အခန်း (၄၃၃-၄၃၄)
Vol. 44 Ch. 433-434
အခန်း (၄၃၃) - မီးနတ်မင်းအမိန့်တော်ပြန် တော်ဖူ ၊ပြတ်တောက်နေသော လက်ဝါးကြီး
လီယန်ချူနှင့် ကျန်းဝေတို့ ရပ်နေသည့် နေရာတစ်ဝိုက်တွင်မူ မီးလျှံတစ်စကလေးမျှ မရှိသလို၊ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်လှိုင်းများလည်း ရိုက်ခတ်ခြင်း မရှိချေ။
သို့သော် သူတို့၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကိုမူ လီယန်ချူက အစွမ်းထက်လှသော ဒဏ္ဍာရီလာ မီးမှော်လက်နက်များကို အသုံးပြုကာ ပြာအဖြစ်သို့ အကုန်အစင် လောင်ကျွမ်းပစ်လိုက်ပြီ ဖြစ်သည်။
ကျန်းဝေမှာ ထိုမျှအထိ ပြတ်သားလှသော လက်ချက်ကို ကြည့်ရင်း အံ့အားသင့်ကာ မှင်တက်နေမိတော့သည်။
ဒီ ချောင်ချောင်တာအိုဆရာက ကျင့်ကြံဆင့် မြင့်မားတာတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ စိတ်က သိပ်မြန်လွန်းနေတာပဲ။
တကယ်ဆို ဖြည်းဖြည်းချင်း စူးစမ်းသင့်တာပေါ့။
အခုတော့ မိစ္ဆာတွေလည်း နှိမ်နင်းပြီးပြီဆိုတော့ ဒီလိုမျိုးကြီး မီးနဲ့ တိုက်ဖျက်လိုက်ရင် ဖုံးကွယ်နေတဲ့ ရတနာတွေကို ဘယ်လိုလုပ် ရှာတွေ့တော့မှာလဲ
ကျန်းဝေသည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါမိသည်။
သူကသာ ရတနာရှာဖွေရာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း၊ အစောပိုင်းက တာအိုဆရာ၏ လက်ချက်မှာ မြန်ဆန်လွန်း၊ ပြတ်သားလွန်းလှသဖြင့် သူ၏ ရတနာရှာဖွေရေး အတွေ့အကြုံများကိုပင် ထုတ်ဖော်ပြောပြရန် အချိန်မရလိုက်ပါ။
ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော မီးလျှံများ ပျောက်ကွယ်သွားသည့်အခါ အရာအားလုံးမှာ သန့်စင်သွားတော့သည်။
လီယန်ချူသည် မှော်လက်နက် သုံးခုကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ထိုစဉ် တစ်ကိုယ်လုံး ဝါကျင်ကျင်အရောင် တောက်နေသော တော်ဖူ တစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ငြိမ်သက်စွာ မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။
"..." ကျန်းဝေ တစ်ယောက် ဆွံ့အသွားတော့သည်။
ဒါ ဘာဖြစ်တာလဲဟ
လီယန်ချူက လက်ကို ဝေ့ယမ်းကာ ပြင်းထန်သော အရှိန်အဝါဖြင့် ထို တော်ဖူ ကို လက်ထဲသို့ ဖမ်းယူလိုက်သည်။
မက်မွန်သားသည် သစ်သားငါးမျိုးတွင် အနှစ်သာရ အရှိဆုံးဖြစ်ပြီး ရှေးယခင်ကတည်းက မိစ္ဆာများကို နှိမ်နင်းရန်နှင့် မကောင်းဆိုးဝါးများကို မောင်းထုတ်ရန် အသုံးပြုခဲ့ကြသည်။
တော်ဖူ သည် အစောဆုံး ပေါ်ပေါက်ခဲ့သော အဆောင်လက်ဖွဲ့ တစ်ခုဟု ဆိုနိုင်ပြီး၊ ထို တော်ဖူ ပေါ်တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ရုပ်ပုံလွှာတစ်ခုကို ထွင်းထုထားလေသည်။
"မီးနတ်မင်း အမိန့်တော်ပြန် တော်ဖူ "
ရှေးဟောင်းကာလမှ အစွမ်းထက်လှသော အငွေ့အသက်များက လူကို ထိတ်လန့်တုန်လှုပ်စေသည်။
လီယန်ချူသည် သူ၏ စိတ်အာရုံ အစိတ်အပိုင်းတစ်ခုကို ထိုအဆောင်အတွင်းသို့ ထည့်သွင်းကြည့်လိုက်ရာ ပြင်းထန်လှသော မီးလျှံစွမ်းအင်များနှင့် တန်ခိုးစွမ်းအားကြီးမားလှသော နတ်ဘုရားအရှိန်အဝါများ ကိန်းအောင်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
"ဒါ ရှာတွေ့သွားပြီ မဟုတ်လား"
သူက ကျန်းဝေကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။
ယခုအချိန်တွင် ကျန်းဝေ၏ မျက်လုံးထဲ၌ လီယန်ချူ၏ ပုံရိပ်မှာ အရှိန်အဝါများ တောက်ပနေပြီး တစ်ခဏချင်းပင် များစွာ မြင့်မြတ်မြင့်မားသွားတော့သည်။
ငါ အရင်က တွေးခဲ့တာတွေ မှားနေတာလား ဒါကမှ ရတနာရှာဖွေနည်း အစစ်အမှန်လား
ကျန်းဝေသည် သူ၏ ယုံကြည်ချက်အချို့အပေါ် သံသယဝင်လာမိတော့သည်။
ထို့နောက် လီယန်ချူနှင့် ကျန်းဝေတို့ နှစ်ဦးသည် ထိုနေရာမှ ထွက်ခွာလာခဲ့ကြသည်။
"ခဏနေဦး"
လီယန်ချူက ကျန်းဝေကို လှမ်းတားလိုက်သည်။
"ဘာဖြစ်လို့လဲ ချောင်ချောင်တာအိုဆရာ "
"ဒီ တော်ဖူ က ဒီတာအိုကျောင်းထဲမှာ ရှိနေတာ ကြာပြီပဲ၊ ဒါပေမဲ့ ဘာလို့ ဒီလောက်ပြင်းထန်တဲ့ အရှိန်အဝါတွေက အပြင်ကို ပေါက်ကြားမလာခဲ့တာလဲ "
"တာအိုဆရာ ဆိုလိုတာက..."
