အခန်း (၁၄၂-၁၄၃)
Vol. 12 Ch. 142-143
အခန်း (၁၄၂) - ရှန်ကွမ်းကျန်းနန်
ဘာသာပြန် - အားသစ်
"ကောင်ကင်မျက်နှာကြက်လား..."
ဟောက်ရှီရီသည် လင်းဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင်လည်း ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ရှိနေပုံရသည်။
"သခင်ဟောက်ရှီရီ... ကောင်းကင်မျက်နှာကြက်ကို ခင်ဗျား မြင်ဖူးလား။ ကောင်းကင်မျက်နှာကြက်ရဲ့ အပြင်ဘက် စကြဝဠာထဲမှာ ဘာတွေရှိလဲ"
အမှန်တကယ်တော့ ကောင်းကင်မျက်နှာကြက်အပြင်ဘက် စကြဝဠာထဲတွင် သူတို့ကဲ့သို့ အခြားသော ဉာဏ်ရည်မြင့် သက်ရှိများ ရှိမရှိကို လင်းဖုန်း မေးချင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သိပ္ပံလောကတွင် အမြဲတမ်း ငြင်းခုံနေရသော မေးခွန်းတစ်ခု ဖြစ်သည်။
ဟောက်ရှီရီ ခေါင်းခါကာ ပြောလိုက်သည်။
"ငါ ကောင်းကင်မျက်နှာကြက်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သခင်သူတော်စင်တွေကတော့ မြင်ဖူးမှာ သေချာတယ်။ ကောင်းပြီ... မင်း ဝါးနိုင်တာထက်ပိုပြီး မကိုက်နဲ့။ ကောင်းကင်မျက်နှာကြက်ရဲ့ အပြင်ဘက်မှာ ဘာရှိလဲဆိုတာကို မင်း တွေးနေစရာ မလိုပါဘူး။ မင်း အခု တွေးသင့်တာက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ရောက်သွားပြီးနောက်ပိုင်း ပြဿနာပဲ"
"တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှာ ပြဿနာ ရှိလို့လား"
လင်းဖုန်းက ပြန်မေးလိုက်သည်။
"ဟားဟားဟား... မင်း အဲဒီကို ရောက်တဲ့အခါ သိရမှာပါ"
ဟောက်ရှီရီက တိုက်ရိုက် မဖြေဘဲနေသဖြင့် လင်းဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် သူ့ကို စောင့်ကြိုနေသော ခက်ခဲကြမ်းတမ်းသည့် တာဝန်တစ်ခု တကယ် ရှိနေနိုင်ပါသလော။ သို့သော် သေသေချာချာ စဉ်းစားကြည့်သောအခါ ၎င်းမှာ မဖြစ်နိုင်ပုံရသည်။ မည်သို့ပင်ဆိုစေ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားသော အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး ဖြစ်သည်။ သာမန် အခြေစိုက်စခန်း တစ်ခုကို စောင့်ကြပ်ရန် သူ့ကို စေလွှတ်ခြင်းက ကိစ္စမရှိသော်လည်း အလွန် အန္တရာယ်များသော အခြေစိုက်စခန်းတစ်ခုသို့ သူ့ကို အမှန်တကယ် စေလွှတ်မည် မဟုတ်သည်မှာ သေချာသည်။
ကြီးမားလှသော နဂါးကြီး၏ ပျံသန်းနှုန်းမှာ အလွန် မြန်ဆန်လှသည်။ မည်သို့ပင်ဆိုစေ ၎င်းမှာ နတ်ဘုရားနယ်ပယ် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ အာကာသယာဉ်၏ အရှိန်ကပင် ဤနဂါးကြီးကို မယှဉ်နိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် လင်းဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်သန်မာပြီး အရှိန်ကြောင့် အပြင်းအထန်လေတိုးခြင်းကို လုံးဝ မကြောက်ပေ။ ခန္ဓာကီုယ်ကြံ့ခိုင်မှုအားနည်းသော သာမန် ကြေးစား သိုင်းသမားများမှာ နဂါးကြီးပေါ်မှ စီးနင်းလိုက်ပါရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။
လင်းဖုန်းသည် နဂါးကြီးနှင့် ပတ်သက်၍လည်း အလွန် စပ်စုချင်နေမိသည်။ သူသည် နဂါး၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများကိုပင် ခပ်နာနာ ဖိကြည့်ရန် ကြိုးစားခဲ့သေးသည်။ သို့သော်လည်း နဂါးကြီးက လေထဲတွင် အရှိန်မြှင့်ကာ ဆန္ဒပြသောအခါ လင်းဖုန်းသည် နဂါးကျောပေါ်တွင် ထပ်မံ မလှုပ်ရှားရဲတော့ပေ။
သူတို့သည် ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီခန့် ပျံသန်းခဲ့ကြသည်။ မြေပြင်မှာ သူတို့၏ ရှေ့တွင် မျက်စိတစ်ဆုံး ကျယ်ပြန့်နေပြီး အထီးကျန် မြို့တစ်မြို့ကိုသာ မြင်တွေ့ရသည်။
