← Chapters

အကြီးအကဲပင်း၊ မင်း အားလား

Vol. 20 Ch. 196

အကြီးအကဲပင်း၊ မင်း အားလား

Vol. 20 Ch. 196

“ငါ ခဏလောက် စဉ်းစားပါရစေဦး”

တပည့်များ၏ မျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းများကို မြင်သော်လည်း ချူဖုန်း ချက်ချင်း သဘောမတူသေးပေ။ ထိုအစား ဖိတ်စာတစ်စောင်ကို ရှောင်ချန်းထံ ကမ်းပေးလိုက်သည်။

“ချန်းအာ... မင်းက ငါ့ရဲ့ တပည့်ကြီးဆိုတော့ ဒီဖိတ်စာက မင်းအတွက်ပဲ”

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှောင်ချန်း ဖိတ်စာကို လက်ခံယူလိုက်သည်။

နောက်ဆုံးကျန်ရှိသော ဖိတ်စာအတွက် ချူဖုန်း လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ရာ နောက်ဆုံးတွင် သူ့အကြည့်မှာ နျဲ့ရှို့ယွမ်ထံ ရပ်တန့်သွား၏။

“ရှို့ယွမ်... မင်းရော ဝိုင်ချက်ဖို့အတွက် စိတ်ဝိညာဉ်ပစ္စည်းအချို့ သွားရှာချင်လား”

“ဒါ ကျွန်တော့်စိတ်ထဲ တွေးနေမိတာ”

နျဲ့ရှို့ယွမ် ရှောင်ချန်းလက်ထဲက ဖိတ်စာကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ကောင်းပြီ၊ ဒါဆိုရင် ဒီဖိတ်စာက မင်းအတွက်ပဲ”

ချူဖုန်း မဆိုင်းမတွပင် ဖိတ်စာကို နျဲ့ရှို့ယွမ်ထံ ကမ်းပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

နျဲ့ရှို့ယွမ်သည် အကောင်းဆုံးဝိုင်ကို ချက်လုပ်နိုင်ရန် ဝိညာဉ်ပစ္စည်းတစ်ခုကို ရှာဖွေနေပါသည်။ ယခု ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော်သို့ တက်ရောက်ခွင့်ရပြီဖြစ်ရာ သူ ဤအခွင့်အရေးကို အလွန်လိုချင်မိပါ၏။

သူ့နောက်တွင် ရပ်နေသော ရွှီချိုက်ချန်က မေးလိုက်သည်။

“ဦးလေး... ကျွန်တော်လည်း လိုက်ခဲ့လို့ရမလား”

“ရတာပေါ့၊ မင်းမပါရင် ငါက ဘယ်သူနဲ့ ဝိုင်သောက်ရမှာလဲ”

နျဲ့ရှို့ယွမ်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

ရွှီချိုက်ချန်သည် ချက်ချင်းပင် သဘောပေါက်သွားပြီး ပျော်ရွှင်သွားတော့သည်။

ဖိတ်စာကိစ္စပြီးနောက် ချူဖုန်း အားလုံးကို စားသောက်ပွဲသို့ ဖိတ်ခေါ်လိုက်၏။ ရှောင်ချန်း ပြန်ရောက်လာပြီဖြစ်၍ မြောင်တောင်ပေါ်ရှိ တပည့်အားလုံးမှာ သူတို့၏ စီနီယာအစ်ကိုကြီးကို လာရောက်နှုတ်ဆက်ကြသည်။

ရှောင်ချန်းက တပည့်သစ် ဂျူနီယာမောင်နှမများကို အမှတ်တရလက်ဆောင်လေးများလည်း ပေးအပ်ခဲ့‌၏။

စားသောက်ပွဲပြီးနောက် ချူဖုန်း ဝတ္ထုဖတ်ရန် သူ၏အခန်းသို့ ပြန်လာလိုက်သည်။ ခဏအကြာတွင် တစ်ခုခုလိုနေသလို ခံစားရသဖြင့် ပို၍ အနုပညာဆန်သော စာအုပ်တစ်အုပ်ကို ရှာရန်အပြု အခန်းထောင့်က ဖိတ်စာပေါ်သို့ မျက်စိရောက်သွား၏။

ချူဖုန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဖိတ်စာကို ထုတ်ယူကာ တွေးလိုက်မိသည်။ ဤကမ္ဘာသို့ ရောက်လာကတည်းက ထိုက်ရွှီလျှို့ဝှက်နယ်မြေသို့ သွားခဲ့သည့်ခရီးမှလွဲ၍ သူ ဝမ်တောက် ကျောင်းတော် သို့မဟုတ် ဝမ်တောက်မြို့၏ နယ်နိမိတ်အတွင်းမှ အပြင်သို့ မထွက်ဖူးသေးပေ။

