← Chapters

အကူအညီပေးတတ်သော ကျိယွမ်

Vol. 30 Ch. 326

အကူအညီပေးတတ်သော ကျိယွမ်

Vol. 30 Ch. 326

ကုန်တိုက်အတွင်း၌ ဖြစ်သည်။

ကျိယွမ်နှင့် ကျူးယန်တို့သည် လက်ချင်းတွဲကာ ဓာတ်လှေကားစီးနေရင်းမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကြည်နူးစွာပြုံးနေကြ၏။

ယနေ့ ကျိယွမ်သည် ကျူးယန်နှင့်အတူ ဈေးဝယ်ထွက်ပေးခဲ့ပြီး ပစ္စည်းမျိုးစုံကို ဝယ်ယူခဲ့သည်။ ဝယ်ယူထားသော အထုပ်အပိုးအားလုံးကိုတော့ သူ၏ သိုင်းပညာသိုလှောင်ခန်းထဲသို့ ထည့်ထားလိုက်၏။

ကျူးယန်မှာ နေရာသစ်သို့ ရောက်ရှိကာစဖြစ်သဖြင့် မြင်မြင်သမျှအရာအားလုံးကို စိတ်ဝင်စားနေခဲ့သည်။

"စားလို့ကောင်းရဲ့လား"

ကျိယွမ်က ကျူးယန်၏လှပသောမျက်နှာလေးကို ဘေးတိုက်ကြည့်ရင်း မေးလိုက်သည်။

ကျူးယန်သည် နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်းမှ ပြန်ဖြေ၏။

"အရသာက နည်းနည်းတော့ ထူးဆန်းတယ်၊ ဒါပေမဲ့ အတော်အသင့်ပါပဲ"

သူမအတွက် ဤနို့လက်ဖက်ရည်သည် အမြင်ဆန်းသော်လည်း အရသာကတော့ သာမန်မျှသာဖြစ်သည်။

သူမသည် တစ်ချိန်က မြင့်မြတ်သော တည်ရှိမှုတစ်ခုဖြစ်ခဲ့ပြီး လောက၏အကောင်းဆုံးဆိုသောစားဖွယ်များစွာကို မြည်းစမ်းခဲ့ဖူးသောကြောင့် ဖြစ်သည်။

ကုံရှင်းဂြိုဟ်နှင့်နှိုင်းယှဉ်လျှင် လျူဖုန်းနယ်မြေမှာ ရှေးကျသည်မှာမှန်၏။သို့သော် ရှေးကျခြင်းမှာ အရသာရှိသော အစားအစာများ မရှိခြင်းကို မဆိုလိုပါ။

"သိပ်မကောင်းရင် သောက်မနေနဲ့တော့လေ၊ လွှင့်ပစ်လိုက် အခြားတစ်ခုထပ်ဝယ်ပေးမယ်"

ကျိယွမ်က သဘောထားကြီးစွာ ပြောလိုက်သည်။

လက်ရှိ၌ သူ၏လက်ထဲတွင် စုဆောင်းငွေများစွာ ရှိနေသဖြင့် အစားအသောက်အသစ်အဆန်းများကို လက်မတွန့်ဘဲ ဝယ်ပေးနိုင်စွမ်း ရှိ၏။

"ဒါက ယောက်ျားဝယ်ပေးထားတာမို့လို့ပါ"

နင်းထောင်က နို့လက်ဖက်ရည်ခွက်ကို နောက်တစ်ငုံသောက်လိုက်၏။

သူမက ကျိယွမ်ကို "ယောက်ျား" ဟု ခေါ်သည့်အခါတွင် နင်းထောင်နှင့် ပိုတူပြီး "သွေးပုလဲ" ဟု ခေါ်သည့်အခါတွင်မူ ကနေရီမလေးကျူးယန်နှင့် ပိုတူသည်။

အမှန်တကယ်မှာတော့ နှစ်ယောက်လုံးမှာ တစ်ဦးတည်းသာ ဖြစ်လေသည်။

"တို့တွေ လက်ထပ်စာချုပ်တောင် မလုပ်ရသေးဘူး၊ လူကြားထဲ အဲဒီလိုမပြောနဲ့၊ ငါနည်းနည်း ရှက်တယ်"

ကျိယွမ်က ရှက်သလိုလိုပြုံးကာ ဘေးဘီအား ကြည့်လိုက်၏။

နင်းထောင်က ကျိယွမ်အား ပိုလိုက်တာဟု နှာခေါင်းရှုံ့ပြရင်း အကြံပေးလိုက်သည်။

"ဒါဆို မြို့ပြရေးရာဦးစီးဌာနကို ဒီကို ပြောင်းလာအောင် လုပ်လိုက်ရမလား"

ထိုစကားကို အခြားသူများကြားလျှင် နောက်​ပြောင်နေသည်ဟု ထင်မည်ဖြစ်သော်လည်း သူမက အတည်ပြောနေခြင်းဖြစ်သည်။ သူမသာ ​ဆန္ဒရှိလျှင် ထိုအရာလောက်ကို အလွယ်တကူ လုပ်ဆောင်နိုင်လေသည်။

