← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း(413)

နောက်တစ်နေ့ မနက်တွင်တော့ လင်းကျန်းအန်း ပုံမှန်ထက်စော၍ နိုးလာခဲ့သည်။

သူက ပစ္စည်းများကို အမြန်ဆုံး သိမ်းဆည်းလိုက်ပြီးနောက် အောက်ထပ်ရှိ တည်းခိုခန်း၏ ဧည့်ခန်းသို့ ဆင်းလာခဲ့လေသည်။

သူက စားပွဲထိုးနှင့် ရင်းနှီးနေသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့်စကားအနည်းငယ် သွားပြောခဲ့သည်။

သူက ယနေ့တွင် အတော်လေး အိပ်ပျော်သွားသောကြောင့် နောက်ကျမှ နိုးလာကြောင်းဦးစွာပြောခဲ့သည်။ ထို့နောက် ဧည့်ခန်းထဲတွင်လည်း တခြားလူများကို မတွေ့ရသေးသောကြောင့် အပြင်သို့ထွက်သွားကြပြီလားဟု မေးမြန်းလိုက်ပြန်၏။

စားပွဲထိုးကလည်း သူ၏ စကားကို သံသယမဝင်ပါချေ။ သူက လင်းကျန်းအန်းကို အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ရှင်ကသာ နောက်ကျမှ နိုးလာတယ်ပြောနေတာ၊ ဒီနေ့ အောက်ထပ်ကို ပထမဆုံး ဆင်းလာတဲ့သူက ရှင်ပဲလေ၊ တခြားလူတွေကတော့ အခုထိ အိပ်ရာထဲမှာ အိပ်နေကြတုန်း ထင်တယ်.. ဟားဟား”

စားပွဲထိုး၏ စကားကြောင့် လင်းကျန်းအန်းတစ်ယောက် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည်က တခြားသောလူများ၏ အခြေအနေကို ဂရုမစိုက်ပါချေ။

ထိုလူနှစ်ဦး အပြင်ထွက်သွားပြီလားဆိုသည်ကိုသာ သိလိုခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင်တော့ သူက အောက်ထပ်သို့ ပထမဆုံး ဆင်းလာသူဖြစ်ကြောင်းကို သိရှိရပြီပင်။

ဆက်လက် လုပ်ဆောင်ရမည့် တာဝန်မှာ အောက်ထပ်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းရန်နှင့် ထိုလူနှစ်ဦး ဆင်းလာသည့်အချိန်တွင် နောက်မှ လိုက်သွားရန်ပင် ဖြစ်ပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ထိုလူနှစ်ဦးလည်း နိုးလာကြပြီး ပစ္စည်းများကို ဖြည်းညင်းစွာ သိမ်းဆည်းကာ အောက်ထပ်သို့ ဆင်းလာကြလေသည်။

ထိုသူတို့ ဆင်းလာချိန်တွင် သူတို့၏ လက်ထဲ၌ အိတ်နှစ်အိတ်ကို သယ်ဆောင်လာကြ၏။

လင်းကျန်းအန်း၏ ဘေးမှ ဖြတ်သွားချိန်တွင်တော့ ထိုအိတ်ထဲမှဆေးဖက်ဝင် ပစ္စည်းများ၏ ရနံ့ကို သူ ရရှိလိုက်လေသည်။ ထို့ကြောင့် ထိုအိတ်များထဲတွင် ဆေးဝါးများရှိနေလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

ကြည့်ရသည်မှာ သူတို့က ယမန်နေ့ညက ပြောခဲ့သော အစီအစဉ်အတိုင်း မြို့တော်ဆေးရုံသို့ ထပ်မံ သွားကြဦးမည့်ပုံပင်။

လင်းကျန်းအန်းလည်း သူတို့ တည်းခိုခန်းမှ ထွက်သွားသည်နှင့် အနောက်ဘက်မှ ဖြည်းညင်းစွာ လိုက်ပါသွားခဲ့လေသည်။

ထို့အပြင် မနေ့ညက စုန့်ရှီးယန်၏ စကားများကြောင့် လင်းကျန်းအန်းအနေဖြင့် အပြင်သို့ ထွက်လာချိန်တွင် စုန့်ရှီးယန်က အကွယ်မှ စောင့်ကြည့်နေခြင်း ရှိ၊ မရှိ သိလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေခဲ့သေးသည်။

သို့သော်လည်း လင်းကျန်းအန်း မည်သို့မျှ ရှာဖွေသည်ဖြစ်စေ စုန့်ရှီးယန်အား မတွေ့ရှိခဲ့ပါချေ။

သို့သော် သူ့စိတ်ထဲတွင် စုန့်ရှီးယန်အပေါ် အထင်ကြီး လေးစားမှုများ ပေါ်ပေါက်လာခဲ့ရလေသည်။

ကြည့်ရသည်မှာ ဤကောင်လေး၏ စွမ်းဆောင်ရည်က သာမန်လူများ လိုက်မမီနိုင်လောက်အောင်ပင် မြင့်နေခဲ့သည့်ပုံပင်။

