အခန်း (၃၀၉-၃၁၀)
Vol. 31 Ch. 309-310
အခန်း (၃၀၉) - ရန်ယွမ်ဇီကို ဖိနှိပ်ခြင်း... ကောင်းကင်နှင့် မြေကြီး အသွင်နှစ်ပါး ထွက်ပေါ်လာခြင်း(၁)
ညှို့ယူဖမ်းစားနိုင်သော ထိုအသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာ၏။ ကြားလိုက်ရသူတိုင်း၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ပေါ်လွင်သွားကြသည်။
‘ဒါက ဝင်စားခြင်းအဆင့် ပညာရှင်တစ်ယောက်နဲ့ တိုက်ပွဲဝင်နေတာ တကယ်ရော ဟုတ်ရဲ့လား။ မိုးကြိုးတွေ ပစ်ချခံနေရတာတောင် ဒီလိုအသံမျိုးနဲ့ အော်နိုင်သေးတယ်ပေါ့'
‘မိုးကြိုးပစ်တာကပဲ အားမပါတာလား... ဒါမှမဟုတ် မင်းကပဲ နောက်ပြောင်နေတာလား'
ကိုးကောင်းကင် တိုင်ချင်းနန်းတော်အဖွဲ့မှ လင်းချင်းကျူ၏ မျက်နှာလေးမှာ ထိုအသံကို ကြားလိုက်ရသောအခါ နီရဲသွားသည်။ ဤအသံက သူမအနည်းငယ် ရင်းနှီးနေသလိုပင်...
သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်၊ ယခုလို အခြေအနေမျိုးတွင် ဤအသံက အနည်းငယ် အံ၀င်ဂွင်ကျမဖြစ်နေပေ။
ရှက်ရွံ့သလို ခံစားနေရသော လင်းချင်းကျူသည် သူမ၏ ပုံမှန်မဟုတ်သော အခြေအနေကို အခြားသူများ သတိထားမိသွားမည်စိုး၍ ဘေးဘီဝဲယာသို့ပင် တစ်ချက် ဝေ့ကြည့်လိုက်သေးသည်။ သို့ရာတွင် လူတိုင်း၏ အာရုံကမူ ယခုအခါ ကောင်းကင်ယံဆီသို့သာ ရောက်ရှိနေကြသည်။
ထိုကြောက်မက်ဖွယ် မိုးကြိုးပင်လယ်ကြီးကို မြင်တွေ့လိုက်ရသောအခါ ဤစူပါဂိုဏ်းကြီးများမှ တပည့်များဆိုထားဘိ... အဖွဲ့များကို ဦးဆောင်လာသော ဆန်းကြယ်ရှင်ခြင်းအဆင့် အကြီးအကဲများပင် ထိတ်လန့်တုန်လှုပ်နေကြသည်။
အကယ်၍ သူတို့သာ ထိုမိုးကြိုးပင်လယ်ကြီးထဲသို့ ကျရောက်သွားပါက သေချာပေါက် ပြာကျသွားမည်ဖြစ်သည်။ ဆန်းကြယ်သေဆုံးခြင်းအဆင့် ပညာရှင်များပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
‘ဝူယွမ်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တည်ငြိမ်အေးဆေးနေနိုင်ရတာလဲ'
“ဂိုဏ်းချုပ်ကြီးရန်ယွမ်ဇီ... ခင်ဗျားရဲ့ မိုးကြိုးက ဒီထက် ပိုပြင်းလို့မရတော့ဘူးလား”
ထိုအချိန်တွင် ဝူယွမ်၏ အသံက ကောင်းကင်ယံမှ ထပ်မံထွက်ပေါ်လာပြန်သည်။ ရန်ယွမ်ဇီကို လှောင်ပြောင်နေဟန်ပင်။
သို့သော် ဝူယွမ်သည် ရင်ထဲမှလာသော စကားများကိုသာ ပြောနေခြင်းဖြစ်သည်။
မိုးကြိုးစွမ်းအားများကို သူ၏ ကစဉ်ကလျားသန္ဓေသားက စဉ်ဆက်မပြတ်စုပ်ယူနေသည်။ မူလမိုးကြိုးရူန်းများ၏ ကျင့်စဉ်နည်းလမ်းဖြင့် ကစဉ်ကလျားသန္ဓေသားပေါ်ရှိ မိုးကြိုးရူန်းများမှာ တဖြည်းဖြည်း ပုံပေါ်လာနေပြီဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရူန်းတစ်ခုလုံး၏ ထက်ဝက်ခန့် ပြီးစီးသွားခဲ့ချေပြီ။
ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦး ဆင့်ခေါ်ထားသော မိုးကြိုးသည် တကယ်ကို အစွမ်းထက်လွန်းလှပြီး မိုးကြိုးနိယာမများနှင့်အတူ မိုးကြိုး၏ အစစ်အမှန် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေပြီဖြစ်သည်။
ဤကဲ့သို့သော မိုးကြိုးစွမ်းအားကို စစ်မှန်သော မိုးကြိုးရူန်းများ ထုတ်ယူရန်အတွက် အသုံးပြုနိုင်သည်။ ဝူယွမ်အတွက်မူ သဘာဝရူန်းများကို စုပ်ယူရန် ရှားပါးသော အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်နေသော လျှပ်စီးစွမ်းအားများနှင့် ပတ်သက်၍ နာကျင်မှုအနည်းငယ်ရှိသော်လည်း ၎င်းသယ်ဆောင်လာသော စွမ်းအားများနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲမျှသာ ဖြစ်သည်။
နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင်၊ ကိုယ်ခန္ဓာကျမ်း၏ ‘ဟွန်း’အက္ခရာနှင့် ကျဲ့အက္ခရာလျှို့ဝှက်ချက်... ဤသုံးခု၏ ထိန်းသိမ်းမှုအောက်တွင် မိုးကြိုးစွမ်းအားများကို ဝူယွမ်က ရူးသွပ်စွာစုပ်ယူနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က စဉ်ဆက်မပြတ် သန်စွမ်းလာနေသည်။
