← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း(419)

“မဖြစ်နိုင်တာ၊ ငါတို့ မိသားစု တစ်စုလုံးက ဆင်းရဲသား တောင်သူလယ်သမားတွေပဲ၊

ဘယ်လိုလုပ် သူလျှို ဖြစ်နိုင်မှာလဲါမင်းရှင် တစ်ခုခု မှားနေတာ ဖြစ်မှာပါ၊ မင်း တစ်ခုခု မှားနေတာ သေချာတယ်!”

“ဟုတ်ပါတယ်.. ကျွန်တော် တကယ်ပဲ ဘာမှ မလုပ်ခဲ့ပါဘူး ညီလေး၊ ဦးလေး.. ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ကို လွှတ်ပေးကြပါဦး!”

ဆေးဝါးစက်ရုံမှ လူနှစ်ဦးမှာလည်း အလွန်အမင်း ထိတ်လန့်သွားကြပြီး ငိုယိုကုန်ကြလေတော့သည်။

သူလျှိုမှု ဆိုသည်မှာ အလွန်အမင်း ကြီးလေးသော ပြစ်မှုကြီးပင် မဟုတ်ပါလား။

“ကောင်းပြီ... အဲဒီစကားတွေကို နောက်မှပဲ ပြောကြတော့၊ အခုတော့ ငါနဲ့အရင် လိုက်ခဲ့!”

စုန့်ရှီးယန် ထိုသို့ပြောပြီးနောက် သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ခေါ်ယူကာ စုန့်ဝေ့နှင့် ကျန်လူနှစ်ဦးအား ထိန်းသိမ်းလိုက်လေ၏။

စုန့်ဝေ့နှင့် ထိုလူနှစ်ဦးမှာ အဖမ်းမခံလိုကြသော်လည်း ကံဆိုးစွာဖြင့် မတတ်နိုင်ခဲ့ကြချေ။

သူတို့မှာ စုန့်ရှီးယန်နှင့် တခြားသူများကို ယှဉ်နိုင်စွမ်း မရှိကြပါချေ။

နောက်ဆုံးတွင် ထိုသူသုံးဦးမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး ဒေါက်တာတုန်ကတော့ တုန်လှုပ်ခြောက်ခြားလျက် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့လေ၏။

ခေတ္တမျှကြာသော် သူက ကျိုးကျယ်ပင်းနှင့် လင်းကျန်းအန်းတို့ကို ကြည့်ကာ မေးမြန်းလိုက်သည်။

“တော်သေးတာပေါ့... ငါတို့ဆေးရုံက သူတို့နဲ့ မပူးပေါင်းခဲ့လို့ပဲ၊ မဟုတ်ရင် ငါတို့အားလုံးပါ ပြဿနာတက်ကုန်တော့မှာ!”

သို့သော် ထိုသို့ပြောပြီးနောက် ကျိုးကျယ်ပင်းနှင့် လင်းကျန်းအန်းတို့က အံ့ဩပုံမရကြောင်းကို သူ သတိပြုမိသွားပြီး ကြောင်အသွားရပြန်သည်။

“နေပါဦး... မင်းတို့နှစ်ယောက်က ဘာလို့ အံ့ဩပုံမပေါက်ကြတာလဲ၊ သူတို့အကြောင်းကို ကြိုသိနေကြတာလား”

ကျိုးကျယ်ပင်းကတော့ ဤကိစ္စကို ကြိုတင်သိရှိထားသည်မှာ ကြာပြီဖြစ်ပေ၏။ မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်က ထိုအချိန်က သူ၏အကူအညီကို လိုအပ်နေခဲ့သောကြောင့် အနည်းငယ် အရိပ်အမြွက် ပြောပြထားခဲ့ဖူးပေသည်။

ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်လေသည်။

လင်းကျန်းအန်းမှာလည်း စုန့်ဝေ့နှင့် သူတို့၏ ဆေးဝါးစက်ရုံတွင် ပြဿနာရှိကြောင်း စုန့်ရှီးယန် ပြောသည်ကို ကြားဖူးခဲ့သည်။ သို့သော်လည်း ဤမျှအထိ ကြီးမားသော ပြဿနာမျိုး ဖြစ်လိမ့်မည်ဟုတော့ တစ်ခါမျှ မတွေးတောခဲ့မိပါချေ။

သို့သော် တစ်ဖက်လူက စုန့်ဝေ့ ဖြစ်နေသည်ဟု တွေးမိလိုက်ချိန်တွင်တော့ ဤကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံတွေ့ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ဟု သူ ရုတ်တရက် ခံစားလိုက်ရပြန်သည်။

“ဒေါက်တာတုန်... ဒီကိစ္စက စုန့်ရှီးယန်ရဲ့ အလုပ်နဲ့ ပတ်သက်နေတာမို့လို့ ဆရာ့ကို ကြိုပြီး မပြောပြမိတာပါ၊ တောင်းပန်ပါတယ်”