လင်းကျန်းအန်း ထိုလူနှစ်ဦး၏ နောက်မှ လိုက်ပါသွားပြီး မကြာမီမှာပင် စုန့်ရှီးယန်သည်လည်း လမ်းထောင့်တစ်ခုမှ ထွက်လာခဲ့လေသည်။

သူ့အနေဖြင့် လင်းကျန်းအန်းက ထိုလူနှစ်ဦး၏ အကြောင်းကို သိရှိသွားပြီး နောက်မှ လိုက်သွားမည်ဟု မမျှော်လင့်ခဲ့ပါချေ။

သို့သော်လည်း သတိကြီးစွာ ထားရမည်ဖြစ်သောကြောင့် သူ့အနေဖြင့် လင်းကျန်းအန်းနှင့်အတူ သွားရောက်ပူးပေါင်း၍ နောက်မှ လိုက်သွားခြင်းမျိုးမလုပ်ခဲ့ပေ။

သူက လင်းကျန်းအန်းနှင့် အတော်လေး ဝေးကွာသော နေရာမှနေ၍သာ ထိုလူနှစ်ဦးအား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့လေသည်။

နောက်ဆုံးတွင် စုန့်ရှီးယန်သည်လည်း ထိုလူနှစ်ဦး၏ နောက်မှ မြို့တော်ဆေးရုံသို့ လိုက်ပါလာခဲ့လေသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ သူက အထဲသို့ ထပ်မံ မဝင်တော့ပါချေ။ မည်သို့ပင်ဖြစ်စေ ကျိုးကျယ်ပင်း ရှိနေသရွေ့ ဤလူနှစ်ဦးက မည်သို့သော အခြေအနေမျိုး၊ မည်သို့သော လျှော့ဈေးမျိုးကို ပေးနေလျှင်ပင် မြို့တော်ဆေးရုံဘက်မှ သူတို့နှင့် ပူးပေါင်းဆောင်ရွက်လိမ့်မည် မဟုတ်ကြောင်းကို သူ ကောင်းစွာ သိရှိထားသည်။

ယခု စုန့်ရှီးယန် စောင့်ဆိုင်းနေသည်မှာ ထိုလူနှစ်ဦးက မြို့တော်ဆေးရုံတွင် သူတို့၏ ရည်မှန်းချက် မအောင်မြင်သည့်အချိန်တွင် မည်သို့ ဆက်လက် လုပ်ဆောင်မည်နည်းဟူသောအချက်ကိုသာ ဖြစ်လေသည်။

ယမန်နေ့က စုန့်ရှီးယန် ဤလူနှစ်ဦး၏ အခြေအနေကို စုံစမ်းခဲ့သည်။

သူတို့မှာ လုပ်ငန်းတိုးချဲ့ရန်အတွက်သာ အပြင်သို့ထွက်လာကြသူများသာဖြစ်ပြီး စက်ရုံ၏ အဓိက တာဝန်ရှိသူများ မဟုတ်ကြောင်းကို သိရှိခဲ့ရသည်။

ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို မဆွေးနွေးနိုင်သည့်အချိန်တွင် သူတို့၌ တခြားသော အရန် အစီအစဉ်များရှိနိုင်သေးသည်။

အကယ်၍ သူတို့၏ အရန်အစီအစဉ်များ အားလုံးမှာလည်း အလုပ်မဖြစ်ခဲ့လျှင် သူတို့က မြို့တော်ဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် လုံးဝ လက်လျှော့လိုက်ကြမည်လား၊ သို့မဟုတ် အကြံဉာဏ်ပေးနိုင်မည့် တခြားလူများထံသို့ ဆက်သွယ်ကြမည်လားဟူသည်ကိုကြည့်ရမည်။

ဤဆေးဝါးကုမ္ပဏီမှာ ယခုတလော ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ကို ကြည့်လျှင် သူတို့၏ ရွေးချယ်မှုမှာ ဒုတိယနည်းလမ်းသာ ဖြစ်လိမ့်မည်ဟု စုန့်ရှီးယန်ယုံကြည်သည်။

သို့ဖြစ်၍ ယခု သူ လုပ်ဆောင်ရမည့်အလုပ်မှာ ကျိုးကျယ်ပင်းက ထိုသူနှစ်ဦးအား ပြတ်သားသော အမူအရာဖြင့် ထပ်မံ ငြင်းပယ်လိုက်မည့်အချိန်ကို စောင့်ဆိုင်းရန်နှင့် ထိုအချိန်တွင် သူတို့ ရှာဖွေမည့် နည်းလမ်းကို မျက်ခြေမပြတ် လိုက်လံစောင့်ကြည့်ရန်ပင် ဖြစ်ပေသည်။

ယခုတစ်ကြိမ်တွင်လည်း ကျိုးကျယ်ပင်းမှာ စုန့်ရှီးယန်အား စိတ်မပျက်စေခဲ့ပါချေ။ နာရီဝက်ပင် မပြည့်သေးမီမှာပင် ထိုလူနှစ်ဦးက ဆဲဆိုကြိမ်းမောင်းလျက် မြို့တော်ဆေးရုံအတွင်းမှ ထွက်လာကြသည်ကို သူ မြင်တွေ့လိုက်ရလေသည်။

