← Chapters

အခန်း (၁၄၃၉-၁၄၄၀)

Vol. 144 Ch. 1439-1440

အခန်း (၁၄၃၉-၁၄၄၀)

Vol. 144 Ch. 1439-1440

အခန်း (၁၄၃၉) - အားလုံး စုံသွားပြီ

​“လူစုံမှ ပြောကြတာပေါ့”

​အကြီးအကဲချန်က လီရှမ်းဇီကို တစ်ချက်ကြည့်လိုက်ပြီး နန်မင်ရုယွဲ့ကိုလည်း ကြည့်ကာ မျက်ခုံးနား ကြုတ်လိုက်သည်။

“ကျန်တဲ့သူတွေကော မရှိကြဘူးလား သူတို့ကို အမြန် အသံလွှင့်ပြီး အကြောင်းကြားလိုက်ကြစမ်း။ ခေါင်းဆောင်ကြီး သေသွားပြီပဲ၊ သူတို့ ဘာအရေးကြီးတဲ့ အလုပ်တွေပဲ လုပ်နေနေ၊ တစ်ခေါက်တော့ ပြန်လာကြည့်သင့်တယ်”

​အမာခံတပည့်များမှာ အဓိပ္ပာယ်ကို နားလည်လိုက်ကြပြီး မိမိတို့ နောက်လိုက်နေသည့် ဆရာသခင်ကြီးများကို အသီးသီး စတင်ဆက်သွယ်လိုက်ကြသည်။

​အကြီးအကဲချန် ရည်ညွှန်းလိုက်သူများသည် လီရှမ်းဇီ၊ နန်မင်ရုယွဲ့တို့ကဲ့သို့ပင် မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။

​အမာခံတပည့်ချင်း တူညီသော်လည်း ထိုသူများကြားတွင် ကျော်ဖြတ်ရန် ခက်ခဲလှသော သိသာထင်ရှားသည့် စည်းခြားမျဉ်းတစ်ခု ရှိနေသည်။

မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူမှာ အမာခံတပည့် တစ်ထောင်ကျော်ထဲတွင် အလွန်နည်းပါးသော အရေအတွက်သာ ရှိပေသည်။

​ဥပမာ နံပါတ် ၁ ဖြစ်သော စီနီယာအစ်မကြီး။

ဥပမာ နံပါတ် ၅ ဖြစ်သော နန်မင်ရုယွဲ့။

​ယခင်က နံပါတ် ၇ အထိသာ ရှိခဲ့သော်လည်း ယခုအခါ လီရှမ်းဇီပါ ထိုစွမ်းအားကို အသုံးပြုနိုင်လာသဖြင့် သူသည် သဘာဝကျကျပင် နံပါတ် ၈ ဖြစ်လာခဲ့သည်။

​“အကြီးအကဲချန်... ဒီတစ်ခေါက် စီနီယာအစ်မကြီး အောက်နယ်မြေ ခြောက်ခုကို သွားတုန်းက အမာခံတပည့် ဟုန် ကိုလည်း ခေါ်သွားခဲ့တာပါ။ မသိလို့ မေးပါရစေ... အမာခံတပည့် ဟုန်ရဲ့ အသက်မီးအိမ်ကော ငြိမ်းသွားပြီလား ”

​တိုက်ပွဲတစ်ရာမသေမျိုးက ရုတ်တရက် မေးမြန်းလိုက်သည်။

​လီရှမ်းဇီနှင့် နန်မင်ရုယွဲ့တို့၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။

ကြာနီနတ်မိမယ် အမာခံတပည့် ဖြစ်လာသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

သူမပါ သေဆုံးသွားခဲ့ပြီလော

​“ဟုန်ကျိရဲ့ အသက်မီးအိမ်က မငြိမ်းသေးဘူး၊ ဆိုလိုတာက သူမ အသက်ရှင်နေသေးတာပဲ။ သူမနဲ့ တွေ့တဲ့အခါကျရင် ဒီကိစ္စရဲ့ အစအဆုံးကို သိရလိမ့်မယ်”

​အကြီးအကဲချန်၏ အသံမှာ အေးစက်လှသည်

“အမာခံတပည့်ခေါင်းဆောင် အောက်နယ်မြေမှာ သေဆုံးသွားတဲ့ သတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ရှေးဟောင်းတားမြစ်နယ်မြေတွေမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာလိမ့်မယ်။ မင်းတို့အားလုံး စစ်ပွဲအတွက် ပြင်ဆင်ထားကြ”

​“ဟုတ်ကဲ့ပါ ”

လူအုပ်ကြီး၏ မျက်နှာထားများမှာ ပို၍ လေးနက်လာကြသည်။

​ထိုအမာခံတပည့်ခေါင်းဆောင် မရှိတော့ဘဲ နောက်ပိုင်း ရှေးဟောင်းတားမြစ်နယ်မြေ လုပွဲများတွင် ကျွယ်မင်နန်းတော်မှာ အရေးနိမ့်သွားနိုင်ချေ ရှိသည်။

သူတို့ ပိုင်ဆိုင်ထားသော ရှေးဟောင်းတားမြစ်နယ်မြေ အခု ၂၀ ကျော်ထဲမှ ဘယ်နှစ်ခုကို ကာကွယ်နိုင်မည်နည်း ဆိုသည်မှာ မရေရာတော့ပေ။

