အာကာသတိုက်လေယာဉ်များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ထိန်းချုပ်မောင်းနှင်နိုင်သည်။
စက္ကန့်အနည်းငယ်အကြာတွင် အာကာသယာဉ်၏ ဘေးဘက်ရှိ လေယာဉ်ပစ်လွှတ်ခန်း တံခါးများက ဟိန်းခနဲ ပွင့်သွားပြီး နောက်တစ်ခဏတွင် အာကာသတိုက်လေယာဉ် ငါးစင်းကို ဝက်အူရစ်ပုံစံ လျှပ်စစ်သံလိုက်လမ်းကြောင်းများမှတစ်ဆင့် အရှိန်ပြင်းပြင်းဖြင့် တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။
အင်ဂျင်များ မစတင်ရသေးခင်မှာပင် အာကာသတိုက်လေယာဉ်များ၏ ကနဦးအမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မိုင် ၁၈၀ ခန့်အထိ အံ့မခန်း မြင့်တက်သွားခဲ့သည်။
အာကာသယာဉ်၏ လက်ရှိအမြန်နှုန်းဖြစ်သော တစ်စက္ကန့်လျှင် ၉၃ မိုင်ကို နုတ်လိုက်ပါက ပစ်လွှတ်သည့် တစ်စက္ကန့်မပြည့်သော အချိန်အတွင်းမှာပင် တစ်စက္ကန့်လျှင် သုည ပေမှ ၉၃ မိုင်အထိ အရှိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ခံစားရမည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် သာမန်သတ္တုတုံးဆိုလျှင်ပင် ပုံပန်းပျက်ယွင်းသွားမည် ဖြစ်သော်လည်း ဤတိုက်လေယာဉ်များကမူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ချေ။
မကြာမီမှာပင် ထိုတိုက်လေယာဉ် ငါးစင်းသည် တစ်စင်းပြီးတစ်စင်း အင်ဂျင်နှိုးကာ လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းပမာ ဝေးကွာလှသော အာကာသ နက်ရှိုင်းရာဆီသို့ ပျံသန်းသွားကြလေသည်။ ၎င်းတို့၏ အမြန်နှုန်းမှာ တဖြည်းဖြည်း ပို၍မြန်ဆန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာပြင်ပေါ်မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
အာကာသယာဉ်ကို နောက်ထပ် တစ်နာရီကျော်ခန့် ဆက်လက်မောင်းနှင်ပြီးနောက် စမ်းသပ်ပျံသန်းမှု အစီအစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
လော်ယွမ်နှင့် အဆင့်မြင့် အရာရှိတစ်စုသည် ထိန်းချုပ်ရေးခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ တိုက်လေယာဉ်များနှင့် အာကာသသားရဲကြီးတို့၏ တိုက်ပွဲမှာ အချိန်တိုအတွင်း ဖြစ်ပွားမည့် ကိစ္စရပ် မဟုတ်ပေ။
အာကာသတိုက်လေယာဉ်များအနေဖြင့် အမြင့်ဆုံး ဘေးကင်းလုံခြုံရေး အမြန်နှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် မိုင် ၉၃၀ ဖြင့် အစွမ်းကုန် ပျံသန်းသွားမည် ဆိုလျှင်ပင် တိုက်ပွဲက နောက်ထပ် ဆယ့်လေးနာရီ ကြာပြီးမှသာ စတင်နိုင်မည်ဖြစ်သည်။
"အဲ့ဒီ အာကာသတိုက်လေယာဉ်တွေက သားရဲကြီးကို နိုင်ပါ့မလား"
စောစောက အဆင့်မြင့်အရာရှိများစွာ ရှိနေသဖြင့် လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သော ချန်ရှင်းကျယ်မှာ ရုံးခန်းထဲရောက်သည်နှင့် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
အင်ဂျင်နီယာအဖွဲ့က ကမ္ဘာမြေပေါ်သို့ အာကာသသားရဲကြီး၏ အလောင်းကို သွားရောက်ကောက်ယူပြီးသည့်နောက်တွင် ဤလျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားလှသော သတ္တဝါများ၏ အကြောင်းမှာ သာမန်လူများကြားတွင်ပါ လူသိများလာခဲ့သည်။