‘လောကကြီးက ဒီလောက်ကျယ်ပြောတာကို ငါကတော့ ဘာတစ်ခုမှ မမြင်ဖူးသေးပါလား’

ထိုသို့တွေးမိပြီး ချူဖုန်း ဆုံးဖြတ်ချက်ချလိုက်တော့၏။

ပတ်ဝန်းကျင်အသစ်ကို မြင်ချင်၍ သူ ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော်သို့ သွားပါဦးမည်။

မကြာမီမှာပင် အကြီးအကဲပင်းသည် ခြေထောက်ဆေးရန် ရေနွေးဇလုံနှင့်အတူ သူ့အခန်းသို့ ရောက်ရှိလာသည်။

သူ့ခြေထောက်များကို ရေစိမ်နေစဉ် ချူဖုန်း မေးလိုက်၏။

“အကြီးအကဲပင်း ခင်ဗျား အားလား”

အကြီးအကဲပင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလာသည်။ “အားပါတယ်”

“ဒါဆိုရင် ဘိုင်ယွင်မြို့ ဖလှယ်ရေးပွဲတော်ကို ကျုပ်နဲ့အတူ သွားကြရအောင်”

ချူဖုန်း ဖိတ်ခေါ်လိုက်ပါ၏။

အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ သူ ဘိုင်ယွင်မြို့သို့ သွားသောလမ်းကို မသိသလို သူ့တပည့်များနှင့်အတူ သွားရမှာလည်း အလွန်ပျင်းစရာကောင်း၏။

ရှောင်ချန်းသာ ပါလာလျှင် သူ့နာမည်တစ်ခုတည်းနှင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။

ချူဖုန်းသည် အာရုံစိုက်ခံရခြင်းကို မမှုသော်လည်း ယခုတစ်ကြိမ်တွင် ပစ္စည်းကောင်းများကို ဈေးပေါပေါနှင့် ရှာဖွေရသည့် အရသာကို ခံစားကြည့်ချင်မိ၏။ အဆုံး၌ သူတွင် ကမ္ဘာပျက်သုဉ်းခြင်းမျက်ဝန်း ရှိနေပြီ မဟုတ်ပါလော။

သောင်းပြောင်းပညာရပ်ဌာနနှင့် ပတ်သက်၍ ချင်းအာကို ခဏလွှဲထားရပေမည်။ သူမ ရှိနေလျှင် သူ စိတ်အေးရ၏။

“ဘယ်တော့ သွားမှာလဲ။”

အကြီးအကဲပင်း ချက်ချင်းလက်ငင်း သဘောတူလိုက်သည်။

“ရှစ်လပိုင်း အစလောက်ပေါ့၊ အစောကြီး သွားပြန်တော့လည်း လုပ်စရာရှိဘူးလေ” ချူဖုန်း အေးအေးလူလူ ခရီးသွားချင်ရုံသာ။

အကြီးအကဲပင်းက ဖြေသည်။

“ကောင်းပါပြီ... ဒါဆိုရင် ကျွန်မ သားရဲထိန်းဌာန ကို သွားပြီး ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲ နှစ်ကောင် သွားရှာလိုက်မယ်။ အဲဒါတွေကို စီးသွားလို့မှရမယ်။ ဘိုင်ယွင်မြို့က ဝမ်တောက် ကျောင်းတော်နဲ့ဆိုရင် လီတစ်သောင်းလောက် ဝေးတာဆိုတော့ တစ်နေ့ကို လီထောင်ချီ သွားနိုင်တဲ့ သားရဲမျိုးဆိုရင် ရက်ပိုင်းအတွင်း ရောက်နိုင်တယ်”

ချူဖုန်းက ပြန်ပြောပါ၏။

“အဲဒီလောက်အထိ ဒုက္ခခံစရာ မလိုဘူး။ ကျုပ်တို့ မသွားခင် သွားရွေးလိုက်လို့ ရတယ်။ ဌာနမှူးတွေ အားလုံး စီးတော်ယာဉ်တစ်ကောင်စီ ရွေးချယ်ခွင့်ရှိတယ်”

“နားလည်ပါပြီ”

ချူဖုန်းတွင် အစီအစဉ်ရှိသည်ကို မြင်ရသဖြင့် အကြီးအကဲပင်း ထပ်မပြောတော့ပေ။

နှစ်လအကြာတွင်၊

ရှောင်ချန်းနှင့် သူ့အဖွဲ့သည် ချူဖုန်းကို နှုတ်ဆက်ကာ အနောက်ဘက်ရှိ ဘိုင်ယွင်မြို့သို့ ဦးတည်ရန် သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ချူဖုန်းသည် စနစ်ထံမှ အကြောင်းကြားချက်တစ်ခုကို လက်ခံရရှိခဲ့၏။