စုန့်ရှီးယန်က ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မဲ့ပြုံးတစ်ချက်ကို ပြုံးလိုက်မိ၏။

ကိစ္စရပ်များက သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာပုံရသည်။

ထိုလူနှစ်ဦး သူဘေးမှ ဖြတ်မသွားမီမှာပင် စုန့်ရှီးယန်က သူတို့ကို ကျောခိုင်းလိုက်ပြီး သူတို့၏ စကားဝိုင်းကို အာရုံစိုက်နားထောင်လိုက်သည်။

“ဒီလူတွေက ဘာဖြစ်နေကြတာလဲ.. လောဘတက်တာလည်း အတိုင်းအတာ ရှိရဦးမှာပေါ့၊ ငါတို့က အနိမ့်ဆုံး ဈေးနှုန်းအထိ ပေးထားတာတောင် မရသေးဘူးဆိုတော့ ဘာဆက်လုပ်ရမလဲ

ငါ ဒီအတိုင်းတော့ မပြန်ချင်ဘူး၊ မဟုတ်ရင် စက်ရုံမှူး ဆူပူတာကို ခံရမယ့်အပြင် လစာလည်း အဖြတ်ခံရဦးမှာ!”

“ဒါက ငါတို့ ထင်ထားတာထက် ပိုပြီး ခက်ခဲနေသလိုပဲ၊ သူတို့က ဈေးနှုန်းကို တကယ်ကြီး ဂရုမစိုက်ကြတာလို့တောင် ထင်တယ်

မင်း ပြောကြည့်.. သူတို့က ငါတို့ရဲ့ ဆေးဝါးတွေမှာ တစ်ခုခု မှားယွင်းနေတာကိုများ ရိပ်မိသွားကြတာလား”

“ရှူး... အသံတိုးတိုးပြောစမ်းပါ!”

ထိုသူနှစ်ဦးက လေသံကို လျှော့၍ ပြောဆိုကြရင်း တဖြည်းဖြည်း ဝေးကွာသွားကြသောကြောင့် စုန့်ရှီးယန်လည်း မည်သည်ကိုမျှ ထပ်မံ မကြားရတော့ပါချေ။

စုန့်ရှီးယန်၏ နောက်တွင်ရှိနေခဲ့သော လင်းကျန်းအန်းက စုန့်ရှီးယန်ကို မြင်တွေ့နေခဲ့ပေပြီ။

သို့သော် စုန့်ရှီးယန်က တာဝန်ဖြင့် ရှိနေခြင်းဖြစ်သောကြောင့် သူက စုန့်ရှီးယန်အား စကားမပြောဘဲ တစ်ချက်သာ ကြည့်လိုက်လေ၏။

ထို့နောက် သူ့ကို ဖြတ်ကျော်၍ ထိုလူနှစ်ဦး၏ နောက်မှ ဆက်လက် လိုက်သွားခဲ့လေသည်။

စုန့်ရှီးယန်သည်လည်း ယောက္ခမဖြစ်သူ လိုက်သွားသည်ကို မြင်ချိန်တွင် အနောက်မှ ထပ်ကြပ်မကွာလိုက်သွားခဲ့ပြန်သည်။

ဆိုရလျှင် သူတို့နှစ်ဦးလုံးက ထိုဆေးဝါးစက်ရုံမှ လူနှစ်ဦးမှာ တခြားသော ကိစ္စများ မလုပ်ဆောင်မီ တည်းခိုခန်းသို့ပြန်ကာ သူတို့၏ အိတ်များကို ထားခဲ့လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် မမျှော်လင့်ဘဲ ထိုလူနှစ်ဦးက အိတ်များကို သယ်ဆောင်လျက် နေရာတစ်ခုသို့ တိုက်ရိုက်ဦးတည်သွားခဲ့ကြလေ၏။

ထိုလူနှစ်ဦးက သူတို့ သွားချင်သည့် နေရာကို ရင်းနှီးပုံမရပါချေ။ သူတို့က အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ထိုစာရွက်ပေါ်တွင် ရေးထားသော လိပ်စာကို ကြည့်ကာ လမ်းရှာဖွေနေခဲ့ကြသည်။

သူတို့ ဦးတည်သွားသော လမ်းမှာ မြို့ဆင်ခြေဖုံးဘက်သို့ ဖြစ်နေပုံရသည်။

စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့မှာလည်း မြို့လယ်မှနေရာများကို ရင်းနှီးကြသော်လည်း မြို့အစွန်ရှိ နေရာများကိုတော့ သိပ်မသိရှိကြပါချေ။ ကံကောင်းစွာဖြင့် ထိုလူနှစ်ဦးကလည်း ဤဒေသကို လုံးဝ မရင်းနှီးကြသောကြောင့် သူတို့အား မျက်ခြေပြတ်သွားမည်ကို စိုးရိမ်စရာ မရှိခဲ့ချေ။

