အခန်း (၁၄၃၃-၁၄၃၄)
Vol. 144 Ch. 1433-1434
အခန်း (၁၄၃၃) - ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲ မဟာအမိန့်တော်စာချွန်
ဝမ်ချုံစန်းသည် အလွန်ပြတ်သားစွာ ထွက်ခွာသွားခဲ့သည်။
ဖန့်ချန်သည် သူထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်မိလိုက်သည်
“ဒါဆိုရင်... ဒီလမ်းကို လျှောက်လှမ်းပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ ယုံကြည်လို့ မရတော့ဘူးပေါ့လေ ”
ဝမ်ချုံစန်း၏ ထိုသို့သော စိုးရိမ်ပူပန်မှုများကို သူ နားလည်နိုင်ပါသည်။
ထိုကိစ္စသည် ပတ်သက်ဆက်နွှယ်မှု အလွန်ကျယ်ပြန့်သလို အရေးကြီးမှုမှာလည်း အလွန်မြင့်မားလှသည်။
အကယ်၍ အမှားအယွင်း အနည်းငယ်ကြောင့် နှစ်ပေါင်းများစွာ ကြံစည်ခဲ့သမျှ အချည်းနှီး ဖြစ်သွားခဲ့လျှင်၊ ထိုအကျိုးဆက်ကို လူသားလောက နယ်မြေကိုးခုလုံးက ခံစားရမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ အနာဂတ် ကံကြမ္မာစွမ်းအား ဖြင့် ပေးဆပ်ရမည် ဖြစ်သည်။
ထိုလမ်းပေါ်တွင် ဝမ်ချုံစန်းသည် နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ရကြောင်း ခန့်မှန်းနိုင်ပါသည်။
သူ မည်မျှအထိ ခရီးရောက်ခဲ့သည်ကို မသိနိုင်သော်လည်း၊ အနည်းဆုံးတော့ ဤနှစ်များတစ်လျှောက် သူသည် တစ်ဦးတည်း အထီးကျန်စွာ ရှေ့ဆက်ခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
“ငါ့မှာတော့ ငရဲမင်းအမိန့်တော် ရှိတယ်၊ ယင်လောက နတ်ဘုရားဝိညာဥ်တွေကို ဘွဲ့နှင်းခန့်အပ်နိုင်တယ်။ သူတို့တွေ အရင်ဘဝက မှတ်ဉာဏ်တွေ ပြန်ရလာရင်တောင် ငါ့ကို ပြန်တိုက်ခိုက်လို့ မရဘူး၊ ဒါကြောင့် ငါကတော့ အထီးမကျန်ပါဘူး”
“တကယ်လို့ ကျွယ်မင်ယင်လောကရဲ့ လူဝင်စားခြင်း အစီအစဉ်ကိုသာ အကောင်အထည်ဖော်နိုင်ရင် လူသားလောက နယ်မြေကိုးခုအတွက် အကြီးမားဆုံး တိုးတက်မှု ဖြစ်လာလိမ့်မယ်”
“အဲဒီ အသွေးသားနန်းတော်တို့၊ ထိုက်ယီမသေမျိုးဂိုဏ်း တို့လို အဖွဲ့အစည်းတွေလည်း ကိုယ်ပိုင် ယင်ဌာန တစ်ခုစီကို ထိန်းချုပ်ထားကြတာပဲ။ သူတို့ အခုလုပ်နေတဲ့ အရာတွေကရော ကျွယ်မင်ယင်လောကနဲ့ တူနေမလား ”
ဝမ်ချုံစန်း ထွက်ခွာသွားသည်ကို မြင်သောအခါ ဟွမ်ဝူကျိသည် ဖန့်ချန်ထံသို့ လျှောက်လာခဲ့သည်။
ဖန့်ချန်သည် စိတ်ထဲမှ အတွေးစများကို ဖိနှိပ်လိုက်ပြီး ယနေ့ ရရှိခဲ့သမျှကို ပြန်လည် စီစစ်လိုက်သည်။
ဝမ်ချုံစန်းနှင့် တစ်ဝက်တစ်ပျက် ပွင့်လင်းသော စကားဝိုင်းတစ်ခု ဖြစ်ခဲ့ခြင်းကြောင့် အချို့သော ခန့်မှန်းချက်များကို အတည်ပြုနိုင်ခဲ့သလို အသုံးဝင်သော သတင်းအချက်အလက်များကိုလည်း ရရှိခဲ့သည်။
ဝမ်ချုံစန်း၏ အစီအစဉ်သည် အလွန်လိုအပ်သလို အလွန်လည်း အရေးကြီးကြောင်း ဖန့်ချန် မြင်နေရသည်။
၎င်းသည် ထိုနေရာရှိ မျိုးစေ့များကို ပျိုးကြဲနိုင်စေပြီး အရေးကြုံလာပါက လူသားမျိုးနွယ်၏ လမ်းစ ပျောက်ကွယ်မသွားအောင် တားဆီးပေးနိုင်သည်။
အကယ်၍ နတ်မိမယ်ယွီကို ထိုအစီအစဉ်တွင် ပါဝင်ခွင့်ရလျှင် သံသရာတစ်ရာ လည်စေခြင်းဖြင့် သူမအတွင်းရှိ မိစ္ဆာမှတ်ဉာဏ်ကို နှိမ်နင်းနိုင်ပေလိမ့်မည်။
“သခင်လေး... အဲဒီလူရဲ့ စွမ်းအားက အဆင့် ၅ ဖြစ်ရမယ်၊ အဆင့် ၆ လည်း ဖြစ်နိုင်ပါတယ်”
ဟွမ်ဝူကျိက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
“ဘာကြောင့် အဲဒီလို ပြောတာလဲ မင်း သူ့ကို တိုက်ခိုက်တုန်းက အနည်းငယ် အသာစီး အပေးခံလိုက်ရပေမဲ့ အပြတ်အသတ် ဖိနှိပ်ခံရတာမျိုးတော့ မဟုတ်ဘူး မဟုတ်လား ”
ဖန့်ချန်က မေးလိုက်သည်။
“စောစောက ကျနော်တို့ကြားက တိုက်ပွဲကို ပြန်စဉ်းစားကြည့်တော့ သူက အမြဲတမ်း လက်လျှော့ပေးထားတာကို တွေ့ရတယ်၊ ကျနော့်ကို တကယ်ကြီး သတ်ဖို့ မရည်ရွယ်ခဲ့ဘူး”
ဟွမ်ဝူကျိက သက်ပြင်းချလိုက်သည်
“ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းက ဒီလောက်အထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“အဆင့် ၆ လား... တကယ်လို့ အဆင့် ၆ သာဆိုရင်...”