"ငါတို့ ရောက်ပြီ။ မင်းက တောင်ပိုင်းတောင်တန်းမြို့ရဲ့ သံတမန်ကို အရင် သွားတွေ့ရမယ်"
"တောင်ပိုင်းတောင်တန်းမြို့မှာလည်း သံတမန် ရှိတာလား"
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူသိသလောက် မြို့တိုင်းတွင် သံတမန် မရှိပေ။ အလွန် အရေးကြီးသော မြို့များတွင်သာ ရှိသည်။ အနည်းဆုံးတော့ နဂါးကျောက်တုံးမြို့တွင် သံတမန် မရှိပေ။
"သေချာတာပေါ့။ တောင်ပိုင်းတောင်တန်းမြို့ရဲ့ ပထဝီဝင်အနေအထားက အရမ်းအရေးကြီးတယ်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ရောက်တဲ့အခါ ဘာလို့သံတမန် ရှိနေလဲဆိုတာကို မင်း သိရလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တောင်ပိုင်းတောင်တန်းမြို့ရဲ့ သံတမန်က အစိုးရအဖွဲ့ဝင် ဖြစ်ပေမဲ့ သူက တခြား အစိုးရအဖွဲ့က သံတမန်တွေနဲ့ မတူဘူး။ သူက ရှေ့တန်းကို စောင့်ကြပ်နေတာဖြစ်ပြီး ကျောက်တုံးမြို့မှာ မင်း ပြဿနာရှာခဲ့တဲ့ ကိစ္စကို သူ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါ့ပြင် ငါ သူ့အသက်ကို တစ်ခါ ကယ်ဖူးတယ်။ သူ မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး"
လင်းဖုန်း၏ မျက်နှာအမူအရာ အနည်းငယ် ရှက်ရွံ့သွားသည်။ ထိုသည်မှာ သူ့စိတ်ထဲရှိ သေးသိမ်သော အတွေးတစ်ခုသာ ဖြစ်သည်။ ကျောက်တုံးမြို့မှ ဖြစ်ရပ်ပြီးနောက် အစိုးရအဖွဲ့မှ လူများက သူ့ကို မလိုမုန်းထား ဖြစ်မည်ကို သူ ကြောက်နေခဲ့မိသည်။
သို့သော် ဟောက်ရှီရီက ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော် ဟောက်ရှီရီ၏ စကားများက လင်းဖုန်းကို စိတ်အေးသွားစေသည်။ ဟောက်ရှီရီသည် သံတမန်၏ အသက်ကို တစ်ခါ ကယ်ဖူးသည်။ ဤဆက်ဆံရေး တစ်ခုတည်းအပေါ် အခြေခံရုံဖြင့်ပင် သံတမန်သည် လင်းဖုန်းကို သေချာပေါက် တကူးတက ပစ်မှတ်ထားမည် မဟုတ်ပေ။ ဤသည်မှာ အနာဂတ်တွင် လင်းဖုန်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စောင့်ကြပ်ရာတွင်လည်း အထောက်အကူ ဖြစ်စေလိမ့်မည်။
ဟောက်ရှီရီသည် လင်းဖုန်းကို သံတမန်ထံ လည်ပတ်ရန် ခေါ်ဆောင်လာသည့် ရည်ရွယ်ချက်မှာ အမှန်တကယ်တော့ လင်းဖုန်းကို ကူညီရန် ရည်ရွယ်ချက် ရှိနေပုံရသည်။ ထို့ကြောင့် လင်းဖုန်းသည်လည်း ဟောက်ရှီရီကို အလွန် ကျေးဇူးတင်မိသည်။
ကြီးမားလှသော နဂါးကြီးသည် အတောင်ပံများကို ခတ်ကာ အောက်ဘက်ရှိ တောင်ပိုင်းတောင်တန်းမြို့ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ဤမြင်ကွင်းသည် သဘာဝကျကျပင် တောင်ပိုင်းတောင်တန်းမြို့ရှိ လူအများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
"ကြည့်စမ်း... အဲဒါ ဘယ်လို သားရဲမျိုးလဲ"
"မဟုတ်ဘူး၊ အဲဒါ သာမန်သားရဲ မဟုတ်ဘူး။ အဲဒါ နတ်ဆိုး မဟုတ်လား။ အရမ်း ကြောက်စရာကောင်းတဲ့ နတ်ဆိုးပဲ"
"အဲဒါ နဂါးကြီးပဲ။ နဂါးကြီးတစ်ကောင် တကယ် ရောက်လာတာလား။ ဒါပေမဲ့ နဂါးကြီးရဲ့ ကျောပေါ်မှာ လူတစ်ယောက် ရှိနေပုံရတယ်"
"ငါ မှတ်မိပြီ။ အဲဒါ တန်ခိုးကြီးမားတဲ့ နဂါးစီးသူရဲကောင်း သခင်ဟောက်ရှီရီများ ဖြစ်နေမလား"
တောင်ပိုင်းမြို့ရှိ သာလွန်လူသား ကျွမ်းကျင်သူအချို့မှာ အတွေ့အကြုံရှိပြီး ဗဟုသုတ ကြွယ်ဝပုံရသည်။ သူတို့သည် နဂါးစီးသူရဲကောင်း ဟောက်ရှီရီကို ချက်ချင်း သတိရလိုက်ကြသည်။ မည်သို့ပင်ဆိုစေ နဂါးစီးသူရဲကောင်း ဟောက်ရှီရီ တစ်ယောက်သာ နဂါးကြီးကို စီးနင်းပြီး ကောင်းကင်ယံတွင် ပျံသန်းနိုင်သည်။