"ဒီ တော်ဖူ က ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာတစ်ကောင်ကို အမြဲတမ်း နှိမ်နင်း ပိတ်လှောင်ထားတဲ့ ပစ္စည်း ဖြစ်ဖို့ အရမ်းများတယ်"
"ဒါဆို... ခုနက ကျနော် တို့ အဲဒီအရာကြီးကို လွှတ်ပေးလိုက်မိပြီပေါ့ ဟုတ်လား "
သူတို့နှစ်ဦး၏ စကားကို သက်သေပြလိုက်သကဲ့သို့ပင် မြေပြင်မှာ ရုတ်တရက် အက်ကွဲသွားတော့သည်။
ထိတ်လန့်ဖွယ်ရာ လက်ဝါးကြီးတစ်ဖက်မှာ မြေကြီးထဲမှ ထိုးထွက်လာပြီး ရှေးဟောင်းကာလမှ အစွမ်းထက်လှသော အရှိန်အဝါများ ဖုံးလွှမ်းလာသည်။
ထိုပြတ်တောက်နေသော လက်ဝါးကြီးကို ဗဟိုပြု၍ လေဖိအားလှိုင်းတစ်ခုမှာ အပြင်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်လာရာ လူကိုပင် မတ်တပ်မရပ်နိုင်လောက်အောင် ဖြစ်သွားစေသည်။
"သွားပြီကွာ တောက်"
ကျန်းဝေ တစ်ယောက် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားတော့သည်။
ထိုကဲ့သို့သော အရှိန်အဝါမျိုးမှာ တတိယအဆင့် ကျင့်ကြံသူများသာ လုပ်ဆောင်နိုင်သည့် အရာမျိုး ဖြစ်သည် သူ၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်သွားတော့သည်။
ဒါက မတရားဘူး မဟုတ်လား
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေတွင် တတိယအဆင့် ကျင့်ကြံသူများ ဝင်ရောက်ခွင့်မပြုရန် တားမြစ်ချက် ရှိသည်ကို လူတိုင်း သိထားကြသည်။
သို့မဟုတ်ပါက ယခုအချိန်တွင် သူတို့ကဲ့သို့သော မျိုးဆက်သစ်လူငယ်များ ရောက်လာကြမည် မဟုတ်ပါ။
ယန်ဝိညာဥ် အဆင့် ကျင့်ကြံသူများမှာ အလွန်ပင် ရှားပါးလှသော်လည်း လောကကြီးတွင် ရှိတော့ရှိနေသေးသည်။
အကယ်၍ နတ်ဘုရားနယ်မြေ ပွင့်လာသည့်အခါ တတိယအဆင့် ကျင့်ကြံသူများ ဝင်လာနိုင်ပါက သူတို့အတွက် ရတနာလုရန် အခွင့်အရေး လုံးဝ ရှိမည်မဟုတ်ပေ။
တတိယအဆင့် ကျင့်ကြံသူများ နတ်ဘုရားနယ်မြေထဲ ဝင်လာသည်ဟု ယခင်ကလည်း တစ်ခါမျှ မကြားဖူးခဲ့ချေ။
ထို့အပြင် သူ၏ မိသားစုအတွင်းရှိ လူကြီးသူမများကလည်း ထိုနယ်မြေတွင် ရှေးဟောင်းတားမြစ်ချက်များ ရှိနေကြောင်းနှင့် ၎င်းမှာ ကောင်းကင်နှင့်မြေပြင်၏ သံခြေကျင်းများကဲ့သို့သော ရှေးဦးလျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေကြောင်း ပြောပြဖူးသည်။
သူတို့နှစ်ဦးတင်မကဘဲ နတ်ဘုရားနယ်မြေအတွင်းသို့ ဝင်ရောက်နေကြသော ကျင့်ကြံသူများ၊ လောကီလူသားများနှင့် ထူးဆန်းသော အစွမ်းရှိသူများ အားလုံးသည်လည်း ထိုထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားကြီးကို ခံစားလိုက်ကြရသည်။
မြေကမ္ဘာမှာ တုန်ခါနေပြီး၊ လေထုနှင့် တိမ်တိုက်များမှာလည်း အရောင်ပြောင်းသွားတော့သည်။
ရှေးဟောင်း ဖြစ်တည်မှုကြီးတစ်ခု ပြန်လည်နိုးထလာသကဲ့သို့ပင်။
"သေစမ်း ဘယ်မျက်စိမပါတဲ့ကောင်က ဒီလိုအရာမျိုးကို သွားပြီး ထိလိုက်တာလဲ "
"ဘုရားရေ... ဒီထောင်ယွမ်ရှန်းထဲမှာ ဒီလိုအဆင့်ရှိတဲ့ မိစ္ဆာကြီး ရှိနေတာလား"
"ဒီလောက် အားကောင်းပြီး ရှေးကျတဲ့ အငွေ့အသက်မျိုးက... ဒါ ဘယ်လို ဖြစ်တည်မှုကြီးလဲ"
"ဒါက ဘာဖြစ်တာလဲကွာ တောက် ငါ ဝင်လာကာရှိသေးတယ်၊ ဒီလောက်ကြီးမားတဲ့ အန္တရာယ်နဲ့ တိုးရတယ်လို့။ ရတနာရှာဖို့ နေနေသာသာ၊ အသက်မပျောက်ရင်ပဲ ကံကောင်းလှပြီ "
နေရာအနှံ့အပြားတွင် ကျင့်ကြံသူများ၏ ဆဲဆိုသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