"မလိုပါဘူး၊ ငါ သိုင်းပညာပြိုင်ပွဲမှာ အနိုင်ရပြီး ထျန်းယွဲ့ကို ပြန်ရောက်မှပဲ စာချုပ်သွားလုပ်ကြတာပေါ့၊ ဒီမှာဆို ငါက ဘယ်သူ့ကိုမှ မသိတော့ ရုံးမှာလမ်းကြောင်းရှာလို့ အဆင်မပြေဘူး၊ ဒါဆို စာချုပ်က လွယ်လွယ်နဲ့ရမှာ မဟုတ်ဘူး"

ယခုမြို့၌ သူသိသူဆို၍ ဟန်ရှန်းယွင် တစ်ဦးတည်းသာ ရှိသည်။

ထျန်းယွဲ့တွင်မူ ကွဲပြား၏​။

မြို့ပြရေးရာဦးစီးဌာနမှ လူများနှင့် သိကျွမ်းသော ခွမ်းဟွမ်ရှိသည်။ ထိုအချိန်ကျမှ နင်းထောင်နှင့် သတို့သမီးလေးတို့အတွက် မှတ်ပုံတင်များ ပြုလုပ်ပေးပြီး တရားဝင် လက်ထပ်စာချုပ်ယူမည်ဖြစ်သည်။ ထိုအခါ အရာအားလုံးမှာ ဥပဒေနှင့်အညီ ဖြစ်သွားပေလိမ့်မည်။

"ကောင်းပါပြီ ယောက်ျား "

နင်းထောင်က ချစ်စဖွယ်ခေါင်းငြိမ့်ပြကာ ကျိယွမ်၏စကားကို သဘောတူလိုက်သည်။

သူတို့နှစ်ဦးသည် ကုန်တိုက်၏ ပထမထပ်သို့ ရောက်ရှိလာသောအခါ နင်းထောင်သည် စည်ကားလှသော လူအုပ်ကြီးကို ကြည့်ကာ သဘောကျနေ၏။

"ဟို... ရွှေလက်ကောက်ကိုလည်း ကျွန်မ လိုချင်တယ်"

လက်ထပ်လက်စွပ်ဝယ်ရန် ရွှေဆိုင်ထဲသို့ ဝင်သွားသောမင်္ဂလာဦးစုံတွဲကို သူမ တွေ့သွားပြီး သူတို့သည်လည်း လက်ထပ်စာချုပ်လုပ်တော့မည်ဖြစ်သဖြင့် အထိမ်းအမှတ် လက်ဆောင်တစ်ခုခု ရှိသင့်သည်ဟု ခံစားရသည်။

"အင်း၊ မင်းပြောတာ မှန်တယ်၊ တို့တွေ ရွှေလက်ကောက် တစ်ခုလောက် ဝယ်သင့်တယ်"

ကျိယွမ်က ခေါင်းငြိမ့်လိုက်ပြီးမှ မျက်မှောင်ကြုတ်လိုက်မိသည်။

"သတို့သမီးလေးက လက်ကောက်ကို ဘယ်လို ဝတ်ရမလဲ" ဟု တွေးမိသွားသောကြောင့်ပင်။

သတို့သမီးလေးတွင် ကျောက်စိမ်းကဲ့သို့လှပသောခြေလက်များ မရှိသဖြင့် လက်ကောက်ကို မည်သို့ ဝတ်ရမည်မှာ ပဟေဋိဖြစ်နေ၏။

သူ စဉ်းစားနေစဉ်မှာပင် နင်းထောင်က ရတနာဆိုင်ထဲသို့ ဝင်သွားနှင့်ပြီ ဖြစ်သည်။ ကျိယွမ်က ခဏမျှ စဉ်းစားပြီး အပြင်၌ စောင့်ရန် ဆုံးဖြတ်လိုက်၏။

ထိုမှသာ ဈေးဝယ်ထွက်ခြင်းနှင့် တူမည်မဟုတ်ပါလော။

အမျိုးသမီးကအတွင်း၌ ရွေးချယ်ပြီး အမျိုးသားက အပြင်၌စောင့်ဆိုင်းရသည်။ ၎င်းမှာ သာမန်လူများ လုပ်ဆောင်လေ့ရှိသည့် ပုံစံပင်။

သူသည်လည်း အလွန်သာမန်ကျသော လူတစ်ယောက် ဖြစ်သောကြောင့် ထုံးစံအတိုင်းလိုက်နာရန် ဆုံးဖြတ်လိုက်သည်။

ကျိယွမ်သည် ထိုင်ခုံတစ်ခုကို ရှာဖွေထိုင်လိုက်ပြီး ဖုန်းကိုထုတ်ကာ အေးအေးဆေးဆေးကစားနေလိုက်၏။

ထိုအချိန်မှာပင် အနည်းငယ်ကျယ်လောက်သော ခြေသံများ ထွက်ပေါ်လာလေသည် ။ ခြေသံနှင့်အတူ အရှိန်အဝါ ကြီးမားပုံရသော သက်လတ်ပိုင်း အမျိုးသားတစ်စု ကုန်တိုက်အတွင်းသို့ ဝင်ရောက်လာကြ၏။

ထိုအမျိုးသားများမှာ ဆံပင်တိုတိုညှပ်ထားကြပြီး ဝတ်စားဆင်ယင်မှုကလည်း တူညီကြသည်။ မျက်နှာထားများကလည်း တင်းမာထက်မြက်နေကြသဖြင့် အလွယ်တကူ ဆက်ဆံ၍ရမည့် ပုံစံမျိုး မဟုတ်ပေ။

သူတို့ဝင်လာခြင်းက လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားခဲ့သည်။

"သူတို့က ဗီဒီယိုအတို ရိုက်နေကြတာလား"

"ဒရာမာ တစ်ခုခုအတွက် ဖြစ်မယ် ထင်တယ်"

"သက်တော်စောင့်အခန်းပဲနေမှာ .."

