အခန်း (၂၈၅-၂၈၆)
Vol. 29 Ch. 285-286
အခန်း ၂၈၅ - သဘာဝအလျောက် ဖြိုခွင်းနိုင်စွမ်းနှင့် အကျိုးအမြတ်များကို စီစစ်ခြင်း
"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိုလူမှာ သူ၏ရင်ဘတ်တွင် ပေါက်နေသော အပေါက်ကြီးကို မယုံနိုင်စွာ ငုံ့ကြည့်နေမိသည်။
သူသည် မည်သည့်တိုက်ခိုက်မှုကိုမျှ အာရုံမခံမိခဲ့ပါချေ။ သို့သော် သူ၏နှလုံးသားမှာမူ ပျောက်ဆုံးနေခဲ့ပြီဖြစ်သည်။
"အစ်ကို ၄... ဘာဖြစ်တာလဲ"
ဘေးနားရှိ အပေါင်းအပါတစ်ယောက်သည် အခြေအနေမဟန်သည်ကို သတိပြုမိလိုက်ပြီး အလောတကြီး မေးလိုက်သည်။
"သူသေသွားပြီ"
သို့သော် ထိုအချိန်၌ လုချင်း၏ ဓားချက်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှောင်လီ၏လက်ချက်ဖြင့် နှလုံးသားကို နှိုက်ယူသွားခြင်းခံလိုက်ရသည့် ထိုလုပ်ကြံသတ်ဖြတ်သူကို လုချင်းက ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းကာ ပိုင်းဖြတ်ပစ်လိုက်လေသည်။
"အား... အစ်ကို ၄"
ကျန်ရစ်ခဲ့သော လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်မှာ သူတို့၏ရဲဘော်ရဲဘက် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရပြီး ရင်ဘတ်မှ သွေးသံရဲရဲ အပေါက်ကြီးကို တွေ့လိုက်ရသောအခါ၌ ဒေါသနှင့် ထိတ်လန့်မှုများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကြတော့၏။
ထိုအချိန်မှာပင် သူတို့၏ နှလုံးသားထဲသို့ အေးစက်သော ခံစားချက်တစ်ခု ဝင်ရောက်လာလေသည်။
ယခုအချိန်အထိ သူတို့၏ပြိုင်ဘက်က ဘယ်သူဘယ်ဝါမှန်း မသိရသေးသော်လည်း သူတို့ဘက်မှ လူနှစ်ဦးမှာမူ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီပင်။
အဆိုးရွားဆုံးအချက်မှာ သူတို့သေဆုံးသွားပုံမှာ သန့်ရှင်းသပ်ရပ်လွန်းနေခြင်းပင်။ သူတို့ခင်မျာ ကောင်းမွန်စွာ ခုခံနိုင်ခြင်းမရှိမီမှာပင် အသတ်ခံလိုက်ကြရ၏။
အစ်ကို ၄ရဲ့ နှလုံးက ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ သူတို့ရှေ့ကလူက အနားကို ကပ်တောင် မကပ်ရသေးဘူးလေ။
ကျန်ရစ်သူ နှစ်ဦးမှာ တွေးလေလေ ပို၍ ထိတ်လန့်လာလေ ဖြစ်နေကြသည်။
သိထားရမည်မှာ သူတို့နှစ်ယောက်လုံးသည် မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။
အဆင့်တက်လှမ်းချိန်တွင် ဖြတ်လမ်းနည်းသုံးကာ အလားအလာများကို အကုန်အစင် ထုတ်သုံးခဲ့ကြရသော်လည်း သူတို့သည် မွေးရာပါနယ်ပယ် အထွတ်အထိပ် အဆင့်ရှိသူများစစ်စစ် ဖြစ်ကြသည်။
သို့သော် ယခုအခါ၌ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်၏ ရှေ့မှောက်တွင် ဟင်းသီးဟင်းရွက်များကဲ့သို့ လှီးဖြတ်သတ်ဖြတ်ခြင်း ခံနေကြရ၏။ ဤသည်မှာ ကျန်ရစ်သူ နှစ်ယောက်အတွက် ယုံကြည်နိုင်စရာ မရှိပေ။
မွေးရာပါနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်တောင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ရှေ့က အနက်ရောင်ဝတ်စုံနဲ့လူက ဘယ်လို သတ္တဝါဆန်းကြီးလဲ။
ဝူကျန့်မျှော်စင်မှ ကျန်ရစ်သူ လုပ်ကြံသတ်ဖြတ်သူနှစ်ဦးက လုချင်းကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြချိန်တွင် လုချင်းကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်နေမိပါ၏။
စောစောက သူ တစ်ခုခုလွဲနေသည်ဟု ခံစားခဲ့ရသည်။ ဤလုပ်ကြံသတ်ဖြတ်သူများသည် မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်ဟု ဆိုသော်လည်း သူတို့၏ အရှိန်အဝါမှာ ဟာလာဟင်းလင်းဖြစ်ပြီး အခွံသာရှိသော ပုံစံမျိုးသာ ဖြစ်နေလေ၏။
အမှန်စင်စစ် သူသတ်လိုက်သော နှစ်ယောက်မှာ မွေးရာပါနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ရှိသင့်သည့် စွမ်းအားမျိုးကို မပြသနိုင်ခဲ့ကြပေ။
အများဆုံးရှိလှမှ ယခင်က ခြံဝင်းကို လာရောက်တိုက်ခိုက်ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူများထက် အနည်းငယ်သာ ပိုစွမ်းခြင်းဖြစ်သည်။ သိပ်ပြီး ကွာခြားလှသည်တော့ မဟုတ်ချေ။
သူ့ဆရာနှင့် နှိုင်းယှဉ်ဖို့မပြောနှင့်... နေ့ခင်းက သူဒဏ်ရာရအောင် လုပ်ခဲ့သည့် ဘုန်းကြီး ရွှမ်နူတောင်မှ ဒီလူတွေထက် အများကြီး ပိုစွမ်းအားကြီးသေးသည်။
သို့သော် ထူးဆန်းသည်ဟု ခံစားနေရသော်လည်း လုချင်းကတော့ အလျှော့မပေးလိုက်ပါချေ။
အဘယ်ကြောင့်ဆိုသော် ကျန်ရစ်သူ နှစ်ဦး၏ ရင်ဘတ်တစ်ဝိုက်တွင် ပုံမှန်မဟုတ်သော စွမ်းအားတစ်ခု စီးဆင်းနေသည်ကို အာရုံခံမိပြီး သူတို့၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာနေသောကြောင့် ဖြစ်၏။
"သူတို့က အသက်စွန့်ရတဲ့ လျှို့ဝှက်နည်းလမ်းကိုပါ သုံးဖို့ ပြင်နေကြတာလား"
လုချင်းသည် ထျန်းကျီမျှော်စင် သခင်ကြီး ပြောခဲ့ဖူးသည်များကို ပြန်သတိရလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ချက်ချင်း အချက်ပြလိုက်တော့သည်။
"ရှောင်လီ..."
သူ စကားဆုံးသည်နှင့် လုပ်ကြံသတ်ဖြတ်သူ နှစ်ဦး၏ ရှေ့မှောက် လေထုထဲမှ ရှောင်လီ၏ ပုံရိပ် ပေါ်ထွက်လာကာ လက်သည်းများက တစ်ယောက်၏ နှလုံးသားဆီသို့ ဦးတည်သွားလေသည်။
'ဒါ ဘယ်လို သတ္တဝါကြီးလဲ'
ဒီတစ်ကြိမ်တွင်တော့ အာရုံကြောများကို အစွမ်းကုန် တင်းထားကြသဖြင့် လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးသည် ရှောင်လီ ရောက်ရှိနေမှုကို သတိထားမိလိုက်ကြသည်။
သို့သော် အချိန်နှောင်းသွားခဲ့ပြီပင်။
ရှောင်လီ၏ လက်သည်းများသည် သွေးမျိုးဆက် အကြိမ်ကြိမ် ပြောင်းလဲခြင်းနှင့် အမွေဆက်ခံထားသော နည်းစနစ်များကို လေ့ကျင့်ထားခြင်းကြောင့် ယခင်ကထက် ပိုမို ထက်မြက်နေပြီ ဖြစ်၏။
သာမန် ဝိညာဉ်လက်နက်တစ်ခုဆိုလျှင်တောင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လေ၏။
လုပ်ကြံသတ်ဖြတ်သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ရှောင်လီကို သတိထားမိသည်နှင့် သူ၏ ဓားတိုဖြင့် ရင်ဘတ်ကို ကာကွယ်လိုက်သော်လည်း ရှောင်လီ၏ တားဆီးမရနိုင်သော လက်သည်းများကိုမူ မယှဉ်နိုင်ခဲ့ပေ။
အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီးနောက် လုပ်ကြံသတ်ဖြတ်သူ၏ ဝိညာဉ်လက်နက် ဓားတိုမှာ အသက်ရှူချိန် တစ်ဝက်စာပင် မခံလိုက်ရဘဲ ရှောင်လီ၏ လက်သည်းချက်ကြောင့် နှစ်ပိုင်းကျိုးသွားခဲ့ကာ လက်သည်းများကတော့ သူ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားတော့လေ၏။
ရှောင်လီက သူ၏နှလုံးသားကို ဆွဲထုတ်လိုက်ချိန်တွင် လုပ်ကြံသတ်ဖြတ်သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မျက်လုံးများထဲတွင် အဆုံးမဲ့ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်ခဏ၌ လုချင်း၏ ဓားက သူ၏ မျက်စိရှေ့သို့ ရောက်လာပြီး ခေါင်းကို ပိုင်းဖြတ်ချလိုက်သောကြောင့်ပင်။
"အား...."