ဖန့်ချန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
ဝမ်ချုံစန်းသည် ကျွယ်မင်ယင်လောက၏ စနစ်ထဲသို့ ဝင်ရောက်လိုလျှင် ကျွယ်မင်နန်းတော်သို့ မဖြစ်မနေ ဝင်ရောက်ရပေလိမ့်မည်။
အဆင့် ၆ မသေမျိုးကို ကျွယ်မင်နန်းတော်က အရေးတယူ လုပ်ချင်မှ လုပ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အသာမန်ဆုံး အဓိကတပည့် တိုင်းသည်ပင် မသေမျိုးလှေ အစီရင်ကို အသုံးပြုလျှင် အဆင့် ၆ နှင့် ယှဉ်နိုင်သောကြောင့် ဖြစ်သည်။
အစီရင် မသေမျိုးအတတ်ပညာ ကို အသုံးပြုနိုင်သူများသာလျှင် ထိုကန့်သတ်ချက်ကို ကျော်လွန်ပြီး ရှေးဟောင်းမသေမျိုး များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။
အကယ်၍ ဝမ်ချုံစန်းသည် အဆင့် ၆ မသေမျိုးသာ ဖြစ်ခဲ့လျှင် သူ ခိုးဝင်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ရိုးရှင်းပါသည်။
သူသာ အဆင့် ၇ ရှေးဟောင်းမသေမျိုး အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် ကျွယ်မင်နန်းတော်ရဲ့ ဧည့်သည်တော် အဖြစ် သဘာဝကျကျ ဖြစ်လာနိုင်ပေသည်။
“ဒါပေမဲ့ ရုတ်တရက်ကြီး ရောက်လာတဲ့ အဆင့် ၇ ရှေးဟောင်းမသေမျိုးကို ကျွယ်မင်နန်းတော်က ဘယ်လိုလုပ် ယုံကြည်မှာလဲ ”
“ဧည့်သည်တော်အဖြစ် လက်ခံခဲ့ရင်တောင် ကျွယ်မင်ယင်လောကရဲ့ သံသရာစနစ်ထဲမှာ ဝင်ရောက် စီမံခန့်ခွဲခွင့် ရဖို့ဆိုတာ အလွန်ခက်ခဲလိမ့်မယ် ”
“ဝမ်ချုံစန်းက ကြိုတင်ပြီး နယ်ရုပ်တွေ ရွှေ့ထားတာမျိုး မဟုတ်ရင်ပေါ့။ သူက အချိန်တိုအတွင်း ကျွယ်မင်ယင်လောကရဲ့ သံသရာစနစ်ထဲမှာ ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိတယ်လို့ ယူဆထားလို့ပဲ၊ စီနီယာအစ်မကြီးနဲ့ အရောင်းအဝယ် လုပ်ခဲ့တာ ဖြစ်ရမယ်။ ဒီနေရာက တားမြစ်ချက်ကို ဖြေဖျက်ပြီး လူသားမျိုးနွယ်ရဲ့ မျိုးစေ့တွေကို အရင်ဆုံး ခေါ်ထုတ်သွားဖို့ ကြိုးစားနေတာပေါ့ ”
“ကျွယ်မင်နန်းတော်... အဆင့် ၇ ရှေးဟောင်းမသေမျိုး...”
