← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 26 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 26 Ch. 513-514

အပိုင်း(၅၁၃) နယ်ပယ်စက်ကွင်း

မြေပြင်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် လော်ယွမ်က ခြေနှစ်ဖက်ဖြင့် အားကုန်ဆောင့်နင်းချလိုက်သည်။

သူ၏ ခြေသလုံးများအထိ ကျောက်ဆောင်များအတွင်း နစ်ဝင်သွားပြီးနောက်မှသာ လေမုန်တိုင်းကြားတွင် သူ၏ ကိုယ်ဟန်ကို မနည်းတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့၏။

ထို့နောက် သူက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာချိန်မှသာ ဤဂြိုဟ်၏ ဆိုးရွားကြမ်းတမ်းလှသော ပတ်ဝန်းကျင်ကို သူ အထင်သေးမိခဲ့ကြောင်း လော်ယွမ် သဘောပေါက်သွားတော့သည်။

ကမ္ဘာမြေပေါ်ရှိ မည်မျှပင် ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းဖြစ်ပါစေ ဤနေရာတွင်တော့ အသေးအဖွဲသာ ဖြစ်သွားပေလိမ့်မည်။

ကမ္ဘာမြေထက် အဆ ၉၀ ပိုများသော လေထုဖိအားက ဤဂြိုဟ်ပေါ်ရှိ မုန်တိုင်းများ၏ အစွမ်းကို အဆပေါင်းများစွာ မြင့်တက်သွားစေသည်။

ဤနေရာတွင် လေယာဉ်တင်သင်္ဘော တစ်စီးကို ထားရှိလျှင်ပင် လေထဲသို့ လွင့်စင်သွားလောက်ပေသည်။

ဤမျှဆိုးရွားသော ပတ်ဝန်းကျင်မျိုးတွင် မြေဆီလွှာ ရှိနေရန်မှာမူ ပို၍ပင် မဖြစ်နိုင်တော့ချေ။ မြေပြင်တစ်ခုလုံးမှာ မာကျောသော ကျောက်ဆောင်များဖြင့်သာ ဖုံးလွှမ်းနေပြီး နှစ်ပေါင်းများစွာ တိုက်ခတ်လာခဲ့သော လေပြင်းများကြောင့် မျက်နှာပြင်မှာ ကျောက်စရစ်ခဲများကဲ့သို့ မှန်တစ်ချပ်အလား ချောမွတ်နေလေသည်။

မုန်တိုင်းက အဆုံးမရှိသော သဲရိုင်းများကို သယ်ဆောင်လာသဖြင့် ဤနေရာ၏ မြင်ကွင်းမှာ သနားစရာကောင်းလောက်အောင် ဝေဝါးနေသည်။

မှိုင်းညို့ညို့ အနီရောင်သန်းနေသော လေထုထဲမှသာ အလင်းရောင် အနည်းငယ်ကို ခပ်ရေးရေး မြင်တွေ့နေရ၏။

ဖြစ်နိုင်သည်မှာ ဂြိုဟ်၏ ဤဘက်ခြမ်းသည် ညဘက်ဖြစ်နေ၍လည်း ဖြစ်နိုင်သည်။

သို့သော် နေ့ဘက်ဖြစ်နေလျှင်တောင်မှ ဤနေရာ၏ အလင်းရောင်က သိပ်လင်းမည်မဟုတ်ဟု လော်ယွမ်က ခန့်မှန်းမိသည်။

ယခုလက်ရှိ ကမ္ဘာမြေပေါ်တွင်ကဲ့သို့ပင် ဂြိုဟ်တစ်စင်းလုံး၏ လေထုထဲတွင် အဆုံးမရှိသော ဖုန်မှုန့်များ ပြည့်နှက်နေသည်။

နေရောင်ခြည် တိုက်ရိုက်ကျရောက်နေလျှင်ပင် မြေပြင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ချေ။

သို့သော် ကမ္ဘာမြေနှင့် မတူညီသော အချက်တစ်ချက် ရှိနေသည်။ ဤနေရာက အေးခဲမနေဘဲ အလွန်အမင်း ပူပြင်းလှခြင်းပင် ဖြစ်သည်။

လော်ယွမ်က အကြမ်းဖျင်း တွက်ဆကြည့်လိုက်ရာ အပူချိန်မှာ စင်တီဂရိတ် ၄၈၂ ကျော်ခန့် ရှိနေကြောင်း တွေ့လိုက်ရသည်။

ဤမျှ မြင့်မားသော အပူချိန်က သစ်သားကိုပင် မီးလောင်ကျွမ်းသွားစေနိုင်သည်။ ဤသည်မှာလည်း လေထုထဲတွင် အနီရောင် သန်းနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

လေထုထဲတွင် မီးလောင်လွယ်သော ဓာတ်ငွေ့များ အများအပြား ပါဝင်နေသဖြင့် အဝေးတစ်နေရာတွင် မီးတောက်များ သို့မဟုတ် ပေါက်ကွဲသံများ အခါအားလျော်စွာ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကို အကြောင်းပြချက်မရှိဘဲ လင်းထိန်သွားစေခြင်း ဖြစ်နိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ဤသို့ဆိုးရွားသော ပတ်ဝန်းကျင်က လော်ယွမ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိလှပေ။

ဤသည်မှာ လော်ယွမ်အတွက် ကမ္ဘာမြေမှလွဲ၍ အခြားဂြိုဟ်တစ်စင်းပေါ်သို့ ပထမဆုံးအကြိမ် ခြေချဖူးခြင်း ဖြစ်သည်။

မူလက သူ အလွန်စိတ်လှုပ်ရှားနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း ခြေချလိုက်သည့်အခါ သူထင်သလောက် စိတ်လှုပ်ရှား တက်ကြွမှု မရှိကြောင်း တွေ့လိုက်ရသည်။

အစပိုင်းတွင် အနည်းငယ် ဆန်းသစ်နေသည်မှလွဲ၍ များမကြာမီမှာပင် သူ၏ စိတ်အခြေအနေက တည်ငြိမ်အေးချမ်းသွားတော့သည်။

တကယ်တမ်းဆိုရလျှင် ဤနေရာတွင် ကြည့်ရှုစရာ ဘာမှမရှိပေ။ အဆုံးမဲ့ ဆူညံသံများ၊ ဒေါသတကြီး တိုက်ခတ်နေသော မုန်တိုင်းများနှင့် ချောမွတ်နေသော ကျောက်ဆောင်များသာ ရှိသည်။

၎င်းတို့အပြင် အက်ဆစ်ဓာတ်ငွေ့များ စားသုံးခံထားရသဖြင့် အပေါက်အပြဲများ ဖြစ်နေသော ထူးဆန်းသည့် ဂူများသာ အများဆုံး ရှိလေသည်။

သို့သော် အသက်ရှင်သန်မှုဆိုသည့် အလှဆင်ထားခြင်း မရှိပါက မည်မျှပင် ခမ်းနားကြီးကျယ်သော မြင်ကွင်းဖြစ်ပါစေ ပျင်းစရာကောင်းပြီး အရသာကင်းမဲ့သွားလေသည်။

လော်ယွမ်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ နေရာရွေးချယ်နေရန် မရည်ရွယ်တော့ဘဲ မတ်တတ်ရပ်လျက်ပင် ခန္ဓာကိုယ်ကို စတင် လှုပ်ရှားလိုက်သည်။

ကျောက်ဆောင်ထက်ပင် မာကျောသော ကြွက်သားများက ရေစီးကြောင်းသဖွယ် စတင် လှုပ်ရှားလာသည်။ ခန္ဓာကိုယ်အတွင်း ငြိမ်သက်နေသော စွမ်းအားများက တဖြည်းဖြည်း နိုးထလာကာ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားရသော မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသည့်အလား ဤအခိုက်အတန့်တွင် အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာတော့သည်။

