← Chapters

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁-၄၈၃)

Vol. 33 Ch. 481-483

အခန်း (၄၈၁)

“ဝေါင်း…”

တောအုပ်ထဲတွင် ဟိန်းသံကြီးတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် ဓားသံရွှမ်းခနဲ ထွက်ပေါ်လာပြီး၊ ထိုအသံကြီးပျောက်ကွယ်သွားသည်။ ပြင်းထန်သော အသက်ရှူသံများလည်း ပျောက်ကွယ်သွားသည်။

ရှောက်ရွှမ်သည် ဓားတွင်ပေနေသော သွေးများကို သစ်ရွက်နှင့် သုတ်လိုက်သည်။

အနားတွင်ရှိသော စစ်သည်တော်များက ကြောက်မက်ဖွယ်သားရဲကြီး၏ သွေးများကို ခွက်တစ်လုံးနှင့် ခံထားလိုက်သည်။

အတိတ်တုန်းကဆိုလျှင်တော့၊ သူတို့သည် သားကောင်ရလာလျှင် အရေခွံကို ရအောင် ခွာယူမည် ဖြစ်သည်။ အုတော့ ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရန် မလိုအပ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သားရေများကို ရောင်းချစရာမလိုတော့သောကြောင့် ဖြစ်ပါသည်။ သူတို့သည် အစားအစာသာလိုအပ်တော့သဖြင့်၊ ထိုသားရဲကြီးကို စားပစ်ကြမည် ဖြစ်သည်။

လူ၈ယောက်တို့သည် သားရဲကြီးကို အတူတကွဝိုင်းဖျက်ကြပြီး၊ အတွင်းကလီစာများကို ထုတ်ကာအသားများကို လွှာယူလိုက်ကြပါသည်။ မြေပြင်ပေါ်တွင် အရိုးနှင့်အရေသာ ကျန်ခဲ့ပါတော့သည်။

သုန့်ကန်းက ဓာတ်ဘူးကို ရှောက်ရွှမ်အားကမ်းပေးလိုက်ပြီး “ သောက်မလား” ဟုမေးလိုက်သည်။

ရှောက်ရွှမ်က ခေါင်းခါယမ်းလိုက်ပြီး၊ “မသောာ

က်ဘူး…ကျွန်တော်အားမကုန်သေးပါဘူး…အခြားလူတွေ သောက်ပါစေ” ဟုပြောလိုက်သည်။

သုန့်ကန်းက ပြုံးလိုက်ပြီး၊ တငုံမော့သောက်လိုက်ပြီး အခြားသူများအား လက်ကမ်းပေးလိုက်သည်။

ကြေးနံ့ထွက်နေသော ပျစ်ချွဲသောသားရဲသွေးများက ၎င်းတို့၏လည်ချောင်းထဲမှ တဆင့် ဝမ်းဗိုက်ထဲသို့ စီးဝင်သွားပါသည်။ ထိုအခါ ကုန်ဆုံးသွားသောအားအင်များ ပြန်လည်ပြည့်ဝလာပါသည်။

သုန့်ကန်းသည် သူ့လက်များတွင် ပေနေသော သွေးများကို သစ်ရွက်များနှင့် သုတ်လိုက်သည်။

“ငါတို့ထွက်လာတာ ၂ရက်ရှိပြီ အခုထိတော့ ငါတို့ကို သတ်မယ့်လူနဲ့ မတွေ့သေးဘူး” သုန့်ကန်းက ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး သူဘာပြောမလဲစောင့်နေပါသည်။ ရှောက်ရွှမ်ကတော့ ကြိုးတခွေနှင့် ဆော့နေပါသည်။ အခုလိုအချိန်သည် ကြိုး

နှင့် အပျင်းပြေဆော့ရမည့် အချိန်မဟုတ်ပါ။ သူသည် ဗေဒင်ဟောခြင်းကို လုပ်ဆောင်သင့်သော အခြေအနေဖြစ်ပါသည်။ သို့သော် သောခန်သည် အခြားအစောင့်များကို ဦးဆောင်ရဦးမည် ဖြစ်သောကြောင့်၊ ရှောက်ရွှမ်ကို စကားပြောနေရန် အချိန်မရပါ။

“မကြာခင်မှာတွေ့မယ်ထင်တာပဲ…လူတွေက ငါတို့တွေ အရင်လမ်းဟောင်းအတိုင်းလာမယ် ထင်မထားလောက်ဘူး…အဲဒီတော့ ငါတို့ကို ချောင်းပြီးတိုက်ခိုက်မယ့်လူ နည်းနည်းပဲ ရှိလောက်မယ်…တချို့လူတွေကတော့ ငါတို့လာမယ့်လမ်းကို မှန်းမိမှာပဲ”ရှောက်ရွှမ်ကပြောလိုက်သည်။

“သူတို့တွေက ငါတို့လမ်းကြောင်းကိုတောင်မှန်းဆနိုင်နေတာလား” သုန့်ကန်းက တုန်လှုပ်သွားပါသည်။ ထိုကိစ္စတွင် ယိမိသားစုလည်း ပါဝင်နေမည် ထင်ပါသည်။ ယိမိသားစုဝင်များတွင် တကယ်အရည်အချင်းရှိသူများလည်း ရှိနေနိုင်ပါသည်။

“အဲဒါဆိုရင် ငါတို့ဘာဆက်လုပ်ကြမလဲ” သုန့်ကန်းက မေးလိုက်သည်။

“ခရီးစဉ်အတိုင်းပဲ ဆက်သွားကြတာပေါ့…ဒါနဲ့ ကျွန်တော်မှာထားတာတွေ လုပ်ပြီးသွားပြီလား” ရှောက်ရွှမ်ကမေးလိုက်သည်။

ထိုလူများထွက်ခွာသွားသောအခါ၊ အားလပ်နေသော စစ်သည်တော်များကို ရှောက်ရွှမ်က တာဝန်များ ခွဲဝေပေးလိုက်သည်။ ကလေးများနှင့် လူအိုများပါလာသောကြောင့်၊ သူတို့ခရီးစဉ်သည် ခါတိုင်းထက် နည်းနည်းပိုကြာနေပါသည်။ သာမန်အားဖြင့်တော့၊ အားလုံးသည် အချိန်အားများ ရနေကြသည်။ ရှောက်ရွှမ်က ထိုသူများအား တာဝန်များခွဲဝေပေးလိုက်သည်။

“ဒီမှာ သူတို့လုပ်ထားတာတွေ” သုန့်ကန်းက ခြင်းတောင်းတစ်လုံးကို ညွှန်ပြလိုက်ပါသည်။

“ကောင်းတယ်…ခင်ဗျားတို့ အရင်သွားနှင့်ပါ…ကျွန်တော်ဒီမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်

ဦးမယ်” ရှောက်ရွှမ်သည် ခြင်းတောင်းကို ဖွင့်လိုက်ပြီး၊ အထဲတွင် ပါလာသည်များကို မြင်လိုက်ရသောအခါ စိတ်ကျေနပ်သွားပါသည်။

သုန့်ကန်းသည် အန်းပါ့မြို့တော်မှ လွှတ်လိုက်သော လူများအား ရှောက်ရွှမ်ဘယ်လိုကိုင်တွယ်မလဲဆိုတာကို သိချင်နေသည်။ သို့သော် သုန့်ကန်းသည် ရှောက်ရွှမ်ကို ဘာမှမမေးတော့ဘဲ၊ စစ်သည်တော်များသည် သားကောင်ကို ဖျက်ပြီးကြောင်းလောက်သာ ပြောလိုက်ပါသည်။

ရွှင်ချန်းက ရှောက်ရွှမ်သည် ၎င်းတို့နှင့်လိုက်မလာသည်ကိုတွေ့သောအခါ၊ ရွှင်ချန်းသည် သောခန်အား “အကိုကြီးရှောက်ရွှမ်က ကျွန်တော်တို့နဲ့ မလိုက်ဘူးလား” ဟုမေးလိုက်သည်။

“အကိုကြီးရှောက်ရွှမ်က လုပ်စရာရှိနေသေးလို့” သုန့်ကန်းက သူ့လူများအား တန်းစီရန် အချက်ပြလိုက်ပါသည်။

ရွှင်ချန်းသည် ကုန်ဖလှယ်ခရီးစဉ်ကို မလိုက်ခဲ့

ရသောကြောင့်၊ သူ့တွင် သုန့်ကန်းကို မေးစရာ မေးခွန်းများစွာရှိနေပါသည်။ သူသည် ကုန်ဖလှယ်ထွက်စဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းများကို သေချာမသိရသေးပါ။

သုန့်ကန်းသည် သူ၏ သမီးလေးကို ချီပွေ့လိုက်ပြီး၊ ဇနီးသည်ကို ကျောပိုးလိုက်သည်။ ထို့နောက်လည်ပင်းတွင် ပစ္စည်းပစ္စယများကို ဆွဲထားလိုက်ပါသည်။ ထို့နောက် သူသည် ရွှင်ချန်းတို့နောက်သို့ လိုက်သွားပါသည်။