လျှို့ဝှက်နည်းလမ်းကို ထုတ်သုံးရန် ပြင်ဆင်နေဆဲဖြစ်သော ကျန်ရစ်သူတစ်ယောက်မှာ သူ၏ နောက်ဆုံးအဖော်ဖြစ်သူ မျက်စိရှေ့မှာတင် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ၌ အရုပ်ကျိုးပျက် ချုံးချုံးကျသွားလေတော့သည်။
ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လျှို့ဝှက်နည်းလမ်းမှာ တစ်ဝက်တစ်ပျက်သာ ပြီးသေးသော်လည်း အားကုန်ထုတ်ကာ လုချင်းရှိရာသို့ ဓားဖြင့် ထိုးစိုက်ဝင်ရောက်လာသည်။
ယခုမလုပ်လျှင် နောက်ထပ် အခွင့်အရေး မရှိတော့မည်ကို သူကြောက်ရွံ့နေသောကြောင့်ပင်။
သို့သော် ထိုသူ၏ဓား အဆုံးထိ မရောက်နိုင်ခင်မှာပင် ရင်ဘတ်ထဲ၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်ခဲသွားလေသည်။
ရင်ဘတ်ကို ငုံ့ကြည့်လိုက်သောအခါ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသော်လည်း သူ မအံ့သြတော့ပေ။
အသက်စွမ်းအားများကျဆင်းသွားသည်ကို ခံစားရင်း သူ ခါးသီးစွာ ပြုံးလိုက်မိ၏။
သူ သေရတော့မည်ကို သူသိသည်။
နှလုံးမရှိဘဲနှင့် မွေးရာပါနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတောင် အသက်မရှင်နိုင်ပေ။
သို့သော် မသေခင် သူသိချင်သည့်အရာ တစ်ခုရှိသေးသည်။
မသိရလျှင် သူ နောင်တများနှင့် သေဆုံးရလိမ့်မည်။
လုပ်ကြံသတ်ဖြတ်သူသည် လုချင်း၏ သရဲမျက်နှာဖုံးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်းက ဘယ်သူလဲ... ဘာလို့ ငါတို့ကို လာတိုက်ခိုက်တာလဲ"
"ဝူကျန့်မျှော်စင်ရဲ့ အကြွင်းအကျန်တွေကို လူတိုင်း ဝိုင်းဝန်း ရှင်းလင်းပစ်ရမှာပဲလေ..." လုချင်းက လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
ထိုသူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
တစ်ဖက်လူက သူတို့၏ သရုပ်မှန်ကို တကယ်ပဲ သိနေခဲ့ပြီး သူတို့အတွက် သက်သက်လာခြင်းဖြစ်နေသည်။
သူ နောက်ထပ် မေးခွန်းများမေးရန် ပါးစပ်ဟလိုက်ပြန်၏။
သို့သော် လုချင်းက အခွင့်အရေး မပေးတော့ချေ။ ဓားကို ဝှေ့ယမ်းလိုက်ရာ ထိုလူ၏ ခေါင်းပြတ်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ငြိမ်ကျသွားတော့လေ၏။
"ဒီလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က တကယ်ပဲ တစ်ခုခု လွဲနေတာပဲ"
နောက်ဆုံးလူကို သတ်ပြီးနောက် လုချင်းက အလောင်းများကို စစ်ဆေးသည့် စွမ်းရည်ကို အသုံးပြုလိုက်သည်။
မကြာမီ အလောင်းပေါ်မှ စာအချို့ လွင့်ပျံထွက်လာခဲ့၏။
အမြန်ဖတ်ရှုပြီးနောက် လုချင်း နားလည်သွားသည်။
ဤ ဝူကျန့်မျှော်စင်မှ လုပ်ကြံသတ်ဖြတ်သူများသည် မွေးရာပါနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေသည်ဆိုသော်လည်း ဝူကျန့်မျှော်စင်၏ လျှို့ဝှက်နည်းလမ်းများကို သုံးပြီး အလားအလာများကို လောင်ကျွမ်းစေကာ အတင်းအဓမ္မ အဆင့်မြှင့်ထားကြခြင်း ဖြစ်သည်။
သူတို့၌ အဆင့်သာရှိပြီး ခိုင်မာသော အခြေခံအုတ်မြစ် မရှိကြပေ။ ထို့ကြောင့် သူတို့၏ စွမ်းအားမှာ မွေးရာပါနယ်ပယ်သို့ ယခုမှ စရောက်သောသူများထက် အနည်းငယ်သာ ပိုကောင်းခြင်းဖြစ်သည်။
ပုံမှန်အတိုင်း မွေးရာပါနယ်ပယ် အထွတ်အထိပ်သို့ ကျင့်ကြံရောက်ရှိလာသူများနှင့် ယှဉ်လျှင် သူတို့က အများကြီး နိမ့်ကျလွန်းသည်။
အမှန်စင်စစ် သူတို့ကို "အတုအယောင် မွေးရာပါနယ်ပယ် အထွတ်အထိပ်" ဟုသာ သတ်မှတ်၍ ရနိုင်သည်။
"ဒါပေမဲ့ ရွှမ်ခုန်းတောင်... ခင်ဗျားတို့က တကယ့်ကို သတ္တိကောင်းလွန်းနေတာပဲ"
အလောင်းပေါ်မှ ထွက်လာသော နောက်ဆုံးစာကို ကြည့်ရင်း လုချင်း၏ မျက်လုံးများ အေးစက်သွားတော့၏။
ထိုစာများအရတော့ ဤလုပ်ကြံသတ်ဖြတ်သူများကို ရွှမ်ခုန်းတောင်မှ စေလွှတ်လိုက်ခြင်း ဖြစ်ရုံသာမက ရွှမ်ခုန်းတောင်သည် ဤထက်ပို၍ ယုတ်မာသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေနိုင်ကြောင်း အရိပ်အမြွက် ပြနေလေ၏။
ရုတ်တရက် လုချင်း၏ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။ "လူလာနေပြီ... ရှောင်လီ သွားကြစို့"
သူသည် ချက်ချင်းပင် သူ၏ အရှိန်အဝါကို အကုန်ပြန်ရုတ်သိမ်းလိုက်ပြီး ရှောင်လီလည်း ပျောက်ကွယ်သွားတော့လေသည်။
မထွက်ခွာမီ လုချင်းသည် ထိုသူများ၏ လက်နက်များကို အမြန်သိမ်းဆည်းလိုက်သေးပါ၏။
သာမန် ဝိညာဉ်လက်နက်များကို သူ စိတ်မဝင်စားတော့သော်လည်း ၎င်းတို့ကို ပြုလုပ်ထားသည့် ပစ္စည်းများမှာတော့ ထိပ်တန်းအဆင့်ဖြစ်တာကြောင့် နောင်တွင် အသုံးဝင်လာနိုင်သည်။
လုချင်းနှင့် ရှောင်လီ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် လူတစ်ယောက် နံရံပေါ်တွင် ပေါ်လာသည်။
အောက်ဖက်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ၌ သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားတော့၏။
ထိုအချိန်မှာပင် နောက်ထပ် စွမ်းအားကြီး ပုဂ္ဂိုလ်အများအပြားလည်း ရောက်ရှိလာကြသည်။
ပြိုကျနေသော အိမ်နှင့် ဖရိုဖရဲဖြစ်နေသော မြင်ကွင်းကို တွေ့လိုက်ရသောအခါ၌ သူတို့လည်း ထပ်တူထပ်မျှ တုန်လှုပ်သွားကြသည်။
"အစ်ကိုဖန်... ခင်ဗျား အရင်ရောက်တာပဲ။ ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ" တစ်စုံတစ်ယောက်က ချက်ချင်းမေးလိုက်သည်။
"ငါလည်း မသိဘူး။ ငါလည်း မင်းတို့မရောက်ခင် ခဏလေးစောပြီး ရောက်လာတာ... ရောက်တော့ ဒီပုံစံဖြစ်နေပြီ" ပထမလူက ပြန်ဖြေသည်။
