အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၁၉
လုယွီသည် မျက်လွှာကိုချလျက် စာအိတ်ကို ပိတ်လိုက်၏။ သူ၏ လည်ဇလုတ်မှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက်မှ တည်ငြိမ်စွာ မော့ကြည့်၍ ကျန်းနျန်၏ ဆံနွယ်များကို အသာအယာ ဖွပေးလိုက်သည်။ "ဒါက ကိုယ့်ရဲ့ ရဲဘော်တစ်ယောက်ဆီ ရေးတဲ့စာပါ၊ သူက ကိုယ့်ကို အကူအညီတစ်ခု တောင်းထားလို့။"
စာထဲ၌ တွေ့လိုက်ရသော "သူမကို သေချာ ဂရုစိုက်ပေးပါ" ဟူသည့် စကားလုံးများကို ကျန်းနျန် သတိရသွားကာ မေးလိုက်သည်။ "သူ့ဇနီးနဲ့ ပတ်သက်တဲ့ ကိစ္စလား။"
လုယွီမှာ ချက်ချင်း အဖြေမပေးဘဲ သူမအား တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ကျန်းနျန်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး သူမ၏ မျက်နှာကို စမ်းကြည့်ရင်း မေးလိုက်သည်။ "ကျွန်မမျက်နှာမှာ တစ်ခုခု ပေနေလို့လား။"
"မဟုတ်ပါဘူး။"
ကျန်းနျန်တစ်ယောက် စာအကြောင်းအရာ အပြည့်အစုံကို မမြင်လိုက်ရသဖြင့် လုယွီမှာ စိတ်သက်သာရာရသွားကာ စာကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "အင်း... သူ့ဇနီးနဲ့ ပတ်သက်တာ ဟုတ်ပါတယ်။ ဒါနဲ့ မင်းက ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ရှု့ယန်ဘေးမှာ လုကောရှန်နဲ့ ကလေးတွေ ရှိနေတာနဲ့ ကျွန်မ အရင်ပြန်လာလိုက်တာ။ ဒါနဲ့ ရှင်ရော ထမင်းစားချိန်တောင် မရောက်သေးဘူး၊ ဘာလို့ စောစောပြန်လာတာလဲ။"
"ကိုယ် တပ်ရင်းမှာ အလုပ်သိပ်မရှိတာနဲ့ စောစောပြန်လာတာပါ။"
"ဪ..."
သူမသည် မီးဖိုချောင်ဘက်သို့ လှည့်၍ လျှောက်သွားသော်လည်း ခြေလှမ်းအနည်းငယ်အကြာတွင် လုယွီက နောက်ကွယ်မှ သိုင်းဖက်လိုက်သည်။ သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကြီးက သူမအား လွှမ်းခြုံထားပြီး သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်နေသည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့သည်။ ကျန်းနျန်မှာ အဘယ်ကြောင့် ဤသို့ ခံစားနေရသည်ကို မသိသော်လည်း ရယ်မောလျက် လုယွီအား မော့ကြည့်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။"
လုယွီသည် ကျန်းနျန်၏ လည်ပင်းကြား၌ မျက်နှာအပ်ထားရင်း ထုံးစံအတိုင်း နက်ရှိုင်းသော သူ၏အသံမှာ ယခုအခါ အက်ရှရှ အသံတိုးတိုးလေးအဖြစ် ပြောင်းလဲသွားသည်။ "ဘာမှမဟုတ်ပါဘူး မင်းကို ဖက်ထားချင်ရုံတင်ပါ။"
ကျန်းနျန်မှာ လည်ပင်း၌ ယားကျိကျိ ဖြစ်လာသဖြင့် အနည်းငယ် ရှောင်တိမ်းလိုက်သော်လည်း လုယွီက ပို၍ တိုးကပ်လာကာ သူမ၏ နူးညံ့သော အသားအရေထက်၌ ပွတ်သီးပွတ်သပ် ပြုလုပ်နေသည်။ "ဘာလို့ ရှောင်နေတာလဲ။"
ကျန်းနျန် အော်ဟစ်လိုက်သည်။ "ယားလို့ပါဆို။"
"ဟုတ်လို့လား။ ဒါဆို ထပ်စမ်းကြည့်ရတာပေါ့။"
လုယွီမှာ အခွင့်ကောင်းယူလျက် ကျန်းနျန်၏ အင်္ကျီကော်လာ ကြယ်သီးများကို ဖြုတ်လိုက်ရာ အနည်းငယ် ထွက်နေသော ညှပ်ရိုးလေးနှစ်ခု ပေါ်လွင်လာခဲ့သည်။
ကျန်းနျန် - …
"လူဆိုးကြီး။"
"ဘယ်သူ့ကို ပြောတာလဲ။"
"ရှင့်ကို ပြောတာပေါ့။"
သူတို့နှစ်ဦး အတန်ကြာအောင် ကျီစယ်ပြီးနောက်တွင် လုယွီမှာ နေ့လယ်စာ ပြင်ဆင်ရန် သွားရောက်ခဲ့သည်။ အစားအသောက်များ စားသုံးပြီးနောက်တွင်မူ သူသည် တပ်ရင်းသို့ ထွက်ခွာသွားခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ကျန်းနျန်သည် ပြီးစီးသွားသော ပန်းထိုးထည်ကို ဒါရိုက်တာထံ အပ်နှံရန် မြို့သို့ သွားရောက်ကာ သူမ၏ အခြေအနေကို ရှင်းပြခဲ့သည်။ နေ့လယ်စာ စားနေစဉ်တွင် စုန မေးလိုက်သည်။ "နင် တကယ်ပဲ တစ်နှစ်ကို တစ်ထည်ပဲ ထိုးတော့မလို့လား။"
ကျန်းနျန် ခေါင်းညိတ်လိုင်သည်။ "အင်း။"
တစ်နှစ်လျှင် တစ်ထည်သာ ထိုးခြင်းမှာ အရည်အသွေးကို အလေးထားခြင်းဖြစ်ပြီး ပို၍လည်း တန်ဖိုးရှိစေပေသည်။ သူမ၏ ကျော်ကြားမှုမှာ ပျံ့နှံ့နေပြီဖြစ်ရာ လာရောက်အပ်နှံသူများမှာလည်း တိုးပွားလာမည်သာ ဖြစ်သည်။ ထို့အပြင် နောက်ထပ် နှစ်အနည်းငယ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ယခုထက် ပိုတိုးတက်လာမည့် အလားအလာရှိပေသည်။
ကျန်းနျန်သည် ပန်းထိုးဆိုင်မှ လူများနှင့်အတူ နေ့လယ်စာ စားသုံးရန် ကျန်ရစ်ခဲ့သည်။ ထိုစဉ် ကျားယွမ်နှင့် ထုန်ကန်းတို့၏ ပြဿနာမှာ ပြေလည်သွားပြီဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။ ယခုအခါ အောင်သွယ်မှတစ်ဆင့် စားသောက်ကုန်စက်ရုံမှ အလုပ်သမားတစ်ဦးနှင့် ဆုံတွေ့နေပြီ ဖြစ်သည်။ ထိုအမျိုးသားမှာ ကလေးနှစ်ဦးရှိသော အိမ်ထောင်ကွဲတစ်ဦးဖြစ်သော်လည်း ကျားယွမ် ကလေးရနိုင်ခြင်း ရှိမရှိကို ဂရုမစိုက်ဘဲ အဆင်ပြေစွာ ပေါင်းသင်းနေထိုင်နိုင်ရန်သာ အဓိကထားသူ ဖြစ်သည်။
ယခုနှစ် နွေရာသီမှာ လွန်ခဲ့သော နှစ်နှစ်ကထက် ပိုပူပြင်းလှသည်။
ကျန်းနျန်မှာ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်ကို ဖွင့်ထားလိုက်သည်။ စားပွဲပေါ်တွင်မူ လုယွီ လတ်တလော ဝယ်ယူပေးထားသည့် လျှပ်စစ်ပန်ကာလေး ရှိနေသည်။ ဤပစ္စည်းမှာ ၂၁ ရာစုတွင် တန်ဖိုးမရှိလှသော်လည်း ဤခေတ်ကာလတွင်မူ ရှားပါးလှသော ပစ္စည်းတစ်ခုပင်။ လောလောဆယ် ပန်းထိုးအလုပ် မရှိသေးသဖြင့် ကျန်းနျန်မှာ အားလပ်နေသောကြောင့် လုယွီအတွက် အဝတ်အစား နှစ်စုံချုပ်ရန် အထည်အလိပ်များ သွားရောက်ဝယ်ယူခဲ့သည်။
