← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 30 Ch. 291-292

အခန်း ၂၉၁ - ကပ်ဘေးကြယ်ပွင့်၊ အခွင့်အရေးလား... ကပ်ဆိုးလား

ထိုစကားသံဆုံးသည်နှင့် တစ်ပြိုင်နက် လုချင်းနှင့် မွေးရာပါနယ်ပယ် ကျင့်ကြံသူများကြားသို့ လူတစ်ယောက် ဆင်းသက်လာလေသည်။

ထိုသူမှာ ဖြူဖွေးသော ဆံပင်၊ မုတ်ဆိတ်မွေးများနှင့်ဖြစ်ပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ကျက်သရေရှိလှပေသည်။ သူကား ထျန်းကျီမျှော်စင်သခင်မှလွဲ၍ တခြားသူ မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ မျှော်စင်သခင်၏ မျက်နှာထားမှာ တည်ငြိမ်မှုမရှိလှချေ။ လုချင်းရှေ့ တည့်တည့်တွင် ရပ်လိုက်မှသာ လုချင်းထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို အမှန်တကယ် ခံစားမိလိုက်ရခြင်း ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့်မြင့်မားသော်လည်း သူ၏အရေပြားများ စူးရှနာကျင်လာပြီး စိတ်ဝိညာဉ်များ တုန်လှုပ်ကာ ချက်ချင်းလှည့်ပြေးချင်စိတ်များ ပေါ်လာရသည်အထိပင်။ သို့သော် ထျန်းကျီမျှော်စင်သခင်သည် သူထွက်သွား၍ မဖြစ်ကြောင်း သိနားလည်လေသည်။

အကယ်၍သာ ဂိုဏ်းအသီးသီးမှ မွေးရာပါနယ်ပယ် ကျင့်ကြံသူများစွာကို လုချင်းအား သတ်ဖြတ်ခွင့်ပေးလိုက်ပါက ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြီး ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုကျင့်ကြံသူများ၏ နောက်ကွယ်မှ ဂိုဏ်းများကလည်း ဤကိစ္စကို လွယ်လွယ်နှင့် ကျော်သွားကြမည် မဟုတ်ပေ။ သခင်ကြီးသုံးပါးကိုယ်တိုင်ပင် ဝင်ရောက်စွက်ဖက်လာနိုင်ပါ၏။

ထိုအခြေအနေရောက်သွားပါက ထျန်းကျီမျှော်စင်သည်လည်း နောက်ဆက်တွဲအကျိုးဆက်များကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

"သခင်လေးလု... ဒီအဘိုးကြီးကို မျက်နှာထောက်ပြီး ဒီတစ်ခါတော့ ဒီမိတ်ဆွေတွေကို လွှတ်ပေးလိုက်ပါကွာ"

ထျန်းကျီမျှော်စင်သခင်သည် လုချင်းကို ဦးညွှတ်ကာ လေးလေးနက်နက် တောင်းပန်လိုက်လေသည်။ လုချင်းသည် စကားတစ်ခွန်းမျှမဆိုဘဲ မျှော်စင်သခင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များမှာလည်း လျော့ကျသွားခြင်း မရှိပေ။

"သခင်လေးလု... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

လင်းကျိယွဲ့၏ ပုံရိပ်သည် ခြံဝင်းတံခါးဝတွင် ပေါ်လာပြီး သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်ပေါ်နေသည်။

အကယ်၍ လုချင်းသာ ဒီနေရာမှာ သတ်ဖြတ်ပွဲ စတင်လိုက်လျှင် အကျိုးဆက်များကို တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။ လင်းကျိယွဲ့က ဝင်ရောက်တားဆီးသော်လည်း လုချင်းက တုပ်တုပ်မျှ မလှုပ်ပေ။

"အားချင်း... မျှော်စင်သခင်ရဲ့ စကားကို နားထောင်လိုက်ပါ"

ထိုအချိန်တွင် သမားတော်ကြီး၏ အသံထွက်ပေါ်လာလေသည်။ ထိုအခါမှသာ လုချင်းသည် သူ၏ သတ်ဖြတ်လိုစိတ်များကို ဖြည်းညှင်းစွာ ပြန်လည်သိမ်းဆည်းလိုက်တော့၏။

ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကြောင့် ထိတ်လန့်နေကြသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများသည် နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလျက် သက်ပြင်းချနိုင်ကြတော့သည်။

သို့သော် သူတို့ စိတ်မအေးရသေးခင်မှာပင် လုချင်းသည် သူ၏ ဓားရှည်ကို ရှေ့သို့ ချိန်ရွယ်လိုက်လေသည်။

"ကောင်းပါပြီ မျှော်စင်သခင်... ခင်ဗျားကို မျက်နှာထောက်လိုက်ပါ့မယ်။ ဒါပေမဲ့ အကုန်လုံးကို မသတ်ရင်တောင် ဒီကောင်တစ်ကောင်တော့ သေကိုသေရမယ်"

လုချင်း၏ ဓားရှည်သည် ရှောင်ယန်၏ အသက်ဖြင့် ခြိမ်းခြောက်ခဲ့သော ပိန်ပိန်ပါးပါး မွေးရာပါနယ်ပယ် ကျင့်ကြံသူထံသို့ ဦးတည်နေလေသည်။ လုချင်းထံမှ လူသတ်အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ထိုကျင့်ကြံသူ၏ မျက်နှာမှာ ပျက်ယွင်းသွား၏။

သူ၏ဘေးမှ အပေါင်းအပါနှစ်ယောက်သည်ပင် မသိမသာ နောက်သို့ နှစ်လှမ်းမျှ ဆုတ်သွားကြသည်။

လုချင်း၏ စောစောက သတ်ဖြတ်လိုစိတ်ကြောင့် တခြားသူများလည်း ကြောက်လန့်နေပြီး သူနှင့် မပတ်သက်ချင်တော့ကြောင်းကို ထိုပိန်ပါးသော ကျင့်ကြံသူ သတိထားမိလိုက်သည်။ သူသည် အကြံထုတ်ရင်း မျက်နှာတွင် အပြုံးတုတစ်ခုကို အတင်းဆင်မြန်းကာ လုချင်းကို ဦးညွှတ်တောင်းပန်လိုက်သည်။

"သခင်လေး... အထင်မလွဲပါနဲ့ဗျာ။ ကျုပ်က စောစောက စနောက်လိုက်တာပါ။ တကယ် ခြိမ်းခြောက်လိုစိတ် မရှိပါဘူး... ကျုပ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ သခင်လေးသာ ကျုပ်ကို အငြိုးမထားဘူးဆိုရင် နောင်ခါ သခင်လေး ခိုင်းတာမှန်သမျှ လုပ်ပေးပါ့မယ်ဗျာ"