"ကြည့်ရတာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်သွားတဲ့ပုံပဲ"
လူတစ်ယောက်က ခြေကိုဖွဖွလှမ်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အလောင်းများကို စတင်စစ်ဆေးလေသည်။
ကျန်လူများလည်း လိုက်ပါ၍ ခုန်ဆင်းလာကြ၏။
အလောင်းများကို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကြောင့် သူတို့ လန့်ဖျပ်သွားကြတော့သည်။
ဒီလုပ်ကြံသတ်ဖြတ်သူတွေဟာ သက်ရှိထင်ရှားရှိစဉ်က အနည်းဆုံးတော့ သူတို့လောက် စွမ်းအားရှိမည့်သူများ၊ သို့မဟုတ် သူတို့ထက်ပင် သာလွန်နိုင်ပြီး အနိမ့်ဆုံး မွေးရာပါနယ်ပယ် အသေးစားအောင်မြင်မှုအဆင့် ရှိကြောင်း သူတို့ အာရုံခံမိလိုက်သည်။
ဒါပေမဲ့ ဒီလောက်စွမ်းအားကြီးတဲ့ သူရဲကောင်းတွေက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အသတ်ခံလိုက်ရတာလဲ။
သူတို့ လှုပ်ရှားမှုကို အာရုံခံမိချိန်မှ ယခု ဤသို့ရောက်လာသည့်အချိန်ထိ သိပ်မကြာသေးပါချေ။
အလောင်းများတွင် ကျန်ရှိနေသေးသော အနွေးဓာတ်ကို ထောက်ရှုကြည့်လျှင် ဒီလူတွေ သေတာ မကြာသေးပါချေ။
ဒီလောက်တိုတောင်းတဲ့အချိန်အတွင်းမှာ စွမ်းအားကြီး မွေးရာပါနယ်ပယ် ကျွမ်းကျင်သူလေးဦးကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုရင် တိုက်ခိုက်သူက ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ။
ရောက်လာသူများမှာ ခေတ္တမျှ ကျောချမ်းသွားကြပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ဝေ့ဝဲကြည့်လိုက်မိကြသည်။
သူတို့ ဒီကို အလောတကြီး လာခဲ့မိသည်ကို နောင်တရစပြုလာတော့၏။
လူသတ်သမားက အနီးအနားမှာသာ ရှိနေသေးရင် သူတို့တွေကော အန္တရာယ်နဲ့ မကြုံနိုင်ဘူးလား။
ကံကောင်းစွာပင် ခေတ္တမျှ သတိထားစောင့်ကြည့်ပြီးနောက်၌ မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် အားလုံး သက်ပြင်းချနိုင်သွားကြသည်။
ကြည့်ရတာ ဒီလူလေးယောက်ကို သတ်သွားတဲ့ အမည်မသိ ကျွမ်းကျင်သူက ထွက်ခွာသွားပြီပုံရသည်။
"ဒီလူတွေက ဘယ်သူတွေလဲ။ ဒီလို စွမ်းအားကြီးတဲ့ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေက မြို့တော်မြတ်ကို ဘယ်တုန်းက ရောက်လာကြတာလဲ"
ဘေးကင်းပြီဟု ခံစားရသောအခါ၌ တစ်ယောက်က သေဆုံးသူများ၏ သရုပ်မှန်ကို စပ်စုချင်လာသည်။
သူသည် အလောင်းများကို ဆက်လက်စစ်ဆေးနေရင်း နှစ်ပိုင်းပြတ်နေသော အလောင်းတစ်ခု၏ ရင်ဘတ်မှ ထင်ရှားသော ဆေးမင်ကြောင်တစ်ခုကို သတိထားမိလိုက်ရာ ကြက်သေသေသွားတော့၏။
အကြောင်းတစ်ခုခုကြောင့် ထိုဆေးမင်ကြောင်ကို သူ ရင်းနှီးနေသလို ခံစားနေရသည်။
သို့သော် ပြန်စဉ်းစားကြည့်သည့်အခါ၌ မှတ်ဉာဏ်ထဲ၌ ပေါ်မလာခဲ့ပေ။
ထိုသူသည် ဆေးမင်ကြောင်ကို စိုက်ကြည့်ရင်း ဦးနှောက်ခြောက်အောင် စဉ်းစားနေမိသည်။
နောက်ဆုံးတွင် ဉာဏ်အလင်းတစ်ချက် ဝင်လာခဲ့၏။
သူ့မျက်လုံးများ ပြူးကျယ်သွားပြီးနေယက်၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားတော့လေသည်။ "ဒါ... ဒါက...."
...
လုချင်းကမူ သူထွက်လာပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိတော့ချေ။
လူတွေလာနေသည်ကို အာရုံခံမိသဖြင့် ရှောင်လီကိုခေါ်ပြီး အမြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ရောက်လာသူများက လုပ်ကြံသတ်ဖြတ်သူများ၏ သရုပ်မှန်ကို သိသွားမလား ဆိုသည်ကိုတော့ သူ ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ ဝူကျန့်မျှော်စင်ဆိုသည်က လူတိုင်း ရွံရှာကြသည့် အဖွဲ့အစည်းဖြစ်သည်။ အကယ်၍ တခြားအင်အားစုများက ဝူကျန့်မျှော်စင် ဆက်ရှိနေသေးကြောင်း သိသွားလျှင် သူ့အတွက် အကျိုးရှိရုံသာ ရှိသည်။
အနည်းဆုံးတော့ ရွှမ်ခုန်းတောင်အနေဖြင့် ဒီလူသတ်သမားတွေကို နောက်တစ်ခါ ထပ်သုံးဖို့ ချင့်ချိန်ရပေလိမ့်မည်။
သူ ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ၌ သမားတော်ကြီးချန်က လုချင်း၏ အခန်းထဲတွင် ထိုင်နေသည်။
ရှောင်ယန်ကတော့ ခုတင်ပေါ်တွင် အိပ်မောကျနေလေ၏။
ကောင်မလေးက အရင်အတိုင်း အိပ်ပျော်နေဆဲပင်။
စောစောက လူသတ်သမားများကြောင့် ဖြစ်ခဲ့သော ဆူညံသံများကတောင် သူမကို မနိုးစေနိုင်ခဲ့ပေ။
"ကိစ္စပြီးပြီလား" လုချင်းနှင့် ရှောင်လီ ပြန်ဝင်လာသည်ကို မြင်သောအခါ သမားတော်ကြီးက မေးလာ၏။
"ဟုတ်ကဲ့" လုချင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ငါ ပြန်နားတော့မယ်" သမားတော်ကြီးက လုချင်း ဘာသွားလုပ်ခဲ့သလဲ ဆိုသည်ကို မမေးတော့ဘဲ သူ့အခန်းသူ ပြန်သွားလေသည်။
လုချင်း အပြင်ထွက်သွားလျှင် သူ့အကြောင်းနှင့်သူ ရှိမည်ကို သူသိသည်။
ဆရာနှင့် တပည့်ကြား ယုံကြည်မှုကြောင့် အရာရာကို ရှင်းပြနေစရာ မလိုပေ။
သမားတော်ကြီး ထွက်သွားပြီးနောက် လုချင်းလည်း ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ဒီည ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် သူ၏ အတွေးများကို စီစစ်ရန် လိုအပ်နေသည်။
ပထမဆုံးအချက်က ဝူကျန့်မျှော်စင် ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လုချင်းက ဝူကျန့်မျှော်စင်ကို သိပ်ပြီး စိတ်မပူပေ။
ဒီည တိုက်ပွဲဖြစ်ပြီးနောက် သူနှင့် ရှောင်လီသည် ဒီလိုအဖွဲ့အစည်းမျိုးကို ကိုင်တွယ်ရာတွင် အတော်လေး ထိရောက်မှုရှိသည်ကို သဘောပေါက်လိုက်သည်။