သိပ်မကြာခင်အချိန်အတွင်း၊ တိရစ္ဆာန်သွေးများပေကျံနေခဲ့သော နေရာသည် တိတ်ဆိတ်သွားပါတော့သည်။

သွေးနံ့များကတော့ လေထဲတွင် ပျံ့လွင့်နေသည်။ တိရစ္ဆာန်များ၏ အော်သံများက အဝေးတွင် ကျန်နေခဲ့ပါသည်။‌ ရှောက်ရွှမ်သည် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ ထိုအခါ သစ်ရွက်များအကြားမှ ပျံသန်းနေသော အရိပ်များကို တွေ့လိုက်ရပါသည်။

အသေကောင်စားငှက်များသည် စိတ်မရှည်တော့ပါ။ ငှက်တစ်ကောင်သည် သေနေသောသားကောင်၏ အကြွင်းအကျန်များကို စားသောက်ရန် ပျံဆင်းလာပါသည်။ ရှောက်ရွှမ်က ထိုငှက်ကို ဓားနှင့် ခုတ်ချလိုက်သည်။ ထိုငှက်မှာ ၂ပိုင်းပြတ်ပြီး၊ သေဆုံးသွားပါသည်။

ကျန်သောအသေကောင်စားငှက်များသည် ထိုအဖြစ်ကို မြင်သောအခါ၊ အနားရှိသစ်ကိုင်းတစ်ကိုင်းဆီသို့ ပျံပြေးသွားကြပါသည်။ ထို့နောက် သူတို့သည် ရှောက်ရွှမ်ကို သေချာကြည့်နေပါတော့သည်။

ငှက်အကောင်၂၀လောက်သည် သစ်ပင်ပေါ်တွင် နားပြီး၊ ရှောက်ရွှမ်ကို သေချာကြည့်နေကြပါသည်။ တဖြည်းဖြည်းနှင့် ငှက်များသည် ကောင်းကင်ပေါ်တွင် ပိုပိုများလာပါသည်။

ရှောက်ရွှမ်ကတော့ တစ်ယောက်တည်းသာ ဖြစ်သည်။ သွေးကြောင်သူဆိုလျှင် ကြောက်လန့်

နေမည် ဖြစ်သည်။ ရှောက်ရွှမ်ကတော့ သူတို့ကို ဂရုစိုက်မနေပါ။ ရှောက်ရွှမ်သည် သားကောင်၏ အကြွင်းအကျန်များကို တချက်ကြည့်လိုက်ပြီး၊ မြေပေါ်သို့ ဆင်းလာသော ငှက်တချို့ကို မောင်းထုတ်လိုက်ပါသည်။ ထို့နောက် ရှောက်ရွှမ်သည် ထိုနေရာမှ ထွက်ခွာလာပြီး၊ ပတ်ဝန်းကျင်တွင် သူပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေပါသည်။

ရှောက်ရွှမ်သည် ထောင်ခြောက်များကို ဆင်ထားခဲ့ခြင်း ဖြစ်သည်။ စစ်သည်တော်များကလည်း ထောင်ခြောက်များကိုဆင်ရန် ရှောက်ရွှမ်အား ဝိုင်းကူညီကြသည်။ ထိုထောင်ခြောက်များသည် သူတို့နောက်ကို လိုက်လာသော ရန်သူများအား တားဆီးနိုင်မလားဆိုတာကိုတော့ ရှောက်ရွှမ်လည်း မသေချာပါ။ အနည်းဆုံးတော့ ရန်သူများကို နှောင့်နှေးစေမည်ဆိုလျှင် သူလုပ်ရကျိုးနပ်ပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် သေနေသော သားကောင်နားမှ ထွက်ခွာသွားသောအခါ၊ အသေကောင်စားငှက်များက ထိုသားကောင်နားသို့ ပျံဝဲလာသည်။

ထို့နောက် ထိုငှက်များသည် အစာကိုလုရင်း အချင်းချင်းရန်ဖြစ်နေကြသည်။ ထိုနားတဝိုက်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနေကြသောကြောင့်၊ သားရဲကြီးများ မလာကြပေ။ ထို့ကြောင့် ထိုနားတွင် ထိုငှက်များနှင့် အစာလုမည့် သားကောင်များမရှိပေ။

ငှက်များက သားကောင်၏ အကြွင်းအကျန်အစအနများကို ဝိုင်းထိုးဆိတ်နေကြသည်။ သူတို့၏ နှုတ်သီးများဖြင့် အသားစများကို ကိုက်ဖဲ့ကြလေသည်။ သူတို့သည် အစာမာန်တက်ပြီး၊ ရှောက်ရွှမ်ကို ကျယ်လောင်စွာ အော်ဟစ်နေ၏။ ရှောက်ရွှမ်ကတော့ သူတို့ကို အရေးမလုပ်ပေ။

ရှောက်ရွှမ်သည် ခြုံများကြားတွင် လက်မလောက်ရှိမည် ဖြစ်သော အစိမ်းနှင့်မီးခိုးရောင်ရောယှက်နေသော နွယ်ပင်တစ်ပင်ကို တွေ့လိုက်ရပါသည်။ ထိုတောအုပ်အကြောင်းကို သိသူများကတော့ ထိုနွယ်ပင်သည် ထိုတောအုပ်ထဲတွင် တွေ့နေကျအပင်မဟုတ်ကြောင်းကို သိကြသည်။ ထိုနွယ်ပင်မှာ စိမ့်တော့များထဲတွင်တွေ့ရသော

နွယ်ပင် တစ်မျိုးဖြစ်ပါသည်။

ရှောက်ရွှမ်သည် ချွန်ထက်သောဆူးများ၊ အပ်များနှင့် ထောင်ခြောက်များကို ပြုလုပ်နေလေသည်။ နာရီဝက်ခန့်ကြာသောအခါ၊ ထိုနေရာတစ်ခုလုံးတွင် ထောင်ခြောက်များ ပြည့်နှက်သွားပါသည်။

သူထောင်ခြောက်များကို ဆင်ပြီးသွားသောအခါ၊ သေနေသောသားကောင်မှာ အရေခွံနှင့် အရိုးသာကျန်ခဲ့ပါတော့သည်။ အသားများမှာ လုံးဝပြောင်သလင်းခါသွားပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် မတ်တပ်ရပ်လိုက်ပြီး၊ ဘေးဘီဝန်းကျင်သို့ ကြည့်လိုက်သောအခါ ထိုက်ဟယ်မျိုးနွယ်စုဝင်များကို တွေ့လိုက်ရသည်။

ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် သံသယဖြစ်ဖွယ်လူ၂ယောက်နောက်ကိုလိုက်လာပြီး၊ ထိုလူများကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ၂ယောက်ပင်သေသွားပြီဖြစ်သည်။

“ဒီလူတွေလာတာ ဘယ်နှကြိမ်မြောက်လဲ”

“ဒါတတိယအကြိမ်လား…စတုတ္ထအကြိမ်လားမသိဘူး” တစ်ယောက်က ပြောလိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ထွက်ခွာသွားသည်မှာ စောသောကြောင့်သာဖြစ်သည်၊ မဟုတ်လျှင် တိုက်ပွဲဖြစ်တော့မည် ဖြစ်သည်။

ထို၂ရက်အတွင်းတွင်၊ သူတို့သည် တောအုပ်ထဲတွင် လျှောက်သွားနေကြသော လူများကို တွေ့လိုက်ရသည်။ အထူးသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာနားတွင် လူအသွားအလာပိုများပါသည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာကို အပိုင်စီးထားလိုက်ပြီဖြစ်သည်။

ထိုလူများမှာ အဖွဲ့ငယ်များမှ လူများဖြစ်ကြသည်။ သူတိုသည် ထိုက်ဟယ်မျိုးနွယ်စုဝင်များကို မတိုက်ခိုက်ရဲသောကြောင့်၊ မီးတောက်ဦးချို

မျိုးနွယ်စုဝင်များ၏ ရွာတွင် လူမရှိသည်ကို တွေ့သောအခါ၊ ဝင်နေလိုက်ကြခြင်း ဖြစ်သည်။သူတို့သည် တောအုပ်ထဲတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ထားခဲ့သော ခြေရာလက်ရာများကို ရှာနေကြသည်။ တချို့က ထိုက်ဟယ်မျိုးနွယ်စုဝင်များကို တိုက်ခိုက်ချင်နေကြသော်လည်း၊ ထိုနေရာသည် ထိုက်ဟယ်မျိုးနွယ်စုဝင်များ၏ ရွာဖြစ်နေသောကြောင့်၊ သူတို့ကို တိုက်ခိုက်၍မရပါ။ ထိုလူများမှာ သူတို့အတွက် ဓာတ်မြေဩဇာများ ဖြစ်လာခဲ့သည်။

