အခန်း (၄၃၅-၄၃၆)
Vol. 44 Ch. 435-436
အခန်း (၄၃၅) - မီးနတ်ဘုရား ကိုယ်ထင်ပြခြင်း၊နတ်ဘုရားတောင်တန်း
နေမင်းကဲ့သို့ ပူပြင်းတောက်ပနေပြီး ခန္ဓာကိုယ်တွင် မီးနဂါးများ ရစ်ပတ်ထားသည့် ထိုရှေးဟောင်း နတ်ဘုရားကြီးရဲ့ မျက်ခုံးအလယ်ရှိ တတိယ နတ်ဘုရားမျက်လုံးသည် နတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူများကို တစ်ချက်မျှသာ ကြည့်လိုက်လေသည်။
လူတိုင်းသည် မိမိတို့၏ မျက်စိရှေ့တွင် ဖြူဖွေးသော အလင်းတန်းများသာ မြင်တွေ့ရပြီး အလွန်အမင်း ပူပြင်းလှသဖြင့် မီးပင်လယ်ထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချက်ကြည့်ရုံမျှနှင့်တင်
မိစ္ဆာအတတ်များ ကျင့်ကြံသည့် အောက်လမ်းဆရာများနှင့် မိစ္ဆာရဟန်းများမှာ မျက်နှာများ ဖြူလျော်သွားကာ မျက်ဝန်းထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ဝိညာဉ်ပင် လွင့်မတတ် တုန်လှုပ်သွားကြတော့သည်။
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးမှာ နာကြည်းမှုများ ပြည့်နှက်နေသည့် အသံဖြင့် ရှတစွာ ဟိန်းဟောက်လိုက်သည်။
"ပြတ်တောက်နေတဲ့ အကြွင်းအကျန် အစိတ်အပိုင်းတစ်ခုကများ ချုပ်နှောင်မှုကို ရုန်းထွက်ဖို့ ကြံစည်နေတာလား... အတင့်ရဲလှချင်လား "
ယခုအချိန်တွင် လီယန်ချူသည် တောင်ပိုင်းဒေသ၏ အရှင်သခင် မီးနတ်ဘုရား အဖြစ် အသွင်ပြောင်းလဲထားကာ သူ့ အသံမှာလည်း ဟိန်းထွက်နေသည်။
သူသည် ခန္ဓာကိုယ်တွင် မီးနဂါးများကို ရစ်ပတ်လျက် ပြင်းထန်သော အရှိန်အဝါဖြင့် သတ်ဖြတ်ရန် ရှေ့သို့ တက်လှမ်းသွားတော့သည်။
မီးနတ်ဘုရားကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်ထဲ၌ အဆုံးမဲ့သော အာဏာစက်ပြည့်ဝသည့် နတ်ဘုရားမီးလျှံများ ပျံ့နှံ့သွားလေသည်။
၎င်းမှာ မီးနတ်ဘုရား အမိန့်တော်ပြန် တော်ဖူ နှင့်အတူ ကျောက်ထျန်းတံဆိပ်၊ နဂါးငါးပါးစက်ဝိုင်း စသည့် ဒဏ္ဍာရီလာ မီးမှော်လက်နက်တုများမှ ပေါက်ဖွားလာသည့် သမာဓိမီး များပင် ဖြစ်သည်။
သူ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ အပုပ်နံ့များ၊ အဆိပ်ငွေ့များနှင့် တစ္ဆေဝိညာဉ်ငွေ့များ အားလုံးမှာ ပြာအဖြစ် လောင်ကျွမ်းသန့်စင်သွားရသည်။
ယခုအချိန်တွင် မည်သည့် မိစ္ဆာဆိုးမျှ လီယန်ချူ၏ အနားသို့ မကပ်ရဲကြပါ။
ဝူး...
လက်ဝါးကြီးက နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။
၎င်းကို ဗဟိုပြု၍ မည်းနက်သော လှိုင်းလုံးကြီးတစ်ခုမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး ထိတ်လန့်ဖွယ်ရာ မကောင်းသော အရှိန်အဝါများကို သယ်ဆောင်လာသည်။
၎င်းသည် မီးနတ်ဘုရားရဲ့ သမာဓိမီး ကို ခုခံရန် ကြိုးစားနေခြင်းပင်
၎င်းမှာ မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ အလွှာပေါင်း ထောင်ချီ၍ အသွင်ပြောင်းလဲနေသည်။
ထိုလက်ဝါးကြီးသည် ထိုစဉ်က သတ်ဖြတ်ခြင်း မခံရဘဲ ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်း၌သာ ပိတ်လှောင်ခြင်း ခံထားရခြင်း ဖြစ်သည်။
၎င်းကို ကြည့်ခြင်းအားဖြင့် ထိုအရာသည် တစ်ချိန်က မည်မျှအထိ ထိတ်လန့်စရာကောင်းခဲ့သည်ကို သိသာစေသည်။
ဖြစ်နိုင်သည်မှာ ထိုစဉ်က နတ်ဘုရားတို့၏ တာအိုကျောင်းတော်ကို ရိုက်ချေဖျက်ဆီးခဲ့သူမှာ ထိုလက်ဝါးကြီး၏ ပိုင်ရှင်ပင် ဖြစ်ပေလိမ့်မည်။
ဒိန်း...