ကျိုးကျယ်ပင်းက ဒေါက်တာတုန်အား တောင်းပန်လိုက်လျှင် ဒေါက်တာတုန်က သက်ပြင်းချရင်း လက်ကာပြလိုက်၏။

“ရပါတယ်... ရပါတယ်၊ ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံတဲ့အချိန် ပိုပြီး သတိထားတာက အကောင်းဆုံးပါပဲ”

မဟုတ်ပါက သတင်းများ ကြိုတင်ပေါက်ကြားသွားလျှင် ပို၍ကြီးမားသော ပြဿနာများ ဖြစ်ပွားလာနိုင်ပေသည်။

ထို့နောက်တွင် ဒေါက်တာတုန်နှင့် သူတို့သုံးဦးမှာ ခေတ္တမျှ စကားပြောဆိုပြီးနောက် လမ်းခွဲခဲ့ကြလေ၏။

စုန့်ဝေ့နှင့် ဆေးဝါးစက်ရုံမှ လူနှစ်ဦးကိုတော့ စုန့်ရှီးယန်က သက်ဆိုင်ရာ ဌာနများသို့ ခေါ်ဆောင်သွားပြီး တင်းကျပ်စွာ စစ်ဆေးမေးမြန်းခဲ့တော့သည်။

စစ်ဆေးမေးမြန်းနေချိန်အတွင်းမှာပင် စုန့်ဝေ့က သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဆေးဝါးစက်ရုံတွင် အမှန်တကယ်ပြဿနာရှိနေခဲ့ကြောင်းနှင့် ထိုသည်မှာလည်း အလွန်ကြီးမားသော ပြဿနာဖြစ်ကြောင်း သိရှိသွားရ၏။

တချို့သူများမှာ ဆေးဝါးစက်ရုံအတွင်းရှိ ဆေးဘက်ဝင်အပင်များကို တလွဲနည်းဖြင့် အသုံးပြုကာ အရည်အသွေးမမီသော ဆေးများ ထုတ်လုပ်နေကြသည်။ အရေးကြီးဆုံးအချက်မှာ ထိုဆေးပင်များ၏ အရင်းအမြစ်မှာ ပြည်ပမှ လာခြင်းပင် ဖြစ်ပေသည်။

စုန့်ဝေ့က ဤအချက်ကို လုံးဝ မသိရှိခဲ့ပါချေ။ ဆေးဝါးစက်ရုံမှ တခြားလူနှစ်ဦးကို မေးမြန်းကြည့်ချိန်တွင်လည်း သူတို့မှာ လုံးဝ မသိနားမလည်ကြောင်းသာ ပြောကြလေ၏။

သူတို့နှစ်ဦးမှာ အရောင်းကိုယ်စားလှယ်နှင့် ဈေးကွက်ရှာဖွေသူများသာ ဖြစ်ကြသောကြောင့် ဆေးဝါးစက်ရုံအတွင်းရှိ အသေးစိတ် အချက်အလက်များနှင့် ဆေးပင်များ၏ အခြေအနေကို လုံးဝ မသိရှိခဲ့ကြပေ။

ကံဆိုးစွာဖြင့် ဆေးဘက်ဝင်အပင်များတွင် ပြဿနာရှိနေသည်က အမှန်တရား ဖြစ်နေခဲ့သည်။

အကယ်၍ သူတို့အနေဖြင့် ပြဿနာရှိသူကို ရှာမတွေ့နိုင်ပါက အားလုံးမှာ ပါဝင်ပတ်သက်သူများအဖြစ် သတ်မှတ်ခံရလိမ့်မည်။

စုန့်ဝေ့တစ်ယောက် ဤအချိန်တွင် အလွန်အမင်း နောင်တရနေမိရတော့၏။ အဘယ်ကြောင့်များ ထိုသို့စိတ်ကူးပေါက်ကာ ထိုကဲ့သို့သော အလှမ်းဝေးလှသည့် ဆွေမျိုးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မိပါသနည်း။

အကယ်၍သာ သူသာ ပို၍နီးစပ်သော လက်တွဲဖော်ကို ရှာဖွေခဲ့ပါက ဆေးဝါးစက်ရုံသို့ အချိန်မရွေး သွားရောက်စစ်ဆေးနိုင်မည် ဖြစ်သကဲ့သို့ လုပ်ငန်းစဉ်များကိုလည်း ကြီးကြပ်နိုင်မည်ဖြစ်ကာ ဤကဲ့သို့သော ပြဿနာမျိုး ဖြစ်လာမည်ကို ရှောင်လွှဲနိုင်ခဲ့မည် မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် ဤစကားများကို ပြောနေရခြင်းမှာ အလွန်ပင် နောက်ကျသွားခဲ့ချေပြီ။