နောက်ဆုံးတွင် ထိုလူနှစ်ဦးက တိုက်ပုကလေး တစ်လုံး၏ တံခါးဝတွင် ရပ်တန့်လိုက်ကြသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။

မြို့ဆင်ခြေဖုံးတွင် အိမ်ခြေများများစားစား မရှိသောကြောင့် မြေနေရာက အလွန်ပင် ကျယ်ဝန်းပြီး တစ်အိမ်နှင့် တစ်အိမ် အကွာအဝေးမှာလည်း များစွာ ဝေးကွာနေခဲ့သည်။

သို့သော်လည်း သူတို့က မြို့ပြနေ ပြည်သူများသာ ဖြစ်ကြသောကြောင့် ဤနေရာရှိ နေထိုင်သူ အများစုမှာ နေ့ခင်းဘက်တွင် အလုပ်သွားကြရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်က အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

ထိုလူနှစ်ဦးက အိမ်အပြင်ရှိ အိမ်နံပါတ်ကို ကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင် ခြံဝင်းတစ်ခု၏ တံခါးဝတွင် ရပ်တန့်လိုက်ကြလေသည်။

“ဒီနေရာလား”

“လိပ်စာသာ မှန်မယ်ဆိုရင်တော့ ဒီနေရာပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် အရင်ဆုံး တံခါးခေါက်ပြီး မေးကြည့်ကြတာပေါ့

ငါတို့သာ ဖြေရှင်းချက်တစ်ခုလောက် အမြန်မရှာနိုင်ဘူးဆိုရင် နောက်ထပ် ဆေးရုံတစ်ခုကို ဘယ်လိုလုပ်သွားနိုင်တော့မှာလဲ”

“ကောင်းပြီ... ဒါဆို ငါ တံခါးသွားခေါက်လိုက်မယ်!”

ထိုသူနှစ်ဦးထဲမှ တစ်ဦးက သူ့ရှေ့မှ တံခါးကို အားပြင်းပြင်းနဲ့ ထုလိုက်ပြီး အထဲသို့ လှမ်းအော်လိုက်လေတော့သည်။

“ရဲဘော်စုန့် ရှိလား၊ ကျွန်တော်တို့က လီကျားတပ်မဟာက လာတာပါ!”

အနီးတွင် ပုန်းအောင်းနေသော လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့မှာ ထိုလူ၏ စကားကို ကြားရချိန်တွင် ခေတ္တမျှ အံ့သြသွားကြရသည်။

အထူးသဖြင့် “ရဲဘော်စုန့်” ဟူသော စကားလုံးကြောင့်ပင်။

စုန့်မျိုးရိုး နောက်တစ်ယောက်လား။ ဒီဘက်ခေတ်မှာ စုန့်မျိုးရိုးတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။

သူတို့အနေဖြင့် တိုက်ဆိုင်မှုတစ်ခုဟုသာ ထင်မှတ်နေခဲ့သော်လည်း အထဲမှ တံခါးပွင့်လာပြီး လူတစ်ယောက် ထွက်လာချိန်တွင်တော့ နှစ်ဦးလုံး ကြောင်အမ်းသွားကြရလေတော့သည်။

ခြံဝင်းတံခါးက လျင်မြန်စွာ ပွင့်လာခဲ့ပြီးနောက် စုန့်ဝေ့ ထွက်လာခဲ့လေသည်။

စုန့်ဝေ့လား။

ဘာလို့ သူ ဖြစ်နေရတာလဲ!

“မင်းတို့ နှစ်ယောက်က.. ဘယ်သူတွေလဲ”

“ ခင်ဗျားက ရဲဘော်စုန့်မလား. ကျွန်တော်တို့ကို ဦးလေးဟွားက လွှတ်လိုက်တာပါ၊ ဦးလေးဟွားကိုတော့ ခင်ဗျား မှတ်မိမှာပါ၊ သူက...”

“သိပြီ၊ အရင်ဆုံး အထဲကိုဝင်ကြဦး ပြောစရာ ရှိတာတွေကိုတော့ အထဲရောက်မှပဲ အေးအေးဆေးဆေးပြောကြတာပေါ့!”

ထိုသို့ ပြောပြီးသည်နှင့် စုန့်ဝေ့က ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုလိုက်လေသည်။

မည်သူမျှ သတိမထားမိသည်ကို မြင်ရမှသာ ထိုလူနှစ်ဦးအား အိမ်ထဲသို့ အမြန်ခေါ်သွင်းလိုက်လေ၏။

ခြံဝင်းတံခါးက ပြန်လည် ပိတ်သွားပြီး သူတို့ သုံးဦးလုံး အိမ်ထဲသို့ ဝင်သွားသည်ကို မြင်ရမှသာ စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့လည်း ပုန်းအောင်းနေသော နေရာမှ ထွက်လာခဲ့ကြသည်။

*

အခန်း(414)

ယခုအချိန်တွင် ပတ်ဝန်းကျင်တွင် ၎င်းတို့နှစ်ဦးတည်းသာ ရှိနေတော့သည့်အတွက်ကြောင့် တစ်ဦးကိုတစ်ဦး မသိသကဲ့သို့ ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