[ဒင်၊ ပိုင်ရှင်၏ တပည့် ဟန်ပင်းသည် အသက်ရှည်ကျမ်း၏ အခြေခံအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်အား အသက်ရှည်ကျမ်း(ပြီးပြည့်စုံခြင်းအဆင့်)ကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]

ယင်းကို ကြားသောအခါ ချူဖုန်း ခပ်တိုးတိုး ဆိုလိုက်မိသည်။

“ဟန်ပင်းက တော်တော်မြန်မြန် ကျင့်ကြံနိုင်တာပဲ”

ဟန်ပင်းကို တွေးမိရင်းနှင့် ကောင်မလေး ချိုက်ယီကိုလည်း သတိရသွား၏။

‘အခုတစ်လော သူမ ဘယ်လိုများ နေပါလိမ့်’ သူ သိချင်သွားသည်။

ထို့ကြောင့် ချူဖုန်း ချိုက်ယီနှင့် ချင်းချင်းတို့ နေထိုင်ရာ ခြံဝင်းဆီသို့ ထွက်လာလိုက်၏။ မကြာမီမှာပင် ခြံထဲ၌ ချိုင်ယီ တစ်ယောက် ဓားအကများ လေ့ကျင့်နေသည်ကို မြင်လိုက်ရသည်။

ထိုကကွက်မှာ ကဗျာတစ်ပုဒ်၊ ပန်းချီတစ်ချပ်ကဲ့သို့ပင် ခြေလှမ်းတိုင်းမှာ သက်ဝင်လှုပ်ရှားနေပြီး လှုပ်ရှားမှုတိုင်းမှာ ကျော့ရှင်းကာ စွဲမက်ဖွယ် ကောင်းလှပေ၏။

ခြံထဲတွင် ရပ်နေသော ချင်းချင်းပင် ငေးမောကြည့်နေမိသည်။ ကကွက်အဆုံးတွင် ချူဖုန်းက ပထမဆုံး လက်ခုပ်တီးလိုက်၏။

“အရမ်းကောင်းတယ်။ချိုက်ယီ... မင်းက တကယ့်ကို အကပညာမှာ ဆရာတစ်ဆူပဲ။ ခုနက ဖျော်ဖြေမှုက လန့်ဖျပ်သွားတဲ့ ငန်းတစ်ကောင်လို ကျော့ရှင်းပြီး၊ လွင့်မျောနေတဲ့ နဂါးတစ်ကောင်လို ခန့်ညားတယ်”

ကောင်မလေးနှစ်ယောက်စလုံး ချူဖုန်း၏ အသံကို ကြားသည်နှင့် ချက်ချင်းပင် မတ်တတ်ရပ်၍ ဂါရဝပြုကြသည်။

“ဂါဝရပြုပါတယ် ဆရာ”

“အားနာစရာ မလိုဘူး”

ချူဖုန်း ပြောရင်းနှင့် ခြံဝင်းအတွင်းသို့ လှမ်းဝင်လာ၏။

ချိုက်ယီက မေးလိုက်သည်။

“ဆရာ... တပည့်ရဲ့ ဓားအကနဲ့ ပတ်သက်ပြီး ဝေဖန်ပေးပါဦး”

ချူဖုန်း လမ်းညွှန်ပေးလိုက်၏။

“ဒါက သာမန် ဓားကကွက်ဆိုရင်တော့ ခုနက မင်းရဲ့ ဖျော်ဖြေမှုက အပြစ်ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်းအနေနဲ့ဆိုရင်တော့ အတော်လေး လိုနေသေးတယ်”

ထိုစကားကို ကြားရသောအခါ ချိုက်ယီက ထပ်မံ၍ မေးသည်။

“ဒါဆိုရင် တပည့် ဘယ်လိုမျိုး တိုးတက်အောင် လုပ်ရမလဲ”

ချူဖုန်းက ဖြေသည်။

“အရာခပ်သိမ်းကို ဆင်ခြင်ခြင်းကနေ တစ်ခုခု ထိုးထွင်းသိမြင်တာမျိုး ရှိပြီလား”

ချိုက်ယီ ခေါင်းခါပြ၏။ “တပည့်က ဉာဏ်ထိုင်းတော့ ဘာမှ မသိမြင်နိုင်သေးပါဘူး ဆရာ”

ချူဖုန်း ပြောလိုက်သည်။ “မင်း စီနီယာအစ်မရဲ့ ဇီသာသံကို နားထောင်ရင်း အကလေ့ကျင့်ဖူးလား။”

“မလုပ်ဖူးပါဘူး...”

