အခန်း (၁၃၈-၁၃၉)
Vol. 12 Ch. 138-139
အခန်း (၁၃၈) - ကြယ်တာရာသိုင်းပညာ
ဘာသာပြန် - အားသစ်
"မင်းလေးကတော့..."
ဟောက်ရှီရီ ပြုံးကာ ခေါင်းခါလိုက်သည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူ၏ အာမခံပေးမှုနှင့် သာမန် သိုင်းသမားများ၏ အာမခံပေးမှုဖြင့် ပညာရေးအဖွဲ့သို့ ဝင်ရောက်ခြင်းကြားက ကွာခြားချက်ကို သူ သဘာဝကျကျ သိထားသည်။ ထင်ရှားသော အကျိုးကျေးဇူးများစွာ ရှိနေသည်။
တိုက်ရိုက် အကျိုးကျေးဇူးများ မရှိလျှင်တောင်မှ အနာဂတ်တွင် သွယ်ဝိုက်သော အကျိုးကျေးဇူးများ ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်းက သူ့ကို ယွီရှန်း၏ အာမခံပေးသူ လုပ်ပေးရန် မျက်နှာပြောင်တိုက်ကာ တောင်းဆိုနေခြင်း ဖြစ်သည်။ အမှန်တကယ်တော့ တစ်စုံတစ်ယောက်ကို အာမခံပေးခြင်းမှာ ဟောက်ရှီရီအတွက် ပြဿနာ မဟုတ်ပေ။ ယင်းမှာ ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် လင်းဖုန်းကို အလွန် အထင်ကြီးသဖြင့် မျက်နှာသာပေးသည့်အနေဖြင့် လင်းဖုန်းကို ကူညီပေးခြင်းက အကျိုးယုတ်စရာ မရှိပေ။
"ငါ မင်းကို အာမခံပေးလို့ ရပါတယ်။ ဒါပေမဲ့ မေးခွန်းတချို့ကိုတော့ ငါ ရှင်းရှင်းလင်းလင်း သိထားရမယ်"
ဟောက်ရှီရီသည် ယွီရှန်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။ သူက တိုက်ရိုက် မေးလိုက်သည်။
"ယွီရှန်း... မင်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသွားပြီ၊ ပြီးတော့ ပညာရေးအဖွဲ့ကိုလည်း ဝင်ချင်တယ်ဆိုတော့ အရာရာကို မင်း နားလည်အောင် ရှင်းပြရမယ်။ မင်းက ငယ်သေးတယ်၊ ပြီးတော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို စောစောစီးစီး ချိုးဖျက်နိုင်ခဲ့တယ်။ အဖွဲ့ကြီး အမျိုးမျိုးက မင်းကို စည်းရုံးဖို့ လုကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"အဖွဲ့ကြီး ငါးခုကို ပညာရေးအဖွဲ့၊ အစိုးရအဖွဲ့၊ စစ်တပ်အဖွဲ့၊ စီးပွားရေးအဖွဲ့နဲ့ အလွတ်တန်းကျင့်ကြံသူများသမဂ္ဂဆိုပြီး ခွဲခြားထားတယ်။ အဖွဲ့ကြီး ငါးခုစလုံးမှာ သူတို့ကိုယ်ပိုင် အားသာချက် အားနည်းချက်တွေ အသီးသီး ရှိကြတယ်။ သူတို့က မကြာခင်မှာ မင်းကို စတင် ဆက်သွယ်လာလိမ့်မယ်၊ ပြီးတော့ မင်းကို ရက်ရောတဲ့ အကျိုးခံစားခွင့်တွေ ကမ်းလှမ်းလာလိမ့်မယ်။ အကောင်းအဆိုးကို ချိန်ဆပြီးမှ မင်း ဆုံးဖြတ်ချက် ချဖို့ လိုမလား"
အဖွဲ့ကြီး ငါးခုနှင့် ပတ်သက်၍ လင်းဖုန်းသည်လည်း လမ်းတစ်လျှောက်တွင် ယွီရှန်းကို အတိုချုပ် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ယွီရှန်းလည်း သူ၏ ဆုံးဖြတ်ချက်ကို ချထားပြီးသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ယွီရှန်း ခေါင်းခါကာ တိုက်ရိုက် ပြောလိုက်သည်။
"စဉ်းစားဖို့ မလိုပါဘူး။ ပညာရေးအဖွဲ့ကို ဝင်ဖို့ ကျွန်တော် လျှောက်ထားပါတယ်"
"အရမ်း ကောင်းတယ်။ ဒါဆိုရင် မင်းရဲ့ အာမခံပေးသူအဖြစ် ငါ လုပ်ပေးမယ်၊ ပြီးတော့ ပညာရေးအဖွဲ့ကို ဝင်ဖို့ မင်းကို အာမခံပေးမယ်။ ဒါပေမဲ့ မင်း ခဏတော့ စောင့်ရလိမ့်မယ်။ မနက်ဖြန် ငါ လင်းဖုန်းကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ လိုက်ပို့ရမှာမို့ မင်းနဲ့အတူ မလိုက်နိုင်ဘူး။ မင်းရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ငါ့ဆီ ပေးထားလို့ရတယ်။ မင်းရဲ့ လျှောက်လွှာကို ငါ တင်ပြီးတာနဲ့ ပညာရေးအဖွဲ့က လူတစ်ယောက်က မင်းကို သဘာဝကျကျ ဆက်သွယ်လာလိမ့်မယ်"
