အခန်း (၆၃၅-၆၃၆)
Vol. 64 Ch. 635-636
အခန်း (၆၃၅) တတိယမြောက် သွေးချောင်းစီးပွဲလား
ထိုအချိန်တွင်ပင် အနီးနားရှိ ဆိုင်ထဲမှ အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ သူသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်က ထိုမိန်းကလေး ထွက်လာခဲ့သည့် ဆိုင်ထဲမှပင် ထွက်လာခြင်း ဖြစ်၏။
ထိုအမျိုးသားသည် ပုခုံးစွန်းအထိ ကျနေသော ဆံပင်နက်များ ရှိပြီး ဝတ်စုံဖြူပေါ်တွင် အနက်ရောင် ကျင့်ကြံသူဝတ်ရုံကို ထပ်၍ ဝတ်ဆင်ထားသည်။ သူသည်လည်း အသက် ၂၀ ကျော်ခန့်သာ ရှိဦးမည် ဖြစ်သော်လည်း လုံချန်းနှင့် ငြင်းခုံနေသော မိန်းကလေးထက် ပို၍ ရင့်ကျက်ပုံရသည်။
"နင်... နင်... နင်လို လူယုတ်မာကများ။ ငါ့ကို ကလေးလို့ ခေါ်ရဲတယ်ပေါ့။ အစောင့်တွေ၊ သူ့အရိုးတွေကို ချိုးပစ်ကြစမ်း။ ဒီနေ့ သူ့ကို အသက်ရှင်လျက်နဲ့ ဒီကနေ ထွက်သွားခွင့် မပေးနဲ့"
ထိုအမျိုးသားသည် မိန်းကလေး၏ အသံကို ကြားလိုက်သဖြင့် လှည့်ကြည့်ရာ အစောင့်များက လူအချို့ကို ဝိုင်းထားသည်ကို တွေ့လိုက်ရ၏။ သူသည် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးအနားသို့ လျှောက်သွားလိုက်သည်။
"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" ထိုအမျိုးသားက မေးလိုက်၏။
မိန်းကလေးက ထိုအမျိုးသားကို မြင်သည်နှင့် ငိုယိုကာ...
"အစ်ကို၊ ဒီ... ဒီလူမိုက်က ညီမလေးကို တမင်တိုက်ပြီး လဲအောင် လုပ်တာ။ ညီမလေးရဲ့ လက်ကိုလည်း သူ့ရဲ့ ညစ်ပတ်တဲ့ လက်တွေနဲ့ ကိုင်သေးတယ်။ အဲဒါကို ပြောလိုက်တော့မှ ညီမလေးကို ပြန်စော်ကားပြီး ထွက်သွားဖို့ ကြိုးစားနေတာ" သူမက ပြောကာ ထိုအမျိုးသားကို ဖက်လိုက်သည်။
"ဪ... ဒီမြို့မှာ ငါ့ညီမလေးကို စော်ကားရဲတဲ့သူ ရှိနေသေးတာလား" ထိုအမျိုးသားက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် လုံချန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း လုံချန်း၏ စူးရှသော အကြည့်များထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွား၏။