နောက်ဆုံးတွင် သူတို့မှာ ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုနေကြသောကြောင့် စုန့်ရှီးယန်နှင့် တခြားသူများက သူတို့အား ဆေးဝါးစက်ရုံရှိရာသို့ ခေါ်ဆောင်သွားကြလေတော့၏။

စုန့်ဝေ့နှင့် တခြားသူများကို ဖမ်းဆီးပြီးနောက် ဆေးဝါးစက်ရုံရှိ လူတိုင်းကိုလည်း ထိန်းသိမ်းထားပြီး ဖြစ်ပေသည်။

ယခုအချိန်တွင်တော့ မည်သူက အကြီးမားဆုံး ပြဿနာရှိသူ ဖြစ်ကြောင်းကို သိရှိနိုင်ရန် တစ်ဦးချင်းစီအား စစ်ဆေးရှာဖွေရန်သာ စောင့်ဆိုင်းနေရတော့၏။

…

စုန့်ရှီးယန် ဤတစ်ကြိမ် ထွက်ခွာသွားပြီးနောက် နှစ်ပတ်နီးပါးမျှ ပျောက်ကွယ်နေခဲ့လေသည်။

လွန်ခဲ့သော နှစ်ပတ်အတွင်း စုန့်ဝေ့နှင့် သူ၏ ဆေးဝါးစက်ရုံက စုံစမ်းစစ်ဆေးခံနေရသောကြောင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းခဲ့ရ၏။

လင်းကျန်းအန်းသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ တခြားဆေးရုံတချို့သို့ အမြန်သွားရောက်ခဲ့လေသည်။

လုယူခံခဲ့ရသော စီးပွားရေးများကို ပြန်လည်ရရှိခဲ့ရုံသာမက တခြားဆေးရုံအသစ်အချို့နှင့်ပါ လက်တွဲနိုင်ခဲ့သည်။

ဆိုရလျှင် ထိုဆေးရုံများရှိ သတင်းများမှာ အလွန်အမင်း ပိတ်ဆို့မနေခဲ့ပေ။

စုန့်ဝေ့နှင့် သူ၏ ဆေးဝါးစက်ရုံက စုံစမ်းစစ်ဆေးခံရကာ ပိတ်ဆို့ခံလိုက်ရသည်ဟူသော သတင်းကို လူတိုင်း သိရှိသွားကြသည်။

စုန့်ဝေ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော ဆေးရုံများကတော့ ချက်ချင်းပင် နောင်တရသွားကြလေတော့၏။

ထိုသို့သော အခြေအနေမျိုးတွင် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အချိန်မမီလိုက်သည့် ဆေးရုံများကတော့ ကံကောင်းလွန်းသည်ဟု ဆိုရပေမည်။

ဤဖြစ်ရပ်ဖြစ်ပွားပြီးနောက် လူတိုင်းတွင် တူညီသော အသိစိတ်တစ်ခု ရရှိသွားကြသည်။

“ဈေးပေါပေါရတိုင်း အလောတကြီးလက်မခံသင့်ဘူး”

လောဘတက်မိပါက ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်သည်ပင်။

သို့ဖြစ်၍ လင်းကျန်းအန်းက ဆေးရုံများစွာ၏ ယုံကြည်မှုကို ရရှိခဲ့ရုံသာမက ဈေးနှုန်းကိုလည်း လျှော့ချပေးရန် မလိုခဲ့ချေ။

ဤသည်ကို ဘေးအန္တရာယ်ကြားမှ ရောက်လာသော အကျိုးကျေးဇူးများဟုပင် ဆိုနိုင်ပေသည်။

ဆယ့်နှစ်လပိုင်းလလယ်အထိ လင်းရန်တို့၏ စားသောက်ဆိုင်လုပ်ငန်းမှာ ကျဆင်းသွားခြင်းမရှိသည့်အပြင် ပို၍ပင် ကောင်းမွန်လာခဲ့လေ၏။

နှစ်ကုန်ပိုင်းဖြစ်၍ ဌာနဆိုင်ရာအသီးသီးမှ နှစ်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေကြသကဲ့သို့ မြို့တော်အစိုးရထံသို့ အဝင်အထွက်ပြုနေကြသော နယ်ဝေးဝန်ထမ်းများလည်း ပိုမိုများပြားလာခဲ့သည်။

လင်းရန်တို့၏ နေ့စဉ် အလုပ်တာဝန်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း လင်းရန်အနေဖြင့် ယခင်က ရဲဘော်ရှောင်ကျောက်နှင့် စကားပြောဆိုခဲ့ဖူးသည့် အတွက်ကြောင့် ဆိုင်ထဲမှလူများ အလွန်အလုပ်ရှုပ်နေသည်ကို မြင်လျှင် ရှောင်ကျောက်ကလည်း အလိုက်သိစွာဖြင့်ပင် ဤနှစ်ကုန်ပိုင်း တစ်လအတွက် လူတိုင်းကို လစာတိုးပေးရန် ပြောခဲ့လေ၏။