ဟောက်ရှီရီက ယွီရှန်း၏ အာမခံပေးသူ လုပ်ပေးရန် ဆန္ဒရှိကြောင်း ကြားသောအခါ ယွီရှန်း အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ထောက်ခံချက် အထူးသဖြင့် နာမည်ကြီး နဂါးစီးသူရဲကောင်း ဟောက်ရှီရီ၏ ထောက်ခံချက်ဖြင့် သူ ပညာရေးအဖွဲ့သို့ ဝင်ရောက်သည်နှင့် သေချာပေါက် အကျိုးကျေးဇူး မျိုးစုံ ရရှိမည်ကို ယွီရှန်း အလွန် ကောင်းစွာ သိထားသည်။ ဤသည်မှာ ပြောစရာမလိုသော စည်းမျဉ်းတစ်ခုဟုပင် ယူဆနိုင်သည်။ မည်သို့ပင်ဆိုစေ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ထောက်ခံချက်နှင့် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၏ ထောက်ခံချက်က ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရနိုင်မည်နည်း။
"ကောင်းပြီ... ကောင်လေး၊ မင်း ကျေနပ်ပြီလား။ မှတ်ထား၊ ငါတို့ မနက်ဖြန်မနက် ထွက်ကြမယ်"
ထိုသို့ပြောပြီးနောက် ဟောက်ရှီရီ လှည့်ထွက်သွားသည်။ လင်းဖုန်းနှင့် ယွီရှန်းတို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ လင်းဖုန်းက ပြုံးကာ ပြောလိုက်သည်။
"ဒီသခင်ဟောက်ရှီရီက ပေါင်းသင်းရတာ အတော်လေး လွယ်ပုံရတယ်"
ယွီရှန်း ခေါင်းခါကာ ပြောလိုက်သည်။
"အဲဒါက လူအပေါ် မူတည်ပါတယ်။ သခင်ဟောက်ရှီရီက မင်းကိုပဲ တခြားလူတွေနဲ့ မတူအောင် ဆက်ဆံတယ်ဆိုတာ မင်း သတိမထားမိဘူးလား။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ မင်းကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် သခင်ဟောက်ရှီရီက ငါ့အတွက် အာမခံပေးတဲ့သူ သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး"
ယွီရှန်း သူ၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိသည်။ ဤတစ်ကြိမ် အရာအားလုံးအတွက် သူ လင်းဖုန်းကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း သူ သိသည်။
"ငါတို့ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါ့ပြင် မင်းက တခြားအဖွဲ့တွေကို မစဉ်းစားဘဲ ငါ့ကို ကူညီဖို့အတွက် ပညာရေးအဖွဲ့ကို တိုက်ရိုက် ဝင်ခဲ့တာလေ။ ဟားဟား... ဘာပဲဖြစ်ဖြစ် ငါတို့ အတူတူ ဆက်ပြီး တိုက်ပွဲဝင်ဖို့ အခွင့်အရေး ရဦးမှာပါ"
သူတို့နှစ်ဦး အလွန် ပျော်ရွှင်နေကြသည်။ အချိန်အနည်းငယ်ကြာ စကားစမြည် ပြောပြီးနောက် ယွီရှန်း နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
ယွီရှန်း ထွက်သွားပြီးနောက် လင်းဖုန်းသည် သူ၏ လက်ရှိ အခြေအနေကို မိဘများအား အသိပေးရန် သူ့မိသားစုကို ဆက်သွယ်ခဲ့သည်။ လင်းဖုန်း လောလောဆယ် ပြန်မလာနိုင်သေးကြောင်းနှင့် နောက်လာမည့် တစ်နှစ်တာလုံး ပြန်မလာနိုင်တော့ကြောင်း သိရသောအခါ လင်းဇနီးမောင်နှံနှစ်ယောက် အနည်းငယ် စိတ်ပျက်သွားကြသည်။ သို့သော် လင်းဖုန်းထံမှ ထိုသည်မှာ ကျောင်းတော်၏ အမိန့်ဖြစ်ကြောင်း ကြားသောအခါ သူတို့ လင်းဖုန်းကို အားပေးစကား ပြောကြသည်။
အိမ်ရှိ ကိစ္စများနှင့် ပတ်သက်၍မူ အရာအားလုံး အဆင်ပြေနေသည်။ လင်းဖုန်း သာလွန်လူသား ကျွမ်းကျင်သူ ဖြစ်လာပြီး လူသားသူရဲကောင်း တံဆိပ်ကို ရရှိခဲ့ကြောင်း သိရပြီးနောက် ကျောက်မိသားစုသည် လင်းကော်ပိုရေးရှင်းကို ဖိနှိပ်နေခြင်းမှ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့သည်။