ပတ်ဝန်းကျင်မှ တီးတိုးပြောဆိုသံများကို ကြားရသဖြင့် ကျိယွမ်သည်လည်း ဖုန်းကိုနားကာ ထိုအမျိုးသားများကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။

သို့သော် ထိုအုပ်စုမှာ သူ့ထံသို့ တည့်တည့် လျှောက်လာနေပုံရ၏။

ကျိယွမ်သည် သူတို့အားကြည့်နေရင်း ရုတ်တရက် စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာပြီး အတွေးများစွာ ဝင်လာခဲ့သည်။

"ငါ့ရဲ့ အိမ်ပါသားမက်ဘဝ အစစ်အမှန်ကို တစ်ယောက်ယောက် သိသွားပြီလား"

"ဒါပေမဲ့ ဘယ်သူမှ ငါ့ပါးကို လာမရိုက်ကြသလို ငါကလည်း မဲ့ပြုံး မပြုံးရသေးဘူးလေ"

ကျိယွမ်သည် အခြေအနေ အမျိုးမျိုးကို စိတ်ကူးယဉ်နေ၏။

ထိုလူများက ခဏနေလျှင် ဒူးထောက်လိုက်ပြီး "သိုင်းဘုရင်ကြီးကို ကြိုဆိုပါတယ်" ဟု ပြောကြမည်လား။

ကျိယွမ်သည် စိတ်ကူးစိတ်သန်း အားကောင်းသူဖြစ်သဖြင့် ဖြစ်နိုင်ချေများကို စိတ်ကူးယဉ်နေမိတော့သည်။

သို့သော် သူ မျှော်လင့်ထားသလို ဒူးထောက်ခြင်းမျိုး ဖြစ်မလာခဲ့ပေ။

ခေါင်းဆောင်ဖြစ်သူက သူ့ထံသို့ ရိုသေလေးစားသော အမူအရာဖြင့် တည့်တည့် လျှောက်လာပြီး စကားဆို၏။

"ကျွန်တော်က လန်ဟိုင်မြို့စားကြီး ပါ၊အခုဒီနေရာကို စိတ်ရင်းနဲ့ လာခဲ့တာဖြစ်ပြီး အရင်က မစ္စတာကျိကို စော်ကားမိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

သူ့ရှေ့မှလူမှာ အမှန်တကယ်ပင် လန်ဟိုင်မြို့စားကြီး ဖြစ်သည်။

ပဋိပက္ခများ မကြီးထွားမီ ညွှန်ကြားထားသည့်အတိုင်း သူ၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ သရုပ်ဆောင်ရမည်ဖြစ်သည်၊ သူတို့အနေဖြင့် မျက်နှာပျက်၍ မဖြစ်ပေ။

အမှန်အတိုင်းပြောရလျှင်တော့ ယခုအချိန်တွင် မြို့စားကြီး၏ စိတ်ထဲ၌ အတော်လေး တုန်လှုပ်နေသည်။

ကြယ်ခုနစ်ပွင့်မိသားစုတွင် ကျိယွမ်ကို အလွယ်တကူ ချေမှုန်းနိုင်သော 'ကောင်းကင်မျက်လုံး'ရှိသည်မှာ မှန်သော်လည်း သူ့တွင်ရှိခြင်းမဟုတ်ပါ။

သူက ကျိယွမ်ရှေ့၌လက်တွေ့ရောက်နေရသူဖြစ်သည် ။ တစ်ဖတ်လူက ရုတ်ရက်သတ်လိုက်လျှင် သူဘာမှမတတ်နိုင်ပါ။

ကောင်းကင်မျက်လုံးနဲ့ပစ်မှာကနောက် ၊ အရင်ဆုံးသေမှာက ငါ ။

သို့သော် တွေ့ဆုံမှုကို သူရှောင်လွှဲ၍လည်း မရပါ။

တစ်ဖက်တွင်လည်း သခင်လေးမူ က ကျိယွမ်၏ ရည်းစားလေးကို ရင်ဆိုင်လိမ့်မည်ဖြစ်သည်။

သူသည် ဆန္ဒမရှိသော်လည်း မြို့စားကြီးအနေဖြင့် ညွှန်ကြားချက်အတိုင်းလိုက်နာရမည်သာ ဖြစ်သည်၊ သို့မဟုတ်ပါက သူတစ်ဦးတည်း သေရုံတင်မကဘဲ တစ်မိသားစုလုံး သေသွားနိုင်၏။

"အော်... ခင်ဗျားလား ၊ ဒါပေမဲ့ ကျုပ်တို့အချင်းချင်း သိကြလို့လား"

ကျိယွမ်က မြို့စားကြီးကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

သူသည် ဤအဖိုးကြီးမှာ မည်သူမှန်း လုံးဝမသိပါ။

ချီယွမ်၏ စကားကြောင့် မြို့စားကြီးမှာ မှင်တက်သွားသည်။ သူ လူမှားသွားသလားဟုပင် တွေးမိ၏။

