အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း (၄၀၉) -တောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်မျိုးနွယ်
~"ဟူး... ဒီလေးငါးနှစ် ဆိုတဲ့ အချိန်ကာလက ငါ လမ်းမှာ ခရီးလွှဲသွားခဲ့ရတဲ့ အချိန်တွေပါ ပါဝင်နေနိုင်တယ်"
ကောင်းကင် အပျက်အစီး ခန်းမဆောင်ဆီမှ ရရှိလာသော သတင်းအချက်အလက်များအရ၊ တာ့ယွဲ့ နယ်မြေမှတစ်ဆင့် ပင်လယ်ပြင် နယ်မြေများဆီသို့ ခရီးနှင်ရန်အတွက် အင်မော်တယ် နယ်မြေ ဆယ်ခုကျော်ကို ဖြတ်သန်းရမည် ဖြစ်၏။ ထိုအထဲတွင် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကဲ့သို့သော အန္တရာယ်ကြီးမားသည့် နေရာများနှင့် အခြားသော သေရေးရှင်ရေး တမျှ အန္တရာယ်များလှသည့် ဒေသများလည်း ပါဝင်နေသေးသည်။
လမ်းခရီးတစ်လျှောက် ကြုံတွေ့လာနိုင်သည့် ဤအန္တရာယ်ဇုန်များနှင့် မျှော်လင့်မထားသော ပြဿနာများကို ရှောင်ရှားရင်း သွားရမည်ဆိုပါက လေးငါးနှစ်ဆိုသော အချိန်ကာလမှာ အမှန်တကယ်ပင် ယုတ္တိရှိလှသော ခန့်မှန်းချက် တစ်ခု ဖြစ်၏။
"ငါတို့နဲ့ အနီးဆုံး ပင်လယ်ပြင် နယ်မြေကို 'တောင်တန်းဖုံးလွှမ်း ပင်လယ်ပြင်' လို့ ခေါ်တာပဲ။ ဒီနာမည်က ရှေးဟောင်း မှတ်တမ်းတွေကနေ ဆင်းသက်လာတာလို့ ဆိုကြတယ်။ အဲ့ဒီမှတ်တမ်းတွေအရ အနီးအနားမှာ အင်အားအကြီးဆုံး ပင်လယ်မျိုးနွယ် ဝိညာဉ်သားရဲက 'တောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်မျိုးနွယ်' တဲ့"
ထိုသတင်းအချက်အလက်ကို မြင်လိုက်ရသောအခါ စုယွီသည် ရုတ်တရက် မှင်သက်သွားတော့သည်။
ရှေးခေတ် တစ်ကိုယ်တော် ကျင့်ကြံသူ တာအိုဆရာ ပင်းယွီထံမှ စုယွီ ရရှိခဲ့သော အမွေအနှစ် မှတ်တမ်းများအရ၊ တာအိုဆရာ ပင်းယွီသည် တစ်ချိန်က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါးဌာနချုပ်ရှိ ပါရမီရှင်တစ်ဦး၏ ဖိတ်ကြားခြင်းကို ခံခဲ့ရဖူးသည်။ ထိုဖိတ်ကြားမှုမှာ တောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်ကြီးကို တိုက်ခိုက်ပြီး ၎င်း၏ ဝိညာဉ်သားရဲ သွေးကို လုယူရန် ဖြစ်၏။
ကောလာဟလများအရ ထိုဝိညာဉ်သားရဲ သွေးသည် ကျင့်ကြံသူ တစ်ယောက်၏ ကျင့်ကြံခြင်း အခြေခံကို ပိုမို ခိုင်မာအောင် သန့်စင်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
သို့သော်ငြားလည်း ပင်းယွီက ထိုဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့၏။
နောက်ပိုင်းတွင် ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး ဌာနချုပ်သည် တောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်မျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပုံပေါ်သည်။
ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး ဌာနချုပ်မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးပင်လျှင် တောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်မျိုးနွယ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်။
ယခု သူ သွားရောက်လိုသော ပင်လယ်ပြင် နယ်မြေကို ထိုတောင်တန်းဖုံးလွှမ်း ရွှမ်ကွေ့ လိပ်မျိုးနွယ်အား အစွဲပြု၍ နာမည်ပေးထားမည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။
တောင်တန်းဖုံးလွှမ်း ပင်လယ်ပြင်နှင့် ပတ်သက်သော သတင်းအချက်အလက်မှာ အလွန် နည်းပါးလှပြီး၊ ကောင်းကင် အပျက်အစီး ခန်းမဆောင်၏ သတင်းများတွင်လည်း ၎င်း၏ နာမည်ကိုသာ မှတ်တမ်းတင်ထား၏။
သတင်းအချက်အလက် အများစုမှာ အနီးအနားရှိ ကုန်းမြေပေါ်မှ 'ပိုးစာပင် နယ်မြေ' ဟု အမည်ရသော အင်မော်တယ် နယ်မြေကိုသာ အဓိကထား ဖော်ပြထားသည်။ ကောင်းကင် အပျက်အစီး ခန်းမဆောင်၏ အဆိုအရ၊ ထိုအမည်သည် ပိုးစာပင် နယ်မြေ၏ ကမ်းရိုးတန်းအနီးရှိ 'ပိုးစာပင် အင်မော်တယ် မြို့တော်' တွင် ပေါက်ရောက်နေသော ပိုးစာပင် ဝိညာဉ်သစ်ပင်ကြီး တစ်ပင်နှင့် ဆက်စပ်နေသည်ဟု ဆိုသည်။ ထိုသစ်ပင်ကြီးသည် ထိုနေရာတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်စွာ ပေါက်ရောက် ရှင်သန်နေခဲ့သည်ဟု ကောလာဟလ ထွက်နေကြ၏။
သို့သော် ၎င်း၏ အစစ်အမှန် တည်ရှိမှုကို မည်သူမျှ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြချေ။
ပိုးစာပင် အင်မော်တယ် မြို့တော် အတွင်း၌ ကျင့်ကြံသူ အများစုမှာ ပင်လယ်ပြင် နယ်မြေများနှင့် ပတ်သက်ဆက်နွယ်နေသူများသာ ဖြစ်ကြသည်။
ကုန်းတွင်းပိုင်းမှ ကျင့်ကြံသူများသည် ကုန်သွယ်ရေး ယာဉ်တန်းများ ဖွဲ့စည်းကာ ကုန်းမြေမှ အရင်းအမြစ်များကို ပင်လယ်ပြင် နယ်မြေများသို့ သယ်ဆောင်၍ ကုန်သွယ်မှု ပြုလုပ်ကြသည့်နှယ်၊ ပင်လယ်ပြင် အင်အားစုများမှ ကျင့်ကြံသူများသည်လည်း ကုန်းတွင်းပိုင်းသို့ လာရောက်၍ သူတို့၏ စွမ်းရည်များကို လေ့ကျင့်ကြ၏။
သို့ဖြစ်၍ တာ့ယွဲ့ နယ်မြေနှင့် နှိုင်းယှဉ်ပါက၊ ပိုးစာပင် နယ်မြေ၏ ကျင့်ကြံခြင်း အသိုင်းအဝိုင်းသည် အဆပေါင်းများစွာ ပိုမို အားကောင်းလှပြီး၊ စွမ်းအားကြီးမားသော အင်အားစုများလည်း မနည်းမနော ရှိနေကြ၏။
သို့သော်ငြားလည်း ထိုစွမ်းအားကြီး အင်အားစု အများစုမှာ ကုန်သွယ်ရေး အသင်းအဖွဲ့များနှင့် ကုန်သွယ်ရေး ယာဉ်တန်းများ အသွင်ဖြင့်သာ တည်ရှိနေကြသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ပင်လယ်ပြင် နယ်မြေများဆီသို့ စွန့်စားသွားရောက်လိုပါက၊ ပင်လယ်ပြင် နယ်မြေများ၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာရန် ပိုးစာပင် နယ်မြေသို့ ဦးစွာ သွားရောက်ရန် လိုအပ်ပေလိမ့်မည်။
