← Chapters

အခန်း (၁၄၀-၁၄၁)

Vol. 12 Ch. 140-141

အခန်း (၁၄၀-၁၄၁)

Vol. 12 Ch. 140-141

အခန်း (၁၄၀) - ဟင်းလင်းပြင်ပူဖောင်း

ဘာသာပြန် - အားသစ်

"ဟင်းလင်းပြင်ပူဖောင်း"

လင်းဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ကြယ်တာရာသိုင်းပညာရပ်များကို အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သူ့ကို ကျေနပ်စေမည့်အရာ တစ်ခုမျှ မတွေ့ခဲ့ပေ။

အမှန်တကယ်တော့ သူ့စိတ်ထဲတွင် ကိုယ်ပိုင်သတ်မှတ်ထားသော စည်းမျဉ်းတစ်ခု ရှိသည်။ သူ ပထမဆုံး လိုအပ်သော ကြယ်တာရာသိုင်းပညာများထဲတွင် ခုခံကာကွယ်ရေး သိုင်းပညာရပ်များကို ဖယ်ထုတ်ထားသည်။ သူ၏ မသေမျိုး အစွမ်းသတ္တိမှာ အလွန်တရာ အစွမ်းထက်လှသည်။ အနည်းဆုံးတော့ လက်ရှိ အသွင်ပြောင်းနယ်ပယ်တွင် ဤမသေမျိုး အစွမ်းသတ္တိဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရရန် ခဲယဉ်းသည်။

ထို့ကြောင့် ခုခံကာကွယ်ရေး သိုင်းပညာများမှာ သိပ်အသုံးမဝင်ပေ။ သူ့အသက်ကို ကာကွယ်ရန် ကြယ်တာရာစွမ်းအားကို အသုံးပြုနေရန် မလိုပေ။ သို့ဆိုလျှင် လင်းဖုန်း အားသာချက်အရှိဆုံးအရာက ဘာလဲ။

သံသယဖြစ်စရာမလိုဘဲ ယင်းမှာ ခွန်အားပင်။

လက်တွေ့တွင် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် အခြေခံရုံဖြင့် ခုခံခြင်း၊ အရှိန် သို့မဟုတ် ခွန်အားဖြစ်စေ အရာအားလုံးတွင် အတော်လေး အားကောင်းနေပြီ ဖြစ်သည်။ သို့သော် သူသည် ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ခွန်အားနှင့်ပတ်သက်သော မွေးရာပါ စွမ်းရည်နှစ်ခုကို နိုးထခဲ့ပြီးဖြစ်ရာ ဤမျှ အားကောင်းသော ခွန်အားအသာစီးရမှုကို အပြည့်အဝ အသုံးမချပါက နှမြောစရာ ဖြစ်လိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် သူသည် အနာဂတ်တွင် ရွေးချယ်မည့် သိုင်းပညာရပ်များနှင့် ပတ်သက်၍ စိတ်ကူးအချို့ ရှိနေသည်။ ၎င်းမှာ ခွန်အားအမျိုးအစား ဖြစ်ရမည် သို့မဟုတ် သူ၏ ပေါက်ကွဲအားကို မြှင့်တင်ပေးပြီး တိုက်ခိုက်မှုစွမ်းအားကို တိုးစေမည့်အရာ ဖြစ်ရမည်။

လင်းဖုန်း ဤဟင်းလင်းပြင်ပူဖောင်းကျင့်စဥ်ကို မြင်သောအခါ ရင်ထဲတွင် တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

ဟင်းလင်းပြင်ပူဖောင်းသည် အဓိကအားဖြင့် ကြယ်တာရာစွမ်းအားကို အသုံးပြု၍ ကြယ်တာရာပူဖောင်းတစ်ခု ဖန်တီးကာ ရန်သူကို ပတ်ပတ်လည် ဝိုင်းရံချုပ်နှောင်ထားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ထို့နောက် ထိုပူဖောင်းသည် ကြယ်တစ်လုံး ပေါက်ကွဲပျက်စီးသကဲ့သို့ ရုတ်တရက် ပြိုကွဲသွားမည်ဖြစ်ပြီး အလွန်အမင်း ကျုံ့ဝင်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာမည် ဖြစ်သည်။

ထိုကြယ်တာရာသိုင်းပညာရပ်ကို လေ့ကျင့်ရန် အနည်းဆုံး အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် လိုအပ်သော်လည်း ဒုတိယအဆင့် သိုင်းသမားများထဲတွင်ပင် ထိုသိုင်းပညာရပ်ကို လေ့ကျင့်ချင်သူ သိပ်မရှိပေ။

အကြောင်းမှာ ဟင်းလင်းပြင်ပူဖောင်းအတွက် လိုအပ်သော ကြယ်တာရာစွမ်းအား ပမာဏမှာ များလွန်းသောကြောင့် ဖြစ်သည်။ မည်မျှအထိ လိုအပ်သနည်း။ ကြယ်တာရာပူဖောင်း တစ်ခုတည်း ပုံဖော်နိုင်ရန်အတွက်ပင် အနည်းဆုံး ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၀၀ ကို ရူးသွပ်ဖွယ်ကောင်းလောက်အောင် စုစည်းရန် လိုအပ်သည်။

