အခန်း (၆၄၉-၆၅၀)
Vol. 65 Ch. 649-650
အခန်း (၆၄၉) ထောင်ချောက်ပြီးရင်း ထောင်ချောက်
"ဝိညာဉ်ဓားကိုလည်း စီးလို့မရဘူး၊ ဒီမညီမညာဖြစ်နေတဲ့ လူသွားလမ်းက ငါ နေရာပြောင်းနိုင်တဲ့ အကွာအဝေးထက် အများကြီး ပိုရှည်နေတော့ နေရာပြောင်းလို့လည်း မရဘူးပေါ့" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ သူသည် ဝိညာဉ်ဓားကို ကောက်ယူပြီး သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
"ဒီလမ်းက ကျဉ်းလွန်းတော့ ငါ့ရဲ့ သားရဲတွေကို စီးပြီး ပျံဖို့လည်း မဖြစ်နိုင်ဘူး" လုံချန်းက ရှေ့ဆက်ဖို့ နည်းလမ်းကို စဉ်းစားနေမိသည်။
သူသည် လေပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း ရေရှည်အတွက်တော့ မဖြစ်နိုင်မှန်း သိသည်။ ဤလမ်းက မည်မျှ ရှည်လျားမှန်း သူ မသိရသေးသည် မဟုတ်လော။
"ကောင်းကင်မိစ္ဆာတောင်ပံ" သူက ရေရွတ်ရင်း ဤနေရာတွင် သူ၏ အတောင်ပံများကို သုံးပြီး ပျံသန်းခြင်းက ပိုကောင်းမလားဟု ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။
"အတောင်ပံတွေနဲ့ ပျံဖို့တော့ နေရာအကျယ်အဝန်းက လုံလောက်ပါတယ်" သူက ခေါင်းညိတ်ရင်း ဆုံးဖြတ်လိုက်သည်။
သူသည် ကောင်းကင်မိစ္ဆာ အတောင်ပံကို သုံးရန် ရွေးချယ်လိုက်သည်။ သူ၏ အတောင်ပံများ၏ မြန်ဆန်သော အရှိန်ဖြင့်ဆိုလျှင် ဤဂူသင်္ချိုင်းကို မကြာခင် ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
ရွှင်းက တစ်ခုခုကို ထောက်ပြချင်ပုံရသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
"ကောင်းကင်မိစ္ဆာအတောင်ပံ" လုံချန်းက ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာ ကျောပြင်ဆီသို့ စီးဆင်းသွားပြီး နတ်သမီးအတောင်ပံကဲ့သို့ လှပသော အတောင်ပံလေးဖက် ပေါ်ထွက်လာသည်။ အတောင်ပံလေးဖက်အနက် နှစ်ဖက်မှာ အနက်ရောင်ဖြစ်ပြီး ကျန်နှစ်ဖက်မှာ တောက်ပနေသည်။
လုံချန်းသည် ကျောပြင်တွင် အတောင်ပံလေးဖက်ဖြင့် ခန့်ညားစွာ ရပ်နေသည်။ သူသည် ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် လူသွားလမ်းတစ်လျှောက် ရှေ့သို့ ပျံသန်းသွားတော့သည်။
