← Chapters

အခန်း (၃၀၇-၃၀၈)

Vol. 31 Ch. 307-308

အခန်း (၃၀၇-၃၀၈)

Vol. 31 Ch. 307-308

အခန်း (၃၀၇) - အားလုံး - ဝူယွမ်က ပြန်ဝင်စားဖို့ မစောင့်နိုင်တော့ဘူးလား(၁)

မူလဝိညာဉ်စွမ်းအင်ဆယ်စုကျော်ကို စုပ်ယူရရှိပြီးနောက် ဝူယွမ်၏ ကစဉ်ကလျားသန္ဓေသားမှာ သိသိသာသာ ကြီးထွားလာခဲ့သည်။ သို့သော်လည်း ယခုအခါ ထိုထဲတွင် ကိန်းအောင်းနေသော စွမ်းအင်များအားလုံးကို သူ အပြည့်အဝ ထုတ်လွှတ်လိုက်တော့ပေမည်။

ခေါင်းဆောင်ခြောက်ဦးနှင့် အဆင့်မြင့်တာဝန်ခံများကို ဝူယွမ် ရှင်းလင်းလိုက်သည့် အချိန်လေး၌ပင်... အဝေးဆီရှိ ယွမ်ဂိုဏ်း၏ တောင်ထွတ်တစ်ခုပေါ်တွင် ငွေရောင်ပုံရိပ်တစ်ခုက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

ရှီတုန်းအပါအဝင် အခြားသူများ၏ ဝိညာဉ်သက်တမ်းကျောက်ပြားများ အားလုံး အက်ကွဲကြေမွနေသည်ကို မြင်လိုက်ရ၏။

“အားလုံး သေကုန်ကြပြီလား”

အမြဲတစေ တည်ငြိမ်နေတတ်သည့် မျက်နှာထက်တွင် အေးချမ်းမှုတို့ ပျောက်ကွယ်သွားချေပြီ။ လူငယ်ဘုရင်သုံးပါး သေဆုံးခဲ့စဉ်ကတည်းက တစ်ကြိမ် နိုးထခဲ့ရပြီး ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်ခဲ့ရပြီးဖြစ်လေသည်။

ထို့နောက် တပည့်ငါးရာကျော် သုတ်သင်ခံလိုက်ရပြန်သည်။ ယခုမူ ဦးဆောင်သူဌာနမှူးများနှင့် အကြီးအကဲများပါ အသက်ပျောက်ခဲ့ကြချေပြီ။

ဤသူများအားလုံးသည် ယွမ်ဂိုဏ်း၏ အတော်ဆုံး ထိပ်တန်းပညာရှင်များ၊ အနာဂတ်အတွက် အားထားရမည့် မဏ္ဍိုင်ကြီးများချည်းသာ ဖြစ်သည်။

အားလုံး သေဆုံးသွားခဲ့လေပြီ။ ဤဆုံးရှုံးမှုက ယွမ်ဂိုဏ်း၏ အသက်သွေးကြောကို နှစ်တစ်ရာတိုင်တိုင် ထိခိုက်ချည့်နဲ့သွားစေနိုင်ပေသည်။

“ဘယ်သူပဲဖြစ်နေပါစေ... မင်းကို အဆိုးရွားဆုံး တန်ဖိုးတစ်ခု ပေးဆပ်ခိုင်းမယ်”

ရန်ယွမ်ဇီ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ကိုယ်ပွားကို အသုံးမပြုတော့ဘဲ ကိုယ်တိုင်မတ်တတ်ရပ်ကာ လေဟာနယ်ထဲသို့ လှမ်းဝင်လျက် ပျောက်ကွယ်သွားတော့သည်။

ရန်ယွမ်ဇီ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အခြားတောင်ထွတ်နှစ်ခုပေါ်တွင်လည်း အရိပ်သဏ္ဌာန်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့၏ အကြည့်များက ရန်ယွမ်ဇီထွက်ခွာသွားရာ... ကမ္ဘာခြားနတ်ဆိုးမြို့တော်ဆီသို့ ဦးတည်သွားကြသည်။

ကမ္ဘာခြားနတ်ဆိုးမြို့တော်……

တောင်ဂိုဏ်းနှင့် အခြားသူများ၏ ပြတ်သားရက်စက်သော လုပ်ရပ်များကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်း အလွန်အမင်း တုန်လှုပ်အံ့ဩသွားကြပြီး ဤတစ်ကြိမ်တော့ ယွမ်ဂိုဏ်း ရူးသွပ်သွားလောက်ပြီဟု တွေးလိုက်မိကြသည်။

အံ့ဩမှုမှ မရုန်းထွက်နိုင်ကြသေးခင်မှာပင် ကောင်းကင်ယံမှ လှုပ်ရှားမှုအသစ်တစ်ခု ထွက်ပေါ်လာပြန်သည်။

“တောင်ဂိုဏ်းနဲ့ ကောင်းကင်မြွေပါ... မင်းတို့က ငါ့ယွမ်ဂိုဏ်းကို ဖျက်ဆီးဖို့ တကယ် ပူးပေါင်းလိုက်ကြတာပဲ”

ပုံပျက်နေသော လေဟာနယ်ထဲမှ ဒေါသတကြီးအသံတစ်သံ လွင့်ပျံလာပြီးနောက် ထိုလေဟာနယ်ထဲမှ အရိပ်သဏ္ဌာန်တစ်ခု ထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ထိုသူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားသကဲ့သို့ ဖြစ်သွားပြီး မျက်စိဖြင့်မမြင်နိုင်သော ဖိအားလှိုင်းတစ်ခု ပြန့်နှံ့လာကာ လူတိုင်းကို ဒူးထောက်ချင်စိတ် ပေါ်လာစေသည်။

“ဟိုလူက...”

“ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ရန်ယွမ်ဇီပဲ”

လူတိုင်း အသက်ရှုမှားသွားကြသည်။ ထင်ထားသည့်အတိုင်းပင် ဧရာမ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဆွပေးလိုက်မိချေပြီ။

ကောင်းကင်ယံတွင် လေဟာနယ်က တွန့်လိမ်ကွေးကောက်သွားပြီး အရိပ်သဏ္ဌာန်တစ်ခုက ဖြည်းညင်းစွာ လျှောက်ထွက်လာကာ လေထဲတွင် ရပ်တန့်လိုက်သည်။

ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ယွမ်စွမ်းအင်လှုပ်ရှားမှုမျှ မရှိသော်လည်း ထွက်ပေါ်နေသော သိမ်မွေ့သည့် ဖိအားက လေထုကိုပင် အေးခဲသွားစေသယောင် ရှိသည်။

ခရမ်းရောင်နှင့် ရွှေရောင်ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်ဆံပင်များ ရှိလေသည်။ မျက်လုံးများထဲတွင် လောကဓံ၏ အနိမ့်အမြင့်များကို ဖြတ်သန်းခဲ့ရသည့် အရိပ်အယောင်များ ပြည့်နှက်နေသော်လည်း အသားအရေကမူ ကလေးငယ်တစ်ဦးကဲ့သို့ ဖြူစင်နုဖတ်နေသဖြင့် အနည်းငယ် ကြက်သီးထဖွယ် ကောင်းနေ၏။

ထိုအချိန်တွင် တစ်မြို့လုံး လုံးဝ တိတ်ဆိတ်သွားလေသည်။ မည်သည့် အဖွဲ့အစည်းမှ ပညာရှင်များဖြစ်စေ မျက်နှာများတင်းမာနေပြီး ကောင်းကင်ပေါ်ရှိ ပုံရိပ်ကို လေးနက်ထိတ်လန့်စွာ စိုက်ကြည့်နေကြလေ၏။

ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သုံးပါးသည် ဤအရှေ့ဘက်ရွှမ်ဒေသတွင်သာမက တစ်လောကလုံးကို ခြုံကြည့်လျှင်ပင် အဆင့်အမြင့်ဆုံး ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။

ပုံမှန်အားဖြင့် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတတ်ပြီး ခေါင်းသာမြင်ရ၍ အမြီးကို မမြင်ရသော နတ်နဂါးတစ်ကောင်ကဲ့သို့ နေထိုင်တတ်ကြသည်။ ဤကမ္ဘာခြားနတ်ဆိုးနယ်မြေရှိ လူအများစုမှာ သူတို့၏ ဂုဏ်သတင်းကိုသာ ကြားဖူးပြီး အစစ်အမှန်ပုံစံကို တစ်ခါမျှ မမြင်ဖူးကြပေ။

ဤအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည် ယေဘုယျအားဖြင့် လူလုံးထွက်ပြလေ့ မရှိကြပေ။ ထို့ပြင် အချိန်အများစုတွင် တည်ငြိမ်အေးဆေးသည့် ဟန်ပန်ကို ထိန်းသိမ်းထားတတ်ကြသည်။

သို့သော် ယခု ထွက်ပေါ်လာသောရန်ယွမ်ဇီ၏ ဒေါသကိုမူ လူတိုင်းခံစားနေကြရသည်။ အဖွဲ့အစည်း အသီးသီး၏ တုံ့ပြန်မှုများက အမျိုးမျိုး ကွဲပြားနေကြလေ၏။ သို့သော် အကြီးမားဆုံးသော ဖိအားကို ခံစားနေရသည်ကတော့ သံသယဖြစ်ဖွယ်မရှိ တောင်ဂိုဏ်းပင် ဖြစ်လေသည်။

ကောင်းကင်ယံရှိ ချီလဲ့နှင့် အခြားသုံးဦး၏ မျက်နှာများမှာလည်း အလွန်အမင်း တင်းမာခက်ထန်နေကြသည်။

သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြရာ မျက်လုံးများထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ ရန်ယွမ်ဇီကဲ့သို့သော ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ကိုယ်တိုင်ပင် အတော်လေး အကူအညီမဲ့နေသလို ခံစားနေရသည်။

တောင်ဂိုဏ်း တပည့်များစွာမှာလည်း အနည်းငယ် ထိတ်လန့်ချောက်ချားနေကြသည်။ ရန်ယွမ်ဇီကဲ့သို့သော တည်ရှိမှုသည် သူတို့အတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးနှင့် တူလေသည်။

ယခုအခါ ထိုဒေါသအငွေ့အသက်က သူတို့အပေါ် ကျရောက်လာရာ လူတိုင်း၏ နှလုံးသားထဲတွင် အကြောက်တရားများ အလိုလို ထွက်ပေါ်လာတော့၏။