နဂါးစီးသူရဲကောင်း ဟောက်ရှီရီသည် ဘုန်းတန်ခိုးကြီးမားသော နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း သူသည် ယခု ဤနေရာသို့ နဂါးကြီးကို စီးနင်းလာသည်။ ဘာဖြစ်သွားသည်ကို သူတို့ မသိကြပေ။ သိုင်းသမားအချို့ အနည်းငယ် စိုးရိမ်လာကြသည်။ မကြာသေးမီက ရှေ့တန်း အခြေစိုက်စခန်းများ ဖိအားပေးခံနေရပြီး နဂါးစီးသူရဲကောင်းကို သူတို့၏ အကူအညီအတွက် လာရောက်ရန် တောင်းဆိုခဲ့ခြင်းများ ဖြစ်နေမလား။
ကြီးမားလှသော နဂါးကြီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ကြီးမားသော စံအိမ်ကြီးတစ်ခုအတွင်းသို့ ဆင်းသက်လာသည်။
စံအိမ်ကြီးထဲတွင် အစောင့်အချို့လည်း ရှိနေပြီး သူတို့သည် ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ဝိုင်းရံလာကြသည်။ သို့သော် နဂါးကြီး၏ သာမန် နှာချေမှု တစ်ချက်ကပင် လေဆင်နှာမောင်း တစ်ခုကို ဖန်တီးနိုင်သည်။ အစောင့်များသည်လည်း မြင်ကွင်းကြောင့် ထိတ်လန့်သွားကြပြီး အနားမကပ်ရဲကြပေ။
ဝှစ်
ရုတ်တရက် စံအိမ်ကြီးထဲမှ ပုံရိပ်တစ်ခု ပျံသန်းထွက်လာပြီး နဂါးကြီးရှေ့တွင် ပေါ်လာသည်။
"ဟောက်ရှီရီ... မင်း ဘယ်လေတိုက်လို့ ဒီကို ရောက်လာတာလဲ"
ဤပုံရိပ်သည် နွေဦးလေပြေကို ခံစားနေရသကဲ့သို့ ခံစားရစေသည့် ထူးခြားသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး အလွန်နှစ်လိုဖွယ်ကောင်းပုံရသည်။ ၎င်းမှာ ဟောက်ရှီရီ၏ ကိုယ်ပေါ်ရှိ အာဏာရှင်ဆန်ပြီး သတ်ဖြတ်လိုစိတ် အရှိန်အဝါနှင့် လုံးဝ ကွာခြားလှသည်။ ကျောက်တုံးမြို့၏ သံတမန် ကျန်းဇီဖုန်း၏ ကိုယ်ပေါ်ရှိ မြင့်မားပြီး နတ်ဘုရားတစ်ပါးကဲ့သို့သော အရှိန်အဝါနှင့်လည်း အခြေခံအားဖြင့် ကွာခြားလှသည်။
ဤသူမှာ နတ်ဘုရားနယ်ပယ်တွင် ရှိနေသူတစ်ဦးလည်း ဖြစ်၊ တောင်ပိုင်းတောင်တန်း၏ သံတမန်လည်း ဖြစ်သော ရှန်ကွမ်းကျန်းနန်ပင်။
လင်းဖုန်းသည် သိုင်းနယ်မြေဖိုရမ်တွင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် ပတ်သက်သည့် အချက်အလက်အချို့ကိုလည်း စစ်ဆေးခဲ့ဖူးသည်။ လူအချို့က နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတိုင်း၏ အရှိန်အဝါသည် လုံးဝ ကွဲပြားသည်ဟု ဆိုကြပြီး ၎င်းက သူတို့၏ သိုင်းလမ်းစဉ်များမှာလည်း အလွန် ကွဲပြားကြောင်း ဆိုလိုသည်။
နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါသည် သူတို့၏ သိုင်းတာအိုရည်ရွယ်ချက်ကို ပုံဖော်နေသည်။
အရင်က လင်းဖုန်းသည် သိုင်းတာအိုရည်ရွယ်ချက်ဆိုတာ ဘာလဲဆိုသည်ကို သိပ်နားမလည်ခဲ့သော်လည်း ယခုရှန်ကွမ်းကျန်းနန်ကို မြင်သောအခါ သူ ခပ်ရေးရေး နားလည်သွားသည်။ ထိုစဉ်က ကျောက်တုံးမြို့၏ သံတမန် ကျန်းဇီဖုန်းသည် မြင့်မားပြီး နတ်ဘုရားတစ်ပါးကဲ့သို့သော အရှိန်အဝါ ရှိခဲ့ရာ ထိုသည်က သူသည် အမှန်တကယ်တော့ အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်ကာ အရာအားလုံးကို အထင်သေးကြောင်း ဆိုလိုသည်။ သူ၏ သိုင်းတာအိုရည်ရွယ်ချက်မှာလည်း သေချာပေါက် အတူတူပင် ဖြစ်သည်။ သူအသုံးပြုသော သိုင်းပညာများပင်လျှင် ရေခဲကဲ့သို့ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းပုံရသည်။
အခြားတစ်ဖက်တွင်မူ ဟောက်ရှီရီမှာ ကွာခြားသည်။ ဟောက်ရှီရီ၏ အရှိန်အဝါမှာ အာဏာရှင်ဆန်ပြီး ဂုဏ်သိက္ခာရှိသည်။ အကယ်၍ သူသာ တိုက်ခိုက်ပါက သတ်ဖြတ်လိုစိတ်မှာ ကြီးမားလှပေလိမ့်မည်။ ဤကဲ့သို့သော သိုင်းတာအိုရည်ရွယ်ချက်မှာ အတော်လေး ကြောက်စရာကောင်းလှသည်။ သူသည် ထိပ်တန်း နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထဲမှ တစ်ဦး ဖြစ်လာနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်း ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ဤရှန်ကွမ်းကျန်းနန်နှင့် ပတ်သက်၍မူ သူ၏ အရှိန်အဝါမှာ သိမ်မွေ့ပြီး လူများကို နွေဦးလေပြေကို ရှူရှိုက်နေရသကဲ့သို့ ခံစားရစေသည်။ သူသည် အလွန် ဖော်ရွေပြီး သူ၏ သိုင်းတာအိုရည်ရွယ်ချက်မှာ အတော်လေး တည်ငြိမ်သင့်သည်။
