အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၁၃
ရှု့ယန် ကျူးကျွင်းကို မော့ကြည့်လိုက်သည်။ သုံးလအကြာမှ လျိုချမ့်၏ အမည်ကို ပြန်ကြားလိုက်ရသဖြင့် သူမအတွက် တစ်မျိုးကြီး သူစိမ်းဆန်သလို ခံစားလိုက်ရသည်။ ယခုအခါ သူမ ဘာပဲလုပ်လုပ် ပထမဆုံး သတိရမိသူမှာ လုကောရှန်သာ ဖြစ်သည်။
ကျန်းနျန် အရင်က လုယွီ ပြောခဲ့ဖူးသည့် စကားကို သတိရသွားခဲ့သည်၊ တစ်ယောက်ယောက်က လျိုချမ့်ကို တိုင်လိမ့်မည်ဟူသော စကားပင်။ လျိုချမ့် ဒုက္ခရောက်တာက ဒီကိစ္စနဲ့ ပတ်သက်နေတာလား။ ထို့ကြောင့် သူမက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "သူ ဘာဖြစ်လို့လဲ။"
ကျူးကျွင်း ပြန်ဖြေလိုက်သည်။ "လက်ထောက်တပ်ရင်းမှူး ပြောပြချက်အရတော့ လူအတော်များများက လျိုချမ့်နဲ့ ပတ်သက်ပြီး တိုင်စာတွေ ရေးကြတယ်တဲ့။ သူက ရဲဘော်တစ်ယောက်ရဲ့ ညီမနဲ့ မလျော်ကန်တဲ့ ပတ်သက်မှုရှိပြီး အကျင့်စာရိတ္တ ပျက်ပြားတယ်လို့ ဆိုကြတယ်။ ဒါ့အပြင်…"
သူက ခေတ္တရပ်ကာ ရှု့ယန်ကို တစ်ချက်ကြည့်ပြီးမှ ဆက်ပြောခဲ့သည်။ "သူ့လစာကို အိမ်ကို မပို့ဘူး။ အများစုက အဲ့ဒီမိန်းမဆီပဲ ရောက်သွားတာ။ အခု လျိုချမ့်မှာ သူ့ရဲ့ ဇနီးနဲ့ ကလေးတွေကို စွန့်ပစ်ခဲ့တဲ့ ကြီးလေးတဲ့ ပြဿနာလည်း ရှိနေတယ်။ အဖွဲ့အစည်းက သူ့အကြောင်း တခြားကိစ္စတွေကိုလည်း စုံစမ်းနေတုန်းပဲ၊ စုံစမ်းစစ်ဆေးမှု ပြီးသွားရင်တော့ သူ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာ ဆုံးဖြတ်ကြလိမ့်မယ်။"
ရှု့ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် လျိုချမ့်နှင့် မသက်ဆိုင်တော့သော်လည်း ထိုအကြောင်းကို တွေးမိတိုင်း ဒေါသထွက်ပြီး စက်ဆုပ်မိနေဆဲပင် ဖြစ်သည်။ သူမ အိမ်မှာ ကလေးတွေနဲ့ ငတ်ပြတ်နေချိန်မှာ သူကတော့ တခြားမိန်းမတစ်ယောက်အတွက် ပိုက်ဆံတွေ သုံးဖြုန်းနေခဲ့သည်။
ကျူးကျွင်း ပြောလိုက်သည်။ "မရီးရှု့ နောက်ရက်တွေမှာ လူတွေက လျိုချမ့်အကြောင်း လာမေးကြလိမ့်မယ်။ အမှန်အတိုင်းသာ ပြောပြလိုက်ပါ။"
ရှု့ယန် လှောင်ပြုံးပြုံးလိုက်သည်။ "ကျွန်မကတော့ အကုန်လုံးကို အသေးစိတ် ရှင်းပြလိုက်မှာပေါ့။"
ကျန်းနျန် သက်ပြင်းချမိသည်။ လုယွီက ယခုကဲ့သို့ လျင်မြန်စွာ အရေးယူနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ တစ်လအတွင်းမှာတင် လျိုချမ့်၏ အမှားကို ဖမ်းမိခဲ့သည်။ တခြားဘာတွေ ထပ်ပေါ်လာဦးမလဲဆိုတာ ထည့်မတွက်ရင်တောင် အခုရှိနေတဲ့ ဇနီးမယားနဲ့ ကလေးတွေကို စွန့်ပစ်မှု၊ တခြားမိန်းမ ထားရှိမှု သက်သေတွေကတင် သူ့ကို စစ်တပ်က ထုတ်ပစ်ဖို့ လုံလောက်နေပြီ ဖြစ်သည်။ အကယ်လို့ တခြားအပြစ်တွေ ထပ်တွေ့ရင်တော့ သူ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တောင် ကျနိုင်သေးသည်။
ကျန်းနျန်နှင့် ရှု့ယန်တို့သည် ညနေ ၆ နာရီရထားကို စီးခဲ့ကြရာ နောက်တစ်နေ့ မနက် ၇ နာရီတွင် ရောက်ရှိခဲ့သည်။ လုယွီနှင့် လုကောရှန်တို့က ဘူတာတွင် စောင့်ကြိုနေကြသည်။
ကျန်းနျန်သည် ရှု့ယန်ဆီ လိုက်လည်ချင်သော်လည်း လုယွီက အလုပ်များနေသဖြင့် လုကောရှန်က သူတို့ကို ဟူယန်ခရိုင်သို့ ကားဖြင့် ခေါ်သွားခဲ့သည်။ လုကောရှန်သည် ယခုအခါ မြို့ထဲရှိ အခန်းသုံးခန်းနှင့် ဧည့်ခန်းပါသော အနည်းငယ် ကျယ်ဝန်းသည့် တိုက်ခန်းတွင် နေထိုင်သည်။ စင်္ကြံလမ်းမှာတော့ အများသုံး မီးဖိုချောင်အဖြစ် အသုံးပြုကြသည်။
အဘွားအိုလုသည် လုကျစ်ကျွင်းကို နှစ်အတော်ကြာ ပြုစုလာခဲ့သဖြင့် ထိုနေရာတွင် နေသားကျနေပြီ ဖြစ်သည်။ အိမ်တွင်းမှုကိစ္စများကို အဘွားလုက ကူညီပေးသဖြင့် အိမ်မှာ ရှုပ်ပွမနေပေ။ အဘွားအိုက တစ်ခန်း၊ ကလေးသုံးယောက်က တစ်ခန်းနှင့်၊ လုကောရှန်နှင့် ရှု့ယန်တို့က တစ်ခန်း နေကြသည်။ အိမ်က သေးသော်လည်း သူမအတွက် စိတ်လုံခြုံမှုရှိပြီး အခန်းတစ်ခန်းတည်းမှာပဲ နေရရင်တောင် လုကောရှန်နဲ့အတူ ရှိနေချင်ကြောင်း ရှု့ယန်က ဆိုသည်။
ကျန်းနျန် ရောက်လာသောအခါ သမဝါယမဆိုင်မှ နို့၊ ကွတ်ကီးနှင့် သကြားလုံးများကို မရမက ဝယ်ယူခဲ့သည်။ လုကောရှန်နှင့် ရှု့ယန်တို့က တားမရသဖြင့် လွှတ်ထားလိုက်ရသည်။ သူတို့က တတိယထပ်တွင် နေထိုင်ကြပြီး ကျန်းနျန် လှေကားပေါ် တက်လာသောအခါ စင်္ကြံလမ်းတွင် ဟင်းချက်နေသော အဘွားအိုလုကို တွေ့လိုက်ရသည်။ ကျန်းနျန် ရွှင်ပျစွာ လှမ်းခေါ်လိုက်သည်။ "အဒေါ်လု ကျွန်မ ရောက်ပြီနော်။"