မျက်နှာတစ်ခုသည် ဖန့်ချန်၏ ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ထိုက်ရွှီ ရှေးဟောင်းမသေမျိုး
သူများလား
ဝမ်ချုံစန်းရဲ့ အစစ်အမှန်ကိုယ် က သူများလား
တကယ်လို့ သူသာဆိုလျှင် ဝိညာဉ်သုတ်သင်ခြင်းဌာနက သူ့ကို ဘာကြောင့် စုံစမ်းနေရသလဲ၊ ရှေးဟောင်းနယ်မြေမှာရှိတဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနရဲ့ ရှေးဟောင်းမသေမျိုး ဘာလို့ ပျောက်ဆုံးသွားရသလဲ၊ ပြီးတော့ ထိုက်ရွှီရှေးဟောင်းမသေမျိုးနဲ့ ဘာကြောင့် ဆက်နွှယ်နေသလဲဆိုတာတွေကို ရှင်းပြနိုင်ပေလိမ့်မည်။
“ဒါပေမဲ့... အကယ်၍ သူသာဆိုရင်... အရင်က ဝင်ခွင့် ဖြေတုန်းက သူ ငါ့ကို မှတ်မိနေမှာ အသေအချာပဲ ”
“ဒါဆို သူက ငါ ကျွယ်မင်နန်းတော်မှာ ရှိနေတယ်ဆိုတာကို အစကတည်းက သိနေတာပေါ့ ဒါပေမဲ့ ဘာမှမသိသလို ဟန်ဆောင်နေခဲ့တာလား အံ့ဩစရာ မဟုတ်တော့ဘူး၊ စောစောက သူ အံ့ဩပြတာက တအား အပေါ်ယံဆန်နေတာ။ သူက အစကတည်းက အားလုံးကို သိနေခဲ့တာပဲ၊ ကွယ်ရာမှာ ငါ့ကို တိတ်တိတ်လေးတောင် လှောင်နေဦးမှာ”
“အဲဒီတုန်းက ထိုက်ရွှီရှေးဟောင်းမသေမျိုးက အမျိုးသမီးတစ်ယောက်ကို ခေါ်ပြီး သတ်ဖြတ်ခြင်းနတ်ဆိုး တောင်တန်း က ထင်ယောင်ထင်မှား တောင်ကြီးရှေ့မှာ လျှောက်သွားနေခဲ့တာ။ သူက အဲဒီတောင်ကြီးကို မမြင်ရသလို ဟန်ဆောင်နေပေမဲ့ သူ ရပ်နေတဲ့ နေရာက တအား တိကျလွန်းနေတယ် ”
“သူက အဲဒီအမျိုးသမီးက သူ့လိုပဲ ဒီတောင်ကြီးကို မြင်နိုင်မလားဆိုတာကို စမ်းသပ်ချင်နေတာလား ”
“နန်ချင်းကြယ်တာရာ က မသေမျိုးဆွေးနွေးပွဲ မှာတုန်းက ရှေးဟောင်းမသေမျိုး ဆိုတဲ့ ဒီအဖိုးတန်ရုပ်အလောင်း က ဘာကြောင့် ထိုက်ယီမသေမျိုးဂိုဏ်း က ယန်တုန် ကို ရှေးဟောင်းမသေမျိုး ရွှေကိုယ်ထည် ရရှိအောင် နောက်ဆုံးမှာ ကူညီပေးခဲ့ရတာလဲ ဒီအချက်ကတော့ နည်းနည်း ကွဲလွဲနေသလိုပဲ၊ ဒါပေမဲ့ ဝမ်ချုံစန်းက ထိုက်ယီမသေမျိုးဂိုဏ်း မှာ တစ်ခုခု ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ ”
ဖန့်ချန်သည် စိတ်ထဲရှိ အတွေးအမျိုးမျိုးကို ဖယ်ထုတ်လိုက်သည်။
ကျွယ်မင်ယင်လောကထဲ ရောက်တဲ့အခါ ဝမ်ချုံစန်းက သူ့ကို အရင် လာဆက်သွယ်လာလျှင် သူ၏ အစစ်အမှန်ကိုယ်က မည်သူဖြစ်ကြောင်း သိလာရပေလိမ့်မည်။
“သခင်လေး... ဒီလေလွင့်ဝိညာဉ်တွေကို ဘယ်လိုလုပ်မလဲ ကျန်းကွမ်မြို့ကို ပြန်ခေါ်သွားမလား၊ ဒါမှမဟုတ် ယင်လောကငယ် ကို ပို့ပေးရမလား ”
ဟွမ်ဝူကျိက မေးသည်။
“ဒီအပင်အိုကြီးကို ဖြေရှင်းလို့ရမယ့် နည်းလမ်း ရှိမလားဆိုတာ ငါအရင် ကြည့်ဦးမယ်။တကယ်လို့ ဖြေရှင်းနိုင်ရင် သူတို့ကို ဒီမှာပဲ အခြေချပေးထားတာ အကောင်းဆုံးပဲ ”
ဖန့်ချန်သည် ထိုအပင်အိုကြီးကို ကြည့်လိုက်သည်။
တစ်ဖက်လူသည် တစ်ခုခုကို လုပ်ဆောင်ရန် ကြိုးစားနေဆဲ ဖြစ်ပုံရပြီး မရေတွက်နိုင်သော နွယ်ပင်များသည် အသာအယာ လှုပ်ရှားနေကြသည်။
ဟွမ်ဝူကျိက အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
ဖန့်ချန် ချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို အလွယ်တကူ ပြောင်းလဲ၍ မရမှန်း သူ သိပါသည်
“သတိထားဦး ”
“အင်း”
ဖန့်ချန်သည် အပင်အိုကြီးရှေ့သို့ တစ်ဖန် ပြန်ရောက်လာသည်။
ဟွမ်ဝူကျိသည် မြို့ပြင်မှနေ၍ အမြဲ စောင့်ကြည့်နေသည်။
နွယ်ပင်များသည် ယခင်အတိုင်းပင် ဖန့်ချန်ကို မြင်သည်နှင့် အလိုအလျောက် ရှောင်ရှားသွားကြသည်ကို မြင်ရသဖြင့် သူ စိတ်အေးသွားရသည်။
ဖန့်ချန်သည် ထိုအပင်အိုကြီး၏ ကျင့်စဉ်အဆင့်မှာ မည်မျှ မြင့်မားသည်ကို မသိပေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူသည် ငရဲမင်းအမိန့်တော်ကို အဓိကထား၍ ဘွဲ့နှင်းခန့်အပ်ခြင်း တစ်ခုကို ရေးထိုးရန် ကြံရွယ်လိုက်သည်။
