အခန်း (၁၄၃၇-၁၄၃၈)
Vol. 144 Ch. 1437-1438
အခန်း (၁၄၃၇) - မှန်ထဲကပန်း
ထိုပုံရိပ်နှစ်ခုအနက် တစ်ဦးမှာ အရိုးပေါ်အရေတင်ကာ ခြောက်ကပ်နေသော ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်သည်။
သူ၏ ရုပ်သွင်မှာ အလွန်ပင် အိုမင်းရင့်ရော်နေပြီး ခြေတစ်ဖက်မှာ သင်းချိုင်းထဲ ရောက်နေသကဲ့သို့ပင်။
ကျန်တစ်ဦးမှာ အသက် ၄၀ ကျော်အရွယ်၊ အနီနှင့် အစိမ်းရောင် ရောယှက်နေသော ဝတ်ရုံကို ဆင်မြန်းထားပြီး ဆံပင်ကိုလည်း စနစ်တကျ ဖီးသင်ထားသည်။
သူ၏ ရှေ့မှောက်တွင် ကျူလီနတ်အိုး သည် လေထဲတွင် လွင့်ပျံနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
သူတို့နှစ်ဦးသည် စီနီယာအစ်မကြီး ခုနက ရပ်နေခဲ့သော နေရာကို ကြည့်ရင်း အချိန်အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်နေကြသည်။
ခဏအကြာတွင် ဘုန်းကြီးအိုကြီးက လက်အုပ်ချီကာ ဗုဒ္ဓဂုဏ်တော်ကို ရွတ်ဆိုလိုက်သည်။
"အမိတာဘ... ချန်စန်းဒကာ၊ ခုနက ဘယ်လိုအခြေအနေမျိုး ဖြစ်သွားတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရရဲ့လား "
အဆိပ်ငါးပါးဂိုဏ်း၏ ဘိုးဘေးဖြစ်သူ ချန်စန်း က အေးစက်သော မျက်လုံးများဖြင့်
"ကျုပ် မြင်လိုက်တာကတော့ လူတစ်ယောက်က ဘူးသီးတစ်လုံးနဲ့ ကျွယ်မင်နန်းတော်က တစ်ယောက်ကို သိမ်းသွားပြီး ဟင်းလင်ပြင်ထဲကို ကိုယ်ယောင်ဖျောက် ပျောက်ကွယ်သွားတာပဲ။ ဒီကိုယ်ယောင်ဖျောက် ပညာက ကျုပ်တို့ ကြိုတင်ချထားတဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်သွားနိုင်တာဆိုတော့ ဘယ်ကလာတဲ့ ပညာလဲဆိုတာ မှန်းရခက်တယ်"
ထိုစဉ် ဟင်းလင်ပြင်မှာ လှုပ်ခတ်သွားပြီး နောက်ထပ် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ထိုပုံရိပ်မှာ သွယ်လျလှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ ပေါ်လာသည်နှင့် ဘုန်းကြီးအိုနှင့် ချန်စန်းတို့မှာ ချက်ချင်းပင် ရိုသေကိုင်းညွတ်သော အမူအရာ ပြုလိုက်ကြသည်။
"ခုနက ယင်အငွေ့အသက်တွေ လှုပ်ခတ်သွားတာကို ကြည့်ရင် အဲဒီလူက ယင်လောကထဲကို ကူးပြောင်းသွားတာပဲ"
သူမက တည်ငြိမ်စွာ ဆိုသည်
"ဒီတစ်ခေါက် ရှဲ့အမန် သာ လွတ်သွားရင် ရုလိုင်ဘုရားကျောင်းနဲ့ အဆိပ်ငါးပါးဂိုဏ်းတို့ပါ ပတ်သက်သွားလိမ့်မယ်။ အရင်ဆုံး ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြတော့"
သူတို့နှစ်ဦးမှာ လေးနက်သော အမူအရာ ဖြစ်သွားကြသည်။
အကျိုးဆက်က ဘယ်လိုရှိမလဲဆိုတာ သူတို့ သိနေကြသည်။
သို့သော် အဆင့် ၈ ရှေးဟောင်းမသေမျိုး ကိုယ်တိုင် စောင့်ကြပ်နေပါလျက်နှင့် ထိုကိစ္စက အမှားအယွင်း ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
"စီနီယာ... သူက ယင်လောကထဲကို ကူးပြောင်းသွားတယ်ဆိုပေမဲ့...တကယ်လို့ ယင်လောကကို သွားတာဆိုရင် လူသားလောကမှာ ခန္ဓာကိုယ် ကျန်ခဲ့ရမှာ မဟုတ်ဘူးလား"
ချန်စန်းက ဝေခွဲမရဖြစ်စွာ မေးလိုက်သည်။
"သူမက ကြိုတင်ပြင်ဆင်ထားပုံရတယ်၊ ခန္ဓာကိုယ်ကို ကျွယ်မင်နန်းတော်မှာ ထားခဲ့ပြီး ဝိညာဉ်မသေမျိုး အသွင်နဲ့ ဒီကို လာခဲ့တာ ဖြစ်လိမ့်မယ်"
အမျိုးသမီးက ဆက်ပြောသည်
"ငါ ယင်လောကထဲကို လိုက်ရှာကြည့်ဦးမယ်။ ဖမ်းမိရင်တော့ ကိစ္စမရှိပေမဲ့၊ ဖမ်းမမိရင်တော့ မင်းတို့ဘက်က သဲလွန်စတွေကို သေသေချာချာ ဖျက်ဆီးထားကြ။ အလုပ်ကို ပြတ်ပြတ်သားသား လုပ်ကြစမ်း"
"ဟုတ်ကဲ့ပါ..."
