အခန်း (၅၁၅-၅၁၆)
Vol. 26 Ch. 515-516
အပိုင်း(၅၁၅) သန္ဓေပြောင်းသတ္တဝါ၏ သတင်း
ရေအောက်ရှိ အဝါရောင်၊ အစိမ်းရောင်နှင့် အပြာရောင် အလင်းတန်းများက တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေကာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်နေပုံပေါ်သည်။
လင်းယွမ်က အနည်းငယ် အံ့သြသွားပြီး "ဘယ်လိုလုပ် အလင်းရောင် ရှိနေသေးတာလဲ" ဟု မေးလိုက်သည်။
ကွမ်ယွဲ့က "ဒါ သန္တာမီးအိမ်လေ" ဟု ပြုံးကာ ဖြေလိုက်သည်။
လင်းယွမ်က "သန္တာမီးအိမ် ဟုတ်လား" ဟု သံသယဖြင့် မေးလိုက်သည်။
ဂျိရှောင်ယွီက ဘေးမှနေ၍ ရှင်းပြလာသည်။ "ဒါက မှိန်ဖျော့ဖျော့ တောက်ပတဲ့ အလင်းရောင် ထုတ်လွှင့်ပေးနိုင်တဲ့ သန္တာကျောက်တန်း တစ်မျိုးပါ... ဒီသန္တာကျောက်တန်းတွေက တခြား သက်ရှိအများအပြားကို သူတို့ဆီမှာ လာရောက် ခိုအောင်းနေထိုင်ဖို့ ဆွဲဆောင်နိုင်တယ်"
"အဲ့ဒီအထဲမှာ သန္ဓေပြောင်း ငါးတစ်မျိုး ရှိတယ်... သူတို့ရဲ့ ခန္ဓာကိုယ် မျက်နှာပြင်ကနေ နူးညံ့တဲ့ အလင်းရောင်တွေ ထုတ်လွှင့်ပေးနိုင်လို့ ကျွန်မတို့က သူတို့ကို မီးအိမ်ငါးလို့ ခေါ်ကြတယ်"
"ဒီငါးတွေက သန္တာကျောက်တန်းတွေထဲမှာ ပုန်းအောင်းပြီး နားခိုရတာကို အကြိုက်ဆုံးပဲ... ကျွန်မတို့ ဒီမှာ သန္တာကျောက်တန်း အများကြီးကို သီးသန့် စိုက်ပျိုးထားတာ... စောစောက အပြင်ဘက်မှာတုန်းကလည်း ကျွန်မတို့ အဆောက်အအုံပေါ်မှာ ပြည့်နှက်နေတဲ့ သန္တာကျောက်တန်းတွေကို ရှင် မြင်လိုက်တယ် မဟုတ်လား"
လင်းယွမ်က မနေနိုင်ဘဲ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သူတို့နှစ်ဦး နောက်သို့ လိုက်ကာ ပိုက်ကွန်တံတိုင်း၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ဝင်ပေါက်နေရာမှာ စတိုးဆိုင်၏ ဒုတိယထပ် တံခါးပေါက်ပင် ဖြစ်သည်။
ပထမထပ်မှာ ရွှံ့နွံနှင့် သဲများဖြင့် တစ်ဝက်ကျော်ခန့် ဖုံးလွှမ်းခံထားရပြီ ဖြစ်ရာ လုံးဝ ဝင်ထွက်၍ မရနိုင်တော့ပေ။
ဒုတိယထပ် တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် သူတို့ပြောသော သန္တာမီးအိမ် ဆိုသည်ကို လင်းယွမ် မြင်တွေ့လိုက်ရသည်။
ကြီးမားကျယ်ပြန့်လှသော ဈေးဝယ်စင်တာကြီး၏ အတွင်းပိုင်း တစ်ခုလုံးမှာ နေ့လယ်ခင်းကဲ့သို့ လင်းထိန်နေသည်ကို မြင်တွေ့လိုက်ရသည်။
ဈေးဝယ်စင်တာ အလယ်ဗဟိုတွင် အလွန် ကြီးမားသော နေရာကြီး တစ်ခုကို ကန့်သတ်ထားပြီး ထိုနေရာတွင် ကြီးမားလှသော သန္တာကျောက်တန်းကြီး တစ်ခု ရှိနေပေသည်။
