← Chapters

အခန်း (၂၅၀၃-၂၅၀၄)

Vol. 191 Ch. 2503-2504

အခန်း (၂၅၀၃-၂၅၀၄)

Vol. 191 Ch. 2503-2504

အခန်း(၂၅၀၃)

မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်ပြီးနောက်တွင် ကျန်းချန်တို့သည် ကုန်သွယ်ရေးစျေး၏ ဒုတိယအလွှာတွင် ဆက်လက် လှည့်ပတ်ခဲ့ကြသော်လည်း ဝယ်ယူရန်အတွက် ထိုက်တန်သောအရာ တစ်ခုမှ ထပ်မံ မတွေ့ရှိခဲ့ပေ။

“ကဲ တတိယအလွှာကို သွားကြစို့”

ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ ကုန်သွယ်ရေးစျေး၏ တတိယအလွှာ ဝင်ပေါက် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။

တတိယအလွှာ၏ ဝင်ပေါက်တွင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ဦး စောင့်ကြပ်နေကြ၏။

ထိုနှစ်ဦးစလုံးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဝတ်စုံများကို ဝတ်ဆင်ထားကြ၍ စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့ဝင်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ယင်းအပြင် ထိုနှစ်ဦးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ကုန်သွယ်ရေးစျေး၏ တတိယအလွှာတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူနှစ်ဦး စောင့်ကြပ်နေသည်ကို ကြည့်ခြင်းအားဖြင့် တတိယအလွှာ၏ အဆင့်အတန်းက မည်မျှအထိ မြင့်မားသည်ကို သိနိုင်ပေသည်။

ယွမ်ကျောက်တုံး တစ်သောင်းကို ဝင်ကြေး ပေးဆောင်ပြီးနောက်တွင် ကျန်းချန် တို့သည် သူတို့ ရှေ့ရှိ လှေကားထစ်များကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့ရာ ကုန်သွယ်ရေးစျေးသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

ယခင် အလွှာနှစ်ခုနှင့် နှိုင်းယှဥ်လျှင် ကုန်သွယ်ရေးစျေး၏ တတိယအလွှာသည် များစွာ သေးငယ်သွားသည်မှာ သံသယဖြစ်စရာ မရှိပေ။

ဆိုရလျှင် တတိယအလွှာ တစ်ခုလုံးသည် မီတာတစ်ရာခန့်သာ ရှိ၏။

သို့သော်လည်း ဤနေရာ၏ အပြင်အဆင်သည် ဒုတိယအလွှာထက် များစွာ ပို၍ လက်ရာမြောက်သည်။

ဆန်းကြယ်သည့် ခပ်ဖျော့ဖျော့ အပြာရောင် ကျောက်တုံးများက တတိယ အလွှာတစ်ခုလုံး၏ ကြမ်းခင်းကို ဖုံးလွှမ်းထားပြီး ခြေဖဝါးဖြင့် နင်းလိုက်လျှင် နွေးထွေးသော အငွေ့အသက်သည် ခြေဖဝါးမှ တစ်ဆင့် စီးဝင်ကာ လူကို လန်းဆန်းသော ခံစားချက်များ ပေးစွမ်းနိုင်စွမ်း ရှိသည်။

တတိယထပ်ရှိ လူဦးရေသည် အလွန်တရာ နည်းပါးပြီး စုစုပေါင်း လူတစ်ရာပင် မပြည့်ပေ။

အကြောင်းရင်းမှာ ကုန်သွယ်ရေးစျေး၏ တတိယအလွှာသို့ ဝင်ရောက်ရန် အတွက် ဝင်ကြေးသက်သက်ပင် ယွမ်ကျောက်တုံး တစ်သောင်း ပေးဆောင်ရသောကြောင့်ပင်။

ထိုပမာဏသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ အတွက်ပင် ကြီးမားသော ပမာဏ ဖြစ်၏။

သာမန် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် ကုန်သွယ်ရေးစျေး တတိယအလွှာသို့ အလွယ်တကူ ခြေမချရဲကြပေ။

