← Chapters

အခန်း (၁၁၀၅-၁၁၀၆)

Vol. 74 Ch. 1105-1106

အခန်း (၁၁၀၅-၁၁၀၆)

Vol. 74 Ch. 1105-1106

Ch 1105

(ကျုပ်မှတ်မိပြီ)

ဒေသကိုးခုလုံးက အင်အားကြီးပုဂ္ဂိုလ်အသီးသီး ထိတ်လန့်သွားကြသလို.. ကျိလန်ဒေသရှိ ပေတစ်သောင်းမြင့်သော တိုက်ပွဲကွင်းပြင်ထက်မှာ ရပ်နေသည့် မိစ္ဆာနတ်ဘုရားတစ်ယောက်လည်း ခရမ်းနေမင်း မသေမျိုးဘုရင်ကို အလွန်မယုံနိုင်စွာ ကြည့်လာလေ၏။

အချိန်အကြာကြီး နေပြီးနောက်မှသာ သူ တုန်ယင်စွာ ပြောလိုက်သည်။

“မင်း.မင်းက မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်ကို အဆင့်တက်သွားပြီလား”

ဒီလောက်နှစ်တွေ အများကြီးအတွင်းမှာ ဒေသကိုးခုထဲက ဘယ်သူကများ မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်နိုင်ခဲ့လို့လဲ

လောကအရေးတွေကို လျစ်လျူရှုထားတဲ့ ဒီနေမင်းကိုးသွယ်မသေမျိုးဘုရင်က တကယ်ကြီး အဆင့်တက်သွားမည်ဟု မိစ္ဆာနတ်ဘုရား ဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေ။

“မင်း ဘယ်လိုလုပ်လိုက်တာလဲ” သူအလျင်စလို မေးလိုက်တော့၏။

ဒါက မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်လေ..

ဒါက သူ့ရဲ့အိပ်မက်အဖြစ် နှစ်ပေါင်းများစွာ တောင်းတလာခဲ့ရတဲ့ အရာပဲ။

မိစ္ဆာနတ်ဘုရားသည် မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာနိုင်ဖို့ရန်အတွက် အလွန်ကြိုးစားခဲ့ပါ၏.. ဒါမှသာ သူက ကျိလန်ဒေသမှာ အင်အားအကြီးဆုံးသူ ဖြစ်လာနိုင်မည်လေ

သို့သော်လည်း ဘယ်လိုမှ မတိုးတက်လာခဲ့သော သူ၏ ကျင့်ကြံမှုကြောင့် လျို့ဝှက်သိုင်းကျမ်းတွေကနေ အခွင့်အရေး ရှာခဲ့မိသည်။

မိစ္ဆာနတ်ဘုရားနန်းတော်ကိုပင် တူးဆွပြီး အရင်မိစ္ဆာနတ်ဘုရားဟောင်းရဲ့ အုတ်ဂူကို ရှာဖွေခဲ့တာတောင်မှ သူ အကျိုးမထူးခဲ့ဘူး။

ဒီလိုနဲ့ အဆုံးမှာ သူက အနန္တဝိညာဉ်သခင်ကြီးရဲ့ အမွေအနှစ်ကို ရှာတွေ့သွားခဲ့သည်.. ထိုနတ်ဆိုးကောင်နှင့် အပေးအယူလုပ်ပြီးနောက်မှသာ အနန္တဝိညာဉ်အစွမ်းကို အငှားယူပြီး တစ်ဖက်သူ၏ ကိုယ်ပွားအဖြစ် အခုလို သန်မာလာခဲ့ခြင်းပေ။

ထို့ကြောင့် နေမင်းကိုးသွယ်ဘုရင်က သူ့ကိုယ်ပိုင်ကြိုးစားမှုနဲ့ပဲ မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်ကို ရောက်သွားမည်လို့ သူလုံးဝမထင်ခဲ့မိတာ ဖြစ်သည်။..

နေမင်းကိုးသွယ်ဘုရင်ကို ကြည့်နေရတာက သူ့နှလုံးသားထဲကို မကျေနပ်ချက်တွေ ဝင်ရောက်စေသည်။

ထိုအချိန်မှာ နေမင်းကိုးသွယ်ဘုရင်က ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ငါဘယ်လို အဆင့်တက်ခဲ့တာလဲဟုတ်လား.. လွန်ခဲ့တဲ့လပိုင်းက ငါ အောက်ကမ္ဘာက လူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့သေးတယ်၊ အဲ့ဒီလူနဲ့တိုက်ခိုက်ပြီး ငါ့ရဲ့အစွမ်းကို အကန့်အသတ်ရောက်တဲ့အထိ အသုံးပြုလိုက်ရတော့ အဲ့ဒီတုန်းကတည်းက အဆင့်တက်ချင်တဲ့ အရိပ်အယောင်တွေ ပြနေခဲ့တာပဲ”