သန္တာကျောက်တန်းကြီးက မှိန်ဖျော့ဖျော့ အလင်းရောင်များ ထုတ်လွှတ်နေပြီး တောက်ပနေသော ငါးလေး အများအပြားက သန္တာကျောက်တန်းများကြားတွင် ဟိုမှသည်မှ ကူးခတ်သွားလာနေကြသည်။
ထိုငါးလေးများက လက်ဝါးအရွယ်အစားခန့်သာ ရှိကာ အလွန် သေးငယ်ကြသည်။ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေပြီး ငါးအရိုးများနှင့် ကလီစာများကိုပင် မြင်တွေ့နိုင်ပေသည်။
ဤငါးလေးများ၏ ခန္ဓာကိုယ် အတွင်းမှလည်း နူးညံ့သော အလင်းရောင်များ ဖြာထွက်နေပေသည်။
နို့နှစ်ရောင်၊ တောက်ပသော အစိမ်းရောင်နှင့် ရေခဲပြာရောင် စသည်ဖြင့် အရောင်အမျိုးမျိုး ရှိနေကြသည်။
ဤအလင်းရောင်များက တစ်ခုနှင့်တစ်ခု ယှက်နွှယ်နေကာ ငါးအုပ်ကြီး ကူးခတ်သွားလာမှုနှင့်အတူ ဤအထပ်ရှိ ဈေးဝယ်စင်တာ တစ်ခုလုံးကို လင်းထိန်သွားစေသည်။
မလှမ်းမကမ်းရှိ ဈေးဝယ်စင်တာ ဆိုင်ခန်း အချို့တွင်ပင် သန္တာကျောက်တန်း အသေးစားလေးများ ရှိနေသေးသည်။
ဤသန္တာကျောက်တန်းများနှင့် မီးအိမ်ငါးများက မီးသီးများကို အပြည့်အဝ အစားထိုးနိုင်ခဲ့ပြီး ရေလွှမ်းမိုးမှုအောက်တွင် အလင်းရောင် ပေးစွမ်းနိုင်သော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
အသက်အနည်းငယ် ကြီးပုံရသော အစွမ်းပိုင်ရှင် နှစ်ဦးက သန္တာကျောက်တန်းများ အောက်တွင် ထိုင်နေသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။
လင်းယွမ်တို့ သုံးဦးကို မြင်လိုက်ရသောအခါ သူတို့၏ အာရုံစိုက်မှုအားလုံးက ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
၎င်းတို့ထဲမှ သိသာထင်ရှားစွာ ရေလူသားမျိုးနွယ် အစွမ်းပိုင်ရှင် ဖြစ်နေသူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လင်းယွမ်ဟူသော သူစိမ်းကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။
ခုံကွေ့နုံက မနေနိုင်ဘဲ "ကွမ်ယွဲ့... ရှောင်ယွီ... ဒီလူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ဘေးဘက်ရှိ လူလတ်ပိုင်း အမျိုးသမီး မျက်နှာထားဖြင့် အစွမ်းပိုင်ရှင်ကလည်း မနေနိုင်ဘဲ "နင်က ဘယ်သူလဲ" ဟု မေးလာသည်။
ကွမ်ယွဲ့က အလျင်အမြန် ရှေ့ထွက်ကာ ရှင်းပြလိုက်သည်။ "ဦးလေးနုံ... အဒေါ်ကျိုး... သူကလည်း ရေလူသားမျိုးနွယ် အစွမ်းပိုင်ရှင် တစ်ယောက်ပါပဲ... သူက ဧဒင်ဥယျာဉ်ကို ဖျက်ဆီးပြီး ဝူယောင်ပန်းကို သတ်ပစ်ခဲ့တယ်... ဒီတစ်ခေါက် ရောက်လာတာက ရှောင်ယွီ ဖိတ်ခေါ်လို့ ကျွန်မတို့နဲ့ အပေးအယူတစ်ခု လာလုပ်တာပါ"
