← Chapters

ဟားဟားဟား ငါးမိပြီကွ..ဟားဟားဟား

Vol. 4 Ch. 39-40

ဟားဟားဟား ငါးမိပြီကွ..ဟားဟားဟား

Vol. 4 Ch. 39-40

Chapter 39+40

~

အခန်း ၃၉+၄၀ : ဟားဟားဟား ငါးမိပြီကွ..ဟားဟားဟား

~

​" မင်းကို စဉ်းစားဖို့ ဆယ့်ငါးမိနစ် အချိန်ပေးမယ်.. မင်းရဲ့ ဆရာကို အပ်မလား..ဒါမှမဟုတ် မင်းရဲ့ မိသားစု သေတာကိုပဲ ထိုင်ကြည့်နေမလား.."

​[အိမ်ရှင်သည် တရားမျှတမှုအတွက် မိမိကိုယ်ကို စတေးပြီး သူတစ်ပါး၏ မိသားစုသံယောဇဉ်ကို စမ်းသပ်ပေးခဲ့သည်။ အတုမရှိသော မေတ္တာတရားကြီးမားမှုကြောင့် စေတနာတန်ဖိုး +၂၀၀]

​ ဂူချန်၏ အမူအရာမှာ တည်ငြိမ်နေပြီး သနားစရာကောင်းလှသည်ဟူသော လေသံမျိုးဖြင့် ပြောလိုက်၏။

" သနားစရာပဲ..မင်းရဲ့မိသားစုကတော့ သုံးလလောက်ပဲ သိရသေးတဲ့ သူစိမ်းတစ်ယောက်အတွက်နဲ့ စွန့်ပစ်ခံရတော့မှာ.."

​ သူ၏ စကားလုံးများမှာ ပေါ့ပါးသော်လည်း လုဖန်၏ ရင်ထဲတွင်မူ ပေါင်တစ်ထောင်လေးသော သံတူကြီးနှင့် ထုရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည် ။

​"တောက်..."

​ လုဖန်က အံကို တင်းတင်းကြိတ်ကာ ထောင့်တစ်နေရာတွင် အိပ်ပျော်နေသော သူ၏ ဒေါ်လေးနှင့် အကိုဖြစ်သူကို ကြည့်ပြီး စိတ်ထဲတွင် အပြင်းအထန် ရုန်းကန်နေမိသည် ။ သူတို့နှစ်ယောက်ကို သူ မကယ်ချင်ဘဲ နေပါမည်လော။

​ သို့သော် ဤလူယုတ်မာ ဂူချန်က ကတိတည်မည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း ။ အကယ်၍ သူသာ လျှို့ဝှက်ချက်ကို ပြောပြလိုက်ပါက ဂူချန်အတွက် သူသည် အသုံးမဝင်တော့ပေ ။ ထိုအခါ ဂူချန်က သက်သေဖျောက်သည့်အနေဖြင့် အကုန်လုံးကို သတ်ပစ်နိုင်သည် မဟုတ်ပါလော ။ ထိုအချိန်ကျလျှင် သူ မည်သို့ ပြန်လည် ခုခံနိုင်တော့မည်နည်း ။

​ လုဖန်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် သူက ဂူချန်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းနက်များထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာသည်။

​"ဂူချန်... မင်း အခုလို လုပ်နေတာတွေအတွက် ဝဋ်လည်မှာကို မကြောက်ဘူးလား.."

​"ဝဋ်လည်မှာ ဟုတ်လား.."

​ဂူချန်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"ဒါက သိုင်းပညာခေတ် ၂၇၇ ခုနှစ်ကို ရောက်နေပြီ.. ဘယ်သူက အဲဒါတွေကို ယုံနေဦးမှာလဲ.."

​"ထားလိုက်ပါတော့..မင်းကို အကျိုးအကြောင်း ရှင်းပြနေရတာ အချိန်ဖြုန်းတာပဲ.. မင်းမှာ အချိန်သိပ်မကျန်တော့ဘူးနော်.."

​ ဂူချန်က သူ၏ လက်ပတ်နာရီကို ညွှန်ပြကာ လက်ဝေ့ယမ်းလိုက်သည်။ ထိုအခါ ထောင့်ရှိ လူနှစ်ဦး၏ အပေါ်ဘက် မျက်နှာကြက် ပွင့်ထွက်သွားပြီး ချွန်ထက်သော သံချောင်းများ ဖြည်းဖြည်းချင်း ဆင်းသက်လာတော့သည်။

​"လူယုတ်မာ.."