“ဒါပေမဲ့ ဒါကပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု မဟုတ်တာမလို့ ငါ့ရဲ့အစွမ်းတွေကို ကိုယ်ပွားတွေလုပ်ပြီး ခွဲထားခဲ့တယ်၊ အခု ကိုယ်ပွားတွေပေါင်းစည်းလိုက်လို့ အဆင့်တက်သွားတာ”

ထိုရှင်းပြချက်က အကုန်လုံးကို အံ့သြသွားစေပါသည်။

“အောက်ကမ္ဘာက ဘယ်သူကများ နေမင်းကိုးသွယ်ဘုရင်ကို တိုက်ခိုက်ဖို့ အစွမ်းအစ ရှိသွားတာလဲ” ဝေ့လင်ယွီ အံ့သြတကြီး ပြောလိုက်လေသည်။

သူမက ချက်ချင်းပဲ လောထျန်းကို လှည့်မေးလိုက်သည်။

“သခင်လေးလောထျန်း၊ ကျွန်မကတစ်ခါမှ ကျိလန်ဒေသအပြင်ကို မထွက်ဘူးတော့ ရှင့်ကိုပဲ မေးရပါတော့မယ်၊ အောက်ကမ္ဘာမှာ အဲ့ဒီလိုအင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ရှိတာ သခင်လေးကြားဖူးပါသလား”

လောထျန်း အံ့သြစွာဖြင့် ခဏလောက်စဉ်းစားလိုက်ပြီး အဆုံးတွင် ခေါင်းရမ်းပြလိုက်သည်။

“ကျုပ်တော့ မသိဘူးပဲ.. ထျန်းမင်နယ်မြေ၊ ရှေးမိစ္ဆာနယ်မြေ အဲ့လိုမျိုး အင်အားကြီးဂိုဏ်းတွေ ရှိတာမှန်ပေမဲ့လဲ ဘယ်သူကများ မသေမျိုးဘုရင်တစ်ယောက်ကို တိုက်ခိုက်နိုင်မှာမလို့လဲ”

လောထျန်း တစ်ယောက် စတင်စဉ်းစားပါတော့၏။

ထိုအချိန်မှာ မိစ္ဆာနတ်ဘုရားက ဒေါသတကြီး ပြောလိုက်တော့သည်။

“နေမင်းကိုးသွယ်ဘုရင်၊ မင်းမပြောချင်လဲ မပြောနဲ့၊ ဘာကိစ္စ လာလိမ်နေတာလဲကွ

နေမင်းကိုးသွယ်ဘုရင်က မျက်မှောင်ကြုတ်ဖြင့် ပြန်မေး၏။

“ငါက ဘာကိစ္စလိမ်ရမှာလဲ”

မိစ္ဆာနတ်ဘုရားကလည်း ဒေါသတကြီး ပြန်ပြောသည်။

“ငါ့ကိုစောက်ရူးထင်နေသလား၊ အောက်ကမ္ဘာရဲ့ သန်မာမှုကို ငါမသိဘူး ထင်နေသလား၊ ငါတို့မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ မြင့်မြတ်နေရာက အောက်ကမ္ဘာထဲမှာ ရှိတာမမေ့နဲ့”

နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ နှာမှုတ်ပြီး ပြောလိုက်တော့သည်။

“မင်းပါမင်း ယုံချင်ယုံ၊ မယုံချင်နေ၊ အောက်ကမ္ဘာက အဲ့ဒီကောင်က ကောင်ကင်တံခါးကနေ ဆင်းချလာပြီး ငါနဲ့တိုက်ခိုက်ခဲ့တယ်၊ ငါ့ကိုတိုက်ခိုက်ပြီး အနိုင်ယူပြီးတာနဲ့ ကောင်းကင်တံခါးကြီးဖွင့်ပြီး အောက်ကမ္ဘာကို ပြန်သွားလိုက်တာပဲ ဟုတ်ပြီလား”

မိစ္ဆာနတ်ဘုရား အံကြိတ်လိုက်တော့သည်။

“မင်းဟာက ပြောလေပြောလေ..လွဲလေပဲ၊ မင်းပြောတာအရဆို အဲ့ဒီအောက်ကမ္ဘာက ကောင်က မင်းဆီကို အရင်ရောက်လာပြီး တိုက်တယ်၊ ပြီးသူ့ဘာသာ ပြန်သွားတယ်..အဲ့လိုလား”

နေမင်းကိုးသွယ်ဘုရင် ခေါင်းညိတ်ပြလိုက်သည်။

“အေး အမှန်ပဲ”

