← Chapters

ဝိညာဉ်နှုတ်ဓားနှင့် ကြောက်မက်ဖွယ်ကောင်းသော မုရုံချင်းရွှယ်

Vol. 3 Ch. 29-30

ဝိညာဉ်နှုတ်ဓားနှင့် ကြောက်မက်ဖွယ်ကောင်းသော မုရုံချင်းရွှယ်

Vol. 3 Ch. 29-30

​Chapter 29+30

~

အခန်း ၂၉+၃၀ : ဝိညာဉ်နှုတ်ဓားနှင့် ကြောက်မက်ဖွယ်ကောင်းသော မုရုံချင်းရွှယ်

~

​ချင်းဟယ် ဂူမိသားစု၏ လျှို့ဝှက်အခန်းအတွင်း...

​ ဂူချန်သည် အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် စိတ်တိုင်းကျသည့် သိုင်းပညာရပ် နှစ်ခုကို ရွေးချယ်လိုက်၏ ။

​ ပထမတစ်ခုမှာ လက်ဝါးသိုင်းဖြစ်ပြီး ကြေကွဲဝိညာဉ်လက်ဝါး ဟု အမည်ရပေသည် ။ ဤသိုင်းကို ကျင့်ကြံရန်အတွက် အစဉ်အမြဲ ဝမ်းနည်းပူဆွေးသော စိတ်ခံစားချက်များကို နားလည်သဘောပေါက်ရန် လိုအပ်သည် ။ သိုင်း၏ အနှစ်သာရထဲသို့ နက်ရှိုင်းလေလေ ပိုမိုပြင်းထန်သော ဝမ်းနည်းမှုကို ခံစားရလေလေ ဖြစ်သည် ။ ဤသိုင်းကို အဆုံးစွန် အဆင့်အထိ တတ်မြောက်ရန်အတွက် ဝမ်းနည်းသောဝိညာဉ် ဟူသည့် စိတ်အခြေအနေကို ပိုင်ဆိုင်ထားရမည် ဖြစ်၏ ။

​ သူ့တွင် SS-အဆင့် သိုင်းပါရမီဖြစ်သော သတ်ဖြတ်ခြင်းလက်ဝါး ရှိနေသဖြင့် လက်ဝါးသိုင်းတစ်ခုကို မကျင့်ကြံလျှင် နှမြောစရာကောင်းလှသည် ။ ဝမ်းနည်းသော စိတ်အခြေအနေအတွက်မူ သူ့တွင် စနစ်ရှိနေသဖြင့် စိုးရိမ်စရာမလိုအပ် ။

​ ဒုတိယသိုင်းမှာ ဓားသိုင်းဖြစ်ပြီး ကောင်းကင်ဓား ရှစ်ကွက်ဟု အမည်ရသည် ။ ၎င်းသည် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ကိုယ်တိုင်ဖန်တီးထားသည့် ဓားသိုင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂူမိသားစုက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည် ။ ဤဓားသိုင်း၏ အကွက်တိုင်းမှာ အလွန်ထက်မြက်ပြီး သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသဖြင့် သူ၏ ပါရမီနှင့် ကောင်းကောင်းကိုက်ညီသည် ။

​ ' ဒီသိုင်းနှစ်ခုရှိရင် ငါ့ရဲ့ အားနည်းချက်တွေ အကုန်ပြည့်စုံသွားပြီ.. ငါက အားကိုပဲ သုံးပြီး တိုက်ခိုက်တတ်တဲ့ လူကြမ်းတစ်ယောက် မဟုတ်တော့ဘူး..'

​ ဂူချန် ကျေနပ်သွားသည် ။ သူ လျှို့ဝှက်အခန်းမှ ထွက်ကာ လေ့ကျင့်ရေးခန်းမသို့ ပြန်လာခဲ့သည် ။

​" စနစ်... ငါ့အတွက် အမှတ်တွေ ပေါင်းထည့်ပေးတော့.."

​ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စေတနာတန်ဖိုးများမှာ လျင်မြန်စွာ လျော့နည်းသွားပြီး သိုင်းပညာရပ် နှစ်ခုဆီသို့ စီးဝင်သွားတော့သည် ။

​[ ဒင်...]