ဤဟင်းလင်းပြင်ပူဖောင်းသည် ခန္ဓာကိုယ်အတွင်းတွင် ပေါက်ကွဲ၍ မရပေ။ ထိုပူဖောင်းသည် ကြယ်တာရာစွမ်းအားကို ထုတ်လွှတ်ကာ ရန်သူကို ချုပ်နှောင်ပြီး ဖျက်ဆီးနိုင်သည်။ သို့သော် လိုအပ်သော ကြယ်တာရာစွမ်းအား ပမာဏမှာ များလွန်းလှသည်။ ပုံမှန်အားဖြင့် အသွင်ပြောင်းနယ်ပယ် ဒုတိယအဆင့် သိုင်းသမားများသာ ထိုသိုင်းပညာရပ်ကို လေ့ကျင့်ရန် အရည်အချင်း ပြည့်မီပြီး ပူဖောင်းတစ်လုံးသာ ထုတ်လွှတ်နိုင်သည်။ ကန့်သတ်ချက်များမှာ အလွန် ကြီးမားလွန်းသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဟင်းလင်းပြင်ပူဖောင်းကို အသုံးပြုသော်လည်း ရန်သူကို မသတ်နိုင်ခဲ့ပါက ထိုအပြုအမူသည် ကြယ်တာရာစွမ်းအား အမြောက်အမြားကိုသာ ဖြုန်းတီးပစ်လိုက်သလို ဖြစ်လိမ့်မည်။ ရရှိမည့် အကျိုးကျေးဇူးမှာ ဆုံးရှုံးမှုကို မကာမိပေ။ ထို့အပြင် သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများသည် ရှေ့တန်းတွင် နတ်ဆိုးတချို့နှင့် တိုက်ခိုက်နေရသူများ ဖြစ်သည်။ ကြယ်တာရာစွမ်းအားမှာ အလွန် အရေးကြီးသည်။ အများစုမှာ စွမ်းအားစားသုံးမှု နည်းပါးပြီး ကြာရှည်ခံကာ ပိုမို ထိရောက်မည့် ကြယ်တာရာသိုင်းပညာရပ်များကိုသာ ရွေးချယ်လိုကြသည်။

ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်မှာ အနည်းငယ် အစွန်းရောက်သည်။ ထိုသိုင်းပညာရပ်သည် စင်စစ်ပင် အလွန်ပြင်းထန်သော တိုက်ခိုက်ရေး သိုင်းပညာတစ်ခုသာ ဖြစ်သည်။

သို့သော် ဤသည်မှာ လင်းဖုန်း အတိအကျ လိုချင်နေသောအရာ ဖြစ်သည်။

လင်းဖုန်းသည် ကြယ်တာရာစွမ်းအားကို အလွန်အမင်း ခြွေတာနေရန် မလိုပေ။ အကြောင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာပင် အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ကြယ်တာရာစွမ်းအားဖြင့် ထုတ်လွှတ်လိုက်သည့် ခွန်အားနှင့် နှိုင်းယှဉ်နိုင်သည်။ သို့မဟုတ်လျှင် ပို၍ပင် အားကောင်းနေနိုင်သည်။

လင်းဖုန်းသည် ပေါက်ကွဲအားလည်း လိုအပ်မနေပေ။ သူသည် ကိုယ်ပိုင်ခွန်အားဖြင့် တန် ၁၄၀၀ ခန့်ကိုပင် ထုတ်လွှတ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူ ကြယ်တာရာစွမ်းအားကို အနည်းငယ် ကြမ်းတမ်းစွာ အသုံးပြုပြီး အရိုးရှင်းဆုံးနည်းလမ်းဖြင့် ထုတ်လွှတ်လျှင်ပင် သူ၏ ခွန်အားမှာ သာမန် အသွင်ပြောင်းနယ်ပယ် သိုင်းသမားများထက် များစွာ သာလွန်နေမည် ဖြစ်သည်။

ဟင်းလင်းပြင်ပူဖောင်းကို ခန္ဓာကိုယ် အပြင်ဘက်တွင် ထားရှိနိုင်ပြီး ပြိုင်ဘက်များကိုလည်း ချုပ်နှောင်ထားနိုင်သည်။ ပို၍ အရေးကြီးသည်မှာ ထိုသိုင်းပညာရပ်သည် အလွန် အစွမ်းထက်ခြင်းပင်။ လင်းဖုန်း ၎င်းကို သေချာကြည့်လေလေ ပို၍ ကျေနပ်လေလေ ဖြစ်လာကာ ချက်ချင်းပင် ဝယ်ယူလိုက်တော့သည်။

ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို မွန်ဂီရီဟုခေါ်သော သာလွန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ စျေးနှုန်းမှာ မသက်သာလှချေ။ စုစုပေါင်း အကျိုးပြုတန်ဖိုး ၂၀၀ ကျသင့်သည်။ ထိုသိုင်းပညာရပ်သည် သာမန်ကြယ်တာရာသိုင်းပညာရပ်တစ်ခု၏ ပျမ်းမျှစျေးနှုန်းထက် အကျိုးပြုတန်ဖိုး ၅၀ ပိုများသည်။

နှမြောစရာ ကောင်းသော်လည်း မိမိနှင့် သင့်တော်နေသရွေ့ လင်းဖုန်း တွန့်တိုနေမည် မဟုတ်ပေ။

"တင်... ဝယ်ယူမှု အောင်မြင်ပါသည်။"

လင်းဖုန်းသည် ကုသိုလ်တန်ဖိုး ၂၀၀ သုံးစွဲ၍ ကြယ်တာရာသိုင်းပညာ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ဝယ်ယူလိုက်သည်။ သူ့အကောင့်ထဲတွင် ကျန်ရှိသော အကျိုးပြုတန်ဖိုးမှာ သနားစရာကောင်းလောက်အောင် ၂၇၂ သာ ကျန်တော့သည်။

ကံကောင်းသည်မှာ သူ ဘာမှ ထပ်ဝယ်ရန် မလိုတော့ခြင်းပင်။ ထိုအကျိုးပြုတန်ဖိုး ၂၇၂ ကို အကောင့်ထဲတွင် ဆက်လက်သိမ်းဆည်းထားရှိနိုင်သည်။

ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ဝယ်ယူပြီးနောက် ထိုကြယ်တာရာသိုင်းပညာရပ်၏ ကျင့်စဉ်နှင့် ဂါထာများကို လင်းဖုန်း၏ စာအိတ်ပုံးထဲသို့ ပေးပို့လာသည်။ ထို့ကြောင့် သူ စိတ်အားထက်သန်စွာဖြင့် စစ်ဆေးကြည့်လိုက်သည်။

ဟင်းလင်းပြင်ပူဖောင်းနာ်းစနစ်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ သီးသန့် လက်ဆင့်မကမ်းရန် ဖော်ပြထားသည်။ ဤသည်ကို လင်းဖုန်း သိထားပြီးသား ဖြစ်သည်။ သိုင်းနယ်မြေ အွန်လိုင်းစျေးဆိုင်တွင် ဝယ်ယူထားသော မည်သည့် ကျင့်စဉ်၊ သိုင်းပညာမဆို သီးသန့် လက်ဆင့်ကမ်းခွင့် အခြေခံအားဖြင့် မပြုလုပ်ရပေ။

လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ် ကျင့်စဉ်ကို သေသေချာချာ စစ်ဆေးကြည့်သည်။ ဤသည်မှာ သူ ကြယ်တာရာသိုင်းပညာရပ်တစ်ခုနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်သည်။ ဟင်းလင်းပြင်ပူဖောင်းအတွက် ကြယ်တာရာစွမ်းအား အသုံးပြုပုံကို မြင်သောအခါ သူ အမှန်တကယ်ပင် အံ့ဩသွားရသည်။

ဟင်းလင်းပြင်ပူဖောင်းဟု ခေါ်သော ဤကြယ်တာရာသိုင်းပညာရပ်ကို ဖန်တီးခဲ့သူ မွန်ဂီရီမှာ ဗဟုသုတ ကြွယ်ဝသော နက္ခတ္တရူပဗေဒပရော်ဖက်ဆာတစ်ဦး ဖြစ်နေခြင်းပင်။ ဤသည်မှာ သိုင်းလောကတွင် ထူးခြားချက်တစ်ခုဟု ဆိုနိုင်သည်။

ခေတ်မီနည်းပညာများ ပေါက်ကွဲထွက်လာမှုကြောင့် သိုင်းပညာများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေပြီး သာယာဝပြောသော မြင်ကွင်းတစ်ခု ဖြစ်လာစေခဲ့သော်လည်း သာမန် သိုင်းသမားများ၏ ဗဟုသုတမှာမူ အမှန်တကယ်တွင် အလွန် သာမန်ကာလျှံကာမျှသာ ရှိသည်။ သူတို့သည် ကျွမ်းကျင် သိပ္ပံပညာရှင်များနှင့် ပညာရှင်များထက် များစွာ ညံ့ဖျင်းကြသည်မှာ သေချာလှသည်။ နက္ခတ္တရူပဗေဒ ပရော်ဖက်ဆာတစ်ဦးနှင့်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

စကြဝဠာထဲရှိ ကြယ်များကို လေ့လာခြင်းအားဖြင့် မွန်ဂီရီသည် ကြယ်များ ပျက်စီးပြိုကွဲသည့် ဖြစ်စဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် ကြယ်များ ပြိုကွဲမှုကို တုပထားသော ကြယ်တာရာသိုင်းပညာတစ်ခု ဖန်တီးရန် ရုတ်တရက် စိတ်ကူးရခဲ့သည်။

ရလဒ်ကတော့... သဘာဝကျကျပင် ကျရှုံးခဲ့ရခြင်းပါပေ။

ပရော်ဖက်ဆာ မွန်ဂီရီကဲ့သို့ သာလွန်နတ်ဘုရား သိုင်းသမားတစ်ဦး မပြောနှင့်၊ သူတော်စင်တစ်ဦး သို့မဟုတ် အသက်ဝိညာဉ်အသွင်ကူးပြောင်းမှု ငါးကြိမ်အထိ ဖြတ်သန်းနိုင်သော အမည်မသိ နယ်ပယ်တစ်ခုမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦးပင်လျှင် ကြယ်ပေါက်ကွဲမှုဖြစ်စဉ်ကို တုပရန် မေ့ထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အကယ်၍ ပြိုကွဲမှုသာ အောင်မြင်သွားပါက ဘာဖြစ်လာမည်နည်း။ ၎င်းသည် အလင်းကိုပင် ဖမ်းယူဝါးမြိုနိုင်သည့် တွင်းနက်တစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အရာအားလုံး ဝါးမြိုခံရမည် ဖြစ်သည်။ ထိုသည်မှာ မည်မျှအထိ ဘေးဒုက္ခကြီးမားလိုက်မည်နည်း။

ထို့ကြောင့် မွန်ဂီရီ၏ ကြိုးပမ်းမှုမှာ သဘာဝကျကျပင် ကျရှုံးခဲ့သည်။ သို့သော် သူသည် ဟင်းလင်းပြင်ပူဖောင်းဟု ခေါ်သော သိုင်းပညာရပ်ကို ဖန်တီးနိုင်ခဲ့သည်။ အပေါ်ယံတွင် ထိုသိုင်းပညာရပ်မှာ ကြယ်များ ပြိုကွဲသည့် ဖြစ်စဉ်ကို တုပထားသော်လည်း လက်တွေ့တွင်မူ စစ်မှန်သော ကြယ်တစ်လုံး ပြိုကွဲမှုထက် အဆပေါင်း ကုဋေကုဋာမက ညံ့ဖျင်းလှသည်။

