အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆) -မိကျောင်းမိစ္ဆာကြီး
~"ဘုန်း..."
နောက်တစ်ခဏ၌ မိကျောင်းမိစ္ဆာကြီး အသွင်ပြောင်းထားသော စုယွီ၏ ကြောက်မက်ဖွယ် ကိုယ်လုံးကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။ သူ၏ လက်တစ်ဖက်က သားရဲကြီး၏ အမြီးကို ပြတ်ထွက်မတတ် ဆုပ်ကိုင်ထား၏။ ထို့နောက် လေထဲတွင် ရမ်းခါကာ မြေကြီးပေါ်သို့ ပယ်ပယ်နယ်နယ် ဆောင့်ရိုက်ချပစ်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း..”
အဝေးတစ်နေရာ၌၊
ကောင်းကင်မိုးကြိုး ကြွက်အုပ်စုသည် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ဉာဏ်ရည်မနိမ့်လှသော ထိုကြွက်များ အားလုံး တစ်ကောင်နှင့်တစ်ကောင် ဖက်ကာ တုန်ယင်နေကြ၏။ သူတို့၏ 'သခင်' သည် တတိယအဆင့် အလယ်အလတ်တန်းစား မိစ္ဆာသားရဲကြီးကို အကြမ်းပတမ်း ထုထောင်းနေသည်ကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေကြသည်။
ဤမြင်ကွင်းက သူတို့၏ ဝိညာဉ်များကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
သူတို့အတွက်မူ စုယွီ၏ မှော်မန္တန်များထက် ယခုလို ကြွက်သားအစစ်ဖြင့် အကြမ်းပတမ်း ဝင်ရောက်ချေမှုန်းနေသော ရုပ်ခန္ဓာ စွမ်းအားက ပို၍ပင် ကျောချမ်းစရာ ကောင်းနေတော့၏။
ပို၍ ဝေးကွာသော နေရာတွင်မူ မာထျန်းလင်၊ ယွီခယ်အာ၊ စုချီ၊ ယွီချန်ချင်း၊ လော့ချင်းယာ၊ လန်ရှီး နှင့် လန်ကုန်းတို့ အဖွဲ့ ရှိနေကြသည်။ စုယွီ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်တိုက်ခိုက်သည်ကို သူတို့ မြင်ရခဲလှ၏။
ထို့ကြောင့် စုယွီက တတိယအဆင့် အလယ်အလတ်တန်းစား သားရဲကို သွားရောက် သတ်ဖြတ်မည် ဆိုသောအခါ တစ်ယောက်မကျန် နောက်မှ လိုက်ပါလာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ထိုမိန်းမလှလေးများ အားလုံး ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် မေးစေ့ပြုတ်ကျမတတ် မှင်သက်နေကြတော့၏။
ရှေးဟောင်း မိစ္ဆာကြီးတစ်ကောင် လူ့ပြည်ဆင်းလာသည့်နှယ် ကြောက်စရာ ကောင်းသော အကြမ်းပတမ်း စွမ်းအားများ ထုတ်သုံးကာ တတိယအဆင့် သားရဲကြီးကို ထုထောင်းနေသော စုယွီကို ကြည့်ပြီးနောက် မာထျန်းလင်သည် ယွီခယ်အာဘက်သို့ လှည့်လိုက်သည်။
သူမ၏ အပြစ်ကင်းစင်သော မျက်လုံးဝိုင်းဝိုင်းလေးများကို ပေကလပ် ပေကလပ် လုပ်ရင်း မေးလိုက်၏။
"ဆရာမ... ဆရာက မိစ္ဆာဘုရင် ဝင်စားတာများ ဖြစ်နေမလားဟင်"
ထိုစကားကို ကြားသည်နှင့် စုချီသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ ထောက်ခံတော့သည်။
"အာ... ထျန်းလင်လေး ပြောတာ ယုတ္တိရှိတယ်ဟေ့။ ဦးလေးယွီက သိပ်ရက်စက်လွန်းတယ်။ တတိယအဆင့် သားရဲကြီးကို ရုပ်ခန္ဓာ ခွန်အားသက်သက်နဲ့ ကိုင်နေတာလေ။ ပြီးတော့ မိစ္ဆာသားရဲအုပ်ကြီးကိုလည်း အမိန့်ပေး ခိုင်းစေနိုင်သေးတယ်။ ဒီပုံစံက မိစ္ဆာဘုရင်နဲ့ ပိုတောင် တူနေသေးတယ်"
မာထျန်းလင်လေး လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေထဲသို့ ရောက်လာခဲ့သည်မှာ ငါးနှစ်ခွဲကျော်ပင် ရှိသွားခဲ့ပြီ ဖြစ်၏။
အသက် (၁၁) နှစ်ခွဲ အရွယ် ကလေးမလေးဘဝမှ ယခုအခါ အသက် (၁၇) နှစ်အရွယ် အလှပန်းလေး တစ်ပွင့်အဖြစ် ဖူးပွင့်လာခဲ့ပြီ ဖြစ်သည်။
(၁၆) နှစ်ပြည့်လျှင် အရွယ်ရောက်ပြီဟု သတ်မှတ်သော ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းအရ ဆိုရလျှင် မာထျန်းလင်သည် ပြီးခဲ့သည့်နှစ်ကတည်းက အရွယ်ရောက်ပြီးသား မိန်းကလေး ဖြစ်နေတော့၏။
ယနေ့တွင် သူမသည် အစိမ်းနုရောင် နန်းတွင်းဝတ်စုံလေးကို ဝတ်ဆင်ထားပြီး၊ ပခုံးပေါ် ကျနေသော ဆံပင်ရှည်များက လေထဲတွင် ဝဲလွင့်နေ၏။ ကြက်သွန်မြိတ်လေးကဲ့သို့ ဖြောင့်စင်းသော နှာတံ၊ ဝိုင်းစက်ပြီး အပြစ်ကင်းသော မျက်လုံးလေးများနှင့် နွေးထွေးသည့် ကျောက်စိမ်းလေး တစ်တုံးပမာပင်။
အထူးခြားဆုံးမှာ မာထျန်းလင်၏ သွယ်လျဖြောင့်စင်းနေသော ခြေတံရှည်ကြီးများပင် ဖြစ်သည်။ ယွီခယ်အာ၊ စုချီ၊ လန်ရှီး တို့ထက်ပင် ပို၍ ထင်းထွက်နေသေး၏။
ငယ်စဉ်ကတည်းက ခြေတံရှည်လေး ဖြစ်ရာ၊ ယခု အရွယ်ရောက်လာချိန်တွင် ပို၍ပင် ကြည့်ကောင်းနေတော့သည်။
