အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အခန်း (၇၅၁) - စစ်မြေပြင်နယ်မြေ၏ အရှင်သခင် (၄)
~ချီခယ်ချင်းမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။
သေချာသည်မှာ သူမသည် တိုက်ခိုက်နေရင်း တစ်ချိန်တည်းမှာပင် သူမ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ အသံလာရာ အရပ်ကို လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သို့ပင် ရှာဖွေစေကာမူ လုံးဝ ရှာမတွေ့ခဲ့ချေ။
သို့သော် ချီခယ်ချင်း က အခြားတစ်ဖက်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို သတိပြုမိသွား၏။ ဓားဘိုးဘေးကြီး ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ဖူယောင် နယ်မြေ မှ လူများကဲ့သို့ တုံ့ဆိုင်းနေခြင်း မရှိဘဲ မည်သူကမျှ တိုက်ခိုက်မှုများကို ရပ်တန့်မသွားခဲ့ကြပေ။
မရပ်တန့်သွားသည့်အပြင် သူတို့၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ပြင်းထန်လာခဲ့သေးသည်။ လူတိုင်းက တိတ်ဆိတ်စွာ အံကို ကြိတ်ခဲထားကြ၏။ တစ်ဖက် ရန်သူ့ နယ်မြေအရှင်သခင် ရောက်မလာခင်မှာပင် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အပြတ်အသတ် မျိုးတုံး သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားကြလေ၏။
သူတို့၏ အာရုံစူးစိုက်မှု အပြည့် ရှိနေသော မျက်နှာများကို ကြည့်ရင်း၊ မိမိ၏ အဖွဲ့ကို ပြန်လည် ငဲ့ကြည့်လိုက်မိသောအခါ ချီခယ်ချင်း ၏ ရင်တွင်း၌ ရှက်ရွံ့သွားရတော့သည်။
သူမ၏ ခေါင်းဆောင်မှု စွမ်းရည်မှာ နင်ချီ နှင့် လုံးဝ မယှဉ်နိုင်ပါလား။
နင်ချီ ၏ အမိန့်ပေး ကွပ်ကဲမှု မပါဘဲနှင့်ပင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် အဓိက အရေးကြီးဆုံး အချက်ကို ဆုပ်ကိုင်ထားနိုင်ကြပြီး၊ ပြင်ပ အနှောင့်အယှက်များ၏ လွှမ်းမိုးမှုကို လုံးဝ မခံကြချေ။
ရှက်ရွံ့သွားသော ချီခယ်ချင်း က ဖူယောင် နယ်မြေ မှ လူတိုင်းထံသို့ ချက်ချင်း အသံလွှင့်ကာ အော်ဟစ်လိုက်၏။
"ရှာမနေကြနဲ့တော့။ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က လူတွေကို အရင် သတ်ပစ်ကြ။ မဟုတ်ရင် သူတို့ရဲ့ နယ်မြေအရှင်သခင် ဆိုတဲ့ သူ.. ရောက်လာတာနဲ့... ငါတို့ရဲ့ အခြေအနေက ပိုဆိုးသွားလိမ့်မယ်"
ထိုအခါမှသာ စိတ်လွင့်နေသူများ သတိပြန်ဝင်လာကြပြီး၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ကဲ့သို့ပင် ကျန်ရစ်နေသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို အသည်းအသန် ဆက်လက် တိုက်ခိုက်ကြတော့သည်။
"မင်းတို့ ဘယ်လောက်တောင် ရဲတင်းနေကြတာလဲ။ မင်းတို့ အားလုံးကို အပိုင်းပိုင်း အစစ ဆွဲဖြဲပစ်မယ်"
ကြီးကျယ် ခမ်းနားလှသော အသံကြီးက သူတို့၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ မည်သူကမျှ ထိုအသံကို အရေးမစိုက်တော့ချေ။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ၏ မျက်နှာများမှာ ပိုမို စိတ်အား ထက်သန်လာကြပြီး၊ သူတို့ ဖွဲ့စည်းထားသော မီးလျှံငှက် နတ်ဘုရား ပုံရိပ်ကြီးမှာလည်း နီရဲသော နံနက်ခင်း အလင်းရောင်အောက်တွင် ပိုမို အံ့မခန်း ဖြစ်လာတော့သည်။
သို့သော် ကျင့်ကြံသူ စစ်တပ် နှစ်ခု ပေါင်းစည်းထားသော အင်အားကို သူတို့ မည်သို့မျှ မယှဉ်နိုင်ချေ။ တိုက်ခိုက်မှုများကလည်း အလွန်တရာ စနစ်ကျလွန်းလှ၏။ မီးလျှံငှက် ၏ နတ်ဘုရား ပုံရိပ်ကြီးမှာ အဆက်မပြတ် ခုတ်ပိုင်းခံရပြီး အပိုင်းပိုင်း အစစ ပြတ်တောက်သွားကာ၊ ၎င်း၏ အတွင်းပိုင်းရှိ... ကျင့်ကြံသူ များမှာ မီးတောက်များထဲတွင် အသက်ပျောက်သွားကြတော့၏။
...
