← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 42 Ch. 417-418

အခန်း(417)

စုန့်ဝေ့လည်း ထိုအကြောင်းကို သိရှိရချိန်တွင် ကျိုးကျယ်ပင်းက အလုပ်ရှုပ်လွန်းသည်ဟု ထင်မိခဲ့လေ၏။ သို့သော်လည်း တစ်ဖက်လူက လျှော့ဈေးကြောင့် စိတ်လှုပ်ရှားလာပြီး အခွင့်အရေး ပေးလာပြီမဟုတ်ပါလား။

သို့ဖြစ်၍ ဤအခွင့်အရေးကို အရယူကာ တစ်ချက်တည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေ၏။

ထို့ကြောင့် စုန့်ဝေ့လည်း ဤကိစ္စကို လက်ခံလိုက်ပြီး သဘက်ခါဆိုသည့် အချိန်မှာ သူတို့အတွက် ပို၍ပင် ကောင်းမွန်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဤနှစ်ရက်၊ သုံးရက်အတွင်း သူတို့အနေဖြင့် သက်ဆိုင်ရာ ဗဟုသုတများကို အချိန်လု၍ ထပ်မံ လေ့လာနိုင်မည် မဟုတ်ပါလား။

ဤနှစ်ရက်အတွင်း၌ စုန့်ရှီးယန်က တစ်စုံတစ်ခုကို နောက်ဆုံးတွင် စုံစမ်းသိရှိသွားခဲ့လေ၏။

လုပ်ဖော်ကိုင်ဖက်များထံမှ သတင်းရရှိပြီးနောက်တွင် စုန့်ရှီးယန်က သူ သိရှိထားသည်များကို အမြန်ဆုံး စုစည်းလိုက်ပြီးနောက် လင်းကျန်းအန်းထံသို့ သွားရောက်ကာ ဤကိစ္စတွင် စုန့်ဝေ့ မည်သည့်နေရာမှ ပါဝင်ပတ်သက်နေကြောင်းကို ပြောပြလိုက်တော့သည်။

တကယ်တမ်းတွင် ဤကိစ္စမှာ လင်းကျန်းအန်း ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။

စုန့်ဝေ့အနေဖြင့် ဤအရှုပ်အထွေးထဲသို့ ပါဝင်ပတ်သက်လာရခြင်းမှာ သူဆေးရုံတက်နေသည့်အချိန်က လင်းကျန်းအန်းနှင့် ချန်လူကြီးမင်းတို့ ပြောဆိုနေခဲ့ကြသည့် စကားများကို ကြားသိသွားခဲ့သောကြောင့်သာ ဖြစ်လေ၏။ ထို့နောက်တွင် ဤအကြံကို ထုတ်ခဲ့ခြင်း ဖြစ်လေသည်။

ထို့နောက် သူ ဆေးရုံမှ ဆင်းလာချိန်တွင် အလှမ်းဝေးကွာလွန်းသော ဆွေမျိုးတစ်ဦးက လီပြည်နယ်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာခဲ့သည်။

ထိုဆွေမျိုးသည်ကား မူလက “အင်ဂျင်နီယာကြီး” စုန့်ဝေ့အား နှုတ်ဆက်ရန်နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူက စုန့်ဝေ့ စက်မှုစက်ရုံတွင် အလုပ်မလုပ်တော့သည်မှာ ကြာပြီဖြစ်ကြောင်းကို မသိရှိခဲ့ပါချေ။

အကယ်၍ ထိုနေ့တွင် စုန့်ဝေ့နှင့် လီရှို့လီတို့သာ စက်မှုစက်ရုံ ဝန်ထမ်းအိမ်ရာမှ အထုတ်အပိုးများ ပြောင်းရွှေ့နေချိန် မဟုတ်ခဲ့ပါက သို့မဟုတ် ထိုနေရာမှ ထွက်ခွာသွားခဲ့ပြီဆိုပါက ထိုဆွေမျိုးနှင့် လွဲချော်သွားပေလိမ့်မည်။

သို့သော်လည်း ဘုရားသခင်ကပင် စုန့်ဝေ့ကို ကူညီနေသကဲ့သို့ ထင်ရသည်။ သူတို့က စက်မှုစက်ရုံ ဝင်းအပြင်ဘက်တွင် ထိုဆွေမျိုးနှင့် တည့်တည့်တိုးခဲ့ကြလေ၏။

ထိုဆွေမျိုး၏ နွမ်းပါးလွန်းသော ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရချိန်တွင် စုန့်ဝေ့၏ ပထမဆုံး တုံ့ပြန်မှုမှာ စကားများများ မပြောချင်ခြင်းသာ ဖြစ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူသည်က စက်မှုစက်ရုံမှ အင်ဂျင်နီယာတစ်ဦး မဟုတ်တော့သော်လည်း သူ၏ စိတ်ထဲတွင်တော့ မာန်မာန ရှိနေဆဲဖြစ်ကာ သူ့ကို နည်းမျိုးစုံဖြင့် မျက်နှာချိုသွေးချင်နေကြသော ဆင်းရဲသည့် ဆွေမျိုးများကို အထင်သေးနေမိဆဲပင်။