​ခဏအကြာတွင် အဖိုးအိုအချို့ ဟင်းလင်ပြင်ကို ဖြတ်ကျော်ကာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး ထိုအထဲတွင် အကြီးအကဲကျန်း လည်း ပါဝင်သည်။

​နဂါးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားသော အဘွားအိုတစ်ဦး ရောက်လာပြီးနောက် ခပ်အက်အက် အသံဖြင့် ဆိုသည်။

“အကြီးအကဲချန်... ရှင် မျက်စိများ မှားနေတာလားအမာခံတပည့်ခေါင်းဆောင် အပြင်မှာ သေသွားတာ တကယ်ပဲလား ”

​“ကိုယ်တိုင် ဝင်ကြည့်လိုက်လေ”

ဟု အကြီးအကဲချန်က စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။

​အဘွားအိုနှင့် အခြားအကြီးအကဲများသည် နန်းဆောင်အတွင်းသို့ ဝင်သွားကြပြီး ခေတ္တအကြာတွင် ပြန်ထွက်လာကြရာ တစ်ဦးထက်တစ်ဦး မျက်နှာများမှာ ပို၍ ကြည့်မကောင်း ဖြစ်နေကြသည်။

​“ရုပ်အလောင်းက အခု ဘယ်မှာလဲ ”

“လင်းကွေ့ကြယ်တာရာ မှာ”

​ကျွယ်မင်နန်းတော်မှ ကျင့်ကြံသူများ လင်းကွေ့ကြယ်တာရာသို့ ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်သော်လည်း သူတို့၏ သတင်းစကားမှာမူ လင်းကွေ့ကြယ်တာရာရှိ ရှေးဟောင်းမသေမျိုး အချို့၏ နားထဲသို့ ဦးစွာ ရောက်ရှိသွားခဲ့သည်။

​ယနေ့တွင် ရှေးဟောင်းမသေမျိုး အချို့မှာ နဂါးနက်လှေပေါ်သို့ တက်ရောက်လာကြသည်။

သူတို့သည် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ အမာခံတပည့် စစ်ဆေးစဉ်က တွေ့ဆုံခဲ့ဖူးသည့် လင်းကွေ့ကြယ်တာရာ၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

​ထိုရှေးဟောင်းမသေမျိုး သုံးဦးမှာ ကြာနီနတ်မိမယ်နှင့် အားနာပါးနာ စကားမပြောနိုင်တော့ဘဲ စီနီယာအစ်မကြီး၏ ရုပ်အလောင်းထံသို့သာ အကြည့်များ ချက်ချင်း ရောက်သွားကြသည်။

​သူတို့၏ မျက်နှာများမှာ အလွန်ပင် လေးနက်သွားပြီး တစ်ဦးက ခေါင်းညိတ်ပြလိုက်သည်

“မှန်ပါတယ်... သက်စောင့်စွမ်းအား လုံးဝ မရှိတော့ဘူး”

​နောက်တစ်ဦးကမူ ဖန့်ချန်နှင့် ကြာနီနတ်မိမယ်ကို ကြည့်ကာ အဖြစ်အပျက် အသေးစိတ်ကို မေးမြန်းသည်။

​“စီနီယာ တို့.. ဒီကိစ္စက အကြီးအကဲတွေ ရောက်လာမှပဲ အသေးစိတ် ပြောပြလို့ ရပါလိမ့်မယ်”

ကြာနီနတ်မိမယ်က လက်အုပ်ချီကာ ပြောလိုက်သည်။

​ရှေးဟောင်းမသေမျိုး သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။

သူတို့၏ ဦးနှောက်ထဲတွင် ထိုကိစ္စကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုသာ စဉ်းစားနေကြသဖြင့် မျက်နှာထားများမှာ ပို၍ တည်တင်းလာသည်။

​ကြာနီနတ်မိမယ်နှင့် ဖန့်ချန်တို့မှာလည်း လင်းကွေ့ကြယ်တာရာမှ လာသူများ ဖြစ်ကြောင်း၊ ကြာနီနတ်မိမယ်မှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့် ဖြစ်သွားပြီ ဖြစ်ကြောင်း သိနေကြသော်လည်း ယခုအချိန်တွင်မူ သူတို့နှင့် စကားစမြည် ပြောဆိုရန် စိတ်ဆန္ဒ မရှိကြပေ။

​တိုင်ပင်ဆွေးနွေးပြီးနောက် တစ်ဦးက ကြာနီနတ်မိမယ်ကို

“ကျွယ်မင်နန်းတော် အကြီးအကဲတွေက ငါတို့ကို ဒီနေရာမှာ စောင့်ကြပ်ခိုင်းထားတယ်၊ ဒါကြောင့် ဒီအတောအတွင်း ငါတို့ သုံးယောက်လုံး ဒီမှာပဲ ရှိနေလိမ့်မယ်”

​“စီနီယာ သုံးပါးကို အားနာလိုက်တာရှင်”

“အားမနာပါနဲ့၊ ဒါက ငါတို့ လုပ်သင့်လုပ်ထိုက်တာပဲ”

​ခြောက်လခန့် ကြာပြီးနောက်...