သို့သော် ကျိယွမ်၏ မျက်နှာကို ကြည့်လိုက်သောအခါ ဓာတ်ပုံထဲကအတိုင်း

အတိအကျဖြစ်နေသည်။

ထို့အပြင် အထက်လူကြီးများကလည်း ပုံမှားပြီးပြရန် အကြောင်းမရှိပေ။

ကျိယွမ်က ငါ့ကို မသိဘူးတဲ့လား။

မြို့စားကြီးမှာ အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။

"ခင်ဗျား မှားနေတာများလား၊ ကျွန်တော့်မှာ ခင်ဗျားကို သိတဲ့အမှတ်တရမျိုး မရှိဘူး"

ကျိယွမ်က ရိုးသားစွာထောက်ပြသည်။ သူသည် တစ်စုံတစ်ယောက်ကို မသိပါက ဟန်ဆောင်တတ်သူမျိုး မဟုတ်ပေ။

"ခင်ဗျားက ကျွန်တော့်ကို စော်ကားခဲ့လို့လား၊ အဲဒါ အထင်လွဲတာ နေမှာပါ၊ ကျွန်တော်က အတော်လေး ခွင့်လွှတ်တတ်တဲ့သူပါ၊ ရန်ငြိုးမထားတတ်ဘူး၊ ဒီကမ္ဘာမှာ ကျွန်တော့်မှာ ရန်သူဆိုတာ မရှိဘူး"

ကျိယွမ်က ရန်ငြိုးမထားတတ်ပါ ။

အကြောင်းမှာ သူ၏ရန်သူမှန်သမျှကို သူက သတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။ရန်သူမရှိသောကြောင့် သူ့တွင်ရန်ငြှိုးဟူ၍ မရှိပေ ။

မြို့စားကြီး၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ယင်သွားသည်။

သူက စိုးရိမ်နေသော်လည်း အားတင်းကာရှင်းပြ၏။

"မစ္စတာကျိ.. လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော့်ဆီကို ခေါင်းတလားတစ်လုံး ပို့ခိုင်းခဲ့တယ် မဟုတ်လား"

ကျိယွမ်၏ ပေါ့ပါးနေသောအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး တည်ကြည်သွားသည်။

"အဲဒါ ခင်ဗျားလား"

သူသည် ရန်ငြိုးမထားတတ်သော်လည်း အလွန် ဉာဏ်ကောင်းသူ ဖြစ်သည်။ မြို့စားကြီး၏ စကားကို ကြားသည်နှင့် ထိုသူ၏အမှတ်အသားကို ချက်ချင်းခန့်မှန်းမိသွားသည်။

ဤမြို့စားဆိုသူမှာ သူ၏ ဖုန်းကို ခိုးဝင်စစ်ဆေးရန် ဟက်ကာတစ်ဦးကို ခိုင်းစေခဲ့သော ယုတ်မာညစ်ပတ်သည့် လူစားဖြစ်သည်။ ထိုစဉ်က ဇီးရိုးဝမ်း က ကျူးကျော်သူ၏ အချက်အလက်ကို ပို့ပေးခဲ့သော်လည်း ကျိယွမ်က မည်သူမှန်း သေချာမသိဘဲ အကြမ်းဖျင်းသာ ဖတ်ခဲ့ခြင်း ဖြစ်၏။

သူက ဇီးရိုးဝမ်းကို ခေါင်းတလားပို့ခိုင်းလိုက်ရုံသာ လုပ်ခဲ့သည်။ သိုင်းပညာပြိုင်ပွဲပြီးမှ သူကိုယ်တိုင် သွားရောက် ကိုင်တွယ်ရန် စီစဉ်ထားခြင်းပင်။

ယခုမူ သူတို့က ဤနေရာသို့ ဆိုက်ဆိုက်ကြီး ရောက်လာကြပြီ ဖြစ်သည်။

"အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြချက်တစ်ခု လိုချင်တယ်"

ကျိယွမ်က အေးစက်စွာ ပြောလိုက်သည်။

သူသည် အကျိုးအကြောင်း သိတတ်သူဖြစ်ပြီး အပြစ်မရှိသူကို မသတ်ပေ။ အရေးကြီးဆုံးမှာ ကျိယွမ်သည် သူ့ကိုယ်သူ ကရုဏာစိတ်ရှိသူဟု ယူဆထား၏။ အကယ်၍ သူသာ တရားဓမ္မကို ကျင့်ကြံခဲ့ပါက ဘုရားလောင်းပင် ဖြစ်နေလောက်ပြီ ဖြစ်သည်။

" မစ္စတာကျိက ကွေ့ရန်စစ်စခန်းကို ဖျက်ဆီးလိုက်တာက တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့တယ်၊ အထက်လူကြီးတွေက မစ္စတာကျိရဲ့ အမှတ်အသားနဲ့ အချက်အလက်တွေကို စိတ်ဝင်စားသွားကြတယ် ၊ အဲဒါကြောင့်... ကျွန်တော်လည်း မသင့်တော်တဲ့အတွေးတွေဝင်ပြီး လမ်းမှားသွားတာပါ"

"အခု အထက်လူကြီးတွေက ဒီအကြောင်းကို သိသွားလို့ ကျွန်တော့်ကို တောင်းပန်ဖို့ လွှတ်လိုက်တာပါ၊ အထက်လူကြီးတွေက... မစ္စတာကျိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ရင်းနဲ့ ဆန္ဒရှိပါတယ်"