အချိန်အတော်ကြာပြီးနောက်၊
စုယွီသည် သတင်းအချက်အလက် သမုဒ္ဒရာကြီးထဲမှ ရုန်းထွက်လာပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်နေတော့သည်။
အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၏ နောက်ဆက်တွဲ အပိုင်းနှင့် ပတ်သက်၍ သူ၏ လက်ထဲတွင် သဲလွန်စ တစ်ခုမျှပင် မရှိချေ။ ထို့ကြောင့် ဤကျင့်စဉ်၏ တည်ရှိမှုကို ရှာဖွေလိုပါက သူ၏ ကံတရားနှင့် ဖူးစာကိုသာ အားကိုးရပေလိမ့်မည်။
"အဲ့ဒီလိုဆိုမှတော့ ငါလည်း ပိုးစာပင် နယ်မြေကို တစ်ခေါက်လောက် သွားကြည့်လိုက်တာ အကောင်းဆုံးပဲ။ လမ်းမှာ ဖြတ်သွားရမယ့် နေရာတိုင်းမှာလည်း သဲလွန်စတွေကို ရှာဖွေသွားလို့ ရတာပေါ့"
စုယွီက စိတ်ထဲမှ တိတ်တဆိတ် ကြွေးကြော်လိုက်၏။
တိုက်ဆိုင်စွာပင် သူ၏ အနာဂတ် ကျင့်ကြံခြင်း လမ်းကြောင်းအတွက်လည်း ကြိုတင် လမ်းခင်းနိုင်မည် ဖြစ်သည်။
သို့သော် ဤမျှ ဝေးကွာလှသော ဒေသများဆီသို့ ခရီးနှင်ရန်အတွက် လိုအပ်သော ပစ္စည်းအချို့ကို ကြိုတင် ပြင်ဆင်ထားရန် လိုအပ်သည်။ သေချာ စီစဉ်ပြီးမှသာ ရှေ့ဆက်သင့်၏။
အသေအချာ စဉ်းစားချင့်ချိန်ပြီးနောက် စုယွီ၏ တာအိုရုပ်သေးသည် ယွီမိသားစု၏ ဂူစံအိမ်မှ ထွက်ခွာလာပြီး လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အပျက်အစီးများဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
လအနည်းငယ် ကြာပြီးနောက် တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်တစ်ထောင်၊ လုံလောက်သော တတိယအဆင့် အဆောင်လက်ဖွဲ့များ နှင့် မှော်အဆောင်လက်ဖွဲ့ ရတနာ အချို့ကို ယူဆောင်၍ ထွက်ခွာသွားလေတော့၏။ သူသည် ပျံသန်းရေး ယာဉ်ပျံငယ်လေး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီး အရှေ့အရပ်ဆီသို့ ဦးတည်သွားရန် အမိန့်ပေးလိုက်သည်။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ချန်ရစ်ထားခဲ့ပြီး ကြွက်တစ်ထောင်ကိုသာ ခေါ်ဆောင်သွားခြင်း ဖြစ်၏။
အကြောင်းမူကား သူ၏ တာအိုရုပ်သေးသည် ဤခရီးစဉ်တွင် မည်သို့သော အခြေအနေများနှင့် ကြုံတွေ့ရမည်ကို သူ ကြိုတင် မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
သို့ဖြစ်၍ ကောင်းကင်မိုးကြိုး ကြွက်တစ်ထောင် ခေါ်ဆောင်သွားခြင်းက လုံလောက်မည် ဖြစ်ပြီး၊ ကြွက်ဘုရင်ကို လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အပျက်အစီးများထဲတွင် ချန်ထားရစ်ကာ မျိုးပွားစေပြီး ကြွက်အုပ်စုကို ချဲ့ထွင်စေခြင်းက ပိုမို ကောင်းမွန်ပေလိမ့်မည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ အပျက်အစီးများထဲတွင်၊
စုယွီသည် အရှေ့အရပ်ဆီသို့ မျှော်ကြည့်ကာ စကားတစ်ခွန်းမျှ မဟဘဲ တိတ်ဆိတ်စွာ နေ၏။
'အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားပါစေလို့ မျှော်လင့်ပါတယ်။'
ပိုးစာပင် နယ်မြေသို့ ဘေးကင်းစွာ ရောက်ရှိရေး ဖြစ်စေ၊ အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်၏ နောက်ဆက်တွဲကို အောင်မြင်စွာ ရှာဖွေတွေ့ရှိရေး ဖြစ်စေ၊ မည်သည့်အရာကိုမဆို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါက ၎င်းသည် အလွန် ကြီးမားသော အမြတ်အစွန်း တစ်ခု ဖြစ်ပေလိမ့်မည်။
သူ၏ တာအိုရုပ်သေးကို ပိုးစာပင် နယ်မြေသို့ စေလွှတ်လိုက်ခြင်းသည် သူ၏ ပထမဆုံးသော ခရီးရှည်ကြီး တစ်ခု ဖြစ်သည်။
သို့သော် ဤကိစ္စသည် သူ ယွင်ရှမ်း ဈေးကွက် မြို့တော်သို့ သွားရောက်ရန် အိမ်မှ ထွက်ခွာခဲ့စဉ်က၊ ထို့နောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြောင်းရွှေ့ခဲ့စဉ်က၊ နောက်ဆုံး တာ့ယွဲ့ မှောင်ခိုဈေးကွက်သို့ ရောက်ရှိလာခဲ့စဉ်က အခြေအနေများနှင့် ဘာမှ မကွာခြားလှပေ။ အပြောင်းအလဲ တိုင်းသည် အတူတူပင် ဖြစ်၏။
အရာအားလုံးသည် သူ၏ ကျင့်ကြံခြင်း အတွက်သာ ဖြစ်၏။
ပိုးစာပင် နယ်မြေ နှင့် တောင်တန်းဖုံးလွှမ်း ပင်လယ်ပြင်... ၎င်းတို့ထဲမှ တစ်ခုခုကို သူ၏ အနာဂတ် ကျင့်ကြံမည့် နေရာအဖြစ် ရွေးချယ်နိုင်သည်။
တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုချက်မ ဒေသသည်လည်း ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင်ချေ ရှိ၏။
နောက်ဆုံးတွင် ဤနေရာ အားလုံးဆီသို့ သူ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ နေရာတစ်ခုတည်းတွင် အမြဲတမ်း အခြေချနေထိုင်သွားမည် မဟုတ်ချေ။
နှစ်လ ကြာပြီးနောက်၊
တာအိုရုပ်သေးသည် တာ့ယွဲ့ နယ်မြေမှ ထွက်ခွာလာပြီး သွေးဖီးနစ် အင်မော်တယ် နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသည် ဖီးနစ် သက်ဆင်း နယ်မြေကို စိုးမိုးထားသော အင်အားစု၏ လက်အောက်ခံ အင်မော်တယ် မြို့တော်များထဲတွင် အင်အားအကြီးဆုံး ဖြစ်သည့် သွေးဖီးနစ် အင်မော်တယ် မြို့တော် ပင် ဖြစ်၏။
သွေးဖီးနစ် အင်မော်တယ် မြို့တော်တွင် တာအိုရုပ်သေးသည် တစ်လခန့် အနားယူ ရပ်နားခဲ့သည်။ မြို့တော်အတွင်း၌ ကောင်းကင် သိုင်းကျမ်း မျှော်စင် တစ်ခု ရှိနေလေရာ၊ ထိုနေရာသို့ သွားရောက်၍ အချိန်အတန်ကြာ ရှာဖွေခဲ့သော်လည်း အစိမ်းရောင် သစ်သားနှစ်ပတ်လည်ကွင်း ကျင့်စဉ်ကို မတွေ့ရှိခဲ့ရပေ။
ထို့နောက် တာအိုရုပ်သေးသည် ဖီးနစ် သက်ဆင်း နယ်မြေမှ ထွက်ခွာကာ အရှေ့အရပ်ဆီသို့ ဆက်လက် ခရီးနှင်သွားလေတော့သည်။
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေထဲတွင်၊
"ဝုန်း..."