မွန်းတည့်ချိန် နေပူရှိန်မှာ ပြင်းထန်လွန်းလှသဖြင့် ကျန်းနျန်မှာ ထိုင်ခုံ၌ မှီရင်း အိပ်ငိုက်လာကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ထဲတွင်မူ သူမသည် အေးစက်သော လေပြင်းများ တိုက်ခတ်နေသည့် မှောင်မည်းသော ကမ်းပါးယံတစ်ခုထက်သို့ ရောက်ရှိနေသည်။ ထိတ်လန့်ဖွယ် ကောင်းလှသော တောအုပ်နက်ကြီးအတွင်း ပြေးလွှားနေရင်း သူမ၏ ရှေ့မှ ထွားကြိုင်းသော ပုံရိပ်တစ်ခုနောက်သို့ ကမ်းပါးယံ အစွန်းအထိ လိုက်ပါသွားခဲ့သည်။
အေးစက်သော လေပြင်းမှာ သူမ၏ မျက်နှာအား ဓားနှင့်မွှန်းနေသကဲ့သို့ ခံစားရစေသည်။ ကမ်းပါးစွန်း၌ ဒူးထောက်နေသော လုယွီအား သူမ မြင်တွေ့လိုက်ရသည်၊ သူ၏ စစ်ဝတ်စုံမှာ နေရာအနှံ့ စုတ်ပြဲနေပြီး ခံ့ညားသော မျက်နှာထက်တွင်လည်း နာကျင်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ကျန်းနျန်အနေဖြင့် လုယွီထံမှ သေခြင်းတရား၏ အငွေ့အသက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
ခြောက်လခန့် ကြာမြင့်ပြီးနောက်တွင် အဘယ်ကြောင့် လုယွီအား ဤကဲ့သို့ အခြေအနေဖြင့် ထပ်၍ အိပ်မက်မက်ရသနည်းဟု သူမ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ထိုခြောက်လအတွင်း သူမသည် ၂၁ ရာစုရှိ သူမ၏ အိမ်သို့ ပြန်ရောက်သည့် အိပ်မက်မျိုး မမက်ခဲ့ပေ။ သူမသည် ဇာတ်လမ်း၏ နောက်ဆက်တွဲကို သိလိုသည်၊ စာအုပ်ထဲရှိ လုယွီ၏ ကံကြမ္မာကို ဖော်ထုတ်လိုပြီး ဤပဟေဠိများကို ဖြေရှင်းလိုပေသည်။ ညစဉ် အိပ်ရာမဝင်မီတွင်လည်း 'ကျန်းနျန်' ကို နောက်ထပ်တစ်ကြိမ် အိပ်မက်မက်ခွင့်ရရန် ကောင်းကင်ဘုံ၌ ဆုတောင်းနေမိသည်။
"လုယွီ..."
ကျန်းနျန်သည် သတိထား၍ အနားသို့ တိုးသွားကာ သူ့အား ထိတွေ့ရန် လက်ကမ်းလိုက်သော်လည်း သူမ၏ လက်ချောင်းများမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြန်သည်။ သူမ လက်ကို ပြန်ရုတ်လိုက်စဉ်မှာပင် အေးစက်သော ကျည်ဆန်တစ်ခုက လုယွီ၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်ကို မြင်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ကြွေလွင့်သွားသော သစ်ရွက်ခြောက်ကဲ့သို့ ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားခဲ့သည်။ ကျန်းနျန်လည်း သူ့နောက်သို့ လိုက်ပါကာ ချောက်ထဲသို့ ခုန်ချလိုက်လေတော့သည်။
"လုယွီ။"
ရုတ်တရက် ခံစားလိုက်ရသော ဟာလာဟင်းလင်း ဖြစ်သွားသည့် ခံစားချက်ကြောင့် ကျန်းနျန် လန့်နိုးလာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အခါ လည်ပတ်နေသော ပန်ကာနှင့် စက်သံများကို ကြားလိုက်ရသည်။
ကျန်းနျန်သည် မျက်လုံးကို ခေတ္တမျှ ပြန်မှိတ်ထားစဉ် တံခါးဖွင့်သံ ကြားလိုက်ရသည်။ သူမ မျက်လုံးပြန်ဖွင့်လိုက်သောအခါ အထဲသို့ လျှောက်လှမ်းလာသော လုယွီအား မြင်တွေ့လိုက်ရသည်။
ထွားကြိုင်းသော ထိုအမျိုးသားမှာ မတ်မတ်ရပ်နေပြီး တည်ကြည်သော မျက်နှာထက်၌ အပြုံးအရိပ်အယောင်လေး ရှိနေသည်၊ အိပ်မက်ထဲမှ အသက်မဲ့နေသော လုယွီနှင့် လားလားမျှ မဆိုင်ပေ။ ကျန်းနျန်၏ မျက်တောင်များမှာ တုန်ရီလာပြီး ထိန်းထားသည့်ကြားမှ မျက်ရည်များမှာ ကျဆင်းလာခဲ့သည်။
လုယွီမှာ တံခါးပိတ်နေရင်းမှ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "ဘာလို့ ငိုနေတာလဲ။"
ကျန်းနျန်မှာ ကိုင်ထားသည့် အထည်များကို ပစ်ချကာ လုယွီ၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ သူ၏ ခါးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ လုယွီက သူမ၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။ "ဘယ်သူက မင်းကို ငိုအောင် လုပ်တာလဲ။"
ကျန်းနျန်မှာ ရှိုက်ကြီးတငင်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်မ အိပ်မက်ဆိုး မက်လို့ပါ။"
လုယွီမှာ စိတ်သက်သာရာရသွားကာ ပြုံးလျက် ပြောလိုက်သည်။ "ဘယ်လို အိပ်မက်ဆိုးမို့လို့လဲ။"
ကျန်းနျန် ပြန်ဖြေလိုက်သည်။ "ရှင် သေနတ်မှန်သွားတယ်လို့ အိပ်မက်မက်လို့ပါ။"
ကျန်းနျန်၏ ဆံနွယ်များကို ပွတ်သပ်ပေးနေသော လက်မှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လုယွီက သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။ "အိပ်မက်ဆိုတာ လက်တွေ့နဲ့ ဆန့်ကျင်ဘက် ဖြစ်တတ်တာပါ။ အများကြီး မတွေးနဲ့နော်။ ကိုယ်တို့ နေ့လယ်စာ ဘာစားကြမလဲ။"
အခြားသူများအတွက်မူ အိပ်မက်မှာ ဆန့်ကျင်ဘက် ဖြစ်နိုင်သော်လည်း ကျန်းနျန်အတွက်မူ ထိုအရာများမှာ လက်တွေ့ ဖြစ်လာနိုင်ပေသည်။
'ကျန်းနျန်' နှင့် ရှု့ချန်တို့သည် စာအုပ်ပြင်ပကမ္ဘာသို့ သွားနိုင်ခဲ့ကြသည်ဆိုလျှင် အကယ်၍ လုယွီသာ သေနတ်မှန်၍ သေဆုံးသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်း။
ကျန်းနျန်မှာ လုယွီအား ဆုံးရှုံးသွားရမည်ကို မတွေးရဲအောင် ဖြစ်နေမိသည်။
သူမသည် လုယွီအား မလွှတ်တမ်း တင်းကျပ်စွာ ဖက်ထားရင်း မေးလိုက်သည်။ "ရှင် မကြာခင်မှာ တာဝန်နဲ့ အပြင်သွားရဖို့ ရှိလား။"
လုယွီ ပြန်ဖြေလိုက်သည်။ "ဒီနှစ်ထဲမှာတော့ ဘာတာဝန်မှ မရှိပါဘူး။"
"ဒါဆို နောက်နှစ်ကြရင်ရော" သူမက မော့ကြည့်၍ ထပ်မေးခဲ့သည်။
လုယွီ ပြုံးလိုက်သည်။ "နောက်နှစ်အတွက်ကတော့ အဲဒီအချိန်ရောက်မှ သိရမှာပေါ့။"
ကျန်းနျန်၏ မျက်ဝန်း၌ မျက်ရည်များ ဝဲလာခဲ့သည်။ "ရှင် တာဝန်နဲ့ အပြင်သွားရမယ်ဆိုရင် ကျွန်မကို ကြိုပြီး ပြောပြရမယ်နော်။"