ထိုကျင့်ကြံသူ၏ အောက်ကျို့တောင်းပန်မှုကို မြင်လိုက်ရသောအခါ အခြားသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည်။ ဤကျင့်ကြံသူသည် ဒေါသကြီးသူဖြစ်ကြောင်း သူတို့ သိထားကြသည်။ အရင်ကဆိုလျှင် သူ့ထက် နိမ့်သော ကျင့်ကြံသူများကိုပင် မောက်မာစွာ ဆက်ဆံလေ့ရှိသူ ဖြစ်၏။ ယခုလို အောက်ကျို့ခံသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ပင်။

သို့သော် စောစောက အဖြစ်အပျက်ကို ပြန်တွေးမိပြီး သူတို့ တိတ်ဆိတ်သွားကြသည်။ လုချင်း ထုတ်ဖော်ပြသခဲ့သော သတ်ဖြတ်လိုစိတ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သေမင်း၏ ခြိမ်းခြောက်မှုကို ဤမျှလောက်အထိ ရှင်းလင်းစွာ သူတို့ ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်း ဖြစ်သည်။

သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ဂုဏ်သိက္ခာဆိုသည်မှာ အဓိပ္ပာယ်မရှိတော့ဘဲ အသက်ရှင်သန်ရေးသာ အဓိကဖြစ်လာတော့လေ၏။

ခဏတာမျှ အခြားသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများသည် ကံကောင်းသည်ဟုပင် တွေးမိလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် လုချင်း၏ အဖော်များကို မခြိမ်းခြောက်ခဲ့မိပေ။

သို့မဟုတ်ပါက ယခုအချိန်တွင် အသက်ရှင်ခွင့်ရရန် တောင်းပန်နေရသူမှာ သူတို့ဖြစ်နေပေလိမ့်မည်။

သို့သော် ထိုကျင့်ကြံသူ မည်မျှပင် တောင်းပန်စေကာမူ လုချင်း၏ မျက်နှာထားမှာတော့ ပြောင်းလဲခြင်း မရှိပေ။

"နောက်ကျသွားပြီ... ခင်ဗျား အဲ့စကားကို ပြောလိုက်ကတည်းက ခင်ဗျားကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သွားပြီ" လုချင်းက အေးစက်စွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားသည်နှင့် ထိုကျင့်ကြံသူ၏ နှလုံးသားမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူသည် ဘာကိုမှ မစဉ်းစားတော့ဘဲ ချီစွမ်းအင်များကို စုစည်းကာ ထွက်ပြေးရန် ပြင်လိုက်၏။

သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို နောက်သို့ ဆွဲယူလိုက်ပြီး မပြေးနိုင်အောင် ချုပ်တည်းထားလိုက်လေသည်။

"ဒါ... ဒါ ဘာကြီးလဲ"

ထိုကျင့်ကြံသူမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ကို ချုပ်တည်းထားသော အရာမှာ စောစောက သတ်ဖြတ်လိုစိတ်နှင့် မတူဘဲ ပင့်ကူအိမ်ကဲ့သို့ စစ်မှန်သော စွမ်းအားတစ်ခုဖြစ်ကြောင်း သူခံစားမိလိုက်ပါ၏။ ထိုစွမ်းအားက သူ့ကို လှုပ်ရှားမရအောင် ချုပ်နှောင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လေးလံလာစေခဲ့သည်။ လှုပ်ရှား၍ ရနေသေးသော်လည်း မည်သည့်နည်းလမ်းနှင့်မျှ ထွက်ပြေး၍ မရနိုင်တော့ပေ။

"ဒါ ဘာသိုင်းကွက်လဲ"

အခြားသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်နေကြသည်။ လုချင်းက မည်သည့်နည်းလမ်းကို သုံးလိုက်သည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြလေ၏။

သံလိုက်စွမ်းအားဖြင့် ထိုကျင့်ကြံသူကို ချုပ်တည်းပြီးနောက် လုချင်းသည် ဓားကိုမြှောက်ကာ တစ်လှမ်းချင်း လျှောက်သွားလေသည်။ ထျန်းကျီမျှော်စင်သခင်မှာ တားဆီးရန် တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် စကားမဆိုတော့ပေ။

စောစောက လူအများကြီးကို မသတ်ရန် တားဆီးခဲ့ခြင်းကြောင့် လုချင်းက အနည်းငယ် မကျေမနပ်ဖြစ်နေကြောင်း သူသိသည်။

ထပ်မံတားဆီးပါက ရှိရင်းစွဲ ခင်မင်မှုများပင် ကုန်ဆုံးသွားနိုင်ပါ၏။

အခြား ကျင့်ကြံသူများမှာမူ လုချင်း၏ ထူးဆန်းအံ့သြဖွယ် နည်းစနစ်များကို မြင်တွေ့လိုက်ရသဖြင့် အလွန်ကြောက်ရွံ့နေကြပြီး တားဆီးရဲခြင်း မရှိကြပေ။

လုချင်းသည် တစ်လှမ်းချင်း လျှောက်လာပြီး ထိတ်လန့်နေသော ရန်သူ၏ မျက်နှာချင်းဆိုင်တွင် ဓားကို မြှောက်လိုက်လေသည်။

"အသက်ချမ်းသာပေးပါ..."

ထိုကျင့်ကြံသူ စကားမဆုံးခင်မှာပင် ဓားချက်ကျဆင်းလာပြီး ခေါင်းပြတ်ထွက်သွားလေသည်။

ရွှပ်

ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် လုချင်းသည် သတိမေ့နေသော ဝမ်ချန်းယီထံသို့ နောက်ထပ် ဓားချက်တစ်ခု ပိုင်းဖြတ်လိုက်ပြန်သည်။ ဝမ်ချန်းယီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက်၌ အားနညနေသော အသက်ရှူသံများလည်း ရပ်တန့်သွားကာ အသက်စွမ်းအားများ ပျောက်ကွယ်သွားတော့လေ၏။

"ဆရာ"

ကျောက်ရှုံးက မျက်လုံးပြူးကာ ဒေါသတကြီးဖြင့် လုချင်းထံ ပြေးဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ ခေါင်းမော့လိုက်သည်နှင့် ဓားချက်အလင်းတန်းတစ်ခုက သူ၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

ရွှပ်

ကျောက်ရှုံး၏ ကြီးမားသော ခန္ဓာကိုယ်ကြီး နှစ်ပိုင်းပြတ်သွားသည်ကို ကြည့်ပြီး ကျန်ရှိနေသော မွေးရာပါနယ်ပယ် ကျင့်ကြံသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ လုချင်း၏ ရက်စက်ပြတ်သားမှုကို အလွန်ကြောက်ရွံ့သွားကြ၏။

ဒီလူငယ်လေးက သတ်ဖြတ်လိုစိတ် သိပ်ပြင်းထန်တာပဲ... ငါတို့ ဘယ်လိုကပ်ဘေးမျိုးကို သွားရန်စမိတာပါလိမ့်။