ချင်းယွဲ့ တောင်ထွတ်ပေါ်တွင် ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါ တစ်ခု ရုတ်တရက် ရုန်းကြွလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုဒေသ တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များသည် လှိုင်းဂယက် ထသွားပြီး၊ မရေမတွက်နိုင်သော သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဆွဲငင်ခံရကာ ချင်းယွဲ့ တောင်ထွတ် တစ်ဝက်ခန့်ရှိ မှောင်မိုက်နေသော ဂူတစ်ခုဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြ၏။
"ဝှစ်..ဝီ..ဝီ"
စုယွီ၊ ယွီခယ်အာ၊ မာထျန်းလင်၊ စုချီ နှင့် အခြားသူများ၏ ပုံရိပ်များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ သူတို့ အသီးသီးသည် ဆူညံပွက်လောရိုက်နေသော အရပ်ဆီသို့ အံ့သြတကြီး အကြည့်ပို့လွှတ်လိုက်ကြသည်။
ယွီခယ်အာက အသံခပ်အုပ်အုပ်ဖြင့် ရေရွတ်လိုက်သည်။
"အဲ့ဒါ လက်ရှစ်ဖက် ဓားသွား နှံကောင်
ပဲ။ သူက တတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ ဖြစ်လာဖို့ အဆင့်ထိုးဖောက်နေတာ"
ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီး လျှို့ဝှက်နယ်မြေမှ ဆင်းသက်လာသော မိစ္ဆာသားရဲ တစ်ကောင် ဖြစ်သည့် လက်ရှစ်ဖက် ဓားသွား နှံကောင်
သည် ရှေးဟောင်း မှတ်တမ်းများတွင် နာမည်ကြီးသော အန္တရာယ်ရှိသည့် သားရဲ တစ်ကောင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤမိစ္ဆာသားရဲ မျိုးစိတ်သည် သတ်ဖြတ်ရန်အတွက် မွေးဖွားလာခြင်း ဖြစ်ပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ၎င်းသည် အလွန် အစွမ်းထက်သော သွေးမျိုးဆက် ကိုပါ ပိုင်ဆိုင်ထား၏။ ၎င်းအနေဖြင့် တတိယအဆင့် မိစ္ဆာသားရဲ ဖြစ်လာရန် အဆင့်ထိုးဖောက်ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
အခန်း (၄၁၀) -လက်ရှစ်ဖက် ဓားသွား နှံကောင်
~သို့ဖြစ်သော်ငြားလည်း ထို လက်ရှစ်ဖက် ဓားသွား နှံကောင်
မိစ္ဆာသားရဲကို စုယွီ ပိုင်ဆိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက တာ့ယွဲ့ မှောင်ခိုဈေးကွက်ရှိ အရက်ကြမ်းတာအိုဆရာမလေးထံမှ သူ ဝယ်ယူခဲ့ခြင်း ဖြစ်၏။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ဤသားရဲ၏ တည်ရှိမှုက အမြဲတမ်း သိုသိုသိပ်သိပ် ရှိလွန်းလှ၏။ သို့သော် မမျှော်လင့်ဘဲ မိုးတိမ်ကျားမကြီးနှင့် နောက်ဖေးခြံထဲရှိ ရေခဲကြေးခွံ ငါးဘုရင်တို့ ပြီးလျှင် တတိယအဆင့် သားရဲအဖြစ်သို့ အဆင့်ထိုးဖောက်နိုင်ခဲ့သည့် တတိယမြောက် သားရဲ ဖြစ်လာခဲ့ပေတော့သည်။
လက်ရှစ်ဖက် ဓားသွား နှံကောင်
၏ အဆင့်ထိုးဖောက်ခြင်း လုပ်ငန်းစဉ်သည် လဝက်ကျော်မျှ အချိန်ယူခဲ့ရပြီး၊ အောင်မြင်စွာ အဆင့်မထိုးဖောက်နိုင်မီ သားရဲဝိညာဉ် အသွင်ပြောင်းခြင်းအတွက် ခြောက်လနီးပါးမျှ အချိန်ယူခဲ့ရ၏။ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်း၏ ကျင့်ကြံခြင်း အခြေခံကို ပိုမို ခိုင်မာစေရန်အတွက် တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် စက်ပေါက် ရာပေါင်းများစွာကို စုယွီက ဆုချီးမြှင့်လိုက်၏။
တတိယအဆင့် အဆင့်နိမ့် သားရဲအဖြစ်သို့ ယခုလေးတင် တက်လှမ်းသွားခဲ့သော လက်ရှစ်ဖက် ဓားသွား နှံကောင်
ကို မာထျန်းလင်က စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုနေသော်လည်း၊ ၎င်း၏ ရက်စက်ကြမ်းကြုတ်လှသော ရုပ်သွင်ကို မြင်လိုက်ရသောအခါ စိတ်ဝင်စားမှု လျော့ကျသွားတော့သည်။ ချင်းယွဲ့ တောင်ထွတ်ပေါ်ရှိ ယဉ်ပါးသော သားရဲများ အားလုံးထဲတွင် မာထျန်းလင် အနှစ်သက်ဆုံးမှာ ဟူတာ နှင့် ဟူအာ ဟုခေါ်သော ခေါင်းမာသည့် ကျားနှစ်ကောင်သာ ဖြစ်သည်။ အကြောင်းကတော့ ထိုကျားနှစ်ကောင်သည် ရယ်ပျော်ရွှင်စရာ ကောင်းပြီး အမြဲတမ်း ရယ်ရအောင် လုပ်ပေးတတ်သောကြောင့်ပါ။
