← Chapters

မြွေသားဟင်း

Vol. 3 Ch. 37

မြွေသားဟင်း

Vol. 3 Ch. 37

ရတနာမုဆိုးစခန်း၌ အသက်ရှင်ရပ်တည်ရန်အတွက် လိုအပ်သောပစ္စည်းများအပြင် အသားများသည်လည်း အလျှံပယ်ပေါများသော နောက်ထပ်အရာတစ်မျိုး ဖြစ်သည်။

တားမြစ်နယ်မြေနှင့်ကပ်လျပ် တည်ရှိနေသောကြောင့် ထိုသို့ ပေါများနေရခြင်းလည်း ဖြစ်သည်။ ရတနာမုဆိုးများက တားမြစ်နယ်မြေထဲသို့ နေ့တဓူဝ သွားကြရသည်ဖြစ်၍ အသားစိမ်းရောင်းသော ခုံတန်းများစွာ ရှိလာပေသည်။

ရွှီချင်း၏ မြွေသားစားချင်သည်ဆိုသော စကားကြောင့် ခေါင်းဆောင်လဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရာ သူ့မျက်နှာပေါ်ရှိ တွဲကျနေသော အရေးအကြောင်းများ တောင့်တင်းသွားပေသည်။

ယခင်က သူ ထိုသို့ပြောခဲ့သည့်အတွက် ရွှီချင်းက မြွေသားစားချင်ကြောင်း ဆိုခဲ့သည်ကို သူ နားလည်လိုက်သည်။ သူ့ရှေ့ရှိ ထိုကလေးက ယင်းကို စိတ်ထဲတွင် စွဲမြဲစွာ မှတ်သားထားသည်မှာ ထင်ရှားသည်။

ထိုသို့ဖြင့် ရွှီချင်းက အသားသွားဝယ်ရန် ထွက်သွားမည်ပြုစဉ် ခေါင်းဆောင်လဲ့က လှမ်းတားလိုက်သည်။

“ စခန်းထဲက လူတွေအားလုံးက လူညစ်ပတ်တွေကွ။ တားမြစ်နယ်မြေထဲက သန္ဓေပြောင်းသားရဲတွေနဲ့ ပတ်သက်ရင် မင်း သိပ်မသိသေးဘူး။ မင်း သွားဝယ်ရင် မင်းကို လိမ်ရောင်းလိုက်ကြမှာ။ ငါပဲ သွားလိုက်မယ် ”

ခေါင်းဆောင်လဲ့က မတ်တတ်ရပ်၍ ပြောသည်။

‘ လိမ်ရောင်းလိုက်ကြမှာ ’ ဆိုသည့်စကားကြောင့် ရွှီချင်းသည် သံတုတ်ကို အလိုလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ခဏအကြာ တွေးတောပြီးနောက် လေးနက်စွာ ဖြေလိုက်သည်။

“ သူတို့ လိမ်မရောင်းပါဘူး ”

ခေါင်းဆောင်လဲ့က သံတုတ်ကို လှမ်းကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။ သူက စကားဆက်မပြောတော့ဘဲ ခြံဝန်းအပြင်ဘက်သို့ လျှောက်သွား၏။

ခေါင်းဆောင်လဲ့ကို ကြည့်၍ ရွှီချင်းသည် စဉ်းစားတွေးတောနေပြီးနောက် ဘေးခန်းသို့ လျှောက်သွားသည်။ သူက အိုးခွက်ပန်းကန်များကို တိုက်ချွတ်ဆေးကြောလိုက်ပြီး စားပွဲပေါ်တွင် အစီအရီ နေရာချလိုက်သည်။ နောက်ဆုံး၌ သူက ပန်းကန်လုံးသုံးလုံးချထားပြီးသွားပြီဖြစ်ပြီး တူသုံးစုံကို ပန်းကန်လုံးအသီးသီးပေါ်တွင် တင်ထားလိုက်သည်။ အပိုပြင်ထားသော ပန်းကန်လုံးနှင့်တူတစ်စုံကို ကြည့်၍ ရွှီချင်းက တစ်ခုခုကို ရုတ်ခြည်း နားလည်သွားတော့သည်။

“ ဒါက ဘယ်တော့မှ ပြန်မလာတော့မဲ့ လူတစ်ယောက်အတွက် ”

ခေါင်းဆောင်လဲ့ ပြောခဲ့သည့်စကားများ သူ့စိတ်ထဲ ခပ်ရေးရေး ပေါ်လာသည်။ သူက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တတိယမြောက်ပန်းကန်လုံးနှင့် တူတစ်စုံကိုယူကာ ခေါင်းဆောင်လဲ့အတွက်ပြင်ထားသော ပန်းကန်လုံးဘေးတွင် ထားလိုက်သည်။

