အခန်း (၁၃၆-၁၃၇)
Vol. 12 Ch. 136-137
အခန်း (၁၃၆) - ပြစ်ဒဏ်
ဘာသာပြန် - အားသစ်
လင်းဖုန်း ပိုတွေးမိလေလေ ဒါက ဖြစ်နိုင်ချေရှိတယ်လို့ ပိုခံစားရလေလေ ဖြစ်သည်။ သူ့ ခန္ဓာကိုယ်သည် အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေဆဲဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အရည်အသွေးသည် လျင်မြန်စွာ တိုးတက်နေဆဲ ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားသောအခါ သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ ပိုမို သန်မာလာမည်မှာ အသေအချာပင်။
ထို့အပြင် ကြယ်တာရာစွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် ယင်းသည် ခွန်အားကိုသာ တိုးစေမည်မဟုတ်ကြောင်း လင်းဖုန်း တွေ့ရှိခဲ့သည်။ တိတိကျကျ ပြောရလျှင် ကြယ်တာရာစွမ်းအား ပေါက်ကွဲထွက်လာမှုက ခန္ဓာကိုယ်၏ ကဏ္ဍပေါင်းစုံကို ဘက်စုံနီးပါး တိုးတက်စေခြင်း ဖြစ်သည်။
အမြန်နှုန်း၊ ခွန်အား၊ ရုပ်ပိုင်းဆိုင်ရာ စသည်တို့အားလုံး ဘက်စုံ သန်မာလာမည် ဖြစ်သည်။
ဒေါက်... ဒေါက်...
လင်းဖုန်း စိတ်လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားကို စမ်းသပ်နေစဉ် တံခါးခေါက်သံများ ထွက်ပေါ်လာသည်။ သူ ထကာ တံခါးကို ဖွင့်လိုက်သောအခါ တံခါးအပြင်ဘက်တွင် နဂါးစီးသူရဲကောင်း ဟောက်ရှီရီ ရပ်နေပြီး သူ့ကို ပြုံးကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သခင်ဟောက်ရှီရီ... ကျေးဇူးပြုပြီး ဝင်လာပါခင်ဗျာ"
လင်းဖုန်း ဘေးသို့ ဖယ်ပေးလိုက်ပြီး ဟောက်ရှီရီကို ဝင်ခွင့်ပြုလိုက်သည်။
ဟောက်ရှီရီသည် အခန်းထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ပြုံးကာ မေးလိုက်သည်။
"ဒီကာလအတွင်း မင်းအခန်းပတ်လည်က ကြယ်တာရာစွမ်းအားတွေ တော်တော်လေး တုန်ခါနေတယ်။ မင်း ကြယ်တာရာစွမ်းအားကို စုစည်းနေတာ မဟုတ်လား။ မဆိုးပါဘူး။ ကျင့်ကြံဖို့ အချိန်တိုင်း စက္ကန့်တိုင်းကို မင်း အရယူနိုင်တယ်။ သိုင်းလမ်းစဉ်ဆိုတာ ရှည်လျားတယ်။ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လရှိသူတွေသာ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မှာပဲ"
ဟောက်ရှီရီသည် လင်းဖုန်း၏ အပြုအမူကို အလွန် ကျေနပ်သွားသည်။ သူသည် ပါရမီရှင်ဟု ခေါ်ကြသူအချို့ကို အမြဲတမ်း အထင်သေးခဲ့သည်။ ထိုပါရမီရှင်များသည် သူတို့၏ ဂုဏ်သတင်းကို အလဟဿ ခံစားနေကြပြီး လက်တွေ့တွင်မူ သူတို့အားလုံးသည် မာနကြီးကာ အထက်စီးဆန်ကြသည်။ နောက်ဆုံးတွင် သူတို့ထဲမှ ဘယ်နှစ်ယောက်ကများ ဒုတိယအကြိမ် ဘဝအသွင်ကူးပြောင်းမှုကို ရရှိပြီး နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သနည်း။
လင်းဖုန်းကဲ့သို့ ပါရမီပါပြီး ကြိုးစားအားထုတ်နေဆဲဖြစ်သော ပါရမီရှင် သိုင်းသမားတစ်ဦးကို မြင်တွေ့ရရန်မှာ ရှားပါးလှသည်။
"သခင်ဟောက်ရှီရီ... ကျွန်တော့်ကို ဘာကိစ္စများရှိလို့ ရှာနေတာလဲ"