ထိုနေရာတွင် ကြောက်မက်ဖွယ် မီးပင်လယ်ကြီး ပျံ့နှံ့သွားလေပြီ
နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးမှာ ဝိညာဉ်ကိုပင် ဆွဲထုတ်သွားနိုင်လောက်သည်။
ထိုနတ်ဘုရားမီးလျှံများ တိုးဝှေ့ထွက်ပေါ်လာသည့်အခါ တိုက်ခိုက်လာသော လက်ဝါးကြီး၏ အရှိန်အဝါကို တိုက်ရိုက် ရိုက်ခွဲဖျက်ဆီးလိုက်ရုံတင်မကဘဲ...
မီးလျှံများမှာ ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး မည်းနက်သော မကောင်းဆိုးဝါး အငွေ့အသက်များကို အမြစ်ပြတ် လောင်ကျွမ်းပစ်ကာ ရှေးဟောင်းလက်ဝါးကြီးနှင့် အားကုန် တိုးတိုက်မိတော့သည်။
ဒိန်း...
ထပ်မံ၍ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။
မီးလျှံများ ပေါက်ကွဲထွက်ကာ မီးပင်လယ်ကြီး ပြန့်ကျဲသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်လိုက်သည်။
ဧရာမ ကျောက်တုံးကြီးများမှာ ပေါက်ကွဲအားကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်ကာ ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားပြီးနောက် နတ်ဘုရားမီးလျှံများ၏ ဝါးမြိုခြင်းကို ခံရကာ လုံးဝ ပျောက်ကွယ်သွားရတော့သည်။
၎င်းမှာ သာမန်ကျင့်ကြံသူချင်း တိုက်ခိုက်သည့် နည်းလမ်းမျိုး မဟုတ်တော့ပါ။
တကယ့် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့် ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင်တို့ သတ်ဖြတ်နေကြခြင်း ဖြစ်သည်။
မီးနတ်ဘုရားကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် အနားသို့ တိုးကပ်လာသည်။
သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာ ပိုမိုစူးရှလာပြီး နေမင်းကြီးကဲ့သို့ပင် တိုက်ရိုက်ကြည့်ရန် ခက်ခဲလှသည်။
တောက်ပလှပကာ မြင့်မြတ်လှသော အာဏာစက်များမှာ ဒီရေအလား တိုးဝှေ့လာပြီး လက်ဝါးကြီးကို သတ်ဖြတ်ရန် ထိုးနှက်လိုက်သည်။
ရှေးဟောင်းလက်ဝါးကြီးသည် အလွှာပေါင်း ထောင်ချီ၍ အသွင်ပြောင်းလိုက်ပြီး ၎င်း၏ အရှိန်အဝါမှာလည်း ရုတ်တရက် အဆမတန် မြင့်တက်လာသည်။
၎င်းမှာ လေးလံလှသော ပုကျိုး နတ်ဘုရားတောင်ကြီး ပြိုကျလာသကဲ့သို့ပင် လီယန်ချူကို အသားစိပ်စိပ်လေး ဖြစ်သွားအောင် ဖိချေပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ သာမန် ယင်ဝိညာဉ် ကျင့်ကြံသူသာ ထိုကဲ့သို့သော ရှေးဟောင်းတားမြစ်ချက်ကြီးရဲ့ ဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရပါက သေချာပေါက် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပါ။
ရုပ်ခန္ဓာရော၊ ဝိညာဉ်ပါ ထိုရှေးဟောင်းလက်ဝါးကြီး၏ ဖိချေမှုအောက်တွင် ပျက်စီးသွားရပေလိမ့်မည်။
သို့သော် လီယန်ချူမှာမူ မတူညီချေ။
သူ၏ ကျောဘက် ဟင်းလင်းပြင်တွင် နတ်ဘုရားမီးလျှံများ ကောင်းကင်ယံအနှံ့ ပြန့်ကျဲနေပြီး...
နတ်ဘုရားလေး၊ နတ်ဘုရားဓား၊ မီးနဂါး၊ မီးကျီးကန်းများနှင့်အတူ တော်ဖူ တစ်ခုမှာလည်း မီးပင်လယ်ထဲတွင် နိမ့်ချည်မြင့်ချည် လွင့်မျောနေသည်။
ထိုမျှများပြားလှသော တန်ခိုးစွမ်းအားနှင့် မှော်ရတနာများမှာ လူကို ထိတ်လန့်တုန်လှုပ်စေသည်
သူသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် လေးကြီးတစ်လက်ကို ကိုင်စွဲထားကာ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
သူသည် ထိုလက်ဝါးကြီးကို ဦးတည်၍ မြားသုံးစင်း ဆက်တိုက် ပစ်ခတ်လိုက်လေသည်။
၎င်းမှာ မှော်လက်နက် ၅ မျိုးထဲမှ တစ်ခုဖြစ်သည့် မိုင်တစ်သောင်း တိမ်တိုက်မီးလျှံ ပင် ဖြစ်သည်။
ဒိန်း...
ဒိန်း...
ဒိန်း...