သို့သော်လည်း ထိုအချိန်တွင် သူ့အနေဖြင့် ရုတ်တရက် တစ်ခုကို သတိရလိုက်မိသည်။

ဤဆွေမျိုး၏ နေရပ်မှာ အလွန်ပင် ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသတွင် ဖြစ်ကာ ကွန်မြူနတီ အဖွဲ့ဝင်များမှာလည်း ဆင်းရဲမွဲတေနေကြသူများ ဖြစ်ပေသည်။

ကြည့်ရသည်မှာ ထိုနေရာ၏ နောက်ခံအခြေအနေများအားလုံးက လင်းကျန်းအန်း၏ ဇာတိမြေနှင့် ထပ်တူကျနေသကဲ့သို့ထင်ရသည်။

ထိုရက်များအတွင်း သူက လင်းကျန်းအန်း ယခုလုပ်ဆောင်နေသကဲ့သို့ ပွင့်လင်းစွာ စက်ရုံထောင်ပြီး ငွေရှာရန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို တွေးတောပူပန်နေခဲ့ရသည်။

ယခု သူ့ရှေ့တွင် ရောက်နေသူမှာ သူ၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေသည် မဟုတ်ပါလား။

ထို့ကြောင့် စုန့်ဝေ့က ထိုဆင်းရဲသော ဆွေမျိုးကို သူ၏အိမ်သို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ပြီး ဆေးဝါးစက်ရုံ တည်ထောင်မည့် ကိစ္စကို ဆွေးနွေးလေတော့သည်။

စုန့်ဝေ့က အမြဲတစေ စကားပြော ကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။

အတိတ်ကာလကလည်း သူသည်က “ပထွေးကောင်း” ဟူသော ဂုဏ်ပုဒ်ကို အသုံးချကာ စက်ရုံမှ ဆုကြေးငွေများ ရရှိအောင် လုပ်ဆောင်ခဲ့ဖူးသကဲ့သို့ လူများစွာကိုလည်း လိမ်ညာနိုင်ခဲ့လေသည်။

ယခုအချိန်တွင် မည်သည့်အရာကိုမျှမသိနားမလည်သည့် ဆင်းရဲသော ဆွေမျိုးတစ်ဦးကို လိမ်ညာရန်ကတော့ သူ့အတွက် အလွန်ပင် လွယ်ကူခဲ့သည်။

ထို့ကြောင့် သူ၏ အဆက်မပြတ်သော ကတိကဝတ်များကိုပေးခဲ့သည်။

စက်ရုံတည်ထောင်ပြီးပါက ငွေများစွာ ရလာမည်ဖြစ်ကာ ဘဝကလည်း ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် စက်ရုံတည်ထောင်ခြင်းမှာလည်း စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ကြောင်း ပြောဆိုခဲ့လေ၏။

ထိုစကားများပိုကြားလျှင် ထိုဆင်းရဲသော ဆွေမျိုးမှာ အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

သို့ဖြစ်၍ စုန့်ဝေ့နှင့် တစ်ရက်ကြာအောင် စကားပြောဆိုပြီးနောက် ထိုဆွေမျိုးက စုန့်ဝေ့၏ ညွှန်ကြားချက်အတိုင်း နေရပ်သို့ ပြန်သွားကာ စက်ရုံထောင်ရန် လျှောက်ထားခဲ့လေတော့သည်။

စက်ရုံတည်ထောင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာလည်း လင်းကျန်းအန်း၏ စံနမူနာအတိုင်း ရှိနေခဲ့သောကြောင့် သူတို့အတွက် လှုပ်ရှားဆောင်ရွက်ရသည်က ပိုမို အဆင်ပြေချောမွေ့ပြီး ရိုးရှင်းသွားခဲ့ပေသည်။

ထို့ကြောင့် ထိုဘက်မှ စက်ရုံမှာ ဖွင့်လှစ်ထားသည်မှာ နှစ်လ၊ သုံးလမျှသာ ရှိသေးသော်လည်း ရရှိနေသည့် ငွေကြေးက လင်းကျန်းအန်းတို့ထက် နည်းပါးခြင်းမရှိတော့ပေ။

လင်းကျန်းအန်းက စုန့်ရှီးယန်၏ သတင်းပေးချက်ကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ဝန်းများက ချက်ချင်းပင် အေးစက်သွားခဲ့ရလေ၏။

ဤစုန့်ဝေ့... သူ့အနေဖြင့် မူလက သူတို့နှစ်ဦးလုံးမှာ အရွယ်ရောက်ပြီးသား အမျိုးသားများ ဖြစ်ကြသောကြောင့် ရန်ငြိုးရန်စ ရှိပါကလည်း တိုက်ရိုက်လာရောက်ရင်ဆိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ယခုကဲ့သို့ နောက်ကွယ်မှ နှောင့်ယှက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

သူသည်က စုန့်ဝေ့ထက် ပို၍ ရွံရှာဖွယ်ကောင်းသော အမျိုးသားမျိုးကို တစ်ခါမျှ မတွေ့ဖူးသေးပေ။