လုံချန်းသည် မညီမညာဖြစ်နေသော မြေပြင်ကို ခြေဖြင့် မနင်းဘဲ မြေပြင်အထက် တစ်မီတာခန့်အကွာမှ ပျံသန်းနေခြင်း ဖြစ်သည်။ သူသည် စက္ကန့်အနည်းငယ်ကြာ ပျံသန်းခဲ့သော်လည်း လူသွားလမ်း၏ အဆုံးကို မမြင်ရသေးပေ။ လမ်းတစ်လမ်းလုံးမှာလည်း လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် သူ အရှိန်လျှော့ရန် မစဉ်းစားတော့ပေ။
လုံချန်း ရှေ့သို့ အရှိန်ပြင်းပြင်းနှင့် ပျံသန်းနေစဉ်မှာပင် ရုတ်တရက် နံရံတစ်ချပ်ကို အရှိန်နှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး ဟန်ချက်ပျက်သွားသည်။ သူက အရှိန်အလွန်ပြင်းပြင်းနှင့် ပျံနေခြင်းဖြစ်ရာ သူကိုယ်တိုင်ပင် အာရုံမခံနိုင်သော မျက်စိဖြင့်မမြင်ရသည့် နံရံကို ခေါင်းနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွားခြင်း ဖြစ်သည်။
ဆောင့်မိသည့်အရှိန်က ပြင်းထန်လွန်းသဖြင့် သူ၏ မိစ္ဆာဘုရင်ခန္ဓာကိုယ်ပင် သူ့ကို အပြည့်အဝ မကာကွယ်ပေးနိုင်တော့ပေ။ သူ၏ ခေါင်းများ မူးနောက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ ကောင်းကင်မိစ္ဆာ အတောင်ပံများလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
လုံချန်းသည် မြေပြင်ပေါ်သို့ ပက်လက်လန် ပြုတ်ကျသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ညီညာသော မြေပြင်ပေါ်သို့သာမက မညီမညာဖြစ်နေသော မြေပြင်ပေါ်သို့ပါ ကျရောက်သွားခဲ့သည်။
"ဟေး... နင် အဆင်ပြေရဲ့လား။ ထစမ်းပါဦး" ရွှင်းက လုံချန်းအနားတွင် ပေါ်လာပြီး ထိုင်ချလိုက်ကာ လုံချန်း၏ ခေါင်းကို သူမ၏ ပေါင်ပေါ်တင်ပေးရင်း ပွတ်သပ်ပေးနေသည်။
လုံချန်း၏ အမြင်အာရုံများမှာ အနည်းငယ် ဝေဝါးနေပြီး ခေါင်းမှာလည်း နာကျင်နေသော်လည်း သူမ၏ စကားကိုတော့ ကြားနိုင်သေးသည်။ သူသည် မှောင်မည်းဝေဝါးနေသော မျက်လုံးများကို ဖွင့်ကြည့်ရင်း ခေါင်းကို ကိုင်လိုက်သည်။
"နာလိုက်တာ... ငါ ဒီလောက် အရှိန်ပြင်းပြင်း မပျံသင့်ဘူးထင်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်သာ သန်မာမနေရင် ဦးခေါင်းခွံတောင် အက်သွားနိုင်တယ်" လုံချန်းက ရေရွတ်လိုက်ရင်း မျက်လုံးများ ပြန်လည် အာရုံစိုက်နိုင်လာသည်။
"ဟုတ်တယ်၊ ဒါပေမဲ့ ငါ နင့်ကို အပြစ်မတင်ပါဘူး။ ဒီမမြင်ရတဲ့ နံရံက တကယ်ကို ထင်မှတ်မထားတဲ့အရာပဲ။ ငါကိုယ်တိုင်လည်း သေချာ ဂရုစိုက်ကြည့်နေတာတောင် အာရုံမခံနိုင်ခဲ့ဘူး။ ဒီနေရာက တကယ်ကို ထူးဆန်းတယ်" ရွှင်းက ပြောလိုက်သည်။