စွမ်းအားလှိုင်းဂယက်လေးများက လေထုကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ရှိ မုန်တိုင်းများကိုပါ တစ်ခဏတာမျှ အနည်းငယ် ရပ်တန့်သွားစေသည်။

အနီးတစ်ဝိုက်ရှိ သံလိုက်စက်ကွင်းများ စတင် ရှုပ်ထွေးလာပြီး ဝင်ရိုးစွန်းအလင်းတန်းများက တဖျတ်ဖျတ် လင်းလက်လာသည်။

အစပိုင်းတွင် ထိုဝင်ရိုးစွန်းအလင်းတန်းများက ခပ်ရေးရေးသာ ရှိနေပြီး လွင့်မျောနေသော ဝါဂွမ်းစများ၊ အလင်းစက်လေးများအလား ဟိုတစ်ကွက် ဒီတစ်ကွက်သာ ရှိနေသေးသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဝါဂွမ်းစလေးများက ဆွဲဆောင်မှုရှိသော အရောင်အသွေးစုံ ဖဲကြိုးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

၎င်းတို့၏ အဆုံးမရှိ ပြောင်းလဲနေမှုများက တစ်နေရာလုံးကို ထူးဆန်းပြီး အရောင်အသွေးစုံလင်သော မှော်ဆန်သည့် အငွေ့အသက်များ ဖုံးလွှမ်းသွားစေသည်။

လော်ယွမ်၏ စွမ်းအားများက စဉ်ဆက်မပြတ် မြင့်တက်နေဆဲဖြစ်သည်။ သူ၏ ကိုယ်ပတ်လည်တွင် လျှပ်စစ်စီးကြောင်းများ စတင် တောက်ပလာပြီး ပြိုင်ဘက်ကင်းသော ဖိနှိပ်မှု အငွေ့အသက်များ ပြန့်နှံ့လာသည်။

သူ၏ အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်လာသည်နှင့်အမျှ မူလက ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်မှ မုန်တိုင်းများက ထူးဆန်းစွာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

သူ၏ ခန္ဓာကိုယ် ပတ်လည် မိုင်ဝက်နီးပါး အချင်းဝက်အတွင်းရှိ ဧရိယာသည် မျက်မြင်မရသော စွမ်းအားတစ်ခု၏ ဖယ်ခွာထားခြင်းကို ခံရကာ သီးခြားဖြစ်နေသော နေရာလေးတစ်ခုအဖြစ် တည်ရှိလာသည်။

ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့် အမြောက်အမြားက လေထဲတွင် ဝဲပျံနေပြီး သူ၏ ကိုယ်ပတ်လည်တွင် ဖြည်းညှင်းစွာ လည်ပတ်နေသည်။ တစ်ခါတစ်ရံတွင် လျှပ်စစ်စီးကြောင်းများနှင့် မီးပွားများလည်း ရောနှောပါဝင်နေ၏။

ဤသည်မှာ လော်ယွမ်၏ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာသော နယ်ပယ်စက်ကွင်းနှင့် ဆင်တူသည့် စွမ်းအားတစ်မျိုးဖြစ်သည်။

စိတ်စွမ်းအားများ ပိုမို အားကောင်းလာသည်နှင့်အမျှ ဤနယ်ပယ်စက်ကွင်းကလည်း တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်ပေါ်လာပုံရသည်။

ဤစက်ဝန်းအတွင်းတွင် သူသည် အရာအားလုံးကို တတ်စွမ်းနိုင်သူဖြစ်ပြီး နယ်ပယ်အတွင်းရှိ အရာအားလုံးအပေါ် အထွတ်အထိပ် ထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်းကို လော်ယွမ် ခံစားမိနေသည်။

စီးဆင်းနေသော လေထု၊ အမြောက်အမြားသော ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့်များ၊ ထို့အပြင် သံလိုက်စက်ကွင်းနှင့် ဆွဲငင်အား အပြောင်းအလဲများကိုပင် သူက စိတ်ကြိုက် ရှင်းလင်းစွာ သိမြင်နားလည်ပြီး လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။

ဤနယ်ပယ်စက်ကွင်းမျိုးက ကိုယ်ပိုင် စိတ်စွမ်းအား၏ အဆက်အဆက်တစ်ခုနှင့် တူသည်။ တကယ့်အင်အားကြံ့ခိုင်မှုပိုင်းတွင် စိတ်စွမ်းအားလောက် မကောင်းသော်လည်း ကျယ်ပြန့်မှုတွင်မူ အဆပေါင်းများစွာ သာလွန်နေလေသည်။

နှလုံးသားထဲမှ လှိုင်းဂယက် အပြောင်းအလဲတိုင်းအတွက် နယ်ပယ်စက်ကွင်းထဲတွင်လည်း တုံ့ပြန်လိုက်ပါနေသော စွမ်းအားအချို့ ရှိနေကြောင်း သူ ခံစားသိရှိနိုင်လေသည်။

နယ်ပယ်စက်ကွင်းတစ်ခုလုံးက ပြင်ပအရာဝတ္ထုတစ်ခု မဟုတ်တော့ဘဲ သူနှင့် တစ်သားတည်းကျနေကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရသည်။

သူက ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး စိတ်ထဲတွင် တဖြည်းဖြည်း ငြိမ်းချမ်းသွားသည်။ နှလုံးခုန်သံကလည်း ခပ်ရေးရေးသာ ကျန်ရှိတော့၏။

သူက မိမိ၏ စိတ်စွမ်းအားများကို အပြည့်အဝ ဖြန့်ကြက်လိုက်ပြီး သေးငယ်သော လှိုင်းဂယက်များနှင့် သိမ်မွေ့သော အပြောင်းအလဲများကို ခံစားကြည့်နေသည်။

အံ့ဩဖွယ်ကောင်းသော လိုက်ဖက်ညီမှု တစ်ခုကို ထိတွေ့မိသည့် အချိန်တွင်မူ နယ်ပယ်စက်ကွင်းနှင့် ခန္ဓာကိုယ်က အပြည့်အဝ တစ်သားတည်း ဖြစ်သွားတော့သည်။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသကဲ့သို့ ဖြစ်သွားသည်။ နောက်တစ်ခဏတွင် သူက လက်သီးတစ်ချက်ကို အားကုန် လွှဲပစ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နယ်ပယ်စက်ကွင်းအတွင်းရှိ လေစီးကြောင်းများအားလုံးက သူ၏ စိတ်ဆန္ဒအတိုင်း ရုတ်တရက် ရွေ့လျားသွားသည်။

တင်းကျပ်စွာ ချိတ်ဆက်ထားသော ဂီယာများအလား လေထု၊ သံလိုက်စက်ကွင်းနှင့် ဆွဲငင်အားများအားလုံးက လက်သီး၏ အရှိန်အဟုန်နှင့်အတူ ရှေ့သို့ ပြေးဝင်သွားကြသည်။

ဤအရာများအားလုံးတွင် လေထုက အတားအဆီးတစ်ခု မဟုတ်တော့ဘဲ အထောက်အကူပြု တွန်းကန်အားတစ်ခု ဖြစ်လာလေသည်။

နယ်ပယ်စက်ကွင်းအတွင်းရှိ တန်ရာချီသော လေထုများနှင့် ပေါ်ထွက်လာသမျှသော စွမ်းအင်အားလုံးက လော်ယွမ်၏ ကိုယ်ပိုင်အင်အားနှင့် ပေါင်းစပ်သွားကာ အသံထက် ၆၀ ဆ မြန်သော အရှိန်ဖြင့် ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားတော့သည်။