အကယ်၍ လင်းဖုန်းသာ မမှားပါက ရှန်ကွမ်းကျန်းနန်၏ သိုင်းတာအိုလမ်းစဉ်မှာ အလွန်တည်ငြိမ်ပြီး ယေဘုယျအားဖြင့် အတော်လေး ချောမွေ့သင့်သည်။ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံရုံဖြင့် ဒုတိယအကြိမ် အသက်ဝိညာဏ်အသွင်ကူးပြောင်းမှုကို ဖြတ်သန်းနိုင်ပြီး နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခြင်းက သူ၏ ပါရမီမှာ အတော်လေး ကြီးမားကြောင်းလည်း ဆိုလိုသည်။
လက်တွေ့တွင် လင်းဖုန်း၏ ခန့်မှန်းချက်မှာ လုံးဝ မှန်ကန်နေသည်။ ရှန်ကွမ်းကျန်းနန်သည် ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးအဖြစ် ကျော်ကြားခဲ့ပြီး သူ၏ ခရီးလမ်းမှာ ချောမွေ့ခဲ့သည်။ သူသည် သေရေးရှင်ရေး အကျပ်အတည်းနှင့် တစ်ကြိမ်သာ ကြုံတွေ့ခဲ့ရပြီး ဟောက်ရှီရီ၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် ဟောက်ရှီရီနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။ သံတမန် ဖြစ်လာပြီးနောက်တွင်ပင် သူ၏ နှလုံးသားမှာ ပြောင်းလဲမသွားခဲ့ပေ။
"ရှန်ကွမ်း... ဒီတစ်ခါ ငါ မင်းဆီကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက် ခေါ်လာတယ်။ သူက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စောင့်ကြပ်ဖို့ တာဝန်ယူထားတယ်။ မင်း ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပါဘူး။ သူ့ကို သေသေချာချာ လေ့ကျင့်ပေးလိုက်"
ဟောက်ရှီရီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"လင်းဖုန်း မဟုတ်လား။ ငါ သူတော်စင်ရဲ့ အမိန့်ကို ရထားပြီးပါပြီ။ စိတ်မပူပါနဲ့။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ရောက်သွားပြီးရင် မင်းက ငါ့လူပဲ။ ဘယ်သူမှ မင်းကို ဘာမှ လုပ်လို့မရဘူး"
ရှန်ကွမ်းကျန်းနန်က ပြုံးကာ ပြောလိုက်ပြီး လင်းဖုန်းကို စိတ်အေးသွားစေသည်။ လင်းဖုန်း ကျောက်တုံးမြို့တွင် ဆူပူမှု အတော်လေး ဖြစ်စေခဲ့ကြောင်းကိုလည်း သူ သိထားသည်မှာ ထင်ရှားသည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်ရှန်ကွမ်း"
လင်းဖုန်း နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်။ ဤရှန်ကွမ်းကျန်းနန်သည် ပေါင်းသင်းရ အလွန် လွယ်ကူပုံရသည်။ အနာဂတ်တွင် သူသည်လည်း တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် စိုးရိမ်စရာမလိုဘဲ နေထိုင်နိုင်ပေလိမ့်မည်။
"ဟုတ်ပြီလေ။ ကိစ္စရှိရင် ငါ့ကို တိုက်ရိုက် ဆက်သွယ်လို့ ရပါတယ်"
ရှန်ကွမ်းကျန်းနန်သည် ဟောက်ရှီရီကို လေးစားသောအားဖြင့် လင်းဖုန်းကို သူ၏ ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုပင် ပေးခဲ့သည်။
"ကောင်းပြီ... လင်းဖုန်းကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းဆီ ငါ အရင် ပို့လိုက်မယ်။ ငါတို့ ပြန်လာရင် သောက်ရင်းစားရင်း စကားပြောကြတာပေါ့"
ဟောက်ရှီရီသည် ရှန်ကွမ်းကျန်းနန်နှင့် အကြာကြီး စကားဖောင်ဖွဲ့မပြောခဲ့ပေ။ သူသည် လင်းဖုန်းနှင့်အတူ တောင်ပိုင်းတောင်တန်းမြို့မှ လျင်မြန်စွာ ထွက်ခွာသွားသည်။
"လင်းဖုန်းလား။ အသွင်ပြောင်းနယ်ပယ် ပထမအဆင့်။ သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုလေးတင် ချိုးဖျက်ထားတာ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ အခြေအနေကို သူ တည်ငြိမ်အောင် လုပ်နိုင်ပါ့မလား"