လုယွီသည် သူမ၏ တုန်ရီနေသော မျက်တောင်လေးများကို ငုံ့၍ နမ်းရှိုက်လိုက်သည်။ "ကိုယ် မင်းကို သေချာပေါက် ပြောပြမှာပါ။"
နေ့လယ်စာ စားပြီးနောက်တွင် လုယွီမှာ တပ်ရင်းသို့ သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင်မူ ရှု့ရွှယ်နှင့် ကွမ်လုတို့သည် ကလေးများကို ခေါ်၍ အလည်အပတ် ရောက်ရှိလာခဲ့ကြသည်။
သူတို့ မသိလိုက်ခင်မှာပင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျန်းနျန်သည် နောက်ဆုံးအကြိမ် လုယွီ သေနတ်မှန်သည့် အိပ်မက် မက်ပြီးကတည်းက ထိုကဲ့သို့ ထပ်၍ အိပ်မက် မမက်တော့သော်လည်း သူမ စိတ်ကို လုံးဝ လျှော့မထားနိုင်သေးပေ။
နှစ်သစ်ကူးအကြိုညတွင် ကုရှစ်ကျိုးမှာ ပစ္စည်းအချို့ ယူဆောင်လာခဲ့သည်။ ကျန်းနျန်က ဟင်းလျာအချို့ ပြင်ဆင်ပေးပြီးနောက် လုယွီနှင့် ကုရှစ်ကျိုးတို့မှာ တပ်ရင်းကိစ္စရပ်များကို အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြသည်။ ကျန်းနျန် အိပ်ငိုက်နေသည်ကို သတိပြုမိသဖြင့် လုယွီက သူမအား အခန်းဘက်သို့ အသာအယာ တွန်းပို့လိုက်သည်။ "မင်း အရင် သွားအိပ်နှင့်တော့၊ ကိုယ် ရှစ်ကျိုးကို လိုက်ပို့ရင်း လမ်းလျှောက်လိုက်ဦးမယ်။"
ကျန်းနျန်က သူမ၏ မျက်လုံးများကို ပွတ်သပ်ရင်းပြောလိုက်သည်။ "ဒါဆို မြန်မြန်ပြန်လာခဲ့နော်။"
လုယွီ ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
သူသည် မထွက်ခွာမီ သူမ၏ နှုတ်ခမ်းများကို ငုံ့နမ်းသွားခဲ့သည်။ ကျန်းနျန်သည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း တံခါးပိတ်သံကို နားထောင်နေမိကာ မကြာမီပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
မှောင်မည်းသော ပုံရိပ်များမှာ ၂၁ ရာစုရှိ သူမ၏ အိမ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျန်းနျန်သည် တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာ ရပ်နေပြီးမှ တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ အတွင်း၌မူ သူမ၏ မိသားစုမှာ စားပွဲတွင် ထိုင်လျက် စကားပြောနေကြဆဲပင်။ ကျန်းနျန်မှာ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် ပြေးတက်သွားခဲ့ရာ ခန့်မှန်းထားသည့်အတိုင်းပင် 'ကျန်းနျန်' ၏ အခန်းတံခါးမှာ ပိတ်ထားဆဲ ဖြစ်သည်။
သူမသည် အပြင်ဘက်တွင် ခေတ္တမျှ ရပ်နေပြီးမှ မိဘများ၏ အိပ်ခန်းထဲသို့ ပြေးဝင်ကာ စက္ကူတစ်ရွက်ကို ဆုတ်ယူ၍ စာတစ်စောင် ရေးသားလိုက်သည်။ ထို့နောက် ထိုစာကို 'ကျန်းနျန်' ၏ တံခါးအောက်မှတစ်ဆင့် ထိုးထည့်ပေးလိုက်သည်။ ထိုစာကို သူမ မြင်တွေ့နိုင်မည်လား မသိရသော်လည်း ဤနည်းလမ်းမှာ သူမနှင့် ဆက်သွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
ညဉ့်နက်ပိုင်းတွင် လုယွီ ပြန်လည်ရောက်ရှိလာချိန်မှာပင် ကျန်းနျန်မှာ အိပ်မက်မှ နိုးလာခဲ့သည်။
သူမသည် တစ်ဖက်သို့ လှည့်ကာ အနည်းငယ် အေးစက်နေသည့် လုယွီ၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ဗလုံးဗထွေး မေးမြန်းခဲ့သည်။ "ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာတာလဲ။"
လုယွီက သူမအား စောင်သေချာ ခြုံပေးလိုက်သည်။ "ရှစ်ကျိုးနဲ့ ကိစ္စအချို့ ဆွေးနွေးနေလို့ပါ။"
ကျန်းနျန်မှာ ဘာကိစ္စလဲဟု ထပ်မမေးတော့ဘဲ သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိသော နေရာတစ်ခုရှာကာ ပြန်အိပ်ပျော်သွားခဲ့သည်။
နှစ်သစ်ကူးရန် တစ်လမျှသာ လိုတော့သည့် ထိုလမှာ ထုံးစံအားဖြင့် လုယွီအတွက် အလုပ်အရှုပ်ဆုံး အချိန်ဖြစ်သော်လည်း ယခုနှစ်တွင်မူ သူသည် ပို၍ အားလပ်နေသည်။ သူသည် တပ်ရင်းမှ ထွက်သည်နှင့် အိမ်သို့ ချက်ချင်း ပြန်လာလေ့ရှိပြီး အချိန်တိုင်းကို သူမနှင့်အတူ ကုန်ဆုံးစေသည်။
လုယွီအတွက်မူ ကုန်ဆုံးသွားသော နေ့ရက်တိုင်းမှာ ကျန်းနျန်နှင့်အတူ နေထိုင်ရမည့်အချိန် တစ်ရက် လျော့နည်းသွားခြင်းပင် ဖြစ်သည်။ သူသည် သူမ၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်နေရုံဖြင့်ပင် အတူရှိနေလိုပေသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျန်းနျန်ထံသို့ စစ်သည်တစ်ဦးမှတစ်ဆင့် စာတစ်စောင်နှင့် ပစ္စည်းထုတ်တစ်ခု တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
စာအိတ်ကို ဖွင့်လိုက်သည့်အခါ တုကျန်းထံမှ စာတစ်စောင်ကို တွေ့လိုက်ရသည်၊ ထိုစာထဲ၌ သူမနှင့် လုယွီတို့ တစ်ဦးကိုတစ်ဦး သေချာ ဂရုစိုက်ကြရန် အကြံပေးထားသည်။ ပစ္စည်းထုတ်ထဲတွင်မူ တုကျန်း ပို့ပေးလိုက်သည့် ရှင်းကျန်းဒေသထွက် အစားအစာများ ပါဝင်သည်။ ထိုစာထဲတွင် ရှန်အိုက်အကြောင်းကိုလည်း ဖော်ပြထားရာ လွန်ခဲ့သည့်နှစ်က ရှန်အိုက် ရေးသားခဲ့သည့် စာအတွက် စိတ်မခုကြရန်နှင့် သူနှင့် ရှန်အိုက်တို့သည် သူတို့၏ဘဝကို ထပ်မံ နှောင့်ယှက်မည်မဟုတ်ကြောင်း အာမခံထားလေသည်။
ရှန်အိုက်သည် လုယွီ၏ ဖခင်နှင့်ပင် မထိုက်တန်သလို တုကျန်းကဲ့သို့သောသူနှင့်လည်း မထိုက်တန်ဟု ကျန်းနျန် ခံစားမိသည်။
သူမသည် ထိုအစားအစာများကို ပြန်မပို့တော့ဘဲ အပိုအခန်းထဲတွင် သိမ်းဆည်းထားလိုက်ကာ လုယွီ ပြန်လာသည့်အခါမှ ထိုစာကို ပြရန် ဆုံးဖြတ်လိုက်သည်။