လုပ်ကြံသတ်ဖြတ်သည့် အင်အားစုတစ်ခု ဖြစ်သည့်အလျောက် ဝူကျန့်မျှော်စင်သည် သူတို့၏ စစ်သည်များကို လုပ်ကြံသတ်ဖြတ်ခြင်း အတတ်ပညာ၌သာ အဓိကထား၍ လေ့ကျင့်ပေးသည်။
သူတို့သည် ထူးကဲသော ကိုယ်ဖျောက်နည်းစနစ်များကို အားကိုးပြီး ပစ်မှတ်ကို ရုတ်တရက် တိုက်ခိုက်ကာ ချက်ချင်း အသေသတ်ကြသည်။
ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် သူတို့၏ စွမ်းရည်မှာ သိပ်မကောင်းလှချေ။
သို့သော် ကိုယ်ဖျောက်နည်းစနစ်များအရာတွင်မူ ဝိညာဉ်အဆာင် ပိုင်ဆိုင်ထားသော လုချင်းနှင့် မွေးရာပါ မှော်စွမ်းရည်များရှိသော ရှောင်လီတို့က ပို၍ သာလွန်နေသည်။
သူတို့၏ ပြီးပြည့်စုံသော ကိုယ်ဖျောက်နိုင်စွမ်းနှင့် ယှဉ်လိုက်လျှင် ဝူကျန့်မျှော်စင်မှ လူသတ်သမားများသည် လုံးဝ အဆင့်မမီတော့ပေ။
သဘာဝကျစွာပင် သူတို့သည် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိနိုင်တော့ချေ။
ဝူကျန့်မျှော်စင်ထက်စာလျှင် လုချင်း အမှန်တကယ် စိတ်ပူသည်မှာ ရွှမ်ခုန်းတောင်ပင်။
ရွှမ်ခုန်းတောင်သည် နှစ်ပေါင်းရာချီ ပျောက်ကွယ်နေခဲ့သော ဝူကျန့်မျှော်စင်ကဲ့သို့ အဖွဲ့အစည်းမျိုးကိုပင် လှုပ်ရှားစေနိုင်စွမ်း ရှိ၏။
ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အင်အားအကြီးဆုံး အင်အားစုတစ်ခုအနေဖြင့် ရွှမ်ခုန်းတောင်သည် သူထင်ထားသည်ထက် ပိုမိုအန္တရာယ်များကြောင်း ထင်ရှားနေသည်။
ရွှမ်ခုန်းတောင်၏ လျှို့ဝှက်နယ်မြေထဲတွင် မည်သို့သော မကောင်းဆိုးဝါးများ ပုန်းအောင်းနေမည်ကို မည်သူက သိနိုင်ပါမည်နည်း။
ယခု သူတို့နှင့် ရန်ဘက်ဖြစ်နေပြီ ဖြစ်ရာ သူတို့၏ ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများကို အထူးသတိထားရပေမည်။
ကံဆိုးစွာပင် လုချင်းသည် ရွှမ်ခုန်းတောင်၏ တည်နေရာအတိအကျကို မသိရှိပေ။
သိသာသိလျှင် သူတို့တွေ အထိနာစေမည့် တိုက်ခိုက်မှုမျိုး လုပ်ဆောင်ရန် ကြိုးစားကြည့်ဦးမည်ဖြစ်၏။
ရွှမ်ခုန်းတောင်ကိစ္စကို ဖယ်ထားလိုက်လျှင် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကိစ္စလည်း ရှိသေးသည်။
ဒီည အဆင့်တက်ရောက်ခြင်းမှာ လုချင်းအတွက် မမျှော်လင့်ထားသော အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
သူ ယုံကြည်မှု အရှိဆုံးဖြစ်ခဲ့သည့် မွေးရာပါနယ်ပယ်သို့ အဆင့်တက်လှမ်းခြင်းသည် သူ၏ အလွန်ခိုင်မာသော အခြေခံအုတ်မြစ်ကြောင့်ပင် အတားအဆီး ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။
ယခုအခါ သူသည် ချီစွမ်းအင်အစစ်ကို ကျင့်ကြံနိုင်ခဲ့ပြီး သူ၏ စွမ်းအားမှာ အထွတ်အထိပ်အသစ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မွေးရာပါခန္ဓာကိုယ်မဖွဲ့စည်းနိုင်သေးသလို သူ၏ ချီစွမ်းအင်မှာလည်း ဝိညာဉ်ဓာတ် လိုအပ်နေသေးသည်။ သူ၏ အနှစ်သာရမှာ အခြေခံကျကျ ပြောင်းလဲခြင်း မရှိသေးပေ။
အထင်ရှားဆုံး လက္ခဏာမှာ မွေးဖွားပြီးနယ်ပယ်တွင်သာ ရှိနေသေးသူ ဖြစ်သည့်အတွက် သူ၏ သက်တမ်းမှာ တိုးမလာခြင်းပင် ဖြစ်သည်။ သူသည် အသက် ၁၂၀ အထိသာ နေနိုင်ဦးမည်ဖြစ်သည်။
သို့သော် မွေးရာပါနယ်ပယ် စစ်သည်တစ်ဦးမှာမူ အသက် ၃၀၀ အထိ နေနိုင်ပေသည်။
ဆိုလိုသည်မှာ အကယ်၍ သူသာ မွေးရာပါနယ်ပယ်သို့ ဘယ်တော့မှ မရောက်ရှိနိုင်လျှင် သူ ဘယ်လောက်ပင် စွမ်းအားကြီးနေပါစေ၊ မွေးဖွားပြီးနယ်ပယ် ခန္ဓာကိုယ်ဖြင့် မွေးရာပါနယ်ပယ် စစ်သည်များကို ခုတ်ပိုင်းသတ်ဖြတ်နိုင်သည်ဖြစ်စေ၊ ကမ္ဘာကြီး၏ ဥပဒေသ ကန့်သတ်ချက်များကြောင့် နှစ် ၁၂၀ ပြည့်လျှင် ခန္ဓာနှင့် ဝိညာဉ် ပျက်စီးယိုယွင်းကာ သေဆုံးရမည်သာ ဖြစ်သည်။
"မွေးဖွားပြီးနယ်ပယ် နဲ့ မွေးရာပါနယ်ပယ်ကြားက ကွာခြားချက်က စွမ်းအားသက်သက် မဟုတ်ဘူး... အသက်ဇီဝရဲ့ အခြေခံ သဘောတရား ကွာခြားမှုပဲ"
ဒီည အဆင့်တက်ရန် ကြိုးပမ်းပြီးနောက် လုချင်းသည် နယ်ပယ်နှစ်ခုကြား ကွာခြားချက်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
"နောက်တစ်ခါ ကောင်းကင်နဲ့ မြေကြီး၏ တာအိုစည်းချက်တွေ ပဲ့တင်ထပ်တဲ့အခါ စည်းမျဉ်းတွေက ငါ့ရဲ့ အဆင့်တက်ခြင်းကို လက်ခံနိုင်တဲ့အထိ ပြောင်းလဲတိုးတက်သွားလိမ့်မယ်လို့ ငါ အာရုံခံမိတယ်။
ပြီးတော့ အဲဒီအချိန်က သိပ်မလိုတော့ပါဘူး"
ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း လုချင်းသည် ပုံမှန်အတိုင်း အသက်ရှူကာ သူ၏ စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အာရုံကို အသုံးပြုပြီး ပတ်ဝန်းကျင် ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို အာရုံခံလိုက်သည်။
သူသည် မွေးရာပါနယ်ပယ်သို့ တရားဝင် မရောက်ရှိသေးသော်လည်း ချီစွမ်းအင်အစစ်ကို ကျင့်ကြံခြင်းက သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ဝိညာဉ်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်စေခဲ့သည်။
အကယ်၍ နေ့ခင်းက ခေါင်းပြောင်ဘုန်းကြီး ရွှမ်နူကို ရိုက်နှက်စဉ်ကသာ ဤမျှ စွမ်းအားအဆင့် ရှိနေခဲ့ပါက ရလဒ်မှာ ပြင်းထန်သော ဒဏ်ရာရရုံဖြင့် ပြီးသွားမည် မဟုတ်ချေ။
ရွှမ်နူ၌ ပိုမိုစွမ်းအားကြီးသော ဝှက်ဖဲမရှိပါက ထိုဘုန်းကြီး၏ စိန်ခန္ဓာကို တစ်ချက်တည်းနှင့် ရိုက်ချိုးပြီး နှစ်ပိုင်းပိုင်းပစ်နိုင်မည်ဟု လုချင်း ယုံကြည်မှုရှိလေသည်။
..