ရှန်ကွမ်းကျန်းနန် ခေါင်းခါလိုက်သည်။ ပညာရေးအဖွဲ့က တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို စောင့်ကြပ်ရန် လင်းဖုန်းကို ဘာကြောင့် စေလွှတ်လိုက်သည်ကို သူ မသိပေ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ လက်ရှိ အခြေအနေမှာ ထိုမျှလောက် မကောင်းမွန်ပေ။
သို့သော် သူ့ကို ဟောက်ရှီရီ ကိုယ်တိုင် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကာ ရှန်ကွမ်းကျန်းနန်သည် လိုအပ်ပါက လင်းဖုန်းကို ကူညီရပေလိမ့်မည်။
ထာဝရသိုင်းတာအိုအရှင်
အခန်း (၁၄၃) - သူက စစ်သေနာပတိချုပ်ပဲ
ဘာသာပြန် - အားသစ်
တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ လေ့ကျင့်ရေးကွင်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လေ့ကျင့်နေကြသည်။
သူတို့နှစ်ဦးစလုံးသည် ကြယ်တာရာစွမ်းအားများကို ပေါက်ကွဲထွက်လာစေပြီး လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော စွမ်းအားများ ပါဝင်နေသည်။ သို့သော် အမျိုးသမီးမှာ ရူးသွပ်နေသည့်အလား မောပန်းခြင်းမရှိဘဲ ရူးသွပ်စွာ ဆက်တိုက်တိုက်ခိုက်နေသည်။
အချိန်အတန်ကြာပြီးနောက် သူတို့နှစ်ဦးစလုံး ချွေးများ ရွှဲနစ်သွားပြီး အလွန် ပင်ပန်းနေကြသည်။ သို့သော် အမျိုးသမီးမှာ ခေတ္တခဏမျှပင်နားနေရန် ရပ်တန့်မည့် အရိပ်အယောင် မရှိသေးပေ။
"ရပ်... အခု ရပ်လိုက်တော့။ ရှောင်ရွှယ်... အရင် နားကြရအောင်"
အမျိုးသားမှာလည်း အလွန် ပင်ပန်းနေပြီး ဆက်မတောင့်ခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အနည်းငယ်သာ ကျန်တော့သည်။
"မဟုတ်ဘူး... လုဝေ့၊ အစ်ကိုကျိုး ဘယ်လို သေသွားတာလဲဆိုတာ ရှင်မေ့သွားပြီလား"
ချန်ရွှယ် ခေါင်းခါပြီး လုဝေ့ကို ဆက်လုပ်ရန် အမူအရာပြလိုက်သည်။
လုဝေ့ ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်သည်။
"ရှောင်ရွှယ်... စစ်သေနာပတိချုပ်အတွက် လက်စားချေဖို့ကို ငါ သေချာပေါက် မမေ့ပါဘူး။ ဒါပေမဲ့ မင်းအခုလိုမျိုး ရူးရူးမူးမူး လေ့ကျင့်နေတာက အလဟဿပဲ။ ငါတို့ရဲ့ ပါရမီက အကန့်အသတ် ရှိတယ်။ ငါတို့က မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တာကိုက ကံကောင်းတာပဲ။ အလွန်ဆုံး အနာဂတ်မှာ ငါတို့ အသွင်ပြောင်းနယ်ပယ် ဒုတိယ ဒါမှမဟုတ် တတိယအဆင့်ကို ရောက်နိုင်တယ်။ ဒါပေမဲ့ အဲဒါက ဘာအသုံးဝင်မှာလဲ။ စစ်သေနာပတိချုပ်က နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာ။ ငါတို့ သူ့အတွက် လက်စားမချေပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
လုဝေ့ အနည်းငယ် စိတ်ပျက်နေပုံရသည်။ ချန်ရွှယ်က ရူးသွပ်လွန်းနေသည်။ ကျိုးယွင်မှာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ ယခင် စစ်သေနာပတိချုပ် ဖြစ်သည်။ သူသည် ကြင်နာတတ်ပြီး တိုက်ပွဲတိုင်းတွင် ရဲရင့်ကာ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ဆက်တိုက် အောင်ပွဲများ ရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။
သို့သော် ကြီးမားသော တိုက်ပွဲကြီးတစ်ခုတွင် ကျိုးယွင်သည် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ သံတမန် ရှန်ကွမ်းကျန်းနန်သာ အချိန်မီ ရောက်မလာခဲ့ပါက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း တစ်ခုလုံး လုံးဝပျက်စီးသွားပေလိမ့်မည်။