ထို့အပြင် ဟင်းလင်းပြင်ပူဖောင်း မည်မျှပင် အားကောင်းပါစေ ယင်းသည် တွင်းနက်တစ်ခုအဖြစ် ပြိုကွဲသွားနိုင်ခြင်း မရှိပေ။

ဟင်းလင်းပြင်ပူဖောင်းမှာ ကျရှုံးခဲ့သောကြယ်တာရာသိုင်းပညာရပ်တစ်ခု ဖြစ်သော်လည်း ထိုအချက်က သိုင်းပညာရပ်၏ ထူးခြားမှုကို လျော့ပါးမသွားစေပေ။ ဤစိတ်ဝင်စားဖွယ်ကောင်းသော စိတ်ကူးကြောင့် လင်းဖုန်း ရင်ထဲမှ သက်ပြင်းချမိသည်။

စကြဝဠာကြီးက တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။ ကောင်းကင်ယံရှိ ကြယ်တာရာများ၏ ပတ်လမ်းမှ ဖြစ်စဉ်များသည် အံ့ဖွယ် ကြယ်တာရာသိုင်းပညာရပ်တစ်ခုကို ဖန်တီးနိုင်စေခဲ့သည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူသည် စကြဝဠာထဲသို့ အမှန်တကယ်ပင် သွားရောက်ကြည့်ရှုချင်မိသည်။

ကံမကောင်းစွာဖြင့် လူသားများသည် နက္ခတ္တဗေဒ တယ်လီစကုပ်များမှတစ်ဆင့်သာ စကြဝဠာကို လေ့လာနိုင်သည်။ လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်မျက်နှာကြက်ရှိနေသရွေ့ လူသားများသည် ထိုအတားအဆီးကို ဖြတ်ကျော်ပြီး စကြဝဠာထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။

တစ်ခုတည်းသော နည်းလမ်းမှာ ထိုကောင်းကင်မျက်နှာကြက်ကို ဖျက်ဆီးပစ်ရန် ဖြစ်သော်လည်း ထိုသို့လုပ်ရန်မှာ ဖြစ်နိုင်ပါမည်လော။ သူတော်စင် ကိုးပါးပင်လျှင် ကောင်းကင်မျက်နှာကြက်ကို ဖျက်ဆီးရန် တစ်ခါမျှ မကြိုးစားခဲ့ဖူးရာ အခြားသူများအတွက် ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ လင်းဖုန်းအတွက်မူ စိတ်ကူးယဉ်နေရုံသာ ရှိသည်။

ခေါင်းကို ခါလိုက်ရင်း လင်းဖုန်း သူ့ စိတ်ထဲရှိ အတွေးအာရုံများကို ဖယ်ထုတ်လိုက်သည်။ သူသည် ဟင်းလင်းပြင်ပူဖောင်း၏ ကျင့်စဉ်ကို သေသေချာချာ စတင် လေ့လာတော့သည်။

ထိုသိုင်းပညာရပ်မှာ အဓိကအားဖြင့် ကြယ်များ ပြိုကွဲသည့် ဖြစ်စဉ်ကို တုပထားခြင်း ဖြစ်သည်။ ကျရှုံးခဲ့သော်လည်း ဤသည်မှာ မွန်ဂီရီက ဤသိုင်းပညာကို ဖန်တီးခဲ့သည့် မူလရည်ရွယ်ချက် ဖြစ်သည်။

လင်းဖုန်း ချက်ချင်း ကျင့်ကြံရန် မလောပေ။ အကြောင်းမှာ သူသည် ကြယ်ပြိုကွဲမှု ဖြစ်စဉ်ဟု ခေါ်သော အရာနှင့် ပတ်သက်၍ အနည်းငယ်သာ သိသောကြောင့် ဖြစ်သည်။ သူသည် ဤကြယ်တာရာသိုင်းပညာရပ်၏ အခြေခံမူများကို ရှင်းရှင်းလင်းလင်း နားလည်ထားရမည်။ ဤနည်းဖြင့် ကျင့်ကြံခြင်းက အားစိုက်မှု နည်းနည်းဖြင့် ရလဒ်ကောင်းများ ရရှိစေမည် ဖြစ်သည်။

ဤသည်မှာ "ကြိုတင်ပြင်ဆင်မှုက လက်တွေ့အလုပ်ကို အဟန့်အတား မဖြစ်စေ" ဟူသော ဆိုရိုးစကားအတိုင်းပင်။ လင်းဖုန်းသည် ကြယ်ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်သော အချက်အလက်များကို အွန်လိုင်းတွင် ရှာဖွေပြီး သေသေချာချာ စတင် လေ့လာတော့သည်။

သူသည် ထိုအကြောင်းကို အသေးစိတ် သုတေသနလုပ်ရန် မလိုပေ။ အကြမ်းဖျဉ်း နားလည်ထားရန်သာ လိုအပ်သည်။

သုံးနာရီကြာပြီးနောက် လင်းဖုန်းသည် ကြယ်ပေါက်ကွဲမှု ဖြစ်စဉ်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဟင်းလင်းပြင်ပူဖောင်းအတွက် သတ်မှတ်ထားသော ဂါထာများနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ဟင်းလင်းပြင်ပူဖောင်းကို မည်သို့ ကျင့်ကြံရမည်ကို အတိုင်းအတာတစ်ခုအထိ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်း ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားများ စတင် တိုးထွက်လာတော့သည်။

ကြယ်တာရာစွမ်းအားမှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်နှင့် ၎င်း၏ စွမ်းအားမှာ အမှန်တကယ်တွင် များစွာ အားနည်းသွားမည် ဖြစ်သည်။ ထို့အပြင် ထိုသည်မှာ ကြာရှည် တည်ရှိနေမည် မဟုတ်ပေ။ ဆံပင်ထက်ပင် သေးငယ်သော ဤမမြင်နိုင်သည့် ကြယ်တာရာစွမ်းအား အမျှင်တန်းများသည် လင်းဖုန်း၏ အမိန့်ပေးမှုအောက်တွင် ကြီးမားသော ပူဖောင်းတစ်ခုအဖြစ် တဖြည်းဖြည်း ပုံ‌ပေါ်လာကြသည်။

ဝူး...

