အခန်း (၆၃၃-၆၃၄)
Vol. 64 Ch. 633-634
အခန်း (၆၃၃) ရှောင်လွှဲရန် ခက်ခဲခြင်း
လုံချန်းသည် ဓားပြများကို လျစ်လျူရှုထားခဲ့သည်။ ရထားလုံးထဲက လူများကို ကူညီရန် ထိုဘက်သို့ လှည့်ကြည့်ဖို့ပင် မကြိုးစားခဲ့ပေ။ သူသည် မြို့ဘက်သို့သာ ဦးတည်ပျံသန်းနေပြီး အခြားသူများ၏ ကိစ္စထဲတွင် မလိုအပ်ဘဲ ဝင်မပါရန် ဆုံးဖြတ်ထားသည်။ သို့သော် သူက ပြဿနာကို ရှောင်သော်လည်း ပြဿနာက သူ့ဆီ လိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဓားပြများက သူ့ကို မြင်သွားပြီး အထင်မှားသွားကြသည်။ သူ မရပ်ဘဲ သွားနေသည်မှာ စိစစ်ရေးမြို့တော်ရှိ အစောင့်များကို သွားတိုင်တော့မည်ဟု သူတို့က ယူဆလိုက်ကြ၏။ လုံချန်း၏ ပျံသန်းနှုန်းမှာ အလွန်မြန်သဖြင့် သာမန်အတိုင်း လိုက်၍မမီနိုင်မှန်း ဓားပြများ သိလိုက်ကြသည်။
ဓားပြခေါင်းဆောင်မှာ သူ အမြတ်တနိုး သိမ်းဆည်းထားသော အကန့်အသတ်ဖြင့်သာ သုံး၍ရသည့် ရတနာတစ်ခုကို ထုတ်သုံးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် ရထားလုံး၏ အကာအကွယ်ကို ဖောက်ထွင်းရန် အချိန်ပိုလိုနေသဖြင့် ထိုရတနာထက် ရထားလုံးထဲက ပစ္စည်းက ပိုအရေးကြီးသည်ဟု ဆုံးဖြတ်လိုက်၏။
ဓားပြခေါင်းဆောင်သည် လုံချန်းရှိရာဘက်သို့ အနီရောင် မှန်ပြောင်းအသေးစားလေး တစ်ခုကို ချိန်ရွယ်လိုက်သည်။ ၎င်းပေါ်တွင် ဝင်္ကပါများစွာ ခင်းကျင်းထားပြီး ၃၀ စင်တီမီတာခန့် ရှည်လျား၏။
"ဒီတစ်ခါသုံးပြီးရင်တော့ မင်း ပျက်စီးသွားတော့မှာပဲ။ ငါ့ကို အများကြီး ကူညီခဲ့ဖော်ရပါပဲကွာ... ကဲ နောက်ဆုံးတစ်ခေါက်လောက် လုပ်လိုက်ကြရအောင်" ဓားပြခေါင်းဆောင်က ရေရွတ်ရင်း လုံချန်းကို မှန်ပြောင်းထဲတွင် အာရုံစိုက်ကာ ရှာဖွေလိုက်သည်။ လုံချန်းကို မှန်ပြောင်း၏ ဗဟိုချက်တွင် မိမိရရ မြင်လိုက်ရသည်နှင့် သူက မှန်ပြောင်းအား သုံးကြိမ် ပုတ်လိုက်သည်။
ရွှေရောင်မှန်ပြောင်းမှ ငွေရောင်အလင်းတန်းများ ဖြာထွက်လာပြီး အဖြူရောင် အလင်းတန်းတစ်တန်းမှာ လုံချန်းရှိရာသို့ တဟုန်ထိုး ပြေးထွက်သွား၏။
လုံချန်းမှာ အေးအေးဆေးဆေး ပျံသန်းနေစဉ် ရုတ်တရက် နောက်သို့ ဆွဲငင်ခြင်း ခံလိုက်ရသဖြင့် ဟန်ချက်ပျက်ကာ လွင့်ကျသွားတော့သည်။ သူ၏ ဝိညာဉ်ဓားမှာ ရှေ့သို့ ဆက်သွားနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ပြင်းထန်သော ဆွဲအားတစ်ခုကြောင့် နောက်သို့ ပြန်ပါသွားခြင်း ဖြစ်၏။