ချိုက်ယီ ချူဖုန်း၏ အကြည့်ကို မရင်ဆိုင်ရဲသဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်၏။

ချူဖုန်းက ပြောလိုက်သည်။ “ခေါင်းမော့စမ်းပါ။ ငါက မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး။နည်းလမ်းကို သင်ပေးနေတာ”

ချင်းချင်းက ဝင်ပြောသည်။

“ဆရာ... တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် ကျွန်မရဲ့ ဂီတသံကို မခုခံနိုင်ကြဘူး။ ဂျူနီယာညီမလေးက ကျွန်မရဲ့ ဇီသာသံနဲ့အတူ အကလေ့ကျင့်မယ်ဆိုရင်၊ သူ့ဝိညာဉ်ကို ထိခိုက်သွားမှာ စိုးရိမ်မိပါတယ်”

သူမ၏ ဂီတမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူမကိုယ်တိုင်အသိပေ။

အထူးသဖြင့် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်လှမ်းပြီးနောက် သူမဘက်မှ အန္တရာယ်ပြုရန် ရည်ရွယ်ချက် မရှိလျှင်တောင် သာမန်လူတစ်ယောက် သူမ၏ တီးခတ်မှုကို ကြားရပါက တစ်သက်လုံး ငေးငိုင်ပြီး ပြန်နိုးထလာတော့မည် မဟုတ်ပေ။

ချူဖုန်းက ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ သူ့ ဝိညာဉ်က ငါ့ရဲ့ နတ်ဘုရားအာရုံမျိုး‌စေ့ကို တောင့်ခံနိုင်တယ်ဆိုရင် မင်းရဲ့ ဂီတကိုလည်း ခံနိုင်ရည်ရှိမှာပါ။ မင်း တီးတာကို ရပ်လိုက်တာနဲ့ သူ ပြန်ကောင်းလာပါလိမ့်မယ်”

ချင်းချင်း အသာအယာ ခေါင်းညိတ်၏။ “ဒါဆိုရင် ကျွန်မ ဂျူနီယာညီမလေးကို ကူညီပေးပါ့မယ်”

“ကောင်းပြီ၊ ဒါဆိုရင် ချိုက်ယီရဲ့ ကျင့်ကြံမှုကို မင်းလက်ထဲပဲ အပ်ခဲ့မယ်”

ချူဖုန်း စိတ်မပူတော့ပေ။ ရှောင်ချန်းသည်လည်း တစ်ချိန်က တာ့ချန်ကို ဤနည်းအတိုင်းပင် ကူညီပေးခဲ့ဖူးသည်။

ချင်းချင်း၏ အကူအညီဖြင့် ချိုက်ယီသည် သေချာပေါက် တစ်ခုခု သိမြင်လာလိမ့်မည်ဟု သူ ယုံကြည်၏။

“ဒါနဲ့... ငါ နောက်တစ်ပတ်ခွဲလောက်ဆိုရင် ခရီးထွက်တော့မယ်။ ငါ မရှိတဲ့အချိန် တောင်ပေါ်က ကိစ္စရပ်တွေကို မင်းပဲ ကိုင်တွယ်ထားပါ”

ချင်းချင်းက အနည်းငယ် ဦးညွှတ်၏။ “ဆရာ့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားပါ့မယ်”

ချူဖုန်းသည် သူ၏ တပည့်နှစ်ယောက်ကို အကြံပေးစကား အနည်းငယ် ထပ်ပြောပြီးနောက် လှည့်ထွက်သွားလေတော့သည်။

ဆရာ ထွက်သွားပြီးနောက် ချိုက်ယီက မေး၏။

“စီနီယာအစ်မ... ကျွန်မတို့ ဘယ်တော့ စပြီး လေ့ကျင့်ကြမလဲ”

ချင်းချင်းက ပြုံးလိုက်သည်။ “အဲဒါက ညီမလေး ဘယ်လို တာအိုသဘောတရားကို ထိုးထွင်းသိမြင်ချင်လဲဆိုတဲ့ အပေါ်မှာ မူတည်တယ်”

“စီနီယာအစ်မက ဘယ်အရာမှာ အတော်ဆုံးလဲဟင်”

ချိုင်ယီက စပ်စုလိုက်၏။

“ဖျက်ဆီးခြင်း”