သူမ၏ စကားကို ကြားသောအခါ ယွီခယ်အာက ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"လျှောက်ပြောမနေနဲ့... နင့်ဆရာက လူသားစစ်စစ်ပါဟဲ့။ ဘာ မိစ္ဆာဘုရင်ဝင်စားတာမှ မဟုတ်ဘူး"
မာထျန်းလင်က မျက်လုံးလေး ကလယ်ကလယ် လုပ်နေ၏။ ဤကောင်မလေးသည် ငယ်စဉ်ကတည်းက ဉာဏ်နီဉာဏ်နက် များသလို စုချီနှင့် အတူကြီးပြင်းလာသူ ဖြစ်သဖြင့် အငြိမ်နေမည့် အမျိုးတော့ မဟုတ်ပေ။
မည်သို့ပင် ဂနာမငြိမ် ဖြစ်နေစေကာမူ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်းတွင် သူမ၏ မြေကမ္ဘာ အဆင့် ဝိညာဉ်အမြစ် ပါရမီ၊ ဟွိုင်ယင်း ဝိညာဉ်ခန္ဓာ ဖွဲ့စည်းပုံနှင့် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ၏ စတုတ္ထအဆင့် ဝိညာဉ်ကြော ပတ်ဝန်းကျင်တို့ ပေါင်းစပ်လိုက်သောအခါ သူမ၏ ကျင့်ကြံခြင်း အဆင့်သည် မသိမသာဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သို့ပင် ရောက်ရှိနေခဲ့တော့သည်။
အရင်က စုယွီ ရရှိခဲ့သော အမွေအနှစ်ထဲမှ ရှေးဟောင်း တစ်ကိုယ်တော် ကျင့်ကြံသူ ပါရမီရှင် တာအိုဆရာ ပင်းယွီ ဆိုလျှင် မြေကမ္ဘာ အဆင့် ဝိညာဉ်အမြစ် ရှိတာတောင် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် ဆယ်နှစ်တိုင်တိုင် အချိန်ယူခဲ့ရသည်။ ၎င်းကိုပင် သူက ဂုဏ်ယူစရာအဖြစ် မှတ်တမ်းတင်ထားခဲ့သေး၏။
သို့သော် မာထျန်းလင်သည် သုံးနှစ်တည်းသာ အချိန်ယူခဲ့ရသည်။
သုံးနှစ်တည်းဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်သွားခဲ့ခြင်း ဖြစ်၏။
ထို့ပြင် အဆင့်မြင့် တာအိုအခြေခံကိုပါ အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည်။
စုယွီ၏ အကဲဖြတ်ချက်အရ ဆိုရလျှင် မာထျန်းလင်၏ အခြေခံတည်ဆောက်ခြင်း တာအိုအခြေခံသည် သူ ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံခဲ့စဉ်က ဓာတ်ကြီး ငါးပါး ပေါင်းစပ်ထားသည့် အခြေခံထက်ပင် အားနည်းမည် မဟုတ်ချေ။
ဤ ဝိညာဉ်ခန္ဓာ ပါရမီသည် တကယ့်ကို ကြောက်စရာကောင်းသလို မနာလိုဖြစ်ချင်စရာလည်း ကောင်းလွန်းလှသည်။
ပါရမီကောင်းတစ်ခု ရှိခြင်းသည် သာမန်လူတို့၏ ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု ရလဒ်များနှင့် ညီမျှနေ၏။ သာမန်လူတစ်ယောက် တစ်သက်လုံး ကြိုးစားသည်ဆိုလျှင်တောင် ဝိညာဉ်ခန္ဓာ ပိုင်ရှင်တစ်ယောက်၏ အစပျိုးမှုလောက်ကို မမီနိုင်ပေ။
ထိုအခိုက်အတန့်၌ မာထျန်းလင်သည် ယွီခယ်အာ၏ နားနားကပ်၍ တစ်ခုခု တီးတိုးပြောလိုက်သည်။
ယွီခယ်အာ ရုတ်တရက် ခေါင်းလှည့်လာပြီး သူမကို မျက်စောင်းထိုးလိုက်တော့သည်။ ဤကောင်မလေးသည် အမြဲတမ်း လျှောက်ပြောနေတတ်သည် မဟုတ်ပါလော။
သူတို့ဘေးနားရှိ လော့ချင်းယာ၊ လန်ရှီး၊ လန်ကုန်း နှင့် ယွီချန်ချင်းတို့သည်လည်း တိုက်ပွဲကို ငေးကြည့်ရင်း စကားပင် မပြောနိုင်လောက်အောင် မှင်သက်နေကြ၏။
ရုပ်ခန္ဓာ ခွန်အားသက်သက်ဖြင့် တတိယအဆင့် အလယ်အလတ်တန်းစား သားရဲကြီးကို အမှုန့်ကြိတ်ပစ်နိုင်သည် ဆိုသော အင်အားက တကယ့်ကို ထိတ်လန့် အံ့သြစရာ ကောင်းနေသောကြောင့် ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင်။
မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် နှင့် သွေးဝေလငါး လမင်းမြို နည်းစနစ်တို့၏ ပေါက်ကွဲအားအောက်တွင် တတိယအဆင့် အလယ်အလတ်တန်းစား မိစ္ဆာသားရဲကြီးသည် စုယွီ၏ ထုထောင်းမှုဒဏ်ကို မခံနိုင်ဘဲ အသက်ထွက်သွားလေတော့သည်။ ၎င်း၏ ကိုယ်တွင်းမှ လက်သီးဆုပ်အရွယ်ရှိသော မိစ္ဆာအမြုတေကို စုယွီ ထုတ်ယူလိုက်၏။
သားရဲကိုယ်မှ လိုအပ်သော ပစ္စည်းတချို့ကို သိမ်းဆည်းပြီးသည့်နောက် စုယွီက အသားနှင့် သွေးများကို ကောင်းကင်မိုးကြိုး ကြွက်အုပ်စုအား ဆုချလိုက်သည်။
အကြောင်းမူကား ဤသို့ သင့်တော်သော သားရဲကို ရှာဖွေရန်အတွက် သူတို့ အားလုံး နှစ်ပေါင်းများစွာ အချိန်ပေးခဲ့ရသည် မဟုတ်ပါလော။
မိစ္ဆာအမြုတေကို အစိမ်းရောင် သစ်သားလက်စွပ် (ချင်မု လက်စွပ်) ထဲ ထည့်သိမ်းလိုက်ပြီးနောက် စုယွီသည် ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားနှင့် သွေးဝေလငါး လမင်းမြို နည်းစနစ်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ထိုအခိုက်အတန့်၌ သူ၏ အရှိန်အဝါသည် ရုတ်တရက် အားနည်းသွားပြီး အရေပြားများပင် ကွဲအက်ကာ ဒဏ်ရာအချို့ ရသွားခဲ့၏။