ထိုစွမ်းအားများက နယ်ပယ်စက်ကွင်းကို ဖောက်ထွက်သွားသောအခါ ပြင်းထန်သော ပွတ်တိုက်မှုကြောင့် လေစီးကြောင်းက မျက်စိကျိန်းမတတ် တောက်ပသော အလင်းဖြူများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အပူချိန်က ဒီဂရီ ထောင်ချီအထိ မြင့်တက်သွားပြီး လေထုက အိုင်းယွန်းအဖြစ် စတင် ပြောင်းလဲသွားတော့သည်။

ဤလက်သီးချက်ကြောင့် နယ်ပယ်စက်ကွင်းအတွင်းရှိ လေစီးကြောင်းများအားလုံး အပြင်သို့ လွင့်စင်သွားကာ လေဟာနယ်နီးပါး ဖြစ်သွားတော့သည်။

"ဘုန်း"

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြင်းထန်သော လေစီးကြောင်းက ပေတစ်ထောင်ကျော်အကွာရှိ တောင်ကုန်းတစ်ခုကို ဝင်တိုက်သွားပြီး ပြင်းထန်သော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ မြေကြီးကလည်း ပြင်းထန်စွာ တုန်လှုပ်သွားကာ ပြင်းအား ၈ အဆင့်ရှိသော မြေငလျင် လှုပ်ခတ်သွားသည့်အလားပင်။

ဤဂြိုဟ်၏ ဒေါသတကြီး တိုက်ခတ်နေသော လေစီးကြောင်းများက မီးခိုးငွေ့များကို အလျင်အမြန် လွင့်စဉ်သွားစေသည်။ ထိုအခါမှ တောင်ကုန်းတစ်ခုလုံး၏ တစ်ဝက်ခန့်မှာ အစအနမကျန် ကြေမွသွားကြောင်း လော်ယွမ် တွေ့လိုက်ရသည်။

ရှေ့မှ အံ့မခန်း ဖျက်ဆီးခံထားရသော မြင်ကွင်းကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း တစ်စုံတစ်ရာမျှ မဖြစ်ပေါ်လာဘဲ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များသာ ပေါ်လွင်နေသည်။

သူက မျက်လုံးမှိတ်ကာ ထိုလက်သီးချက်ကို ဖြည်းညှင်းစွာ ပြန်လည် ခံစားကြည့်လိုက်သည်။ ဤလက်သီးချက်က သူ့ကို ခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားရစေသည်။ လက်သီးတစ်ချက်တည်းနှင့်ပင် သူ၏ စိတ်စွမ်းအား ထက်ဝက်နီးပါး ကုန်ဆုံးသွားပြီး စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

စိတ်စွမ်းအား မြင့်တက်လာသည်နှင့်အမျှ နယ်ပယ်စက်ကွင်းက ဤမျှအထိ ကြီးမားသော ပြောင်းလဲမှု ဖြစ်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ပေ။

ယခင်ကဆိုလျှင် နယ်ပယ်စက်ကွင်းအတွင်းရှိ လေထုကို စိတ်ကြိုက်လှုပ်ရှားစေနိုင်ပြီး အထောက်အကူအဖြစ် ပြောင်းလဲနိုင်သော်လည်း လက်သီးပစ်သည့် အမြန်နှုန်းကိုသာ အများဆုံး မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

လက်သီး၏ မူလအစွမ်းအာနိသင်ကိုမူ ဤမျှအထိ ကြီးမားစွာ တိုးမြှင့်မပေးနိုင်ချေ။ နယ်ပယ်စက်ကွင်းအပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း ယခုလောက်အထိ ကြီးမားခြင်း မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင်မူ ဤလက်သီးချက်၏ အစွမ်းက အဆပေါင်း ရာချီ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ရှိ သန့်စင်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် ထိုးလိုက်သော လက်သီးတစ်ချက်၏ အစွမ်းဖြစ်သည့် ခန့်မှန်းခြေ ပေါက်ကွဲအား ၃ တန်နှင့် တွက်ချက်ကြည့်မည် ဆိုပါက ၎င်းကို အဆပေါင်း ရာချီ မြှောက်လိုက်သောအခါ အစွမ်းအာနိသင်မှာ ပေါက်ကွဲအား တန်ချိန် ၁,၀၀၀ ခန့်အထိ ရှိနေပြီ ဖြစ်သည်။ ဟီရိုရှီးမား အဏုမြူဗုံး၏ ပေါက်ကွဲအား တန်ချိန် ၃၀,၀၀၀ နှင့် နှိုင်းယှဉ်ပါက ၎င်း၏ အစွမ်းက သုံးဆယ်ပုံတစ်ပုံခန့် ရှိနေပြီဖြစ်သည်။

ဤနေရာတွင် ဒေါသတကြီး တိုက်ခတ်နေပြီး စေးကပ်သိပ်သည်းလှသော လေထုက စွမ်းအားများကို အလွှာလိုက် အလွှာလိုက် လျှော့ချမပစ်ခဲ့လျှင် တောင်ထိပ်တစ်ခုလုံး အမှုန့်ကြိတ်ခံရလောက်ပေသည်။

သို့သော်လည်း တစ်ဖက်လှည့် ပြန်တွေးကြည့်လျှင် စေးကပ်သိပ်သည်းသော လေထု မရှိပါက ဤလက်သီးချက်၏ အစွမ်းကလည်း ဤမျှ ကြီးမားလာနိုင်မည် မဟုတ်ပေ။

လေဟာနယ် ပတ်ဝန်းကျင်တွင်သာဆိုလျှင် ဤမျှ သက်ရောက်မှု ရှိမည်မဟုတ်ဟု ခန့်မှန်းရသည်။ ဤသည်မှာလည်း နယ်ပယ်စက်ကွင်း၏ အားနည်းချက်ပင် ဖြစ်သည်။

ထိန်းချုပ်စရာ ဒြပ်စင်နှင့် စွမ်းအင်များ မရှိပါက မည်မျှပင် အားကောင်းသော စွမ်းအားဖြစ်ပါစေ အသုံးချနိုင်မည် မဟုတ်ချေ။

သို့သော်လည်း လောကတွင် မည်သည့်အရာမှ ပြည့်စုံလုံလောက်မှု မရှိနိုင်ကြောင်း လော်ယွမ် ကောင်းစွာ သိရှိထားသည်။

လေထုအတွင်းတွင် ဤအဆင့်အထိ ရောက်ရှိနိုင်သည်ကိုပင် သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။

ထိုစဉ် လက်သီးချက်ကြောင့် လေဟာနယ် ဖြစ်သွားခဲ့သော နယ်ပယ်စက်ကွင်းအတွင်းသို့ လေများ အလျင်အမြန် ပြန်လည် ဝင်ရောက်လာသည်ကို သူ သတိထားမိလိုက်သည်။

ဤအခြေအနေအရဆိုလျှင် ၁၀ စက္ကန့်ပင် မကြာခင် မူလအတိုင်း ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ခန့်မှန်းရသည်။

လော်ယွမ် စိတ်ထဲတွင် သဘောပေါက်သွားသည်။ ဤသည်မှာ သူ၏ နယ်ပယ်စက်ကွင်းအပေါ် ထိန်းချုပ်နိုင်စွမ်း မမြင့်မားသေးခြင်းကြောင့် ဖြစ်သည်။