နဂါးနက်လှေ အစင်းပေါင်းများစွာသည် ဟင်းလင်ပြင် မြာပြာကြီးထဲမှ ပေါ်ထွက်လာပြီး လင်းကွေ့ကြယ်တာရာ၏ လေဟာနယ်အတွင်းသို့ ရောက်ရှိလာကြသည်။

​အကြီးအကဲချန်သည် အခြားအကြီးအကဲ အနည်းငယ်နှင့် အမာခံတပည့် ရာနှင့်ချီကို ခေါ်ဆောင်ကာ ရေခဲခေါင်းတလား ရှေ့သို့ ချက်ချင်း ရောက်လာသည်။

​“သေသွားပြီ”

အကြီးအကဲချန်သည် စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် အလွန်အမင်း တည်တင်းသော မျက်နှာဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။

​အမာခံတပည့် ရာပေါင်းများစွာမှာ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

​တကယ်ပဲ သေသွားတာလား

ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင် စီနီယာအစ်မကြီးက အောက်နယ်မြေ ခြောက်ခုမှာပဲ ဒီလို သေဆုံးသွားတာလား

​အောက်နယ်မြေ ခြောက်ခုမှာ အဆင့် ၈ ရှေးဟောင်းမသေမျိုးများ ရှိနေခဲ့သည်လော

သူတို့၏ အမြင်အရဆိုလျှင် အဆင့် ၈ ရှေးဟောင်းမသေမျိုး ကိုယ်တိုင် မလှုပ်ရှားသရွေ့ သာမန် အဆင့် ၇ ရှေးဟောင်းမသေမျိုးများ စုပေါင်း တိုက်ခိုက်လျှင်ပင် ထိုစီနီယာအစ်မကြီး၏ အသက်ကို အလွယ်တကူ ယူနိုင်လိမ့်မည် မဟုတ်ပေ။

​လီရှမ်းဇီသည် ကြာနီနတ်မိမယ်နှင့် ဖန့်ချန်တို့ နှစ်ဦးထံသို့ ချက်ချင်း အကြည့်ပို့လိုက်သည်။

နန်မင်ရုယွဲ့၊ ကျိရှန့် နှင့် အခြားသူများသည်လည်း ထိုနှစ်ဦးကို အကဲခတ်နေကြပြီး သူတို့၏ မျက်လုံးများတွင် တွေးတောနေသော အရိပ်အယောင်များ ပေါ်နေသည်။

​“ဟုန်ကျိ... ငါ့နာမည်က ချန် ပါ၊ အရင်က ငါတို့ တစ်ခေါက် တွေ့ဖူးတယ်၊ မှတ်မိသေးရဲ့လား ”

အကြီးအကဲချန်က ကြာနီနတ်မိမယ်ကို ကြည့်ကာ မေးသည်။

​“မျိုးဆက်သစ်က အကြီးအကဲချန်ကို ဂါရဝပြုပါတယ်ရှင်”

ကြာနီနတ်မိမယ်က လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

​“မင်း ပြောစမ်း... ဒီတစ်ခေါက် ဘာတွေ ကြုံခဲ့ရတာလဲ ဘာလို့ သူမက အောက်နယ်မြေမှာ အသက်ဆုံးရှုံးခဲ့ရတာလဲ အသေးစိတ် တစ်ခုမှ မကျန်အောင် အစအဆုံး တင်ပြစမ်း”

အကြီးအကဲချန်က ဆိုသည်။

​ကြာနီနတ်မိမယ်သည် စီနီယာအစ်မကြီး သင်ပေးထားသည့်အတိုင်း ထိုကိစ္စကို အစအဆုံး ပြန်လည် ပြောပြလိုက်သည်။

သူတို့ ဘယ်လို အသက်ရှင်ခဲ့သလဲ ဆိုသည့် မေးခွန်းအတွက်မူ စီနီယာအစ်မကြီး သေခါနီးအချိန်တွင် သူတို့ကို ထောင်ချောက်အတွင်းမှ ခေါ်ထုတ်ကာ အထက်နယ်မြေ သုံးခုသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြလိုက်သည်။

​“မင်း ဆိုလိုတာက သူမဟာ ပစ္စည်းတစ်ခုကို သွားရှာတာ၊ တစ်စုံတစ်ယောက်က အဲဒါကို ငါးစာအဖြစ် သုံးပြီး သူမကို ထောင်ချောက်ထဲ ဆွဲသွင်းခဲ့တာပေါ့ ဟုတ်လား ”

​အကြီးအကဲချန်တို့ တစ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စီနီယာအစ်မကြီး ရှာနေသည့် ပစ္စည်းမှာ ဘာလဲဆိုသည်ကို ခန့်မှန်းမိသွားပုံရသည်။

အကြီးအကဲ အနည်းငယ်၏ အကြည့်များသည် အမာခံတပည့် အချို့၏ မျက်နှာပေါ်သို့ မသိမသာ ဝဲကျသွားသည်။

​ထိုလျှို့ဝှက်ချက်ကို သိရှိသူမှာ လူနည်းစုသာ ရှိပေသည်။

​“စီနီယာ သုံးပါး... ဒီအတောအတွင်း ဘာတွေ ထူးခြားတာ တွေ့ခဲ့သေးလဲ ”