ချန်ရွှယ်သည် ကျိုးယွင်ကို အမြဲတစေ ချစ်မြတ်နိုးခဲ့ကြောင်း လုဝေ့ သိထားသသည်။ ထို့ကြောင့်လည်း သူမ ဤကိစ္စကို လက်မလျှော့နိုင်ခြင်း ဖြစ်သည်။ သို့သော် သူတို့ ဘာလုပ်နိုင်မည်နည်း။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသာ နတ်ဆိုးဗိုလ်ချုပ်များကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်။
ချန်ရွှယ်၏ ခေါင်းမာသော မျက်နှာအမူအရာကို မြင်သောအခါ လုဝေ့ သက်ပြင်းချကာ ပြောလိုက်သည်။
"ရှောင်ရွှယ်... မင်း ပြောင်းရွှေ့ဖို့ လျှောက်ထားသင့်တယ်။ ဒီနေရာက ဝမ်းနည်းစရာ နေရာတစ်ခုပဲ"
"ဟင့်အင်း... ငါ မပြောင်းဘူး။ ငါ ဒီမှာပဲ ထာဝရ နေမယ်။ အစ်ကိုကျိုးအတွက် လက်စားမချေရသရွေ့ ငါ ထွက်မသွားဘူး"
ချန်ရွှယ် ဤသို့သော အခြေအနေတွင် ရှိနေသည်ကို မြင်သောအခါ လုဝေ့ ဘာမှ မတတ်နိုင်တော့ပေ။
ထိုစဉ်က တိုက်ပွဲတွင် သူ အစွမ်းကုန် ကြိုးစားခဲ့ပြီး သေလုနီးပါးပင် ဖြစ်ခဲ့သည်။ သူ့ကို ကယ်တင်ခဲ့သူမှာ ကျိုးယွင်သာ ဖြစ်သည်။ သို့ပေမဲ့ ဘာဖြစ်လဲ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းသည် ရှေ့တန်းကိုသာ စောင့်ကြပ်နိုင်ပြီး သင်းခွေချပ်သားရဲများကို တားဆီးရန် သံမှိုတစ်ခုကဲ့သို့ ဤနေရာတွင် စွဲစွဲမြဲမြဲရှိနေနိုင်သည်။ သို့သော် သင်းခွေချပ်သားရဲများကို ဖျက်ဆီးပစ်ရန် သို့မဟုတ် ထိုနတ်ဆိုးဗိုလ်ချုပ်ကို သတ်ဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရှိ အင်အားစု အားလုံး ပေါင်းစည်းလိုက်လျှင်ပင် ၎င်းမှာ မဖြစ်နိုင်ပေ။
"ဒါနဲ့ ငါတို့ စစ်သေနာပတိချုပ်အဖြစ် လာလုပ်ပေးဖို့ အစွမ်းထက်တဲ့ သိုင်းသမားတစ်ယောက်ကို ပြောင်းရွှေ့ပေးဖို့ အထက်ကို လျှောက်ထားခဲ့တယ် မဟုတ်လား။ စစ်သေနာပတိချုပ်သစ်က အခု ဘယ်မှာလဲဆိုတာ ငါ သိချင်မိတယ်။ စစ်သေနာပတိချုပ်သစ်က အရမ်း အစွမ်းထက်ပြီး သင်းခွေချပ်သားရဲတွေကို အနိုင်ယူဖို့၊ နောက်ဆုံးမှာ အဲဒီနတ်ဆိုးဗိုလ်ချုပ်ကို သတ်ပစ်ဖို့ ငါတို့ရဲ့ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို ဦးဆောင်နိုင်ကောင်း ဦးဆောင်နိုင်လိမ့်မယ်"
လုဝေ့က ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်အဆင့် နတ်ဆိုးတစ်ကောင်ကို သတ်ချင်ပါက သူတို့သည် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်။ သို့သော် ပညာရေးအဖွဲ့တွင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ထိုမျှလောက် အများကြီး ဘယ်လိုလုပ် ရှိနိုင်မည်နည်း။
နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတိုင်းနီးပါးသည် ဒေသတစ်ခုကို စောင့်ကြပ်နေကြပြီး အလွယ်တကူ ပြောင်းရွှေ့၍ မရနိုင်ပေ။ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်အဖြစ် ပြောင်းရွှေ့မည်လော။
၎င်းမှာ ပို၍ပင် မဖြစ်နိုင်ပေ။ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။
ထို့အပြင် ထိုဗိုလ်ချုပ်အဆင့် နတ်ဆိုးမှာ အားမနည်းပေ။ ရှန်ကွမ်းကျန်းနန်သည် ထိုနတ်ဆိုးဗိုလ်ချုပ်နှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့သော်လည်း ထိုနတ်ဆိုးကြီးကို မသတ်နိုင်ခဲ့ပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ထင်ရှားလှသည်။ ဘယ်လိုလုပ် အလွယ်တကူ သတ်လို့ရမှာလဲ။
ကျိုးယွင်အတွက် လက်စားချေရန်မှာ မဖြစ်နိုင်ကြောင်း လုဝေ့ အလွန် ကောင်းစွာ သိထားသည်။
"ဟုတ်တယ်၊ စစ်သေနာပတိချုပ်သစ် ရှိသေးတယ်။ သူက သေချာပေါက် အစ်ကိုကျိုးအတွက် လက်စားချေပေးနိုင်လိမ့်မယ်"
ချန်ရွှယ်သည် လုဝေ့ ပေါ့ပေါ့ပါးပါး ပြောခဲ့သော နှစ်သိမ့်စကားများကို ယုံကြည်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုပင် ရှိနေသည်။
ဝုန်း...