၎င်းက ပူဖောင်းတစ်လုံးနှင့် တူသည်။ အပြင်ပန်းတွင် တစ်သားတည်း ဖြစ်နေပုံရသော်လည်း တကယ်တမ်းတွင်မူ အပေါက်အပြဲများစွာ ရှိနေပြီး နေရာတိုင်းတွင် အပေါက်လေးများ ရှိနေလေသည်။

သူက မျက်လုံးများကို ထပ်မံမှိတ်လိုက်သည်။ ဖြည်းညှင်းစွာဖြင့် နယ်ပယ်စက်ကွင်းက သူနှင့် ထပ်မံ၍ တစ်သားတည်း ဖြစ်သွားပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ယခင်အကြိမ်ကဲ့သို့ လက်သီးဖြင့် အားကုန် မထိုးတော့ပေ။ ထိုသို့လုပ်ဆောင်ခြင်းက စိတ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသည်။

လက်သီးအချက်အနည်းငယ်ပင် မထိုးရသေးခင် စိတ်စွမ်းအားများ ကုန်ခမ်းသွားပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်က ပျော့ပျောင်းနေပုံရသော်လည်း တကယ်တမ်းတွင် တင်းကျပ်နေကာ ခန္ဓာကိုယ်အနှံ့မှ စွမ်းအားများက ခပ်ရေးရေး ထွက်ပေါ်နေသည်။

လက်နှစ်ဖက်ကို ကြီးမားသော ကြိတ်ဆုံကြီးတစ်ခုအလား စက်ဝိုင်းသဏ္ဍာန် ပွေ့ဖက်ထားပြီး ဘယ်နှင့်ညာသို့ စက်ဝိုင်းခြမ်း ပုံစံအတိုင်း ဖြည်းညှင်းစွာ ရွေ့လျားလိုက်သည်။

နယ်ပယ်စက်ကွင်းအတွင်းရှိ စွမ်းအားများက သူ၏ စိတ်ဆန္ဒအတိုင်း လိုက်ပါရွေ့လျားလာပြီး မရေမတွက်နိုင်သော လျှပ်စစ်စီးကြောင်းများက ပေါက်ကွဲလင်းလက်လာကာ ထိုက်ချိ သင်္ကေတပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

လေ့ကျင့်နေစဉ်အတွင်း လော်ယွမ်၏ စိတ်စွမ်းအားက နယ်ပယ်စက်ကွင်း၏ ထောင့်စေ့တိုင်းသို့ ပြန့်နှံ့သွားပြီး နယ်ပယ်အတွင်းရှိ မည်သည့် အပြောင်းအလဲ အသေးစားလေးများကိုမဆို ဖမ်းယူထားလေသည်။ နယ်ပယ်စက်ကွင်းအတွင်းတွင် တစ်ခါတစ်ရံ လင်းထိန်သွားပြီး တစ်ခါတစ်ရံ မှောင်မိုက်သွားကာ အံ့မခန်း မြင်ကွင်းများကို ဖြစ်ပေါ်စေသည်။

ဤသည်မှာ ဖော်ပြရန် ခက်ခဲသော အံ့ဩဖွယ်ကောင်းသည့် ခံစားချက်မျိုး ဖြစ်သည်။ အရာအားလုံးကို တတ်စွမ်းနိုင်ပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်လေသည်။ ဤနေရာတွင် သူ၏ စိတ်ဝိညာဉ်က ကြည်လင်သန့်စင်သွားကာ တည်ငြိမ်အေးချမ်းသွားပုံရသည်။

တဖြည်းဖြည်းနှင့် သူက နယ်ပယ်စက်ကွင်းအပေါ် တမင်တကာ အာရုံစိုက်မနေတော့သလို လက်ထဲမှ လှုပ်ရှားမှုများကိုလည်း မေ့လျော့သွားတော့သည်။

လှုပ်ရှားမှုတိုင်းက စိတ်ထဲမှ အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာပြီး လှုပ်ရှားမှုများကလည်း တိမ်တိုက်များ လွင့်မျောကာ ရေစီးဆင်းနေသကဲ့သို့ သက်တောင့်သက်သာနှင့် သဘာဝကျနေလေသည်။

နယ်ပယ်စက်ကွင်းအတွင်းရှိ ဖရိုဖရဲ ဖြစ်နေသော စွမ်းအင်မြင်ကွင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သံလိုက်စက်ကွင်းများအားလုံးက တစ်စုတစ်စည်းတည်း ပေါင်းဆုံသွားကာ လော်ယွမ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော တောက်ပသည့် အလင်းဖြူ လျှပ်စစ်စီးကြောင်းအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဆွဲငင်အားကလည်း ထိုနည်းတူစွာ ဆွဲငင်ခံရပြီး သူ၏ ပတ်လည်တွင် ရစ်ဝဲနေသဖြင့် သူ၏ ကိုယ်ဟန်ပြောင်းလဲမှုတိုင်းကို နတ်ဘုရားတစ်ပါးအလား ပေါ့ပါးလွင့်မျောနေစေသည်။

သံလိုက်စက်ကွင်း၊ ဆွဲငင်အားနှင့် လေစီးကြောင်းများက သူ၏ လှုပ်ရှားမှုများနှင့် အပြည့်အဝ တစ်သားတည်း ဖြစ်နေသည်။

ကြည့်ရသည်မှာ ရေနွေးနွေးလေးအလား ငြင်သာနေသော်လည်း လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပြည့်နှက်နေလေသည်။

မူလက ရှုပ်ထွေးနေသော စွမ်းအင်အမျိုးမျိုးကို အတင်းအကျပ် ပေါင်းစပ်ထားရာမှ ယခုအခါ စနစ်တကျနှင့် အပြည့်အဝ သဟဇာတဖြစ်နေပြီ ဖြစ်သည်။

အစပိုင်း ထိတွေ့ခါစက ကြမ်းတမ်းသော အသုံးချမှုမှသည် ယခုအခါ မငြိမ်မသက်မှုများ ကင်းစင်သွားကာ မူလသဘာဝအတိုင်း ရိုးရှင်းသွားပြီ ဖြစ်ရာ လော်ယွမ်၏ နယ်ပယ်စက်ကွင်းအပေါ် ထိန်းချုပ်နိုင်စွမ်းက နောက်ထပ် အဆင့်တစ်ဆင့်သို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

……

"ဒီလမ်းကြောင်းကတော့ ယာဉ်ပျံအတွက် ဆွဲထားတဲ့ ခရီးစဉ် လမ်းကြောင်းပါ" အစည်းအဝေးခန်းငယ်ထဲတွင် အကြံပေးအရာရှိတစ်ဦးက သုံးဘက်မြင် ဖန်သားပြင်ပေါ်ရှိ ကြယ်ပြမြေပုံကို ညွှန်ပြရင်း ပြောလိုက်သည်။

အာကာသခရီးစဉ်များတွင် အသုံးပြုသော ကြယ်ပြမြေပုံများဆိုသည်မှာ အာကာသမှန်ပြောင်းများမှ ရိုက်ကူးထားသော ဓာတ်ပုံများ မဟုတ်ပေ။

ကြယ်ပြမြေပုံ၏ ပြီးပြည့်စုံမှုနှင့် ကျယ်ပြန့်မှုက ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ နည်းပညာအဆင့်အတန်းကို တစ်နည်းတစ်ဖုံ ကိုယ်စားပြုနိုင်လေသည်။

အာကာသ၏ ဧရိယာအကျယ်အဝန်းမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လွန်းလှသဖြင့် လေ့လာတွေ့ရှိရသော ကြယ်များမှာ အတိတ်ကာလက တည်ရှိခဲ့သော ပုံရိပ်များသာ ဖြစ်သည်။