ထိုအကြောင်းကြောင့်ပင် ကုန်သွယ်ရေးစျေး၏ တတိယအလွှာသို့ ရောက်လာကြသူများသည် အနည်းဆုံး ကပ်ဘေးအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။

ကျန်းချန်တို့ နှစ်ဦးက တတိယအလွှာသို့ ရောက်ရှိလာသော်လည်း လူအများ၏ အာရုံစိုက်မှုကို သိပ်မခံခဲ့ရပေ။

ကျန်းချန်က တတိယအလွှာ၏ အခြေအနေကို အကဲခတ်ရန် ပြင်နေစဥ်မှာပင် နံဘေးရှိ ရွှယ်ချန်ကျဲသည် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး လေးနက်သော လေသံဖြင့် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် အသံလွှင့်ကာ ပြောလိုက်သည်။

“သခင်ကြီး.. သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှလည်း ဒီနေရာမှာ ရှိနေတယ်”

ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

သူက ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ရာ သိပ်မကြာခင်မှာပင် သွေးရောင်ပုံရိပ် သုံးခုကို တွေ့ရှိခဲ့၏။

ထိုပုံရိပ်သုံးခု အနက် ရှေ့ဆုံးမှ ဦးဆောင်လာသူသည် သွေးရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တည်ကြည်သောမျက်နှာထားရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။

ထိုလူငယ်၏ အရှိန်အဝါက အလွန်တရာ အားကောင်းပြီး ရွှယ်ချန်ကျဲထက် နိမ့်ကျခြင်းမရှိဘဲ ကပ်ဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှား၏။

ထိုလူငယ်က သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော ရွှယ်ဝူရှ ဆိုသည်ကို ကျန်းချန် အနေဖြင့် တွေးနေစရာပင် မလိုခဲ့ပေ။

ရွှယ်ဝူရှ၏ နံဘေးတွင် သွေးရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး ရှိနေခဲ့သည်။

ထိုနှစ်ဦး၏ အရှိန်အဝါက အလွန်တရာပင် နက်ရှိင်း၍ အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်နိုင်လောက်သည်။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ယခု ခရီးစဥ်တွင် ရွှယ်ဝူရှသည် အမှန်တကယ်ပင် အသေအချာ ပြင်ဆင်၍ လာခဲ့ခြင်း ဖြစ်ပုံရ၏။

ကပ်ဘေး အထွတ်အထိပ်အဆင့် ပါရမီရှင် တစ်ဦးနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ဟူသော လူအင်အားစုဖွဲ့မှုသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် သေချာပေါက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ကံကောင်းစွာဖြင့် သူတို့သည် ရွှယ်ဝူရှနှင့် တိုက်ရိုက် မရင်ဆိုင်မိခဲ့ပေ။

မဟုတ်လျှင် သူတို့သည် ပြဿနာ အများအပြားနှင့် အမှန်တကယ် ရင်ဆိုင်ရပေလိမ့်မည်။

“သူတို့ကို လျစ်လျူရှုထားလိုက်ပါ”

ကျန်းချန်က ရွှယ်ချန်ကျဲကို ပြောလိုက်သည်။

ထို့နောက်တွင် သူတို့က ရွှယ်ဝူရှကို ဆက်လက် အာရုံမစိုက်တော့ဘဲ ကုန်သွယ်ရေးစျေး တတိယအလွှာတွင် လှည့်ပတ်ကြည့်ရှုနေခဲ့၏။

ယခုအခါတွင် သူတို့၏ ရုပ်ရည် အသွင်အပြင်နှင့် အရှိန်အဝါကို လုံးဝ ပြောင်းလဲထားသဖြင့် ထိုသုံးဦးသည် သူတို့ မည်သူမည်ဝါဖြစ်မှန်း သိရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤကုန်သွယ်ရေးစျေးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ပိုင်နက် ဖြစ်သည်။