ကောင်းကင်ယံ အထက်တွင် နီရဲသော နံနက်ခင်း အလင်းရောင်များက ပိုမို တောက်ပလာပြီး ဤနေရာ တစ်ဝိုက်ကို လွှမ်းခြုံထားရုံသာမက ခပ်လှမ်းလှမ်းအထိပင် ပျံ့နှံ့သွားလေသည်။
ဟင်းလင်းပြင်ထဲတွင် လေပြင်း တစ်ချက် ရုတ်တရက် တိုက်ခတ်လာ၏။ လူတိုင်းက ပူလောင် အိုက်စပ်သော အပူလှိုင်း တစ်ခု ရိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရကာ၊ သူတို့၏ ခန္ဓာကိုယ်များရော စိတ်ဝိညာဉ်များပါ နွမ်းနယ်သွားသလို ဖြစ်သွားကြသည်။
သူတို့ ဖြန့်ကျက်ထားသော ဝိညာဉ်အာရုံ ထဲတွင် အရှေ့မြောက် အရပ်မှနေ၍ အလင်းတန်း တစ်ခု ပစ်ထွက်လာသည်ကို အာရုံခံမိလိုက်ကြ၏။
၎င်း၏ အမြန်နှုန်းမှာ လျှပ်စီးထက်ပင် မြန်ဆန်လှ၏။ ယခုလေးတင် လီတစ်ရာ အကွာအဝေးတွင် ရှိနေခဲ့ရာမှ မျက်တောင်တစ်ခတ် အတွင်း အနီးသို့ ရောက်ရှိလာလေပြီ။
အနီးသို့ ရောက်ရှိလာသောအခါ ထိုအလင်းတန်းထဲတွင် ပုံရိပ်တစ်ခု ပါဝင်နေကြောင်း တွေ့လိုက်ရသည်။ အဆုံးအစမဲ့သော မီးတောက်များထဲတွင် လွှမ်းခြုံထားသကဲ့သို့ အနည်းငယ် ဝေဝါးနေသော ပုံရိပ်ယောင် တစ်ခု။ လီထောင်ပေါင်းများစွာ အကွာအဝေးမှနေ၍ တဟုန်ထိုး ပြေးဝင်လာခြင်း ဖြစ်၏။
"နယ်မြေအရှင်သခင်"
"အရှင်သခင် ချီရွှင်"
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ အားလုံးက ပြိုင်တူ အော်ဟစ် လိုက်ကြ၏။
ထိုအခါမှသာ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များသည် ဤလူ၏ နာမည်မှာ ချီရွှင် ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။
ချီရွှင် သည် အရှေ့မြောက် အရပ်မှ ပြန်လည် ရောက်ရှိလာ၏။ သူ ပထမဆုံး ဖြတ်သန်းသွားသော နေရာမှာ အဖွဲ့ သုံးဖွဲ့ အကြိတ်အနယ် တိုက်ခိုက်နေကြသော စစ်မြေပြင် မဟုတ်ဘဲ နင်ချီ နေရာယူထားသော ကြီးမားသည့် ဆုံမှတ် ပင် ဖြစ်၏။
ဤအခိုက်အတန့်တွင် နင်ချီ က ဤ ဆုံမှတ် ကို သိမ်းပိုက်ထားသော်ငြားလည်း၊ ချီရွှင် က သူ့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ချေ။ သူ၏ ပုံရိပ်ယောင်က ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများထံသို့သာ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ထက် မည်သူမှ ပို၍ အရေးမကြီးပေ။ ဤအချက်က ချီရွှင် အနေဖြင့် နင်ချီ က သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားကြောင်း အထင်အရှား ပြသနေ၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ကယ်တင်ပြီးနောက်တွင်၊ နင်ချီ ထံမှ ဤ ကြီးမားသော ဆုံမှတ် ၏ ထိန်းချုပ်မှုကို သူ အချိန်မရွေး ပြန်လည် သိမ်းယူနိုင်သည် မဟုတ်ပါလော။
သူက နင်ချီ ၏ အနီးမှ.. ဖြတ်ပျံသွားတော့မည့် အချိန်မှာပင် တည်ငြိမ်ပြီး အေးစက်လှသော အသံတစ်ခုကို ကြားလိုက်ရလေသည်။
"မင်းကို.. ဒီကနေ ဖြတ်သွားဖို့.. ဘယ်သူက ခွင့်ပြုထားလို့လဲ"
ချီရွှင် က သူ့ကို လုံးဝ အဖက်မလုပ်ချင်ပေ။ သူ၏ အမြင်တွင် ဤလူကို နောက်မှ ရှင်းလင်းလည်း နောက်ကျမည် မဟုတ်ဟု တွေးထား၏။
သို့သော် သူ၏ တဟုန်ထိုး ပြေးဝင်နေသော အရှိန်မှာ ရုတ်တရက် တုံ့ခနဲ ရပ်လိုက်သည်။
ဧရာမ လက်ဝါး တစ်ခုက သူ၏ ဝတ်ရုံ လည်ပင်းစကို အနောက်မှ လှမ်းဆွဲထားသကဲ့သို့ ဖြစ်သွားပြီး ရှေ့သို့ တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ချေ။
အခန်း (၇၅၂) - စစ်မြေပြင်နယ်မြေ၏ အရှင်သခင် (၅)
~ချီရွှင် ၏ မျက်နှာ ကွက်ခနဲ ပျက် သွား၏။ သူ၏ လက်များကို အနောက်သို့ ဝှေ့ယမ်းလိုက်ရာ နေမင်းကြီးအလား အစွမ်းထက်လှသော ကြောက်မက်ဖွယ် မီးတောက် စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။ ဟင်းလင်းပြင် ကိုပင် အရည်ပျော်ကျသွားစေကာ၊ သူ့ကို ဖမ်းဆွဲထားသူကိုပါ အရည်ပျော်သွားစေရန် ရည်ရွယ်လိုက်၏။