ထိုနေ့ညနေခင်းတွင်၊ လူ၁၀၀လောက်ပါသော အဖွဲ့တစ်ဖွဲ့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သွားခဲ့သော လမ်းကြောင်းအတိုင်း လိုက်လာခဲ့ကြသည်။ မျိုးနွယ်စုကြီးတစ်ခုလုံး ချီတက်သွားသော လမ်းတလျှောက်တွင် ခြေရာလက်ရာများ မကျန်ခဲ့ဘူးဆိုသည်မှာ မဖြစ်နိုင်ပါ။ အတွေ့အကြုံရင့်ကျက်သူများဆိုလျှင် ခြေရာလက်ရာများကို သဲလွန်စကောက်နိုင်မည် ဖြစ်သည်။

သူတို့သည် ပထမအဖွဲ့ဖြစ်သည်။ ၎င်းတို့သည်

ရွာသို့ ရောက်လာသော်လည်း ရပ်တန့်မသွားပါ၊ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်လာကြသည်။ သူတို့သည် အခြားလူများထက် ဦးစွာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်မီရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူတို့အဖွဲ့တွင် လူ၁၀၀လောက်ရှိပါသည်။ သူတို့သည် အခုအချိန်တွင် တိုက်ခိုက်ရန် မစီစဉ်ထားသေးသော်လည်း၊ တချို့လူများကိုတော့ ဓားစာခံအဖြစ်ဖမ်းလာပါသည်။ ထို့နောက် မီးတောက်ဦးချိုမျိုးနွယ်စုကို ခြိမ်းခြောက်ပြီး၊ မီးလျှံသလင်းကျောက်များနှင့်ဆားများကို တောင်းယူမည် ဖြစ်သည်။ သူတို့သည် ထိုနည်းလမ်းကို ကြိမ်ဖန်များစွာ အသုံးပြုလာခဲ့ခြင်း ဖြစ်သည်။ အင်အားသုံးပြီးတိုက်ခိုက်ခြင်းထက်၊ ဓားစာခံနှင့် ခြိမ်းခြောက်ခြင်းက ပိုထိရောက်ပါသည်။ သူတို့သည် သူတို့ကိုယ်သူတို့ စိတ်ချသွားပါသည်။

“သားကောင်အကြွင်းအကျန်တွေ တွေ့တယ်ဟေ့…ဟိုကောင်တွေ ဒီနေရာက ဖြတ်သွားတာ မ

ကြာသေးဘူး” တစ်ယောက်ကပြောလိုက်သည်။

သူတို့သည် သားကောင်အကြွင်းအကျန်များကို ကြည့်ပြီး၊ ထိုသားကောင်ကို မည်သူက သတ်သွားသည်ဆိုတာကို မှန်းဆကြည့်နေကြပါသည်။ ထိုသို့လုပ်ခြင်းဖြင့် သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ စွမ်းအားကို ခန့်မှန်းမိနိုင်မည် ဖြစ်သည်။

သူတို့သည် လုံးဝပြောင်စင်နေသော အရိုးများကို ကြည့်လိုက်ပြီးနောက်၊ စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားသည်။

“ဝီ…”

အရိုးကို ကောက်ကိုင်လိုက်သောအခါ၊ ဝီခနဲ အသံတစ်ခုထွက်ပေါ်လာပြီး၊ တောအုပ်တစ်ခုလုံးမှာ ဝရုန်းသုန်းကား ဖြစ်သွားပါသည်။

လက်နက်ပုန်းများက နေရာအနှံ့မှ ပြေးထွက်လာပါသည်။ သူတို့ကို ကာကွယ်ပေးနေသူများမှာ

လည်း ထောက်ခြောက်တစ်ခုကို နင်းမိလျက်သားဖြစ်နေသည်။ ထောင်ခြောက်တစ်ခုမှ လွတ်ပြီဟု ထင်သည့်အခါတိုင်း၊ အခြားထောင်ခြောက်တစ်ခုကို တက်နင်းမိလျက်သား ဖြစ်နေသည်။ သူတို့အားလုံးသည် ထောင်ခြောက်များမှ ပြေးမလွတ်ကြပါ။ နည်းနည်းအရှောင်နောက်ကျသွားသူများဆိုလျှင်၊ ခန္ဓာကိုယ်တွင် ဆူးများ အပ်များ စိုက်ဝင်သွားကြပါသည်။

ဝရုန်သုန်းကားအခြေအနေ ပြီးဆုံးသွားသောအခါ၊ ဒဏ်ရာမရသူများသည် တုတ်တုတ်ပင် မလှုပ်ရဲကြတော့ပါ။ သူတို့သည် ပတ်ဝန်းကျင်ကို သတိဝီရိယနှင့် သေချာအကဲခတ်နေကြပါသည်။ ဒဏ်ရာရပြီး အဆိပ်မိသူများကတော့ မြေပြင်ပေါ်တွင် လဲကျနေကြသည်။ သူတို့သည် အသက်မသေဘူးဆိုလျှင်တောင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ ဆက်လိုက်နိုင်တော့မည် မဟုတ်ပါ။

သူတို့လူ၂၀လောက်ဒဏ်ရာရသွားပြီး၊ လူ၈ယောက် သေဆုံးသွားပါသည်။ ကျန်သော

လူ၇၀ကတော့ အပေါ်ယံဒဏ်ရာလောက်သာ ရထားကြသော်လည်း၊ ခရီးပြင်းနှင်နိုင်သောအခြေအနေမရှိတော့ပါ။ သူတို့သည် ထောက်ခြောက်များကိုသာ မရှောင်လွှားနိုင်ပါက၊ သူတို့သည်လည်း မြေပြင်ပေါ်တွင် လဲကျနေကြမည် ဖြစ်သည်။

“ဆရာ…ကျွန်တော်တို့ ဆက်သွားသင့်ပါ့မလား” လူတစ်ယောက်သည် သူ့ပုခုံးတွင် စိုက်ဝင်နေသော ဆူးချွန်ကို နှုတ်ရင်းပြောလိုက်သည်။ ဆူးချွန်မှာ သစ်သားနှင့်လုပ်ထားခြင်း ဖြစ်သော်လည်း၊ အတော်အထိနာစေသော ဆူးချွန်ဖြစ်သည်။ ဆူးချွန်တွင်ပါဝင်သော အဆိပ်များကြောင့်၊သူ့လက်မောင်း၁ခုလုံး ထုံကျင်ကိုက်ခဲနေပါသည်။ ဒဏ်ရာကို ဆေးထည့်ပြီးသောအခါမှ သူသည် နေသာထိုင်သာ ရှိသွားပါသည်။ ထိုဆူးချွန်တွင်သုတ်ထားသော အဆိပ်သာပြင်းထန်မည်ဆိုပါက၊ သူ့လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်ရမည် ဖြစ်သည်။

အားလုံးမှာလည်း သတိဝီရိယနှင့် နေနေကြ

သည်။ သူတို့သိသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ သန်စွမ်းကြံ့ခိုင်သူများဖြစ်သည်။သို့သော် သူတို့သည် ထိုကဲ့သို့ အဆိပ်များကို သုံးမည်ဟု ထင်မထားပါ။

“ဒဏ်ရာရထားတဲ့လူတွေကို ခေါ်လိုက်…လောလောဆယ်တော့ ခဏနားကြမယ်ကွာ” ခေါင်းဆောင်ကပြောလိုက်ပါသည်။

“ဆားတွေနဲ့ မီးလျှံသလင်းကျောက်တွေကို အခြားလူတွေ ရသွားမယ်ဆို ဘယ်လိုလုပ်မလဲ”

“ရရင်လည်း ရပါစေတော့ကွာ…မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ဘာဆက်လုပ်မလဲ စောင့်ကြည့်ကြတာပေါ့”

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြောင်းကို ကောင်းစွာမသိသေးသောကြောင့်၊ ယခုလို ခံလိုက်ရခြင်း ဖြစ်သည်။ နောက်တခါတွင်တော့ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နောက်ကို အရမ်းကာရောလိုက်ရဲတော့

မည် မဟုတ်ပေ။ သူတို့ထောင်ထားသော ထောင်ခြောက်များထဲ မိလျှင် အသက်သေရုံသာ ရှိတော့သည်။ သူတို့၏ အဖွဲ့လေးမှာ သေးငယ်သောအဖွဲ့ဖြစ်သဖြင့် အခုလိုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်သို့ လိုက်မည်ဆိုပါက၊ အခုထက်ပို၍ အထိနာရုံသာ ရှိပါတော့သည်။

အခြားလူများ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ထောင်ခြောက်တွင်မိသည်ကို ဆက်လက်စောင့်ကြည့်ရပေမည်။

ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်

အခန်း (၄၈၂) ဘုရင့်မြို့တော်မှ အဖွဲ့သားများ

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များလာရာလမ်းတွင် လူတစ်စုက စောင့်နေပါသလို၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနောက်မှ လိုက်နေသော လူတစ်ဖွဲ့လည်းရှိပါသည်။ တတိယအဖွဲ့တစ်ဖွဲ့ကလည်း နောက်လမ်းတစ်ခုမှ လိုက်နေပါသည်။