အကြီးအကဲချန်က လင်းကွေ့ကြယ်တာရာမှ ရှေးဟောင်းမသေမျိုး သုံးဦးကို လှည့်မေးသည်။

​ရှေးဟောင်းမသေမျိုး အဆင့်ချင်း တူသော်လည်း ထိုသုံးဦးမှာ အကြီးအကဲချန်၏ ရှေ့တွင် အဆင့်တူသဖွယ် မနေရဲဘဲ အလွန်ပင် ရိုသေကိုင်းညွတ်နေကြသည်။

​တစ်ဦးက

“ကျနော်တို့ ဒီမှာ စောင့်ကြပ်နေတာ ခြောက်လကျော်ပါပြီ၊ ဘယ်သူမှ ဒီနေရာကို ချဉ်းကပ်ဖို့ ကြိုးစားတာမျိုး မတွေ့ခဲ့ရပါဘူး”

​“အင်း... ဆိုလိုတာက ရန်သူတွေက လိုက်မလာတော့တာပဲ၊ သူမ သေသွားပြီဆိုတာကို သူတို့ အပိုင်တွက်ထားပုံရတယ်”

​အကြီးအကဲချန်၏ အကြည့်မှာ အမာခံတပည့်များထံသို့ ပြန်ရောက်လာပြန်သည်။

​နန်မင်ရုယွဲ့က ရုတ်တရက်

“အကြီးအကဲချန်... ကျနော်တို့ အမာခံတပည့်တွေထဲမှာ သစ္စာဖောက် ရှိနေတာလား ”

​အကြီးအကဲများမှာ ဘာမှပြန်မပြောဘဲ သူတို့၏ မျက်နှာများတွင် အေးစက်စက် အပြုံးလေးများသာ ပေါ်လာသည်။

​အကြီးအကဲချန်က တည်ငြိမ်စွာ

“ဒါကလွဲရင် တခြား ရှင်းပြချက် မရှိဘူး။ တစ်စုံတစ်ယောက်က အကြောင်းအရာ တစ်ခုကို သုံးပြီး သူမကို မျှားခေါ်ခဲ့တာ။ သူမသာ စိတ်ထဲမှာ အပြစ်မကင်းတဲ့ စိတ် မရှိခဲ့ရင် ဘယ်လိုလုပ် အလွယ်တကူ အစီအစဉ် ချခံရပါ့မလဲ ”

​သူက ခေတ္တရပ်ကာ

“ခုနက ဟုန်ကျိ ပြောတာကိုလည်း မင်းတို့ ကြားပြီးပြီ။ ရန်သူတွေထဲမှာ ရှေးဟောင်းမသေမျိုး နှစ်ပါး ပါဝင်တယ်၊ တစ်ဦးက ရုလိုင်ဘုရားကျောင်းက ဖြစ်ပုံရပြီး နောက်တစ်ဦးကတော့ အဆိပ်ငါးပါးဂိုဏ်းက ချန်စန်း ပဲ”

​ချက်ချင်းပင် အမာခံတပည့် တစ်ဦးက ရှေ့သို့ ထွက်လာသည်

“အကြီးအကဲချန်... ကျနော် အဆိပ်ငါးပါးဂိုဏ်းကို သွားပြီး ချန်စန်းကို ဖမ်းခေါ်လာပါ့မယ်”

​“ဒီလောက်ထိ မလောပါနဲ့၊ အဆိပ်ငါးပါးဂိုဏ်းက စိတ်ဝိညာဥ်နယ်မြေ ထဲမှာတင် ရှိနေတာ၊ သူတို့ ထွက်ပြေးလို့ မလွတ်ပါဘူး”

​အကြီးအကဲချန်က အေးစက်စွာ ဆိုလိုက်ပြီးနောက်

“ကျန်တဲ့သူတွေ ဘာလို့ ရောက်မလာသေးတာလဲ ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်နေတာကို သူတို့တွေ တွားသွားပြီး လာနေကြတာလား”

​စကားဆုံးသည်နှင့် နဂါးနက်လှေ အချို့မှာ ဟင်းလင်ပြင်ထဲမှ တစ်စင်းပြီးတစ်ဦး ထွက်ပေါ်လာကြသည်။

​“ဒုတိယ စီနီယာအစ်ကို၊ တတိယ စီနီယာအစ်မ၊ စတုတ္ထ စီနီယာအစ်ကို၊ ဆဋ္ဌမ စီနီယာအစ်ကို၊ သတ္တမ စီနီယာအစ်မ...”

​“အားလုံး စုံသွားပြီ...”