အဓိက ကျင့်စဉ်နည်းလမ်း နှစ်ခုက စွမ်းအားများကို စုပ်ယူပြီး ကျဲ့အက္ခရာလျှို့ဝှက်ချက်က ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပေးသဖြင့် ဝူယွမ်ကို ဒဏ်ရာမရဘဲ ပိုမိုသန်စွမ်းလာစေသည်။
ဝူယွမ်၏ လှောင်ပြောင်မှုကို ကြားလိုက်ရသော ရန်ယွမ်ဇီသည် လက်မလျှော့လိုသဖြင့် မိုးကြိုးထုတ်လွှတ်မှုကို တိုးမြှင့်လိုက်ရာ ငွေရောင်မိုးကြိုးပင်လယ်ကြီးထဲတွင် ခရမ်းရောင် မိုးကြိုးများ ထွက်ပေါ်လာသည်။
သူ၏အမြင်တွင် ဤသည်မှာ ဝူယွမ်၏ နောက်ဆုံးရူးသွပ်မှုသာ ဖြစ်သည်။ ဆန်းကြယ်ရှင်ခြင်းအဆင့် လူငယ်တစ်ယောက်သည် ဤအဆင့်ရှိ တိုက်ခိုက်မှုအောက်တွင် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။
တူညီသောအဆင့်ရှိ ပညာရှင်များပင်လျှင် ဤသို့ပြုလုပ်ရန် ရဲဝံ့မည်မဟုတ်ပေ။
သူ၏ အကြည့်အောက်တွင် ခရမ်းရောင်မိုးကြိုးမျက ဝူယွမ်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး သေချာပေါက်ပင် ဝူယွမ်၏ ခန္ဓာကိုယ်မှာ အက်ကွဲသွားသည်။
သို့သော် မကြာမီမှာပင် ဝူယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး သူ၏ အသားအရေမှာ တောက်ပသော ခရမ်းရွှေရောင် ဖြစ်နေခဲ့သည်။
ရန်ယွမ်ဇီ တည်ငြိမ်မနေနိုင်တော့ပေ။
သူ တကယ်ပဲ ဤကောင်လေးအား ဒဏ်ရာရအောင် မလုပ်နိုင်တော့ဘူးဟု ထင်လာလေသည်။
“ကျစ်”
သူ တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် မိုးကြိုးဧကရာဇ်ကျမ်း အသုံးပြုခြင်းကို ရပ်တန့်ရန် ပြင်ဆင်လိုက်သည်။
“ဟေး... မလုပ်နဲ့လေ”
မိုးကြိုးများ ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရသည့် ဝူယွမ်က လေထဲတွင် အော်ဟစ်လိုက်သည်။
“ဟွန့်... ပြန်ရုပ်သိမ်းချင်တာလား၊ ကျုပ်ကူညီပေးမယ်လေ”
ဝူယွမ်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏လက်ထဲရှိ မိုးကြိုးဝိညာဉ်ကောင်းကင်ဓားမှ ပြင်းထန်သောစုပ်ယူမှုတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လျှပ်စီးစွမ်းအားများကို မိုးကြိုးဝိညာဉ်ကောင်းကင်ဓားက ဆွဲငင်သွားသည်။
ကျယ်ပြောလှသော မိုးကြိုးစွမ်းအားများက ဝူယွမ်၏ လက်ထဲရှိ ကောင်းကင်ဓားနှင့်အတူ စုစည်းသွားပြီး မိုးကြိုးဒီရေလှိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
“ခုတ်ပိုင်းစမ်း”
သိပ်သည်းလွန်းသော မိုးကြိုးစွမ်းအားများကို သယ်ဆောင်လျက် ဝူယွမ်က ပြတ်သားစွာ ခုတ်ပိုင်းချလိုက်သည်။
မြို့တစ်မြို့လုံး၏ ကောင်းကင်ယံတွင် ပြည့်နှက်နေသော မိုးကြိုးတိမ်တိုက်များသည် ယခုအခါ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ဧရာမ ဓားအလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားသည်။
တောက်ပနေသော မိုးကြိုးဓားအလင်းတန်းက ရန်ယွမ်ဇီထံသို့ ခုတ်ပိုင်းကျင်းဆင်းလာသည်။ လူတိုင်း ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။
ဤဓားအလင်းတန်း၏ စွမ်းအားက ရန်ယွမ်ဇီ ယခုလေးတင် စုစည်းထားခဲ့သော လောကကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် မိုးကြိုးလှံကြီးထက် မအားနည်းပေ။
ဤမျှ အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုက ဆန်းကြယ်ရှင်ခြင်းအဆင့် ပညာရှင်တစ်ဦးထံမှ ထွက်ပေါ်လာသည်မှာ အမှန်တကယ် မယုံနိုင်စရာပင်။
သို့သော် ယခုအခါ ဝူယွမ်သည် ပြိုင်ဘက်၏ သိုင်းပညာရပ်စွမ်းအားကို အသုံးပြုနေခြင်းဖြစ်ကြောင်း လူတိုင်းနားလည်သွားကြပြီဖြစ်သည်။ ခွန်အားကို ခွန်အားဖြင့် တုံ့ပြန်ကာ ပြိုင်ဘက်၏စွမ်းအားကို ပြိုင်ဘက်ထံသို့ ပြန်လည်လွှဲပြောင်းပေးခြင်း ဖြစ်လေသည်။