ရွှေရောင်ချပ်ဝတ်များဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့က ရှေ့မှ ချီတက်နေပါသည်။ ထိုလူများသည် ကြံ့ခိုင်သန်စွမ်းသော မြင်းကြီးများကို စီးနေကြပါသည်။ မြင်းကြီးများမှာ အထူးမွေးမြူထားသော မြင်းကြီးများဖြစ်သည်။ မြင်းကြီးများသည် မြေပြင်ကို ခွာနှင့်ပျော်ရွှင်စွာပေါက်နေကြသည်။ ၎င်းတို့၏ ခွာပေါက်ချက်များကြောင့်၊ မြေပြင်ပေါ်ရှိ ကျောက်ခဲများမှာ ကြေမွသွားကြသည်။ မြင်းကြီးများ၏ ခွာပေါက်သံများမှာ မိုးခြိမ်းသံများကဲ့သို့ ဆူညံနေပါသည်။

ထိုမြင်းကြီးများပေါ်တွင် လိုက်ပါလာသောလူများမှာ လှံအရှည်ကြီးများကို ကိုင်ဆောင်လာကြသည်။ သူတို့၏ ချပ်ဝတ်များမှာ နေရောင်အောက်တွင် ပြိုးပြိုးပျက်ပျက် လက်နေပါသည်။ စစ်သည်တော်များ၏ မျက်နှာများသည် အေးစက်နေပြီး၊ ၎င်းတို့ဖြတ်သန်းသွားသည့်အခါ ပတ်ဝန်းကျင်တွင် စိမ့်ခနဲ ဖြစ်သွားလေသည်။ ထိုလူများကို မြင်လိုက်ရုံနှင့် ကြည့်မိသူမှာ ကြက်သီးများပင် ထသွားနိုင်ပါသည်။

ထိုလမ်းတလျှောက်သည် ခြုံနွယ်များမရှိသောကြောင့်၊ လူအများစုက ထိုလမ်းကို သာသုံးကြသည်။ မြေပြင်သည် ညီညာနေပြီး၊ ကုန်စည်များသယ်ပို့ရန် သင့်တော်သော လမ်းဖြစ်သည်။ မျိုးနွယ်စုဝင်များ၏ ကုန်သည်အဖွဲ့များသည် ထိုလမ်းကိုသာ အသုံးပြုလေ့ရှိကြသည်။ သို့သော် ထိုလမ်းသည် အခုတော့ ကျဉ်းမြောင်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် ကုန်သည်အဖွဲ့ကြီးများသည် ထိုလမ်းကို ဖြတ်သန်းသည့်အခါတိုင်း၊

သူတို့အဖွဲ့၏ ဖွဲ့စည်းပုံကို ပြင်ရပါသည်။ ထိုလမ်းသည် ကျဉ်းမြောင်းသောကြောင့် အဖွဲ့၂ဖွဲ့ ယှဉ်ပြီး သွားလို့မရပါ။

ရှေ့တွင် မျိုးနွယ်စုတစ်ခုမှ ကုန်သည်အဖွဲ့တစ်ဖွဲ့က သွားနေသည်။ မြင်းပေါ်မှ လူသည် လှံကိုဝင့်လျက် မြင်းကို ဇက်ကုန်ဖွင့်ကာ စီးသွားပါသည််။ ထိုလူ၏ ချွန်ထက်သော လှံတံသည် အေးစက်သောလေထုကို ထိုးခွဲသွားပါသည်။

“ဖယ်ကြ…ဖယ်ကြ” အားလုံးက အော်ဟစ်ပြီး၊ ၎င်းတို့၏ ရထားလုံးများ၊ ကုန်စည်များကို နေရာရွှေ့လိုက်ကြပါသည်။ သူတို့သည် ထိုလူများကို ရှောင်ပေးရုံမှ လွဲပြီး ဘာမှ မတတ်နိုင်ပါ။

ကုန်သည်အဖွဲ့သည် ထိုအုပ်စုကို ကြောက်ကြပါသည်။ ထိုလူများကို မြင်သည်နှင့် ရှိသမျှ သတ္တိလေးပျောက်ကွယ်သွားမည် ဖြစ်သည်။

ထိုလူများသည် သွေးအေးပြီး ကြမ်းကြုတ်သောသူများ ဖြစ်ကြသည်။

ရုတ်တရက်လှည့်လိုက်ခြင်းကြောင့် ကုန်အပြည့်တင်လာသော ရထားလုံးတစ်စီးသည် ခဲလုံးတစ်လုံးကို ဖြတ်မောင်းမိသောကြောင့်၊ မှောက်သွားပါသည်။ ကုန်အချို့အောက်သို့ ပြုတ်ကျသွားသော်လည်း၊ ကုန်သည်များက ထိုကုန်စည်များကို ဒီအတိုင်းထားခဲ့ရပါသည်။ လူငယ်တစ်ယောက်က ထိုကုန်ပစ္စည်းများကို သွားကောက်ချင်သော်လည်း၊ အဖိုးအိုတစ်ယောက်က ထိုလူ၏ အင်္ကျီကို ဖမ်းဆွဲထားလိုက်သည်။

ထို့နောက် လှံတံများကို ကိုင်ဆောင်ထားသော လူများရောက်လာသည်။ ထိုလူငယ်ဆီသို့ လှံတစ်ချောင်းက ပြေးဝင်သွားပါသည်။ ထိုလူများသည် လမ်းတလျှောက်တွင် ရှိသမျှ အာတားအဆီးများအား ရှင်းလင်းသွားမည့် ပုံပေါ်နေပါသည်။ လူငယ်လေးမှာ သူ့ထံသို့ဝင်လာသော လှံတံကို မရှောင်မိဘဲ ကြောင်ပြီး ရပ်နေမိသည်။

မြင်းပေါ်မှလူများအတွက်တော့၊ လမ်းတလျှောက်တွင် ရှိသော အတားအဆီးမှန်သမျှသည်

သူတို့၏ ရန်သူများပင် ဖြစ်ကြသည်။

သတ်ကြ…ဖျက်ဆီးကြ…။

အရှေ့မှ လူက လှံတံကို ဝှေ့ယမ်းရင်း၊ တိရစ္ဆာန်တစ်ကောင်လို ဟစ်ကြွေးလိုက်ပါသည်။

“ဝှစ်…”

လမ်းပေါ်မှ ကုန်စည်များမှာ ဘေးသို့ ရောက်သွားပါသည်။ အိတ်မှာလှံချက်ကြောင့်ပြဲသွားပြီး၊ အထဲတွင်ပါလာသော ပစ္စည်းများ ဖိတ်စင်သွားပါသည်။ အထဲမှ အဝတ်စများထွက်ကြလာသည်။

သို့သော် ဘယ်သူကမှ စကားတစ်ခွန်းမှ မပြောရဲသလို၊ သူတို့ ကုန်စည်များကိုလည်း မစစ်ဆေးနိုင်ကြပါ။ အနားကပ်သွားလျှင်၊ သူတို့သည် လှံနှင့်အထိုးခံရမည် ဖြစ်သည်။ လှံနှင့် အထိုးခံရပါက သေဖွယ်သာရှိတော့သည်။

မြင်းစီးသူများ ဖြတ်ကျော်သွားသောအခါ၊ မြေကြီးသည် တုန်ခါသွားသလို။ ဖုန်လုံးကြီးများက မြင်ကွင်းကို ပိတ်ကွယ်သွားသည်။ထိုအခါ ကုန်သည်အဖွဲ့သည် ရှေ့ဆက်မသွားတော့ဘဲ ခဏအနားယူလိုက်ကြသည်။ ဖုန်များပျောက်ကွယ်သွားသောအခါမှ၊ သူတို့သည် ရှေ့သို့ တဖြည်းဖြည်းဆက်သွားကြပါသည်။

သူတို့မသွားခင် အခြားလူများက မသွားရဲကြသေးပါ။ မြင်းစီးသူများ ဖြတ်ကျော်သွားပြီးသွားချိန်အထိ အားလုံးက စောင့်ဆိုင်းနေကြသည်။ သူတို့မျက်စိအောက်တွင် သူတို့လူတစ်ယောက် လှံနှင့်အထိုးခံလိုက်ရသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူတို့လည်း မြင်းစီးသူများကို မစောင့်ဘဲ ဖြတ်ကျော်သွားပါက အသတ်ခံရမည် ဖြစ်သည်။

ထိုသို့ဖြစ်သည်မှာ သဘာဝသာ ဖြစ်သည်။ သင်သာ သန်စွမ်းမှုရှိပါက ကိုယ့်လမ်းကိုယ်ဖောက်နိုင်မည် ဖြစ်သည်။

ထိုလူများဖြတ်ကျော်သွားသောအခါ၊ ကုန်သည်အဖွဲ့က လမ်းကြောင်းပေါ်သို့ ဖြည်းဖြည်းချင်းပြန်တက်လာသည်။