အခန်း (၁၄၄၀) - မင်းက ဘာအဆင့်အတန်းမို့လို့လဲ

​အချို့သော အမာခံတပည့်များ၏ တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားရသောအခါ ဖန့်ချန်အနေဖြင့် ဒီတစ်ကြိမ်တွင် စီနီယာအစ်မကြီး ခန့်မှန်းခဲ့သည်မှာ မမှားကြောင်း အသေအချာ အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။

လာသင့်လာထိုက်သူများ အားလုံး စုံစုံလင်လင် ရောက်ရှိလာကြပြီ ဖြစ်သည်။

​ကြီးမားလှသော ကျွယ်မင်နန်းတော်တစ်ခုလုံးတွင် ယခုအခါ လီရှမ်းဇီ အပါအဝင် မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုနိုင်သူ ရှစ်ဦးသာ ရှိပေသည်။

​လီရှမ်းဇီနှင့် နန်မင်ရုယွဲ့တို့မှာ ရောက်ရှိနေပြီးဖြစ်ကာ ကျန်ရှိသော ငါးဦးမှာလည်း အချိန်ကိုက်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။

​၎င်းကို ကြည့်ခြင်းအားဖြင့် သူတို့သည် အမှန်တကယ်တွင် စောစီးစွာ ရောက်ရှိနေကြခြင်းဖြစ်သော်လည်း အကြီးအကဲချန်တို့လူစု မပေါ်လာသေးမီအချိန်တွင် သံသယအပွားမခံလိုသဖြင့် နဂါးနက်လှေပေါ်သို့ တစ်ဦးတည်းတက်ကာ စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို လာရောက်မစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

​“ဒုတိယ စီနီယာအစ်ကို...”

“တတိယ စီနီယာအစ်မ...”

အသံတချို့ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။

​လူပုံရိပ် ငါးခုသည် လူအုပ်ကို ကျော်ဖြတ်ကာ ရေခဲခေါင်းတလားရှေ့သို့ ရောက်ရှိလာကြသည်။

​ထိုအထဲမှ သတ္တမစီနီယာအစ်မကိုမူ ဖန့်ချန်အနေဖြင့် ဝူရှန့်ငရဲ တွင် တွေ့ဆုံခဲ့ဖူးရာ သူမသည် စီနီယာအစ်မကြီး၏ အနားတွင် အမြဲရှိနေတတ်သူဖြစ်သည်။

စီနီယာအစ်မကြီး၏ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ အဆိုးရွားဆုံး ပျက်ယွင်းသွားပြီး ကျန်ရှိသူများမှာမူ တည်ငြိမ်နေကြဆဲပင်။

​“နံပါတ် ၂... မင်းတို့ ဘယ်လိုမြင်လဲ ”

အကြီးအကဲချန်က တည်ငြိမ်စွာ မေးလိုက်သည်။

​ဒုတိယစီနီယာအစ်ကိုသည် စီနီယာအစ်မကြီးထံမှ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“နားမလည်နိုင်ဘူး...”

​သူက ခေတ္တရပ်ကာ

“ကျနော်အမြင်အရ စီနီယာအစ်မကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် သူမဟာ ဒီလောက် လွယ်လွယ်ကူကူ သေဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်တယ်”

​“ရုပ်အလောင်းကိုတော့ ငါစစ်ဆေးပြီးပြီ၊ တကယ် သေဆုံးသွားတာပဲ။ ဒါပေမဲ့ ဝိညာဉ် ကျန်ရစ်ခဲ့သလား ဆိုတာတော့ မသိရသေးဘူး”

အကြီးအကဲချန်က ဆိုသည်။

​“ဒါဆိုရင် ပိုလို့တောင် နားမလည်နိုင်တော့ဘူး။ စီနီယာအစ်မကြီး သေဆုံးသွားတာနဲ့ ကျနော်တို့တွေဟာ အကြီးမားဆုံး သံသယတရားခံတွေ ဖြစ်လာမှာပဲ”

ဒုတိယစီနီယာအစ်ကိုက ပြောလိုက်သည်။

​နန်မင်ရုယွဲ့နှင့် အခြားသူများ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။

မှန်ပေသည်။

စီနီယာအစ်မကြီး သေဆုံးခြင်းအတွက် သူတို့သည် သံသယဖြစ်ဖွယ် အကောင်းဆုံးသူများ ဖြစ်သည်။

အခြားသော သာမန်အမာခံတပည့်များမှာမူ စီနီယာအစ်မကြီး သေဆုံးသွားခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်သဖြင့် သံသယဖြစ်စရာ သိပ်မရှိလှပေ။

​“ဒုတိယစီနီယာအစ်ကို... စီနီယာအစ်မကြီး သေဆုံးသွားပြီဆိုတော့ အမာခံတပည့်ခေါင်းဆောင် ရာထူးက ရှင့်လက်ထဲကို ရောက်လာတော့မှာ မဟုတ်လားကျမ ကြည့်ရသလောက်တော့ ရှင့်မှာ သံသယ အကြီးမားဆုံးပဲ”

​လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး စကားပြောလိုက်သူထံသို့ အကြည့်များ ပို့လိုက်ကြသည်။

ထိုသူမှာ အေးစက်လှပသော ရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

ယခုအချိန်တွင် ကျိရှန့် အပါအဝင် အမာခံတပည့်တစ်စုသည် သူမ၏ နောက်ကွယ် မနီးမဝေးတွင် ရပ်နေကြသည်။

​သူမမှာ ကျွယ်မင်နန်းတော်၏ တတိယစီနီယာအစ်မဖြစ်ပြီး သူမ၏ ကျင့်ကြံမှုမှာလည်း အဆင့် ၆ မသေမျိုးသို့ ရောက်ရှိနေပြီဖြစ်သည်။