ရုတ်တရက် လင်းဖုန်း၏ ရှေ့ရှိ ဟင်းလင်းပြင်မှာ ကွေးညွှတ်သွားပုံရသည်။ ယင်းမှာ အမှန်တကယ်တော့ အမြင်မှားခြင်းသာ ဖြစ်သည်။ မမြင်နိုင်သော ကြယ်တာရာစွမ်းအားများ ပူဖောင်းတစ်ခု ဖြစ်လာပြီးနောက် ၎င်းမှာ ဒြပ်ရှိလာသည်။

ကြယ်တာရာစွမ်းအားများဖြင့် အပြည့်အဝ စုစည်းထားသော ထွင်းဖောက်မြင်ရသည့် အကြည်ရောင်ပူဖောင်းတစ်ခု လင်းဖုန်း၏ ရှေ့တွင် ပေါ်လာသည်။

လင်းဖုန်း ဟင်းလင်းပြင်ပူဖောင်းကို ထုတ်လွှတ်ရာတွင် အောင်မြင်သွားခဲ့လေပြီ။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၁၄၁) - ပြိုကွဲခြင်း

ဘာသာပြန် - အားသစ်

လေဟာနယ်ထဲတွင် ဖြန့်ကျက်ထားသော ဖောက်ထွင်းမြင်ရသည့် အကြည်ရောင်ပူဖောင်းသည် အချင်းအားဖြင့် တစ်မီတာခန့်သာ ရှိသည်။ သို့သော် ထိုပူဖောင်းကို လိုသလို ချဲ့နိုင်ချဲ့နိုင်သည်။ ရေးသားထားချက်များအရ အရွယ်အစား သေးငယ်လေ စွမ်းအား ကြီးမားလေ ဖြစ်သည်။

ပုံမှန်အားဖြင့် ကြယ်တာရာပူဖောင်း၏ အချင်းကို သုံးမီတာခန့်၌ ထိန်းချုပ်ထားခြင်းက အသင့်တော်ဆုံး ဖြစ်သည်။ သို့သော် လင်းဖုန်းသည် အခန်းထဲတွင် ရှိနေသောကြောင့် သုံးမီတာရှိသော ကြယ်တာရာပူဖောင်းမှာ ကြီးလွန်းလှသည်။ ထို့ကြောင့် ကြယ်တာရာပူဖောင်း အသေးစားတစ်ခုကိုသာ စုစည်းခဲ့သည်။

"လှလိုက်တာ..."

လေဟာနယ်ထဲတွင် ဖြန့်ကျက်ထားသော ဖောက်ထွင်းမြင်ရသည့် ကြယ်တာရာပူဖောင်းကို လင်းဖုန်း ကြည့်လိုက်သည်။ အလင်းရောင်အောက်တွင် အလင်းတန်းများ တလက်လက် တောက်ပကာ စီးဆင်းနေသည့် အရိပ်အယောင်များပင် ရှိနေသည်။ ထိုမြင်ကွငိးမှာ အလွန်လှပကာ ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိပေသည်။

လင်းဖုန်းသည် ဤမျှ လှပသော ပူဖောင်းမျိုးကို ယခင်က တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။

သို့သော် ထိုသို့ အာရုံလွင့်သွားမှုကြောင့် လင်းဖုန်းသည် သူ၏ ကြယ်တာရာစွမ်းအားကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ ကြယ်တာရာပူဖောင်းမှာ အလွန် မတည်မငြိမ် ဖြစ်လာပြီး အမှန်တကယ်ပင် ပေါက်ကွဲသွားတော့သည်။

"ငါ ကျရှုံးသွားပြီ..."

လင်းဖုန်း နှမြောသွားသည်။ သို့သော် ဤသည်မှာ ကြယ်တာရာပူဖောင်းကို သူ ပထမဆုံးအကြိမ် စုစည်းခြင်းဖြစ်ရာ ၎င်းကို ပုံဖော်နိုင်ရန် စုစည်းနိုင်ခဲ့ခြင်းကပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကိုယ်တိုင်က ကျင့်ကြံရန် မရှုပ်ထွေးပေ။ ထိုနည်းစနစ်၏ နောက်ကွယ်ရှိ အခြေခံမူများကို နားလည်ရန်နှင့် ကြယ်တာရာစွမ်းအားကို သေသေချာချာထိန်းချုပ်နိုင်ရန်သာ လိုအပ်သည်။ အဓိကအချက်မှာ တည်ငြိမ်သော ကြယ်တာရာစွမ်းအားသာ ဖြစ်သည်။

သူ ပထမဆုံးအကြိမ် စုစည်းခဲ့သော ကြယ်တာရာပူဖောင်းမှာ မတည်ငြိမ်မှုကြောင့် လွင့်ပါး‌ပျောက်ကွယ်သွားသော်လည်း ၎င်းမှာ လုံးဝ ကျရှုံးသွားခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ လင်းဖုန်းတွင် အတွေ့အကြုံတစ်ကြိမ် ရှိနေပြီ ဖြစ်သည်။ နောက်တစ်ကြိမ်တွင်လည်း သူ သေချာပေါက် ထပ်မံ စုစည်းနိုင်ပေလိမ့်မည်။