ရန်ယွမ်ဇီသည် ဒေါသထွက်လွန်းသဖြင့် တုန်ရီနေခဲ့သည်။ သူက ရှောင်တျောင်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ကောင်းကင်မြွေပါမျိုးနွယ်စုနဲ့ ငါ့ယွမ်ဂိုဏ်းကြားက ရန်ငြိုးကို မင်းသိသင့်တယ်၊ အခု မင်းက အရှေ့ဘက်ရွှမ်ဒေသကို လာပြီး ယွမ်ဂိုဏ်းက လူတွေကို သတ်ရဲတယ်ပေါ့၊ အဲဒီလိုဆိုမှတော့ မင်း ပြန်သွားစရာ မလိုတော့ဘူး”

“ဟဲဟဲ... အဘိုးကြီး၊ ခင်ဗျားက အရှေ့ဘက်ရွှမ်ဒေသမှာပဲ အစွမ်းထက်တာပါ၊ ကျုပ်ကို ဖမ်းထားချင်တယ်ဆိုရင်တော့ ခင်ဗျားလုပ်နိုင်မှာမဟုတ်ဘူး”

ရှောင်တျောင်း၏ မျက်လုံးများက အေးစက်သွားသည်။ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အဆုံးမရှိသော ခရမ်းရောင်နှင့် အနက်ရောင်ရောယှက်နေသည့် မီးတောက်များ ပြန့်ကျဲထွက်ပေါ်လာလေသည်။

“မင်းက ကြီးထွားဆဲပဲ ရှိသေးတဲ့ ကောင်းကင်မြွေပါတစ်ကောင်ပါ၊ ပြီးတော့ ခန္ဓာကိုယ်မှာလည်း ပြဿနာတစ်ခုခု ရှိနေပုံရတယ်၊ အခုအခြေအနေနဲ့ဆို မင်းက ဒီအရှင်သခင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

ရှောင်တျောင်းက အကောင်းဆုံးအခြေအနေတွင် မရှိသည်ကို ရန်ယွမ်ဇီက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူ၏ အကြည့်များက ဝူယွမ်ဆီသို့ ရွေ့လျားသွား၏။

“အဆင့်မြင့် သန့်စင်ယွမ်ရတနာ ဖန်ထျန်းမီးဖို... မင်းလက်ထဲ ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ငါ့တပည့်ရဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်တဲ့အတွက် မင်း တကယ် သေသင့်တယ်”

“တောင်ဂိုဏ်းက အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ကောင်တွေ တစ်ယောက်နှစ်ယောက်ကို မွေးထုတ်ပေးနိုင်တာပဲ၊ ငါတို့ ယွမ်ဂိုဏ်းကို ဝင်လိုက်ရင် ဘယ်လောက်ကောင်းမလဲ၊ ဒါဆို ငါ မင်းကို သတ်စရာမလိုတော့ဘူးပေါ့”

ရန်ယွမ်ဇီသည် စကားပြောနေရင်းပင် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။

မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ခုက ဝူယွမ်နှင့် သူ၏ ညီအစ်ကိုများကို လုံးဝ အကျဉ်းချထားတော့မည့်အလား ရစ်ပတ်လွှမ်းခြုံသွားသည်။

“အဘိုးကြီး... သခင်လေးတျောင်းက ခင်ဗျားမှာ ဘာအစွမ်းရှိလဲဆိုတာ ကြည့်ချင်သေးရဲ့”

ရှောင်တျောင်း၏ ခန္ဓာကိုယ်မှ ဧရာမ ခရမ်းနက်ရောင် မီးတောက်များ ပေါက်ကွဲထွက်လာပြီး သူတို့ကို အကျဉ်းချရန် ကြိုးစားနေသော စွမ်းအားများကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။

သို့သော် ရန်ယွမ်ဇီက လက်ချောင်းငါးချောင်းကို ဆန့်တန်းလိုက်ရာ လက်ချောင်းထိပ်များမှ အလင်းတန်းငါးခု ချက်ချင်း ပစ်လွှတ်ထွက်ပေါ်လာလေသည်။

ထိုအလင်းတန်းများက လေထုထဲတွင် ဟိန်းဟောက်မြည်ဟည်းသွားပြီးနောက် လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်တျောင်းကို အထဲတွင် ပိတ်လှောင်ထားလိုက်၏။

ဝေဝါးဝါး ဖြစ်နေသော်လည်း အလွန် ထူးခြားဆန်းကြယ်သော အရာတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာသည်။ ထိုအရာက ဝင်စားခြင်းအဆင့်၏ အနှစ်သာရများကို သယ်ဆောင်ထားသဖြင့် ရှောင်တျောင်းအနေဖြင့် လုံးဝ ခုခံရန် မဖြစ်နိုင်တော့ပေ။

ဘန်း... ဘန်း... ဘန်း...