အဘွားအိုလုသည် အသံကြားသဖြင့် အိုးဖုံးကို ဖွင့်ကာ လှည့်ကြည့်လိုက်သည်။ ကျန်းနျန်ကို မြင်သောအခါ သူမ ချက်ချင်း ပြုံးလိုက်သည်။ "ညည်းကိုး။ အို... ခြောက်လအတွင်းမှာ ပိုပြီးတော့တောင် လှလာပါလား။ ယန်ယန်... ကျန်းနျန်ကို အထဲမှာ ထိုင်ဖို့ အမြန်ခေါ်သွားလိုက်ဦး။ ကောရှန်... ဝက်ခေါင်းသား တစ်ပိဿာလောက် သွားဝယ်ချေ၊ ငါ ဟင်းတစ်ခွက် လုပ်ကျွေးမယ်။"
လုကောရှန် ပြုံးလိုက်သည်။ "ဟုတ် ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်။"
"အမေ... ကျွန်မပဲ ချက်လိုက်ပါ့မယ်၊ အမေ အခန်းထဲမှာ သွားနားလိုက်ပါ။" ရှု့ယန်က အဘွားအိုလုထံမှ ယောင်းမကို ယူရန် သွားသော်လည်း အဘွားအိုက သူမကို တွန်းထုတ်လိုက်သည်။ "ညည်း လုပ်စရာ မလိုပါဘူး။ ကျန်းနျန်ကို အထဲခေါ်သွားပြီး ကလေးတွေအတွက် ရေနွေးလေး ဘာလေး ပြင်လိုက်ဦး။ လမ်းမှာ ပင်ပန်းလာရောပေါ့၊ အရင်နားလိုက်ဦး၊ ထမင်းက အခုပဲ အဆင်သင့် ဖြစ်တော့မှာ။"
အဘွားအိုလုသည် ကျန်းနျန်နှင့် ရှု့ယန်တို့ကို အထဲသို့ တွန်းပို့လိုက်ပြီးမှ ကျန်းနျန် ယူလာသော ပစ္စည်းများကို သတိထားမိသွားသည်။ "လာရုံတင် မဟုတ်ဘဲ ပစ္စည်းတွေ အများကြီး သယ်လာပါလား။"
အတွင်းဘက်တွင် ကလေးသုံးယောက်မှာ စားပွဲတွင် ထိုင်ကာ အိမ်စာလုပ်နေကြသည်။ လျိုကျန့်ယဲ့သည် အဘွားအိုက ကျန်းနျန်၏ အမည်ကို ခေါ်သံကြားသောအခါ ခုန်ထလာပြီး လျိုကျန့်ဝူ၊ လုကျစ်ကျွင်းတို့နှင့်အတူ ပြေးလာကာ လိမ္မာပါးနပ်စွာ နှုတ်ဆက်ကြသည်။ "ဒေါ်လေးကျန်း။"
ကျန်းနျန်က ပြုံးလျက် ပြန်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ..."
ထိုကလေးနှစ်ယောက်နှင့် သိလာခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ဖာထေးထားခြင်း မရှိသော အဝတ်အစားသစ်များ ဝတ်ထားသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူတို့မှာ သန့်သန့်ရှင်းရှင်း ရှိနေပြီး ဆံပင်များကိုလည်း အတိုညှပ်ထားသည်။ လျိုကျန့်ယဲ့သည် စကားသိပ်မပြောသေးသော်လည်း သူ့မျက်နှာပေါ်တွင် အရင်ကထက် ပို၍ အပြုံးများ ရှိနေခဲ့သည်။
"ဒေါ်လေးကျန်း" လိမ္မာစွာ ခေါ်နေသော လုကျစ်ကျွင်းမှာ အသိသာဆုံး ပြောင်းလဲသွားသူ ဖြစ်သည်။ လွန်ခဲ့သော နှစ်အတော်ကြာက သစ်ပင်အောက်တွင် လုကောရှန်၏ ရင်ခွင်ထဲမှာ ငိုယိုဂျီကျနေသော ကလေးလေးနှင့် ယခုအခါ လုံးဝ မတူတော့ပေ။
မကြာမီမှာပင် လုကောရှန်သည် ဝက်ခေါင်းသားနှင့် ကြက်ကင်တစ်ကောင် ယူဆောင်ကာ ပြန်ရောက်လာသည်။ ဧည့်ခန်းက သိပ်မကျယ်သလို စားပွဲကလည်း သေးသော်လည်း တစ်မိသားစုလုံး မျက်နှာပေါ်တွင် ပျော်ရွှင်စရာ အပြုံးများဖြင့် စည်ကားစွာ စားသောက်ခဲ့ကြသည်။
ကျန်းနျန်သည် ညနေ ၃ နာရီတွင် ပြန်လာခဲ့သည်။ လုကောရှန်က သူမကို တပ်ရင်းဂိတ်အထိ လိုက်ပို့ပေးခဲ့ပြီး ထိုနေရာတွင် လုယွီက လာကြိုရန် စောင့်နေခဲ့သည်။ အပြန်လမ်းတွင် ကျန်းနျန်က တိုးတိုးလေး ပြောပြခဲ့သည်။ "ကျူးကျွင်းက ကျွန်မနဲ့ ရှု့ယန်ကို ပြောတယ်၊ လူအတော်များများက လျိုချမ့်ကို တိုင်ထားကြတယ်တဲ့။ အခု သူ အစစ်ဆေးခံနေရပြီ။"
လုယွီ ခေါင်းညိတ်ရုံသာ ပြုလိုက်သည်။ "အင်း..."
ကျန်းနျန် ဘာမှ ဆက်မပြောတော့ပေ။ အိမ်ရောက်သောအခါ သူမသည် လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး မေးလိုက်သည်။ "အဲ့ဒီတိုင်စာတွေက ရှင့်လက်ချက်လား။"
လုယွီ ကျန်းနျန်ကို ဖက်လိုက်ပြီး သူ့နှာခေါင်းဖြင့် သူမ၏ နဖူးကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် ရယ်ချင်စိတ်များ ပါဝင်နေသည်။ "မဟုတ်ပါဘူး။"
ကျန်းနျန်သည် ချက်ချင်း နားလည်သွားပြီး ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ "ဟုတ်သားပဲနော်... ကျွန်မတို့ရဲ့ လုယွီက ဘယ်လိုလုပ် အဲ့လိုလုပ်ပါ့မလဲ။"
လုယွီက ရယ်မောလိုက်ကာ ကျန်းနျန်၏ လည်ပင်းကို ဆွဲဖက်ပြီး သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ "နျန်နျန် ကိုယ် မင်းကို လွမ်းနေတာ။"
ကျန်းနျန်ကလည်း သူ့လည်ပင်းကို ပြန်ဖက်ကာ ပြန်ဖြေလိုက်သည်။ "ကျွန်မလည်း လွမ်းနေတာ။"