သို့သော် သူသည် အလွန်တရာ မာနထောင်လွှားလွန်းပြီး အလွန်တရာ လောကြီးလွန်းနေခဲ့လေပြီ။
လူတစ်ယောက်က သူ့ကို ဖမ်းဆွဲထားနိုင်သည်မှာ တိုက်ဆိုင်မှု တစ်ခု လုံးဝ မဟုတ်ဘဲ သေချာပေါက် ဖြစ်လာမည့် ကိစ္စတစ်ခုသာ ဖြစ်၏။
ဟင်းလင်းပြင် ကိုပင် အရည်ပျော်ကျသွားစေနိုင်လောက်အောင် အစွမ်းထက်လှသော မီးတောက် စွမ်းအင်များက နင်ချီ ကို ဝင်ရောက် ရိုက်ခတ်သွားသော်ငြားလည်း နင်ချီ က အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်း မရှိချေ။
သူသည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး နူးညံ့သော အလင်းတန်းများကို ဖြာထွက်နေကာ ထိုမီးတောက် စွမ်းအင်များ အားလုံးကို အပြည့်အဝ စုပ်ယူပစ်လိုက်လေသည်။
"ဒီကို ပြန်လာခဲ့စမ်း"
နင်ချီ က ချီရွှင် ၏ ဧရာမ အရောင်ငါးမျိုး လက်ဝါးကြီး ကို ဖမ်းဆွဲကာ အားကုန် ဆောင့်ဆွဲလိုက်တော့၏။
ရုတ်တရက် ကြီးမား ကျယ်ဝန်းသော ဝတ်ရုံကြီးကို ဆင်မြန်းထားသည့် ချီရွှင် မှာ မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေသူ တစ်ယောက်က အဝတ်ကို ပြောင်းပြန်လှန်၍ ဖွပ်လိုက်သကဲ့သို့ လေထဲတွင် လွင့်စင်သွားတော့သည်။
သူက အနောက်သို့ တိုက်ရိုက် ဆွဲခေါ်ခံလိုက်ရပြီး၊ ဟင်းလင်းပြင် နံရံကြီးနှင့် အတင်းအကျပ် ဆောင့်အကန်ခံလိုက်ရသည့်အလား အလွန်တရာ အရှက်ကွဲဖွယ် ကောင်းလှသော အနေအထားဖြင့် ပြုတ်ကျသွားလေ၏။
“ဝုန်း…”
တိုက်ပွဲထဲတွင် ပါဝင်နေကြသော ကျင့်ကြံသူ အဖွဲ့ သုံးဖွဲ့စလုံး ဤမြင်ကွင်းကို ကြည့်ရင်း အလွန်တရာ အံ့အားသင့် မှင်သက်သွားကြတော့သည်။
ချီခယ်ချင်း နှင့် ဖူယောင် နယ်မြေ မှ ကျင့်ကြံသူ များမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြပြီး သူတို့၏ မေးစေ့များပင် မြေကြီးပေါ်သို့ ပြုတ်ကျတော့မတတ် ဖြစ်သွားကြရ၏။
နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများမှာမူ နင်ချီ အပေါ် အလွန်တရာ ယုံကြည်မှု ရှိပြီးသား ဖြစ်သဖြင့် အနည်းငယ် တည်ငြိမ်နိုင်ကြပါသေးသည်။
သို့သော် ချီရွှင် ၏ ထွက်ပေါ်လာမှုက သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အချို့ကိုတော့ ထပ်တိုးသွားစေခဲ့လေ၏။
မည်သို့ပင်ဆိုစေ သူ ပေါ်ထွက်လာစဉ်က ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ အထူးသဖြင့် သူသည် ကျယ်ပြန့်သော ကမ္ဘာ ၏ လင်းချင်း နယ်မြေ မှ နယ်မြေအရှင်သခင် ဖြစ်နေသည် မဟုတ်ပါလော။ နင်ချီ မှာမူ ချီရွှင် ကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းအားမျိုးကို ယခင်က တစ်ခါမှ ထုတ်ဖော် ပြသခဲ့ဖူးခြင်း မရှိချေ။
ထို့ကြောင့် သူတို့၏ မသိစိတ်ထဲတွင် ချီရွှင် ၏ ခွန်အားသည် သူတို့၏ နယ်မြေအရှင်သခင် ဖြစ်သော နင်ချီ ထက် များစွာ သာလွန်နေလိမ့်မည်ဟု ခန့်မှန်းထားခဲ့မိကြသည်။
ကျန်ရစ်နေသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများမှာမူ၊ နယ်မြေအရှင်သခင် ပြန်လည် ရောက်ရှိလာသဖြင့် အားဆေး တစ်ခွက် သောက်လိုက်ရသည့်အလား အလွန်တရာ စိတ်လှုပ်ရှား တက်ကြွနေခဲ့ကြသော်ငြားလည်း၊ ယခုအခါတွင်မူ ရေခဲရိုက်ခံလိုက်ရသည့်အလား လုံးဝ အေးခဲသွားကြပြီး ငြိမ်သက်သွားကြတော့၏။
နယ်မြေအရှင်သခင် သာ ပြန်ရောက်လာမည် ဆိုပါက ဤနေရာရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးကို မျက်တောင်တစ်ခတ် အတွင်း မျိုးတုံး သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြလေသည်။
နယ်မြေအရှင်သခင် တစ်ပါး၏ စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို သူတို့ ကောင်းကောင်း သိထားကြသည် မဟုတ်ပါလော။
သို့သော်၊ ယခုတော့...
