အခန်း (၂၀၃-၂၀၄)
Vol. 21 Ch. 203-204
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၀၃
ဦးလေးတုသည် ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ရင်း ပထမတစ်လိပ်ကုန်တော့ နောက်ထပ် ဆေးလိပ်တစ်လိပ်ကို ထပ်မံညှိလိုက်သည်။ လုယွီလည်း ဘာမှတိုက်တွန်းခြင်းမရှိဘဲ လှည်းကလေးပေါ်တွင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဦးလေးတု၏ အသံက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။
"မင်းအဘွားမှာ အစ်ကိုတစ်ယောက်ပဲ ရှိခဲ့တာ။ အဲ့ဒီတုန်းက မိသားစုထဲမှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြတယ်။ မင်းရဲ့ အဘိုးက ယောက်ျားလေးကိုပဲ အသားပေးပြီး မင်းအဘွားကို အလိုမရှိခဲ့ဘူး။ မင်းရဲ့ အဘွားက သူ့စိတ်ပြောင်းအောင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးတော့ မင်းအဘွားဟာ သူမရဲ့ ဒုတိယယောက်မဆီမှာ အသနားခံပြီး သူမ ရှင်းကျန်းကို ပြန်တဲ့အခါ မင်းအဘွားကိုပါ တစ်ပါတည်း ခေါ်သွားပေးဖို့ တောင်းပန်ခဲ့ရတယ်။ အဲ့ဒီလိုနဲ့ပဲ မင်းအဘွားဟာ အသက်ရှင်ခွင့် ရခဲ့တာပေါ့။ နောက်ပိုင်းမှာ မင်းအဘွားက မင်းအမေကို မွေးခဲ့ပြီး ဆယ်နှစ်ကျော်ကြာတဲ့အခါ သူမရဲ့ အမေဖြစ်သူကို ပြန်တွေ့ဖို့ ဇာတိမြေကို ပြန်ချင်ခဲ့တယ်။ အဲ့ဒီမိသားစုထဲမှာ မင်းအဘွား တစ်ခုတည်းသော စိတ်ပူပင်မှုက သူမရဲ့ အမေပဲ ရှိခဲ့တာ။"
"သူတို့ ပြန်ရောက်တဲ့အခါ နွေရာသီမှာ ရွာက ရေကြီးပြီး အိမ်တွေ၊ လယ်ကွင်းတွေ အကုန်ပျက်စီးသွားတာကို တွေ့လိုက်ရတယ်။ မိသားစုတွေ ဘယ်ရောက်ကုန်မှန်းလည်း ဘယ်သူမှ မသိကြတော့ဘူး။ မင်းအဘွားမှာ ထောက်ခံစာလည်း မရှိ၊ တည်းခိုစရာ နေရာလည်း မရှိခဲ့ဘူး။ ဓားပြတွေရန်ကနေ ထွက်ပြေးရင်း သားအမိနှစ်ယောက် လူချင်းကွဲသွားကြတယ်။ နောက်ပိုင်းမှာ မင်းအမေကို အမျိုးသားတစ်ယောက်က ကယ်တင်ပြီး ဟုန်ကုန်းကျေးရွာကို ခေါ်သွားခဲ့တယ်၊ အဲ့ဒီမှာ မင်းအဖေက သူမကို မြင်ပြီး သဘောကျသွားတာပေါ့။ အဲ့ဒီအချိန်မှာ မင်းအမေက သွားစရာလာစရာ မရှိတော့တာကြောင့် မင်းအဖေက သူမအမေကို ရှာပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ။ မင်းအဖေကလည်း ကတိတည်ခဲ့ပါတယ်၊ နှစ်ပေါင်းများစွာ ရှာဖွေပေးခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး။"
ဦးလေးတုသည် ဆေးလိပ်ပြာများကို ခါချလိုက်ပြီး လုယွီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "လုယွီ မင်းအမေ ပြောဖူးတယ်၊ သူမဘဝမှာ အကြီးမားဆုံး မှားယွင်းမှုက မင်းကို ထားရစ်ခဲ့တာပါတဲ့။"
သူသည် နှာခေါင်းကို အသာအယာ ညှစ်လိုက်ပြီး ခြောက်ကပ်နေသော ဂိုဘီသဲကန္တာရကြီးကို ငေးကြည့်ရင်း တိတ်ဆိတ်သွားတော့သည်။
လုယွီ၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့သွားပြီး ဒူးပေါ်တွင် သက်သောင့်သက်သာ တင်ထားသည့် သူ၏လက်များမှာ ရုတ်တရက် လက်သီးဆုပ်လျက်သား ဖြစ်သွားသည်။ ကျန်းနျန်သည် အလွန်ပင် စာနာစိတ်ဖြင့် နားထောင်နေပြီး သူမက လုယွီကို လှည့်ကြည့်လိုက်သည်။ သူ၏ မေးရိုးများမှာ တင်းမာနေပြီး မျက်ခုံးနှင့် မျက်လုံးများတွင်လည်း မှောင်မိုက်ညှိုးငယ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူ ဘာတွေ တွေးနေလဲဆိုတာ သူမ မသိသော်လည်း သူ၏ ရင်ထဲတွင် လှိုင်းထန်နေမည်ကိုတော့ သူမ ကောင်းကောင်း ခံစားမိသည်။
လုယွီသာမက ဘေးလူဖြစ်သည့် ကျန်းနျန်တောင်မှ လုယွီ၏ အဘွားနှင့် မိခင်တို့အတွက် ရင်ထဲတွင် နာကျင်ခံစားရသည်။
ထိုကဲ့သို့ ခက်ခဲလွန်းလှသော ခေတ်ကာလတွင် သားအမိနှစ်ယောက် လွင့်စင်ကာ အသက်ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရခြင်းမှာ အံ့ဩစရာ ကောင်းလှသည့် အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။
သို့သော် သူမ မတွေးဘဲ မနေနိုင်သည်မှာ... လွန်ခဲ့သော နှစ်ပေါင်းများစွာက လုယွီ၏ မိခင်သည် အဘယ်ကြောင့် သူ့ကို ထားရစ်ခဲ့ရသနည်း။
ဦးလေးတုကို ရှာဖို့အတွက်လား။
လုယွီကို ပြန်တွေ့ဖို့ သူမ တစ်ခါမှ မစဉ်းစားခဲ့ဘူးလား။
ကျန်းနျန်သည် စိုးရိမ်တကြီးဖြင့် လုယွီကို ကြည့်လိုက်ပြီး ရှေ့သို့ အနည်းငယ် တိုးကာ စောင်အောက်မှနေ၍ လုယွီ၏ အင်္ကျီနားစကို ဆွဲလိုက်သည်။ သူ လှည့်ကြည့်လာသောအခါ ကျန်းနျန်က မျက်နှာလေးမော့ကာ သူ့ကို စိတ်အေးစေမည့် အပြုံးလေး ပြုံးပြလိုက်သည်။ လုယွီ၏ တွန့်ချိုးနေသော မျက်ခုံးများ အနည်းငယ် ပြေလျော့သွားပြီး သူမကို အပြုံးဖျော့ဖျော့ဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