‘သူ့ဆီမှာ တကယ်ပဲ မိုးကြိုးကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းရှိနေတာပဲ'
“ဒီကောင်လေးကို အရှင်ထားလို့မဖြစ်တော့ဘူး”
ရန်ယွမ်ဇီ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။ ပြဿနာကို အမြစ်မှစ၍ နှိမ်နှင်းရန် သူ တွေးတောထားပြီးဖြစ်၏။
ဝူယွမ်ပြသခဲ့သော နည်းလမ်းများက အလွန်ထူးဆန်းလွန်းလှသည်။ သူသည် ဤအဆင့်တွင်ပင် မိမိကို ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီဖြစ်၏။ အကယ်၍ သူ့ကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်ပါက ခြိမ်းခြောက်မှုမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလာပေလိမ့်မည်။
ဝူယွမ်၏ မိုးကြိုးဓားအလင်းတန်းကို ရင်ဆိုင်ရာတွင် ရန်ယွမ်ဇီက ထိတ်လန့်ခြင်း မရှိပေ။ သူသည် မိုးကြိုးဧကရာဇ်ကျမ်းကို ကျင့်ကြံထားသူဖြစ်ပြီး မိုးကြိုးတိုက်ခိုက်မှုများတွင် ကြီးမားသော ခုခံနိုင်စွမ်းရှိသည်။
“ပြန့်ကွဲသွားစမ်း”
သူက တိုးညှင်းစွာအော်ဟစ်လိုက်ပြီး လက်ချောင်းကို ဆန့်ထုတ်ကာ ဓားအလင်းတန်းဆီသို့ ညွှန်ပြလိုက်သည်။
“မင်းအမေကိုပဲ သွားပြန့်ကွဲခိုင်းလိုက်”
“ငါက ပေါက်ကွဲပစ်မှာကွ”
ဝူယွမ်က ကျယ်လောင်စွာ ဆဲရေးလိုက်သည်။ ပြိုင်ဘက်၏ လက်ချောင်းနှင့် မထိတွေ့မီမှာပင် ဧရာမဓားအလင်းတန်းကြီးက ဘုန်းခနဲ ပေါက်ကွဲသွားပြီး ကြမ်းတန်းသော စွမ်းအားတစ်ခုက လေထုထဲတွင် တိုက်ခတ်သွားသည်။
ဓားသွားများနှင့် မိုးကြိုးအလင်းတန်းများက ရန်ယွမ်ဇီထံသို့ ကျဆင်းလာလေသည်။
ဓားလေပွေနှင့် မိုးကြိုးလှိမ့်ဆင်းမှုကဲ့သို့ ရန်ယွမ်ဇီ၏ မျက်နှာကို အပြင်းအထန်တိုက်ခတ်သွားသည်။ သူ၏ ဆံပင်များနှင့် ဝတ်ရုံများ ဖရိုဖရဲဖြစ်သွားဦ၏။
“မင်းက ငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီပဲ”
ရန်ယွမ်ဇီ၏ မျက်လုံးများထဲမှ အနက်ရှိုင်းဆုံးနေရာတွင် အေးစက်သောအရိပ်အယောင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ချက်ချင်းပင် သူ၏ လက်ဝါးကို ဆုပ်လိုက်ရာ ရှင်ခြင်းနှင့် သေဆုံးခြင်း စွမ်းအားများ ပေါင်းစပ်ထားသော ကျယ်ပြောလှသည့် စွမ်းအင်များ ရုတ်တရက် ဟိန်းဟောက်ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ပေတစ်သောင်းခန့်ရှိသော အနက်နှင့် အဖြူရောင် တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းထံမှ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုလှိုင်းများ ရူးသွပ်စွာထွက်ပေါ်နေသည်။
“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံဆိပ်”
သူ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ အနက်နှင့် အဖြူရောင်ရောယှက်နေသော ဧရာမတံဆိပ်ကြီးက ပြင်းထန်စွာ ဟိန်းဟောက်ထွက်ပေါ်လာပြီး ဝူယွမ်အပေါ်သို့ ရက်စက်စွာ ဖိချလိုက်သည်။
အနက်နှင့်အဖြူ တံဆိပ်ကြီး ကျဆင်းလာရာနေရာတွင် လေဟာနယ်ပင် ပြိုကျတော့မည့် လက္ခဏာများ ပြသနေသည်။
“ပြိုကွဲသွားစမ်း”
ဝူယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မူလဝိညာဉ်အထက်တွင် မူလဝိညာဉ်နှင့် ပေါင်းစပ်ထားပြီးဖြစ်သော စကြဝဠာရှေးဟောင်းအစီအရင်မြေပုံက သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
ဝူယွမ် လက်များ လှုပ်ရှားလိုက်သည်နှင့် အစီအရင်မြေပုံက ပြောင်းပြန်လှည့်သွားသည်။ မူလက စွမ်းအားများကို ပေါင်းစပ်ရန် အသုံးပြုသော အစီအရင်မြေပုံသည် စွမ်းအားများကို ဖြိုခွဲရန် ၎င်း၏လုပ်ဆောင်ချက်ကို ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံဆိပ် ကျဆင်းလာပြီး ကျယ်ပြောလှသော စွမ်းအားတစ်ခုက ဝူယွမ်၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အကျဉ်းချထားသကဲ့သို့ ဖြစ်နေသည်။