ရှောင်တျောင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဆုံးမရှိသော ခရမ်းနက်ရောင် မီးတောက်များက ရူးသွပ်စွာ လှုပ်ရှားရုန်းကန်ကာ အလင်းလှောင်ချိုင့်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသည်။ သို့သော် လှောင်ချိုင့်မှာမူ လုံးဝမတုန်မလှုပ် ငြိမ်သက်နေဆဲပင်။

“အစ်ကိုကြီး”

လင်းတုန်က ရှောင်တျောင်းကို ကူညီချင်စိတ်ဖြင့် လှမ်းခေါ်လိုက်သည်။

“စိတ်မပူနဲ့။ တိယွမ်ဇီနဲ့ ထျန်းယွမ်ဇီတို့ မပေါ်လာသေးသလို ရှောင်တျောင်းကလည်း သူ့ရဲ့ တကယ့်အစွမ်းကို မသုံးရသေးဘူး”

ဝူယွမ်က ခေါင်းယမ်းကာ တည်ငြိမ်စွာပြောလိုက်သည်။ ရှောင်တျောင်းသည် အကောင်းဆုံးအခြေအနေသို့ ပြန်လည်မရောက်ရှိသေးသော်လည်း ကောင်းကင်မြွေပါမင်းသား တစ်ပါးအနေဖြင့် နည်းစနစ်များစွာ ရှိသည်။

ဝူယွမ် သင်ပေးထားသော ကိုယ်ခန္ဓာကျမ်း၏ ယင်အက္ခရာနှင့် ပေါင်းစပ်လိုက်သောအခါ ရှောင်တျောင်းသည် အဆုံးစွန်သော မသေမျိုးခန္ဓာကိုယ်၏ ပင်ကိုယ်လက္ခဏာဖြစ်သည့် သဏ္ဌာန်မဲ့ခန္ဓာကိုယ်... ‘ပုံရိပ်ယောင်ခန္ဓာကိုယ်’ ကိုပါ ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။

ယခုအချိန်တွင် ရှောင်တျောင်းသည် အချုပ်အနှောင်မှ ရုန်းထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သဖြင့် သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်လောက်အောင် ဖြစ်သွားပြီး အလင်းတိုင်လှောင်ချိုင့်ထဲမှ တိုက်ရိုက် ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် မိမိ၏ ခန္ဓာကိုယ်ကို စိတ်ကူးယဉ်ဆန်ဆန် ပြောင်းလဲစေပြီး တိုက်ခိုက်မှုများနှင့် ထိန်းချုပ်မှုများကို ရှောင်တိမ်းနိုင်စေသည်။

“စိတ်ဝင်စားစရာပဲ”

ရန်ယွမ်ဇီ အနည်းငယ် အံ့ဩသွားသည်။ သူ ချက်ချင်းပင် ထပ်မံတိုက်ခိုက်လိုက်ရာ လက်ဝါးကြီးက ကျဆင်းလာပြီး ဧရာမ လက်ဝါးရာကြီးက သူတို့ကို တိုက်ရိုက် ဖုံးလွှမ်းသွားသည်။

“အား…”

လက်ဝါးရာ ကျဆင်းလာသည်ကို မြင်လိုက်ရသဖြင့် ရှောင်တျောင်းက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အဆုံးမရှိသော ခရမ်းနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

“ကောင်းကင်မြွေပါ အစစ်အမှန်ပုံစံ”

သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာ၏။ အသက်ဆယ်ကြိမ်စာ အချိန်တိုလေးအတွင်းမှာပင် ခရမ်းနက်ရောင် အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး နေမင်းကိုပင် ဖုံးကွယ်သွားစေလောက်သည့် ပေတစ်သောင်းခန့်ရှိ ဧရာမ သားရဲကြီးတစ်ကောင် ကောင်းကင်ယံတွင် ထွက်ပေါ်လာလေသည်။

သားရဲကြီးသည် တစ်ကိုယ်လုံး ခရမ်းနက်ရောင်ဖြစ်ပြီး တောင်ပံများကို ဖြန့်ကြက်ထားရာ တောင်ပံအကျယ်မှာလည်း ပေတစ်သောင်းခန့် ရှိသည်။

ခရမ်းနက်ရောင် ဧရာမ မျက်လုံးအစုံထဲတွင် မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ရှိနေပြီး အလွန်အမင်း ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။

ဧရာမခန္ဓာကိုယ်ကြီးမှ အဆုံးမရှိသော ခရမ်းနက်ရောင် ရောင်ခြည်များ ဖြာထွက်နေပြီး ကြီးမားလှသော ခရမ်းနက်ရောင် လင်းနို့တောင်ပံများပေါ်တွင် ရွှေရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ လှုပ်ရှားနေလေသည်။

ရှောင်တျောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းနက်ရောင် မီးတောက်များက အရှိန်အဟုန်ပြင်းပြင်း လောင်ကျွမ်းနေလေသည်။ အဝေးမှ ကြည့်လျှင် သူသည် လူ့လောကသို့ ဆင်းသက်လာသော နတ်ဆိုးဘုရင်တစ်ပါးနှင့်ပင် တူနေသေး၏။

“ဒါ ကောင်းကင်မြွေပါပဲ”

“မြွေပါတစ်ကောင်က ဒီလောက်တောင် ကြီးတာလား”

“ကြောက်စရာကောင်းလိုက်တာ၊ ဒါ ငါမြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးသားရဲပဲ”

အခန်း (၃၀၈) - အားလုံး - ဝူယွမ်က ပြန်ဝင်စားဖို့ မစောင့်နိုင်တော့ဘူးလား(၂)