သူက ငါနဲ့ ယှဉ်ပြိုင်ချင်တာပေါ့လေ။

ကောင်းပြီ။

ဒီလိုဆိုမှတော့ စုန့်ဝေ့အနေနဲ့ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေကို နောက်ကွယ်ကနေ သုံးနေရင်တောင်မှ သူ,လင်းကျန်းအန်းကပဲ သူ့ထက် သာလွန်နေဦးမဲ့အကြောင်းကို သေသေချာချာ သက်သေပြပေးရတာပေါ့။

တကယ်တမ်းတွင် စုန့်ရှီးယန် လင်းကျန်းအန်းအား မပြောပြရသေးသည့် အချက်တစ်ခု ရှိနေသေးသည်။

ထိုသည်မှာ စုန့်ဝေ့ ပါဝင်ပတ်သက်နေသည့် ဆေးဝါးစက်ရုံမှ ပံ့ပိုးပေးနေသော ဆေးဘက်ဝင် အပင်များ၏ မူလဇစ်မြစ်မှာ မရှင်းလင်းနေခဲ့ချေ။

ဤကိစ္စမှာ ပိုမိုလျှို့ဝှက်သော ကိစ္စရပ်များနှင့် ဆက်နွှယ်နေသောကြောင့် စုန့်ရှီးယန်အနေဖြင့် လင်းကျန်းအန်းအား အသေးစိတ် ပြောပြ၍ မရနိုင်ပါချေ။

သို့သော် ယခုအချိန်တွင် စုန့်ဝေ့က ဆေးဝါးစက်ရုံ တည်ထောင်ရန် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ထင်ရှားနေချေပြီ။

အရင်းအမြစ် မရှင်းလင်းသော ဆေးဝါးများအကြောင်းကို သူ မသိရှိခဲ့လျှင်ပင်..

စိတ်မကောင်းစရာပဲ။ သူကိုယ်တိုင်ပဲ ဒီပြစ်ဒဏ်ကို ခံယူရလိမ့်မယ်။

သို့ဖြစ်၍ စုန့်ရှီးယန်က လင်းကျန်းအန်းကို ပြောလိုက်လေသည်။

“အဖေ.. စိတ်မပူပါနဲ့၊ စုန့်ဝေ့က နောက်ထပ် နှစ်ရက်လောက်တောင် ခုန်ပေါက်နေနိုင်တော့မှာမဟုတ်ဘူး၊

အခုတော့ သူကိုယ်တိုင် မနက်ဖြန် ဆေးရုံကိုလာပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမလားဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်၊ တကယ်လို့ သူလာခဲ့ရင်တော့ ကျွန်တော် သူ့ကို လက်ရဖမ်းဆီးနိုင်တော့မှာပါ”

အကယ်၍ စုန့်ဝေ့ ရောက်မလာခဲ့လျှင်လည်း ပြဿနာကြီးကြီးမားမား မရှိလှပေ။ မည်သို့ပင်ဖြစ်စေ သူသည်က စုန့်ဝေ့ လက်ရှိ နေထိုင်ရာနေရာကို သိရှိထားပြီးဖြစ်၍ တိုက်ရိုက်သွားရောက် ဖမ်းဆီးနိုင်သည် မဟုတ်ပါလား။

သို့သော်လည်း အခင်းဖြစ်ပွားရာနေရာ၌ပင် လက်ရဖမ်းမိခြင်းက ပို၍ စိတ်ကျေနပ်စရာကောင်းသကဲ့သို့ လင်းကျန်းအန်းအတွက်လည်း ပို၍ စိတ်သက်သာရာ ရစေလိမ့််မည်။

“ကောင်းပြီလေ.. ဒါဆို မနက်ဖြန်အထိ စောင့်ကြည့်ကြတာပေါ့!”

သူတို့နှစ်ဦး စကားပြောပြီးနောက် အနားယူရန် ပြန်သွားကြလေ၏။

နောက်တစ်နေ့ မနက်စောစောတွင် စုန့်ရှီးယန်က ထုံးစံအတိုင်း စောစီးစွာ ထွက်ခွာခဲ့ပြန်သည်။

သို့သော် မထွက်ခွာမီ သူက လင်းရန်အား အထူးတလည်မှာခဲ့လေ၏။

“ရန်ရန်.. ကိုယ် ဒီနေ့ ပြန်မလာဖြစ်လောက်ဘူး၊ မင်း အလုပ်ဆင်းရင် စောစောအိပ်ပြီး ဘေးအန္တရာယ် ကင်းအောင်လည်း ဂရုစိုက်ဦးနော်”

လင်းရန်လည်း ထိုစကားကို ကြားသည်နှင့် စုန့်ရှီးယန်က တစ်စုံတစ်ခုသော အရေးကြီးကိစ္စကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ရိပ်မိသွားပြီး စိုးရိမ်တကြီးဖြင့် ချက်ချင်းပင် သတိပေးလိုက်လေသည်။

“အင်း.. ဒါဆို ရှင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး”

“စိတ်ချပါ”