မူလက အခက်အခဲများနှင့် ရင်ဆိုင်နေရသော လင်းကော်ပိုရေးရှင်းမှာ ချက်ချင်း ပြန်လည် အသက်ဝင်လာခဲ့သည်။ သူတို့၏ စေတနာကို ဖော်ပြလာကြသော စီးပွားရေးအဖွဲ့ အများအပြားပင် ရှိလာခဲ့သည်။ လက်ရှိတွင် လင်းကော်ပိုရေးရှင်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး ဗဟိုပင်လယ်ရှိ ဦးဆောင် ကော်ပိုရေးရှင်းများထဲမှ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဤအရာများနှင့် ပတ်သက်၍ လင်းဖုန်း အံ့အားသင့်ခြင်း မရှိပေ။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်လာသောအခါ လင်းကော်ပိုရေးရှင်းသည် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ကျောထောက်နောက်ခံပြုထားသော ကော်ပိုရေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။ မည်သူကများ တကူးတက သွားပြီး ရန်စရဲမည်နည်း။
ထို့အပြင် လင်းဖုန်းသည် လူသားသူရဲကောင်း တံဆိပ်ကို ရရှိထားသည်။ ဤဂုဏ်သိက္ခာ၏ ရိုက်ခတ်မှုမှာ အလွန် ကြီးမားလွန်းလှသည်။ ဤတစ်ကြိမ် လင်းဖုန်း ကျောက်တုံးမြို့တွင် ဆူပူမှု ဖြစ်စေခဲ့သောအခါ ဥပဒေစိုးမိုးရေးအဖွဲ့ပင်လျှင် လင်းဖုန်းကို အလွယ်တကူ မတိုက်ခိုက်ရဲခဲ့ပေ။ အကြောင်းရင်းက ဘာလဲ။ အမှန်တကယ်တော့ လင်းဖုန်းသည် လူသားသူရဲကောင်း တစ်ဦးဖြစ်ပြီး လူသားသူရဲကောင်း တံဆိပ်ကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်သည်။
လင်းဖုန်း တစ်ယောက်တည်းကပင် ထိုအသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားများထက် များစွာ ပိုမို အားကောင်းသော ဩဇာလွှမ်းမိုးမှု ရှိနေသည်။ ကျောက်မိသားစုက စည်းရုံးထားသော ထိုကော်ပိုရေးရှင်းများသည် လင်းကော်ပိုရေးရှင်းကို ဆန့်ကျင်ရဲသေးပါသလော။
ကျောက်မိသားစုကိုယ်တိုင်ပင်လျှင် ရပ်တန့်သွားခဲ့သည်။ သူတို့သည် ကိုယ်တိုင်ကိုယ်ကျ အရှုံးပေးမည် မဟုတ်သော်လည်း လင်းကော်ပိုရေးရှင်းနှင့် ထပ်မံ အဆင်မပြေဖြစ်ရန် သူတို့ မဝံ့ရဲတော့ပေ။ လင်းဖုန်းသည် ကျောက်မိသားစုကို မှတ်မိနေသေးသည်၊ အထူးသဖြင့် ကျောက်ဖျင်ကို ဖြစ်သည်။ ကျောက်မိသားစုတွင် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ရှိနေသောကြောင့်သာ လင်းမိသားစုသည် အရှက်ရမှုများကို ခံစားခဲ့ရခြင်း ဖြစ်သည်။ အစပိုင်းတွင် လင်းမိသားစုမှာ နစ်နာသူများ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လင်းမိသားစုမှာ အရှုံးပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့သလို ကျောက်ဖျင်မှာလည်း မည်သည့် ထိုက်တန်သော ပြစ်ဒဏ်ကိုမျှ မခံခဲ့ရပေ။
လင်းဖုန်း အလောတကြီး မရှိပေ။ လက်ရှိတွင် သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားပြီး လက်တွေ့တွင် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးသာ ဖြစ်နေသေးသည်။ ကျောက်မိသားစုတွင်လည်း သာလွန်လူသား တစ်ဦး ရှိနေသေးရာ သူ ဘာလုပ်နိုင်မည်နည်း။
သို့သော် သူ၏ အလားအလာမှာ ကျောက်တုန်းရှန်းထက် များစွာ ပိုမို ကြီးမားလှသည်။ အနာဂတ်တွင် သူ ဒုတိယအကြိမ် ဘဝအသွင်ကူးပြောင်းမှုကို ဖြတ်သန်းပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသောအခါ သူသည် တတိယအကြိမ် ဘဝအသွင်ကူးပြောင်းမှုကို ဖြတ်သန်းရန်ပင် ဖြစ်နိုင်ချေ ရှိသေးသည်။ သူ စိုးရိမ်မနေပေ။ စိုးရိမ်ရမည့်သူများမှာ ကျောက်မိသားစုနှင့် ကျောက်ဖျင်တို့သာ ဖြစ်သည်။
သူ့ မိဘများကို ဆက်သွယ်ပြီးနောက် လင်းဖုန်းသည် မူလက ဆက်လက် ကျင့်ကြံချင်ခဲ့သော်လည်း သူ စုစည်းထားသော ကြယ်တာရာစွမ်းအားမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ လုံးဝ ဆက်လက် ကျင့်ကြံ၍ မရတော့ပေ။
ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်၏ နောက်ဆုံး အဆင့်ခြောက်ဆင့်နှင့် ပတ်သက်၍မူ ၎င်းတို့ကို လေ့ကျင့်ရန် အချိန်ကြာမြင့်စွာ လိုအပ်သည်။ ယနေ့ည တိုတောင်းသော အချိန်လေးအတွင်း လေ့ကျင့်ရုံဖြင့် သူ များများစားစား ရရှိနိုင်မည် မဟုတ်ပေ။
ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်မှာ လေ့ကျင့်ရန် အချိန်ကြာမြင့်စွာ လိုအပ်သဖြင့် လင်းဖုန်းသည် ကြယ်တာရာသိုင်းပညာအကြောင်း စဉ်းစားမိသွားသည်။
အမည်နှင့် လိုက်ဖက်စွာပင် ကြယ်တာရာသိုင်းပညာဆိုသည်မှာ ကြယ်တာရာစွမ်းအားကို အသုံးပြုသော သိုင်းပညာများ ဖြစ်သည်။ အမှန်တကယ်တော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သိုင်းသမားများ၏ အာရုံစိုက်မှုမှာ အခြေခံအားဖြင့် ကြယ်တာရာစွမ်းအား ကျင့်ကြံခြင်းအပေါ်တွင်သာ စုစည်းနေတော့သည်။
သဘာဝကျကျပင် ကြယ်တာရာစွမ်းအားကို မည်သို့ ပိုမို ထိရောက်စွာ အသုံးပြုရမည်ဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်လာသည်။ ထို့နောက် ကြယ်တာရာသိုင်းပညာများ ပေါ်ပေါက်လာခဲ့သည်။
သို့သော် ယေဘုယျအားဖြင့် ကြယ်တာရာသိုင်းပညာများသည် ကြယ်တာရာစွမ်းအား ပမာဏ အတော်လေး များများလိုအပ်သည်။ အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမား အများအပြားအတွက် ၎င်းတို့ကို သင်ယူခြင်းက အချည်းနှီး ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကြယ်တာရာသိုင်းပညာတစ်ခုကို တစ်ကြိမ် အသုံးပြုရန် ကြယ်တာရာစွမ်းအား အမျှင်တန်း ဒါဇင်ပေါင်းများစွာကို တစ်ကြိမ်တည်း ထုတ်လွှတ်ရန် လိုအပ်သည်။ အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦးက ဘယ်လိုလုပ် အသုံးပြုနိုင်မည်နည်း။
ထို့ကြောင့် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိပြီး ကြယ်တာရာစွမ်းအား အမျှင်တန်း ရာပေါင်းများစွာကို ပိုင်ဆိုင်ပြီးမှသာ ကြယ်တာရာသိုင်းပညာများ လေ့ကျင့်ရန် စဉ်းစားကြမည် ဖြစ်သည်။
သို့သော် လင်းဖုန်း၏ ကိစ္စတွင်တော့ ထိုသို့မဟုတ်ပေ။ သူသည် အသွင်ပြောင်းနယ်ပယ် ပထမအဆင့် သိုင်းသမားတစ်ဦး၏ အကန့်အသတ်ကို ချိုးဖျက်ခဲ့ပြီး ဖြစ်သည်။ သူသည် အသွင်ပြောင်းနယ်ပယ် ပထမအဆင့်တွင်သာ ရှိသေးသော်လည်း ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ ကျော်ကို ပိုင်ဆိုင်ထားရာ သာမန် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားတစ်ဦး ပိုင်ဆိုင်သော ကြယ်တာရာစွမ်းအားထက်ပင် မနည်းလှပေ။
ဆိုလိုသည်မှာ အတွင်းပိုင်းကြယ်တာရာစွမ်းအားစုစည်းမှု အကန့်အသတ်သို့ ရောက်ရှိနေသော အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ် သိုင်းသမားများသာ လင်းဖုန်းထက် ကြယ်တာရာစွမ်းအား ပိုမို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ လက်ရှိ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ ကျော်ဖြင့် သူ ကြယ်တာရာသိုင်းပညာများ လေ့ကျင့်ရန်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။ မည်သို့ပင်ဖြစ်စေ အရင်ဆုံး တစ်ချက်ကြည့်ပြီး စမ်းသပ်ကြည့်ခြင်းက အကျိုးယုတ်စရာ မရှိပေ။
ထို့ကြောင့် လင်းဖုန်းသည် သိုင်းနယ်မြေကွန်ရက်သို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ သူသည် ပညာရေးအဖွဲ့၏ အွန်လိုင်းအရောင်းဆိုင်ကို ရှာဖွေပြီး ကြယ်တာရာသိုင်းပညာများကို တိုက်ရိုက် ရှာဖွေလိုက်သည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၃၉) - ရွေးချယ်မှု
ဘာသာပြန် - အားသစ်