တံဆိပ်တုံးတစ်ခုကို ရှာတွေ့ထားသော လူငယ်သခင်လေးတစ်ဦးမှာလည်း သူ၏ဘေးမှ ထွားကြိုင်းသော လူသန်ကြီးနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
"ဒါက ရှေးဟောင်း တားမြစ်ထားတဲ့ အရာတစ်ခု နိုးထလာတာပဲ။ ဒါပေမဲ့ ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားရတာလဲ "
ဘေးမှ လူသန်ကြီးက တည်ကြည်သောအသံဖြင့်
"သခင်မကြီး ပြောခဲ့ဖူးတယ်၊ ဒီတစ်ခေါက် ထောင်ယွမ်ရှန်း ခရီးစဉ်က အလွန်အန္တရာယ်များပြီး ဖော်ပြလို့မရတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်တဲ့။ သခင်လေး စိတ်မပူပါနဲ့၊ ကျနော်က သခင်လေးရဲ့ ရှေ့မှာပဲ အရင်သေပေးပါ့မယ်"
"တောက်... ယီး... မင်းလို လူကြမ်းကြီးကတော့ကွာ ဘာတွေ လျှောက်ပြောနေတာလဲ။ သေမယ်... ပျောက်မယ်တွေ မပြောစမ်းနဲ့၊ နိမိတ်မရှိဘူး "
နှုတ်ခမ်းနီ ပါးနီနှင့် လှပသော ထိုသခင်လေးမှာ အမှန်စင်စစ် ယခင်က စူးတုကောင်းကင်ဘုရင်ကို တွန်းလှန်ခဲ့သော လူငယ်လေးပင် ဖြစ်သည်။
ယခုအခါ သူ၏ မျက်နှာပေါ်တွင် လူငယ်တစ်ဦး၌ ရှိသင့်သည့် လွတ်လပ်ပေါ့ပါးသော အမူအရာများ ရှိနေသည်။
"မင်း ပြောစမ်း၊ ငါတို့ ရှင်းဟွမ်အလံ ကို ရှာတွေ့နိုင်ပါ့မလား "
"မရှာတွေ့ခင်မှာပဲ အဲဒီ ရှေးဟောင်းတားမြစ်ထားတဲ့ မိစ္ဆာကြီးရဲ့ လက်ချက်နဲ့ သေသွားမလားပဲ "
ဟု လူသန်ကြီးက တည့်တည့်ပင် မေးလိုက်သည်။
လူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့်
"ဘာမှမဖြစ်လောက်ပါဘူး။ ဒါပေမဲ့ မင်းက ဒီလိုတွေ ဆက်ပြောနေရင်တော့ တစ်ခုခု ဖြစ်ဖို့ အရမ်းနီးစပ်သွားလိမ့်မယ်။ ရှင်းဟွမ်အလံ ဆိုတာက တကယ့် နတ်ဘုရားလက်နက် စစ်စစ်ပဲ။ မျိုးဆက်ပေါင်းများစွာ ရှာမတွေ့ခဲ့တာ၊ ငါတို့ ရှာမတွေ့တာကလည်း ပုံမှန်ပါပဲ "
"ငါ့အမြင်တော့ ယန်ယွမ်သီး ကို ရှာတွေ့ပြီး ယန်ဝိညာဥ် အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရခဲ့ရင်ပဲ ဒါက အကြီးမားဆုံး ကံကောင်းခြင်းပဲ ဖြစ်မှာ "
"ကျနော် ကတော့ သခင်လေးကို ယုံကြည်ပါတယ်၊ သခင်မကြီးကလည်း ခဏခဏ ပြောတယ်လေ၊ သခင်လေးက မိသားစုရဲ့ ရတနာပင်ကြီးပါတဲ့။ ကျနော် ကျောက်အိုကြီးရဲ့ အမြင်မှာတော့ သခင်လေးသာ မမွေးဖွားလာရင် တန်ခိုးကြီးတဲ့ တာ့ချန်ပြည်ကြီးဟာ အဆုံးမဲ့ အမှောင်ထုထဲမှာ ရှိနေမှာပါ တဲ့"
" မင်း ဒီလောက်အန်ချင်စရာကောင်းတဲ့ စကားတွေ ဆက်ပြောနေရင် ငါ မင်းကို တကယ် ထိုးတော့မှာနော် "
လူငယ်လေးမှာ ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။
လူသန်ကြီးက ပါးစပ်အကျယ်ကြီး ဖြဲကာ ရယ်မောရင်း
"ကျနော် ကျောက်အိုက ဘယ်တော့မှ မလိမ်ဘူးဗျ၊ ရင်ထဲက ရှိတာတွေ ပြောတာ "
လူငယ်လေးက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် လက်သီးဖြင့် အားကုန် ထိုးလိုက်ရာ လူသန်ကြီး၏ ဒူးခေါင်းကို တည့်တည့်မှန်သွားသည်။
သူက ထိုမျှအထိသာ အမြင့်မှီသည် မဟုတ်သော်လည်း၊ ထိုလူသန်ကြီး၏ လှုပ်ရှားမှုမှာ တောမျောက်အိုကြီးတစ်ကောင်ကဲ့သို့ လျင်မြန်လှသဖြင့် တစ်ချက်လှိမ့်လိုက်ရာ လူငယ်လေး၏ လက်သီးမှာ သူ၏ ဒူးခေါင်းကိုသာ ထိသွားခြင်း ဖြစ်သည်။
သို့သော်လည်း လူသန်ကြီး၏ ကိုယ်မှာ အနည်းငယ်သာ တုန်ခါသွားပြီး ဘာမှ မဖြစ်ချေ။
"ဟဲဟဲ... သခင်လေးက ပြောတဲ့အတိုင်း လုပ်မှာကို ကျနော် သိသားပဲ"
လူသန်ကြီးက ရယ်မောကာ ဆိုသည်။
လူငယ်လေး - "..."