လင်းဖုန်းသည် ထိုမှတ်ချက်ကို တုံ့ပြန်ခြင်း မရှိပေ။ ဟောက်ရှီရီသည် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအား ပုံမှန်မဟုတ်မှုများကို သတိမထားမိသည်မှာ သေချာသည်။ အကယ်၍ သူသာ သတိထားမိပါက ဤမျှ တည်ငြိမ်နေမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လင်းဖုန်းသည် ကြယ်တာရာစွမ်းအား၏ အကန့်အသတ်ကို ချိုးဖျက်ခဲ့ပြီ ဖြစ်သည်။ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်တွင် ကြယ်တာရာစွမ်းအား အမျှင်တန်း ၂၀၀ ကျော်အထိ စုစည်းနိုင်ခဲ့ခြင်းမှာ အရင်က တစ်ကြိမ်မျှ မရှိခဲ့ဖူးပေ။
ကြယ်တာရာစွမ်းအားသည် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည်။ ထိုစွမ်းအား ပေါက်ကွဲမထွက်လာဘဲ ထင်ရှားသော ကြယ်တာရာစွမ်းအား တုန်ခါမှုများကို ထုတ်လွှတ်ခြင်း မရှိသရွေ့ သူတော်စင် တစ်ပါးပင် သိနိုင်မည် မဟုတ်ပေ။
ဟောက်ရှီရီက သူ့ခန္ဓာကိုယ်ထဲရှိ ပုံမှန်မဟုတ်မှုများကို မရှာဖွေနိုင်ခဲ့သဖြင့် လင်းဖုန်းကလည်း သဘာဝကျကျပင် ထိုအကြောင်းကို စတင်ပြောပြမည် မဟုတ်ပေ။ သူ၏ လက်ရှိ အခြေအနေမှာ အလွန် ထူးဆန်းနေသည်။ သူ အဘယ်ကြောင့် ဤမျှ များပြားသော ကြယ်တာရာစွမ်းအားကို စုစည်းနိုင်ရသနည်း ဆိုသည်ကို သူကိုယ်တိုင်ပင် မသိပေ။
သို့သော် လင်းဖုန်းသည် ထိုအဖြစ်မှာ သူ သားရဲများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ထားသောကြောင့် ဖြစ်နိုင်သည်ဟူသော ခပ်ရေးရေး ခံစားချက်တစ်ခု ရှိနေသည်။ ထို့ကြောင့် ဤကိစ္စကို အခြားသူများအား လွယ်လွယ်နှင့် ပြောပြ၍မရပေ။ ထိုအကြောင်းကို သူတစ်ယောက်တည်း သိထားရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ အခြားသူများကို အနည်းငယ် ဖုံးကွယ်ထားရန် လိုအပ်သည်။ ဤအချက်ကို လင်းဖုန်း နားလည်ထားသည်မှာ ကြာပြီ ဖြစ်သည်။
သူ ပြိုင်ဘက်ကင်းဖြစ်လာပြီး မည်သည့် စွမ်းအားကမျှ သူ့ကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့သည့် တစ်နေ့ကျမှသာ သူ၏ လျှို့ဝှက်ချက်အချို့ကို ပွင့်ပွင့်လင်းလင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။
ဟောက်ရှီရီက ပြုံးကာ ပြောလိုက်သည်။
"သူတော်စင်များ ညီလာခံက ပြီးဆုံးသွားပြီ။ မင်းအတွက် ပြစ်ဒဏ် ဆုံးဖြတ်ချက်ကလည်း ငါ့လက်ထဲကို ရောက်နေပြီ။ မင်းရဲ့ ပြစ်ဒဏ်က ဘာလဲဆိုတာကို မင်း သိချင်လား"
"ပြစ်ဒဏ်လား။ သူတို့က ကျွန်တော့်ရဲ့ လူသားသူရဲကောင်း တံဆိပ်ကို ပြန်ရုပ်သိမ်းမှာတော့ မဟုတ်ပါဘူးနော်"
အမှန်တကယ်တော့ လင်းဖုန်းသည် လူသားသူရဲကောင်း တံဆိပ်ကို အတော်လေး ဂရုစိုက်နေဆဲ ဖြစ်သည်။ ဤသည်မှာ ဂုဏ်သိက္ခာကို ကိုယ်စားပြုရုံသာမကဘဲ အကျိုးခံစားခွင့် မျိုးစုံကိုပါ ရရှိစေသည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အများအပြားမှာပင် လူသားသူရဲကောင်း တံဆိပ် မရှိကြပေ။ ယင်းက ဤတံဆိပ် မည်မျှ တန်ဖိုးကြီးကြောင်းကို ဖော်ပြနေသည်။
"မင်း မအပါဘူး ကောင်လေးရယ်။ သူတော်စင်တွေက ဘာလို့ မင်းရဲ့ တံဆိပ်ကို ပြန်ယူရမှာလဲ။ ကောင်းပြီ... မင်းအတွက် ပြစ်ဒဏ်ကို ငါ အခု တရားဝင် ကြေညာမယ်။ လင်းဖုန်း... မင်းက သာလွန်လူသား ကျွမ်းကျင်သူတွေကို ခွင့်ပြုချက်မရှိဘဲ ပြဿနာရှာဖို့ သွေးထိုးလှုံ့ဆော်ခဲ့ပြီး သာမန်လူတစ်ယောက်ကို အင်အားသုံး သတ်ဖြတ်ခဲ့တယ်။ ဒီနောက်ကွယ်မှာ အကြောင်းရင်း ရှိတယ်ဆိုပေမဲ့ ပြစ်ဒဏ်ကတော့ လိုအပ်သေးတယ်"