ထိုင်ခုံကိုလည်း အလားတူ သူ ပြင်ဆင်လိုက်သည်။

ထိုအရာများ ပြုလုပ်ပြီးနောက် ရွှီချင်းက အိမ်အပြင်ဘက်ရှိ ခြံထဲကို လှည့်ကြည့်လိုက်သည်။ ယခုအခါ ကောင်းကင်ကြီးသည် ပုစွန်ဆီရောင်လဲ့နေ၏။ တိုက်ခတ်နေသော လေပြေထဲတွင် အနည်းငယ် အေးစိမ့်စိမ့်အငွေ့အသက်များ ပါဝင်နေပြီး နှင်းမှုန်လေးများပါ တဖွဲဖွဲ ကျနေလေသည်။

နန်းဟွမ်ဒေသကြီး၏ အရှေ့ဘက်ဒေသ၌ သုံးလပိုင်းအကုန် ရာသီဥတုသည် ပူနွေးလာပြီး ဆောင်းရာသီနေ့ရက်များ ကုန်လွန်သွားကာ အရာအားလုံး အသက်ဝင်လာသည့်အလား ထင်မှတ်ရပေသည်။ သို့သော် အချိန်တိုင်း ကျဆင်းနေသော နှင်းပွင့်လေးများသည်လည်း ဟေမာန်ဆောင်းက ထွက်မသွားသေးကြောင်း ပြောနေသယောင်ယောင်ပင်။

ထိုအခိုက် ဝေဟင်ပြင်ရှိ နှင်းပွင့်လေးများသည် လေပြေနှင့်အတူ အောက်သို့ တဖွဲဖွဲကျဆင်းနေပေသည်။

ကောင်းကင်ဘုံမှ လူသားလောကသို့ သက်ဆင်းလာသည့်အလား ထင်မှတ်ရပေသည်။ ထိုနှင်းပွင့်လေးများသည် လောကတစ်ခွင် ပြန့်ကျဲသွားပြီးနောက် အနွေးဓာတ်အောက်ဝယ် ဖြည်းညင်းစွာ အရည်ပျော်ကျသွားလေသည်။

သို့ဖြစ်၍ မျက်စိတစ်ဆုံး ရွှံ့များဖုံးလွှမ်းထားသော ကုန်းမြေထုကြီးကိုသာ မြင်ရနိုင်သည်။

မည်မျှဂုဏ်အရှိန်အဝါကြီးမားသောနေရာမှ လာပါစေ၊ မည်မျှသန့်ရှင်းနေပါစေ လူ့လောကထဲသို့ ရောက်လာသောအခါ ရွှံ့များဖြင့် ရောယှက်သွားရမည်သာ ဖြစ်ပေသည်။

လေပြေက နှင်းပွင့်လေးများကို ဆောင်ကြဉ်းခဲ့လေသလော၊ နှင်းပွင့်လေးများက လေပြေကို သွေးဆောင်ခဲ့၍ ပိုမိုအေးစက်လာခဲ့ခြင်းပေလော ပြောရခက်လှချေသည်။

ယခုအခါ ၎င်းတို့သည် ကမ္ဘာမြေတစ်လွှား လှဲကျင်းတိုက်ခတ်သွားလျက် စခန်းများမှတစ်ဆင့် ဝါးခြံကလေးနှင့် အိမ်ကလေးတိုင်အောင် တိုက်ခတ်လာပေရာ ရွှီချင်းမှာ အနည်းငယ် အေးစိမ့်စိမ့် ခံစားလိုက်ရသည်။

သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်တိုင်အောင် သူ၏အနက်ရှိုင်းဆုံးသော မှတ်ဥာဏ်ထဲ၌ နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သော အအေးဒဏ်ကို ကြောက်ရွံ့စိတ်က ရှိနေသေးသည်။ သို့ဖြစ်၍ လက်ရှိအအေးဓာတ်က သူ့ကို တစ်နည်းတဖုံ စိတ်မသက်မသာ ဖြစ်သွားစေသည်။

မကြာခင် အဝေးမှနေ၍ နှင်းမုန်တိုင်းကို အံတုလျက် တည်ငြိမ်စွာ လျှောက်လာပြီး ခြံဝင်းတံခါးကို ဖွင့်ကာ ဝင်လာသော လူရိပ်တစ်ရိပ်ကို ရွှီချင်း မြင်လိုက်ရသည်။ ထိုလူရိပ်၏ရုပ်လုံးပေါ်လာသည်နှင့် တဟားဟားရယ်မောသံက နှင်းပွင့်များကို ဖြတ်၍ လွင့်ပျံလာသည်။