၎င်း၏ အံ့မခန်း ကြီးမားသော ခန္ဓာကိုယ်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များကြောင့် လူသားများကို တစ်ချိန်တည်းမှာပင် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်စေသကဲ့သို့ ထိတ်လန့်ကြောက်ရွံ့မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
အချိန်အတန်ကြာသည်အထိ ထိုအကြောင်းအရာမှာ လူအများ၏ အားလပ်ချိန်များတွင် ပြောဆိုဆွေးနွေးစရာ သတင်းစကားတစ်ခု ဖြစ်နေခဲ့သည်။
"အဲဒါကတော့ တိုက်ကြည့်မှပဲ သိရမှာပေါ့" လော်ယွမ်က ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် နောက်သို့မှီချလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း နောက်ဆုံးရလဒ်က မည်သို့ဖြစ်လာမည်ကို သေချာမသိပေ။
သို့သော် အာကာသတိုက်လေယာဉ်များ၏ လှုပ်ရှားနိုင်စွမ်းအရ မသတ်နိုင်ခဲ့လျှင်တောင် လွတ်မြောက်အောင် ပြေးနိုင်စွမ်း ရှိနေသည်။
တစ်ခုတည်းသော ထည့်သွင်းစဉ်းစားရမည့် ပြဿနာမှာ သားရဲကြီး၏ ကာကွယ်မှုစွမ်းအားက မည်မျှအထိ ခိုင်မာနေမည်လဲ ဆိုသည့်အချက်ပင်။
ထို့အပြင် ဤတိုက်လေယာဉ် ငါးစင်းမှာ ပထမမျိုးဆက်များ မဟုတ်တော့ဘဲ ဒုတိယမျိုးဆက်များ ဖြစ်နေပြီဖြစ်သည်။
၎င်းတို့တွင် တပ်ဆင်ထားသော လျှပ်စစ်သံလိုက်အမြောက် တစ်ခုတည်းကပင်လျှင် စွမ်းအား ၁.၅ ဆအထိ တိုးမြှင့်ထားရာ ကီလိုဝပ် သန်းတစ်ရာ့ငါးဆယ်အထိ ရှိလေသည်။
၎င်းမှာ သုံးချောင်းရေအားလျှပ်စစ်စက်ရုံ သုံးခုပေါင်းမှ ထုတ်ပေးနိုင်သော စွမ်းအင်ပမာဏနှင့် ညီမျှပေသည်။
အမြောက်ဆန်၏ အလေးချိန်မှာ ၂.၂ ပေါင်ခန့်သာ ရှိသော်လည်း တစ်ချက်ပစ်ခတ်လိုက်သည်နှင့် ၎င်း၏စွမ်းအားမှာ နည်းဗျူဟာမြောက် အနုမြူဗုံးတစ်လုံးထက် အများကြီး လျော့နည်းနေမည် မဟုတ်ပေ။ ပို၍ကြောက်စရာကောင်းသည်မှာ ၎င်းက သုံးစက္ကန့်လျှင် တစ်ချက်နှုန်းဖြင့် ဆက်တိုက် ပစ်ခတ်နိုင်ခြင်းပင် ဖြစ်သည်။
အခြားသော လက်နက်များမှာလည်း သဘာဝကျကျပင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။
ယခုအခါ အာကာသတိုက်လေယာဉ်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဗိုရှင်းဂြိုဟ်သားများ၏ တိုက်လေယာဉ်များထက် အများကြီး အားနည်းနေခြင်းမျိုး လုံးဝ မရှိတော့ချေ။
......
အချိန်အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် ချန်ရှင်းကျယ်လည်း လော်ယွမ်ကို ဆက်လက်အနှောင့်အယှက် မပေးတော့ဘဲ တင့်တယ်လှပသော ခြေလှမ်းများဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။
လော်ယွမ်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး တောင်လိုပုံနေသော စာရွက်စာတမ်းများကို စတင်စစ်ဆေးတော့သည်။
လူသားတို့ နေအဖွဲ့အစည်းမှ ထွက်ခွာရန် အချိန်ရေတွက်နေရပြီ ဖြစ်သည်။ လူသားများအနေဖြင့် ကြယ်တာရာများကြား ခရီးနှင်နိုင်စွမ်း ရှိမရှိ စမ်းသပ်အတည်ပြုခြင်းများနှင့် နည်းပညာအသစ်များကို စစ်ဆေးခြင်းများကလည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ဤကာလများအတွင်း ဌာနအသီးသီးရှိ လူတိုင်းမှာ ခြေမအား လက်မအား အလုပ်ရှုပ်နေကြပြီး သူကိုယ်တိုင်ပင်လျှင် အားလပ်ချိန် သိပ်မရှိတော့ချေ။
ဆက်ရန်...