← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း ၂၈၁ - မပြေလည်နိုင်သော ရန်ငြိုး

"အားချင်း ၊ ဘာလို့ စောစောကတည်းက လင်းကျိယွဲ့ကို ငါတို့နဲ့အတူတူ ခေါ်မလာတာလဲ။ တကယ်လို့ ဟိုဘုန်းကြီးတွေက သူ့ကို ဒုက္ခပေးနေရင် ဘယ်လိုလုပ်မလဲ"

လင်းကျိယွဲ့တစ်ယောက် ရွှမ်ခုန်းဘုရားကျောင်းမှ လူများကို လုချင်းတို့၏ သရုပ်မှန်များအကြောင်း စတင်ရှင်းပြနေချိန်တွင် သမားတော်ကြီးချန်မှာ စိတ်မသက်မသာဖြစ်ကာ လုချင်းအား မေးခွန်းထုတ်မိလေသည်။

"ဆရာ... ဒီတစ်ခါ ရွှမ်ခုန်းဘုရားကျောင်းနဲ့ ကျွန်တော်တို့ အကြီးအကျယ် ငြိသွားပြီဆိုတော့ သခင်လေးလင်းကျိယွဲ့နဲ့ ကျွန်တော်တို့ အရမ်းပူးကပ်နေတာ မကောင်းပါဘူးဗျ။ သူက ကျွန်တော်တို့နဲ့ လိုက်လာတာထက် ဟိုမှာပဲ ကျန်နေခဲ့တာ ပိုကောင်းပါတယ်။ စောစောက သူ ကျွန်တော့်ဆီကို လျှို့ဝှက်သတင်းစကား ပို့ထားပါတယ်ဗျ၊ ကျွန်တော်တို့ကို အရင်ထွက်သွားနှင့်ပါ၊ သူ့အတွက် စိတ်မပူပါနဲ့၊ သူ့မှာ ထွက်လမ်းရှိပါတယ်တဲ့။ ဒါပေမဲ့ ဆရာ စိတ်ပူစရာမလိုပါဘူး၊ ကျွန်တော်လည်း သခင်လေးလင်းကျိယွဲ့ဆီကို စာပြန်ထားပြီးပါပြီ။ တကယ်လို့ ရွှမ်ခုန်းဘုရားကျောင်းက ခေါင်းပြောင်ဘုန်းကြီးတွေက ကျွန်တော်တို့ရဲ့ သရုပ်မှန်ကို မေးလာရင် ဖုံးကွယ်ထားစရာမလိုဘဲ အမှန်အတိုင်းသာ ပြောပြလိုက်ဖို့ မှာထားပါတယ်ဗျ။ ဒီလိုဆိုရင် သူတို့အနေနဲ့ သခင်လေးလင်းကျိယွဲ့ကို အခက်တွေ့အောင် လုပ်တော့မှာ မဟုတ်ပါဘူး"

ယခုတစ်ကြိမ်တွင် လုချင်းနှင့် ရွှမ်ခုန်းဘုရားကျောင်းတို့၏ ရန်ငြိုးမှာ အတော်လေး ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။ သူ၏ဆရာကို အတင်းအဓမ္မ ဘာသာသွတ်သွင်းရန် ကြိုးစားမှုကြောင့်ဖြစ်စေ၊ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်တစ်ဦးကို လုချင်းကိုယ်တိုင် သတ်ဖြတ်ခဲ့မှုကြောင့်ဖြစ်စေ နှစ်ဖက်ကြားမှ ရန်ငြိုးမှာ ပြေလည်စရာလမ်းမရှိတော့ပေ။ ထို့ကြောင့် လင်းကျိယွဲ့ကို လူအများရှေ့တွင် သူတို့နှင့်အတူ အရမ်းရင်းနှီးသယောင် နေခိုင်းခြင်းသည် ပညာသားပါသော လုပ်ရပ်မဟုတ်ပေ။

သမားတော်ကြီးချန်သည် လုချင်း၏ စကားကို ကြားသောအခါ၌ သဘာဝကျသည်ဟု ယူဆကာ ဘာမှဆက်မပြောတော့ပေ။

"ဒါနဲ့ အားချင်း... ဆရာ မြင့်မြတ်သောတောင်တော်ပေါ်မှာ ဒုက္ခရောက်နေမှန်း မင်းဘယ်လိုသိတာလဲ" သမားတော်ကြီးချန်က မေးလိုက်သည်။

"သခင်လေးလင်းကျိယွဲ့ရဲ့ ဆရာ ၊ ထျန်းကျီမျှော်စင်သခင်ကြီး ပြောပြလို့ သိရတာပါ။ ဆရာ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေကြားမှာ ပိတ်မိနေတုန်း သခင်လေးလင်းကျိယွဲ့က ဆက်သွယ်ရေး ကျောက်စိမ်းပြားကို သုံးပြီး မျှော်စင်သခင်ကြီးဆီ သတင်းပို့လိုက်တာလေ၊ အဲဒါကြောင့် ကျွန်တော်သိလိုက်ရတာပါ"

"ဪ... အဲဒီလိုကိုး။ ဒီတစ်ခါတော့ သခင်လေးလင်းကျိယွဲ့ကို အကြီးကြီး အကြွေးတင်သွားပြီပဲ"

"ဆရာ... ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေနဲ့ ဘယ်လိုဖြစ်ပြီး ပြဿနာတက်ခဲ့ရတာလဲ"

"အမှန်အတိုင်းပြောရရင် ဆရာလည်း ထူးဆန်းတယ်လို့ ခံစားရတယ်။ သူတို့က ဆရာ့ကို မြင်မြင်ချင်းပဲ တာအိုတရားအကြောင်း ဆွေးနွေးချင်တယ်လို့ ပြောလာကြတယ်လေ။ အဲဒီအချိန်မှာ ဆရာက မြင့်မြတ်သောရေကန်ထဲကနေ ထွက်လာခါစဆိုတော့ ဉာဏ်အလင်းတွေ ပွင့်နေတဲ့အချိန်ပေါ့။ သူတို့ရဲ့ ရင်းနှီးဖော်ရွေတဲ့ ပုံစံနဲ့ လေးနက်တဲ့ ကျင့်ကြံခြင်းအဆင့်တွေကို မြင်တော့ သူတို့ပြောတဲ့ စကားတချို့ကို ဆရာ သဘောကျမိသွားတယ်။ လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုဖြစ်တဲ့အပြင် အခြေခံအုတ်မြစ်ခိုင်မာတဲ့ နေရာက လာတာဆိုတော့ သူတို့နဲ့ တာအိုတရား ဆွေးနွေးရတာ အကျိုးရှိမယ်ထင်ပြီး သိပ်မစဉ်းစားဘဲ လက်ခံလိုက်မိတာပါ။

ဒါပေမယ့် ဘယ်သူက ထင်မှာလဲကွာ။ ဆွေးနွေးနေတုန်းမှာပဲ သူတို့က ထူးဆန်းတဲ့ ရတနာတစ်ခုကို ထုတ်ပြီး ဆရာ့စိတ်ကို ချုပ်နှောင်လိုက်ကြတယ်လေ။ အားချင်းသာ အချိန်မီ ရောက်မလာရင် ဆရာတော့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ မသိဘူး"