“ ကလေးရေ၊ ဒီနေ့တော့ မင်း မုတ်ဆိတ်ပျားစွဲပြီ။ ငါ ဘာဝယ်လာလဲ ကြည့်လိုက်စမ်း၊ ဒါက ပန်းပွင့်နီမြွေကွ။ ဒီမြွေသားက သိပ်အဖိုးတန်တာ။ ခဏနေရင် မင်းကို ငါ့လက်စွမ်းတွေ ပြမယ် ”

ခေါင်းဆောင်လဲ့က မြွေကြီးကို သယ်ဆောင်သွားပြီး ဘေးအခန်းကို ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။

အခန်းထဲ ရောက်သောအခါ အခန်းက သန့်ရှင်းနေပြီး တူများနှင့် ပန်းကန်များ၊ ထိုင်ခုံများ ပြင်ဆင်ထားပုံကြောင့် ခေါင်းဆောင်လဲ့၏ အရေးအကြောင်းများနှင့် မျက်နှာက အပြုံးတစ်စအသွင် ပြောင်းလဲသွားပြီး သူက ရွှီချင်းကို စူးရှစွာ ကြည့်လိုက်သည်။

“ မြွေသားချက်နည်း သင်ချင်လား ”

ခေါင်းဆောင်လဲ့က မေးမြန်းလိုက်သည်။

“ သင်ချင်ပါတယ် ”

ရွှီချင်း၏မျက်လုံးများ ဝင်းလက်သွားသည်။ သူ မသိသေးသည့်အရာများအား သင်ယူရသည်ကို သူ လွန်စွာ သဘောကျသည်။ အထူးသဖြင့် ခေါင်းဆောင်လဲ့၏ မြွေသားချက်နည်းပင်။ ခေါင်းဆောင်လဲ့ ချက်သော မြွေသားဟင်းက အရသာရှိလှသည် မဟုတ်ပါလား။

ခေါင်းဆောင်လဲ့က ရယ်မောလိုက်ပြီး ရွှီချင်းကို ဘေးသို့ ခေါ်လိုက်ပြီး မည်သို့ပြုလုပ်မည်ကို ရှင်းပြလိုက်သည်။

“လုပ်ထုံးလုပ်စဉ်အတိုင်းပဲ မြွေရဲ့အမြီးနဲ့ ခေါင်းကို ဖြတ်ပစ်ရမယ်။ ဒါပေမဲ့ မြွေရဲ့အမြီးမှာ အညစ်အကြေးတွေရှိနေလို့ ဖြတ်ပစ်ရတာဆိုတဲ့အချက်ကိုတော့ လူတော်တော်များများ မသိကြဘူးကွ။ ပြီးတော့ မြွေခေါင်းက အဆိပ်ကို ဖယ်လိုက်တာနဲ့ မြွေသားက သိပ်လတ်ဆတ်သွားပြီး အရသာလည်း ရှိသွားတယ် ”

ခေါင်းဆောင်လဲ့သည် ချက်ပြုတ်နည်းအကြောင်း စိတ်လိုလက်ရ ရှင်းပြလေသည်။

ဘေးရှိ ရွှီချင်းသည်လည်း အာရုံစိုက်၍ နားထောင်နေပြီး ခေါင်းဆောင်လဲ့က မြွေကို အရေခွံခွာလိုက်ပြီး ကိုယ်တွင်းအင်္ဂင်္ါများနှင့် တခြားအစိတ်အပိုင်းများအား ထုတ်ကာ ဆေးကြောလိုက်သည်ကို ကြည့်နေသည်။ ထို့နောက် ခေါင်းဆောင်လဲ့သည် မြွေကို အတုံးလေးများအဖြစ် လှီးကာ ဘေးတွင် ထားလိုက်သည်။

“ ကလေး၊ မှတ်မိလား။ အရသာရှိ၊မရှိကတော့ ဟင်းရည်အပေါ်လည်း မူတည်သေးတယ်ကွ ”

ထိုသို့ဖြင့် ခေါင်းဆောင်လဲ့က မြေအိုးလေးထဲသို့ ရေများလောင်းထည့်ကာ ဆေးဖက်ဝင်ပစ္စည်းများ ထည့်လိုက်သည်။ ခဏအကြာ အဆိပ်ထုတ်ထားသော မြွေခေါင်းကိုလည်း မြေအိုးထဲ ပစ်ထည့်လိုက်သည်။