ထျန်းကျီမျှော်စင်သခင်ပင်လျှင် လုချင်း၏ ပြတ်သားသော သတ်ဖြတ်မှုကို ကြည့်ပြီး လန့်သွားလေ၏။ လင်းကျိယွဲ့ ပြောပြဖူးသည်မှာ လုချင်းသည် သတ်ဖြတ်လိုစိတ် ပြင်းထန်သူဖြစ်ကြောင်း ပြောဖူးသော်လည်း သူ သိပ်မယုံကြည်ခဲ့ပေ။

ယခုမှသာ သူ၏တပည့် စကားများမှာ အခြေအမြစ်မရှိ ပြောခြင်းမဟုတ်ကြောင်း နားလည်လိုက်လေသည်။

ကျောက်ရှုံးကို သတ်ပြီးနောက် လုချင်းသည် ထျန်းချန်းဂိုဏ်းမှ ကျန်ရှိနေသော တိုက်ရှန်အကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်သည်။ လုချင်း၏ မျက်လုံးထဲမှ လူသတ်အငွေ့အသက်များကို ခံစားမိလိုက်သဖြင့် ထိုအကြီးအကဲမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့၏။

"သခင်လေး... နားလည်ပေးပါ။ ဝမ်ချန်းယီနဲ့ သခင်လေးကြားက ရန်ငြိုးကို ကျုပ် မသိပါဘူး။ ဒီကိစ္စက ကျုပ်နဲ့လည်း မဆိုင်ပါဘူးဗျာ"

ထိုအချိန်တွင် ထျန်းကျီမျှော်စင်သခင်ကလည်း ဝင်ပြောလေသည်။ "ဟုတ်ပါတယ် သခင်လေးလု... ထျန်းကျီမျှော်စင်ရဲ့ စုံစမ်းမှုအရ ဝမ်ချန်းယီက ဝေ့မိသားစုကို တိုက်ခိုက်ခဲ့တာဟာ သူ့သဘောဆန္ဒအတိုင်း သီးသန့်လုပ်ဆောင်ခဲ့တာပါ"

ထိုအခါမှသာ လုချင်းက အကြည့်လွှဲလိုက်ပြီး မူလနေရာသို့ ပြန်သွားကာ ကျန်ရှိနေသော မွေးရာပါနယ်ပယ် ကျင့်ကြံသူ တစ်ဒါဇင်ခန့်ကို ကြည့်လိုက်သည်။

"ဘာလဲ... ခင်ဗျားတို့ မပြန်ကြသေးဘူးလား။ ကျွန်တော်နဲ့ လက်ရည်ယှဉ်ချင်ကြသေးတာလား"

ထိုစကားကို ကြားသည်နှင့် ထိုကျင့်ကြံသူများမှာ လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သကဲ့သို့ ဖြစ်သွားကြသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး... သက်ညှာပေးတဲ့အတွက် ကျေးဇူးပါဗျာ"

"ကျွန်တော်တို့ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အနှောင့်အယှက် ပေးမိပါပြီ... ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး"

မြှောက်ပင့်စကားများ ဆိုပြီးသည်နှင့် ထိုကျင့်ကြံသူများသည် ခြံဝင်းထဲမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။ သူတို့ ရောက်လာစဉ်ကထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။ အလောင်းသုံးလောင်းကိုမူ မည်သူမျှ ရှင်းလင်းရဲခြင်း မရှိဘဲ ထားပစ်ခဲ့ကြသည်။

"သခင်လေးလု... မင်း သိပ်စိတ်မြန်လွန်းတာပဲ။ ဒီသုံးယောက်ကို သတ်လိုက်တာက နောင်ကျရင် မင်းအတွက် ဒုက္ခရောက်စေလိမ့်မယ်" ထျန်းကျီမျှော်စင်သခင်က သက်ပြင်းချရင်း ပြောလေသည်။

"ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါ မျှော်စင်သခင်။ ခင်ဗျားကမှ အကုန်လုံးကို သတ်ခွင့်မပေးတာ" လုချင်းက တည်ငြိမ်စွာ ပြန်ပြောသည်။

"သခင်လေးလု... စိတ်ထဲမထားပါနဲ့။ ငါက တမင်တားချင်တာ မဟုတ်ပါဘူး။ စောစောက လူတွေထဲမှာ ဂိုဏ်းကြီးတွေရဲ့ အကြီးအကဲတွေ အများကြီးပါနေလို့ပါ။ မင်းသာ အကုန်သတ်လိုက်ရင် ဂိုဏ်းတွေက ပြဿနာရှာကြမှာလေ။ သခင်ကြီးသုံးပါးလည်း တရားမျှတမှုအတွက် ဝင်ပါလာကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအတွက် အခြေအနေ မကောင်းနိုင်ဘူး"

ထျန်းကျီမျှော်စင်သခင်က ရှင်းပြလာလေ၏။

ထိုအခါ၌ လုချင်း တိတ်ဆိတ်သွား၏။ တကယ်တော့ သူလည်း ဒီကိစ္စကို တွေးမိပါသည်။ မွေးရာပါနယ်ပယ် ကျင့်ကြံသူ ဒါဇင်ကျော်ကို တစ်ပြိုင်နက် သတ်လိုက်လျှင် ကြီးမားသော ဂယက်ရိုက်ခတ်မှု ဖြစ်လာနိုင်ပါ၏။ မြင့်မြတ်သောတောင်တော်၏ ပုံစံအရ စုံစမ်းစစ်ဆေးမှုများ လုပ်လာပေလိမ့်မည်။

တခြားသူများကို ဂရုမစိုက်သော်လည်း ထူးဆန်းနက်နဲသော သခင်ကြီးသုံးပါးကိုမူ သူ သတိထားမိသည်။ ထို့ကြောင့် အစပိုင်းတွင် ဝမ်ချန်းယီမှလွဲ၍ တခြားသူများကို ချက်ချင်း မသတ်ခဲ့ခြင်း ဖြစ်သည်။ ရှောင်ယန်၏ အသက်ဖြင့် ခြိမ်းခြောက်ခံရမှသာ အကုန်သတ်ပစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သို့သော် သတ်ရသည်မှာ လွယ်ကူသော်လည်း နောက်ဆက်တွဲ ရှင်းရသည်မှာ ခက်ခဲပေလိမ့်မည်။ မြင့်မြတ်သောတောင်တော်သာ ဝင်ပါလာလျှင် ကျုံးကျိုးမှ ဘေးကင်းစွာ ထွက်ခွာနိုင်ဖို့ မသေချာပေ။

သခင်ကြိးသုံးပါးမှာ အလွန်နက်နဲလှသည်။ ဝိညာဉ်လက်နက် ရှိသော်လည်း လုံးဝ စိတ်ချရသည်ဟု မဆိုနိုင်ပေ။ ချီအိတ်မှာလည်း အချိန်အကြာကြီး မွေးမြူထားသော်လည်း တစ်ချက်စာသာ အစွမ်းရှိသေးသည်။