သူသည် လေထဲတွင် ရပ်တန့်နိုင်ရန် ကျင့်ကြံခြင်းစွမ်းအားကို သုံးသော်လည်း ဆွဲအားက ပြင်းထန်လွန်းသည်။ သူ ပြန်ပါသွားသည့် ဘက်သို့ ကြည့်လိုက်သောအခါ ရထားလုံးရှိရာသို့ ရောက်နေပြီး ဓားပြခေါင်းဆောင်က မှန်ပြောင်းတစ်ခုဖြင့် သူ့ကို ချိန်ထားသည်ကို မြင်လိုက်ရသည်။
"တချို့လူတွေကတော့ တကယ် သေချင်နေကြတာပဲ" ရွှင်းက စိတ်ပျက်လက်ပျက် ဆိုသည်။
"ဘာပြောရမလဲ... ငါက ပြဿနာကို ရှောင်ပေမဲ့ ပြဿနာက ငါ့ဆီ လာရှာနေတာပဲ။ အနည်းဆုံးတော့ သူရဲကောင်းလုပ်ဖို့ အခွင့်အရေးရတာပေါ့။ ရထားလုံးထဲကလူကတော့ ဒီလူမိုက်တွေကို ကျေးဇူးတင်ရလိမ့်မယ်" လုံချန်းက ရုန်းကန်မနေတော့ဘဲ ဓားပြခေါင်းဆောင်ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားလိုက်သည်။
"ခေါင်းဆောင်ကတော့ အလန်းပဲ။ ငါတို့ လိုက်တောင် မလိုက်ရဘူး၊ သူ့ဘာသာသူ ပြန်လာနေပြီ။ ဟားဟား... ဒီကောင်တော့ လွတ်လမ်းမရှိတော့ဘူး" ဓားပြများက ဝမ်းသာအားရ ရယ်မောနေကြသည်။
"မရယ်ကြနဲ့။ အလုပ်ပြန်လုပ်ကြစို့။ ဒီရထားလုံးကို အမြန်ဖောက်ကြ" ဓားပြခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း လုံချန်း နီးကပ်လာသည်နှင့် ခုတ်ပိုင်းရန် ဓားကို ပြင်ထားလိုက်၏။
လုံချန်း အနားသို့ ရောက်လာပြီး မီတာအနည်းငယ်အကွာတွင် ဓားပြခေါင်းဆောင်က ဓားကို ဝှေ့ယမ်းလိုက်သော်လည်း လုံချန်းမှာ ပျောက်ကွယ်သွားပြီး လွဲချော်သွားခဲ့သည်။ နောက်တစ်ခဏတွင်မူ ဓားတစ်စင်းမှာ ဓားပြခေါင်းဆောင်၏ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွက်သွားတော့သည်။
"ရန်သူကို ရွေးတဲ့အခါ အမြဲတမ်း သတိထားရတယ်ဗျ။ ပုရွက်ဆိတ်လို့ ထင်ရတဲ့အရာက မင်းကို ဘယ်အချိန်မှာ ပြန်သတ်မလဲဆိုတာ မင်း မသိနိုင်ဘူးလေ" လုံချန်းက ခပ်တိုးတိုးပြောလိုက်ပြီးနောက် ဝိညာဉ်ဓားက ပျံဝဲလာကာ ထိုလူ၏ ခေါင်းကို ဖြတ်ချလိုက်တော့သည်။
ဓားပြများမှာ ကြောက်လန့်တကြား ဖြစ်သွားကြပြီး လုံချန်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် "ကဲ... မင်းတို့ ဘာလုပ်ချင်လဲ။ တိုက်မလား၊ ပြေးမလား" သူ မေးလိုက်သည်။
ဓားပြများမှာ တွေဝေသွားကြသော်လည်း သူတို့ခေါင်းဆောင်ကိုပင် အလွယ်တကူ သတ်နိုင်သော ဤကောင်လေးကို မယှဉ်နိုင်မှန်း သိကြသဖြင့် ထွက်ပြေးရန် ပြင်လိုက်ကြသည်။ သို့သော် လုံချန်းက သူတို့ကို လွှတ်ပေးမည်ဟု လိမ်ညာခဲ့ခြင်း ဖြစ်၏။ သူတို့ လှည့်ထွက်သွားသည်နှင့် ဝိညာဉ်ဓားက သူတို့အားလုံး၏ လည်ပင်းကို တစ်ပြိုင်နက် ဖြတ်တောက်ပစ်လိုက်တော့သည်။