မကြာခင် မွှေးကြိုင်သောဟင်းနံ့က နေရာတစ်ခုလုံး လွင့်ပျံသွားရာ ရွှီချင်းသည် ဂလုခနဲ တံတွေးမျိုချလိုက်၏။ ထိုအခြင်းအရာကြောင့် ခေါင်းဆောင်လဲ့က တဟားဟား ရယ်မောလိုက်ပြီး ဆေးကြောထားသော ဒယ်အိုးကို ထုတ်လိုက်သည်။ ထို့နောက် မြွေသားများကို မီးပြင်းပြင်းဖြင့် ကြော်လိုက်သည်။ တခဏအတွင်း တရှဲရှဲဆီပူသံများ လွင့်ပျံလာပြီး မြွှေသားကြော်အနံ့က ထောင်းခနဲ အခန်းထဲ ပြည့်နှက်သွားသည်။

ရွှီချင်း၏ဗိုက်ထဲမှ တဂွီဂွီမြည်သံများ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်နေပေရာ အအေးဓာတ်များအားလုံး လွင့်ပါးပျောက်ကွယ်သွားသည့်အလားပင်။ ပွက်ပွက်ဆူနေသော ဟင်းရည်အိုးထံမှ သူ့မျက်လုံးများ မခွာနိုင်အောင် ဖြစ်နေတော့သည်။

မကြာခင် ခေါင်းဆောင်လဲ့က မြွေသားကြွပ်ကြွပ်ကြော်များကိုလည်း မြေအိုးထဲ ထည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ မင်း နားလည်လိုက်လား ”

ရွှီချင်းက တပွက်ပွက်မြည်နေသော မြေအိုးကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူက လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်ခဲ့ပြီး အလွန်ခက်ခဲလှသည်ဟု မထင်ချေ။

ခေါင်းဆောင်လဲ့က ပြုံး၍ ဘေးအခန်းကို ထွက်ခွာသွားသည်။ သူ ပြန်ရောက်လာသောအခါ အရက်ပုလင်းနှစ်လုံး ပါလာသည်။ သူက တစ်လုံးကို ရွှီချင်းထံ ပစ်ပေးလိုက်ပြီး တခြားတစ်လုံးကို ကိုင်ကာ တံတွေးမျိုချ၍ ချီးကျူးစကားဆိုလိုက်သည်။

“ စခန်းမှာ အသားမရှားဘူးဆိုပေမဲ့ ဒီအရက်ကတော့ ရှားပါးပစ္စည်းပဲကွ ”

ရွှီချင်းက အရက်ပုလင်းကို ဖမ်းလိုက်ပြီး အထဲရှိ အရက်များကို ကြည့်လိုက်သည်။ ယခင်က သူ တစ်ခါမှ အရက်မသောက်ခဲ့ဖူးချေ။

ခေါင်းဆောင်လဲ့ ပြောစကားအတိုင်း ယင်းအရက်ကို ရှားပါးပစ္စည်းအဖြစ် ယူဆနိုင်ပေသည်။ ဆင်းရဲသားရပ်ကွက်၌ ထိုကဲ့သို့ အရက်ပုလင်းများ မရှိဘဲ မြို့ကြီးပြကြီးများရှိ ဂုဏ်အရှိန်အဝါ မြင့်မားသော လူများသည်သာ အရက်ကို ခံစားနိုင်ကြပေလိမ့်မည်။

သို့သော်လည်း အရက်သောက်ပြီးနောက် ခေါင်းဆောင်လဲ့၏ ပျော်ရွှင်သွားသော မျက်နှာအမူအရာကိုကြည့်၍ ရွှီချင်းသည် ချီတုံချတုံဖြင့် အရက်ပုလင်းကို နှုတ်ခမ်းဝတွင် တေ့လိုက်သည်။ တစ်ငုံစာ သောက်လိုက်ပြီး သူ၏မျက်ခုံးမွှေးများ တွန့်သွားသည်။ သူ့ပါးစပ်တစ်ခုလုံး ပူလောင်သွားပါသော်လည်း မျိုချလိုက်သည်။

အပူစီးကြောင်းတစ်ခု သူ့လည်ပင်းတစ်လျှောက် စီးဆင်းသွားပြီး အစာပြွန်မှတစ်ဆင့် အစာအိမ်ထဲ ရောက်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်ဖိန်းရှိန်းသွားသည်။ ၎င်းက သူ၏ပါးစပ်ကို ဟသွားစေပြီး သူ လေချဉ်တက်လိုက်ရာ အရက်နံ့များ လွင့််ပျံသွားလေသည်။