မသေမျိုးလှေ အစီရင်စွမ်းအားကို အသုံးပြုသည့်အခါ သူမသည်လည်း ရှေးဟောင်းမသေမျိုးနှင့် တန်းတူ စွမ်းဆောင်နိုင်သည်။

​တတိယစီနီယာအစ်မ၏ မျက်နှာတွင် ဝမ်းနည်းရိပ် အစအနပင် မရှိဘဲ သူမ၏ မျက်ဝန်းထောင့်တွင် ပြုံးရိပ်လေးပင် စွန်းထင်နေသည်။

စီနီယာအစ်မကြီး သေဆုံးသွားခြင်းကြောင့် သူမ ဝမ်းမြောက်နေသည်ကို လုံးဝ ဖုံးကွယ်မထားခြင်းကပင် သူမတွင် သံသယမရှိကြောင်း ပို၍ ထင်ရှားစေသကဲ့သို့ ဖြစ်နေသည်။

သူမက ဒုတိယစီနီယာအစ်ကိုကို မေးခွန်းထုတ်လိုက်သောအခါ ကျန်သူများလည်း တွေးတောစရာ ဖြစ်သွားကြသည်။

​အကြီးအကဲချန်တို့မှာ ဘေးမှနေ၍ ကြည့်နေကြပြီး ကြားဖြတ်ပြောဆိုခြင်း မရှိကြပေ။

​“အမာခံတပည့်ခေါင်းဆောင် ရာထူးဆိုတာ စီနီယာအစ်မကြီး သေဆုံးသွားလို့ နံပါတ် ၂ ဖြစ်တဲ့ ငါက တိုက်ရိုက် ရနိုင်တာမျိုး မဟုတ်ပါဘူး။ စစ်ဆေးမှုတွေ အဆင့်ဆင့် ဖြတ်ကျော်ရဦးမှာ။ ပါရမီနဲ့ အရည်အချင်းပိုင်းမှာဆိုရင် ငါက မင်းတို့ရဲ့ ဒုတိယစီနီယာအစ်ကို ဆိုပေမဲ့ မင်းက ငါ့ထက်တောင် အနည်းငယ် သာလွန်နေပါသေးတယ်”

​ဒုတိယစီနီယာအစ်ကိုက ဒေါသမထွက်ဘဲ အေးဆေးစွာ ဆိုသည်။

“နံပါတ် ၄၊ နံပါတ် ၅၊ နံပါတ် ၆၊ နံပါတ် ၇ တွေလည်း ရှိသေးတယ်...”

​သူက လီရှမ်းဇီကို ကြည့်လိုက်သည်

“ပြီးတော့ နံပါတ် ၈ လည်း ရှိသေးတယ်။ သူတို့အားလုံးရဲ့ ပါရမီဟာ ငါ့ထက် မနိမ့်ကျဘူး။ ဒီရာထူးကို ရဖို့ အပိုင်မတွက်နိုင်သေးဘဲနဲ့ ငါက ဘာလို့ စီနီယာအစ်မကြီးကို လုပ်ကြံရမှာလဲ ဒါ့အပြင် ငါက အောက်နယ်မြေ ခြောက်ခုမှာ ဘယ်ကျင့်ကြံသူကိုမှ မသိဘူး၊ ရှေးဟောင်းမသေမျိုး တစ်ဦးတစ်ယောက်တောင် မရှိဘူး။ အောက်နယ်မြေမှာ အစီအစဉ်ဆွဲဖို့ ငါ့မှာ အဲဒီလို အရည်အချင်း မရှိဘူး”

​“အဆက်အသွယ် ကျယ်ပြန့်မှုအကြောင်း ပြောမယ်ဆိုရင်တော့ တတိယစီနီယာအစ်မပဲ ဖြစ်မှာပေါ့။ တတိယစီနီယာအစ်မ ဒီနှစ်တွေအတွင်း အောက်နယ်မြေ ခြောက်ခုကို သွားခဲ့တဲ့ အကြိမ်ရေက ရေတွက်လို့တောင် မရတော့ဘူး မဟုတ်လား ”

နံပါတ် ၄ စီနီယာအစ်ကိုက ရုတ်တရက် ပြုံး၍ ဆိုသည်။

​“ဟဲဟဲ... ငါ အောက်နယ်မြေမှာ ရှေးဟောင်းမသေမျိုး အတော်များများကို သိတာတော့ အမှန်ပဲ။ ဒါပေမဲ့... ဒီတစ်ခေါက် လက်ချက်က ရှေးဟောင်းမသေမျိုး နှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ရှင်တို့ မကြားလိုက်ဘူးလား ဒါမှမဟုတ် မကြားချင်ယောင် ဆောင်နေကြတာလား ”

​တတိယစီနီယာအစ်မက ခပ်အေးအေး ပြုံးလိုက်သည်

“တစ်ယောက်က ရုလိုင်ဘုရားကျောင်းက၊ နောက်တစ်ယောက်က အဆိပ်ငါးပါးဂိုဏ်းက ချန်စန်း။ ရုလိုင်ဘုရားကျောင်းနဲ့လည်း ရင်းနှီးမှုရှိပြီး ချန်စန်းကိုလည်း သိနေတဲ့သူက ရှင်ပဲ မဟုတ်လား ”