ယင်အငွေ့အသက်များ ဖုံးလွှမ်းနေသော မြူဖြူများကြားမှ သွယ်လျသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူမ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး လက်ထဲမှ ပိုးချည်မျှင်ပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာကာ အရပ်မျက်နှာ အနှံ့သို့ လျှပ်စီးကဲ့သို့ ပြန့်နှံ့သွားသည်။
ထိုဖြစ်စဉ်အတွင်း ပိုးချည်မျှင်များ၏ ထိုးဖောက်ခြင်းကို ခံရသော ယင်မိစ္ဆာများနှင့် ယင်မိစ္ဆာကြီးများသည် ချက်ချင်းပင် ရုပ်သေးရုပ်များကဲ့သို့ ကြောင်တောင်တောင် ဖြစ်သွားကြပြီး သူမ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။
"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အဝေးကြီးကို ဘယ်လိုလုပ် ပြေးနိုင်မှာလဲ "
ဖန့်ချန်တို့ သုံးဦး၏ သဲလွန်စကို ရှာမတွေ့သောအခါ အမျိုးသမီးက တိုးညင်းစွာ ရေရွတ်ရင်း သူမ၏ စွမ်းအားကို မြှင့်တင်ကာ ရှာဖွေမှုကို အားစိုက်လိုက်သည်။
ခဏတာအတွင်းမှာပင် သူမကို ဗဟိုပြု၍ ယင်မိစ္ဆာပေါင်း သောင်းနှင့်ချီကာ သူမ၏ ရုပ်သေးမျက်လုံးများ ဖြစ်သွားကြသည်။
ထိုစဉ် ဖန့်ချန်မှာမူ ယင်လောကငယ် ကို အသုံးပြုကာ ထျန်းရှန်းဂိုဏ်းနှင့် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
အဆင့် ၈ ရှေးဟောင်းမသေမျိုး ဖြစ်နေပါစေ၊ ခန္ဓာကိုယ်နှင့်တကွ ယင်လောကသို့ ကူးပြောင်းနိုင်စွမ်း မရှိသရွေ့ သူ့ကို လိုက်မီရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
သူသည် နယ်နိမိတ်ဘူးသီး ထဲမှ စီနီယာအစ်မကြီး၊ ကြာနီနတ်မိမယ်နှင့် ဟွမ်ဝူကျိ တို့ကို ထုတ်လွှတ်လိုက်သည်။
ပထမဆုံး နှစ်ယောက်က ဟွမ်ဝူကျိကို စိုက်ကြည့်နေကြပြီး ဟွမ်ဝူကျိကမူ အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ဖန့်ချန်ကို ခိုးကြည့်နေသည်။
"ဘာလို့ ဒီလူနှစ်ယောက်ကိုပါ ဘူးသီးထဲ ရုတ်တရက် ပစ်ထည့်လိုက်တာလဲ"
ဆိုသည့် အကြည့်မျိုး ဖြစ်သည်။
ပတ်ဝန်းကျင်မှာ ဘေးကင်းပြီး ရှေးဟောင်းမသေမျိုး၏ အငွေ့အသက်များ မရှိတော့ကြောင်း အတည်ပြုပြီးနောက် စီနီယာအစ်မကြီးက ကြာနီနတ်မိမယ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ဟုန်ညီမလေး... မင်း ဟိုဘက်ကို ခဏ သွားနေပေးပါဦး၊ ငါ ဖန့်မောင်လေးကို မေးစရာလေး ရှိလို့"
ကြာနီနတ်မိမယ်မှာ သံသယအချို့ ရှိနေသော်လည်း ယခုအချိန်တွင် မမေးမြန်းရန် ဆုံးဖြတ်ကာ ခေါင်းညိတ်ပြပြီး ဘေးသို့ ရှောင်ပေးလိုက်သည်။
"မင်းလည်း ဟိုဘက်သွားနေ"
စီနီယာအစ်မကြီးက ဟွမ်ဝူကျိ လှုပ်လှုပ်ရှားရှား မရှိသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်သည်
"အဆင့် ၄ မသေမျိုးလေး၊ မင်း ဖန့်မောင်လေးဘေးမှာ နေနေတော့ရော ဘာထူးမှာလဲ "
ဟွမ်ဝူကျိက ဖန့်ချန်ကို ကြည့်လိုက်ရာ ဖန့်ချန်က ခေါင်းညိတ်ပြသဖြင့် သူလည်း ဘေးသို့ ထွက်သွားသည်။
နောက်တစ်ခဏတွင် စီနီယာအစ်မကြီးက လက်ကို အသာဝှေ့ယမ်းလိုက်ရာ အကာအကွယ် အစီရင်တစ်ခု ဖြစ်ပေါ်လာပြီး အသံနှင့် ပုံရိပ်တို့ကို ဖြတ်တောက်လိုက်သည်။