ထိုကျားနှစ်ကောင်အပြင် နောက်ဖေးခြံထဲရှိ ရေခဲကြေးခွံ ငါးအုပ်စုလည်း ရှိသေး၏။ မာထျန်းလင်၏ ဝိညာဉ်အမြစ်သည် ရေခဲကြေးခွံ ငါးများ၏ သွေးမျိုးဆက် စွမ်းအားနှင့် အလိုက်ဖက်ဆုံး ဖြစ်နေသည်ဟု သူမ အမြဲတမ်း ခံစားရပြီး ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ပေးစွမ်းသည်။ ရေခဲကြေးခွံ ငါးဘုရင်နှင့် ငါးအုပ်စုသည်လည်း သူမကို သဘောကျပုံရ၏။ ရေခဲကန်ဆီသို့ သူမ သွားရောက်လည်ပတ်တိုင်း ရေခဲကြေးခွံ ငါးအုပ်စုသည် ရေပြင်ထက်သို့ ထွက်လာကာ သူမနှင့်အတူ ဆော့ကစားလေ့ ရှိကြသည်။
စုယွီ၊ ယွီခယ်အာ၊ စုချီနှင့် အခြားသူများ၏ အဖော်ပြုမှုကြောင့် ချင်းယွဲ့ တောင်ထွတ်ပေါ်တွင် လူအများအပြား မရှိသော်ငြားလည်း၊ မာထျန်းလင်မှာမူ အထီးကျန်သည်ဟု လုံးဝ မခံစားရချေ။ စင်စစ်အားဖြင့် ဤနေရာရှိ ကျင့်ကြံခြင်း နေ့ရက်များသည် သူမဘဝ၏ အပျော်ရွှင်ဆုံး အချိန်ကာလများ ဖြစ်သည်ဟုပင် ခံစားနေရ၏။
သို့ဖြစ်သော်ငြားလည်း သူမ ပျော်ရွှင်နေချိန်တွင် စုချီမှာမူ အတော်လေး စိတ်ဓာတ် ကျနေခဲ့၏။
ထျန်းလင်လေးသည် ပါရမီ ထူးကဲလွန်းလှသည်။ ဂိုဏ်းထဲသို့ ရောက်ရှိလာပြီး နှစ်အနည်းငယ် အတွင်းမှာပင် စုချီ၏ ကျင့်ကြံခြင်း အဆင့်ကို မီသွားခဲ့တော့၏။ စုချီ အနေဖြင့် မည်မျှပင် ကြိုးစားအားထုတ်၍ ကျင့်ကြံစေကာမူ မာထျန်းလင်၏ နောက်တွင် အဝေးကြီး ကျန်ရစ်နေဆဲ ဖြစ်သည်။
နောက်ဆုံး၌ စုချီသည် အကောင်းဆုံး ဖြစ်ရမည်ဟူသော ရည်မှန်းချက်ကို လက်လွှတ်လိုက်ပြီး၊ မာထျန်းလင်က သူမကို ကျော်တက်သွားလည်း ကိစ္စမရှိပါဘူးဟုသာ လက်ခံလိုက်လေတော့၏။
အဘယ်ကြောင့်ဆိုသော် သူမ အောက်ဆုံးအဆင့်တွင် နေခဲ့ရသည်မှာ ပထမဆုံးအကြိမ်မှ မဟုတ်တော့ဘဲကိုး။
အချိန်များသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့သည်။
(၄) နှစ်ကြာပြီးနောက်၊
ချင်းယွဲ့ တောင်ထွတ် အောက်ခြေရှိ ဂူစံအိမ် အတွင်းဝယ်၊
စုယွီက အမြုတေကို ထည့်သွင်းကာ ပြစ်ဒဏ်ပေးသူ ရုပ်သေးပေါ်တွင် ရုပ်သေးပညာ နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ ရုပ်သေး၏ ခန္ဓာကိုယ်မှ အလွန် အစွမ်းထက်လှသော အရှိန်အဝါ တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။ နောက်တစ်ခဏ၌ အရပ် (၃) မီတာခန့် မြင့်မားပြီး တံခါးချပ်ကြီးနှင့် တူသော ဒိုင်းကာကို ကိုင်ဆောင်ထားသည့် ကြမ်းတမ်းလှသော ပြစ်ဒဏ်ပေးသူ ရုပ်သေးကြီးသည် မျက်လုံးများကို ဖွင့်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မည်းနက်နေပြီး ကြွက်သားများ အဖုအထစ် ထွက်နေကာ၊ ဝက်ဝံကြီးတစ်ကောင်လို တောင့်တင်းခိုင်မာပြီး ကျားတစ်ကောင်လို ကျောပြင် ကျယ်သည့် လူသန်ကြီးနှင့် တူလှသည်။
ရုပ်ဆင်းသွင်ပြင်အရ ကြွက်သားများ ကြီးမားထွားကြိုင်းနေခြင်းမှ လွဲ၍ ဤ ပြစ်ဒဏ်ပေးသူ ရုပ်သေးသည် လူသားမျိုးနွယ်များနှင့် ခွဲခြား၍မရနိုင်လောက်အောင် တူညီလှသည်။ ချပ်ဝတ် သင်းခွေချပ် မိစ္ဆာကြီး၏ အမြုတေဖြင့် ဖန်တီးထားသော ရုပ်သေးအမြုတေ ကြောင့် ပြစ်ဒဏ်ပေးသူ ရုပ်သေးထံမှ ရွှေအမြုတေ အဆင့် (၅) နှင့် တန်းတူညီမျှသော အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်နေ၏။ ကာကွယ်ရေး စွမ်းရည် ပိုင်းတွင်မူ ဤ ပြစ်ဒဏ်ပေးသူ ရုပ်သေးသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ ရွှေအမြုတေ အဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် သူတို့၏ တိုက်ခိုက်မှုများကို အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်စွမ်း ရှိ၏။
မိမိရှေ့ရှိ ဖန်တီးမှု ရလဒ်ကို ကြည့်ရင်း စုယွီ၏ မျက်နှာပေါ်တွင် ကျေနပ်အားရမှု အပြုံးတစ်ခု ပေါ်လာပြီး ကြွေးကြော်လိုက်သည်။
“တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေး... ပြီးပြီဟေ့”
ဤရုပ်သေးသာ ရှိလျှင် နောင်တစ်ချိန် သူ တာ့ယွဲ့ နယ်မြေမှ ထွက်ခွာသွားရမည် ဆိုလျှင်ပင်၊ စုမိသားစုနှင့် ယွီခယ်အာတို့သည် ဤ ပြစ်ဒဏ်ပေးသူ ရုပ်သေး၏ အကာအကွယ်ကို ရရှိထားမည်သာ။ ထို့အပြင် ယွင်ကျန်းဂိုဏ်းမှ လော့ချန်ယွီနှင့် အခြားသူများ၏ စောင့်ရှောက်မှုအောက်တွင် သူတို့၏ ဘေးကင်းလုံခြုံရေးသည် လုံးဝ အာမခံချက် ရှိသွားမည် ဖြစ်၏။
ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာ၊
ထာဝရ အမှောင်ထု လွှမ်းမိုးနေသော ရှေးဟောင်း မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်နယ်မြေ တစ်ခုအတွင်းတွင် မိန်းမလှလေး တစ်ဦးကဲ့သို့ ချောမောလှပပြီး သန့်စင်သော အသားအရေ ရှိသည့် လူငယ်တစ်ဦးသည် သွေးရောင် ကျောက်စိမ်းကုတင် တစ်လုံးပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသညါ။ လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားသော မိစ္ဆာလမ်းစဉ်၏ သွေးရောင် အရှိန်အဝါများသည် သူ၏ထံသို့ စီးဝင်စုဆုံလာပြီး ကိုယ်တွင်း၌ အသွင်ပြောင်းလဲနေကြ၏။
ဤနေရာသည် သူ၏ မှတ်ဉာဏ်ထဲရှိ ရှေးဟောင်း မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်နယ်မြေများထဲမှ တစ်ခုဖြစ်ပြီး မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းအတွက် အလွန် သင့်တော်လှသည်။ လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပျံ့နှံ့နေသော မိစ္ဆာလမ်းစဉ် အရှိန်အဝါသည် သွေးများကို အားကိုး၍ ကျင့်ကြံရသော အခြား မိစ္ဆာကျင့်စဉ်များမှ ရရှိသည့် အရှိန်အဝါထက် အဆပေါင်းများစွာ ပိုမို သာလွန်ကောင်းမွန်လှ၏။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာလမ်းစဉ် ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ရာ ကျင့်ကြံခြင်း နည်းလမ်းများချည်းသာ မဟုတ်သောကြောင့် ဖြစ်၏။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဤနေရာတွင် မိစ္ဆာဘုရင် အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများ မရှိခြင်းပင်။ သူ တွက်ချက်မှု မှားယွင်းသွားခဲ့တော့၏။
အချိန်အတော် ကြာပြီးနောက်၊
သွေးရောင် ကျောက်စိမ်းကုတင်ပေါ်ရှိ ထိုလူငယ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကိုယ်တွင်းရှိ စွမ်းအင်များကို ခံစားလိုက်သည်။ သူသည် လွန်ခဲ့သော တစ်နှစ်ကတည်းက ရွှေအမြုတေ အဆင့် (၉) ဟူသော ကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ သို့သော် သူ မျှော်လင့်ချက် မဖြတ်သေးဘဲ တိုးတက်မှုများ ရနိုင်မလားဟု ဆက်လက် ကျင့်ကြံကြည့်လိုသေးသည်။ ထိုသို့မဟုတ်လျှင်လည်း မူလဝိညာဉ် အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်မည့် အလားအလာ ရှိမရှိ စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။
သို့ဖြစ်သော်ငြားလည်း မူလဝိညာဉ် အဆင့်သို့ တက်လှမ်းရန် သူ စဉ်းစားလိုက်တိုင်း သေဆုံးခြင်းကို ညွှန်ပြနေသော တုန်လှုပ်ခြောက်ခြားဖွယ် ခံစားချက်ကြီး တစ်ခုသည် သူ၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားလေ့ ရှိသည်။ မူလဝိညာဉ် အဆင့်၏ အတားအဆီးကို ရင်ဆိုင်ရတိုင်း သူ နောက်ဆုတ်သွားလေ့ရှိပြီး မဆင်မခြင် လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေခဲ့၏။
“ဟွန့်...”
တာအိုဆရာ ရွှမ်မင်သည် သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ တွေးလိုက်သည်။
'မရသေးဘူးပဲ... ငါ့ရဲ့ လက်ရှိ အခြေအနေအရ မူလဝိညာဉ် အဆင့်ကို အတင်း ချိုးဖျက်ဝင်ရောက်ဖို့ ဆိုတာ (၂၀) ရာခိုင်နှုန်းတောင် သေချာမှု မရှိဘူး... အရမ်းကို နည်းလွန်းတယ်'
အချိန်အတော်ကြာ အသေအချာ စဉ်းစားပြီးနောက် ၊ ရွှမ်မင်က ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ရှိရာ အရပ်ဆီသို့ ဖြည်းညှင်းစွာ မော့ကြည့်လိုက်၏။ သူ၏ မှတ်ဉာဏ်များသာ မမှားယွင်းခဲ့ပါက ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ဌာနချုပ်တွင် အလွန် အစွမ်းထက်လှသော မိစ္ဆာလမ်းစဉ် ဝိညာဉ်ဂူ တစ်ခု ရှိနေရမည် ဖြစ်၏။ အကယ်၍ ထိုနေရာတွင် သူ တစ်ကြိမ်မျှ သွားရောက် ကျင့်ကြံခွင့် ရခဲ့မည် ဆိုလျှင် ရွှေအမြုတေ အဆင့် မိစ္ဆာကျင့်ကြံသူ တစ်ယောက်အတွက် အလွန် ကြီးမားလှသော အခွင့်အရေးကြီး တစ်ရပ် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း...