ယခုနှစ်တွင် ကျန်းနျန်နှင့် လုယွီတို့သည် စစ်အခြေစိုက်စခန်း၌ပင် ချန်ယောင်၊ ရှု့ရွှယ်၊ ကုရှစ်ကျိုးတို့နှင့်အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။
မျက်နှာချင်းဆိုင်ရှိ ယွီလျန်တို့ ဇနီးမောင်နှံမှာမူ ၂၉ ရက်နေ့ကတည်းက နေရပ်သို့ ပြန်သွားခဲ့ကြသည်။ နှစ်သစ်ကူးအကြိုညတွင် ချန်ယောင်က ကလေးများကို ကြည့်ရှုပေးနေစဉ် ကျန်းနျန်နှင့် ရှု့ရွှယ်တို့က မီးဖိုချောင်အတွင်း ဟင်းလျာများ ပြင်ဆင်နေကြသည်။
ရှု့ရွှယ်က ကျန်းနျန်အား ပြောခဲ့သည်။ "အစ်မကျန်း အစ်မနဲ့ တပ်ရင်းမှူးလုရော ဘယ်တော့ ကလေးယူဖို့ စဉ်းစားထားလဲ။ လက်ထပ်တာလည်း နှစ်အတော်ကြာပြီဆိုတော့ ကလေးယူဖို့ စဉ်းစားသင့်ပြီနော်။"
ကျန်းနျန်မှာ ဟင်းသီးဟင်းရွက် လှီးဖြတ်နေရင်းမှ ရပ်တန့်သွားကာ ပြောလိုက်သည်။ "မကြာခင်ပေါ့။"
လုယွီ သုံးနှစ်ဟု ပြောဆိုထားခဲ့ရာ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ထိုအချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ရုတ်တရက်ဆိုသလို သူမ၏ အိပ်မက်ထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ဝန်းရံလျက် သေနတ်မှန်ခဲ့သည့် လုယွီကို သူမ သတိရသွားခဲ့သည်။ ထိုအရာမှာ သေအံ့ဆဲဆဲ လူတစ်ဦးထံတွင် တွေ့ရတတ်သည့် နိမိတ်တစ်ခုဖြစ်ကြောင်း သူမ၏ အဘိုးဖြစ်သူထံတွင် သူမ မြင်တွေ့ခဲ့ဖူးသည်။
ကျန်းနျန်၏ ရင်ဘတ်ထဲ၌ အပ်ဖြင့် ထိုးလိုက်သကဲ့သို့ စူးရှစွာ နာကျင်လာခဲ့သည်။ သူမသည် ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိကာ အသက်ရှူသံများပင် မြန်ဆန်လာခဲ့သည်။
ရှု့ရွှယ်က သူမအား စိုးရိမ်တကြီးဖြင့် တွဲပေးလိုက်သည်။ "အစ်မကျန်း ဘာဖြစ်လို့လဲ။"
နှလုံးသားအတွင်းမှ စူးရှသော နာကျင်မှုမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းနျန်သည် မျက်တောင်ခတ်လျက် ခေါင်းခါပြလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"
နောက်ကွယ်မှ ခြေသံများကို ကြားရသဖြင့် ကျန်းနျန်နှင့် ရှု့ရွှယ်တို့ လှည့်ကြည့်လိုက်ရာ အဖြူရောင်ရှပ်အင်္ကျီနှင့် စစ်စိမ်းရောင် ဘောင်းဘီကို ဝတ်ဆင်ထားသည့် ကုရှစ်ကျိုးမှာ ပန်းကန်တစ်ခုကို ကိုင်ဆောင်လျက် ဝင်ရောက်လာသည်။ သူသည် အရပ်ရှည်ပြီး မျက်နှာထက်၌ အပြုံးအရိပ်အယောင်လေး ရှိနေသည်။ ကျန်းနျန်၏ ဖြူလျော့နေသော မျက်နှာကို သတိပြုမိသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။ "ခယ်မလေး နေမကောင်းလို့လား။"
ကျန်းနျန် ခေါင်းခါလိုက်သည်။ "ငရုတ်သီးနံ့ မွှန်သွားလို့ပါ။"
ကံကောင်းထောက်မစွာဖြင့် သူမသည် ငရုတ်သီးများကို လှီးဖြတ်နေခြင်း ဖြစ်သည်။
ကုရှစ်ကျိုးမှာ ဘာမျှထပ်မပြောတော့ဘဲ စဉ်းတီတုံးအနားသို့ လျှောက်သွားကာ သူမ၏ လိမ်ညာမှုကို မဖော်ထုတ်ဘဲ သူမ၏ မျက်နှာကို ခဏမျှ စိုက်ကြည့်နေမိသည်။ "လုယွီ အရက်သွားဝယ်တယ်၊ သူ မကြာခင် ပြန်လာလိမ့်မယ်။ ခယ်မလေး... သွားပြီး မျက်နှာသစ်လိုက်ပါဦး၊ ငရုတ်သီးကို ကျွန်တော်ပဲ လှီးလိုက်မယ်။"
သူသည် ထိုသို့ပြောဆိုရင်း ကျန်းနျန်၏ လက်ထဲမှ ဓားကို လှမ်းယူလိုက်ရာ သူမအနေဖြင့် ငြင်းဆန်ရန် အခွင့်အရေးပင် မရလိုက်ပေ။
ရှု့ရွှယ်လည်း ပြောခဲ့သည်။ "ဟုတ်တယ် ဟုတ်တယ်၊ အစ်မကျန်း မြန်မြန်သွားပြီး မျက်နှာသစ်လိုက်ပါ၊ အစ်မမျက်နှာကြည့်ရတာ သိပ်မကောင်းဘူး၊ ငရုတ်သီးနံ့နဲ့ မနေပါနဲ့တော့။"
ရှု့ရွှယ်မှာ နားမလည်သော်လည်း ကျန်းနျန်ကမူ ကုရှစ်ကျိုး၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။
လုယွီ မကြာမီ ပြန်လာတော့မည်ဖြစ်ရာ သူမ၏ ထိုကဲ့သို့သော အခြေအနေကို မြင်တွေ့သွားပါက သူ ပို၍ စိုးရိမ်ပူပန်သွားမည်ကို စိုး၍ ကုရှစ်ကျိုးက သူမအား သတိပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ။"
၇၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၂၂၀
ကျန်းနျန်သည် ရေချိုးခန်းအတွင်းသို့ ဝင်ကာ မျက်နှာကို ရေဖြင့် ဆေးကြောလိုက်သည်။ အေးစက်သော ရေကြောင့် သူမ၏ အသားအရေမှာ အေးမြသွားပြီး ရင်ဘတ်အတွင်းမှ နာကျင်မှုမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ကျန်းနျန်သည် ရေဇလုံကို ကိုင်ထားရင်း အချိန်အတော်ကြာ ရပ်နေမိသည်၊ သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးနောက်ကျိနေပြီး မေးခွန်းများစွာမှာ တရဟော ပေါ်ပေါက်လာခဲ့သည်။
အဘယ်ကြောင့် သူမသည် လုယွီ၏ မတူညီသော သေဆုံးမှုပုံစံများကို အိပ်မက်မက်နေရသနည်း။
ထို့ပြင် လုယွီက ဘာကြောင့် ကလေးယူရန် သုံးနှစ်စောင့်ခိုင်းခဲ့သနည်း။ ထိုအရာနှစ်ခုကြားတွင် ဆက်စပ်မှုတစ်ခုခု ရှိနေသည်လား။
ကျန်းနျန် စဉ်းစားမရဘဲ ခေါင်းကိုက်နေစဉ် အပြင်ဘက်မှ ချန်ယောင်၏ အသံကို ကြားလိုက်ရသည်။ "ယွမ်ယွမ်လေး နင့်ရဲ့ မွေးစားအဖေ ပြန်လာပြီ"
ထိုအသံကို ကြားသည်နှင့် ကျန်းနျန်မှာ မျက်နှာကို အမြန်သုတ်ကာ ပြုံးလျက် အပြင်သို့ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် နှင်းများ ကျဆင်းနေပြီး လုယွီ၏ အဝတ်အစားများထက်တွင် နှင်းများ ဖုံးလွှမ်းနေသည်။ သူသည် အပေါ်အင်္ကျီကို ချိတ်တွင် ချိတ်လိုက်ရင်း မီးဖိုချောင်အတွင်း ဟင်းသီးဟင်းရွက် လှီးနေသော ကုရှစ်ကျိုးကို မြင်သောအခါ မျက်ခုံးပင့်လျက် ကျီစယ်လိုက်သည်။ "နိုင်ငံရေးအရာရှိ ကုက တစ်ခါတလေကြတော့လည်း ကိုယ်တိုင်ချက်ပြုတ်ချင်နေတာပါလား။"
ကုရှစ်ကျိုး - ....