"လင်းဖုန်းရဲ့ ခွင့်ရက်ကို ချက်ချင်း ပယ်ဖျက်လိုက်တယ်။ သူ့ကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ စစ်သေနာပတိချုပ်အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်မှာဖြစ်ပြီး တစ်နှစ်အတွင်း ဘယ်ခွင့်မှ ယူခွင့်မပြုဘူး"
ဤပြစ်ဒဏ်ကို ကြားသောအခါ လင်းဖုန်း အံ့အားသင့်သွားသည်။
ဤသည်က ပြစ်ဒဏ်တစ်ခုလော။ ယင်းမှာ ပေါ့ပါးလွန်းပြီး ပြစ်ဒဏ် လုံးဝမရှိသည်နှင့်ပင် တူနေသည်။ အမှန်တကယ်တော့ လင်းဖုန်းသည် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရရန်ပင် ပြင်ဆင်ထားခဲ့သည်။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သူသည် သာလွန်လူသား သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်သာ ဖြစ်သည်။ ဤသည်မှာ ခိုင်လုံသော အမှန်တရားပင် ဖြစ်ပေသည်။
ပြစ်ဒဏ်က ဤမျှ ပေါ့ပါးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော် သူ၏ ခွင့်ရက်ကို ချက်ချင်း အဆုံးသတ်လိုက်ခြင်းနှင့် သူ့ကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် ရာထူးသို့ ပြောင်းရွှေ့လိုက်ခြင်းက လင်းဖုန်းကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။ မည်သို့ပင်ဆိုစေ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားပြီး ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကိုပင် မပြီးမြောက်သေးပေ။ သို့ဖြစ်ပါလျက် သူ့ကို အခြေစိုက်စခန်းတစ်ခု၏ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်သည်လား။
ပုံမှန်အားဖြင့် အခြေစိုက်စခန်းများ၏ စစ်သေနာပတိချုပ်များအားလုံးသည် အခြေခံအားဖြင့် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများသာဖြစ်ကြောင်း သိထားရမည်။ ဥပမာအားဖြင့် လုံကျိုးသည်လည်း အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး ဖြစ်သည်။ ထို့အပြင် သူသည် စစ်သေနာပတိချုပ်ဖြစ်လာရန်နှင့် နယ်မြေဧရိယာတစ်ခုကို ကာကွယ်ရန်အတွက် ရှေ့တန်းတွင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည်။
ဤမျှ မြန်မြန်ဆန်ဆန် ဧရိယာတစ်ခုကို ကာကွယ်ရန် လင်းဖုန်း ဘာတွေများ လုပ်ခဲ့သနည်း။ သူသည် လူသားသူရဲကောင်း တစ်ဦးဖြစ်လျှင်တောင်မှ ဤမျှ မြန်မြန်ဆန်ဆန် ဧရိယာတစ်ခုကို ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။ သူ ရောက်ရှိသွားပြီးနောက် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း တစ်ခုလုံး၏ ရှုပ်ထွေးမှုများကိုပင် သူ စိတ်ကူးကြည့်နိုင်သည်။
ဤသည်မှာ သူ့အတွက် ရာထူးတိုးခြင်း မဟုတ်ပေ။ သူ့ကို ခက်ခဲသော အခြေအနေတစ်ခုထဲသို့ ပစ်ချလိုက်ခြင်းသာ ဖြစ်သည်။
"သခင်ဟောက်ရှီရီ... ကျွန်တော်က ပြစ်ဒဏ်ကို လက်ခံချင်ပါတယ်။ ဒါပေမဲ့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စစ်သေနာပတိချုပ်အဖြစ် မသွားလို့ မရဘူးလား။ ကျွန်တော် သာမန် သိုင်းသမားတစ်ယောက်ပဲ ဖြစ်ချင်တယ်။ ပြီးတော့ ကျွန်တော့် ခွင့်ရက် ပယ်ဖျက်ခံရတာကို ထားလိုက်ပါတော့၊ ဘာလို့ နောက်တစ်နှစ်လုံးအတွက် ဘယ်ခွင့်မှ မရနိုင်တော့တာလဲ"
