အခန်း (၆၃၉-၆၄၀)
Vol. 64 Ch. 639-640
အခန်း (၆၃၉) ကယ်တင်ရှင်လား
ရထားလုံးအတွင်း၌ ထိုင်နေသောသူ၏ ပါးစပ်မှ သက်ပြင်းတစ်ချက် ထွက်ပေါ်လာသည်။
"ကျွန်မလည်း သူ့ကို တွေ့ချင်မိပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်မ သူ့ကို မတွေ့ခင်မှာပဲ သူ ထွက်သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပြန်တွေ့ကြမှာပါ။ သူက ဒီမြို့ဘက်ကို ပျံသန်းလာတာဆိုတော့ ကျွန်မတို့ သူ့ကို ရှာတွေ့နိုင်ကောင်းရဲ့" ရထားလုံးထဲမှ လူက ဆိုသည်။
"ဒါနဲ့ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ မူရူးမျိုးနွယ်စုရဲ့ သခင်လေးက ဘာလို့ အဲဒီမှာ အဲဒီလို ရပ်နေရတာလဲ။ သူက ဒဏ်ရာရထားတဲ့ပုံပဲ။ တစ်ခုခု ဖြစ်ခဲ့တာလား။ တစ်စုံတစ်ယောက်က သူ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား။ မျိုးနွယ်စုတွေကြားမှာ စစ်ပွဲတစ်ခုခု ဖြစ်နေလို့လား" ရထားလုံးထဲမှ လူက မေးမြန်းလိုက်သည်။
အဘိုးအိုက နောက်သို့ လှည့်ကြည့်လိုက်ရာ ဆံပင်နက်နှင့် အမျိုးသားမှာ ထိုနေရာတွင် ရပ်လျက် ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဟုတ်တယ်... မူရူးမျိုးနွယ်စုကတော့ ဒီနေ့ တကယ်ကို အထိနာသွားတာပဲ။ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာတင် စော်ကားခံလိုက်ရသလို မူရူးမျိုးနွယ်စုရဲ့ သမီးတစ်ယောက်လည်း ပြန်ပေးဆွဲခံလိုက်ရတယ်။ မင်းတွေ့နေရတဲ့ သူ့မျက်နှာပေါ်က ဒဏ်ရာတွေကလည်း အဲဒီဖြစ်ရပ်ရဲ့ ရလဒ်ပဲ။ ဒါတွေအားလုံးကို လုပ်ခဲ့တဲ့သူက သခင်လေး မူရူးကို လက်သီးနဲ့ အပီအပြင် ထိုးလိုက်တာ၊ သူ လွင့်ထွက်သွားတဲ့အထိပဲ" အဘိုးအိုက ရထားလုံးထဲသို့ ကြည့်ရင်း ပြောလိုက်သည်။
"ဟင်... တစ်စုံတစ်ယောက်က မူရူးမျိုးနွယ်စုကို သူတို့နယ်မြေထဲမှာတင် ဒီလိုလုပ်ရဲတာလား။ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ အဲဒီလူကို အခုထိ မဖမ်းမိသေးဘူးလား" ဟယရထားလုံးထဲမှလူက ထပ်မံ မေးမြန်းသည်။
"ခုလေးတင် ဖြစ်သွားတာဆိုတော့ သူတို့ မဖမ်းမိသေးဘူး။ တကယ်တော့ မင်း အဲဒီဘက်ကို ကြည့်လိုက်ရင် အဲဒီလူ ထွက်သွားတာကို မြင်နိုင်သေးတယ်" အဘိုးအိုက ရထားလုံး၏ ဘယ်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ရထားလုံးထဲတွင် ထိုင်နေသောသူသည် မျက်မှောင်ကြုတ်လျက် အခြားတစ်ဖက်ရှိ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်၏။
ဝိညာဉ်ဓားကို စီးနင်းကာ ပျံသန်းနေသော လုံချန်း၏ ကျောပြင်ကို မြင်တွေ့လိုက်ရသည်။
"အဲဒီဓားနဲ့ အဲဒီလူ... အတူတူပဲ။ ကျွန်မ ထင်တာ မှန်တယ်။ သူက ကျွန်မကို ကယ်ခဲ့တဲ့လူပဲ" လုံချန်း ပျံသန်းထွက်ခွာသွားသည်ကို မြင်လိုက်ရသည့်အခါ ရထားလုံးထဲမှလူက အာမေဍိတ်သံဖြင့် ဆိုလိုက်သည်။
"မင်း အဲဒီလူကို မှတ်မိတာလား" အဘိုးအိုက ရထားလုံးထဲသို့ ကြည့်ကာ မေးလိုက်၏။