ချင်းချင်းက ခေတ္တမျှ ရပ်လိုက်ကာ ပြောသည်။

“ဒါပေမဲ့ အစ်မက လမင်းရဲ့ယင်ဓာတ်နဲ့ ပြင်းထန်ယင် နှစ်မျိုးလုံးကနေတစ်ဆင့် ဉာဏ်အလင်းပွင့်ခဲ့တာ။ အဲဒီ စွမ်းအင်တွေကို အစ်မ ကောင်းကောင်း နားလည်တယ်”

ချိုက်ယီက ပြောလိုက်သည်။ “ဒါဆိုရင် ညီမလေး လမင်းရဲ့ယင်ဓာတ် ကိုပဲ ရွေးပါ့မယ်။ လရောင်အောက်မှာ တစ်ယောက်တည်း ကပြရတာက ညီမလေး အကြိုက်ဆုံးအရာပဲ”

ချင်းချင်း ပြောလိုက်၏။ “ကောင်းပြီ၊ ဒါဆိုရင် ဒီညပဲ စကြတာပေါ့။”

နေအိမ်သို့ ပြန်ရောက်ပြီးနောက် ချူဖုန်း အကြီးအကဲပင်းကို ခေါ်ကာ ပျံသန်းနိုင်သည့် စီးတော်ယာဉ် ရွေးချယ်ရန် သားရဲထိန်းဌာနသို့ ထွက်လာလိုက်သည်။

သူတို့နှစ်ဦးသည် ဓားပျံစီး၍ ဝင်ရောက်လာကြရာ မြေပြင်သို့ မဆင်းသက်မီမှာပင် သားရဲထိန်းဌာန၏ မဟာအကြီးအကဲရှီယန်သည် တပည့်များနှင့်အတူ လာရောက်ကြို၏။

“အကြီးအကဲချူ လာတာကို စောစောစီးစီး မကြိုဆိုနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါဗျာ”

ချူဖုန်းနှင့် မဟာအကြီးအကဲရှီယန်တို့မှာ အသိမိတ်ဆွေဟောင်းများ ဖြစ်ကြ၏။

ချူဖုန်းက ရယ်မောလိုက်သည်။

“အစ်ကိုကြီးရှီ... ကျွန်တော်တို့ကြားမှာ ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး။ ဒီနေ့ ကျွန်တော် အစ်ကိုကြီးကို ဝိုင်တိုက်မယ်။ ပြီးတော့ ဆွေးနွေးစရာ ကိစ္စလေးလည်း တစ်ခု ရှိသေးတယ်”

ရှီယန် ဝိုင်သောက်ရမည်ဟု ကြားသည်နှင့် မျက်လုံးများ အရောင်တောက်သွား၏။ ချူဖုန်းအနေဖြင့် ဉာဏ်အလင်းပွင့်ဝိုင်ကို မတိုက်လျှင်တောင် သူ ယူလာတတ်သော ဝိုင်များမှာ အမြဲတမ်း ရှားပါးလှပေသည်။

“အကြီးအကဲချူ၊ ကြွပါ ကြွပါ”

အားလုံးသည် ရှီယန်၏နေအိမ်သို့ တိုက်ရိုက်သွားကြသည်။ မကြာမီမှာပင် စားသောက်ပွဲ အဆင်သင့် ဖြစ်သွား၏။

ချူဖုန်း၊ အကြီးအကဲပင်းနှင့် ရှီယန်တို့ စားပွဲတွင်ထိုင်ကာ ဝိုင်သောက်ရင်း စကားစမြည် ပြောဆိုကြသည်။

ဝိုင်သုံးခွက် သောက်ပြီးနောက် ရှီယန် ပြော၏။ “အကြီးအကဲချူ၊ အခု ကျွန်တော်တို့ပဲ ရှိတယ်ဆိုတော့ ခင်ဗျားလာရတဲ့ အကြောင်းရင်းကို ပြောပါဦး”

ချူဖုန်းက သူ့ဝိုင်ခွက်ကို ကစားရင်းဆိုသည်။ “ကျွန်တော် ပျံသန်းနိုင်တဲ့ ဝိညာဉ်သားရဲတစ်ကောင် ရှာနေတာ။ အစ်ကိုကြီးရှီ တစ်ကောင်လောက် ရွေးပေးပါဦး”

ရှီယန်သည် ချက်ချင်းပင် အမူးပြေသွားသလို ဖြစ်သွား၏။ “အကြီးအကဲချူ၊ ခင်ဗျားက စီးဖို့အတွက် လိုချင်တာလား၊ ဒါမှမဟုတ် လေ့ကျင့်ပေးဖို့အတွက်လား”

All Chapters