စုန့်ရှီးယန်က သူမကို ပြုံးပြလိုက်ပြီးလှည့်ထွက်သွားခဲ့လေ၏။

သူသည် လမ်းကြားထဲမှ ထွက်လာသည်နှင့် လင်းကျန်းအန်းင အပြင်ဘက်တွင် စောစီးစွာ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မည်သူကမျှ စကားမဆိုဘဲ မြို့ပြဆေးရုံသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြ၏။

မြို့ပြဆေးရုံသို့ ရောက်ရှိပြီးနောက် သိပ်မကြာမီမှာပင် ယခင် ဆေးဝါးစက်ရုံမှ လူနှစ်ဦးက ဆေးရုံသို့ လျှောက်လာသည်ကို မြင်တွေ့လိုက်ရလေ၏။ သူတို့၏ နောက်တွင်တော့ စုန့်ဝေ့လည်း ပါဝင်လာခဲ့ပေသည်။

စုန့်ဝေ့ ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့က အဓိပ္ပာယ်များပြည့်နေသော မျက်နှာအမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။

ဆေးရုံအတွင်း၌...

ထိုသူများမှာ ဒေါက်တာတုန်၏ ရုံးခန်းသို့ ထပ်မံ ရောက်ရှိလာကြပြီး ဒေါက်တာတုန်က သူတို့ကို မြင်သည်နှင့် ကျိုးကျယ်ပင်းအား အမြန်သွားရောက် အကြောင်းကြားလိုက်လေသည်

ခေတ္တမျှအကြာတွင် ကျိုးကျယ်ပင်းက ဒေါက်တာတုန်၏ အနားသို့ ရောက်ရှိလာပြီး ထိုလူနှစ်ဦး၏ နောက်တွင် ပါလာသော စုန့်ဝေ့ကို မြင်လိုက်ရသည့်အချိန်တွင် မျက်ခုံးပင့်လိုက်မိ၏။

“ရဲဘော်.. ခင်ဗျားကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲနော်”

စုန့်ဝေ့အနေဖြင့် မြို့ပြဆေးရုံသို့ လာကတည်းက ကျိုးကျယ်ပင်းနှင့် တွေ့ဆုံရမည်ကို ခန့်မှန်းပြီးသား ဖြစ်သောကြောင့် ယခုအချိန်တွင် အံ့အားသင့်သည့်အမူအရာမပြဘဲ ကျိုးကျယ်ပင်းကို အပြုံးတစ်ခုနှင့်သာ ကြည့်လိုက်လေသည်။

“ကျွန်တော် ဒီဆေးရုံမှာ အရင်က တစ်ပတ်လောက် တက်ဖူးတယ်လေ၊ ဒေါက်တာကျိုး ကျွန်တော့်ကို မြင်ဖူးတာ ဖြစ်နိုင်ပါတယ်”

သူသည်က လွန်ခဲ့သော နှစ်ဝက်ကျော်က စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ဖူးသည့် ကိစ္စကို ထုတ်ပြောလောက်အောင် တုံးအသူ မဟုတ်ပါချေ။

ထိုအချိန်က သူ့အနေဖြင့် စက်မှုစက်ရုံမှ အင်ဂျင်နီယာတစ်ဦး ဖြစ်နေဆဲဖြစ်ကာ သူ၏သမီး စုန့်စစ်ယွီကို ဒါရိုက်တာရှု၏ သား ရှုကျစ်ဝမ်နှင့် အောင်သွယ်ပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က စားသောက်ဆိုင်တွင် ကျိုးကျယ်ပင်းနှင့်အတူ ပါလာသော လူငယ်လေး စုန့်ရှီးယန်တို့နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်၏။

ထို့အပြင် ထိုအချိန်က သူတို့နှင့် တစ်ဝိုင်းတည်း ထိုင်နေခဲ့သူမှာ လင်းကျန်းအန်းပင် ဖြစ်ပေသည်။

စုန့်ဝေ့က ရည်ရွယ်ချက်ရှိရှိဖြင့် ဟန်ဆောင်နေသည်ကို မြင်ချိန်တွင် ကျိုးကျယ်ပင်းသည်လည်း ဤအချိန်တွင် ထိုကိစ္စများကို ထုတ်ဖော်ပြောဆိုရန် ရည်ရွယ်ချက် မရှိပါချေ။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် အရေးကြီးဆုံးမှာ “ပူးပေါင်းဆောင်ရွက်ရေး” အကြောင်းကို ဆွေးနွေးရန်သာ မဟုတ်ပါလား။

*

အခန်း(418)

“ကောင်းပြီလေ.. အပိုစကားတွေ ဖြတ်ပြီး အလုပ်အကြောင်းပဲ ပြောကြတာပေါ့၊ ရဲဘော်တို့.. ဒီရဲဘော် စုန့်ဝေ့က ခင်ဗျားတို့ ခေါ်လာတဲ့ လုပ်ဖော်ကိုင်ဖက်လား”

ထိုလူနှစ်ဦးမှာ ချက်ချင်းပင် ပြုံး၍ ခေါင်းညိတ်ပြကြလေသည်။

“ဟုတ်ပါတယ်.. ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရဲဘော်စုန့်က အရာအားလုံးကို အတော်လေး သိရှိနားလည်ပါတယ်၊ ဒေါက်တာကျိုး သိချင်တာ ရှိရင် ရဲဘော်စုန့်ကို တိုက်ရိုက် မေးလို့ ရပါတယ်”