ထိုစဥ်က မြို့စားကြီးမှာ သခင်လေးမူ၏အမိန့်ဖြင့် ကျိယွမ်၏ ကိုယ်ရေးကိုယ်တာများကို စုံစမ်းရန်နှင့် သူ၏ ကျင့်စဉ်များနှင့် အစွမ်းများကို ခိုးယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့် ဟက်ကာအတတ်ပညာများ ရှိနေပါသော်လည်း အမိခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"အော်... ဒါတင်ပဲလား"

ကျိယွမ်က မြို့စားကြီးကို ကြည့်လိုက်သည်။

သူ၏ နှာခေါင်းမှာ အနည်းငယ် ရှည်ထွက်လာပြီးမှ ပုံမှန်ပြန်ဖြစ်သွား၏။၎င်းမှာ မြို့စားကြီး ပြောနေသည်မှာ အမှန်နှင့်မုသားများ ရောနှောနေကြောင်း ဖော်ပြနေခြင်းပင်။

"ပြောပါဦး ..ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ"

မြို့စားကြီး၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။

"မစ္စတာကျိက အတိတ်က ကိစ္စတွေကို မေ့ဖျောက်ပစ်ပြီး ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံမယ်ဆိုရင်၊ အထက်လူကြီးတွေက မစ္စတာကျိနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သွားဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ မစ္စတာကျိဘက်က ကျင့်စဉ်တချို့ကို ပေးရပါလိမ့်မယ်၊ အပြန်အလှန်အားဖြင့် အထက်လူကြီးတွေက မစ္စတာကျိကို နှိမ်မှာမဟုတ်ဘဲ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပံ့ပိုးပေးမှာပါ"

"ကျုပ်က ပေးလိုက်ရင် ခင်ဗျားတို့ကကော ယူရဲလို့လား"

ကျိယွမ်က ညင်သာစွာပြုံးရင်း မေးလိုက်သည်။သူ၏အပြုံးက နားလည်ရခက်ပြီး သူ၏အတွေးများကို မဖော်ထုတ်နိုင်ပေ။

မြို့စားကြီးမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသော်လည်း သေဖို့ အသင့်ပြင်ထားသော စိတ်ဖြင့် လာခဲ့ခြင်း ဖြစ်သောကြောင့် အားတင်းကာ ဆက်ပြော၏။

"မစ္စတာကျိ ပေးတာမှန်သမျှ အထက်လူကြီးတွေက ယူရဲတာပေါ့"

မြို့စားကြီးက အံကြိတ်ကာ ပြောလိုက်ရသည်။

ထိုအချိန်တွင် မြို့စားကြီး၏ နောက်ကွယ်မှ လူငယ်တစ်ဦးက ရှေ့သို့ ထွက်လာ၏။

"ဒါပေမဲ့ မစ္စတာကျိ.. အသေအချာ စဉ်းစားသင့်တယ်၊ ခင်ဗျားရဲ့ သိုင်းပညာစွမ်းအားက အံ့ဩစရာကောင်းပြီး ကွေ့ရန်စစ်စခန်းကို ဓားတစ်ချက်နဲ့ ဖျက်ဆီးနိုင်တာက ပြိုင်ဘက်ကင်းတယ်ဆိုပေမဲ့... ကျုပ်တို့ကြယ်ခုနှစ်ပွင့် မိသားစုက ကောင်းကင်မျက်လုံးကို ထိန်းချုပ်ထားတယ်ဆိုတာ မမေ့ပါနဲ့"

" ဒီ ချင်းယွမ်နိုင်ငံပေါ်မှာ ဘယ်သက်ရှိမဆို သူတို့ရဲ့ သေခြင်းရှင်ခြင်းကိုကျုပ်တို့က ဆုံးဖြတ်နိုင်စွမ်း ရှိတယ်"

"ချင်းယွမ်ကို ကျူးကျော်သူမှန်သမျှ ဘယ်လောက်ဝေးဝေး သုတ်သင်မှာ ဖြစ်သလို အင်အားကြီးတဲ့ ကန်ရှင်တောင်မှ တို့တွေကို မထိရဲဘူး၊ တို့နယ်မြေထဲမှာ ဘယ်သူမဆို လာရှုပ်ရင်တော့... မညှာတာဘူးလို့ မပြောနဲ့"

ထိုလူငယ်၏ စကားမှာ ပြတ်သားပြီး ခြိမ်းခြောက်သည့် အဓိပ္ပာယ် အပြည့်အဝ ပါဝင်နေသည်။

သို့သော် ကျိယွမ်မှာ အပြုံးမပျက်ဘဲ ထိုခြိမ်းခြောက်မှုကို သတိမထားမိသလို ဆက်ပြော၏။

"ငါက အမြဲတမ်း ဥပဒေလိုက်နာပြီး သူတစ်ပါးကို ကူညီတတ်သူပါ၊ လမ်းဖြတ်ကူးတဲ့ အဘွားအိုတွေကိုတောင် ခဏခဏ ကူညီပေးလေ့ရှိတယ်၊ ခင်ဗျားတို့ဆီမှာ လူငယ်ရှေ့ဆောင်အဖွဲ့ ရှိမယ်ဆိုရင် ငါက နေ့တိုင်း ပဝါနီစည်းပြီး အသင်းခေါင်းဆောင်တောင် ဖြစ်နေလောက်ပြီ"