ဗိုလ်ကြီးဖန်တို့ အိမ်ပြောင်းသွားပြီး နောက်ရက်အနည်းငယ်တွင် အိမ်နီးနားချင်းအသစ် ရောက်လာခဲ့သည်။ ထိုသူမှာ ယွီလျန် ဖြစ်နေလိမ့်မည်ဟု ကျန်းနျန် မထင်ထားခဲ့ပေ။ ယွီလျန်သည် လွန်ခဲ့သည့် တစ်လကပင် လက်ထပ်ခွင့် လျှောက်ထားခဲ့ပြီး မင်္ဂလာဆောင်ရန် ခုနစ်ရက် ခွင့်ယူခဲ့ကာ မိသားစုအိမ်ရာ ခွင့်ပြုချက်ရမှသာ သူ့ဇနီးကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုညတွင် သူတို့သည် ယွီလျန်၏ အိမ်မှာ ညစာစားခဲ့ကြသည်။ ကျန်းနျန်၊ ကျန်းကျိုး၊ လျိုကျစ်နှင့် ချန်ယောင်တို့က ယွီလျန်ကို မူးအောင် တစ်လှည့်စီ တိုက်ကြသည်။ သူတို့သည် ယွီလျန်တို့ ဇနီးမောင်နှံကို တော်တော်လေး စနောက်ခဲ့ကြပြီး လုယွီတောင်မှ ဝိုင်အနည်းငယ် ပိုသောက်မိသွားခဲ့သည်။
နောက်ရက်အနည်းငယ်အကြာတွင် ကျန်းနျန်သည် ကျန်းရှောင်ထံမှ စာတစ်စောင် ရရှိခဲ့သည်။ စာထဲတွင် လျိုချမ့်သည် စစ်တပ်မှ အထုတ်ခံရပြီး နယ်ဘက်သို့ အပို့ခံလိုက်ရကြောင်း ပါရှိသည်။ ကျန်းရှောင်သည် အဆင်မပြေသဖြင့် ဖုန်းမဆက်နိုင်ဘဲ စာရေးလိုက်ခြင်း ဖြစ်သည်။ သူမသည် ရှု့ယန်ထံသို့လည်း စာတစ်စောင် ပို့ခဲ့ပြီး သူမကို တန်ဖိုးမထားခဲ့သော လျိုချမ့်မှာ ယခုအခါ နယ်ဘက်တွင် ဒုက္ခရောက်နေပြီဖြစ်၍ ရှု့ယန်အနေဖြင့် စိတ်အေးလက်အေး နေနိုင်ပြီဖြစ်ကြောင်း ပါရှိသည်။
စိုက်ပျိုးရေးရာသီ ရောက်လာသောအခါ လုယွီသည် နေ့လယ်စာနားချိန်များတွင် လယ်ကွင်းထဲမှာ အလုပ်လုပ်သည်။ ကျန်းနျန်သည် နေ့လယ်စာ ပြင်ဆင်ပြီး သူ့ဆီ သွားပို့ပေးလေ့ရှိကာ ကျန်သည့်အချိန်များကိုတော့ ပန်းထိုးရင်း ကုန်ဆုံးစေသည်။
ယခု ပန်းထိုးနေသည့် ပရောဂျက်မှာ အတော်လေး ကြီးမားသဖြင့် သုံးလအတွင်း အပြီးသတ်ရန် သူမ စီစဉ်ထားသည်။ ပန်းထိုးဆိုင် ဒါရိုက်တာအသစ် ဖုန်းဆက်သောအခါ ကျန်းနျန်သည် ဆိုင်သို့ သွားခဲ့သည်။
ခရိုင် ဒု-ဒါရိုက်တာ ကောမိန် အပါအဝင် ခေါင်းဆောင်အချို့ ထိုနေရာတွင် ရှိနေကြသည်။ နိုင်ငံခြားမှ မိတ်ဖက်ဖြစ်သူမှာ ကောမိန်နှင့် ရွယ်တူခန့်ရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်းနျန် ဤမျှအထိ ငယ်ရွယ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။
ထိုမိတ်ဖက်သည် အထူးမှာယူထားသော ပန်းထိုးပရောဂျက်တစ်ခုကို ယူဆောင်လာခဲ့သည်။ ၎င်းမှာ ၁.၅ မီတာ x ၉၀ စင်တီမီတာ ရှိပြီး အလွန်ပင် ကြီးမားကာ လက်ဝင်လှသည်။ ၎င်းမှာ ကြီးမားသော အလုပ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ထိုမိတ်ဖက်က တစ်နှစ်အတွင်း အပြီးမြင်ချင်နေသည်။ ဤပန်းထိုးအတွက် ရရှိမည့် အကျိုးအမြတ်မှာလည်း အလွန်ပင် များပြားလှသည်။
ကျန်းနျန်သည် အနည်းငယ် ဝေခွဲမရဖြစ်ပြီးမှ ထိုပရောဂျက်ကို လက်ခံလိုက်သည်။ မိတ်ဖက်နှင့် ခေါင်းဆောင်များ ထွက်သွားပြီးနောက် သူမက ကောမိန်ကို ဘေးသို့ ခေါ်ထုတ်လိုက်သည်။ "အစ်မကော လမ်းလျှောက်ရင်း စကားပြောရအောင်။"
ကောမိန် သဘောတူလိုက်သည်။ "ကောင်းပြီလေ။" သူမတို့သည် မြို့ထဲလမ်းမများအတိုင်း လမ်းလျှောက်ခဲ့ကြသည်။ ကောမိန်က ရေခဲစိမ်ဆိုဒါ နှစ်ပုလင်းဝယ်ကာ ကျန်းနျန်ကို တစ်ပုလင်း ပေးလိုက်သည်။ "နင် ဒီရက်ပိုင်း ဘယ်လိုလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "အဆင်ပြေပါတယ်။" သူမသည် ဆိုဒါကို တစ်ငုံသောက်လိုက်ပြီး ကောမိန်ကို ကြည့်ကာ မေးလိုက်သည်။ "အစ်မကော အလုပ်အပြောင်းအရွှေ့ကရော ဘယ်လိုရှိလဲ။"
ကောမိန် ပြောလိုက်သည်။ "ခွင့်ပြုချက်က မကြာခင် ကျတော့မှာပါ။ လာမယ့်လလောက် ဖြစ်မယ်လို့ ခန့်မှန်းရတာပဲ။"
နေ့လယ်စာစားချိန် ရောက်ပြီဖြစ်သဖြင့် ကောမိန်က ကျန်းနျန်ကို အနီရောင်ကြယ်ဟိုတယ်သို့ ခေါ်သွားကာ ပြတင်းပေါက်နားရှိ သီးသန့်အခန်းလေးတစ်ခုကို ရွေးလိုက်သည်။ ဟင်းမှာပြီးနောက် သူမ မေးလိုက်သည်။ "နင့်ဆီမှာ ဘာတွေဖြစ်နေလို့လဲ။"
ကျန်းနျန် ပြုံးလိုက်ပြီးမှ လမ်းသွားလမ်းလာများကို ကြည့်ကာ ပြောလိုက်သည်။ "ဒီပန်းထိုးကို ပြီးရင်တော့ အနားယူဖို့ စီစဉ်ထားတယ်။ အခုကစပြီး တစ်နှစ်ကို တစ်ခုပဲ ထိုးတော့မယ်။"
ကောမိန် အံ့ဩသွားခဲ့သည်။ "ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောပြလို့ရမလား။ နှမြောစရာကြီး။ နင့်ရဲ့ ပန်းထိုးပညာက တကယ်ကို ထူးချွန်တာလေ။"
ကျန်းနျန်က ကောမိန်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မ မျက်လုံးတွေကို အနားပေးချင်လို့ပါ။ ဒီနှစ်တွေအတွင်း ပန်းထိုးတာ များသွားလို့ မျက်လုံးတွေက တစ်မျိုးကြီး ဖြစ်နေတာ။"
ကောမိန်က ကျန်းနျန်၏ တောက်ပပြီး လှပသော မျက်ဝန်းများကို ကြည့်လိုက်သည်။ ရှည်လျားပြီး ထူထဲသော မျက်တောင်များဖြင့် ထိုမျက်ဝန်းလေးတွေမှာ တကယ်ကို အသက်ဝင်လှသည်။