သူသည် ဓားကို ချလိုက်ပြီး မီးဖိုချောင်အပြင်သို့ ထွက်လာခဲ့သည်။ "ခယ်မလေးက ငရုတ်သီးနံ့ မွှန်သွားလို့ ငါ ဝိုင်းကူပေးနေတာပါ။"
လုယွီသည် ကျန်းနျန်အား ကြည့်လိုက်ရာ သူမ၏ တောက်ပသော မျက်ဝန်းလေးများမှာ အနည်းငယ် နီမြန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ "မင်း သွားနားနေလိုက်ပါ၊ ကိုယ်ပဲ ညစာ ပြင်ဆင်လိုက်မယ်။"
"မလိုပါဘူး ကျွန်မ အခု အဆင်ပြေသွားပါပြီ။"
ကျန်းနျန်သည် မီးဖိုချောင်အတွင်းသို့ ဝင်ရန် ကြိုးစားသော်လည်း လုယွီက သူမအား တားဆီးကာ ထိုင်ခုံပေါ်သို့ တွန်းပို့လိုက်ပြီး ကုရှစ်ကျိုးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မင်း ငါ့ကို ဝိုင်းကူဦး။"
ကုရှစ်ကျိုး - …
ရှု့ရွှယ်မှာလည်း မီးဖိုချောင်အပြင်သို့ အခေါ်ခံလိုက်ရသည်။ သူမသည် ချန်ယောင်ထံမှ ကလေးကို လှမ်းယူလိုက်ပြီး သူ့ခြေသလုံးကို ကန်လျက် ပြောလိုက်သည်။ "ရှင်လည်း သွားကူလိုက်ဦးလေ၊ ဒီတိုင်း ထိုင်မနေနဲ့။"
ချန်ယောင် - …
သူက သမီးလေးကိုပဲ ချီထားချင်တာပါ။
နှစ်သစ်ကူးအကြို ညစာကို ထိုအမျိုးသားသုံးဦးမှ စုပေါင်းပြင်ဆင်ခဲ့ကြရာ လုယွီ၏ လက်ရာကြောင့် ဟင်းလျာများမှာ အလွန်ပင် အရသာရှိလှသည်။
နှစ်သစ်ကူးအကြိုညမှာ မအိပ်ဘဲ စောင့်ရမည့်ညဖြစ်သဖြင့် သူတို့အားလုံး မိုးလင်းသည့်အထိ စောင့်ရန် သဘောတူခဲ့ကြသည်။ သို့သော် ရှု့ရွှယ်မှာ မျက်လုံးများ မဖွင့်နိုင်လောက်အောင် အိပ်ငိုက်လာသဖြင့် ကလေးကို ခေါ်ကာ အရင်ပြန်သွားခဲ့သည်။
ကျန်းနျန်မှာလည်း တစ်ဝက်ခန့်တွင် အိပ်ပျော်သွားသဖြင့် လုယွီက သူမအား အိပ်ခန်းသို့ ပွေ့ချီသွားခဲ့သည်။ သူမသည် တစ်ဖက်သို့ လှည့်လျက် လုယွီ၏ လည်ပင်းကို သိုင်းဖက်ကာ မလွှတ်ဘဲ ချွဲနွဲ့စွာ ပြောလိုက်သည်။ "ရှင် ကျွန်မဘေးမှာ လာအိပ်ပေးလို့ ရမလား။"
လုယွီ၏ စိတ်ထဲ၌ နူးညံ့သွားကာ သူမ၏ နှုတ်ခမ်းကို နူးညံ့စွာ နမ်းလိုက်သည်။ "ကိုယ် အခုချက်ချင်း ပြန်လာခဲ့မယ်။"
သူသည် အပြင်သို့ ထွက်ကာ ကုရှစ်ကျိုးနှင့် ချန်ယောင်တို့အား အမြန်ပြန်ကြရန် ပြောဆိုပြီး သူကိုယ်တိုင်မှာမူ အိမ်၌ပင် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကုရှစ်ကျိုး - …
ချန်ယောင် - ....
သူတို့ကို ပို့ဆောင်ပြီးနောက်တွင် လုယွီ တံခါးကို ပိတ်လိုက်သည်။ သူသည် တံခါးကို မှီကာ အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်နေမိပြီးနောက်မှ အထဲမှ ကျန်းနျန်၏ တိုးညှင်းသော အသံကို ကြားလိုက်ရသည်။
သူသည် မျက်နှာကို ပွတ်သပ်လျက် ရေချိုးခန်းအတွင်း သန့်ရှင်းရေး ပြုလုပ်ကာ အခန်းထဲသို့ ပြန်ဝင်၍ နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသည့် ကျန်းနျန်အား ပွေ့ဖက်လိုက်သည်။
ကျန်းနျန်က သူ့အနားသို့ တိုးကပ်လာသောအခါ လုယွီသည် မန္တန်အစွမ်းဖြင့် ပြုစားခံလိုက်ရသည့်အလား သူမ၏ လည်ပင်းနောက်ဘက်ကို ဆုပ်ကိုင်လျက် ပြင်းပြစွာ နမ်းရှိုက်လိုက်တော့သည်။
ကျန်းနျန်မှာ ထိုအနမ်းများကြောင့် အသက်ရှူ ကျပ်လာခဲ့ကာ သူမ ဝတ်ဆင်ထားသည့် အင်္ကျီလေးမှာလည်း ရုန်းရင်းဆန်ခတ်မှုများကြားတွင် မည်သို့ ပျောက်ဆုံးသွားသည်ကို မသိရပေ။
သူမသည် ရေငတ်နေသော ငါးတစ်ကောင်ကဲ့သို့ လုယွီအား ဖက်တွယ်ထားမိသည်။ မှောင်ရီပျိုးနေသော အခန်းအတွင်း သူမသည် အားယူ၍ မျက်လုံးဖွင့်ကြည့်လိုက်ရာ လုယွီ၏ မျက်ဝန်းများအတွင်း နီမြန်းနေသည့် အရိပ်အယောင်များနှင့် ဖောင်းကြွနေသော သွေးကြောများကို မြင်တွေ့လိုက်ရသည်၊ သူသည် အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ရသမျှကို ယခုမှပင် အားလုံးကို ထုတ်လွှတ်လိုက်သည့်အလား ဖြစ်နေသည်။
"လုယွီ..."