ကျန်းနျန်သည် လုယွီ၏ မိခင်က သူ့ကို ဘာကြောင့် စွန့်ပစ်ခဲ့လဲဆိုတာ ဦးလေးတုကို မေးချင်သော်လည်း လုယွီ၏ မိခင်ကိုသာ ကိုယ်တိုင်မေးခြင်းက ပိုကောင်းလိမ့်မည်ဟု တွေးလိုက်သည်။
ကျန်းနျန်က နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်သည်။ "ဦးလေးတု... လုယွီမှာ ရှင်းကျန်းမှာ ဆွေမျိုးတွေ ရှိသေးလားဟင်။"
ဦးလေးတုသည် ဆေးလိပ်ကို အားရပါးရ တစ်ချက် ထပ်ရှိုက်လိုက်ပြီးနောက် စီးကရက်တိုကို လွှင့်ပစ်လိုက်ရာ သူ၏မျက်လုံးများမှာ အနည်းငယ် နီမြန်းလာသည်။ သူ၏ ကြမ်းတမ်းသောအသံမှာ အနည်းငယ် အက်ကွဲလျက် ပြောလိုက်သည်။
"ရှန်အိုက်ရဲ့ မိထွေးက ကလေးမရနိုင်ခဲ့ဘူး။ အဲ့ဒီတုန်းက လုယွီရဲ့ အဘွားကို သူမရဲ့ မိထွေးနာမည်အောက်မှာ မွေးစားသမီးအဖြစ် သတ်မှတ်ခဲ့တာ။ အဲ့ဒီဇနီးမောင်နှံနှစ်ဦးလုံး ဆုံးပါးသွားတာ ကြာပါပြီ၊ ဘေးအိမ်ကတော့ အဖွဲ့အစည်းက သိမ်းသွားခဲ့တယ်။"
ကျန်းနျန်သည် လုယွီကို ကြည့်လိုက်သည်။ ဤအချိန်တွင် သူမအနေဖြင့် လုယွီကို သနားရမည်လား၊ သို့မဟုတ် သူ၏နောက်ခံကို ဤမျှအထိ ကြေကွဲစရာကောင်းအောင် ဖန်တီးခဲ့သည့် စာရေးဆရာကိုပဲ အပြစ်တင်ရမည်လား မဝေခွဲနိုင်တော့ပေ။ သူသည် ယခုအခါ မိဘမဲ့တစ်ယောက်ကဲ့သို့ ဖြစ်နေပြီ။ အရင်းခေါက်ခေါက် မိခင်တစ်ယောက် ရှိနေသော်လည်း သူတို့ကြားက ကွာဟချက်မှာ အလွန်နက်ရှိုင်းလှပြီး တစ်ညတည်းနှင့် ပျောက်ကင်းနိုင်သည့် ဒဏ်ရာမျိုး မဟုတ်ပေ။
ခရီးတစ်လျှောက်လုံး လုယွီ စကားတစ်လုံးမှ ထပ်မပြောတော့ပေ။ လမ်းမှာ အကွေ့အကောက်မရှိဘဲ အဆုံးမဲ့နေသည့် မြေသားလမ်းအတိုင်း အရှည်ကြီး သွားရခြင်းဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ပြန့်ကျဲနေသော ရွှံ့အိမ်ကလေးများကို မြင်လိုက်ရသည့်အခါမှသာ ဦးလေးတုက ပြောလာသည်။ "နောက်တစ်နာရီလောက်ဆို ရောက်ပြီ။"
ယခုအခါ ညနေ ၆ နာရီ ရှိနေပြီဖြစ်ပြီး နေမင်းမှာ အနောက်ဘက်သို့ ဝင်လုနီးပြီ ဖြစ်သည်။
ကောင်းကင်တစ်ဝက်မှာ နီမြန်းနေပြီး အေးစက်သော လေပြင်းများကြောင့် မျက်နှာမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။ တစ်နေ့လုံး ခြောက်ကပ်နေသော တောရိုင်းမြေပြင်မှ ကျေးရွာထဲသို့ ရောက်ရှိလာပြီးနောက် ကျန်းနျန်သည် ရှင်းကျန်းကို အမြင်သစ်ဖြင့် နားလည်လာခဲ့သည်။
ဤနေရာရှိ ဂိုဘီသဲကန္တာရမှာ အလွန်ကျယ်ပြောလှသဖြင့် သဘာဝပတ်ဝန်းကျင်ကြားတွင် လူသားတို့၏ သေးငယ်မှုနှင့် အကူအညီမဲ့မှုကို ထင်ရှားစေသည်။
အကယ်၍ သူမကို ဒီမှာ တစ်ယောက်တည်း ထားခဲ့မည်ဆိုပါက သူမ လမ်းပျောက်ပြီး ထွက်ပေါက်ရှာနိုင်မည် မဟုတ်တာ အသေအချာပင်။
မြည်းလှည်းများ ဖြတ်သွားခြင်း၊ သိုးကျောင်းနေသူများကို မြင်တွေ့ရခြင်းတို့ကြောင့် သက်ရှိတို့၏ အငွေ့အသက်ကို ပိုခံစားလာရကြောင်း ကျန်းနျန် သတိထားမိသည်။ ရံဖန်ရံခါတွင် ဖြတ်သွားဖြတ်လာသူများက ဦးလေးတုကို နှုတ်ဆက်ကာ စကားအနည်းငယ် ပြောကြသည်။ လှည်းကလေး နီးကပ်လာသောအခါ လုယွီ မေးလိုက်သည်။ "ဦးလေးတု သူမ ဦးလေးနဲ့အတူ ရှိနေတုန်းက ကျွန်တော့်အကြောင်းကို ဦးလေး သိခဲ့လား။"
ဦးလေးတုက ကြိမ်လုံးကို လွှဲပြီး ပြောလိုက်သည်။ "သိခဲ့တာပေါ့။"
သူတို့ ရောက်ရမည့်နေရာသို့ ရောက်သောအခါ ဦးလေးတုသည် အကွေ့အနည်းငယ် ကွေ့လိုက်သည်။ ရှေ့တွင် မြို့ဟောင်းကဲ့သို့ အိမ်ချင်းကပ်မနေဘဲ ခပ်ကျဲကျဲရှိသော ရွှံ့အိမ်အချို့နှင့် မြေသားလမ်းကလေးတစ်ခု ရှိနေသည်။ အိမ်တိုင်းတွင် သိုး၊ ကြက်၊ ဘဲ အနည်းငယ်စီ ရှိကြသည်။
မလှမ်းမကမ်းရှိ အိမ်တစ်လုံး၏ အပြင်ဘက်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်၊ သူမသည် အပြာရင့်ရောင် ကုတ်အင်္ကျီကို ဝတ်ထားပြီး ဆံပင်ကို ထုံးထားသည်။ အဝေးကကြည့်လျှင် သူမ၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မမြင်ရသော်လည်း သူမ၏ ရပ်တည်ပုံနှင့် အမူအရာမှာ ထူးခြားလှသည့် ကျော့ရှင်းမှုကို ပေးစွမ်းနေသည်။
လုယွီ၏ အကြည့်များမှာ အဝေးက ထိုအမျိုးသမီးကြီးအပေါ်တွင် စွဲမြဲနေသည်ကို ကျန်းနျန် သတိပြုမိလိုက်သည်။ ထိုသူသည် လုယွီ၏ မိခင် ဖြစ်မည်လားဟု သူမ တွေးနေမိသည်။
နောက်တစ်ခဏတွင် ဦးလေးတုက ပြောလိုက်သည်။ "လုယွီ... အဲ့ဒါ မင်းအမေပဲ။"