ရွှယ်ဝူရှ အနေဖြင့် သူတို့ မည်သူမည်ဝါ ဖြစ်မှန်း အမှန်တကယ် သိရှိသွားလျှင်ပင် ဤနေရာတွင် မည်သည့်အရာကိုမျှ လုပ်ရဲလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူတို့ တကယ် လုပ်ချင်လျှင်ပင် ရွှယ်ဝူရှတို့ သုံးဦးသည် အားမနည်းသည့်တိုင် သူတို့ကို အနိုင်ယူဖို့ ဆိုသည်မှာ မသေချာပေ။

ထိုအချိန်တွင် ရွှယ်ဝူရှသည် တစ်စုံတစ်ရာကို အာရုံခံမိသွားခဲ့ပြီး ကျန်းချန်တို့ နှစ်ဦး ရှိရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“သခင်လေးဝူရှ ဘာဖြစ်လို့လဲ”

ထိုအခိုက်အတန့်တွင် ရွှယ်ဝူရှ၏ နံဘေးရှိ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ရွှယ်ဝူရှ၏ ထူးခြားသော အမူအရာကို သတိပြုမိသွားပြီး နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး.. ဒီကိုရောက်လာတဲ့ လူသစ်တွေရဲ့ အရှိန်အဝါက အနည်းငယ် ထူးခြားနေသလို ခံစားရလို့ပါ”

ရွှယ်ဝူရှက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“ကုန်သွယ်ရေးစျေးရဲ့ တတိယအလွှာကို လာနိုင်တဲ့သူတွေက သာမန်လူတွေ မဟုတ်တော့ တချို့တလေ ထူးခြားနေတာက ပုံမှန်ပါပဲ”

ရွှယ်ဝူရှက ခေါင်းညိတ်လိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ဘဲ သူ၏ ရှေ့ရှိ ဆိုင်ခန်းကို ဆက်လက် အာရုံစိုက်နေခဲ့သည်။

ကျန်းချန်တို့ နှစ်ဦးက ရွှယ်ဝူရှ၏ အကြည့်ကို လျစ်လျူရှုကာ ကုန်သွယ်ရေးစျေး၏ တတိယအလွှာကို ဆက်လက် လှည့်ပတ်နေခဲ့ကြသည်။

မကြာမီမှာပင် ကျန်းချန်သည် တတိယအလွှာ၏ မြောက်ဘက်ထောင့် တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် ကြီးမားသော ကျောက်စိမ်းစင်မြင့် တစ်ခု ရှိနေခဲ့၏။

ကျောက်စိမ်းစင်မြင့်ပေါ်တွင် ဆေးဖက်ဝင်အပင်များ၊ ကျမ်းစာလိပ်များနှင့် ထူးဆန်းသော အရာမျိုးစုံ ရှိနေခဲ့ပြီး ၎င်းတို့ထဲမှ တစ်ခုချင်းစီသည် သာမန် မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။

ကျောက်စိမ်းစင်မြင့်၏ ပတ်ပတ်လည်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ ဆယ်ဦးထက် မနည်း စုဝေးနေကြ၏။

၎င်းတို့သည် ကျောက်စိမ်းစင်မြင့် ပေါ်ရှိ အရာများကို စိတ်ဝင်တစား ကြည့်ရှုနေကြသည်။

ကျန်းချန်၏ အကြည့်က လူအုပ်ကို ဖြတ်ကျော်သွားခဲ့ပြီး ကျောက်စိမ်းစင်မြင့်၏ အနောက်ရှိ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို တစ်ဦးပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုအဘိုးအိုသည် အလွန်အမင်း အိုမင်းပုံရပြီး ခါးအနည်းငယ်ကိုင်းကာ သာမန် အဘိုးအိုတစ်ဦးနှင့် ဆင်တူနေခဲ့သည်။

သို့သော်လည်း သူ့ရှေ့ရှိ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မည်သည့်နည်းနှင့်မျှ သာမန် လူတစ်ဦး မဟုတ်မှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။