"ကောင်လေး... မင်း ငါ့ညီမကို တိုက်မိတဲ့အပြင် သူ့လက်ကိုပါ ကိုင်ခဲ့တယ်။ အဲဒီပြစ်မှုတွေထဲက တစ်ခုတည်းနဲ့တင် မင်းကို အကြိမ်တစ်ထောင် သတ်လို့ရတယ်။ ဒါပေမဲ့ ဒီနေ့ ငါ စိတ်ကောင်းဝင်နေတာမို့ အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ညီမကို ကိုင်ခဲ့တဲ့ မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်၊ ပြီးရင် မင်းမှာရှိတဲ့ မပြောပလောက်တဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ဖျက်ဆီးပစ်လိုက်။ ဒါဆိုရင်တော့ မင်းကို သွားခွင့်ပြုမယ်" ထိုအမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
"ငါက မလုပ်ဘူးဆိုရင်ရော" လုံချန်းက ပြန်မေးလိုက်၏။
"မလုပ်ဘူးဆိုရင်တော့ ငါကိုယ်တိုင် လုပ်ရလိမ့်မယ်။ အဲဒီကျရင်တော့ လက်တစ်ဖက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူးနော်။ မင်းရဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို ဖြတ်ပြီး မင်းဘေးက မိန်းကလေးကိုလည်း ငါ့အတွက် ယူလိုက်မယ်။ ကိုယ့်ဘာသာကိုယ် လုပ်မလား၊ ငါ့ကို လုပ်ခိုင်းမလား... မင်းဘာသာမင်း ဆုံးဖြတ်လိုက်"
ဘေးပတ်ဝန်းကျင်မှ ကြည့်နေသော လူအုပ်ကြီးကလည်း ထိုပြစ်ဒဏ်ကို ကြားလိုက်ရသည်။
"ဒါက ပေါ့ပါးတဲ့ ပြစ်ဒဏ်ပဲလား။ သခင်လေးဟွန် ဒီနေ့ စိတ်ကောင်းဝင်နေလို့ ဒီကောင် ကံကောင်းသွားတာပဲ"
"ဟုတ်ပါ့... သခင်လေး ဟွန်သာ စိတ်မရှည်ရင် ဒီကောင် သေပြီးပြီ။ သူ့ညီမကို စော်ကားတဲ့သူက သေသင့်တာပေါ့"
"ငါကတော့ ဒီနေ့ တစ်ယောက်ယောက် သေတာ မြင်ရတော့မယ် အောက်မေ့တာ။ အခုတော့ ဒီကောင် အလွယ်တကူ လွတ်သွားပြီ"
"ဒါပေမဲ့ အစ်ကို။ အဲဒါက အရမ်းလွယ်လွန်းတာလေ။ သူက လက်တစ်ဖက်ဖြတ်ပြီး ထွက်သွားမှာပေါ့။ သူ့ကို ဒီလောက် မလွှတ်ပေးပါနဲ့" နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက မကျေမနပ် ကန့်ကွက်သည်။ လုံချန်း သေသွားသည်အထိ သူမက လိုလားနေခြင်း ဖြစ်၏။
"စိတ်မပူပါနဲ့ ညီမလေး။ ညီမလေးအတွက် ပေါ့ပါးတယ်လို့ ထင်ရတဲ့ ပြစ်ဒဏ်က သူ့လိုလူမျိုးအတွက်တော့ ငရဲကျသလိုပဲ။ ဒီကောင့်မျက်လုံးထဲမှာ မာနတွေကို အစ်ကို မြင်နေရတယ်။ လူတစ်ယောက်ကို သတ်တာထက် သူ့ရဲ့ မာနကို သတ်ရတာက ပိုပြီး အရသာရှိတယ်" ဟွန်က ဆိုသည်။ "သူ့လက်ကို ဖြတ်ပြီး ကျင့်ကြံခြင်း စွမ်းအားတွေ ပျောက်သွားရင် သူဟာ စက္ကန့်တိုင်းမှာ အရှက်ရပြီး သေနေတာနဲ့ တူလိမ့်မယ်။ သူ့မျက်နှာပေါ်က မျှော်လင့်ချက်မဲ့နေတဲ့ ပုံစံကိုပဲ ကြည့်နေလိုက်စမ်းပါ"