ကျန်းနျန်က တိုးညှင်းစွာ ခေါ်လိုက်သော်လည်း လုယွီထံမှ ပိုနက်ရှိုင်းသော တုံ့ပြန်မှုကိုသာ ရရှိခဲ့သည်။
ဤတိုက်ပွဲမှာ အချိန်အတော်ကြာ မြဲမြံခဲ့ပြီး ကျန်းနျန်အနေဖြင့် ပင်ပန်းသည်ဟု မခံစားရသည့် တစ်ခုတည်းသော ညပင် ဖြစ်သည်။ သူမသည် အချိန်များကို ယခုအခိုက်အတန့်၌ ရပ်တန့်ထားလိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ လုယွီ၏ တင်းကျပ်သော ပွေ့ဖက်မှုကို ခံယူရင်း သူ၏ မှန်မှန်ခုန်နေသည့် နှလုံးခုန်သံကို နားထောင်ကာ တစ်ခါမျှ မခံစားဖူးသည့် ငြိမ်းချမ်းမှုကို ခံစားနေရသည်။
သူတို့နှစ်ဦးစလုံးမှာ ချွေးများဖြင့် စိုရွှဲနေကြသည်။ လုယွီက သူ၏ နှာခေါင်းဖြင့် ကျန်းနျန်၏ နှာခေါင်းကို ပွတ်သပ်လျက် မေးခဲ့သည်။ "မင်း ပင်ပန်းနေပြီလား။"
ကျန်းနျန် ခေါင်းခါပြလိုက်သည်။ သူမ၏ လက်ချောင်းများမှာ ပင်ပန်းနွမ်းနယ်လွန်းလှသော်လည်း ခေါင်းမာမာဖြင့် ပြောလိုင်သည်။ "မပင်ပန်းပါဘူး။"
လုယွီမှာ သူမအား ထပ်မစတော့ဘဲ မီးဖိုချောင်သို့ သွား၍ ရေနွေးတည်ကာ သူမအတွက် ရေချိုးရန် ပြင်ဆင်ပေးခဲ့သည်။ ထို့နောက် သူမအား အိပ်ရာပေါ်သို့ ပြန်လည်ပွေ့ချီလာခဲ့သည်။ ယခုအခါ ကျန်းနျန်မှာ လုံးဝ နိုးကြားနေပြီဖြစ်ရာ လုယွီ၏ လက်မောင်းကို ခေါင်းအုံးလျက် သူမ၏ လက်ချောင်းများဖြင့် သူ၏ ဝမ်းဗိုက်ကြွက်သားများကို လိုက်စမ်းနေမိသည်။ ထိုအမျိုးသားမှာ မတတ်နိုင်သလို သက်ပြင်းချလျက် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "ငြိမ်ငြိမ်နေပါ။"
ထိုသို့ကြားရသောအခါ ကျန်းနျန်သည် နောက်ပြောင်လိုသော စပ်စုစိတ်ဖြင့် စောင်ကို လှန်ကြည့်လိုက်ရာ လုယွီ၏ မျက်နှာမှာ တောင့်တင်းသွားပြီး သူမ၏ အကြည့်ကို တားဆီးရန် စောင်ကို အမြန် ပြန်ဖိချလိုက်သည်။
ကျန်းနျန် အံ့အားသင့်သွားခဲ့သည်။ "ရှင် ထပ်ပြီး မလုပ်နိုင်တော့ဘူးလား။"
လုယွီ - …
ဒီအမျိုးသမီးဟာ စကားပြောတဲ့နေရာမှာ ပိုပြီးတော့ အရှက်မရှိ ဖြစ်လာတယ်ဆိုတာ သူ သတိပြုမိလိုက်သည်။
"မဟုတ်ဘူးလား။" ကျန်းနျန်က လုယွီအား တမင်စနောက်လျက် ထပ်မေးခဲ့သည်။ ထင်ထားသည့်အတိုင်းပင် ထိုအမျိုးသားမှာ စခံရခြင်းကို မအောင့်နိုင်တော့ပေ။ သူသည် သူမ၏အပေါ်သို့ ပြန်လည်မှောက်ချလိုက်ပြီး သူ၏ နက်မှောင်သော အကြည့်များဖြင့် စိုက်ကြည့်လျက် ပြောလိုက်သည်။ "မင်း စမ်းကြည့်ချင်သေးလို့လား။"
ကျန်းနျန် -.....
ကျန်းနျန်မှာ သူ့ကို အစွမ်းကုန် တွန်းထုတ်လိုက်ရာ လုယွီကလည်း ထပ်၍အတင်းအကျပ် မပြုလုပ်တော့ပေ။
ထို့အစား သူသည် သူမအား ပြန်လည်ပွေ့ဖက်ကာ ကျောရိုးတစ်လျှောက် အသာအယာ ပွတ်သပ်ပေးနေမိသည်။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင်မူ သူ ပြောလိုက်သည်။ "ကိုယ် ရှေ့လမှာ ထွက်သွားရတော့မယ်။"
ထိုအခိုက်အတန့်၌ ကျန်းနျန်၏ ကိုယ်ငွေ့နှင့် ရှက်ရွံ့မှုများ အားလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ ထိုညနေက ဟင်းချက်နေစဉ် ခံစားလိုက်ရသည့် ရုတ်တရက် နာကျင်မှုနှင့် အိပ်မက်ထဲက လုယွီ၏ ကံကြမ္မာကို သူမ သတိရသွားသည်။ သူမ၏ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားပြီး လုယွီအား တင်းကျပ်စွာ ဖက်ထားရင်း ပြောလိုက်သည်။"ရှင် မသွားလို့ မရဘူးလား။"
သူ့ရင်ခွင်ထဲရှိ ထိုလူသားလေးမှာ အနည်းငယ် တုန်ရီနေသည်။ လုယွီသည် သူမ၏ တုန်ယင်မှုများကို သက်သာစေရန် ကျောရိုးလေးတစ်လျှောက် ပွတ်သပ်ပေးရင်း သူမ၏ ခေါင်းထိပ်လေးကို နမ်းရှိုက်လိုက်သည်။ "အမိန့်က ကျလာပြီလေ၊ ကိုယ် လိုက်နာရမှာပေါ့။"
"ကျန်းနျန်... ကိုယ် ဘေးကင်းကင်းနဲ့ ပြန်လာမှာပါ။"
"မင်း အိမ်မှာ စောင့်နေတာဆိုတော့ ကိုယ် သေချာပေါက်ကို ပြန်လာမှာပါ။"
ထိုစကားလုံးများမှာ မိမိကိုယ်ကိုယ် ပြောဆိုနေခြင်းလည်း ဖြစ်နိုင်သလို ကျန်းနျန်အား ပြောနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျန်းနျန်သည် တစ်ညလုံး အိပ်မပျော်ဘဲ ဟိုဘက်ဒီဘက် လူးလှိမ့်နေမိသည်။ မိုးသောက်ယံသို့ ရောက်မှသာ သူမ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
ဖေဖော်ဝါရီလလယ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် လုယွီ ထွက်သွားရတော့မည် ဖြစ်သည်။
ကျန်ရှိနေသော နေ့ရက်များတွင် ကျန်းနျန်သည် ညစဉ် အိပ်ရာဝင်တိုင်း 'ကျန်းနျန်' ကို ထပ်၍အိပ်မက်မက်ရန် မျှော်လင့်နေမိသည်၊ စာအုပ်ထဲရှိ လုယွီ၏ နောက်ဆက်တွဲ ဇာတ်လမ်းနှင့် ဇာတ်ကွက်များ မည်သို့ဖြစ်လာမည်ကို သိလိုသောကြောင့် ဖြစ်သည်။