"ကံကောင်းတာက ငါတို့ ထောင်ချောက်တွေအကြောင်း ထင်ထားတာ မှားသွားတာပဲ။ နင် ညီညာတဲ့နေရာရော မညီမညာဖြစ်တဲ့ နေရာတွေကိုပါ နင်းမိသွားတာတောင် ဘာထောင်ချောက်မှ အလုပ်မလုပ်ဘူး။ နင့်ရဲ့ နောက်ဆုံးအတွေးက မှန်ပုံရတယ်။ သူတို့က အရမ်းဂရုစိုက်တဲ့ လူတွေကို ခြောက်ရုံပဲ လုပ်ထားတာထင်တယ်။ ငါတို့ အလကား စိုးရိမ်နေခဲ့တာပဲ" ရွှင်းက ပြုံးရင်း ဆိုလိုက်သည်။
လုံချန်းသည် သူမ၏ စကားကို ကြားသောအခါ မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။
"စက္ကန့် နည်းနည်းလောက်ပဲ စောင့်ကြည့်လိုက်" လုံချန်းက မတ်တတ်ရပ်ရင်း ရေရွတ်လိုက်သည်။
"ဘာကို စက္ကန့် နည်းနည်း စောင့်ရမှာလဲ" ရွှင်းက နားမလည်ဘဲ မေးသည်။
"ငါတို့ရဲ့ ကံတရားအကြောင်းကို နင်လည်း ငါ့လိုပဲ သိမှာပါ။ တကယ်လို့ ထောင်ချောက်မရှိဘူးဆိုရင် ငါ နားလည်ပေးနိုင်ပေမဲ့ နင်က အခုမှ ထောင်ချောက်မရှိဘူးလို့ နိမိတ်ဖတ် လိုက်ပြီဆိုတော့ ထောင်ချောက်က သေချာပေါက် ရှိလာတော့မှာပေါ့။ စောင့်သာ ကြည့်နေလိုက်" လုံချန်းက ပတ်ဝန်းကျင်ကို ကြည့်ရင်း ပြောလိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း တစ်ခုခု ဖြစ်ပျက်လာသည်။ သူ၏ ရှေ့ရှိ မမြင်ရသော နံရံမှာ မြင်သာလာသည်။ တခြားအရာတစ်ခုလည်း ဖြစ်လာသေးသည်။ သူ၏ အနောက်ဘက် လက်မအနည်းငယ်အကွာတွင်လည်း နောက်ထပ် နံရံတစ်ချပ် ပေါ်လာပြီး လမ်းနှစ်ဖက်လုံးကို ပိတ်ပစ်လိုက်သည်။ သူသည် ရှေ့ဆက်လို့လည်း မရသလို နောက်ပြန်ဆုတ်လို့လည်း မရတော့ပေ။
လုံချန်းက နံရံများကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"ဒါတွေက နံရံတွေပဲ ဖြစ်နေသေးတာ တော်သေးတာပေါ့။ ငါ အားနည်းနည်းစိုက်ရင် အဲဒါတွေကို ဖျက်ဆီးနိုင်မှာပါ" လုံချန်းက သိုလှောင်လက်စွပ်ထဲမှ ဘုရင်ဓားကို ထုတ်လိုက်သည်။ သူသည် သူ၏ အစွမ်းထက်ဆုံး ဓားသိုင်းဖြစ်သည့် သူတော်စင်ဓား ခုနစ်သွယ်ထဲမှ သတ္တမမြောက်ပုံစံကို သုံးရန် အဆင်သင့် ဖြစ်နေသည်။
"နေရာက ကျဉ်းလွန်းတော့ နံရံတွေက အရမ်းနီးနေတဲ့အတွက် ငါလည်း ဒဏ်ရာရနိုင်တယ်။ ဒါပေမဲ့ ကံကောင်းတာက ငါ့မှာ အသက်ကယ် ဆေးလုံးတွေ အများကြီး ရှိနေတာပဲ" သူက ဓားကွက်ပြင်ရင်း ရေရွတ်လိုက်သည်။
သူသည် ဓားကို ခေါင်းပေါ်သို့ မြှောက်လိုက်သည်။
"သူတော်စင်ဓား ခုနစ်သွယ်... သတ္တမမြောက် ပုံစံ..."