​[ တတိယအဆင့် ရှားပါးသိုင်းပညာ ကြေကွဲဝိညာဉ်လက်ဝါးကို တွေ့ရှိရသည်။ ကျင့်ကြံရန် ပြင်ဆင်နေသည် ]

​[ အိမ်ရှင်တွင် SS-အဆင့် ပါရမီ ရှိနေသဖြင့် သာမန်လူများအတွက် ခက်ခဲသော သိုင်းပညာမှာ အိမ်ရှင်အတွက်မူ မူလတန်းသင်္ချာကဲ့သို့ ရိုးရှင်းနေပါသည် ]

​[ သိုင်းလေ့ကျင့်မှုအမြန်နှုန်း ၆၀% မြင့်တက်လာသည် ]

​[ အိမ်ရှင်တွင် လက်ရှိ၌ ဝမ်းနည်းသော စိတ်ခံစားချက် မရှိသဖြင့် သိုင်း၏ အနှစ်သာရကို နားလည်ရန် ခက်ခဲနေသည် ။ သင်သည် ပုံသဏ္ဌာန်ကိုသာ နားလည်ပြီး ဝိညာဉ်ကို နားမလည်နိုင်သေးပါ ]

​[ သိုင်းလေ့ကျင့်မှုအမြန်နှုန်း ၂၀% လျော့နည်းသွားသည် ]

​[ သိုင်းလေ့ကျင့်မှုအမြန်နှုန်းကို မြှင့်တင်နေသည်...]

​[ စေတနာတန်ဖိုး ၆၀ အသုံးပြုလိုက်သည် ။ ကြေကွဲဝိညာဉ်လက်ဝါး အခြေခံ အဆင့်သို့ ရောက်ရှိပါပြီ ]

​[ စေတနာတန်ဖိုး ၁၈၀ အသုံးပြုလိုက်သည်။ ကြေကွဲဝိညာဉ်လက်ဝါး အသေးစားအောင်မြင်မှု အဆင့်သို့ ရောက်ရှိပါပြီ ]

​[...]

​[ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် ပြီးပြည့်စုံသည့်အဆင့် မရောက်မီ အချိန်အတော်ကြာ တစ်ဆို့နေခဲ့သည် ။ ထိုအချိန်တွင် သင်၏နှလုံးသားထဲ၌ ရှင်းပြမရသော ဝမ်းနည်းပူဆွေးမှု များ ရုတ်တရက် ပေါ်ပေါက်လာသည် ]

​[ စေတနာတန်ဖိုး ၃၅၀ အသုံးပြုလိုက်သည် ။ တတိယအဆင့် ရှားပါးသိုင်း ကြေကွဲဝိညာဉ်လက်ဝါး ကို ပြီးပြည့်စုံသည့်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ ]

​[ အထူးစွမ်းရည်ကို နားလည်သွားသည်: နဂါးခေါင်းမော့ခြင်း ]

(နဂါးခေါင်းမော့ခြင်း: သိုင်းကွက်ကို အသုံးပြုနေစဉ် မည်သည့်အချိန်တွင်မဆို တိုက်ခိုက်မည့် လမ်းကြောင်းကို ပြောင်းလဲနိုင်သည်)

​...

​[ စေတနာတန်ဖိုး ၆၇၀ အသုံးပြုလိုက်သည် ။ တတိယအဆင့် ရှားပါးသိုင်း ကောင်းကင်ဓား ရှစ်ကွက် သည် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိပါပြီ ]

​[ အထူးစွမ်းရည်ကို နားလည်သွားသည်: ဝိညာဉ်နှုတ်ယူခြင်း ]

(ဝိညာဉ်နှုတ်ယူခြင်း: ပြိုင်ဘက်က လက်နက်ဖြင့် အစွမ်းကုန် တိုက်ခိုက်လာချိန်တွင် သင်သည် ဓားဖြင့်ခုခံခြင်း အကွက်ကို အချိန်ကိုက် အသုံးပြုနိုင်လျှင် ပြိုက်ဘက်၏ လက်နက်ကို ၁၀၀% လွင့်ထွက်သွားစေပြီး ကောင်းကင်နှင့်မြေကြီး စွမ်းအားကို နှုတ်ယူကာ မိမိကိုယ်ကို ပြန်လည် ကုသနိုင်ပါသည်)

​[ ကျန်ရှိသော စေတနာတန်ဖိုး: ၇၆ ]

​ " ဇွဲနဲ့ ကြိုးစားမှုရဲ့ စွမ်းအားက ငါ့ကို စိတ်မပျက်စေဘူးပဲ.."