သွေးဝေလငါး နည်းစနစ်၏ စွမ်းအား သုံးဆ ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိရန်ကား လွယ်ကူလှသည် မဟုတ်ပေ။
စွမ်းအားများ ကုန်ခန်းသွားပြီးနောက် ခန္ဓာကိုယ်သည် အလွယ်တကူ အားနည်းသည့် အခြေအနေသို့ ရောက်သွားတတ်သည်။
သို့ဖြစ်သော်ငြားလည်း ကံကောင်းသည်မှာ စုယွီ၏ မန္တန်စွမ်းအား ကျင့်ကြံမှုက အားမနည်းခြင်းပင် ဖြစ်၏။
ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားများ ကိုယ်တွင်း၌ လည်ပတ်သွားပြီးနောက် လျှို့ဝှက်နယ်မြေထဲမှ ကြွယ်ဝသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် စုယွီ၏ ကိုယ်တွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။
ထိုစွမ်းအင်များကို သန့်စင်၍ ခန္ဓာကိုယ်အား အားဖြည့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိခိုက်သွားသော ကိုယ်ခန္ဓာနှင့် ကုန်ခန်းသွားသည့် ခွန်အားများ ပြန်လည် ပြည့်ဝလာ၏။
ဤတစ်ကြိမ် သားရဲကို နှိမ်နင်းရာတွင် သူ မန္တန်စွမ်းအားကို အသုံးမပြုခဲ့ခြင်းမှာ အကြောင်းရှိ၏။ သူ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအားကို စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်သည်။ မန္တန်စွမ်းအား အပိုင်းတွင်မူ သူ၏ တာအိုရုပ်သေးကိုယ်မှတစ်ဆင့် ကိုယ့်စွမ်းအားကိုယ် ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
သို့သော် ကိုယ်ခန္ဓာ သန့်စင်ခြင်း အပိုင်းတွင်ကား တကယ့် လက်တွေ့ တိုက်ပွဲဝင်ရန် အခွင့်အရေး မရခဲ့ဖူးချေ။
ယခု တတိယအဆင့် အလယ်အလတ်တန်းစား သားရဲနှင့် တိုက်ခိုက်ရသည်မှာ သူ့အတွက် မည်သည့် အန္တရာယ်မှ မရှိပေ။
ထို့ကြောင့် အကြောအခြင် လျှော့ရင်း ကိုယ်ခန္ဓာ သန့်စင်ခြင်း စွမ်းအား၏ ပြင်းအားကို စမ်းသပ်ရန် အကွက်ဆိုက်သွားခြင်း ဖြစ်သည်။
တဆက်တည်း၌ သူသည် မန္တန်တစ်ခုကို အသုံးပြု၍ ပျက်စီးသွားသော တိုက်ပွဲနေရာကို ပြန်လည် ပြုပြင်လိုက်သည်။ မြေကြီးပေါ်မှ အက်ကွဲကြောင်းများကို ဖာထေးကာ၊ ကျိုးကျနေသော သစ်ပင်များနှင့် ကြေမွနေသည့် ကျောက်တုံးများကို ရှင်းလင်းလိုက်၏။ ထို့နောက် သစ်သား ဝိညာဉ်အမြစ်မန္တန်ကို သုံး၍ အပင်ပေါက်လေးအချို့ကို ပြန်လည် စိုက်ပျိုးပေးခဲ့လေ၏။
အခန်း (၄၀၇) - အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်
~အချိန်ခဏကြာသောအခါ အရာအားလုံးသည် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွား၏။
စုယွီသည် ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုစားနေစဉ်အတွင်း ကိုယ်ပေါ်ရှိ မိစ္ဆာသွေးများကိုပါ သန့်စင်လိုက်သည်။ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အဝတ်အစားများပေါ်ရှိ မိစ္ဆာသွေးများနှင့် ဖုန်မှုန့်များ အားလုံး ကွာကျသွားပြီး အညစ်အကြေး ကင်းစင်သွားတော့သည်။
ယွီခယ်အာ၊ မာထျန်းလင်နှင့် အခြားသူများထံသို့ သူ လျှောက်သွားသောအခါ အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၏ အစွမ်းထက်လှသော ကုစားနိုင်စွမ်းအောက်တွင် ကွဲအက်နေသော အရေပြားများသည် အမာရွတ် အနည်းငယ်မျှပင် မကျန်ရစ်ဘဲ အပြည့်အဝ သက်သာသွားခဲ့ပြီ ဖြစ်၏။ သူ၏ အသားအရေသည် နှင်းပွင့်ပမာ ဖြူဖွေးနေပြီး မာထျန်းလင်တို့ထက်ပင် ပို၍ နူးညံ့နေသေး၏။
စုယွီက ပြုံးလိုက်ပြီး "ကိစ္စပြတ်သွားပြီဗျ။ ပြန်ကြရအောင်" ဟု တိုက်တွန်းလိုက်၏။
ထိုအခါ လူအုပ်ကြီးသည် ပြန်ရာလမ်းသို့ ဦးတည်လိုက်ကြတော့သည်။
မာထျန်းလင်သည် စုယွီအနားသို့ ကပ်လာပြီး အထင်ကြီး လေးစားမှု၊ အားကျမှု အပြည့်ပါသော ပရိသတ်တစ်ဦး၏ မျက်လုံးများဖြင့် မော့ကြည့်ကာ မေးမြန်းလိုက်သည်။
"ဆရာ... ခုနက ထုတ်သုံးလိုက်တာ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ရဲ့ စွမ်းအားတွေလားဟင်"
"မင်းက ဘယ်လို ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်မျိုးကို လေ့ကျင့်ချင်လို့လဲ"
စုယွီက သူမကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ရာ သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။