စုန့်ရှီးယန်က တည်ငြိမ်လေးနက်သော မျက်နှာအမူအရာဖြင့် လင်းကျန်းအန်း၏အနားသို့ လျှောက်သွားလိုက်၏။

“အဖေ... ခုနကလူက စုန့်ဝေ့ပဲ၊ ကျွန်တော် မှတ်မိတာ မှန်တယ်မလား”

လင်းကျန်းအန်း၏ မျက်ခုံးတို့ကလည်း အနည်းငယ် တွန့်ချိုးနေခဲ့သည်။ တစ်ဖက်လူ၏စကားကို ကြားချိန်တွင် သူက ခေါင်းညိတ်ပြလိုက်ပြီး စုန့်ရှီးယန်ကို အလေးအနက် ပြန်ပြောကြားလေ၏။

“သူပဲ... ငါ့အနေနဲ့ စုန့်ဝေ့ရဲ့ ရုပ်ရည်ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး”

သို့သော်လည်း စုန့်ဝေ့က ထိုလူနှစ်ဦးနှင့် မည်သို့ပတ်သက်နေသည်ကိုတော့ လင်းကျန်းအန်း စဉ်းစား၍ မရနိုင်ခဲ့ပေ။

ထို့ထက် ပို၍ အရေးကြီးသည်မှာ မတိုင်ခင်က စုန့်ဝေ့၏ သတိကြီးနေသည့် ပုံစံအရ ထိုလူနှစ်ဦးနှင့် တွေ့ဆုံသည့် မြင်ကွင်းကို တခြားသူများ မြင်တွေ့သွား၍ မဖြစ်ကြောင်းကို သူကိုယ်တိုင် သိရှိနားလည်ထားပုံရသည်။

သို့ဆိုလျှင် ဤကိစ္စရပ်များ၏ နောက်ကွယ်တွင် တကယ်ပင် စုန့်ဝေ့ ရှိနေခဲ့ခြင်း ဖြစ်နိုင်သည်လား။

သူ ဤကိစ္စနှင့် မည်သို့ ဆက်သွယ်မိသွားသနည်း။ ဤမျှ အလှမ်းဝေးကွာလွန်းသည့် တပ်မဟာရှိလူများနှင့် မည်သို့ ဆက်သွယ်ခဲ့ပါသနည်း။

ဤမေးခွန်းများက လင်းကျန်းအန်းကို အလွန်ရှုပ်ထွေးစေခဲ့လေ၏။

စုန့်ရှီးယန်ကတော့ ထိုမျှအထိ အဝေးကြီး မစဉ်းစားသေးပေ။ သူ၏ လက်ရှိတာဝန်မှာ ထိုလူနှစ်ဦးကို မျက်ခြေမပြတ် စောင့်ကြည့်ရန်နှင့် ဤကာလအတွင်း သူတို့ မည်သူနှင့် တွေ့ဆုံကြသည်ကို အာရုံစိုက်ရန်သာ ဖြစ်သည်။

ထိုသို့ တွေ့ဆုံသူသည်လည်း ထိုလူနှစ်ဦးကဲ့သို့ပင် သံသယဝင်သင့်သူဖြစ်ပေလိမ့်မည်။

ထို့အပြင် မတိုင်ခင်က စုန့်ဝေ့၏ အမူအရာကလည်း သူ၌ တစ်ခုခု မှားယွင်းနေကြောင်း သက်သေပြနေခဲ့သည်။ ထို့ကြောင့် စုန့်ရှီးယန်က ယခုအချိန်တွင် စုန့်ဝေ့ကို ပိုမို အသေးစိတ် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်လေ၏။

လက်ရှိတွင် ထိုလူနှစ်ဦးက စုန့်ဝေ့၏ အိမ်တွင် မည်မျှကြာအောင် စကားပြောနေကြမည် သို့မဟုတ် မည်သည့်အချိန်တွင် ပြန်ထွက်လာမည်ကို စုန့်ရှီးယန် မသိရှိသေးပေ။

ထို့အပြင် စုန့်ဝေ့နှင့် ပတ်သက်၍ ဖြေရှင်းရန် လိုအပ်သည့် ပြသနာများစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူသည် ဤနေရာသို့ မည်သို့ ပြောင်းရွှေ့လာသည်၊ ဆေးဝါးစက်ရုံ မှူး သို့မဟုတ် တခြားအရာရှိများနှင့် မည်သို့ ပတ်သက်မှု ရှိသည်တို့ကို သိရန်လိုအပ်သည်။

ဤအချက်များကို အမြန်ဆုံး စုံစမ်းရန် လိုအပ်လေသည်။

ထို့ကြောင့် စုန့်ရှီးယန် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် လင်းကျန်းအန်းကို ဤနေရာ၌ ထိုလူနှစ်ဦးကို ခေတ္တစောင့်ကြည့်ပေးရန် အကူအညီ တောင်းလိုက်လေ၏။