မိမိ၏ ထိုကိုယ်ရံတော်မှာ မွေးရာပါ ခွန်အားကြီးမားပြီး ခန္ဓာကိုယ်မှာလည်း အလွန်ကြံ့ခိုင်သော်လည်း သူ၏ ဦးနှောက်ကမူ... အင်း... ပြောဖို့တောင် ခက်လှသည်။
သူသည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ရှေးဟောင်းတားမြစ်ချက်ကြီး နိုးထလာပြီဆိုပါက ထိုနတ်ဘုရားနယ်မြေအတွင်း မည်သူမျှ ခုခံနိုင်မည် မဟုတ်ပါ။
သူ့ မိခင်ပြောပြချက်အရ ထောင်ယွမ်ရှန်း တွင် တားမြစ်ချက် သုံးခုရှိပြီး၊ တစ်ခုခုကို ထိတွေ့မိပါက ဖြေရှင်း၍မရသော သေလမ်းသာ ဖြစ်သဖြင့် ရှောင်ရှားရန်သာ လိုအပ်ပြီး တိုက်ခိုက်၍ မရနိုင်ပါ။
တတိယအဆင့် ကျင့်ကြံသူများပင် ထိပ်တိုက် မရင်ဆိုင်ရဲသော အရာမျိုး ဖြစ်သည်။
သူသည် လူသန်ကြီးကို ခေါ်ကာ လွတ်လပ်စွာပင် ထွက်ခွာသွားတော့သည်။
တိုက်လို့မနိုင်ရင် ရှောင်လို့တော့ ရတာပဲ မဟုတ်ပါလား
ထိုအချိန်တွင် ထိတ်လန့်ဖွယ်ရာ ပြတ်တောက်နေသော လက်ဝါးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့် ကျန်းဝေမှာမူ ထွက်ပြေးစရာ နေရာမရှိတော့သကဲ့သို့ ခံစားနေရသည်။
၎င်းမှာ လူသားတစ်ဦးအနေဖြင့် ပိုမိုမြင့်မားသော အသက်ဓာတ်တစ်ခုကို ရင်ဆိုင်ရသည့်အခါ ပေါ်ပေါက်လာတတ်သည့် သိမ်ငယ်စိတ်ပင် ဖြစ်သည်။
နက်ရှိုင်းသော အားငယ်မှုနှင့် ကြောက်ရွံ့မှုများ။
အစောပိုင်းက တာအိုကျောင်းအတွင်း၌မူ အခန်းပိတ်ထားသော နေရာဖြစ်သဖြင့် အဖြေရှာမရသော လူသတ်နည်းလမ်းများက စိတ်ဓာတ်ကို ပြိုလဲစေခဲ့သော်လည်း၊ နည်းလမ်းအချို့ဖြင့် ရှောင်ရှားနိုင်ခဲ့သေးသည်။
ဆိုလိုသည်မှာ ကိုးပုံသေ တစ်ပုံရှင် ဆိုသကဲ့သို့ အသက်ရှင်ရန် အခွင့်အရေး အနည်းငယ် ရှိနေသေးသည်။
သို့သော် ယခုအချိန်တွင်မူ ထိုထိတ်လန့်ဖွယ် လက်ဝါးကြီး၏ ရှေ့တွင် ကျန်းဝေသည် လောကကြီးတစ်ခုလုံး၌ မည်သည့်နေရာမှ ထွက်ပြေး၍ မရနိုင်တော့သကဲ့သို့ ခံစားနေရသည်။
သူ၏ မျက်လုံးထဲတွင် ကမ္ဘာတစ်ခုလုံးမှာ အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး မြင်ကွင်းအားလုံး ပျောက်ကွယ်ကုန်ကာ၊ ရှေးဟောင်းကာလမှ ကြမ်းတမ်းလှသော အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ထိုပြတ်တောက်နေသော လက်ဝါးကြီး တစ်ခုတည်းသာ ကောင်းကင်နှင့်မြေပြင်အကြား ရှိနေတော့သည်။
အခန်း (၄၃၄) - ဒဏ္ဍာရီများ ဆင်းသက်လာခြင်း ၊နတ်ဘုရားတို့၏ လက်ချက် ၊ အထွတ်ထိပ်သတ်တိုက်ပွဲ
"တောက်... သေနာကောင် ဦးလေးသုံး နဲ့ ဦးလေးလေး တို့ကတော့ ငါ့ကို ဒီထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲမှာ အသေခံခိုင်းပြီး လက်ဝါးကြီးအုပ်ဖို့ ကြံနေကြတာပဲ ဖြစ်ရမယ်၊ ငါ့ကို အသက်ရှင်လျက် ပြန်ထွက်သွားစေချင်ပုံ မရဘူး "
"ဒီလောက် ထိတ်လန့်ဖို့ကောင်းတဲ့ အခက်အခဲမျိုးကို ဘယ်သူကများ ကျော်ဖြတ်နိုင်မှာလဲကွ "
ကျန်းဝေ၏ စိတ်ထဲတွင် ထိုအတွေးဝင်လာပြီးနောက် မည်သို့မျှ ထိန်းချုပ်၍မရတော့ဘဲ ဖြစ်ပျက်သမျှ အပြစ်အားလုံးကို အိမ်ရှိ ဦးလေးသုံး နှင့်ဦးလေး လေး တို့အပေါ်၌သာ ပုံချနေမိတော့သည်။
ရုတ်တရက်
ကျန်းဝေ၏ မျက်စိရှေ့တွင် စူးရှတောက်ပလှသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားရာ မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။
သူ၏ ဘေးနားတွင် အရပ်၆ မီတာခန့် မြင့်မားသော လူသားကြီးတစ်ဦး ပေါ်ပေါက်လာလေသည်။
တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရချေ။