ယခုတစ်ခေါက် ဖူထူလောကနှင့် ယင်လောကငယ်သို့ အပြန်တွင် သူသည် ယင်သက်တမ်း တစ်သန်းကျော်ကို ယူဆောင်လာခဲ့သည်။
ရှကျီ ရွေးချယ်ပေးထားသော ယင်ဝိညာဥ်တစ်ထောင်ကျော်ကို ဘွဲ့နှင်းခန့်အပ်ပြီးနောက် ခုနစ်သိန်းကျော် ကျန်ရှိနေသေးသည်။
ရှကျီ ရွေးချယ်ပေးခဲ့သော လေလွင့်ဝိညာဉ်များမှာ ကျင့်စဉ်အဆင့် မမြင့်လှသဖြင့် ဘွဲ့နှင်းခန့်အပ်ရာတွင် ကုန်ကျသော ယင်သက်တမ်းမှာ အလွန်နည်းပါးသည်။
ထိုခုနစ်သိန်းကျော်ကို ဖန့်ချန်သည် ကျွယ်မင်နန်းတော်၏ အဓိကပုဂ္ဂိုလ်အချို့ကို ဘွဲ့နှင်းခန့်အပ်ရန် အခွင့်အရေး စောင့်နေခြင်း ဖြစ်သည်။
ထိုသို့ဖြင့် သူတို့ကို အသုံးချကာ မိမိ၏ ကိစ္စရပ်များကို လျှို့ဝှက် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။
ယခုမူ အရင်ဘဝက ယင်လောက နတ်ဘုရားဝိညာဥ် ဖြစ်ခဲ့ပုံရပြီး ဟွမ်ဝူကျိကိုပင် ဖိနှိပ်ထားနိုင်သော ထိုအပင်အို ယင်မိစ္ဆာကြီးနှင့် ကြုံတွေ့ရသဖြင့် သူ၏ ယင်သက်တမ်းများကို ၎င်းအပေါ်တွင် ဦးစွာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
လက်ဝါးကို အပင်အိုကြီး၏ ကိုယ်ပေါ်သို့ အသာအယာ တင်လိုက်ရာ၊ ငရဲမင်းအမိန့်တော်အတွင်းရှိ ယင်သက်တမ်းများ စတင် လှုပ်ရှားလာပြီး ဘွဲ့နှင်းခန့်အပ်ခြင်း တစ်ခုကို စတင် ရေးထိုးလိုက်သည်။
ထိုဘွဲ့နှင်းခန့်အပ်မှုသည် ယခင်ကနှင့် မတူပေ။
၎င်းသည် နေ့ကင်းလှည့်နတ်ဘုရား၊ ညကင်းလှည့်နတ်ဘုရား မဟုတ်သလို၊ တရားသူကြီး သို့မဟုတ် ယင်စစ်သည် လည်း မဟုတ်ပေ။
ဖန့်ချန်သည် ချက်ချင်းပင် နားလည်သွားသည်။
၎င်းမှာ ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲ မဟာအမိန့်တော်စာချွန် ပင် ဖြစ်သည်။
ရှေးယခင် ယင်လောကတွင် ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲများစွာ ရှိခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ တိုက်ခိုက်ရေးစွမ်းရည်၏ အထွတ်အထိပ်တွင်ပင် ရှိကြသည်။
ထိုယင်သားရဲများ လက်ခံရရှိသော ဘွဲ့နှင်းခန့်အပ်မှုမှာ လူသားများနှင့် မတူပေ။
“အဆင့်တူချင်းမှာတောင် ယင်သားရဲတွေရဲ့ ဘွဲ့နှင်းခန့်အပ်မှုက နေ့ကင်းလှည့်နတ်ဘုရားတွေထက် နှစ်ဆလောက် ပိုဈေးကြီးတာပဲ ”
“အဆင့် ၁ ယင်မိစ္ဆာကြီးတစ်ကောင်ကို နေ့ကင်းလှည့်စစ်သည်အဖြစ် ခန့်အပ်ဖို့ ယင်သက်တမ်း ငါးထောင် ကုန်ရင်၊ ယင်သားရဲအဖြစ် ခန့်အပ်ဖို့ဆို တစ်သောင်းလောက် ကုန်မှာပဲ...”
ဖန့်ချန်သည် ရုတ်တရက် စိုးရိမ်လာမိသည်။
သူ၏ ယင်သက်တမ်း ခုနစ်သိန်းကျော်မှာ ယခုတစ်ကြိမ်တွင် မည်မျှလောက် ကျန်ပါမည်နည်း။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ငရဲမင်းအမိန့်တော်အတွင်းရှိ ယင်သက်တမ်းမှာ ခြောက်သိန်းကျော်အထိ လျင်မြန်စွာ ကျဆင်းသွားသည်။
ထိုအချိန်တွင် မဟာအမိန့်တော်စာချွန်မှာ တစ်ဝက်ပင် မပြီးသေးသလို၊ အပင်အို ယင်မိစ္ဆာကြီး၏ ခုခံမှုကိုလည်း ကြုံတွေ့နေရပုံရသည်။
“မခုခံပါနဲ့ဦး၊ မင်းရဲ့ အရင်ဘဝက ယင်လောက နတ်ဘုရားဝိညာဥ် တစ်ပါးပဲ၊ အခုတော့ မင်းရဲ့ အသိစိတ်တွေ ပျောက်ဆုံးနေရပြီ။တကယ်လို့ မင်း ဘွဲ့နှင်းခန့်အပ်မှုကို လက်ခံလိုက်ရင် မင်းရဲ့ အသိစိတ် တွေကို ပြန်လည် စုစည်းနိုင်လိမ့်မယ် ”
ဖန့်ချန်က ရုတ်တရက် ပြောလိုက်သည်။
ထိုသို့ ပြောလိုက်သည်နှင့် အပင်အိုကြီးသည်လည်း တစ်ခုခုကို အာရုံခံမိသွားပုံရကာ ခုခံနေသော အားအင်မှာ အနည်းငယ် လျော့ပါးသွားတော့သည်။
အခန်း (၁၄၃၄) - အဆင့် ၆ ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲ
ငရဲမင်းအမိန့်တော်အတွင်းမှ စီးဆင်းလာသော သတင်းအချက်အလက်များအရ...