ထိုရှေးဟောင်းတားမြစ်ချက် လက်ဝါးကြီးပေါ်တွင် နတ်ဘုရားအလင်းတန်းများစွာ ပေါက်ကွဲထွက်သွားသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများမှာ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံး ကျောက်ခဲများကို ရိုက်ခတ်သွားပြီး ထိတ်လန့်စရာကောင်းသော ဖျက်ဆီးမှုများကို ဖြစ်ပေါ်စေသည်။
လက်ဝါးကြီးရဲ့ လက်ချောင်းငါးချောင်းမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် တောင်တန်းကြီးများအလား တစ်တန်းတည်း တည်ရှိနေပြီး မီးနတ်ဘုရား၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားနေသည်။
"မိစ္ဆာဆိုး... သေပေတော့"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။
ဒိန်း...
ယခုအချိန်တွင် အာဏာစက်ပြည့်ဝလှသော နတ်ဘုရားမီးလျှံများမှာ ကောင်းကင်လွှမ်းမိုးကာ လောင်ကျွမ်းလာသဖြင့် မည်သည့်နေရာမှ ရှောင်တိမ်း၍ မရနိုင်တော့ပါ။
မီးနတ်ဘုရားကြီး၏ နတ်ဘုရားမျက်လုံးမှာ လျှပ်စီးအလား တောက်ပနေပြီး ထိုတန်ခိုးစွမ်းအားများကို ထိန်းချုပ်ကာ...
လက်ဝါးကြီးကို တိုက်ရိုက်ပင် အချောကိုင် လိုက်တော့သည်။
ပြာတစ်စပင် မကျန်တော့အောင် စင်ကြယ်သန့်ရှင်းစွာ လောင်ကျွမ်းပစ်လိုက်သည်။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်
ထိုကောင်းကင်ဘုံ နတ်ဘုရားနှင့် ရှေးဟောင်းတားမြစ်ချက်တို့၏ တိုက်ပွဲမှာ...
နောက်ဆုံးတွင် မီးနတ်ဘုရားမှ လက်ဝါးကြီးကို အပြီးတိုင် လောင်ကျွမ်းဖျက်ဆီးပစ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားလေပြီ
သို့သော်လည်း
လီယန်ချူမှာမူ မျက်မှောင်ကြုတ်သွားသည်။
စောစောက ထိုလက်ဝါးကြီးသည် နတ်ဘုရားမီးလျှံများ၏ လောင်ကျွမ်းမှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း...
မဟာတာအိုအသံ ကို မကြားရသလို
ကုသိုလ်မှတ် များလည်း ကျဆင်းမလာခဲ့ပါ
ဆိုလိုသည်မှာ ထိုလက်ဝါးကြီးသည် ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားခြင်း သို့မဟုတ် ၎င်းသည် ပြည့်စုံသော သက်ရှိဖြစ်တည်မှု မဟုတ်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
မီးနတ်ဘုရားရဲ့ မျက်ခုံးအလယ်ရှိ တတိယနတ်ဘုရားမျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ လောကအတွင်းရှိ မိစ္ဆာအငွေ့အသက်များမှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လက်ဝါးတစ်ဖက်တည်းသာ ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း အများကြီး ထပ်မတွေးတော့ဘဲ...
စိတ်အာရုံကို လှုပ်ရှားလိုက်ရာ မီးနတ်ဘုရားကိုယ်ပွားမှာ ပျောက်ကွယ်သွားပြီး၊ ဝါကျင်ကျင်အရောင်ရှိသော တော်ဖူ တစ်ခုမှာ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
"ဒီတော်ဖူက မီးနတ်ဘုရားရဲ့ ကိုယ်ပွားကိုတောင် ပင့်ဖိတ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို မမျှော်လင့်ထားတဲ့ ရလဒ်ပဲ "
လီယန်ချူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးကို နှိမ်နင်းရာတွင် ကုသိုလ်မှတ် မရရှိခဲ့သော်လည်း လီယန်ချူမှာ အလွန်ပင် ပျော်ရွှင်နေဆဲဖြစ်သည်။
သူသည် ကျန်းဝေနှင့် ပြန်လည်ဆုံတွေ့ကာ နှစ်ဦးသား ထိုနတ်ဘုရားနယ်မြေအတွင်းသို့ ဆက်လက် စူးစမ်းရန် ပြင်ဆင်လိုက်ကြသည်။
ကျန်းဝေသည် လီယန်ချူကို ကြည့်သည့် အကြည့်မှာ ပြောင်းလဲသွားလေပြီ။
ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ချောင်ချောင်တာအိုဆရာ... ခင်ဗျားက တကယ်ကြီး လူ့လောကမှာ ပျော်ပါးနေတဲ့ စီနီယာကြီးတစ်ယောက် မဟုတ်ဘူးလား ကျင့်ကြံဆင့်ကို နှိမ့်ချပြီးမှ ဒီထောင်ယွမ်ရှန်းထဲကို ဝင်လာတာ မဟုတ်လား "