ကျန်းဝေ တစ်ယောက် အံ့ဩတုန်လှုပ်သွားတော့သည်။
"ဒါ... ဒါ ချောင်ချောင်တာအိုဆရာ မဟုတ်လား"
သူ အံ့ဩလို့မဆုံး ဖြစ်နေမိသည်။
ထိုမျှအထိ အသက်ရှူရပ်မတတ် ထိတ်လန့်စရာကောင်းသော တည်ရှိမှုကြီးနှင့် ရင်ဆိုင်နေရချိန်တွင် သူသည် လေကိုပင် ပြင်းပြင်းမရှူရဲပါ။
သို့သော် ထိုရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသော လူသားကြီးမှာမူ ရှေးဟောင်းလက်ရာပါသော လေးကြီးတစ်လက်ကို ထုတ်ယူလိုက်လေသည်။
ထိုလေးကြီးကို ထုတ်ယူလိုက်သည့် ခဏမှာပင် ကျန်းဝေသည် ထိုသူ၏ ရုပ်သွင်ကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
"အမေရေး... တကယ်ကြီး ချောင်ချောင်တာအိုဆရာပါလား"
လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မည့် အားအင်များကို ပြသနေသည်။
ဖုန်းနတ်ဘုရားလေး ကို သူ၏လက်ဖြင့် လပြည့်ဝန်းအလား တင်းနေအောင် ဆွဲလိုက်ရာ ထိတ်လန့်ဖွယ်ရာ ပူပြင်းလှသော အလင်းမြားတစ်စင်း ဖြစ်ပေါ်လာတော့သည်။
သူ၏ မျက်နှာပေးမှာ တည်ကြည်အေးစက်နေပြီး မျက်ဝန်းအစုံမှာလည်း အေးစိမ့်နေသည်။
ရှေးဦးကာလမှ လူသားတို့၏ ဘုရင် တစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
သူသည် ထိုထိတ်လန့်ဖွယ်ရာ ရှေးဦးကာလမှ ပြတ်တောက်နေသော လက်ဝါးကြီးနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဝူး... ဒိန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။
အလင်းမြားသည် ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး နိုးထလာနေသော ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးပေါ်သို့ တိုက်ရိုက် ထိမှန်သွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် စူးရှသော လေဖိအားလှိုင်းများ ပေါက်ကွဲထွက်သွားပြီး မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။
ထိုမြင်ကွင်းမှာ လူတို့၏ စိတ်နှလုံးကို အလွန်ပင် တုန်လှုပ်ချောက်ချားစေသည်။
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီး၏ အရှိန်အဝါမှာ ရုတ်တရက် အနည်းငယ် လျော့ကျသွားလေသည်။
လီယန်ချူသည် လေးကြိုးကို လက်တစ်ဖက်ဖြင့် ဆွဲထားပြီး သူ၏ လက်မောင်းပေါ်ရှိ ကြွက်သားများမှာ အဖုအထစ်များဖြင့် ကျစ်လျစ်နေသည်။
သူ၏ ကျောဘက်တွင် နဂါးကြီးတစ်ကောင် ရှိနေသကဲ့သို့ပင် သွေးနှင့် အသက်ဓာတ်များမှာ ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်လှသည်။
ဒိန်း
လက်ဝါးကြီးမှာ အလင်းမြား ထပ်မံထိမှန်သွားပြန်ရာ အထက်သို့ တက်လာနေသော အရှိန်မှာ ဖြည်းဖြည်းချင်း တန့်သွားတော့သည်။
ကမ္ဘာလောကကြီးတစ်ခုလုံးတွင် ပြင်းထန်သော ပေါက်ကွဲသံများ ဟိန်းထွက်နေပြီး ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို လှမ်းကြည့်မိစေသည်။
"ဒါ နတ်ဘုရားနယ်မြေထဲက နတ်ဘုရားတွေရဲ့ လက်ချက်လား "
သူတို့အချို့မှာ စိတ်ဓာတ်များ တက်ကြွလာကြသည်။
အကယ်၍ နတ်ဘုရားတစ်ပါးကသာ လက်ဖျားခါလောက်သော စွမ်းအားဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပါက ထိုရှေးဟောင်း တားမြစ်ချက်ကြီးကို ရင်ဆိုင်ရန် သေချာပေါက် အခွင့်အရေး ရှိပေလိမ့်မည် ၎င်းမှာ အားတက်ဖွယ်ရာ သတင်းကောင်းတစ်ခုပင်။
လူတိုင်းမှာ နတ်ဘုရားတို့၏ ကံထူးမှုကို ရှာဖွေရန်၊ ထာဝရအသက်ကို ရယူရန်နှင့် မှော်လက်နက် ရတနာများကို ရှာဖွေရန် ရောက်လာကြခြင်း ဖြစ်ပြီး အသေခံရန် ရောက်လာကြခြင်း မဟုတ်ပေ