​နံပါတ် ၄ စီနီယာအစ်ကို၏ မျက်နှာမှာ ရုတ်တရက် ကြည့်မကောင်း ဖြစ်သွားသည်။

​သူတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ငြင်းခုံနေကြပြီး သံသယတရားခံကို နံပါတ် ၂၊ ၃၊ ၄ ကြားတွင်သာ ကန့်သတ်ထားပုံရသည်။

နံပါတ် ၅ ဖြစ်သော နန်မင်ရုယွဲ့နှင့် ကျန်သူများကိုမူ လျစ်လျူရှုထားကြသည်။

​“ဒီမှာ ငြင်းနေလို့တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ကျနော် အမြင်အရ စီနီယာအစ်မကြီးရဲ့ ရုပ်အလောင်းကို ကျွယ်မင်ကြယ်တာရာဆီ အရင်ဆုံး ပြန်သယ်သွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးဖို့ပဲ။ အဲဒီနောက်မှ လူလွှတ်ပြီး ချန်စန်းကို လိုက်ရှာမယ်။ တကယ်လို့ သူ့ကို မတွေ့ရင်တောင် အဆိပ်ငါးပါးဂိုဏ်းက ကျင့်ကြံသူတွေကို အရင်ဖမ်းပြီး စစ်ဆေးမေးမြန်းရင် သဲလွန်စအချို့ ရနိုင်ပါလိမ့်မယ်”

ဟု နံပါတ် ၄ က တည်ငြိမ်စွာ ဆိုသည်။

​တတိယစီနီယာအစ်မသည် ဒီတစ်ကြိမ်တွင် သူ့ကို ပြန်လည်မချေပတော့ပေ။

​ဒုတိယစီနီယာအစ်ကိုကလည်း ခေါင်းညိတ်ပြသည်

“မှန်တယ်။ စီနီယာအစ်မကြီးကို အရင်ဆုံး သင်္ဂြိုဟ်ပေးရမယ်။ ပြီးတော့ သူတို့က စီနီယာအစ်မကြီးကို အကွက်ဆင်တိုက်ခိုက်တာဟာ တခြားကိစ္စတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကျနော် တို့အနေနဲ့ တစ်ဖက်သတ် မတွေးမိဖို့နဲ့ အရေးကြီးတဲ့ သဲလွန်စတွေကို လက်လွတ်မခံမိဖို့ လိုအပ်တယ်”

​“စီနီယာ အစ်ကို၊ အစ်မတို့...”

​ကြာနီနတ်မိမယ် က ရုတ်တရက် စကားစလိုက်သည်

“စီနီယာအစ်မကြီး သေခါနီးမှာ ပြောသွားတာက... နတ်ရိုသေနန်းတော် မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယအကြီးအကျယ် ရှိတယ်တဲ့။ နတ်ရိုသေနန်းတော်ဆီက သတင်းသာ မရခဲ့ရင် စီနီယာအစ်မကြီးဟာ သူတို့ရဲ့ ထောင်ချောက်ထဲကို ရောက်သွားစရာ အကြောင်းမရှိဘူးလို့ ပြောသွားပါတယ်”

​"နတ်ရိုသေနန်းတော် ဒါဆိုရင်တော့ ဒုတိယစီနီယာအစ်ကိုပဲ ဖြစ်ရမှာပေါ့။ ရှင်က နတ်ရိုသေနန်းတော်ရဲ့ ဒုတိယနန်းတော်သခင် အချို့နဲ့ အတော်လေး ရင်းနှီးတယ် မဟုတ်လား”

တတိယစီနီယာအစ်မက ပြုံးစစဖြင့် ဆိုသည်။

​အားလုံး၏ မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။

ဒုတိယစီနီယာအစ်ကိုက လုံးဝပွင့်လင်းဟန် ပြနေသော်လည်း ယခုအခါတွင်မူ သံသယအားလုံးမှာ သူ၏ ခေါင်းပေါ်သို့သာ ကျရောက်နေသကဲ့သို့ပင်။

​သူ၏ ပါရမီမှာ ထိုရှစ်ဦးထဲတွင် အထင်ရှားဆုံး မဟုတ်သော်လည်း၊ လီရှမ်းဇီပင်လျှင် သူ၏အထက်တွင် ရှိနေနိုင်သော်လည်း၊ သူ၏ ကျင့်ကြံမှုမှာမူ အဆင့် ၇ ရှေးဟောင်းမသေမျိုး ဖြစ်သည်။

အကယ်၍ ကျွယ်မင်နန်းတော်က သူ့ကို အမာခံတပည့်ခေါင်းဆောင် အဖြစ် တင်မြှောက်လိုက်မည်ဆိုလျှင် နောင်တွင် သူသည် အဆင့် ၈ မသေမျိုးဆေးပင်ကို မှီဝဲရုံဖြင့် နန်းတော်သခင် ရာထူးကို ဆက်ခံရန် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

​“မင်းတို့ စကားပြောလို့ ပြီးကြပြီလား ”

​အကြီးအကဲချန်က ရုတ်တရက် ပြုံး၍ မေးလိုက်ပြီးနောက် သူ၏ လက်ထဲမှ မှန်ထဲကပန်း အချို့ကို ထုတ်ယူလိုက်သည်။