“ ခါးလိုက်တာ … ”

ရွှီချင်းက ခေါင်းဆောင်လဲ့ကိုကြည့်၍ ရှုံ့မဲ့ကာ ပြောသည်။

ထိုစကားကြောင့် ခေါင်းဆောင်လဲ့က တဟားဟား ရယ်မောလိုက်ပြီး ရွှီချင်းကို လက်ညှိုးထိုး၍ ဆိုသည်။

“ မင်းက ငယ်သေးတော့ အရက်အရသာကို မခံစားတတ်သေးတာကွ။ မင်း အသက်ကြီးလာရင် ကြိုက်သွားမှာ သေချာတယ် ”

ထိုသို့ဖြင့် ခေါင်းဆောင်လဲ့က ရွှီချင်း၏လက်ထဲမှ အရက်ပုလင်းကို လှမ်းယူလိုက်ပါသော်လည်း ရွှီချင်းက ရှောင်လိုက်သည်။

“ ကျနော် ထပ်သောက်ကြည့်ဦးမယ် ”

ရွှီချင်းက အလေးအနက် ပြန်ဖြေလိုက်ပြီး နောက်တစ်ငုံ သောက်လိုက်သည်။ သူ မျက်မှောင်ကြုတ်နေဆဲ ဖြစ်သော်လည်း ထူးဆန်းသောအရသာနှင့် သူ အသားကျသွားသည်။

ခဏအကြာ မြွေသားသည်လည်း ကျက်သွားခဲ့ပြီဖြစ်သည်။

ခေါင်းဆောင်လဲ့က အိုးကို ယူလာပြီး အဖုံးဖွင့်လိုက်ရာ ဟင်းနံ့များ သင်းပျံ့သွားသည်။ ရွှီချင်း၏လည်စလုပ်က နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး အရက်ပုလင်းကို သူ ချထားလိုက်သည်။ ခေါင်းဆောင်လဲ့ တစ်တုံးအရင်စားသည်ကို စောင့်ပြီးနောက် သူက မြွေသားတစ်တုံးကို နှိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

သူက ပလုပ်ပလောင်းစားသည့်အကျင့်ကို မဖျောက်သေးပေ။

ထိုသို့ဖြင့် အပြင်ဘက်၌ နှင်းလေပြည်များ ကျဆင်းနေစဉ် အခန်းထဲတွင် ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ယောက်သည် အရက်သောက်လိုက်၊ မြွေသားစားလိုက် လုပ်နေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို နွေးထွေးသည့်ခံစားချက်များ တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။

ရွှီချင်း၏ တူများကို အတင်းကိုင်နေသည့် ကို့ရို့ကားယားအပြုအမူကိုကြည့်၍ ခေါင်းဆောင်လဲ့၏မျက်လုံးများထဲတွင် ကြင်နာသောအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ရင်ထဲ၌ သူ ရေရွတ်လိုက်သည်။

“ ဘယ်လိုပဲပြောပြော သူက ကလေးပဲရှိသေးတာလေ။ ဒီရက်စက်ကြမ်းတမ်းတဲ့ လောကကြီးထဲမှာ အသက်ရှင်နေတာ စိတ်မကောင်းစရာပဲ ”

နှင်းလေပြေလေးက အပြင်ဘက်မှနေ၍ အဆောက်အအုံ အက်ကွဲကြောင်းများမှတစ်ဆင့် တိုးဝှေ့တိုက်ခတ်လာသည်။ ရွှီချင်းသည် ပူလောင်သောအစားအစာများကို စားသောက်နေပါသော်လည်း လေအေးတစ်ချက်ကြောင့် အနည်းငယ် ကျောကော့သွားရသည်။

ထိုမပြောပလောက်သော လှုပ်ရှားမှုကလေးကို ခေါင်းဆောင်လဲ့ မြင်လိုက်ပြီး အတွေးနက်သွားဟန်ရှိသော်လည်း စကားမဆိုချေ။

ခဏအကြာ ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို တုပ၍ အရက်တစ်ကျို မော့ချလိုက်ပြီး လေချဉ်တက်လိုက်သည်။ ထို့နောက် မြို့ပျက်ထဲမှ သူ့ကို ခေါ်လာခဲ့သော ခေါင်းဆောင်လဲ့ကို သူ အာလေးလျှာလေးဖြင့် မေးမြန်းလိုက်သည်။

“ အဘိုးရဲ့ဒဏ်ရာတွေက … ”

“ ဘာမှမဖြစ်ပါဘူးကွာ။ ငါ ဒီလိုနေလာတာ နှစ်တွေအများကြီး ရှိနေပြီပဲ။ ဘယ်လိုလုပ် စောစောသေရမှာတုံး ”