အကယ်၍ ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးသာ အပြည့်အဝ နိုးထလာပါက ဒီတစ်ခေါက် ထောင်ယွမ်ရှန်း ခရီးစဉ်၏ ခက်ခဲမှုမှာ အကန့်အသတ်မရှိ မြင့်တက်သွားပေလိမ့်မည်။
၎င်းမှာ မည်သူမျှ မြင်တွေ့လိုသော အခြေအနေမျိုး မဟုတ်ချေ။
လီယန်ချူ၏ မျက်ဝန်းများမှာ အေးစက်လှသော လျှပ်စီးတန်းများကဲ့သို့ တောက်ပနေပြီး အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိချေ။
သူ၏ အမြင်တွင် လက်ဝါးကြီးတစ်ဖက်မျှသာ ဖြစ်ပြီး မည်မျှပင် တန်ခိုးကြီးပါစေ ကောင်းကင်ကြီးကို မှောက်လှန်ပစ်နိုင်မည်တဲ့လား
တိုက်လို့ နိုင်မနိုင်ဆိုသည်မှာ စွမ်းရည်ပြဿနာ ဖြစ်သော်လည်း၊ တိုက်ရဲ မတိုက်ရဲဆိုသည်မှာ စိတ်ဓာတ်ပြဿနာ ဖြစ်သည်။
အရင်ဆုံး ချလိုက်ဖို့သာ လိုသည်။
ဖုန်းနတ်ဘုရားလေး ၏ စွမ်းအားမှာ ကြီးမားလှပြီး ဒဏ္ဍာရီလာ လေနတ်ဘုရား၏ လက်နက်ဖြစ်သည့်အတိုင်း ၎င်း၏ စွမ်းဆောင်ရည် အကန့်အသတ်မှာ အလွန်မြင့်မားလှသည်။
အကယ်၍ ဝိညာဉ်စွမ်းအားသက်သက်ဖြင့်သာ အသုံးပြုမည်ဆိုလျှင် မော်ရှန်းတောင်မှ တာအိုဆရာလေး ဟုန်ပိုင်ဝေ ကဲ့သို့သော ကျင့်ကြံဆင့်မျိုးပင် လေးငါးကြိမ်ထက် ပို၍ မပစ်နိုင်ပါ။
သို့သော် ထိတ်လန့်ဖွယ်ရာ ခွန်အားနှင့် သံမဏိကဲ့သို့ ကျစ်လျစ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လီယန်ချူအတွက်မူ ထိုလေးမှာ အမြင့်ဆုံး စွမ်းအားကို ထုတ်ဖော်နိုင်သည့် လက်နက် ဖြစ်နေတော့သည်။
သူသည် မြားတစ်စင်းပြီး တစ်စင်း၊ မရပ်မနား ဆွဲပစ်နေပြီး ထိုအရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် ဘေးရှိ ကျန်းဝေ၏ မျက်လုံးများပင် လိုက်မကြည့်နိုင်တော့ပါ။
ဒိန်း
ဒိန်း
ကြောက်မက်ဖွယ်ရာ ကောင်းကင်ဘေးဒုက္ခ ကျရောက်လာသကဲ့သို့ပင် ပြင်းထန်သော ပေါက်ကွဲသံကြီးများက ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည် မီးလျှံများ ကောင်းကင်ယံအနှံ့ ပြန့်ကျဲသွားရာ ကောင်းကင်ကြီးမှာပင် အပေါက်တစ်ခု ဖြစ်သွားသယောင် ထင်မှတ်ရသည်။
မှင်အိုး မှောက်ကျထားသကဲ့သို့ နက်မှောင်နေသော အမှောင်ထုကြီးမှာလည်း မည်သည့်အရာကမျှ ဖယ်ရှား၍ မရနိုင်သကဲ့သို့ ရှိနေသော်လည်း၊ ယခုအခါတွင်မူ အချက်ပေါင်းများစွာ အထိမှန်ကာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
ထိုလက်ဝါးကြီးမှာ ယခုအချိန်တွင် အပြည့်အဝ နိုးထလာခြင်း မရှိသေးပါ။
သို့သော် ၎င်းမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အရှိန်အဝါမှာပင် ဒုတိယအဆင့် ယင်ဝိညာဉ် ကျင့်ကြံသူများကို ပြန်လည်ခုခံလိုစိတ် ပျောက်ဆုံးသွားစေရန် လုံလောက်လှသည်။
ထို့အပြင် ၎င်းသည် နတ်ဘုရားနယ်မြေအတွင်းရှိ မည်သူ့ကိုမဆို အလွယ်တကူ ရိုက်ချေဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဘယ်လို မှော်လက်နက်၊ ဘယ်လို အကာအကွယ် ဒိုင်းလွှားမျိုးကမှ တားဆီးနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအချိန်တွင် လီယန်ချူ၏ ပြင်းထန်လှသော အဝေးပစ် မှော်လက်နက်ဖြင့် ထိန်းချုပ်ခြင်းကို ခံနေရတော့သည်။
ဖုန်းနတ်ဘုရားလေး မှ အလင်းမြားများမှာ ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးပေါ်သို့ အဆက်မပြတ် ကျရောက်နေသဖြင့် လက်ဝါးကြီးမှာ ခုခံနိုင်စွမ်းမရှိဘဲ အရိုက်ခံနေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