“သူတို့က ဘယ်သူတွေလဲ” တစ်ယောက်က မေးလိုက်သည်။

“သူတို့အလံပေါ်မှာ ရေးထားတဲ့ စာတွေ မမြင်ဘူးလား” အသက်ကြီးသူတစ်ယောက်က မေးလိုက်သည်။ “ဘုရင့်မြို့တော်က လူတွေ ဖြစ်မယ် ထင်တယ်”

“မှူးမတ်တွေလား…သူတို့က အဲဒီလို အဝတ်အစားတွေနဲ့ ဘာလုပ်ကြမလို့လဲ” အားလုံးက တုန်တုန်ယင်ယင် ဖြစ်နေကြသည်။ ထိုလူများကို ရန်စမိသော မျိုးနွယ်စုကတော့ ကံဆိုးမိုးမှောင်ကျသွားနိုင်ပါသည်။ ဘုရင့်မြို့တော်မှ လူများသည် ချပ်ဝတ်တန်ဆာအပြည့်ဖြင့်၊ ထိုသို့သွားလာနေခြင်းမှာ ရှားပါးသော အဖြစ်မျိုး ဖြစ်သည်။

“ငါတို့လည်း မသိဘူးလေ” ကုန်သည်များသည် သွားရင်းနှင့်ဆွေးနွေးနေကြပါသည်။ ၎င်းတို့သည် ထိုစစ်သည်တော်များ ဘယ်သူ့ကို တိုက်ခိုက်မလဲ သိချင်နေကြသည်။

သူတို့စီးနင်းလိုက်ပါလာသော ရထားလုံးများထဲတွင် ပိုးထည်များကို တင်ဆောင်လာပါသည်။ ရထားလုံးတစ်စီးကို ချိုများစွာပါသော ကြံ့အဖြူရောင်ကြီးနှင့်တူသော သားရဲကြီးတစ်ကောင်က ဆွဲလာသည်။ ရထားလုံးထဲတွင်တော့ အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသောလူများ လိုက်ပါလာသည်။ ရထားလုံးအလယ်မှ ခုံပေါ်တွင် လူငယ်တစ်ယောက်က ထိုငင်နေသည်။ သို့သော် သူ့ဆံပင်များမှာ ငွေရောင်သမ်းနေပြီဖြစ်သည်။

လူငယ်အရှေ့တွင် လေးထောင့်သစ်သားပြားတစ်ခုကို ချထားသည်။ သစ်သားပြားပေါ်တွင် လေးထောင့်ကွက်များနှင့် စက်ဝိုင်းများကို ရေးဆွဲထားပြီး၊ ထိုပုံများပေါ်တွင် ကျောက်စိမ်းများကို ဖြန့်ကျက်ထားသည်။ ထိုကျောက်စိမ်းများသည်

တဖျပ်ဖျပ်လက်နေပါသည်။

“ယိကျုံး၊ ဗေဒင်မေးတာ ဘာအဖြေထွက်လဲ” သားရေဝတ်စုံအကောင်းစားကို ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်က မေးလိုက်သည်။

ခုံပေါ်တွင် ထိုင်နေသူတစ်ယောက်က အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်ပြီး၊ “တောထဲမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေ ရှိနေသေးတယ်”

“သူတို့တွေ ဘာတွေကြံစည်နေလဲ မသိဘူး” ကောင်မလေးက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။ ယိကျုံးသည် ယိမိသားစုထဲတွင် ဂမ္ဘီရကြိုးထုံးပညာကို အကျွမ်းကျင်ဆုံးသူ ဖြစ်သည်။ သူထုတ်သည့် ဟောကိန်းများဆိုလျှင် ဘယ်သူကမှ ယုံမှားသံသယ မဖြစ်ကြပေ။

“သူတို့တွေ ကျွန်တော်တို့ကို ကြောက်နေတယ်ထင်တယ်…အဲဒါကြောင့် သူတို့တွေ ရွာပြောင်း

သွားတာ နေမယ်…အဲဒီမျိုးနွယ်စုတွေက တောတော့ ကျွမ်းတယ်နော်” ရထားလုံးထဲတွင် ထိုင်နေသော လူတစ်ယောက်က ပြောလိုက်သည်။

တောအုပ်သည် ရှုပ်ထွေးပွေလီလှပါသည်။ သစ်ပင်များက ထူထပ်စွာ ပေါက်နေသလို အဆိပ်ရှိသော သတ္တဝါများ၊ကြောက်မက်ဖွယ်သားရဲများ၊ သားရဲဘုရင်ကြီးများကလည်း နေရာအနှံ့ပင်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များတောထဲက ထွက်လာသည်နှင့် သူတို့ကတော့ သတ်ပစ်မည်သာ ဖြစ်သည်။

သူတို့အနေနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ချောင်ပိတ်ဖမ်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ အခြားလူများနှင့် တိုက်ခိုက်ရင်း၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အင်အားနည်းလာသည့်အချိန်ကို စောင့်ဆိုင်းပြီး တိုက်ခိုက်ရန်ကြံနေကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဆားများနှင့် မီးလျှံသလင်းကျောက်များကို လွယ်လွယ်

နှင့်တော့ ပေးမည် မဟုတ်ပေ။ ဓားပြများလက်သို့ အနည်းအကျဉ်းလောက်တော့ ပါချင်ပါသွားနိုင်သည်။ ထိုသို့ပါသွားလျှင်လည်း ကိစ္စမရှိပါ။ သူတို့ပစ်မှတ်ထားသည်မှာ လူများကို သာဖြစ်သည်။

မီးမျိုးစေ့ပျောက်ကွယ်သွားသောအခါ၊ မျိုးနွယ်စုဝင်များ၏ အစွမ်းသည် တဖြည်းဖြည်း လျော့ပါးသွားပါသည်။ ထို့နောက်လေလွင့်သူများ ရောက်လာကြသည်။ မျိုးနွယ်စုငယ်လေးများပေါင်းစည်းပြီး၊ မျိုးနွယ်စုအသစ်တစ်ခုအဖြစ်ထူထောင်ကြမလား မပြောတတ်ပါ။ ထိုလူများသည် များသောအားဖြင့် ဓားပြများ၊ သုတ်သင်ရေးသမားများ ဖြစ်ကြသည်။ ညမျိုးနွယ်စု၊ ကျင်ဖုန်းမျိုးနွယ်စုတို့သည် နာမည်ကျော်ဓားပြများ ဖြစ်ကြသည်။

သူတို့သည် ဆုလာဘ်ကြီးကြီးမားမား ရမည်ဆိုလျှင်၊ ဆာလောင်နေသော ဝံပုလွေများလို သားကောင်နောက်သို့ လိုက်ကြမည် ဖြစ်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက အဲဒီ

လောက် ကြောက်ဖို့ကောင်းလား”

“ဟုတ်တယ်…မီးတောက်ဦးချိုမျိုးနွယ်စုကောင်လေးက လုမိသားအကြီးအကဲကို တချက်တည်းနဲ့ အနိုင်တိုက်လိုက်တာတွေ့ရတယ်…အဲဒီတုန်းက…”

သူက အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။ “ငါတို့ဘိုးဘေးတွေက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေကို ဖျက်ဆီးပစ်ချင်နေတာ …မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက တောထဲမှာပဲ ပုန်းနေတော့ သူတို့လည်း ကြာတော့မေ့သွားကော…ဒါပေမဲ့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက မြို့တော်မှာ ပြဿနာလာရှာတော့ သူတို့အကြောင်းကို ပြန်သတိရသွားတာ”

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက သားရဲဘုရင်ကြီးကို အမိန့်ပေးနိုင်တယ်ဆိုတာ ဟုတ်လား” ကောင်မလေးတစ်ယောက်က မေးလိုက်သည်။

“အဲဒီစကားကို ယုံလို့လား”

“ဘာလို့မယုံရမှာလဲ…အားလုံးက အဲဒီလိုပဲပြောနေကြတာပဲ…ကျွန်မ မြေခွေးမျိုးနွယ်စု အကြီးအကဲကို မေးကြည့်မယ်” ကောင်မလေးက လိုက်ကာကို မရင်း အပြင်တွင် ရှိသော လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲသည် စိတ်မသက်မသာဖြင့်၊ ရထားလုံးထဲသို့ ဝင်လာသည်။ သူသည် သူ၏မျိုးနွယ်စုတွင် အကြီးအကဲဖြစ်သောကြောင့် ဘုရင်ဆိုလည်း ဟုတ်သည်။ သို့သော်၊ အခုတော့ သူတို့သည် ဘုရင့်မြို့တော်ထဲသို့ ရောက်နေပြီ ဖြစ်သည်၊ ထို့ကြောင့် သူသည် ထိုလူများကို အလျှော့ပေးဆက်ဆံရမည် ဖြစ်သည်။ ထိုလူများသည် သူတို့မြို့တော်တွင် ထိပ်တန်းလူများ ဖြစ်သည် မဟုတ်ပါလား။