သို့သော် သူ၏ စကြဝဠာရှေးဟောင်းအစီအရင်က ဤစွမ်းအားနှင့် ထိတွေ့သွားသောအခါ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း တံဆိပ်မှာ ချက်ချင်း ပြိုကွဲသွားပြီး သောင်းနှင့်ချီသော သေးငယ်သည့် စွမ်းအားအမျှင်များအဖြစ် ပြောင်းလဲသွားသည်။
အချက်တစ်သောင်းခန့်စုစည်းထားသော တိုက်ခိုက်မှုတစ်ခုကို ဝူယွမ်က တစ်ချက်တည်းနှင့် တိုက်ခိုက်မှု တစ်သောင်းအဖြစ် ဖြိုခွဲလိုက်သကဲ့သို့ပင်။
ဤကဲ့သို့ ဖြိုခွဲလိုက်ပြီးနောက် ဝူယွမ်အပေါ် သက်ရောက်မည့် ထိခိုက်မှုမှာ ကြီးမားခြင်း မရှိတော့ပေ။
သို့သော် ၎င်းသည် ရှင်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားများကို သယ်ဆောင်ထားသောကြောင့် အချို့သော သံသရာတိုက်ခိုက်မှုများရှိနေပြီး ခန္ဓာကိုယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ကုသရန်ခက်ခဲသော ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။
သို့သော် ဤအရာက ဝူယွမ်ကို ဒုက္ခမပေးနိုင်ပေ။ ‘ကျဲ့’အက္ခရာ လျှို့ဝှက်ချက်ပညာရပ်ကို အသက်သွင်းလိုက်ရာ သူသည် ၎င်းကို လျင်မြန်စွာ ဖြေရှင်းလိုက်နိုင်ပြီး ထိုစွမ်းအားများကို သူ၏ ကိုယ်ပိုင်ခွန်အားအဖြစ်သို့ပင် ပြောင်းလဲပစ်လိုက်နိုင်လေသည်။
ဝူယွမ်၏ ကုန်ဆုံးခြင်းမရှိသော နည်းလမ်းများကို လူတိုင်း အံ့ဩမှင်တက်နေကြရသည်။ သူသည် စွမ်းအားပိုင်းဆိုင်ရာ ကွာဟချက်ရှိနေသည်မှာ ထင်ရှားသော်လည်း တိုက်ပွဲတွင်မူ အသာစီးရနေပုံပေါ်သည်။
သေချာသည်မှာ ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ တကယ်တမ်းတွင် သူသည် ရန်ယွမ်ဇီ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်သေးပေ။
အများဆုံးအနေဖြင့် သူ၏စိတ်ဓာတ်ကို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပေးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
တကယ်တမ်းလည်း ယခုအချိန်တွင် ရန်ယွမ်ဇီ၏ စိတ်ဓာတ်မှာ အနည်းငယ်ပြိုလဲနေပြီဖြစ်သည်။ ဂုဏ်သိက္ခာကြီးမားလှသော ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သည့် သူသည် ဤဆန်းကြယ်ရှင်ခြင်းအဆင့် လူငယ်လေးကို မကိုင်တွယ်နိုင်ဘူးလော။
“ဒီလိုတိုက်ခိုက်မှုမျိုးကို မင်း ဘယ်နှစ်ကြိမ်တားဆီးနိုင်မလဲ”
ရန်ယွမ်ဇီက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရင်း လက်ချောင်းကို တစ်ချက်ခေါက်လိုက်သည်။
ရှင်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အလင်းတန်းတစ်ခုက လေဟာနယ်ကို တိုက်ရိုက်ဆုတ်ဖြဲကာ ဝူယွမ်ထံသို့ ပစ်လွှတ်လာသည်။
“ခင်ဗျား ဘယ်နှစ်ကြိမ်ထုတ်လွှတ်နိုင်သလဲ... ကျုပ်က အကြိမ်တိုင်း တားဆီးနိုင်တယ်၊ ဒီသခင်လေးက အစွမ်းရှိတယ်ဗျ”
အခန်း (၃၁၀) - ရန်ယွမ်ဇီကို ဖိနှိပ်ခြင်း... ကောင်းကင်နှင့် မြေကြီး အသွင်နှစ်ပါး ထွက်ပေါ်လာခြင်း(၂)
ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။ တိုက်ခိုက်မှုကို ဖြိုခွဲရန် သူက စကြဝဠာရှေးဟောင်းအစီအရင်ကို ထပ်မံအသက်သွင်းလိုက်သည်။
ဤသည်မှာ ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ပြီး သူ၏နည်းလမ်းအားလုံးကို အသုံးပြုရန် ပြင်ဆင်ထားသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဝူယွမ်သည် သူစုဆောင်းထားခဲ့သော ကြောက်မက်ဖွယ်နည်းလမ်းများ မည်မျှ အစွမ်းထက်သည်ကို မသိခဲ့ပေ။
ယခင်က မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ နည်းလမ်းနှစ်ခုကို အသုံးပြုခဲ့ရာ ထိုအရာက မိစ္ဆာစစ်သူကြီး၏ မျက်နှာကိုပင် ပျက်ယွင်းသွားစေခဲ့သည်။