လုဖန် မျက်လုံးများ ပြူးသွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ ဂူချန်ကို ကိုက်သတ်ချင်စိတ်များ ပေါက်လာသည်။

​"နေပါဦး... နေပါဦး..."

​ ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ အိုမင်းရင့်ရော်သော အသံတစ်ခု ပဲ့တင်သွား၏။ လုဖန် အလွန် ဝမ်းသာသွားပြီး မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာသည်။

"ဆရာ... ဆရာ ပြန်လာပြီလား.."

​ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် သူသည် အားကိုးရာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ အလွန် စိတ်လှုပ်ရှားသွားသည်။

​ထိုအသံက ဆက်ပြောသည်။

"ဖန်အာ... ငါ့ရဲ့ အမှားကြောင့် မင်း အခုလို အကြပ်အတည်းထဲ ရောက်သွားရတာ.. ဒီ ဂူချန်ဆိုတဲ့ ကောင်လေးက မင်းရဲ့ မိသားစုကို သုံးပြီး ခြိမ်းခြောက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး.."

​"ငါ အရင်က မင်းနဲ့ စကားပြောရင် အသိခံရမှာစိုးလို့ ပုန်းနေတာ.. အခုတော့ ငါ ကိုယ်တိုင် ထွက်လာမှ ဖြစ်တော့မယ်.."

​"ဆရာ... ကျွန်တော် ဆရာ့ကို မပြစ်တင်ပါဘူး.. ကျွန်တော်ကိုယ်တိုင် မသန်မာလို့ပါ.."

လုဖန် နာကျည်းစွာ ပြောလိုက်သည်။

"ကျွန်တော်သာ ပိုသန်မာရင် ဂူချန်ကို ရှုံးမှာမဟုတ်ဘူး.. အခုလို အဖမ်းခံရမှာလည်း မဟုတ်ဘူး..."

​"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့.."

​ လုဖန်၏ စိတ်အာရုံထဲတွင် အဖိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်ရှိသော မှိန်ဖျော့ဖျော့ ဝိညာဉ်တစ်ခု ပေါ်လာသည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေသည်။

​"စိတ်မပူနဲ့.. ငါ ခုံရွှီး ရှိနေသရွေ့ မင်း ဒီမှာ သေမှာ မဟုတ်ဘူး.. ငါ့ရဲ့ ဝိညာဉ်ကြွင်းကို သုံးရမှာ ဖြစ်ပေမဲ့ အဲဒီနည်းလမ်းကို သုံးမှ ဖြစ်တော့မယ်.."

​ ဒါကို ကြားလိုက်ရချိန်တွင် လုဖန်သည် သူ၏ ဆရာ ခဏခဏ ပြောလေ့ရှိသော ပူးကပ်ခြင်း အခြေအနေကို သတိရလိုက်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ ဝိညာဉ်ကို ခဏဖယ်ပေးပြီး ဆရာဖြစ်သူ ခုံရွှီးကို သူ၏ ခန္ဓာကိုယ်အား ခေတ္တ ထိန်းချုပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

​ဆရာမှာ ဝိညာဉ်ကြွင်းသာ ဖြစ်သော်လည်း လုဖန်ထက် အဆပေါင်းများစွာ သန်မာ၏။ အကယ်၍ ဆရာကသာ သူ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပါက သူ၏ ခွန်အားမှာ သိသိသာသာ မြင့်တက်လာပြီး ဤသံတိုင်များမှ ရုန်းထွက်ကာ ဂူချန်ကို သတ်ပြီး သူ၏ မိသားစုကို ကယ်တင်နိုင်ပေလိမ့်မည်။

​အရင်ကဆိုလျှင် လုဖန်သည် သူ၏ ခန္ဓာကိုယ်ကို သူတစ်ပါးအား အသုံးပြုခွင့်ပေးရန် ဝန်လေးနေမည် ဖြစ်သော်လည်း ယခု အခြေအနေမှာ မည်သည်ကိုမှ တွေးမနေနိုင်တော့ပေ။ ထို့ပြင် ဆရာက သူ့ကို မပြစ်တင်ဘဲ နှစ်သိမ့်ပေးနေသဖြင့် သူ၏ ရင်ထဲတွင် နွေးထွေးသွားကာ ငြင်းဆန်နိုင်ခြင်း မရှိတော့ ။

​"ဆရာ... ကျွန်တော် ဆရာ့ကို ယုံကြည်ပါတယ်.."