ရွှီချင်း ငြိမ်သက်သွားသည်။ ခေါင်းဆောင်လဲ့ကို ကျင့်ကြံခြင်းဖျက်ဆီးခံခဲ့ရသည့်အကြောင်း သူ မေးချင်ပါသော်လည်း တားမြစ်နယ်မြေထဲတွင် ကြုံခဲ့ရသည့်အဖြစ်အပျက်ကို ပြန်စဉ်းစားမိသွားကာ မမေးတော့ပေ။

သူတို့နှစ်ဦးသား မြွေသားကို အချိန်အတော်ကြာသည်အထိ မြိန်ရေယှက်ရေ စားနေကြသည်။ ခေါင်းဆောင်လဲ့က သူ့လက်ထဲရှိ အရက်ပုလင်းထဲမှ အရက်များ ကုန်သွားသောအခါမှသာ ထရပ်လိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ရီဝေဝေဖြစ်နေပြီး သူ့အခန်းကို ပြန်သွားလေသည်။

ခေါင်းဆောင်လဲ့ကို ကြည့်၍ တားမြစ်နယ်မြေထဲမှ ပြန်ရောက်လာပြီးနောက် အနည်းငယ် အားတက်ကြွမှု မရှိတော့ကြောင်း ရွှီချင်း ခံစားလိုက်ရသည်။

ရွှီချင်းသည် ငြိမ်သက်နေပြီး ခဏကြာသောအခါမှသာ ထရပ်လိုက်သည်။ သူက စားပွဲများကို သုတ်ကာ အိုးခွက်ပန်းကန်များကို သန့်ရှင်းစွာ ဆေးကြောလိုက်ပြီး သပ်ရပ်စွာ ထပ်ထားလိုက်သည်။ ကိစ္စများ ပြီးသွားသောအခါမှသာ သူ့အခန်းကို ပြန်သွား၏။

သူက အိပ်ယာခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ခေါင်းမော့၍ နှင်းများကျနေသော အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ကိုယ်ကို ကုန်း၍ တားမြစ်နယ်မြေထဲတွင် ရှိစဉ်အခါက သွေးအရိပ်အဖွဲ့ခေါင်းဆောင်ထံမှ ယူခဲ့သော သားရေအိတ်ကို ထုတ်လိုက်သည်။

အထဲ၌ ဆေးလုံးများစွာ မရှိပါသော်လည်း ဝိညာဉ်ကြေးပြားအမြောက်အမြား ရှိသည်။ တခြားတိုလီမိုလီပစ္စည်းများစွာလည်း ရှိနေသည်။

နောက်ဆုံး၌ သူက အနက်ရောင်လက်အိတ်ကို ထုတ်ယူလိုက်သည်။ ၎င်း၏အရောင်က သားရေဟု မခံစားရစေဘဲ သတ္တနှင့် ပိုဆင်သည်။

သူက လက်အိတ်ကို စွပ်ကြည့်လိုက်ပြီး အလွန်မာကြောသည်ကို နားလည်လိုက်သည်။ ၎င်းက ဖြုံစရာကောင်းလောက်သော ကာကွယ်ရေးပစ္စည်းတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် သူက လက်သီးချက်အနည်းငယ် စမ်းထိုးကြည့်လိုက်ပြီး မဆိုးလှသည်ကို တွေ့လိုက်ရသည်။ ပြီးသည်နှင့် လက်အိတ်ကို ချွတ်၍ မျက်လုံးများမှိတ်ကာ ကျင့်ကြံလိုက်သည်။

ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။

မိုးသောက်ယံရောက်သောအခါ နှင်းပွင့်လေးများက အဆက်မပြတ် ကျဆင်းနေပါသော်လည်း များစွာ ပူနွေးလာသည်။ သို့စေကာမူ အေးစိမ့်သော ညတစ်ညကို ကျော်လွန်ပြီးနောက် နှင်းခဲများသည် မြေပြင်ပေါ် အချိန်အတော်ကြာ တည်ရှိနေနိုင်ပေသည်။

သို့ဖြစ်၍ ရွှီချင်းက အခန်းအပြင်ဘက်သို့ ထွက်လိုက်သောအခါ နှင်းပွင့်များထဲ ဖြစ်ပေါ်သွားသော ခြေရာများကို မြင်လိုက်ရသည်။