အဓိကမှာ သူ၏ အင်အားနည်းပါးနေသေးခြင်းကြောင့်ပင်။ ဤအချက်ကို တွေးမိပြီး လုချင်းသည် ထျန်းကျီမျှော်စင်သခင်ကို ဦးညွှတ်လိုက်လေ၏။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါ မျှော်စင်သခင်။ စောစောက ကျွန်တော် တကယ်ပဲ စိတ်လိုက်မာန်ပါလုပ်မိသွားတယ်"

လုချင်း စိတ်မဆိုးသည်ကို မြင်မှ မျှော်စင်သခင် ပြုံးလိုက်သည်။

"ကံကောင်းလို့ မင်း အချိန်မီ ထိန်းလိုက်နိုင်တာပါ။ လူသုံးယောက် သတ်လိုက်ပေမဲ့ ဝမ်ချန်းယီနဲ့ သူ့တပည့်က မင်းနဲ့ အရင်ကတည်းက ရန်ငြိုးရှိထားတာလေ။ ပြီးတော့ ဒီတစ်ခါလည်း သူတို့က အရင် စတိုက်တာဆိုတော့ ဒါက ပုဂ္ဂိုလ်ရေးရန်ကြွေး ဆပ်တာပဲ... ကျိုးကြောင်းဆီလျော်ပါတယ်။ ဟို တာအိုဆရာ ကိစ္စကတော့ နည်းနည်း ရှုပ်ထွေးနိုင်ပေမဲ့ သူက မင်းမိသားစုကို အရင်ခြိမ်းခြောက်တာကိုး။ မြင့်မြတ်သောတောင်တော်ကို တိုင်ရင်တောင် အငြင်းပွားမှုလောက်နဲ့ပဲ ပြီးသွားမှာပါ။ သိပ်စိတ်ပူစရာ မလိုပါဘူး။ သခင်ကြီးသုံးပါးလည်း ဒါမျိုးတွေကို ဂရုစိုက်မှာ မဟုတ်ပါဘူး"

လုချင်း ခေါင်းညိတ်လိုက်သည်။ သူ နည်းနည်း နားလည်သွားပြီ ဖြစ်သည်။ အခြေအနေတစ်ခုလုံးကို မထိခိုက်သရွေ့ သခင်ကြီးသုံးပါးသည်လည်း သာမန်ရန်ပွဲများကို ဝင်ပါလိမ့်မည် မဟုတ်ပေ။

"ဒါနဲ့ မျှော်စင်သခင်... စောစောက မြင့်မြတ်သောတောင်တော်ပေါ်က အဖြူရောင် ဝဲကတော့ကြီးထဲကနေ အလင်းတန်းတွေ အများကြီး ထွက်လာတယ်။ တချို့က ကျွန်တော်တို့ လက်ထဲ ရောက်လာကြတယ်။ ဒါ ဘာအဓိပ္ပာယ်လဲ ခင်ဗျား သိလား"

လုချင်းသည် သူ ကိုင်ထားသော အလင်းတန်းကို ထျန်းကျီမျှော်စင်သခင်အား ပြလိုက်သည်။ မျှော်စင်သခင်က ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို လိုချင်တပ်မက်မည်ကို သူ မပူပေ။

ပထမအချက်မှာ မျှော်စင်သခင်ထံမှ လိုချင်တပ်မက်စိတ်ကို မခံစားရခြင်း‌ကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာတော့ သူ့လက်ထဲမှ ပစ္စည်းကို မည်သူမျှ လွယ်လွယ်ယူ၍ မရနိုင်ကြောင်း ယုံကြည်မှုရှိသောကြောင့် ဖြစ်သည်။

ထင်ထားသည့်အတိုင်း ထျန်းကျီမျှော်စင်သခင်သည် အလင်းတန်းကို မြင်သောအခါ‌၌ အံ့သြသွားသော်လည်း မကောင်းသော ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပေ။ သူက ပြုံး၍ ပြောလာလေ၏။

"အခွင့်အရေးဆိုတာ ကံက သတ်မှတ်တာလို့ ပြောကြတယ်။ ဒီအလင်းတန်းတွေက မင်းဆီကို အလိုလို ရောက်လာတယ်ဆိုတော့ ကောင်းကင်ဘုံက မင်းကို ဒီအခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ သတ်မှတ်လိုက်တဲ့ပုံပဲ။ ဒါက ကံတရားပါပဲလေ... စိတ်ပူစရာ မလိုပါဘူး"

"စောစောက အလင်းတန်းတွေ မြို့ထဲက တခြားနေရာတွေမှာလည်း ကျတာ တွေ့လိုက်တယ်။ အဲ့ဒီမှာ ဘာတွေဖြစ်ကုန်ကြလဲ။ ပဋိပက္ခတွေ ဖြစ်ကြသေးလား" လုချင်းက မေးလိုက်သည်။

မျှော်စင်သခင်၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်သန်းသွားသည်။ "အမှန်အတိုင်း ပြောရရင် သခင်လေးလု... ကျုပ် အပြင်ကနေ အခုမှ ပြန်ရောက်တာပါ။ မင်းထင်တာ မှန်ပါတယ်... အလင်းတန်းတွေကျတဲ့ နေရာတိုင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပြီး လူတွေ အများကြီး သေကြေဒဏ်ရာရကုန်ကြတယ်"

ထို့ကြောင့်လည်း သူ ပြန်ရောက်တာ နောက်ကျပြီး လုချင်း၏ သတ်ဖြတ်ပွဲကို တားဆီးရန် သီသီလေး လိုသွားခြင်း ဖြစ်သည်။

လုချင်း နားလည်လိုက်သည်။ မွေးရာပါနယ်ပယ် ကျင့်ကြံသူများစွာ စုဝေးနေကြရာ ထိုအလင်းတန်းများကို လုယူမည့်သူ မရှိဘဲ နေမည်မဟုတ်ပေ။ မျှော်စင်သခင်၏ မျက်နှာမှ ဝမ်းနည်းမှုကို ကြည့်ပြီး ဤအဘိုးကြီးသည် လောကကြီး၏ ကောင်းကျိုးကို အမှန်တကယ် လိုလားသူဖြစ်ကြောင်း လုချင်း သိလိုက်သည်။

သို့သော် လုချင်း ဘာမှ ဆက်မပြောတော့ပေ။ ယခုလို မြို့တွင်း ဖရိုဖရဲဖြစ်နေချိန်တွင် နောက်ထပ် ဘာဆက်ဖြစ်မည်ကို မည်သူမျှ မသိနိုင်။ အရေးကြီးဆုံးမှာ မိမိ၏ အင်အားကို မြှင့်တင်ရန်ပင်။