"ငါ့အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်တယ်" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
သူသည် ဝိညာဉ်ဓားပေါ် ပြန်တက်ကာ ထွက်ခွာသွားခဲ့သည်။ သူ မသိလိုက်သည်မှာ ရထားလုံး၏ အကာအကွယ်မှာ အတွင်းမှ အပြင်သို့ မြင်နိုင်သော မှန်ကဲ့သို့ ဖြစ်နေသဖြင့် ရထားလုံးထဲက လူများမှာ လုံချန်း၏ လုပ်ဆောင်ချက်အားလုံးကို မြင်တွေ့သွားခြင်းပင်။
"ထူးဆန်းတဲ့လူပဲ။ ငါတို့ကို ကူညီသွားပြီးတော့ ဆုလာဘ်တောင် မတောင်းဘဲ ထွက်သွားတယ်" ရထားလုံးထဲမှ လူတစ်ဦးက ရေရွတ်လိုက်သည်။
လုံချန်းသည် မြို့ရိုးအနားသို့ ရောက်ရှိလာပြီး သူ၏ ဝိညာဉ်အာရုံနှင့် အရိပ်အသွင် ပြောင်းလဲခြင်း ပညာရပ်ကို သုံးကာ မြို့ထဲသို့ ခိုးဝင်လိုက်သည်။
မြို့ထဲရှိ အဆောက်အအုံများနှင့် လမ်းမများမှာ အလွန်ပင် စနစ်ကျလှသဖြင့် သူ အံ့သြသွားရသည်။ လမ်းများမှာ ဖြောင့်တန်းနေပြီး မြို့မှာ သန့်ရှင်းသပ်ရပ်လှ၏။ လုံချန်းသည် လူအုပ်ကြားထဲတွင် ရောနှောကာ လမ်းလျှောက်နေလိုက်သည်။
တစ်ဖက်တွင်မူ ကူချင်သည် သခင်ကြီး ဝူယထံသို့ အကြောင်းကြားပြီး ဖြစ်သည်။ ဝူယမှာ ပေါ့ဆမှုအတွက် ဆူပူကြိမ်းမောင်းသော်လည်း ပြင်းထန်သော အပြစ်ပေးမှုတော့ မလုပ်ခဲ့ပေ။
"အမှတ်အသားမပါဘဲ ရှာဖို့ ခက်ပေမဲ့ ကံကောင်းရင်တော့ ရှာတွေ့နိုင်ပါတယ်။ ဒီသတင်းကို အပြင်မပေါက်အောင် လျှို့ဝှက်ပြီးတော့ပဲ ကိုင်တွယ်ရမယ်" သခင်ကြီး ဝူယက ဆိုရင်း စာတစ်စောင် ရေးသားလိုက်သည်။
"ကဲ... ဒီစာကို မြို့တော်ခေါင်းဆောင် နှစ်ယောက်ဆီကို သွားပေးလိုက်။ သူတို့ ဘာလုပ်ရမလဲဆိုတာ နားလည်ပါလိမ့်မယ်"
အခန်း (၆၃၄) ပြဿနာရှာတတ်တဲ့ မိန်းကလေး
ကူချင်သည် စာကိုယူဆောင်ကာ အနီးဆုံးမြို့သို့ ပျံသန်းသွားပြီး မြို့တော်ခေါင်းဆောင်ထံ ပေးအပ်ရန် ထွက်ခွာသွားတော့သည်။
လုံချန်းသည် မြို့ထဲရှိ လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း ဤမြို့တွင် သူဘာလုပ်နိုင်မလဲဟု စဉ်းစားနေမိသည်။ သတ်ပစ်လိုက်သော အစောင့်ဆီမှ အယူအဆအရ ဗဟုသုတအချို့ ရထားသော်လည်း လက်တွေ့အခြေအနေကို သိရှိရန်အတွက် လူများနှင့် ထိတွေ့ဆက်ဆံဖို့ လိုအပ်သည်ဟု သူယူဆသည်။
သူ့တွင် ငွေကြေးအလုံအလောက် ရှိနေပြီဖြစ်ရာ ပစ္စည်းအချို့ ဝယ်ယူရင်း ဤကုန်းမြေက လူများအကြောင်း လေ့လာရန် ဆုံးဖြတ်လိုက်၏။
"ရွှယ်နဲ့အတူ နှစ်ရက်လောက်တော့ အချိန်ဖြုန်းလို့ ရမှာပါ။ ငါ့မျက်နှာကိုလည်း ဘယ်သူမှ မသိသေးဘူး၊ ခြေရာခံအမှတ်အသားလည်း မရှိတော့ဘူးလေ" လုံချန်းက ရေရွတ်ရင်း လူသူကင်းမဲ့သော လမ်းကြားတစ်လမ်းထဲသို့ ဝင်ကာ ရွှယ်ကို ကမ္ဘာတုထဲမှ ခေါ်ထုတ်လိုက်သည်။