တဆက်တည်း၌ စပ်စုလိုက်သည်။
"ဘာလဲ... မင်းလည်း ကိုယ်ခန္ဓာ သန့်စင်ခြင်းကို ကျင့်ကြံချင်လို့လား"
မာထျန်းလင်၏ မျက်လုံးလေးများ အရောင်လက်သွားပြီး တက်ကြွစွာဖြင့် တောင်းဆိုလာတော့၏။
"သမီးရော ကျင့်လို့ ရမလားဟင်"
စုယွီ ရယ်လိုက်ပြီး ခေါင်းယမ်းကာ ငြင်းဆန်လိုက်၏။
"မင်းရဲ့ ကျင့်ကြံခြင်းနဲ့ ကိုက်ညီမယ့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်မျိုး ငါ့ဆီမှာ မရှိဘူးကွ။ ပြီးတော့ ကိုယ်ခန္ဓာ သန့်စင်ခြင်း နယ်ပယ်ဆိုတာ ကျင့်ကြံဖို့ သိပ်မလွယ်ဘူးလေ။ တကယ်လို့ မင်းသာ တကယ် ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်သွင်ပြင်တွေ အကျည်းတန် ရုပ်ဆိုးသွားနိုင်တယ်နော်"
မာထျန်းလင်၏ မျက်လုံးများ အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ သူမ လန့်ဖြန့်စွာ မေးလိုက်၏။
"အယ်... တကယ်ကြီး အဲ့လို ဖြစ်သွားမှာလား"
စုယွီ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် "အမြဲတမ်းတော့လည်း မဟုတ်ပါဘူးလေ။ ဒါပေမဲ့ ငါ သုံးနေတဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်က ပိုခက်ခဲပြီး မင်းနဲ့ မသင့်တော်ဘူး။ စောင့်ကြည့်ရသေးတာပေါ့။ နောင်တစ်ချိန် မင်းနဲ့ သင့်တော်မယ့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်တစ်ခုခုကို ငါ ရှာတွေ့ရင် မင်းကို သင်ပေးပါ့မယ်" ဟု အာမခံလိုက်တော့သည်။
ထိုစကားကို ကြားသောအခါ မာထျန်းလင် ဝမ်းသာလုံးဆို့သွားတော့၏။ သူမက စုယွီ၏ လက်မောင်းကို ဖက်တွယ်လိုက်ရင်း မြှောက်ပင့် ချော့မော့ပြောဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာရယ်။ ဆရာက အကောင်းဆုံးပဲ"
ချင်းယွဲ့ တောင်ထွတ်သို့ ပြန်ရောက်ပြီးနောက်တွင် ထိုအဖွဲ့၏ ဘဝသည် ငြိမ်းချမ်းသော ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
စုယွီသည် တတိယအဆင့် မြေကမ္ဘာဓာတ် မိစ္ဆာအမြုတေကို ရရှိပြီးနောက်တွင် "ပြစ်ဒဏ်ပေးသူ" ရုပ်သေး ဖန်တီးရန် စီစဉ်ထားသည့်အတိုင်း စတင် လုပ်ဆောင်လေတော့၏။ သူ၏ ပုံသွင်းဖန်တီးမှုအောက်တွင် တတိယအဆင့် ဝိညာဉ်သတ္တုရိုင်းများသည် တစ်ခုပြီးတစ်ခု အစိတ်အပိုင်း အသီးသီးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ နောက်ဆုံး၌ လူသားပုံစံ ရုပ်သေးအဖြစ် ပေါင်းစပ်သွား၏။
လအနည်းငယ် ကြာပြီးနောက်၊ ချင်းယွဲ့ တောင်ထွတ် အောက်ခြေရှိ ဂူစံအိမ်အတွင်းဝယ်၊
စုယွီ၏ ရုပ်ခန္ဓာ အရှိန်အဝါသည် သိမ်မွေ့စွာ ပြောင်းလဲသွားပြီး သိပ်သည်းလှသော သွေးစွမ်းအင် ပေါက်ကွဲမှုကြီးသည် မျက်စိတစ်မှိတ်အတွင်း ဂူတစ်ခုလုံးသို့ ရိုက်ခတ်သွားတော့သည်။
မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်၏ သွေးရောင် အင်းကွက်များသည် စုယွီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်နှင့်အမျှ၊ အဆုံးအစမရှိသော သွေးစွမ်းအင်များသည် ကောင်းကင်ယံသို့ ဟိန်းဟောက်နေသည့် ဧရာမ ရှေးဟောင်း မိကျောင်းမိစ္ဆာကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်နှယ် ထင်မှတ်ရ၏။
ထို ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါကြောင့် ဂူတစ်ခုလုံး တုန်ခါသွားရ၏။
မရေမတွက်နိုင်သော သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ၏ထံသို့ တဟုန်ထိုး ပြေးဝင်လာပြီး စုယွီ၏ ခန္ဓာကိုယ်တွင်းသို့ စီးဆင်းဝင်ရောက်သွားကြသည်။ ထိုအခိုက်အတန့်၌ စုယွီ၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းလဲမှု တစ်ရပ်ကို ဖြတ်သန်းသွားလေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်၊
ဂူအတွင်းမှ ဆူညံပွက်လောရိုက်မှုများ ငြိမ်သက်သွား၏။
စုယွီ မျက်လုံးများကို ဖွင့်လိုက်သောအခါ သွေးရောင် အလင်းတန်းတစ်ချက်သည် မျက်ဝန်းထဲမှ ပျောက်ကွယ်သွားပြီး၊ ကိုယ်ပေါ်ရှိ သွေးရောင် အင်းကွက်များသည်လည်း တဖြည်းဖြည်း ဆုတ်ခွာသွားတော့သည်။ သူ၏ ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ သူသည် ရုပ်ခန္ဓာ ခန္ဓာကိုယ် စွမ်းအား၏ ပြောင်းလဲမှုများကို အရသာခံ ခံစားလိုက်ပြီးနောက် ပူနွေးသော လေငွေ့တစ်ချက်ကို မှုတ်ထုတ်လိုက်၏။
"ဟူး..."