ကျိုးကျယ်ပင်းက ထိုစကားကို ကြားချိန်တွင် ပြုံးလိုက်လေ၏။

“ကောင်းပါပြီ.. ဒါဆိုရင်တော့ ကျွန်တော် ရဲဘော်စုန့်နဲ့ပဲ စကားပြောကြည့်ပါ့မယ်”

ထိုသို့ ပြောပြီးနောက် ကျိုးကျယ်ပင်းက စုန့်ဝေ့ကို ကြည့်ကာ သူ သိလိုသည်များကို စတင် မေးမြန်းတော့၏။

ဥပမာအားဖြင့် ဆေးဘက်ဝင် အပင်များကို မည်သည့်နေရာမှ ခူးဆွတ်သည်၊ ခူးဆွတ်ချိန်မှ ဆေးရုံသို့ ပို့ဆောင်သည်အထိ မည်သည့် လုပ်ငန်းစဉ်များကို ဖြတ်သန်းရသသည်၊ ဆေးပင်များကို ခူးဆွတ်သည့် အလုပ်သမားများအနေဖြင့် ဆေးပင်အမှားအယွင်း မရှိစေရန်အတွက် စက်ရုံတွင် မည်သို့သော လေ့ကျင့်သင်ကြားမှုမျိုး ပေးထားသည် စသည့် မေးခွန်းများပင် ဖြစ်ပေသည်။

စုန့်ဝေ့က ဤနှစ်ရက်အတွင်း ပြင်ဆင်ထားခဲ့သမျှကို အခြေခံ၍ မေးခွန်းများကို တစ်ခုချင်းစီ ဖြေကြားသွားခဲ့လေသည်။

ကျိုးကျယ်ပင်း စုန့်ဝေ့ကို အံ့အားသင့်သကဲ့သို့ ကြည့်မိခဲ့၏။

မည်သို့ပင်ဖြစ်စေ စုန့်ဝေ့က ယခင်က စက်မှုစက်ရုံတွင်သာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး သူ လေ့လာခဲ့သမျှမှာလည်း စက်မှုလုပ်ငန်းနှင့်သာ သက်ဆိုင်သည်ကို သူ ကောင်းကောင်း သိထားပေ၏။

သူသည်က ဆေးဝါးစက်ရုံအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ဤအချက်များကို အမှန်တကယ်ပင် အပင်ပန်းခံ၍ လေ့လာထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။

သူက အမှန်တကယ်ပင် ထက်မြက်ပြီး တက်ကြွလှုပ်ရှားကာ ကြိုးစားလိုစိတ်လည်း ရှိပေသည်။

အကယ်၍သာ သူ့အနေဖြင့် ဤကဲ့သို့သော အချောင်ရမည့်လမ်းများကို အသုံးမချခဲ့လျှင် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုနိုင်ပေ၏။

နှမြောစရာပဲ..

ကျိုးကျယ်ပင်းက စုန့်ဝေ့ကို သတိလက်လွတ် တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင်လည်း နှမြောသည်း အရိပ်ယောင်တို့ဖြတ်ပြေးသွားခဲ့သည်။

စုန့်ဝေ့တစ်ယောက် ထိုအကြည့်ကြောင့် ခဏတာ ကြောင်အသွားပြီးနောက် အမည်မသိအကြောင်းပြချက်တစ်ခုကြောင့် စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ပေါ်ပေါက်လာခဲ့လေ၏။

“ဒေါက်တာကျိုး.. ဘာဖြစ်လို့လဲ”

စုန့်ဝေ့က စကားကိုဖြတ်လိုက်ကာ ကျိုးကျယ်ပင်းကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

“အို... ဘာမှမဟုတ်ပါဘူး၊ ရုတ်တရက် တစ်ခုခုကို သတိရသွားလို့ပါ၊ ကျွန်တော် မှတ်မိသလောက်ဆိုရင် ရဲဘော်စုန့်က အရင်က စက်မှုစက်ရုံမှာ အလုပ်လုပ်ခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ ဆေးဘက်ဝင်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ထဲ ရောက်နေရတာလဲ၊ ဒါက နယ်ပယ်ချင်း တော်တော်လေး ကွာခြားလွန်းတယ်လေ”

ကျိုးကျယ်ပင်း၏ သံသယကို ရင်ဆိုင်ရချိန်တွင် စုန့်ဝေ့က ကြိုတင်ပြင်ဆင်ထားပြီးသား အဖြေကို ပြောလိုက်လေသည်

“ဒီလိုပါ.. ကျွန်တော်ကိုယ်တိုင်က ဈေးနှုန်းနှိုင်းယှဉ်ချက်တွေအရ ဒီဆေးဘက်ဝင်ပစ္စည်း လုပ်ငန်းအပေါ် အကောင်းမြင်လို့ပါ၊

ဒါ့အပြင် ကျွန်တော့်ရဲ့ ဆွေမျိုးတစ်ယောက်ကလည်း ဒီနယ်ပယ်မှာ လုပ်ကိုင်နေတာနဲ့ သူက ကျွန်တော့်ကို အတူလုပ်ဖို့ ခေါ်လာတယ်လေ၊ ဒါကြောင့် သူ့ကို ကူညီပေးဖို့ သွားခဲ့တာပါ”