လစာတိုးမည်ဟူသော အချက်ကြောင့် လူတိုင်းမှာ လုပ်ငန်းခွင်၌ ပြန်လည်၍ တက်ကြွလာကြပြန်သည်။

သူတို့ကို ပို၍ဝမ်းသာစေသည်မှာ တရုတ်နှစ်သစ်ကူးကာလတွင် သုံးရက်ပိတ်ရက် ရရှိမည်ဟူသော သတင်းပင်ဖြစ်လေ၏။

ရှောင်ကျောက်ကနှစ်ဆန်းနှစ်ရက်အထိပိတ်ပေးကာ သုံးရက်နေ့များတွင်မှသာ အလုပ်ပြန်တက်ရမည်ဖြစ်ကြောင်းပြောလာခဲ့လေ၏။

ဤသတင်းက လူတိုင်းကို ပျော်ရွှင်စေခဲ့သည်။ လင်းရန်တစ်ဦးတည်းသာ အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိခဲ့ပါချေ။

ယခုကဲ့သို့သော နေ့ရက်မျိုးတွင် တခြားထူးခြားမှုမရှိပါက သူမအနေဖြင့် နောက်ထပ် တစ်နှစ်ပတ်လုံး အလုပ်ဆက်လုပ်ရဦးမည်ဖြစ်ကာ နောက်နှစ်ဒုတိယနှစ်ဝက်သို့ရောက်မှသာ အပြောင်းအလဲသစ်များ ရှိလာနိုင်သည်။

မည်သို့ပင်ဖြစ်စေ နောက်နှစ်ဒုတိယနှစ်ဝက်တွင်တော့ အရာအားလုံးက ကွဲပြားခြားနားသွားတော့မည် မဟုတ်ပါလား။

ဟင်း.. နောက်နှစ် ဒုတိယနှစ်ဝက်အထိ ခိုင်ခိုင်မာမာ တောင့်ခံနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။

ထိုအချိန်သိုးရောက်လျှင်တော့ သူမက ပထမဆုံးအနေဖြင့် အလုပ်ထွက်စာတင်ကာ ကိုယ်ပိုင်စီးပွားရေးကို စတင်ပြီး သူမ၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်ပြတော့မည်ဟု ကြံစည်ထားသည်။

တစ်ဆယ့်နှစ်လပိုင်း နှစ်ဆယ်ကျော်ကာလ၊ တရုတ်နှစ်သစ်ကူးရန် ရက်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် လင်းရန် အလုပ်လုပ်သည့် စားသောက်ဆိုင်တံခါးဝသို့ မမျှော်လင့်ထားသော လူတစ်ဦး ရုတ်တရက် ရောက်ရှိလာခဲ့၏။

“ရန်ရန်... အမေ့ကို ကူညီပါဦး၊ အမေ... မဟုတ်ပါဘူး၊ ငါ မင်းကို တောင်းပန်ပါတယ်!”

လင်းရန် အလုပ်ဆင်းချိန်တွင် တံခါးဝ၌ ရုတ်တရက် ပေါ်လာသော လီရှို့လီထံမှ တားဆီးခြင်းကို ခံလိုက်ရလေသည်။

သူမ၏ ရှေ့မှ လီရှို့လီကို ကြည့်ရင်း သူမ၏ လက်ရှိပုံပန်းသဏ္ဌာန်မှာ လွန်ခဲ့သော လအနည်းငယ်က ဆေးရုံတွင် တွေ့ခဲ့စဉ်ကထက်ပင် ပို၍ ဆိုးရွားနေသည်ကို လင်းရန် သတိပြုမိလိုက်သည်။

သူမက အတော်လေး ပိန်ကျသွားရုံသာမက အရေးကြီးဆုံးမှာ သူမ၏ မျက်ခုံးတို့ကလည်းတွန့်ချိုးနေပြီး နဖူးပေါ်တွင်လည်း အရေးအကြောင်းများ ထင်နေခဲ့ခဲ့သည်။

ကြည့်ရသည်မှာ သူမသည်က တစ်စုံတစ်ခုသော ကိစ္စကြောင့် အချိန်ကြာမြင့်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရသည့်ပုံပင်။

ဘာကိစ္စများဖြစ်နိုင်လို့လဲ။

လင်းရန်အနေဖြင့် ဖခင်ဖြစ်သူ လင်းကျန်းအန်း ပြောပြခဲ့သည့်စကားများကို ကြားဖူးသောကြောင့် သူမက စုန့်ဝေ့အတွက် စိုးရိမ်နေခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလေသည်။

သို့သော်လည်း လင်းရန်ကိုယ်တိုင်ကတော့ စုန့်ဝေ့၏ လက်ရှိအခြေအနေကို မသိရှိပါချေ။

စုန့်ရှီးယန်မှာလည်း ယခုထိ ပြန်မလာသေးသောကြောင့် သူ့အနေဖြင့် ဤကိစ္စကို ဖြေရှင်းနေဆဲဖြစ်နိုင်သေသည်။