"ဆရာ... ကျွန်တော်နဲ့ ဆရာ ဒီအခွင့်အရေးကို ရခဲ့တာ ကံကောင်းပါတယ်။ တခြား ကျင့်ကြံသူတွေ အာရုံခံမိပြီး ပြဿနာလာမရှာအောင် ဒါကို အမြန်ဆုံး သန့်စင်ပြီး အငွေ့အသက် ဖျောက်ထားမှ ဖြစ်မယ်"

"ဟုတ်တယ်... ဒီကိစ္စက နှောင့်နှေးလို့ မဖြစ်ဘူး" မျှော်စင်သခင်ကလည်း သဘောတူလေသည်။ "နောက်ထပ် ရှုပ်ထွေးမှုတွေ မဖြစ်အောင် မင်းတို့ ဒါကို အမြန်ဆုံး သန့်စင်လိုက်ကြပါ။ လင်းကျိယွဲ့နဲ့ ငါ အပြင်က စောင့်ပေးမယ်"

ချက်ချင်းပင် ထျန်းကျီမျှော်စင်သခင်နှင့် လင်းကျိယွဲ့တို့သည် ခြံဝင်းအပြင်ဘက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ မာကူးနှင့် သူ့တပည့်တို့လည်း အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။ လုချင်းနှင့် သမားတော်ကြီးတို့မှာမူ ရှောင်ယန်၊ ရှောင်လီနှင့် ဟူကျိကျစ်တို့ကို ခေါ်ကာ အိမ်ထဲသို့ ဝင်သွားကြသည်။

"ဆရာနဲ့ ရှောင်လီ ၊ ဆရာတို့နှစ်ယောက် ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို အရင်သန့်စင်လိုက်ကြပါ။ ကျွန်တော် စောင့်ပေးမယ်"

မျှော်စင်သခင်တို့ အပြင်က စောင့်နေသော်လည်း လုချင်းသည် သတိဝီရိယ ရှိနေဆဲပင်။ မိမိလုံခြုံရေးကို သူများလက်ထဲ အပြည့်အဝ ပုံမအပ်ချင်ပေ။

"အင်း..."

သမားတော်ကြီးက ခေါင်းညိတ်လိုက်ပြီး သူကိုင်ထားသော အလင်းတန်းကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူကာ စတင်သန့်စင်လိုက်တော့လေ၏။ ရှောင်လီမှာမူ ထုံးစံအတိုင်း အိပ်ပျော်သွားလေသည်။

"သခင်လေးလု... ကျွန်မတို့ရော ဘာလုပ်ရမလဲဟင်" ဟူကျိကျစ်က မေးလေသည်။ စောစောက ဖြစ်ရပ်များကြောင့် သူမ ကြောက်လန့်နေဆဲပင်။

"မင်းတို့ရဲ့ ကျင့်ကြံမှုက နိမ့်ပါးနေသေးတော့ ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို လောလောဆယ် သန့်စင်လို့ မရသေးဘူး။ ဒီအတိုင်း ထားလိုက်ပါ။ ရက်နည်းနည်းကြာရင် ခန္ဓာကိုယ်နဲ့ သူ့အလိုလို ပေါင်းစပ်သွားလိမ့်မယ်။ အားတဲ့အခါကျမှ အငွေ့အသက် ဖုံးကွယ်ဖို့ ကျွန်တော် အဆောင်လုပ်ပေးမယ်" လုချင်းက ရှင်းပြသည်။

"ဒါဆို သခင်လေးကို ဒုက္ခပေးရတော့မယ်" ဟူကျိကျစ်က သက်ပြင်းချရင်း ပြောသည်။

ထိုအချိန်တွင် သမားတော်ကြီးထံမှ အားကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

…

အခန်း ၂၉၂ - ကမ္ဘာ့မူလအစ ချီစွမ်းအင်အား သန့်စင်ခြင်း၊ အတိဒုက္ခတိမ်တိုက်များ

သမားတော်ကြီး၏ ဘေးပတ်လည်ရှိ အရှိန်အဝါ ပြောင်းလဲသွားမှုကို လုချင်း အာရုံခံမိလိုက်ပြီး အနည်းငယ် အံ့သြသွားသည်။

မကြာမီပင် သမားတော်ကြီး မျက်လုံးပွင့်လာပြီး အရှိန်အဝါများကို ပြန်လည်ထိန်းချုပ်လိုက်ကာ သာမန်အဘိုးကြီးတစ်ယောက်ပုံစံသို့ ပြန်ရောက်သွားလေသည်။ ကမ္ဘာ့မူလအစ ချီစွမ်းအင်၏ အငွေ့အသက်များလည်း လုံးဝ ပျောက်ကွယ်သွားသည်။

"ဂုဏ်ပြုပါတယ် ဆရာ... နောက်တစ်ဆင့် ထပ်ပြီး ချိုးဖျက်အောင်မြင်သွားပြီပဲ" လုချင်းက ချက်ချင်း ဂုဏ်ပြုစကား ဆိုလိုက်သည်။

"ဒီ ကမ္ဘာ့မူလအစ ချီစွမ်းအင်က တကယ့်ကို နက်နဲတာပဲ။ ကျင့်ကြံသူတွေ ဘာလို့ ရူးမတတ် လိုချင်ကြလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး" သမားတော်ကြီးက သက်ပြင်းချလေသည်။

သူ စတင်သန့်စင်ရုံသာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံမှုသည် အကြီးစားအောင်မြင်မှုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မွေးရာပါနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။

အရေးကြီးသည်မှာ ကမ္ဘာ့မူလအစ ချီစွမ်းအင်သည် သူ၏ ဒျန်ထျန်အတွင်း ကိန်းအောင်းနေပြီး ခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေခြင်း ဖြစ်၏။ ကမ္ဘာ့မူလအစ ချီစွမ်းအင်သာ အပြည့်အဝ ပေါင်းစပ်သွားပါက သူ၏ ပါရမီနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာနိုင်ကြောင်း သမားတော်ကြီး ခံစားမိနေသည်။

"အားချင်း... ဆရာ သန့်စင်ပြီးသွားပြီ။ အငွေ့အသက်တွေလည်း မထွက်အောင် ထိန်းထားနိုင်ပြီ။ အခု မင်းအလှည့် ရောက်ပြီ" သမားတော်ကြီးက ပြောလေသည်။

လုချင်းသည် ရှောင်လီကို ကြည့်လိုက်ရာ အိပ်ပျော်နေဆဲဖြစ်ပြီး မကြာခင်မှယလည်း နိုးလာမည့်ပုံမပေါ်ပေ။

"ကောင်းပါပြီ။ ဒါပေမဲ့ ဆရာ၊ ကျွန်တော် ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို သန့်စင်ပြီးတာနဲ့ မွေးရာပါနယ်ပယ်ကို တရားဝင် ရောက်တော့မှာမို့လို့ ကျွန်တော့်ကို ကြည့်ပေးထားပါဦး"