"ဟုတ်တယ်... သူက ကျွန်မရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ။ ဓားပြတွေကို သတ်ခဲ့တဲ့သူက သူပဲ။ သူသာ ဒီမှာ မရှိခဲ့ရင် ကျွန်မ သေနေလောက်ပြီ" အတွင်းဘက်မှ အဖြေတစ်ခု ထွက်ပေါ်လာသည်။
"အာ... ဒါဆို သူက ငါတို့ရဲ့ ကျေးဇူးရှင်ပေါ့။ အဲဒါကို ငါသာ သိခဲ့ရင် သူ့ကို စောစောကတည်းက ကူညီပေးခဲ့မှာ၊ အခြေအနေကို ဒီလောက်အထိ အဖြစ်မခံပါဘူး" အဘိုးအိုက မျက်မှောင်ကြုတ်လျက် လုံချန်းရှိရာသို့ ကြည့်ရင်း ဆိုသည်။
"သနားစရာ ကောင်လေးပဲ။ သူက ငါတို့ကို ကူညီခဲ့တယ်၊ အခုတော့ သူ သေတာကို ငါတို့ ထိုင်ကြည့်နေရတော့မယ်။ မူရူးမျိုးနွယ်စုကတော့ သူ့ကို လွတ်အောင် ထားမှာ မဟုတ်တာ သေချာတယ်။ အကြီးအကဲတွေကလည်း သူတို့ရဲ့ ကျင့်ကြံသူတွေနဲ့အတူ အချိန်မရွေး ရောက်လာတော့မှာ" အဘိုးအိုက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"ဟိုမှာ ရောက်လာကြပြီ" အစိမ်းရောင် ဝတ်စုံဝတ်ထားသူအချို့ ဓားများကို စီးနင်းကာ ပျံသန်းလာသည်ကို မြင်လိုက်ရသည့်အခါ သူက အော်လိုက်သည်။
ဝိညာဉ်ဓားများပေါ်တွင် ပျံသန်းလာသူ အယောက်နှစ်ဆယ် ရှိသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူဖြစ်ပြီး သူတို့ထဲမှ သုံးဦးမှာ ကောင်းကင်ဘုံအဆင့် ၁ ကျင့်ကြံသူများ ဖြစ်ကြသည်။ ကျန်ရှိသူများမှာမူ ကောင်းကင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ဖြစ်၏။ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူများမှာ မူရူးမျိုးနွယ်စု၏ အကြီးအကဲများ ဖြစ်ကြပြီး ကျန်သူများမှာမူ အစောင့်များ ဖြစ်ကြသည်။
"မဟုတ်ဘူး... ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တဲ့သူ သေတာကို ကျွန်မ ထိုင်မကြည့်နိုင်ဘူး။ အဘိုး မျိုးနွယ်စုကို သွားပြီး အကြီးအကဲ အချို့ကို လွှတ်ပေးဖို့ ပြောလိုက်ပါ။ ဒီနေ့ ဘာပဲဖြစ်ဖြစ် ကျွန်မ အဲဒီလူကို ကယ်မယ်" ရထားလုံးထဲတွင် ထိုင်နေသူက အလေးအနက် ပြောလိုက်သည်။
အဘိုးအိုသည် ရထားလုံးကို နားမလည်နိုင်သလို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ နောက်သို့ ပျံသန်းသွားတော့သည်။ ရထားလုံးသည်လည်း ညွှန်ကြားချက်အတိုင်း လုံချန်းရှိရာဘက်သို့ စတင် မောင်းနှင်သွား၏။
ဆံပင်နက်နှင့် ကောင်လေးသည်လည်း သူ၏ ရထားလုံးပေါ်တွင် ထိုင်ကာ လုံချန်းနှင့် သူ့နောက်သို့ လိုက်နေသော အကြီးအကဲများ ရှိရာသို့ လိုက်ပါလာခဲ့သည်။
လုံချန်းသည် မြို့ထွက်ပေါက်ရှိရာသို့ ပျံသန်းနေစဉ် သူ၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ် တစ်ခုကို ခံစားလိုက်ရသည်။
သူ နောက်သို့ လှမ်းကြည့်လိုက်ရာ သူ့နောက်သို့ လိုက်နေသော လူအချို့ကို တွေ့လိုက်ရ၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူကို မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
'ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူလား။ သူ့ကို ကိုင်တွယ်ရတာ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ငါ့မှာ ဓားစာခံလည်း ရှိတာပဲ။ သူတို့ ငါ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး' လုံချန်းက ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။
သူတို့ တိုက်ခိုက်မည်မဟုတ်ဟု သူ ယုံကြည်ထားသော်လည်း တိုက်ခိုက်လာနိုင်သည့် အခွင့်အရေးလည်း ရှိနေသည်ဟု သူ ယူဆသည်။ သူ့တွင် ကာကွယ်ရေးစွမ်းအား ပေးနိုင်သည့် ရတနာဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ပြဿနာမှာ ရွှယ်က သူ့ဘေးတွင် ရှိနေခြင်းပင် ဖြစ်၏။
သူမကို တိုက်ခိုက်မှုများ ထိမှန်သွားမည်ကို သူ အဖြစ်မခံနိုင်ပေ။
"ရွှယ်... နင် ခဏလောက် ပြန်သွားလိုက်ဦး။ ငါ ဒီလူတွေလက်ကနေ လွတ်ပြီဆိုမှ နင့်ကို ပြန်ခေါ်မယ်" လုံချန်းက ခေါင်းယမ်းရင်း ရွှယ်ကို ပြောလိုက်သည်။
"ကောင်းပါပြီ" ရွှယ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ သူမသည် မိမိကိုယ်မိမိ အားမကိုးနိုင်သေးကြောင်း သိထားပြီး သူမကိုယ်သူမ ယုံကြည်မှု အနည်းဆုံးသူလည်း ဖြစ်သည်။ သူမ ဆက်ရှိနေပါက လုံချန်းအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်မည်ဟု သူမ ယုံကြည်ထားသည်။
"တော်လိုက်တာ။ ဘာမှ စိတ်မပူနဲ့။ ကျောင်းတော်သခင်တောင် ငါ့ကို မဖမ်းနိုင်တာ၊ ဒီကောင်တွေက ပိုးမွှားတွေပါပဲ။ ငါ အဆင်ပြေသွားမှာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။ သူသည် ရွှယ်၏လက်ကို ထိလိုက်ပြီး သူမကို ကမ္ဘာတုထဲသို့ ပို့ဆောင်လိုက်၏။
လုံချန်း၏ လက်ထဲ၌ လည်ပင်းအညှစ်ခံရလျက် လေထဲတွင် တွဲလောင်းဖြစ်နေသော နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးသည် ရွှယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ လုံချန်းက ထိုမိန်းကလေးကို အခြားတစ်နေရာသို့ ပို့ဆောင်ရန် မည်သည့် အဆောင်ကိုမှ အသုံးပြုသည်ကို သူမ မတွေ့လိုက်ရပေ။
လုံချန်းတွင် ဟင်းလင်းပြင် ကူးပြောင်းခြင်း အဆောင်ကဲ့သို့ အလုပ်လုပ်သည့် ရတနာတစ်ခုခု ရှိနေသလားဟု သူမ တွေးတောနေမိသည်။
နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက လုံချန်း မည်သည့်အဆောင်ကိုမှ မသုံးသည်ကို မြင်လိုက်သော်လည်း အခြားသူများကမူ မမြင်လိုက်ကြပေ။
သူ့နောက်သို့ လိုက်နေသော လူများသည် မိန်းကလေး ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ကြသဖြင့် လုံချန်းက တစ်စုံတစ်ရာသော အဆောင်အား သုံးကာ သူမကို ဤနေရာမှ ဝေးရာသို့ ပို့လိုက်သည်ဟု ယုံကြည်လိုက်ကြသည်။ သို့သော် ဤအချက်က နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးနှင့် အကြီးအကဲများကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