သူသည် ဓားကို ခုတ်ချရန်အတွက် သတ်မှတ်ထားသော ချီစွမ်းအင် စီးဆင်းမှု အမှတ်များအတိုင်း စတင် လုပ်ဆောင်လိုက်သော်လည်း သူ အဆုံးမသတ်နိုင်ခင်မှာပင် သူ၏ မျက်နှာပျက်သွားသည်။ သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။
သူသည် မြေပြင်ကွယ်ပျောက်သွားသဖြင့် အောက်သို့ ပြုတ်ကျသွားတော့သည်။ သူသည် တစ်မီတာခန့် ကျယ်သော ဥမင်လို ပြွန်ကြီးတစ်ခုထဲသို့ လျှောဆင်းသွားခြင်း ဖြစ်သည်။ သို့သော် သူ၏ လက်ထဲမှ ဓားကိုတော့ မလွှတ်လိုက်ပေ။ သူ လျှောဆင်းနေစဉ်တွင် ဓားမှာ သူ၏ ခေါင်းပေါ်တွင် ရှိနေသည်။ သူသည် လက်တစ်ဖက် လွတ်သွားစေရန် ဓားကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
မကြာခင်မှာပင် ပြွန်လမ်းကြောင်းမှာ အဆုံးသတ်သွားသော်လည်း လုံချန်း၏ ပြုတ်ကျမှုမှာတော့ မရပ်တန့်သေးပေ။ သူသည် အောက်သို့ ဆက်လက် ကျဆင်းနေသော်လည်း အနည်းဆုံးတော့ အန္တရာယ် မရှိဘဲ လွတ်လွတ်လပ်လပ် ကျဆင်းနေခြင်း ဖြစ်သည်။
ကံကောင်းသည့်အချက်မှာ သူ၏ လှုပ်ရှားမှုများကို မည်သူမှ ကန့်သတ်မထားတော့ခြင်းပင်။ လုံချန်းသည် သူ၏ ကောင်းကင်မိစ္ဆာ အတောင်ပံကို ထုတ်လိုက်ပြီး ဆက်မကျတော့ဘဲ ပျံသန်းလိုက်သည်။
သူ ပျံသန်းနေစဉ်မှာပင် ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ အကယ်၍သာ သူ ဆက်ပြီး ပြုတ်ကျနေခဲ့မည်ဆိုလျှင် သူ၏ အောက် မီတာအနည်းငယ်အကွာတွင် ရှိနေသော ချော်ရည်ပူကြီးများထဲသို့ တည့်တည့် ကျသွားပေလိမ့်မည်။
သူသည် အနည်းငယ် ချွေးပျံသွားမိသည်။ ၎င်းမှာ အပူရှိန်ကြောင့်သာမက ခုနက သေဘေးနှင့် အလွန်နီးကပ်သွားခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆင်းသက်စရာ မြေပြင်အချို့ တွေ့လိုက်ရသည်။
သူသည် ထိုမြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး မည်သည့်နေရာကို ရောက်နေကြောင်း ကြည့်လိုက်သည်။ ကျယ်ပြောပြီး အလွတ်ဖြစ်နေသော နေရာကြီး၏ အလယ်တွင် ချော်ရည်အိုင်ကြီးတစ်အိုင် ရှိနေသည်။ ထိုအိုင်၏ ပတ်ပတ်လည်တွင် မြေပြင်များ ရှိနေသော်လည်း ထွက်သွားစရာ လမ်းတော့ မတွေ့ရပေ။
သူသည် အပေါ်ကို မော့ကြည့်လိုက်သော်လည်း ထွက်ပေါက် မတွေ့ရပေ။ သူ ပြုတ်ကျလာခဲ့သည့် အပေါက်ကြီးမှာလည်း ယခုအခါ ပိတ်သွားခဲ့ပြီ ဖြစ်သည်။
လုံချန်းသည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ကို ခြေဆောင့်လိုက်မိသည်။