အနီးဆုံး ကြယ်ဆိုလျှင်ပင် နှစ်အနည်းငယ်မျှ ကွာဟချက် ရှိနေပြီး ဝေးကွာသော ကြယ်များဆိုလျှင် နှစ်ထောင်သောင်းချီ၍ပင် ကွာဟနေနိုင်သည်။ ၎င်းတို့က ရပ်တန့်နေခြင်း မဟုတ်ဘဲ နဂါးငွေ့တန်း ဂလက်ဆီကို တစ်စက္ကန့်လျှင် မိုင်ရာချီသော အမြန်နှုန်းဖြင့် လှည့်ပတ်နေကြခြင်း ဖြစ်သည်။

အကယ်၍ ကြယ်တစ်လုံးဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားမည်ဆိုပါက ခရီးစဉ်တစ်ခုလုံးသည် ကြီးမားကျယ်ပြန့်သော စက်ဝိုင်းခြမ်းပုံစံ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ခရီးအကွာအဝေးကို ပိုဝေးသွားစေရုံသာမက အချိန်နှင့် အရင်းအမြစ်များကိုပါ ဖြုန်းတီးရာကျပေလိမ့်မည်။

မည်သည့် အာကာသ ယဉ်ကျေးမှု အဖွဲ့အစည်းအတွက်မဆို ဤသည်မှာ လျစ်လျူရှု၍မရသော ပြဿနာတစ်ရပ်ပင် ဖြစ်သည်။

ထို့ကြောင့် အရည်အသွေးပြည့်မီသော ကြယ်ပြမြေပုံတစ်ခုသည် အနီးနားရှိ ကြယ်တစ်လုံးစီ၏ နဂါးငွေ့တန်း ဂလက်ဆီကို လှည့်ပတ်နေသော လမ်းကြောင်းနှင့် ရွေ့လျားမှု အမြန်နှုန်းကို တိကျစွာ တိုင်းတာတွက်ချက်ပြီး ကြယ်များ၏ လက်ရှိတည်နေရာကို နောက်ပြန်တွက်ချက်နိုင်ရမည် ဖြစ်သည်။

ထို့အပြင် ၎င်းက အသက်ဝင်လှုပ်ရှားပြီး အမြဲပြောင်းလဲနေရမည် ဖြစ်သည်။ ၎င်းသည် မြေပုံတစ်ခုသက်သက်သာ မဟုတ်ဘဲ ရှုပ်ထွေးသော တွက်ချက်မှုစနစ်များ ပါဝင်သည့် ပရိုဂရမ်တစ်ခုလည်း ဖြစ်သည်။

ကြယ်ပြမြေပုံ၏ အတိုင်းအတာ ကျယ်ပြန့်လေလေ၊ ကြယ်များ ပိုမိုပါဝင်လေလေ၊ မြေပုံက ပိုမိုရှုပ်ထွေးလေလေ ဖြစ်သည်။ ဤဗိုရှင်းဂြိုဟ်သားများ၏ ကြယ်ပြမြေပုံဆိုလျှင်ပင် အလင်းနှစ် တစ်ရာခန့်အတွင်းရှိ ကြယ်များ၏ တည်နေရာကိုသာ တိကျစွာ တွက်ချက်နိုင်စွမ်း ရှိလေသည်။

"ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဖုံးကွယ်ထားဖို့နဲ့ ရန်သူတွေကို မျက်စိလည်သွားစေဖို့ နေအဖွဲ့အစည်းရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းကနေ တိုက်ရိုက် ထွက်ခွာသွားဖို့ စီစဉ်ထားပါတယ်"

"ဒီလမ်းကြောင်းအတိုင်း အလင်းနှစ် တစ်ဝက်လောက် ပျံသန်းပြီးတာနဲ့ အမှောင်ဇုန်ထဲကို ဝင်ရောက်သွားပါမယ်"

"အဲဒီကနေမှ စက်ဝိုင်းခြမ်းပုံစံ ကွေ့ပတ်ပြီး ဘားနတ်ကြယ်ဆီကို တိုက်ရိုက် ပျံသန်းသွားမှာပါ"

"ခရီးစဉ်တစ်ခုလုံးရဲ့ အကွာအဝေးက အလင်းနှစ် ၇.၅ နှစ်လောက် ရှိပြီး ခန့်မှန်းခြေအားဖြင့် ၂၁ နှစ်လောက် ပျံသန်းရမှာ ဖြစ်ပါတယ်"

"ဘာလို့ ဒီလောက်တောင် ကြာတာလဲ" လော်ယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ယာဉ်ပျံက အလင်းအလျင်၏ တစ်ဝက်ဖြင့် ပျံသန်းမည်ဆိုလျှင်ပင် ၁၅ နှစ်သာ ကြာသင့်သည်။ ၂၁ နှစ်ဆိုသည်မှာ တကယ်ကို ကြာလွန်းလှသည်။

အကြံပေးအရာရှိက အလျင်အမြန် ရှင်းပြလိုက်သည်။

"ဒီလောက် ကြာသွားရတဲ့ အကြောင်းရင်းက တစ်ဖက်မှာ ခရီးစဉ်ရဲ့ အစနဲ့အဆုံး အလင်းနှစ်တစ်ဝက်စီလောက်မှာ အချိန်တစ်ဝက်နီးပါး ကုန်ဆုံးသွားလို့ပါ"

"အဲဒီဒေသတွေက ကြယ်တွေနဲ့ နီးကပ်ပြီး ဒြပ်စင်တွေ သိပ်သည်းနေတဲ့အတွက် ယာဉ်ပျံကို အမြင့်ဆုံးအမြန်နှုန်းရောက်အောင် အရှိန်တင်ဖို့ ခက်ခဲပါတယ်"

"နောက်တစ်ချက်ကတော့ လုံခြုံရေးအရ အမြင့်ဆုံး သွားလာနိုင်တဲ့ အမြန်နှုန်းကို တမင် လျှော့ချထားလို့ပါ"

လော်ယွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ထိုအချက်ကို မတတ်သာဘဲ လက်ခံလိုက်သည်။

ကမ္ဘာမြေပေါ်ရှိ လူသားအားလုံးသည် ယာဉ်ပျံတစ်စီးတည်းအပေါ်တွင်သာ မှီခိုရှင်သန်နေကြရသည်။ မည်မျှပင် သေးငယ်သော အန္တရာယ်ဖြစ်ပါစေ မျိုးနွယ်စုတစ်ခုလုံး၏ အသက်ရှင်သန်မှုနှင့် ယှဉ်လာလျှင် အစွမ်းကုန် ရှောင်ရှားရမည်သာ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၅၁၄) ကိုယ်ဝန်

လော်ယွမ်က အိပ်ရာမှထကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။

ထို့နောက် ကုတင်ပေါ်တွင် နွေဦးပန်းလေးတစ်ပွင့်ပမာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သော ကျိုးယလီကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့၏။

သူက အခန်းထဲမှထွက်လာကာ အိပ်ခန်းတံခါးကို ဖွဖွလေးပိတ်လိုက်ပြီး လမ်းမပေါ်သို့ ထွက်လာခဲ့သည်။

လမ်းမထက်ရှိ မီးရောင်များကို မှိန်ချထားသဖြင့် ညအချိန်ရောက်နေပြီဟုပင် ထင်မှတ်ရသည်။

အချိန်အားဖြင့် ဇွန်လသို့ ရောက်ရှိနေပြီဖြစ်ရာ လမ်းမထက်တွင် လူသွားလူလာ တဖြည်းဖြည်း နည်းပါးလာပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။

တစ်ခါတစ်ရံမှသာ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားတတ်သော ခရီးသွားတစ်ယောက်စ နှစ်ယောက်စကိုသာ မြင်တွေ့ရသဖြင့် ပို၍ပင် ခြောက်ကပ်နေသယောင် ခံစားရ၏။