ရွှေရောင်သပိတ်၏ ချုပ်နှောင်ခြင်းကို ခံရပြီး ဘုရားစာရွတ်ဖတ်သံများ၏ ရိုက်ခတ်မှုကို ဆက်တိုက်ခံစားခဲ့ရသည့် အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း သမားတော်ကြီးချန်မှာ ကြောက်ရွံ့နေမိဆဲဖြစ်သည်။ လုချင်းသာ အစီအရင်ကို အချိန်မီ မဖျက်ဆီးနိုင်ခဲ့လျှင် သူ၏စိတ်များ ပြောင်းလဲသွားပြီး အခြားလူတစ်ယောက် ဖြစ်သွားနိုင်ကြောင်း ကြိုတင် ခံစားမိနေသည်။

"ရွှမ်ခုန်းဘုရားကျောင်းက ခေါင်းပြောင်ဘုန်းကြီးတွေ သုံးလိုက်တဲ့ အစီအရင်က 'စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းခြင်း အစီအရင်' လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ မသေမျိုးခေတ်တုန်းက ဗုဒ္ဓဘာသာဂိုဏ်းတွေက မိစ္ဆာတွေနဲ့ မိစ္ဆာလမ်းစဉ်လိုက်သူတွေကို ပြောင်းလဲပစ်ဖို့ သုံးခဲ့ကြတာပါ။ ပေါ့ပေါ့တန်တန် သုံးရမယ့်အရာ မဟုတ်ပါဘူး။ ဆရာ့လိုလူကို ဒီအစီအရင် သုံးပြီး တိုက်ခိုက်ရဲလိမ့်မယ်လို့ ကျွန်တော် ထင်မထားမိဘူး။ ကြည့်ရတာ နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ မြင့်မြတ်သောနယ်မြေဆိုတဲ့ ရွှမ်ခုန်းဘုရားကျောင်းကလည်း အရင်လို ဖြောင့်မတ်မှန်ကန်တဲ့ ဂိုဏ်းမဟုတ်တော့ပုံပဲ"

လုချင်း ရရှိထားသည့် လီဟော်ဂိုဏ်း၏ အမွေအနှစ်များထဲတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် မှတ်တမ်းများ ပါရှိသည်။ 'စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းခြင်း အစီအရင်' သည် လူတစ်ဦး၏ စိတ်ကို ပြောင်းလဲပစ်နိုင်သည်။

ထို့ကြောင့် မသေမျိုးခေတ်ကာလက ဤအစီအရင်ကို ပိုင်ဆိုင်သော ဂိုဏ်းများသည် ကြီးမားသော မိစ္ဆာဆိုးကြီးများကို နှိမ်နင်းရာတွင်သာ အသုံးပြုကြပြီး သာမန်အချိန်တွင် အသုံးမပြုရန် တားမြစ်ချက်များ ထားရှိခဲ့ကြသည်။ ယခုမူ ရွှမ်ခုန်းဘုရားကျောင်းသည် လူအများရှေ့တွင် ဤအစီအရင်ကို အသုံးပြုကာ သူ့ဆရာကို ဘာသာသွတ်သွင်းရန် ကြိုးစားခဲ့သည်။ ပြင်ပကမ္ဘာမှ လူများ ဤအစီအရင်အကြောင်း မသိတော့ဟု သူတို့ ထင်နေသလား၊ သို့တည်းမဟုတ် အခြားရည်ရွယ်ချက် တစ်ခုခုကြောင့် ရွှမ်ခုန်းဘုရားကျောင်းက ထိုတားမြစ်ချက်များကို ပယ်ဖျက်လိုက်သလား ဆိုသည်ကိုတော့ မသိရပေ။ သူတို့၏ ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ ဤရန်ငြိုးကတော့ ခိုင်မာသွားခဲ့ပြီပင်။

လုချင်းသည် ထိုဘုန်းကြီးများထံမှ ရရှိထားသော သတင်းအချက်အလက်များကို တွေးတောကြည့်လိုက်ရာ သူတို့၏ သဘောထားသေးသိမ်မှုကြောင့် ဒီကိစ္စက ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားမည် မဟုတ်မှန်း သိလိုက်သည်။ ရှေ့ဆက်ပြီး သူတို့ သတိထားရပေမည်။

လုချင်းက ခါးတွင် ချိတ်ထားသော ချီအိတ်လေးကို စမ်းသပ်ကြည့်လိုက်သည်။ ဝိညာဉ်စွမ်းအင်များဖြင့် အချိန်တစ်ခုကြာ ပြုစုပျိုးထောင်ပြီးနောက် ချီအိတ်သည် စွမ်းအားအများစုကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။ စောစောက သူသည် ဤရှေးဟောင်း ဝိညာဉ်လက်နက်မှ စွမ်းအင်တစ်မျှင်ကို ထုတ်သုံးပြီး ရှိနေသူအပေါင်းကို တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်။

ကံဆိုးသည်မှာ ထိုအချိန်က လူအများအပြား ရှိနေခြင်းပင်။

ကျုံးကျိုးနှင့် အခြားလျှို့ဝှက်နယ်မြေ သုံးခုမှ ကျွမ်းကျင်သိုင်းပညာရှင်များ အပါအဝင် လူများစွာ ရှိနေခဲ့သည်။

ဘယ်သောအခါမှ ကိုယ်ထင်မပြတတ်သော လျှို့ဝှက်ဆန်းကြယ်သည့် မြင့်မြတ်သော သခင်ကြီးသုံးပါးလည်း ရှိကောင်းရှိနေနိုင်သည်။ သို့မဟုတ်ပါက လုချင်းသည် ဤဝှက်ဖဲကို ထုတ်သုံးပြီး ရွှမ်ခုန်းဘုရားကျောင်းမှ ခေါင်းပြောင်ဘုန်းကြီး အားလုံးကို ရှင်းပစ်နိုင်မလား စမ်းသပ်ကြည့်မိမည်ပင်။

ဆရာနှင့် တပည့်နှစ်ဦးသည် ကောင်းကင်လှေကားထစ် လမ်းကြောင်းကို ရှောင်ကွင်းကာ အခြားလမ်းတစ်ခုမှ တိတ်တဆိတ် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

"သမားတော်ကြီးချန်၊ ညီလေးလုချင်း... ပြန်ရောက်လာကြပြီလား"

ထျန်းကျီမျှော်စင်သို့ ပြန်ရောက်ရောက်ချင်းတွင် မာကူးနှင့် အခြားသူများက ဝမ်းသာအားရ ပြေးထွက်လာကြ၏။ လုချင်း ထွက်သွားကတည်းက သူတို့ စိတ်ပူနေခဲ့ကြရသည်။

လုချင်းက သမားတော်ကြီး ဒုက္ခရောက်နေသည်ဆိုသော မြင့်မြတ်သောတောင်တော်ပေါ်သို့ သွားခြင်းဖြစ်ပြီး ပြဿနာရှာနေသူများမှာ လျှို့ဝှက်နယ်မြေကြီးလေးခုထဲမှ တစ်ခုဖြစ်သည်ဟု ကြားထားရသောကြောင့် ပို၍ပင် စိတ်ပူနေခဲ့ကြရသည်။ ယခု နှစ်ယောက်စလုံး ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်တော့မှသာ အားလုံး သက်ပြင်းချနိုင်ကြတော့၏။

"ဟုတ်တယ်... ဆရာ့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာမယ်လို့ ကျွန်တော် ပြောခဲ့တယ်မလား" လုချင်းက ပြုံး၍ ပြောလိုက်သည်။