သို့သော် ဟင်းလင်းပြင်ပူဖောင်းသည် ကြယ်တာရာစွမ်းအား အလွန်များပြားစွာ ကုန်ဆုံးစေသည်။ ခုနက ကြယ်တာရာပူဖောင်း တစ်ခုတည်းကို စုစည်းစဉ်ကပင် လင်းဖုန်းသည် ရှိသမျှစွမ်းအားအားလုံး နီးပါးကို အသုံးပြုခဲ့ရသည်။ သူသည် ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၈၀ ကျော် သုံးစွဲခဲ့ရပြီး အမျှင်တန်း ၅၀၀ နီးပါးအထိ ရောက်ရှိကာမှ အောင်မြင်စွာ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သေချာသည်မှာ ထိုနည်းစနစ်ကို သူ ကျွမ်းကျင်လာပါက သေချာပေါက် ထိုထက်ပို၍ စွမ်းဆောင်နိုင်‌ပေလိမ့်မည်။ လင်းဖုန်းသည် ကြယ်တာရာပူဖောင်း တစ်ခုကို စုစည်းနိုင်ရန် ကြယ်တာရာစွမ်းအား အမျှင်တန်း ၄၀၀ ခန့် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လောလောဆယ်တွင် လင်းဖုန်း ကြယ်တာရာပူဖောင်းကို ဆက်လက်၍ စုစည်းရန် မဖြစ်နိုင်တော့ပေ။ သူ ကြယ်တာရာစွမ်းအားကို ဦးစွာ ပြန်လည်ပြည့်ဖြိုးအောင် လုပ်ရမည် ဖြစ်သည်။

ထို့ကြောင့် လင်းဖုန်းသည် ကြယ်တာရာဝဲဂယက်ကျင့်စဥ်ကို စတင်ကျင့်ကြံကာ သူ့ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားကို လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာစေသည်။

နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် အကြာတွင် လင်းဖုန်း၏ ခန္ဓာကိုယ်ထဲရှိ ကြယ်တာရာစွမ်းအားမှာ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြယ်တာရာစွမ်းအားကို ထပ်မံလှုံ့ဆော်ကာ သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ လေဟာနယ်ထဲတွင် ကြယ်တာရာပူဖောင်း တစ်ခုကို ထပ်မံစုစည်းလိုက်သည်။

ဤတစ်ကြိမ်တွင် လင်းဖုန်းသည် ထိုနည်းစနစ်ကို ရင်းနှီးနေပြီ ဖြစ်သည်။ ထို့အပြင် သူသည် အာရုံစူးစိုက်မှုအားလုံးကို အပြည့်အဝစုစည်းကာ ကြယ်တာရာစွမ်းအားကို တည်ငြိမ်စေသည်။

နောက်ဆုံးတွင် ခမ်းနားလှသော ပူဖောင်းတစ်ခု ပေါ်လာသည်။ ထိုပူပေါင်းသည် အချင်းတစ်မီတာခန့်သာ ရှိနေဆဲဖြစ်ပြီး အလင်းရောင်အောက်တွင် ပုံမှန်ထက်ထူးကဲစွာ လှပနေသည်။ ဤသည်မှာ လင်းဖုန်း ကြယ်တာရာပူဖောင်းကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း ထိုမြင်ကွင်း၏ ညှို့ငင်ဖမ်းစားမှုကို ခံနေရဆဲပင်။

ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းသည် အတွေ့အကြုံရှိနေပြီး သူ၏ ကြယ်တာရာစွမ်းအားကို အချိန်မီ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ကြယ်တာရာပူဖောင်းသည် မတည်ငြိမ်မှုကြောင့် ပြိုကွဲမသွားခဲ့ပေ။

"အရမ်းလှတဲ့ ပူဖောင်းလေးပဲ။ ရန်သူတွေတောင် ဒါ ပေါ်လာတာနဲ့ ယစ်မူးသွားလိမ့်မယ် မဟုတ်လား"

လင်းဖုန်း ပြုံးလိုက်သည်။ ကြယ်တာရာပူဖောင်းသည် အမြင်မှားခြင်း မဟုတ်သလို ရန်သူများကို ဇဝေဇဝါ ဖြစ်စေရန် အသုံးပြုသည့်အရာလည်း မဟုတ်ပေ။ ထိုပူဖောင်းမှာ လှပသော်လည်း အရာဝတ္ထုတစ်ခုက ပိုလှပလေ ပိုကြောက်စရာ ကောင်းလေပင် ဖြစ်သည်။

လင်းဖုန်းသည် ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားကိုလည်း စမ်းသပ်ကြည့်လိုသည်။ သူ့ရှေ့တွင် စားပွဲငယ်လေး တစ်လုံး ရှိပြီး အလျား ၁.၂ မီတာခန့်သာ ရှိသည်။ ထို့ကြောင့် လင်းဖုန်းသည် အတွေးတစ်ချက်ဖြင့် ကြယ်တာရာပူဖောင်းကို အနည်းငယ် လျင်မြန်စွာ ကျယ်ပြန့်လာစေရန် ထိန်းချုပ်လိုက်ပြီး ရုတ်တရက် စားပွဲငယ်လေးကို အပြည့်အဝ ဖုံးအုပ်လိုက်သည်။

"ပြိုကွဲစမ်း"

လင်းဖုန်း လုံးဝ မတွန့်ဆုတ်နေပေ။ သူသည် ကြယ်တာရာပူဖောင်းကို ရုတ်တရက် ပြိုကွဲသွားစေရန် ထိန်းချုပ်လိုက်သည်။

ဝူး...