ကျန်းဝေက အံ့အားသင့်စွာ မေးလိုက်သည်။
"အမ်"
"မင်းက ဒါကိုတောင် ရိပ်မိသွားတာလား... ဟုတ်တယ်၊ ငါက ဝူစန်း တောင်ပေါ်မှာ တိတ်တဆိတ် ကျင့်ကြံနေတာ အခုဆို နှစ်ပေါင်း ၅၀၀ ရှိပြီ၊ အခုမှ တားမြစ်ချက်ကို ချိုးဖျက်ပြီး ပြန်ထွက်လာတာ "
လီယန်ချူက ဆိုလိုက်သည်။
"ဘာ"
ကျန်းဝေက အလန့်တကြား အော်လိုက်မိသည်။
"နှစ်ပေါင်း ၅၀၀ ဟုတ်လား"
သူ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ ထိုချောင်ချောင်တာအိုဆရာသည် အသက် ၅၀၀ ကျော်နေပြီဖြစ်သော စီနီယာကြီးတစ်ဦး ဖြစ်နေခြင်းပင်။
ဒါပေမဲ့
ဒီ ဝူစန်းတောင် ဆိုတာ ဘယ်နေရာလဲ သူ တစ်ခါမှ မကြားဖူးပါလား။
ကျန်းဝေသည် မိမိကိုယ်မိမိ အသိအမြင် အလွန်ကျဉ်းမြောင်းလှသည်ဟု ချက်ချင်းပင် ခံစားလိုက်ရသည်။
လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းဝေကို ပြုံးလျက် ကြည့်နေသည်။
ကျန်းဝေသည် ဗြုန်း ခနဲ ဒူးထောက်ကျသွားပြီး လီယန်ချူ၏ ပေါင်ကို ဖက်လိုက်လေသည်။
"ချောင်ချောင်စီနီယာကြီး... ကျနော်က မျက်စိမပါလို့ တောင်ကြီးကို မမြင်မိတာပါ။ အရင်က စီနီယာကြီးရှေ့မှာ ရိုင်းပျခဲ့မိတာတွေရှိရင် ခွင့်လွှတ်ပေးပါဦး "
ကျန်းဝေ တစ်ယောက် အရှက်သည်းနေမိသည်။
အရင်က မိမိကိုယ်မိမိ မြင့်မြတ်သော မျိုးရိုးကဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားခဲ့သည်များကို ပြန်တွေးမိသည့်အခါ မျက်နှာပူလာတော့သည်။
ထိုချောင်ချောင်စီနီယာကြီးက အသက် ၅၀၀ ကျော်နေသည့် တကယ့် တာအိုနတ်ဘုရားတစ်ပါး မဟုတ်ပါလား
လူတွေရဲ့ အကြောင်းကို သူ မသိတာ ဘာရှိတော့မှာလဲ
"ဘာမှမဖြစ်ပါဘူး၊ ငါက တောင်ပေါ်မှာ နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံနေခဲ့တာဆိုတော့ လောကီရေးရာတွေနဲ့ ကင်းကွာနေတာ ကြာပြီ။ အခုခေတ်ရဲ့ လျှို့ဝှက်နယ်မြေတွေအကြောင်း မင်းဆီကနေ ပိုပြီး သိချင်သေးတယ်"
လီယန်ချူက တည်ငြိမ်စွာ ဆိုသည်။
ကျန်းဝေ တစ်ယောက် စိတ်လှုပ်ရှားသွားတော့သည်။
မူလက သူသည် ကျင့်ကြံဆင့်တူသူချင်းထဲတွင် ပြိုင်ဘက်ကင်းသည့် လူငယ်တာအိုဆရာတစ်ယောက်နှင့် သိကျွမ်းခဲ့သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ တကယ့်ကို ဖုံးကွယ်ထားသည့် အရှိန်အဝါကြီးမားသူ၊ အနည်းဆုံး အသက် ၅၀၀ ကျော်နေသည့် တာအိုနတ်ဘုရားတစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပြောင်းလဲသွားသည်။
ဒီလူကြီးရဲ့ ခြေထောက်ကိုတော့ ငါ သေချာပေါက် ဖက်ထားရမယ်။
"စီနီယာကြီး... ဒီထောင်ယွမ်ရှန်း ခရီးစဉ် ပြီးသွားရင် ကျနော့်အိမ်ကို ကြွလှမ်းခဲ့ပါဦးလို့ ဖိတ်ကြားချင်ပါတယ်၊ ကျနော့်မိသားစုဝင်တွေကိုလည်း စီနီယာကြီးရဲ့ ခန့်ညားထည်ဝါမှုကို ဖူးမြော်ခွင့် ပေးစေချင်ပါတယ်ဗျ "
ကျန်းဝေက ရိုသေစွာ လျှောက်တင်လိုက်သည်။
လီယန်ချူက ခပ်ပြုံးပြုံးဖြင့်
"ငါတို့ တာအိုကျင့်ကြံသူတွေက စိတ်အလိုအတိုင်း သွားလာတတ်ကြတယ်၊ ဒီကိစ္စကိုတော့ နောက်မှပဲ ပြောကြတာပေါ့"
ကျန်းဝေက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ထဲတွင် အိမ်ပြန်ရောက်သည့်အခါ မိမိသည် တာအိုနတ်ဘုရားကြီးတစ်ပါးနှင့် သိကျွမ်းလာခဲ့ကြောင်း မိသားစုကို ပြောပြရလျှင် သူတို့ မည်မျှအထိ အံ့အားသင့်သွားကြမည်ကို ကြိုတင်၍ စိတ်ကူးယဉ်နေမိတော့သည်။
ဒီချောင်ချောင်စီနီယာကြီးက ဘာကို ဝါသနာပါသလဲ မသိဘူး၊ သူ့စိတ်ကြိုက်ဖြစ်အောင် လုပ်ပေးပြီး သေချာပေါက် ဆွဲဆောင်ရမယ်
ကျန်းဝေက စိတ်ထဲမှ တေးထားလိုက်သည်။
သူတို့နှစ်ဦးသည် မကြာမီမှာပင် မြင့်မားလှသော တောင်တန်းကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်လုံးတွင် ထူးထူးခြားခြား ဘာမှမရှိသော်လည်း...