လင်းဖုန်း ရှာဖွေလိုက်သည်နှင့် သာမန်သိုင်းပညာရပ်များထက်ပင် ပိုမိုများပြားသော ကြယ်တာရာသိုင်းပညာရပ် အမြောက်အမြား ပေါ်လာသည်။
ဤသည်မှာ အခြေခံအားဖြင့် အသွင်ပြောင်းနယ်ပယ် သိုင်းသမား အချို့သာ သိုင်းနယ်မြေကွန်ရက်၏ အွန်လိုင်းဈေးဆိုင်သို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။ ကြယ်တာရာသိုင်းပညာရပ်များအတွက် လိုအပ်ချက်မှာ သဘာဝကျကျပင် အလွန် ကြီးမားလှသည်။ အခြားတစ်ဖက်တွင်မူ သာမန်သိုင်းပညာရပ်များသည် ပရော်ဖက်ရှင်နယ်သိုင်းသမားများအတွက်သာ ဆွဲဆောင်မှု ရှိသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားများအတွက်မူ ထိုသာမန်သိုင်းပညာရပ်တို့မှာ ဆွဲဆောင်မှု အများကြီး နည်းပါးသွားပြီ ဖြစ်သည်။
အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်လာပြီးနောက် သာမန်သိုင်းပညာရပ်များကို ဆက်လက် လေ့ကျင့်နေသော လင်းဖုန်းကဲ့သို့ သိုင်းသမားများမှာ အလွန်ပင် ရှားပါးလှသည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ကြယ်တာရာစွမ်းအား ကျင့်ကြံခြင်းကို အဓိကထားကြပြီး ကြယ်တာရာသိုင်းပညာများအတွက် ကြီးမားသော လိုအပ်ချက် ရှိကြသည်။ ထို့ကြောင့် ကြယ်တာရာသိုင်းပညာ အမျိုးအစားများလည်း မြောက်များစွာ ရှိသည်။
လင်းဖုန်း ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်သည်။ စတိုးထဲတွင် အခြေခံအားဖြင့် ကြယ်တာရာသိုင်းပညာရပ်များဖြင့်သာ ပြည့်နှက်နေသည်။
သို့သော် ကြယ်တာရာသိုင်းပညာများ၏ စျေးနှုန်းကို မြင်ပြီးနောက် လင်းဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤကြယ်တာရာသိုင်းပညာရပ်များမှာ ဈေးကြီးလွန်းလှသည်။
သာမန်ကြယ်တာရာစွမ်းအားကျင့်စဉ်များမှာ ပျမ်းမျှအားဖြင့် အကျိုးပြုတန်ဖိုး ၅၀ ခန့်သာ ကျသင့်သည်။ လင်းဖုန်း လက်ရှိ ကျင့်ကြံနေသော ကြယ်တာရာဝဲဂယက်ကျင့်စဥ်သည် ကြယ်တာရာစွမ်းအားကို အနည်းငယ် ပိုမြန်အောင် စုစည်းပေးနိုင်သောကြောင့် နောက်ထပ် အကျိုးပြုတန်ဖိုး ၁၀မှတ် ပိုပေးရပြီး စုစုပေါင်းအကျိုးပြုတန်ဖိုး ၆၀ သာ ကျသင့်သည်။
ဤကြယ်တာရာသိုင်းပညာများမှာမူ...
လင်းဖုန်းထိုသိုင်းပညာရပ်တို့ကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။ အခြေခံအားဖြင့် ကြယ်တာရာသိုင်းပညာရပ်အားလုံး၏ စျေးနှုန်းမှာ အကျိုးပြုတန်ဖိုး ၁၅၀ အထက်တွင် ရှိနေသည်။
အကျိုးပြုတန်ဖိုး တစ်ရာ့ငါးဆယ်...။ ဤသည်မှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦးအတွက် မည်မျှ စျေးကြီးလိုက်သနည်း။ မည်သို့ပင်ဆိုစေ လုံကျိုးကဲ့သို့သော စစ်သေနာပတိချုပ်များပင် တစ်နှစ်လျှင် အကျိုးပြုတန်ဖိုး ၁၀ သာ ရရှိနိုင်သည်။
အကယ်၍ သူ အကျိုးပြုတန်ဖိုးများ ပိုမို ရရှိလိုပါက နတ်ဆိုးသားရဲများကို ကိုယ်တိုင် သတ်ဖြတ်ခြင်း သို့မဟုတ် နတ်ဆိုးသားရဲများကို သတ်ဖြတ်ရာ၌ ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အခြေစိုက်စခန်းကို ဦးဆောင်ခြင်းများ ပြုလုပ်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက တစ်နှစ်လျှင် အကျိုးပြုတန်ဖိုး ၁၀ ဖြင့် သူ ကြယ်တာရာသိုင်းပညာရပ်တစ်ခုတည်းကိုပင် ဝယ်ယူနိုင်ရန် အချိန်မည်မျှ ကြာမည်ကို မပြောနိုင်ပေ။
ယခုအချိန်တွင် လူသားသိုင်းသမား အရေအတွက်မှာ ထိုမျှလောက် မများပြားသေးပေ။ ကမ္ဘာကြီးတစ်ခုလုံးနှင့်ယှဉ်လျှင် လူသားများမှာ အားနည်းချက် ရှိနေဆဲပင်။ အစွမ်းထက်သော သိုင်းသမား အများအပြားကို တရားဝင် လိုအပ်နေချိန်တွင် လူပိုမို အသုံးပြုနိုင်ရန် ကြယ်တာရာသိုင်းပညာရပ်များမှာ ပိုမို စျေးသက်သာသင့်သည်။ သူတို့က ဘယ်လိုလုပ် ဒီလောက် စျေးကြီးနေရတာလဲ။