"ဒီတစ်ခါတော့ ဆရာ့ရဲ့ ပေါ့ဆမှုကြောင့်ပါကွာ။ မင်းတို့ကို စိတ်ပူစေမိပြီ" သမားတော်ကြီးချန်က အားနာစွာ ပြောလိုက်သည်။

"သမားတော်ကြီးကလည်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာလဲ။ ဟိုဘုန်းကြီးတွေက သမားတော်ကြီးကို တမင်သက်သက် အကွက်ဆင်ပြီး ဒုက္ခပေးတာလို့ ထျန်းကျီမျှော်စင်သခင်ကြီးဆီကနေ ကျွန်တော်တို့ ကြားပြီးပါပြီဗျ" မာကူးနှင့် အခြားသူများက သမားတော်ကြီးကို ချက်ချင်း ဝင်ရောက်နှစ်သိမ့်ပေးကြသည်။

ထိုအချိန်တွင် လုချင်းသည် သူတို့ကို ပြုံး၍ ကြည့်နေသော ထျန်းကျီမျှော်စင်သခင်ကြီးထံ လျှောက်သွားပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။ "လူဆိုးတွေကို ဟန့်တားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး"

"ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းတို့က ငါ့ရဲ့ ထျန်းကျီမျှော်စင်မှာ တည်းခိုတဲ့ ဧည့်သည်တွေပဲ၊ မင်းတို့ရဲ့ လုံခြုံရေးကို တာဝန်ယူပေးတာ သဘာဝကျပါတယ်" ထျန်းကျီမျှော်စင်သခင်ကြီးက လက်ကာပြရင်း ပြောလိုက်သည်။ သို့သော် သူ၏ ရင်ထဲမှ တုန်လှုပ်မှုကတော့ မလျော့သွားသေးပေ။ စောစောကမှ လင်းကျိယွဲ့ထံမှ မြင့်မြတ်သောတောင်တော်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် သတင်းပို့ချက် ရရှိထားသည်။

နူးညံ့သိမ်မွေ့သော မျက်နှာထားနှင့် လုချင်းကို ကြည့်ရင်း ထျန်းကျီမျှော်စင်သခင်ကြီးမှာ ယုံရခက်နေမိသည်။

သူ၏ ရှေ့မှောက်တွင် ရှိနေသော ဤလူငယ်လေးသည် မြင့်မြတ်သောတောင်တော်ပေါ်ရှိ လူအများအပြားကို တစ်ယောက်တည်း တုန်လှုပ်စေခဲ့ပြီး ရွှမ်ခုန်းဘုရားကျောင်း၏ ဝိုင်းရံပိတ်ဆို့မှုမှ သူ့ဆရာကို ကယ်ထုတ်နိုင်ခဲ့ရုံသာမက တပည့်တစ်ဦးကိုပါ သတ်ဖြတ်ပြီး အထိအခိုက်မရှိ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အကယ်၍ လင်းကျိယွဲ့ သတင်းပို့လာခြင်း မဟုတ်လျှင် လုချင်းတွင် ဤမျှစွမ်းအား ရှိလိမ့်မည်ဟု ထျန်းကျီမျှော်စင်သခင်ကြီး ယုံမည်မဟုတ်ပေ။ သူသည် ဟောကိန်းထုတ်ခြင်း အတတ်ပညာတွင် ကျွမ်းကျင်သော်လည်း လုချင်းကိုမူ အကဲခတ်၍ မရနိုင်သေးပေ။

ဒီကောင်လေးက မြူခိုးတွေလိုပဲ၊ ဘာဆိုဘာမှ မှန်းဆလို့မရနိုင်ဘူး။

"သခင်ကြီး... ကျွန်တော် သခင်ကြီးကို အသိပေးစရာ တစ်ခုရှိပါတယ်။ ဒီတစ်ခါ မြင့်မြတ်သောတောင်တော်ကို သွားတုန်းက ရွှမ်ခုန်းဘုရားကျောင်းနဲ့ တော်တော်လေး ပြဿနာတက်ခဲ့တယ်။ ကျွန်တော်တို့ ဒီမှာဆက်နေရင် သခင်ကြီးရဲ့ ဂိုဏ်းကို ဒုက္ခပေးမိသလို ဖြစ်မှာစိုးလို့ ဆက်မနေတော့ပါဘူးဗျ" လုချင်းက ပြောလိုက်သည်။

"ကျိယွဲ့က ဆက်သွယ်ရေး ကျောက်စိမ်းပြားကနေတစ်ဆင့် ဒီကိစ္စကို အခုပဲ ပြောပြပြီးပါပြီ။ ဒါပေမဲ့ မင်း စိတ်ပူစရာမလိုပါဘူး။ ရွှမ်ခုန်းဘုရားကျောင်းက အင်အားကြီးတယ်ဆိုပေမဲ့ တခြားဂိုဏ်းတွေရဲ့ ကိစ္စကို သူတို့သဘောနဲ့သူတို့ ဝင်စွက်ဖက်လို့ မရပါဘူး။ မင်းတို့ ဒီမှာ နေချင်သလောက် ဆက်နေလို့ရတယ်။ ငါ့ရဲ့ ထျန်းကျီမျှော်စင်က သေးငယ်ပေမဲ့ ပြဿနာသေးသေးလေးတစ်ခုကြောင့်နဲ့တော့ ဧည့်သည်ကို မောင်းထုတ်ရလောက်တဲ့အထိ အောက်တန်းမကျသေးပါဘူးကွာ" ထျန်းကျီမျှော်စင်သခင်ကြီးက မျှော်လင့်မထားစွာဖြင့် ဤကိစ္စကို ဂရုမစိုက်သလို ပြန်ဖြေလေသည်။

လုချင်းနှင့်အဖွဲ့ကိုပင် နှစ်သိမ့်ပေးလိုက်သေးပါ၏။

ဤသည်က လုချင်းကို အံ့သြသွားစေသည်။ ကြည့်ရသည်မှာ ထျန်းကျီမျှော်စင်သခင်ကြီးက ရွှမ်ခုန်းဘုရားကျောင်းကို သိပ်ကြောက်ပုံမရပေ။

သို့သော် လင်းကျိယွဲ့အကြောင်း ကြားလိုက်ရသဖြင့် လုချင်းက အလျင်အမြန် မေးလိုက်သည်။ "သခင်ကြီး... သခင်လေးလင်းကျိယွဲ့ရော အဆင်ပြေရဲ့လား။ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေ သူ့ကို ဒုက္ခပေးသေးလား"

"ကျိယွဲ့ အဆင်ပြေပါတယ်။ မကြာခင် ပြန်ရောက်လာပါလိမ့်မယ်" ထျန်းကျီမျှော်စင်သခင်ကြီးက ပြောသည်။ "ဒါပေမဲ့ သခင်လေးလု... ငါ မင်းကို ပြောပြစရာ တစ်ခုရှိတယ်။ မင်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ အပြင်ဘက်မှာ အရမ်းကို ဆိုးရွားတဲ့ အငွေ့အသက်တစ်ခု ငါ အာရုံခံမိလိုက်တယ်"

..