မေလမှစတင်ကာ ဇီဝကမ္မအိပ်စက်ခြင်းခန်းမများကို စတင်တည်ဆောက်ခဲ့ပြီး လူအစုလိုက်အပြုံလိုက်သည် တစ်သုတ်ပြီးတစ်သုတ် ဇီဝကမ္မအိပ်စက်ခြင်းအခြေအနေသို့ အစဉ်လိုက် ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။

ယနေ့အချိန်တွင်တော့ စက်ရုံအားလုံးနီးပါးကို ပိတ်သိမ်းထားလိုက်ပြီဖြစ်ကာ ကုန်ထုတ်လုပ်မှုများလည်း ရပ်တန့်နေခဲ့ပြီဖြစ်သည်။

အာကာသယာဉ်ကြီး တစ်စီးလုံးမှာ ရုတ်တရက် ခြောက်ကပ်သွားသကဲ့သို့ ဖြစ်သွားပြီး ယခင်ကကဲ့သို့ စည်ကားသိုက်မြိုက်နေသော အငွေ့အသက်မျိုး လုံးဝမရှိတော့ချေ။

အာကာသသားရဲကြီးထံမှ သယံဇာတများကို စုဆောင်းရန် သွားရောက်ခဲ့သည့် အရေးပေါ်ယာဉ်ပျံများမှာလည်း ပြန်လည်ရောက်ရှိလာကြပြီဖြစ်သလို အရင်းအမြစ်များ ဖြည့်တင်းရန်အတွက် ဥက္ကာပျံငယ်များပေါ်တွင် သတ္တုတူးဖော်သည့် လုပ်ငန်းစဉ်များလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤအာကာသယာဉ်ကြီးသည် ခရီးရှည်ထွက်ခွာရန်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု အားလုံးကို ပြုလုပ်ပြီးစီးနေပြီဖြစ်သည်။

ယခုအချိန်အထိ ထွက်မခွာသေးခြင်းမှာ အနီးစပ်ဆုံး "ရက်ရာဇာ" ရောက်ရန် ခြောက်ရက်ခန့် လိုအပ်နေသေးသောကြောင့်သာ ဖြစ်၏။

လော်ယွမ်ဖြစ်စေ ဤအစီအစဉ်ကို ရေးဆွဲခဲ့သည့် အကြံပေးပညာရှင်များဖြစ်စေ ဤသို့သော အယူသီးမှုများကို ယုံကြည်သင့်သူများ မဟုတ်ကြပေ။

သို့သော်လည်း ကြီးမားလှသော ဖိအားများအောက်တွင် ဤကဲ့သို့သော ထိတွေ့ကိုင်တွယ်၍မရသည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုလေးက တစ်ခါတစ်ရံ၌ ယုံကြည်မှုများကို ပိုမိုခိုင်မာလာစေရန် အထောက်အကူ ပြုပေးတတ်ပေသည်။

သေချာသည်ကတော့ လူတိုင်း ဇီဝကမ္မအိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်သွားမည်တော့ မဟုတ်ချေ။

အာကာသယာဉ်နှင့် သက်ဆိုင်သော မရှိမဖြစ်လိုအပ်သည့် မောင်းနှင်ထိန်းသိမ်းရေးဝန်ထမ်းများနှင့် အစိုးရအရာရှိ အတော်များများအပြင် သိပ္ပံပညာရှင်များ၊ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သားတစ်စုသည် ဤရှည်လျားလှသော ခရီးစဉ်ကြီးတစ်လျှောက်လုံး နိုးကြားစွာဖြင့် ဖြတ်သန်းသွားကြမည် ဖြစ်သည်။

၎င်းတို့သည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဝင်ရောက်ကာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနပြုလုပ်ခြင်းနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားကြမည် ဖြစ်သည်။

ယခုဆိုလျှင် ပုံရိပ်ယောင်ကမ္ဘာကို အပြည့်အဝ တည်ဆောက်ပြင်ဆင်ပြီးစီးနေပြီဖြစ်သည်။ ထို့အပြင် မူလက လူသူကင်းမဲ့နေခဲ့သော ကျွန်းဆွယ်ပေါ်တွင် လှပပြီး သိပ္ပံနည်းကျဆန်လှသည့် မြို့တော်ကြီးတစ်ခုလည်း မားမားမတ်မတ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဓာတ်ခွဲခန်းအများစုသည်လည်း တစ်ခုပြီးတစ်ခု နေရာယူကာ လုပ်ငန်းစဉ်များကို စတင်အကောင်အထည် ဖော်နေကြပြီဖြစ်သည်။

အလုပ်အများဆုံး အချိန်ကာလများ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ အာကာသယာဉ်ကြီး ခရီးရှည်ထွက်ခွာမည့်ရက်နှင့် နီးကပ်လာသော ဤရက်ပိုင်းများအတွင်း လော်ယွမ်သည် သူ၏ရင်ထဲ၌ ဟာလာဟင်းလင်းဖြစ်နေသလို ရုတ်တရက် ခံစားလိုက်ရ၏။

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ လော်ယွမ်သည် သူ၏ အသက်ရှင်နေစဉ် ကာလအတွင်း သူကိုယ်တိုင်အပါအဝင် ကမ္ဘာပေါ်ရှိ ကျန်ရစ်သူလူသားများအားလုံး ကမ္ဘာမြေကိုစွန့်ခွာ၍ နေအဖွဲ့အစည်းပြင်ပသို့ ထွက်ခွာသွားရလိမ့်မည်ဟု အရူးသွပ်ဆုံး အိပ်မက်ထဲတွင်ပင် ကြိုတင်မတွေးထင်ထားခဲ့ဖူးချေ။

ဤခံစားချက်သည် သူနှင့်ရင်းနှီးကျွမ်းဝင်နေသော ဇာတိမြေကို ပထမဆုံးအကြိမ် စွန့်ခွာကာ သူစိမ်းပြင်ပြင်ဖြစ်နေသော မြို့တော်တစ်ခုဆီသို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့ရစဉ်က ခံစားချက်မျိုးနှင့် တူညီနေသည်။

၎င်းမှာ ဝေခွဲမရဖြစ်နေခြင်းနှင့်အတူ အနာဂတ်အတွက် မရေရာမသေချာမှုများကိုပါ ခံစားနေရခြင်းပင်။

လော်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဤအမည်မသိ ခံစားချက်များကို သူ၏ခေါင်းထဲမှ မောင်းထုတ်ပစ်ချင်နေပုံရ၏။

လွန်ခဲ့သည့် နှစ်လခန့်မှစ၍ သူသည် ရက်ခြားဆိုသလို သောကြာဂြိုဟ်ဆီသို့ အထူးတလည် သွားရောက်လေ့ရှိသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ခွန်အားသည် တစ်ဖန်ပြန်လည် တိုးတက်လာခဲ့သော်လည်း သိပ်တော့ မများလှပေ။

မူလက ပေါင် တစ်သန်းတစ်သိန်းခန့် ရှိရာမှ ယခုအခါ ပေါင် တစ်သန်းနှစ်သိန်းကျော်ခန့်အထိသာ တိုးလာခဲ့ရာ ဆယ်ပုံတစ်ပုံခန့်သာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူ၏လေ့ကျင့်မှု အဓိကရည်ရွယ်ချက်က စက်ကွင်းနယ်ပယ်ကို သွေးတိုးစမ်းရန် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ၏ အာရုံခံနိုင်စွမ်းမှာမူ ပို၍ သိသိသာသာ တိုးတက်လာခဲ့ကာ အချင်း ပေ ၂၆၀၀ အထိပင် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။