လင်းဖုန်း အလွန် ဇဝေဇဝါ ဖြစ်သွားသည်။ ထို့ကြောင့် သူသည် ကြယ်တာရာသိုင်းပညာများကို သေသေချာချာ စစ်ဆေးကြည့်ရာ ဤကြယ်တာရာသိုင်းပညာများ အားလုံး၏ အောက်တွင် ဖန်တီးသူ၏ လက်မှတ် ပါရှိကြောင်း တွေ့ရှိခဲ့ရသည်။ အခြေခံအားဖြင့် ကြယ်တာရာသိုင်းပညာရပ်တိုင်းတွင် လက်မှတ် ရေးထိုးထားသည်။
လင်းဖုန်းသည် ထိုကျွမ်းကျင်သူများကို အနည်းငယ် စူးစမ်းကြည့်ရာ သူတို့အားလုံးမှာ သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ကြယ်တာရာသိုင်းပညာရပ် ဖန်တီးသူများထဲမှ အနည်းငယ်သော အစိတ်အပိုင်းသာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ကြယ်တာရာသိုင်းပညာရပ်များကို ဖန်တီးရန်မည်မျှခက်ခဲကြောင်းသိနိုင်သည်။ အခြေခံအားဖြင့် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် အလွန်အစွမ်းထက်သော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတချို့ကသာ ခက်ခက်ခဲခဲ ဖန်တီးနိုင်သည်။
ကြယ်တာရာသိုင်းပညာတစ်ခု ဖန်တီးရန် ကြီးမားသော အားထုတ်မှု ပြုလုပ်ခဲ့ရသော နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ သို့မဟုတ် သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက မြင့်မားသော အကျိုးပြုတန်ဖိုး တောင်းခံခြင်းမှာ နားလည်နိုင်ပေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသော ကြယ်တာရာသိုင်းပညာ ဖန်တီးသူအချို့ အမြဲတမ်း ရှိနေမည် ဖြစ်သည်။ ထိုဖန်တီးသူများ၏ ကြယ်တာရာသိုင်းပညာများကရော အဘယ်ကြောင့် မြင့်မားသော အကျိုးပြုတန်ဖိုးများ ကျသင့်နေရသေးသနည်း။
ဒါက ယုတ္တိမတန်ဘူးလေ။
နောက်ဆုံးတွင် လင်းဖုန်းသည် သိုင်းနယ်မြေဖိုရမ်တွင်သာ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအခါမှသာ ထိုကိစ္စတွင် ရှုပ်ထွေးသော အကျိုးစီးပွားများ ပါဝင်နေကြောင်း သူ နားလည်သွားသည်။ သိုင်းနယ်မြေကွန်ရက်ကို အဖွဲ့ကြီး ငါးခုက ပူးပေါင်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင် တစ်ဦးချင်းစီက ဤနေရာ၌ ကြယ်တာရာသိုင်းပညာရပ်များကို ရောင်းချခွင့် အခြေခံအားဖြင့် မရှိပေ။ ထိုသိုင်းပညာရပ်တို့ကို အဖွဲ့ကြီး အမျိုးမျိုးထံသို့ ဦးစွာ ရောင်းချမည်ဖြစ်ပြီး ထို့နောက် ကြီးမားသော အကျိုးပြုတန်ဖိုး ပမာဏတစ်ခု ပေးအပ်ရန် အဖွဲ့ကြီးများက အကဲဖြတ်မည်ဖြစ်ကာ ထို့နောက်မှသာ အဖွဲ့ကြီးများက ရောင်းချမည် ဖြစ်သည်။
အနာဂတ်တွင် မြတ်စွန်းမည့် အကျိုးပြုတန်ဖိုးများကို သဘာဝကျကျပင် အဖွဲ့ကြီး အမျိုးမျိုးက ရရှိမည် ဖြစ်သည်။
အဖွဲ့ကြီးများသည် ပါရမီရှင်တချို့ သို့မဟုတ် အဖွဲ့များတွင် ပံ့ပိုးကူညီမှုများ ပြုလုပ်ထားသော သိုင်းသမားများကို ဆုချရန်အတွက် အကျိုးပြုတန်ဖိုးတချို့ ရရှိရန် ဤနည်းလမ်းကို အားကိုးအားထားပြုကြသည်။
သို့မဟုတ်ပါက လင်းဖုန်းသည် အကျိုးပြုတန်ဖိုး ၁၀၀၀ ကို မည်သို့ ရရှိနိုင်မည်နည်း။ ထိုကိစ္စမှာ အမှန်တကယ်ပင် နက်နဲလှသည်။
ဤသည်မှာ သဘာဝကျကျပင် အားသာချက် အားနည်းချက်များ ရှိသည်။ သိုင်းပညာများကို ဖန်တီးသော သိုင်းသမားများအတွက် အနည်းငယ် မတရားဟု ထင်ရသော်လည်း လက်တွေ့တွင် တစ်စုံတစ်ယောက်က ကြီးမားသော အကျိုးပြုတန်ဖိုး ပမာဏကို တစ်ကြိမ်တည်း ရရှိနိုင်ပါက သူတို့သည် အရာများစွာကို ချက်ချင်း လုပ်ဆောင်နိုင်ပေသည်။ အကျိုးပြုတန်ဖိုး စုဆောင်းရန်အတွက် အချိန်ကြာမြင့်စွာ သိုင်းပညာများ ရောင်းချခြင်းကို အားကိုးနေရန် မလိုအပ်ပေ။