ယခုအခါ ဝူယွမ်သည် ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏စွမ်းအားမှာ အရည်အသွေးပိုင်းဆိုင်ရာအရ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားပြီဖြစ်သည်။
ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် သူ၏ ယွမ်စွမ်းအင်မှာ ကုန်ဆုံးနိုင်ခြင်းမရှိတော့ဘဲ သူ၏ ကောင်းကင်ကိုအန်တုသော ကျင့်စဉ်နည်းလမ်းများနှင့် သိုင်းပညာရပ်များစွာသည် ဤအဆင့်သို့ ရောက်မှသာ အစွမ်းပြလာနိုင်လေ့ရှိသည်။
ယခင်က သူ၏အဆင့်မှာ အလွန်အားနည်းလွန်းပြီး ၎င်းတို့ကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများက အလွန်ကြီးမားခဲ့သည်။
ယခုအခါ ကုန်ဆုံးနိုင်ခြင်းမရှိသော ဆန်းကြယ်ရှင်ခြင်းအဆင့်ချီက သူ့ကိုအသက်ဆက်ရှင်ရန် ကူညီပေးနေပြီး ကစဉ်ကလျားသန္ဓေသားက သူ၏မူလဝိညာဉ် မသေဆုံးနိုင်ရန် ကာကွယ်ပေးထားကာ အာဏာရှင်ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံသော ကြီးမြတ်သည့် တောင်တန်းခန္ဓာကိုယ်က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖျက်ဆီး၍မရနိုင်အောင် ထောက်ပံ့ပေးထားသည်။
ကျဲ့အက္ခရာလျှို့ဝှက်ချက်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်ရန် ကူညီပေးပြီး ရှင်းအက္ခရာလျှို့ဝှက်ချက်ကို လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းရန် အသုံးပြုနိုင်ကာ ချယ်အက္ခရာလျှို့ဝှက်ချက်ကို စွမ်းအားများ ပေါက်ကွဲထွက်နိုင်ရန် အသုံးပြုလို့ရပြီး စကြဝဠာရှေးဟောင်းအစီအရင်က မိမိကိုယ်ကို သန်စွမ်းစေကာ ရန်သူများကို အားနည်းစေသည်။
ဝါးမျိုခြင်းဘိုးဘေးအဆောင်နှင့် မဟာရှေးဟောင်းကျမ်းတို့က ပြင်ပစွမ်းအားများကို သူ၏ပေါက်ကွဲမှုများအတွက် စုပ်ယူပေးနိုင်ပြီး အချိန်မရွေး ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည့် ကမ္ဘာ့သစ်ပင်၏ စွမ်းအင်များလည်း ရှိနေသေးသည်။
သူ၌ နည်းလမ်းများစွာ ရှိ၏။ ဤအဆင့်တွင် ဝူယွမ်၌ အားနည်းချက်ဟူ၍ လုံးဝမရှိသလောက်ပင်။ သူ့ကို ချက်ချင်းသတ်ပစ်၍ မရနိုင်သရွေ့ သူက အကန့်အသတ်မရှိ ဆက်လက်တိုက်ခိုက်နေနိုင်မည် ဖြစ်သည်။
‘ငါ့ကို မသတ်နိုင်တဲ့အရာမှန်သမျှက ငါ့ကို ပိုပြီး သန်စွမ်းလာစေမှာပဲ' သွေးကျောက်မြေရိုင်းဆီသို့ သွားရောက်စဉ်က သူ၏ကိုယ်ပိုင် ရည်မှန်းချက်ဖြစ်သော ထိပ်ဆုံးသို့ ရောက်ရှိရန်ရည်မှန်းချက်မှာ ဤတိုက်ပွဲမှတစ်ဆင့် ပိုမိုခိုင်မာလာလေသည်။
“ဒီလောက်ပဲလား”
ဝူယွမ်က ရန်ယွမ်ဇီကို ရန်စသလိုကြည့်ကာ ပြောလိုက်သည်။
“အဘိုးကြီး ခွေးအိုကြီး... ဆက်လုပ်လေ”
ရန်ယွမ်ဇီ ဒေါသထွက်သွားလေသည်။ ဝူယွမ်၏ ထူးဆန်းသော နည်းလမ်းများက သူ့ကို အနည်းငယ် အကူအညီမဲ့သွားစေသည်။
“ခင်ဗျားဆီမှာ ဘာမှမကျန်တော့ဘူးလား။ ဒါဆိုရင်ကျုပ်အလှည့်ပဲ”
ဝူယွမ်က ခြောက်ကပ်ကပ်ပြုံးလိုက်ပြီးနောက် ဖန်ထျန်းမီးဖိုက သူ၏လက်ထဲတွင် ထွက်ပေါ်လာကာ ရန်ယွမ်ဇီကို လွှမ်းခြုံလိုက်သည်။
မိမိကို လွှမ်းခြုံထားသော အနီရောင် မီးဖိုကြီးကို ကြည့်ကာ ရန်ယွမ်ဇီ၏ မျက်နှာထက်တွင် အထင်သေးသော အမူအရာတစ်ခု ပေါ်လာသည်။
ဝူယွမ်က သူ၏တိုက်ခိုက်မှုများကို မည်သို့ ဖြေရှင်းနိုင်ခဲ့သည်ကို သူ နားမလည်သော်လည်း ဝူယွမ်၏တိုက်ခိုက်မှုများကမူ သူ၏အမြင်တွင် ကလေးဆန်လွန်းပြီး သူ့ကို လုံးဝ ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
“မင်းဆီမှာ လှည့်ကွက်တချို့ရှိတယ်ဆိုတာကို ငါဝန်ခံပါတယ်၊ ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်မှုတွေနဲ့ကတော့ မင်းမလုပ်နိုင်...”