စာအုပ်ထဲရှိ အချိန်ကာလနှင့် ဇာတ်ကွက်များကို အတိအကျ နားလည်မှသာလျှင် သူမ လုယွီအား ကူညီနိုင်မည် မဟုတ်ပါလား။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းတည့်ချိန်တွင် လုယွီ အိမ်သို့ ပြန်ရောက်လာခဲ့သည်။
သူသည် ဟင်းသီးဟင်းရွက်များ၊ ဝက်သား၊ ကြက်သားများနှင့်အတူ ပန်းသီး၊ လိမ္မော်သီးနှင့် ငှက်ပျောသီးများကိုလည်း အများအပြား ယူလာခဲ့သည်။ အိမ်တွင် လိုအပ်သမျှကို အားလုံး ဖြည့်ဆည်းပေးထားပြီး စားပွဲပေါ်တွင်လည်း သူဝယ်လာသည့် မုန့်များဖြင့် ပြည့်နှက်နေသည်။ သူ စုဆောင်းထားသမျှ ငွေကြေးများကိုပင် သံဘူးတစ်ခုအတွင်း ထည့်သွင်းပေးထားသည်။ ကျန်းနျန်မှာမူ ပြတင်းပေါက်နားတွင် ရပ်နေရင်း ငိုထားသဖြင့် မျက်ဝန်းလေးများမှာ နီမြန်းနေသည်။
လုယွီက အနားသို့ လျှောက်သွားကာ သူမ၏ ဆံနွယ်များကို ဖွပေးလိုက်သည်။ "ကိုယ် ခဏလောက်ပဲ သွားမှာပါ၊ အကြာဆုံး ခြောက်လ၊ အမြန်ဆုံး လေးလလောက်ပါပဲ။ အပြင်မှာ ကိုယ်က ဒီလောက် ပိုက်ဆံမသုံးဖြစ်ဘူးလေ။ အိမ်မှာပဲ သေချာ ကြည့်ထားလိုက်ပါ။ ဘဏ်စာအုပ်ကိုလည်း သေချာ သိမ်းထား၊ လိုအပ်ရင် ထုတ်သုံးလို့ ရတယ်။ ပန်းထိုးအလုပ်ကိုလည်း အရမ်းကြီး မလုပ်ပါနဲ့၊ မဟုတ်ရင် မျက်စိ ထိခိုက်လိမ့်မယ်။ ကိုယ် မင်းကို ထောက်ပံ့နိုင်ပါတယ်။"
ကျန်းနျန်မှာ စီးကျလာတော့မည့် မျက်ရည်များကို အနိုင်နိုင်ထိန်းရင်း ရှိုက်သံဖြင့် ပြောလိုက်သည်။ "ကျွန်မ အိမ်မှာ စောင့်နေမယ်၊ ရှင် သေချာပေါက် ပြန်လာရမယ်နော်။"
လုယွီ ပြုံးလိုက်သည်။ "ကောင်းပါပြီ။" သူသည် သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "ဒီနှစ်ထဲမှာ ကလေးယူကြမယ်လို့ ကိုယ်တို့ သဘောတူထားတယ်မဟုတ်လား။ အိမ်မှာပဲ ကိုယ့်ကို စောင့်နေနော်။"
ကျန်းနျန်မှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း အချိန်အတော်ကြာသည့်အခါတွင်မူ စိတ်ဓာတ်များ ပြိုလဲသွားခဲ့ရသည်။
သူမသည် လုယွီ၏ ရင်ဘတ်ထဲ၌ မျက်နှာအပ်ကာ တင်းကျပ်စွာ ဖက်ထားရင်း ငိုကြွေးတော့သည်။ "ကျွန်မ ရှင့်ကို မခွဲနိုင်ဘူး လုယွီ ရှင့်ကို မသွားစေချင်ဘူး။"
သူပြုမူသမျှ အရာအားလုံးမှာ နှုတ်ဆက်ခြင်း အငွေ့အသက်များ လွှမ်းခြုံနေသည်။ သူ ရင်ဆိုင်ရမည့် အရာများကို သူကိုယ်တိုင် ကြိုတင်သိရှိနေသည့်အလား။ ကျန်းနျန်မှာမူ ဘာမျှမတတ်နိုင်ဘဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။ ဇာတ်ကွက်များမှာ အလယ်ပိုင်းတွင် ပြိုကွဲသွားခဲ့လျှင်ပင် ဇာတ်သိမ်းမှာမူ တူညီနေလိမ့်ဦးမည်ဟု ထင်ရသည်၊ သူမအနေဖြင့်မူ ဤစာအုပ်၏ ဇာတ်သိမ်းမှာ မည်သို့ရှိမည်ကိုပင် မသိရှိပေ။
လုယွီမှာ ဘာစကားမျှမဆိုဘဲ သူမအား တင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။ တစ်ချိန်က နွေးထွေးခဲ့သော အခန်းလေးမှာ ယခုအခါ ကျန်းနျန်၏ ရှိုက်သံများဖြင့် ဟာလာဟင်းလင်း ဖြစ်နေသယောင်ပင်။ သူသည် မျက်လုံးများကို မှိတ်လျက် သူမ၏ ဆံနွယ်ရနံ့လေးကို ရှူရှိုက်ရင်း စိတ်ထဲမှ ထပ်တလဲလဲ ရေရွတ်နေမိသည်။ သူ ပြန်လာခဲ့မည်။ ဤတစ်ကြိမ်တွင်မူ သူ အသေအချာ ပြန်လာခဲ့မည် ဟူ၍ ဖြစ်သည်။
ဤဘဝတွင် သူ့၌ ကျန်းနျန် ရှိနေပြီ၊ သူမသည် အိမ်တွင် သူ့ကို စောင့်ကြိုနေမည် ဖြစ်သည်။ သူမနှင့်အတူ ကလေးများစွာ ယူချင်သေးသည် မဟုတ်ပါလား။
အချိန်အတော်ကြာပြီးနောက်တွင် လုယွီ၏ အက်ရှရှအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "နျန်နျန် ကိုယ်တို့ ရုပ်ရှင်သွားကြည့်ရအောင်။"
ကျန်းနျန် ရှိုက်သံကို ထိန်းရင်း ပြောလိုက်သည်။ "ကောင်းပါပြီ။"
သူမသည် ရေချိုးခန်းအတွင်း မျက်နှာသစ်ကာ နီမြန်းနေသော မျက်ဝန်းများကို ကြည့်ရင်း နောက်ထပ်ကျလာမည့် မျက်ရည်များကို အနိုင်နိုင် ထိန်းထားလိုက်သည်။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်ကာ အသားအရေထိန်းပစ္စည်းအချို့ လိမ်းပြီး တောက်ပသော အရောင်ရှိသည့် ဂွမ်းအင်္ကျီကို လဲလှယ်ဝတ်ဆင်ကာ လုယွီ၏ လက်ကို ဆုပ်ကိုင်လျက် အပြင်သို့ ထွက်လာခဲ့သည်။
လမ်းတွင် ကုရှစ်ကျိုးနှင့် လျိုကျစ်တို့နှင့် ဆုံခဲ့သည်။ ကုရှစ်ကျိုးမှာ ကျန်းနျန်၏ မျက်နှာထက်မှ ထူးခြားသော အရိပ်အယောင်ကို သတိပြုမိသော်လည်း အများကြီး မမေးတော့ဘဲ ရိုးရှင်းစွာမေးလိုက်သည်။ "မင်းတို့ ဘယ်သွားကြမလို့လဲ။"
လုယွီ ပြန်ဖြေလိုက်သည်။ "ရုပ်ရှင်သွားကြည့်မလို့။"
လျိုကျစ် ရယ်မောလိုက်သည်။ "တပ်ရင်းမှူးလုကတော့ သူ့ဇနီးကို တကယ် အလိုလိုက်တာပဲ။"