အခန်း ၂၈၂ - ထူးဆန်းသော အဆင့်တက်ရောက်ခြင်းနှင့် သတ်ဖြတ်လိုစိတ်တို့ ပေါ်ထွက်လာခြင်း

"မျှော်စင်သခင်ကြီး... ကျွန်တော် ထွက်သွားပြီးတဲ့နောက်ပိုင်း အပြင်ကနေ တစ်ယောက်ယောက် လာချောင်းနေတယ်လို့ ပြောချင်တာလား"

လုချင်း အနည်းငယ် လန့်သွားသည်။

"ဟုတ်တယ်။ ပြီးတော့ အဲဒီအငွေ့အသက်က တော်တော်လေးကို ဆိုးရွားလွန်းတယ်။ အာရုံခံမိရုံနဲ့တင် ငါ့ရင်ထဲမှာတောင် ထိတ်လန့်သွားပြီး ကျောချမ်းသွားမိတယ်။ ဒါပေမဲ့ အဲဒီလူက အင်အားကြီးမားပုံရသလို အရမ်းလည်း သတိထားတဲ့ပုံပဲ။ ငါ့ရဲ့ အာရုံခံမှုကို သတိထားမိတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားတယ်လေ"

စောစောက သူအာရုံခံမိလိုက်သော အငွေ့အသက်ကို ပြန်တွေးမိပြီး ထျန်းကျီမျှော်စင်သခင်ကြီးမှာ ကြောက်လန့်နေမိဆဲပင်။ ၎င်းသည် သူ၏ သက်တမ်းတစ်လျှောက် ကြုံဖူးသမျှထဲတွင် အဆိုးရွားဆုံးသော မိစ္ဆာအငွေ့အသက် ဖြစ်၏။

"ကျွန်တော့်ရဲ့ ကြိုတင်အာရုံခံစားမှုက မှန်နေတာပဲ၊ ညီမလေးရှောင်ယန်ကို မျက်စိကျနေတဲ့သူ တကယ်ရှိနေတာပဲ"

လုချင်း သဘောပေါက်လိုက်သည်။ ကံကောင်းသည်မှာ သူ မထွက်ခွာမီ မျှော်စင်သခင်ကြီးကို ခြံဝန်းထဲတွင် စောင့်နေပေးရန် မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ရှောင်လီတစ်ကောင်တည်းနှင့် အားလုံးကို ကာကွယ်ရန် လုံလောက်ချင်မှ လုံလောက်မည်။ လူတို့၏ စိတ်သဘောထားမှာ ကောက်ကျစ်စဉ်းလဲတတ်ပြီး ရှောင်လီသည် ဝိညာဉ်သားရဲ ဖြစ်သော်လည်း အဖြူထည်‌လေးသက်သက်သာ ရှိသေးသည်။ အစွမ်းထက်သည် ဆိုသော်လည်း လှည့်ကွက်များပြားပြီး ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်တတ်သော ရန်သူများကို နိုင်ချင်မှ နိုင်ပေမည်။

ဒါကို တွေးမိသောအခါ ထျန်းကျီမျှော်စင်တွင် ဆက်နေခြင်းက ပိုသင့်တော်မှန်း လုချင်း နားလည်လိုက်၏။ ထို့ကြောင့် သူသည် မျှော်စင်သခင်ကြီး၏ ကမ်းလှမ်းမှုကို မငြင်းတော့ဘဲ ခြံဝန်းထဲတွင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

မကြာမီတွင် လင်းကျိယွဲ့လည်း ထျန်းကျီမျှော်စင်သို့ ဘေးကင်းစွာ ပြန်ရောက်လာပြီး လုချင်းတို့အတွက် သတင်းစကား တစ်ခု ယူဆောင်လာခဲ့သည်။

"သခင်လေးလု၊ သမားတော်ကြီးချန်... ရွှမ်ခုန်းဘုရားကျောင်းကတော့ ခင်ဗျားတို့နှစ်ယောက်ကို မိစ္ဆာလမ်းစဉ် လိုက်နေသူတွေပါလို့ စွပ်စွဲဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ အဲဒီအချိန်တုန်းက ရှိနေတဲ့ အင်အားကြီး ပုဂ္ဂိုလ်အများစုက မယုံကြပေမဲ့ ရွှမ်ခုန်းဘုရားကျောင်းက လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုဖြစ်နေတာကိုး။ ဂိုဏ်းအသီးသီးကြားမှာ သူတို့က မျက်နှာပန်းလှတယ်။ တကယ်လို့ ရွှမ်ခုန်းဘုရားကျောင်းကသာ ဒီကိစ္စကို ကမ္ဘာလောကကြီးကို တရားဝင် ကြေညာလိုက်ရင် သူတို့နဲ့ မျက်နှာလုပ်ချင်တဲ့ အင်အားစုတချို့က အခွင့်ကောင်းယူပြီး ခင်ဗျားတို့ကို ပစ်မှတ်ထားလာမှာ စိုးရိမ်ရတယ်"

လင်းကျိယွဲ့သည် လုချင်းနှင့် သမားတော်ကြီးချန် ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြပြီး ရှိနေသော အင်အားကြီးပုဂ္ဂိုလ်များအား သူတို့၏ သရုပ်မှန်အကြောင်း တချို့တစ်ဝက် ဖွင့်ဟပြောခဲ့မိသည်ကိုလည်း ထိမ်ချန်မထားဘဲ ပြောပြလေသည်။

"ဒါပေမဲ့ စိတ်ချပါ သခင်လေးလု၊ ကျိုးလီရွာရဲ့ တည်နေရာကိုတော့ ကျွန်တော် မပြောခဲ့ပါဘူး။ ကျွန်တော် ခရီသွားနေတုံး ခင်ဗျားတို့နဲ့ တွေ့ခဲ့တာလို့ပဲ ပြောခဲ့ပါတယ်" လင်းကျိယွဲ့က စကားဆုံးတွင် ဖြည့်စွက်ပြောလိုက်သည်။

"ရွှမ်ခုန်းဘုရားကျောင်းက ခေါင်းပြောင်ဘုန်းကြီးတွေက အဲဒါကို ယုံမယ်ထင်လား" လုချင်းက မေးလိုက်သည်။

"သူတို့ ယုံတာ ၊ မယုံတာက အရေးမကြီးပါဘူး။ ကျွန်တော် ရှင်းပြစရာရှိတာ ရှင်းပြပြီးပြီလေ။ အမှန်လား အမှားလား ဆိုတာကတော့ သူတို့ရဲ့ ခွဲခြားသိမြင်နိုင်စွမ်းအပေါ်ပဲ မူတည်တယ်။ အင်အားကြီးပုဂ္ဂိုလ်တွေ အများကြီး ရှေ့မှာ သူတို့က ကျွန်တော့်ကို 'စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းခြင်း အစီအရင်' သုံးပြီး စစ်ဆေးလို့မှ မရတာ။ အဲဒီလိုသာ လုပ်လိုက်ရင် ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဂုဏ်သိက္ခာက တကယ်ကျသွားမှာပေါ့"

လင်းကျိယွဲ့က ခနဲ့တဲ့တဲ့ လေသံဖြင့် ရယ်မောလိုက်သည်။ တစ်ချိန်က သူသည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်သည့် ရွှမ်ခုန်းဘုရားကျောင်းကို လေးစားအားကျခဲ့ဖူးသည်။