သူ ဤသို့ ပြောလာခြင်းမှာ ဆေးဝါးစက်ရုံက သူ့ကို ဆွေမျိုးဖြစ်၍သာ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင် ဦးဆောင်လုပ်ကိုင်လိုခြင်း မဟုတ်ကြောင်း ပြောလိုခြင်းဖြစ်ပေသည်။

စုန့်ဝေ့က မေးခွန်းကို ဖြေနေချိန်တွင်ပင် ကျိုးကျယ်ပင်းက တံခါးကြားမှတစ်ဆင့် စုန့်ရှီးယန်၏ ပုံရိပ်ကို မြင်လိုက်ရပြီး စုန့်ရှီးယန်က သူ့အား အချက်ပြလိုက်သည်ကို တွေ့လိုက်ရ၏။

ထိုအချက်ပြမှု၏ အဓိပ္ပာယ်ကို သူတို့နှစ်ဦးသာ သိရှိကြလေ၏။ ထိုသည်မှာ စကားလုံးတစ်လုံးတည်းကိုသာ ကိုယ်စားပြုပေသည်။

“ပိုက်ကွန်ကို သိမ်းလို့ရပြီ”

ဤသည်ကို သိရှိလိုက်သည်နှင့် ကျိုးကျယ်ပင်းက ချက်ချင်းပင် အဓိပ္ပာယ်အပြည့်ဖြင့် ပြုံးလိုက်လေသည်။

ထို့နောက် သူက စုန့်ဝေ့နှင့် တခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်လား.. အဲဒါက ကောင်းတာပေါ့၊ ရဲဘော်စုန့်.. ခင်ဗျား ဖြေသွားတဲ့ မေးခွန်းတွေက အရမ်းကို အသေးစိတ်ကျပြီး ကောင်းမွန်ပါတယ်

တကယ်လို့သာ ခင်ဗျားတို့ ဆေးဝါးစက်ရုံက ဆေးပစ္စည်းတွေမှာ ပြဿနာသာ မရှိခဲ့ရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖြစ်ကြမှာပဲ”

ဒါက ဘာကို ဆိုလိုတာလဲ။

စုန့်ဝေ့နှင့် ဆေးဝါးစက်ရုံမှ တခြားလူနှစ်ဦးမှာ သူ၏ စကားကြောင့် ကြောင်အသွားကြရ၏။

သူတို့၏ ဆေးပစ္စည်းများတွင် ပြဿနာမရှိလျှင် ပူးပေါင်းဆောင်ရွက်ဖြစ်မည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းနည်း။

အဓိကအချက်မှာ သူတို့၏ ဆေးပစ္စည်းများတွင် မည်သည့်အချက်က မှားယွင်းနေသောကြောင့် ကျိုးကျယ်ပင်းက ဤသို့ ပြောလာရသနည်း။

“ဒေါက်တာကျိုး.. မင်း တစ်ခုခု မှားနေပြီထင်တယ်၊ ကျွန်တော်တို့ ဆေးပစ္စည်းတွေမှာ လုံးဝ ပြဿနာမရှိပါဘူး

မယုံရင် ကြည့်ပါဦး၊ ဒါတွေက ကျွန်တော်တို့ စက်ရုံက တခြားဆေးရုံတွေကို ပေးနေတဲ့ ဆေးပင်တွေပါပဲ၊ အားလုံးက သန့်ရှင်းနေတယ်၊ ကျွန်တော်တို့ကိုယ်တိုင် ဆေးကြောထားတာပါ!”

ဆေးဝါးစက်ရုံမှ လူတစ်ဦးမှာ သူ ကိုင်ဆောင်လာသော အိတ်ကို အမြန်ဖွင့်ပြကာ အတွင်းဘက်ရှိ ဆေးဘက်ဝင် ပစ္စည်းများကို ထုတ်ပြလေသည်။

“ကြည့်စမ်းပါ.. ဘာပြဿနာမှ မရှိဘူးမလား၊ ကျွန်တော် ပြောသားပဲ ဒေါက်တာကျိုး.. ခင်ဗျား ကျွန်တော်တို့နဲ့ မပူးပေါင်းချင်ရင်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ၊

ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ ဆေးဝါးစက်ရုံကို နာမည်ဖျက်ဖို့ မလိုပါဘူး!”