စက္ကန့်ပိုင်းအတွင်းမှာပင် လင်းဖုန်းသည် ကြယ်ပြိုကွဲမှုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကြယ်တာရာပူဖောင်း ဖုံးအုပ်ထားသော စားပွဲငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ လုံးဝပျောက်ကွယ်သွားသည်။

ထိုစားပွဲမှာ အမှန်တကယ် ပျောက်ကွယ်သွားပြီး ပြာအဖြစ် လုံးဝပြောင်းလဲသွားသည်။

"ဒါက..."

လင်းဖုန်း၏ နှလုံးသားမှာ တစ်ချက် ခုန်သွားသည်။ ခုနက မြင်ကွင်းသည် အလွန်တရာ တုန်လှုပ်စရာ ကောင်းလွန်းလှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကြယ်တာရာပူဖောင်း လျင်မြန်စွာ ပြိုကွဲသွားပြီး အမည်းစက်လေး တစ်ခု ဖြစ်ပေါ်လာကာ လုံးဝ ပျောက်ကွယ်သွားသည်။

ဘာမှ ကျန်မနေခဲ့ပေ။ ဤသို့ဖြင့် ဒြပ်ရှိသော စားပွဲမှာ မည်သည့်အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ စားပွဲက အကြောင်းရင်းမရှိဘဲ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ သူ အနီးကပ် သွားကြည့်လိုက်သည်။ လွှစာမှုန့်ကဲ့သို့ ထူးဆန်းသော အနံ့တစ်ခုကို သူ ရလိုက်သည်။

"သစ်သားစလေးတွေလား။ စားပွဲက ကြယ်တာရာပူဖောင်းရဲ့ ပြိုကွဲအားကြောင့် သာမန်မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အသေးငယ်ဆုံး အပိုင်းအစလေးတွေအဖြစ် ပြိုကွဲသွားတာ ဖြစ်နိုင်မလား"

ဤသည်မှာ ဖြစ်နိုင်ချေ အလွန်များကြောင်း လင်းဖုန်း ခံစားလိုက်ရသည်။ သူ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လေတစ်ချက် တိုက်ခတ်လာသည်နှင့် အခန်းထဲရှိ လွှစာမှုန့် အနံ့များ ပျောက်ကွယ်သွားသည်။

"ကြောက်စရာကောင်းလိုက်တာ။ ဒါက တကယ့်ကို အရမ်း ကြောက်စရာကောင်းလွန်းတယ်"

လင်းဖုန်း တုန်လှုပ်သွားသည်။ ခုနက မြင်ကွင်း၏ ရိုက်ခတ်မှုမှာ အမှန်တကယ်ပင် အလွန် တုန်လှုပ်စရာ ကောင်းလွန်းလှသည်။

ဤသည်မှာ သိုင်းပညာ၏ နယ်ပယ်အတွင်းတွင် ရှိနေသေးပါသလော။ ဟင်းလင်းပြင်ပူဖောင်း၏ ပြိုကွဲခြင်းစွမ်းရည်မှာ အလွန် ဖျက်ဆီးနိုင်စွမ်း ကြီးမားလွန်းသဖြင့် သိုင်းပညာ၏ နယ်ပယ်ကို ကျော်လွန်သွားသည်ဟုပင် လင်းဖုန်း သံသယဝင်မိသည်။

"ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀ နဲ့ စုစည်းထားတဲ့ ကြယ်တာရာပူဖောင်း တစ်ခုရဲ့ ပြိုကွဲမှု အကန့်အသတ်က ဘာလဲဆိုတာ ငါ သိချင်မိတယ်"

လင်းဖုန်း မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်။ ဟင်းလင်းပြင်ပူဖောင်း မည်မျှပင် အစွမ်းထက်ပါစေ အကန့်အသတ်တစ်ခု ရှိကြောင်း သူ ကောင်းကောင်း သိသည်။ ဟင်းလင်းပြင်ပူဖောင်း တစ်ခုတည်းက သူတော်စင် တစ်ပါးကို သတ်နိုင်မည် မဟုတ်ပေ။ ထိုမျှလောက်နှင့် သူတော်စင်တစ်ပါးကို သုတ်သင်နိုင်ရန် မည်သို့ဖြစ်နိုင်မည်နည်း။

သို့ဆိုလျှင် ဟင်းလင်းပြင်ပူဖောင်းတွင် အကန့်အသတ်တစ်ခု သေချာပေါက် ရှိရပေမည်။ ထိုအကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် ဟင်းလင်းပြင်ပူဖောင်းမှာ အသုံးဝင်တော့မည် မဟုတ်ပေ။

သို့သော် ဤသည်မှာ လက်ရှိကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀သာ အသုံးပြုထားခြင်း ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူ ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀၀ ဖြင့် ဟင်းလင်းပြင်ပူဖောင်းကို ထုတ်လွှတ်လိုက်မည်ဆိုလျှင်...။

ကြယ်တာရာပူဖောင်း ကြီးမားလေလေ ၎င်းကို ထိန်းသိမ်းရန် ခက်ခဲလေလေ ဖြစ်သည်။ ကြယ်တာရာစွမ်းအား များလွန်းသွားသည်နှင့် ပူဖောင်းမှာ မတည်မငြိမ် ဖြစ်လာပြီး အချိန်မရွေး ပြိုကွဲသွားနိုင်သည်။ သို့သော် ကြယ်တာရာစွမ်းအား အမျှင်တန်း ၅၀၀၀ ဖြင့် ကြယ်တာရာပူဖောင်း တစ်ခုကို စုစည်းရန်မှာ ပြဿနာ မဖြစ်သင့်ပေ။