သို့သော် ဒီနေ့ အဖြစ်အပျက်ကို ကြုံပြီးနောက်တွင်တော့ လျှို့ဝှက်ဆန်းကြယ်သော နေရာဆိုသည်မှာလည်း ပြင်ပက ဂိုဏ်းများနှင့် ဘာမှမထူးခြားကြောင်း သိလိုက်ရသည်။

သူတို့ကြားထဲမှာလည်း သဘောထားသေးသိမ်ပြီး ယုတ်မာတဲ့လူတွေ အများကြီး ရှိနေတာပါပဲ။

တကယ်တမ်းပြောရရင် ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဟန်ဆောင်မှုနဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေက သာမန်ဂိုဏ်းတွေထက်တောင် ပိုဆိုးနေသေးတယ်လေ။

ဤစိတ်ပျက်မှုက လင်းကျိယွဲ့ကို ထိုကဲ့သို့သော အင်အားစုများအပေါ် ပို၍ပင် ရွံရှာသွားစေခဲ့သည်။

လုချင်းတို့ စကားပြောနေကြချိန်တွင် ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများသည် လုချင်း၏ လက်ချက်ဖြင့် သေဆုံးသွားသော ဟွေရှင်း၏ အလောင်းဘေးတွင် ဝိုင်းရံလျက် ဝမ်းနည်းပူဆွေးနေကြသည်။

"အကြီးအကဲရွှမ်မင်း... ဟွေရှင်း သေသွားပြီ။ ကျွန်တော်တို့က အဲဒီကောင်စုတ်လေးကို ဒီတိုင်း လွှတ်ထားလိုက်တော့မှာလား"

လူငယ်ဘုန်းကြီးတစ်ပါးက ဝမ်းနည်းဒေါသဖြင့် အော်ဟစ်လိုက်သည်။ သူနှင့် ဟွေရှင်းသည် အတူကြီးပြင်းလာသော ဆရာတူ ညီအစ်ကိုများ ဖြစ်ကြသည်။

စောစောက သူတို့နှစ်ယောက်စလုံး လုချင်းကို တားဆီးရန် ခုန်ထွက်ခဲ့ကြသည်။ ဟွေရှင်းကို လုချင်းက ဖိနှိပ်သတ်ဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ၌ သူ့စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ သက်သာရာရမှုတို့ ရောထွေးသွားခဲ့သည်။

ကြောက်ရွံ့ခြင်းကတော့ လုချင်း၏ စွမ်းအားကြောင့်ဖြစ်ပြီး၊ သက်သာရာရသွားခြင်းကတော့ လုချင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသူမှာ သူမဟုတ်ဘဲ ဟွေရှင်းဖြစ်သွားသောကြောင့်ပင်။

သို့မဟုတ်ပါက ယခု မြေပြင်ပေါ်တွင် အလောင်းဖြစ်နေသူမှာ သူဖြစ်နေပေလိမ့်မည်။

သို့သော် ဤစိတ်သက်သာရာရမှုကို အကြီးအကဲများ မမြင်စေလိုသဖြင့် သူက ဦးအောင် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

"ဒီကိစ္စကို ဒီတိုင်း လွှတ်ထားလို့ မရဘူး၊ ဒါပေမဲ့ အဲဒီလူငယ်လေးက အရမ်းထူးဆန်းနေတယ်။ အသေးစိတ် အစီအစဉ်မဆွဲခင် သူ့ရဲ့နောက်ခံကို အရင်စုံစမ်းရမယ်" ရွှမ်မင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အကြီးအကဲရွှမ်မင်း... စောစောက ထျန်းကျီမျှော်စင် တပည့်ပြောသွားတာ အမှန်လို့ ထင်လားဗျ" နောက်ထပ် ဘုန်းကြီးတစ်ပါးက မေးလိုက်သည်။

"တစ်ဝက်မှန် တစ်ဝက်မှားပဲ၊ ဒါပေမဲ့ မှားတာက ပိုများတယ်။ အဲဒီလူငယ်လေးရဲ့ စကားတွေကို ယုံလို့မရဘူး" ရွှမ်မင်းက ဂရုမစိုက်သလို ပြောလိုက်သည်။

"လွန်လွန်းတယ်... ထျန်းကျီမျှော်စင်ရဲ့ တပည့်လောက်ပဲ ရှိတာကို ငါတို့ကိုများ လာလိမ်ရဲသေးတယ်" ရွှမ်နူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

စောစောက လုချင်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ယခုအခါတော့ လုံးဝပြန်ကောင်းနေပြီ ဖြစ်သည်။ သူ၏ အော်ရာအငွေ့အသက် အနည်းငယ် အားနည်းနေသေးသည်မှလွဲလျှင် ကျန်တာအကုန် ပုံမှန်ဖြစ်နေပြီ၊ ဒါကလည်း ရွှမ်ခုန်းဘုရားကျောင်း၏ နည်းစနစ်များ မည်မျှ နက်နဲကြောင်း သက်သေပြနေခြင်းပင်။

"ဟုတ်တယ် အကြီးအကဲရွှမ်မင်း။ ဘာလို့ အဲဒီ ထျန်းကျီမျှော်စင်တပည့်ကို ချက်ချင်း မဖမ်းလိုက်တာလဲ။ ကျွန်တော်တို့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အဲဒီဆရာတပည့်နှစ်ယောက်ရဲ့ ဇာစ်မြစ်အမှန်ကို အတင်းအဓမ္မ မေးမြန်းဖို့ မခက်ပါဘူး" နောက်ထပ် ဘုန်းကြီးတစ်ပါးက ဝင်ထောက်ခံသည်။

ရွှမ်မင်းသည် တစ်ပါးသူ၏ စကားများမှ အမှန်အမှားကို လွယ်ကူစွာ ခွဲခြားသိမြင်နိုင်သော လျှို့ဝှက် ဝိညာဉ်နည်းစနစ်တစ်ခုကို တတ်မြောက်ထားမှန်း သိကြသဖြင့် မည်သူမျှ ရွှမ်မင်း၏ စကားကို သံသယမဝင်ကြပေ။

"အဲဒီလို လုံးဝလုပ်လို့မဖြစ်ဘူး။ ဒီနေ့ အဲဒီအဘိုးကြီးကို ဖိနှိပ်ပြီး ဘာသာသွတ်သွင်းဖို့ 'စိန်ခန္ဓာ မိစ္ဆာနှိမ်နင်းခြင်း အစီအရင်' သုံးလိုက်တာက တော်တော်လေး စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာပဲ။ တကယ်လို့ ငါတို့က ထျန်းကျီမျှော်စင်ရဲ့ အဓိကတပည့်တစ်ယောက်ကိုပါ မဆင်မခြင် ဖမ်းဆီးလိုက်မယ်ဆိုရင် ထျန်းကျီမျှော်စင်က ဒီတိုင်းငြိမ်နေမှာ မဟုတ်သလို ကျန်တဲ့ လျှို့ဝှက်နယ်မြေ သုံးခုကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ပြီးတော့ ထျန်းကျီမျှော်စင်က မြင့်မြတ်သောတောင်တော်နဲ့ နက်နဲတဲ့ ဆက်ဆံရေး ရှိတယ်။ မြင့်မြတ်သော သခင်ကြီးသုံးပါးက ဝင်ပါလာမလားဆိုတာ ငါတို့ အတိအကျ မပြောနိုင်ဘူး"