မိန်းကလေးမှာ ထိုစကားကို ကြားရသည့်အခါ လုံချန်း ဒုက္ခရောက်မည့်ပုံအား မြင်ယောင်ကာ ပြုံးရယ်နေတော့သည်။
"ဒီမောင်နှမ နှစ်ယောက်လုံးကတော့ စိတ်မနှံ့တာ တော်တော်ဆိုးတာပဲ" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သော်လည်း ဘာမှတော့ မလုပ်သေးပေ။ သူသည် အခြေအနေကို အတတ်နိုင်ဆုံး ထိန်းသိမ်းချင်သေးသည်။
"စိတ်မရှိပါနဲ့... ဒါပေမဲ့ မင်းပြောတဲ့ ရွေးချယ်စရာတွေထဲက တစ်ခုမှ ငါမကြိုက်ဘူး။ ငါက မင်းအဖေ မဟုတ်သလို မင်းကလည်း ငါ့သား မဟုတ်ဘူး၊ ငါက ဘာလို့ မင်းစကား နားထောင်ရမှာလဲ။ မင်း ငါ့ကို အဖေလို့ ခေါ်ရင်တောင် ငါက နားထောင်မှာ မဟုတ်ဘူး။ သွား... ငါ့လမ်းကို လာမပိတ်နဲ့" လုံချန်းက စိတ်ပျက်လက်ပျက်ဖြင့် ဟွန့်ကို ကြည့်ကာ ပြောလိုက်သည်။
ထိုလူမှာ သူ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်မှန်း သူ သိလိုက်ပြီ ဖြစ်သည်။ သူသည် ဤနေရာ၌ သူစိမ်းတစ်ယောက် ဖြစ်နေသော်လည်း ဟွန်နှင့် သူ၏ညီမမှာ ဤမြို့၌ နာမည်ကျော်ပြီး အရှိန်အဝါရှိသူများ ဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။
"ဟို... မင်းမှာ မာနရှိမှန်း ငါသိပါတယ်၊ ဒါပေမဲ့ ဒီလောက်တောင်လား။ ဒီလောက်မာနကြီးတာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မင်း မသိဘူးလား။ မင်းရဲ့ အသက်ထက် မာနကိုပဲ ရွေးချယ်တော့မှာလား" ဟွန်က စိတ်ဝင်တစား မေးလိုက်သည်။
"ငါ့မာနက အရေးကြီးသလို ငါ့ဦးနှောက်ကလည်း အရေးကြီးတာပဲ။ သူစိမ်းတစ်ယောက်က ပြောလိုက်ရုံနဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ဖျက်ဆီးပစ်ရအောင် ငါက မိုက်မဲမယ် ထင်နေလား။ ငါ့အသက်ကို ယူဖို့ဆိုတာကတော့ မင်းမှာ အဲဒီလောက် အရည်အချင်း မရှိသေးဘူး" လုံချန်းက ဟွန့်ကို အထင်သေးစွာ ကြည့်လျက် နှိမ်ချပြောဆိုလိုက်သည်။
ဟွန်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာသည်။ လူပုံအလယ်တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်စော်ကားခံရခြင်း ဖြစ်ရာ သူ မခံမရပ်နိုင် ဖြစ်သွား၏။
"ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ မင်းရဲ့ မာနကို ငါ သဘောကျတယ်။ ဒါပေမဲ့ မင်းက မာနပြရမယ့်လူကို မှားရွေးလိုက်ပြီ။ မင်းကိုယ်တိုင် သေတွင်းထဲ ဆင်းချင်မှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရမှာပေါ့။ မင်းရဲ့ နောက်ဆုံးထွက်သက်အထိ အဲဒီမာနကို ထိန်းထားနိုင်ဖို့ မျှော်လင့်ပါတယ်။ မင်းဘေးက မိန်းကလေးလှလှလေးကိုတော့ စိတ်မပူပါနဲ့၊ ငါ့အစောင့်တွေကို ပေးပြီး ပျော်ပါးခိုင်းလိုက်မယ်" ဟွန်က ပြုံးစစဖြင့် ဆိုကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ရတနာဓား တစ်လက်ကို ထုတ်လိုက်သည်။
'ဒီနေ့က ငါ့ရဲ့ ပထမဆုံးနေ့ပဲ ရှိသေးတယ်၊ အခု တတိယမြောက် သွေးချောင်းစီးပွဲ ဖြစ်တော့မှာလား။ ခရီးစဉ်အသစ်က ပျော်စရာကောင်းမယ် ထင်ထားတာ၊ တကယ်တော့ ငါ ထင်ထားတာထက်တောင် သွေးစွန်းနေဦးမှာပဲ' လုံချန်းက သက်ပြင်းချရင်း တွေးလိုက်မိသည်။
အခန်း (၆၃၆) သူများ အိမ်ကွင်းတွင် ပညာပေးခြင်း
"မိတ်ဆွေ... ငါ မင်းကို သတိပေးပါရစေ။ မင်း နောင်တရမယ့်အလုပ်မျိုး မလုပ်နဲ့။ ငါ ဘာမှမမှားဘူး။ မင်းရဲ့ညီမက ငါ့ကို အရင်တိုက်မိတာ၊ ပြီးတော့ ငါ့ပါးကိုတောင် ရိုက်ဖို့ ကြိုးစားခဲ့သေးတယ်။ အဲဒါကြောင့် ငါ သူ့လက်ကို ဖမ်းလိုက်တာပဲ။ ဒါကို ဖယ်ရင်တော့ သူ့ကို ထိဖို့ ငါ နည်းနည်းမှ စိတ်မဝင်စားဘူး" လုံချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ ဤစကားများက အလုပ်ဖြစ်မည် မဟုတ်မှန်း သူသိသော်လည်း ကြိုးစားကြည့်ချင်သေး၍ ဖြစ်၏။
"မင်းက ဒီကို အသစ်ရောက်လာတာ ဖြစ်ရမယ်။ အဲဒါကြောင့်လည်း မင်း ဒီလောက် မာနကြီးနိုင်တာပေါ့။ မင်း ငါ့အကြောင်း မသိလို့ မင်းကိုယ်မင်း အကောင်ကြီး တစ်ယောက်လို့ ထင်နေတာ။ တစ်ခုတော့ မှတ်ထားလိုက်၊ ဒီမြို့က ငါ့မြို့ပဲ။ ငါက ဒီမှာ မင်းသားပဲ၊ ငါ့မိသားစုက ဒီမှာ အမြင့်ဆုံး အာဏာရှိတယ်။ ငါ မင်းကို နေ့ခင်းကြောင်တောင်မှာ သတ်ပစ်ရင်တောင် ဘယ်သူမှ မင်းကို ကယ်ရဲမှာ မဟုတ်ဘူး။ မင်းကိုယ်မင်း အကောင်ကြီးလို့ ထင်နေနိုင်ပေမဲ့ ဒီမှာတော့ မင်းက ဘာမှမဟုတ်ဘူး။ မင်းက အနားက ဘယ်နိုင်ငံကပဲ လာလာ၊ ဒီမှာတော့ မင်းက ပုရွက်ဆိတ်ပဲ။ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို သုံးပြီး အသက်ရှင်ဖို့ မကြိုးစားနဲ့" ထိုအမျိုးသားက လုံချန်းကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
သူသည် လုံချန်းကို တခြားကုန်းမြေက လာသည့် ခိုးဝင်သူတစ်ယောက်ဟု မထင်ထားပေ။