ပတ်ဝန်းကျင်ရှိ လူများအားလုံး ထိတ်လန့်သွားကြလေသည်။ သူတို့အထဲမှ အများစုမှာ ကောင်းကင်မြွေပါကို ယခုမှ ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးကြခြင်းဖြစ်ပြီး ယခင်က စာအုပ်များထဲတွင်သာ တွေ့ဖူးကြခြင်းဖြစ်သည်။

“ခရမ်းရွှေရောင် နတ်ဆိုးတောင်ပံတွေ... မင်းက သာမန် ကောင်းကင်မြွေပါ မဟုတ်ဘူးပဲ”

ခရမ်းရွှေရောင်တောင်ပံကို မြင်လိုက်ရသဖြင့် ရန်ယွမ်ဇီ အနည်းငယ် အံ့ဩသွားသည်။

“ဒါပေမဲ့... မင်းတို့အားလုံးသေရမယ်”

ဧရာမလက်ဝါးကြီးက အရှိန်အဟုန်ဖြင့် ကျဆင်းလာလေသည်။

“ကောင်းကင်နတ်ဆိုးဓားချက်”

ရှောင်တျောင်းက သူ၏ လင်းနို့တောင်ပံများကို ဒေါသတကြီး ခတ်လိုက်လေသည်။ ခရမ်းနက်ရောင် မီးတောက်များက တောင်ပံများနှင့် ပေါင်းစပ်သွားပြီး ဧရာမတောင်ပံဓားသွားကြီး တစ်ခု အဖြစ် စုစည်းသွားကာ ကောင်းကင်သို့ ခုတ်ပိုင်းချလိုက်သည်။

အနက်ရောင်တောင်ပံဓားချက်က ပြိုင်ဘက်၏ ဧရာမလက်ဝါးကြီးကို ဆွဲဖြဲပစ်လိုက်နိုင်လေသည်။ ရှောင်တျောင်းမှာ‌တော့ ကောင်းကင်သို့ ပျံသန်းတက်သွား၏။

“ကောင်းကင်နတ်ဆိုး ကြယ်ကြွေခြင်း”

နောက်ထပ် ဟိန်းဟောက်သံတစ်သံနှင့်အတူ ကောင်းကင်ယံတွင် ပြည့်နှက်နေသော ခရမ်းနက်ရောင် မီးတောက်များက ရုတ်တရက် စုစည်းသွားပြီး ဧရာမမီးတောက်ဥက္ကာခဲကြီးများအဖြစ် ပြောင်းလဲသွားကာ ရန်ယွမ်ဇီထံသို့ တဝုန်းဝုန်း ကျဆင်းလာတော့သည်။ ရန်ယွမ်ဇီ

ရန်ယွမ်ဇီ မော့ကြည့်လိုက်ပြီး ကောင်းကင်ယံမှ ကျဆင်းလာသော မီးတောက်ဥက္ကာခဲများကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။ ထို့နောက် လက်ကို တစ်ချက်ရမ်းလိုက်ရာ သူ၏အရှေ့ရှိ လေဟာနယ်မ*! ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပြီး ပေထောင်ချီ ကျယ်ဝန်းသော အနက်ရောင် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခု လင်းလက်ထွက်ပေါ်လာသည်။

ဘုန်း... ဘုန်း...

ဥက္ကာခဲများက အက်ကွဲကြောင်းထဲသို့ ကျဆင်းသွားပြီး ဤနေရာတစ်ခုလုံးကို ဆက်တိုက် တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်ရှိ လူများအားလုံး ကြောက်လန့်တကြား ဆုတ်ခွာသွားကြ၏။ ထိုကဲ့သို့သော ရင်ဆိုင်တိုက်ခိုက်မှုက သူတို့အားလုံးကို အကြောက်တရားများ ခံစားရစေလေသည်။

“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းနယ်နိမိတ်”

ရန်ယွမ်ဇီ လေဟာနယ်ကို နင်းလိုက်ပြီး လက် ဝှေယမ်းလိုက်ရာ ရှင်ခြင်းနှင့်သေခြင်းစွမ်းအားများ ပေါင်းစပ်ဖွဲ့စည်းထားသော ဧရာမစွမ်းအင်တစ်ခုက ကောင်းကင်ယံတွင် ရုတ်တရက် တိုက်ခတ်သွားပြီးနောက် ပေတစ်သောင်းခန့်ရှိသော ဧရာမ အလင်းအတားအဆီးကြီးအဖြစ် တိုက်ရိုက်ပြောင်းလဲသွားကာ ရှောင်တျောင်း၏ ဧရာမခန္ဓာကိုယ်ကြီးကို လုံးဝ လွှမ်းခြုံပိတ်လှောင်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ရှောင်တျောင်း အလွယ်တကူ ရုန်းထွက်မရနိုင်တော့ပေ။ ပုံရိပ်ယောင်ခန္ဓာကိုယ်သည်လည်း ဝင်စားခြင်းအဆင့်၏ အနှစ်သာရများ ပါဝင်နေသော အတားအဆီးကို ချက်ချင်း ဖြတ်သန်းသွားနိုင်ခြင်းမရှိပေ။

ရှောင်တျောင်းကို ယာယီ ထိန်းချုပ်ထားပြီးနောက် ရန်ယွမ်ဇီသည် သူ၏ အာရုံကို ဝူယွမ်ဆီသို့ လှည့်လိုက်သည်။