ကြာနီနတ်မိမယ်နှင့် ဟွမ်ဝူကျိတို့မှာ အထဲတွင် ဘာဖြစ်နေသည်ကို မမြင်ရတော့ပေ။
"မင်းရဲ့ ဒီဘူးသီးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ အထဲက ဓာတ်ငါးပါး စွမ်းအားတွေက ငါနဲ့ တော်တော် ရင်းနှီးနေသလိုပဲ၊ ဟိုတုန်းက ဝူရှန့်ငရဲ မှာ တွေ့ခဲ့ဖူးသလိုမျိုး"
စီနီယာအစ်မကြီးက ဖန့်ချန်ကို ပြုံးစစဖြင့် စိုက်ကြည့်နေသည်။
ဖန့်ချန်ကမူ ဘာမှမသိဟန်ဖြင့်
"ဒါက ဝမ်စီနီယာက ကျနော့်ကို ပေးထားတာပါ "
"ဟင် "
စီနီယာအစ်မကြီး၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့ကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာသည်
"နင် ခုထိ လိမ်နေတုန်းလား နင်ကိုယ်တိုင်က နင်ပြောတဲ့ ဝမ်စီနီယာ မဟုတ်ဘူးလား နင့် မှာ မည်သူမည်ဝါဖြစ်ကြောင်း ပြစရာ ဘယ်နှစ်ခုတောင် ရှိတာလဲ "
"စီနီယာအစ်မကြီး... အထင်မှားနေပါပြီ "
ဖန့်ချန်က သက်ပြင်းအသာချလိုက်သည်
"ဒီနယ်နိမိတ်ဘူးသီးက တကယ်ပဲ ဝမ်ချုံစန်း ဝမ်စီနီယာရဲ့ ပစ္စည်းပါ"
"နင် ဒီပန်းလေးကို ကြည့်ပြီး ပြန်ပြောစမ်း"
စီနီယာအစ်မကြီးက ထူးဆန်းသော ပန်းတစ်ပွင့်ကို ထုတ်ယူလိုက်သည်
"ဒါကို မှန်ထဲကပန်း လို့ ခေါ်တယ်။ နင်ပြောတာ မှန်ရင် ပန်းရနံ့ ထွက်လာလိမ့်မယ်၊ လိမ်နေတာဆိုရင်တော့ ညှိုးနွမ်းသွားလိမ့်မယ်"
ဖန့်ချန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ဒီနယ်နိမိတ်ဘူးသီးက တကယ်ပဲ ဝမ်ချုံစန်း ဝမ်စီနီယာရဲ့ ပစ္စည်းပါ"
မှန်ထဲကပန်းမှ ပန်းရနံ့များ သင်းပျံ့လာသည်။
စီနီယာအစ်မကြီး၏ မျက်နှာမှာ အနည်းငယ် ကြည်လင်သွားသည်။
အနည်းဆုံးတော့ ဝူရှန့်ငရဲမှာ တွေ့ခဲ့တဲ့လူဟာ ဝမ်ချုံစန်းရဲ့ ကိုယ်ပွား အမှန်ပဲလို့ သူမ အတည်ပြုနိုင်သွားသည်။
"နင်က ဝမ်ချုံစန်း မဟုတ်ဘူးပေါ့ "
"မဟုတ်ပါဘူး"
မှန်ထဲကပန်းမှာ ပန်းရနံ့ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။
"ဒီနေရာက ဘယ်နေရာလဲ "
"ကျနော်လည်း မသိဘူး "
ထိုစဉ် မှန်ထဲကပန်းက ညှိုးနွမ်းစပြုလာသည်။
ဖန့်ချန်၏ မျက်နှာထား ပြောင်းလဲသွားစဉ် စီနီယာအစ်မကြီးက
"နင်နဲ့ မဆိုင်ပါဘူး၊ ဒီပန်းက အကြိမ်ရေ ကန့်သတ်ချက် ရှိတယ်။ ငါ အရင်က အကြိမ်အနည်းငယ် သုံးထားဖူးလို့ အခုက ပုံမှန်အတိုင်း ညှိုးသွားတာ"
စီနီယာအစ်မကြီးက နှမြောတသဟန်ဖြင့် ပန်းကို လွှင့်ပစ်လိုက်ကာ အေးဆေးစွာ ဆိုသည်
"ဒီနယ်နိမိတ်ဘူးသီးက လူအရှင်တွေကို ထည့်လို့ရတာပဲ။ နင် ဒါကိုသုံးပြီး ငါတို့ကို ထည့်သွင်းခဲ့တာလား၊ ပြီးတော့မှ ကိုယ်ယောင်ဖျောက် ပညာတစ်ခုခုနဲ့ ရှေးဟောင်းမသေမျိုးတွေရဲ့ ကွန်ရက်ထဲကနေ ထွက်ပြေးခဲ့တာလား "
"မှန်ပါတယ် ဒီကိုယ်ယောင်ဖျောက် ပညာကလည်း ကျနော့်ရဲ့ ကိုယ်ပိုင်အရည်အချင်း မဟုတ်ပါဘူး၊ ဝမ်စီနီယာ ပေးထားတာပါ။ ဝမ်စီနီယာက ကျနော့်အပေါ် ဘာလို့ ဒီလောက် ကောင်းနေလဲဆိုတာ ကျနော်လည်း မသိပါဘူး။ တကယ်တော့ ဒါကို ကိုယ့်အသက်ဘေးအတွက် သုံးဖို့ သိမ်းထားတာပါ..."