အခန်း ၂၈၆ - ရေအောက်လှိုင်းများ၊ ကာကွယ်ရေးအစီအရင်နှင့် တာအိုစည်းချက် ပြန်လည်ပဲ့တင်ထပ်ခြင်း
လုချင်း သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်နေစဉ် မြို့တော်မြတ်အတွင်းရှိ ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုတွင် စွမ်းအားကြီး ပုဂ္ဂိုလ်အများအပြား စုဝေးနေကြသည်။
အခန်းအလယ်တွင် အဖြူရောင်အဝတ်ဖြင့် အုပ်ထားသော အလောင်းအချို့ကို စီတန်းချထားသည်။
"ဂိုဏ်းချုပ်ချိုး... ဘာကိစ္စမို့လို့ ကျုပ်တို့ကို သန်းခေါင်ယံကြီး ခေါ်လိုက်ရတာလဲဗျ"
လက်မောင်းက ဒူးခေါင်းအထိ ရှည်လျားသော တောင့်တင်းခိုင်မာသည့် အမျိုးသားကြီးက လေသံနက်ကြီးဖြင့် မေးလိုက်သည်။
"အားလုံးပဲ... ဒီအလောင်းတွေကို ကြည့်ကြပါဦး" ဂိုဏ်းချုပ်ချိုးက သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ လေတစ်ချက် တိုက်ခတ်သွားပြီး အဖြူရောင်အဝတ်များ လှန်တက်သွားကာ အလောင်းများ၏ ပုံပန်းသဏ္ဍာန် အပြည့်အစုံ ပေါ်ထွက်လာသည်။
အလောင်းများ၏ အခြေအနေကို မြင်လိုက်ရသည်နှင့် အားလုံး တုန်လှုပ်သွားကြတော့၏။
အလောင်းများမှာ မည်သူမျှ အကောင်းပကတိ မရှိကြပေ။ ခေါင်းပြတ်နေရုံသာမက အလောင်းသုံးလောင်းလုံးမှာ ရင်ဘတ်၌ အပေါက်ကြီးများ ဖြစ်နေပြီး နောက်ဆုံးတစ်လောင်းမှာမူ ထက်ခြမ်းကွဲနေသဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပ၏။
သို့သော် ဤလူများမှာ ကျုံးကျိုးမှ ကျော်ကြားသော သိုင်းပညာရှင်များ ဖြစ်ကြပြီး မြင်ကွင်းမျိုးစုံကို တွေ့ကြုံဖူးသူများ ဖြစ်သည်။ ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် အစပိုင်းတွင် လန့်သွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်ထိန်းလိုက်နိုင်ကြသည်။
"ဂိုဏ်းချုပ်ချိုး... ဒီလူတွေက ဘယ်သူတွေလဲ။ ကျုပ်တို့ကို ဒီခေါ်လိုက်တာနဲ့ သူတို့က ဘာပတ်သက်လို့လဲ" အရပ်ရှည်ရှည် လူကြီးက ဆက်မေးသည်။
"ဒီအလောင်းတွေမှာ ထူးခြားတာ တစ်ခုခု တွေ့မိကြလား" ဂိုဏ်းချုပ်ချိုးက မေးသည်။
"ထူးခြားတာလား။ ဒီအလောင်းတွေက ရက်ရက်စက်စက် အသတ်ခံထားရတာပဲ ရှိတာလေ... ဘာထူးခြားလို့လဲ" ထိုလူစုက အလောင်းများကို ဆက်လက် စူးစမ်းကြည့်ရှုကြသည်။
မကြာမီ သူတို့ တကယ်ပင် ထူးခြားမှုတစ်ခုကို သတိထားမိလိုက်ကြသည်။ ဤအလောင်းများအားလုံးသည် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယခုရောက်နေသူများနှင့် မတိမ်းမယိမ်း ရှိလောက်သည်။
အားလုံး၏ မျက်နှာထားများ လေးနက်သွားကြသည်။
မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ လေးယောက် ဘယ်ကမှန်းမသိ ရောက်လာကြသည်။ ပြီးတော့ သူတို့ထဲက ဘယ်သူမှ ဒီလူတွေကို မသိကြပေ။ ဒီအချက်က အချက်ပေးခေါင်းလောင်းသံတစ်ခုပင်။
သို့သော် ထိုမျှနှင့် မပြီးသေးပေ။ အားလုံး၏ လေးနက်သော မျက်နှာထားများကို ကြည့်ပြီး ဂိုဏ်းချုပ်ချိုးက အလောင်းတစ်ခုကို ညွှန်ပြလိုက်သည်။
"အားလုံးပဲ... ဒီအလောင်းပေါ်က ဆေးမင်ကြောင်ကို ကြည့်လိုက်ကြပါ။ ထူးခြားတာများ ရှိလားလို့"
"ဆေးမင်ကြောင်..." အားလုံး အလောင်းကို ကြည့်လိုက်ကြသည်။ အချို့က ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း အချို့မှာမူ ရင်းနှီးနေသလို ရှိကြသည်။
ရင်းနှီးနေသူများက ခေတ္တမျှ စဉ်းစားလိုက်ကြပြီးနောက် ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဒီဆေးမင်ကြောင်က... မဖြစ်နိုင်တာ..."
"အကြီးအကဲယွဲ့က ဒီဆေးမင်ကြောင်ရဲ့ ဇာစ်မြစ်ကို မှတ်မိပုံရတယ်" ဂိုဏ်းချုပ်ချိုးက အပြုံးပါးပါးလေးဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... ဒီဆေးမင်ကြောင်က ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲက တစ်ခုနဲ့ တော်တော်လေး တူနေတယ်။ ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီဂိုဏ်းက ဟိုးအရင်ကတည်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ မဟုတ်ဘူးလား" အကြီးအကဲယွဲ့က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"အဲဒီတုန်းက ဂိုဏ်းက လုံးဝ ပျက်စီးသွားခဲ့တာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပေါ့။ အကြွင်းအကျန်တချို့ လွတ်မြောက်ရှင်သန်သွားပြီးတော့ နှစ်ပေါင်းရာချီ ပြန်လည်ထူထောင်ပြီးတဲ့နောက်ပိုင်း အရင်ကထက် ပိုပြီးတော့တောင် အင်အားကြီးကြီးနဲ့ ပြန်ပေါ်လာကြတာပဲ" ဂိုဏ်းချုပ်ချိုးက လေးနက်သော အမူအရာဖြင့် ပြောသည်။
"အကြီးအကဲယွဲ့... ဂိုဏ်းချုပ်ချိုး... ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲ။ ဒီဆေးမင်ကြောင်က ဘယ်ဂိုဏ်းနဲ့ ပတ်သက်နေလို့လဲ" အရပ်ရှည်ရှည် လူကြီးက သူတို့ပြောစကားများကို နားမလည်နိုင်သဖြင့် မေးလိုက်သည်။
"ဝူကျန့်မျှော်စင်"
ထိုအချိန်တွင် ကြိုးကြာဖြူကဲ့သို့ ဆံပင်နှင့် ကလေးမျက်နှာပိုင်ရှင် အဘိုးအိုတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
"မှားစရာ အကြောင်းမရှိဘူး။ ဒီဆေးမင်ကြောင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က ဝူကျန့်မျှော်စင်ရဲ့ သီးသန့် အမှတ်အသားပဲ"
သူလည်း ဆေးမင်ကြောင်၏ ဇာစ်မြစ်ကို မှတ်မိနေခြင်း ဖြစ်သည်။
သူ ပြောလိုက်သည်နှင့် များစွာသောသူတို့ ထိတ်လန့်သွားကြသည်။
"ဘာ... ဝူကျန့်မျှော်စင် ဟုတ်လား"
"အကြီးအကဲဟယ်... ခင်ဗျားပြောတာ တကယ်လား"
"ငါ မှတ်မိပြီ... ဒီဆေးမင်ကြောင်က ငါတို့ဂိုဏ်းက မှတ်တမ်းတွေနဲ့ တကယ်ကို တူနေတာပဲ"
"ဒါပေမဲ့ ဝူကျန့်မျှော်စင်က လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက ပျက်စီးသွားပြီ မဟုတ်လား"
အားလုံး၏ မျက်နှာပေါ်မှ ထိတ်လန့်မှုများကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်ချိုးက ပြောလိုက်သည်။
"သံသယဖြစ်စရာ မလိုပါဘူး။ အစ်ကိုဖန်နဲ့ ကျုပ် ဒီအလောင်းတွေကို စစ်ဆေးကြည့်ပြီးပြီ။ သူတို့ ကျင့်ကြံထားတဲ့ နည်းလမ်းတွေက ကျုပ်တို့ဂိုဏ်းတွေရဲ့ လျှို့ဝှက်မှတ်တမ်းတွေထဲက အရာတွေနဲ့ ကြောက်စရာကောင်းလောက်အောင်ကို တူညီနေတယ်လေ။ ဒီလူတွေက ဝူကျန့်မျှော်စင်ရဲ့ အကြွင်းအကျန်တွေဆိုတာ ယုံထင်ကြောင်ထင် ဖြစ်စရာကို မလိုတော့ဘူး"
"ဒါပေမဲ့ မှတ်တမ်းတွေအရဆို ဝူကျန့်မျှော်စင်ကို ဂိုဏ်းကြီးတွေ ပေါင်းပြီး အမြစ်ပြတ် ချေမှုန်းခဲ့တာလေ။ သူတို့က ဘယ်လိုလုပ် ရုတ်တရက် ပြန်ပေါ်လာရတာလဲ။ ဒီနှစ်တွေ အများကြီး ဘယ်မှာပုန်းနေကြတာလဲ။ ပြီးတော့ ဘာလို့ ဒီမှာ ရုတ်တရက်ကြီး အသတ်ခံလိုက်ရတာလဲ။ ဘယ်သူက သတ်တာလဲ"
လူတစ်ယောက်တည်းကပဲ မေးခွန်းပေါင်းများစွာကို ဆက်တိုက် မေးလိုက်သည်။
"အစ်ကိုဖန်နဲ့ ကျုပ်မှာလည်း မေးခွန်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံးကို ဒီမှာ စုခိုင်းလိုက်ရတာပါ" ဂိုဏ်းချုပ်ချိုးက ပြောလာ၏။ "ကျုပ်ထင်တာကတော့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ အဲဒီတုန်းက အလိမ်ခံလိုက်ရတဲ့ပုံပဲ..."