မြားတစ်စင်းချင်းစီက ၎င်းကို ခဏတာသာ တားဆီးနိုင်သော်လည်း၊ လီယန်ချူ၏ လေးဆွဲသော လက်မှာ အလွန်မြန်ဆန်လွန်းလှသဖြင့် ကျန်းဝေပင် သဲသဲကွဲကွဲ မမြင်ရတော့ပါ။
စဉ်းစားကြည့်လျှင် တိုက်ပွဲစတင်ချိန်မှ ယခုအချိန်အထိ မည်မျှ ပြင်းထန်လှသော အလင်းမြားများ ထိုလက်ဝါးကြီးပေါ်သို့ ကျရောက်သွားပြီနည်း။
"ဒါ... နတ်ဘုရားနဲ့ လူသားတို့ရဲ့ တိုက်ပွဲလား"
နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးကြီး၊ အမှန်စင်စစ် ချိကဲဘက်ဂိုဏ်း မှ စူးတုကောင်းကင်ဘုရင် မှာလည်း တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
ထိုကဲ့သို့ တာအိုကျင့်စဉ်များ ပျောက်ကွယ်ပြီး လောကကြီးတွင် သံခြေကျင်းများ ခတ်နှိပ်ခံထားရသည့် ခေတ်ကြီး၌ ယန်ဝိညာဥ် အဆင့် ကျင့်ကြံသူများမှာ အလွန်ပင် ရှားပါးလှသည်။
သူမကဲ့သို့ ဝါရင့် ယင်ဝိညာဉ် အထွတ်အထိပ် အဆင့်ရှိသူပင်လျှင် ယန်ဝိညာဥ် အဆင့်ကို တက်လှမ်းနိုင်မည့် လမ်းစကို လုံးဝ ရှာမတွေ့နိုင်သေးချေ။
ယခုအခါ ထိုမျှအထိ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့လိုက်ရသဖြင့် စူးတု၏ စိတ်ထဲတွင် အလွန်ပင် တုန်လှုပ်သွားရသည်။
"ပျက်သုဉ်းလုဆဲဆဲ အခြေအနေကို ပြန်လည်ဆယ်တင်ပြီး၊ ကောင်းကင်ကြီး ပြိုကျလာမယ့် မိစ္ဆာဆိုးကို နှိမ်နင်းနေတာပါလား... တကယ် အံ့ဩဖို့ ကောင်းတယ်"
စူးတု၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
သူမသည် မူလကပင် အမှားအမှန် ခွဲခြားရခက်သော်လည်း စည်းကမ်းကြီးလွန်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ယခုအခါ ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်းရှိ နတ်ဘုရားတစ်ပါးက ကြီးမားလှသော တန်ခိုးတော်ဖြင့် ရှေးဟောင်းတားမြစ်ချက်ကြီးကို နှိမ်နင်းနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ သူမသည် အသက်ရှူပင် ရပ်တန့်သွားမိကာ အလွန်ပင် အားကျမိတော့သည်။
ထိုနတ်ဘုရားစွမ်းအားကို အသုံးပြုနေသူမှာ မိမိသာ ဖြစ်လိုက်ပါစေဟုပင် ဆုတောင်းနေမိသည်။
ထိုကမ္ဘာကျော် တိုက်ပွဲကြီးမှာ မည်သည့် နိမိတ်မျှ မပြဘဲ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သော်လည်း လူတိုင်း၏ အာရုံကို ထိုနေရာသို့ ဆွဲဆောင်ထားလေသည်။
သူတို့သည် နတ်ဘုရားက ထိုရှေးဟောင်း ထိတ်လန့်ဖွယ် လက်ဝါးကြီးကို နှိမ်နင်းနိုင်မနိုင်ကို အသက်ရှူပင် မဝဘဲ စောင့်ကြည့်နေကြသည်။
၎င်းမှာ သူတို့၏ ရှေ့ဆက်မည့် ခရီးလမ်း ဘေးကင်းမကင်းကို ဆုံးဖြတ်ပေးမည့်အရာ ဖြစ်သောကြောင့်ပင်။
ဒိန်း
ဒိန်း
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီး၏ နိုးထလာမှုမှာ ဤကဲ့သို့ အဓိပ္ပာယ်မရှိလောက်အောင် ပြင်းထန်သော နည်းလမ်းဖြင့် လုံးဝ အနှိမ်နင်းခံလိုက်ရပြီး ၎င်း၏ အရှိန်အဝါမှာလည်း ဆက်တိုက် ကျဆင်းလာတော့သည်။
ထိုစဉ် လက်ဝါးကြီးပေါ်မှ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံမှာ ကောင်းကင်လွှမ်းမည့် နာကြည်းမှုများနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
လက်ဝါးကြီးသည် ဖုန်းနတ်ဘုရားလေး ၏ တိုက်ခိုက်မှုများကို လုံးဝ ရုန်းထွက်လိုက်ပြီး အရာအားလုံးကို ဖျက်ဆီးမည့်၊ ကမ္ဘာကြီးကို ချေမှုန်းမည့် အရှိန်အဝါဖြင့် အားကုန် ရိုက်ချလိုက်တော့သည်။