"ကောင်လေး... မင်းက ဈေးဆစ်ချင်နေတုန်းလား။ ဒါက သခင်သူတော်စင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်း ဈေးဆစ်ချင်တယ်ဆိုရင် သခင်သူတော်စင်ကို သွားရှာလိုက်ပါ"
လင်းဖုန်းတွင် ရွေးချယ်စရာ မရှိတော့ပေ။ ဆုံးဖြတ်ပြီးသား ပြစ်ဒဏ်ကို ပြောင်းလဲရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း သူ သိထားသည်။ မူလက သူသည် ဤခွင့်ရက်ကို အခွင့်ကောင်းယူကာ သူ့ မိဘများနှင့် မိသားစုအိမ်သို့ အလည်အပတ်ပြန်ကာ သူ့မိဘများကို လုံးဝ စိတ်အေးသွားစေချင်ခဲ့သည်။ သို့သော် ယခု ခွင့်ရက်ကို ပယ်ဖျက်လိုက်ပြီဖြစ်ရာ သူသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ ချက်ချင်း အပြေးအလွှား သွားရတော့မည် ဖြစ်သည်။ သူ လုံးဝ ပြန်သွား၍ မရနိုင်တော့ပေ။
ထို့အပြင် နောက်လာမည့် တစ်နှစ်တာအတွက် သူသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စောင့်ကြပ်ရမည် ဖြစ်သည်။ သူ အိမ်ကိုပင် ပြန်နိုင်မည် မဟုတ်ပေ။
"သခင်ဟောက်ရှီရီ... ခင်ဗျားနဲ့ သခင်သူတော်စင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် အစ်ကို ယွီရှန်းကကော ဘယ်လိုလုပ်မလဲ"
လင်းဖုန်းသည် ယွီရှန်းအတွက် စိုးရိမ်နေသည်။
"ယွီရှန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသွားပြီ။ သူက အဖွဲ့အစည်း မရွေးချယ်ရသေးဘူး။ မင်း ဘယ်လိုထင်လဲ"
"အကယ်၍ ယွီရှန်းက ပညာရေးအဖွဲ့ကို ရွေးချယ်မယ်ဆိုရင် ကျွန်တော် သူ့ကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ ပြောင်းရွှေ့ခေါ်ဆောင်သွားလို့ ရမလား"
လင်းဖုန်းထံတွင် အကြံဉာဏ်တစ်ခု လျင်မြန်စွာ ရလာသည်။ သူသည် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ စစ်သေနာပတိချုပ်အဖြစ် သွားရမည် ဖြစ်သည်။ သူ တစ်ယောက်တည်း သွား၍မရပေ။ အကယ်၍ သူသာ ယွီရှန်းကို ခေါ်သွားမည်ဆိုပါက ကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းရန် သံသယဖြစ်ဖွယ်မရှိ ပိုမို လွယ်ကူပေလိမ့်မည်။
"ဟားဟား... ကောင်လေး မင်းက တော်တော်လေး လည်တာပဲ။ ဒါပေမဲ့ မင်းမှာ သာလွန်လူသား ကျွမ်းကျင်သူတစ်ယောက်ကို ပြောင်းရွှေ့ဖို့ အာဏာမရှိဘူး။ ထားလိုက်ပါတော့၊ ဒီတစ်ခါတော့ ငါ မင်းကို ကူညီပေးပါ့မယ်။ ယွီရှန်းက ပညာရေးအဖွဲ့ကို ဝင်ဖို့ သဘောတူသရွေ့ သူ့ကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ ငါ ပြောင်းရွှေ့ပေးမယ်"
လင်းဖုန်း အလွန် ဝမ်းသာသွားသည်။ သူသည် သဘာဝကျကျပင် ဟောက်ရှီရီအပေါ် အလွန် ကျေးဇူးတင်နေသည်။
"ဒါဆိုရင် ကျွန်တော် အခု ဟိုတယ်ကနေ ထွက်သွားလို့ ရပြီလား"
"သေချာတာပေါ့ ရပါတယ်။ ဒါပေမဲ့ မင်းက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီကို မနက်ဖြန် ထွက်ခွာရမယ်။ လမ်းတစ်လျှောက် ငါ မင်းကို လိုက်ပို့ပေးမယ်"
ဟောက်ရှီရီသည် လင်းဖုန်းကို အတော်လေး သဘောကျပြီး သူ့ကို လိုက်ပို့ပေးရန် ကိစ္စမရှိပေ။
"ကျေးဇူးတင်ပါတယ် သခင်ဟောက်ရှီရီ"
ထို့ကြောင့် လင်းဖုန်းသည် ဟောက်ရှီရီကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။ သူသည် အချိန်လုနေရပြီး ယွီရှန်းနှင့် အရင် ဆက်သွယ်ရမည် ဖြစ်သည်။
"ဘယ်လောက်တောင် ကံကောင်းတဲ့ ကောင်လေးလဲ..."