"နောက်ဆုံးတော့ မင်း အဆင့်တက်တော့မှာလား" သမားတော်ကြီး ဝမ်းသာအားရ ဖြစ်သွားသည်။ လုချင်းသည် မွေးဖွားပြီးနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်ကြောင်း သူသိသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် လုချင်းသည် အဆင့်မတက်ဘဲ ထိန်းထားခဲ့ပါ၏။

"အားချင်း... မင်း ဒီလောက်ကြာအောင် အဆင့်မတက်ဘဲ စောင့်နေတာ ဒီကမ္ဘာ့မူလအစ ချီစွမ်းအင်ကြောင့်လား"

"အဲဒါက အကြောင်းပြချက် တစ်ဝက်ပါပဲ... အသေးစိတ်ကိုတော့ အဆင့်တက်ပြီးမှ ရှင်းပြပါ့မယ် ဆရာ" လုချင်းက ခေါင်းခါရင်း ပြောလိုက်သည်။

လုချင်းတို့ အိမ်ထဲဝင်သွားချိန်တွင် ကောင်းကင်မှ ကြီးမားသော အဖြူရောင်ဝဲကတော့ကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကမ္ဘာ့စည်းမျဉ်းများ၏ ပြောင်းလဲမှုသည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိပြီး တည်ငြိမ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် လုချင်း၏ အဆင့်တက်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်နေပြီပင်။

"ကောင်းပြီလေ... ဒါဆို စလိုက်တော့" သမားတော်ကြီးက ပြောသည်။

လုချင်းသည် သူ၏ ချီစွမ်းအင်အစစ်ဖြင့် ဖုံးအုပ်ထားသော ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။ ကမ္ဘာ့မူလအစ ချီစွမ်းအင်သည် ခန္ဓာကိုယ်ထဲ ဝင်သည်နှင့် သူ၏ ဒျန်ထျန်ထဲသို့ ကျရောက်သွားလေသည်။

လုချင်းသည် ချက်ချင်းပင် စိတ်ကိုစုစည်းပြီး သန့်စင်ရန် ပြင်ဆင်လိုက်တော့၏။ နောက်တစ်ခဏတွင် ကျယ်လောင်သော အသံတစ်သံနှင့်အတူ သူ၏ အသိစိတ်သည် နက်နဲသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီး ကြီးမားသော နားလည်သဘောပေါက်မှုများ ဖြစ်ပေါ်လာလေသည်။

"ဪ... ဒီလိုကိုး။ ကမ္ဘာ့မူလအစ ချီစွမ်းအင်က ပါရမီနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲပေးရုံတင်မကဘဲ အရာခပ်သိမ်းရဲ့ အနှစ်သာရတွေပါ ပါဝင်နေတာပဲ။ တကယ့်အခွင့်အရေးကြီးပါလား"

လုချင်းသည် ကမ္ဘာ့မူလအစ ချီစွမ်းအင်အတွင်းမှ တာအိုစည်းချက်များကို အပြည့်အဝ စုပ်ယူရန် သူ၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်လိုက်လေသည်။

လုချင်း ကျင့်ကြံနေချိန်တွင် မြို့တော်မြတ်အတွင်း ကမ္ဘာ့မူလအစ ချီစွမ်းအင်လုပွဲကြီးမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီပင်။

လမ်းကြားတစ်ခုတွင် အလောင်းများ ပြန့်ကျဲနေပြီး၊ ထိုအထဲမှ များစွာမှာ မွေးရာပါနယ်ပယ် အရှိန်အဝါရှိသော အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် ယခုအခါ အသက်မဲ့နေသော အလောင်းကောင်များ ဖြစ်နေကြပြီ။

အလောင်းများကြားတွင် တောင့်တင်းခိုင်မာသော လူတစ်ယောက်သည် ဓားရှည်တစ်ချောင်းကို ထောက်ကာ ပြင်းထန်စွာ မောဟိုက်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အရိုးထိအောင် နက်သော ဒဏ်ရာများစွာ ရှိနေသော်လည်း သူ ဂရုမစိုက်ပေ။ သူ၏ လက်ထဲမှ အလင်းတန်းကို ကြည့်ကာ အရူးတစ်ယောက်လို ရယ်မောလိုက်လေသည်။

"နောက်ဆုံးတော့ ငါပဲ ကျန်ခဲ့ပြီ... ဒီအခွင့်အရေးက ငါ့အတွက် ဖြစ်လာပြီကွ"

စောစောက အဖြစ်အပျက်ကို ပြန်တွေးရင်း ထိုလူမှာ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာသည်။ မူလက သူနှင့် သူ့ဆရာတူအစ်ကိုတို့သည် ဤအလင်းတန်းကို လိုက်ဖမ်းရင်း ဒီနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ အလင်းတန်းက ကြွက်သားနှင့်အရိုးများအဆင့်ရှိ ကောင်လေးတစ်ယောက်၏ ကိုယ်ထဲ ဝင်သွားသည်ကို တွေ့သဖြင့် ကောင်လေးကို သတ်လိုက်ကြသည်။

သို့သော် အခြား ကျင့်ကြံသူအုပ်စုတစ်စု ရောက်လာပြီး လုယူကြပြန်သည်။ ကံကောင်းစွာဖြင့် သူတို့ညီအစ်ကိုနှစ်ယောက် ပူးပေါင်းတိုက်ခိုက်ပြီး ရန်သူများကို သတ်နိုင်ခဲ့သည်။ သို့သော် ရန်သူများကို သတ်ပြီးသည်နှင့် သူ၏ ဆရာတူအစ်ကိုက သူ့ကို သစ္စာဖောက်ကာ နှလုံးသားကို ဓားဖြင့် ထိုးခဲ့လေသည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သော နှစ်များက ရရှိခဲ့သော နှလုံးကာမှန်ချပ်ဆိုသည့် ဝိညာဉ်လက်နက်ကြောင့်သာ မဟုတ်လျှင် သူသေဆုံးသွားပြီ ဖြစ်သည်။

"ဆရာတူအစ်ကို... ခင်ဗျား ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား။ ကျွန်တော် ကံကောင်းလို့ ဝိညာဉ်လက်နက် ရှိနေခဲ့တာလေ"

လူထွားကြီးသည် ခေါင်းပြတ်နေသော သူ့ဆရာတူအစ်ကို၏ အလောင်းကို ကြည့်ကာ ပြောလိုက်၏။ "ဒါပေမဲ့ ဒီအခွင့်အရေးက ကျွန်တော့်လက်ထဲ ရောက်နေပြီ။ စိတ်မပူပါနဲ့... ခင်ဗျားက ရက်စက်ပေမဲ့ ကျွန်တော်ကတော့ မရက်စက်ပါဘူး။ ကျွန်တော် ဒီအခွင့်အရေးကို သန့်စင်ပြီး ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရင် ဆရာ့ရှေ့မှာ ကတိပေးထားတဲ့အတိုင်း မင်ရှန်းဂိုဏ်းကို ပြန်လည်ထူထောင်ပါ့မယ်"