ဖန့်ချန်က ဝမ်းနည်းသလိုလို၊ ကျေးဇူးတင်သလိုလို အမူအရာဖြင့် ပြောလိုက်သည်။
စီနီယာအစ်မကြီး၏ အကြည့်များမှာ ပျော့ပျောင်းသွားပြီး ပြုံး၍ ဆိုသည်။
"မင်းမှာ ပါရမီရှိတာပဲ၊ ပြီးတော့ အောက်နယ်မြေခြောက်ခုက လာတာဆိုတော့... သူက မင်းကို မြင်ရင် အရင်က သူ့ကိုယ်သူ ပြန်မြင်နေသလိုမျိုး ခံစားရလို့ တိတ်တဆိတ် ကူညီပေးခဲ့တာ နေမှာပေါ့။ ဝမ်ချုံစန်းဆီမှာ တခြားဘာမှ မရှိရင်တောင် ငါမသိတဲ့ လျှို့ဝှက်နည်းလမ်းတွေကတော့ အများကြီးပဲ"
သူမ၏ စိတ်ထဲတွင်တော့ စကားတစ်ခွန်းကို မြိုသိပ်ထားလိုက်သည်။
ဝမ်ချုံစန်းက ထိုနည်းလမ်းကို ဖန့်ချန်ကို ပေးခဲ့ခြင်းမှာ ထိုနေရာတွင် အန္တရာယ်ရှိနိုင်သည်ကို ကြိုသိနေသဖြင့် ဖန့်ချန်၏ လက်မှတစ်ဆင့် သူမကို ကယ်တင်ရန် ဖြစ်လိမ့်မည်ဟု သူမ တွေးနေမိသည်။
ထိုသို့ တွေးမိသောအခါ စီနီယာအစ်မကြီး၏ မျက်ဝန်းများမှာ ပို၍ နူးညံ့လာပြီး ချိုသာသော အပြုံးလေးပင် ပေါ်လာသည်။
သို့သော် ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အပြုံးများ ပျောက်ကွယ်သွားကာ အေးဆေးစွာ မေးလိုက်သည်။
"ခုနက နင် ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ "
"ဝမ်စီနီယာက ပြောတယ်..တကယ်လို့ အန္တရာယ် တစ်ခုခု ကြုံခဲ့ရင် ဒီလိုခေါ်မှ စီနီယာအစ်မကြီးရဲ့ ယုံကြည်မှုကို ရလိမ့်မယ်တဲ့"
"အော်"
သူမ၏ မျက်ဝန်းများမှာ ပြန်လည် ကြည်လင်တောက်ပလာပြီး စိတ်ကြည်လင်သွားသဖြင့် ဖန့်ချန်ကို ကြည့်ရသည်မှာလည်း အလွန်ပင် မျက်စိပသာဒ ဖြစ်လာသည်။
"ဒါဆိုရင် မင်းကလည်း သူ့ရဲ့ တပည့်တစ်ယောက်လို့ ပြောလို့ရတာပေါ့။ သူက မင်းကို တရားဝင် တပည့်အဖြစ် မလက်ခံခဲ့ရင်တောင် အမည်ခံတပည့် တစ်ယောက်တော့ ဖြစ်နေပြီ။ ဒီတစ်ခေါက် မင်းက ငါ့ကို ဘေးဒုက္ခကနေ ကယ်တင်ပေးခဲ့တာဆိုတော့ ကျွယ်မင်နန်းတော်ကို ပြန်ရောက်ရင် မင်းအတွက် ဂုဏ်ထူးအမှတ် တစ်ခု ငါ ချီးမြှင့်ပေးမယ်"
သူမက ခေတ္တရပ်ကာ
"နယ်နိမိတ်ဘူးသီးထဲမှာ အဆင့် ၄ မသေမျိုး တစ်ယောက် ရှိနေတာရယ်၊ သူက မင်းကို ခေါင်းဆောင်လို့ သတ်မှတ်ထားတာရယ်ကိုတော့ ငါ အများကြီး မမေးတော့ပါဘူး။ မင်းက အထက်နယ်မြေ သုံးခုကို လာနိုင်သလို ပါရမီလည်း ဒီလောက်ရှိနေတော့ နောက်ခံကတော့ သေးမှာ မဟုတ်ဘူး။ ဒီလူက မင်းရဲ့ နောက်ကွယ်က လူကြီးတွေ စီစဉ်ပေးထားတဲ့ ကိုယ်ရံတော် ဖြစ်လိမ့်မယ်။ သူက အထက်နယ်မြေမှာ အထောက်အထား မရှင်းလင်းလို့ မင်းက ဘူးသီးနဲ့ သယ်လာတာ ဖြစ်မှာပါ။ ကျွယ်မင်နန်းတော် ပြန်ရောက်ရင် သူ့ကို အမည်စာရင်း သွင်းပေးလိုက်မယ်၊ သူလည်း မင်းလိုပဲ ကျွယ်မင်ကျင့်ကြံသူ တစ်ယောက် ဖြစ်လာတာပေါ့"
အခန်း (၁၄၃၈) - ဟန်ဆောင်သေဆုံးခြင်း