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်၊ အစွမ်းအထက်ဆုံး နယ်မြေအရှင်သခင် ကြီးမှာ တစ်ဖက်ရှိ အေးစက်စက် ကောင်လေး၏ အနောက်သို့ ဆွဲခေါ်ခံလိုက်ရပြီး၊ လမ်းဘေး လူမိုက် တစ်ယောက်အလား ပခုံးပေါ်မှ ကျော်၍ အလွယ်တကူ လွှဲပေါက်ခံလိုက်ရ၏။
ဤမြင်ကွင်းကို ကြည့်ရင်း မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ မည်မျှအထိ ရင်ကွဲမတတ် ဖြစ်သွားကြမည်ကို အထူးတလည် ပြောနေစရာပင် မလိုတော့ချေ။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသရွေ့... သူတို့လည်း ဆက်လက် ရင်ဆိုင်ရမည်သာ ဖြစ်၏။
ချီခယ်ချင်း နှင့် ဓားဘိုးဘေးကြီး တို့သည် နင်ချီ က ချီရွှင် ကို တားဆီးနိုင်လိုက်သည်ကို မြင်သောအခါ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။
'ငါတို့ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အရင် မျိုးတုံး သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့'
ချီရွှင် ကိုတော့ နင်ချီ ကိုပဲ တာဝန်ယူ ဖြေရှင်းခိုင်းလိုက်တော့မည်။
သူတို့က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ဆက်လက် တိုက်ခိုက်နေ၏။ တစ်ချိန်တည်းမှာပင်၊ နင်ချီ တို့ဘက်ရှိ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နိုင်ရန် သူတို့၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်ထားလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့၏ ခေါင်းထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
နင်ချီ သည် ယခင်က ဆုံမှတ် ရှိ ကျင့်ကြံသူ များကို တိုက်ခိုက်ခဲ့ပြီးနောက်၊ သူ၏ လူများကို ဖူယောင် နယ်မြေ မှ လူများအား သွားရောက် ကူညီရန် စေလွှတ်လိုက်ပြီး၊ သူ တစ်ယောက်တည်း ထိုနေရာတွင် ကျန်ရစ်ခဲ့သည် မဟုတ်ပါလော။
ဒါဆို... သူက အစကတည်းက တစ်ဖက် ရန်သူ့ နယ်မြေအရှင်သခင် ပေါ်လာမည့် အချိန်ကို စောင့်နေခဲ့တာများလား။
...
နင်ချီ က သူ၏ အရောင်ငါးမျိုး လက်ဝါးကြီး ဖြင့် ချီရွှင် ကို နောက်တစ်ကြိမ် လှမ်းဆွဲလိုက်ပြန်သည်။ ချီရွှင် မှာ အလွန်တရာ ဒေါသထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု သိပ်သည်းလာကာ၊ နင်ချီ ၏ အရောင်ငါးမျိုး လက်ဝါးကြီး ကို ရုတ်တရက် ဖြတ်တောက်ချလိုက်လေ၏။
သူက နင်ချီ ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ"
နင်ချီ က တည်ကြည်လေးနက် စွာ ပြန်ဖြေလိုက်၏။
"နက်ရှိုင်းသော သစ္စာတရား နယ်မြေ ရဲ့ နယ်မြေအရှင်သခင် ... နင်ချီ"
"..."