ထိုသူက ကျိုးကျယ်ပင်းအနေဖြင့် သူတို့အား ရည်ရွယ်ချက်ရှိရှိနာမည်ပျက်အောင် လုပ်နေသည်ဟူ၍လည်း အပြစ်တင်လိုက်သေး၏။

ကျိုးကျယ်ပင်း၏ ပြုံးနေသော မျက်နှာအမူအရာကို ကြည့်နေရင်း စုန့်ဝေ့ကတော့ ကိစ္စရပ်များက ဤမျှ မရိုးရှင်းနိုင်ကြောင်း သဘောပေါက်လိုက်သည်။

သူသည်က ကျိုးကျယ်ပင်း၏ နောက်ခံအကြောင်းအရင်းကို ထိုလူနှစ်ဦးထက် ပို၍ သိရှိထားသောကြောင့် ကျိုးကျယ်ပင်းအနေဖြင့် အကြောင်းမဲ့သက်သက် ဤကဲ့သို့ ပြောဆိုလိမ့်မည် မဟုတ်သည်မှာ သေချာပေါက်သိထားသည်။

သူ မသိလိုက်ဘဲနဲ့ ဆေးဝါးစက်ရုံက ပံ့ပိုးပေးတဲ့ ဆေးပစ္စည်းတွေထဲမှာ တစ်ခုခု မှားယွင်းနေတာလား။

ဘာတွေ ဖြစ်ပျက်နေတာလဲ!

စုန့်ဝေ့တစ်ယောက် ရုတ်တရက် ထိတ်လန့်သွားရ၏။ ဤအချိန်တွင် သူသည်က မြို့ပြဆေးရုံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ၊ ဆေးဝါးစက်ရုံတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကိုသာ အလွန် သိချင်နေတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုခေတ်ကာလတွင် တခြားပြည်နယ်များသို့ စိတ်တိုင်းကျ သွားလာရန်မှာ မလွယ်ကူလှချေ။ နေရာအနှံ့အပြားရှိ ရဲတပ်ဖွဲ့ဝင်များမှာလည်း ခရီးသွားလာမှုအပေါ် အလွန် တင်းကျပ်လွန်းလွန်းသောကြောင့် စုန့်ဝေ့အနေဖြင့် ဆေးဝါးစက်ရုံ စတင်တည်ထောင်စဉ်ကသာ ထိုနေရာသို့ တစ်ခေါက်သွားရောက်နိုင်ခဲ့ပြီး ကျန်ရှိသည့် အချိန်များတွင်တော့ ထိုဆွေမျိုးနှင့် စာပေးစာယူမှတစ်ဆင့်သာ ဆက်သွယ်ခဲ့ရခြင်း ဖြစ်ပေသည်။

နောက်ပိုင်းတွင် ဆေးဝါးစက်ရုံ၏ တိုးတက်မှုမှာ သူ စိတ်ကူးထားသကဲ့သို့ ဖြစ်လာရုံသာမက သူထင်မှတ်ထားသည်ထက်ပင် ပိုမိုအစွမ်းထက်လာသည်ကို မြင်တွေ့ရချိန်တွင် သူသည်လည်း စိတ်အေးသွားခဲ့ရလေ၏။

သို့သော် မမျှော်လင့်ဘဲ သူ အနီးကပ် စောင့်မကြည့်နိုင်ခဲ့သည့် အချိန်အတောအတွင်း ဤမျှ ကြီးမားသော ပြဿနာမျိုး ဖြစ်ပွားလိမ့်မည်ဟူ၍ မထင်ခဲ့ပေ။

နှမြောစရာကောင်းစွာဖြင့် ယခုအချိန်တွင် သူ ထွက်ခွာသွားရန် ကြိုးစားသော်လည်း အလွန် နောက်ကျသွားခဲ့ချေပြီ။

စုန့်ဝေ့က ထိုလူနှစ်ဦးအား သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်ယူတော့မည့် အချိန်မှာပင် ဒေါက်တာတုန်၏ ရုံးခန်းတံခါးမှာ အပြင်ဘက်မှ ရုတ်တရက် ဝုန်းကနဲ ပွင့်ထွက်သွားခဲ့လေသည်။

စုန့်ဝေ့နှင့် တခြားသူများက သတိမထားမိဘဲ တံခါးဆီသို့ လှည့်ကြည့်လိုက်ကြလျှင် တံခါးဝတွင် ပေါ်လာသော စုန့်ရှီးယန်နှင့် လင်းကျန်းအန်းတို့ကို မြင်တွေ့လိုက်ကြရ၏။

စုန့်ဝေ့မှာ အလွန်အမင်း အံ့အားသင့်သွားသောကြောင့် ချက်ချင်းပင် ထရပ်လိုက်မိပြီး သတိမထားမိဘဲ မေးမြန်းလိုက်မိလေသည်။

“မင်းတို့နှစ်ယောက် ဘာလို့ ဒီကို ရောက်နေတာလဲ”

လင်းကျန်းအန်းက သူ့ကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်ပြီး မည်သည်ကိုမျှ ပြန်မပြောခဲ့ချေ။

စုန့်ရှီးယန်ကတော့ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။

“စုန့်ဝေ့... ပြီးတော့ ဒီနှစ်ယောက်.. မင်းတို့တွေ ငါနဲ့ လိုက်ခဲ့ပေးပါ”

“မဟုတ်ဘူးလေ... မင်းက ဘယ်သူမို့လို့လဲ၊ ငါတို့က ဘာလို့ မင်းနောက် လိုက်ရမှာလဲ”

ကျန်ရှိသည့် လူနှစ်ဦးမှာ စုန့်ရှီးယန်၏ အထောက်အထားကို မသိရှိကြသောကြောင့် ဤလူက အကြောင်းပြချက်မရှိ ပေါ်လာပြီး ထူးဆန်းသောစကားများ ပြောနေသည်ဟုသာ ခံစားလိုက်ရသည်။