"ကုန်းမြေအသစ်မှ ကြိုဆိုပါတယ် မိဖုရားလေး" လုံချန်းက ပြုံးလျက် နှုတ်ဆက်လိုက်၏။
"အာ... တကယ်ကြီး ရောက်နေပြီလား။ အမိုက်စားပဲ" ရွှယ်က ဝမ်းသာအားရ ဖြစ်သွားသော်လည်း တခြားမိန်းကလေးများကို မတွေ့သဖြင့် "တခြားသူတွေရော" သူမ မေးလိုက်သည်။
"သူတို့က ကမ္ဘာတုထဲမှာပဲ ရှိနေတုန်းပါ။ နယ်မြေအသစ်ဆိုတော့ လူနည်းလေ ပိုကောင်းလေပဲလေ။ ဒါနဲ့ နောက်နှစ်ရက်က နင့်အတွက်ပဲ။ ငါနဲ့ နင် နှစ်ယောက်တည်းပဲ ရှိမယ်" လုံချန်းက သူမ၏ခေါင်းကို အသာအယာ ပုတ်ရင်း ဆိုသည်။ "ငါတို့ နှစ်ယောက်တည်း သီးသန့်မရှိဖြစ်တာ တော်တော်ကြာပြီနော်"
ရွှယ်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားသည်။ လုံချန်းက သူမ၏လက်ကို ဆွဲကိုင်လိုက်ရာ သူမမှာ ခေတ္တမျှ ကြောင်သွားသော်လည်း မကြာမီမှာပင် သူမ၏မျက်နှာထက်၌ အပြုံးများ ဝေဆာလာတော့သည်။
"လူနှစ်ယောက်တည်းဆိုတော့ ပိုပြီး ရင်းနှီးသလို ခံစားရတာပေါ့" လုံချန်းက သူမ၏လက်ချောင်းလေးများကို သူ၏လက်ချောင်းများဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဈေးဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
သူတို့နှစ်ဦးသည် လမ်းမပေါ်တွင် စကားတပြောပြောဖြင့် လမ်းလျှောက်လာခဲ့ကြသည်။ ရွှယ်အဖို့ ဤကဲ့သို့ စည်ကားသော ဈေးမျိုးကို ပထမဆုံး မြင်ဖူးခြင်းဖြစ်ရာ အလွန်စိတ်လှုပ်ရှားနေ၏။ လုံချန်းကလည်း ဤမြို့၏ နာမည်ကြီး စားသောက်ဖွယ်ရာအချို့ကို ဝယ်ကျွေးခဲ့သည်။ အရာအားလုံးက နာရီဝက်ခန့်အထိ အဆင်ပြေချောမွေ့နေခဲ့သော်လည်း မကြာမီမှာပင် အခြေအနေများ စတင်ပြောင်းလဲလာတော့သည်။
လမ်းမပေါ်တွင် မြို့စောင့်အစောင့်များကို ပိုမိုတွေ့လာရသဖြင့် လုံချန်းက သတိထားမိလိုက်သည်။ ရွှယ်ကတော့ သူတို့ခိုးဝင်လာခြင်း ဖြစ်ကြောင်း မသိသဖြင့် အေးအေးဆေးဆေးပင်။
လုံချန်းသည် တစ်ဖက်သို့ လှည့်အထွက်တွင် သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ အနီရောင်ဝတ်စုံနှင့် အလတ်တန်းစား အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
'သူ ငါ့ကို မှတ်မိသွားတာလား' လုံချန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် သေသွားသော အစောင့်ဆီက သိရသလောက်ဆိုလျှင် အဝေးကနေ ကြည့်ရုံဖြင့် ခိုးဝင်လာသူမှန်း သိနိုင်စရာ အကြောင်းမရှိပေ။ သေချာ ထပ်ကြည့်လိုက်သောအခါ ထိုလူမှာ သူ့ကို ကြည့်နေခြင်းမဟုတ်ဘဲ ရွှယ်ကို စိုက်ကြည့်နေခြင်း ဖြစ်ကြောင်း သတိထားမိသွား၏။