ထိုအဘိုးအိုသည် အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေသည့် အစွမ်းထက် ကျင့်ကြံသူ တစ်ဦး ဖြစ်နိုင်လောက်၏။

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက သူ့ရှေ့ရှိ ကြည့်ရှုသူများကို လျစ်လျူရှုကာ ထိုနေရာမှာပင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး မျက်လုံးများကို မှိတ်ထားခဲ့သည်။

တစ်ယောက်ယောက်က စျေးနှုန်းကို မေးမြန်းလျှင် အဘိုးအိုသည် မှိတ်ထားသော မျက်လုံးကို ဖွင့်ကာ စျေးနှုန်းကို ပြောပြလိုက်သည်။

ထို့နောက်တွင် အဘိုးအိုသည် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး စျေးဆစ်ရန် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

ထိုအကြောင်းကြောင့်ပင် ကျောက်စင်မြင့်ပေါ်ရှိ ရတနာအချို့ကို စိတ်ဝင်စားနေသော ကျင့်ကြံသူများသည် အဘိုးအို ပြောဆိုသည့် မြင့်မားလှသော စျေးနှုန်းကြောင့် အဆုံးသတ်တွင် လက်လျှော့သွားခဲ့ကြသည်။

ကျန်းချန်က အနည်းငယ် ထူးဆန်းသော မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ပစ္စည်းများကို အကဲခတ်လိုက်သည်။

ထိုအဘိုးအိုသည် ထူးဆန်းသောအမူအရာ ရှိသော်လည်း ရောင်းချနေသာ ပစ္စည်းအားလုံးကမူ ထူးခြားလှ၏။

တချို့ဆေးဖက်ဝင် အပင်များဆိုလျှင် ကျန်းချန် ပင်လျှင် တစ်ခါမျှ မကြားဖူးသော အပင်များ ဖြစ်ကြသည်။

ကျန်းချန်သည် ဆေးဖက်ဝင် အပင်များကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်များကို ခံစားမိနေခဲ့သည်။

သူ၏ အကြည့်သည် ကျောက်စိမ်းစင်မြင့် ပေါ်တွင် တဖြည်းဖြည်း ရွေ့လျားသွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်၏ အကြည့်သည် ကျောက်စိမ်းစင်မြင့်၏ ထောင့်ရှိ ပစ္စည်းတစ်ခု ပေါ်သို့ ကျရောက်သွားခဲ့သည်။

ယင်းမှာ သံချေးများဖြင့် ဖုံးလွှမ်းနေသော အဝါဖျော့ဖျော့ အရောင်ရှိသည့် ကြေးနီပြား တစ်ချပ် ဖြစ်သည်။

သို့သော် အသေအချာ ကြည့်ရှုမည်ဆိုလျှင် ကြေးနီပြား ပေါ်၌ သိပ်မထင်ရှားတော့သည့် ဆန်းကြယ်သည့် သင်္ကေတ တချို့ကို မြင်တွေ့နိုင်မည် ဖြစ်သည်။

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို ရောင်းချနေသော ပစ္စည်းများသည် ပြင်ပကမ္ဘာတွင် ရှားပါးသော ရတနာများ ဖြစ်ကြသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သည့် ကြေးနီပြားကမူ တခြား ပစ္စည်းများနှင့် ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ကျန်းချန်က လျှို့ဝှက်ဆန်းကြယ်သော ကြေးနီပြားကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး စျေးနှုန်းမေးမြန်းရန် ပြင်လိုက်စဥ်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ရှင်းပြ၍ မရနိုင်လောက်သည့် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

“အင်မော်တယ်ကျောက်တိုင်က လှုပ်ရှားလာပါလား”

အင်မော်တယ်ကျောက်တိုင်ထံမှ လှုပ်ရှားမှုကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၂၅၀၃)ပြီး၏။

အခန်း(၂၅၀၄)

အင်မော်တယ်ကျောက်တိုင်ထံမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ခံစားမိပြီးနောက်တွင် ကျန်းချန်သည် မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ယူခဲ့ရသည်။