သိုင်းပညာရပ်များကို ကိုယ်တိုင်သီးသန့်ရောင်းချသူများနှင့် ပတ်သက်၍မူ သဘာဝကျကျပင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်။
အတိုချုပ်ပြောရလျှင် ဤကဏ္ဍတွင် အဖွဲ့ကြီး ငါးခုက စည်းမျဉ်းများနှင့် ဟာကွက်များစွာကို ပြီးပြည့်စုံအောင် လုပ်ဆောင်ထားပြီး ဖြစ်သည်။ မည်သည့် ဟာကွက်ကိုမျှ အမြတ်ထုတ်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
ကြယ်တာရာသိုင်းပညာများ ဤမျှ စျေးကြီးရခြင်း၏ အကြောင်းရင်းမှာ အဖွဲ့ကြီးများသည် အမြတ်အစွန်း ပမာဏ တစ်ခုရရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။ ကြယ်တာရာသိုင်းပညာများ မြှင့်တင်ရေးနှင့် ပတ်သက်၍မူ ယင်းမှာ လက်တွေ့တွင် ပြဿနာ လုံးဝ မဟုတ်ပေ။
သိုင်းသမားတိုင်း အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ပြီး ရှေ့တန်းကို စောင့်ကြပ်နေသရွေ့ သူတို့သည် အဖွဲ့ကြီး အမျိုးမျိုးထံမှ အကျိုးပြုတန်ဖိုးပမာဏတစ်ခုအထိ ချေးယူရရှိနိုင်သည်။ မည်သည့် အတိုးမျှမပါဘဲ သိသာထင်ရှားသော အကျိုးပြုတန်ဖိုး ပမာဏကို ရရှိနိုင်သည်။ ဤသည်မှာ ကြယ်တာရာသိုင်းပညာရပ်တစ်ခု ဝယ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။ သူတို့သည် အနာဂတ်တွင် ဖြည်းဖြည်းချင်း ပြန်ဆပ်ရန်သာ လိုအပ်သည်။ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများပင်လျှင် ထိုတန်ဖိုးကို အလွန်ဆုံး အနှစ် ၂၀ အတွင်း ပြန်ဆပ်နိုင်သည်။
လင်းဖုန်းအတွက် အနှစ် ၂၀ မှာ အလွန် ကြာရှည်ပုံရသည်။ မည်သို့ပင်ဆိုစေ သူသည် ယခုမှ အသက် ၂၀ သာ ရှိသေးသည်။ ဆယ်စုနှစ် အနည်းငယ်သာ အသက်ရှင်နိုင်သော သာမန်လူများအတွက်လည်း ထိုအချိန်ကာလမှာ လက်တွေ့တွင် အလွန် ကြာရှည်လှသည်။
သို့သော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသားကျွမ်းကျင်သူများအတွက်မူ အနှစ် ၂၀ ဆိုသည်မှာ ဘာမှမဟုတ်ပေ။ သိုင်းသမားများသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် အနည်းဆုံး အနှစ် ၂၀၀ အသက်ရှင်နိုင်သည်။
ပုံမှန်အခြေအနေအောက်တွင် အသက်ဝိညာဉ်အသွင်ကူးပြောင်းမှု တစ်ကြိမ်ရရှိထားသော သိုင်းသမားတစ်ဦးသည် နှစ်ပေါင်း နှစ်ရာ သို့မဟုတ် သုံးရာ အသက်ရှင်နေထိုင်နိုင်ရန်မှာ အလွန် ပုံမှန်ပင် ဖြစ်သည်။ အကယ်၍ သူတို့၏ အသက်ဝိညာဉ်သည် ဒုတိယအကြိမ် အသွင်ကူးပြောင်းမှုကို ဖြတ်သန်းပါက သူတို့၏ သက်တမ်းမှာလည်း ကြီးမားသော အတိုင်းအတာအထိ တိုးလာမည် ဖြစ်သည်။
သူတော်စင်များနှင့် ပတ်သက်၍မူ သူတို့သည် ပို၍ပင် အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်သည်။
ဤကြယ်တာရာသိုင်းပညာရပ်များမှာ စျေးကြီးပုံရသော်လည်း လက်တွေ့တွင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများ တတ်နိုင်သည့် အရာများသာ ဖြစ်ကြသည်။
ကြယ်တာရာသိုင်းပညာရပ်များ၏ အထွေထွေ ဗဟုသုတကို နားလည်ပြီးနောက် လင်းဖုန်း စိတ်အေးသွားသည်။ သူ အနှစ် ၂၀ စုဆောင်းရန် မလိုအပ်သလို ချေးယူရန်လည်း မလိုအပ်ပေ။ ပြီးခဲ့သည့်အကြိမ်က ကြယ်တာရာဝဲဂယက်နှင့် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ် ခြောက်ဆင့်ကို ဝယ်ယူပြီးနောက် အကျိုးပြုတန်ဖိုး ၁၀၀၀ ထဲမှ လက်ကျန်အကျိုးပြုတန်ဖိုး ၄၇၂ ရှိနေသေးသည်။ ထိုပမာဏမှာ သူ ကြယ်တာရာသိုင်းပညာရပ်တစ်ခု ဝယ်ယူရန် လုံလောက်နေပြီ ဖြစ်သည်။