“မင်းတို့ ပြောလို့ပြီးရင် ငါ မေးခွန်းမေးဖို့ အလှည့်ပဲ။ ငါ့မှာ မှန်ထဲကပန်း အချို့ ရှိတယ်၊ မင်းတို့ တစ်ယောက်ချင်းစီ လာခဲ့ကြ”

​မှန်ထဲကပန်း

အားလုံး၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။

​“ကျနော် အရင် လာပါ့မယ်”

ဒုတိယစီနီယာအစ်ကိုက ခေါင်းအသာညိတ်ပြကာ အကြီးအကဲချန်၏ ရှေ့သို့ လျှောက်လာသည်။

​“ငါ မင်းကို မေးမယ်... ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင်ကို မင်း လုပ်ကြံခဲ့တာလား”

အကြီးအကဲချန်က အေးစက်စက် အသံဖြင့် မေးလိုက်သည်။

​ဒုတိယစီနီယာအစ်ကို

“ကျနော် မလုပ်ခဲ့ပါဘူး”

​မှန်ထဲကပန်းမှ ထူးခြားသော ပန်းရနံ့များ သင်းပျံ့ထွက်ပေါ်လာသည်။

​အားလုံးက သက်ပြင်းချလိုက်ကြသည်၊ ဒုတိယစီနီယာအစ်ကို မဟုတ်သည်မှာ အမှန်ပင်။

မှန်ထဲကပန်း၏ စစ်ဆေးမှုကို လှည့်စားနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း အကြီးအကဲချန်၏ ကျင့်ကြံမှုမှာ အလွန်မြင့်မားသဖြင့် ဒုတိယစီနီယာအစ်ကိုသာ အကြီးအကဲချန်ထက် ကျင့်ကြံမှု မမြင့်မားပါက မည်သည့် သဲလွန်စမှ မကျန်အောင် လှည့်စားနိုင်စရာ အကြောင်းမရှိပေ။

​“မင်း အလှည့်ပဲ”

အကြီးအကဲချန်က တတိယစီနီယာအစ်မကို ကြည့်လိုက်သည်။

​“မေးပါရှင်”

သူမက ပြုံးလျက် ဆိုသည်။

​မေးခွန်းများ မေးမြန်းပြီးနောက် တတိယစီနီယာအစ်မတွင်လည်း သံသယမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

​ထို့နောက် နံပါတ် ၄၊ ၅၊ ၆၊ ၇ တို့ကိုလည်း အစဉ်လိုက် မေးမြန်းခဲ့သည်။

သူတို့အားလုံးတွင်လည်း သံသယမရှိကြောင်း ထွက်ပေါ်လာသည်။

​အကြီးအကဲချန်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသော်လည်း မှန်ထဲကပန်း၏ အသုံးပြုနိုင်သည့် အကြိမ်ရေ တစ်ခုကို အကုန်ခံကာ လီရှမ်းဇီကိုပါ မေးမြန်းလိုက်သည်။

​အဖြေမှာမူ အားလုံး ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။

မသေမျိုးလှေ အစီရင်စွမ်းအားကို ယခုမှ နားလည်သဘောပေါက်ခါစ လီရှမ်းဇီအနေဖြင့် စီနီယာအစ်မကြီးကို လုပ်ကြံရန် အကြောင်းပြချက် လုံးဝ မရှိနိုင်ပေ။

​“မင်းတို့အားလုံးမှာ သံသယမရှိဘူးဆိုရင်တော့ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်။ သူမကို လုပ်ကြံတဲ့သူဟာ ဘယ်သူ့ကိုမှ အမာခံတပည့်ခေါင်းဆောင် ဖြစ်စေချင်လို့ မဟုတ်ဘဲ တခြား ရည်ရွယ်ချက်တစ်ခု ရှိနေလို့ပဲ။ ဒါပေမဲ့ သတင်းကို ပေါက်ကြားအောင် လုပ်တဲ့သူကတော့ မင်းတို့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်”

​အကြီးအကဲချန်၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားသည်။

သူ့တွင် မှန်ထဲကပန်း အလုံအလောက် မရှိပေ၊ မဟုတ်လျှင် ရောက်ရှိနေသည့် အမာခံတပည့် အားလုံးကို မေးမြန်းကာ သံသယများကို ဖယ်ရှားပစ်လိမ့်မည် ဖြစ်သည်။

​“စီနီယာအစ်မကြီး ပြောသွားသေးတယ်... အကြီးအကဲတွေ ထဲမှာလည်း သစ္စာဖောက် ပါနေနိုင်တယ်တဲ့”

ဟု ဖန့်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

​အကြီးအကဲ အနည်းငယ်မှာ ခဏမျှ မှင်သက်သွားကြပြီး ဘေးမှ ကြည့်နေသည့် ရှေးဟောင်းမသေမျိုးများမှာလည်း အံ့အားသင့်ကာ မျက်နှာထားများမှာ ထူးဆန်းသွားကြသည်။

​အမာခံတပည့် တစ်ဦးက ဖန့်ချန်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်းက ဘာအဆင့်အတန်းမို့လို့ စီနီယာအစ်မကြီးကို ဒီလို ခေါ်ရဲတာလဲ ပြီးတော့ အကြီးအကဲတွေကိုပါ စွပ်စွဲရဲတယ်ပေါ့လေ ”

All Chapters