ဖန့်ချန်သည် ဝမ်ချုံစန်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချကာ ထိုစီနီယာအစ်မကြီးကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ရလဒ်မှာ သူထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေခဲ့သည်။
၎င်းမှာ မမျှော်လင့်ဘဲ ရရှိလာသော ဝမ်းမြောက်စရာ သတင်းပင် ဖြစ်သည်။
“ကျွယ်မင်နန်းတော်ထဲမှာ ဒီတစ်ခေါက် တကယ်ပဲ သစ္စာဖောက် ရှိနေတာပဲ... အကြီးအကဲများကောင်စီ ထဲမှာတောင် သူတို့လူတွေ ပါနေနိုင်တယ်”
စီနီယာအစ်မကြီးသည် တည်ကြည်ဖြတ်လတ်သော သူမ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်
“အထက်နယ်မြေ သုံးခုမှာဆိုရင် ငါ့လက်ထဲမှာ မသေမျိုးလှေ အစီရင်ဗဟိုချက် ရှိနေတာကြောင့် အဆင့် ၈ ရှေးဟောင်းမသေမျိုး လွှတ်ရင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ သူတို့သိတယ်။ အဆင့် ၉ မသေမျိုးက လှုပ်ရှားဖို့ ကြိုးစားမယ်ဆိုရင်လည်း နန်းတော်သခင်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး”
“ဒါကြောင့်ပဲ သူတို့က အဲဒီကိစ္စကို အသုံးချပြီး ငါ့ကို အောက်နယ်မြေ ခြောက်ခုဆီ ရောက်လာအောင် လှည့်စားခဲ့ကြတာ။ ခုနကသာ မင်း သတိမပေးခဲ့ရင် ငါ တကယ်ပဲ ထောင်ချောက်ထဲ မိသွားနိုင်တယ်။ အဲဒီ အဆင့် ၇ ရှေးဟောင်းမသေမျိုး နှစ်ယောက်ရဲ့ အနီးအနားမှာ အဆင့် ၈ တစ်ယောက်ကလည်း တိတ်တဆိတ် ချောင်းမြောင်းနေမှာ အသေအချာပဲ။ ကံကောင်းတာက တစ်ဖက်လူက သဘာဝအရ သံသယများပြီး ကျွယ်မင်နန်းတော်က နောက်ထပ် အစီအစဉ်တွေ ရှိနေမလား၊ ငါကပဲ ဒီကိစ္စကို လုံးဝမယုံဘဲ ကြိုတင်ပြင်ဆင်ထားမလားဆိုပြီး ကြောက်နေလို့သာ ငါတို့ ထွက်ပြေးဖို့ အချိန်ရခဲ့တာ”
“ဒါမှမဟုတ်ရင်... ဝမ်ချုံစန်း ပေးထားတဲ့ ဒီနည်းလမ်းတွေ ရှိနေရင်တောင် ဒီတစ်ခေါက် ငါတို့ အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်”
“စီနီယာအစ်မကြီး... ကျုပ်တို့ အမြန်ဆုံး ပြန်သင့်တယ်။ ကြန့်ကြာနေရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်”
ဟု ဖန့်ချန်က သတိပေးလိုက်သည်။
“ပြန်တော့ ပြန်ရမယ်... ဒါပေမဲ့ ဒီအတိုင်းတော့ ပြန်လို့မဖြစ်ဘူး။ သူတို့က ကစားချင်နေမှတော့ ငါလည်း သူတို့နဲ့ အတူတူ ကစားပေးရမှာပေါ့။ ဘယ်သူက လူလဲ၊ ဘယ်သူက သရဲလဲဆိုတာ အဲဒီကျရင် ကြည့်ကြသေးတာပေါ့”
စီနီယာအစ်မကြီးသည် အကာအကွယ် အစီရင်ကို ရုပ်သိမ်းလိုက်ပြီး ကြာနီနတ်မိမယ်ကို ခေါ်ကာ သူမ၏ အကြံအစည်ကို ပြောပြလိုက်သည်။
ကြာနီနတ်မိမယ်၏ မျက်နှာထားမှာ ထူးဆန်းသွားပြီး ဖန့်ချန်ဘက်သို့ လှည့်ကြည့်သည်။
ဖန့်ချန်ကမူ
“တကယ်လို့ စီနီယာအစ်မကြီးက ဒီအစီအစဉ်က ဖြစ်နိုင်တယ်လို့ ယူဆရင် စမ်းကြည့်တာလည်း မဆိုးပါဘူး။ တစ်ဖက်လူက ဒါက အတုမှန်း သိနေရင်တောင် အမှန်လား၊ အတုလားဆိုတာ လာပြီး စုံစမ်းချင်စိတ်ကို ထိန်းနိုင်မှာ မဟုတ်ဘူး”