ယခုကဲ့သို့ လှပသော မျက်ဝန်းလေးတွေ ပန်းထိုးခြင်းကြောင့် ထိခိုက်သွားမည်ဆိုလျှင် တကယ်ကို နှမြောစရာပင်။ သို့သော် ဘဝဆိုသည်မှာ အရာနှစ်ခုကြား ရွေးချယ်ရလေ့ရှိပြီး မျှတအောင် လုပ်ဆောင်ခြင်းက အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လိမ့်မည်။
ကောမိန်နှင့် လမ်းခွဲပြီးနောက် ကျန်းနျန် အိမ်ပြန်လာသောအခါ သူမကို လာရှာနေသော ရှု့ရွှယ်နှင့် တွေ့ခဲ့သည်။ ကိုယ်ဝန် လေးလရှိနေပြီဖြစ်သော ရှု့ရွှယ်သည် အရင်က ကျန်းနျန်နှင့် လုယွီတို့ ဘာကြောင့် ကလေးမယူသေးတာလဲဟု မေးဖူးသည်။ ကျန်းနျန်က သူမ၏ ပန်းထိုးအလုပ်တွေ ပြီးသွားလျှင် နောက်နှစ်အနည်းငယ်အတွင်းမှာ ယူဖို့ စီစဉ်ထားကြောင်း ပြောပြခဲ့ဖူးသည်။
ရှု့ရွှယ်၏ စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် ကျန်းနျန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချန်ယောင်နဲ့ ရန်ဖြစ်လာတာလားဟု သူမ ထင်မိသည်။ "ဘာဖြစ်လို့လဲ။"
ရှု့ရွှယ် - "ဒီမနက်က ကျွန်မ ကွမ်လုနဲ့အတူ သမဝါယမဆိုင်ကို သွားနေတုန်း သူမရဲ့ ရေမြွာရည် ကျသွားတယ်။ လက်ထောက်တပ်ရင်းမှူးလော့က သူမကို ခရိုင်ဆေးရုံဆီ ချီသွားပြီး ချန်ယောင်လည်း လိုက်သွားတယ်။ ကျွန်မ အိမ်မှာ ငြိမ်ငြိမ်မနေနိုင်လို့ အသ်မကို လာရှာတာ။ ရှာနေတာ အကြာကြီးပဲ၊ ဒါပေမယ့် အစ်မက အိမ်မှာ မရှိဘူး။"
ရှု့ရွှယ်သည် လျှောက်လာပြီး ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ကာ မျက်နှာလေး ဖြူလျော့လျက် ပြောခဲ့သည်။ "အစ်မကျန်း လက်ထောက်တပ်ရင်းမှူးလော့ ချီသွားတဲ့အချိန် ကွမ်လု ငိုနေတာကို ကျွန်မ မြင်လိုက်ရတယ်။ ကလေးမွေးရတာ တကယ်ပဲ အဲ့လောက်တောင် နာတာလားဟင်။ ကျွန်မ အခု ကလေးမွေးဖို့ ကြောက်နေပြီ။"
ကျန်းနျန် - …
သူမကိုယ်တိုင်လည်း ကလေးမမွေးဖူးသဖြင့် ထိုနာကျင်မှုကို မခန့်မှန်းနိုင်ပေ။ သို့သော် သူမက ရှု့ရွှယ်ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ "မကြောက်ပါနဲ့၊ အံကြိတ်ပြီး အောင့်ခံလိုက်ရင် ပြီးသွားမှာပါ။"
ရှု့ရွှယ် - ...
အဲ့လောက် လွယ်လိမ့်မယ်လို့ သူမ မယုံကြည်ပေ။
ထိုအချိန်မှာပင် စင်္ကြံလမ်းမှ ယွဲ့ချောင်၏ အလောတကြီး အော်သံ ကြားလိုက်ရသည်။ "ကျန်းနျန်၊ ကျန်းနျန်... အိမ်မှာ ရှိလား။" သူမသည် ပြေးလွှားရင်း လှမ်းခေါ်နေခြင်း ဖြစ်ပြီး တံခါးဝသို့ မရောက်ခင်မှာပင် အော်ဟစ်နေတော့သည်။ ဗိုလ်ကြီးလိန်၏ စိုးရိမ်တကြီး အော်သံကလည်း နောက်ကပ်လျက် ပါလာသည်။ "ဖြည်းဖြည်းသွားပါ၊ လဲကျသွားဦးမယ်။ အို... မင်းကလည်း စိတ်ကို နည်းနည်းလောက် ထိန်းပါဦးလား။"
ကျန်းနျန် မပြုံးဘဲ မနေနိုင်တော့ပေ။ သူမ လှေကားဆီ အမြန်သွားလိုက်ရာ လှေကားတက်ဖို့ ရုန်းကန်နေရသော ယွဲ့ချောင်နှင့် တိုးတော့သည်။ ယွဲ့ချောင်မှာ အမောတကောဖြင့် ချွေးတွေပြန်လျက် မေးခဲ့သည်။ "ငါ ပြန်ရောက်ရောက်ချင်းပဲ ကွမ်လုရဲ့ ရေမြွာရည် ကျသွားတယ်လို့ ကြားလိုက်တယ်။ အဲ့ဒါ တကယ်လား။"
ရှု့ရွှယ် အရင်ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ ရေမြွာရည် ကျသွားတာ၊ အခု သူ ခရိုင်ဆေးရုံမှာ။"
ယွဲ့ချောင်က ကျန်းနျန်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။ "ကွမ်လုဆီ သွားကြည့်ရအောင်၊ ကလေးမွေးတာ ဘယ်လိုလဲဆိုတာ သွားလေ့လာရမယ်။ အဲ့ဒါမှ ငါတို့အလှည့်ကြရင် အတွေ့အကြုံရှိပြီး မကြောက်တော့မှာ။"
ရှု့ရွှယ်လည်း ဝင်ပြောလိုက်သည်။ "ကျွန်မလည်း အတွေ့အကြုံယူဖို့ လိုက်မယ်။"
ကျန်းနျန် - ....
ကလေးမွေးတာကို သွားလေ့လာမယ်ဆိုတဲ့ စကားကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဗိုက်ကြီးတကားကားဖြင့် ယွဲ့ချောင်သည် လှေကားပေါ်မှ ဒယီးဒယိုင် ဆင်းသွားခဲ့သည်။ ဗိုလ်ကြီးလိန်မှာတော့ ဘာကြောင့် ယခုကဲ့သို့ စိတ်လှုပ်ရှားလွယ်ပြီး ဇွတ်တရွတ်နိုင်သော ဇနီးမျိုးကို ရွေးချယ်မိပါလိမ့်ဟု တွေးတောရင်း အကြံကုန်နေရှာသည်။ ဗိုက်ကြီးနေတာတောင်မှ သူမကတော့ အငြိမ်မနေပေ။
တပ်ရင်းရုံးနှင့် မိသားစုအိမ်ရာကြားက လမ်းဆုံတွင် သူတို့သည် လုယွီနှင့် ကုရှစ်ကျိုးတို့ကို တွေ့လိုက်ရသည်။ သူတို့၏ အလောတကြီး ပုံစံကို မြင်သောအခါ လုယွီ မျက်မှောင်ကြုတ်သွားပြီး အလိုအလျောက်ပင် ကျန်းနျန်၏ အနားသို့ တိုးကပ်သွားလိုက်သည်။ "ဘာဖြစ်လို့လဲ။"
ကျန်းနျန် မပြောခင်မှာပင် ယွဲ့ချောင်က ဝင်ပြောလိုက်သည်။ "ကွမ်လု ကလေးမွေးတော့မယ်။ အဲ့ဒါကြောင့် ဆေးရုံကို သွားကြည့်ပြီး ကျွန်မတို့အတွက် အတွေ့အကြုံယူမလို့။"
ကျန်းနျန် - ???