သို့သော် မိစ္ဆာနတ်ဘုရားတစ်ယောက် အသက်တစ်ချက်ရှုပြီးတာနဲ့ ဒေါသတကြီး ဆဲရေးပါတော့၏။

“ငါ့ကိုယုံမယ်ထင်နေလား.. တော်စမ်း၊ ငါဆက်မမေးတော့ဘူး။ မင်းဘာသာ မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်နေရင်တောင်မှ ငါကလဲအခု အနန္တဝိညာဉ်သခင်ကြီးရဲ့ ကိုယ်ပွားဖြစ်လာခဲ့ပြီ၊ ငါမင်းကိုသတ်ပြီးတာနဲ့ မင်းရဲ့ဝိညာဉ်ထဲကိုရှာဖွေပြီး ငါအမှန်တရားကို ဖော်ထုတ်မယ်”

ဝုန်း

မိစ္ဆာနတ်ဘုရားက ချက်ချင်းပဲ တဟုန်ထိုး ပြေးသွားလေ၏.. တစ်ဖက်က နေမင်းကိုးသွယ်ဘုရင်ကလည်း အေးစက်စွာနှာမှုတ်ပြီး သူ၏ ပထမဆုံးတိုက်ကွက်ကို စတင်လိုက်သည်။

ဘုန်း

အင်အားကြီးပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုကြားမှာ မြေကြီးပင် အကြမ်းပတမ်း တုန်ယင်သွားပြီး လေထုက ချက်ချင်းပြိုကွဲသွားကာ လေဟာနယ်မုန်တိုင်းတွေ စတင်လာတော့၏။

အကုန်လုံး ကြောက်ရွံ့စွာ အနောက်ဆုတ်လိုက်ကြသည်။

“သခင်လေးလောထျန်း၊ အနောက်ဆုတ်.. အန္တာရယ်များတယ်”

ဝေ့လင်ယွီ စူးရှစွာ အော်ဟစ်လိုက်ပါ၏။

သို့သော် မတုန်မလှုပ်ရပ်နေဆဲဖြစ်သော လောထျန်းကိုသာ သူမ တွေ့လိုက်ရသည်။

ဝုန်း..

ထိုအချိန်မှာပဲ ဟင်းလင်းပြင်မုန်တိုင်းက လောထျန်းကို လွှမ်းခြုံဖို့ရန် အနားရောက်လာတော့သည်။

“သတိထား” ဝေ့လင်ယွီ တစ်ယောက် အပြေးပြန်သွားလို့ ကူညီချင်ပါသော်လည်း.. သူမအနေနှင့် အော်ဟစ်ရုံသာ တတ်နိုင်ခဲ့သည်။

ဟင်းလင်းပြင်မုန်တိုင်းက အလွန်ကြောက်ဖို့ကောင်းသည်..

ထို့အပြင် အခုက အလွန်အင်အားကြီးပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော ဟင်းလင်းပြင်မုန်တိုင်း ဖြစ်သည်ပင်.. ထိုထဲမှာသာ ပိတ်မိသွားပါက မသေမျိုးဘုရင်တစ်ယောက် ဖြစ်နေလျှင်တောင်မှ သေဆုံးသွားပေမည်။

သို့ပေမဲ့ ထိုအချိန်မှာပဲ..

ဝှီး

လောထျန်းနှင့် သုံးပေလောက်အကွာကို ရောက်လာပြီဖြစ်သော ဟင်းလင်းပြင်မုန်တိုင်းက မမြင်ရသော အင်အားတစ်ခုကြောင့် အလိုလို ပျောက်ကွယ်သွားလေ၏။

လောထျန်းကတော့ နေရာမှာ ဘာမှမဖြစ်သလို ရပ်နေဆဲပင်။

“ဟမ်”

ဝေ့လင်ယွီသာမက လဲ့ထျန်တို့ပါ အံ့သြသွားကြ၏။

“ဟင်းလင်းပြင်မုန်တိုင်းကို သူဒီလိုမျိုး အလွယ်လေးရှင်းလိုက်တာလား၊ ဒါဘယ်လို သန်မာမှုကြီးလဲ”

“မသေမျိုးဘုရင်လား..မဟုတ်သေးဘူး၊ မသေမျိုးဘုရင်တစ်ယောက်က ဒီလောက် မသန်မာဘူးလေ”

“ဖြစ်နိုင်တာ သခင်လေးလောထျန်းကလည်း မသေမျိုးဧကရာဇစ်တစ်ပိုင်းလား”

“ဒါဆို.. သူက မိစ္ဆာနတ်ဘုရားနဲ့ နေမင်းကိုးသွယ်ဘုရင်ကို တိုက်ခိုက်နိုင်မှာပေါ့”

သို့သော် အကုန်လုံးချက်ချင်းပင် မဖြစ်နိုင်သလို ခံစားလိုက်ရသည်။

လောထျန်းက သန်မာတာမှန််သော်လည်း ဘယ်သူက ဒီလောက်သန်မာနိုင်မှာ မလို့လဲလေ..