ထိုစကားကို ကြားသောအခါ အခြားဘုန်းကြီးများ ငြိမ်ကျသွားကြသည်။ အခြားလျှို့ဝှက်နယ်မြေများ၏ သဘောထားကို လျစ်လျူရှုထားနိုင်သော်လည်း လျှို့ဝှက်နယ်မြေများအကြား တစ်ဖက်နှင့်တစ်ဖက် ကိစ္စများကို ပေါ့ပေါ့တန်တန် ဝင်မစွက်ဖက်ရန် သဘောတူညီချက် ရှိထားသောကြောင့် မြင့်မြတ်သော သခင်ကြီးသုံးပါးကိုတော့ သူတို့ လေးစားရပေမည်။

အဘယ်ကြောင့်ဆိုသော် ဤမြင့်မြတ်သောတောင်တော်ပေါ်တွင် မြင့်မြတ်သော သခင်ကြီးသုံးပါးသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသောကြောင့်ပင်။

လျှို့ဝှက်နယ်မြေများ၏ ခေါင်းဆောင်များ ကိုယ်တိုင်လာလျှင်တောင် ထိုသခင်ကြီးများကို နိုင်မယ်လို့ အာမမခံနိုင်ပေ။ သို့သော် သဘောတူညီချက်တချို့ကြောင့် သခင်ကြီးများနှင့် လျှို့ဝှက်နယ်မြေများအကြား မဆင်မခြင် မလုပ်ဆောင်ကြရန် နားလည်မှု ရှိထားကြသည်။

"ဒါပေမဲ့ မင်းပြောတာ မှန်တယ်။ ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်လို့မရဘူး။ အဲဒီလူငယ်က ဟွေရှင်းကို သတ်လိုက်တာဆိုတော့ သူပြန်ပေးဆပ်ရမယ်။ ဒီလိုမှမဟုတ်ရင် ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဂုဏ်သိက္ခာက ဘယ်မှာရှိတော့မလဲ။ အခုက ကမ္ဘာကြီး ပြောင်းလဲနေပြီ၊ ရွှမ်ခုန်းဘုရားကျောင်းကလည်း မလွဲမသွေ လောကထဲ ဝင်လာရတော့မယ်။ ငါတို့ရဲ့ အာဏာကို စိန်ခေါ်တာမျိုး ခွင့်ပြုလို့မဖြစ်ဘူး"

"အကြီးအကဲရွှမ်မင်း... ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"ဝူကျန့်မျှော်စင်က လူတွေကို ရှင်းခိုင်းလိုက်" ရွှမ်မင်းက ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။ "ငါတို့ သူတို့ကို ခိုလှုံခွင့်ပေးထားတာ ကြာပြီပဲ၊ သူတို့ ကုသိုလ်ယူရမယ့် အချိန်ရောက်ပြီ"

"ဝူကျန့်မျှော်စင်..." ဘုန်းကြီးတစ်ပါးက အံ့သြစွာ ရေရွတ်လိုက်သည်။ "ဒါပေမဲ့ ဝူကျန့်မျှော်စင်က လူတွေက အရူးတွေလေ။ သူတို့သာ မြို့တော်မြတ်ထဲမှာ သတ်ဖြတ်ပွဲ စလုပ်ရင်..."

အရေးကြီးဆုံး ပြဿနာမှာ ထိုအရူးများသည် ထူးခြားပြောင်မြောက်သော လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာများကို ပိုင်ဆိုင်ထားပြီး အလွန်ကြောက်စရာကောင်းသည်။ သူတို့ ရွှမ်ခုန်းဘုရားကျောင်းမှ ဘုန်းကြီးများပင်လျှင် ပေါ့ဆမိပါက ထိုလူများ၏ သားကောင် ဖြစ်သွားနိုင်သည်။

"အဲဒါ ဘာဖြစ်လဲ" ရွှမ်မင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဝူကျန့်မျှော်စင်က လူတွေ လှုပ်ရှားတာလေ၊ ရွှမ်ခုန်းဘုရားကျောင်းက လုပ်တာမှ မဟုတ်တာ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ"

...

ထိုညတွင် လုချင်းသည် ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း နေ့လယ်က အဖြစ်အပျက်များကို ပြန်လည်သုံးသပ်နေမိသည်။

ရွှမ်ခုန်းဘုရားကျောင်း၏ အကြံအစည်များက သူ့ကို မအံ့သြစေခဲ့ပါ။

သူတို့သည် ပြိုင်ဘက်များကို မိစ္ဆာလမ်းစဉ်လိုက်သူများဟု ဦးစွာ စွပ်စွဲပုတ်ခတ်မည်၊ ကိုယ်ကျင့်တရား မြင့်မားသည့်နေရာတွင် နေရာယူမည်၊ ပြီးလျှင် တရားသဖြင့် နှိမ်နင်းသယောင် လုပ်ဆောင်ကြမည်။

ဤသို့သော ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုကြသော ဂိုဏ်းများသည် အမြဲတမ်း ဤနည်းအတိုင်းသာ လုပ်ဆောင်လေ့ရှိသည်။

လုချင်းသည် ထိုသို့သော နည်းလမ်းများကို ရွံရှာသော်လည်း လက်ရှိအခြေအနေမှာ သူတို့အတွက် အမှန်တကယ် မကောင်းမှန်း သိနေသည်။

ဂိုဏ်းတစ်ခုက ဟန်ဆောင်ကောင်းလေလေ သူတို့၏ နည်းလမ်းများက ပိုပြီး ကောက်ကျစ်စဉ်းလဲလေလေပင်။

"အရှေ့က လာတဲ့ လှံကို ရှောင်ရလွယ်ပေမဲ့၊ အမှောင်ထဲက ပစ်တဲ့ မြှားကိုတော့ ကာကွယ်ရခက်တယ်" ဆိုတဲ့ စကားလိုပါပဲ။ ရွှမ်ခုန်းဘုရားကျောင်းက ဘုန်းကြီးတွေ သူတို့ကို ဘယ်လို လှည့်ကွက်တွေ သုံးလာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

မကြောက်သော်လည်း လုချင်းသည် သူတို့၏ လက်ရှိအခြေအနေတွင် ရှိနေသော အန္တရာယ်ကို အာရုံခံစားမိနေသည်။ ရွှမ်ခုန်းဘုရားကျောင်း၏ သစ္စာဖောက်ပြီး ဟန်ဆောင်ကောင်းသော ရန်သူများအပြင် အရိပ်ထဲမှ စောင့်ကြည့်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခုလည်း ရှိနေသေးသည်။ ထို့ပြင် နေ့လယ်က မြင့်မြတ်သောတောင်တော်ပေါ်တွင် သူ့ခွန်အားကို ထုတ်ပြလိုက်ပြီးနောက် သူတို့အပေါ် မကောင်းကြံစည်လိုသည့် အခြားအင်အားစုများ ရှိနေမလား ဆိုသည်ကိုလည်း ပြောရခက်သည်။

လေထုထဲတွင် ပိုမိုအားကောင်းလာသော အခွင့်အရေးရရှိနိုင်မှု အာရုံခံစားချက်ကလည်း လုချင်းကို မကြုံစဖူး အကျပ်အတည်း ခံစားချက်ကို ပေးနေလေ၏။

"ငါ ဒီအန္တရာယ်ကို ခံစားနေရတာက ငါ့ရဲ့ အင်အား မလုံလောက်သေးလို့ပဲ"