...
မြို့တော်မြတ်အတွင်း၌ ဝူကျန့်မျှော်စင်၏ အကြွင်းအကျန်များကို တွေ့ရှိလိုက်ခြင်းက ဂိုဏ်းကြီးများ အားလုံးကြားတွင် တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်စေခဲ့သည်။
မြင့်မြတ်သောတောင်တော်ပေါ်ရှိ လက်ရာမြောက်သော အဆောက်အဦးတစ်ခုတွင် သင်္ကန်းနီ ဝတ်ဆင်ထားသော ဘုန်းကြီးအချို့လည်း စုဝေးနေကြသည်။
"အကြီးအကဲ ရွှမ်မင်း ၊ သတင်းပေးဆီက သတင်းရခဲ့ပါတယ်ဗျ။ ဝူကျန့်မျှော်စင်ရဲ့ စစ်ဆင်ရေး ကျရှုံးသွားပြီတဲ့" ရွှမ်နူက လျှောက်တင်လိုက်၏။
"ငါ သိသားပဲ။ အဲဒီအသုံးမကျတဲ့ကောင်တွေက ဘာကိုမှဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ" ထွားကျိုင်းသော ဘုန်းကြီး၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။
"အဲဒီငတုံးတွေက သူတို့ရဲ့ ပြိုင်ဘက်ကင်း လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာတွေအကြောင်း နေ့မနား ညမနား ကြွားလုံးထုတ်နေကြတာ။ ကောင်လေးတစ်ယောက်နဲ့ အဘိုးကြီးတစ်ယောက်ကိုတောင် မနိုင်ကြဘူးလေ။
ရွှမ်ခုန်းတောင်ကနေ အဲဒီ အသုံးမကျတဲ့ အမှိုက်တွေကို ခေါ်မလာခဲ့သင့်ဘူး။ လုံးဝ အလကားကောင်တွေ"
"အကြီးအကဲ ရွှမ်မင်း... အခု ဝူကျန့်မျှော်စင်ရဲ့ စစ်ဆင်ရေး ကျရှုံးသွားပြီဆိုတော့ တခြားဂိုဏ်းတွေက ဝူကျန့်မျှော်စင် လုံးဝပျက်စီးသွားတာ မဟုတ်ဘူးဆိုတာ မကြာခင်မှာပဲ သိသွားကြလိမ့်မယ်။ ဘာဆက်လုပ်ကြမလဲ" ရွှမ်နူက မေးလိုက်သည်။
ရွှမ်မင်း ပြန်မဖြေခင်မှာပင် ထွားကျိုင်းသော ဘုန်းကြီးက ဆက်ပြောလာခဲ့၏။ "ဟမ့်... သိသွားတော့ကော ဘာဖြစ်လဲ။ ဝူကျန့်မျှော်စင် ပြန်ပေါ်လာတာ ငါတို့နဲ့ ဘာဆိုင်လို့လဲ။ တကယ်တော့ အဲဒီအရူးတွေကို ပြဿနာနည်းနည်း လိုက်ရှာခိုင်းလိုက်တာက ကောင်းတောင် ကောင်းသေးတယ်လေ။
ဒီတစ်ခေါက် အပြင်ထွက်လာတော့ မင်းတို့တွေ မြင်တဲ့အတိုင်းပဲ။ အပြင်လောကကြီးက ငြိမ်းချမ်းနေတာ ကြာလွန်းနေပြီ။ ငါတို့က လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေတာ ကြာလွန်းတော့ ကမ္ဘာကြီးက ငါတို့ရဲ့ တန်ခိုးအာဏာကို မေ့လုနီးပါးတောင် ဖြစ်နေပြီ။ ထျန်းကျီမျှော်စင်က တပည့်လောက်လေးကတောင် ဗုဒ္ဓအမိန့်တော်ကို မလေးမစားလုပ်ပြီး ငါတို့ကို ပြန်ပြောရဲနေတယ်။
ငါ့သဘောပြောရရင် ဝူကျန့်မျှော်စင်ကို ဖရိုဖရဲဖြစ်အောင် လုပ်ခိုင်းလိုက်ပြီး သူတို့ ရာစုနှစ်ချီ ခံစားနေရတဲ့ ငြိမ်းချမ်းရေးက ဘယ်က ရလာသလဲဆိုတာ ဒီဂိုဏ်းတွေကို သတိပေးလိုက်သင့်တယ်။
လျှို့ဝှက်နယ်မြေထဲက ငါတို့သာ အမိန့်ကို မထိန်းသိမ်းထားရင် သူတို့တွေ ဘယ်လိုလုပ် နှစ်ရာပေါင်းများစွာ ငြိမ်းချမ်းတဲ့ နေ့ရက်တွေကို ခံစားနိုင်မှာလဲ"
ရွှမ်နူက ဘာမှမပြောသော်လည်း သဘောတူသည့် ပုံစံပြသည်။
"အောမိတော်ဖော" ဒီအချိန်အထိ တိတ်ဆိတ်ငြိမ်သက်နေသော ရွှမ်မင်းက နောက်ဆုံးတွင် နှုတ်ဖွင့်လာတော့၏။ "မင်းရဲ့ စကားတွေက ဗုဒ္ဓရဲ့ မေတ္တာတရား ကင်းမဲ့နေပေမဲ့ အကြောင်းပြချက် မရှိတာတော့ မဟုတ်ပါဘူး။ ဒီတစ်ခေါက် အပြင်ထွက်လာတာမှာ မင်းတို့အားလုံး ခံစားမိမှာပါ။ ငါတို့ ရွှမ်ခုန်းတောင်က ရာစုနှစ်ပေါင်းများစွာ ကမ္ဘာလောကနဲ့ ဝေးကွာပြီး ပုန်းအောင်းနေခဲ့ရတယ်။ ရလဒ်အနေနဲ့ ကမ္ဘာလောကကြီးဟာ ဗုဒ္ဓတရားတော်ရဲ့ အလင်းရောင်ကို ဆုံးရှုံးခဲ့ရတယ်လေ။
ဗုဒ္ဓကို ရိုသေလေးစားမှု ကင်းမဲ့လာကြတယ်။ ရိုသေမှုမရှိရင် စည်းကမ်းမရှိတော့ဘူး။ စည်းကမ်းမရှိရင် ရည်မှန်းချက်ကြီးမှုတွေနဲ့ ဖရိုဖရဲအခြေအနေတွေ အလွယ်တကူ ပေါ်ပေါက်လာတတ်တယ်။ ဒါက ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ကောင်းချီးမင်္ဂလာ မဟုတ်ဘူး... ဘေးအန္တရာယ်ပဲ။
ဒါကြောင့် လူသားတွေအတွက် ရွှမ်ခုန်းတောင်က ဗုဒ္ဓဘာသာရဲ့ ကြီးမြတ်မှုကို ကမ္ဘာလောကကြီး နားလည်အောင် ထပ်ပြီးပြန်လုပ်ရမယ်"
"အကြီးအကဲ ရွှမ်မင်း... အကြီးအကဲကတော့ ဗုဒ္ဓရဲ့ နက်နဲတဲ့ တရားတွေကို တကယ် နားလည်တာပဲ" ရွှမ်နူနှင့် အခြားသူများကလည်း ယုံကြည်လက်ခံသွားကြသည်။
"ဒါဆို အကြီးအကဲ... ကျွန်တော်တို့ နောက်ထပ် ထပ်ပြီး ဘာလုပ်ကြမလဲ။ ဝူကျန့်မျှော်စင်က ခေါ်လာတဲ့ တပည့်တွေ အကုန် ရှုံးကုန်ပြီ။ ဒါပေမယ့် ဟိုကောင်စုတ်လေးကတော့ အသက်ရှင်နေတုန်းပဲ။ သူ အသက်ရှင်နေသရွေ့တော့ တခြား လျှို့ဝှက်နယ်မြေတွေက ကျွန်တော်တို့ကို လှောင်ပြောင်နေကြဦးမှာပဲလေ"
"ဒီကိစ္စက ပါးပါးလေးပါကွာ။ မင်းတို့ ဗုဒ္ဓတရား ကျင့်ကြံလာတာ ဒီလောက်ကြာပြီ... ဒီလောက် အတားအဆီးသေးသေးလေးကိုတောင် ဘာလို့ သဘောမပေါက်နိုင်ရတာလဲ။ လူငယ်လေး အသက်ရှင်နေတယ်ဆိုတဲ့အချက်က သူ့ကံကြမ္မာ မကုန်သေးဘူးဆိုတာ ပြနေတာပဲ။ ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပဲ။ ကောင်းကင်ဘုံရဲ့အလိုကျ ဖြစ်တဲ့အတွက် ငါတို့က လောလောဆယ် လိုက်လျောပြီး သူ့ကို ခဏလောက် ဆက်ရှင်သန်ခွင့်ပေးထားလိုက်ကြတာပေါ့။