သူမပါ ဘာလို့ ပါသွားရတာလဲ။
သူမ မျက်တောင်လေးတွေ ခတ်ကာ လုယွီ၏ ပြုံးနေသော အကြည့်ကို မော့ကြည့်လိုက်သည်။ ထိုလူက ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြောလိုက်သည်။ "လမ်းမှာ ဖြည်းဖြည်းသွားကြဦး"
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၁၄
ဗိုလ်ကြီးလိန်က ယွဲ့ချောင်ကို လမ်းတစ်လျှောက်လုံး တွဲပေးလာခဲ့သည်။ ခရိုင်ဆေးရုံသို့ ရောက်၍ မေးမြန်းကြည့်ရာ ကွမ်လုမှာ ဒုတိယထပ်တွင် ရှိကြောင်း သိရသည်။ ဗိုလ်ကြီးလိန်က ယွဲ့ချောင်ကို တွဲပေးထားပြီး ကျန်းနျန်က ရှု့ရွှယ်ကို တွဲကာ လေးဦးသား ဒုတိယထပ်သို့ တက်လာခဲ့ကြသည်။ သူတို့က သူနာပြုကို ကွမ်လု ဘယ်ဘက်မှာလဲဟု မေးမည်အပြု ကွမ်လု၏ ရင်ကွဲမတတ် အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။ လူတိုင်း ကြက်သီးမွေးညင်းများ ထသွားကြပြီး ရှု့ရွှယ်ဆိုလျှင် တုန်လှုပ်သွားတော့သည်။
"လော့ချန်ယိ ငါ မမွေးချင်တော့ဘူး။"
"အသက်ကို ပြင်းပြင်းရှူ၊ ပြန်ထုတ်၊ ပြန်ညှစ်။"
သူနာပြု၏ အမိန့်ပေးသံနှင့် ကွမ်လု၏ အော်ဟစ်ငိုယိုသံများမှာ ဟိုဘက်ဒီဘက် ပဲ့တင်ထပ်နေတော့သည်။ ကျန်းနျန်သည် ဘယ်ဘက်အစွန်ဆုံးရှိ တံခါးပိတ်ထားသော အခန်းဆီသို့ လျှောက်သွားလိုက်သော်လည်း အထဲကိုတော့ မမြင်ရပေ။
ကွမ်လု၏ နာကျင်စွာ အော်ဟစ်သံနှင့်အတူ လက်ထောက်တပ်ရင်းမှူးလော့၏ အထဲမှနေ၍ အဆက်မပြတ် နှစ်သိမ့်ချော့မြှူနေသံများကို နားထောင်ရင်း သူတို့တစ်တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။
ယွဲ့ချောင်သည် သူမ၏ စူထွက်နေသော ဗိုက်ကြီးကို ငုံ့ကြည့်လိုက်သည်။ သူမက အမြွှာကိုယ်ဝန် လွယ်ထားရသူ ဖြစ်သည်။ လမ်းတစ်လျှောက်လုံး လောင်လိန် တွဲပေးလာသဖြင့် သိပ်မပင်ပန်းသော်လည်း ကွမ်လု၏ အော်သံကြောင့် သူမ တကယ်ကို ကြောက်လန့်နေမိသည်။ ကလေးတစ်ယောက်တည်းကိုတောင် အဲ့လောက်နာနေရင် သူမက အမြွှာဆိုတော့ ဘယ်လောက်တောင် နာလိုက်မလဲ။
ယွဲ့ချောင်တင်မကဘဲ ရှု့ရွှယ်နှင့် ကျန်းနျန်တို့ပါ ကြောက်လန့်နေကြသည်။ ကွမ်လု၏ အသံမှာ တကယ်ကို သနားစရာ ကောင်းလှသည်။
ယွဲ့ချောင်၏ မျက်နှာ ဖြူလျော့သွားသည်ကို မြင်သောအခါ သူမအလှည့်ကြရင် ကြောက်ပြီး ထွက်ပြေးမှာစိုးသဖြင့် ဗိုလ်ကြီးလိန်က တိုက်တွန်းခဲ့သည်။ "ဒီမှာ မရပ်နေနဲ့တော့၊ ထိုင်ဖို့နေရာ သွားရှာရအောင်။ မင်းလည်း မွေးခါနီးပြီ၊ လျှောက်မသွားနဲ့တော့။"
သူတို့သည် ပထမထပ် စင်္ကြံလမ်းရှိ ကုလားထိုင်များတွင် ထိုင်နေကြသည်။ ယွဲ့ချောင်သည် ဗိုလ်ကြီးလိန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။ ခဏကြာတော့ ကွမ်လု မွေးပြီလားဆိုတာကို သွားကြည့်ခိုင်းပြန်သည်။ သုံးနာရီခန့် အတက်အဆင်း လုပ်ပြီးနောက် ဘယ်နှစ်ခေါက် တက်လိုက်ဆင်းလိုက် လုပ်မိမှန်းတောင် မသိတော့သည့်အချိန်တွင် ဗိုလ်ကြီးလိန်က လှမ်းအော်လိုက်သည်။ "သားလေးဟေ့၊ မွေးပြီကွ။"
ဗိုလ်ကြီးလိန်က ယွဲ့ချောင်ကို အပေါ်ထပ်သို့ တွဲခေါ်သွားပြီး ကျန်းနျန်က ရှု့ရွှယ်ကို ရှေ့မှနေ၍ ကူညီပေးသည်။ လက်ထောက်တပ်ရင်းမှူးလော့မှာ ကလေးလေးကို ပွေ့ချီထားခဲ့သည်။ ကွမ်လုကတော့ အားကုန်သွားသဖြင့် မေ့လဲသွားခဲ့သည်။ လူစုသည် လက်ထောက်တပ်ရင်းမှူးလော့၏ လက်ထဲမှ ကလေးလေးကို ခြေဖျားထောက်ကာ ဝိုင်းကြည့်ကြသည်။
ကျန်းနျန်အတွက် ယခုကဲ့သို့ သေးငယ်သော ကလေးလေးကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမမှာ အသက်တောင် ဝဝမရှူရဲဘဲ ကလေးလေးကို တစ်ခုခု ထိခိုက်သွားမှာကို စိုးရိမ်နေမိသည်။
သူတို့သည် ကွမ်လု နိုးလာသည်အထိ ဆေးရုံမှာ စောင့်နေခဲ့ကြသည်။ ယွဲ့ချောင်က မွေးရတာ နာလားဟု ခဏခဏ မေးနေသဖြင့် ကွမ်လုက သူမကို ကြောက်သွားမှာစိုး၍ ခေါင်းခါပြကာ ပြောလိုက်သည်။ "သိပ်မနာပါဘူး။"
ယွဲ့ချောင် - ???