မိန်းကလေးကမူ လုံချန်းတွင် ဟင်းလင်းပြင် ကူးပြောင်းနိုင်သည့် ရတနာရှိပါလျက်နှင့် အဘယ်ကြောင့် ဤနေရာမှ ထွက်မသွားဘဲ အလိုက်ခံနေရသေးသနည်းဟု တွေးတောနေစဉ် သူ့နောက်သို့ လိုက်နေသော အကြီးအကဲများကမူ လုံချန်းသည် အဘယ်ကြောင့် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးကို မလွှတ်ပေးဘဲ ဟင်းလင်းပြင် ကူးပြောင်းခြင်း အဆောင်များကို သုံးကာ ဤနေရာမှ ထွက်မပြေးသနည်းဟု တွေးတောနေကြသည်။
"အဲဒါ ဖြစ်ရမယ်၊ သူ့မှာ လူတစ်ယောက်အတွက်ပဲ သုံးလို့ရတဲ့ အဆောင်တစ်ခုပဲ ရှိတာ၊ အဲဒါကို သူက သူ့ကိုယ်သူအတွက် မသုံးခဲ့ဘူး။ သူက ဒီမိန်းကလေးကို ဓားစာခံအဖြစ် သုံးပြီး ထွက်ပြေးချင်နေတာ၊ အဲဒီအချိန်မှာ သူ့မှာရှိတဲ့ တစ်ခုတည်းသော အဆောင်ကို သုံးပြီး ဟိုမိန်းကလေးကို အရင် လွှတ်လိုက်တာပဲ။ ဒီကောင်က သူ့မှာရှိတဲ့ အရင်းအမြစ်တွေကို သုံးတာ တကယ်ကို ပါးနပ်တာပဲ" အကြီးအကဲများက လုံချန်းနောက်သို့ လိုက်ရင်း ရေရွတ်လိုက်ကြသည်။
တစ်ဖက်တွင်လည်း မိန်းကလေးမှာ အလားတူ ယူဆချက်မျိုး ရှိနေသည်။ လုံချန်းတွင် ရှိသည့် ရတနာမှာ အကန့်အသတ်ဖြင့်သာ သုံးနိုင်သော ပစ္စည်းတစ်ခု ဖြစ်ရမည်ဖြစ်ပြီး လုံချန်းက အားလုံးကို သုံးလိုက်ပြီဟု သူမ ထင်လိုက်၏။ သို့မဟုတ်လျှင်လည်း လုံချန်းသည် မိမိ၏ အသက်အန္တရာယ်ကို စွန့်စားရမည် ဖြစ်သော်လည်း သူမကို လုံးဝ လွှတ်မပေးချင်ခြင်း ဖြစ်လိမ့်မည်။
"အဲဒီလူယုတ်မာရဲ့ အရှိန်က ဘာလို့ ဒီလောက် မြန်နေရတာလဲ။ ဒီအရှိန်နဲ့ဆိုရင် ငါတို့ သူ့ကို မမှီနိုင်ဘူး။ သူက ဘယ်ကလဲ။ ဘယ်လို စွမ်းရည်ကို သုံးနေတာလဲ" ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
သူသည် သူ၏ အမြန်ဆုံး အရှိန်ကို သုံးနေသော်လည်း လုံချန်းနှင့် အကွာအဝေးကို မလျှော့ချနိုင်သေးပေ။
"ဒီလိုနဲ့တော့ သူ့ကို မဖမ်းနိုင်ဘူး။ ငါတို့ ဟိုဟာကို သုံးမှဖြစ်မယ်။ အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ" အခြား အကြီးအကဲ တစ်ဦးက ခေါင်းယမ်းရင်း အော်လိုက်သည်။
"အဲဒါကို သုံးမယ် ဟုတ်လား။ မင်း သေချာလား။ အဲဒါကို မသုံးဖြစ်တာ တော်တော်ကြာပြီနော်။ တကယ်လို့ ငါတို့ အဲဒါကို သုံးလိုက်ရင် ကောင်လေးတစ်ယောက်ကို တားဖို့ အဲဒါကို သုံးရတယ်ဆိုပြီး လူတွေက ငါတို့ကို လှောင်ကြလိမ့်မယ်။ ငါတို့ မိသားစုရဲ့ ဂုဏ်သိက္ခာတွေ အကုန် ပျက်ကုန်လိမ့်မယ်။ မျိုးနွယ်စု ခေါင်းဆောင်ကလည်း ငါတို့ကို စိတ်ဆိုးလိမ့်မယ်" အခြား အကြီးအကဲ တစ်ဦးက ခေါင်းယမ်းကာ ကန့်ကွက်လိုက်သည်။
"ငါ... အဲဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ တကယ်လို့ သူ့ကို ငါတို့ မဖမ်းမိရင်ရော ငါတို့ရဲ့ ဂုဏ်သတင်း မပျက်ဘူးလို့ မင်း ထင်နေတာလား။ မှားတယ်၊ ကောင်လေးတစ်ယောက်က ငါတို့လက်ထဲကနေ လွတ်သွားရင် ငါတို့ရဲ့ ဂုဏ်သတင်းက ပိုတောင် ပျက်ဦးမယ်။ စိစစ်ရေးမြို့တော် တစ်ခုလုံးရဲ့ လှောင်ပြောင်စရာ ဖြစ်လာလိမ့်မယ်။ ငါတို့ ဒါကို လုပ်မှဖြစ်မယ်" ဒုတိယ အကြီးအကဲက ထပ်မံ ထောက်ခံလိုက်သည်။