ငါတို့ ဒီတစ်ခေါက် ထွက်လာရတဲ့ အဓိကရည်ရွယ်ချက်က ကျောင်းထိုင်ဆရာတော်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဖို့နဲ့ အခွင့်အလမ်းကို အရယူဖို့ပဲ။ အဲဒါကို ရတာနဲ့ ရွှမ်ခုန်းတောင်က နှစ်ပေါင်းတစ်ထောင် တိုးတက်စည်ပင်တော့မှာ။ သေးသိမ်တဲ့ အငြိုးအတေးတွေကြောင့် မင်းတို့ရဲ့ တာဝန်ကို အာရုံမလွဲစေနဲ့"
ရွှမ်မင်းက လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ အကြီးအကဲ ရွှမ်မင်း ၊ အခွင့်အလမ်းက မြင့်မြတ်သောတောင်တော်ပေါ်မှာ ရှိတယ်လို့ ကျောင်းထိုင်ဆရာတော်က ပြောလိုက်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်နေတာဖြင့် ကြာလှပြီ။ ခုထိကို အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ ဘယ်တော့မှ ပေါ်လာမှာလဲ"
"စိတ်မလောပါနဲ့။ သည်းခံခြင်းနဲ့ နှိမ့်ချခြင်းကို မွေးမြူပါ။" ရွှမ်မင်း မျက်လုံးမှိတ်လိုက်ပြီး သူ့အသံက တည်ငြိမ်နေသည်။ "အခွင့်အလမ်းက မကြာခင် သူ့အလိုလို ပေါ်လာတော့မယ်ဆိုတာ ငါ အာရုံခံမိနေတယ်"
အကြီးအကဲ ရွှမ်မင်း တရားမှတ်သည့် အနေအထားသို့ ရောက်သွားသည်ကို မြင်သောအခါ၌ ရွှမ်နူနှင့် အခြားသူများမှာ နားမလည်နိုင်သေးသော်လည်း ဆက်လက် မနှောင့်ယှက်ရဲတော့ပေ။
နောက်ပိုင်းရက်များတွင် မြို့တော်မြတ်အတွင်း၌ ရေအောက်လှိုင်းများ ထန်နေခဲ့သည်။ ဝူကျန့်မျှော်စင် ပြန်လည်ပေါ်ပေါက်လာမှုသည် ကျုံးကျိုးရှိ ဂိုဏ်းကြီးများ အားလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လျှို့ဝှက်သော်လည်း ကျယ်ပြန့်သော စိုးရိမ်ပူပန်မှု လှိုင်းဂယက်များ ဖြစ်ပေါ်စေခဲ့သည်။
ကံကောင်းသည်မှာ ဤသတင်းသည် ဂိုဏ်းများ၏ အထက်ပိုင်း ခေါင်းဆောင်များကြားတွင်သာ ရှိနေပြီး လူထုအကြား မငြိမ်မသက်မှု မဖြစ်စေခဲ့ပေ။ သို့သော် ဂိုဏ်းများအတွင်း စိတ်ဓာတ်ရေးရာများ တင်းမာလာပြီး မြို့တော်မြတ်၏ လေထုမှာ မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းကဲ့သို့ ထူးဆန်းလာတော့၏။
သို့သော် ဤအရာများ အားလုံးက လုချင်းနှင့် သူ့အဖော်များကို မထိခိုက်ခဲ့ပေ။ ထိုညတုန်းက ဝူကျန့်မျှော်စင် လူသတ်သမားများကို ရှင်းလင်းပြီးကတည်းက သူတို့ ထပ်မံ၍ အတိုက်ခိုက်မခံရတော့ချေ။ ထျန်းကျီမျှော်စင် သခင်ကြီးသည်ပင် လူသတ်သမားများ၏ အလောင်းများကို ယူဆောင်သွားပြီးနောက် ထပ်မပေါ်လာတော့သဖြင့် သူတို့ကို ငြိမ်းချမ်းစွာ နေထိုင်ခွင့်ရစေခဲ့သည်။
ဒီရက်ပိုင်းများတွင် လုချင်းနှင့် အဖွဲ့သည် လင်းကျိယွဲ့၏ ခြံဝင်းငယ်လေးထဲ၌ အေးအေးလူလူ အချိန်ကုန်ဆုံးနေကြသည်။ သိုင်းကျင့်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ ဟင်းကောင်းကောင်း ချက်စားခြင်းတို့ဖြင့် မြို့တော်မြတ်၏ တင်းမာသော လေထုနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ ပေါ့ပါးစွာ နေထိုင်နေကြသည်။
"သခင်လေးလု... ကြည့်ပါဦး"
ခြံဝင်းထဲတွင် လုချင်းသည် ကျောက်ခုံတန်းတစ်ခုပေါ် ထိုင်ကာ ဓားပါးလေးတစ်ချောင်းဖြင့် တစ်စုံတစ်ခုကို ဂရုတစိုက် ထွင်းထုနေသည်။ ရှောင်ယန်နှင့် ရှောင်လီတို့က ဘေးတွင် ငြိမ်သက်စွာ စောင့်နေကြလေ၏။
ထိုအချိန်တွင် ဟူကျိကျစ်က လုချင်းဆီသို့ ခုန်ဆွခုန်ဆွ ရောက်လာပြီး တစ်ပတ်လည်ပြလိုက်သည်။
"အော်... မိန်းကလေးဟူရဲ့ ခြေထောက်က လုံးဝ သက်သာသွားပြီလား" လုချင်းက လက်ထဲက အလုပ်ကို မရပ်ဘဲ ဟူကျိကျစ်ကို ခေတ္တမော့ကြည့်ကာ ပြုံးပြလိုက်သည်။
"မမဟူ... ခြေထောက် သက်သာသွားပြီလား" ရှောင်ယန်၏ မျက်လုံးများ အရောင်တောက်သွားသည်။
"ဟုတ်တယ်... လုံးဝ ပျောက်သွားပြီ။ သခင်လေးလုကို ကျေးဇူးတင်ရမယ်။ ရှင် ဖော်စပ်ပေးတဲ့ ဆေးသာ မရှိရင် ကျွန်မလည်း ဒီလောက်မြန်မြန် ပြန်ကောင်းလာမှာ မဟုတ်ဘူးလေ" ဟူကျိကျစ်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
"အရိုးကျိုးရင် ရက်တစ်ရာ နာတယ်" ဆိုသည့် စကားပုံရှိသည်။
သူမ၏ ခြေထောက်ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း ဟူကျိကျစ် ကောင်းစွာ သိပါ၏။ ယခုတော့ ဒီလောက်တိုတောင်းသော အချိန်အတွင်း အကောင်းပကတိ ပြန်ဖြစ်ရုံသာမက နောက်ဆက်တွဲ ဆိုးကျိုး ဘာမှမကျန်ခဲ့သလို အမာရွတ်တောင် မကျန်ခဲ့ပေ။ ဒါတွေအားလုံးက လုချင်း၏ ထူးချွန်သော ဆေးပညာကြောင့် ဖြစ်သဖြင့် သူမ ကျေးဇူးတင်၍ မဆုံးနိုင်ပေ။
"ကျွန်တော့်ဆေး ကောင်းတာရယ် နောက်ပြီး မင်း အချိန်မှန် ဆေးသောက်ပြီး လေ့ကျင့်ခန်းလုပ်တာတွေကြောင့် ဒီလောက် မြန်မြန်သက်သာသွားတာပါဗျာ။ မဟုတ်ရင် ဆေးဘယ်လောက်ကောင်းကောင်း လူနာက ဂရုမစိုက်ရင် အလကားပဲလေ" လုချင်းက နူးညံ့စွာ ပြောလိုက်သည်။
ဟူကျိကျစ် ရင်ထဲ နွေးထွေးသွားပြီး ထပ်မံ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်စဉ် လုချင်း လက်ထဲမှ လုပ်နေသည့်အရာကို သတိထားမိသွားသည်။ သူမ၏ စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ပေ။ "သခင်လေးလု... ဘာလုပ်နေတာလဲဟင်"