အကယ်၍ ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲ မဟာအမိန့်တော်စာချွန် သာ အောင်မြင်သွားခဲ့လျှင် ထိုအပင်အို ယင်မိစ္ဆာကြီးသည် ထူးခြားသော ယင်လောက နတ်ဘုရားဝိညာဉ်တစ်ပါး ဖြစ်လာပေလိမ့်မည်။
၎င်း၏ ထူးခြားချက်မှာ ယင်သက်တမ်းကို ကုန်ခမ်းရန်မလိုဘဲ ငရဲမင်း၏ စိတ်အာရုံတစ်ခုတည်းဖြင့် လောကနှစ်ခုကြား ကူးလူးဖြတ်သန်းနိုင်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့်ပင် ၎င်း၏ ဘွဲ့နှင်းခန့်အပ်မှုသည် နေ့ကင်းလှည့်နတ်ဘုရားမျိုးနွယ်စုများထက် ပိုမိုဈေးကြီးနေခြင်းဖြစ်သော်လည်း၊ အောင်မြင်သွားပါက လောကနှစ်ခုကြား သွားလာလှုပ်ရှားရာတွင် ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်သည်။
သာမန် ယင်လောက နတ်ဘုရားဝိညာဉ်များကဲ့သို့ မဟုတ်ဘဲ၊ ဖန့်ချန်က ငရဲမင်းအဖြစ်နှင့် သူတို့ကို လူသားလောကသို့ ခေါ်ယူလိုလျှင်ပင် ယင်သက်တမ်း အချို့ကို ပေးဆပ်ရန် မလိုတော့ပေ။
ဖန့်ချန်သည် ဖူထူလောကတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ဖူးသော်လည်း ထိုကဲ့သို့သော ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲမျိုးကို တွေ့ရခဲလှသည်။
အများစုမှာ လူသားမျိုးနွယ် လေလွင့်ဝိညာဉ်များက အတောမသတ် လုယူဖျက်ဆီးရင်း ကံတရားအကျိုးပေးများ ငြိတွယ်ကာ အသိစိတ်ပျောက်ဆုံးပြီး ခြေတစ်ထောင် ယင်မိစ္ဆာကြီး ကဲ့သို့သော တည်ရှိမှုများ ဖြစ်သွားကြခြင်းသာ များသည်။
၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲဟု ခေါ်ဆို၍မရပေ။
“ငရဲမင်းအမိန့်တော်က သူ့ကို ယင်သားရဲအဖြစ် အလိုအလျောက် သတ်မှတ်ပေးတယ်ဆိုရင်၊ ဒီအပင်အိုကြီးရဲ့ အရင်ဘဝက စစ်မှန်တဲ့ ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲတစ်ကောင် ဖြစ်ခဲ့တာ သေချာတယ်"
"လူသားလောကမှာပဲဖြစ်ဖြစ်၊ ယင်လောကမှာပဲဖြစ်ဖြစ် ဝိညာဉ်သစ်ပင်တွေရဲ့ သက်တမ်းက အလွန်ရှည်လျားတတ်ကြတယ်။ သူက ယင်မိစ္ဆာအဖြစ် အပြည့်အဝ ပြောင်းလဲမသွားဘဲ ဒီနေ့အထိ အသက်ရှင်နေနိုင်တာကလည်း အဲဒီအချက်နဲ့ ပတ်သက်နေလိမ့်မယ်”
အပင်အိုကြီး၏ ခုခံမှုက တဖြည်းဖြည်း အားနည်းလာသည်ကို မြင်ရသဖြင့် ဖန့်ချန်၏ စိတ်ထဲတွင် သက်ပြင်းချကာ စိတ်အေးသွားရသည်။
အမှားအယွင်းမရှိခဲ့လျှင် ယခုတစ်ကြိမ် ဘွဲ့နှင်းခန့်အပ်မှုသည် ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းခန့် အောင်မြင်နိုင်ခြေ ရှိသည်။
ခန့်မှန်းရသည်မှာ အပင်အိုကြီးနှင့် ခေတ်ပြိုင် ယင်သားရဲများသည် ထိုခေတ်က တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြခြင်း သို့မဟုတ် အချိန်ကာလ မြစ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ထူးခြားသော ပါရမီစွမ်းရည်သာ မရှိခဲ့လျှင် ထိုအပင်အိုကြီးသည်လည်း ယနေ့အထိ အသက်မဆက်နိုင်ခဲ့သည်မှာ သေချာသလောက်ပင်။
မကြာမီမှာပင် ငရဲမင်းအမိန့်တော်အတွင်းရှိ ယင်သက်တမ်းမှာ သုံးသိန်းကျော်အထိ ထိုးဆင်းသွားတော့သည်။
ယင်သက်တမ်း လေးသိန်းနီးပါးခန့်သည် ပြည့်စုံသော ဘွဲ့နှင်းခန့်အပ်ခြင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပင်အိုကြီးပေါ်ရှိ ဟောင်းနွမ်းနေသော ဘွဲ့တံဆိပ်ဟောင်းများကို အစားထိုး ဖုံးအုပ်လိုက်သည်။
ထိုဖြစ်စဉ်သည် အချိန်အနည်းငယ် ထပ်လိုသေးသည်။