အခန်း (၆၅၀) တတိယမြောက် သွေးမျိုးဆက် စမ်းသပ်မှုလား
"ဒီနေရာကို ဖန်တီးခဲ့တဲ့သူကတော့ တကယ်ကို နောက်ပြောင်လွန်းတယ်။ ဟိုဘက်မှာလည်း မမြင်ရတဲ့ နံရံတွေကြောင့် ထွက်ပေါက်မရှိတဲ့ ထောင်ချောက်လမ်းကြီး၊ ဒီနေရာကျတော့ ပိုတောင် ဆိုးသေးတယ်" လုံချန်းက စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။
"အဓိပ္ပာယ်မရှိတဲ့ ချော်ရည်အိုင်ကြီးကလွဲရင် ဘာမှမရှိဘူး။ ဒါကို ဘာလို့ ဒီမှာ ထားခဲ့တာလဲ။ ပိတ်မိနေတဲ့လူတွေ အလွယ်တကူ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်အောင်လို့လား" သူက လမ်းလျှောက်ရင်း ကျိန်ဆဲနေမိသော်လည်း ရုတ်တရက် ခေါင်းထဲမှ မူးနောက်လာပြီး အားအင်ကုန်ခမ်းသလို ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ သတိလစ်မကျခင်မှာပင် သူ့အား ကာကွယ်ရန်အတွက် ရှားကို အမြန်ခေါ်ထုတ်လိုက်သည်။
သူ၏ ဦးခေါင်းဒဏ်ရာက အသက်အန္တရာယ် မစိုးရိမ်ရပေမည့် သိပ်တော့ မပေါ့လှပေ။ သူ သတိလစ်ပြီး လဲကျသွားချိန်တွင် နာကျင်မှုများက ရုတ်တရက် ပြန်တိုးလာခဲ့ခြင်း ဖြစ်သည်။
ရှား ပေါ်လာချိန်မှာ လုံချန်း လဲကျသွားသည်ကို တွေ့လိုက်ရသည်။ သူမက ရှေ့သို့တိုးကာ လုံချန်းကို အနေအထားမှန်အောင် ပြင်သိပ်ပေးရင်း မည်သို့ လုပ်ရမှန်း စဉ်းစားနေမိသည်။ သူမကို အဘယ်ကြောင့် ခေါ်လိုက်ကြောင်း အမိန့်ပေးချက် မရှိသော်လည်း လုံချန်းအား စောင့်ရှောက်ရန်တော့ သူမ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် တခြားတစ်ယောက် ရှိနေသေးသည်ကိုတော့ သူမ မသိပေ။ လုံချန်းအနားတွင် ထိုင်ကာ စိုးရိမ်တကြီး ကြည့်နေသည့် ရွှင်းကို သူမ မမြင်ရပေ။
'ဒဏ်ရာက သိပ်မပြင်းဘူး ထင်ထားတာ။ သူ မတ်တတ်ရပ်နိုင်ကတည်းက အသက်ကယ်ဆေးလုံး တိုက်လိုက်ရမှာ။ အခုတော့ ဘာလုပ်ရမလဲ။ ငါက သူ့ကို တိုက်ကျွေးဖို့ ဘာကိုမှ ကိုင်တွယ်လို့ မရဘူးလေ။ ဆေးလုံးတွေကလည်း ရှေးဟောင်းလက်စွပ်ထဲမှာ။ အဲဒါတွေက အဆင့်နိမ့်ပစ္စည်းတွေမို့ ငါ အပြင်ထုတ်ပေးလို့ ရပေမဲ့ ပြဿနာက သူ့ကို ဘယ်လို တိုက်မလဲဆိုတာပဲ... နေဦး၊ ငါ ဘယ်လိုများ မေ့သွားရတာလဲ။ သူက ငါ့ကို ထိလို့ရသလို ငါကလည်း သူ့ကို ထိလို့ရတာပဲ။ ဆေးလုံးကို ငါ တိုက်ရိုက် ကိုင်လို့မရပေမဲ့ သူ့လက်ကို သုံးပြီး ကိုင်လို့ ရတာပဲ' ရွှင်းက အစီအစဉ်တစ်ခု ရသွားပြီး ရေရွတ်လိုက်သည်။