ရုတ်တရက် တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းတွင် ငလျင်လှုပ်သကဲ့သို့ တုန်ခါမှု အနည်းငယ် ဖြစ်ပေါ်လာသည်။
"ဘာဖြစ်တာလဲ။ သင်းခွေချပ်သားရဲတွေ ရောက်လာပြီလား"
လုဝေ့ ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။ သင်းခွေချပ်သားရဲများသည် ယခင်က တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ဖူးသော်လည်း သူတို့ တိုက်ခိုက်ခဲ့သည့် အကြိမ်အရေအတွက်ကို လက်ချိုးရေတွက်၍ ရနိုင်သည်။
"ခေါင်းဆောင်ချန်၊ ခေါင်းဆောင်လု၊ အပြင်ဘက်မှာ နဂါးကြီးတစ်ကောင်... ရောက်နေတယ်"
ရုတ်တရက် သိုင်းသမားတစ်ဦးသည် အပြင်ဘက်မှ အနည်းငယ် စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ပြေးဝင်လာသည်။
"နဂါး..."
အနီးအနားတွင် ကြီးမားသော နဂါးများ မရှိဟု လုဝေ့ တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ နဂါးများမှာ အပြင်ဘက်နယ်မြေရှိ နာမည်ကြီး နတ်ဆိုးမျိုးနွယ် ဖြစ်သည်။ သို့သော် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ ချက်ချင်းပင် လွှတ်ခနဲ ပြောလိုက်သည်။
"စစ်သေနာပတိချုပ် ရောက်လာတာလား"
"ဟုတ်ပါတယ်။ စစ်သေနာပတိချုပ်က နဂါးကြီးကို စီးပြီး ရောက်လာတာ"
သိုင်းသမားမှာ အလွန် စိတ်လှုပ်ရှားနေပုံရသည်။ ဤသည်မှာ အံ့ဩစရာ မဟုတ်ပေ။ နဂါးကြီးကို စီးပြီး လာနိုင်သော မည်သည့် သိုင်းသမားက သာမန် သိုင်းသမားတစ်ဦး ဖြစ်နိုင်မည်နည်း။
ကြီးမားလှသော နဂါးကြီးမှာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အများအပြားထက် ပိုမို အစွမ်းထက်သော ဗိုလ်ချုပ်အဆင့်နတ်ဆိုးတစ်ကောင် ဖြစ်သည်။ နဂါးကြီးကို ယဉ်ပါးအောင် လုပ်နိုင်သော သိုင်းသမားသည် အနည်းဆုံး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်။ အထက်လူကြီးများက တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ်အဖြစ် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် စေလွှတ်လိုက်သည်လား။
လုဝေ့နှင့် ချန်ရွှယ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့တစ်ယောက်စီ၏ မျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုများကို အတိုင်းသား မြင်တွေ့နိုင်သည်။ ထို့ကြောင့် သူတို့သည် လေ့ကျင့်ရေးခန်းထဲမှ ချက်ချင်း ပြေးထွက်သွားပြီး အခြေစိုက်စခန်းရှိ ကွင်းပြင်ဆီသို့ ဦးတည်သွားကြသည်။
မျှော်လင့်ထားသည့်အတိုင်း အဝေးမှနေ၍ ကွင်းပြင်ထဲတွင် ကြီးမားလှသော နဂါးကြီးတစ်ကောင်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ဤနဂါးကြီးသည် မြေပြင်ပေါ်တွင် ရပ်နေသည်။ နဂါးကြီး၏ နှာချေမှု အနည်းငယ်ကပင် မုန်တိုင်းတစ်ခုကို ဖန်တီးနိုင်ပုံရသည်။ အခြေစိုက်စခန်းရှိ သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် နဂါးကြီးအနားသို့ အလွယ်တကူမကပ်ရဲကြပေ။
"အဲဒါ အစစ်ပဲ။ အဲဒါ တကယ့် နဂါးကြီးပဲ"
လုဝေ့ သူ့မျက်လုံးများကို မယုံနိုင်ပေ။ အထက်လူကြီးများက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် စေလွှတ်လိမ့်မည်ဆိုသည်မှာ ယုံကြည်ရခက်သော်လည်း အမှန်တရားမှာ သူ့မျက်စိရှေ့တွင် ရှိနေသည်။ သူ ယုံကြည်ရမည် ဖြစ်သည်။
"အစ်ကိုကျိုး... အစ်ကို့အတွက် လက်စားချေလို့ ရပါပြီ။ နဂါးကြီးကို ယဉ်ပါးအောင် လုပ်နိုင်တဲ့သူက နတ်ဘုရားနယ်ပယ်က အကောင်းဆုံး သိုင်းသမားတွေထဲက တစ်ယောက် ဖြစ်ရမယ်။ သူက အစ်ကို့အတွက် သေချာပေါက် လက်စားချေပေးနိုင်လိမ့်မယ်"
လုရွှယ် မျက်ရည်မကျဘဲ မနေနိုင်ပေ။ သူမသည် ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာလွန်းမက ကြာနေခဲ့ပြီ ဖြစ်သည်။