ထိုတောင်တန်းကြီးမှာမူ အနည်းငယ် ထူးဆန်းနေသည်။
ဧရာမ နဂါးကြီးတစ်ကောင် ထိုနေရာတွင် ဝပ်နေသကဲ့သို့ပင် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
လူကို ရင်ထိတ်စေသည်အထိပင်။
လီယန်ချူသည် မျက်မှောင်ကြုတ်လျက် ထိုတောင်တန်းကြီးကို အကဲခတ်ကြည့်လိုက်ပြီး
"ဒီတောင်ရဲ့ အရှိန်အဝါက တကယ့်ကို ထူးဆန်းတာပဲ"
အခန်း (၄၃၆) - ရွှေတောင်ပံဂဠုန်၊ မြွေနဂါးမင်းနှင့် ဆေးဖော်စပ်အိုး
"ဒီတောင်က ရှေးဦးကာလ မိစ္ဆာသားရဲတွေ ဝပ်နေရင်း အပေါ်မှာ ဖုန်မှုန့်တွေတင်ပြီး ဖြစ်လာတဲ့ မိစ္ဆာတောင်နဲ့ ပိုတူတယ်"
ကျန်းဝေက ဆိုသည်။
ကျန်းဝေသည် ထိုနတ်ဘုရားနယ်မြေ၏ စွယ်စုံကျမ်းလေး ပမာပင်။
တောင်ပေါ်တွင် နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည့် တာအိုစီနီယာကြီးအတွက် သူ သိသမျှ အကုန်အစင်ကို မဖုံးမကွယ်ဘဲ ပြောပြနေတော့သည်။
လမ်းတစ်လျှောက် စကားပြောဆိုရင်း လီယန်ချူသည် ရှေးဟောင်းလျှို့ဝှက်ချက်များစွာကို သိရှိလာရပြီး ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအပေါ် အမြင်သစ်များ ရရှိလာခဲ့သည်။
ကျန်းဝေ၏ ပြောပြချက်အရ ထိုနယ်မြေအတွင်း၌ တားမြစ်နယ်မြေ ငါးခု ရှိနေကြောင်း သိရသည်။
ထို့ပြင် ယွမ်ယန်သီး သည် အမှန်တကယ်တွင် လူတစ်ဦးအား သန့်စင်သောယန်အရှိန်အဝါ များ စုစည်းစေရန် ကူညီပေးနိုင်ပြီး ယန်ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို တိုးပွားစေကြောင်း သိလိုက်ရသည်။
အစောပိုင်းက ကျန်းဝေသည် မိမိတွင် ရောဂါရှိသဖြင့် ယန်ဓာတ်ဖြည့်ရန်သာ လိုအပ်သည်ဟု ဆိုခဲ့ပြီး ထိုအဖိုးတန် အကျိုးကျေးဇူးကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပင်...
ရုတ်တရက် ကောင်းကင်ကြီးမှာ မှောင်အတိ ကျသွားလေသည်။
"နေ့ခင်းကြောင်တောင်ကြီး ဘာလို့ ရုတ်တရက်ကြီး..."
ကျန်းဝေက ထိုနေရာဆိုးကြီးကို စောဒကတက်ရန် ပြင်လိုက်စဉ်မှာပင်...
မော့ကြည့်လိုက်သည့်အခါ အလွန်ဝေးကွာသော နေရာမှ တောင်တန်းကြီးတစ်ခုစာခန့် အတောင်ပံများကို ဖြန့်ကားထားသည့် ငှက်ကြီးတစ်ကောင် ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
အလွန်ဝေးကွာနေသော်လည်း ထိုသတ္တဝါကြီး၏ ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါကြောင့် လူကို ချမ်းစိမ့်သွားစေသည်။
ထိုငှက်ကြီး၏ ရွှေရောင်တောက်နေသော ခြေသည်းနှစ်ဖက်မှာ အလွန်ပင် ထက်မြက်လှပြီး အောက်ရှိ တောင်တန်းကြီးကို အားကုန် လှမ်းအုပ်လိုက်သည်။
ထိုအခါ တောင်တန်းကြီးမှာ ဖြူဖွေးသော မြွေနဂါးကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ ခန္ဓာကိုယ်ကို လူးလွန့်လိုက်ရာ...
ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများ ပြိုကျကုန်ပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းလှသော ချောက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားတော့သည်။
ကျန်းဝေ ခန့်မှန်းခဲ့သလိုပင်၊ ထိုတောင်တန်းကြီးမှာ အမှန်တကယ်ပင် သားရဲကြီးတစ်ကောင် အသွင်ပြောင်းနေခြင်း ဖြစ်သည်။
ဖျတ်...