သူမက ရှေးဟောင်းလက်စွပ် ဝိညာဉ်ဖြစ်လေရာ လက်စွပ်အပေါ်တွင် ထိန်းချုပ်ခွင့် အနည်းငယ် ရှိသည်။ လက်စွပ်ဖန်တီးသူ ချမှတ်ထားသော ကန့်သတ်ချက်များ ရှိပေမည့် အချို့အရာများကိုတော့ သူမ လုပ်ပိုင်ခွင့် ရှိသည်။
လက်စွပ်က အသုံးမဝင်ဟု သတ်မှတ်ထားသော ပစ္စည်းအချို့ကို ရွှင်းက အပြင် ထုတ်ပေးနိုင်သည်။ အသက်ကယ်ဆေးလုံးသည် ဒုတိယအဆင့်နိုင်ငံတွင် ရှားပါးပေမည့် အင်ပါယာတစ်ခုတွင်မူ သာမန်သာ ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းလက်စွပ်၏ စံနှုန်းအရ ထိုသည်က အဆင့်နိမ့်ပစ္စည်း ဖြစ်သဖြင့် ရွှင်းက အခက်အခဲမရှိ အပြင်ထုတ်လိုက်နိုင်သည်။
ရွှင်းသည် မျက်လုံးများ မှိတ်ကာ လုံချန်း၏ ရှေးဟောင်းလက်စွပ်ထဲတွင် အသက်ကယ်ဆေးလုံးကို လိုက်ရှာလိုက်သည်။ သူမ ဆေးလုံးကို တွေ့သွားပြီး အပြင်သို့ ထုတ်ယူလိုက်သည်။
ရွှင်းက ဆေးလုံးကို တိုက်ရိုက်ကိုင်ထား၍ မရသဖြင့် ၎င်းမှာ လုံချန်း၏ ဘေးနား မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
တစ်ခုခု ပြုတ်ကျသံကြောင့် ရှား ကြည့်လိုက်ရာ လုံချန်းအနားတွင် ဆေးလုံးလေး တစ်လုံးကို တွေ့လိုက်ရသည်။ ထို့နောက် လုံချန်း၏ လက်မှာ မျက်လုံးမှိတ်လျက်သားဖြင့် ဆေးလုံးဆီသို့ ရွေ့လျားသွားသည်ကို တွေ့ရသဖြင့် သူမ အံ့သြသွားသည်။ သူမ ဇဝေဇဝါ ဖြစ်နေသော်လည်း လုံချန်းထံမှ အမိန့်မရသဖြင့် ဝင်မစွက်ဖက်ဘဲ ကြည့်နေမိသည်။
စင်စစ် လုံချန်း၏ လက်ကို ရွှင်းက ထိန်းချုပ်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်။ ရွှင်းက လုံချန်းကလွဲ၍ ဘာကိုမှ ကိုင်တွယ်၍ မရသည်ကြောင့် သူ့လက်အား ကိုင်ပြီး ဆေးလုံးရှိရာသို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။ ရွှင်းသည် လုံချန်း၏ လက်ကို သုံးကာ ဆေးလုံးအား ကောက်ယူပြီး လုံချန်း၏ နှုတ်ခမ်းနားသို့ ယူဆောင်လာခဲ့သည်။
ရှားက အားလုံးကို စောင့်ကြည့်နေပေမည့် ဘာမှမလုပ်ပေ။ ဆေးလုံးက အဆိပ်မဟုတ်မှန်း သူမ သိထားသည်။ လုံချန်း ထိုဆေးကို အကြိမ်ကြိမ် သောက်ဖူးကြောင်း သူမ မြင်ဖူးသည် မဟုတ်လော။
လုံချန်း၏ ပါးစပ်ကို ဟစေပြီး ဆေးလုံးအား အထဲသို့ ထည့်လိုက်သည်။ ဆေးလုံးက လျှာပေါ် ရောက်သွားသည်။ ချက်ချင်း မျိုမချနိုင်သော်လည်း ဤဆေးလုံးက ထူးခြားချက်ရှိသည်။ ၎င်းမှာ ပါးစပ်ထဲတွင် အလိုအလျောက် အရည်ပျော်နိုင်ခြင်း ဖြစ်သည်။ လုံချန်း၏ နှုတ်ခမ်းနှင့် ထိတွေ့ပြီးနောက် ၎င်းမှာ စတင် အရည်ပျော်သွားတော့သည်။