ဤ လေငွေ့သည် အနီရောင်သမ်းနေပြီး ထူးကဲစွာ ပူပြင်းလှသည်။
သာမန် ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဤလေငွေ့နှင့် ထိတွေ့မိပါက သူတို့၏ ရုပ်ခန္ဓာ ခန္ဓာကိုယ်သည် ပြာကျသွားနိုင်သည်။
စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ပြီးနောက် သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်၏။
[ ကျင့်စဉ် - မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် - ၂၃ ၊ ကျွမ်းကျင်မှု ၀.၀၁%) ]
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်သည် အဆင့်ထိုးဖောက်သွားခဲ့ပြီ ဖြစ်၏။ အဆင့် (၂၃) ကိုယ်ခန္ဓာ သန့်စင်ခြင်းသည် ရွှေအမြုတေ အဆင့် (၅) နှင့် တန်းတူပင် ဖြစ်သည်။
သူ၏ သက်တမ်းကို ကြည့်လိုက်သော်လည်း ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။
လက်ရှိ ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်သည် သူ၏ ခန္ဓာကိုယ် သက်တမ်းကို မမြှင့်တင်ပေးနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
အဘယ်ကြောင့်ဆိုသော် အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်၏ သက်တမ်း မြှင့်တင်ပေးနိုင်စွမ်းသည် သစ်သား ဝိညာဉ်အမြစ် ကျင့်စဉ်ထက်ပင် နည်းပါးနေသေးသောကြောင့် ဖြစ်၏။
အသက်ရှည်ခြင်း၏ အနှစ်သာရ ဆိုသည်မှာ ရိုးရှင်းစွာ ကျင့်စဉ်ကနေတစ်ဆင့် ရရှိလာသော စုဆောင်းမှုနှင့် ကြီးထွားမှုမျိုး မဟုတ်ဘဲ၊ ခန္ဓာကိုယ်၏ သက်တမ်း အဆင့်အတန်း ပြောင်းလဲမှုနှင့် လွှမ်းမိုးမှုအပေါ်တွင်သာ မူတည်နေ၏။
သူ၏ ရုပ်ခန္ဓာ ခွန်အား ပြောင်းလဲသွားမှုကို စုယွီ သိမ်မွေ့စွာ သိမြင်သွား၏။
"ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ရဲ့ စွမ်းအား သက်သက်ကို သွေးဝေလငါး လမင်းမြို နည်းစနစ်နဲ့ ပေါင်းစပ် ထုတ်သုံးလိုက်မယ် ဆိုရင်... ရွှေအမြုတေ အဆင့် (၆) က သာမန် အရှင်သခင် တစ်ပါးကိုတောင် ယှဉ်ပြိုင်နိုင်လောက်တယ်"
သူ စိိတ်ထဲမှ တိတ်တဆိတ် ကြွေးကြော်လိုက်သည်။
ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို ကြည့်လိုက်သောအခါ၊
[ ကျင့်စဉ် - ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် ၄ ၊ ကျွမ်းကျင်မှု ၃၆.၁၄%) ]
ခြောက်နှစ်နီးပါး အချိန်အတွင်းတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျွမ်းကျင်မှု (၆) ရာခိုင်နှုန်းကျော် စုဆောင်းနိုင်ခဲ့၏။
ရွှေအမြုတေ အဆင့် (၃) တွင် ရှိနေစဉ်ကထက် အနည်းငယ် နှေးကွေးသွားသော်ငြားလည်း၊ ယေဘုယျအားဖြင့် ရွှေအမြုတေ အဆင့် (၅) သို့ တက်လှမ်းရန် ဆယ့်ခြောက်နှစ်ခန့်သာ အချိန်ယူရတော့မည် ဖြစ်သည်။
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် အဆင့်ထိုးဖောက်ပြီးနောက်တွင် စုယွီသည် ထိုကိစ္စနှင့် ပတ်သက်၍ အုတ်အော်သောင်းတင်း မလုပ်ခဲ့ချေ။
အမြဲတမ်းလိုလိုပင် သူသည် ဂူစံအိမ်အတွင်း၌ နေ့စဉ် ကျင့်ကြံခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်သည်။ ထို့နောက် မျိုးစေ့များနှင့် သန္ဓေသားအဆင့် မှော်အဆောင်လက်ဖွဲ့များကို ဆက်လက် ပြုစုပျိုးထောင်ပြီးမှ "ပြစ်ဒဏ်ပေးသူ" ရုပ်သေး ဖန်တီးသည့် အလုပ်ကို ဆက်လုပ်လေတော့သည်။
တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေး တစ်ရုပ်ကို ဖန်တီးရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ပြီးစီးရန် လေးငါးနှစ်ခန့် အချိန်ယူရနိုင်ချေရှိသည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အတွင်းရှိ ဘဝသည်လည်း သိပ်ပြီး ထူးခြားပြောင်းလဲခြင်း မရှိလှပေ။
*
ယွင်ကျန်းဂိုဏ်း၏ လျှို့ဝှက်နယ်မြေ၊
စုဇီ ဝင်ရောက်လာပြီး စုယွီ၊ လော့ချန်ယွီတို့နှင့် တွေ့ဆုံ၏။ သူမသည် အပြင်ဘက် တာ့ယွဲ့ နယ်မြေတွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို သူတို့အား ဝေမျှပြောပြ၏။
"လအနည်းငယ်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ လန်ယွီ ဂိုဏ်းခွဲက ပုန်းအောင်းနေတဲ့ ကျင့်ကြံသူ မိသားစု ဖြစ်တဲ့ ချန် မိသားစုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်လေ။ ဒါပေမဲ့ ချန် မိသားစုက ကြေးမုံလမင်း အဆောင်လက်ဖွဲ့တွေ အများကြီး ကိုင်ဆောင်ထားတာ ဆိုတော့၊ လန်ယွီ ဂိုဏ်းခွဲရဲ့ တိုက်ခိုက်မှုက ကျရှုံးသွားရုံတင် မကဘူး၊ ချန် မိသားစုရဲ့ ပြန်လည် ချေမှုန်းတာကို ခံလိုက်ရပြီး အကြီးအကျယ် ရှုံးနိမ့်သွားကြတာပဲ"