"ငါ သဘောတူတယ်။ ငါတို့ ဒါကို လုပ်ဖို့ လိုအပ်တယ်။ အကျိုးဆက်ကို ငါ တာဝန်ယူမယ်"
အခန်း (၆၄၀) သူတော်စင် ဘုရင်... သူတော်စင် သတ်ဖြတ်သူ ရှန်းဝူလား
"မင်းတို့ ငါ့ကို ကူညီကြ" ကောင်းကင်ဘုံအဆင့် ၃ ကျင့်ကြံသူက အခြားသူများကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
သူသည် သူ၏လက်နှစ်ဖက်လုံးကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။
ထိုနေရာတွင် အဆင့် ၃ ကျင့်ကြံသူအပါအဝင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ သုံးဦးရှိသည်။ အခြား ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ နှစ်ဦးက သူ၏လက်တစ်ဖက်စီကို ဆုပ်ကိုင်လိုက်ကြသည်။
သူတို့ သုံးဦးလုံးသည် မန္တန်တစ်ပုဒ်ကို စတင်ရွတ်ဆိုကြတော့သည်။ သူတို့၏ ရင်ဘတ်ပေါ်ရှိ အမှတ်အသားများသည် စတင်တောက်ပလာ၏။
လုံချန်းသည် သူတို့ကို စောင့်ကြည့်နေပြီး ဤသည်ကို မြင်တွေ့လိုက်ရသော်လည်း သူတို့ ဘာလုပ်ရန် ကြိုးစားနေသည်ကိုမူ သူ မသိပေ။ 'သူတို့ ငါ့ကို တိုက်ခိုက်တော့မှာလား' သူ တွေးနေမိသည်။
လုံချန်းက သူတို့ ဘာလုပ်နေသည်ကို တွေးတောနေစဉ် မူရူးမျိုးနွယ်စုမှ ဆံပင်နက်နှင့် သခင်လေးသည်လည်း သူတို့ရှိရာဘက်သို့ လှမ်းကြည့်နေသည်။
"ကောင်းတယ်။ သူတို့ အဲဒါကို သုံးနေပြီပဲ။ ဟုတ်ပြီ... အခုတော့ အဲဒီကောင် လွတ်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒီဝင်္ကပါက ငါတို့မျိုးနွယ်စုရဲ့ အကြီးအကဲ သုံးယောက် စုံမှ သုံးလို့ရတာဆိုတော့ အကြီးအကဲ သုံးယောက်လုံး ထွက်လာတာ တကယ်ကို ကောင်းသွားတာပဲ" ထိုလူက ပြုံးလျက် ရေရွတ်လိုက်သည်။
မူရူးမျိုးနွယ်စုသည် စိစစ်ရေးမြို့တော်၏ အင်အားကြီး မျိုးနွယ်စုတစ်စု ဖြစ်သည်။ သူတို့တွင် လိုသလို အသုံးပြုနိုင်သည့် အရင်းအမြစ်များစွာ ရှိ၏။ အတိတ်ကာလက သူတို့သည် ဤအရင်းအမြစ်များကို အသုံးပြု၍ မြို့ထဲတွင် ဝင်္ကပါတစ်ခု တည်ဆောက်ခဲ့ကြသည်။ အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်သည့် ဝင်္ကပါတစ်ခု ဖြစ်၏။ ထိုဝင်္ကပါကို အသက်သွင်းရန် မူရူးမျိုးနွယ်စု၏ အကြီးအကဲ သုံးဦး စုံညီရန် လိုအပ်သည်။ အကြီးအကဲ သုံးဦးလုံးက အတူတကွ ဖော်ဆောင်မှသာ ဝင်္ကပါ အလုပ်လုပ်ရန် အခွင့်အရေး ရှိမည်ဖြစ်သည်။
ဆံပင်နက်နှင့် ကောင်လေးမှာ ဤသည်ကို မြင်ရသည့်အတွက် မပျော်ဘဲ မနေနိုင်တော့ပေ။
သို့သော် ကျိမာမျိုးနွယ်စု၏ ရထားလုံးထဲတွင် ထိုင်နေသော သူမှာမူ မျက်မှောင်ကြုတ်သွား၏။
"မြန်မြန်မောင်း" သူတို့က ရထားလုံးမောင်းသူကို ခိုင်းလိုက်သည်။
အကြီးအကဲ သုံးဦးမှာ မန္တန်ရွတ်ဆိုခြင်း ပြီးဆုံးသွားသည်။
သူတို့ ရွတ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ ထိန်းချုပ်ထားသော မြို့၏ အစိတ်အပိုင်းတစ်ခုလုံးတွင် တောက်ပသော အလင်းရောင်များ စတင် ထွက်ပေါ်လာတော့သည်။ သူတို့၏ ရင်ဘတ်ပေါ်ရှိ အထူးအမှတ်အသားသည်လည်း ဝင်္ကပါကို အသက်သွင်းသည့် သော့အလား စတင် တောက်ပလာ၏။