ရွှီချင်းက အင်္ကျီများကို တင်းကြပ်စွာ ဝတ်ဆင်လိုက်ပြီး ခေါင်းဆောင်လဲ့၏အခန်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး တစ်ခုခုလုပ်ရန် တွေးနေပြီး ခေါင်းဆောင်လဲ့အတွက် အဖြူရောင်ဆေးလုံးများ ဝယ်ပေးရန် တွေးမိသွားသည်။

ထိုသို့ဖြင့် ရွှီချင်းသည် နှင်းတောထဲ ကျော်ဖြတ်ကာ ကုန်စုံဆိုင်ကို လျှောက်လာသည်။

သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲနားကို ရောက်သောအခါ လူငယ်နှင့် မိန်းကလေးတို့၏ စာအံသံများကို ကြားလိုက်ရသည်။ ထိုအသံများက သူ၏ခြေလှမ်းများကို ရပ်တန့်သွားစေပြီး မနာလိုသောအကြည့်ဖြင့် သူ လှမ်းကြည့်လိုက်သည်။

ခဏအကြာ သူက စကားတစ်ခွန်းမဆိုဘဲ လှည့်ကာ ကုန်စုံဆိုင်သို့ ဆက်သွားလိုက်သည်။

ကုန်စုံဆိုင်အနီးကို ရောက်လာသောအခါ ဆိုင်အပြင်ဘက်ရှိ နှင်းခဲများကို လှဲကျင်းနေသော မိန်းကလေးကို သူ လှမ်းမြင်လိုက်ရသည်။ သူမ၏အယတ်အစားများက ပါးလျနေပြီး သူမ၏လက်သေးသေးလေးများက အအေးဓာတ်ကြောင့် နီမြန်းနေကာ သူမ၏ပါးစပ်ထဲမှ အခိုးအငွေ့များ ထွက်နေသည်။

ရက်အတော်ကြာ မမြင်ရသည့်အတောအတွင်း မိန်းကလေးသည် စခန်း၌ အနည်းငယ် နေသားကျလာဟန်တူသည်။ တံမျက်စည်းလှည်းရသည်မှာ ပင်ပန်းပါသော်လည်း သူမက အားကြိုးမာန်တက်လုပ်နေလေသည်။

နှင်းခဲများက ကျဆင်းနေသည့်တိုင်အောင် သူမက ဆက်လက်လှဲကျင်းနေသည်။ သူမ၏မျက်နှာကို ဖျက်ဆီးထားသော အမာရွတ်က မနက်ခင်းနေရောင်ခြည်အောက်တွင် အနည်းငယ် သိသာထင်ရှားနေသည်။

ရွှီချင်းရောက်လာသောအခါ မိန်းကလေးက သတိထားမိသွားဟန်တူပြီး ခေါင်းကလေးမော့၍ ကြည့်လိုက်ရာ ရွှီချင်းကို မြင်သွားပြီး မျက်လုံးများ ဝင်းလက်သွားကာ ပျော်ရွှင်သောအပြုံးလေးတစ်စ ပေါ်ထွက်လာသည်။

“ မင်္ဂလာမနက်ခင်းပါ ”

“ မင်္ဂလာနံနက်ခင်းပါ …”

ရွှီချင်းသည် ထိုကဲ့သို့ နှုတ်ဆက်စကားများ ပြောလေ့ပြောထမရှိချေ။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကုန်စုံဆိုင်ထဲကို ကြည့်လိုက်သည်။

ယခုလေးတင် နေပြန်ပွင့်လာသည့်အတွက်ကြောင့်ပေလော၊ သို့တည်းမဟုတ် ရာသီဥတုကြောင့်ပေလော ဆိုင်ထဲ၌ လူတစ်ယောက်မှ မရှိချေ။ ဆိုင်ရှင်သည်ပင် မရှိချေ။

“ နင် ဘာလိုချင်တာလဲ။ ငါ ရှာပေးမယ်လေ ”

မိန်းကလေးက ပြုံး၍ ပြောသည်။

“ အဖြူရောင်ဆေးလုံးတွေ ”

ရွှီချင်းက မိန်းကလေးကို ကြည့်လိုက်သည်။

ထိုစကားကြောင့် မိန်းကလေးသည် လက်ထဲရှိ တံမျက်စည်းကို ဘေးရှိနံရံတွင် ထောင်ထားလိုက်သည်။ ရွှီချင်းကို ဆိုင်ထဲ ခေါ်သွားလိုက်ပြီး ကောင်တာနောက်သို့ ပြေးသွားကာ မွှေနှောက်ရှာဖွေလိုက်သည်။ မကြာခင် သားရေအိတ်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဖွင့်ကြည့်ကာ ပြန်ထားလိုက်သည်။