သို့သော် ထိုအချိန်မှာပဲ အတွေးလွန်နေဆဲဟန်ရှိသော လောထျန်းက ရုတ်ချည်း လက်ခုတ်လက်ဝါးထတီးကာ အော်လိုက်လေ၏။

“ကျုပ်မှတ်မိပြီ”

“မှတ်မိပြီ.. သခင်လေး ဘာကိုမှတ်မိလို့လဲ”

လဲ့ထျန် အလျင်စလို မေးလိုက်တာပင်။

လောထျန်းလို ပုဂ္ဂိုလ်မျိုးက မှတ်မိပြီလို့ ပြောလာမှတော့ ထိုကိစ္စက သေချာပေါက် ပေါ့သေးသေး မဖြစ်တန်ပါချေ။

လောထျန်း၏ ပါးစပ်ကထွက်လာမဲ့ မဟာ လျို့ဝှက်ချက်ကြီးကို အကုန်လုံး မျှော်လင့်တကြီး နားစွင့်လိုက်ကြ၏။

သို့သော် လောထျန်းတစ်ယောက် မျက်မှောင်ကြုတ်နှင့် ထပ်ပြောချလိုက်သည့် တစ်ခွန်းတည်းသောစကားက..

“အဲ့ဒီ မိစ္ဆာနတ်ဘုရားနန်းတော်ကို ဘယ်နေရာမှာ ကြားဖူးတာလဲမှတ်မိပြီ”

“ဘာကြီး..” အကုန် ကြောင်သွားပါတော့သည်။

နေပါအုံး.. ဒီကိစ္စက အခုလို သည်းကြီးမည်းကြီး စဉ်းစားပြီး အခုလို ဟိတ်ကြီးဟန်ကြီးဖြင့် ပြောလို့ လိုအပ်လို့လား။

ကျိလန်ဒေသအပြင်ဘက်မှာတောင် မိစ္ဆာနတ်ဘုရားနန်းတော်က လူသိများတဲ့ နေရာတစ်ခုပဲလေ။

ဒီလောက်ကြီးမားတဲ့ ဂိုဏ်းတစ်ခုက ဘယ်တုန်းတည်းက စတင်ခဲ့ပြီး မျိုးဆက်ဘယ်လောက်ရှိပြီမှန်း ဘယ်သူက အတိအကျ ပြောနိုင်တော့မှာမလို့လဲ..

သို့သော် လောထျန်း၏ မျက်လုံးထဲ၌ ဒေါသရိပ်တစ်ချို့ဝင်ရောက်လာတာကို ဘယ်သူမှ သတိမထားမိခဲ့ပေ။

သူကချက်ချင်းပဲ လက်သီးနှစ်ဖက်ကို တင်းနေအောင်စုတ်လိုက်ပြီး အံကြိတ်သံဖြင့် ပြောလိုက်တော့သည်။

“ဒီတော့ အပေါ်ကမ္ဘာရဲ့ ကျိလန်ဒေသမှာ မိစ္ဆာနတ်ဘုရားနန်းတော်က ဂိုဏ်းကြီးတစ်ခုပေါ့လေ”

“အဲ့ဒီတုန်းက ကျိလန်ဒေသရဲ့ကောင်က ကျုပ်ကို တကယ်လှည့်စားသွားတာပဲ၊ ဒါဘယ်လိုမှ ခွင့်လွှတ်မပေးနိုင်ဘူး”

လောထျန်း၏ ဒေါသတကြီး ပြောလိုက်သံကြောင့် လဲ့ထျန်တို့ အချင်းချင်း ကြောင်အစွာ လှည့်ကြည့်လိုက်တော့သည်။

“ဒါက.. သခင်လေးလောထျန်းနဲ့ မိစ္ဆာနတ်ဘုရားနန်းတော်ကြားမှာ ပြဿနာတက်ခဲ့ဖူးတာလား”

“အေးလို့.. သခင်လေးလောထျန်းရဲ့ မျက်နှာကိုပဲကြည့်လိုက်၊ မိစ္ဆာနတ်ဘုရားနန်းတော်ဘက်က ဘာတွေ သွားလုပ်ထားခဲ့လဲ မသိဘူး”

“ သေချာပေါက် ပြဿနာအကြီးကြီး ရှာထားတာပဲ”