“နေကောင်းပါတယ်နော်” မြေခွေးမျိုးနွယ်စုအကြီးအကဲ နှုတ်ဆက်လိုက်သည်။

“ရှင်က မြေခွေးမျိုးနွယ်စုအကြီးအကဲ မဟုတ်

လား…ရှင်တို့အားလုံးကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက သတ်သွားတယ်ဆို ဟုတ်လား” ကောင်မလေးက မေးလိုက်သည်။

မြေခွေးမျိုးနွယ်စုအကြီးအကဲ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ အစုအပြုံလိုက်အသတ်ခံရတယ် ဟုတ်လား…ဒီမှာ လူတွေပါလာတာ မတွေ့ဘူးလား…ဘာလဲ…ဒီကောင်မလေးက ငါတို့ကို အထင်သေးတာလား”

အကြီးအကဲသည် လက်သီးကို ဆုပ်ထားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ဒေါသကို မျိုသိပ်ထားလိုက်ရင်း “ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက အန္တရာယ်များတယ်”

သူသည် ဇာတ်လမ်းကို လုပ်ကြံဖန်တီးပြီးပြောလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုက သားရဲဘုရင်ကြီးကို အမိန့်ပေးနိုင်သယောင် ပြောလိုက်သည်။

“ကျွန်မနားလည်ပါပြီ…ရှင်သွားလို့ရပြီ”

ကောင်မလေးက ယင်ကောင်တစ်ကောင်ကို မောင်းရင်း အကြီးအကဲကို ပြန်ရန် အချက်ပြလိုက်သည်။

ထိုအခါမှ အကြီးအကဲသည် သက်ပြင်းချနိုင်ပြီး၊ ရထားလုံးပေါ်မှ ဆင်းသွားသည်။

အကြီးအကဲထွက်ခွာသွားသောအခါ၊ သူမသည် မျက်မှောင်ကြုတ်ရင်း “သူလိမ်နေတာ”

“မီးတောက်ဦးချိုမျိုးနွယ်စုတွေက ကောလဟာလတွေလောက် ကြောက်ဖို့မကောင်းပါဘူး…လူတွေက ချဲ့ကားပြီး ပြောနေကြတာပါ…မြို့တော်တံခါးမှာ ဖြစ်ခဲ့တဲ့ ကိစ္စကတော့ လျှို့ဝှက်နည်းလမ်းကို သုံးသွားတာ ဖြစ်မယ်…ရှောက်ရွှမ်က အဲဒီလောက် မသန်စွမ်းနိုင်ဘူး” လူငယ်က လက်ပိုက်ထားရင်း “အဲဒါဆို မြေခွေးမျိုးနွယ်ုအကြီးအကဲက လိမ်နေတာပေါ့…ဘာပဲဖြစ်ဖြစ် ငါတို့က လုပ်စရာရှိတာတော့ လုပ်ရမှာပဲ”

“ဝှစ်…”

ရထားလုံးအပြင်ဘက်တွင် အတောင်ပံတဖျပ်ဖျပ်ခတ်သံကို ကြားလိုက်ရသည်။

ရထားလုံးထဲက လူများက အပြင်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ အစင်းကျားများပါသော ငှက်တစ်ကောင်ဝင်လာသည်။ ထိုငှက်သည် စာလိပ်လေးတစ်ခုကို ချီလာ၏။

သူတို့သည် စာလိပ်လေးကို ဖွင့်လိုက်ပြီး၊ ဖတ့်ကြည့်လိုက်သည်။

စာကို ဖတ်ပြီးသွားသောအခါ၊ ယိကျုံးက “ကျင်ဖုန်းတော့ အရေးနိမ့်သွားပြီ…သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ တည်နေရာကို ညမျိုးနွယ်စုဝင်တွေကို ပေးလိုက်ပြီ” ဟုပြောလိုက်သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ ရာဇဝင်

အခန်း (၄၈၃) ညအမှောင်တိုက်ပွဲ

“ဘာတွေဖြစ်ကုန်တာလဲ…ကျင်းဖုန်းက ဒီအချိန်လောက်ဆို မီးတောက်ဦးချိုမျိုးနွယ်စုဝင်ကို လိုက်မီရတော့မှာ မဟုတ်ဘူးလား…သူတို့ပြောတော့ သူတို့က ကိုယ်ဖော့သိုင်း အကောင်းဆုံးလူတွေဆို” ကောင်မလေးက မကျေမနပ် ဖြစ်သွားသည်။

“ ကျင်းဖုန်းရဲ့လူတွေက လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တယ်” ယိကျုံးက ပြောလိုက်သည်။ စာထဲတွင် ရေးထားသည်မှာ ထိုအတိုင်းသာဖြစ်သည်။

သူတို့သည် ခဏရပ်ဆိုင်းထားခြင်းလား၊ မီးတောက်ဦးချိုများကို လိုက်မမီခြင်းလားတော့ သူတို့လည်း မသိပါ။

ကျင်းဖုန်းတစ်ယောက် အရည်အသွေးများကျသွားပြီလား။

ကျင်းဖုန်းတို့အဖွဲ့သည် အန္တရာယ်အငွေ့အသက်တစ်စုံတရာကို ရပါက၊ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး အဝေးတစ်နေရာမှ စောင့်ကြည့်တတ်ကြသည်။

“အဲဒါဆိုရင် ကျင်းဖုန်းတို့က အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရပြီပေါ့ ဟုတ်လား” လူငယ်လေးက ပြောလိုက်သည်။

ဘာတွေများ ဖြစ်လာနိုင်မည်နည်း။

ရထားလုံးထဲက လူများကတော့ ခန့်မှန်းနိုင်မည် မဟုတ်ပါ။ ယိကျုံးသည် ဗေဒင်မေးကြည့်သော်လည်း၊ ဖြေရှင်းချက်ရမလာပါ။

“အဲဒါဆိုရင်လည်း ကျင်းဖုန်းကို နောက်မှ မေးကြည့်တာပေါ့”

တောအုပ်ထဲတွင်…။

မျိုးနွယ်စုဝင်များသည် သူတို့ကာလရှည်ကြာရင်းနှီးခဲ့သော နေရာကို စွန့်ခွာခဲ့ရပါသည်။ ရှောက်ရွှမ်သည် သူရေးဆွဲခဲ့သော မြေပုံညွှန်းအတိုင်း သွားနေ၏။

မျိုးနွယ်စုဝင်များသည် အခုနေရာသို့ အကြောင်းကိစ္စမရှိဘဲ၊ ဤနေရာသို့လာလေ့မရှိပေ။ ထိုနေရာသို့ရောက်ရောက်ချင်းတုန်းက၊ရှောက်ရွှမ်သည် လက်သည်းဖြူမျောက်နောက်သို့ လိုက်နေသော ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

ရှောက်ရွှမ်သည် ထိုခရီးကို ပြီးဆုံးအောင်သွားရန်၊ အချိန်၂ရက်ယူလိုက်ရပါသည်။ အခြားမျိုးနွယ်စုဝင်များဆိုလျှင်တော့ ၇ရက်လောက်ကြာအောင် သွားရမည် ဖြစ်သည်။ သူတို့သည် ဘယ်လောက်မြန်အောင်သွားသွား၊ ရှောက်ရွှမ်ကိုတော့ မီအောင်မသွားနိုင်ကြပေ။

“မကြာခင် တောင်တန်းတွေဆီရောက်တော့

မယ်...အားလုံးပဲ ရေအလုံအလောက်ရှိအောင် ဖြည့်ထားကြ၊ ရှေ့လျှောက်လမ်းက ရေရှားတော့မယ်” ရှောက်ရွှမ်က သတိပေးလိုက်သည်။

သူပြောစရာရှိတာ ပြောပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် ကြိုးများထုတ်ယူလိုက်ပါသည်။ ထိုနေ့များတွင် သူသည် နေ့စဉ်နှင့်အမျှ ဗေဒင်မေးမြန်းခြင်းကို လုပ်ဆောင်သည်။ သူသည် ဗေဒင်မေးခြင်းကို လေးနက်စွာလုပ်ဆောင်သော်လည်း တိကျသည့်အဖြေတစ်ခု ထွက်ပေါ်မလာပါ။

အတိတ်တုန်းကဆိုလျှင်၊ရှောက်ရွှမ်သည် ကြိုးထုံးဗေဒင် ကိုအခေါက်ခေါက်အခါခါ မေးမြန်းပြီးသွားလျှင် အားကုန်သွားလေ့ရှိသည်။ သို့သော် ဘိုးဘေးများ၏ အရိုးလေးမှ စွမ်းအင်ကို ထိန်းချုပ်နိုင်သွားသောအခါ၊ ဗေဒင်မေးမြန်းခြင်းက သူ့အတွက် အားမကုန်စေတော့ပါ။ သို့သော် တချို့ကိစ္စများကိုတော့ ဗေဒင်မေးမြန်း၍ မရပါ။

မျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ဗေဒင်မေးမြန်းသည့်အကြောင်းကို သိပြီးသားဖြစ်သည်။ ရှောက်ရွှမ်က ကြိုးထုံးဗေဒင်မေးမြန်းပြီဆိုလျှင်၊ ကျန်းလော်နှင့် သုန့်ကန်းတို့ ရောက်လာပြီး၊ ဘေးတွင်လာစောင့်နေလေ့ရှိသည်။

ကြိုးထုံးဗေဒင်မေးပြီးသွားသောအခါ၊ ကျန်းလော်က “ဘာအဖြေထွက်လဲ” ဟုမေးလိုက်သည်။

“ဒီနေ့ည ကျွန်တော်တို့ သတိထားမှရမယ်” ရှောက်ရွှမ်က ပြောလိုက်သည်။

ကျန်းလော်သည် မျက်နှာထားပြောင်းသွားပြီး “ ဒီနေ့ညလာမယ့်လူရှိလို့လား” ဟုမေးလိုက်သည်။

အခုရက်များအတွင်း၊ သူတို့သွားလာခဲ့သော လမ်းတလျှောက်တွင် ရန်သူတချို့တလေနှင့် တွေ့ဆုံခဲ့သည်။ ရှောက်ရွှမ်သည် ထောင်ခြောက်များထောင်မထားဘူးဆိုပါက၊ သူတို့သည် ထို

ထက်များသော ရန်သူများနှင့် တိုးရမည် ဖြစ်သည်။ ရန်သူများသည် ညဘက်တွင်တော့ လာလေ့မရှိပါ။

ကျန်းလော်က မတ်တပ်ရပ်လိုက်ပြီး၊ ဟိုဟိုဒီဒီလျှောက်ရင်း “ ငါတို့မျိုးနွယ်စုအခြေချဖို့အတွက် နေရာတစ်ခုတော့ ရှာရမယ်...”ဟုပြောလိုက်သည်။

မှောင်မိုက်သော ညအချိန်တွင် တိုက်ပွဲဆင်နွှဲရန် မလွယ်ကူပေ။ ထိုသို့ တိုက်ခိုက်ပါက လူပေါင်းများစွာ ဒဏ်ရာ ရကုန်ကြပေမည်။

“ဘာဖြစ်လို့ အရှိန်တင်ပြီးမသွားကြတာလဲ… ကျွန်တော်တို့ တောင်တန်းတွေဆီ ကို ရောက်အောင် အရင်သွားမှ ဖြစ်မယ်… အဲဒီနေရာမှာ နားခိုစရာရှိတာ ကျွန်တော်သိတယ်” ရှောက်ရွှမ်က အကြံပေးလိုက်သည်။

အခုသူတို့ရောက်နေသော နေရာတွင် တောင်တန်းများမရှိသလို၊ ပုန်းခိုရန် နေရာလည်း

မရှိပါ။

“ကောင်းပြီလေ…အဲဒီလိုပဲ လုပ်ကြတာပေါ့”

မျိုးနွယ်စုတစ်ခုလုံးထွက်ခွာသွားသောအခါ၊ ရှောက်ရွှမ်နှင့် ကျန်းလော်တို့သည် သူတို့၏ အကြံအစည်များကို ဆက်လက်ဆွေးနွေးကြပါသည်။

ညနေခင်းအချိန်ရောက်သည့်အခါ၊ သူတို့သည် တောင်ကြီးတစ်လုံးဆီ ရောက်သွားပါသည်။ ထိုနေရာကို ရောက်သောအခါ နယ်ခြားတစ်ခုဆီ ရောက်သွားသလို ဖြစ်သွားပါသည်။ တောင်၏ အခြားတစ်ဖက်တွင်တော့ မြစ်များ စီးဆင်းနေပြီး၊ အခြားတစ်ဖက်ကတော့ ဖုန်းဆိုးမြေတစ်ခုသာ ဖြစ်သည်။

တောင်ပေါ်တွင် ဂူသိပ်မရှိသော်လည်း၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် နတ်စွမ်းအင်မနိုးထသေးသော သူများ နားခိုရန် နေရာများတော့ ရှိပါသည်။ ထိုသို့ အနားယူလိုက်ခြင်း

ဖြင့်၊ သူတို့သည် ခြုံခိုတိုက်ခိုက်ခံရခြင်း ဘေးမှ လွတ်မြောက်သွားမည် ဖြစ်သည်။

နေလုံးကြီး ဝင်သွားသောအခါ၊ ပတ်ဝန်းကျင်သည် တဖြည်းဖြည်းမှောင်လာ၏။

ကျန်းလော်နှင့်သူ့လူများက တောင်ပေါ်မှနေပြီး၊ တောအုပ်ကို လှမ်းကြည့်လိုက်ပါသည် “ သူတို့တွေ မကြာခင် ရောက်လာတော့မယ်”

“ပစ္စည်းပစ္စယတွေ ဝေပေးပြီးသွားပြီလား…ဘာလုပ်ရမလဲ ခင်ဗျားတို့ သိပြီ မဟုတ်လား” ရှောက်ရွှမ်က အားလုံးကို မေးလိုက်သည်။

“ဟုတ်ကဲ့…” စစ်သည်တော်များက ပြန်ဖြေလိုက်သည်။ ရှောက်ရွှမ်က ထိုသို့ ပြုလုပ်ခိုင်းသည့် အကြောင်းအရင်းကို သူတို့မသိသော်လည်း၊ သူတို့က ညွှန်ကြားချက်များကို လိုက်နာပါသည်။

ကျန်းလော်က အင်္ကျီလက်များကို ပင့်တက်

လိုက်ပြီး၊ လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် တောအုပ်ထဲသို့ အေးစက်စွာ ကြည့်လိုက်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် တဖက်သားကို အနိုင်မကျင့်တတ်ပါ၊ တိုက်ပွဲဆင်နွှဲလျှင်တောင် တောအုပ်စည်းကမ်းကို လိုက်နာတတ်ကြသည်။ မြို့တော်များသို့ သွားလျှင်လည်း သူတို့ကို ရန်မစပါက၊ ပြဿနာရှာလေ့မရှိပါ။ သို့သော် တချို့လူများက သူတို့ကို စိတ်မရှည်အောင် လုပ်ကြသည်။ ထိုလူများမှာ ပစ္စည်းများလိုချင်သောကြောင့်သူတို့နောက်က လိုက်နေခြင်းဖြစ်သည်။

“ဖောက်…”

“ငါတို့ကို လွယ်လွယ်နှင့် အနိုင်ကျင့်လို့ရမယ်ထင်လား”

“သူတို့အကုန်လုံးကို သတ်ပစ်မယ်”

ကျန်းလော်လက်ထဲ ကျရောက်သူများမှာ မြန်ဆန်စွာ အသက်ထွက်သွားကြရမည်

ဖြစ်သည်။

ရှောက်ရွှမ်သည် မှောင်မည်းနေသော ကောင်းကင်ကြီးကို ကြည့်ပြီ “ သွားကြမယ်”ဟုပြောလိုက်သည်။

သူသည် ကျန်းလော်တို့နှင့်အတူ တောအုပ်ထဲ ပြေးဝင်သွားပါသည်။

တောအုပ်သည် ပိန်းပိတ်အောင် မှောင်မည်းနေပါသည်။ လေလည်းမတိုက်သလို၊ အားလံးတိတ်ဆိတ်နေသဖြင့် ပိုးမွှားလေးများ၏ အော်သံများကို ကြားနေရပါသည်။

သို့သော် တစ်နေရာမှ အလင်းရောင်တစ်ခု ထွက်ပေါ်နေသည်။ တချို့ပိုးမွှားများက အလင်းရောင်နားတွင် ပျံဝဲနေကြသည်။

ရှောက်ရွှမ်သည် သစ်ပင်ကြီးတစ်ပင်ကို မှီလိုက်ပြီး၊ အလင်းကျောက်လေးနှင့် ဆော့ကစားနေ၏။

ထို့နောက် ရှောက်ရွှမ်သည် သူနှင့် သိပ်မဝေးသောနေရာတစ်ခုသို့ ကြည့်လိုက်သည်။

“မင်းတို့ဘယ်သူတွေလဲ…ထွက်လာခဲ့”

ရှောက်ရွှမ်သည် အလင်းကျောက်နှင့် ထိုနေရာကို လှမ်းပစ်လိုက်သောကြောင့် အလင်းတန်းတစ်ခု ဖြစ်ပေါ်သွားသည်။

“ဝှစ်…”

ကြိုးများလှုပ်ခါသွားသံ ထွက်ပေါ်လာသည်။

သူတို့သည် ထိုနေရာသို့ ရောက်သည်မှာ မကြာသေးသောကြောင့်၊ ရှောက်ရွှမ်သည် ထောင်ခြောက်အနည်းငယ်ကိုသာ ဆင်ရသေးသည်။ သို့သော် အနည်းငယ်မျှဆိုလုံလောက်ပြီ ဖြစ်သည်။