ဂူချန် မျက်လုံးဖွင့်လိုက်ရာ မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ရှိနေသည် ။

​ သူက ကောင်းကင်ဓား ရှစ်ကွက်မှ ရရှိလာသော အထူးစွမ်းရည်ကို ကြည့်လိုက်၏ ။

​ ' ဝိညာဉ်နှုတ်ယူခြင်းတဲ့လား ..မိုက်မယ့်ပုံပဲ.. '

​ သူသည် ဘေးနားရှိ အားစမ်းစက် ကို ကြည့်လိုက်သည် ။ စတုရန်းပုံစံ စက်ကြီး၏ ရှေ့တွင် အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော အနက်ရောင် အဝိုင်းပြား ရှိနေပြီး အပေါ်တွင်မူ ရိုက်ခတ်မှုအားကို ပြသပေးမည့် မျက်နှာပြင် ရှိသည် ။

​ သူ မှတ်မိသလောက်ဆိုလျှင် သာမန် ပထမအဆင့် အမြင့်ဆုံး သိုင်းပညာရှင်တစ်ဦးသည် သိုင်းကွက်မသုံးဘဲ အများဆုံး ကီလိုဂရမ် ၁၀,၀၀၀ ခန့်သာ အားထုတ်နိုင်သည် ။ သိုင်းကွက်သုံးလျှင်ပင် ၁၅,၀၀၀ ထက် မကျော်နိုင်ပေ ။

​ ဂူချန်သည် မတွန့်ဆုတ်ဘဲ စက်ရှေ့သို့ လျှောက်သွားသည် ။ သူ၏ လက်မောင်းများကို ဖြန့်၍ ညာလက်ကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ရာ မီးခိုးရောင် မြူတိမ်များ လက်ဝါးတွင် ဝိုင်းရံလာသည် ။

​ကြေကွဲဝိညာဉ်လက်ဝါး

​ သူ ဤအကွက်ကို အသုံးပြုလိုက်သည်နှင့် သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုအချို့ ပေါ်လာသော်လည်း လက်ဝါးထဲမှ စွမ်းအားမှာ လျော့မသွားပေ ။ သူ၏ လက်ကို လေထဲတွင် ဝှေ့ယမ်းကာ အဝိုင်းပြားပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည် ။

" ​ဝုန်း....."

​ပြင်းထန်သော အားကြောင့် လေထုမှာ ပုံပျက်ရှုံ့တွသွားပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည် ။ တစ်ချိန်တည်းမှာပင် စက်ကြီးမှာလည်း အပြင်းအထန် တုန်ခါသွားပြီး မျက်နှာပြင်ပေါ်ရှိ ကိန်းဂဏန်းများမှာ ၂၇,၀၀၀ ကီလိုဂရမ် အထိ မြင့်တက်သွားတော့သည် ။

​ဂူချန် လက်ကို ပြန်ရုပ်လိုက်ပြီး အံ့သြစွာ ကြည့်နေမိသည် ။ ၂၇,၀၀၀ ကီလိုဂရမ်ဆိုသည်မှာ တတိယအဆင့် သိုင်းပညာရှင် ပင်လျှင် အစွမ်းကုန် ကြိုးစားမှ ရနိုင်သည့် ကိန်းဂဏန်း ဖြစ်သည် ။