အထက်နယ်မြေ သုံးခု၊ စိတ်ဝိညာဥ်နယ်မြေ
လင်းကွေ့ကြယ်တာရာ
ကြာနီနတ်မိမယ်၏ နဂါးနက်လှေပေါ်တွင် ရေခဲခေါင်းတလား တစ်ခုကို တင်ဆောင်ထားပြီး ထိုအထဲတွင် လဲလျောင်းနေသူမှာ စီနီယာအစ်မကြီးပင် ဖြစ်သည်။
“စီနီယာအစ်မကြီးရဲ့ ဒီလို ဟန်ဆောင်သေဆုံးတဲ့ နည်းလမ်းက ကျွယ်မင်နန်းတော်ထဲက အသက်မီးအိမ် ကိုတောင် လှည့်စားနိုင်တယ်။ အသက်မီးအိမ် ငြိမ်းသွားတာနဲ့ အကြီးအကဲများကောင်စီက စီနီယာအစ်မကြီးရဲ့ အလောင်းရှိရာကို လိုက်ရှာလိမ့်မယ်။ အဲဒီကျရင် တစ်စုံတစ်ယောက် ရောက်လာမှာပဲ”
ကြာနီနတ်မိမယ်သည် ရေခဲခေါင်းတလားကို တစ်ချက်ကြည့်ကာ မနီးမဝေးတွင်ရှိသော ဟွမ်ဝူကျိကိုလည်း ကြည့်လိုက်သည်။
ထို့နောက် ဖန့်ချန်ဘက်သို့ အကြည့်ပို့ကာ လျှို့ဝှက်အသံလွှင့်လိုက်သည်။
“ဖန့်မိတ်ဆွေ... ခုနက စီနီယာအစ်မကြီးနဲ့ ဘာတွေ ပြောခဲ့ကြတာလဲ ကျမတို့ကို အန္တရာယ်ကနေ ဘယ်လိုနည်းလမ်းနဲ့ ကယ်ထုတ်ခဲ့တာလဲ ”
“တကယ်တော့ စီနီယာအစ်မကြီးနဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေဟောင်း တစ်ယောက်ရှိတယ်။ သူက ဒီကိစ္စမှာ တစ်ခုခု ထူးခြားနေတာကို ကြိုသိနေပုံရလို့ ကျုပ်ဆီမှာ အစီအစဉ်တွေ ကြိုတင်လုပ်ပေးထားတာပါ။ ကျုပ်ရဲ့လက်ကတစ်ဆင့် ဒီထောင်ချောက်ကို ဖျက်ဆီးခိုင်းလိုက်တာပဲ”
ဖန့်ချန်က ပြုံးလျက်
“ဒီကိစ္စကတော့ သူ့အတွက် လျှို့ဝှက်ထားပေးရမှာမို့ အသေးစိတ်တော့ ပြောလို့မရဘူးဗျ”
ကြာနီနတ်မိမယ်က အသာအယာ ခေါင်းညိတ်ပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
တစ်ချိန်တည်းမှာပင်...
ကျွယ်မင်ကြယ်တာရာ
တားမြစ်အစီရင်များ ဖုံးလွှမ်းထားပြီး တံခါးဝတွင် ကျောက်ရုပ်ရုပ်သေးများ စောင့်ကြပ်နေသည့် နန်းဆောင်ကြီးတစ်ခု အတွင်း၌ အမာခံတပည့် ပေါင်းတစ်ထောင်ကျော်၏ အသက်မီးအိမ်များကို အသီးသီး အမည်တပ်ကာ စီတန်းထားရှိသည်။
အဆင့်ဆင့်သော မီးအိမ်များ၏ အထက်ဆုံးတွင် အလွန်ထူးခြားသော မီးအိမ်တစ်လုံးမှာ စိမ်းဖန့်ဖန့် မီးတောက်ဖြင့် တလက်လက် တောက်ပနေသည်။
ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားသလိုမျိုး ထိုမီးအိမ်မှာ ချက်ချင်းပင် ငြိမ်းသွားတော့သည်။
ဆက်တိုက်ဆိုသလိုပင် နန်းဆောင်အတွင်း၌ နားကွဲမတတ် ပြင်းထန်သော ခေါင်းလောင်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဖိုးအိုတစ်ဦးသည် နန်းဆောင်အတွင်းသို့ ရောက်ရှိလာပြီး အမြင့်ဆုံးအဆင့်ရှိ ငြိမ်းသွားသော မီးအိမ်ကို စိုက်ကြည့်လိုက်သည်။
ထိုမီးအိမ်ပေါ်တွင် စာလုံးကြီး သုံးလုံး ရှိနေသည်
ရှဲ့အမန်
“အမန်ရဲ့ အသက်မီးအိမ်... ဘယ်လိုဖြစ်ပြီး ရုတ်တရက် ငြိမ်းသွားရတာလဲ...”