ကျိယွမ်၏ စကားကြောင့် မြို့စားကြီးမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

ခြိမ်းခြောက်စကားပြောသော လူငယ်ကလည်း ဇဝေဇဝါ ကြည့်လိုက်မိသည်။

မလာမီကပင် သူတို့သည် ကျိယွမ်၏ စရိုက်ကို လေ့လာထားခဲ့သည်။

သူ့လို အစွမ်းထက်သောသူမှာ ပြတ်သားစွာ သတ်ဖြတ်တတ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမျှ သည်းခံမည်မဟုတ်ဟု ယူဆထားကြ၏။

သူတို့၏ စကားများမှာ သူ့ကို ဒေါသထွက်စေရန် လုံလောက်လေသည်။

သို့သော် ကျိယွမ်မှာ မလှုပ်မယှက်ရှိနေသည့်အပြင် အပြုံးတောင်မပြတ်ခဲ့ပါ ။ သူက အကူအညီပေးတတ်သူ ဖြစ်ကြောင်းပင် ပြောနေသေးသည်။

အကယ်၍... ယခုလိုလို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့လျှင် သူတို့၏ တာဝန်မှာ မပြီးမြောက်ဘဲ ဖြစ်နေလိမ့်မည် ။

သခင်လေးမူ ပေးထားသော တာဝန်မှာ ဤကဲ့သို့ မဟုတ်ပေ။

သူတို့ သေဆုံးခြင်းမှာ ကိစ္စမရှိသော်လည်း တာဝန်မကျေပါက သခင်လေးမူက သူတို့၏ မိသားစုများကို ချန်ထားမည် မဟုတ်ပါ။

သူတို့သည် ရှေ့ကလူကို ရန်စရန် အကြောင်းပြချက်တစ်ခု လိုအပ်သော်လည်း သိသာလွန်း၍လည်း မဖြစ်ပေ။ သို့မဟုတ်ပါက သခင်လေးမူတင်မကဘဲ အခြားအုပ်စုကလည်း သူတို့မိသားစုကို ပစ်မှတ်ထားပေလိမ့်မည်။

အကြောင်းပြချက် ကောင်းကောင်းတစ်ခု လိုအပ်နေ၏။

မြို့စားကြီး၏ စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။

သို့သော်လည်း ထိုအချိန်မှာပင် အလွန်တရာ သင့်တော်သော အကြောင်းပြချက်တစ်ခု သူတို့ရှေ့၌ ပေါ်လာခဲ့လေသည်။

သို့သော် ထိုအကြောင်းပြချက်မှာ အလွန်ထိတ်လန့်စရာ ကောင်းနေသည်ကတော့ စိတ်မကောင်းစရာပင်။

ကျယ်လောင်သော အသံနှင့်အတူ လူတစ်ဦးသည် ရွှေဆိုင်၏ ဒုတိယထပ်မှ ပြုတ်ကျလာပြီး မြို့စားကြီး၏ ရှေ့တည့်တည့်သို့ ကျရောက်လာခြင်းပင်။

ထိုသူ၏ မျက်နှာပေါ်မှ ရွှေကိုင်းမျက်မှန်မှာ ကျိုးပဲ့နေပြီး သွေးများလည်း စီးကျနေသည်။

သူ၏ လည်ချောင်းမှာလည်း ကြေမွနေပြီး အတွင်းအင်္ဂါများမှာလည်း ပျက်စီးနေပုံရ၏။

မြေပြင်ပေါ်မှ သက်မဲ့ရုပ်အလောင်းကို ကြည့်ပြီး မြို့စားကြီး၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

"သခင်လေးမူ"

မြေပြင်ပေါ်တွင် သေဆုံးနေသူမှာ အခြားသူမဟုတ်ဘဲ သူတို့၏ သခင်လေးမူပင် ဖြစ်တော့သည်။

ဘာ..ဘာတွေဖြစ်ကုန်တာလဲ ။

ကိုင်တွယ်ရခက်သော ကျိယွမ်ကို သူတို့ထံ ထားခဲ့ပြီး အန္တရာယ်မရှိပုံရသော မိန်းကလေးကို သခင်လေးမူက ကိုင်တွယ်ရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ယခုမူ သခင်လေးမူ သေဆုံးနေလေပြီ။

ထိုအခိုက် ညင်သာသော ခြေသံတစ်ခုနီးကပ်လာပြီး အလွန်လှပသော နင်းထောင်မှာ အပြုံးတစ်ခုနှင့် ဆင်းလာလေသည်။

သူမသည် အဖြူအမဲ ဆွယ်တာအင်္ကျီနှင့် စကတ်တိုကို ဝတ်ဆင်ထားသဖြင့် သူမ၏ ကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် လှပနေ၏။

"သူက အပေါ်ထပ်မှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားနေတာလေ၊ ရွှေနဲ့လုပ်ထားတဲ့ အိမ်ကို မြင်ဖူးလားလို့ ကျွန်မကို မေးနေသေးတယ်"

နင်းထောင်က ကျိယွမ်၏ လက်မောင်းကို မှီတွယ်ရင်း အလောင်းအားမေးငေါ့ပြသည်။

"သူက ဒီကမ္ဘာက 'ကောင်းကင်မျက်လုံး' လက်နက်က ဘယ်လောက် လှလဲဆိုတာကိုလည်း ပြချင်တယ်တဲ့"