ထိုစကားကို ကြားလိုက်ရသောအခါ ချီရွှင် ၏ ရင်တွင်း၌ အနည်းငယ် တုန်လှုပ်သွားသော်လည်း တစ်ဖက်တွင်လည်း အနည်းငယ် သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
နင်ချီ က သူ့ကို တားဆီးနိုင်ခဲ့တာ မဆန်းတော့ပါဘူး... သူကလည်း နယ်မြေအရှင်သခင် တစ်ပါး ဖြစ်နေတာကိုး။
အကယ်၍ အမည်မသိ အညတရ ကျင့်ကြံသူ တစ်ယောက်၏ အလွယ်တကူ တားဆီးခြင်းကို ခံလိုက်ရမည် ဆိုပါက၊ သူ ..ချီရွှင် ၏ ဂုဏ်သိက္ခာမှာ ဘယ်နား သွားထားရမည်နည်း။
ချီရွှင် က နင်ချီ ထံမှ ထွက်ပေါ်နေသော စွမ်းအားများကို အသေအချာ အာရုံခံကြည့်လိုက်ရာ သူ၏ ရင်တွင်း၌ သံသယ အချို့ ပေါ်ပေါက်လာတော့သည်။
‘ဘာလို့ နင်ချီ မှာ လီထောင်ပေါင်းများစွာ အထိ ဖြာထွက်နိုင်စွမ်းရှိတဲ့ နယ်မြေစွမ်းအားမျိုး မရှိရတာလဲ။’
နင်ချီ၏ နယ်မြေစွမ်းအားမှာ အလွန်တရာ အားနည်းလွန်းလှပြီး၊ လီထောင်ပေါင်းများစွာ အထိ ဖြာထွက်ရန် မဆိုထားနှင့် ၊ သူ့ခန္ဓာကိုယ် ပတ်လည်ကိုပင် ကောင်းစွာ မလွှမ်းခြုံနိုင်ချေ။
‘ဒါမှမဟုတ် နင်ချီ က နယ်မြေစွမ်းအား အနည်းငယ်ကို အသုံးပြုရုံနဲ့ အကြီးစား တိုက်ခိုက်မှုတွေကို လွယ်လွယ်ကူကူ ထိန်းချုပ် ခြယ်လှယ်နိုင်တဲ့ အဆင့်အထိ ရောက်နေပြီလား။’
ချီရွှင် ၏ ခေါင်းထဲတွင် အတွေးများ ချာချာလည်နေသော်လည်း၊ သူ၏ အကြီးမားဆုံး ဆန္ဒမှာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို ကယ်တင်ရန်သာ ဖြစ်၏။
ရုတ်တရက် ချီရွှင် ၏ ပုံရိပ် ဝေဝါးသွားပြီး နေရာတွင် ပုံရိပ် ငါးခု ထွက်ပေါ်လာ၏။
ပုံရိပ် လေးခုက နင်ချီ ကို ရှောင်ကွင်းသွားပြီး အကြိတ်အနယ် တိုက်ခိုက်နေကြသော ကျင့်ကြံသူ အဖွဲ့ သုံးဖွဲ့ဆီသို့ ထောင့်ပေါင်းစုံမှ ဝင်ရောက် တိုက်ခိုက်လိုက်ကာ၊ ကျန်ရစ်သော ပုံရိပ် တစ်ခုက နင်ချီ ကို တိုက်ခိုက်လိုက်လေသည်။
သို့သော် မထင်မှတ်ထားလောက်အောင်ပင် နင်ချီ က သူ၏ အတွေးများကို ကြိုတင် သိရှိနေပုံ ရလေ၏။ နင်ချီ ၏ ပတ်လည်တွင်လည်း ပုံရိပ် အနည်းငယ် ထွက်ပေါ်လာပြီး ချီရွှင် ၏ ကိုယ်ပွား လေးခုဆီသို့ တဟုန်ထိုး ပြေးဝင်ကာ ကြားဖြတ် တိုက်ခိုက်လိုက်ကြတော့သည်။
ချီရွှင် ကို အလွန်တရာ စိတ်ပျက်သွားစေသည်မှာ၊ နင်ချီ ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပုံရိပ်များမှာ နင်ချီ ၏ ကိုယ်ပွားများ မဟုတ်ဘဲ အလွန်တရာ အစွမ်းထက်လှသော နတ်ဘုရား သားရဲကြီး များ ဖြစ်နေခြင်းပင်။
ဆွမ်းနီ၊ ပိရှီး၊ ယားဇီ ၊ ပါရှား... [ တရုတ် ဒဏ္ဍာရီလာ နဂါး၏ သားကိုးကောင် အနက်မှ လေးကောင်]
နတ်ဘုရား သားရဲကြီး တစ်ကောင်စီတိုင်းသည် လူ့ပြည်သို့ ဆင်းသက်လာသော အစစ်အမှန် သတ္တဝါကြီးများအလား ဖြစ်နေပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အေးစက်စက် နေတတ်သော နင်ချီ ထက်ပင် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေးသည်။
နတ်ဘုရား သားရဲကြီး များသည် သူတို့၏ အားပြင်းသည့် မူလအစ တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြပြီး၊ ချီရွှင် ၏ ကိုယ်ပွား များနှင့် ချက်ချင်းပင် အကြိတ်အနယ် တိုက်ခိုက်ကြတော့၏။
မကြာမီမှာပင် သူတို့သည် ကိုယ့်အသက်ကိုကိုယ် ပဓာန မထားတော့ဘဲ အသေအလဲ တိုက်ခိုက်ကြရာ၊ နောက်ဆုံးတွင် ချီရွှင် ၏ ကိုယ်ပွား လေးခုစလုံးနှင့်အတူ တိုက်ပွဲထဲတွင် ပြိုင်တူ အသက်ပျောက်သွားကြလေတော့သည်။
ထို့ကြောင့် ယခုအခါ တိုက်ပွဲမြေပြင်တွင် နင်ချီ နှင့် ချီရွှင် တို့ နှစ်ဦး၏ အစစ်အမှန် ခန္ဓာကိုယ်များသာ ကျန်ရစ်ခဲ့တော့၏။