ငှက်ကြီး၏ ထက်မြက်လှသော ခြေသည်းများက ဖြူဖွေးသော မြွေနဂါးကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။
အဆင့်မြင့် မှော်လက်နက်များထက်ပင် ပိုမိုမာကျောလှသော ထိုမြွေနဂါးအကြေးခွံများမှာ ငှက်ကြီး၏ ခြေသည်းအောက်တွင် စက္ကူကဲ့သို့ပင် အလွယ်တကူ စုတ်ပြတ်သွားရပြီး ခရမ်းရောင် သွေးစက်များမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပန်းထွက်သွားတော့သည်။
ငှက်ကြီးသည် အတောင်ပံကို ခတ်လိုက်ရာ ပြင်းထန်သော လေလှိုင်းကြီးများ ဖြစ်ပေါ်လာပြီး ပေရာချီ ရှည်လျားလှသော မြွေနဂါးကြီးကို ကောင်းကင်ယံသို့ ဆွဲတင်ကာ အဝေးတစ်နေရာသို့ လွှင့်ပစ်လိုက်သည်။
မြေပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏတွင် မြေကြီးမှာ သိမ့်သိမ့်တုန်သွားတော့သည်
နတ်ဘုရားနယ်မြေတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားရခြင်းမှာ စောစောက မီးနတ်ဘုရားနှင့် ရှေးဟောင်းတားမြစ်ချက်တို့ တိုက်ခိုက်စဉ်ကထက်ပင် မလျော့သော အခြေအနေမျိုး ဖြစ်သည်။
ထို့နောက်တွင် ထိုရက်စက်ကြမ်းကြုတ်လှသော မြွေနဂါးဖြူကြီးမှာ လုံးဝ အပိုင်းပိုင်းအစစ ဆွဲဖြဲခံလိုက်ရတော့သည်။
ငှက်ကြီးသည် ကျေနပ်အားရသွားဟန်ဖြင့် ပျံသန်းထွက်ခွာသွားသည်။
"..." လီယန်ချူ။
"..." ကျန်းဝေ။
လီယန်ချူမှာ အံ့ဩရုံမျှသာ ရှိသော်လည်း ကျန်းဝေမှာမူ မျက်လုံးများ ပြူးထွက်ကာ တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူလျော်နေသည်။
ဤမျှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကြောင့် ကျန်းဝေမှာ တဆတ်ဆတ် တုန်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပါ။
တစ်နေ့တည်းမှာပင် ထိုကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းမျိုးကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့လိုက်ရခြင်းမှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
ကျန်းဝေသည် လျှို့ဝှက်ကျင့်စဉ်မိသားစုမှ လာသူဖြစ်၍ အသိအမြင် ကြွယ်ဝသူဖြစ်ရာ သူက တုန်တုန်ယင်ယင်ဖြင့် ဆိုလိုက်သည်။
"ကျနော် မမှားဘူးဆိုရင်... အဲဒီငှက်ကြီးက ဗုဒ္ဓဘာသာ ကျမ်းဂန်တွေထဲမှာ ပါတဲ့ ရွှေတောင်ပံဂဠုန် ပဲ ဖြစ်ရမယ်၊ မြွေနဂါးဖြူကြီးကတော့ ဗုဒ္ဓဘာသာမှာ ခေါ်တဲ့ နဂါး ပေါ့"
အတိအကျ ပြောရလျှင် ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ ထိုကဲ့သို့သော နဂါးမျိုးကို မြွေနဂါးမင်း ဟု ခေါ်ဆိုကြသည်။
ကျန်းဝေသည် မျက်လုံးပြူးလျက် စကားကို သတိထား၍ ပြောနေရပြီး အသက်ပင် ပြင်းပြင်း မရှူရဲချေ။
ဖြစ်နိုင်သည်မှာ ထိုမျှ ကြီးမားလှသော ရွှေတောင်ပံဂဠုန်အတွက် သူတို့မှာ အလွန်ပင် သေးငယ်လှသဖြင့် သတိမထားမိဘဲ လွှတ်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ဗုဒ္ဓဘာသာရဲ့ ရွှေတောင်ပံဂဠုန်နဲ့ မြွေနဂါးမင်းက ဘာလို့ တာအိုဘာသာရဲ့ နတ်ဘုရားနယ်မြေထဲ ရောက်နေတာလဲ
လီယန်ချူက မျက်မှောင်ကြုတ်လျက် တွေးတောနေမိသည်။
သူ အလွန် သိချင်နေမိသည်။
ထိုစဉ်က ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။
ထိုရွှေတောင်ပံဂဠုန်က ဘယ်ကနေ ရောက်လာသနည်း။
ထိုစဉ်က ဗုဒ္ဓဘာသာ အထွတ်အထိပ် ပညာရှင်တစ်ဦးပါ ထိုနေရာမှာ ကျဆုံးခဲ့ခြင်းလား
ဒါက တကယ့် ရွှေတောင်ပံဂဠုန်အစစ်လား ဒါမှမဟုတ် ဗုဒ္ဓဘာသာ အရှင်သူမြတ်တစ်ပါးရဲ့ ဝိညာဉ်ကိုယ်ပွား လား
လီယန်ချူ မျက်မှောင်ကြုတ်ထားမိသည်။
သာမန် ယင်ဝိညာဉ် ကျင့်ကြံသူ၏ ကိုယ်ပွားသည် ထိုမျှအထိ ထိတ်လန့်စရာ မကောင်းနိုင်ချေ။
အကယ်၍ ဒါဟာ တတိယအဆင့် ရောက်နေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့ လက်ချက်ဆိုရင်ကော
မူလက သူသည် ထိုနတ်ဘုရားနယ်မြေအကြောင်းကို လုံလောက်အောင် သိပြီဟု ထင်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဤနေရာတွင် မဖော်ထုတ်ရသေးသည့် လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေဆဲ ဖြစ်သည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်ကြပြီးနောက် မြွေနဂါးမင်း ကျဆုံးသွားသည့် နေရာသို့ အပြေးအလွှား သွားကြသည်။
ပေရာချီ ရှည်လျားလှသည့် ထိုရှေးဦးသားရဲကြီးမှာ ယခုအခါ ဂဠုန်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ် အကြွင်းအကျန်များမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
၎င်းမှာ တစ်ကိုယ်လုံး ရတနာများပင် ဖြစ်သည်
အကြေးခွံများ၊ သွေးများ၊ အရိုးများ...