အင်မော်တယ်လောကမှ ဆင်းသက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူကို သုတ်သင်ရန်အတွက် အကူအညီပေးခဲ့သည့် အချိန်မှစ၍ အင်မော်တယ်ကျောက်တိုင် ထံကနေ မည်သည့် ထူးခြားမှုမှ ထပ်မံ မပေါ်ပေါက်ခဲ့ပေ။

အင်မော်တယ်ကျောက်တိုင်က ဤအခိုက်အတန့်တွင် လှုပ်ရှားလာလိမ့်မည်ဟု ကျန်းချန် အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။

“ကောင်လေး.. ဒီကြေးနီပြားရဲ့ နောက်ခံက အင်မတန် နက်ရှိုင်းတယ်.. ဒီပစ္စည်းကို မရရအောင် ယူဖို့ ကြိုးစားပါ”

ကျန်းချန် မှင်တက်နေစဥ်မှာပင် သူနှင့် အနည်းငယ် ရင်းနှီးနေသော အသံတစ်သံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအသံသည် အင်မော်တယ်ကျောက်တိုင်က အင်မော်တယ်လောကမှ ကျင့်ကြံသူများကို သတ်ဖြတ်ရန်အတွက် သူ့ကို အကူအညီပေးစဥ်က အသုံးပြုခဲ့သော အသံနှင့် အတူတူပင် ဖြစ်သည်။

ယင်းအသံကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ကျန်းချန်သည် အပြင်ပန်းတွင် တည်ငြိမ်မှု ရှိနေသော်လည်း ကြေးနီးပြားကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင်မူ လိုချင်တပ်မက်သည့် အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

အင်မော်တယ်ကျောက်တိုင်သည် အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်ပြီး စကြဝဠာအဆင့် စစ်ပွဲကိုပင် ဖြစ်ပေါ်စေသော ပစ္စည်း ဖြစ်သည်။

ယခုအခါတွင် အင်မော်တယ်ကျောက်တိုင် အတွင်းမှ စကားသံက ကြေးနီပြားကို မရိုးရှင်းကြောင်း ပြောဆိုနေခဲ့သည် ဖြစ်ရာ ကြေးနီပြား၏ နောက်ခံသည် အမှန်တကယ် ထူးခြားနေမည်မှာ သေချာသလောက်ပင်။

သို့ရာတွင် ကြေးနီပြားကို အရယူမည်ဟု စိတ်ပိုင်းဖြတ်ထားသော်လည်း ကျန်းချန်သည် လိုချင်သည့် အမူအရာကို လုံးဝ ထုတ်မပြခဲ့ပေ။

သူက ကြေးနီပြားထံကနေ အကြည့်လွှဲလိုက်ပြီး ကျောက်စိမ်းစင်မြင့်ပေါ်ရှိ အခြားပစ္စည်းများကို ကြည့်ရှုနေခဲ့သည်။

ခဏအကြာမှ သူက မျက်လုံးမှိတ်ကာ တင်ပျဥ်ခွေ၍ ထိုင်နေသော မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို ပြုံး၍ ပြောလိုက်သည်။

“စီနီယာ ဒီကြေးနီပြားကို တစ်ချက်လောက် ပြပေးလို့ရမလား”

“မရဘူး.. ဝယ်နိုင်ရင်ဝယ် မဝယ်နိုင်ရင် သွားတော့”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက မျက်လုံးကို ဖွင့်လိုက်ပြီး ကျန်းချန်ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်လုံး ကလယ်ကလယ် ဖြစ်သွားခဲ့သည်။

သူ့ရှေ့မှ အဘိုးအိုသည် အမှန်တကယ်ပင် ပြောရဆိုရ ခက်ခဲနေခဲ့၏။

သူက ခေါင်းခါရမ်းလိုက်ပြီး ကြေးနီပြားကို အသေအချာပင် အကဲခတ်လိုက်သည်။

ကြေးနီပြား၏ မျက်နှာပြင်သည် သာမန် ကြေးနီပြားများ ကဲ့သို့ပင် အလွန်တရာ ကြမ်းတမ်းပုံရသည်။