ခဏအကြာ သူမက အိတ်တစ်အိတ်ကို ထုတ်လာပြီး ရွှီချင်းကို ပေးလိုက်သည်။

“ ဆိုင်ရှင်က တစ်နေ့ကို ငါးလုံးပဲ ရောင်းရမယ်လို့ စည်းကမ်းထုတ်ထားတာ။ ဒီတော့ ငါ နင့်ကို ရောင်းလို့မရတော့ဘူး ”

မိန်းကလေးက တောင်းပန်တိုလျှိုးသည့်အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

၎င်းကို ရွှီချင်း နားလည်ပေသည်။ သူက သားရေအိတ်ကို ယူ၍ ဖွင့်ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ထိုသားရေအိတ်ထဲရှိ အဖြူရောင်ဆေးလုံးများက ယခင်က သူ ဝယ်ခဲ့သည့် ဆေးလုံးများထက် များစွာ အာနိသင်ပိုရှိသည်ကို သူ သတိထားမိလိုက်သည်။ ယင်းတို့အနက် အစိမ်းရောင်မသမ်းသေးသည့်အပြင် ဆေးနံ့များပင် ထွက်ပေါ်နေသော ဆေးလုံးသုံးလုံးရှိသည်။

သူက မိန်းကလေး၏အပြုအမူများကို ပြန်တွေးမိလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။

“ ဘာမှမဖြစ်ဘူး။ အဲဒါက ငါ့လုပ်ပိုင်ခွင့်ထဲမှာပဲ ရှိတယ် ”

မိန်းကလေးက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြုံး၍ ဆိုသည်။

ရွှီချင်းသည် မိန်းကလေးကို စူးရှစွာ ကြည့်လိုက်သည်။

“ ကျေးဇူးပဲ ”

“ အဲဒီလို အသေးအဖွဲကိစ္စအတွက်နဲ့ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ငါက နင့်ကို ကျေးဇူးတင်ရမှာပါ။ နင်သာ မရှိရင် ငါ အခုလို အသက်ရှင်မှာ မဟုတ်ဘူးလေ ”

မိန်းကလေး၏အပြုံးက တောက်ပနေပြီး သူမ၏မျက်ဝန်းများထဲတွင် အလင်းဖျော့ဖျော့ ရှိနေသည်။ ထို့နောက် မိန်းကလေးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရွှီချင်းအား စိုးရိမ်ပူပန်စွာ သတိပေးလိုက်သည်။

“ ဒါနဲ့ မနေ့က ဆိုင်ရှင်ပြောတာ ငါ ကြားတယ်။ အရင်ရက်က စခန်းကနေ လူငယ်တွေအများကြီး ပျောက်သွားတယ်တဲ့။ သူ့အမူအရာကြည့်ရတာတော့ တားမြစ်နယ်မြေထဲက အန္တရာယ်ကြောင့် ပျောက်သွားတာ မဟုတ်လောက်ဘူး။ လူတွေကြောင့်ပဲ ပိုဖြစ်နိုင်လောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော် ”

မိန်းကလေး၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ရှိနေပြီး ထိုကဲ့သို့ အကြည့်မျိုးနှင့် ရွှီချင်း အသားမကျပေ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြော၍ ထွက်ခွာသွားသည်။

သူက အဝေးကြီး မရောက်သေးခင် လှည့်ကြည့်လိုက်သည်။ သူက နှင်းခဲများကို လှဲကျင်းနေသော မိန်းကလေးကို လှမ်းကြည့်လိုက်ပြီး နေရောင်ခြည်အောက်တွင် သူမ၏ နဖူးထက်ရှိ အမာရွတ်ကို ကြည့်လိုက်သည်။

ယခင်က ခေါင်းဆောင်လဲ့ ပြောခဲ့ဖူးသော တားမြစ်နယ်မြေထဲရှိ ဘုရားကျောင်းများရှိရာနေရာ၌ အမာရွတ်များကို ပျောက်စေနိုင်သော ကျောက်တုံးတစ်တုံးရှိသည်ကို သူ ချက်ချင်း အမှတ်ရသွားသည်။

“ ငါ ကြုံရင် သူ့ဖို့ တစ်ခုလောက် ရှာရမယ် ”

ရွှီချင်းသည် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်ပြီး လှည့်ထွက်သွားသည်။

လူငယ်လေးသည် နှင်းတောထဲတွင် ခြေရာများချန်ရစ်လျက် အဝေးသို့ လျှောက်သွား၏။ သူ့နောက်ရှိ နှင်းလေပြေက ပို၍သာ ​ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။

All Chapters