နှေးကွေးလှသော်လည်း တိုးတက်မှုတော့ ရှိနေသည်။
“နေ့ကင်းလှည့်မျိုးနွယ်စုရဲ့ ဘွဲ့နှင်းခန့်အပ်မှုမှာ အဆင့် ၄ ယင်မိစ္ဆာဆိုရင် ယင်သက်တမ်း ခြောက်သောင်းလောက် ကုန်ကျနိုင်တယ်။ ယင်စစ်သည်ဆိုရင် ထက်ဝက်လျော့မယ်၊ ယင်သားရဲဆိုရင်တော့ နှစ်ဆတိုးမယ်"
"ဒါဆိုရင် ၁ သိန်း ၂ သောင်းလောက်ပေါ့။ အခုတော့ ငရဲမင်းအမိန့်တော်ထဲက ယင်သက်တမ်း လေးသိန်းကျော် ကုန်သွားပြီဆိုတော့... ဒီကောင်က အခြေခံအားဖြင့် အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ အထိ အစွမ်းထက်နေတာ ဖြစ်ရမယ်”
ဖန့်ချန်သည် စိတ်ထဲမှ တအံ့တဩ ရေရွတ်မိသည်။
ထိုကဲ့သို့သော ယင်သားရဲတစ်ကောင်ကို သိမ်းသွင်းနိုင်ခြင်းသည် သူ၏ လက်ရှိအခြေအနေအတွက် အကျိုးကျေးဇူး အလွန်ကြီးမားလှသည်။
အကယ်၍ ယင်သားရဲ၏ စွမ်းအားကသာ ကျူလုံ မသေမျိုးလှေကို မောင်းနှင်နိုင်ခဲ့လျှင်၊ သူသည် အဆင့် ၅ သို့မဟုတ် အဆင့် ၆ ရှိသော ရှေ့ဆောင်အဖွဲ့ဝင်တစ်ဦးကို ရရှိလိုက်သလိုပင် ဖြစ်မည်။
ဟွမ်ဝူကျိ၊ ယွီထင်ကျဲတို့နှင့်သာ ပေါင်းစပ်လိုက်လျှင် သူသည် မကြာမီမှာပင် ထူးချွန်သော အဖွဲ့တစ်ဖွဲ့ကို တည်ဆောက်နိုင်တော့မည်ဖြစ်ပြီး ကျူလုံလှေ၏ စွမ်းဆောင်ရည် ၇၀၊ ၈၀ ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်တော့မည် ဖြစ်သည်။
ကျွယ်မင်နန်းတော်၏ အအမာခံတပည့်များ အစွမ်းထက်ရခြင်းမှာလည်း ၎င်းတို့တွင် နန်းတော်ပြင်ပရှိ ကျင့်ကြံသူ အမြောက်အမြားကို ခေါ်ယူအသုံးပြုနိုင်ခြင်းနှင့်လည်း သက်ဆိုင်နေပါသည်။
ကျွယ်မင်နန်းတော်က ထို အမာခံ တပည့်များကို လျင်မြန်စွာ ကြီးထွားလာစေရန် အဖွဲ့ဝင်များ စီစဉ်ပေးခြင်း မရှိခဲ့လျှင် နဂါးနက် လှေတစ်စင်းတည်းကို လူတစ်ယောက်တည်းနှင့် မောင်းနှင်ကာ မသေမျိုးလှေအစီရင်ကို ဖော်ထုတ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။
အပင်အိုကြီးပေါ်ရှိ ဟောင်းနွမ်းနေသော ဘွဲ့နှင်းခန့်အပ်မှုများမှာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားပြီး ဘွဲ့အသစ်များက ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။
မရေတွက်နိုင်သော နွယ်ပင်များသည် အပင်အိုကြီး၏ ပင်စည်အတွင်းသို့ တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်းသွားကြပြီး၊ ဖရိုဖရဲ ဖြစ်နေသော သစ်ကိုင်းများပေါ်မှ သစ်ခွံဟောင်းများ ကွာကျကာ လတ်ဆတ်စိမ်းလန်းသော သစ်ခွံအသစ်များ ထွက်ပေါ်လာသည်။
ဖန့်ချန်သည် မိမိနှင့် ၎င်းအကြားတွင် ထူးခြားသော ဆက်နွှယ်မှုတစ်ခု ရှိလာသည်ကို ခံစားလိုက်ရသည်။
ဤဆက်နွှယ်မှုမှာ ဓားငယ်လေး ၊ မှန်လေး တို့နှင့် ရှိသည့် ဆက်နွှယ်မှုမျိုးနှင့် ဆင်တူနေသည်။
သို့သော်လည်း အပင်အိုကြီး၏ အသိဉာဏ်မှာ ဝေဝါးနေဆဲဖြစ်ပြီး ဘေးအန္တရာယ်ကို ရှောင်ရှားလိုသည့် ဗီဇအချို့သာ ရှိသေးကြောင်းကိုတော့ သူ ရှင်းရှင်းလင်းလင်း သိနေသည်။
“တကယ်ပဲ အဆင့် ၆ ထိန်းသိမ်းစောင့်ရှောက်သော ယင်သားရဲပဲ။ လူသားလောကမှာဆိုရင် ရှေးဟောင်းမသေမျိုး အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ အဆင့်မျိုး။ အဆင့် ၄ ဓားမသေမျိုးဖြစ်တဲ့ ဟွမ်ဝူကျိ တောင် သူ့ရှေ့မှာ ပြန်မခုခံနိုင်တာ မဆန်းပါဘူး”
ဖန့်ချန်က ပြုံးလိုက်ပြီး တံတားနားသို့ ပြန်သွားကာ ထန်မင်တယ်နှင့် အခြားသူများကို တံတားပေါ်သို့ တက်ခိုင်းလိုက်သည်။