“ဝှစ်….ဝှစ်…ဝှစ်”

ဆူးချွန်များ ပျံထွက်လာပြီး နေရာအနှံ့သို့ စိုက်ဝင်ကုန်သည်။ တောအုပ်ထဲမှ အရိပ်မည်းများက ရှောက်ရွှမ်ဆီ ပြေးဝင်လာကြသည်။

ထိုလူများအားလုံးမှာ ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး၊ မျက်လုံးများသာ ဖော်ထားကြသည်။ ထိုလူများ၏ မျက်လုံးများကို ကြည့်လိုက်ပါက၊ ညဘက်တွင် လှုပ်ရှားတတ်သော သတ္တဝါများ၏ မျက်လုံးများနှင့် တူပေသည်။ ၎င်းတို့သည် အမှောင်ထဲတွင်လည်း မြင်နေရဟန်ပင်။

ရှောက်ရွှမ်က အတွင်းအားကို အစွမ်းကုန်ထုတ်လိုက်သည်။ ရှောက်ရွှမ်ကို ကြည့်ရသည်မှာ အိပ်ပျော်နေသော သားရဲတစ်ကောင်နိုးထလာသလိုပင်။ သူ့ဓားမှာ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ချွင်…”

ပထမဆုံးလူသည် ခေါင်းပေါ်မှ ဆံပင်များပင် ထောင်ထသွားမတတ် ဖြစ်သွားသည်။ သူ့လက်ထဲ

မှ ဓားသည် ကျောက်တုံးကြီးတစ်လုံးကို ခုတ်လိုက်မိသလို၊ ခံစားလိုက်ရသည်။ သူသည် ထိုအားကြီးကို ရှောင်လွှဲရန် ကြိုးစားလိုက်သော်လည်း၊ ရှောက်ရွှမ်၏ အတွင်းအားက ထင်ထားသည်ထက် ပိုကြီးမားနေပါသည်။ ခုနတုန်းက ကျောက်တုံးကြီးတစ်တုံးလောက်သာ မာသော်လည်း၊ ခဏအကြာတွင်တော့ တောင်ကြီးတစ်လုံးလို ဖြစ်သွားသည်။

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ခွန်အားကြီးကြောင်း သိထားသော်လည်း၊ ထိုမျှ ခွန်အားကြီးမည်ဟု ထင်မထားပါ။

တစ်ချက်တိုက်မိရုံနှင့်၊ ထိုလူမှာ နောက်သို့ဆုတ်သွားပြီး၊ သူ့လက်များမှာလည်း ထုံကျင်သွားပါသည်။ သူသည် ထိုစွမ်းအင်မျိုးကို မတွေ့ဖူးပါ။ တိတ်ဆိတ်သော ညအလယ်တွင် အေးစက်သော ဓားသွားရောင်က လက်ခနဲ ဖြစ်သွားပါသည်။

“ဖောက်…”

ထိုလူ၏ကိုယ်မှ သွေးများသည် မြေပြင်ပေါ်တွင် ရဲခနဲ ဖြစ်သွားသည်။

ရှောက်ရွှမ်က စတင်တိုက်ခိုက်သောအခါ၊ ကျန်းလော်တို့လည်း ဝင်လာပါသည်။

သူတို့၏ အဖော်လဲကျသွားသောအခါ၊ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသောလူများသည် အနည်းငယ်တုန်လှုပ်သွားသော်လည်း၊ စိတ်ဓာတ်ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။ သူတို့သည် ညဘုရင်များ ဖြစ်ကြပြီး၊ အမှောင်ထဲတွင် အမဲလိုက်ရခြင်းကို နှစ်သက်ကြသည်။ သူတို့၏ မျက်လုံးများမှာ အမှောင်ထဲတွင် ကျင့်သားရနေပြီ ဖြစ်သည်။ သူတို့သည် အမှောင်ထဲမှ ပစ္စည်းများကို မြင်နိုင်စွမ်းရှိပေသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် သူတို့ကို အမှောင်ထဲတွင် အနိုင်ရမည် ဟု ထင်နေတာများလား။

သို့သော် သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနားသို့ ရောက်လာသောအခါ၊ အသံကြီးတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် အနံ့စူးရှသော အငွေ့များကဖုံးလွှမ်းသွားသည်။ ထိုအငွေ့များကြောင့် သူတို့၏ မြင်ကွင်းများမှာ မှုန်ဝါးသွားပေသည်။

ထိုနေ့ညတွင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမှောင်ထဲတွင် ဖြစ်နေသောကြောင့်၊ ပတ်ဝန်းကျင်ကို ကောင်းစွာမမြင်ရသလို၊ ကောင်းစွာလည်းမလှုပ်ရှားနိုင်ပါ။ သူတို့သည် ကောင်းစွာမမြင်ရသောကြောင့်၊ အကြားအာရုံကိုသာ အားကိုးနေရသည်။

ဓားပြများက အမှောင်ယံတွင် ကောင်းစွာမြင်နိုင်သော်လည်း၊ မီးခိုးဗုံးကျဲလိုက်ခြင်းကြောင့် နှစ်ဖက်စလုံး၏အခြေအနေမှာ ညီမျှသွားပြီဖြစ်သည်။ အားလုံးသည် ကောင်းစွာမမြင်ကြရတော့ပေ။

ထိုမီးခိုးဗုံးကို ထိုက်ဟယ်မျိုးနွယ်စုဝင်များက လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ နတ်ဆေးဆရာမက ထိုအရာများကို ဆေးမြစ်များကြားမှ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် သူတို့မနိုင်လောက်သော သားရဲများကို တွေ့လျှင်၊ ထိုမီးခိုးဗုံးကို သုံးပြီး ထွက်ပြေးလေ့ရှိကြသည်။ ထိုမီးခိုးဗုံးက သားရဲကို ခဏလောက်မျှသာ ထိန်းထားနိုင်သော်လည်း၊ သေရေးရှင်ရေးအချိန်မျိုးတွင် တစ်စက္ကန့်လောက်သော အချိန်က အဖိုးတန်ပါသည်။

အရင်တုန်းကဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ တောင်းသော်လည်း၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များက မပေးခဲ့ပါ။ ထိုစဉ်တုန်းက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဆက်မတောင်းတော့ဘဲ ကိုယ့်အားကိုကိုးပြီး အမဲလိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။

သူတို့ထွက်ခွာလာသောအချိန်တွင်တော့၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များက မီးခိုးဗုံးအလုံး၂၀၀ကို ရက်ရောစွာ လက်ဆောင်ပေးလိုက်ပါသည်။ ထို

အရာများကို လုပ်ရသည်မှာ လက်ဝင်ပြီး၊ထိုက်ဟယ်မျိုးနွယ်စုဝင်တိုင်း မလုပ်တတ်ပါ။

သူတို့လာခဲ့သော လမ်းတလျှောက်တွင်၊ ထိုမီးခိုးဗုံးများကို အသုံးမပြုရသေးပါ။ အခုတော့ ညအမှောင်တွင် ချောင်းပြီးတိုက်ခိုက်ခံခဲ့ရသောကြောင့်၊ သူတို့သည် ထိုအရာများကို သုံးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူတို့၏ ပြိုင်ဘက်များက ညအချိန်တွင်တိုက်ခိုက်ရန် ကြိုးစားလာခြင်းမှာ သူတို့သည် ညအမှောင်တွင် ကောင်းစွာမြင်နိုင်သော အစွမ်းရှိနေသောကြောင့်သာ ဖြစ်သည်။ ညအမှောင်တွင် တိုက်ခိုက်ရသည်မှာ ကျွမ်းကျင်သော သုတ်သင်ရေးသမားများမှာ ညမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။

ထိုသူများနှင့် တွေ့ဆုံပြီးနောက်၊ ထိုသူများက ဘယ်သူဆိုတာကို ရှောက်ရွှမ်ခန့်မှန်းမိသွားပြီ ဖြစ်သည်။ ထိုလူများသာ ညမျိုးနွယ်စုဝင်များ ဖြစ်ပါက၊ မီးခိုးဗုံးများက လည်း သူတို့ကို ခဏသာတားနိုင်မည် ဖြစ်သည်။ ထို့ပြင် ပြင်းထန်စူးရှသော အနံ့များက သူတို့ကိုယ်ပေါ်တွင် ကပ်ပါသွား

ဦးမည် ဖြစ်သည်။ ကောင်းစွာ ဆေးကြောခြင်းမပြုလျှင် ထိုအနံ့များက အချိန်ကြာမြင့်စွာ စွဲကျန်ရစ်နေဦးမည် ဖြစ်သည်။ ထိုအခါ အားလုံးက ထိုသူများ၏ အနံ့ကို ရနေပြီး သူတို့၏ တည်နေရာကို ရှာဖွေနိုင်ပါလိမ့်မည်။

(ဆက်ရန်…)

All Chapters