အကုန်လုံး ထောက်ခံစွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုအချိန်မှာပဲ လောထျန်းက ရုတ်တရက် အပေါ်ကတိုက်ခိုက်နေသော နှစ်ယောက်ကို မော့ကြည့်လိုက်ပြီး အလျင်စလို ပြေးသွားလိုက်သည်။ တစ်ဆတ်ထဲ ဒေါသတကြီး အော်ဟစ်လိုက်သေး၏။

“မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ အမှိုက်ကောင်၊ သေစမ်း”

ထိုမြင်ကွင်းကြောင့် လဲ့ထျန်တို့ ထပ်မံ ရင်ခုန်သွားကြလေသည်။

“ဒါ.. ကြည့်လိုက်၊ သခင်လေးလောထျန်းက သူတို့နဲ့ အဆင့်အတူတူပဲနေမယ်”

…….

Ch 1106

(ကျုပ်လဲအဆင့်တက်သွားတယ်လေ)

ဝုန်း..

လောထျန်း ရောက်သွားသောအချိန်မှာ အပေါ်ကနှစ်ယောက်က တိုက်ခိုက်ထားသော အရှိန်ကြောင့် ကျန်းတစ်ရာလောက် ဝေးကွာနေခဲ့သည်။

ထိုအချိန်မှာပဲ လူသတ်အရိပ်အငွေ့အပြည့်ဖြင့် လောထျန်းက အလယ်ကနေ ထီးထီးကြီး ပေါ်လာခဲ့၏။

“ ဟမ်၊ မင်းကဘယ်သူလဲ” မိစ္ဆာနတ်ဘုရားက လောထျန်းကို ကြောင်အမ်းအမ်း လှည့်မေးလိုက်သည်.. ငရဲမီးတောက်တို့ လောင်ကျွမ်းနေသော သူ့မျက်လုံးများက လောထျန်းကို မမှတ်မိဟန်ပင်။

ဝူး

လောထျန်း ချက်ချင်းပဲ နေမင်းကိုးသွယ်ဘုရင်ကို ကျောပေးလိုက်ကာ မိစ္ဆာနတ်ဘုရားကို တည့်တည့်ကြည့်လိုက်သည်။

“မိစ္ဆာနတ်ဘုရား၊ ငါမင်းကို ဒီနေ့ပဲ သတ်မယ်”

လောထျန်း အံကြိတ်ကာ ပြောလိုက်၏။

မိစ္ဆာနတ်ဘုရားပင် မှင်သက်သွားလေတော့သည်။

ဒါဘယ်လိုအခြေအနေကြီးလဲ..

သူ ဘယ်တုန်းက ဒီလူကို ရန်စမိသွားတာလဲ.. ဘာလို့ သူတောင် မမှတ်မိရတာလဲ..

ထိုအချိန်မှာပဲ အောက်က မြူခိုးအရှင်၁က ကျယ်လောင်စွာ အော်ဟစ်လာသည်။

“မိစ္ဆာနတ်ဘုရား၊ ဒီလူက အပြင်ဒေသက မသေမျိုးဘုရင်တစ်ယောက်ပဲ.. လက်မောင်းအရှင်ခြောက်နဲ့ ကျန်တဲ့သူတွေကိုလဲ သူပဲသတ်လိုက်တာ”

“ဘာ” မိစ္ဆာနတ်ဘုရား ကြောင်သွားလေသည်။

သူ ချက်ချင်းပဲ လောထျန်းကို အေးစက်စွာ ကြည့်လိုက်တော့သည်။

“မင်းသူတို့ကို သတ်လိုက်တာလား”

လောထျန်း ခေါင်းညိတ်လိုက်ကာ

“အင်း”

ဝုန်း

မိစ္ဆာနတ်ဘုရားက လက်တစ်ဖက်ဆုပ်လိုက်သည်.. ချက်ချင်းပဲ သူ့လက်ဖဝါးထက်မှာ လေမုန်တိုင်းငယ်တစ်ခု ထွက်ပေါ်လာ၏။

လေမုန်တိုင်းက အဘက်ဘက်ကို သက်ရောက်လိုက်ပြီး ပေတစ်သောင်းအထက်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို ထပ်မံဖြိုချဖို့ရန် ကြံစီပါတော့သည်။

မိစ္ဆာနတ်ဘုရားက လောထျန်းကို စူးရဲစွာ ကြည့်ပြီးပြောလိုက်သည်။

“မင်းကများ ငါ့မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ လူကို ထိပါးရဲတယ်.. မင်းဘာကောင်ကြီး ဖြစ်နေနေ၊ ငါစောက်ဂရုမစိုက်ဘူး။ သေဖို့သာ ပြင်ပေတော့”