သန်းနှင့်ချီသော လေလွင့်ဝိညာဉ်များသည် ထိုယင်မြို့ဟောင်းအတွင်းသို့ ဝင်ရောက်သွားကြသော်လည်း ကျဉ်းကျပ်နေခြင်း မရှိပေ။
သူတို့အများစုမှာ မိန်းမောတွေဝေနေကြပြီး နောက်ထပ် ဘာဆက်လုပ်ရမည်ကို မသိကြပေ။
ဖန့်ချန်သည် ထန်မင်တယ်တို့ကို ခေါ်ယူကာ၊ လူသားဘဝက အစွမ်းထက် ကျင့်ကြံသူကြီးများ ဖြစ်ခဲ့ကြသော ထိုသူများကို လူသန်းပေါင်းများစွာကို အခြေချပေးရန် တာဝန်ပေးလိုက်သည်။
ထန်မင်တယ်သည် ဖန့်ချန်၏ ယုံကြည်မှုကို ရရှိကာ ဤနေရာ၏ ယာယီမြို့တော်ဝန် ဖြစ်လာခဲ့ပြီး၊ အခြားသော လေလွင့်ဝိညာဉ်များကလည်း သူ့ကို အလေးထား ကြည်ညိုကြသဖြင့် မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ပေ။
ထို့နောက် ဖန့်ချန်သည် ဟွမ်ဝူကျိကို ထိုနေရာတွင် ခေတ္တ စောင့်ကြပ်ခိုင်းထားခဲ့ကာ၊ သူကိုယ်တိုင်မှာမူ ကျန်းကွမ်မြို့သို့ တစ်ခေါက် ပြန်သွားပြီး မယ်တော်စီ ကို ခေါ်ဆောင်ကာ ဤနေရာသို့ ပြန်လာခဲ့သည်။
“ဒါက ဘယ်နေရာလဲ...”
မယ်တော်စီ သည် ရှေ့ရှိ အနည်းငယ် ပျက်စီးနေသော မြို့ဟောင်းကြီးကို ကြည့်ရင်း အံ့ဩတုန်လှုပ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုမြို့ဟောင်းကြီး တည်ရှိခဲ့သော သက်တမ်းမှာ သူမ အသက်ရှင်ခဲ့သော သက်တမ်းထက်ပင် အဆပေါင်းများစွာ ပို၍ ရှည်လျားနေပုံရသောကြောင့် ဖြစ်သည်။
“မင်းမှာ မြို့တော်ဝန်လုပ်ခဲ့တဲ့ အတွေ့အကြုံ ရှိတယ်။ ဒီနေရာကလည်း ဖူထူလောကရဲ့ နေရာတစ်ခုပဲ။ ဒီနေရာရဲ့ စည်းကမ်းတွေကို မင်းပဲ တာဝန်ယူပေးပါ။ သူတို့တွေ ဒီမှာ အကြာကြီး နေဖြစ်မှာ မဟုတ်ပေမဲ့၊ အဲဒီအတောအတွင်းမှာ မင်းကပဲ တစ်ချက်လောက် ကြည့်ရှုစောင့်ရှောက်ပေးပါဦး”
ဖန့်ချန်က မှာကြားလိုက်ပြီးနောက် ဘေးရှိ ထန်မင်တယ်ကို ကြည့်ကာ
“မယ်တော်စီ က မင်းနဲ့အတူ ဒီမြို့ကို စီမံအုပ်ချုပ်ပေးလိမ့်မယ်။ မသိတာရှိရင် သူ့ကိုသာ မေးမြန်းလိုက်ပါ”
“မယ်တော်စီ ကို ဒုက္ခပေးမိပါပြီ”
ထန်မင်တယ်က မယ်တော်စီ ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
မယ်တော်စီ သည် စိတ်ထဲမှ အံ့ဩမှုများကို ဖိနှိပ်လိုက်ပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်
“ကိစ္စမရှိပါဘူး၊ အကူအညီလိုရင် တိုက်ရိုက်သာ ပြောပါ”
ဖန့်ချန်က ဘာကြောင့် ထိုသာမန် လေလွင့်ဝိညာဉ်လေးကို မြို့တော်ဝန် ခန့်ထားသလဲဆိုတာကို သူမ သိပ်နားမလည်သော်လည်း၊ နားမလည်လျှင်လည်း ဆက်မစဉ်းစားတော့ပေ။
ငရဲမင်း၏ ရည်ရွယ်ချက်ကို သူမ စူးစမ်းမနေတော့ဘဲ ပေးအပ်ထားသော တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ရန်သာ ဆုံးဖြတ်လိုက်သည်။
နတ်မိမယ်ယွီသည် မယ်တော်စီ ၏ ဘေးတွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို သံသယမျက်လုံးများဖြင့် ဝေ့ဝဲကြည့်နေသည်။
နောက်ဆုံးတွင် သူမ၏ အကြည့်က အပင်အိုကြီးဆီသို့ ရောက်သွားသည်။
“ရှောင်ယွီ၊ ဒီမှာနေရင်း မယ်တော်စီ နောက်ကို သေချာလိုက်ပါဦး၊ သူ့ကို ဒုက္ခမပေးနဲ့နော်”
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
“သခင်လေး... ကျမ တစ်ခုခုတော့ မှားနေသလို ခံစားရတယ်။ ရှင် ဘာတွေ ကြံစည်နေတာလဲ ”
နတ်မိမယ်ယွီက ထူးဆန်းသော အမူအရာဖြင့် မေးသည်။
“ဘာမှမဟုတ်ပါဘူး”