ရန်ယွမ်ဇီ စကားမဆုံးမီမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုက သူ့ကို နေရာတွင်ပင် ရပ်တန့်သွားစေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဘုန်း...
တစ်ခဏအတွင်းမှာပင် ဖန်ထျန်းမီးဖိုက ကျဆင်းလာပြီး သူ့ကို တိုက်ရိုက်လွှမ်းခြုံသွားတော့သည်။
လူတိုင်း ဆွံ့အသွားကြလေသည်။ သူတို့၏ အမြင်တွင် ရန်ယွမ်ဇီက အရူးတစ်ယောက်လို ငြိမ်သက်စွာ ရပ်နေပြီး ဝူယွမ်၏ ထိန်းချုပ်မှုကို စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေ၏။
သို့သော် ဝူယွမ်က ဖန်ထျန်းမီးဖိုကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် ငြိမ်သက်ခြင်းရူန်းကို အသက်သွင်းလိုက်ကြောင်းကိုမူ သူတို့ မသိကြပေ။
ယင်းရွှမ်ဇီ၏ ဆုချီးမြှင့်မှုမှ ရရှိလာသော ထိုငြိမ်သက်ခြင်းကျောက်တိုင်ကို ကစဉ်ကလျားသန္ဓေသားထဲသို့ ပေါင်းစပ်လိုက်ပြီးနောက် ဝူယွမ်က ငြိမ်သက်ခြင်းရူန်းအဖြစ် ပြောင်းလဲကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ဤရူန်းတွင် အချိန်၏ စွမ်းအားများ ပါဝင်နေပြီဖြစ်သည်။
အကယ်၍ သူသည် ယခင်က ငြိမ်သက်ခြင်းကျောက်တိုင်ကိုသာ အားကိုးခဲ့မည်ဆိုလျှင် ရန်ယွမ်ဇီကဲ့သို့သော သိုင်းပညာရှင်တစ်ဦးကို ရပ်တန့်စေရန် သေချာပေါက် မဖြစ်နိုင်ပေ။
သို့သော် ဝူယွမ်၏ ရူန်းများဖြင့် မြှင့်တင်ပြီးနောက် ၎င်း၏စွမ်းအားက များစွာတိုးတက်လာပြီး မျက်တောင်တစ်ခတ်စာမျှ သူ့ကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
ဖန်ထျန်းမီးဖိုထဲသို့ ကျရောက်သွားသော ရန်ယွမ်ဇီသည် ချက်ချင်း သတိပြန်ဝင်လာသည်။ ဤအချိန်တွင် သူ၏ခန္ဓာကိုယ်ကို မီးတောက်များက ဝန်းရံထား၏။
ဘန်း... ဘန်း... ဘန်း...
သူက ဖန်ထျန်းမီးဖိုကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ကာ အပြင်သို့ ထွက်ချင်နေလေသည်။ သို့သော် ဖန်ထျန်းမီးဖိုက မိစ္ဆာစစ်သူကြီးတစ်ဦးကိုပင် ပိတ်လှောင်ထားနိုင်ရာ သူက မည်သို့ အလွယ်တကူရုန်းထွက်နိုင်မည်နည်း။
ဖန်ထျန်းမီးတောက်များက ရန်ယွမ်ဇီကို စဉ်ဆက်မပြတ် လောင်ကျွမ်းနေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို သန့်စင်ရန်ကြိုးစားနေသည်။
ဝူယွမ်က မီးဖိုကိုယ်ထည်ပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီး နှလုံးကြွေမီးတောက်ကို အထဲသို့ ထည့်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်တွင် ဆွဲထားသော မဟာရှေးဟောင်းကျောက်တိုင် အသေးစားလေးကလည်း မီးဖိုကိုယ်ထည်နှင့် ချိတ်ဆက်မိသွားပြီး နီရဲရဲမီးတောက်တစ်ခုက ထိုနည်းတူ ဝင်ရောက်သွားသည်။
နှလုံးကြွေမီးတောက်နှင့် ဝူယွမ်၏ အစစ်အမှန် နေမင်းမီးတောက်...