'ရွှယ်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေလို့ သူ သံသယဝင်တာလား။ ငါကတော့ ငါ့အဆင့်ကို ဖုံးကွယ်ထားနိုင်ပေမဲ့ ရွှယ်ကတော့ လူတိုင်း မြင်နိုင်တာပဲ' လုံချန်းက တွေးနေမိသည်။ ထိုလူမှာ ကောင်းကင်ဘုံအဆင့် ၁ ရှိသူဖြစ်ရာ လုံချန်းအတွက် ကိုင်တွယ်ရန် မခက်ခဲသော်လည်း ဤနေရာတွင် လူများလွန်းလှသည်။
လုံချန်းသည် ထိုလူဘက်သို့ အာရုံမရောက်အောင် ကြိုးစားရင်း ရှေ့သို့ ဆက်လျှောက်လာစဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူသည် ထိုလူကို ခိုးကြည့်နေရင်း ရှေ့ကို သတိမထားမိဘဲ ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသူနှင့် တိုက်မိသွားခြင်း ဖြစ်၏။
"အား"
အမျိုးသမီးတစ်ဦး၏ အော်သံနှင့်အတူ လုံချန်းနှင့် တိုက်မိသူမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ လုံချန်း ကြည့်လိုက်သောအခါ အလွန်လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။
သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်မှာ ပုခုံးစွန်းအထိသာ ရှည်သော်လည်း နက်ပြာရောင် ရှိသဖြင့် လူအုပ်ကြားတွင် ထင်ရှားလှသည်။ အသက် ၂၀ ခန့်ရှိမည့် ထိုမိန်းကလေးမှာ လုံချန်းနှင့် အရပ်တူသော်လည်း ပို၍ သွယ်လျ၏။ သူမ၏ မျက်ဝန်းပြာများမှာ ဆံပင်အရောင်နှင့် လိုက်ဖက်လှသည်။
'သူက ဟိုကောင်မလေးနဲ့ တူလှချည်လား' လုံချန်းသည် ရွှေနိုင်ငံက မင်းသမီးလေးတစ်ပါးကို သွားသတိရမိသည်။ မျက်နှာပေါက်၊ ဆံပင်နှင့် မျက်လုံးအရောင်မှာ အတော်လေး တူညီနေခြင်း ဖြစ်၏။
"နင်... နင် တေလေဂျပိုး။ ငါ့ကို တိုက်ရဲတယ်ပေါ့" ထိုမိန်းကလေးမှာ ထရပ်ကာ လုံချန်းကို လက်ညှိုးငေါ့ငေါ့ထိုးပြီး အော်လိုက်သည်။
'မဟုတ်ဘူး... ရုပ်ချင်းတူတာပဲ နေမှာပါ။ ဟိုမင်းသမီးလေးက ဒီလို စရိုက်မျိုး မရှိဘူး၊ ပြီးတော့ ပိုလည်း ငယ်တယ်' လုံချန်းက တွေးလိုက်သည်။
"နင်လို လူယုတ်မာကများ။ ငါ့ကို တမင်တိုက်ပြီးတော့မှ တဏှားရူး မျက်လုံးတွေနဲ့ ငါ့မျက်နှာကို စိုက်ကြည့်ရဲသေးတယ်" ထိုသို့ အော်ဟစ်ကာ သူမသည် လုံချန်း၏ ပါးကို ရိုက်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ လုံချန်းက ကြောင်နေသော်လည်း သူ၏ လက်က အလိုအလျောက် တုံ့ပြန်ကာ ထိုမိန်းကလေး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။