အဖိုးအိုက တိုးညင်းစွာ ရေရွတ်လိုက်ရာ သူ၏ မျက်ဝန်းများတွင် မိုးကြိုးမုန်တိုင်းများ လှုပ်ခတ်နေသကဲ့သို့ပင်။
နောက်တစ်ခဏတွင် သူက ဝတ်ရုံစကို ဝှေ့ယမ်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင် သေဆုံးသွားပြီ အသက်ရှင်နေသေးတဲ့သူမှန်သမျှ ငါ့ဆီကို အခုချက်ချင်း လာခဲ့ကြစမ်း ”
ထိုအသံမှာ တောင်တန်းအထပ်ထပ်ကို ဖြတ်ကျော်ကာ ဟိန်းထွက်သွားပြီး ကျွယ်မင်ကြယ်ပေါ်ရှိ အမာခံတပည့်များ၏ ကျင့်ကြံရာ နေရာတိုင်းတွင် ပဲ့တင်ထပ်သွားသည်။
အချို့မှာ အံ့အားသင့်သွားကြသည်။
အချို့မှာ မယုံကြည်နိုင် ဖြစ်သွားကြသည်။
အချို့မှာ မျက်နှာထား လေးနက်သွားကြသည်။
အချို့မှာမူ တစ်စုံတစ်ခုကို တွေးတောနေကြသည်။
မကြာမီမှာပင် အမာခံတပည့်များသည် နန်းဆောင်ရှေ့သို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
အဆင့် ၁ မသေမျိုးမှသည် အဆင့် ၆ မသေမျိုးအထိ အသီးသီး ပါဝင်သည်။
စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရောက်လာကြပြီး ကျန်သည့် သုံးပုံနှစ်ပုံမှာ အပြင်ဘက်တွင် ရောက်နေကြခြင်း သို့မဟုတ် ရှေးဟောင်းတားမြစ်နယ်မြေများအတွင်း ရောက်နေကြခြင်း ဖြစ်သည်။
ကျွယ်မင်ယင်လောကသို့ပင် လူလွှတ်ကာ အကြောင်းကြားထားပြီးဖြစ်သည်။
“အကြီးအကဲ ချန် .. ဘာတွေဖြစ်ကုန်တာလဲ စီနီယာအစ်မကြီးရဲ့ အသက်မီးအိမ်က ဘယ်လိုလုပ် ငြိမ်းသွားရတာလဲ”
စီနီယာအစ်မကြီး၏ နောက်လိုက် အမာခံတပည့်အချို့မှာ အဖိုးအို နန်းဆောင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးမြန်းကြသည်။
အကြီးအကဲချန်က ဘာမှပြန်မပြောဘဲ တည်တင်းသော မျက်နှာဖြင့် ရှေ့ရှိ အမာခံတပည့်များ၏ မျက်နှာကို တစ်ဦးချင်း လိုက်လံစစ်ဆေးကြည့်ရှုနေသည်။
လီရှမ်းဇီနှင့် နန်မင်ရုယွဲ့ တို့သည်လည်း လူအုပ်ကြားတွင် ရပ်နေကြပြီး မှင်သက်အံ့ဩနေသလို မျက်နှာထားမှာလည်း အလွန်လေးနက်နေသည်။
“ဒီနေရာက မင်းတို့ ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး၊ အခုချက်ချင်း ပြန်ကြစမ်း”
ပြင်ပမှ ဆူညံသံအချို့ ထွက်ပေါ်လာသည်။
အကြီးအကဲချန်က အေးစက်စွာ နှာခေါင်းရှုံ့လျက်
“သူတို့ကို ဝင်ခိုင်းလိုက်”
ထို့နောက် တိုက်ပွဲတစ်ရာမသေမျိုးသည် လူတစ်စုနှင့်အတူ တိုးဝင်လာသည်။
သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး အကြီးအကဲချန်၏ ရှေ့သို့ အမြန်လျှောက်လာကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
“မျိုးဆက်သစ်က အကြီးအကဲချန်ကို ဂါရဝပြုပါတယ်”
အားလုံး၏ အကြည့်များသည် တိုက်ပွဲတစ်ရာမသေမျိုး ထံသို့ စုပြုံကျရောက်သွားသည်။
သူသည် ကျွယ်မင်နန်းတော်အတွင်း၌ သာမန်အမာခံတပည့်များထက် မနိမ့်ကျသော နာမည်ဂုဏ်သတင်း ရှိသူဖြစ်သည်။
သူသည် အမာခံတပည့် မဟုတ်သော်လည်း အဆင့် ၆ မသေမျိုးများထဲတွင် ထိပ်တန်းမှ ဖြစ်ပြီး စီနီယာအစ်မကြီး၏ နတ်တံဆိပ် နယ်မြေရှာဖွေရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။
နတ်တံဆိပ်အဖွဲ့ စတင်တည်ထောင်ချိန်မှ ယခုအထိ တိုက်ပွဲတစ်ရာမသေမျိုး မှာ အမြဲရှိနေခဲ့ပြီး စီနီယာအစ်မကြီးအတွက် ရှေးဟောင်းတားမြစ်နယ်မြေ ပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ပေးခဲ့ကာ စစ်မှုထမ်းကောင်းမှုများစွာဖြင့် ယခု အဆင့် ၆ သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူသည် မသေမျိုးလှေအစီရင်ဗဟိုချက်နှင့် ပဋိညာဉ် မပြုနိုင်သဖြင့် အမာခံတပည့် မဖြစ်ခဲ့သော်လည်း၊ နောင်တွင် မသေမျိုးစားရင်းဝင်ခွင့် ရရှိကာ ရှေးဟောင်းမသေမျိုးအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး အလွန်ကြီးမားသူဖြစ်သည်။