“မင်းအလှည့်ရောက်ပြီ ကောင်လေး... ငါနဲ့အတူ ယွမ်ဂိုဏ်းကို လိုက်ခဲ့တော့”

ရန်ယွမ်ဇီသည် ဝူယွမ်ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်၏။ မျက်စိဖြင့်မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ကို အကျဉ်းချပြီး ခေါ်ဆောင်သွားတော့မည့်ဆဲဆဲတွင် ဝူယွမ်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

ဝူယွမ် မည်သို့ လှုပ်ရှားသွားသည်ကို မည်သူမျှ မမြင်လိုက်ရပေ။ ရန်ယွမ်ဇီကိုယ်တိုင်ပင် အံ့ဩသွားရသည်။ သူ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ ဝူယွမ်သည် ရှောင်တျောင်းကို ပိတ်လှောင်ထားသည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနယ်နိမိတ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှင်းအက္ခရာလျှို့ဝှက်ချက် အောက်တွင် ဝူယွမ်၏ အမြန်နှုန်းမှာ အလွန်ထိုးတက်လာကာ သာမန်စွမ်းအားများဖြင့် သူ၏ လှုပ်ရှားမှုကို လုံးဝ တားဆီးနိုင်စွမ်း မရှိတော့ပေ။

“မူလနယ်နိမိတ်ရူန်း”

ဝူယွမ် ချက်ချင်းပင် ရှုပ်ထွေးနက်နဲသော ရူန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်း နယ်နိမိတ်ကို ဖြတ်တောက်လိုက်သည်။

မူလနယ်နိမိတ်ရူန်းသည် အတားအဆီးများကို ဖျက်ဆီးရန်အတွက် အစွမ်းအထက်ဆုံး ရူန်းတစ်ခုဖြစ်သည်။

၎င်းသည် အတားအဆီးများအတွက် မာစတာသော့တစ်ချောင်း၊ စကားဝှက်ကို ဖြေရှင်းပေးနိုင်သည့်အရာနှင့် တူပြီး စွမ်းအင်များနှင့် မသက်ဆိုင်ပေ။

ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က အလွန်အားနည်းနေပြီး သူဖန်တီးထားသော ရူန်းက ပြိုင်ဘက်၏ အတားအဆီးစွမ်းအားနှင့် ထိတွေ့ရုံဖြင့် ပျောက်ကွယ်သွားခြင်းမျိုးမှလွဲ၍ နယ်နိမိတ်ရူန်းနှင့် ထိတွေ့မိသရွေ့ အက်ကွဲကြောင်းတစ်ခုက အမြဲတမ်း ပွင့်ဟလာမည်သာ ဖြစ်သည်။

ရန်ယွမ်ဇီမှာ အစွမ်းထက်သော်လည်း မရေမတွက်နိုင်သော စမ်းသပ်မှုများမှတစ်ဆင့် သန့်စင်ထားသည့် ဝူယွမ်၏ မူလဝိညာဉ်စွမ်းအင်မှာလည်း မညံ့ဖျင်းပေ။

နယ်နိမိတ်ရူန်းက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနယ်နိမိတ်ကို ရိုက်ခတ်သွားသောအခါ အတားအဆီးတွင် ချက်ချင်း အားနည်းချက်တစ်ခု ပေါ်လာသည်။

ရှောင်တျောင်းက အခွင့်အရေးကို အရယူလိုက်ပြီး သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ကို လှုပ်ရှားကာ ထိုအားနည်းချက်နေရာမှ ထွက်လာလေသည်။

“အစ်ကိုကြီး”

ရှောင်တျောင်း တခစ်ခစ် ရယ်မောလိုက်သည်။ အစ်ကိုကြီး လှုပ်ရှားလိုက်သည်နှင့် ပြဿနာက အလွယ်တကူ ပြေလည်သွားမည်ကို သူသိနေခဲ့သည်။

“မထင်ထားဘူး၊ မင်းလို ကောင်လေးဆီမှာ အစွမ်းတွေ တော်တော်လေးရှိနေတာကိုး”

ရန်ယွမ်ဇီက ဝူယွမ်ကို အံ့ဩတကြီး ကြည့်ရင်း ပြောလိုက်လေသည်။ ဝူယွမ်က သူ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနယ်နိမိတ်ကို ဤမျှ အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အဘိုးကြီး... ခင်ဗျားရဲ့ အံ့ဩတာက အခုမှ အစပဲရှိသေးတယ်”

ဝူယွမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း ပြင်းပြသော ရည်မှန်းချက်တစ်ခုက တောက်ပလျက်ရှိ၏။

“အို... မင်းက ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”

ရန်ယွမ်ဇီက လှောင်ပြောင်လိုက်လေသည်။ ထိုကဲ့သို့သော ပါရမီရှင်များသည် အမြဲတမ်း အလွယ်တကူ စိတ်ကြီးဝင်သွားတတ်ပြီး သူတို့ကိုယ်တိုင်နှင့် ဝင်စားခြင်းအဆင့်ကြားရှိ ကြီးမားလွန်းသော ကွာဟချက်ကို လုံးဝ သတိမထားမိတတ်ကြဟု သူ တွေးလိုက်မိသည်။