ယွဲ့ချောင်ကတော့ အံ့ဩတကြီးဖြင့် ပြန်မေးခဲ့သည်။ "မနာရင် ဘာလို့ အဲ့လောက်ကြီး အော်နေတာလဲ။"
ကွမ်လုမှာ ခဏမျှ ဘာပြောရမှန်းမသိဖြစ်သွားတော့သည်။
ဆေးရုံမှအပြန်တွင် ရှု့ရွှယ်မှာ ကြောက်စိတ်မပြေသေးဘဲ မှိုင်တွေနေသဖြင့် ချန်ယောင်က ကျန်းနျန်ကို လာမေးရသည်။
ချန်ယောင် - …
သူသည် နဖူးကို ရိုက်လိုက်ပြီး ပြောသည်။ "မရီး... ကျွန်တော် သူမကို သွားကြည့်လိုက်ဦးမယ်။"
ကျန်းနျန်လည်း ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ။"
သူမသည် အိမ်တံခါးကို ပိတ်လိုက်သောအခါ မီးဖိုချောင်ထဲမှ ထွက်လာသော လုယွီကို တွေ့လိုက်ရသည်။ ထိုလူက လက်လှမ်းကာ သူမ၏ နဖူးကို ထိပြီး မေးသည်။ "ဘာလို့ ဒီလောက် မှိုင်နေရတာလဲ။ မင်းလည်း ကြောက်သွားတာလား။"
ကျန်းနျန်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီးမှ ရုတ်တရက် လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့ကို မှီထားလိုက်သည်။ "ကျွန်မ နည်းနည်း ကြောက်မိတယ်။"
လုယွီက သူမ၏ လည်ပင်းနောက်ဘက်ကို ပွတ်သပ်ပေးရင်း နှစ်သိမ့်ခဲ့သည်။ "အဲ့ဒီနေ့ ရောက်လာရင် ကိုယ် မင်းနားမှာ အမြဲရှိနေမှာပါ။"
ထိုစကားကြောင့် ကျန်းနျန်က သူ့ကို မော့ကြည့်လိုက်သည်။ "အဲ့ဒီနေ့ကြရင် ကျွန်မ တကယ်ကို ရုပ်ဆိုးနေမှာပဲ။"
လုယွီက တိုးတိုးလေး ရယ်မောကာ သူမ၏ နှာခေါင်းလေးကို နမ်းလိုက်သည်။ "မင်းက မိစ္ဆာကြီးလို ဖြစ်နေရင်တောင် ကိုယ်ကတော့ ဂရုမစိုက်ပါဘူး။"
ကျန်းနျန် - …
သူမသည် အားစိုက်ကာ လုယွီ၏ ခါးက ကြွက်သားများကို လိမ်ဆွဲလိုက်သည်။ "ရှင်ပဲ မိစ္ဆာကြီး။"
ကွမ်လုသည် ဆေးရုံတွင် ခုနစ်ရက်ကြာ နေပြီးနောက် ဆင်းလာခဲ့သည်။ မကြာမီမှာပင် ယွဲ့ချောင်၏ အလှည့် ရောက်လာတော့သည်။
သန်းခေါင်ယံအချိန်တွင် သူမ၏ ရေမြွာရည် ကျလာခဲ့ပြီး စင်္ကြံလမ်းတစ်ခုလုံး ယွဲ့ချောင်၏ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။ "ဘယ်သူက မနာဘူး ပြောတာလဲ။"
"အား... လောင်လိန်... ငါ ဆီးသွားချင်တယ်။"
"ရှောင်လု... နင် လိမ်နေတာ။ မနာဘူးဆိုပြီး အခုကြ ဘာလို့ အဲ့လောက်နာနေတာလဲ။"
ဗိုလ်ကြီးလိန်မှာ စိုးရိမ်စိတ်ကြောင့် ချွေးတွေ တဖြိုင်ဖြိုင် ကျနေရှာသည်။ လုယွီက စစ်ဒေသမှ ကားတစ်စီး ငှားကာ ချန်ယောင်ကို ပေးလိုက်သည်။ ဗိုလ်ကြီးလိန်နှင့် လက်ထောက်တပ်ရင်းမှူးလော့တို့က ဗိုက်ကြီးတကားကားဖြင့် ယွဲ့ချောင်ကို လှေကားပေါ်မှ အသာအယာ တွဲချကာ ကားပေါ်သို့ တင်ပေးလိုက်သည်။ ချန်ယောင်က ခရိုင်ဆေးရုံသို့ တိုက်ရိုက် မောင်းသွားခဲ့သည်။
လက်ထောက်တပ်ရင်းမှူးလော့နှင့် ချန်ယောင်တို့သည် မိုးမလင်းခင် ပြန်ရောက်လာကြပြီး ယွဲ့ချောင် မမွေးသေးကြောင်း ပြောပြကြသည်။
နောက်တစ်နေ့မနက်တွင် ကျန်းနျန်သည် စောစောထကာ ရှု့ရွှယ်နှင့်အတူ ဆေးရုံသို့ သွားခဲ့သည်။ ယွဲ့ချောင်သည် မနက် ၄ နာရီတွင် မွေးဖွားခဲ့ပြီး အားအင်ကုန်ခမ်းနေသည်။ သူတို့ ရောက်သွားသောအခါ သူမမှာ အိပ်ပျော်နေဆဲဖြစ်ပြီး မျက်နှာလေးမှာ ဖြူလျော့နွမ်းနယ်နေသည်။
ဗိုလ်ကြီးလိန်၏ မိဘများလည်း ရောက်လာကြပြီး ဥများနှင့် ကြက်မတစ်ကောင် ယူလာခဲ့ကြသည်။ ကြက်မကြီးက လူနာဆောင်ထဲ ရောက်သည်နှင့် ဆူညံနေသဖြင့် ဗိုလ်ကြီးလိန်၏ အဖေက နှုတ်သီးကို ကြိုးဖြင့် ချည်လိုက်ရရာ ကျန်းနျန်မှာ ရယ်မောလုနီးပါး ဖြစ်သွားရသည်။
ယွဲ့ချောင်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် အမြွှာမွေးဖွားခဲ့သည်။ သားလေးက အရင်ထွက်လာခြင်း ဖြစ်သည်။ ရှု့ရွှယ် အားကျတကြီးဖြင့် ပြောလိုက်သည်။ "အမြွှာမွေးရတာ တကယ်ကောင်းတာပဲ၊ သားရော သမီးရောပဲ။"
ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "နင်လည်း နှစ်ယောက် ယူလိုက်လေ။"
ရှု့ရွှယ်က ကြောက်လန့်တကြား ခေါင်းခါပြခဲ့သည်။ "ကျွန်မ ကြောက်တယ်။"
ယခုတစ်ခေါက် ယွဲ့ချောင်နှင့် ကွမ်လုတို့ မွေးတာကို မြင်လိုက်ရသဖြင့် ရှု့ရွှယ်မှာ တကယ်ကို ကြောက်သွားခဲ့ပြီး ကိုယ်ဝန်ဆောင်နေရသည့် လများအတွင်းမှာ ချန်ယောင်ကို တော်တော်လေး နှိပ်စက်တော့သည်။
ယွဲ့ချောင်နှင့် ကွမ်လုတို့ မီးဖွားပြီးနောက်တွင် ကလေးများကို ခေါ်ဆောင်ကာ ကျန်းနျန်ဆီ တစ်ခါတရံ လာလည်တတ်ကြသည်။ ဗိုလ်ကြီးလိန်၏ အမေသည်လည်း မိသားစုအိမ်ရာတွင် နေထိုင်ကာ ကူညီပြုစုပေးသည်။ ယွီလျန်၏ ဇနီးသည်လည်း ကျန်းနျန်နှင့် ရင်းနှီးသွားပြီး လာလည်တတ်သဖြင့် ကျန်းနျန်၏ ဘဝမှာ တကယ်ကို ပြည့်စုံပျော်ရွှင်စရာ ကောင်းနေတော့သည်။
မကြာမီမှာပင် လုယွီက သတင်းတစ်ခု ယူလာခဲ့သည်။ ကျန်းနျန် မီးဖိုချောင်တွင် ဟင်းချက်နေစဉ် လျိုချမ့်မှာ ထောင်ဒဏ် ၁၀ နှစ် ကျသွားပြီဖြစ်ကြောင်း သူက ပြောပြလိုက်သည်။
ကျန်းနျန် အံ့ဩသွားခဲ့သည်။ "သူ နယ်ဘက်ကို အပို့ခံရတာ မဟုတ်ဘူးလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "သူသွားတဲ့နေရာက အဲ့ဒီမိန်းမရဲ့ အိမ်နဲ့ နီးနေတာကိုး။ သူက အဲ့ဒီမိန်းမ တခြားလူနဲ့ လက်ထပ်တာကို တွေ့တော့ ဒေါသတကြီးနဲ့ လူတစ်ယောက်ကို မှားသတ်မိသွားပြီး ထောင်ကျသွားတာ။"
ကျန်းနျန် မျက်တောင်ခတ်ရင်း ဒါဟာ လျိုချမ့်အတွက် ထိုက်တန်တဲ့ အကျိုးဆက်ပဲဟု တွေးလိုက်မိသည်။ သူမ မေးလိုက်သည်။ "ရှင် ဘယ်လိုသိတာလဲ။"
လုယွီ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "ဟိုဘက်က ရဲဘော်တစ်ယောက်က စာရေးပြီး အကြောင်းကြားလာလို့ပါ။"
ကျန်းနျန် သူ့ကို သံသယမျက်လုံးဖြင့် ကြည့်လိုက်သော်လည်း လုယွီက သူမ၏ ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "အပြင်မှာ သွားထိုင်နေတော့၊ ကိုယ်ပဲ ချက်လိုက်မယ်။"