အခန်း (၇၅၃) - ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းခြင်း
~နင်ချီ နှင့် ချီရွှင် တို့သည် ဟင်းလင်းပြင်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်တန့်နေကြလေသည်။
သူတို့ နှစ်ဦးသည် အဖြူရောင်နှင့် အနီရောင် ဝတ်ရုံများကို အသီးသီး ဆင်မြန်းထားကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှ စူးရှသော အလင်းတန်းများ ကိုယ်စီ ဖြာထွက်နေ၏။
အလင်းတန်း နှစ်ခုက လေထဲတွင် အကြိတ်အနယ် ထိတိုက်နေကြပြီး၊ တစ်ခုကို တစ်ခု လုံးဝ လက်မြှောက် အရှုံးမပေးလိုကြချေ။
ချီရွှင် ပေါ်ထွက်လာသည့် အခိုက်အတန့်ကတည်းက၊ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ချီစွမ်းအင် အားလှိုင်းများကို နင်ချီက တိတ်တဆိတ် အာရုံခံ အကဲခတ်နေခဲ့သည်။
ချီရွှင် ၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်အတန်းမှာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ရှိ ထိုအထွတ်အထိပ် ဘိုးဘေးကြီး များနှင့် တစ်ပြေးညီတည်းပင် ဖြစ်ချေ၏။
သို့သော်လည်း သူသည် လင်းချင်း နယ်မြေ ၏ နယ်မြေအရှင်သခင် ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး၊ ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့စွမ်းအားများဖြင့် အားဖြည့်ပေးခံထားရသဖြင့်၊ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ အခြားမည်သူနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ပြိုင်ဘက်ကင်း အစွမ်းထက်နေခြင်း ဖြစ်၏။
နင်ချီ သည် လင်းချင်း နယ်မြေအရှင်သခင် နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ယခင်က သူ ဖမ်းဆီးခဲ့သော သုံ့ပန်းများထံမှ ကြိုတင် ရရှိထားခဲ့ပြီး ဖြစ်သည်။
ကျယ်ပြန့်သော ကမ္ဘာ ၏ နယ်မြေအရှင်သခင် ဆိုသည်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ မှ နယ်မြေအရှင်သခင် များနှင့် လုံးဝ မတူညီချေ။ ထိုကမ္ဘာရှိ နယ်မြေအသီးသီး၏ အရှင်သခင်များကို ကျယ်ပြန့်သော အင်မော်တယ်ဂိုဏ်း က တိုက်ရိုက် ခန့်အပ် တာဝန်ပေးခြင်း ဖြစ်၏။
ထို့အပြင် ၎င်းကို သားစဉ်မြေးဆက် အမွေဆက်ခံခွင့် ရှိပြီး၊ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် ရာခိုင်နှုန်းပြည့် ဆက်စပ်မနေပေ။
လင်းချင်း နယ်မြေ ၏ အင်အားအကြီးဆုံး ဂိုဏ်းကြီး အနေဖြင့်၊ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း တစ်ခုတည်းမှာပင် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေလေသည်။
အကယ်၍ ကျင့်ကြံခြင်း အဆင့်အတန်းကိုသာ တိုင်းတာရမည် ဆိုပါက... ချီရွှင် သည် နယ်မြေအရှင်သခင် တစ်ပါး ဖြစ်လာရန် လုံးဝ အရည်အချင်း ပြည့်မီသူ မဟုတ်ကြောင်း ထင်ရှားလှ၏။
သို့သော် ကျယ်ပြန့်သော ကမ္ဘာ ၏ ဤသို့သော အာဏာခွဲဝေမှု စနစ်ကလည်း ၎င်း၏ ကိုယ်ပိုင် အားသာချက်များ ရှိနေပြန်သည်။
ကမ္ဘာကြီး နှစ်ခု ချိတ်ဆက်မိသွားပြီးနောက်၊ ယခု လက်ရှိ စစ်မြေပြင်နယ်မြေ အတွင်းသို့ အမြင့်ဆုံး ဝင်ရောက်ခွင့် ရှိသူများမှာ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူများသာ ဖြစ်၏။
ထို့ကြောင့်ပင် ချီရွှင် ကဲ့သို့သော လူများက ဤနေရာတွင် အလွန်တရာ အသုံးဝင်နေခြင်း ဖြစ်သည်။