သို့သော် ထိုအချိန်မှာပဲ အနောက်က နေမင်းကိုးသွယ်ဘုရင်က ရုတ်တရက် ဝင်ပြောလိုက်လေ၏။

“မိစ္ဆာနတ်ဘုရား၊ ဒါမင်းဆုံးဖြတ်ရမဲ့ကိစ္စ မဟုတ်ဘူး”

“ဟမ်” ထိုစကားကြောင့် လောထျန်း ချက်ချင်းပဲ နေမင်းကိုးသွယ်ဘုရင်ကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်ပါတော့၏။

နေမင်းကိုးသွယ်ဘုရင်က တစ်ခုခု ပြန်ပြောလိုက်ချင်သော်လည်း လောထျန်း မျက်နှာကို မြင်တာနဲ့ တွန့်သွားပြီး ခြေတစ်လှမ်း အနောက်ဆုတ်လိုက်လေကာ..

မင်းလား

“ဟမ်” လောထျန်း ကြောင်သွားသည်။

ဒီလူက သူ့ကိုသိတယ်လား

မဟုတ်သေးဘူး၊ သူကအခုမှ ကျိလန်ဒေသကို ပထမဆုံးရောက်ဖူးတာလေ။

ဒီလူကသူ့ကိုဘာလို့ သိနေရတာလဲ။

တစ်ဖက်က မိစ္ဆာနတ်ဘုရားကတော့ နေမင်းကိုးသွယ်ဘုရင်ကို ချက်ချင်း အေးစက်စွာ ပြောလိုက်သည်။

“နေမင်းကိုးသွယ်ဘုရင်၊ ဒီလူက မင်းခေါ်လာတဲ့ အကူလား..ဟဟ၊ စိတ်ဝင်စားဖို့ ကောင်းသားပဲ”

သို့သော် နေမင်းကိုးသွယ်ဘုရင်က အသက်တစ်ချက်ရှုသွင်းပြီးတာနဲ့ လျင်မြန်စွာ ပြောလာခဲ့၏။

“မဟုတ်ဘူး၊ သူကငါခေါ်လာတဲ့ အကူမဟုတ်ဘူး၊ သူက ..သူက ငါပြောခဲ့တဲ့ ငါနဲ့တိုက်ခိုက်ခဲ့တဲ့ အောက်ကမ္ဘာက လူဆိုတာပဲ”

“မင်း.ဘာပြောလိုက်တယ်..” မိစ္ဆာနတ်ဘုရား အံ့သြသွားပြီးမှ လောထျန်းကို တစ်လှည့်၊ နေမင်းကိုးသွယ်ဘုရင်ကို တစ်လှည့် ကြည့်ကာ ဆက်ပြောလိုက်သည်။

“မင်းငါ့ကို လာလိမ်နေတာတော့ မဟုတ်ဘူးမလား”

နေမင်းကိုးသွယ်ဘုရင်က ဒေါသတကြီး ပြန်တုံ့ပြန်လာ၏။

“ငါကဘာကိစ္စလိမ်ရမှာလဲ”

သူကချက်ချင်းပဲ လောထျန်းကို မျက်လုံးများ မှေးစင်းကာ ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။

“သခင်လေး၊ ဒီနေရာကိုဘာလို့ ရောက်လာခဲ့တာလဲ။ သခင်လေးရဲ့ ရည်ရွယ်ချက်ကဘာလဲ”

သူ့အနေနှင့် လောထျန်းကို သေချာမသိသေးသောကြောင့် အရင်ဦးဆုံး ရန်သူလား၊ မိတ်ဆွေလား အတည်ပြုဖို့ လိုပါသေး၏။

သို့သော် လောထျန်းက မျက်မှောက်ကြုတ်ဖြင့် အရှေ့ကမိစ္ဆာနတ်ဘုရားကိုပဲ လက်ညိုးထိုးကာ ပြောလိုက်သည်။

“ကျုပ်ဒီကောင့်ကို သေတဲ့အထိရိုက်ချင်တယ်”

“ဘာကွ” မိစ္ဆာနတ်ဘုရား ချက်ချင်း ဒေါခွီးသွားလေပြီ..