ထိုအဆင့်တွင် သူသည် အမာခံတပည့် မဟုတ်သော်လည်း အမာခံတပည့်များကဲ့သို့ပင် ရိုသေမှု ခံရပြီး ကျွယ်မင်နန်းတော်အတွင်း ရာထူးမှာလည်း အမာခံတပည့်များနှင့် တန်းတူပင် ဖြစ်သည်။
“ပြောစမ်း... မင်း ဘာလို့ သူမဘေးမှာ လိုက်မသွားတာလဲ”
အကြီးအကဲချန်က တည်ငြိမ်စွာ မေးလိုက်သော်လည်း သူ၏ အကြည့်မှာ လျှပ်စီးကဲ့သို့ စူးရှလှသဖြင့် အကြည့်ခံရသူ ကျင့်ကြံသူတိုင်း စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။
တိုက်ပွဲတစ်ရာမသေမျိုး၏ မျက်နှာမှာ ဖြူလျော့သွားသည်
“စီနီယာအစ်မကြီး ဒီတစ်ခေါက် လင်းကွေကြယ်တာရာကို သွားတုန်းက ကျနော် တို့ လိုက်ပါခဲ့ပါတယ်။ ဒါပေမဲ့ သူမက အောက်နယ်မြေ ခြောက်ခုကို ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု သွားလုပ်စရာ ရှိတယ်ဆိုပြီး ကျနော်တို့ကို လိုက်ခွင့်မပြုခဲ့ပါဘူး။ ကျနော်တို့လည်း သူမရဲ့ အမိန့်ကို မဖီဆန်ရဲခဲ့လို့ပါ”
“ကိုယ်ရေးကိုယ်တာ ကိစ္စ သူမ အောက်နယ်မြေ ခြောက်ခုကို သွားမယ့် သတင်းကို မင်းတို့ပဲ သိတာလား ”
အကြီးအကဲချန်က မေးသည်။
“ဒီလိုပဲ ဖြစ်ရပါမယ်”
တိုက်ပွဲတစ်ရာမသေမျိုး က ခဏတာ မှင်သက်သွားပြီးနောက် ခေါင်းညိတ်ပြသည်။
“ဖမ်းဆီးလိုက်”
အကြီးအကဲချန်က အေးဆေးစွာ အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် အမာခံတပည့်အချို့က တိုက်ပွဲတစ်ရာမသေမျိုး နှင့် လူစုကို ဖမ်းဆီးလိုက်ကြသည်။
သူတို့မှာ ဒေါသထွက်ပြီး စိတ်မကောင်း ဖြစ်နေကြသော်လည်း ပြန်လည်ခုခံခြင်း မပြုဘဲ အဖမ်းခံလိုက်ကြသည်။
“အကြီးအကဲချန်... စီနီယာအစ်မကြီးရဲ့ အသက်မီးအိမ်က တကယ်ပဲ ငြိမ်းသွားတာလား ”
တိုက်ပွဲတစ်ရာမသေမျိုး မှာ ထိုကဲ့သို့သော အမျိုးသမီးမျိုးသည် အောက်နယ်မြေ ခြောက်ခုမှာ အခုလို သေဆုံးသွားလိမ့်မည်ဟု ခုထိ မယုံကြည်နိုင်သေးပေ။
“အသက်မီးအိမ်ကတော့ တကယ် ငြိမ်းသွားတာပဲ။ သူမရဲ့ ဝိညာဉ်ဟာ ယင်လောကထဲကို ကူးပြောင်းနိုင်ခဲ့ဖို့ပဲ မျှော်လင့်ရမယ်။ ဒါပေမဲ့ အရင်က အတွေ့အကြုံတွေအရဆိုရင် အောက်နယ်မြေဘက်က ဝိညာဉ်တွေဟာ ယင်လောကငယ် ကိုပဲ သွားနိုင်တာ။ သူမကို ရှာပြီး အဖြစ်မှန်ကို မေးမြန်းနိုင်ဖို့ဆိုရင်တော့ အချိန်နည်းနည်း ထပ်ပေးရလိမ့်မယ်”
“အဖြစ်မှန်ကို မစုံစမ်းနိုင်ခင်အထိ မင်းတို့ကို ခေတ္တ ထိန်းသိမ်းထားမယ်။ တကယ်လို့ မင်းတို့ ဒီကိစ္စမှာ ပတ်သက်နေတာကို စစ်ဆေးတွေ့ရှိရင်တော့ ကျွယ်မင်ယင်လောက ကို သွားပြီး အပြစ်ပေးခံရလိမ့်မယ်”
အကြီးအကဲချန်က အေးစက်စက် ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် ရှေ့မှ အဆင့် ၆ မသေမျိုးသည်ပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်သည်။
အားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာထားများ ပို၍ လေးနက်လာကြသည်။
ကျွယ်မင်ယင်လောကတွင် အပြစ်ပေးခံရမည် ဆိုသည်မှာ လူသားလောကမှ သက်တမ်းကို အသိမ်းခံရမည်ဖြစ်ပြီး ဝိညာဉ်ဘဝဖြင့်သာ အပြစ်ဒဏ် ခံစားရမည် ဖြစ်သည်။
ထိုအရသာကို မည်သူမျှ မမြည်းစမ်းလိုကြပေ။
“အကြီးအကဲချန်... စီနီယာအစ်မကြီးရဲ့ ရုပ်အလောင်းက အခု ဘယ်နေရာမှာ ရှိနေတာလဲ”
ဟု လီရှမ်းဇီ က ရုတ်တရက် မေးမြန်းလိုက်သည်။
အားလုံး၏ အကြည့်များသည် အကြီးအကဲချန် ထံသို့ စုပြုံရောက်ရှိသွားကြသည်။
အသက်မီးအိမ်တွင် ရုပ်အလောင်း တည်ရှိရာနေရာကို ရှာဖွေနိုင်သည့် စွမ်းရည်ရှိသည်။
ရုပ်အလောင်းမှာ ပြာဖြစ်သွားခဲ့လျှင်ပင် နောက်ဆုံး တည်ရှိခဲ့သည့် နေရာကို ညွှန်ပြပေးနိုင်စွမ်း ရှိပေသည်။