ထိုအချိန်ကျလျှင် ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ထုတ်လွှတ်လိုက်ပါက အသွင်ပြောင်းနယ်ပယ် တတိယအဆင့် သိုင်းသမားတစ်ဦးပင်လျှင် သတိမထားမိပါက ပြင်းထန်သော ဒဏ်ရာများ ရရှိနိုင်သည် သို့မဟုတ် တိုက်ရိုက် သေဆုံးသွားနိုင်သည်။

ဟင်းလင်းပြင်ပူဖောင်း၏ စွမ်းအားမှာ အလွန် အားကောင်းပြီး အစွန်းရောက်လွန်းသည်။ ၎င်းကို ပေါ့ပေါ့ဆဆ အသုံးပြု၍ မရနိုင်ပေ။

လင်းဖုန်းလည်း အလွန် ပျော်ရွှင်နေသည်။ ဟင်းလင်းပြင်ပူဖောင်းကို ကျွမ်းကျင်ပြီးနောက် ကြယ်တာရာစွမ်းအား သို့မဟုတ် ကျင့်ကြံမှုအဆင့် တိုးတက်မလာသော်လည်း သူ့လက်ထဲတွင် ဝှက်ဖဲနည်းစနစ်များ ပိုမို ရှိလာပြီး သူ့ခွန်အားမှာ များစွာ တိုးတက်လာခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ယခုချက်ချင်း နယ်မြေဧရိယာတစ်ခုကို ကာကွယ်ရန် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသို့ သွားရမည်ဆိုလျှင်တောင်မှ လင်းဖုန်းတွင် ယုံကြည်မှု အချို့ ရှိနေပြီ ဖြစ်သည်။

နောက်တစ်နေ့တွင် လင်းဖုန်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။ မနေ့ညက သူ ဟင်းလင်းပြင်ပူဖောင်းနည်းစနစ်ကို ကျင့်ကြံရာတွင် အပြည့်အဝ အာရုံစိုက်နေခဲ့သည်။ လင်းဖုန်းသည် ထိုနည်းစနစ်ကို အကြိမ်အနည်းငယ် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီး ထိုသည်မှာ အမှန်တကယ်ပင် စွမ်းအင်များစွာ ကုန်ဆုံးစေခဲ့သည်။ သို့သော် သူ အစောကြီး နိုးလာနိုင်သေးသည်။ နံနက်စာစားပြီးနောက် လင်းဖုန်းကို ပို့ဆောင်ရန် ယွီရှန်း ဟိုတယ်သို့ ရောက်လာသည်။

"လင်းဖုန်း... ငါ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ အမြန်ဆုံးလာခဲ့မယ်"

"ဟားဟား... အခုလောလောဆယ် အိမ်မှာပဲနေပြီး ချန်ရှီးကို သေသေချာချာ အဖော်ပြုပေးလိုက်ပါ။ အနာဂတ်မှာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရောက်ရင် မင်းအတွက် အားလပ်ချိန်ဒီလောက် အများကြီး ရှိတော့မှာ မဟုတ်ဘူးကွ"

သူတို့နှစ်ဦး စကားများများစားစား မပြောဖြစ်ကြပေ။ မ‌မျှော်လင့်ထားသောဖြစ်ရပ်များ အားလုံးပြီးနောက် လင်းဖုန်းနှင့် ယွီရှန်းတို့ကြားတွင် နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုတစ်ခု ဖြစ်တည်နေပြီ ဖြစ်သည်။ ထိုသည်မှာ သေရေးရှင်ရေး စမ်းသပ်မှုများကို အမှန်တကယ် အတူတကွဖြတ်သန်းခဲ့ရသော ခင်မင်ရင်းနှီးမှုတစ်ခု ဖြစ်သည်။

ဝေါင်း

ကြီးမားလှသော နဂါးကြီးသည် အတောင်ပံများကို ဖြန့်ကာ ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုနဂါးမှာ လင်းဖုန်းကို အနည်းငယ် မကျေမနပ်ဖြစ်နေပုံရပြီး သူ့ကို အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းနေသည်။

နဂါးစီးသူရဲကောင်း ဟောက်ရှီရီသည် နဂါးကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကောင်လေး... သွားကြစို့။ မင်းက ဘာလို့ ဒီလောက် စကားများနေရတာလဲ။ မင်းတို့ကကွာ ထာဝရ ခွဲခွာရတော့မယ့်အတိုင်းပဲ"

လင်းဖုန်းသည် ယွီရှန်းကို ဘာမှ ထပ်မပြောတော့ဘဲ နဂါးကျောပေါ်သို့ တစ်ချက်တည်း ခုန်တက်လိုက်သည်။

"သွားကြစို့"

ဟောက်ရှီရီသည် နဂါးကြီးကို ညင်သာစွာ ပုတ်လိုက်သည်။ ထို့နောက် နဂါးကြီးသည် အတောင်ပံအစုံကို ခတ်ကာ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

နဂါးကြီး ပိုမိုမြင့်မားစွာ ပျံသန်းလာသည်နှင့်အမျှ တိမ်တိုက်များကိုပင် ထိလုနီးပါးအထိ ရောက်ရှိလာသည်။ လင်းဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထုံးစံအတိုင်း အဆုံးအစမဲ့ ဖြူစင်နေသည်။

ကောင်းကင်မျက်နှာကြက်အကြောင်း တွေးမိသောအခါ သူ့ရင်ထဲတွငိ တစ်ဒင်္ဂမျှစိတ်လှုပ်ရှားသွားရသဖြင့် သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ကောင်းကင်မျက်နှာကြက်က ဘယ်လိုပုံစံ ရှိမလဲဆိုတာ ငါ သိချင်မိတယ်"

All Chapters