စိစစ်ရေးမြို့တော်သည် ကမ္ဘာအနှံ့က လူများ လာရောက်လည်ပတ်ကြသည့် ခရီးသွားနေရာတစ်ခုလည်း ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားကုန်းမြေမှ လာသူများသည် အဆင့်နိမ့်သူများသာ ဖြစ်ကြပြီး ဤမြို့တွင် အသံပင် ကျယ်ကျယ် မထွက်ရဲကြပေ။ ပြဿနာရှာရန် လာသူများသာလျှင် မိမိကိုယ်ကို ဘုရင်ဟု ထင်တတ်ကြပြီး ထိုအမျိုးသားကလည်း လုံချန်းအား ထိုကဲ့သို့ပင် မှတ်ယူထားခြင်း ဖြစ်သည်။
သူ့စိတ်ထဲတွင် လုံချန်း၌ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်နိုင်သည့် ရတနာတစ်ခု ရှိနေသည်ဟု ထင်နေ၏။ ဤကုန်းမြေက လူများသာလျှင် သူ၏ရှေ့တွင် အလုပ်ဖြစ်မည့် ထိုကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်နိုင်သည်ဟု သူ ယူဆထားသည်။ သူ့တွင် အခြားသူများ ရတနာသုံး၍ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသော်လည်း မြင်နိုင်စွမ်းရှိသည့် ရတနာတစ်ခု ရှိပြီးသား ဖြစ်သည်။ အဆင့်တူညီသော ဖုံးကွယ်သည့် ရတနာမျိုးမှသာ သူ့ရှေ့တွင် အလုပ်ဖြစ်မည် ဖြစ်သည်။
သူ့ရတနာမှာ ကောင်းကင်အဆင့် အထွတ်အထိပ် ရတနာ ဖြစ်သည်။ နိုင်ငံခြားသား တစ်ယောက်တွင် ဤအဆင့်ရှိသော ရတနာမျိုး ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။ ထိုအချက်နှင့် လုံချန်း၏ အမူအရာတို့ ပေါင်းစပ်မိသောအခါ လုံချန်းသည် ဤကုန်းမြေရှိ နိုင်ငံတစ်ခုခုမှ အထက်တန်းလွှာ မိသားစုတစ်စုက ဖြစ်မည်ဟု သူ ယုံကြည်သွားသည်။ သို့သော် ဤမြို့ကို မည်သည့်နိုင်ငံကမှ အုပ်ချုပ်ခြင်း မရှိသဖြင့် သူသည် လုံချန်းကို ဂရုမစိုက်ပေ။
သူသည် မိမိ၏ မိသားစုအပေါ် ယုံကြည်မှု အပြည့်ရှိပြီး ဤကောင်လေးက အနီးနားက နိုင်ငံတစ်ခုခု၏ မင်းသားသာ မဟုတ်လျှင် ဘာမဆို ကိုင်တွယ်နိုင်သည်ဟု သိထားသည်။
'သူ့အဝတ်အစားတွေကို ကြည့်ရတာ မင်းသားတစ်ပါးနဲ့ မတူဘူး။ သူ့ဘေးမှာ မင်းသားတိုင်း ခေါ်လေ့ရှိတဲ့ နန်းတွင်းကိုယ်ရံတော် တစ်ယောက်မှတောင် မပါဘူး။ ဒီကောင် မင်းသား မဖြစ်နိုင်ဘူး။ ရတနာအချို့ ရထားပေမဲ့ သူ့မိသားစုက ကိုယ်ရံတော် ပေးလောက်အောင်အထိ ဂရုမစိုက်တဲ့ မိသားစုကောင်းက အသုံးမကျတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီကောင်ကတော့ ငါ့ကို စော်ကားပြီး အသက်ရှင်နိုင်မယ် ထင်နေတဲ့ တကယ့် လူအပဲ' ဆံပင်နက်နှင့် အမျိုးသားက လုံချန်းကို ကြည့်ရင်း တွေးလိုက်သည်။