သို့ရာတွင် ကြေးနီပြားပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတ အများစုသည် ပျက်စီးနေသည့်တိုင် အတော်လေးနက်ရှိုင်းပြီး ရှုပ်ထွေးနေသည် ဖြစ်၍ အလွန်ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတ အများစုက ပျက်စီးနေသဖြင့် ကျန်းချန်သည် မည်သည့်အရာမှန်း လုံးဝ မသိနိုင်ခဲ့ပေ။

“ဒီကြေးနီပြားက ဘာမို့လို့ အင်မော်တယ်ကျောက်တိုင်ရဲ့ စိတ်ဝိညာဥ်ကိုတောင် လှုံ့ဆော်နိုင်ရတာလဲ”

ကျန်းချန် အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

သူ မည်မျှပင် စူးစမ်းပါစေ၊ ကြေးနီပြားပေါ်တွင် ထူးခြားသည့် အရာတစ်ခုကိုမှ မတွေ့ရှိခဲ့ချေ။

အကယ်၍ အင်မော်တယ်ကျောက်တိုင် ထံမှ ရုတ်တရက် ထွက်ပေါ်လာသော အသံသာ မရှိခဲ့လျှင် ထိုအရာသည် ထူးခြားသော ရတနာ တစ်ခု ဖြစ်လိမ့်မည်ဟု ကျန်းချန် ယုံကြည်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

“ကြည့်မနေနဲ့တော့.. ဒါက ငါရောင်းသမျှ အရာအားလုံးထဲမှာ အဖိုးအတန်ဆုံးပစ္စည်းပဲ.. ဒါကြောင့် စျေးအရမ်းကြီးတယ်.. မင်းဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး”

ကျန်းချန် အတွေးနက်နေစဥ်မှာပင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ အေးစက်စက် စကားသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့ပြီး အဘိုးအိုကို ပြုံး၍ မေးလိုက်သည်။

“စီနီယာ.. ဒီကြေးနီပြားက ဘယ်လို ထူးခြားမှုတွေ ရှိနေလဲဆိုတာ သိပါရစေ”

ထိုအဘိုးကြီးသည် ကြေးနီပြားကို သူရောင်းချသည့် မည်သည့် ရတနာထက်မဆို ပိုတန်ဖိုးရှိသည်ဟု အမှန်တကယ်ယုံကြည်နေသည် ဖြစ်ရာ ထိုအဘိုးအိုသည် ကြေးနီပြား၏ တန်ဖိုးကို သိနေ၍ ဖြစ်နိုင်ပါသလော။

“ကောင်လေး.. ဒီကြေးနီပြားက ဒီကမ္ဘာက ပစ္စည်းမဟုတ်ဘူး.. ဒီအဘိုးကြီးက ကြေးနီပြားရဲ့ မူလအစကို သိကောင်း သိနိုင်ပေမဲ့ ကြေးနီပြားရဲ့ စစ်မှန်တဲ့ တန်ဖိုးကိုတော့ သိဖို့ မဖြစ်နိုင်ဘူး.. ဘယ်လောက်ပဲ စျေးကြီးကြီး ဝယ်လိုက်ရင် မင်းအတွက် အရှုံးမရှိဘူးကွ”

ထိုအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ယင်းအချိန်မှာပင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျန်းချန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

“ဒီကြေးနီပြားက ဘာတွေ ထူးခြားမှုရှိနေလဲ ဆိုတာ ငါလည်း မသိဘူး.. ဒါပေမဲ့ ဒါက ငါ့ဆီမှာ အဖိုးအတန်ဆုံးပစ္စည်းပဲ.. မင်းဒီကြေးနီပြားကို လိုချင်ရင် ယွမ်ကျောက်တုံးတစ်သန်း ပေးရမယ်.. ဒီလိုမှမဟုတ်ဘဲ ကပ်ဘေးဆေးလုံးနဲ့ လဲမယ်ဆိုရင်လည်း ရတယ်”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ထိုစကားကိုပြောလိုက်သောအခါတွင် ပတ်ဝန်းကျင်ရှိ လူအများအပြားသည်ပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ယွမ်ကျောက်တုံးသည် ကျင့်ကြံသူများ အတွက် ဘုံသုံး ငွေကြေး ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယွမ်ကျောက်တုံး တစ်တုံးချင်းစီသည် အဖိုးမဖြတ်နိုင်ပေ။