သူသည် အပြင်ဘက်က အမျိုးသမီးကို ညွှန်ပြလိုက်သည်။ အိမ်ထဲမှ အမျိုးသားတစ်ဦး ထွက်လာသည်၊ သူသည် လုယွီထက် အနည်းငယ် ငယ်ပုံရသည်။ သူသည် ထိုအမျိုးသမီးဆီသို့ သွားကာ တစ်ခုခု ပြောလိုက်ရာ သူမ ပြုံးသွားခဲ့သည်။
လှည်းလေး နီးကပ်လာသောအခါ ကျန်းနျန်သည် သူမ၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ သူမသည် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်၊ သွယ်လျသော မျက်ခုံးများနှင့် ပုံမှန်ထက် အနည်းငယ် ဖြူဖျော့သော အသားအရေ ရှိသည်။
သူမ၏ မျက်လုံးများမှာ ထူးထူးခြားခြား ဆွဲဆောင်မှုရှိပြီး နက်မှောင်ကာ လှပလှသော်လည်း လွန်ခဲ့သော ဆင်းရဲပင်ပန်းမှုများကြောင့် ဖြစ်နိုင်သည်၊ ထိုမျက်လုံးများထဲက အရောင်အဝါမှာ မှေးမှိန်နေခဲ့ပြီ ဖြစ်သည်။
လုယွီ၏ ရုပ်ရည်သွင်ပြင်မှာ သူ၏ မိခင်နှင့် အလွန်တူသည်ကို ကျန်းနျန် သတိပြုမိလိုက်သည်။
လုယွီ ဘာမှ မပြောပေ။ ဦးလေးတုက ထိုနေရာတွင် ရပ်နေသည့် အမျိုးသမီးမှာ သူ၏မိခင် ရှန်အိုက် ဖြစ်ကြောင်း ပြောလိုက်သည့်တိုင် သူ၏ အမူအရာမှာ မပြောင်းလဲသွားပေ။ သူသည် အေးစက်စက် စကားဖြင့်သာ တုံ့ပြန်ခဲ့သည်။ "အင်း။"
လှည်းလေးသည် အိမ်ပြင်၌ ရပ်လိုက်သည်။ ဦးလေးတုသည် ပထမဆုံး ခုန်ဆင်းလိုက်ပြီး ဇက်ကြိုးကို ကိုင်ကာ လုယွီကို စောင့်ကြည့်နေသည့် ရှန်အိုက်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းနေပြီး မကြာသေးမီက ငိုထားပုံရသည်ကို သူ သတိပြုမိသည်။
သူမ၏ နှုတ်ခမ်းများမှာ အကြိမ်ကြိမ် တုန်ရီနေပြီး စကားကို ဘယ်လိုစပြောရမှန်း မသိဘဲ သူ့ကို ခဏခဏ လှမ်းကြည့်နေသည်။ ဦးလေးတုက သူမကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်၊ ဤသူမှာ သူမ၏ သားဖြစ်သူ လုယွီ ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်။
ရှန်အိုက်၏ မျက်လုံးများမှာ ထပ်မံ နီမြန်းလာပြီး မျက်ရည်များ ဝိုင်းနေသော်လည်း စီးကျမလာခဲ့ပေ၊ ၎င်းက သူမကို ပို၍ သနားစရာ ကောင်းစေသည်။
လုယွီသည် ရှန်အိုက်ကို လုံးဝ မကြည့်ပေ။ ဦးလေးတုက အိတ်များကို သိမ်းဆည်းပေးပြီးနောက် သူသည် လှည့်၍ ကျန်းနျန်ကို လှည်းပေါ်မှ ပွေ့ချီကာ အောက်သို့ ချပေးသည်။ ကျန်းနျန်သည် ဤဘက်ကို ကြည့်နေသည့် ရှန်အိုက်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် လုယွီ၏ ခံ့ညားပြီး တည်ကြည်သော မျက်နှာသွင်ပြင်ကို ငုံ့ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။ "အဲ့ဒါ ရှင့်ရဲ့... အမေလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "အင်း။"
ဆယ်နှစ်ကျော် ကြာသွားပြီ ဖြစ်သော်လည်း ထိုအမျိုးသမီး၏ မျက်နှာမှာ သူ၏မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်များတစ်လျှောက် အလားတူ အသက်အရွယ်ရှိသော အမျိုးသမီးများနှင့် တွေ့ဆုံတိုင်း သူသည် သတိထားကြည့်မိခဲ့ပြီး လမ်းတွင် သူမနှင့် ဆုံတွေ့နိုင်မလားဟု တစ်ချိန်က မျှော်လင့်ခဲ့ဖူးသည်။
သို့သော် ဆယ်နှစ်ကျော်အကြာတွင် ထိုမျှော်လင့်ချက်များမှာ ပျက်စီးသွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ကျန်းနျန်သည် လုယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့နောက်မှနေ၍ တံခါးဝသို့ လိုက်သွားလေသည်။ ဦးလေးတုက မိတ်ဆက်ပေးခဲ့သည်။ "လုယွီ၊ ကျန်းနျန်... ဒါက မင်းအမေပဲ။ ဟိုကတော့ မင်းရဲ့ ညီလေး တုလျန်၊ သူက ဒီနှစ်မှာ ၁၅ နှစ် ရှိပြီ။"
သူသည် တုလျန်ကို ပြောလိုက်သည်။ "မင်းရဲ့ အစ်ကိုနဲ့ မရီးကို နှုတ်ဆက်လိုက်ဦး။ ဒါ မင်းရဲ့ အစ်ကိုနဲ့ မရီးပဲ။"
တုလျန်သည် လုယွီကို အထက်အောက် ကြည့်လိုက်ပြီးနောက် ကျန်းနျန်ကိုလည်း ထိုနည်းအတိုင်း ကြည့်သည်။ ဦးလေးတု၏ ချောင်းဟန့်သံအောက်တွင် သူက အမြန်ပင် ခေါ်လိုက်သည်။ "အစ်ကို၊ မရီး။"
လုယွီက နှုတ်မှ ဘာမှပြန်မပြောဘဲ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။
ကျန်းနျန် ပြန်တုံ့ပြန်လိုက်သော်လည်း သူမ၏ အကြည့်များမှာ ရှန်အိုက်အပေါ်တွင် မရည်ရွယ်ဘဲ စွဲမြဲနေသည်။ သို့သော် ရှန်အိုက်မှာတော့ လုယွီကိုသာ အာရုံစိုက်နေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး စကားပြောရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူမ ခေါ်လိုက်သည်။ "ရှောင်ယွီ။"
ရှန်အိုက်က ထိုနာမည်ကို ခေါ်လိုက်သည့်အခါ လုယွီ၏ အသက်ရှူသံမှာ ပိုပြင်းထန်လာသည်ကို ကျန်းနျန် ခံစားမိလိုက်သည်။ သူမ သူ့ကို မော့ကြည့်လိုက်သောအခါ သူသည် မျက်လုံးများကို နှိမ့်ချလျက် ရှန်အိုက်ဘက်သို့ အေးစက်စွာ ခေါင်းညိတ်ပြပြီး "အဒေါ်" ဟု တည်ငြိမ်စွာ ပြောလိုက်သည်ကို မြင်လိုက်ရသည်။