ရှု့ယန်သည် ကားဖြင့် နှစ်နာရီခန့် သွားရသော နေရာတွင် နေထိုင်သော်လည်း တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ကျန်းနျန်ဆီ လာလည်တတ်သည်။ နိုဝင်ဘာလလယ်တွင် ရှု့ယန်သည် ကလေးသုံးယောက်နှင့်အတူ လာလည်ခဲ့သည်။ လုယွီက တပ်ရင်းဂိတ်သို့သွားကာ စာရွက်စာတမ်းများ လက်မှတ်ထိုးပြီးနောက် သူတို့ကို ခေါ်လာခဲ့သည်။
လျိုကျန့်ယဲ့နှင့် လုကျစ်ကျွင်းတို့က ခေါ်ကြသည်။ "ဦးဦးလု။" လျိုကျန့်ဝူကတော့ အကျွမ်းတဝင်ရှိလှသဖြင့် လုယွီ၏ ခြေထောက်ကို ပြေးဖက်ကာ အော်ပြောခဲ့သည်။ "ဦးဦးလု... ကျွန်တော်တို့ ဦးဦးနဲ့ ဒေါ်လေးကျန်းကို လာတွေ့တာ။"
လုယွီက သူ့ကို ပွေ့ချီလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ဘာစားချင်လဲ။ ဦးဦးက သမဝါယမဆိုင်ကို လိုက်ပို့ပေးမယ်။"
လျိုကျန့်ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေခဲ့သည်။ "ယုန်ဖြူနို့သကြားလုံး။ လွန်ခဲ့တဲ့ နှစ်ရက်က အဖေ ဝယ်ပေးတာ တကယ် ချိုတာပဲ။"
ယခုအခါ လျိုကျန့်ယဲ့နှင့် လျိုကျန့်ဝူ နှစ်ယောက်လုံးက လုကောရှန်ကို အဖေဟု ခေါ်ကြသည်။ တကယ်တော့ လျိုကျန့်ယဲ့က အပျော်ဆုံးဖြစ်ပြီး သူ့အတွက် အရေးကြီးဆုံးက သူ့အမေပင် ဖြစ်သည်။
သူ့အမေက ဦးဦးလုနှင့် နောက်အိမ်ထောင်ပြုလိုက်ကတည်းက သူတို့ဘဝမှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့သည်။ ဦးဦးလုမှာ မနက်စောစောထွက်ကာ ညမိုးချုပ်မှ ပြန်လာသော်လည်း အိမ်ရောက်လျှင် သူတို့သုံးယောက်ကို တစ်လှည့်စီ ပွေ့ချီတတ်သလို အားလပ်ရက်များတွင်လည်း သူတို့နှင့် အမေကို မြို့ထဲရှိ ပန်းခြံသို့ လိုက်ပို့ပေးတတ်သည်။ ဒါဟာ လျိုချမ့်ရဲ့ အနားမှာ ကြီးပြင်းလာခဲ့ရတဲ့ လျိုကျန့်ယဲ့အတွက် တစ်ခါမျှ မကြုံဖူးသည့် အရာပင် ဖြစ်သည်။
အရင်ကတော့ ဖခင်မေတ္တာဆိုသည်မှာ ထမင်းစားပွဲပေါ်သို့ အစားအသောက် တင်ပေးခြင်း၊ ပျော်တဲ့အချိန် စကားကောင်းပြောပြီး စိတ်ဆိုးတဲ့အချိန် ဆူပူခြင်းသာဟု သူ ထင်ခဲ့သည်။ ယခု ဦးဦးလုနောက် လိုက်လာပြီးမှသာ ဖခင်မေတ္တာဆိုသည်မှာ ဤထက်မက ပျော်စရာကောင်းကြောင်း သူ နားလည်သွားခဲ့သည်။
ကျန်းနျန်နှင့် ရှု့ယန်တို့က နောက်ကနေ လမ်းလျှောက်လာကြသည်။ ရှု့ယန်က တိုးတိုးလေး ပြောခဲ့သည်။ "ကျန်းနျန် ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။"
ကျန်းနျန်က ရှေ့က လုယွီ၏ မြင့်မားဖြောင့်စင်းသော ကျောပြင်ကို ကြည့်နေသဖြင့် ရှု့ယန်ပြောတာကို မကြားလိုက်ပေ။ သူမ ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ။"
ရှု့ယန် - …
သူမ ခေါင်းငုံ့ကာ ထပ်ပြောခဲ့သည်။ "ငါ့မှာ ကိုယ်ဝန်ရှိနေပြီလို့။"
ကျန်းနျန်မှာ အံ့ဩသွားပြီး ရှု့ယန်၏ ဗိုက်ကို အလိုအလျောက် ကြည့်လိုက်မိသည်။ "ကိုယ်ဝန်ရှိနေတာလား။"
ရှု့ယန် ခေါင်းညိတ်ပြလိုက်သည်။ "အခုမှ သိရတာ။"
ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်။"
ရှု့ယန်က သူမ၏ ဗိုက်လေးကို ပွတ်သပ်ရင်း ပျော်ရွှင်စွာ ပြုံးနေတော့သည်။
ကျန်းနျန်က လျိုချမ့် ထောင်ကျသွားသည့်အကြောင်းကို ပြောပြလိုက်ရာ ရှု့ယန်၏ မျက်နှာမှာ ပို၍ပင် တောက်ပသော အပြုံးများ ပေါ်လာခဲ့သည်။ "အခုတော့ သူနဲ့ ငါနဲ့ ဘာမှ မဆိုင်တော့ဘူးလေ။"
သူတို့ မိသားစုအိမ်ရာသို့ ပြန်ရောက်သောအခါ ကျန်းနျန်နှင့် ရှု့ယန်တို့ အပေါ်ထပ်သို့ အရင်တက်သွားကြသည်။ လုယွီကတော့ ကလေးသုံးယောက်ကို ခေါ်ပြီး စက်ဘီးဖြင့် သမဝါယမဆိုင်သို့ သွားခဲ့သည်။ ကျန်းနျန်က မီးဖိုချောင်တွင် ဟင်းချက်ပြီး ရှု့ယန်က ကူညီပေးရင်း မေးခဲ့သည်။ "ဒီနှစ် နှစ်သစ်ကူးကို နင်နဲ့ တပ်ရင်းမှူးလု ဘယ်မှာ ဖြတ်သန်းမှာလဲ။"
ကျန်းနျန် ပြောလိုက်သည်။ "ဒီနှစ်တော့ အစ်မဖန့်တို့ဆီ သွားဖို့ စီစဉ်ထားတယ်။"
မနှစ်က ဖန့်မိန်က နှစ်သစ်ကူးမှာ တုန်းရှီမြို့ကို လာမလားဆိုပြီး ကြေးနန်းရိုက်ခဲ့ဖူးသည်။ သူမနှင့် လုယွီက ရှင်းကျန်းကို သွားခဲ့ကြသဖြင့် ဒီနှစ်မှာတော့ တုန်းရှီမြို့ကို အနည်းဆုံး တစ်ခေါက်တော့ သွားရပေလိမ့်မည်။
ရှု့ယန်က ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "ငါလည်း အိမ်ပြန်ရင် ကောရှန်ကို မေးကြည့်ဦးမယ်၊ နှစ်ကုန်ရင် သူ ခွင့်ရမလားလို့။ ငါလည်း အစ်မဖန့်ဆီ သွားလည်ချင်တယ်။"
ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "ရတာပေါ့။ အစ်ကိုလု ခွင့်ရရင် အတူတူသွားကြမယ်လေ။ အစ်မဖန့်လည်း အစ်မကို မြင်ရင် တကယ် ပျော်သွားမှာ။"
ဟင်းတွေ ပြီးခါနီးအချိန်မှာပင် လုယွီနှင့် ကလေးများ ပြန်ရောက်လာကြသည်။ လျိုကျန့်ယဲ့က အရင်ပြေးဝင်လာပြီး ကျန်းနျန်ကို ယုန်ဖြူနို့သကြားလုံး နှစ်လုံး ပေးလိုက်သည်။ "ဒေါ်လေးကျန်း... ဦးဦးလု ဝယ်ပေးတဲ့ သကြားလုံးလေး စားကြည့်ပါဦး။"
လွန်ခဲ့သော လအနည်းငယ်က မှိုင်တွေနေခဲ့သော ဤကောင်လေးမှာ ယခုကဲ့သို့ တက်ကြွလာလိမ့်မည်ဟု ဘယ်သူ ထင်ထားပါ့မလဲ။
ကျန်းနျန်၏ စိတ်ထဲမှာ နူးညံ့သွားရပြီး သူပေးသော သကြားလုံးကို လက်ခံလိုက်သည်။ "ကျေးဇူးပဲနော်။"
လျိုကျန့်ဝူနှင့် လုကျစ်ကျွင်းတို့လည်း ပြေးလာပြီး ကျန်းနျန်ကို နှစ်လုံးစီ ပေးကြပြန်သည်။
လုယွီသည် မီးဖိုချောင်ထဲသို့ ဝင်လာပြီး ရှု့ယန်နှင့် ကလေးများ အပြင်ထွက်သွားချိန်တွင် သကြားလုံးတစ်လုံးကို ခွာကာ ကိုက်လိုက်သည်။ သူသည် ကိုယ်ကို ကိုင်းလိုက်ပြီး ကျန်းနျန်၏ နှုတ်ခမ်းနားသို့ တိုးကပ်လာရာ သူ၏ မျက်ဝန်းများတွင် ရယ်မောလိုရိပ်များ ပြည့်နှက်နေသည်။ ကျန်းနျန်မှာ မျက်နှာနီမြန်းသွားပြီး ရှု့ယန်က ရေဇလုံဖြင့် ဝင်လာချိန်တွင် သူ့နှုတ်ခမ်းရှိ သကြားလုံးတစ်ဝက်ကို အမြန်ကိုက်ယူလိုက်ကာ ဟင်းသီးဟင်းရွက်တွေ လှီးချင်ယောင်ဆောင်နေတော့သည်။
လုယွီ တိုးတိုးလေး ရယ်လိုက်သည်။ "စဉ်းတီတုံးပေါ်မှာ ဘာမှမရှိဘူးနော်။"
ကျန်းနျန် - ....