"ငါက ဒီမြို့ကို အသစ်ရောက်တာလား၊ အဟောင်းလားဆိုတာ အရေးမကြီးပါဘူး။ အဓိကအချက်က အတူတူပါပဲ။ ငါ ဘာမှမမှားဘူး၊ မင်းတို့အားလုံးက ငါ့ကို အပြစ်ရှာဖို့ ကြိုးစားနေတာ။ မင်းညီမက ငါ့ဇနီးလောက် အနည်းဆုံး လှနေရင်တောင် တစ်မျိုးပေါ့၊ အခုက အဲဒီလိုလည်း မဟုတ်ဘူး။ ငါ ဘာမှမမှားတဲ့အတွက် ငါ ပြစ်ဒဏ်ခံမှာ မဟုတ်ဘူး။ တကယ်လို့ ဒီမြို့ကို ဒီလိုပုံစံနဲ့ အုပ်ချုပ်နေတာဆိုရင် ငါလည်း ဒီမှာ ဆက်နေဖို့ စိတ်မဝင်စားဘူး။ ငါ လိုအပ်တဲ့ ပစ္စည်းတချို့ ဝယ်ပြီးရင် ထွက်သွားတော့မယ်" လုံချန်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
သူသည် ရွှယ်၏လက်ကို ကိုင်ကာ ထွက်ခွာရန် ကြိုးစားသော်လည်း ဓားတစ်လက်က သူ၏လည်ပင်းနှင့် လက်မအနည်းငယ်အကွာတွင် တားဆီးလိုက်သဖြင့် ရပ်တန့်သွားရသည်။ ရွှယ်သည် လုံချန်း၏ လည်ပင်းနားက ဓားကို မြင်လိုက်ရသည့်အခါ ကြောက်လန့်သွား၏။ သူမ၏ နှလုံးခုန်သံမှာ လုံချန်း၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်စိတ်ဖြင့် ခေတ္တမျှ ရပ်တန့်သွားရသည်။
"ကျွန်မ... ကျွန်မတို့ကို သွားခွင့်ပြုလို့ ရမလားဟင်။ သူ ဘာမှမမှားဘူးဆိုတာ ကျွန်မ ကျိန်ဆိုရဲပါတယ်။ ဒါက မတော်တဆ ဖြစ်သွားတာပါ။ ကျွန်မတို့ အခုချက်ချင်း ထွက်သွားပါ့မယ်၊ ဒီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး" ရွှယ်က သတ္တိမွေးကာ ထိုအမျိုးသားကို ပြောလိုက်သည်။
ဆံပင်နက်နှင့် အမျိုးသားသည် ရွှယ်ကို ကြည့်ကာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။
"ဟင်... မင်းရဲ့ အသံလေးက တကယ့်ကို ကောင်းတာပဲ။ မင်းက ငါမြင်ဖူးသမျှထဲမှာ အလှဆုံး မိန်းကလေး မဟုတ်ပေမဲ့ မင်းရဲ့ အသံကတော့ တကယ့်ကို ဆွဲဆောင်မှုရှိတယ်။ ငါ့ကို စိတ်ကြွလာအောင် လုပ်နိုင်တယ်" ထိုလူက ရွှယ်ကို အထက်အောက် ကြည့်ရင်း ဆိုသည်။
"ငါ့အစီအစဉ်ကို ပြောင်းလိုက်ပြီ။ ဒီကောင့်ကို သတ်ပြီးရင် မင်းကို အပျော်အပါးလုပ်ဖို့ အစောင့်တွေကို မပေးတော့ဘူး။ ငါ့အခန်းထဲကို ခေါ်သွားပြီး တစ်ညလုံး ပျော်ပါးမယ်၊ မင်းကို အသံဗလံတွေ ထွက်လာအောင် လုပ်..."