လင်းဖုန်း ထွက်သွားသည်ကို ကြည့်ရင်း ဟောက်ရှီရီ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် အနည်းငယ် တွန့်ကွေးသွားသည်။ ပြစ်ဒဏ်မှာ ပြစ်ဒဏ် လုံးဝမရှိသကဲ့သို့ အလွန် ပေါ့ပါးပုံရသော်လည်း ဤသည်မှာ အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အကာအကွယ်ပေးမှု ရလဒ်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
ထို့အပြင် အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ယုံကြည်ရသော လက်ထောက်တစ်ဦးအနေဖြင့် ဟောက်ရှီရီသည် သူတော်စင်များ ညီလာခံ၏ အကြောင်းအရာအချို့ကိုပင် သိထားသည်။ အတိုင်းအတာတစ်ခုအထိ လင်းဖုန်းသည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ အပြောင်းအလဲကိုပင် တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းကမူ ထိုအကြောင်းအရာများအားလုံးနှင့် ပတ်သက်၍ ဘာမှမသိခဲ့ပေ။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၃၇) - အာမခံပေးသူ
ဘာသာပြန် - အားသစ်
လင်းဖုန်း ဟိုတယ်မှ ထွက်ခွာလာသည်။ ဤတစ်ကြိမ်တွင် သူ မပျံသန်းတော့ပေ။ မြို့ထဲတွင် သူ စည်းမျဉ်းအချို့ကို လိုက်နာသင့်သေးသည်။ ထို့ကြောင့် သူသည် ဟိုတယ်ကားကို ရွေးချယ်လိုက်ပြီး ဟိုတယ်ဝန်ထမ်းကို သူ့အား အနားယူစောင့်ရှောက်ရေးစင်တာသို့ ပို့ဆောင်ခိုင်းလိုက်သည်။
ဟိုတယ်မှ မထွက်ခွာမီ လင်းဖုန်းသည် ယွီရှန်းကို ဆက်သွယ်ခဲ့ပြီး သူ အနားယူစောင့်ရှောက်ရေးစင်တာတွင် ရှိနေကြောင်း သိခဲ့ရသည်။ သူသည် ယွီမိသားစု၏ ဗီလာသို့ မပြန်ဘဲ ထိုစဉ်က ချန်ရှီးနှင့် သိကျွမ်းခဲ့သော အနားယူစောင့်ရှောက်ရေးစင်တာတွင်သာ နေထိုင်နေခြင်း ဖြစ်သည်။
မကြာမီ လင်းဖုန်းသည် အနားယူစောင့်ရှောက်ရေးစင်တာသို့ ရောက်ရှိလာသည်။ ယွီရှန်းသည် လင်းဖုန်းကို ကြိုဆိုရန် အနားယူစောင့်ရှောက်ရေးစင်တာ အပြင်ဘက်တွင် စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။ သူနှင့် ချန်ရှီးတို့ တံခါးအပြင်ဘက်တွင် ရပ်ကာ အလွန် ရင်းနှီးပုံရသည်ကို မြင်သောအခါ လင်းဖုန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
"လင်းဖုန်း... ဒီတစ်ခါ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ယွီရှန်း၏ မျက်နှာအမူအရာမှာ တည်ကြည်နေသည်။ သူသည် လင်းဖုန်းကို ရင်ထဲအသည်းထဲမှ ကျေးဇူးတင်နေကြောင်း ထင်ရှားသည်။ လင်းဖုန်းကြောင့်သာ မဟုတ်ပါက သူ သာလွန်လူသား အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင်မှ ကျန်းဟွေကို သုတ်သင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ ကျန်းဟွေကို ရုတ်တရက် အင်အားသုံး သတ်ဖြတ်ခဲ့ပါက ကျောက်တုံးမြို့၏ ဥပဒေစိုးမိုးရေး အရာရှိများက သူ့ကို ဖမ်းဆီးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် လူသားသူရဲကောင်း တံဆိပ်ကို ပိုင်ဆိုင်ထားပြီး အာရုံစိုက်မှုများစွာ ရရှိထားသည့် လင်းဖုန်း မဟုတ်ပေ။
"ငါတို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး"
လင်းဖုန်းသည် ယွီရှန်း၏ ပခုံးကို ပုတ်လိုက်ပြီး သူတို့နှစ်ဦး ပြုံးကာ အနားယူစောင့်ရှောက်ရေးစင်တာထဲသို့ ဝင်သွားကြသည်။
အနားယူစောင့်ရှောက်ရေးစင်တာ၏ ပတ်ဝန်းကျင်ကို ကြည့်ကာ လင်းဖုန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ပတ်ဝန်းကျင်က မဆိုးပါဘူး။ ဒါပေမဲ့ ယွီရှန်း... မင်း အနားယူစောင့်ရှောက်ရေးစင်တာမှာပဲ ဆက်နေလို့တော့ မရဘူးမလား။ ယွီရွှေကို မင်း ဘယ်လိုလုပ်မလဲ"
လမ်းတစ်လျှောက် သူ သိရှိခဲ့ရသမျှအရ ယွီရှန်းသည် ယွီရွှေကို ရဲလက်အပ်လိုက်ပြီဖြစ်ကြောင်း လင်းဖုန်း သိထားပြီး ဖြစ်သောကြောင့် သူ ဤသို့ မေးလိုက်ခြင်း ဖြစ်သည်။
ယွီရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း သူ၏ လေသံမှာ အလွန် တည်ငြိမ်နေသည်။
"ယွီရွှေက ခံထိုက်ပါတယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ ညီလေးလေ။ နောက်ဆုံးအချိန်မှာ သူ့ဆီမှာ ယုံကြည်ချက် တစ်စွန်းတစ်စ ရှိနေသေးပြီး ငါ့ကို မသတ်ခဲ့ဘူး။ ဒါကြောင့် ငါ သူ့ကို မသတ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ လုပ်ခဲ့သမျှ အရာအားလုံးအတွက် တန်ဖိုးပေးဆပ်ရမှာပဲ။ သူ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံရလိမ့်မယ်"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ လက်တွေ့တွင် ဤသည်မှာ အကောင်းဆုံး ရလဒ်ဖြစ်နေပြီ ဖြစ်သည်။ ဤဖြစ်ရပ်ပြီးနောက် ယွီရှန်းသည် ယွီမိသားစုကိုပင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း သူ သိနိုင်သည်။ မဖြစ်မနေ ထောက်ပံ့ပေးရမည်မှလွဲ၍ သူသည် မစ္စတာယွီ မစ္စယွီတို့နှင့် မည်သည့် အဆက်အသွယ်မျှ ရှိတော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ယွီရွှေ၏ ကိစ္စတွင် မစ္စတာယွီနှင့် မစ္စယွီတို့တွင်လည်း ကြီးမားသော တာဝန်ရှိသည်။ သူတို့သည် မသိနားမလည်ရုံသာမက ယွီရွှေကို အရမ်းအလိုလိုက်ခဲ့ကြသည်။ သို့မဟုတ်ပါက သူတို့သာ ယွီရှန်းကို စောစောစီးစီး ပြောပြခဲ့လျှင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဘယ်လိုလုပ် ဖြစ်လာနိုင်မည်နည်း။
"ကောင်းပြီ... နောက်ထပ် မင်း ဘာလုပ်မလဲ"
ယွီရှန်းသည် သူ့ဘေးရှိ ချန်ရှီးကို ကြင်နာစွာ ကြည့်လိုက်ပြီး ချန်ရှီး၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်သည်။
"နောက်တစ်ဆင့်အနေနဲ့ ငါ ချန်ရှီးကို လက်ထပ်မယ်။ ငါ သူမအတွက် ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေး တစ်ခု ကျင်းပပေးချင်တယ်။ ငါ သူမကို ဒီအတွက် အကြွေးတင်နေတာ"
ချန်ရှီး၏ မျက်နှာလေးလည်း နီမြန်းသွားသော်လည်း သူမ၏ မျက်လုံးများတွင် နွေးထွေးသော အကြည့်တစ်ခု ရှိနေသည်။
လင်းဖုန်းသည် ယွီရှန်းနှင့် ချန်ရှီးတို့ကို အလွန် အားကျနေမိသည်။ သူတို့နှစ်ဦး အတူတကွ ရှိနေသည်ကို မြင်သောအခါ လင်းဖုန်း၏ နှလုံးသားထဲတွင် လှိုင်းဂယက်တစ်ခု ထလာသည်။ သူ့နှလုံးသား နက်ရှိုင်းသော နေရာတွင်လည်း အမြဲတမ်း နေရာယူထားသည့် လူတစ်ယောက် ရှိနေသည်။
"လင်းဖုန်း... ငါ လက်ထပ်တဲ့အခါ မင်းကို ငါ့ရဲ့ လက်ထပ်သက်သေအဖြစ် လုပ်ပေးဖို့ တောင်းဆိုချင်တယ်။ မငြင်းပါနဲ့"
လင်းဖုန်း ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းခါပြလိုက်သည်။
"ငါ တကယ် သက်သေ မလုပ်ပေးနိုင်ဘူး။ ငါ မနက်ဖြန် ကျောက်တုံးမြို့ကနေ ထွက်ခွာပြီး တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ သွားသတင်းပို့ရမယ်"
"ဘာလို့ အဲဒီလောက် လောနေရတာလဲ။ ငါနဲ့ ချန်ရှီးရဲ့ မင်္ဂလာပွဲကို မင်း မတက်တော့ဘူးလား"
ယွီရှန်းလည်း စိုးရိမ်တကြီး ဖြစ်သွားသည်။ သူတို့၏ မင်္ဂလာပွဲတွင် လင်းဖုန်း ဘယ်လိုလုပ် မပါဘဲ နေနိုင်မည်နည်း။
လင်းဖုန်း ပခုံးတွန့်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်။
"ငါလည်း မင်းရဲ့ မင်္ဂလာပွဲကို တက်ချင်ပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာ မရှိဘူးလေ"
ထို့နောက် သူ ရရှိခဲ့သော ပြစ်ဒဏ်အကြောင်း အတိုချုပ် ရှင်းပြလိုက်သည်။
လင်းဖုန်းလည်း အပြစ်ပေးခံရကြောင်း ကြားသောအခါ ယွီရှန်း အနည်းငယ် အားနာသွားသည်။ သို့သော် လင်းဖုန်းက ယွီရှန်းကို နှစ်သိမ့်လိုက်သည်။