ဖြစ်နိုင်လျှင် အတွင်းအမြုတေ ကဲ့သို့သော အရာများပင် ရှိနိုင်ပေသည်။
ဘယ်သူရရ တကယ့်ကို ကံထူးခြင်းပင်။
ကြီးမားလှသော အန္တရာယ်နောက်ကွယ်မှာ ကြီးမားလှသော နတ်ဘုရားကံထူးမှုများ ရှိနေတတ်သည်။
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေသည် နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိနေသည် မသိသဖြင့် ထိုကဲ့သို့သော စွမ်းအားကြီး သားရဲများ ရှိနေခြင်းမှာ မဆန်းပါ။
ထိုအချက်ကပင် လူတို့၏ စူးစမ်းလိုစိတ်ကို ပိုမို လှုံ့ဆော်ပေးနေသည်။
နတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူများသည်...
နတ်ဘုရားနှင့် ရှေးဟောင်းတားမြစ်ချက်တို့၏ တိုက်ပွဲ
ထို့နောက် ရွှေတောင်ပံဂဠုန်က မြွေနဂါးမင်းကို သတ်ဖြတ်သည့် မြင်ကွင်းတို့ကို မြင်တွေ့ပြီးနောက်...
ကြောက်လည်း ကြောက်ကြသလို၊ စိတ်လည်း လှုပ်ရှားနေကြသည်။
လူ့သဘာဝအရ မိမိကိုယ်မိမိ နောက်ဆုံးတွင် ကံထူးမှုကို ရရှိမည့်သူဟု ထင်မှတ်တတ်ကြသည်။
မိမိကသာ အထူးခြားဆုံးလူဟု ယူဆနေကြခြင်းပင်။
အထူးသဖြင့် ဒီတစ်ခေါက် နတ်ဘုရားနယ်မြေထဲသို့ ဝင်လာသူများထဲတွင် ပါရမီရှင်များစွာ ပါဝင်နေသည်။
တာ့ရှန်းကော်ကျောင်းမှ ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်မှာ...
ဗုဒ္ဓတရားတော် ကျင့်စဉ်မှာ နက်နဲလှသူ ဖြစ်သည်။
သူသည် ဗုဒ္ဓဘာသာ ဒဏ္ဍာရီထဲမှ ရွှေတောင်ပံဂဠုန်နှင့် မြွေနဂါးမင်းတို့ကို မြင်လိုက်ရသည့်အခါ မျက်ဝန်းများ တောက်ပလာပြီး...
ဗုဒ္ဓဘာသာ၏ နတ်ဘုရားခြေလှမ်း ကို အသုံးပြုကာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပေပေါင်းများစွာ ဝေးကွာသော နေရာသို့ အလွန်မြန်ဆန်လှသော အရှိန်ဖြင့် ရောက်ရှိသွားတော့သည်။
...
လီယန်ချူတို့ ရောက်ရှိသွားသည့်အခါ လူအများအပြား စုဝေးနေကြပြီ ဖြစ်သည်။
ထိုမြွေနဂါးမင်း၏ အလောင်းမှာ ပျောက်ကွယ်နေပြီ ဖြစ်ပြီး...