ကပ်ဘေးအဆင့် ကျင့်ကြံသူများထဲတွင်ပင် ယွမ်ကျောက်တုံးတစ်သိန်း ထုတ်ပေးနိုင်သူသည် အလွန်တရာ ချမ်းသာနေပြီ ဖြစ်သည်။

ယွမ်ကျောက်တုံးတစ်သန်း ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်း အတွက်ပင် နည်းပါးသော ပမာဏမဟုတ်ပေ။

ကပ်ဘေးဆေးလုံးနှင့် ပတ်သက်၍ ပြောရလျှင် ထိုဆေးလုံးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း ဆေးဝါးများထဲမှ တစ်ခု ဖြစ်သည်။

ထိုဆေးလုံးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို မဟာယာန အဆင့်သို့ တက်လှမ်းရန် အတွက် အထောက်အပံ့ပေးနိုင်သည့် ပြိုင်ဘက်ကင်းဆေးလုံး ဖြစ်ပြီး အင်မော်တယ်ကျင့်ကြံသူ ကြုံတွေ့ရမည့် ကပ်ဘေးခြိမ်းခြောက်မှုကို အနည်းဆုံး သုံးဆယ် ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်၏။

ဤကဲ့သို့သော ဆေးလုံးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အဖိုးမဖြတ်နိုင်သလောက် ရှားပါးပြီး တစ်လုံးချင်းစီ၏ တန်ဖိုးသည် ယွမ်ကျောက်တုံး တစ်သန်းထက် မနည်းပေ။

သူတို့ရှေ့မှ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ပျက်စီးနေသော ကြေးနီပြား တစ်ချပ်ကို မိုးထိအောင် မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချနေခဲ့သည်။

စင်စစ် ထိုအဘိုးအိုသည် အမှန်တကယ်ပင် လောဘကို အတောမသတ်နိုင်ဘဲ တောင်းဆိုနေခြင်း ဖြစ်၏။

ဤကြေးနီပြားတွင် မည်သည့် နောက်ခံအကြောင်းအရင်း ရှိနေပါစေ၊ ငတုံး တစ်ယောက် မဟုတ်သရွေ့ မည်သူကမှ မည်သည့်နေရာတွင် အသုံးဝင်မှန်း မသိသည့် ကြေးနီပြား အတွက် ဤမျှလောက်အထိ စျေးပေးပြီး ဝယ်ယူပါမည်နည်း။

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ စျေးနှုန်းကို ကြားလျှင် ကျန်းချန်သည် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“စီနီယာ.. စီနီယာ ခေါ်ထားတဲ့စျေးနှုန်းက စျေးအရမ်းကြီးလွန်းတယ်.. ကျွန်တော် ယွမ်ကျောက်တုံး တစ်သန်းကို မတတ်နိုင်သလို ကပ်ဘေးဆေးလုံးလည်း ကျွန်တော့်မှာ မရှိဘူး”

အင်မော်တယ်ကျောက်တိုင်က မဖြစ်မနေ ဝယ်ယူရန် သတိပေးခဲ့သော်လည်း ကျန်းချန်သည် ကြေးနီပြားကို အလွယ်တကူ မလဲလှယ်ခဲ့ပေ။

အကယ်၍ သူက စျေးမဆစ်ဘဲ ကြေးနီပြားကို တိုက်ရိုက်ဝယ်ယူခဲ့လျှင် ထိုအဘိုးကြီးကို သတိထားမိစေမည် ဖြစ်သောကြောင့်ပင်။

“စျေးကြီးတယ်လို့ ထင်နေရင်လည်း ဝယ်မနေနဲ့တော့”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက စကားကို ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