စုဇီက တက်ကြွစွာ ဝင်ရောက်ပြောဆိုလိုက်သည်။
"ချန် မိသားစုက သူတို့ကို ခရမ်းရောင်အလင်းတန်း နယ်မြေ အထိ တောက်လျှောက် လိုက်လံ တိုက်ခိုက်ကြတာတဲ့။ ထိုက်ရွှီ မဟာမိတ်အဖွဲ့ရဲ့ တခြား ဂိုဏ်းခွဲတွေ စစ်ကူမရောက်လာခင်လေးမှာ ထိုက်ရွှီ ပိုင်ဆိုင်တဲ့ အင်မော်တယ် မြို့တော် တော်တော်များများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီနောက်မှ သူတို့က တာ့ယွဲ့ နယ်မြေကို ပြန်ဆုတ်လာခဲ့ကြတာ"
"ဒီတိုက်ပွဲမှာ ချန် မိသားစုက အကြီးအကျယ် အောင်ပွဲခံခဲ့တာပေါ့။ လန်ယွီ ဂိုဏ်းခွဲကတော့ ချန် မိသားစု လက်ချက်နဲ့ ကျင့်ကြံသူ အနည်းဆုံး တစ်ထောင်လောက် ဆုံးရှုံးသွားပြီး အထိနာသွားခဲ့ရတယ်"
ခေတ္တမျှ စကားရပ်လိုက်ပြီးနောက် စုဇီ ဆက်ပြောလာသည်။
"ဒါ့အပြင် တာ့ယွဲ့ နန်းတော်ဆီက အကူအညီ ရထားပုံပေါ်တဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာလည်း ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တချို့ ရှိနေတယ်။ လွန်ခဲ့တဲ့ လဝက်လောက်က သူတို့ ရုတ်တရက် တန်ပြန် တိုက်ခိုက်လိုက်တာ ဖီးနစ် သက်ဆင်း နယ်မြေက ဖီးနစ် တောင်ကြား အင်အားစုတွေကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့တယ်။ သူတို့က တာ့ယွဲ့ နယ်မြေထဲမှာ ကျင့်ကြံသူ အလောင်း ရာချီ ချန်ရစ်ထားခဲ့ရတာပဲ"
"ဒီတန်ပြန် တိုက်ခိုက်မှု နှစ်ခုစလုံးက ငါတို့ တာ့ယွဲ့ နယ်မြေအတွက် ပြီးပြည့်စုံတဲ့ အောင်ပွဲနဲ့ အဆုံးသတ်သွားခဲ့တာပဲလေ”
အခန်း (၄၀၈) - အင်မော်တယ် နယ်မြေ အသီးသီးရဲ့ သတင်းအချက်အလက်တွေ
~"ဒီလို အခြေအနေတွေအောက်မှာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့နဲ့ ဖီးနစ် သက်ဆင်း နယ်မြေတို့က နောက်ဆုတ်သွားကြပြီလေ။ ဆက်ပြီး လှုပ်ရှားမယ့် အရိပ်အယောင်တောင် မတွေ့ရတော့ဘူး"
ထိုသတင်းနှစ်ခုက သတင်းကောင်းများဟု ထင်မှတ်ရ၏။
သို့ဖြစ်သော်ငြားလည်း စုဇီက စကားလမ်းကြောင်းကို ရုတ်တရက် လွှဲပြောင်းလိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ သတင်းတစ်ခုကို ဆက်ပြောလာတော့သည်။ "မကြာသေးခင်က ကောင်းကင် အပျက်အစီး ခန်းမဆောင်ကနေ သတင်းတစ်ခု ပို့လာတယ်။ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းထဲမှာ ရှေးဟောင်း မိစ္ဆာအင်အားစု တစ်ခုရဲ့ အပျက်အစီး နယ်မြေတစ်ခု ပေါ်လာတယ်တဲ့"
"အဲ့ဒီ ရှေးဟောင်း မိစ္ဆာ အပျက်အစီးက ရှေးဟောင်း မိစ္ဆာဘုရင် ဝင်စားသူလို့ ကြွေးကြော်ထားတဲ့ တာအိုဆရာ ရွှမ်မင်နဲ့ ဆက်စပ်နေပုံပဲ။ ရွှမ်မင်က အဲ့ဒီနယ်မြေကို အသက်သွင်းလိုက်လို့ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း တစ်ခုလုံးမှာ ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့"
"ကိုးဝိညာဉ် မိစ္ဆာ နန်းတော်နဲ့ တခြား မိစ္ဆာအင်အားစုတွေက သူတို့လူတွေကို အဲ့ဒီနေရာဆီ စေလွှတ်ခဲ့ကြတယ်။ ဒါပေမဲ့ လူတစ်စု ဝင်သွားတာနဲ့ တစ်ပြိုင်နက် အပျက်အစီး နယ်မြေက ရုတ်တရက်ကြီး ပိတ်သွားတော့တာပဲ။ ကောလာဟလတွေအရ ဆိုရင် မိစ္ဆာကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် သေကုန်ကြပြီတဲ့လေ"
"ကောင်းကင် အပျက်အစီး ခန်းမဆောင်ရဲ့ ခန့်မှန်းချက်အရတော့ အဲ့ဒီ ရှေးဟောင်း မိစ္ဆာ အပျက်အစီးကို တာအိုဆရာ ရွှမ်မင်က လုံးဝ သိမ်းပိုက်သွားလောက်ပြီတဲ့"
"ဒေါသထွက်လွန်းလို့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က မိစ္ဆာဘုရင်ကြီး ကိုယ်တိုင် အဲ့ဒီနယ်မြေကို ဖောက်ဝင်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ လျှို့ဝှက်ချက်တွေကို မထိုးဖောက်နိုင်ခဲ့ဘူးလေ"
"ဒီအတိုင်းသာ ဆက်သွားနေရင် တာအိုဆရာ ရွှမ်မင်က တကယ့်ကို မိစ္ဆာဘုရင် တစ်ပါး ဖြစ်လာနိုင်ချေ ရှိတယ်"
"အဲ့ဒီအချိန်ကျရင် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှာ မိစ္ဆာဘုရင် နှစ်ပါးတောင် ရှိလာမှာဆိုတော့ ငါတို့ တာ့ယွဲ့ နယ်မြေအတွက် တကယ့် သတင်းဆိုးကြီးပဲပေါ့"
ထိုစကားများကို ကြားသောအခါ စုယွီနှင့် လော့ချန်ယွီတို့သည် စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်သွားကြသည်။
ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း၏ ပတ်ဝန်းကျင်သည် အလွန် ထူးခြားလှ၏။ ထိုနေရာသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများသည် ပြင်းထန်လှသော အဆိပ်ငွေ့များကြောင့် အလွန်တရာ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရသည်။ ထို့ပြင် ညစ်ညမ်းမှုများကြောင့် သဘာဝ ဝိညာဉ်စွမ်းအင်များသည် ကျင့်ကြံရန် မသင့်တော်တော့ချေ။ အကယ်၍ တိုက်ပွဲကြီး တစ်ခုအတွင်း သူတို့၏ မန္တန်စွမ်းအားများ ကုန်ခန်းသွားပါက၊ ပြန်လည် ဖြည့်တင်းရန် ဝိညာဉ်ကျောက်တုံးများ လိုအပ်လာမည် ဖြစ်၏။ ဝိညာဉ်ကျောက်တုံးများသာ မရှိပါက ကျင့်ကြံသူများသည် အသတ်ခံရမည့် သိုးပေါက်လေးများပမာ ဖြစ်သွားပေလိမ့်မည်။
အကြောင်းမူကား ဤအချက်များကြောင့် အိမ်နီးချင်း နယ်မြေများမှ ကျင့်ကြံသူများသည် ပြဿနာကင်းဝေးစေရန် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကို ရှောင်ရှားလေ့ ရှိကြခြင်း ဖြစ်၏။
ထိုသို့သော အခြေအနေများအောက်တွင် တာအိုဆရာ ရွှမ်မင်က မူလဝိညာဉ်အဆင့် မိစ္ဆာဘုရင် အသစ်တစ်ပါး ဖြစ်လာမည့် အလားအလာကို သူတို့ တားဆီးရန် အင်အားမဲ့နေကြ၏။
ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် လော့ချန်ယွီက ဝင်ရောက်ပြောဆိုလိုက်သည်။ "လက်ရှိ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က မိစ္ဆာဘုရင်ကြီးနဲ့ တာအိုဆရာ ရွှမ်မင်တို့ကြားက ပဋိပက္ခက သိပ်တော့ မဆိုးလှပါဘူး။ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကို မတည်မငြိမ် ဖြစ်နေစေတယ်လေ"
"ဒါပေမဲ့ တာအိုဆရာ ရွှမ်မင်သာ မိစ္ဆာဘုရင် ဖြစ်သွားခဲ့ရင် သူတို့ နှစ်ယောက် ပြန်လည် သင့်မြတ်သွားမှာကိုပဲ စိုးရိမ်ရတာ"
"အဲ့ဒီအခါကျရင် မိစ္ဆာဘုရင် နှစ်ပါး ရှိနေတဲ့ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းက ငါတို့ တာ့ယွဲ့ နယ်မြေအတွက် သာမကဘူး၊ ခရမ်းရောင်အလင်းတန်း နယ်မြေနဲ့ ဖီးနစ် သက်ဆင်း နယ်မြေအတွက်ပါ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာလိမ့်မယ်"
လော့ချန်ယွီ၏ ဘေးတွင် ထိုင်နေသော စုယွီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ ရုတ်တရက် သူက ဝင်ရောက်ဆွေးနွေးလိုက်သည်။
"အခု အပြင်ဘက်က စစ်ပွဲတွေလည်း အတော်လေး ငြိမ်သက်သွားပြီဆိုတော့ ကျွန်တော် အပြင်ကို တစ်ခေါက်လောက် သွားရလိမ့်မယ်။ အိမ်စောင့်နေရင်း သတိထားကြဦးနော်"
လော့ချန်ယွီက သူ့ဘက်သို့ လှည့်ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"နင် ဘယ်ကို သွားမလို့လဲ"
စုယွီက ချက်ချင်းပင် ရှင်းပြလိုက်၏။
"ရှေးဟောင်း ကျင့်ကြံခြင်း ကျင့်စဉ် တစ်ခုရဲ့ အဆက်ကို သွားရှာမလို့လေ။ တာ့ယွဲ့ နယ်မြေကနေ ထွက်ရကောင်း ထွက်ရလိမ့်မယ်။ ဒါပေမဲ့ ဒီ ရုပ်သေး ကိုယ်ခန္ဓာကပဲ အပြင်ထွက်ရှာမှာပါ။ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က တာ့ယွဲ့ တောင်တန်းမှာပဲ ဆက်နေခဲ့မှာလေ။ တကယ်လို့ ပြဿနာ တစ်ခုခု ရှိလာရင် တာ့ယွဲ့ မှောင်ခိုဈေးကွက်မှာ ငါ့ကို လာစောင့်နေလို့ ရပါတယ်။ ငါက တစ်နှစ်ကို တစ်ခေါက်လောက်တော့ ပုံမှန် လာလေ့ရှိတယ်လေ"
သေချာ စဉ်းစားပြီးနောက် လော့ချန်ယွီက ခေါင်းညိတ်ကာ မှာကြားလိုက်သည်။ "ဂရုစိုက်သွားဦးနော်"
စုယွီက ပြုံး၍ အာမခံလိုက်၏။ "စိတ်မပူပါနဲ့။ ဒီ ရုပ်သေး ကိုယ်ခန္ဓာ တစ်ခုခု ဖြစ်သွားရင်တောင် ကျွန်တော့် ခန္ဓာကိုယ် အစစ်ကို မထိခိုက်နိုင်ပါဘူး။ အဆိုးဆုံး ဖြစ်လှ ရုပ်သေး တစ်ရုပ် ဆုံးရှုံးသွားရုံတင်ပဲလေ"
"ဒါ့အပြင် မမျှော်လင့်တာ တစ်ခုခု မဖြစ်လာသရွေ့ အားနည်းတဲ့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးနဲ့ ရင်ဆိုင်ရရင်တောင် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ငါ့ကိုယ်ငါ ယုံကြည်မှု အပြည့်ရှိပါတယ်"
အချိန်တိုအတွင်းမှာပင်၊
တာအိုရုပ်သေးသည် ယွင်ကျန်းဂိုဏ်းမှ ထွက်ခွာကာ ပျံသန်းရေး ယာဉ်ပျံဖြင့် တာ့ယွဲ့ မှောင်ခိုဈေးကွက်ဆီသို့ ဦးတည်သွားလေတော့၏။
သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သော စုဇီသည် လော့ချန်ယွီကို ကြည့်လိုက်သည်။ သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပါးစပ်ကို အုပ်၍ တခစ်ခစ် ရယ်ရင်း မြှောက်ထိုးပင့်ကော် ပြောလိုက်၏။