အရည်အသွေးပြဇယားပေါ်ရှိ အာရုံခံနိုင်စွမ်း အမှတ်သည်လည်း ၁၇ မှ ၁၈ မှတ်အထိ ရောက်ရှိလာခဲ့ရာ တိုးတက်မှုနှုန်းမှာ အလွန်လျင်မြန်သည်ဟု ဆိုရပေမည်။

အကယ်၍ သူသာ အာကာသယာဉ်၏ အလယ်ဗဟိုတွင် ရပ်နေမည်ဆိုပါက သူ၏အာရုံခံနိုင်စွမ်းသည် အာကာသယာဉ် တစ်စီးလုံးကို လွှမ်းခြုံထားနိုင်မည်ဖြစ်သည်။

လူတိုင်း၏ လှုပ်ရှားမှုတိုင်းက သူ၏မျက်စိအောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူက ချောင်းကြည့်ရသည်ကို ဝါသနာပါသူတစ်ဦး မဟုတ်ရာ သာမန်အခြေအနေများတွင် ထိုသို့သော အသေးအဖွဲ ကိစ္စလေးများကို အထူးတလည် အာရုံစိုက်နေမည် မဟုတ်ချေ။

သူ၏ စက်ကွင်းနယ်ပယ်အတွင်းရှိ အစွမ်းကုန်တိုက်ခိုက်မှုမှာမူ ကြောက်ခမန်းလိလိ ပိုမိုအားကောင်းလာခဲ့သည်။ ပထမဆုံးအကြိမ် စမ်းသပ်မှုနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ တိုးလာခဲ့ပြီး လူသားအနုမြူဗုံးတစ်လုံး၏ အငွေ့အသက်မျိုး အနည်းငယ် ရရှိနေပြီဖြစ်သည်။

......

အာကာသယာဉ်၏ လူနေရပ်ကွက်လမ်းမကြီးမှာ သိပ်မရှည်လျားလှပေ။ မိနစ်အနည်းငယ်ခန့် လျှောက်လာပြီးနောက် လမ်းအဆုံးသို့ ရောက်ရှိသွားသည်။

လော်ယွမ်သည် ဆက်ပြီး လမ်းလျှောက်ရန် အစီအစဉ်မရှိတော့သဖြင့် မြို့တော်ခန်းမဆီသို့သာ ခြေဦးလှည့်လိုက်သည်။

"ရှင် ဒီတလော ပိုပိုပြီး ပျင်းလာတယ်... နေ့တိုင်း အလုပ်လာနောက်ကျပြီး စောစောပြန်တယ်... ပြီးတော့ ခဏခဏလည်း ပျောက်နေသေးတယ်" လော်ယွမ်ကို မြင်သည်နှင့် ချန်ရှင်းကျယ်က ညည်းတွားသလို ပြောလိုက်သည်။

"မင်းရဲ့ လက်ဖက်ရည်ဖျော်တဲ့ လက်ရာက တဖြည်းဖြည်း ပိုကောင်းလာတယ်" လော်ယွမ်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရင်း ဆက်ပြောသည်။

"လက်ရှိ အုပ်ချုပ်ရေးစနစ်က အရင်ကတည်းက ရှိနေတဲ့ဟာပဲလေ... အရင်ကတည်းက သူ့အပိုင်းနဲ့သူ တာဝန်ယူကြရတာ... ငါကြည့်ရသလောက်တော့ သူတို့က သိပ်ကိုပျင်းလွန်းနေကြတယ်... ဆုံးဖြတ်ချက်တိုင်း ငါ့ချည်းပဲ ဆုံးဖြတ်ခိုင်းနေတယ်... ဘာတာဝန်မှလည်း မယူချင်ကြဘူး... ဒါဆို သူတို့ကို ဘာလုပ်ဖို့ ထားရဦးမှာလဲ"

လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။ ဤစကားကို ပြောလိုက်ရသည်မှာ သူကိုယ်တိုင်ပင် အနည်းငယ်တော့ ကိုယ်ချင်းစာတရား ကင်းမဲ့ရာကျနေ၏။

ဤရာထူးနေရာကို စတင်ရယူခဲ့ချိန်မှစ၍ သူ့ကို မည်သူကမျှ ထိန်းချုပ်ဟန့်တားနိုင်စွမ်း မရှိတော့သောကြောင့် အာဏာအားလုံးကို သူတစ်ဦးတည်းကသာ ချုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူတိုင်းမှာ အထိတ်တလန့် ဖြစ်နေကြရသည်။

အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တောက်လျှောက် ရှင်းလင်းရေး ပြုလုပ်ခဲ့မှုများကြောင့် ခေါင်းထောင်ထလာရဲသည့် ခက်ထန်သူများအားလုံးမှာ ပြဿနာအမျိုးမျိုးကို အကြောင်းပြကာ အကြင်နာကင်းမဲ့စွာ ချေမှုန်းခံခဲ့ရပြီ ဖြစ်သည်။

ယခု ကျန်ရှိနေသူများမှာမူ ပို၍ပင် သတိကြီးစွာဖြင့် နေထိုင်နေကြရတော့၏။

ဤကိစ္စနှင့်ပတ်သက်၍ ချန်ရှင်းကျယ်က မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ သူတို့နှစ်ဦး မည်မျှပင် ရင်းနှီးကျွမ်းဝင်နေပါစေ ဤကဲ့သို့သော ကိစ္စမျိုးတွင် သူမအနေဖြင့် များများစားစား ဝင်မပြောရဲချေ။

"ဒါနဲ့ မင်း ဆုံးဖြတ်ပြီးပြီလား... ဇီဝကမ္မအိပ်စက်တာကို ရွေးမလား ဒါမှမဟုတ် နိုးနိုးကြားကြားနဲ့ပဲ ဖြတ်သန်းမလား" လော်ယွမ်သည်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်ကာ မေးလိုက်သည်။

အာကာသယာဉ်ကြီး ခရီးရှည်ထွက်ခွာပြီးနောက် လုပ်ငန်းဆောင်တာ အများစုမှာ ရပ်တန့်သွားမည် ဖြစ်သည်။ ထို့ကြောင့် အစိုးရဝန်ထမ်း အတော်များများမှာ ဇီဝကမ္မအိပ်စက်ခြင်း အခြေအနေသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။

သေချာသည်ကတော့ လော်ယွမ်၏ အနီးကပ် ဝန်ဆောင်မှုအတွင်းရေးမှူး တစ်ယောက်အနေဖြင့် ချန်ရှင်းကျယ်မှာ ထိုစာရင်းထဲတွင် မပါဝင်ပေ။ သို့သော် လော်ယွမ်ကသာ အလိုရှိပါက ၎င်းမှာ စကားတစ်ခွန်း ပြောရုံမျှသာ ဖြစ်သည်။

"ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ... ဒီတိုင်းပဲဖြတ်သန်းတော့မယ်... အိပ်တာနဲ့ နောက်ထပ် နှစ်နည်းနည်းလောက် ပိုအသက်ရှင်ရတာကကော ဘာအဓိပ္ပာယ်ရှိမှာလဲ... ကျွန်မကတော့ တစ်ရေးအိပ်လိုက်တာနဲ့ အနှစ်နှစ်ဆယ်လောက် အချိန်ကုန်သွားတာမျိုး မလိုချင်ပါဘူး... တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလွန်းတယ်... သေသွားသလို ခံစားရတယ်" ချန်ရှင်းကျယ်က ခေါင်းယမ်းရင်း ပြောလိုက်သည်။