“ထွက်ပြေးမယ် ဟုတ်လား”

ဝူယွမ် သရော်လိုက်သည်။

“ကျုပ်က ထွက်ပြေးမှာ မဟုတ်ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျားဆီမှာ တစ်ခုခု ချန်ထားနိုင်မလားဆိုတာ စမ်းကြည့်ချင်သေးရဲ့”

“မသိနားမလည်ခြင်းက တကယ်ကို ကြောက်စရာကောင်းတာပဲ”

ရန်ယွမ်ဇီ ခေါင်းခါယမ်းလိုက်လေသည်။

“မင်းက ဟိုကျိုးထုံထက် ပိုပြီးအံ့ဩစရာကောင်းပေမယ့် ရလဒ်ကတော့ အတူတူပဲဖြစ်လိမ့်မယ်”

“မိုးကြိုးဧကရာဇ်ကျမ်း... မိုးကြိုးဆင်းသက်ခြင်း”

သူ တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခုလုံး မှောင်မိုက်သွားတော့သည်။

ဝုန်း...

ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်မိုးကြိုးများ စုစည်းလာလေသည်။ လူတိုင်း မော့ကြည့်လိုက်ရာ မိုးကြိုးပင်လယ်ကြီး ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရ၏။

စူးရှတောက်ပပြီး ထူထဲသော လျှပ်စီးကြောင်းများနှင့် အကြမ်းပတမ်းဆန်သော ကောင်းကင်ဘုံ၏ မိုးကြိုးအစွမ်းက လူတိုင်းကို သေးငယ်သွားသလို ခံစားရစေလေသည်။

ယခင်က လဲ့ချန် ပြသခဲ့သော မိုးကြိုးဧကရာဇ်ကျမ်းနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ရန်ယွမ်ဇီ ခေါ်ယူထားသော မိုးကြိုးဧကရာဇ်၏ ဝိညာဉ်က ရန်ယွမ်ဇီနှင့် လုံးဝ ပေါင်းစပ်သွားသည်။

သူသည် ဝင်စားခြင်းအဆင့်ကို ထိတွေ့ထားသူဖြစ်ရာ ပြန်လည်မွေးဖွားလာသော မိုးကြိုးဧကရာဇ်တစ်ပါးနှင့် တူနေသည်။ သူ လက်ကို မြှောက်လိုက်ရာ ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်မိုးကြိုးများက မြည်ဟည်းစုစည်းသွားပြီး ကမ္ဘာလောကကို ဖျက်ဆီးနိုင်သော ထူထဲသည့် မိုးကြိုးလှံကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

“လဲ့ချန်ရဲ့ဆရာ ပီသပါပေတယ်။ ဒီစွမ်းအားက လဲ့ချန်ထက် အဆပေါင်း တစ်သောင်းလောက် ပိုအားကောင်းလောက်တယ်”

ဝူယွမ် သက်ပြင်းချလိုက်သည်။ ၎င်း၏ စွမ်းအားက ကလေးကလားဆန်သော လဲ့ချန်၏ ပြသမှုနှင့် နှိုင်းယှဉ်လျှင် နဂါးတစ်ကောင်နှင့် ငါးရှဉ့်တစ်ကောင်ကဲ့သို့ ကွာခြားလှသည်။ သူ ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဒါပေမဲ့... ကျုပ်ကတော့ နည်းသေးတယ်လို့ ထင်တုန်းပဲ”

ချက်ချင်းပင် ဝူယွမ်က ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားပြီး သူ၏လက်ထဲတွင်လည်း မိုးကြိုးဝိညာဉ် ကောင်းကင်ဓား ထွက်ပေါ်လာလေသည်။

ကစဉ်ကလျားသန္ဓေသားထဲရှိ မိုးကြိုးရူန်းက လင်းလက်သွားပြီး ဝူယွမ်၏ ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်းသော အစွမ်းထက် စုပ်ယူမှုစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။

ကမ္ဘာလောကကြီးကိုပင် ဖျက်ဆီးပး်နိုင်သော မိုးကြိုးလှံကြီး မကျဆင်းလာမီမှာပင် ဝူယွမ်သည် စိတ်မရှည်တော့သည့်အလား ၎င်းဆီသို့ ပြေးဝင်သွားတော့သည်။

မည်မျှ ရှားပါးလိုက်သနည်း။ ဝူယွမ်အတွက် ဤမျှ ကျယ်ပြောလှသော မိုးကြိုးပင်လယ်ကြီးနှင့် ကြုံတွေ့ရရန်မှာ မလွယ်ကူပေ။

သူ ကာလရှည်ကြာ စုဆောင်းထားခဲ့သော လေ၊ မိုးကြိုးကပ်ဘေးပင်လျှင် ယခုအချိန်တွင် ရန်ယွမ်ဇီ ခေါ်ယူထားသည့် အဆင့်သို့ မရောက်နိုင်ပေ၊ နဂါးပြာခန်းမစမ်းသပ်မှုအတွင်းက မိုးကြိုးပင်လယ်သည် များပြားသော်ငြား လုံလောက်အောင် အားမကောင်းခဲ့ပေ။

ဤအရာက တကယ်ကို လန်းဆန်းတက်ကြွစေသည်။

ကိုယ်ပိုင်အစွမ်းအစများကို အဆုံးစွန်အထိ တွန်းပို့လိုသော သူ၏ ရည်မှန်းချက်က ယခုအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။