"အစ်မ.. ညီမ တစ်ယောက်တည်း ဂိုဏ်းကို စောင့်နေခဲ့ရင် ပိုမကောင်းဘူးလား။ အစ်မက တာ့ယွဲ့ တောင်တန်းဆီ သွားပြီး အေးဆေး ကျင့်ကြံနေလို့ ရတာပေါ့"
အပြုံးဖျော့ဖျော့လေးဖြင့် လော့ချန်ယွီက သူမကို တစ်ချက် စောင်းငဲ့ကြည့်ကာ တုံ့ပြန်လိုက်သည်။
"နင်ကတော့ လေပဲ ရှိတာပါပဲဟာ"
"ဒီလို လျှောက်ပြောနေမယ့်အစား နင့်ရဲ့ ကျင့်ကြံခြင်းမှာ ပိုပြီး အားစိုက်ထုတ်လိုက်ပါလား။ နင် ရွှေအမြုတေ အဆင့် နှောင်းပိုင်းကို ရောက်သွားတာနဲ့ ဂိုဏ်းကို နင့်လက်ထဲ အပ်ခဲ့မှာပါ"
စုဇီက မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း အလိုမကျစွာ တုံ့ပြန်လိုက်သည်။
"အဲ့ဒါဆိုရင်တော့ အစ်မတော်ရေ... အစ်မတော် အိုတဲ့အထိ ဂိုဏ်းထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ နေသွားရဖို့သာ ပြင်ထားပေတော့။ ညီမရဲ့ ပါရမီနဲ့ဆို ရွှေအမြုတေ အဆင့် နှောင်းပိုင်းဆိုတာ ဝေးရော။ အဆင့် (၃) ကို ရောက်ဖို့တောင် အတော်လေး မလွယ်ဘူးရှင့်"
စကားစမြည် ပြောဆိုနေရင်း လော့ချန်ယွီနှင့် စုဇီတို့သည် ဂိုဏ်းအတွင်းမှ ပါရမီရှင် လူငယ်လေးများအကြောင်းကို ဆွေးနွေးဖြစ်သွားကြ၏။
အလားအလာရှိသော ဆက်ခံသူများအဖြစ် လူငယ် အနည်းငယ်ကို ရွေးချယ်ရန် အချိန်ကျလာပြီ ဖြစ်၏။ ပါရမီရှင် လူငယ်များကို ရှာဖွေရသည်မှာ နှိုင်းယှဉ်ချက်အားဖြင့် ပိုမို လွယ်ကူသော်ငြားလည်း၊ အမှန်တကယ် ထူးချွန်သော ဆက်ခံသူကောင်းများကို တွေ့ရှိရန်ကား အလွန် ရှားပါးလှသည်။ သို့ဖြစ်၍ သူတို့ အနေဖြင့် ဖြည်းဖြည်းချင်းသာ ရှာဖွေရုံမှလွဲ၍ အခြား မရှိတော့ပေ။
အခြားတစ်ဖက်တွင်မူ၊
ဆယ်ရက်တိုင်တိုင် ခရီးရှည်နှင်ပြီးနောက် တာအိုရုပ်သေးသည် တာ့ယွဲ့ မှောင်ခိုဈေးကွက်ရှိ ကောင်းကင် အပျက်အစီး ခန်းမဆောင်သို့ ရောက်ရှိလာပြီး၊ တာအိုဆရာ ရှုယွီကို ရှာဖွေလေတော့သည်။
တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် စုယွီက ချက်ချင်း မေးမြန်းလိုက်၏။
"တာအိုဆရာ ရှုယွီ... ကျွန်တော် တောင်းဆိုထားတဲ့ ပင်လယ်ပြင်ဆီ သွားမယ့် လမ်းကြောင်းပေါ်က အင်မော်တယ် နယ်မြေ အသီးသီးရဲ့ သတင်းအချက်အလက်တွေကို ရှာဖွေရတာ ဘယ်လောက် ခရီးရောက်နေပြီလဲဗျ"
တာအိုဆရာ ရှုယွီက မှတ်တမ်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ပြန်လည် ဖြေကြားလိုက်သည်။
"သိပ်ပြီး အသေးစိတ်တော့ မကျသေးဘူးဗျ။ တကယ်လို့ တာအိုဆရာ စု အနေနဲ့ အခုချက်ချင်း လိုချင်တယ် ဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ကျသင့်ပါလိမ့်မယ်"
မည်သို့မျှ တုံ့ဆိုင်းမနေဘဲ စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ချန်ခွန်းအိတ်ထဲမှ ထုတ်ယူကာ လွှဲပြောင်းပေးအပ်လိုက်၏။
ဤသတင်းအချက်အလက်များကို စုဆောင်းရသည်မှာ လွယ်ကူသော ကိစ္စရပ် တစ်ခု လုံးဝ မဟုတ်ချေ။ တာ့ယွဲ့ နယ်မြေ သို့မဟုတ် အနီးအနားရှိ အင်မော်တယ် နယ်မြေများအကြောင်း သတင်းစုဆောင်းခြင်းထက် အဆပေါင်းများစွာ ပိုမို ခက်ခဲလှသည်။ သို့ဖြစ်၍ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် တောင်းဆိုခြင်းမှာ များပြားလွန်းသည်ဟု မဆိုသာပေ။
တာအိုဆရာ ရှုယွီထံမှ သတင်းအချက်အလက်များကို ရရှိပြီးနောက် စုယွီသည် ယွီမိသားစုရှိ သူ၏ ဂူစံအိမ်သို့ ပြန်လာခဲ့ပြီး၊ ကျောက်စိမ်းပြားထဲရှိ အချက်အလက်များကို တစ်ယောက်တည်း စစ်ဆေးကြည့်ရှုလေတော့သည်။
စုယွီက သူ၏ ဘုရားပေး စိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထိုးဖောက် ဝင်ရောက်စေလိုက်သည်နှင့် သတင်းအချက်အလက် ရေစီးကြောင်းကြီး တစ်ခုသည် သူ၏ စိတ်အာရုံထဲသို့ ရုတ်တရက် တိုးဝင်လာတော့၏။
အချိန်အတော်ကြာပြီးနောက်၊
စုယွီ မျက်လုံးများကို ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွား၏။
ပင်လယ်ပြင်ဆီသို့ သွားရမည့် ခရီးစဉ်သည် အမှန်တကယ်ပင် အနီးအနား၌ ရှိမနေသော်ငြားလည်း၊ သူ ထင်မှတ်ထားသလောက်လည်း ဝေးကွာမနေခဲ့ချေ။ ယခင်က မာရှီချင်း ပြောပြချက်အရ ပျံသန်းရေး သင်္ဘောကို အသုံးပြု၍ ပင်လယ်ပြင်ဆီသို့ ခရီးနှင်ပါက လေးနှစ်မှ ငါးနှစ်အထိ အချိန်ကြာမြင့်နိုင်သည်ဟု ဆိုထားခဲ့ဖူး၏။