သူကိုယ်တိုင်ကတော့ စုန့်ဝေ့၏ အခြေအနေကို အမြန်ဆုံး စုံစမ်းနိုင်ရန် တခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးကို သွားရောက် အကြောင်းကြားရန် ပြင်ဆင်လိုက်သည်။

တကယ်တမ်းတွင် လင်းကျန်းအန်းက ကိစ္စအားလုံးကို သိရှိထားပြီး ဖြစ်သောကြောင့် သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

လင်းကျန်းအန်းသည်လည်း ဤရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် စုန့်ရှီးယန်၏ တောင်းဆိုချက်ကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။

“ကောင်းပြီ... မင်းသွားစရာရှိတာ သွားလိုက်၊ အဖေ ဒီနေရာကို စောင့်ကြည့်ထားလိုက်မယ်၊ ကျန်တဲ့ကိစ္စတွေကိုတော့ ညဘက် အိမ်ပြန်ရောက်မှပဲ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့”

“အဖေ.. ဂရုစိုက်ဦးနော်၊ ကျွန်တော် အမြန်သွားလိုက်မယ်”

ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး လင်းကျန်းအန်းတစ်ဦးတည်းသာ အပြင်ဘက်တွင် ထိုလူနှစ်ဦးကို စောင့်ဆိုင်းရင်း ကျန်ရစ်ခဲ့လေ၏။

ထိုအချိန်တွင် ခြံထဲ၌...

စုန့်ဝေ့က လူနှစ်ဦးကို အထဲသို့ ခေါ်ဆောင်လာပြီးနောက် လီရှို့လီကို ဧည့်ခန်းထဲမှ ချက်ချင်း မောင်းထုတ်ရန်အတွက် ပြောလိုက်သည်။

“ဧည့်သည်တွေ ရောက်နေတယ်၊ သွားပြီး ရေနွေးနှစ်အိုးလောက် တည်လိုက်ဦး၊ ပြီးရင် လက်ဖက်ရည်ကောင်းကောင်းလေး ဖျော်ခဲ့လိုက်”

လီရှို့လီလည်း ထိုစကားကို ကြားလျှင် ဧည့်သည်များ ရှေ့တွင် စုန့်ဝေ့ကို မျက်နှာပျက်အောင် မလုပ်ချင်သောကြောင့် မီးဖိုချောင်ရှိသည့် အပြင်ဘက်သို့ နှေးကွေးစွာ လျှောက်လှမ်းသွားခဲ့ရလေ၏။

သို့သော် သူမအနေဖြင့် စုန့်ဝေ့က ယခုရက်ပိုင်းအတွင်း အလွန်အမင်း လျှို့ဝှက်လွန်းနေသည်ဟု တွေးတောကာ စိတ်ထဲမှ မကျေမနပ် ရေရွတ်နေမိသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း သူမ၏ ကွယ်ရာတွင် လူများစွာနှင့် တွေ့ဆုံခဲ့သေးသည်။

သူက တကယ်ကြီး သူမကို လုံးဝ မယုံကြည်တော့တာလား။

သူမက စကားဖွာတတ်သူ တစ်ယောက်လည်း မဟုတ်ဘူးလေ။

သူ့အကြောင်းတွေကို သူများတွေဆီမှာ သွားပြောပါ့မလား။

အထူးသဖြင့် ယခုအချိန်တွင် သူတို့နှစ်ယောက်က ဤကဲ့သို့ လူသူကင်းမဲ့သော တောအရပ်သို့ ပြောင်းရွှေ့လာကြရသောကြောင့် သူမ၏ စိတ်ထဲမှ စကားများကို ရင်ဖွင့်ပြောပြစရာ လူပင် မရှိတော့ချေ။

ထိုကိစ္စများကိုလည်း မည်သူ့ကိုမှလည်း ပြောမပြနိုင်ခဲ့ပေ။

ခြံဝင်း အပြင်ဘက်သို့ လျှောက်လာပြီးနောက် လီရှို့လီတစ်ယောက် တိတ်ဆိတ်ခြောက်သွေ့လွန်းသော အပြင်ဘက်မြင်ကွင်းကို ကြည့်ရှုရင်း ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်သည်။

ဒီလိုဆိုးဝါးလွန်းတဲ့ ဘဝကြီးဘယ်တော့မှပြီးဆုံးမှာလဲ။

သူမအနေနဲ့ မြို့လယ်ခေါင်မှာရှိတဲ့ တိုက်ခန်းတွေမှာ ဘယ်အချိန်မှ ပြန်နေရတော့မှာလဲ။

ဤစုန့်ဝေ့ကတော့ တစ်နေ့တစ်မျိုးဖြင့် သူသည်က ကြီးပွားချမ်းသာမည့် အလုပ်များကို လုပ်နေသည်ဟု ဆိုကာ သူမကို လိမ်ညာနေခဲ့သည်။

ထိုအလုပ်သာ အောင်မြင်သွားပါက သူတို့အနေဖြင့် မြို့လယ်ခေါင်သို့ ပြန်လည်ပြောင်းရွှေ့ပြီး ယခင်ကထက် ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ရမည်ဟု ပြောခဲ့သည်။