“ဒီကြေးနီပြားက ဘာအကျိုးသက်ရောက်မှု ရှိလဲ ငါမသိပေမဲ့ ဒါက ရှေးခေတ်ကာလက နာမည်ကျော်ကြားခဲ့တဲ့ ထျန်းယွိနဲ့ ပတ်သက်မှု ရှိနေတယ်”

“ဒီကြေးနီပြားက ထျန်းယွိနဲ့ ပတ်သက်နေတာလား”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏စကားသည် ကုန်သွယ်ရေးစျေး၏ တတိယအလွှာ တစ်ခုလုံးကို တစ်ခဏမျှ ငြိမ်သက်သွားစေခဲ့ပြီး အားလုံး၏ အကြည့်သည် အဘိုးအို ရှေ့ရှိ ကြေးနီပြား ပေါ်သို့ ကျရောက်သွားခဲ့သည်။

လူအများအပြား၏ မျက်ဝန်းထဲတွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အပြောင်းအလဲကို ခံစားမိလျှင် ကျန်းချန်သည် မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားထဲမှ ထျန်းယွိဟူသော လူသည် သာမန်လူတစ်ဦး မဟုတ်သည်မှာ သေချာသလောက်ပင်။

“သခင်ကြီး.. ထျန်းယွိက ရှေးခေတ်ကာလက အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာမှာ နာမည်ကျော်ကြားတဲ့ ထိပ်တန်း အင်မော်တယ် ကျင့်ကြံသူတစ်ဦးပဲ.. သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားချိန်မှာ အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ နောက်ဆုံးသော အင်မော်တယ်ပဲ”

ထိုအခိုက်အတန့်တွင် ရွှယ်ချန်ကျဲ၏ လေးနက်သော စကားသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားခဲ့၏။

ဤမျှ ကြီးမားသော နောက်ခံ ရှိသည့် ထျန်းယွိသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ နောက်ဆုံးသော အင်မော်တယ် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေသဖြင့် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းသည် အင်မော်တယ်ဖြစ်နိုင်မည့် နည်းလမ်းကို လိုက်လံ ရှာ‌ဖွေနေခဲ့ကြသည်။

အကယ်၍ ဤကြေးနီပြားသာ ထျန်းယွိနှင့် အမှန်တကယ် ပတ်သက်မှု ရှိနေသည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းလုံးသည် ကြေးနီပြား အတွက် ရူးသွပ်စွာ တိုက်ပွဲဝင်ကြမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

“ဒီကြေးနီပြားက ထျန်းယွိနဲ့ ပတ်သက်နေတယ်လို့ စီနီယာက ဘာကြောင့် ယုံကြည်နေရတာလဲ”

“ဒါက ငါ့ရဲ့ ခန့်မှန်းချက်ပါ”

မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ပြုံးလိုက်ပြီး အလွန်ယုံကြည်ရခက်သော အဖြေတစ်ခုကို ပေးလိုက်သည်။

ကျင့်ကြံသူ အများအပြားသည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ ယုံကြည်ရခက်သော အဖြေကို ကြားလျှင် ခေါင်းခါရမ်းလိုက်ကြသည်။

ထျန်းယွိသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ နောက်ဆုံးအင်မော်တယ် ဖြစ်ပြီး သူနှင့် အနည်းငယ် ပတ်သက်မှု ရှိသည့် အရာမှန်သမျှသည် ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကိုပင် တိုက်ပွဲဖြစ်ပွားစေရန် လုံလောက်၏။

အကယ်၍ ဤကြေးနီပြားသည် ထျန်းယွိနှင့် အမှန်တကယ် ပတ်သက်မှု ရှိနေသည် ဆိုလျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ဤနေရာတွင် အချိန်အတော်ကြာအောင် မည်ကဲ့သို့ ထားထားနိုင်ပါမည်နည်း။

အခန်း(၂၅၀၄)ပြီး၏။

All Chapters