ရှန်အိုက်၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူမ၏ မျက်ရည်များမှာ ပို၍ပင် စီးကျလာခဲ့သည်။ သူမသည် တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားရင်း လုယွီကို အပြုံးဖြင့် ကြိုဆိုချင်သော်လည်း သူမ၏ နှုတ်ခမ်းများက မလိုက်နာခဲ့ပေ။
"အဒေါ်" ဟူသော ခေါ်ဝေါ်မှုသည် သူတို့ ပြန်လည်ဆုံတွေ့ချိန် မည်သို့ဖြစ်မည်ဆိုသည့် သူမ၏ မျှော်လင့်ချက်နှင့် အိပ်မက်အားလုံးကို ရိုက်ချိုးလိုက်လေသည်။
ဤကလေးကို ထပ်မံတွေ့ရသည့်အခါ သူက သူမကို "အမေ" ဟု ခေါ်ပြီး အဘယ်ကြောင့် သူ့ကို လိမ်ညာကာ စွန့်ပစ်ခဲ့ရသနည်းဟု ဒေါသတကြီး မေးခွန်းထုတ်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ဖူးသည်။
သို့သော် သူသည် ဘာမှ မမေးခဲ့သလို သူမ စိတ်ကူးထားခဲ့သည်နှင့်လည်း လုံးဝ ကွဲပြားနေသည်။
နှစ်ပေါင်းနှစ်ဆယ်နီးပါး ကွဲကွာနေပြီးနောက် သူသည် ဆယ်နှစ်အရွယ် ကလေးလေးဘဝမှ လူလားမြောက်သော အမျိုးသားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကာ ငယ်စဉ်က အပြစ်ကင်းစင်မှုများကို အေးစက်တည်ငြိမ်သော အမူအရာများဖြင့် အစားထိုးလိုက်လေပြီ။
သူမ သူ့ကို မြင်လိုက်သည့်အချိန်မှစ၍ လုယွီ ဖြစ်ကြောင်း သိခဲ့သည်။ သူ၏ မျက်လုံးနှင့် မျက်ခုံးများမှာ သူမနှင့် တူသော်လည်း သူ၏ မျက်နှာနှင့် သွင်ပြင်လက္ခဏာများမှာ သူ၏ ဖခင်နှင့် တူလှသည်။
ရှန်အိုက်သည် ငိုသံကို ထိန်းထားရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ခရီးပန်းလာရောပေါ့။ အထဲဝင်၊ နားနားနေနေနဲ့ နွေးနွေးထွေးထွေး နေကြပါ။"
ဦးလေးတုက တုလျန်ကို ပြောလိုက်သည်။ "လှည်းကို အဖွဲ့အစည်းဆီ ပြန်ပို့လိုက်ဦး။"
တုလျန် ပြောလိုက်သည်။ "ဟုတ်ကဲ့။"
သူသည် ဦးလေးတုဆီသို့ ပြေးသွားပြီး လုယွီနှင့် ကျန်းနျန် အိမ်ထဲဝင်သွားသည်ကို မြင်သောအခါ တိုးတိုးလေး မေးလိုက်သည်။ "အဖေ သူက တကယ်ပဲ အမေနဲ့ ဟိုအရင် ဦးလေးတို့ရဲ့ သားလား။"
ဦးလေးတုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ "အင်း။" ထို့နောက် သူက တုလျန်၏ ခေါင်းနောက်စေ့ကို အသာအယာ ပုတ်လိုက်ပြီး မှာလိုက်သည်။ "မပြောသင့်တာတွေ မပြောနဲ့။ ပြန်လာရင် ထမင်းစားပြီး စကားအများကြီး မပြောနဲ့။"
တုလျန်သည် သူ၏ ခေါင်းနောက်စေ့ကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။ "သိပါပြီ။ ကျွန်တော် ဘာမှ မပြောပါဘူး။"
မှောင်စပျိုးနေပြီ ဖြစ်သည်။ ကျန်းနျန်သည် လုယွီနောက်မှနေ၍ ခြံဝင်းထဲသို့ လိုက်သွားရာ ခြံဝင်းငယ်လေး၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။ ခြံထဲတွင် သစ်တော်သီးပင် အနည်းငယ် စိုက်ထားပြီး သစ်တော်သီးပင်များ၏ ဘေးထောင့်တွင် သစ်ကိုင်းများဖြင့် ပြုလုပ်ထားသော ယာယီကြက်ခြံထဲ၌ ကြက်၊ ဘဲနှင့် ငန်းများကို ထည့်ထားသည်။
သစ်တော်သီးပင်များ၏ အခြားတစ်ဖက်တွင် သုံးဧကခန့်ရှိသော ဟင်းသီးဟင်းရွက် စိုက်ခင်းရှိသည်။ အိမ်မှာ ယွမ်မြို့က အိမ်များနှင့် မတူဘဲ အဆောက်အဦးကြီး တစ်လုံးတည်းသာ ရှိသည်။
ရှန်အိုက်သည် သူတို့ကို အရင်ဝင်စေရန် လေးလံသော လိုက်ကာကြီးကို မပေးလိုက်သည်။ လုယွီ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်လည်း ယဉ်ကျေးစွာပင် ကျေးဇူးတင်စကား ပြောလိုက်သည်။ ရှန်အိုက်သည် အနည်းငယ် အနေရခက်စွာ ပြုံးရင်း ပြောလိုက်သည်။ "အဒေါ်နဲ့ဆိုရင် အားနာနေစရာ မလိုပါဘူး။ အိုးထဲမှာ အသားတွေ ချက်ထားတယ်။ မင်းတို့ ခုံတန်းလျားတွေမှာ ထိုင်နေကြဦးနော်၊ အမေ မီးသွားကြည့်လိုက်ဦးမယ်။ မကြာခင် စားရတော့မှာပါ။"
ထို့နောက် သူမက ကျန်းနျန်ကို မေးလိုက်သည်။ "သမီးလေး... ဘာစားချင်လဲ။ အမေ လုပ်ပေးမယ်လေ။"
လွန်ခဲ့သော ခြောက်လခန့်က ဦးလေးတုသည် ယွမ်မြို့၊ ဖုန်းခရိုင်ရှိ ဟုန်ကုန်းကျေးရွာသို့ သွားကာ လုယွီကို ရှာတွေ့နိုင်မလားဟု သွားကြည့်မည်ဟု ပြောခဲ့သည်။ သူ ပြန်ရောက်လာသောအခါ လုယွီကို ရှာတွေ့ခဲ့ကြောင်း သူမကို ပြောပြခဲ့သည်။
သူသည် ယခုအခါ ယွမ်မြို့ရှိ စစ်ဒေသတွင် တာဝန်ထမ်းဆောင်ရင်း အခြေအနေကောင်းနေပြီဖြစ်ကြောင်းနှင့် ရှန်အိုက်၏ ငယ်စဉ်ဘဝကကဲ့သို့ပင် လှပသော ဇနီးသည်လေးနှင့် လက်ထပ်ထားကြောင်း သိခဲ့ရသည်။