"ဒါဆိုရင်တော့ သူ့ရဲ့ ဒဏ်ရာအသေးစားလေးတွေ ပျောက်သွားမှာပါ။ ခေါင်းကိုက်တာနဲ့ တခြားအရာတွေကတော့ သူ နိုးလာရင် သက်သာသွားလိမ့်မယ်။ အခုတော့ သူ နိုးလာအောင် စောင့်ရုံပဲ ရှိတော့တယ်" ရွှင်းက လုံချန်း၏ မျက်နှာကို ကြည့်ရင်း ရေရွတ်လိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း လုံချန်းကတော့ မျက်လုံးမှိတ်လျက် မြေပြင်ပေါ်တွင် လဲလျောင်းနေဆဲပင်။ ရွှင်းက စိတ်ရှည်လက်ရှည် စောင့်နေရင်းမှ ရုတ်တရက် သူမ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး ဂနာမငြိမ် ဖြစ်လာသည်။
"မဟုတ်ဘူး... မဟုတ်ဘူး၊ မဟုတ်ဘူး။ အခု မဖြစ်သင့်သေးဘူး။ ဘာလို့ ဒီလောက်တောင် မြန်မြန် ဖြစ်နေရတာလဲ" သူမက ဒေါသတကြီး အော်ဟစ်ရင်း ပျောက်ကွယ်သွားတော့သည်။
ရွှင်းသည် လက်တွေ့ကမ္ဘာမှ ပျောက်ကွယ်သွားပြီး အိမ်မက်ဆန်သော နေရာတစ်နေရာတွင် ပေါ်လာသည်။ သူမ၏ ပတ်ပတ်လည်တွင် တိမ်တိုက်များ ရှိနေပြီး သူမက လေပေါ်တွင် ဝဲပျံနေသည်။ သူမ၏ ရှေ့တွင် လှပပြီး မြင့်မားသော အဆောက်အအုံကြီးတစ်ခု ရှိနေပြီး ၎င်းကို သွေးမျိုးဆက်ကျောင်းတော် ဟု ခေါ်သည်။ ၎င်းမှာ လျှို့ဝှက်ချက်များစွာ ရှိသော နေရာတစ်နေရာ ဖြစ်သည်။ လုံချန်းအတွက်တော့ ၎င်းမှာ သွေးမျိုးဆက် စမ်းသပ်မှုပေးသော နေရာဟုသာ သိထားသော်လည်း ရွှင်းကတော့ ထိုထက် ပိုထူးခြားသော နေရာမှန်း သိထားသည်။
ရွှင်းသည် ကျောင်းတော်အနားတွင် ပေါ်လာပြီး ထိုနေရာတွင် ရပ်နေသော တခြားလူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် ထိုလူ၏ နောက်ကျောကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူက လှည့်ကြည့်လိုက်ရာ ရွှင်းကို ဇဝေဇဝါဖြင့် တွေ့လိုက်ရသည်။
"ငါ ဘာလို့ ဒီကို ရောက်နေတာလဲ" ထိုလူက ရွှင်းကို စူးစမ်းစွာ မေးလိုက်သည်။
လက်တွေ့ကမ္ဘာတွင် သတိလစ်နေသော လုံချန်းသည် ယခုတော့ သွေးမျိုးဆက်ကျောင်းတော် ရှေ့တွင် ရောက်နေကြောင်း သိလိုက်ရသည်။ သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေကြောင်း သူ နားမလည်နိုင်ပေ။ ဒုတိယမြောက် စမ်းသပ်မှုကို အောင်မြင်ထားသည်မှာ သိပ်မကြာသေးသည် မဟုတ်လော။