သူသည် ယခု လက်ရှိ စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိပြီး၊ သူ၏ ကျင့်ကြံခြင်း အကန့်အသတ်မှာ ပေါင်းစည်းခြင်း နယ်ပယ် တွင်သာ ရှိနေသော်ငြားလည်း၊ နယ်မြေအရှင်သခင် တစ်ပါး ဖြစ်နေသည့်အတွက် ဤ စစ်မြေပြင်နယ်မြေ အတွင်းရှိ ကျင့်ကြံသူများ အကြားတွင် ပြိုင်ဘက်ကင်း တစ်ဦး ဖြစ်နေမည်မှာ သေချာလှ၏။
သို့သော် နင်ချီ ထွက်ပေါ်လာမှုက ဤအခြေအနေ အားလုံးကို ဖျက်ဆီးပစ်လိုက်လေပြီ။
ဤ စစ်မြေပြင်နယ်မြေ အတွင်း၌ နင်ချီ ကဲ့သို့သော နားလည်ရခက်သည့် သတ္တဝါဆန်း တစ်ကောင်နှင့် လာတွေ့လိမ့်မည်ဟု ချီရွှင် တစ်ယောက် အိပ်မက်ထဲတွင်ပင် မတွက်ဆထားခဲ့ချေ။
နင်ချီ ၏ တားဆီးမှုကို ခံလိုက်ရပြီးနောက်၊ ချီရွှင် သည်လည်း နင်ချီ ကို စတင် လေ့လာ အကဲခတ်လိုက်သည်။
နင်ချီ က သူ့ကိုယ်သူ နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၏ နယ်မြေအရှင်သခင် ဟု ပြောလိုက်သည်ကို ကြားသောအခါ၊ ချီရွှင် က နင်ချီ၏ ကျင့်ကြံခြင်း အဆင့်အတန်းကို တစ်ချက် စစ်ဆေးလိုက်၏။.. ထိုကောင်လေးမှာ ပေါင်းစည်းခြင်း နယ်ပယ် အောက်တွင်သာ ရှိနေသေးပြီး၊ အထွတ်အထိပ် အဆင့် သို့ပင် မရောက်သေးကြောင်း သတိပြုမိသွားတော့သည်။
ချီရွှင်မှာ သူ့ထက်ပင် နောက်ခံအင်အား ပိုမို ကြီးမားသော သူတစ်ယောက်နှင့်များ လာဆုံနေရသလား။
သူ… ကြိတ်၍ တွေးတောသွားမိလေ၏။
ချီရွှင် ဤသို့ တွေးမိသည်မှာလည်း မဆန်းပေ။ မည်သို့ပင် ဆိုစေ သူ ကိုယ်တိုင်သည်ပင် ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် သို့ ရောက်ရှိပြီးမှသာ နယ်မြေအရှင်သခင် နေရာကို အမွေဆက်ခံနိုင်ခဲ့ခြင်း မဟုတ်ပါလော။
ဝိညာဉ်နယ်မြေ များသည် အလွန် ကျယ်ပြောလှပြီး၊ ယေဘုယျအားဖြင့် ဆိုရလျှင် နယ်မြေအရှင်သခင် အဖြစ် တာဝန်ယူနိုင်သူများသည် ထိုနယ်မြေအတွင်း အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ရမည်၊ သို့မဟုတ်ပါက သူ့ကဲ့သို့ ဘိုးဘေးများ၏ အကာအကွယ်ကို ရရှိထားသူများသာ ဖြစ်ရပေမည်။
နင်ချီ မှာ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် သို့ပင် မရောက်သေးသဖြင့် ပထမအချက်နှင့် လုံးဝ မကိုက်ညီရာ၊ ချီရွှင် က နင်ချီ ကို သူ့ကဲ့သို့ပင် ဘိုးဘေးများ၏ ကောင်းချီးပေးမှုကို ရရှိထားသော နောက်ခံတောင့်သည့် သူတစ်ဦးဟု သဘာဝကျကျပင် ကင်ပွန်းတပ်လိုက်တော့သည်။
နင်ချီ ၏ နယ်မြေအရှင်သခင် ရာထူးမှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးကို ကိုယ်တိုင် သွေးစွန်းသော ကြိုးပမ်းအားထုတ်မှုများ၊ စနစ်တကျ အကွက်ချ စီမံခန့်ခွဲမှုများဖြင့် ရယူထားခဲ့ခြင်း ဖြစ်ကြောင်းကို ထိုငကြောင်လေး လုံးဝ မသိရှိခဲ့ချေ။
ချီရွှင် ကို အလွန်တရာ တွေဝေသွားစေသည့် တစ်ခုတည်းသော အချက်မှာ နင်ချီ ၏ နယ်မြေအရှင်သခင် စွမ်းအားများသည် လီထောင်ပေါင်းများစွာ အထိ တောက်ပ ဖြာထွက်နေသော သူ၏ စွမ်းအားများနှင့် မတူဘဲ အလွန်တရာ မှေးမှိန် အားနည်းနေခြင်းပင် ဖြစ်၏။
ထို့အပြင် ယခုလေးတင် သူ ဖန်တီးခဲ့သော ကိုယ်ပွား အားလုံးမှာလည်း နင်ချီ ၏ လက်ချက်ဖြင့် မျိုးတုံး ပျက်စီးသွားခဲ့ရလေပြီ။
ချီရွှင် က နင်ချီ ကို ကျော်လွန်ကာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများကို အရိပ်အခြေ အကဲခတ်လိုက်ရာ၊ အခြားသော စစ်တပ်ကြီး နှစ်ခုက သူတို့ကို ဆက်လက် ဝန်းရံ တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် နယ်မြေအရှင်သခင် တစ်ပါးအနေဖြင့် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်၊ ကျယ်ပြန့်သော ကမ္ဘာ ၏ ကမ္ဘာ့စွမ်းအားများကို အသုံးပြုကာ တိုက်ပွဲမြေပြင် တစ်ခုလုံးကို ဖိနှိပ် ချုပ်ချယ်ထားခဲ့ပြီး ဖြစ်၏။