လွန်ခဲ့သော ခြောက်လပတ်လုံး ရှန်အိုက်သည် ရှောင်ယွီ မည်သို့များ ကြီးပြင်းလာခဲ့သနည်း၊ ဘာတွေလုပ်နေသနည်း၊ မိသားစုလေးများ ထူထောင်ပြီးပြီလားဟု အမြဲတမ်း တွေးတောနေခဲ့သည်။ ယခုအခါ သူသည် သူမ၏ ရှေ့တွင် ရပ်နေပြီဖြစ်သော်လည်း အလွန်ပင် ဝေးကွာနေသကဲ့သို့ ခံစားရသည်။
ရှန်အိုက်၏ လုယွီအပေါ် အကြည့်များမှာ ငေးမောနေသည်ကို မြင်လိုက်ရသဖြင့် ကျန်းနျန်က အချိန်မီပင် ကြားဖြတ်၍ ပြောလိုက်သည်။ "ကျွန်မက ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။"
ရှန်အိုက်သည် လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး လုယွီကို မေးလိုက်သည်။ "ရှောင်ယွီ... အခုရော ဘာစားရတာကို ကြိုက်လဲ။ အမေ လုပ်ပေးမယ်လေ"
လုယွီသည် မီးဖိုချောင်တံခါးဝတွင် ရပ်နေသည့် ရှန်အိုက်ကို မော့ကြည့်လိုက်သည်။ သူ၏ မှတ်ဉာဏ်များမှာ လွန်ခဲ့သော ၁၈ နှစ်ခန့်က သူမ မီးဖိုချောင်တံခါးဝတွင် ရပ်ကာ ပြုံးလျက် ပြောခဲ့ပုံကို သတိရလိုက်သည်။ "ရှောင်ယွီ... ဘာစားချင်လဲ။ ဒီနေ့ အမေက မင်းအတွက် စားပွဲကြီးကြီးပြင်ပေးမယ်"
ထိုအချိန်ကတည်းက သူမသည် ထွက်သွားရန် ဆုံးဖြတ်ပြီးသား ဖြစ်နေခဲ့သည်။
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၀၄
လုယွီ ပြောလိုက်သည်။ "ကျွန်တော်က ဘာဖြစ်ဖြစ် ရပါတယ်၊ အစားမရွေးပါဘူး။"
သူ၏ အမူအရာမှာ အေးစက်ပြီး အလှမ်းကွာနေဆဲပင်။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်က သူမကို "အမေ" ဟု ခေါ်ကာ အင်္ကျီစကို တွယ်ကပ်လျက် ဒီနေ့ ဘာဟင်းချက်လဲဟု မေးမြန်းနေတတ်သည့် ကောင်ကလေး မဟုတ်တော့ပေ။
သူမနှင့် ရှောင်ယွီ ကြားတွင် ကွာဟနေသည်မှာ ဆယ့်ရှစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုတည်း မဟုတ်ဘဲ သူ့ကို စွန့်ပစ်ခဲ့သည့် နာကျင်မှုဒဏ်ရာလည်း ရှိနေသည်။ ထိုဒဏ်ရာမှာ အချိန်တွေ ဘယ်လောက်ကြာပါစေ ပျောက်ကင်းမသွားခဲ့ချေ။
"ဒါဆိုရင်တော့ အမေ တစ်ခုခု စီစဉ်လိုက်မယ်လေ။"
ရှန်အိုက်သည် လှည့်၍ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ဦးလေးတုကလည်း သူမနောက်မှ လိုက်ဝင်သွားပြီး လုယွီနှင့် ကျန်းနျန်ကို ထိုင်ခိုင်းကာ ရှင်းကျန်းဒေသထွက် နွားနို့လက်ဖက်ရည် ပူပူလေးကို တိုက်ခဲ့သည်။ ကျန်းနျန်က ထိုလက်ဖက်ရည်ကို နှစ်သက်သဖြင့် တစ်ခွက်ကုန်သွားသောအခါ ဦးလေးတုက ပြုံးလျက် နောက်ထပ် တစ်ခွက် ငှဲ့ပေးခဲ့သည်။"မီးဖိုချောင်ထဲမှာ ထပ်သွားဖျော်လိုက်ဦးမယ်၊ မင်းတို့ ဒီမှာပဲ ထိုင်နေကြဦး"
ဦးလေးတု မီးဖိုချောင်ထဲ ဝင်သွားပြီးနောက် ကျန်းနျန်က အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ယွမ်မြို့က တိုက်ခန်းလေးနှင့် ဆင်တူသည်… ဧည့်ခန်းတစ်ခု၊ အိပ်ခန်းနှစ်ခန်းနှင့် မီးဖိုချောင်အသေးလေး တစ်ခုပါရှိသည်။ အိမ်ကို ရွှံ့အုတ်များဖြင့် ဆောက်ထားသော်လည်း အလွန်ပင် သန့်ရှင်းသပ်ရပ်လှသည်။ အပြင်ခန်းတွင် နံရံထဲသို့ ဖောက်သွင်းထားသော မီးခိုးခေါင်းတိုင်ပါသည့် မီးဖိုလေးတစ်ခု ရှိပြီး ထိုမီးဖို၏ ဘေးတစ်ဖက်စီတွင် အခန်းနှစ်ခန်း ရှိသည်။
အပြင်ဘက်က ခိုက်ခိုက်တုန်အောင် အေးလှသော ရာသီဥတုနှင့် ဆန့်ကျင်ဘက်ဖြစ်အောင် အခန်းထဲတွင် နွေးထွေးနေသည်။
ကျန်းနျန်သည် လုယွီ၏ လက်ချောင်းလေးများကို အသာအယာ ညှစ်လိုက်သည်။ ဦးလေးတုနှင့် တွေ့ကတည်းက လုယွီ တစ်ခါမှ မပြုံးခဲ့ပေ။ သူ၏ ရင်ထဲတွင် တစ်ခုခု လေးလံနေမည်ကို သူမ သိသည်။ လုယွီက သူမ၏ လက်ကို ပြန်ဆုပ်ကိုင်ပြီး အက်ကွဲကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ "ကိုယ် အဆင်ပြေပါတယ်။"
ကျန်းနျန် ဘာမှ ထပ်မပြောတော့ဘဲ သူ့ဘေးတွင် တိတ်ဆိတ်စွာ အဖော်ပြုပေးနေလိုက်သည်။
မီးဖိုချောင်တွင် တံခါးမရှိဘဲ လိုက်ကာသာ ရှိသည်။ အထဲမှ ဟင်းချက်သည့် အသားနံ့လေးများ သင်းပျံ့လာသည်။ ဦးလေးတုသည် မီးဖိုနားတွင် ရပ်လျက် မျက်ရည်သုတ်နေသော ရှန်အိုက်ကို ကြည့်နေသည်။ သူသည် ထိုင်ချလိုက်ပြီး သူမ၏လက်ကို အသာအယာ ပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မငိုပါနဲ့တော့။ ကလေးတွေ ဒီမှာ ရှိနေတာလေ၊ သူတို့ မြင်သွားရင် မကောင်းဘူး။"
ရှန်အိုက်သည် သူမ၏ အင်္ကျီလက်ဖြင့် မျက်ရည်များကို အားရပါးရ သုတ်လိုက်ပြီး ဦးလေးတုကို ပြောရှာသည်။ "ရှောင်ယွီက အရမ်းကြီးသွားပြီပဲ။ အကယ်၍ လမ်းမှာသာ ဆုံခဲ့ရင် သူ့ကို ကျွန်မ မှတ်မိမှာတောင် မဟုတ်ဘူး။"
ဦးလေးတု ပြုံးလျက် ပြောလိုက်သည်။ "အဲ့ဒါ ကောင်းတဲ့အချက်ပဲ မဟုတ်ဘူးလား။"
"ဟုတ်ပါတယ်... ကျွန်မ ဝမ်းသာပါတယ်..."