ဆန့်ကျင်ဘက်အနေဖြင့် စုန့်ဝေ့ကတော့ စုန့်ရှီးယန်၏ အကြောင်းကို သိရှိထားသူ ဖြစ်သည့်အတွက် ဤအချိန်တွင် အလွန်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့ရလေ၏။

“စုန့်ရှီးယန်... ဟုတ်တယ်မလား၊ ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါ မေးလို့ရမလား၊ ငါတို့က ဘာလို့ မင်းနောက် လိုက်ရမှာလဲ၊ ငါတို့ သေရမယ်ဆိုရင်တောင် ငါတို့ကို ဘာအတွက်ခေါ်တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပါရစေဦး”

စုန့်ရှီးယန်က စစ်တပ်တွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခုအချိန်တွင် လူကိုဖမ်းရန် တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်သောကြောင့် သူ ကြုံတွေ့နေရသည့် ကိစ္စမှာ အလွန်ပင် ကြီးလေးမည်ဖြစ်ကြောင်း သိသာလေသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စစ်တပ်ကိုပင် သက်ရောက်မှု ရှိနေသည်ဟူ၍ ဆိုလိုနေခြင်းပင်။

သို့သော် သူသည်က မည်သည့်ကိစ္စတွင် ပါဝင်ပတ်သက်နေသည်ကိုတော့ စဉ်းစား၍ မရနိုင်သေးပါချေ။

စုန့်ဝေ့က တည်ငြိမ်ချင်ယောင် ဆောင်ထားပြီး သူ့အနေဖြင့် မည်သည့် အန္တရာယ်ရှိသော အလုပ်ကိုမျှ မလုပ်ခဲ့ကြောင်းနှင့် စုန့်ရှီးယန်အနေဖြင့် လူမှားသွားခြင်းသာ ဖြစ်ရမည်ဟု သူကိုယ်ကိုယ် အကြိမ်ကြိမ် ပြန်ပြောနေမိသည်။

သို့သော် စုန့်ရှီးယန်က အေးစက်သော အသံဖြင့်သာ ပြောလိုက်လေ၏။

“ခင်ဗျားက ဒီဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေပြီး ဆွေမျိုးတွေကို ကူညီပေးနေတယ်လို့ အခုပဲ ဝန်ခံထားတယ်၊ မှန်တယ်မလား”

စုန့်ဝေ့မှာ ထိုစကားကို ကြားသည်နှင့် ဆေးဝါးစက်ရုံမှ တစ်စုံတစ်ယောက်ကြောင့် ကိစ္စတစ်ခုခု ဖြစ်ပျက်သွားပြီဆိုသည်ကို စိတ်ထဲမှ သိလိုက်ရလေသည်။

သူသည်က ယနေ့ ဤခရီးစဉ်ကို လာခဲ့မိပြီး သူကိုယ်တိုင် ဝန်ခံခဲ့မိသည်ကို ယခုအချိန်တွင် အလွန်ပင် နောင်တရနေမိတော့၏။

သူသည် စိတ်ထဲမှနေ၍ အကြီးအကျယ် ဒေါသထွက်ကာ ကျိန်ဆဲနေမိသော်လည်း အံကို ကြိတ်ကာ လက်မလျှော့သေးဘဲ ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဆေးဝါးစက်ရုံမှာ ဘာတွေ ဖြစ်လို့လဲ”

စုန့်ဝေ့မှာ မမြင်ရမချင်း မျက်ရည်မကျတတ်သည့် လူစားမျိုး ဖြစ်သည်ကို မြင်ချိန်တွင် စုန့်ရှီးယန်က အေးစက်စွာသာ ပြောနိုင်တော့၏။

“ဘာဖြစ်ရမှာလဲ၊ ခင်ဗျားတို့ရဲ့ ဆေးဝါးစက်ရုံမှာ ကိစ္စကြီး ဖြစ်နေတယ်!”

“အခု ကျွန်တော်တို့အနေနဲ့ ခင်ဗျားတို့ရဲ့ ဆေးဝါးစက်ရုံကို ရန်သူနဲ့ ပူးပေါင်းကြံစည်မှု၊ နိုင်ငံတော်ကို သစ္စာဖောက်မှု၊ နိုင်ငံခြား အင်အားစုတွေနဲ့ ဆက်သွယ်မှုနဲ့ သူလျှိုလုပ်မှုတွေ ကျူးလွန်တယ်လို့ သံသယရှိနေတယ်”

“သူလျှိုလုပ်မှု” ဆိုသည့် စကားလုံး သုံးလုံးကို ကြားလိုက်ရချိန်တွင် စုန့်ဝေ့မှာ တစ်စုံတစ်ခုက သူ၏ ဦးခေါင်းကို အရှိန်ပြင်းစွာ ရိုက်နှက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး မူးလဲမတတ်ပင် ဖြစ်သွားခဲ့ရလေ၏။

ဘယ်လိုလုပ်ပြီး သူလျှိုဖြစ်နိုင်မှာလဲ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

All Chapters