​ ထို့ပြင် သူသည် အစွမ်းကုန် မထုတ်ရသေးသလို နေမင်းစကြာ ယန်ကျင့်စဉ် ကိုလည်း မသုံးရသေးပေ ။ ဂူချန် ခန့်မှန်းကြည့်ရလျှင် မုရုံချင်းရွှယ် ၁၀ ယောက် သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်လျှင်တောင် သူက တစ်ကွက်တည်းဖြင့် အမှုန့်ချေပစ်နိုင်၏ ။

​အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည် ။

​ချင်းဟယ် အမှတ် ၁ အထက်တန်းကျောင်း၏ သိုင်းပညာစစ်ဆေးပွဲ အကြိုခြေစစ်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာခဲ့သည် ။ ကျောင်းသားအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သော်လည်း ထိပ်ဆုံး ၁၀ ယောက်သာ အရွေးခံရမည် ဖြစ်သည် ။ ထို့ကြောင့် အားနည်းသော ကျောင်းသားများမှာ မျှော်လင့်ချက်မရှိသဖြင့် ဝင်မပြိုင်ကြပေ ။

​ကျောင်းသား ထောင်ဂဏန်း ရှိသော်လည်း အမှန်တကယ် ယှဉ်ပြိုင်သူမှာ ၁၀၀ ခန့်သာ ရှိပြီး အများစုမှာ ပထမအဆင့် အထွတ်အထိပ်နှင့်ဒုတိယအဆင့် သိုင်းပညာရှင်များသာ ဖြစ်ကြသည် ။

​ပြိုင်ပွဲ စတင်သည်နှင့် မုရုံချင်းရွှယ်သည် ဂူချန် စီစဉ်ထားသော ပထမဆုံး ပြိုင်ဘက် လီအော့ နှင့် တွေ့ဆုံရသည် ။ လီအော့သည် ဒုတိယအဆင့်သို့ စတင်ဝင်ရောက်ကာစ လူတစ်ယောက် ဖြစ်သည် ။

​စင်မြင့်ပေါ်တွင်...

​လီအော့သည် သူ၏ ရှေ့မှ အေးစက်သော မိန်းကလေးကို စိုးရိမ်တကြီး ကြည့်နေ၏ ။ လှံရှည်ကို ကိုင်ထားသော သူ၏ လက်များမှာလည်း ချွေးများ ပြန်နေသည် ။ ၂ နှစ်ခွဲလုံးလုံး ကျောင်း၏ ထိပ်ဆုံးအဆင့်မှာ ရှိနေခဲ့သည့် မုရုံချင်းရွှယ်နှင့် ရင်ဆိုင်ရသဖြင့် ပြိုင်ပွဲမစမီကတည်းက သူ ဖိအား အကြီးအကျယ် ခံနေရသည် ။

​ သူတို့ တစ်ခါမှ မပြိုင်ဖူးသော်လည်း သူမနှင့် သူ၏ကြားက ကွာဟချက်ကို သူ ကောင်းကောင်း သိသည် ။ အနိုင်ရဖို့ဆိုသည်က လုံးဝ မဖြစ်နိုင်သလောက်ပင် ။

​' ငါ့ကံက တကယ် ဆိုးတာပဲ..'

လီအော့ စိတ်ထဲမှ တွေးလိုက်သည်။

​ ထိုအချိန်တွင် မုရုံချင်းရွှယ်က စကားပြောလိုက်သည် ။

" အရှုံးပေးလိုက်..အချိန်မဖြုန်းနဲ့တော့.. ငါ့ရှေ့မှာ နင်တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး.."

​ မုရုံချင်းရွှယ်၏ အသံမှာ အေးဆေးနေပြီး မပြောင်းလဲနိုင်သော အမှန်တရားတစ်ခုကို ပြောနေသလိုပင် ။

​" အမ်..."

​ ထိုစကားကိုကြားလျှင် လီအော့သည် ရှက်သွားပြီး လှံကို တင်းတင်းဆုပ်လိုက်သည် ။ သူသည် လှံကို လေထဲတွင် ဝှေ့ယမ်းကာ ပြိုင်ဘက်ဆီသို့ ဦးတည်ပြီး အေးစက်စွာ ပြောလိုက်သည် ။

" မုရုံချင်းရွှယ်... နင်သန်မာတာကို ငါဝန်ခံပါတယ်..ဒါပေမဲ့ ငါ့ကို တစ်ကွက်တည်းနဲ့ နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.."