ခုံကွေ့နုံနှင့် ကျိုးကွေ့ရှန်းတို့ နှစ်ဦးစလုံး အလွန် အံ့အားသင့်သွားကြပြီး အလျင်အမြန်ပင် အနားသို့ လာကာ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မေးမြန်းကြတော့သည်။
ကွမ်ယွဲ့က စောစောကတည်းက မျှော်လင့်ထားပြီး ဖြစ်ရာ လင်းယွမ်ကို တောင်းပန်သည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် သူတို့နှစ်ဦးကို အပြင်ဘက်ရှိ အခြေအနေများကို ရှင်းပြလိုက်သည်။
ဒုက္ခပေးတတ်သော ဝူယောင်ပန်း သေဆုံးသွားပြီ ဖြစ်ကြောင်းနှင့် ဧဒင်ဥယျာဉ်မှ လူမိုက်များလည်း လင်းယွမ်၏ နှိမ်နင်းခြင်းကို ခံလိုက်ရပြီး ရှောင်မောင်းတောင် တစ်ခုလုံးကို လင်းယွမ်က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သူတို့ ကြားသိလိုက်ရသည်။
ချက်ချင်းပင် ရေအောက်ရှိ အစွမ်းပိုင်ရှင် အနည်းငယ်မှာ မှင်သက်သွားကြပြီး လင်းယွမ်ကို ကြည့်သော အကြည့်များကလည်း ရိုသေကြောက်ရွံ့မှုများ ပြည့်နှက်လာတော့သည်။
ခုံကွေ့နုံက "အဲ့ဒီ ဝူယောင်ပန်းက သေမျိုးမဟုတ်တဲ့ ခန္ဓာကိုယ် ရှိတယ်လို့ နာမည်ကြီးနေတာ မဟုတ်ဘူးလား... သူ ဘယ်လိုလုပ် သေသွားတာလဲ" ဟု တိုးတိတ်သော အသံဖြင့် မေးလိုက်သည်။
ကျိုးကွေ့ရှန်းကလည်း "ငါတို့ ရေလူသားမျိုးနွယ် အစွမ်းပိုင်ရှင်တွေထဲမှာ ဒီလောက် အရည်အချင်းရှိတဲ့ ထိပ်သီးအစွမ်းပိုင်ရှင် ရှိနေတာလား" ဟု အံ့သြတကြီး ပြောလိုက်သည်။
ဂျိရှောင်ယွီက ချက်ချင်းပင် "ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတာပါ... အတုဖြစ်နိုင်ပါ့မလား" ဟု ပြောလိုက်သည်။
ခုံကွေ့နုံက မနေနိုင်ဘဲ "ရှောင်ယွီ... သူက ငါတို့နဲ့ ဘာအပေးအယူ လုပ်ချင်လို့လဲ" ဟု မေးလိုက်သည်။
ဂျိရှောင်ယွီက ကွမ်ယွဲ့ကို လှမ်းကြည့်လိုက်ရာ ကွမ်ယွဲ့က "ကျွန်မပဲ ပြောပြပါ့မယ်... လင်းယွမ်က ရှောင်မောင်းတောင်ကို သိမ်းပိုက်ထားတယ်... သူက သူ့သူငယ်ချင်းကို မျိုးရိုးဗီဇမျိုးစေ့ အဆင့်တက်အောင် ကူညီပေးဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်းသတ္တဝါကို ရှာချင်နေတာ" ဟု ပြောလိုက်သည်။
"ရှောင်ယွီက သူ့ကို အဲ့ဒီ ဓားမြီးပင်လယ်မြွေရဲ့ တည်နေရာနဲ့ လဲလှယ်ပြီး ရှောင်မောင်းတောင်က မြေနေရာ တစ်ခုကို တောင်းဆိုခဲ့တယ်... နောက်ကျရင် ကျွန်မတို့ နေထိုင်ဖို့အတွက်ပေါ့"
"ဘာ... ဓားမြီးပင်လယ်မြွေ ဟုတ်လား" ခုံကွေ့နုံက အနည်းငယ် လန့်သွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