လူတိုင်း ဆွံ့အသွားကြပြီး ဝူယွမ် ဘာလုပ်နေသည်ကို နားမလည်နိုင်ကြတော့ပေ။ ‘အဲဒါက ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုလေ... သူက ပြန်ဝင်စားဖို့ အဲဒီလောက်တောင် လောနေတာလား’

ရန်ယွမ်ဇီကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားမိသည်။ ဝူယွမ်သည် သတို့သမီးကို မြင်လိုက်ရသူတစ်ဦးကဲ့သို့ သူ ထုတ်လွှတ်လိုက်သော မိုးကြိုးလှံဆီသို့ ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် တည်ငြိမ်စွာ ပြေးဝင်သွားသည့် မြင်ကွင်းမှာ သူ့ကို လုံးဝ ကြက်သီးမွေးညင်းထသွားစေသည်။

မိုးကြိုးလှံကြီးပင် လေထဲတွင် ရပ်တန့်သွား၏။

‘သူက မိုးကြိုးကို မကြောက်ဘူးလား' အောက်ဘက်ရှိ မာနကြီးသော ကောင်းကင်မြွေပါပင်လျှင် ယခုအခါ မိုးကြိုးလှံ၏ အစွမ်းအောက်တွင် ကြောက်ရွံ့တုန်လှုပ်ကာ အမြီးကုပ်နေရသည်။

သို့သော် ဝူယွမ်သည် တကယ်တန်းတွင်လည်း မိုးကြိုးကိုမကြောက်ချေ။ ထိုမိုးကြိုးပင်လယ်ကြီးကို သွေးဆောင်ရန်အတွက် မိုးကြိုးရူန်းကိုပင် ရည်ရွယ်ချက်ရှိရှိ အသက်သွင်းလိုက်သေးသည်။

သူ၏ အမြင်တွင် ဤအရာသည် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ မိုးကြိုးရူန်းကို ပြီးပြည့်စုံအောင် ကူညီပေးနိုင်သည့် ကြီးမားသော ဖြည့်စွက်စာတစ်ခု ဖြစ်သည်။

မူလရူန်း လျှို့ဝှက်ချက်နှင့် ကစဉ်ကလျားသန္ဓေသားတို့ ရှိနေသဖြင့် ဤမိုးကြိုးအားလုံးသည် အာဟာရဖြစ်လာရန်သာ ရှိတော့သည်။

သူသည် မိုးကြိုးရူန်းကို ၅၀ ရာခိုင်နှုန်းနီးပါး ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။ ဤလှိုင်းကို စုပ်ယူလိုက်ခြင်းဖြင့် သူသည် ၎င်းကို ၆၀ ရာခိုင်နှုန်းအထိ တွန်းပို့နိုင်ပေလိမ့်မည်။

ဤသည်က မိုးကြိုးဘိုးဘေးအဆောင်၏ ဆယ်ပုံခြောက်ပုံကို ကိုယ်စားပြုလေသည်။

“ခင်ဗျားတို့ ယွမ်ဂိုဏ်းက တကယ်ကို ယဉ်ကျေးလွန်းနေပါပြီ၊ ခေါင်းတွေလာပို့တယ်၊ ဝိညာဉ်တံဆိပ်တွေလာပို့တယ်၊ မူလဝိညာဉ်တွေလာပို့တယ်... အခုတော့ မိုးကြိုးပါ ထပ်ပို့ပေးနေသေးတယ်၊ ကျုပ်တောင် အားနာလွနလို့ ဘာလုပ်ရမှန်းမသိတော့ဘူး”

ဝူယွမ် ရေရွတ်လိုက်ရာ သူ၏ စကားသံက ကမ္ဘာခြားနတ်ဆိုးမြို့တော်တစ်ခွင်သို့ ပျံ့နှံ့သွားတော့သည်။ ရန်ယွမ်ဇီ၏ မျက်နှာမှာ အသည်းရောင်ကဲ့သို့ နီမြန်းသွားပြီး ခေါင်းမာစွာ ပြောလိုက်သည်။

“မင်းကို သေအောင် မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး”

ထိုအချိန်တွင် ဝူယွမ်သည် မိုးကြိုးလှံနှင့် ထိတွေ့နေပြီဖြစ်သည်။ သူ၏လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက မိုးကြိုးလှံနှင့် တိုက်ရိုက် ချိတ်ဆက်သွားပြီး ကြောက်မက်ဖွယ် မိုးကြိုးများ စီးဆင်းကျလာကာ ဝူယွမ်ကို ချက်ချင်း ဖုံးလွှမ်းသွား၏။

မိုးကြိုးပစ်ခတ်မှုကြောင့် ပြာကျသွားသကဲ့သို့ပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်း၏ ရင်ထဲတွင် တင်းကျပ်သွားသည်။

ရန်ယွမ်ဇီက လှောင်ပြောင်ရယ်မောရန် ပြင်ဆင်နေပြီဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝူယွမ်၏ သာယာကျေနပ်မှုအပြည့်ပါသော အသံတစ်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာတော့သည်။

“အား... တကယ်ကို လန်းဆန်းသွားတာပဲ”

All Chapters