"အော်"

ကျိယွမ်က ခေါင်းငြိမ့်ပြသော်လည်း နားမလည်သလို ဆို၏။

"ပုံမှန်ဆို မင်းသာ လက်ပါလိုက်ရင် သူ့ခန္ဓာကိုယ်က အခုလို မပျက်စီးပဲ ကျန်နေမှာမဟုတ်ဘူး မှတ်လား "

"ကျွန်မသာ အလောင်းကို မချန်ထားရင်... ကျွန်မ သတ်လိုက်တာမှန်း သူတို့ ဘယ်သိပါ့မလဲ"

နင်းထောင်၏ ညှို့ငင်တတ်သောမျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"ယောက်ျား... ဒီလူယုတ်မာတွေကို ရှင်မလုပ်ပါနဲ့၊ မိန်းမရဲ့ ဓားနဲ့ပဲ ရှင်းပစ်ပါရစေ"

လွန်ခဲ့သော နှစ်ရက်လုံးလုံး နင်းထောင်သည် သူတို့ကို စောင့်ကြည့်နေသော မျက်လုံးများစွာ ရှိနေသည်ကို သိထားပြီးသားဖြစ်သည်။ သို့သော် သူမနှင့် ကျိယွမ်တို့ ပြန်လည်ဆုံတွေ့ခါစဖြစ်သဖြင့် ထိုလူများကို လျစ်လျူရှုထားခဲ့၏။

ယနေ့တွင်မူ သူမက လွှတ်ပေးထားသော်လည်း သူတို့က ထိပ်တိုက်လာရောက် ရင်ဆိုင်ခဲ့ကြသည်။

အထူးသဖြင့် မူ ဟု အမည်ရသော ထိုလူမှာ အစွမ်းအစတစ်စက်ပင်မရှိဘဲ အလွန် မောက်မာနေ၏။ နင်းထောင် အမှန်ကယ်ပင် ထိုသူ၏အတွေးကို နားမလည်ခဲ့ပါ။

လျူဖုန်းနယ်မြေမှာဆိုလျှင် ထိုသို့ခွန်အားကင်းမဲ့သော ယောက်ျားမှာ သူမ၏နန်းတော်တွင် တံခါးစောင့်ပင် မဖြစ်နိုင်ချေ။

ထိုသူက သူ၏အင်အားကို နားမလည်ရုံမျှမက သူမကို ပိုက်ဆံဖြင့်ပင် ဆွဲဆောင်ရန် ကြိုးစားခဲ့သေးသည်။

နင်းထောင်အား ပို၍ဒေါသထွက်သွားစေသည်က ကျိယွမ်အပေါ် 'ကောင်းကင်မျက်လုံး' ကို စမ်းသပ်ချင်ကြောင်းကို ပြောခဲ့ခြင်းပင်။

ရလဒ်အနေနှင့် နင်းထောင်က သူ့ကို ငရဲမင်းထံ တိုက်ရိုက် ပို့ဆောင်ပေးလိုက်တော့သည်။

"သခင်လေးမူကို သူ သတ်လိုက်ပြီ... ငါတို့တော သေပြီ၊ တို့တွေ အကုန် သေကုန်ကြတော့မှာပဲ"

မူမိသားစုက ကောင်းကင်မျက်လုံးကို အပြည့်အဝ ထိန်းချုပ်ထားတာ၊ ငါတို့အားလုံး သေရတော့မှာ"

မြို့စားကြီးသည် မျက်ဝန်းများ ဗလာဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ သေရခြင်းမှာ ကိစ္စမရှိသော်လည်း သူ၏ မိသားစုမှာလည်း ဘေးကင်းတော့မည် မဟုတ်ပေ။

သခင်လေးမူ သေဆုံးသွားခြင်းက ကြီးမားသော ဘေးအန္တရာယ်ဖြစ်လာခဲ့လေပြီ။

တစ်ခါက မြို့တစ်မြို့တွင် ကြယ်ခုနစ်ပွင့် မိသားစုဝင်တစ်ဦးကို ဒေသခံ အရာရှိတစ်ဦး၏ သားက သတ်ဖြတ်ခဲ့ဖူး၏။

ရလဒ်အနေဖြင့် ကြယ်ခုနစ်ပွင့်မိသားစုက အမိန့်တစ်ခုတည်းဖြင့် စစ်တပ်လွှတ်ကာ ထိုအရာရှိ၏ မိသားစုတစ်ခုလုံးကို ရက်စက်စွာသတ်ဖြတ်စေခဲ့သည်။

ထိုအရာရှိ၏ ဖခင်နှင့် သူ၏ လက်အောက်ငယ်သားများပင် လွတ်မြောက်ခဲ့ခြင်း မရှိပါ။

ကြယ်ခုနစ်ပွင့်မိသားစုမှာ ချင်းယွမ်တွင် စစ်ရေးနှင့် နိုင်ငံရေး အာဏာကို ဆုပ်ကိုင်ထားသူစစ်စစ်များ ဖြစ်သည်။