ရှန်အိုက်သည် သူမ၏ မျက်ရည်များကို ထပ်ထိန်းမထားနိုင်တော့ဘဲ လက်မောင်းကြားတွင် မျက်နှာအပ်ကာ တရှုံ့ရှုံ့ ငိုလေတော့သည်။ ဆူပွက်နေသော ရေနွေးအိုးသံကြောင့် သူမ၏ ငိုသံမှာ ဖုံးကွယ်နေခဲ့သည်။ ဦးလေးတုက သူမ၏ ကျောကို အသာပုတ်ပေးရင်း ပြောလိုက်သည်။ "မင်း ရှောင်ယွီအကြောင်းကို ငါ့ကို စောစောကတည်းက ပြောပြခဲ့သင့်တာ။"
"အဖေ၊ အမေ အသားတွေ ကျက်ပြီလား။"
တုလျန်သည် အပြင်မှ ဝင်လာကာ လုယွီနှင့် ကျန်းနျန်ကို ခေါင်းငြိမ့်ပြပြီး မီးဖိုချောင်ထဲသို့ လိုက်ကာမ၍ ဝင်သွားသည်။ သူ၏ မိခင် ငိုနေသည်ကို မြင်သောအခါ သူ၏ ခြေလှမ်းများ တန့်သွားသည်။ ဦးလေးတုက သူ့ကို လက်ယပ်ခေါ်လိုက်သဖြင့် တုလျန်က အနားသို့ တိုးသွားကာ တိုးတိုးလေး မေးလိုက်သည်။ "အမေက အပြင်က လူကြောင့် ငိုနေတာလား။"
တုကျန်းက သူ့ခေါင်းကို အသာရိုက်လိုက်သည်။ "'အပြင်ကလူ' ဆိုတာ ဘာစကားလဲ။ အဲ့ဒါ မင်းရဲ့ အစ်ကိုလေ။"
တုလျန်သည် နာသွားသော ခေါင်းနောက်စေ့ကို ပွတ်သပ်ရင်း ဖခင်ဖြစ်သူကို စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "အဖေက ကောင်းကောင်းပြောလို့မရဘူးလား။ ဒီလို ခေါင်းကို ရိုက်နေရင် ကျွန်တော် အ သွားပြီး မိန်းမရမှာ မဟုတ်တော့ဘူး။"
တုကျန်း - …
ရှန်အိုက်သည် ငိုသံရပ်သွားပြီး အတင်းပြုံးလိုက်သည်။ ၎င်းကို မြင်သောအခါ တုလျန်က သူမအနား သွားကာ ချိုချိုသာသာ ပြောလိုက်သည်။ "အမေ နောက်ဆုံးတော့ ပြုံးပြီပေါ့။"
ရှန်အိုက်သည် တုလျန်၏ ခေါင်းကို အသာအယာ တွန်းလိုက်ပြီး ချစ်စနိုးဖြင့် ပြောလိုက်သည်။ "ဒီကလေးစုတ်လေး... သူ့အမေကိုတောင် နောက်ပြောင်နေသေးတယ်။"
တုလျန်က တခစ်ခစ် ရယ်ခဲ့သည်။
အိမ်က အခန်းကျဉ်းကျဉ်းလေးဖြစ်ပြီး မီးဖိုချောင်နှင့် အပြင်ခန်းမှာ လိုက်ကာတစ်ခုသာ ခြားထားသည်။ အထဲက အသံများ တိုးနေသော်လည်း အပြင်မှ အကုန်ကြားနေရသည်။
ကျန်းနျန်သည် ထိုမိသားစုဝင် သုံးဦး၏ နွေးထွေးပျော်ရွှင်သော အသံများကို နားထောင်ရင်း လုယွီကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားသောအခါ လုယွီ မေးလိုက်သည်။ "မင်း ပင်ပန်းနေပြီလား။"
သူမ ခဏမျှ တွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "အင်း ပင်ပန်းနေပြီ။"
ထို့နောက် သူမသည် သူမ၏ ခုံတန်းလျားကို လုယွီအနားသို့ တိုးလိုက်ပြီး သူ၏လက်မောင်းပေါ် ခေါင်းတင်ကာ သူ၏လက်ဖဝါးကို အပျော်သဘောဖြင့် ပုတ်လိုက်ပြီးမှ လက်ချောင်းများကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "လုယွီ... ကျွန်မ ရှင့်ဘေးမှာ အမြဲတမ်း ရှိနေမှာပါ၊ ထာဝရပေါ့။"
လုယွီ ပြုံးလိုက်သည်။ "ဒါဆိုရင်တော့ မင်း ကတိတည်ရမယ်နော်။"
ကျန်းနျန်လည်း ပြန်ပြုံးပြလိုက်သည်။ "သေချာတာပေါ့။ ကျွန်မက အမြဲတမ်း ကတိတည်ပါတယ်။"
ထိုအချိန်တွင် မီးဖိုချောင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ဦးလေးတုက အသားတုံးကြီးများ ပါဝင်သော အသားစွပ်ပြုတ်အိုးကြီးကို ကိုင်၍ ထွက်လာခဲ့သည်။ ရှန်အိုက်နှင့် တုလျန်တို့ကလည်း အရံဟင်းများ၊ နာအန်းပေါင်မုန့်များနှင့် တူများကို သယ်လာကြသည်။ ဦးလေးတုက အိုးကို စားပွဲပေါ်တင်ကာ စားပွဲကို မီးဖိုနားသို့ တိုးလိုက်ပြီး တုလျန်က နာအန်းပေါင်မုန့်နှင့် တူများကို ချထားပေးကာ ပန်းကန်လုံးသွားယူသည်။
ဦးလေးတု ပြောလိုက်သည်။ "လာ... လာစားကြ။ အခုတင် ချက်ပြီးတာဆိုတော့ အသားတွေက အရမ်းမွှေးတာပဲ။"
ထမင်းဝိုင်းတွင် သိုးသားရိုးကြီးများနှင့် အသားများ ပါဝင်သော သိုးသားစွပ်ပြုတ်၊ ကြက်သွန်နီနှင့် ငရုတ်သီး ချဉ်ဖတ်တစ်ပန်းကန်၊ နံနံပင်နှင့် ကြက်သွန်မြိတ် အစိပ်လေးများ ပါရှိသည်။ တုလျန်က ပန်းကန်လုံးများ ချပေးသောအခါ ရှန်အိုက်က လုယွီအတွက် အသားတွေအများကြီးနှင့် နံနံပင်၊ ကြက်သွန်မြိတ် ဖြူးထားသော စွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ပေးသည်။ သူမ လုယွီကို ကမ်းပေးခါနီးမှာပင် သူက ထရပ်ပြီး ပြောလိုက်သည်။ "ဦးလေးတုကို အရင်ပေးလိုက်ပါ။"
ရှန်အိုက်၏ လက်မှာ ခေတ္တမျှ တန့်သွားခဲ့သည်။ ဦးလေးတုက သူမလက်ထဲမှ ပန်းကန်ကိုယူကာ လုယွီရှေ့တွင် ချပေးလိုက်ပြီး သူ၏ပုခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ "မင်းအမေက မင်းအတွက် ခပ်ပေးတာပဲ၊ မင်းအရင်စားလိုက်ပါ။"
လုယွီကတော့ မျက်လုံးများကို နှိမ့်ချလျက် တိတ်ဆိတ်နေခဲ့သည်။ ဦးလေးတုက "အမေ" ဟူသော အခေါ်အဝေါ်ကို ခဏခဏ သုံးနှုန်းနေခြင်းကိုလည်း သူ တိုက်ရိုက် ငြင်းဆိုခြင်း မပြုခဲ့ပေ။