ထိုစွမ်းအားများကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူများ၏ ခွန်အားမှာ သုံးပုံတစ်ပုံခန့် လျော့ကျသွားခဲ့ရပြီး၊ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများ၏ ခွန်အားမှာမူ သုံးပုံတစ်ပုံခန့် တိုးတက်လာကာ သူတို့၏ ယုံကြည်မှုများလည်း တဟုန်ထိုး မြင့်တက်လာခဲ့လေသည်။
သို့ဖြစ်သော်ငြားလည်း၊ တစ်ဖက် ရန်သူ ကျင့်ကြံသူများ၏ အရေအတွက်မှာ ကျန်ရစ်နေသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများထက် အပြတ်အသတ် သာလွန် များပြားနေဆဲပင်။
ပို၍ ဆိုးသည်မှာ... နယ်မြေအရှင်သခင် ဖြစ်သော သူသည် လူတိုင်း၏ အသည်းအသန် ဆင့်ခေါ်မှုကြောင့် ပြန်လည် ရောက်ရှိလာခဲ့ခြင်းသာ။ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ကာ လူတိုင်းကို သေဘေးမှ ကယ်တင်ရမည် ဖြစ်သော်လည်း၊ ယခုအခါ နင်ချီ ၏ တားဆီးပိတ်ဆို့ခြင်းကို ခံထားရလေပြီ။
ယခုလို အလှည့်အပြောင်းက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ ယခုလေးတင်မှ ပြန်လည် ရရှိထားသော ယုံကြည်မှုများကို နောက်တစ်ကြိမ် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်မှာ သဘာဝပင် ဖြစ်ချေ၏။
ဤအတိုင်းသာ ဆက်သွားနေမည် ဆိုပါက သိပ်မကြာခင်မှာပင် သူတို့အားလုံးအား တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူများက လုံးလုံးလျားလျား မျိုးတုံး သတ်ဖြတ်တော့မည် ဖြစ်ကြောင်း ထင်ရှားလှ၏။
ချီရွှင် မှာ အလွန်တရာ စိုးရိမ် ပူပန်လာတော့၏။ အကယ်၍ သူ၏ ဦးဆောင်မှုအောက်တွင် လင်းချင်း နယ်မြေ တစ်ခုလုံးမှ လူတစ်ယောက်မျှပင် အသက်ရှင် မကျန်ရစ်ခဲ့ဘူး ဆိုပါက... နယ်မြေအရှင်သခင် တစ်ပါး ဖြစ်သော သူသည် မည်သည့် မျက်နှာဖြင့် အိမ်ပြန်ရဲတော့မည်နည်း။
သို့သော် သူသည် နယ်မြေအရှင်သခင် တစ်ပါး ဖြစ်ပြီး နယ်မြေတစ်ခုလုံး၏ စွမ်းအားကို ဆုပ်ကိုင်ထားနိုင်သူ ဖြစ်လင့်ကစား၊ ဤနေရာမှာ ကျယ်ပြန့်သော ကမ္ဘာ မဟုတ်ဘဲ စစ်မြေပြင်နယ်မြေ ဖြစ်နေသည် မဟုတ်ပါလော။
ဤအထဲတွင် စွမ်းအင် သုံးမျိုးက ဖရိုဖရဲ ရောနှောနေပြီး၊ ချီရွှင် အနေဖြင့် ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင် သုံးပုံတစ်ပုံကိုသာ ငှားရမ်း အသုံးပြုနိုင်စွမ်း ရှိလေသည်။
ထို့အပြင် သူသည် စစ်မြေပြင်နယ်မြေ ၏ ဖိနှိပ် ချုပ်ချယ်မှုကိုလည်း ခံနေရသေးသည်။ သူက ဤနေရာရှိ စွမ်းအားများကို အသုံးပြုလိုက်တိုင်း၊ အခြားသော စွမ်းအင် နှစ်မျိုး၏ အပြန်အလှန် ဖိနှိပ်မှုကို ခံရမြဲ ဖြစ်ပေ၏။
ထို့ကြောင့်ပင် ချီရွှင် သည် ကျယ်ပြန့်သော ကမ္ဘာ တွင် ပြုလုပ်နိုင်သကဲ့သို့ ဤ စစ်မြေပြင်နယ်မြေ အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ အားလုံးကို အဝေးမှနေ၍ လက်တစ်ဖျစ်စာအတွင်း မျိုးတုံး သတ်ဖြတ်ပစ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
[ ကမ္ဘာနှစ်ခု ချိတ်ဆက်ချိန်တွင် ဖြစ်ပေါ်လာသော စစ်မြေပြင်နယ်မြေ၌ အမြင့်ဆုံး ဝင်ရောက်ခွင့်ကို ပေါင်းစည်းခြင်း နယ်ပယ်အထိသာ ကန့်သတ်ထားသည်။ ချီရွှင်က နယ်မြေအရှင်သခင် ဖြစ်သော်လည်း သူ၏ မူလစွမ်းအားမှာ ပေါင်းစည်းခြင်း နယ်ပယ်တွင်သာ ရှိသဖြင့် ဝင်ခွင့်ရခြင်း ဖြစ်သည်။ သို့သော် သူ၏ နယ်မြေစွမ်းအားများကို အပြည့်အဝ အသုံးချခွင့်တော့ မရရှိပေ။]