"ဘာမှ မဟုတ်ပါဘူး။ ဒီဆွဲကြိုးလေးကို နည်းနည်း မွမ်းမံနေတာပါ" လုချင်းက ပြန်ဖြေရင်း သူ့ဓားဖြင့် အသေးစိတ် အပိုင်းများကို ဆက်လက် ပုံဖော်နေသည်။
သူသည် ရှုပ်ထွေးသော ဂါထာအစီအရင်တစ်ခုကို ဆွဲကြိုးသီးထဲသို့ ဂရုတစိုက် ထွင်းထုလိုက်သည်။ ဆွဲကြိုးသီးသည် ခေတ္တမျှ အဖြူရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီးနောက် မူလပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
သို့သော် သေချာကြည့်လိုက်လျှင် ချောမွတ်ကြည်လင်သော ဆွဲကြိုးသီး၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာ၌ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတတစ်ခု မှိန်ဖျော့ဖျော့ တောက်ပနေသည်ကို တွေ့မြင်နိုင်သည်။
"ကဲ... ပြီးပြီ။ ရှောင်ယန်... ခေါင်းတိုးလိုက်"
အစ်ကိုဖြစ်သူ၏ စကားကို ကြားသောအခါ ရှောင်ယန်က လိမ်လိမ်မာမာပင် ရှေ့တိုးပေးလိုက်သည်။ လုချင်းကလည်း ဆွဲကြိုးကို ရှောင်ယန်၏ လည်ပင်း၌ ဖွဖွလေး ဆွဲပေးလိုက်၏။
"မှတ်ထားနော်... ဒီဆွဲကြိုးကို အချိန်တိုင်း ဝတ်ထား။ ကိုယ့်သဘောနဲ့ကိုယ် မချွတ်နဲ့" လုချင်းက ရှောင်ယန် ကိုယ့်ဘာသာ အလွယ်တကူ မချွတ်နိုင်စေရန် ကြိုးအရှည်ကို ချိန်ညှိပေးရင်း ပြောလိုက်သည်။
"ဟုတ် ကိုကို" ရှောင်ယန်က ချိုသာစွာ ပြန်ဖြေပြီး ဆွဲကြိုးလေးကို ပျော်ရွှင်စွာ ကိုင်ကြည့်လိုက်သည်။
သူမအစ်ကို မွမ်းမံပေးလိုက်ပြီးနောက်၌ ငါးအမြုတေ ဆွဲကြိုးလေးက ပို၍ပင် လှသွားသည်ဟု သူမ ခံစားရသည်။
"သခင်လေးလု... စောစောက အဲဒါ..." အစအဆုံး ကြည့်နေခဲ့သော ဟူကျိကျစ်မှာ အံ့သြမှင်သက်နေသည်။ ယွင်လွိုက်မြို့မှာတုန်းက လုချင်း ကျောက်စိမ်းပုလင်းကို နတ်ဘုရားတစ်ပါးလို ကျွမ်းကျင်မှုမျိုးနှင့် သန့်စင်ခဲ့သည့် မြင်ကွင်းကို သူမ ပြန်သတိရသွားသည်။
"ဒီဆွဲကြိုးက ပြီးခဲ့တဲ့ တစ်ခေါက်က ရှောင်ယန်ကို ကျွန်တော်ပေးထားတဲ့ လက်ဆောင်ပါ။ ကြည့်ကောင်းအောင် နည်းနည်း ထပ်ပြီးမွမ်းမံလိုက်တာပါ" လုချင်း ရှင်းပြလိုက်သည်။
"အော်... မမဟူ၊ ဒါက ကိုကို သမီးကို ပေးတဲ့ ပထမဆုံး လက်ဆောင်လေ။ ငါးပြာကြီးရဲ့ ပါးစပ်ထဲက ကိုကို ယူလာခဲ့တဲ့ ငါးအမြုတေနဲ့ လုပ်ထားတာ" ရှောင်ယန်က ဟူကျိကျစ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြွားလိုက်၏။
"ဪ... အဲ့ဒါကြောင့် ဒီလောက်လှနေတာကိုး" ဟူကျိကျစ်က အားကျစွာ ပြောလိုက်သည်။
ဟူကျိကျစ် ဆက်မမေးတော့သည်ကို မြင်သောအခါ လုချင်း အနည်းငယ် ပြုံးလိုက်သည်။ ဟုတ်ပါသည် ၊ သူ့ထွင်းထုမှုက အလှဆင်ရုံ သက်သက်တော့ မဟုတ်ပေ။ သူသည် အခြေခံ ကာကွယ်ရေး အစီအရင်တစ်ခုကို ငါးအမြုတေထဲတွင် ထည့်သွင်းထားလိုက်ခြင်း ဖြစ်၏။ နောင်တွင် ရှောင်ယန် အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါက ကျောက်တုံးထဲရှိ အစီအရင်က သူမကို ကာကွယ်ရန် အလိုအလျောက် ပွင့်လာမည်ပင်။
ဒီနည်းအားဖြင့် မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်ပွားပြီး သူ သို့မဟုတ် ရှောင်လီက ရှောင်ယန်အနား အချိန်မီ မရောက်နိုင်ခဲ့လျှင်တောင် သူမအတွက် နောက်ဆုံး အကာအကွယ်တစ်ခု ရှိနေမည်ဖြစ်သည်။
လုချင်း ဒီလိုလုပ်ပေးချင်နေတာ ကြာပါပြီ။ သို့သော် ယခင်က သူ၏ ဝိညာဉ်စွမ်းအား ပြင်းထန်သော်လည်း ဒီလောက်သေးငယ်သော ဆွဲကြိုးသီးထဲတွင် အစီအရင်တစ်ခု ထွင်းထုရန်မှာ ခက်ခဲလွန်းလှပါ၏။
လွန်ခဲ့သည့် ညအနည်းငယ်က မွေးရာပါနယ်ပယ်သို့ အဆင့်တက်ရန် ကြိုးစားပြီးနောက် အပြည့်အဝ မအောင်မြင်ခဲ့သော်လည်း ချီစွမ်းအင်အစစ်အချို့ကို ကျင့်ကြံနိုင်ခဲ့သည်။ ချီစွမ်းအင်၏ အားဖြည့်ပေးမှုကြောင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအား တိုးတက်လာရုံသာမက ထိန်းချုပ်နိုင်စွမ်းလည်း သိသိသာသာ ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့်သာ ဤမျှ သိမ်မွေ့သော အစီအရင်ကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု ကာကွယ်ရေး အစီအရင် ရှိသွားပြီဖြစ်ရာ ဆွဲကြိုးသည် ရှောင်ယန်အတွက် အမှန်တကယ် အကာအကွယ်အဆောင်တစ်ခု ဖြစ်လာခဲ့ပြီပင်။
ဟူကျိကျစ်က လိမ္မာပါးနပ်စွာ ဆက်မမေးတော့သဖြင့် လုချင်းလည်း အကျယ်တဝင့် ရှင်းမပြတော့ပေ။
သို့သော် အစီအရင်ကို အောင်မြင်စွာ ရေးထိုးနိုင်ခြင်းက လုချင်းကို အကြံတစ်ခု ရစေသည်။
နောက်နောင်သုံးဖို့အတွက် ဒီလို ကာကွယ်ရေးပစ္စည်းမျိုး ပိုလုပ်ထားရင် ကောင်းမလား။
လုချင်းက ၎င်း၏ ဖြစ်နိုင်ခြေကို စဉ်းစားနေစဉ် ရုတ်တရက် တုန်လှုပ်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ဘုံမှ ကြီးမားသော ကမ္ဘာ့စွမ်းအင် လှိုင်းဂယက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး မြေပြင်တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားတော့လေသည်။