"လာ... စစ်သေနာပတိချုပ်သစ်ကို အမြန် သွားကြိုကြရအောင်"
ချန်ရွှယ်၏ မျက်ရည်များကို မြင်သောအခါ လုဝေ့သည် ချန်ရွှယ် ဘာတွေးနေသည်ကို သဘာဝကျကျ သိသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ကွင်းပြင်ဆီသို့ အပြေးအလွှား သွားကြသည်။
ဤအချိန်တွင် ကွင်းပြင်မှာ လူများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းမှ သိုင်းသမားတိုင်းနီးပါး ကွင်းပြင်သို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့သည် ကြီးမားလှသော နဂါးကြီးကို ထူထပ်စွာ ဝိုင်းရံထားကြသော်လည်း အနားမကပ်ရဲကြပေ။
လုဝေ့နှင့် ချန်ရွှယ်တို့ ရောက်လာပြီးနောက် သူတို့သည် အခြေစိုက်စခန်းရှိ အခြားသော သာလွန်လူသား ကျွမ်းကျင်သူအချို့နှင့် ပူးပေါင်းလိုက်ကြသည်။
"အဲဒါ စစ်သေနာပတိချုပ်သစ် ဖြစ်ရမယ် မဟုတ်လား"
"နဂါးကြီးကို စီးပြီးတော့... ငါ အဲဒါကို ဘာလို့ နည်းနည်း ရင်းနှီးနေတယ်လို့ ခံစားရတာလဲ"
"ငါတို့ရဲ့ ပညာရေးအဖွဲ့မှာ နဂါးကြီးစီးတဲ့ နာမည်ကြီး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ရှိတယ် မဟုတ်လား"
"သခင်နဂါးစီးသူရဲကောင်း ဟောက်ရှီရီကို ပြောနေတာလား"
"ဟုတ်တယ်၊ အဲဒါ သခင်နဂါးစီးသူရဲကောင်း ဟောက်ရှီရီပဲ။ သူက နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေကြားမှာတောင် နာမည်ကြီးတဲ့ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက်ပဲကွ"
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဟောက်ရှီရီကို မှတ်မိသွားသည်၊ သို့တည်းမဟုတ် ခန့်မှန်းမိသွားသည်။ မည်သို့ပင်ဆိုစေ နဂါးကြီးကို စီးနိုင်သော တစ်ဦးတည်းသော သိုင်းသမားမှာ ဟောက်ရှီရီသာ ဖြစ်သည်။
ဝေါင်း...
လူတိုင်း၏ အကြည့်များကို ခံစားရသဖြင့် နဂါးကြီးမှာ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။ ထို့ကြောင့် နဂါးကြီးသည် ကောင်းကင်သို့မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထိုကျယ်လောင်စူးရှသော နဂါးဟိန်းဟောက်သံက လူတိုင်းကို အလွန် တုန်လှုပ်သွားစေသည်။
"တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ တာဝန်ခံက ဘယ်သူလဲ"
နဂါးစီးသူရဲကောင်း ဟောက်ရှီရီက အေးစက်စွာ မေးလိုက်သည်။
လုဝေ့ ချက်ချင်း ရှေ့ထွက်လာပြီး ပြန်ဖြေလိုက်သည်။
"သခင်နဂါးစီးသူရဲကောင်း... ကျွန်တော်က တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ ယာယီ စစ်သေနာပတိချုပ်ပါ။ သခင်နဂါးစီးသူရဲကောင်း ရောက်လာပြီဆိုတော့ သခင်နဂါးစီးသူရဲကောင်းက သဘာဝကျကျပဲ တောင်ပိုင်းတောင်တန်း အခြေစိုက်စခန်းရဲ့ စစ်သေနာပတိချုပ်ပါပဲ"
"ဂါရဝပြုပါတယ် စစ်သေနာပတိချုပ်"
သိုင်းသမားများ အားလုံး ရင်ထဲအသည်းထဲမှ စိတ်လှုပ်ရှားနေကြသည်။ နာမည်ကျော် နဂါးစီးသူရဲကောင်းသည် အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် ဖြစ်နေသည်ကို သူတို့ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မည်နည်း။
"အင်း..."
လင်းဖုန်း အနည်းငယ် ရှက်ရွံ့သွားပြီး ဟောက်ရှီရီက မျက်မှောင်ကြုတ်သွားသည်။ ဤလူများ မှားယွင်းနေပုံရသည်။
ထို့ကြောင့် သူသည် သူ၏ ဘေးတွင် လျစ်လျူရှုခံလုနီးပါး ဖြစ်နေသော လင်းဖုန်းကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့ မှားနေပြီ။ ငါက မင်းတို့ရဲ့ စစ်သေနာပတိချုပ် မဟုတ်ဘူး။ သူက မင်းတို့ရဲ့ စစ်သေနာပတိချုပ်အသစ်ပဲ"
"ဘာ..."
လူတိုင်း မှင်သက်သွားကြသည်။ ကွင်းပြင်သည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လေထုမှာ အနည်းငယ် လေးလံလာသည်။