ဝင်္ကပါမှာ အသက်ဝင်လာခဲ့ပြီ ဖြစ်ပြီး ၎င်းသည် လူတစ်ယောက်တည်းကိုသာ အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
လုံချန်းသည် သူ၏ ဝိညာဉ်ဓားကို စီးနင်းကာ ပျံသန်းနေစဉ် တစ်စုံတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ထွက်ခွာခွင့်မပေးဘဲ တားဆီးထားသလို ရုတ်တရက် ခံစားလိုက်ရသည်။ မမြင်ရသော လက်တစ်ဖက်က သူ့ကို အောက်သို့ ဆွဲချနေသကဲ့သို့ လုံချန်း၏ ခန္ဓာကိုယ်မှာ အောက်သို့ အဆွဲခံနေရ၏။
သူ မည်မျှပင် ကြိုးစားပါစေ သူ၏ ဝိညာဉ်ဓားမှာ ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ အောက်သို့သာ စတင် ဆင်းသက်လာတော့သည်။
လုံချန်းသည် မြေပြင်ပေါ်ရှိ ဝင်္ကပါကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒါ သူတို့ လုပ်နေတဲ့ အလုပ်လား။ ငါ ထွက်မသွားနိုင်အောင် တားတဲ့ ဝင်္ကပါပေါ့။ ငါ့ကို ထွက်မသွားစေချင်ဘူးဆိုရင်လည်း ငါက အလိုက်သင့် နေပေးရတာပေါ့။ ငါလည်း ထွက်မသွားခင် သူတို့ကို လက်ဆောင်တစ်ခု ပေးဖို့ မေ့နေတာပဲ။ သူတို့ စိတ်ဆိုးနေတာကလည်း နားလည်ပေးလို့ ရပါတယ်" လုံချန်းက နောက်သို့ လှည့်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ၏ စကားလုံးများမှာ ယဉ်ကျေးပျူငှာနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ဤနေရာမှ မထွက်ခွာမီ တစ်စုံတစ်ရာကို ဖျက်ဆီးပစ်ချင်နေသည့် ဒေါသအရိပ်အယောင်များ ပေါ်လွင်နေ၏။
လုံချန်းသည် ထိုဆွဲအားကို ဆန့်ကျင်ခြင်းကို ရပ်တန့်လိုက်ပြီး ဓားပေါ်မှ ခုန်ချလိုက်သည်။
လုံချန်း ခုန်ချလိုက်သည်ကို မြင်သောအခါ မိန်းကလေးမှာ ထိတ်လန့်သွားသော်လည်း လုံချန်း၏ ထိန်းချုပ်မှုမှာ အလွန်ပင် ပြည့်စုံလှသဖြင့် သူ ခုန်ချလိုက်သည့်တိုင် သူမ၏ လည်ပင်းကို အားပို၍ မညှစ်မိပေ။ သူ ခုန်ချလိုက်စဉ် လုံချန်းက စိတ်လှုပ်ရှားပြီး သူမ၏ လည်ပင်းကို ချိုးပစ်လိုက်မည်ကို သူမ စိုးရိမ်နေခဲ့သော်လည်း သူမ စိုးရိမ်သလို ဖြစ်မလာသဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
လုံချန်း ဓားပေါ်မှ ခုန်ချလိုက်ခြင်းက သူ့နောက်သို့ လိုက်နေသော အကြီးအကဲများကိုပင် အံ့အားသင့်သွားစေသည်။ သူသည် ဆက်လက် ရုန်းကန်နေဦးမည်၊ သူ၏ ရုန်းကန်မှုကို မြင်ရလိမ့်မည်ဟု သူတို့ ထင်ထားသော်လည်း သူတို့ မြင်လိုက်ရသည်မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ လုံချန်းက ရုန်းကန်မည့်အစား ဓားပေါ်မှ ခုန်ချလိုက်ခြင်း ဖြစ်၏။
လုံချန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ လုံချန်း ဆင်းသက်လိုက်သည့် မြေပြင်တွင် ချိုင့်ခွက်ကြီးတစ်ခွက် ဖြစ်သွားသော်လည်း လုံချန်းမှာမူ နာကျင်နေသည့်ပုံ မပေါ်ပေ။ သူ၏ မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေ၏။ ထိုမျှ အမြင့်မှ ခုန်ချလိုက်ခြင်းက သူ့ကို အနည်းငယ်မျှပင် မထိခိုက်သကဲ့သို့ ရှိနေသည်။