သို့သော် တစ်ဖက်က နေမင်းကိုးသွယ်ဘုရင်ကတော့ စိတ်သက်သာစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကံကောင်း၍ ထိုသူက မိစ္ဆာနတ်ဘုရားနှင့် တစ်ဖက်ထဲ ဟုတ်မနေခဲ့ပေ။

ထို့အပြင် သူတို့ကြားမှာ ရန်ငြိုးရှိခဲ့ပုံရသောကြောင့် ဒီနေ့သူ့အတွက် အနိုင်ရမည့်အခွင့်အရေး ပိုများသွားပြီမလား။

နေမင်းကိုးသွယ်ဘုရင် ချက်ချင်းပဲ ပြောလိုက်တော့သည်။

“သခင်လေး..ကျုပ်ပြောမယ်၊ မင်းရဲ့သန်မာမှုက အထင်သေးလို့မရဘူးဆိုပေမဲ့ မင်းက သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ သူ့ကိုကျုပ်နဲ့ အပ်ခဲ့ပြီး မင်းက မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ကျန်တဲ့သူတွေကိုပဲ ရှင်းလင်းလိုက်ပါ”

နေမင်းကိုးသွယ်ဘုရင်က အကြံကောင်းနှင့် ပြောလိုက်တာပင်။

သူနဲ့မိစ္ဆာနတ်ဘုရားတို့ တိုက်ခိုက်နေတုန်းမှာ လောထျန်းက ကျန်မိစ္ဆာအုပ်စုကို ရှင်းပေးမည် ဆိုပါက.. ဒါကရန်သူရဲ့ အင်အားကို တစ်ဖက်တစ်လမ်းက လျော့ချနိုင်လိမ့်မည်.. ထို့အပြင် ထိုမိစ္ဆာအုပ်လိုက်ကြီး၏ ဝင်ရှုတ်ခြင်းကိုလဲ တားဆီးနိုင်သွားပြီမလား။.

သို့သော် မထင်ထားစွာပင် လောထျန်းတစ်ယောက် မျက်မှောင်ကြုတ်ဖြင့် ပက်ခနဲ ပြန်ပြောလိုက်လေ၏။

“သူက ကျုပ်ရဲ့ ပြိုင်ဘက်မဟုတ်တာ မင်း ဘယ်လိုသိလဲ၊ မင်းက ကျုပ်နဲ့ရင်းနီးလို့လား”

နေမင်းကိုးသွယ်ဘုရင် ပထမကြောင်သွားပြီးမှ ထို့နောက် ခါးသက်စွာ ပြုံးလိုက်လေကာ..

“ဒါဆိုမင်းက ကျုပ်ကိုမှတ်တောင် မမှတ်မိဘူးပေါ့လေ၊ ဒီလိုဆိုမှတော့”

ထိုစကားသံဆုံးသည်နှင့် ရွှေရောင်အလင်းများက လေထုထဲ စုဝေးလာကာ နေမင်းကိုးသွယ်ဘုရင်၏ ပုံစံအစစ် ထွက်ပေါ်လာခဲ့သည်။

ဝုန်း

လောထျန်း၏ အနောက်မှာ အလွန်ခံ့ညားသော ရွှေခြင်္သေ့တစ်ကောင် ထွက်ပေါ်လာလေ၏။

“ဒါဆိုရင်တော့ မှတ်မိသင့်ပါပြီ”

ထိုမှသာ လောထျန်းတစ်ယောက် အံ့သြတကြီး ရုပ်ဖြစ်သွားပြီး တစ်ဖက်သူကို မှတ်မိသွားဟန်ရှိသည်။

“အဲ့ဒါတကယ်ပဲမင်းလား”

သူ အံ့သြစွာပြောလိုက်သည်။

ဒါက သူ ပြန်လည်အသက်သွင်းခြင်းသခင်ကြီးကို တောင်ပေါ်မှာ လိုက်ဖမ်းစဥ်က ကောင်းကင်တံခါးကို ဖြတ်သွားရင်းနှင့် တွေ့ခဲ့ရသည့် မိစ္ဆာသားရဲမလား..

သူ မတော်တဆ အလွန်အားကောင်းသည့် လျို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်မိပြီး ထိုမျှကြောက်ဖို့ကောင်းသည့် သားရဲကို ရင်ဆိုင်ခဲ့ရသည် ဟူ၍ပင် တွေးခဲ့မိသေး၏။

သို့သော် တစ်ဖက်သူက မသေမျိုးဘုရင် တစ်ယောက်ဖြစ်နေလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး.. ထို့အပြင် ဆယ်ဘွဲ့ရမသေမျိုး ဘုရင်တစ်ယောက်တောင် ဖြစ်နေခဲ့သည်။

လောထျန်း၏.ပုံစံက မှတ်မိသွားပုံ ရသောကြောင့် နေမင်းကိုးသွယ်ဘုရင်က လူပုံစံ ပြန်ပြောင်းပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“သခင်လေး၊ ကျုပ်တို့အရင်တုန်းက တစ်ခါတိုက်ခဲ့ဖူးတာမလို့ မင်းရဲ့သန်မာမှုကို ကျုပ်ကောင်းကောင်းသိပါတယ်ဗျာ”

“သန်မာမှုအကြောင်းပြောရရင် မင်းက ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေထဲမှာ အသန်မာဆုံးဖြစ်မှာ သေချာပေါက်ပဲ။ အရင်တုန်းက ကျုပ်ကသေချာပေါက် မင်းရဲ့ ပြိုင်ဘက်တစ်ယောက်မဟုတ်ပါဘူး”

“ဒါပေမဲ့ အခုက..”