သို့သော် ထို ‘မကြာမီ’ ဆိုသည့် အချိန်က မည်သည့်အချိန်မှ ရောက်ရှိလာပါမည်နည်း။

*

လီရှို့လီကို အပြင်သို့ လွှတ်လိုက်ပြီးနောက်တွင် စုန့်ဝေ့နှင့် ထိုလူနှစ်ဦးတို့က အလုပ်ကိစ္စများကို စတင် ဆွေးနွေးကြလေ၏။

တကယ်တမ်းတွင် သူသည်က လက်ရှိဆေးဝါးစက်ရုံရေးမှူးနှင့် ဤကိစ္စကို ဆွေးနွေးထားခဲ့သည်။

သူ့အနေဖြင့် သူကိုယ်သူ လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းနှင့် တခြားသူများ၏ စုံစမ်းစစ်ဆေးခြင်းကို မခံချင်ခဲ့ပေ။

ထို့ကြောင့် နောက်ပိုင်းတွင် မလိုအပ်သော ပြဿနာများ သူထံသို့ ကူးစက်မလာစေရန်အတွက် အရေးကြီးသော ကိစ္စမဟုတ်ပါက သူ့ကို တိုက်ရိုက် ဆက်သွယ်ခြင်း မပြုလုပ်ရန် ပြောထားခဲ့ဖူးလေ၏။

သို့သော် ယခုအချိန်တွင် ဤလူနှစ်ဦးသည် သူ၏အမည်ကို အသုံးပြု၍ အိမ်တိုင်ရာရောက် ရောက်ရှိလာကြသည်။

ထို့ကြောင့် တစ်စုံတစ်ခုသော အကြောင်းထူး ရှိနေပေလိမ့်မည်။

ထိုလူနှစ်ဦးသည်လည်း အချိန်ဆွဲမနေတော့ဘဲ သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို စုန့်ဝေ့အား အလျင်အမြန်ပင် ရင်ဖွင့်ကြလေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း မြို့ပြဆေးရုံသို့ သွားရောက်ရာတွင် ကြုံတွေ့ခဲ့ရသော အမျိုးမျိုးသော အဟန့်အတားများအကြောင်းကို ပြောပြခဲ့ကြ၏။

သူတို့က ဆေးရုံတစ်ခုတွင် အရေးနိမ့်ခဲ့ရသည်ဟု ကြားလိုက်ရချိန်တွင် စုန့်ဝေ့အနေဖြင့် ဆေးရုံတစ်ခုကို အဆင်မပြေပါက လက်လျှော့ပြီး တခြားဆေးရုံသို့ ပြောင်းလဲရန် ပြောချင်ခဲ့သည်။

သို့သော်လည်း ထိုဆေးရုံမှာ ‘မြို့ပြဆေးရုံ’ ဖြစ်နေကြောင်းကို ကြားလိုက်ရချိန်တွင်တော့ သူ၏ မျက်ဝန်းအစများက သတိလက်လွတ် မှေးမှိန်သွားခဲ့ရလေသည်။

လက်ရှိတွင် မြို့ပြဆေးရုံက မည်သည့် ဆေးဝါးစက်ရုံနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို တခြားသူများ မသိနိုင်သော်လည်း သူကတော့ သေသေချာချာ သိရှိနေခဲ့သည်။

သူတို့က လင်းကျန်းအန်း တည်ထောင်ထားသည့် ဆေးဝါးစက်ရုံနှင့် ပူးပေါင်းထားခြင်းသာဖြစ်လေ၏။

ဤလင်းကျန်းအန်းမှာ အမှန်တကယ်ပင် အစွမ်းအစ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူတို့ဘက်မှ ဤမျှ ကြိုးစားအားထုတ်နေသော်လည်း မြို့ပြဆေးရုံကို လင်းကျန်းအန်း၏ လက်ထဲမှ လုယူနိုင်ခြင်း မရှိသေးချေ။

ကျိုးကြောင်းစီလျော်မှုအရ သူတို့အနေဖြင့် သုံးကြိမ်မြောက်အထိသာ သည်းခံသင့်သည်ဟု စုန့်ဝေ့ တွေးမိပေသည်။

စာရင်းဝင် ဆေးရုံများထံသို့ နှစ်ကြိမ်တိုင်တိုင် ပူးပေါင်းဆောင်ရွက်ရန် သွားရောက်ခဲ့သော်လည်း ကျရှုံးခဲ့ရသောကြောင့် တတိယအကြိမ်တွင်လည်း ရလဒ်မှာ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

သို့သော် စိတ်ခံစားချက်အရ သူ့အနေဖြင့် လင်းကျန်းအန်းကို မယှဉ်နိုင်သေးဘဲ ဤစီးပွားရေးကို လုယူနိုင်ခြင်း မရှိဟူ၍ တွေးမိသည်နှင့် ချက်ချင်းပင် မကျေမနပ် ဖြစ်လာခဲ့ရသည်။