ကုရှစ်ကျိုး လျိုကျစ်အား တစ်ချက်ကြည့်လိုက်ရာ သူသည် ခဏမျှ အံ့အားသင့်သွားပြီးမှ အခြေအနေကို ရိပ်မိကာ နှုတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ကုရှစ်ကျိုးက နာရီကို ကြည့်လျက် ပြောလိုက်သည်။ "နေ့လယ်ပိုင်းကားကို မီအောင် မြန်မြန်သွားကြတော့။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "အင်း။"
သူတို့နှစ်ဦးသည် စစ်အခြေစိုက်စခန်းမှ ထွက်ခွာကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် ကားစီးသူ သိပ်မရှိလှပေ။ ကျန်းနျန်သည် ပြတင်းပေါက်နားတွင် ထိုင်လျက် လုယွီ၏ လက်မောင်းကို မှီကာ သူတို့ ဆုပ်ကိုင်ထားသော လက်ချောင်းလေးများကို ငုံ့ကြည့်နေမိသည်။
သူတို့ ချစ်သူဖြစ်ပြီးနောက် ပထမဆုံးအကြိမ် မြို့သို့ ကားအတူစီးခဲ့စဉ်က လုယွီသည် သူမ၏လက်ကို အဝတ်အိတ်လေးဖြင့် ဖုံးအုပ်ကာ ဆုပ်ကိုင်ထားခဲ့သည်ကို သူမ သတိရသွားသည်။ ထိုအချိန်ကို ပြန်လည်စဉ်းစားမိသည့်အခါ ကျန်းနျန် အနည်းငယ် လွမ်းဆွတ်သွားမိသည်။ အစပိုင်းတွင်မူ လုယွီအား အေးစက်ပြီး စကားနည်းသော အမျိုးသားတစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ထိုအရာများမှာ ဟန်ဆောင်မှုများသာ ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။
ကျန်းနျန်သည် ပြတင်းပေါက်အပြင်ဘက်မှ လျင်မြန်စွာ ကျန်ရစ်ခဲ့သော ရှုခင်းများကို ကြည့်ရင်း မျက်လုံးကို အသာအယာ မှိတ်လိုက်သည်။ "လုယွီ..."
ထိုအမျိုးသားက ခေါင်းလှည့်ကြည့်လျက် ပြန်ထူးခဲ့သည်။ "ဟင်"
ကျန်းနျန် နူးညံ့စွာ ပြုံးလိုက်သည်။ "ရှင် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာရမယ်နော်၊ ကျွန်မ အိမ်မှာ စောင့်နေမယ်။" ထို့နောက် သူမ၏ ဝမ်းဗိုက်ကို အသာအယာ ထိတွေ့ရင်း ပြောလိုက်သည်။ "ကျွန်မတို့ နှစ်ယောက်ရဲ့ ရင်သွေးလေးကို လိုချင်တယ်။"
လုယွီ သူမ၏ လက်ကို ဆုပ်ကိုင်လျက် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
မြို့သို့ ရောက်ရှိသည့်အခါ လုယွီသည် သူမအား လိုက်ပို့ပေးကာ မုန့်အချို့ ဝယ်ယူပြီးနောက် ရုပ်ရှင်ရုံသို့ သွားခဲ့ကြသည်။ ရုပ်ရှင်မှာ နှစ်နာရီခန့် ကြာမြင့်ပြီး ထိုအချိန်အတောအတွင်း ကျန်းနျန်၏ လက်ကို လုယွီက တစ်ချိန်လုံး ဆုပ်ကိုင်ထားခဲ့သည်။ ရုပ်ရှင်ပြီးဆုံးသည့်အခါ အပြင်ဘက်တွင် မှောင်နေပြီဖြစ်ရာ အခြေစိုက်စခန်းသို့ ပြန်မည့်ကားမှာ မရှိတော့ပေ။
သူမသည် လုယွီအား မှီလျက် မော့ကြည့်ကာ မေးလိုက်သည်။ "ဒီည ဘယ်မှာ တည်းကြမလဲ။"
လုယွီ ပြန်ဖြေလိုက်သည်။ "အိမ်ပြန်မှာပေါ့။"
ကျန်းနျန် အံ့အားသင့်သွားခဲ့သည်။ "ဒါပေမယ့် ကားက မရှိတော့..."
"လုယွီ၊ ခယ်မလေး..."
ကုရှစ်ကျိုးသည် စစ်စိမ်းရောင် ဂျစ်ကားဘေးတွင် လက်ပိုက်လျက် သူတို့နှစ်ဦးအား ပြုံးကြည့်နေသည်ကို ကျန်းနျန် အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။ လမ်းသွားလမ်းလာများ၏ အကြည့်မှာလည်း ကုရှစ်ကျိုးထံသို့ ရောက်ရှိနေကြပြီး အချို့သော အမျိုးသမီးများမှာ စကားပြောရန်ပင် ကြိုးစားနေကြသည်။
စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး စစ်ကားကို မောင်းနှင်နိုင်သူဖြစ်ရာ သူသည် အရေးပါသောသူတစ်ဦး ဖြစ်ပေလိမ့်မည်။ အချို့သော သက်ကြီးပိုင်း အမျိုးသမီးများမှာပင် သူ့အား အမျိုးသမီးများနှင့် မိတ်ဆက်ပေးရန် စဉ်းစားနေကြသည်။
ကုရှစ်ကျိုး လည်ချောင်းဟန့်ပြီး လုယွီအား ပြောလိုက်သည်။ "မြန်မြန်လာ။" သူတို့သာ အချိန်ဆွဲနေပါက အဒေါ်ကြီးအချို့က ဝိုင်းအုံလာကြလိမ့်မည်။
ကျန်းနျန်အနေဖြင့် ကုရှစ်ကျိုး ထိတ်လန့်နေသော ပုံစံကို တွေ့ရခဲလှသည်။ တည်ငြိမ်လှသော သူပင်လျှင် အောင်သွယ်ပေးမည့် အဒေါ်ကြီးများနှင့် တွေ့သည့်အခါ အခက်တွေ့တတ်သည်ကို သိလိုက်ရသည်။ သူမသည် လုယွီအား ဆွဲခေါ်သွားရင်း ပြုံးလျက် မေးလိုက်သည်။ "နိုင်ငံရေးအရာရှိ ကု ဘာလို့ ဒီကို ရောက်နေတာလဲ။"
ကုရှစ်ကျိုး ပြုံးလိုက်သည်။ "ကျွန်တော်သာ ရောက်မလာရင် လုယွီက မင်းကို အိမ်အထိ ပိုးပြီး ပြန်ရမှာပေါ့။"
ဪ... ကုရှစ်ကျိုး၏ စကားအရ သူက လုယွီကို သနားနေပုံရသည်။ ကျန်းနျန်က လုယွီအား စနောက်သည့် အကြည့်ဖြင့် မော့ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ သူက သူမ၏ လက်ချောင်းလေးများကို ဆုပ်ညှစ်လျက် ပြောလိုက်သည်။ "ကားပေါ် မြန်မြန်တက်။"
ကောင်းကင်မှာ မှောင်ကျလာပြီး ရှေ့မီးကြီးများကသာ လမ်းကို လင်းထိန်စေသည်။ ကျန်းနျန်သည် လုယွီ၏ လက်မောင်းကို မှီလျက် လှုပ်ခါနေသော ကားနောက်ခန်း၌ အိပ်ပျော်သွားခဲ့ကာ သူမ၏လက်ကလည်း လုယွီအား တစ်ချိန်လုံး ဖက်တွယ်ထားခဲ့သည်။