ဤမီးတောက်နှစ်ခုတွင် တစ်ခုက ဝိညာဉ်ကို လောင်ကျွမ်းစေပြီး အခြားတစ်ခုက အသားအရေကို လောင်ကျွမ်းစေသည်။
မီးတောက်နှစ်ခု၏ မြှင့်တင်မှုအောက်တွင် ဖန်ထျန်းအစီအရင်၏စွမ်းအားက ချက်ချင်းပင် အဆပေါင်းများစွာတိုးလာလေသည်။
ဝူယွမ်၏ နှလုံးကြွေမီးတောက်က ရန်ယွမ်ဇီ၏ စိတ်ကို အနှောင့်အယှက်ပေးနိုင်ပြီး သူ့ကို ဒေါသထွက်စေကာ ဂနာမငြိမ်ဖြစ်အောင် လုပ်ဆောင်နိုင်သလို အစစ်အမှန် နေမင်းမီးတောက်က ဝင်စားခြင်းအဆင့် ပညာရှင်တစ်ဦးကိုပင် သန့်စင်နိုင်ပေသည်။
ရန်ယွမ်ဇီက မီးဖိုအတွင်း၌ ပြင်းပြင်းထန်ထန် ခုခံနေသည်။ ဖန်ထျန်းမီးဖိုက ထိန်းချုပ်မရနိုင်အောင် လွင့်ပျံနေပြီး လေထဲတွင် ရူးသွပ်နေသော သားရဲတစ်ကောင်လို ပျံသန်းနေသည်။
“အား... အား... အား...”
ဖန်ထျန်းမီးဖို၏ ဝိညာဉ်က နာကျင်စွာ အော်ဟစ်လိုက်သည်။ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့ရပြီးနောက် သူသည် အကောင်းဆုံးအခြေအနေတွင် မရှိတော့ပေ။
ရန်ယွမ်ဇီသည် လက်ရှိတွင် အလွန်ကောင်းမွန်သော အခြေအနေတွင်ရှိသည့် ဝင်စားခြင်းအဆင့် သိုငပညာရှင်တစ်ဦးဖြစ်ပြီး သေလုမျောပါး ဖြစ်နေသော မိစ္ဆာစစ်သူကြီးနှင့် များစွာ ကွာခြားသည်။
အဘိုးအိုအဘိုးအို ဖန်ထျန်း၏ အကူအညီမပါဘဲ သူတစ်ဦးတည်းဖြင့် ရန်ယွမ်ဇီကို မဖိနှိပ်နိုင်ပေ။
“ငါ ကွဲထွက်တော့မယ်”
ဖန်ထျန်းမီးဖို၏ ဝိညာဉ်က နာကျင်စွာ ထပ်မံညည်းတွားလိုက်သည်။
ရန်ယွမ်ဇီသည် မီးဖြင့်လောင်ကျွမ်းခံနေရသဖြင့် ဤအကျပ်အတည်းတွင် မီးဖိုကိုယ်ထည်ကို အစွမ်းကုန် တိုက်ခိုက်နေမည်မှာ သေချာသည်။
မကြာမီမှာပင် မီးဖိုကိုယ်ထည်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
“မလန့်နဲ့... ငါ မင်းကိုပြန်ပြင်ပေးမယ်”
ဝူယွမ်က သူ့ကို နှစ်သိမ့်လိုက်ပြီးနောက် မဟာရှေးဟောင်းကျောက်တိုင်နှင့် ဆက်သွယ်ကာ မဟာရှေးဟောင်းကျောက်တိုင်ကို မီးဖိုကိုယ်ထည်ပေါ်တွင် တင်လိုက်သည်။
အဝါရောင် စွမ်းအားတစ်ခုက မီးဖိုကိုယ်ထည်ကို လွှမ်းခြုံသွားပြီး ၎င်းကို ဖိနှိပ်ရန် ကူညီပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် စိမ်းလန်းစိုပြည်သော သစ်ကိုင်းတစ်ခုက ဆန့်ထွက်လာပြီး ဖန်ထျန်းမီးဖိုကို ရစ်ပတ်သွားကာ မျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများကို တဖြည်းဖြည်း ကုစားပေးနေလေသည်။
မဟာရှေးဟောင်းကျောက်တိုင်၏ အကူအညီဖြင့် မီးဖိုကိုယ်ထည်ကို ဖိနှိပ်ထားနိုင်ခဲ့လေသည်။
“အစ်ကိုကြီး... ဒါက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်”
ရှောင်တျောင်းတံတွေးမြိုချလိုက်သည်။ ‘ဒါက သောက်ရမ်းလန်းလွန်းတယ်၊ ရန်ယွမ်ဇီက အစ်ကိုကြီးရဲ့ ဒီလို ဖိနှိပ်တာကို ခံလိုက်ရတယ်ပေါ့'
“အစ်ကိုက ညီမကို သေမတတ်လန့်သွားအောင်လုပ်တာပဲ”
ချင်းတန်က သူမ၏ ရင်ဘတ်လေးကို ပုတ်ကာ ပြောလိုက်သည်။ အစောပိုင်းက ဝူယွမ် မနိုင်နိုင်ဘူးလို့ သူမ ထင်ခဲ့မိလေသည်။
လင်းတုန်က အသက်ပြင်းပြင်း ရှူလိုက်၏။
“အစ်ကိုကြီးရဲ့ စွမ်းအင်ပေါက်ကွဲမှုက အရမ်း အံ့ဩဖို့ကောင်းလွန်းတယ်။ အစ်ကိုကြီးနဲ့ ငါ့ကြားက ကွာဟချက်က သိပ်မကြီးဘူးလို့ ငါထင်ခဲ့မိတာ... ငါ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသွားတာပဲ”
ယင်းဟွမ်ဟွမ်၏ မျက်လုံးများထဲရှိ ရေခဲပြာရောင်အလင်းက တဖြည်းဖြည်း မှေးမှိန်သွားပြီး မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။
‘ငါ သဘောကျတဲ့ အမျိုးသားပီသပါပေတယ်...’ သူမ ဂုဏ်ယူစွာ တွေးလိုက်မိသည်။