တကယ်တမ်းတွင် လင်းရန်အနေဖြင့် လက်ရှိအခြေအနေကို သိရှိထားလျှင်ပင်၊ လီရှို့လီ၏ ပြဿနာကို ကူညီဖြေရှင်းပေးရန် အားလပ်နေမည် မဟုတ်ပါချေ။

သူမအနေဖြင့် ဖခင်ဖြစ်သူ လင်းကျန်းအန်းကို ကူညီပြီး စုန့်ဝေ့ကို ထပ်မံ မနှိပ်ကွပ်ရသည်ကိုပင် နောင်တရနေသည် မဟုတ်ပါလား။

“ကျွန်မ ရှင့်ကို နိုင်ကူညီစရာ ကျွန်မမှာ ဘာမှမရှိဘူး၊ ပြန်လိုက်ပါတော့”

*

အခန်း(420)

လင်းရန်က လီရှို့လီကို မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ငြင်းပယ်လိုက်ပြီး သူမကို ပတ်ကာ အိမ်သို့ ပြန်ရန် ပြင်လိုက်လေသည်။

သို့သော်လည်း လီရှို့လီမှာ ယခုအချိန်တွင် အမှန်တကယ်ပင် အားကိုးရာမဲ့နေခဲ့ပြီ ဖြစ်သည်။

ဤတစ်လလုံးလုံး ငွေကြေးလည်း မရှိ၊ စကားပြောဖော်လည်းမရှိဘဲ အိမ်တွင် တစ်ဦးတည်း နေထိုင်ခဲ့ရသော အထီးကျန်ဘဝ၏ နှိပ်စက်မှုဒဏ်ကို သူမ မခံစားနိုင်တော့ပါချေ။

ထို့ကြောင့် လင်းရန်က သူမကို မုန်းတီးနေသည်ကို သိသော်လည်း ရှက်ရွံ့မှုကို ဘေးဖယ်ကာ ထပ်မံ၍ တားဆီးလိုက်ပြန်သည်။

“ရန်ရန်... မင်းသာ ငါ့ကို မကူညီရင် ငါ တကယ်ပဲ အသက်မရှင်နိုင်တော့ဘူး၊ငါ မင်းကို စုန့်ဝေ့ဆီ လိုက်ပို့ပေးဖို့ မတောင်းဆိုပါဘူး၊ ငါ သိချင်တာက သူ့မှာ ဘာတွေဖြစ်နေတာလဲ၊ သူ ပြန်လာနိုင်ဦးမှာလား ဆိုတာပါပဲ

ငါ့ကို... ငါ့ကို တိကျတဲ့ သတင်းလေး တစ်ခုလောက်ပဲ ပေးပါ၊ ဒါဆိုရင် ငါ မင်းကို နောက်ထပ် ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး!”

မည်သို့ပင်ဖြစ်စေ အကယ်၍ စုန့်ဝေ့သာ ပြန်မလာနိုင်တော့ပါက သူမအနေဖြင့်လည်း သူမ၏ အနာဂတ်အတွက် ပြန်လည် စဉ်းစားရတော့မည် မဟုတ်ပါလား။

သူမတွင် အလုပ်အကိုင်လည်း မရှိ၊ ကျွမ်းကျင်မှုလည်း မရှိပေ။ ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်လေးတစ်ခု ရှိသည်လွဲ၍ သူမတွင် တခြားမည်သည့် အားသာချက်မျှ မရှိပါချေ။

ကံကောင်းစွာဖြင့် စုန့်ဝေ့က အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော်လည်း သူမအနေဖြင့် မြို့ပြင်ရှိ ထိုအိမ်တွင် ဆက်လက်နေထိုင်ခွင့် ရှိနေသေးပေသည်။

အနာဂတ်တွင် ကျေးဇူးကန်းတတ်သည့် မျက်လုံးဖြူဝံပုလွေမလေး စုန့်စစ်ယွီသာ ပြန်လာပြီး လုယူခြင်းမပြုပါက သူမအနေဖြင့် တစ်သက်လုံး အေးအေးဆေးဆေး နေထိုင်သွားနိုင်မည် မဟုတ်ပါလား။

ထို့နောက် သူမ၏ ရုပ်ရည်မပျက်သေးခင် အချိန်အတောအတွင်းမှာပင် ငွေကြေးထောက်ပံ့နိုင်မည့် အမျိုးသားကောင်းတစ်ဦးကို ရှာဖွေကာ လက်ထပ်လိုက်မည်ဆိုပါက အရာအားလုံးမှာ ယခင်ကကဲ့သို့ပင် ပြန်လည်အဆင်ပြေသွားပေလိမ့်မည်။