တုလျန်သည် နာအန်းပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်ရင်း စားပွဲတစ်ဖက်ရှိ လုယွီကို တစ်ချက်တစ်ချက် လှမ်းကြည့်နေသည်။ သူတို့ကြားက သိုးသားစွပ်ပြုတ်မှ ထွက်နေသော အခိုးအငွေ့များက လုယွီ၏ ပြတ်သားတည်ကြည်သော မျက်နှာသွင်ပြင်ကို ဝေဝါးသွားစေသည်။
လုယွီမှာ စစ်သားတစ်ယောက်ဖြစ်ပြီး တပ်ရင်းမှူး တစ်ယောက်တောင် ဖြစ်သည်ဟု ဖခင်ဖြစ်သူထံမှ သူ ကြားဖူးသည်။ တပ်ရင်းမှူးတစ်ယောက်က ဘယ်လောက်အထိ အာဏာရှိသလဲဆိုတာ သူ မသိသော်လည်း သူတို့ အဖွဲ့အစည်းထဲတွင် အရှိန်အဝါ အရှိဆုံးသူမှာ အတွင်းရေးမှူးသာ ဖြစ်သည်။ အတွင်းရေးမှူးနှင့် တပ်ရင်းမှူး ဘယ်သူက ပိုပြီး ခံ့ညားသလဲဆိုတာ သူ တွေးနေမိသည်။
သူ၏ရှေ့တွင် အသားစွပ်ပြုတ်ပန်းကန် ရှိနေသော်လည်း တုကျန်းပြောလိုက်သည်။ "တုလျန် အစားကို ကောင်းကောင်းစားစမ်း။"
တုလျန် - …
လုယွီ ရောက်လာကတည်းက သူ့ဖခင်၏ အသံမှာ သူ တစ်ခုခု ပြဿနာရှာမည်ကို စိုးရိမ်နေသကဲ့သို့ ခြိမ်းခြောက်သံ အနည်းငယ် ပါနေသည်ကို သူ သတိထားမိလိုက်သည်။
အခန်းထဲမှာ နွေးထွေးနေသဖြင့် ကျန်းနျန် အနည်းငယ် အိုက်လာသည်။ သူမက အပြင်ကုတ်အင်္ကျီကို ချွတ်လိုက်ရာ လုယွီက ယူပြီး သေသေသပ်သပ် ခေါက်ပေးလိုက်သည်။ လုယွီက ကျန်းနျန်ကို အစားအသောက်များ အေးအောင် မှုတ်ပေးခြင်း၊ နန်ပြားကို အပိုင်းလေးများ ဖဲ့ပေးခြင်း စသည့် အသေးစိတ် ဂရုစိုက်မှုများကို ရှန်အိုက် သတိထားမိလိုက်သည်။
သူမ တစ်ချိန်က သိခဲ့သည့် ကောင်လေးမှာ ယခုကဲ့သို့ ကြင်နာတတ်သည့် အမျိုးသားတစ်ဦး ဖြစ်လာသည်ကို ကြည့်ပြီး ရှန်အိုက်မှာ သူမ၏ ခံစားချက်ကို ဖော်ပြရန် ခက်ခဲနေသည်။
တုကျန်းက စကားကို ပိုပြောလာပြီး ရံဖန်ရံခါတွင် လုယွီဘက်သို့ စကားလမ်းကြောင်း လှည့်ပေးသည်။ သူ မေးလိုက်သည်။ "မင်းတို့နှစ်ယောက် ဘယ်တုန်းက လက်ထပ်ခဲ့ကြတာလဲ။"
လုယွီ ပြန်လိုက်သည်။ "ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပါ။"
တုကျန်း ပြုံးလိုက်သည်။ "လက်ထပ်တာ တစ်နှစ်နီးပါး ရှိပြီပဲ။ ကလေးတွေ ဘာတွေ မရသေးဘူးလား။"
ကျန်းနျန်သည် သူမ၏ အစားအသောက်ကို ငုံ့ကြည့်နေစဉ် လုယွီက ဆက်ပြောလိုက်သည်။ "လောလောဆယ်တော့ အလုပ်ကိုပဲ အာရုံစိုက်ထားပါတယ်။ နောက်နှစ်အနည်းငယ်ကြာလို့ အခြေအနေတွေ ပိုပြီး တည်ငြိမ်သွားတဲ့အခါမှပဲ ကလေးယူဖို့ စဉ်းစားမယ်။"
ထိုစကားများက ရှန်အိုက်၏ ရင်ကို ထိမှန်သွားပုံရသည်။ သူမသည် လုယွီကို အမှတ်မထင် မော့ကြည့်လိုက်မိပြီး သူ၏စကားများမှာ လွန်ခဲ့သော နှစ်များက သူမ သူ့ကို စွန့်ပစ်ခဲ့ခြင်းအတွက် သွယ်ဝိုက်ပြီး အပြစ်တင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများ နီမြန်းလာပြီး မျက်ရည်များ ဝိုင်းလာသည်။ လုယွီက ရှန်အိုက်၏ အကြည့်ကို သတိပြုမိလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
သူတို့ အကြည့်ချင်း ဆုံသွားသောအခါ ရှန်အိုက်၏ အမူအရာမှာ တောင့်တင်းသွားခဲ့သည်။ ခဏမျှအတွင်း သူမသည် လုယွီ၏ မျက်နှာတွင် ရင်းနှီးလှသော လုထျန်းရှောင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ လုထျန်းရှောင်နှင့် ၁၁ နှစ်ကြာ လက်ထပ်ခဲ့စဉ်အတွင်း သူသည် သူမအပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူမကို အလုပ်ကြမ်းတွေ တစ်ခါမှ မခိုင်းခဲ့သလို လုယွီကို မွေးဖွားစဉ်ကလည်း အလွန်ပင် ဂရုစိုက်ခဲ့ပြီး လုယွီတစ်ယောက်ရှိလျှင် လုံလောက်ပြီဖြစ်ကာ နောက်ထပ် ကလေးတွေ ထပ်မယူတော့ရန် သူက အခိုင်အမာ ပြောခဲ့ဖူးသည်။
ထိုနှစ်များအတွင်း လုမိသားစုနှင့် ဘဝက အဆင်ပြေခဲ့သည်။ လုထျန်းရှောင်မှာ မိသားစုတွင် တစ်ဦးတည်းသောသား ဖြစ်သဖြင့် သူတို့ကို ကောင်းစွာ ထောက်ပံ့နိုင်ခဲ့သည်။ သူဆုံးပါးသွားပြီးနောက် သူတို့၏ စားနပ်ရိက္ခာများမှာ နှစ်အတော်ကြာအထိ လောက်ငှခဲ့သလို သူသည် ငွေယွမ် သုံးရာကိုလည်း စုဆောင်းပေးခဲ့သည်။ သူမ ထွက်ခွာသွားချိန်တွင် လုယွီကို ရှု့မိသားစုထံ အပ်နှံခဲ့ပြီး အစ်ကိုရှု့ကို ငွေယွမ်တစ်ရာ ပေးကာ သူမ ဘယ်တော့ပြန်လာမည်ကို မပြောဘဲ လုယွီကို ကောင်းကောင်း ဂရုစိုက်ပေးရန် မှာကြားခဲ့သည်။
သူမ ထွက်သွားစဉ်က လုယွီသည် သူမ၏ အင်္ကျီစကို သူ့လက်ကလေးဖြင့် တင်းတင်းဆုပ်ကိုင်ကာ တွယ်ကပ်နေခဲ့သည်။ သူမသည် မျက်ရည်များကို အတင်းအကျပ် ထိန်းထားရင်း နောက်ဆုံးတွင် သူ၏လက်ကို ဖြုတ်ကာ နောက်မှ ပြန်လာခေါ်မည်ဟု ကတိပေးခဲ့ရသည်။
ထိုအမှတ်တရများမှာ ရေလှိုင်းကြီးတစ်ခုကဲ့သို့ သူမ၏ ရင်ထဲသို့ တိုးဝင်လာခဲ့သည်။ သူမသည် သူမကို ထမင်းတွေ အများကြီးစားရန် တိုက်တွန်းနေပြီး သူမ ပိန်သွားသည်ဟု ပြောတတ်သည့် လုထျန်းရှောင်၏ နူးညံ့သော မျက်နှာကို ထပ်၍မြင်ယောင်လာမိသည်။