လုံချန်းသည် ထိုချိုင့်ခွက်ထဲတွင် မတ်မတ်ရပ်လိုက်ပြီးနောက် အပြင်သို့ လှမ်းထွက်လိုက်ကာ သူ့နောက်သို့ လိုက်လာနေသော အကြီးအကဲများရှိရာသို့ လှမ်းကြည့်လိုက်သည်။
မိန်းကလေးသည် လုံချန်းကို ကြည့်ရင်း သူမ၏ နှလုံးခုန်သံမှာ ခေတ္တမျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင် မကြောက်မရွံ့ဘဲ မတ်မတ်ရပ်နေသော အမျိုးသားတစ်ဦး၏ ပုံရိပ်ကို သူမ မြင်လိုက်ရ၍ ဖြစ်၏။ သူမမှာ ဓားစာခံအဖြစ် အဖမ်းခံထားရပြီး သူ့ဆီက စော်ကားမှုကို ခံထားရသော်လည်း သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူမသည် သူ့ကို မုန်းရမည်မှန်း သိထားသော်လည်း ယခုမူ သူမသည် မနာလို ဖြစ်နေမိသည်။ လုံချန်းက သူ၏ ဇနီးဟု ခေါ်ဆိုခဲ့သော အမျိုးသမီးကို သူမ မနာလို ဖြစ်နေခြင်းပင်။
သူမသည် သူမ၏ အစ်ကိုများကို အမြဲတမ်း ခွန်အား၏ ပြယုဂ်အဖြစ် လေးစားခဲ့သော်လည်း ယခု သူမရှေ့က ကောင်လေးမှာ တစ်နည်းနည်းဖြင့် အဆပေါင်းများစွာ ပို၍ ကြည့်ကောင်းနေသလို ခံစားနေရသည်။ သူမ အရင်က သတိမထားမိခဲ့သော်လည်း သူ၏ ရုပ်ရည်မှာလည်း တကယ်ကို အဆင့်အတန်း မြင့်မားလှသည်။ သူမအတွက် ရုပ်ချောသော အမျိုးသားများမှာ သာမန်ပင် ဖြစ်သော်လည်း ရုပ်ချောပြီး အင်အားကြီးသော အမျိုးသားများမှာမူ ရှားပါးလှပေသည်။
သူမ၏ မျက်နှာမှာ ပူထူလာသည်ကို သူမ ခံစားလိုက်ရ၏။
'ငါ... ငါ ဘာတွေ စဉ်းစားနေတာလဲ။ ငါ သူ့ကို စိတ်ယိုင်နေတာလား။ ငါ သူ့ကို ကြိုက်နေတာလား။ ဒါ မဖြစ်သင့်ဘူး... ဒါပေမဲ့ သူက တကယ်ကို ရုပ်ချောတာပဲ' လုံချန်းကို ကြည့်ရင်း သူမ တွေးနေမိသည်။
သူမ တွေးတောနေစဉ်မှာပင် လုံချန်းက သူမဘက်သို့ လှည့်ကြည့်သည်ကို မြင်လိုက်ရသည်။ သူမ စဉ်းစားနေသည်များကို ဖုံးကွယ်ရန် ကြိုးစားရင်း သူမ၏ နှလုံးခုန်သံမှာ နောက်တစ်ကြိမ် မြန်လာပြန်၏။
"ကလေးမ... ကြည့်ရတာ မင်းရဲ့ မိသားစုက မင်းကို တကယ် ဂရုမစိုက်ဘူး ထင်တယ်နော်။ ငါ မြို့ထဲက မထွက်ခင် သူတို့ ငါ့နောက်ကို လိုက်ရင် မင်း သေသွားနိုင်တယ်ဆိုတာကို သိနေတာတောင် သူတို့က မရပ်ကြသေးဘူး။ သူတို့က မင်းကို တကယ်ပဲ အသေခံခိုင်းနေတာပဲ။ မင်း ဘယ်လိုပြောမလဲ။ ငါ မင်းကို သတ်လိုက်ရမလား၊ ဒါမှမဟုတ် ဟာသအနေနဲ့ သူတို့ကို အရင် သတ်ပြရမလား" လုံချန်းက ပြုံးစစဖြင့် မိန်းကလေးကို မေးလိုက်သည်။
သူမကို ခြိမ်းခြောက်နေမှန်း မိန်းကလေး သိသော်လည်း သူမ၏ အတွင်းစိတ်ထဲတွင် ထိုအရာကို နှစ်သက်နေသည့် တစ်စုံတစ်ခု ရှိနေသည်။ သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ ခြေထောက်များကို အချင်းချင်း ပွတ်တိုက်နေမိသည်။