ဖန့်ချန်သည် နတ်မိမယ်ယွီ၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် ဟွမ်ဝူကျိနှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
မယ်တော်စီ ၏ အကူအညီရှိသလို နောက်ကွယ်တွင်လည်း အပင်အိုကြီးက စောင့်ကြပ်နေသဖြင့် ထိုနေရာတွင် ပြဿနာတက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
အဆင့် ၇ ယင်မိစ္ဆာကြီးတစ်ကောင် ကျူးကျော်လာလျှင်တော့ တစ်မျိုးပေါ့။
သို့သော်လည်း ဖန့်ချန် စစ်ဆေးကြည့်ရသလောက် ပတ်ဝန်းကျင်မှာ တောရိုင်းမြေရိုင်းများသာ ဖြစ်ပြီး မည်သည့် သက်ရှိလှုပ်ရှားမှု လက္ခဏာမျှ မရှိပေ။
ယင်မိစ္ဆာတစ်ကောင်ကိုပင် ရှာရန်ခက်ခဲသဖြင့် အဆင့် ၇ ယင်မိစ္ဆာကြီး ရောက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
လူသားလောကသို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် ချင်းယွီ နှင့်အတူ ကြာနီနတ်ဘုရားဂိုဏ်း သို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် ကြာနီနတ်မိမယ် နှင့် ဂိုဏ်း၏ အဆင့် ၁ မသေမျိုး ဘိုးဘေးကြီးကို တွေ့ဆုံခဲ့သည်။
နှစ်ဖက်စလုံး ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး ချင်းယွီနတ်ဘုရားဂိုဏ်းနှင့် ကြာနီနတ်ဘုရားဂိုဏ်းတို့အကြားရှိ ရန်ငြိုးများကို ဖြေဖျက်ပေးခဲ့သည်။
ထို့နောက် စီနီယာအစ်မကြီး ပေးထားသော ခြောက်လ အချိန်မှာလည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
နဂါးနက် လှေပေါ်တွင်
စီနီယာအစ်မကြီးသည် တိုက်ပွဲတစ်ရာမသေမျိုးအရှင် ကို သူ၏ အဖွဲ့ဝင်များနှင့်အတူ ကျွယ်မင်နန်းတော်သို့ ပြန်ခိုင်းလိုက်သည်။
လင်ယွမ်နှင့် အခြားသူများကိုလည်း တစ်ပါတည်း ခေါ်သွားခိုင်းလိုက်သည်။
တိုက်ပွဲတစ်ရာမသေမျိုးမှာ တစ်ခုခု ပြောချင်နေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။
ပုံမှန်အားဖြင့် စီနီယာအစ်မကြီးကဲ့သို့ အဆင့်အတန်းမျိုးရှိသူက အထက်နယ်မြေသုံးခုမှ ထွက်ခွာမည်ဆိုလျှင် ဘေးတွင် ခြံရံလိုက်ပါမည့် သူရဲကောင်းများမှာ များပြားလှပေလိမ့်မည်။
သို့သော်လည်း သူမ၏ အဆင့်အတန်းက ထူးခြားလွန်းလှသဖြင့် သူမပြောသော စကားကို အကြီးကဲများကပင် အနည်းငယ် အလေးနက်ထားရသည်။
တိုက်ပွဲတစ်ရာမသေမျိုး အနေဖြင့်လည်း ငြင်းဆန်နိုင်စွမ်း မရှိပေ။
“ဟုန်ညီမလေး... မင်းလည်း သူတို့နဲ့အတူ ပြန်မလား ”
စီနီယာအစ်မကြီးက ကြာနီနတ်မိမယ် ကို ကြည့်ကာ မေးလိုက်သည်။
“ကျမ အောက်နယ်မြေ ခြောက်ခုကို မရောက်ဖူးသေးဘူး၊ ဒီတစ်ခါတော့ စီနီယာအစ်မကြီးနဲ့အတူ လိုက်ခဲ့ပါရစေ”
ကြာနီနတ်မိမယ်က ပြုံး၍ ပြောသည်။
စီနီယာအစ်မကြီးသည် ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြုံးလျက်
“မင်းက စိတ်ပူနေတာလား... သိပါပြီ၊ ဒါဆိုရင်လည်း လိုက်ခဲ့လေ”
“ခေါင်းဆောင်... ဒါဆို ကျနော်တို့ ကျွယ်မင်နန်းတော်မှာပဲ စောင့်နေပါ့မယ်”
လင်ယွမ်တို့အဖွဲ့သည် ဖန့်ချန်ကို လာရောက် နှုတ်ဆက်ကြသည်။
တိုက်ပွဲတစ်ရာမသေမျိုးနှင့် သူတို့အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်၊ စီနီယာအစ်မကြီးသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ အသာအယာ ချိုးလိုက်သည်။
ကောင်းကင်ဘုံတံခါး သည် ချက်ချင်း ပွင့်လာပြီး နဂါးနတ်လှေနှင့်အတူ ဖန့်ချန်တို့ သုံးဦးစလုံး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။