ထိုလူက ညစ်ညမ်းသော စကားများကို ပြောဆိုရန် ပြင်နေစဉ်မှာပင် လက်သီးတစ်လုံးက သူ၏မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ့ကို အဝေးသို့ လွင့်စင်သွားစေသည်။
ထိုလူမှာ နောက်တွင် ရပ်နေသော အစောင့်ကို တိုက်မိကာ မူလနေရာမှ မီတာ ၅၀ ခန့်အကွာသို့ လွင့်ကျသွားတော့သည်။
"တခြားသူတွေရဲ့ ဇနီးကို ဘယ်လို စကားပြောရမလဲဆိုတာ မင်းမိဘတွေက မသင်ပေးထားဘူးလား။ မင်းရဲ့ အမေနဲ့ ညီမကိုရော လူတိုင်းက ဒီလိုပဲ စကားပြောကြတာလား။ မင်းရဲ့ အမေနဲ့ ညီမအတွက် ငါ တကယ် သနားမိတယ်" လုံချန်းက အေးစက်ခက်ထန်သော လေသံဖြင့် ဆိုကာ ထိုအမျိုးသား ရပ်နေခဲ့သည့် နေရာတွင် အစားထိုး ရပ်နေလိုက်သည်။
သူ၏ အရှိန်မှာ အလွန်မြန်လွန်းသဖြင့် သူ ဘာလုပ်လိုက်သည် ထိုလူ့အနားသို့ ဘယ်လို ရောက်သွားသည်ကို မည်သူမျှ မမြင်လိုက်ကြပေ။ နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးမှာ ဘာဖြစ်သွားမှန်း မသိဘဲ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်နေခဲ့သည်။
အစောင့်များမှာ အမြန်တုံ့ပြန်ကာ လုံချန်းကို တိုက်ခိုက်ရန် ပြေးလာကြသော်လည်း လုံချန်းက သူ၏လက်ကို မြှောက်ကာ မိန်းကလေး၏ လည်ပင်းကို ဖမ်းညှစ်လိုက်သည်။
လုံချန်း၏ လက်ထဲတွင် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးကို မြင်လိုက်ရသည့်အခါ အစောင့်များမှာ ချက်ချင်း ရပ်တန့်သွားကြ၏။
"မင်းအစ်ကိုက ဒီမှာ အကောင်ကြီး တစ်ယောက်ဆိုတာ ငါ ကြားပါတယ်။ ဒါဆို မင်းကလည်း တော်တော်လေး အရေးကြီးတဲ့သူ ဖြစ်မှာပေါ့။ ငါ့လက်က တုန်သွားပြီး မတော်တဆ မင်းလည်ပင်းကို ညှစ်မိသွားရင်တော့ တကယ် နှမြောစရာကြီး ဖြစ်သွားလိမ့်မယ်။ မင်းရဲ့ အစောင့်တွေကို ငါနဲ့ ငါ့ဇနီးနားကနေ နောက်ဆုတ်ပေးဖို့ ပြောလိုက်မလား၊ မဟုတ်ရင် ငါ မင်းလည်ပင်းကို ချိုးပစ်ဖို့ တစ်စက္ကန့်တောင် အချိန်ယူမှာ မဟုတ်ဘူး။ မင်းက ဒီမှာ အကောင်ကြီး ဖြစ်နိုင်ပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက တစ်စက္ကန့်အတွင်းမှာပဲ ကျိုးပျက်သွားမယ့် အရေပြားနဲ့ အရိုးတွေပဲ" လုံချန်းက မိန်းကလေးကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
မိန်းကလေးမှာ သူ၏ စကားများကြောင့် ထိတ်လန့်သွား၏။ သူမ၏ ဖြူလျော့နေသော မျက်နှာမှာ ပို၍ပင် ဖြူလျော့သွားတော့သည်။
"အ... အွတ်... သွားကြ၊ နောက်ဆုတ်ကြစမ်း" မိန်းကလေးက ကြောက်လန့်တကြားဖြင့် အစောင့်များကို ပြောလိုက်သည်။
အစောင့်များမှာ သူမစကားကို နားထောင်ကာ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြသည်။ အကယ်၍ ထိုလူက မိန်းကလေးကို တကယ်သတ်လိုက်လျှင် သူတို့ တာဝန်ယူနိုင်မည် မဟုတ်မှန်း သိနေကြ၍ ဖြစ်၏။ သူတို့သာ အပြစ်တင်ခံရမည် ဖြစ်သောကြောင့် သူမ၏ စကားကို နားထောင်လိုက်ကြခြင်း ဖြစ်သည်။
ဆံပင်နက်နှင့် အမျိုးသားသည်လည်း ပြန်လည် ထရပ်လိုက်သည်။
"ရပ်လိုက်၊ ငါ့ညီမကို ဘာမှမလုပ်နဲ့၊ မဟုတ်ရင် မင်းကို သေတာထက် ဆိုးတဲ့ သေခြင်းတရားကို ပေးမယ်" ထိုလူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုံချန်းကို ရပ်တန့်ရန် လက်ညှိုးထိုး အချက်ပြလိုက်သည်။