လီရှို့လီအနေဖြင့် သူမ၏ ဤအစီအစဉ်ကို လင်းရန်အား တိုက်ရိုက်ပြောပြလိုက်ပါက လင်းရန်က သူမကို ကူညီမည်မဟုတ်သည့်အပြင် ပို၍ပင် ရွံရှာသွားမည်ကို သိရှိထားသောကြောင့် စုန့်ဝေ့အတွက် စိုးရိမ်နေသကဲ့သို့သာ ဆက်လက် ဟန်ဆောင်နေခဲ့လေ၏။

“ရန်ရန်.. မင်းရဲ့ဦးလေးစုန့်နဲ့ ငါ လက်ထပ်ခဲ့တာလည်း နှစ်ပေါင်းများစွာ ရှိနေပြီပဲ၊ သူ့မှာ တစ်ခုခုဖြစ်နေရင် သူ့ရဲ့နောက်ရေးကိစ္စတွေကို ငါကပဲ စီစဉ်ပေးရမှာလေ”

လင်းရန် ထိုစကားကို ကြားချိန်တွင်မှသာ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

သူမက လီရှို့လီကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ရှင်က သူ့ရဲ့နောက်ရေးကို စီစဉ်ပေးမှာလား၊ ဒါမှမဟုတ် ရှင့်ရဲ့ကိုယ်ပိုင်အရေးကိုပဲ စီစဉ်နေတာလား”

လီရှို့လီ၏ စိတ်ထဲရှိ တွက်ချက်မှာလေးများကို သူမ မသိဘဲ နေပါမည်လား။

အကယ်၍သာ သူမသာ စုန့်ဝေ့အတွက် တကယ်ပင် စိုးရိမ်နေခဲ့ပါက စုန့်ဝေ့ အဖမ်းခံရသည့် အချိန်ကတည်းက လာရောက်မေးမြန်းသင့်သည် မဟုတ်ပါလား။

အဘယ်ကြောင့် ယခုကဲ့သို့ တစ်လနီးပါး ကြာမြင့်မှ ရောက်လာရသနည်း။ ယခုအချိန်တွင်မှ စုန့်ဝေ့အတွက် နည်းလမ်းရှာပေးရန် ကြိုးစားနေခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။

“ငါ.. ငါ.. ရန်ရန်၊ မင်း ငါ့ကို ဘယ်လိုတောင် အောက်တန်းကျတဲ့အထိ တွေးလိုက်ရတာလဲ.. ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ သူ့ရဲ့အခြေအနေကို သိချင်ရုံသက်သက်ပါပဲ!”

လင်းရန်က သူမ၏ စိတ်ထဲမှ အတွေးကို ထိုးခွဲလိုက်သောကြောင့် လီရှို့လီမှာ မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်ပြန်သည်။

“မင်း ငါ့ကို အရမ်းအထင်သေးတာပဲ၊ ငါ မင်းဦးလေးစုန့်နဲ့ အတူနေလာတာ နှစ်တွေမနည်းတော့ဘူး၊ သူ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ဘယ်တော့မှ ပစ်မသွားဘူး!”

“တကယ်လား.. ဒါဆိုရင်တော့ ကောင်းတာပေါ့၊ အခုပဲ အိမ်ပြန်ပြီး အထုပ်အပိုးတွေ ပြင်ထားလိုက်တော့၊ ပြီးရင် မိုင်းတွင်းကိုသွားပြီး သူနဲ့အတူ ပြစ်ဒဏ် သွားခံလိုက်လေ”

ဤစကားကို ပြောလိုက်သူမှာ လင်းရန် မဟုတ်ဘဲ နယ်ဝေးမှ ပြန်လည်ရောက်ရှိလာသော စုန့်ရှီးယန်ပင် ဖြစ်ပေသည်။

ထိုအသံကို ကြားလိုက်ရသည်နှင့် လင်းရန်နှင့် လီရှို့လီတို့မှာ လမ်းကြားဝဆီသို့ လှည့်ကြည့်လိုက်ကြပြီး စုန့်ရှီးယန်ကို တွေ့လိုက်ရလေ၏။

“ဘာ! စုန့်ဝေ့က အဖမ်းခံရပြီး ပြစ်ဒဏ်ကျသွားပြီ ဟုတ်လား၊ ဘယ်လိုလုပ် အဲဒီလိုဖြစ်ရတာလဲ၊ သူ ဘယ်တော့မှ ပြန်လွတ်မှာလဲ”

လီရှို့လီမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးသွားရလေသည်။

သို့ဆိုလျှင် စုန့်ဝေ့က တကယ်ပင် ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သက်သေအထောက်အထားများ ခိုင်လုံသွားပြီ မဟုတ်ပါလား။ မဟုတ်ပါက အဘယ်ကြောင့် မိုင်းတွင်းသို့ ပို့ဆောင်ခံရပါမည်နည်း။