ပြတ်သားသော မျက်နှာထားဖြင့် လူထွားကြီးသည် အလင်းတန်းကို တစ်လုပ်တည်း မျိုချလိုက်လေသည်။ သို့သော် သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အမည်းရောင်အရိပ်တစ်ခုက သူ့နောက်တွင် ရုတ်တရက် ပေါ်လာခဲ့၏။

နောက်တစ်ခဏတွင်တော့ လူထွားကြီး၏ ကိုယ်ခန္ဓာ တုန်ခါသွားပြီး သူ့ရင်ဘတ်မှ ဖောက်ထွက်လာသော လက်တစ်ဖက်ကို မယုံကြည်နိုင်စွာ ငုံ့ကြည့်လိုက်မိသည်။ ထိုလက်ထဲတွင် တုန်ခါနေဆဲဖြစ်သော သူ၏ နှလုံးသား ရှိနေလေ၏။ သူ၏ အသက်ကို ကယ်ခဲ့သော ဝိညာဉ်လက်နက်မှာမူ သူ့ဆရာတူအစ်ကို၏ အလောင်းပေါ်သို့ ကျသွားလေပြီပင်။

"ဘယ်... ဘယ်လိုလုပ်ပြီး..."

လူထွားကြီးသည် တိုက်ခိုက်သူ၏ မျက်နှာကို မြင်ချင်သဖြင့် ခေါင်းကို အတင်းလှည့်ရန် ကြိုးစားလိုက်သည်။ အရိပ်မည်း၏ လက်မှာ အနည်းငယ် တုန်ခါသွားပြီး အမည်းရောင် စွမ်းအင်များ ထွက်ပေါ်လာကာ လူထွားကြီး၏ နှလုံးသားကို ချေမွပစ်လိုက်ပြီး သွေးနှင့် အဆီအနှစ်များကို အလျင်အမြန် စုပ်ယူလိုက်လေ၏။

သွေးနှင့် အဆီအနှစ်များ လျင်မြန်စွာ ဆုံးရှုံးသွားသည်ကို ခံစားလိုက်ရသောအခါ၌ လူထွားကြီး၏ မျက်လုံးများမှာလည်း ပြူးကျယ်သွားတော့၏။

"မိစ္ဆာ... လမ်းစဉ်... ကျင့်ကြံသူ..."

ထိုနောက်ဆုံးစကားနှင့်အတူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားပြီး အသက်စွမ်းအားများ လုံးဝ ချုပ်ငြိမ်းသွားလေသည်။ သေဆုံးချိန်အထိ သူ့ကို ဘယ်သူတိုက်ခိုက်လိုက်မှန်း မမြင်တွေ့လိုက်ရပေ။

လူထွားကြီး သေဆုံးသွားသည်နှင့် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားလေသည်။ သို့သော် အမည်းရောင် စွမ်းအင်များ ဖုံးလွှမ်းနေသော လက်တစ်ဖက်က ညင်သာစွာ တားဆီးလိုက်ပြီး ဖမ်းဆုပ်ထားလိုက်၏။

"တတိယမြောက် ကမ္ဘာ့မူလအစ ချီစွမ်းအင်... ကောင်းတယ်... ဒီသုံးခုနဲ့ဆိုရင် ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ် အပြည့်အဝ ဖြစ်လာတော့မယ်"

အေးစက်သော ပုံစံရှိသော်လည်း ထိုသူမှာ ဝမ်းသာသွားသည်။ သို့သော် သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

"ဒီ တာအိုဆရာတွေက တကယ် အာရုံနောက်စရာ ကောင်းတာပဲ... ထားလိုက်တော့။ ငါ့မှာ ကမ္ဘာ့မူလအစ ချီစွမ်းအင် သုံးခု ရပြီဆိုတော့ သွားရမယ့်အချိန် ရောက်ပြီ"

ထိုသို့ပြောပြီး အနက်ရောင်ဝတ်စုံဝတ်ထားသူသည် ကမ္ဘာ့မူလအစ ချီစွမ်းအင်ကို ကျောက်စိမ်းပုလင်းထဲ ထည့်ကာ ပျောက်ကွယ်သွားလေသည်။

သူ ပျောက်ကွယ်သွားပြီး မကြာမီမှာပင် ဝတ်ရုံများ ဝတ်ဆင်ထားသော တာအိုဆရာအများအပြား လမ်းကြားထဲသို့ ရောက်လာကြသည်။ လင်းကျိယွဲ့သာ ရှိနေပါက ထိုအထဲမှ တစ်ယောက်မှာ ချင်းယန်ဘုရားကျောင်း မှ ယန်မင်း ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။

"ထပ်လွတ်သွားပြန်ပြီပဲ"

ယန်မင်းသည် မြေပြင်မှ အလောင်းများကို လျစ်လျူရှုကာ ဝိညာဉ်စွမ်းအားဖြင့် လမ်းကြားထဲမှ အငွေ့အသက်များကို အာရုံခံကြည့်လိုက်ပြီး စိတ်ပျက်သွားသည်။ သူသည် ပါကွားသံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ကာ စိတ်စွမ်းအားဖြင့် လှုပ်ရှားလိုက်သည်။

သံလိုက်အိမ်မြှောင်မှ မြှားတံသည် လျင်မြန်စွာ လည်ပတ်လာလေသည်။

"အစ်ကိုယန်မင်း... ခုနက အလင်းတန်းကို ယူသွားတဲ့သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဆိုတာ သေချာရဲ့လား" တာအိုဆရာတစ်ယောက်က မေးလိုက်သည်။

"မမှားနိုင်ဘူး... အဲ့ဒီကောင်က ရုပ်ဖျက်ကောင်းပေမဲ့ သူ့အငွေ့အသက်က မိစ္ဆာကျင့်စဉ် အစစ်အမှန်ပဲဆိုတာ ငါပြောရဲတယ်" ယန်မင်းက အတည်ပြုပြောလိုက်သည်။

"ဒါပေမဲ့ မိစ္ဆာဂိုဏ်းလက်ကျန်တွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ရှင်းလင်းပြီးပြီ မဟုတ်လား။ ဒီလူက ဘယ်ကနေများ ဒီလို သန့်စင်တဲ့ မိစ္ဆာသိုင်းတွေကို သင်ထားတာပါလိမ့်" နောက်ထပ် တာအိုဆရာတစ်ယောက်က နားမလည်စွာ မေးလိုက်သည်။