ရှု့ယန် ဝင်လာပြီး ပန်းကန်များကို ချလိုက်သည်။ ကျန်းနျန် ဓားကိုကိုင်ကာ စဉ်းတီတုံးပေါ်မှာ လှီးနေသည်ကို မြင်သောအခါ သူမ ရပ်သွားသည်။ "ကျန်းနျန်... ဘာတွေ လှီးနေတာလဲ။"
ကျန်းနျန်က ချောင်းတစ်ချက် ဟန့်ပြီး ခပ်တည်တည် ပြန်ဖြေလိုက်သည်။ "ဓားထက်လားလို့ စမ်းကြည့်တာပါ။"
ရှု့ယန် ပြောလိုက်သည်။ "မထက်ရင် ပန်းကန်လုံးအောက်ခြေနဲ့ ပွတ်လိုက်လေ။"
လုယွီ ကျန်သည့် ဟင်းပန်းကန်များကို အပြင်သို့ သယ်သွားခဲ့ပြီး ကလေးများမှာ အပြင်တွင် ဆူညံစွာ ဆော့ကစားနေကြသည်။ နေ့လယ်စာစားပြီးနောက် ရှု့ယန်သည် ခေတ္တမျှနေပြီးမှ ပြန်သွားခဲ့သည်။ လုယွီနှင့် ကျန်းနျန်တို့က ခရိုင်သို့သွားမည့် ဘတ်စ်ကားဂိတ်အထိ လိုက်ပို့ပေးခဲ့ကြသည်။
ကားပေါ်မတက်ခင် ရှု့ယန်က လုကောရှန်နှင့် အတည်ပြုပြီးလျှင် တုန်းရှီမြို့တော်ကို လိုက်နိုင်မလားဆိုတာ ဖုန်းဆက်လိုက်မည်ဟု ပြောခဲ့သည်။ ကျန်းနျန်သည် နောက်တစ်နေ့မှ ဆက်မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ ထိုနေ့ညနေမှာပင် ဖုန်းလာခဲ့သည်။
ရှု့ယန်၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာခဲ့သည်။ "ကျန်းနျန် လုကောရှန်က ဆယ်ရက် ခွင့်ရတယ်တဲ့၊ နင်တို့နဲ့အတူ တုန်းရှီမြို့ကို လိုက်ပြီး တပ်ရင်းမှူးစုန့်နှင့် အစ်မဖန့်တို့ကို သွားတွေ့ချင်တယ်တဲ့။"
ကျန်းနျန် ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကောင်းတာပေါ့။"
ဖုန်းချပြီးနောက် ကျန်းနျန်သည် တပ်ရင်းသို့ ပြန်လာခဲ့ရာ သူမ၏ မျက်နှာပေါ်တွင် အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်သောအခါ နှင်းပွင့်လေးများ စတင်ကျဆင်းနေသည်ကို တွေ့လိုက်ရသည်၊ ၎င်းမှာ ဆောင်းဦး၏ ပထမဆုံး နှင်းပင် ဖြစ်သည်။
နှစ်တွေကို ရေတွက်ကြည့်လျှင် သူမ ဤခေတ်သို့ ရောက်လာသည်မှာ လေးနှစ် ရှိသွားပြီ ဖြစ်သည်။ ဒီနှစ်အတွင်းမှာ သူမသည် ၂၁ ရာစုသစ်ဆီသို့ ပြန်ရောက်သွားသည့် အိပ်မက်ကို ခြောက်ကြိမ်တိုင်တိုင် မက်ခဲ့ဖူးသည်။ အိမ်ထဲရောက်တိုင်း သူမသည် သူမ၏ အမေရှိရာ အိပ်ခန်းထဲသို့ ခိုးဝင်လေ့ရှိပြီး သူမကိုယ်တိုင်နှင့် မဆုံမိအောင် အစစအရာရာ သတိထားဖို့ လုယွီမှာခဲ့သည့် စကားကို သတိရနေမိသည်။
အရင်ကတော့ ပြန်လမ်းရှာဖို့အတွက် သူမကိုယ်သူမနှင့် စကားပြောဖို့ ကြိုးစားမိမှာ ဖြစ်သော်လည်း အခုတော့ သူမသည် ဤခေတ်မှာပဲ အေးအေးဆေးဆေး နေထိုင်ပြီး လုယွီနှင့်အတူ ထာဝရ ရှိနေချင်တော့သည်။
ရှု့ယန်တို့လည်း တုန်းရှီမြို့ကို လိုက်မည့်အကြောင်း ကျန်းနျန် လုယွီကို ပြောပြလိုက်သည်။ နောက်တစ်နေ့တွင် လုယွီက တပ်ရင်းမှူးစုန့်ထံသို့ ကြေးနန်းရိုက်ပြီး ခုနစ်ရက်အကြာတွင် တပ်ရင်းမှူးစုန့်ထံမှ ပြန်စာ ရောက်လာခဲ့သည်။ သူတို့ လာခါနီးလျှင် ကြေးနန်းတစ်စောင် ထပ်ရိုက်လိုက်ဖို့နှင့် သူကိုယ်တိုင် လာကြိုမည်ဖြစ်ကြောင်း ပါရှိသည်။
ရှု့ယန် သူမဆီ လာလည်သောအခါ ကျန်းနျန် ဤအကြောင်းကို ပြောပြလိုက်သည်။
ဒီဇင်ဘာလလယ်တွင် အစောင့်တစ်ဦးက လုယွီ၏ အိမ်သို့ စာတစ်စောင် လာပို့ပေးသည်။
လုယွီက မနက်စောစောကပင် တပ်ရင်းသို့ သွားနှင့်ပြီဖြစ်၍ ကျန်းနျန်သည် စူးစမ်းလိုစိတ်ဖြင့် စာအိတ်ကို ယူကာ ကြည့်လိုက်သည်။