ထိုနေရာမှာ မည်မျှဆိုးရွားလိမ့်မည်ကို သူမ တွေးပင် မတွေးရဲပါချေ။

လင်းရန်လည်း ဤကိစ္စအတွက် အတော်ပင် အံ့အားသင့်သွားရသည်။

မည်သို့ပင်ဖြစ်စေ ဖခင်ဖြစ်သူ၏ ပြောပြချက်အရ စုန့်ဝေ့မှာ ဤကိစ္စကို သိရှိခြင်းမရှိဟု ထင်မှတ်ထားခဲ့သည်ပင်။

သို့ဆိုလျှင် သူ့အနေဖြင့် အဘယ်ကြောင့် ပြစ်ဒဏ် စီရင်ခြင်း ခံရပါသနည်း။

စုန့်ရှီးယန်က အနားသို့ လျင်မြန်စွာ လျှောက်လာပြီး လင်းရန်၏ ဘေးသို့ ရောက်ချိန်တွင် လီရှို့လီကို အေးစက်စွာ တစ်ချက်သာ ကြည့်လိုက်ကာ သူမ၏ မေးခွန်းကို ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

သူက ဤသို့သာ ထပ်မံ ပြောလိုက်၏။

“ခင်ဗျားက စုန့်ဝေ့အပေါ် ဒီလောက်တောင် သံယောဇဉ်ကြီးနေမှတော့.. ခင်ဗျား သူ ပြစ်ဒဏ်ခံနေရတဲ့ နေရာအနားမှာ နေထိုင်ပြီး နေ့တိုင်း သူ့ကို ပြုစုနိုင်အောင် လိပ်စာကို ပြောပြပေးမယ်၊ အဲဒီ လိပ်စာကတော့...”

စုန့်ရှီးယန်က မိုင်းတွင်း၏ လိပ်စာကို ပြောပြရန် ပြင်လိုက်ချိန်မှာပင် လီရှို့လီ၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။

သူမသည်က စုန့်ဝေ့၏ အမှုထဲတွင် ပါဝင်ပတ်သက်သွားမည်ကို အလွန်အမင်း ထိတ်လန့်သွားကာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးသွားတော့၏။

သူမ၏ ပုံရိပ်က မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ဤလီရှို့လီမှာ အမြဲတစေ ကိုယ်ကျိုးကိုသာကြည့်တတ်သူ ဖြစ်ပေသည်။

စုန့်ဝေ့ကို မပစ်သွားနိုင်ပါဟု ပြောနေခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ ပြစ်ဒဏ်ခံနေရသည့် နေရာကိုပင် မကြားချင်ခဲ့ပေ။

သူ့ထံသို့ သွားရောက်တွေ့ဆုံရန်ကတော့ ပြောနေစရာပင်မလိုအပ်တော့။

ကံကောင်းစွာဖြင့် သူမသည်က သူမ၏ မိခင်အပေါ် မည်သည့် သံယောဇဉ်မျှ မရှိတော့ပေ။ မဟုတ်ပါက သူမလည်း အချိန်ကြာမြင့်စွာ စိတ်နာကျင်နေရပေလိမ့်မည်။

“ဒါနဲ့... စုန့်ဝေ့ဆီမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ သူက ဒီကိစ္စကို မသိဘူးလို့ ရှင်ပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ပြစ်ဒဏ်ကျသွားရတာလဲ”

အိမ်အပြန်လမ်းတွင် လမ်းပေါ်၌ လူမရှိသည်ကို မြင်ချိန်တွင် လင်းရန်က စုန့်ရှီးယန်အား မေးမြန်းလိုက်လေ၏။

စုန့်ရှီးယန်လည်း သူမ၏ စပ်စုလိုစိတ်ကို ပြေပျောက်စေရန် အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်လေသည်။

သူတို့က စုန့်ဝေ့နှင့် ဆေးဝါးစက်ရုံမှ လူများကို ခေါ်ဆောင်ကာ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် မသင်္ကာဖွယ်ရာ လူတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ကြပေသည်။

ထိုသူမှာ တခြားလူမဟုတ်ဘဲ စုန့်ဝေ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆင်းရဲသား ဆွေမျိုး၊ ဆေးဝါးစက်ရုံ၏ ညွှန်ကြားရေးမှူးပင် ဖြစ်၏။

ထိုဆွေမျိုးက ဆင်းရဲမွဲတေနေခဲ့သည်မှာ ကြာပြီဖြစ်၍ ဆင်းရဲရမည်ကို အလွန်ကြောက်ရွံ့နေခဲ့ပုံရပေသည်။ ထို့ကြောင့် အစောပိုင်းတွင် ငွေရှာရသည့် အရသာကို သိရှိသွားပြီးနောက်တွင် မကျေနပ်နိုင်တော့ဘဲ ငွေများများ ပိုရမည့် နည်းလမ်းများကို ရှာဖွေလာခဲ့သည်။