လုံချန်းက သူ၏ အားကို မထိန်းချုပ်လိုက်သဖြင့် မိန်းကလေးမှာ နာကျင်လွန်း၍ အော်ဟစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် အရိုးကျိုးသည်အထိတော့ မပြင်းထန်ပေ။
"ကလေးမ... မတော်တဆဆိုတာ ဖြစ်တတ်တာပဲ။ အဲဒါက ငါ့ကို ရိုက်ပိုင်ခွင့်ရှိတယ်လို့ မဆိုလိုဘူး။ အခု မင်းလမ်းမင်းသွား၊ ငါ့လမ်းငါသွားမယ်။ ကလေးလို ဂျီမကျစမ်းနဲ့" လုံချန်းက အေးစက်စွာ ပြောလိုက်သည်။
သူ၏ ဘယ်ဘက်လက်က မိန်းကလေး၏ လက်ကောက်ဝတ်ကို ကိုင်ထားပြီး ညာဘက်လက်ကတော့ ရွှယ်၏လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်၏။ အစောင့်များနှင့် ဘေးပတ်ဝန်းကျင်က လူများမှာ လုံချန်းကို ဝိုင်းကြည့်လာကြပြီး သူကိုင်ထားသော မိန်းကလေးကို မြင်လိုက်ရသည့်အခါ အားလုံး၏ မျက်နှာများ ဖြူလျော့ကုန်ကြသည်။
လုံချန်းက မိန်းကလေး၏ လက်ကို လွှတ်ကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း အစောင့်များမှာ သူ့ဆီသို့ ပြေးလာကြပြီး လက်နက်များဖြင့် ဝိုင်းထားလိုက်ကြတော့သည်။
'ဟူး... ဒါ ငါ့ကံဆိုးမှုပဲလား။ ပြဿနာ မဖြစ်အောင် နေပါတယ်ဆိုမှ ပြဿနာက ငါ့ဆီ လိုက်လာပြန်ပြီ' လုံချန်းက တွေးလိုက်မိသည်။
"ဘာလို့ ငါ့ကို ဝိုင်းထားကြတာလဲ။ ငါ ဘာမှမလုပ်ရဘူးလေ" လုံချန်းက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားလိုက်၏။
"နင်လို လူယုတ်မာကများ။ ငါ့ကို ထိလိုက်ပြီးတော့မှ ဘာမှမလုပ်ဘူးလို့ ပြောရဲသေးတယ်ပေါ့" ထိုမိန်းကလေးက လုံချန်းရှေ့တွင် ထပ်မံ ပေါ်လာပြီး လက်ညှိုးထိုးကာ အော်ပြန်သည်။
"နားထောင်စမ်း ရူးနေတဲ့ မိန်းမ... ငါ မင်းကို ထိဖို့ နည်းနည်းလေးတောင် စိတ်မပါဘူး။ ငါ့မှာ မင်းထက် အများကြီးလှတဲ့ ဇနီးသည် ရှိပြီးသား။ မင်းကို ကိုင်လိုက်တာက မင်းက ငါ့ကို အရူးမလို လာရိုက်လို့ ကာကွယ်လိုက်ရုံပဲ။ မင်းရဲ့ အဲဒီမျက်နှာကို ငါ ပြန်ပြီး မထိုးလိုက်တာကိုပဲ မင်း ကျေးဇူးတင်သင့်တယ်" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် သူမကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"နင်... နင်... နင်..." မိန်းကလေးမှာ လုံချန်း၏ စော်ကားသော စကားများကြောင့် ဒေါသထွက်လွန်းသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။
"နင် နင်နဲ့ ဘာဖြစ်နေတာလဲ။ အသက်နှစ်နှစ်ကလေးလား။ လူကြီးလို စကားပြောတတ်အောင် အရင်သင်ဦး" လုံချန်းက ထပ်မံ နှိပ်ကွပ်လိုက်သည်။ "ကဲ... ငါ ဘာမှမမှားဘူး။ လမ်းဖယ်ပေးကြ၊ ငါ သွားတော့မယ်"