များစွာ စဉ်းစားချင့်ချိန်ပြီးနောက် သူ..ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်သည်။ မကြာမီမှာပင် တာအိုဆရာ ရွှမ်မင်သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာခဲ့တော့၏။
ရက်အနည်းငယ် အကြာတွင် တာအိုဆရာ ရွှမ်မင်သည် ယွင်ကျန်းဂိုဏ်းဆီသို့ သတင်းစကား တစ်ခု ပါးလိုက်သည်။ သူ ပြောကြားခဲ့သည်မှာ ရွှေပုစဉ်းရင်ကွဲ နည်းစနစ် သည် ဗုဒ္ဓဘာသာ ဝိညာဉ်ရေးရာ နည်းစနစ်တစ်ခု ဖြစ်ပြီး မိစ္ဆာလမ်းစဉ်နှင့် လုံးဝ ဆန့်ကျင်ဖီလာ ဖြစ်နေကြောင်း၊ ကျင့်ကြံစဉ် အတွင်း မိမိ၏ တာအိုလမ်းစဉ် အခြေခံကို ပျက်စီးသွားစေနိုင်ကြောင်းပင်။ ဤသတင်းစကားသည် ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို ပိုင်ဆိုင်ထားသော စုယွီထံသို့ ရောက်ရှိသွားမည်ဟု တာအိုဆရာ ရွှမ်မင် မျှော်လင့်နေခဲ့သည်။
'ဒီသတင်းကို သိသွားပြီးရင်... သူကများ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို စွန့်လွှတ်ပြီး ကိုးဝိညာဉ် မိစ္ဆာ နန်းတော်ဆီ လွှဲပြောင်းပေးလိုက်မလား မသိဘူး'
တွေးတောကာ တာအိုဆရာ ရွှမ်မင်သည် ဤသတင်းကို ဖြန့်ချိလိုက်ခြင်း ဖြစ်၏။
ဤထောင်ချောက်ကို ဆင်ထားခြင်းက သူ့အတွက် မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိစေချေ။ အကယ်၍ စုယွီက ယုံကြည်သွားပြီး ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို ကိုးဝိညာဉ် မိစ္ဆာ နန်းတော်သို့ လွှဲပြောင်းပေးလိုက်မည် ဆိုပါက ဖြစ်နိုင်ချေများ ရှိလာနိုင်သည်။
မကြာမီမှာပင် တာအိုဆရာ ရွှမ်မင်သည် ဤကိစ္စကို မေ့ပစ်လိုက်ပြီး သူ၏ လက်အောက်ငယ်သား အချို့နှင့်အတူ လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားလေတော့သည်။ လက်ရှိအချိန်တွင် သူ့အတွက် အရေးကြီးဆုံး ကိစ္စမှာ မူလဝိညာဉ်အဆင့် မိစ္ဆာဘုရင် အဖြစ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရှာဖွေရန်သာ ဖြစ်၏။ ကျန်သည့် အရာအားလုံးသည် သူ့အတွက် အရေးမကြီးတော့ချေ။
မိမိသာ မူလဝိညာဉ်အဆင့် မိစ္ဆာဘုရင် တစ်ပါး ဖြစ်လာခဲ့မည် ဆိုလျှင်၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ အုတ်မြစ်ကို သိမ်းပိုက်ကာ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း တစ်ခုလုံးကို စည်းလုံးသိမ်းသွင်းနိုင်မည်ဟု စုယွီ ယုံကြည်မှု အပြည့်ရှိနေ၏။ ထိုအချိန်သို့ ရောက်လာပါက သူ့ပတ်လည်ရှိ တာ့ယွဲ့၊ ခရမ်းရောင်အလင်းတန်း နှင့် ဖီးနစ် အစရှိသော နယ်မြေကြီးများသည် သူ၏ မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်း အတွက် အရင်းအမြစ်များသာ ဖြစ်လာပေလိမ့်မည်။
မူလက တာအိုဆရာ ရွှမ်မင်သည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ဆီသို့ သွားရောက်ရန် စီစဉ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သည် ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ပညာရပ်များတွင် အလွန် ကျွမ်းကျင်လှရာ၊ သူ့အတွက် အခွင့်အရေးအချို့ ရနိုင်ကောင်းသည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
သို့သော် အံ့အားသင့်စရာ ကောင်းသည်မှာ သူ ခရမ်းရောင်အလင်းတန်း နယ်မြေသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ဖီးနစ် သက်ဆင်း နယ်မြေဘက်မှ ထွက်ပေါ်လာသော သတင်းတစ်ခုကြောင့် အကြီးအကျယ် မှင်သက်သွားခဲ့ရသည်။
တောအုပ်နက်နက် တစ်ခုအတွင်း၌၊
တာအိုဆရာ ရွှမ်မင်သည် သူ၏ လက်အောက်ငယ်သားကို အံ့သြတကြီး စိုက်ကြည့်ရင်း မေးလိုက်၏။
“ခုနက မင်း ဘာပြောလိုက်တယ်... ဖီးနစ် သက်ဆင်း နယ်မြေမှာ ရှေးဟောင်း အပျက်အစီး တစ်ခု ပေါ်လာပြီး... ကောင်းကင်ဖီးနစ် ငှက်ကြီးရဲ့ ကောင်းကင်နဲ့မြေကြီးကို တုန်လှုပ်စေတဲ့ ဖြစ်စဉ်ကြီးပါ တွဲပါလာတယ် ဟုတ်လား”
ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီးပေတကား။
အပျက်အစီး နယ်မြေတစ်ခု ပေါ်လာခြင်းနှင့်အတူ ဤမျှ ကြီးမားသော ဖြစ်စဉ်ကြီးပါ တွဲပါလာသည် ဆိုလျှင် ထို အပျက်အစီး နယ်မြေသည် လုံးဝ အထင်သေး၍မရနိုင်သော နေရာတစ်ခု ဖြစ်ကြောင်း ပြသနေလေတော့သည်။
အခန်း (၄၁၁) - ရှေးဟောင်း အပျက်အစီး နယ်မြေ ပေါ်ထွက်လာသလား
~မှိုင်းညို့နေသော တောအုပ်ကြီးအတွင်း မြူထုသည် ထူထပ်စွာ ရစ်သိုင်းနေ၏။ သို့ရာတွင် အဝေးမှ အကြည့်ပို့လွှတ်လျှင်မူ တောအုပ်ကို ဖုံးလွှမ်းထားသော မြူခိုးများအတွင်း မည်သည့် ထူးခြားချက်ကိုမျှ မမြင်တွေ့နိုင်ချေ။
ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော တာအိုဆရာ ရွှမ်မင်သည် အောက်ဘက်၌ ဒူးထောက်နေကြသော သူ၏ လက်အောက်ငယ်သားများကို ကြည့်နေ၏။ သူ၏ မျက်နှာပေါ်တွင် မသေချာ မရေရာမှုများ ပြည့်နှက်နေ၏။
ကောင်းကင်ဖီးနစ် ဖြစ်စဉ်..
ရှေးဟောင်း အပျက်အစီး နယ်မြေ ပေါ်ထွက်လာခြင်း..