လူအများ၏ မျက်စိရှေ့မှာတင် ရှေးဟောင်းပြီး ထည်ဝါလှသော ဆေးဖော်စပ်အိုး ကြီးတစ်ခုထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုဆေးဖော်စပ်အိုးမှာ မူလက ပျက်စီးနေသော သက်ကယ်တဲလေးတစ်ခုအတွင်း၌ ရှိနေခြင်း ဖြစ်သည်။
ယခုမူ ဆေးဖော်စပ်အိုးမှာ ဟင်းလင်းပြင်တွင် လွင့်မျောနေပြီး ၎င်း၏ ဘေးနားတွင် ဆံပင်ဖရိုဖရဲနှင့် တာအိုဆရာတစ်ဦး ရှိနေသည်။
ထိုတာအိုဆရာ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ တစ်စုံတစ်ရာ၏ ဆွဲဖြဲခြင်းကို ခံထားရသဖြင့် လုံးဝ ပျောက်ကွယ်နေပြီး သွေးအလိမ်းလိမ်းနှင့် ကြည့်ရဆိုးလှသည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းသည် ထိုဆေးဖော်စပ်အိုးကို ရမ္မက်ဇောများဖြင့် ကြည့်နေကြသည်။
"ဒီမှာ ဘာလို့ ဒီလောက်တောင် လူစည်နေတာလဲ လူအများစု ဒီကို ရောက်နေကြတာ မဟုတ်လား"
လီယန်ချူ၏ မျက်ဝန်းထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။
သူသည် အမှောင်ဖုံးကွယ် အတတ်ကို အသုံးပြုကာ မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ထားပြီး လူအများ သတိမထားမိအောင် နေလိုက်သည်။
ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာနိုင်ပြီး ထိုမျှ ထိတ်လန့်စရာ တိုက်ပွဲများကို မြင်တွေ့ရသော်လည်း ဆက်လက်၍ ရတနာရှာဖွေဝံ့သူများထဲတွင် မည်သူမျှ သာမန်လူ မဟုတ်ကြချေ။
အမှန်စင်စစ် ဒီတစ်ခေါက် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ ပွင့်လာချိန်မှာပင် အရည်အချင်း ကန့်သတ်ချက်မှာ မြင့်မားနေခဲ့ပြီးသား ဖြစ်သည်။
ထိုနေရာသို့ ရောက်နေသူများမှာ... သက်တမ်းကုန်ခါနီးဖြစ်သော်လည်း ကျင့်ကြံဆင့် အလွန်နက်နဲလှသည့် ဂိုဏ်းကြီးများမှ အကြီးအကဲများ၊ အဘိုးကြီးများ သို့မဟုတ် အရှိန်အဝါကြီးမားသည့် လျှို့ဝှက်မိသားစုများမှ ကံတရားကောင်းမွန်လှသော လူငယ်ပါရမီရှင်များသာ ဖြစ်ကြသည်။
ရိုးရှင်းသောသူ တစ်ဦးမျှ မပါချေ။
ဧရာမ မြွေနဂါးမင်း၏ ခန္ဓာကိုယ်မှာ ဆေးဖော်စပ်အိုး၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက်...
ထူထဲလှသော ဆေးရနံ့များမှာ ပျံ့နှံ့လာပြီး လူကို စိတ်ရွှင်လန်းစေကာ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကွယ်သွားစေသည်။
ထိုဆေးဖော်စပ်အိုးမှာ တကယ့်ကို အံ့ဩစရာပင်
အကယ်၍ ဤရှေးဦးသားရဲကြီးကို အသုံးပြု၍ ဖော်စပ်ထားသော သွေးဓာတ်ဆေးလုံး ကိုသာ ရရှိမည်ဆိုပါက... လူတစ်ဦး၏ ရုပ်ခန္ဓာမှာ မည်မျှအထိ ထိတ်လန့်စရာကောင်းလောက်အောင် သန်မာလာမည်ကို စဉ်းစား၍ပင် မရနိုင်တော့ပါ။
ဆံပင်ဖြူဖြူနှင့် အဘိုးကြီးနှစ်ဦးမှာ ဖြည်းဖြည်းချင်း ထွက်လာကြသည်။
တစ်ဦးမှာ ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးမှာ ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားသည်။
သူတို့နှစ်ဦးစလုံးမှာ ကလေးငယ်တစ်ဦးကဲ့သို့ နုပျိုသော မျက်နှာနှင့် ဆံပင်ဖြူဖြူများ ရှိနေကြသဖြင့် ကြည့်ရသည်မှာ ကြည်နူးစရာပင်။
ရုပ်ချင်းမှာလည်း တစ်ထပ်တည်း တူလှသည်။
"အားလုံးက ဒီသေနေတဲ့ တာအိုဆရာကို ကြောက်နေကြတာဆိုတော့... ငါတို့ ညီအစ်ကိုနှစ်ယောက်ပဲ အရင် လက်ဦးမှု ယူလိုက်တော့မယ်"
ဝတ်ရုံနီနှင့် အဘိုးကြီးက ပြုံးရွှင်စွာ ပြောလိုက်သည်။
သူသည် ခါးတွင် ပတ်ထားသော လျှော်ကြိုးကို ဖြည်လိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ကာ... အရှိန်အဝါ အပြည့်ဖြင့် ဟင်းလင်းပြင်ရှိ ခန္ဓာကိုယ် တစ်ပိုင်းသာရှိသော တာအိုဆရာဆီသို့ သတ်ဖြတ်ရန် ထိုးနှက်လိုက်တော့သည်။
ဝတ်ရုံစိမ်းနှင့် အဘိုးကြီးမှာလည်း ချက်ချင်းပင် နောက်မှ ကပ်လိုက်သွားသည်။
သူတို့နှစ်ဦး၏ အမူအရာနှင့် လှုပ်ရှားမှုများမှာ ထပ်တူကျနေပြီး အနည်းငယ်မျှ ကွဲပြားခြင်း မရှိပါ။