တတိယမြောက် စမ်းသပ်မှုဆိုသည်က သူ၏ သွေးမျိုးဆက် ပြောင်းလဲမှုက တစ်ကိုယ်လုံး၏ ၂၀ ရာခိုင်နှုန်းရောက်မှ ဖြစ်ရမည် ဖြစ်၏။ မည်သို့ ဤမျှ မြန်သွားရသနည်း။ သူ သေသွားပြီမို့ သူ့ဝိညာဉ်က ဤနေရာကို ရောက်လာသည်လော ဆိုသည့် အတွေးဆိုးများပင် ဝင်လာမိသည်။
သူ ပတ်ဝန်းကျင်ကို ကြည့်နေစဉ်မှာပင် သူ့နောက်တွင် ဝဲပျံနေသော ရွှင်းအား တွေ့လိုက်ရသည်။
"ငါ ဘာလို့ ဒီကို ရောက်နေတာလဲ" သူက ရွှင်းကို မေးလိုက်သည်။
"နင်က နင့်ရဲ့ တတိယမြောက် သွေးမျိုးဆက် စမ်းသပ်မှုအတွက် ရောက်နေတာလေ" ရွှင်းက လုံချန်းကို အလေးအနက် ကြည့်ပြီး ပြောလိုက်သည်။
"ဘာ... ဘာလို့ ဒီလောက် မြန်သွားရတာလဲ။ သွေးမျိုးဆက် ၂၀ ရာခိုင်နှုန်း ပြောင်းလဲပြီးမှ တတိယစမ်းသပ်မှု လာမှာ မဟုတ်ဘူးလား" လုံချန်းက နားမလည်ဘဲ မေးသည်။
"အခု အဲဒီအဆင့်ကို ရောက်သွားပြီလေ။ ငါ အခုမှ သိလိုက်တာ။ နင့်ရဲ့ သွေးမျိုးဆက်က ၂၀ ရာခိုင်နှုန်း ပြည့်သွားပြီ" ရွှင်းက ပြန်ပြောသည်။
ရွှင်းကိုယ်တိုင်လည်း အဘယ်ကြောင့် ဤမျှ မြန်မြန် ဖြစ်သွားကြောင်း ဇဝေဇဝါ ဖြစ်နေသည်။ နောက်ဆုံးအကြိမ် သူမ စစ်ဆေးတုန်းက ၂၀ ရာခိုင်နှုန်း ရောက်ဖို့ အဝေးကြီး လိုနေသေးသည် မဟုတ်လော။
'သူ အဲဒီနေရာကို ဝင်သွားကတည်းက အခုထိ ဘာတွေ ဖြစ်သွားတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် တိုးတက်သွားတာလဲ' ရွှင်းက အလွန် စဉ်းစားရခက်နေသည်။ သူမ စဉ်းစားမိသည်မှာ တစ္ဆေကျောင်းတော်ထဲတွင် လုံချန်းက ထူးဆန်းသည့် ပုံစံတစ်ခုကို ထိမိခဲ့ခြင်းကြောင့်၊ တစ္ဆေကျောင်းတော်မှ ခိုးလာသော ဓားမြှောင်ကြောင့်သာ ဖြစ်နိုင်သည်။
စင်စစ် သူမ ထင်ထားသည်များက လွဲနေသည်။ လုံချန်း၏ သွေးမျိုးဆက်က ရှေးဟောင်းဂူသင်္ချိုင်းထဲတွင် သွေးတစ်စက် ကျသွားပြီး ကန့်သတ်ချက်များကို ဖျက်ဆီးလိုက်ကတည်းက ၂၀ ရာခိုင်နှုန်းအနားသို့ အရှိန်အဟုန်ဖြင့် ရောက်သွားခဲ့ခြင်း ဖြစ်သည်။
"ဟေး... ငါပြောတာ ကြားရဲ့လား" လုံချန်းက ကြောင်အမ်းအမ်း ဖြစ်နေသော ရွှင်း ရှေ့တွင် လက်ယမ်းပြရင်း မေးလိုက်သည်။
"အာ... ဟုတ်ပြီ။ နင့်ရဲ့ တတိယစမ်းသပ်မှု။ အထဲကို ဝင်သွားလိုက်၊ အဖြေသိရလိမ့်မယ်။ ငါတို့မှာ အချိန်ပိုရဦးမယ် ထင်ထားတာ၊ ဒါပေမဲ့..." ရွှင်းက ကျောင်းတော်၏ အဝင်ဝကို ကြည့်ရင်း ပြောလိုက်သည်။
"ငါ့နောက်က လိုက်ခဲ့" သူမက ကျောင်းတော်တံခါးဆီသို့ ပျံသန်းသွားသည်။
လုံချန်းက သူမနောက်က လိုက်သွားပြီး တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။