ရွှမ်မင်သည် ဤကိစ္စကို စဉ်းစားခန်းဝင်ရင်း သူ၏ အတိတ်မှတ်ဉာဏ်များကို ပြန်လည် တူးဖော်ကြည့်လိုက်ရာ မျက်မှောင်များ ကြုတ်သွားတော့သည်။
'ငါ့မှတ်ဉာဏ်သာ မမှားဘူးဆိုရင် ဖီးနစ် သက်ဆင်း နယ်မြေက ကောင်းကင်ဖီးနစ် နန်းတော်ရဲ့ ပိုင်နက် ဖြစ်သင့်တာ'
ရှေးဟောင်းခေတ် ကောင်းကင်ဖီးနစ် နန်းတော်သည် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ ခိုအောင်းနေသည့် ဩဇာတိက္ကမ ကြီးမားသော အင်မော်တယ် ဂိုဏ်းကြီး တစ်ခု ဖြစ်၏။
ကောလာဟလများအရ ကောင်းကင်ဖီးနစ် နန်းတော်တွင် ကောင်းကင်ဖီးနစ်ငှက်၏ သွေးမျိုးဆက် ပါဝင်သော ကြောက်မက်ဖွယ် ရှေးဟောင်း သားရဲကြီး တစ်ကောင် ရှိပြီး၊ ထိုသားရဲကြီးသည် နန်းတော်၏ အထွတ်အမြတ် နေရာကို စောင့်ကြပ်ပေးနေသည်ဟု ဆိုကြ၏။
ကောင်းကင်ဖီးနစ် နန်းတော်၏ ရှေ့မှောက်တွင် မူလဝိညာဉ် အဆင့် မိစ္ဆာဘုရင် တစ်ပါးဆိုလျှင်ပင် အနည်းငယ် သန်မာသော ပုရွက်ဆိတ် တစ်ကောင်သာသာမျှသာ ဖြစ်သည်။
သူ သိထားသလောက်ဆိုလျှင် ရှေးဟောင်း ကောင်းကင်ဖီးနစ် နန်းတော်တွင် မည်သည့် လျှို့ဝှက်ချက်မှ ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။ မဟုတ်ပါလော။
မည်သည့်အရာကများ ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကို အစပျိုးစေခဲ့သနည်း။
တာအိုဆရာ ရွှမ်မင်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။ နက်ရှိုင်းသော မျက်ဝန်းများဖြင့် ဖီးနစ် သက်ဆင်း နယ်မြေ ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ်ရင်း စိတ်ထဲမှ တွေးလိုက်၏။
'ကြည့်ရတာ ဖီးနစ် သက်ဆင်း နယ်မြေမှာ ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးတဲ့ပုံပဲ'
'ဒီ ရှေးဟောင်း အပျက်အစီး နယ်မြေဆီ ငါ သွားကို သွားရမယ်'
တစ်ချိန်က သူ ကြားဖူးခဲ့သော ရှေးဟောင်း ကောင်းကင်ဖီးနစ် နန်းတော်၏ ရတနာများ အကြောင်းကို တွေးမိလိုက်သောအခါ သူ၏ အသက်ရှူနှုန်းသည် အလိုအလျောက် မြန်ဆန်လာတော့သည်။
အခြားအရာများကို ဘေးဖယ်ထားလိုက်ပါဦး။
ကောင်းကင်ဖီးနစ် နန်းတော်တွင် "နိဗ္ဗာန် ဆေးလုံး" ဟု အမည်ရသော ရတနာ ဆေးလုံး တစ်လုံး ရှိသည်ဟု သူ ကြားဖူးခဲ့၏။ ဤဆေးလုံးကို စားသုံးလိုက်ပါက နိဗ္ဗာန်၌ တစ်ဖန် ပြန်လည်မွေးဖွားခြင်း စွမ်းရည်ကို ရရှိနိုင်သည်။
သေလုမြောပါး ဒဏ်ရာ ရနေလျှင်ပင် နိဗ္ဗာန် ဆေးလုံး၏ စွမ်းအားအောက်တွင် လျင်မြန်စွာ ပြန်လည် ထူထောင်လာနိုင်သည်။
အခြေခံအားဖြင့် ၎င်းသည် ဒုတိယ အသက်တစ်ချောင်းပင် ဖြစ်၏။
အကယ်၍ သူသာ နိဗ္ဗာန် ဆေးလုံး တစ်လုံးကို ရရှိခဲ့ပါက၊ မူလဝိညာဉ် အဆင့် မိစ္ဆာဘုရင် အဖြစ်သို့ အတင်းအကြပ် ထိုးဖောက် ဝင်ရောက်ရန်ပင် ဝံ့ရဲသွားပေလိမ့်မည်။
တစ်ကြိမ် မအောင်မြင်လျှင်တောင် နောက်ထပ် အခွင့်အရေး တစ်ကြိမ် ရရှိဦးမည် မဟုတ်ပါလော။
ဒါပေါ့လေ။
ဖီးနစ် သက်ဆင်း နယ်မြေတွင် ပေါ်ထွက်လာသော ရှေးဟောင်း အပျက်အစီး၌ နိဗ္ဗာန် ဆေးလုံး ကဲ့သို့သော ရတနာမျိုး ပါဝင်နေမည်ဟု အတိအကျ မဆိုနိုင်ပေ။ သို့သော် ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကို အစပျိုးစေနိုင်သည့် ရတနာ တစ်ပါးသည်ကား သာမန်ရိုးကျ လုံးဝ မဖြစ်နိုင်ချေ။
သူသာ ၎င်းကို ရရှိခဲ့မည် ဆိုပါက မူလဝိညာဉ် အဆင့် မိစ္ဆာဘုရင် အဖြစ်သို့ တက်လှမ်းရန် အခွင့်အရေး ဖြစ်လာနိုင်သည်။
တာအိုဆရာ ရွှမ်မင်သည် သူ၏ လက်အောက်ငယ်သားများကို ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။
"ဒီသတင်းက သေချာရဲ့လား။ အဲ့ဒီ ရှေးဟောင်း အပျက်အစီး နယ်မြေက အတိအကျ ဘယ်နေရာမှာလဲ"
လက်အောက်ငယ်သားက ရိုသေကျိုးနွံစွာဖြင့် ဖြေကြားလာသည်။
"သတင်းက သေချာသလောက် ရှိပါတယ် ခင်ဗျာ။ ကြားသိရသလောက်တော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့က လူစုနေပြီး ဖီးနစ် သက်ဆင်း နယ်မြေဆီ သွားရောက် စုံစမ်းဖို့ ပြင်ဆင်နေတယ်တဲ့"
"ကောင်းကင်ဖီးနစ် ဖြစ်စဉ် တကယ်ပဲ ပေါ်လာတာ ဆိုရင်တော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ ဖီးနစ် သက်ဆင်း နယ်မြေက အခွင့်အရေးတွေကို လက်ဝါးကြီးအုပ်သွားတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
"တည်နေရာ ကတော့ ဖီးနစ် အင်မော်တယ် တောင်ကြား လို့ ခေါ်တဲ့ နေရာမှာလို့ ဆိုကြပါတယ် ခင်ဗျာ"
"သွားကြစို့"
"ဖီးနစ် သက်ဆင်း နယ်မြေဆီ သွားမယ်"
ထိုစကားကို ကြားသည်နှင့် ရွှမ်မင်သည် အချိန်မဖြုန်းတော့ဘဲ လက်ဝှေ့ယမ်းကာ ပျံသန်းရေး သင်္ဘော တစ်စင်းကို ဆင့်ခေါ်လိုက်၏။ ထို့နောက် လက်အောက်ငယ်သား ငါးယောက်ကို ခေါ်ဆောင်ကာ သင်္ဘောပေါ်သို့ တက်ရောက်လိုက်၏။ မိစ္ဆာလမ်းစဉ် မကျင့်ကြံရသေးသော လက်အောက်ငယ်သား တစ်ဦးကို သင်္ဘောမောင်းနှင်စေပြီး ဖီးနစ် သက်ဆင်း နယ်မြေ ရှိရာသို့ တိုက်ရိုက် ဦးတည် ထွက်ခွာသွားလေတော့သည်။
တာ့ယွဲ့ မှောင်ခိုဈေးကွက်။