လုချင်းသည် သူ၏ ဝိညာဉ်ကို မသိမသာ လာရောက်လှုံ့ဆော်နေသော သိမ်မွေ့သည့် အန္တရာယ်ကို သတိထားလိုက်မိသော်လည်း သူ၏ စိတ်က ပို၍ ကြည်လင်ပြတ်သားပြီး တည်ငြိမ်လာသည်။

"ငါ့အင်အားသာ လုံလောက်ရင် သူတို့ ဘယ်လိုပဲ လုပ်ကြံဖန်တီးပါစေ၊ လေထဲက ဖုန်မှုန့်တွေလို လွယ်လွယ်လေး လွင့်ပါးသွားမှာပဲ"

"ငါ့အတွက် အဆင့်တက်ဖို့ အချိန်တန်ပြီ ထင်တယ်"

လုချင်း၏ ရင်ထဲတွင် အသိတစ်ခု ပေါ်လာသည်။ သူသည် 'မွေးရာပါနယ်ပယ်'သို့ မတက်လှမ်းမီ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရန် သူ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ထားရန် အမြဲရည်ရွယ်ခဲ့သည်။

သို့သော် ယခုအခါ ပြင်းထန်သော အကျပ်အတည်း ခံစားချက်ကြောင့် ဤသစ္စာမဲ့ပြီး အန္တရာယ်များသော မြို့တော်မြတ်နှင့် မြင့်မြတ်သောတောင်တော်တွင် သူ၏ လက်ရှိအင်အားသည် အခြေအနေကို ထိန်းချုပ်ရန်နှင့် သူ့ဘေးနားရှိ လူများကို ကာကွယ်ရန် မလုံလောက်တော့ကြောင်း လုချင်း နားလည်လိုက်သည်။

လောလောဆယ်တော့ အဆင်ပြေနေသေးသော်လည်း ထိုအခွင့်အရေးကြီး တကယ်ပေါ်လာသောအခါ မြို့တော်မြတ်နှင့် မြင့်မြတ်သောတောင်တော်သည် ယခုထက် ဆယ်ဆမက ပို၍ ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။

ထိုအခါကျရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူကများ ပြောနိုင်မှာလဲ။

"တော်ပြီ... ဒီလောကကြီးမှာ အရာရာတိုင်းက ဘယ်လိုလုပ် ပြီးပြည့်စုံနိုင်မှာလဲ။ ပြီးပြည့်စုံမှုကို အရမ်းလိုက်စားလွန်းရင် တစ်ခါတလေ နောင်တရတတ်တယ်။ ငါ့ရဲ့ ခေါင်းမာမှုကြောင့် ရှောင်ယန်နဲ့ ဆရာသာ တစ်ခုခု ဖြစ်သွားရင်၊ ပြီးပြည့်စုံမှုဆိုတာ ဘာအသုံးကျတော့မှာလဲ"

ဤအတွေးများ လုချင်း၏ စိတ်ထဲတွင် ပေါ်လာသည်နှင့်အမျှ သူ၏ နှလုံးသားသည် ပို၍ တည်ငြိမ်ကြည်လင်လာသည်။ ဤအချိန်တွင် သူ၏ အမှန်တကယ် လိုအင်ဆန္ဒများနှင့် သူကာကွယ်ချင်ဆုံးအရာများကို နားလည်သဘောပေါက်သွားသည်။

ဤနားလည်မှုနှင့်အတူ လုချင်း၏ နှလုံးသားထဲတွင် ဝိညာဉ်ရေးရာ ကြည်လင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ကျင့်ကြံခြင်းကို ဆက်လက်မဖိနှိပ်တော့ဘဲ သူ၏ အတွေးများနောက်သို့ လိုက်ပါသွားရာ ဒျန်ထျန်ရှိ ချီပေါက်မှာ ချက်ချင်း ပွင့်သွားလေသည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် ကမ္ဘာလောကမှ စွမ်းအင်များ ပြင်းထန်စွာ လှုပ်ခတ်လာသည်။

"ဟမ်... စွမ်းအင်တွေ လှုပ်ခတ်နေပါလား။ အရင်းအမြစ်က အားချင်းရဲ့ အခန်းထဲကပဲ။ အားချင်းက ဒီအချိန်ကြီး 'မွေးရာပါနယ်ပယ်' ကို တက်လှမ်းတော့မလို့လား"

လုချင်း၏ ချီပေါက် ပွင့်သွားပြီး ပြင်ပစွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးခန်းရှိ သမားတော်ကြီးချန်က ချက်ချင်း သတိထားမိလိုက်သည်။ ဤခံစားချက်မှာ သူ့အတွက် အလွန်ရင်းနှီးနေသော ခံစားချက်ဖြစ်ပြီး၊ 'မွေးဖွားပြီးနယ်ပယ်'၏ အထွတ်အထိပ်သို့ ရောက်နေသူတစ်ဦး 'မွေးရာပါနယ်ပယ်' သို့ ခြေလှမ်းလှမ်းလိုက်သည့် လက္ခဏာဖြစ်သည်။

သမားတော်ကြီး၏ ရင်တစ်ခုလုံး တုန်လှုပ်သွားပြီး နောက်တစ်ခဏတွင် သူ၏ ပုံရိပ်မှာ အခန်းထဲမှ ပျောက်ကွယ်သွားသည်။

သို့သော် သူ လုချင်း၏ အခန်းရှေ့သို့ ရောက်သောအခါ စွမ်းအင်လှုပ်ခတ်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။

"အားချင်း..."

သမားတော်ကြီးက အသံဖြင့် သတင်းပို့ရန် ပြင်လိုက်စဉ် လုချင်း၏ အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

"ဆရာ... ဘာမှမဟုတ်ပါဘူး၊ ကျင့်ကြံနေရင်း နည်းနည်း ဉာဏ်အလင်းပွင့်သွားလို့ပါ။ စိတ်ပူစရာမလိုပါဘူး။ ဒါနဲ့ စောစောက လှုပ်ရှားမှုကြောင့် သခင်လေးလင်းကျိယွဲ့ လန့်သွားလောက်တယ်။ သူ့ကို ဆရာပဲ ကူပြီး ရှင်းပြပေးပါလား"

လုချင်းသည် သူ၏ ကျင့်ကြံခြင်းတွင် အရေးကြီးသော အဆင့်တစ်ခုသို့ ရောက်နေပြီး ယာယီအားဖြင့် အပြင်မထွက်နိုင်သေးမှန်း သမားတော်ကြီး နားလည်လိုက်သည်။ ထိုအချိန်မှာပင် ခြံဝန်းအပြင်ဘက်မှ လင်းကျိယွဲ့၏ အသံကို ကြားလိုက်ရသည်။ "သမားတော်ကြီးချန်... ကျွန်တော် စွမ်းအင်လှုပ်ခတ်မှုတစ်ခု အာရုံခံမိလို့..."