ကျန်းဝေ တစ်ယောက်တော့ သူ့ကိုယ်သူ သေပြီဟု မှတ်လိုက်မိသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုအောက်မှ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ဟု သူ ထင်မြင်လိုက်ခြင်း ဖြစ်သည်။
"လာစမ်း"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားပြီး သူ၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဆူဝေနေသည်။
သူသည် ဖာ့ထျန်းရှန့်တီ ကို သိမ်းဆည်းလိုက်ပြီး မီးနတ်မင်း အမိန့်တော်ပြန် တော်ဖူ အတွင်းသို့ သူရဲ့ ဝိညာဥ်စွမ်းအားများကို တိုက်ရိုက် သွန်းလောင်းလိုက်တော့သည်။
ဒိန်းခနဲ ကျယ်လောင်လှသော အသံကြီးနှင့်အတူ ရှေးဟောင်းကာလမှ မြင့်မြတ်လှသော အရှိန်အဝါများ ပြန့်နှံ့သွားလေသည်။
လူတိုင်းမှာ ထိတ်လန့်သွားကြပြီး အသက်ရှူပင် မှားသွားကြသည်။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် ရှေးဟောင်း နတ်ဘုရားကြီးတစ်ပါး ပေါ်ပေါက်လာလေသည်။
သူ၏ လက်ထဲတွင် အသီးသီး ဆုပ်ကိုင်ထားသည်မှာ ကျောက်ထျန်းတံဆိပ်၊ နဂါးငါးပါးစက်ဝိုင်း၊ မီးကျီးကန်းတစ်သောင်းအိုး၊ မီးလျှံဓား နှင့် မိုင်တစ်သောင်း တိမ်တိုက်မီးလျှံ တို့ ဖြစ်ကြသည်။
"ဒါ... ဒါ မီးနတ်ဘုရား ပဲ "
နောက်ခံအင်အား ကြီးမားပြီး လျှို့ဝှက်လှသော လူငယ်လေးသည် ကောင်းကင်ယံကို ကြည့်ကာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။
သူ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
"တကယ်ကြီး ဘာတွေ ဖြစ်နေတာလဲ ဒါက နတ်ဘုရား ရှဲ့ကျန်းရန် ရဲ့ နယ်မြေ မဟုတ်လား ဘာလို့ မီးနတ်ဘုရားကြီးရဲ့ ကိုယ်ပွား က ပေါ်လာရတာလဲ"
မက်မွန်ကိုင်းကို ကိုင်ကာ နဂါးကို သတ်ဖြတ်ခဲ့သော ရှဲ့ကျန်းရန် ပေါ်လာလျှင်ပင် ထိုလူငယ်လေးမှာ ထူးဆန်းသည်ဟု ထင်မိမည် မဟုတ်ပါ။
သို့သော် ယခု ပေါ်လာသည်မှာ ပိုမို ရှေးကျလှသော မီးနတ်ဘုရား ဖြစ်နေတော့သည်။
ကိုယ်ပွား မျှသာ ဖြစ်သော်လည်း ၎င်းက ထိုလူငယ်လေးကို အလွန်ပင် တုန်လှုပ်သွားစေသည်။
"ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ "
လူငယ်လေး၏ မျက်လုံးများမှာ တောက်ပလာသည်။
ထိုအရာမှတစ်ဆင့် ရှည်လျားလှသော အချိန်ကာလအတွင်း မြုပ်ကွယ်သွားခဲ့သည့် ဒဏ္ဍာရီများ ပြတ်တောက်သွားရသည့် လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်မလား။
တာ့ရှန်းကော်ကျောင်း မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်မှာမူ သူ၏ မျက်မှောင်များ တွန့်သွားပြီး သူ၏ ကျောဘက်တွင် ရွှေရောင်အလင်းစက်ဝိုင်းတစ်ခု ပေါ်ပေါက်လာသည်။
၎င်းမှာ သူ မထိန်းချုပ်နိုင်ဘဲ အလိုအလျောက် တုံ့ပြန်မိသည့် အမူအရာတစ်ခု ဖြစ်သည်။
"မီးနတ်ဘုရားရဲ့ ကိုယ်ပွားလား"
ထိုလူငယ်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
"ငါနဲ့ အမျိုးအစားတူတဲ့သူ တစ်ယောက်ယောက် ဒီနတ်ဘုရားနယ်မြေထဲ ရောက်နေတာလား "
သူ၏ ကျောဘက်ရှိ ရွှေရောင်အလင်းစက်ဝိုင်းမှာ ကြီးမားလှသော ဗုဒ္ဓတရားတော်၏ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး လူသားလောကရှိ ရဟန္တာ တစ်ပါးကဲ့သို့ပင်။
သူသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ ကောင်းကင်ယံကို တည်ငြိမ်စွာ ကြည့်နေလေသည်။
မီးနတ်ဘုရား ကိုယ်ပွား ဆင်းသက်လာပြီးနောက် ထိုလက်ဝါးကြီး၏ ထိတ်လန့်ဖွယ် ရှေးဟောင်း အရှိန်အဝါများမှာ ချက်ချင်းပင် နှိမ်နင်းခြင်း ခံလိုက်ရတော့သည်။