​ မုရုံချင်းရွှယ်က ဘာမှ ထပ်မပြောတော့ဘဲ သူ့ကို အထင်အမြင်သေးသော အကြည့်ဖြင့်သာ ကြည့်နေသည် ။

" ပြိုင်ပွဲ စတင်ပါပြီ.."

ဒိုင်လူကြီး၏ အသံ ထွက်ပေါ်လာသည် ။

​ " ဝှီး..."

​လီအော့သည် မြေပြင်ကို ကန်ကာ ရှေ့သို့ တိုးဝင်သွားသည် ။ သူ၏ လှံရှည်မှာ လေကို ဆုတ်ဖြဲကာ ပုံရိပ်ယောင်အလား လျင်မြန်စွာ ထိုးနှက်လိုက်သည် ။

​လျှို့ဝှက်လှံသိုင်း - လျှို့ဝှက်တိုက်ကွက်

​ လှံရှည်သည် ပင်လယ်ထဲမှ နဂါးတစ်ကောင် ထွက်ပေါ်လာသလိုမျိုး ပြင်းထန်သော လေလှိုင်းများနှင့်အတူ မုရုံချင်းရွှယ်ဆီသို့ ဦးတည်လာ၏ ။

​ မုရုံချင်းရွှယ်မှာမူ ငြိမ်သက်စွာ ရပ်နေပြီး ထိုပြင်းထန်သော အားကို စိုးရိမ်ခြင်းမရှိ ။ လှောင်ပြုံးတစ်ခု ပြုံးကာ လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်လိုက်သည် ။

​ " ဒင်.."

​ လှံရှည်မှာ လက်ညိုးကို ထိမှန်သွားသော်လည်း ထူးဆန်းစွာပင် သတ္တုချင်း ရိုက်သံ ထွက်ပေါ်လာသည် ။ လီအော့၏ နှလုံးသားမှာ တုန်လှုပ်သွားသည် ။ သူ မြင်လိုက်ရသည်မှာ မုရုံချင်းရွှယ်က သူမ၏ လက်ညှိုးလေးဖြင့် သူ၏ အစွမ်းကုန် တိုက်ကွက်ကို အလွယ်တကူ တားဆီးထားခြင်းပင် ။

​' ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..'

' သူလည်း ဒုတိယအဆင့်မှာပဲ ရှိသေးတာလေ.. ဘာလို့ ဒီလောက်တောင် သန်မာနေတာလဲ.. '

​ လီအော့ ကြောင်အသွားသော ခဏအတွင်းမှာပင် သူ၏ ငွေရောင်လှံရှည်မှ ပြင်းထန်သော အအေးဓာတ်များ ထွက်ပေါ်လာပြီး ဆီးနှင်းများ ဖုံးလွှမ်းသွားသည် ။

​ " ဘုန်း.."

​ လီအော့ လှံကို လွှတ်ပြီး ထွက်ပြေးရန် အချိန်မရမီမှာပင် ဆီးနှင်းဖုံးနေသော လှံမှာ ပေါက်ကွဲသွားပြီး အလွန်အေးစက်သော အအေးလှိုင်းများမှာ သူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားတော့သည် ။

​ လီအော့၏ ရင်ဘတ်တွင် သွေးစက်များမှာ ခဲသွားပြီး ပြင်းထန်သော အားကြောင့် စင်ပေါ်မှ လွင့်ထွက်သွားသည် ။

​ ဒုတိယအဆင့် သိုင်းပညာရှင် လီအော့မှာ တစ်ကွက်တည်းနှင့် ရှုံးနိမ့်ခဲ့လေပြီ ။

​ မုရုံချင်းရွှယ်က အထင်အမြင်သေးစွာ ကြည့်ပြီး ..

" အသုံးမကျဘူး.."

စင်ပေါ်မှ မဆင်းမီ သူမက ဂူချန် ရှိရာဘက်သို့ အလွန်အေးစက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီးမှ ထွက်ခွာသွားတော့သည် ။

All Chapters