နောက်ဆုံးတွင် ဆေးရုံတစ်ခုသို့ အရောင်းအဝယ်ကိစ္စဖြင့် သွားရင်းဖြင့် လမ်းခုလတ်၌ “စိတ်ထားကောင်းသော လူကြီးမင်း” တစ်ဦးနှင့် တွေ့ဆုံခဲ့လေ၏။

ထိုသူကလည်း ဆေးဝါးလုပ်ငန်း လုပ်ကိုင်သူဟု ဆိုကာ စကားပြောရင်း ထိုဆွေမျိုး၏ ငွေလိုချင်သော စိတ်ကို ရိပ်မိသွားခဲ့သည်။

ထို့နောက် ထိုဆွေမျိုး၏ ယုံကြည်မှုကို ရယူနိုင်ရန် အချိန်အနည်းငယ် ပေးခဲ့ပြီးနောက် ဆေးပင်အချို့ကို ပေးကမ်းကာ ဤဆေးပင်များသည်က လက်ရှိဈေးကွက်ထဲရှိ ဆေးပင်များနှင့် အာနိသင်တူသော်လည်း ပိုမို လျင်မြန်စွာ ကြီးထွားကြောင်း ပြောပြခဲ့လေ၏။

ဤသည်မှာ အချိန်တိုအတွင်း ယခင်ကထက် ဆေးပင်များကို နှစ်ဆ သို့မဟုတ် သုံးဆ၊ ငါးဆအထိ ပိုမို ရရှိနိုင်မည်ဖြစ်၍ စိုက်ပျိုးချိန်ကို များစွာ သက်သာစေပြီး ငွေပိုရစေမည် မဟုတ်ပါလား။

ကြီးမားလွန်းသော အမြတ်အစွန်း၏ မြှူဆွယ်မှုအောက်တွင် ထိုဆွေမျိုးက မတောင့်ခံနိုင်တော့ဘဲ ထိုလူပေးသည့် ဆေးပင်များကို ဆေးခင်းထဲတွင် စိုက်ပျိုးခဲ့လေ၏။ နောက်ဆုံးတွင် မူလဆေးပင်များနေရာ၌ ဤဆေးပင်အသစ်များဖြင့် အစားထိုးလိုက်တော့သည်။

ထိုနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကိုတော့ လင်းရန် သိရှိထားသည့်အတိုင်းပင် သူတို့၏ လိမ်လည်မှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်၏။

“ဒါဆို စုန့်ဝေ့ရဲ့ ဆွေမျိုးကို ဆေးပင်တွေပေးတဲ့ လူကိုကော ဖမ်းမိပြီလား၊ သူက သူလျှိုလား”

စုန့်ရှီးယန်က ခေါင်းညိတ်ပြလိုက်သည်။

“အဲဒီလူက သူလျှိုတစ်ယောက်ပဲ၊ အခုတော့ ကိုယ်တို့ ဖမ်းဆီးလိုက်ပါပြီ၊ သူ့ရဲ့ ရည်ရွယ်ချက်က ဒီဆေးပင်တွေကို အဓိက ဆေးရုံကြီးတွေထဲကို စီးဆင်းသွားဖို့ လုပ်ခဲ့တာ၊

ဘာလို့လဲဆိုတော့ ဒီဆေးပင်က အဆိပ်ရှိနေတယ်လေ၊ အဲဒီအဆိပ်က ဖြည်းဖြည်းချင်း ထိခိုက်စေတာမျိုး ဖြစ်ပေမဲ့ အချိန်အကြာကြီး သောက်သုံးမိရင်တော့ လူတွေကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်လိမ့်မယ်”

လင်းရန်မှာ ထိုစကားကို ကြားရုံမျှဖြင့် ကြက်သီးဖြန်းဖြန်း ထသွားရလေ၏။

ယခုခေတ် သူလျှိုများတွင် ဤမျှအထိ လှည့်ကွက်များ ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပါချေ။ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများတွင်သာ တွေ့ဖူးသော ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို လက်တွေ့ဘဝတွင် မြင်တွေ့ရသည်မှာ တကယ်ပင် ကြောက်စရာ ကောင်းလေသည်။

သို့သော် စုန့်ရှီးယန်နှင့် သူ၏အဖွဲ့သားများကကိုတော့ သူမ ပို၍ အထင်ကြီးသွားခဲ့ရသည်။

ဤကဲ့သို့ ခေတ်နောက်ကျသော စုံစမ်းစစ်ဆေးမှု အခြေအနေများအောက်တွင် သူတို့က ရန်သူကို ဖမ်းဆီးနိုင်ခဲ့ရုံသာမက အရာအားလုံးကို ရှင်းလင်းအောင် ဖော်ထုတ်နိုင်ခဲ့ကြလေ၏။

သူမ စုန့်ရှီးယန်ကို အလွန်ပင် အထင်ကြီး လေးစားသွားမိခဲ့ရသည်။

All Chapters