သခင်လေးမူကဲ့သို့သော တရားဝင် မိသားစုဝင်မှာ အလွန်တရာ အဖိုးတန်၏။

ယခုမူ သူသည် ဤနေရာ၌ သေဆုံးသွားပြီ ဖြစ်သည်။

လုံထိုင်မြို့မှာ ကြီးမားသော အပြောင်းအလဲနှင့် ကြုံတွေ့ရပေတော့မည်။

မြို့စားကြီးတို့အဖွဲ့ ကမ္ဘာပျက်နေသော်လည်း ကျိယွမ်ကမူ အေးအေးဆေးဆေးပင် ပြုံးနေ၏။

ထိုအချိန်မှာပင် နင်းထောင်၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။

"ဒီလူရဲ့ မိသားစုက ဘယ်မှာလဲ၊ ငါ့ကို လိပ်စာပြောစမ်း"

မြို့စားကြီးနှင့် အခြားလူများမှာ မှင်တက်သွားကြသည်။

"ကောင်မ ..သေစမ်း"

နောက်ဆုံးတွင် ယူနီဖောင်းဝတ်ထားသူ တစ်ဦးက မနေနိုင်တော့ဘဲ သေနတ်ထုတ်ကာ နင်းထောင်အား ပစ်သတ်လိုက်သည်။

ကံဆိုးစွာပင် သူတို့၏ သေနတ်များမှာ နင်းထောင်ကဲ့သို့သော ပုဂ္ဂိုလ်ကို မထိခိုက်နိုင်ပေ။

သူမသည် လက်ကလေးပင်မလှုပ်ရှားခဲ့သော်လည်း တိုက်ခိုက်သူများမှာ ထိုနေရာမှာပင် သေဆုံးသွားကြ၏။

ချက်ချင်းဆိုသလို မှတ်ဉာဏ်အပိုင်းအစအချို့ နင်းထောင်၏ စိတ်ထဲသို့ စီးဝင်လာသည်။

"အော်... ဟိုမှာကိုး"

သူမသည် အဖြေကို ရရှိသွားလေပြီ။

မူမိသားစု မည်သည့်နေရာမှာရှိနေကြောင်း သိသွားပြီဖြစ်၏။

သို့သော်လည်း ထိုအချိန်မှာပင် သူမသည် ကောင်းကင်ကို ဖောက်ထွင်းကြည့်လိုက်သလို မျက်မှောင်ကြုတ်လိုက်ပြီး မျက်ဝန်းထဲ၌ အပြုံးတစ်ခု ပေါ်လာသည်။

"ဒါက ကောင်းကင်မျက်လုံးဆိုတာလား၊ ဒါက လျူဖုန်းနယ်မြေမှာဆိုရင်တော့ ဒုက္ခရောက်နိုင်ပေမဲ့၊ အခုတော့..."

သူမက ကျိယွမ်လက်အား ဆွဲခေါ်လိုက်သည်။

"ယောက်ျား... ကျွန်မတို့တွေ မီးရှူးမီးပန်း သွားကြည့်ရအောင်"

----------

တစ်ချိန်တည်းမှာပင် ဟိုတယ်တစ်ခုအတွင်း၌ ​ဖြစ်၏။

မူလုံရှန်း၏ မျက်နှာမှာ ဒေါသနှင့်အတူ နာကျင်မှုများ ပြည့်နှက်နေသည်။

ရွှေကိုင်းမျက်မှန်နှင့် မူကျွယ်မှာ သူ၏ တစ်ဦးတည်းသောသားနှင့် အချစ်ရဆုံးသားလည်း ဖြစ်၏။

ယခုမူ ကုန်တိုက်၏ စောင့်ကြည့်ကင်မရာနှင့် ဒရုန်းရုပ်သံများမှတစ်ဆင့် သူ၏သား အသတ်ခံရသည်ကို ရင်နာစဖွယ် မြင်တွေ့လိုက်ရသည်။

အဲဒီကောင်မက သတ်လိုက်တာပဲ ။

"သူတို့ သေရမယ်၊ သူတို့ သေကိုသေရမယ် ၊တစ်ယောက်ယောက်ရှိလား... ကောင်းကင်မျက်လုံးကို ဖွင့်လိုက်စမ်း"

ဤအချိန်တွင် သူသည် ဆင်ခြင်ဉာဏ်များ ပျောက်ဆုံးနေပြီ ဖြစ်သည်။

မူကျွယ်မှာ သူ၏သား ဖြစ်ရုံတင်မကဘဲ အဘိုးအို၏ အချစ်ဆုံးမြေးလည်း ဖြစ်သည်။ အကယ်၍ မူကျွယ်သာ နောင်တွင် မိသားစုကို ဆက်ခံပါက မူလုံရှန်းမှာ အမြင့်ဆုံး အုပ်ချုပ်သူ ဖြစ်လာပေလိမ့်မည်။

ယခုမူ မူကျွယ် သေဆုံးသွားသဖြင့် အရာအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားခဲ့လေပြီ။

သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ခန်းမအတွင်းရှိ အဆင့်မြင့် အရာရှိများမှာလည်း အမူအရာများ ပျက်ယွင်းသွားကြသည်။

ဟန်ခန်းပင်လျှင် ဝင်ရောက် ဖျောင်းဖျလိုက်ရသည်။

"လူကြီးမင်းမူ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ကောင်းကင်မျက်လုံးကို အလွယ်တကူ အသုံးမပြုသင့်ပါဘူး၊ အဲဒီနေရာမှာ ရှိတဲ့လူအားလုံး ကောင်းကင်မျက်လုံးအောက်မှာ သေသွားပါလိမ့်မယ်"

---------------

All Chapters