ကိုးကောင်းကင် တိုင်ချင်းနန်းတော်ဘက်တွင် လင်းချင်းကျူ၏ နှုတ်ခမ်းများက အနည်းငယ်လှုပ်ရှားသွားပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
“ဒါဆို သူက ငါ့ကိုလုယူဖို့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်ကိုပါ ဝင်စီးနိုင်တဲ့စွမ်းအား တကယ်ရှိတာပေါ့၊ ဆရာမက သူ့ကိုတကယ်ပဲ တားနိုင်မှာမဟုတ်ဘူး၊ ကံကောင်းလို့ သူက ငါ့ကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးနိုင်လို့ပေါ့”
“မဟုတ်ရင် သူနဲ့ဆရာမသာ တိုက်ခိုက်ကြရင် ငါ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး၊ ဒီလူ... နောင်ကျရင် သူ့လက်ထဲကနေ ငါ လွတ်မြောက်နိုင်မှာ မဟုတ်လောက်တော့ဘူး”
ဝူယွမ်နှင့် နီးစပ်သူများက သက်ပြင်းချနိုင်ခဲ့သော်လည်း ပတ်သက်မှုမရှိသော ဘေးလူများမှာမူ အလွန်အမင်း တုန်လှုပ်နေကြသည်။ ကမ္ဘာခြားနတ်ဆိုးနယ်မြေထဲတွင် ရှိနေစဉ်က ဝူယွမ်သည် သူတို့ကဲ့သို့ပင် တပည့်တစ်ဦးသာ ဖြစ်နေသေးသည်မှာ ထင်ရှားသည်။
လူတိုင်းက အတူတကွတိုက်ခိုက်နိုင်ကြသေးသည်။ သူက ယွမ်ဂိုဏ်းကို သုတ်သင်လိုက်သော်လည်း ၎င်းမှာ နားလည်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။ ရွယ်တူများကြားတွင် သူသည် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ မှန်ပေသည်။
သို့သော် သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ယွမ်ဂိုဏ်း၏ ဆန်းကြယ်ရှင်ခြင်းအဆင့် ပညာရှင်များကို အရင်ဆုံး သုတ်သင်ပစ်လိုက်ပြီး ယခုအခါ တစ်ယောက်ချင်း တိုက်ပွဲတွင် ရန်ယွမ်ဇီကို ဖိနှိပ်ထားနိုင်ခဲ့သည်။
‘ဒါကို တောင်ဂိုဏ်း ဂိုဏ်းချုပ် ယင်းရွှမ်းဇီတောင် လုပ်နိုင်ပါ့မလား'
“ရန်ယွမ်ဇီကို လွှတ်ပေးလိုက်”
ကောင်းကင်ဘုံမှ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ကမ္ဘာခြားနတ်ဆိုးမြို့တော် တစ်ခွင်သို့ ပျံ့နှံ့သွားသည်။
လူတိုင်း တပြိုင်တည်း မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံအထက်ရှိ လေဟာနယ်က ထပ်မံ တွန့်လိမ်သွားပြီး ပုံရိပ်နှစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။
ပုံရိပ်နှစ်ခုအနက် တစ်ဦးမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ရှည်လျားသော ဆံပင်မည်းများ ချထားသည်။
သူ၏ လက်များက ၀တ်ရုံလက်အတွင်းမှ ထွက်ပေါ်နေပြီး အနည်းငယ် ဖြူရော်နေပုံရသော်လည်း မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်၊ နွေးထွေးနူးညံ့ကာ မျက်လုံးများက ကြယ်ရောင်များသဖွယ် တောက်ပနေပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ထိုးဖောက်မြင်နိုင်သော စွမ်းအားများ ရှိနေပုံရသည်။
အခြားတစ်ဦးမှာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားအရေ လှပလွန်း၏။ သူ၏ ရုပ်ရည်မှာ သာမန်ဖြစ်သော်လည်း သူ၏မျက်လုံးများမှာ အနက်နှင့် အဖြူရောင်ဖြစ်နေပြီး ယင်နှင့်ယန် ပေါင်းစပ်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေသည်။
ထိုပုံရိပ်နှစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူတို့၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ ပြင်းထန်စွာ တွန့်လိမ်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူတို့သည် သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြောင်း ထင်ရှားလှ၏။
“ထျန်းယွမ်ဇီ... တိယွမ်ဇီ...”