"နင်... နင် သူတို့အကြောင်း မသိဘူး။ နင် ဓားစာခံ ဖမ်းတာ မှားသွားပြီ။ ငါ့ရဲ့ အသက်ကို ကယ်ဖို့အတွက် ငါ့အစ်ကိုတွေက နင့်ကို ဘာမှမလုပ်ဘဲ နေချင်နေမှာ ဖြစ်ပေမဲ့ အကြီးအကဲတွေကတော့ အရမ်းကို တင်းကျပ်တယ်။ သူတို့က ငါ့အသက်ကို ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က အရမ်းလည်း အင်အားကြီးတယ်။ နင် ဒီမှာ မနေသင့်ဘူး။ ဒီနေရာကနေ မြန်မြန် ထွက်ပြေးတော့" သူမက လုံချန်းကို အလေးအနက် ပြောလိုက်သည်။
"ဟင်" လုံချန်းမှာ သူမ၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ တစ်ခုခု မှားနေပြီဟု သူ ခံစားလိုက်ရ၏။ 'ဘာလို့ ဒီငတုံးမက ငါ့ကို စိုးရိမ်ပေးနေတဲ့ ပုံစံ ပေါက်နေတာလဲ။ သူ ကြောက်လွန်းလို့ ရူးသွားပြီလား' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
"မင်း ရူးသွားပြီလား။ ငါ အခု သေတော့မယ် ဆိုတာမျိုး ပြောပြီး အရူးတစ်ယောက်လို လှောင်ရယ်ရမှာ မဟုတ်ဘူးလား။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ" လုံချန်းက မိန်းကလေးကို မေးလိုက်သည်။
"နင် ငတုံးပဲ၊ ဒီမှာ ရပ်မနေနဲ့၊ ထွက်ပြေးတော့။ နင် သူတို့ကို အထင်သေးနေတာ။ အခု ထွက်သွားတော့၊ မြို့ထဲကနေ ထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုကို ငါ သိတယ်" မိန်းကလေးက လုံချန်းကို ပြောလိုက်ပြန်သည်။
"ငါ ထင်တာ မှန်တာပဲ။ မင်း ရူးနေပြီ။ စိတ်မပူပါနဲ့။ ငါ ထွက်မပြေးဘူး။ သူတို့ကလည်း ငါ့ကို ထွက်ပြေးခွင့်ပေးမှာ မဟုတ်သလို ငါကလည်း ကြိုးစားမှာ မဟုတ်ဘူး" လုံချန်းက ဂုဏ်ယူဝံ့ကြွစွာဖြင့် ပြောလိုက်သည်။
သူ၏ ဝိညာဉ်ဓားသည်လည်း သူ၏ ဘေးပတ်လည်တွင် ဝဲပျံနေ၏။
သူသည် နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးကို သူ၏ ဘယ်ဘက်လက်ဖြင့် ကိုင်ထားသည်။ သူသည် ဘုရင်ဓားကို ထုတ်လိုက်ပြီး ညာဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်၏။
လုံချန်း၏ ဘုရင်ဓား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဓားမှာ ကောင်းကင်ဘုံ သူရဲကောင်းတစ်ဦး၏ ဓားအလား တောက်ပနေ၏။ လုံချန်းသည် ယခုအခါ ဓားနှင့် ထူးခြားသော ဆက်နွှယ်မှုအသစ်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ သတ်ဖြတ်လိုစိတ် အရှိန်အဝါကို ဓားက အသုံးပြုနေခြင်း ဖြစ်သည်။
'ဒါက ငါ့ရဲ့ သတ်ဖြတ်လိုစိတ်နဲ့ ပိုပြီး အစွမ်းထက်လာနိုင်တာလား။ ဒီဓားက တကယ်တော့ ဘာလဲ။ ဒီဓားရဲ့ မူလအစက ဘာလဲ။ သူတော်စင်ဘုရင် ရှန်းဝူရဲ့ ဘုရင်ဓားက ဘာလို့ သတ်ဖြတ်လိုစိတ်နဲ့ ဆက်နွှယ်နေရတာလဲ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။
သူ့နောက်သို့ လိုက်လာသော အကြီးအကဲများသည် သူ့အနားသို့ ရောက်ရှိလာကြသော်လည်း ထိုဓားကို မြင်လိုက်ရသည့်အခါ သူတို့ အံ့အားသင့်သွားကြ၏။
မိန်းကလေးသည်လည်း ထိုဓား၏ အမှတ်အသားကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားတော့သည်။
"သူတော်စင် သတ်ဖြတ်သူ ရှန်းဝူရဲ့ သတ်ဖြတ်သူဓားလား" နက်ပြာရောင်ဆံပင်နှင့် မိန်းကလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။