အခန်းထဲတွင် ရှိနေသော လုချင်းမှာ ဆရာဖြစ်သူက လင်းကျိယွဲ့ကို သွားရောက်နှုတ်ဆက်သည်ကို ကြားလိုက်ရသဖြင့် စိတ်အေးသွားသည်။ သို့သော် သူ့စိတ်ထဲတွင်တော့ သံသယပေါင်းများစွာ ဖြစ်ပေါ်နေလေသည်။

"ငါ ဘာလို့ မွေးရာပါနယ်ပယ်ကို မတက်လှမ်းနိုင်ရတာလဲ"

လုချင်းက သူ့ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ သူ့ဒျန်ထျန်ရှိ ချီပေါက် ပွင့်သွားပြီဖြစ်ပြီး စစ်မှန်သည့် ချီတစ်မျှင်ကိုပင် သန့်စင်ပြီးဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ သူသည် 'မွေးဖွားပြီးနယ်ပယ်'တွင်သာ ရှိနေသေးသည်ဟု ခံစားနေရခြင်းပင်။ သူသည် မွေးရာပါနယ်ပယ်သို့ မရောက်ရှိသေးသလို၊ သူ့ဆရာတုန်းကလို ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ တုန်ခါပြီး မွေးရာပါခန္ဓာကိုယ် ဖွဲ့စည်းရာတွင် ကူညီပေးမည့် စွမ်းအင်မြူခိုးများ ပေါ်လာခြင်းမျိုးလည်း မကြုံတွေ့ရပေ။

ပို၍ ထူးဆန်းသည်မှာ သူသည် ပြင်ပစွမ်းအင်များကို ဆက်တိုက် စုပ်ယူနိုင်ပြီး ချီစစ်အဖြစ် သန့်စင်ကာ ကိုယ်တိုင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ သို့သော် မွေးရာပါခန္ဓာကိုယ် မဖြစ်လာဘဲ စွမ်းအင်စုပ်ယူရုံသက်သက်ဖြင့် မွေးရာပါနယ်ပယ်စစ်စစ်ဟု ယူဆ၍ မရနိုင်ပေ။

"ဒါက ဘာသဘောလဲ။ ချီစစ်ကို ကျင့်ကြံနိုင်တဲ့ မွေးဖွားပြီးနယ်ပယ်လား"

လုချင်း အနည်းငယ် ကြောင်အသွားပြီး ဘာကြောင့် ဒီလိုအခြေအနေ ဖြစ်နေရသလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်နေရ၏။ မွေးရာပါနယ်ပယ်သို့ တက်လှမ်းခြင်းသည် စိတ်ဆန္ဒရှိရုံဖြင့် ရနိုင်သော ကိစ္စဟု သူအမြဲထင်ခဲ့သည်။ ယခု သူတကယ် အဆင့်တက်ချင်သောအခါတွင်မူ ကိုးလိုးကန့်လန့် အခြေအနေနှင့် ကြုံနေရသည်။

တော်တော်လေးကို ရှက်စရာကောင်းပါ၏။

သို့သော် လုချင်းသည် သာမန်လူမဟုတ်ပေ။ သူ အလျင်အမြန် တည်ငြိမ်အောင်နေလိုက်ပြီး အဆင့်မြင့် အာရုံခံစားမှု အခြေအနေသို့ ဝင်ရောက်ကာ သူ့အခြေအနေကို သေချာစွာ အာရုံခံပြီး လေ့လာဆန်းစစ်လိုက်သည်။

ခေတ္တမျှ ဆန်းစစ်ပြီးနောက်တွင်တော့ လုချင်း သဘောပေါက်သွားလေသည်။

"ဪ... ဒီလိုကိုး။ ငါ့ရဲ့ စုဆောင်းထားမှုတွေက အရမ်းများလွန်းနေလို့ပဲ။ ငါသာ မွေးရာပါနယ်ပယ်ကို တကယ်တက်လှမ်းလိုက်ရင် ငါ့ရဲ့ စွမ်းအားက သာမန်ထက် အများကြီး ထူးကဲနေမှာ။ လက်ရှိ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက အပြည့်အဝ မရင့်ကျက်သေးလို့ ငါ့လို ထူးခြားတဲ့ မွေးရာပါနယ်ပယ်ကို လက်မခံနိုင်သေးတာပဲ"

အဆင့်မြင့် အာရုံခံစားမှုကို အသုံးပြုပြီးနောက် ဘာဖြစ်နေသလဲဆိုတာ လုချင်း နောက်ဆုံးတော့ နားလည်သွားသည်။ သူ၏ ထပ်ခါတလဲလဲ အဆင့်ချိုးဖျက်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် အားဖြည့်မှုများကြောင့် 'မွေးဖွားပြီးနယ်ပယ်'တွင် စုဆောင်းထားမှုမှာ အလွန်နက်ရှိုင်းသွားခဲ့သည်။ ထို့ကြောင့် မွေးရာပါနယ်ပယ်သို့ တက်လှမ်းလိုက်သည်နှင့် ကမ္ဘာမြေကို တုန်လှုပ်စေမည့် ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်။

သို့သော် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက အခုမှ စတင်ပြောင်းလဲကာစ ရှိသေးပြီး ဝိညာဉ်စွမ်းအင်များကလည်း အခုမှ ပြန်လည်နိုးထလာခြင်း ဖြစ်သည်။

စည်းမျဉ်းများက အပြည့်အဝ မဖွံ့ဖြိုးသေးပေ။ လက်ရှိ မပြည့်စုံသေးသော စည်းမျဉ်းများဖြင့် လုချင်းကဲ့သို့ ထူးခြားသော မွေးရာပါနယ်ပယ် ရှိသူတစ်ဦးကို ဖန်တီးပေးနိုင်စွမ်း မရှိသေးခြင်း ဖြစ်သည်။

ဒါကြောင့်လည်း ယခုလို ကိုးလိုးကန့်လန့် အခြေအနေ ဖြစ်နေရခြင်းပင်။ သူသည် စွမ်းအင်များကို စတင်စုပ်ယူပြီး ချီစစ်အဖြစ် သန့်စင်နေပြီ ဖြစ်သော်လည်း သူ၏ နယ်ပယ်မှာမူ 'မွေးဖွားပြီး' အဆင့်တွင်သာ ရှိနေသေးသည်။

"ထူးဆန်းတဲ့ အခြေအနေပဲ"

လုချင်းက ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်သည်ကို မမျှော်လင့်ထားသဖြင့် ရယ်ချင်မိသွားသည်။ ဖြေသိမ့်စရာတစ်ခုရှိသည်မှာ သူသည် မွေးရာပါနယ်ပယ်သို့ တရားဝင် မဝင်ရောက်သေးသော်လည်း ချီစစ်ကို သန့်စင်လိုက်ခြင်းက သူ့စွမ်းအားကို သိသိသာသာ တိုးတက်လာစေသည်ပင်။ အနည်းဆုံးတော့ ချီစစ်ကို အသုံးပြုပြီး သူ့မှတ်ဉာဏ်ထဲမှ အမွေဆက်ခံထားသော နည်းစနစ်များနှင့် နည်းလမ်းများစွာကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

"ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဉ်းတွေက ဘယ်တော့များမှ အပြည့်အဝ ဖွံ့ဖြိုးလာမလဲ မသိဘူး"

လုချင်း တိတ်တဆိတ် တွေးတောနေမိသည်။ ထိုအချိန်တွင် သူ့မျက်နှာထား ရုတ်တရက် ပြောင်းလဲသွား၏။

အဘယ်ကြောင့်ဆိုသော် ပုန်းလျှိုးကွယ်လျှိုး အငွေ့အသက်အချို့ ထျန်းကျီမျှော်စင်ထဲသို့ ခိုးဝင်လာပြီး သူတို့၏ ခြံဝန်းငယ်လေးဆီသို့ ဦးတည်လာနေသည်ကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

All Chapters