"ဒါကြောင့်မို့ ငါတို့ သူ့ကို ဖမ်းဖို့လိုတာပေါ့။ ကံမကောင်းတာက မြို့တော်မြတ်က ပျံသန်းခြင်းကို တားမြစ်ထားတော့ ငါတို့ရဲ့ ဝိညာဉ်လက်နက်တွေကို သုံးမရဘူး ဖြစ်နေတယ်။ ကဲ... သူထွက်ပြေးတဲ့ လမ်းကြောင်း တွေ့ပြီ... လိုက်ကြစို့"

ယန်မင်း ဦးဆောင်သော ချင်းယန်ဘုရားကျောင်းမှ တာအိုဆရာများသည် အနက်ရောင်ဝတ်စုံဝတ်ထားသူ နောက်သို့ လိုက်လံဖမ်းဆီးကြသည်။ သို့သော် အနက်ရောင်ဝတ်စုံဝတ်ထားသူမှာ အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ ခြေရာခံကိရိယာ ရှိသော်လည်း သူတို့ကို အမြဲတမ်း လက်တစ်လုံးခြား လှည့်စားသွားလေ့ရှိ၏။

"တောက်"

အနက်ရောင်ဝတ်စုံဝတ်ထားသူကို မျက်ခြေပြတ်သွားပြန်သဖြင့် ယန်မင်း၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေလေ၏။ ဒီမိစ္ဆာကောင်က သိပ်ကို ပါးနပ်လွန်းသည်။ သူ့ကို မိအောင်ဖမ်းပြီး ကောင်းကောင်း ပညာပေးရမည်ပင်။

ယန်မင်းသည် သံလိုက်အိမ်မြှောင်ကို ထုတ်၍ ထပ်မံခြေရာခံရန် ပြင်လိုက်စဉ် သူ၏ နှလုံးသားထဲတွင် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ ဘာဖြစ်မှန်း မသိခင်မှာပင် နောက်မှ တာအိုဆရာတစ်ယောက်က ကောင်းကင်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်၏။

"အဲဒါ ဘာကြီးလဲ"

ယန်မင်း မော့ကြည့်လိုက်သည်။ နောက်တစ်ခဏတွင်တော့ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာလေသည်။

"အတိဒုက္ခတိမ်တိုက်တွေ ဒီလို အတိဒုက္ခသင့်ထားတဲ့အရာက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ"

"အတိဒုက္ခတိမ်တိုက် ဟုတ်လား... အစ်ကိုယန်မင်း အဲဒါကို သိလို့လား"

သို့သော် ယန်မင်း ပြန်မဖြေနိုင်အားပေ။ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ကောင်းကင်မှ မီးခိုးရောင် တိမ်တိုက်ကို စိုက်ကြည့်နေမိသည်။

"ဘာကြီးလဲဟ"

"တိမ်တိုက်လား... ဘယ်လိုလုပ် တိမ်တိုက်က ဒီလောက်နိမ့်နေရတာလဲ။ ပြီးတော့ မီးခိုးရောင်ကြီး..."

"ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ... နောက်ထပ် အခွင့်အရေးတစ်ခု ပေါ်လာတော့မှာလား"

မြို့တော်ထဲရှိ အခြားသူများလည်း ထိုထူးဆန်းသော ဖြစ်စဉ်ကို သတိထားမိလိုက်ကြသည်။ မီးခိုးရောင် တိမ်တိုက်၏ အရှိန်အဝါမှာ အလွန်အန္တရာယ်များလှပြီး ကျင့်ကြံသူတိုင်းကို တုန်လှုပ်စေသည်။

"အတိဒုက္ခတိမ်တိုက်တွေလား... ကမ္ဘာ့စည်းမျဉ်းတွေ အခုမှ တည်ငြိမ်တာလေ။ ဘယ်လိုလုပ် အတိဒုက္ခတိမ်တိုက်တွေ ပေါ်လာနိုင်မှာလဲ"

ယန်မင်းတို့နှင့် လမ်းအနည်းငယ်ခြားနေသော နေရာမှ အနက်ရောင်ဝတ်စုံဝတ်ထားသူလည်း မီးခိုးရောင် တိမ်တိုက်ကို ကြည့်ပြီး တုန်လှုပ်နေသည်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံကြောင့် သူ၏ ဗဟုသုတမှာ သူ၏ ကျင့်ကြံမှုအဆင့်ထက် များစွာသာလွန်သည်။ သူသည် အတိဒုက္ခတိမ်တိုက်စစ်စစ်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်၏။

အတိဒုက္ခတိမ်တိုက်များသည် လောကစည်းမျဉ်းများကို ချိုးဖောက်သော ထူးခြားသည့်အရာတစ်ခုခု မွေးဖွားလာမှသာ ပေါ်လာလေ့ရှိသည်။

"ဘာများ မွေးဖွားလာမှာမလို့လဲ။ သက်ရှိတစ်ခုခုလား... ရတနာတစ်ခုခုလား"

အနက်ရောင်ဝတ်စုံဝတ်ထားသူမှာလည်း မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသော်လည်း အတိဒုက္ခတိမ်တိုက် ပေါ်လာခြင်းကြောင့် ခြေစုံရပ်သွားတော့၏။ အကယ်၍ ရှားပါးရတနာတစ်ခု မွေးဖွားလာခြင်းဖြစ်ပြီး သူလွဲချော်သွားပါက တစ်သက်လုံး နောင်တရနေပေလိမ့်မည်။

ရတနာတစ်ခု မွေးဖွားလာခြင်း ဖြစ်နိုင်ခြေများသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့စည်းမျဉ်းများ အသစ်ပြန်လည်သတ်မှတ်ထားခါစ ဖြစ်သောကြောင့် ကောင်းကင်ကို အံတုနိုင်သော လူပုဂ္ဂိုလ်တစ်ဦး ပေါ်လာရန် မဖြစ်နိုင်ပေ။ မြင့်မြတ်သောတောင်တော်ပေါ်မှ အဘိုးကြီးသုံးယောက်တောင်မှ ဒီလောက်အထိ ကောင်းကင်ကို အံတုနိုင်စွမ်း မရှိကြပေ။

ထို့ကြောင့် ရတနာတစ်ခုခု မွေးဖွားလာခြင်းသာ ဖြစ်ရမည်။ ဤမြို့သည် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော မြို့ဖြစ်သဖြင့် မသေမျိုးကျင့်ကြံရေးခေတ်က ရတနာများ မြှုပ်နှံထားခြင်း ဖြစ်နိုင်သည်။

ဤအချက်ကို တွေးမိပြီး အနက်ရောင်ဝတ်စုံဝတ်ထားသူ၏ မျက်လုံးများတွင် လိုချင်တပ်မက်စိတ်များ အရောင်တောက်လာတော့၏။ သူသည် တွန့်ဆုတ်မနေတော့ဘဲ အတိဒုက္ခတိမ်တိုက် ရှိရာသို့ အလျင်အမြန် ပြေးသွားလေတော့သည်။

All Chapters