လင်းဖုန်းတွင် အကျိုးပြုတန်ဖိုးများ ရှိသော်လည်း ၎င်းတို့ကို အလဟဿ မဖြုန်းတီးနိုင်ပေ။ ဤအကျိုးပြုတန်ဖိုး ၁၀၀၀ ကုန်သွားသည်နှင့် နောက်တစ်ကြိမ် ထိုမျှများပြားသော အကျိုးပြုတန်ဖိုး ပမာဏတစ်ခု ပြန်လည်ရရှိရန် ခက်ခဲမည်ကို သူ ကောင်းကောင်း သိထားသည်။ အရေးကြီးသော အရင်းအမြစ်များကို အရေးပါသော နေရာများအတွက်သာ ခွဲဝေအသုံးပြုရပေမည်။
ကြယ်တာရာသိုင်းပညာရပ်များကိုလည်း အဆင့်များ ခွဲခြားထားသည်။ အကျိုးပြုတန်ဖိုး တစ်ရာ့ငါးဆယ်မှာ အနိမ့်ဆုံး စျေးနှုန်းသာ ဖြစ်သည်။ ထိုဈေးဖြင့် အသွင်ပြောင်းနယ်ပယ် ကြယ်တာရာသိုင်းပညာရပိတချို့၊ နတ်ဘုရားနယ်ပယ် သိုင်းပညာရပ်များနှင့် သာလွန်နတ်ဘုရား သိုင်းပညာရပ်တချို့ကိုသာ ဝယ်ယူနိုင်သည်။
သူတော်စင်များအတွက် ကြယ်တာရာသိုင်းပညာရပ်များ ရှိမရှိနှင့် ပတ်သက်၍ လင်းဖုန်း ခန့်မှန်းရလျှင် သူတို့တွင် ရှိသင့်ပေသည်။ သို့သော်လည်း ထိုသိုင်းပညာရပ်တို့ကို သိုင်းနယ်မြေကွန်ရက်တွင် ရောင်းချခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ ကမ္ဘာကြီး တစ်ခုလုံးတွင် သူတော်စင် ကိုးပါးသာ ရှိသည်။
အသွင်ပြောင်းနယ်ပယ် သိုင်းပညာများနှင့် နတ်ဘုရားနယ်ပယ် သိုင်းပညာများကြား အကြီးမားဆုံး ကွာခြားချက်မှာ ကြယ်တာရာစွမ်းအား ပေါက်ကွဲထွက်လာမှုသာ ဖြစ်သည်။ နတ်ဘုရားနယ်ပယ် သိုင်းပညာတစ်ခုဖြင့် အကြိမ်တိုင်း ထုတ်လွှတ်လိုက်သော ကြယ်တာရာစွမ်းအားမှာ စိတ်ကူး၍မရနိုင်ပေ။ ထိုစွမ်းအားပမာဏသည် အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦး၏ ကြယ်တာရာစွမ်းအား အကန့်အသတ်ကို များစွာ ကျော်လွန်နေသည်။
ကြယ်တာရာစွမ်းအား အမျှင်တန်း ၉၉၉၉ မှာ များပြားပုံရသော်လည်း နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးအတွက် ၎င်းမှာ နတ်ဘုရားနယ်ပယ် သိုင်းပညာရပ်တစ်ခု၏ ပေါက်ကွဲထွက်လာမှု တစ်ကြိမ်ကိုပင် ထိန်းသိမ်းထားရန် လုံလောက်မည် မဟုတ်ပေ။
လင်းဖုန်းသည် နတ်ဘုရားနယ်ပယ် သိုင်းပညာရပ်များကို ဝယ်ယူရန် တစ်ခါမျှ မစဉ်းစားခဲ့ပေ။ မည်သို့ပင်ဆိုစေ နက်နဲသော နတ်ဘုရားနယ်ပယ် သိုင်းပညာရပ်အချို့၏ စျေးနှုန်းများကို လက်ရှိတွင် လင်းဖုန်း မတတ်နိုင်ပေ။
ထို့ကြောင့် သူ့ အကြည့်များက အသွင်ပြောင်းနယ်ပယ် ကြယ်တာရာသိုင်းပညာရပ်များပေါ်သို့ ကျရောက်သွားသည်။ ဤအဆင့်တွင် ကြယ်တာရာသိုင်းပညာရပ် အရေအတွက် အများဆုံးဖြစ်ပြီး ၎င်းတို့မှာလည်း အမျိုးအစား အလွန်တရာ များပြားစုံလင်လှသည်။
ခုခံကာကွယ်ရေး သိုင်းပညာရပ်များ၊ ပေါက်ကွဲအားကောင်းသော တိုက်ခိုက်ရေး သိုင်းပညာရပ်များ၊ တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးစလုံး ပါဝင်သော သိုင်းပညာရပ်များနှင့် အခြားအခြားသော သိုင်းပညာရပ်များစွာ ရှိသည်။ သိုင်းပညာရပ်တို့မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် များပြားလှပြီး မိမိနှင့် သင့်တော်သော ကြယ်တာရာသိုင်းပညာရပ်တစ်ခုကို ရှာဖွေရန်မှာ ထိုမျှ မလွယ်ကူပေ။ သူ သေသေချာချာ ရှာဖွေရမည် ဖြစ်သည်။
သို့သော် တစ်နာရီ၊ နှစ်နာရီကြာ ရှာဖွေပြီးနောက် လင်းဖုန်းသည် သူ့စိတ်တိုင်းကျ သိုင်းပညာတစ်ခုကို မရှာတွေ့သေးပေ။
"ဟင်..."
ရုတ်တရက် လင်းဖုန်း မျက်လုံးများ တောက်ပသွားသည်။ အကြောင်းမှာ သူသည် အလွန် အထူးခြားသော ကြယ်တာရာသိုင်းပညာရပ် တစ်ခုကို တွေ့ရှိလိုက်သောကြောင့်ပင်။ သူကိုယ်တိုင်ပင် မနေနိုင်ဘဲ အနည်းငယ် စိတ်ဝင်စားသွားမိသည်။