သူက ပြောနေရင်းမှ မိစ္ဆာနတ်ဘုရားကို လှမ်းကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး တည်တံ့သွားခဲ့သည်။

“ဒီမကောင်းဆိုးဝါးက အနန္တဝိညာဥ်သခင်ကြီးရဲ့ အစွမ်းကို ရထားတာမလို့ သူ့ရဲ့သန်မာမှုကလည်း မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နေပြီ၊ သခင်လေး ကိုင်တွယ်လို့ ရမဲ့အနေအထား ဟုတ်မနေဘူး “

လောထျန်း မျက်မှောင်ကြုတ်သွားတော့သည်။

“ကျုပ် မကိုင်တွယ်နိုင်ဘူးလို့ မင်းကိုဘယ်သူ ပြောလဲ”

လောထျန်း၏ပုံစံက အလျော့ပေးမည့်ပုံ မပေါ်သောကြောင့် နေမင်းကိုးသွယ်ဘုရင် စိတ်မရှည်ဖြစ်လာတော့သည်။

“ကျုပ်လိမ်နေတယ်ထင်နေသလား၊ မင်းနဲ့ကျုပ်နဲ့အရင်က တိုက်ခိုက်ဖူးတယ်..မင်းလဲကျုပ်ရဲ့ သန်မာမှုကို နားလည်သင့်တယ်၊ အခုကျုပ်က အဆင့်တစ်ဆင့်တက်သွားတယ်.. အဲ့ဒါရဲ့ ဆိုလိုရင်းက ကျုပ်က အရင်ကနဲ့လုံးဝမတူညီတဲ့ အနေအထားမှာပဲ၊ အေး..ဒီလိုကျုပ်က မိစ္ဆာနတ်ဘုရားနဲ့ ဘယ်လိုရင်ဆိုင်နေရလဲ မင်းမတွေ့ဘူးလား၊ သူကမင်းရဲ့ပြိုင်ဘက်တစ်ယောက် ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ”

လောထျန်းလဲ ကြားရတာ နားဝင်မချိုတော့ပေ။

“ဟေး.. မင်းပြောချင်ရာကြည့် ဇွတ်ပြောမနေနဲ့ကွ၊ ကျုပ်လဲအဆင့်တက်ခဲ့တယ်..ဟုတ်ပြီလား”

“ဟမ်၊ မင်းလဲ အဆင့်တက်ခဲ့တာလား”

နေမင်းကိုးသွယ်ဘုရင် အလွန်အံ့သြသွားလေသည်။

အရင်တုန်းက လောထျန်းက မသေမျိုးဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တာလေ.. သူက အဆင့်ထပ်တက်မယ်ဆိုတော့..

အချိန်တစ်ခုကြာသည်အထိ သူ့နှလုံးသားက တုန်လှုပ်နေတာ မရပ်တန့်တော့ပေ။

လောထျန်းကလဲ ခေါင်းညိတ်ကာ ဆက်ပြောသည်။

“အမှန်ပဲ၊ ကျုပ်အဆင့်တက်ခဲ့တာ”

လောထျန်းခဏရပ်သွားပြီး စတင်ရေတွက်လိုက်တော့သည်။

“ကျုပ်အခု အဆင့်တက်သွားပြီး အဆုံးအစမဲ့ အဆင့်ကို ရောက်နေပြီ.. ကျုပ် အဆင့်လေးငါးဆင့်လောက်ကို တက်ထားတာဗျ”

လောထျန်းကို မျှော်လင့်တကြီး ကြည့်နေခဲ့သော နေမင်းကိုးသွယ်ဘုရင်တစ်ယောက် မျက်နှာကြီး ရှုံ့မဲ့သွားလေတော့သည်။

“ကျုပ်ကို လာနောက်မနေနဲ့”

သူ မကျေမနပ် ပြောလိုက်တော့၏။

လောထျန်းက ထိုအချိန်ကတည်းက သေချာပေါက် မသေမျိုးဘုရင် အဆင့်ကိုးကို ရောက်နေပြီးသားပင်။

အဆင့်လေးငါးဆင့်လောက် ထပ်တက်မယ်ဆိုရင်.. သူက ဘယ်အဆင့်ထိများ သွားမလို့လဲ။

ဒါက အဓိပ္ပါယ်ရှိနေလို့လား..

All Chapters