"တကယ်တော့ ဒါက ပြစ်ဒဏ်ကြီးတစ်ခု မဟုတ်ပါဘူး။ အနည်းဆုံးတော့ ငါ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ စစ်သေနာပတိချုပ် ဖြစ်နိုင်သေးတာပဲလေ။ ဒီလောက် ငယ်ရွယ်တဲ့ စစ်သေနာပတိချုပ်မျိုးကို မင်း မြင်ဖူးလို့လား"
"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ဒီကိစ္စက နောက်ဆုံးတော့ ငါ့ကြောင့် စတင်ခဲ့တာပဲ။ ငါ ရွေးချယ်မယ့် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ ငါ သဘာဝကျကျ ပညာရေးအဖွဲ့ကိုပဲ ရွေးချယ်မှာပါ။ အချိန်တန်ရင် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ ပြောင်းရွှေ့ပေးဖို့ ငါ လျှောက်ထားလိုက်မယ်။ အဲဒီအချိန်ကျရင် ငါတို့ အတူတူ ဆက်ပြီး တိုက်ပွဲဝင်နိုင်တာပေါ့။ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ ငါ မင်္ဂလာပွဲကို နောက်ဆုတ်လိုက်ပြီး မနက်ဖြန် မင်းနဲ့အတူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ လိုက်ခဲ့မယ်"
လင်းဖုန်းက မင်္ဂလာပွဲကို တက်ရောက်ရန် အချိန်မရှိသောကြောင့် ယွီရှန်းက မင်္ဂလာပွဲကို ရွှေ့ဆိုင်းရန် အမှန်တကယ် ပြင်ဆင်နေခြင်း ဖြစ်သည်။ လင်းဖုန်း အလျင်အမြန် ခေါင်းခါကာ ပြောလိုက်သည်။
"ယွီရှန်း... မင်း ဒီလို လုံးဝ မလုပ်သင့်ဘူး။ မဟုတ်ရင် အနာဂတ်မှာ ချန်ရှီးက ငါ့ကို တကယ် မုန်းသွားလိမ့်မယ်။ ဟားဟား... မင်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားတာ၊ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလဲခြင်းကို မဖြတ်သန်းရသေးဘူး။ ဒီအချိန်မှာ ငါနဲ့အတူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ လိုက်လာတာက အလဟဿပဲ ဖြစ်လိမ့်မယ်။ ဒါ့ပြင် မင်းရဲ့ လက်ရှိ ခွင့်ရက်က ရဖို့ အရမ်း ခဲယဉ်းတယ်။ မင်း ဒီခွင့်ရက်ကို တန်ဖိုးထားပြီး ချန်ရှီးကို သေသေချာချာ လက်ထပ်ရမယ်။ မင်းရဲ့ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားပြီးမှ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို လာလည်း နောက်ကျမှာ မဟုတ်ပါဘူး"
လင်းဖုန်းက လွန်လွန်ကျူးကျူး ယဉ်ကျေးနေခြင်း မဟုတ်ပေ။ ဤသည်မှာ အစကတည်းက သူ၏ အစီအစဉ်ပင် ဖြစ်သည်။ သူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် အကူအညီ လိုအပ်သည်မှာ မှန်သော်လည်း ယွီရှန်းသည် သူ၏ အသွင်ပြောင်းလဲခြင်းကို မပြီးမြောက်သေးပေ။ သူသည် မည်သည့် ကြယ်တာရာစွမ်းအား ကျင့်စဉ်ကိုမျှ မလေ့ကျင့်ရသေးသဖြင့် သူ့ခွန်အားမှာလည်း ကန့်သတ်ချက် ရှိနေသည်။ သူ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ လိုက်လာလျှင်တောင်မှ လင်းဖုန်းအတွက် သူ့အကူအညီမှာ အလွန် ကန့်သတ်ချက် ရှိနေမည် ဖြစ်သည်။
ထို့ကြောင့် ယွီရှန်းအနေဖြင့် ဤခွင့်ရက်ကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲခြင်းကို သေသေချာချာ ပြီးမြောက်စေရန်၊ သူ၏ ကြယ်တာရာစွမ်းအားကို ကျင့်ကြံရန်နှင့် သူ၏ ခွန်အားကို သာမန် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမား တစ်ဦး၏ အဆင့်အတန်းသို့ တိုးမြှင့်ပြီးမှ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ လာခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုသို့မှသာ ယွီရှန်းသည် လင်းဖုန်းကို ကူညီနိုင်မည် ဖြစ်သည်။
ယွီရှန်း အနည်းငယ် ခေါင်းမာနေသေးသော်လည်း လင်းဖုန်း၏ ရှင်းပြချက်ပြီးနောက် သူ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ နောက်ဆုံးတွင် ခွင့်ရက်ကုန်ဆုံးပြီး သူ့ခန္ဓာကိုယ် အပြည့်အဝအသွင်ပြောင်းလဲသွားသည်အထိ စောင့်ဆိုင်းပြီးမှသာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သွားရန် သူ သဘောတူလိုက်သည်။