​ဝုန်း....

​လုဖန်၏ ခန္ဓာကိုယ်မှာ ခဏတာ တောင့်တင်းသွားပြီး မျက်လုံးများ ဝေဝါးသွားသော်လည်း နောက်တစ်စက္ကန့်တွင်မူ ထက်မြက်သော အရောင်အဝါများ ပြန်လည် ပေါ်ထွက်လာသည်။

​ထို့နောက်...

​"ဟားဟားဟား.. ဟားဟားဟား..."

​ လုဖန်၏ ခန္ဓာကိုယ်ထဲမှ လူသည် အလွန် ပျော်ရွှင် နေပြီး ရင်ခေါင်းသံကြီးဖြင့် ကောင်းကင်ယံသို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

"နောက်ဆုံးတော့ ငါးမိပြီကွ ဟားဟားဟား..."

​ သူ၏ ခန္ဓာကိုယ်မှ ဖယ်ထုတ်ခံလိုက်ရသော လုဖန်၏ ဝိညာဉ်သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် တစ်ခုခု မှားနေပြီဆိုသည်ကို သိလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ကြိုးစားသော်လည်း ဆရာဖြစ်သူ ခုံရွှီး၏ ဝိညာဉ်က သူ့ကို ချက်ချင်းပင် ရိုက်ထုတ်လိုက်၏။

​"ဒါ..ဘာလို့လဲ..ဘာလို့လဲ.."

လုဖန်၏ ဝိညာဉ်သည် အကြီးအကျယ် တုန်လှုပ်သွားပြီး အော်ဟစ်ဆဲဆိုလိုက်တော့သည်။

"ခုံရွှီး... ခင်ဗျား.. ယုတ်မာတဲ့ လူယုတ်မာ.. ကျုပ်ကို လိမ်ခဲ့တာလား.."

​ သူသည် မည်မျှပင် အော်ဟစ်ရုန်းကန်နေစေကာမူ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့။ အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

​"ဟားဟား.. မင်းက အရူးမို့လို့ပေါ့.. ဘယ်သူကများ မင်းကို အလကား ကျင့်စဉ်တွေ ပေးပြီး သိုင်းပညာတွေ သင်ပေးမယ်လို့ ထင်နေတာလဲ.."

ခုံရွှီးက အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်သည်။

"မင်းက ခွန်အားလေး နည်းနည်း ရှိလာတာနဲ့ ဂူချန်ကို သွားပြိုင်ရဲတယ်ပေါ့.. သူက ဘယ်သူလဲဆိုတာ မင်း မသိဘူးလား.. မင်းလို အရူးမျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး.. အခုတော့ သွားလိုက်တော့ အရူး.."

​ ခုံရွှီးသည် လုဖန်၏ ဝိညာဉ်ကို အဝေးသို့ လွင့်စင်သွားအောင် လုပ်လိုက်သည်။ ယခုအခါ လုဖန်သည် ဘာမှ မတတ်နိုင်တော့ဘဲ ခုံရွှီးက သူ၏ ခန္ဓာကိုယ်ကို အသားကျအောင် လုပ်နေသည်ကိုသာ ရင်ကွဲနာကျစွာ ကြည့်နေရတော့သည်။

​"ဟားဟားဟား.."

​ခုံရွှီးသည် သံတိုင်ပေါ်တွင် သူ၏ ခြေလက်များကို လှုပ်ရှားရင်း ခန္ဓာကိုယ်သစ် ရရှိသွားသဖြင့် အလွန် စိတ်လှုပ်ရှားနေ၏ ။ ဤသို့သော အခြေအနေမျိုးတွင်မှ သူ တစ်ဖန် ပြန်လည် ရှင်သန်နိုင်မည်ဟု ထင်မထားခဲ့ပေ။ ဤသည်က ကောင်းကင်ဘုံ၏ အလိုတော်အတိုင်းသာ ဖြစ်ချေမည် ။

​"ဟားဟားဟား..အောင်မြင်ပြီ..အောင်မြင်ပြီ.."

​ဖြန်း...

​ ပြင်းထန်သော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာပြီး ခုံရွှီး၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။

​ ဂူချန်သည် သူ၏ လက်ကို ခါယမ်းလိုက်ပြီး လုဖန် ကို အရူးတစ်ယောက်ကဲ့သို့ ရွံရှာစက်ဆုပ်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။

​"မင်း ဘာတွေ အော်နေတာလဲ.."

All Chapters