ဇီဝကမ္မအိပ်စက်ခြင်းနှင့် ပတ်သက်၍ ကြောက်ရွံ့မှုရောဂါသည် လူအများစု၌ ရှိနေတတ်သည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဆယ်ခန့် ကြာရှည်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကို လက်ခံနိုင်သူမှာ အလွန်နည်းပါးလှသည်။

အကယ်၍ မလုပ်မနေရ သတ်မှတ်ချက်သာ မဟုတ်ခဲ့လျှင် ဇီဝကမ္မအိပ်စက်ခြင်းကို ရွေးချယ်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။

"အဲဒါဆိုလည်း မင်းသဘောပဲ... ဒါပေမဲ့ အချိန်တန်လို့ သူတို့တွေ ပြန်နိုးလာရင် အရင်တိုင်း နုပျိုနေတဲ့ သူတို့ရုပ်ရည်တွေကိုကြည့်ပြီး မင်း နောင်တမရစေနဲ့နော" လော်ယွမ်က ရယ်မောလျက် ပြောလိုက်သည်။

"အဲဒီအချိန်ရောက်ရင် ရှင်လည်း နောက်ထပ် အတွင်းရေးမှူးအသစ် တစ်ယောက် ပြောင်းလို့ရပြီပေါ့"

လော်ယွမ်သည် မနေနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်မိသည်။ ထို့နောက် ဇဝေဇဝါဖြင့် မေးလိုက်၏။

"ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ... မင်းရဲ့ ခံစားချက်တွေ တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ ငါ အမြဲခံစားနေရတယ်"

ချန်ရှင်းကျယ်က ဘာမှဝင်မပြောဘဲ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ သူမ၏နှုတ်ဖျားမှ အံ့အားသင့်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။

"ကျွန်မ ကိုယ်ဝန်ရှိနေပြီ"

"ဘာ" လော်ယွမ်က တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် သူ၏ရင်ထဲတွင် အံ့သြမှုနှင့် ဝမ်းသာမှုတို့ တပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။ "တကယ်လား... ဘယ်တုန်းထဲကလဲ"

ချန်ရှင်းကျယ်က လော်ယွမ်၏ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်နေသော အမူအရာကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"ရှင့်ဟာမှ မဟုတ်တာ... ဘာတွေ ဝမ်းသာနေတာလဲ... ဗိုက်ထဲကဟာက လူတုနည်းပညာနဲ့ ဖန်တီးထားတာ... ပြီးခဲ့တဲ့အပတ်ကမှ ဆေးရုံကို သေချာ သွားလုပ်လာခဲ့တာ"

လော်ယွမ်၏ မျက်နှာထားမှာ ချက်ချင်းပင် အံ့အားသင့်သွားဟန် ပေါ်သွားသည်။ အမှန်တကယ်ပင် သူသည် ဤကိစ္စနှင့် ပတ်သက်၍ မျှော်လင့်ချက် မထားသင့်ပေ။

သူ၏ ဗီဇများသည် လူသားဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်မှ သွေဖည်သွားခဲ့ပြီဖြစ်ရာ သဘာဝအတိုင်း မျိုးပွားနိုင်မည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

သူက လူသားတစ်ယောက်၏ အရေခွံကို ခြုံတည်းထားဆဲဖြစ်သော်လည်း အခြားသော မျိုးစိတ်တစ်ခုဟု ပြောမည်ဆိုလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ချေ။ သို့တိုင်အောင် သူ၏ရင်ထဲတွင် အနည်းငယ်မျှ စိတ်ပျက်ဝမ်းနည်းမှုကို ခံစားနေရဆဲပင်။

သူက စက္ကန့်ဝက်ပင် မပြည့်လိုက်သော အချိန်အတွင်း ကြက်သေသေနေရာမှ အမြန်ဆုံး စိတ်ကို ပုံမှန်ပြန်ဖြစ်အောင် ထိန်းချုပ်လိုက်ပြီး ညင်သာသော လေသံဖြင့် ပြောလိုက်သည်။

"ဘာလို့ ကိုယ့်ဟာ မဟုတ်ရမှာလဲ... ဒီကလေးက ကိုယ်တို့နှစ်ယောက်လုံးရဲ့ ကလေးပဲလေ... လူအတုတွေက မွေးလာကတည်းက ဉာဏ်ကြီးရှင်လေးတွေချည်းပဲ... ကိုယ်တို့သာ သေချာ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်"

"သူ့ကို သိပ္ပံပညာရှင် မဖြစ်စေချင်ပါဘူး... တကယ်ကို ပင်ပန်းလွန်းတယ်... သူနှစ်သက်သရွေ့ ဘာပဲလုပ်လုပ် ကျွန်မကတော့ အားပေးသွားမှာပဲ"

လော်ယွမ်၏ အမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် ချန်ရှင်းကျယ်၏ ရင်ထဲတွင် ပေါ့ပါးသွားခဲ့သည်။

သူမ၏ အေးစက်စက် မျက်နှာထားမှာလည်း ဆီးနှင်းများ အရည်ပျော်ကျသွားသည့်အလား ချက်ချင်းပင် နွေးထွေးသွားခဲ့သည်။

သူမက မိမိ၏ဗိုက်ကလေးကို ဖွဖွလေး ပွတ်သပ်ရင်း ရေစီးကြောင်းလေးပမာ နူးညံ့ညင်သာစွာ ပြောလိုက်လေသည်။

လော်ယွမ်ကို ဆွဲဆောင်နိုင်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းကို သူမ ကိုယ်တိုင် ကောင်းစွာသိရှိထားသည်။ ၎င်းမှာ အချစ်ကြောင့် လုံးဝမဟုတ်ဘဲ သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့်သာ ဖြစ်သည်။

သို့သော်လည်း လှပသော ရုပ်ရည်သွင်ပြင်ဆိုသည်မှာ အချိန်အခါအလိုက် မှေးမှိန်ပျောက်ကွယ်သွားမည့် အရာသာ ဖြစ်သည်။

အလှအပများ ကွယ်ပျောက်သွားချိန်တွင် သူမကို စုတ်ပြတ်နေသော ဖိနပ်တစ်ရန်လို လွှင့်ပစ်လိုက်မည် မဟုတ်သော်လည်း သူ့ကို အချိန်ကြာမြင့်စွာ သူမအနားတွင် ဆွဲထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမအနေဖြင့် သူတို့နှစ်ဦးကြား သံယောဇဉ်ကြိုးလေး တစ်ခုဖြစ်လာစေရန် ကလေးတစ်ယောက် အမြဲတမ်း လိုချင်ခဲ့သော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိခဲ့ပေ။

သာမန်လူနှစ်ဦးကြားတွင်ပင် သဘာဝအတိုင်း သားသမီးရရှိရန် ခက်ခဲလှသည်ဖြစ်ရာ တစ်ဖက်လူမှာ အင်အားအကြီးမားဆုံးသော ဆင့်ကဲပြောင်းလဲသူတစ်ဦး ဖြစ်နေလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပြီးနောက် လူတုနည်းပညာဖြင့် ကိုယ်ဝန်ဆောင်ခြင်းသည်သာ သူမအတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာခဲ့တော့သည်။

မူလက လော်ယွမ်အနေဖြင့် ဤကိစ္စကို လက်ခံနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သဖြင့် သူမက အချိန်ဆွဲကာ မပြောဘဲနေခဲ့ခြင်း ဖြစ်သည်။ ယခု မြင်တွေ့နေရသည့် အခြေအနေများအရ ရလဒ်မှာ သူမ စိတ်ကူးထားသည်ထက်ပင် ပို၍ ကောင်းမွန်နေခဲ့လေသည်။

ဆက်ရန်...

All Chapters