"ဒါပေမဲ့ ပညာရေးအဖွဲ့ကို ဝင်ဖို့ ငါ ဘယ်သူ့ဆီကို လျှောက်ထားရမလဲ"
လင်းဖုန်း ခဏတာ စဉ်းစားပြီး ပြောလိုက်သည်။
"မင်းက အရင်က နဂါးတောင်စခန်းက သိုင်းသမား တစ်ယောက်ပဲလေ။ တကယ်တော့ မင်း လုံကျိုးဆီကို လျှောက်ထားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ ငါ့မှာ ပိုသင့်တော်တဲ့ အာမခံပေးမယ့်သူ တစ်ယောက် ရှိတယ်။ တကယ်လို့ သူက မင်းကို အာမခံပေးမယ်ဆိုရင် အဲဒါက မင်းအတွက်လည်း အရမ်း အကျိုးရှိလိမ့်မယ်"
"အဲဒါ ဘယ်သူလဲ"
"နဂါးစီးသူရဲကောင်း ဟောက်ရှီရီလေ"
လင်းဖုန်း ပြောလိုက်သော နာမည်ကို ကြားသောအခါ ယွီရှန်း မှင်သက်သွားသည်။ နဂါးစီးသူရဲကောင်း ဟောက်ရှီရီသည် နာမည်ကြီး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ မခံမရပ်နိုင်အောင် မာနကြီးသော သံတမန် ကျန်းဇီဖုန်းပင်လျှင် ဟောက်ရှီရီ၏ အပြတ်အသတ် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ဟောက်ရှီရီ၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။
အကယ်၍ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးက သူ့ကို ပညာရေးအဖွဲ့သို့ ဝင်ရောက်ရန် အာမခံပေးမည်ဆိုပါက ထိုအဓိပ္ပာယ်မှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ၏ အာမခံပေးမှုများနှင့် သဘာဝကျကျ နှိုင်းယှဉ်၍ မရနိုင်ပေ။
လင်းဖုန်းသည် အမှန်တကယ်တော့ သိုင်းနယ်မြေဖိုရမ်တွင် အတွင်းရေး ကိစ္စတချို့ကို လေ့လာခဲ့ဖူးသည်။
လင်းဖုန်းကိုသာ ဥပမာပေးရလျှင် သူသည် ပညာရေးအဖွဲ့သို့ ဝင်ရောက်ရန် လုံကျိုး၏ အာမခံပေးမှုကို ရရှိခဲ့သော်လည်း အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ ဤသည်မှာ အသေးအမွှား ကိစ္စ မဟုတ်ပေ။ အရှင်ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အာရုံစိုက်မှုသာ မရှိပါက လင်းဖုန်းသည် ဤမျှများပြားသော အကျိုးခံစားခွင့်များကို ရရှိနိုင်ခဲ့မည် မဟုတ်ပေ။
"သခင်ဟောက်ရှီရီက ငါ့ကို ပညာရေးအဖွဲ့ဝင်ဖို့ အာမခံပေးနိုင်ရင် သဘာဝကျကျ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ သခင်ဟောက်ရှီရီက သဘောတူပါ့မလား"
ယွီရှန်း အနည်းငယ် သံသယဝင်နေသည်။ ထိုသူမှာ နာမည်ကြီး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ ထို့အပြင် ယနေ့မတိုင်မီက ယွီရှန်းသည် ဟောက်ရှီရီကို လုံးဝ မသိခဲ့ပေ။
လင်းဖုန်း ပြုံးကာ ပြောလိုက်သည်။
"မင်း မစမ်းကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ"
"ကောင်းပြီ... ဒါဆိုရင် ဟိုတယ်ကို အခုချက်ချင်း သွားကြတာပေါ့"
ယွီရှန်းလည်း အနည်းငယ် စိတ်ဝင်စားသွားသဖြင့် ချန်ရှီးကို အနားယူစောင့်ရှောက်ရေးစင်တာတွင် စောင့်ခိုင်းထားပြီး လင်းဖုန်းနှင့်အတူ ဟိုတယ်သို့ ပြန်လာခဲ့သည်။
လင်းဖုန်းမှာလည်း ထိုရည်ရွယ်ချက်သာ ရှိသည်။ သူသည် ယွီရှန်းကို ဟိုတယ်သို့ ချက်ချင်း ပြန်ခေါ်သွားပြီး ဟောက်ရှီရီ၏ အခန်းသို့ တိုက်ရိုက် သွားသည်။
"သခင်ဟောက်ရှီရီ ရှိပါသလား"
"ဝင်ခဲ့လေ"
လင်းဖုန်းသည် ယွီရှန်းကို ဟောက်ရှီရီထံသို့ ခေါ်ဆောင်သွားပြီး တိုက်ရိုက် ပြောလိုက်သည်။
"သခင်ဟောက်ရှီရီ... ယွီရှန်းကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ ပြောင်းရွှေ့ဖို့ ကူညီပေးမယ်လို့ သဘောတူထားပြီးမှတော့ အရှင့်ရဲ့ အကူအညီကို ပြီးပြည့်စုံအောင် လုပ်ပေးပါလား။ ယွီရှန်းက ပညာရေးအဖွဲ့ကို မဝင်ရသေးဘူး။ အရှင်က ယွီရှန်းရဲ့ အာမခံပေးသူ လုပ်ပေးနိုင်မလား"
ထိုသို့ပြောပြီးနောက် လင်းဖုန်းသည် ဟောက်ရှီရီကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်လိုက်သည်။