ယွီမိသားစု၏ ဂူစံအိမ် အပြင်ဘက်။
အလင်းတန်း တစ်ချက် လက်လာပြီးနောက် စုယွီသည် ဂူစံအိမ် အပြင်ဘက်တွင် ထွက်ပေါ်လာ၏။ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုယွီ တို့ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် အံ့အားသင့်သွားတော့သည်။
"တာအိုဆရာမ ချင်းချွမ် နဲ့ တာအိုဆရာ ရှုယွီ တို့လည်း ရောက်နေကြတာလား"
အရင်တုန်းကဆိုလျှင် ကုန်သွယ်မှု ကိစ္စများအတွက် တာအိုဆရာ ရှုဟိုင် တစ်ယောက်တည်းသာ လာရောက်လေ့ ရှိသည် မဟုတ်ပါလော။
သို့သော် ယခုတစ်ကြိမ်တွင် သူတို့ သုံးယောက်စလုံး ရောက်ရှိနေခြင်းက စုယွီကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။
"ဝင်ကြပါဦး ခင်ဗျာ"
စုယွီက လက်ကမ်းပြကာ တာအိုဆရာ သုံးဦးကို ဂူစံအိမ် အတွင်းသို့ ဖိတ်ခေါ်လိုက်၏။
တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုယွီ တို့သည်လည်း စုယွီနှင့် အားနာနေမည် မဟုတ်ပေ။ ယွီမိသားစု၏ ဂူစံအိမ်သို့ သူတို့ အကြိမ်ကြိမ် လာရောက်ဖူးခဲ့ပြီး ဖြစ်ရာ ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ပင် ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်ပါ၏။
စုယွီ၏ ဘေးတွင် လမ်းလျှောက်လာရင်း တာအိုဆရာ ရှုဟိုင်က ပြုံး၍ ပြောလိုက်သည်။
"ဒီတစ်ခေါက် တာအိုဆရာ စု နဲ့ ကုန်သွယ်ဖို့ လာတာအပြင်၊ အဓိကကတော့ ဖီးနစ် သက်ဆင်း နယ်မြေက ရှေးဟောင်း အပျက်အစီးဆီ အတူတူ သွားဖို့ ဖိတ်ခေါ်ချင်လို့ပါ"
စုယွီ၏ ခြေလှမ်းများ တန့်သွားပြီး တာအိုဆရာ ရှုဟိုင်ကို အံ့အားသင့်စွာ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာ ရှေးဟောင်း အပျက်အစီးလဲ။ ပြီးတော့ ဖီးနစ် သက်ဆင်း နယ်မြေက ရှေးဟောင်း အပျက်အစီး ဆိုတော့ကာ... ခင်ဗျားတို့ မတော်တဆမှုတွေ ဖြစ်လာမှာကို မစိုးရိမ်ကြဘူးလား"
ထိုအခါ တာအိုဆရာမ ချင်းချွမ်က တောင်ပေါ်တောအုပ်ထဲမှ ညှို့ရစ်ငှက်ငယ်လေး၏ သီချင်းသံပမာ ကြည်လင်ပြတ်သားသော အသံဖြင့် ဝင်ရောက်ဖြေကြားလိုက်၏။
"မကြာသေးခင်က ဖီးနစ် သက်ဆင်း နယ်မြေမှာ ရှေးဟောင်း အပျက်အစီး တစ်ခု ပေါ်လာတယ်။ ပေါ်ထွက်လာတဲ့ အခိုက်အတန့်မှာပဲ ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီး ကောင်းကင်ယံကို ထိုးတက်သွားခဲ့တယ်။ မိုင်ရာချီ အတွင်းမှာ ရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အင်မတန် ပြင်းတဲ့ အင်မော်တယ် အရှိန်အဝါကို ခံစားလိုက်ရတယ်၊ ကောင်းကင်ဖီးနစ် ဖြစ်စဉ်ကြီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတယ်လေ"
"ရှေးဟောင်း အပျက်အစီးတွေမှာ ဒီလို ဖြစ်စဉ်မျိုး ပေါ်ထွက်လာတာက တာ့ယွဲ့ နန်းတော်ရဲ့ မှတ်တမ်းတွေမှာတောင် တစ်ခါမှ မရှိဖူးဘူး"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ... အခု ပေါ်လာတဲ့ ရှေးဟောင်း အပျက်အစီးက ကျွန်မတို့ တာ့ယွဲ့ နယ်မြေ နယ်စပ်နား၊ ဖီးနစ် အင်မော်တယ် တောင်ကြား အင်အားစုတွေ ရှိတဲ့ နေရာမှာ တည်ရှိနေတာ"
"အရင်တုန်းက ဖီးနစ် အင်မော်တယ် တောင်ကြားက ကျွန်မတို့ တာ့ယွဲ့ နန်းတော်ရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီး တာ့ယွဲ့ နယ်မြေ နယ်စပ်ကို ဖြတ်ကျော်ကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို အတင်းအကြပ် ဝင်တိုက်ခဲ့ကြတယ်လေ။ တာ့ယွဲ့ နန်းတော် အနေနဲ့ သူတို့နဲ့ စာရင်းမရှင်းရသေးဘူး"
"ဒီတစ်ခေါက်တော့ ကျွန်မတို့ တာ့ယွဲ့ နန်းတော်က တခြား အင်အားစု အများအပြားနဲ့ ပူးပေါင်းပြီး ဖီးနစ် သက်ဆင်း နယ်မြေထဲကို ဝင်ရောက်ကာ ဖီးနစ် အင်မော်တယ် တောင်ကြား အင်အားစုတွေဆီ သွားလည်ကြမလို့"
"သွေးဖီးနစ် အင်မော်တယ် ဂိတ်တံခါးရဲ့ ကျောထောက်နောက်ခံ ရှိတာနဲ့ပဲ တာ့ယွဲ့ နန်းတော်ကို ရန်စလို့ ရပြီ ထင်နေရင်တော့... သူတို့ ဘယ်အဆင့်မှာ ရှိသလဲ ဆိုတာ ဆန်းစစ်ဖို့ ဒီတစ်ခါ ကျွန်မတို့ အခွင့်အရေး ပေးလိုက်မယ်"
တာအိုဆရာမ ချင်းချွမ်၏ စကားများသည် တည်ငြိမ်သဘာဝကျစွာ ထွက်ပေါ်လာသော်ငြားလည်း လွှမ်းမိုးနိုင်စွမ်းရှိသော အာဏာစက်များ ပြည့်နှက်နေသည်။
ဤသည်ကား တာအိုဆရာမ ချင်းချွမ် ယခင်က တစ်ခါမျှ မပြသဖူးသော အရည်အသွေး တစ်ရပ် ဖြစ်၏။
တာအိုဆရာမ ချင်းချွမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသဖြင့် စုယွီ၏ မျက်လုံးများ အလိုအလျောက် ပြောင်းလဲသွားကာ စိတ်ထဲမှ အံ့အားသင့်သွားတော့သည်။
'ခုနက အရှိန်အဝါက...'
'အခြေခံတည်ဆောက်ခြင်း အဆင့်က မဟုတ်လောက်ဘူးနော်'
သူသည် တာအိုဆရာမ ချင်းချွမ်ကို တစ်ချက် အကြည့်ပို့လွှတ်လိုက်၏။
သူမ၏ ဖြူစင်ကြည်လင်ပြီး ချစ်စရာကောင်းသော မျက်နှာလေးက သူ့ကို ခပ်ဖွဖွ ပြုံးပြနေကာ၊ မျက်ဝန်းများကမူ နက်ရှိုင်းသော အဓိပ္ပာယ်များ ဖုံးကွယ်ထားဟန်ဖြင့် စုယွီကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေလေသည်။
စုယွီ : …