အတိတ်ကာလက လင်းကျန်းအန်းက သူ့ကို အောက်ခြေမှ မော့ကြည့်ခဲ့ရသူသာ ဖြစ်သော်လည်း၊ ယခုအချိန်တွင်တော့ လင်းကျန်းအန်းက ကောင်းကင်နှင့် မြေကြီးပြောင်းလဲသွားသကဲ့သို့ ထူးခြားပြောင်မြောက်စွာ ပြောင်းလဲသွားရုံသာမက သူနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် မြင့်မားနေသည်လား။

ကံကောင်းစွာဖြင့် သူသည်လည်း တခြားသူများနှင့် ပူးပေါင်းပြီး ဆေးဝါးစက်ရုံ တည်ထောင်ရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေပြီ။ ဤဆေးဝါးစက်ရုံကို ဆက်လက် ကြိုးစားနေသရွေ့ သူ လင်းကျန်းအန်းကို သေချာပေါက် ကျော်တက်နိုင်လိမ့်မည်ပင်။

လက်ရှိ တိုးတက်မှုများအရဆိုလျှင် ထိုနေ့ရက်သည်က ဝေးကွာတော့မည် မဟုတ်ပေ။

မကြာသေးမီက စုန့်ဝေ့၏ အလုပ်အကိုင်များ အဆင်ပြေချောမွေ့နေခြင်းကြောင့်ဖြစ်နိုင်သည်။ သူ့အနေဖြင့် လင်းကျန်းအန်းက မကြာမီ သူ့လက်အောက်တွင် ရှုံးနိမ့်သွားတော့မည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။

နောက်ဆုံးတွင်တော့ သူက သေသေချာချာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်လေ၏။

“မြို့ပြဆေးရုံဆိုတာက ငါတို့ ပြည်နယ်မှာ အကြီးဆုံး ဆေးရုံပဲ.. အဲဒီဆေးရုံကို ငါတို့ဘက်ကို ပါအောင် ဆွဲဆောင်နိုင်တာနဲ့ နောက်ပိုင်းမှာ အော်ဒါတွေ ပြတ်မှာ မဟုတ်တော့ဘူး၊ ဒါကြောင့် ငါတို့ နောက်ထပ် ကြိုးစားကြည့်သင့်တယ်လို့ ထင်တယ်”

“ဒါပေမဲ့ ဒီနေ့ အဲဒီဆေးရုံက ဆရာဝန်တွေရဲ့ အမူအရာကို ကြည့်ရတာ သူတို့က လုံးဝ အလျှော့ပေးမယ့်ပုံ မပေါ်ဘူး၊ ရဲဘော်စုန့်.. ကျွန်တော်တို့ကို ဘယ်လိုလုပ်စေချင်လဲ”

သူတို့အတွက် လက်ရှိတွင် ရှိနေသော တစ်ခုတည်းသော အားသာချက်မှာ ဈေးကွက်ထဲရှိ တခြားဆေးဝါးစက်ရုံများထက် ဈေးနှုန်းသက်သာနေခြင်းသာ ဖြစ်သည်။ ထိုသည်မှလွဲ၍ တခြားအားသာချက် မရှိပါချေ။

သို့သော်လည်း မြို့ပြဆေးရုံမှ ဆရာဝန်များက ထိုဈေးနှုန်းအပေါ် စိတ်ဝင်စားပုံ မရပေ။

စုန့်ဝေ့က သူတို့ မြို့ပြဆေးရုံကို ပေးခဲ့သည့် ဈေးနှုန်းအား မေးမြန်းကြည့်ခဲ့လေ၏။ ထိုဈေးက အလွန်ပင်နိမ့်ပါးနေခဲ့ချေပြီ။

အကယ်၍ ဈေးနှုန်းကို ထပ်မံ လျှော့ချမည်ဆိုပါက သူတို့အနေဖြင့် အမြတ်ရရှိရန် လုံးဝ မဖြစ်နိုင်တော့ဘဲ အရှုံးပေါ်သည်အထိ ငွေစိုက်ထုတ်ရမည့် အခြေအနေသို့ပင် ဖြစ်သွားနိုင်သည်။

သို့သော် ဤနည်းလမ်းဖြင့် မြို့ပြဆေးရုံ၏ ပူးပေါင်းဆောင်ရွက်မှုကို ရရှိနိုင်မည်ဟု တွေးမိရုံမျှဖြင့် စုန့်ဝေ့က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။

“ဈေးနှုန်းကို ထပ်လျှော့လိုက်! အရင်ဈေးထက် နောက်ထပ် ဆင့်၅၀ ထပ်လျှော့လိုက်မယ်!”

ယခုပေးထားသည့် ဈေးနှုန်းက ဤမျှအထိ နိမ့်နေချိန်တွင် မြို့ပြဆေးရုံဘက်မှ လက်မခံဘဲ နေလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။

ယခု ဈေးနှုန်းမှာ ထိုဆေးဘက်ဝင် ပစ္စည်းများကို မြို့ပြဆေးရုံထံသို့ အလကား ပေးကမ်းနေသည်နှင့်ပင် တူညီနေပြီဖြစ်၍ ငတုံး တစ်ယောက်မှလွဲ၍ မည်သူကမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်လောက်ပေ။

All Chapters