"ရှောင်အိုက်။"
တုကျန်း၏ အသံကြောင့် သူမသည် လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ လုယွီမှာ မျက်လုံးများကို နှိမ့်ချလိုက်ပြီ ဖြစ်သည်။ သူမ တုကျန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
တုကျန်း ပြောလိုက်သည်။ "အသားတွေစားဦး၊ စွပ်ပြုတ်တွေလည်း ပိုသောက်ဦး။"
သူမသည် လုယွီကို စိုက်ကြည့်နေမိရာမှ ဆက်ကြည့်နေလျှင် ထပ်ငိုတော့မည်ကို သူ သိသည်။
ရှန်အိုက် ခေါင်းငုံ့လိုက်သည်။ "ကျွန်မ စားနေပါတယ်။"
စားသောက်ပြီးသောအခါ ညဉ့်နက်လာပြီ ဖြစ်သည်။ ရှန်အိုက်က ဘေးအခန်းတွင် သန့်ရှင်းသော အိပ်ရာခင်းများ ပြင်ဆင်ပေးထားပြီး ဖြစ်သည်။ တုလျန်ကတော့ အပြင်ခန်းတွင် သူအိပ်ရန် သစ်သားကုတင်တစ်ခု ပြင်ဆင်ထားသည်။ အခန်းထဲတွင် မီးလှုံနံရံ ရှိသဖြင့် အလွန်ပင် နွေးထွေးနေသည်။ ကျန်းနျန်နှင့် လုယွီတို့ ကိုယ်လက်သန့်စင်ပြီးနောက် ကုတင်ပေါ်တွင် လှဲနေကြသော်လည်း အိပ်မပျော်နိုင်ကြပေ။
ကျန်းနျန်သည် ဘေးတစ်စောင်းလှည့်လိုက်ပြီး သူမ၏လက်ကို လုယွီပေါ် တင်ထားကာ သူ၏ လည်ပင်းလှုပ်ရှားမှုနှင့် နက်မှောင်သော မျက်ခုံးများကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။ "လုယွီ ရှင်ဘာတွေ တွေးနေတာလဲ"
ခရီးတစ်လျှောက်လုံးနှင့် ထမင်းစားနေစဉ်အတွင်း လုယွီမှာ တိတ်ဆိတ်နေသဖြင့် သူ ဘာတွေတွေးနေလဲဆိုတာကို သူမ မသိနိုင်ပေ။
မီးဖိုချောင်နှင့် ထမင်းဝိုင်းတွင် မြင်တွေ့ရသည့် ထိုမိသားစုဝင် သုံးဦး၏ နွေးထွေးကြင်နာမှုများကို ကြည့်ပြီး ကျန်းနျန် စိတ်မသက်မသာ ဖြစ်နေမိသည်။ လုယွီ၏ ရင်ထဲတွင် နာကျင်နေမည်ကို သူမ စိုးရိမ်နေမိသည်။
လုယွီသည် ကျန်းနျန်ကို ဖက်ထားလိုက်ပြီး သူ၏လက်ချောင်းများဖြင့် သူမ၏ နူးညံ့သော လက်မောင်းကို အသာအယာ ပွတ်သပ်ပေးနေသည်။ သူသည် မှောင်မည်းနေသော မျက်နှာကြက်ကို စိုက်ကြည့်ရင်း အထီးကျန်ဆန်သော အသံဖြင့် ခေါ်လိုက်သည်။ "နျန်နျန်။"
သူမသည် သူ၏ အသံထဲက အထီးကျန်မှုကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူသည် လှည့်၍ ကျန်းနျန်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး သူ၏ မေးစေ့ကို သူမ၏ခေါင်းပေါ် တင်ထားလိုက်သည်။ "ကိုယ် အဲ့ဒီမေးခွန်းကို ထပ်မမေးချင်တော့ဘူး။ အခုချိန်မှာတော့ အဲ့ဒါက အရေးမကြီးတော့ပါဘူး။"
သူမ (သူ့မိခင်) က သူ၏ ဖခင်ကို ကြည့်သည့်ပုံစံနှင့် တုကျန်းကို ကြည့်သည့်ပုံစံမှာ မည်သို့ ကွဲပြားသည်ကို သူ မှတ်မိနေသည်။
ယနေ့ မြင်တွေ့ရသည့် ကွဲပြားမှုများက သူ၏ ဖခင်အပေါ်ထားရှိသော အကြည့်များမှာ ပို၍ ကျေးဇူးသိတတ်မှုနှင့် သံယောဇဉ်များ ပြည့်နှက်နေသည်ကို သူ့အား သိရှိစေခဲ့သည်။
ကျန်းနျန်သည် သူမ၏ နားထဲတွင် သူ၏ ပြင်းထန်သော နှလုံးခုန်သံကို ခံစားနေရပြီး သူ၏ ခါးကို ဖက်ထားလျက် ပြောလိုက်သည်။ "ရှင် မမေးချင်ရင်လည်း မမေးနဲ့လေ။ ဒီခရီးစဉ်ကို အနားယူတဲ့ ခရီးစဉ်တစ်ခုအဖြစ်ပဲ သဘောထားလိုက်ကြရအောင်။"
ဤခရီးစဉ်တွင် စိတ်လှုပ်ရှားဖွယ် ပြန်လည်ဆုံတွေ့မှုများ သို့မဟုတ် ခံစားချက်အပြည့်ဖြင့် နှုတ်ဆက်မှုများ မရှိခဲ့ဘဲ အလှမ်းကွာသော အေးစက်မှုနှင့် သာမန်ထမင်းဝိုင်းတစ်ခုသာ ရှိခဲ့သည်။
ကျန်းနျန်မှာ အေးအေးချမ်းချမ်း မအိပ်နိုင်ဘဲ၊ ခေတ်သစ်ကမ္ဘာရှိ သူမ၏အိမ်တွင် မိသားစုဝင်များနှင့် စားပွဲဝိုင်းတွင် ထိုင်နေသည့်အကြောင်းကို ထပ်မံ အိပ်မက်မက်ခဲ့သည်။ လွန်ခဲ့သော အိပ်မက်များတွင် သူမ၏ တံခါးမှာ နှစ်ကြိမ်တိုင်တိုင် ပိတ်ထားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ ပြန်မသွားရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ မိဘများဘေးတွင် ထိုင်ကာ နိုးလာမည့်အချိန်ကို စောင့်နေလိုက်သည်။
ခေတ္တအကြာတွင် ဧည့်ခန်းတံခါး ပွင့်လာပြီး 'တကယ့်ကျန်းနျန်' က ပြုံးရွှင်စွာဖြင့် ဝင်လာကာ ပြောခဲ့သည်။ "အဖေနဲ့အမေ သမီး ဘယ်သူ့ကို ခေါ်လာလဲဆိုတာ ကြည့်လိုက်ပါဦး။"
ဤသည်မှာ သူမအနေဖြင့် 'တကယ့်ကျန်းနျန်' ၏ အသံကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။ သူမ၏ အသံနှင့် ဆင်တူသော်လည်း သူမတွင် မရှိခဲ့သော ပိုနူးညံ့သည့် အသံနေအထားမျိုး ဖြစ်သည်။ 'တကယ့်ကျန်းနျန်' က သူမကို မြင်သွားသောအခါ သူမ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ကျန်းနျန်သည် အခြားသော 'ကျန်းနျန်' ၏ အကြည့်ထဲတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို သူမ၏ ကိုယ်ပိုင်မျက်လုံးများမှတစ်ဆင့် မြင်လိုက်ရတော့သည်။