"အဲ့ဒီ မိစ္ဆာက ဒီနယ်မြေရဲ့ ရေအောက်မှာ အစွမ်းထက်ဆုံး မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်းသတ္တဝါပဲ... အရင်တုန်းက မဟာမိတ်အဖွဲ့က ထိပ်သီးအစွမ်းပိုင်ရှင်တွေ အတူတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာတောင် သူ့ကို မသတ်နိုင်ခဲ့တဲ့အပြင် သူ့ရဲ့ ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်တာကိုတောင် ခံခဲ့ရသေးတယ်"
"မင်းတို့က အဲ့ဒါနဲ့ အပေးအယူ လုပ်တာကို ဆရာလင်းယွမ်က သဘောတူပါ့မလား"
ကျိုးကွေ့ရှန်းကလည်း မနေနိုင်ဘဲ သတိပေးလိုက်သည်။ "နင်တို့ အရမ်း တဇွတ်ထိုး လုပ်တာပဲ... နောက်ဆုံးကျ အပေးအယူ မဖြစ်တဲ့အပြင် သူ့ကို အကြောင်းမဲ့ သွားဒုက္ခပေးသလို ဖြစ်နေဦးမယ်နော်"
ဂျိရှောင်ယွီက ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး "နောက်ဆုံးအဆင်မပြေရင်... ဓားမြီးပင်လယ်မြွေကို သွားမရှာဖို့ သူ့ကို ကျွန်မ ဖျောင်းဖျလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်မတို့က တစ်သက်လုံး ရေအောက်မှာပဲ နေလို့မှ မရတာ... ကျွန်မ သန္ဓေပြောင်း ငါးတွေနဲ့ ဒီရေညှိတွေကို စားရတာ ငြီးငွေ့နေပြီ... ချက်ပြုတ်ထားတဲ့ အစားအစာတွေ စားချင်တယ်... ကုန်းပေါ်က ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို စားချင်တယ်"
ကွမ်ယွဲ့နှင့် အခြားသူများက ခါးသီးစွာ ပြုံးလိုက်ကြသည်။ သူတို့တွင် အစွမ်းများ ရှိပြီး ရေလူသားအဖြစ် အသွင်ပြောင်းနိုင်ကာ ရေအောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်သည်မှာ မှန်ပေသည်။
သို့သော် ရေအောက် ဘဝတွင် မီးမရှိသလို အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များလည်း မရှိပေ။
အစားအစာများကို အစိမ်းလိုက်သာ စားသောက်နေရသဖြင့် သူတို့ မည်သို့ ခံနိုင်ရည် ရှိနိုင်မည်နည်း။
ကုန်းပေါ် ပြန်တက်ပြီး နေထိုင်နိုင်မည်ဆိုပါက မည်သူက ရေထဲတွင် နေချင်မည်နည်း။
လင်းယွမ်က သူတို့၏ ဆွေးနွေးပြောဆိုမှုများကို ဂရုမစိုက်ဘဲ ရေအောက် ခိုလှုံရေးစခန်းအား ဆက်လက် အကဲခတ်နေခဲ့သည်။
၎င်းကို ခိုလှုံရေးစခန်းဟု ခေါ်ဆိုနိုင်သော်လည်း လက်တွေ့တွင်မူ ဤဈေးဝယ်စင်တာ တစ်ခုသာ ရှိပေသည်။
ဒုတိယထပ်ရှိ ဈေးဝယ်စင်တာမှာ အခြေခံအားဖြင့် အလွတ်နီးပါး ဖြစ်နေပြီး ဆိုင်ခန်းအများအပြား၏ သံပန်းတံခါးများကို ချထားသည်။
သံပန်းတံခါး ချမထားသော ဆိုင်ခန်း အနည်းငယ်ကို လင်းယွမ် ကြည့်ရှုလိုက်ရာ အံ့သြဖွယ်ကောင်းစွာပင် အိပ်ရာကဲ့သို့သော ပစ္စည်းများ ရှိနေသေးသည်ကို သတိပြုမိလိုက်သည်။
သူက အနည်းငယ် အံ့အားသင့်သွားသည်။ ဤရေလူသားမျိုးနွယ်နှင့် ရေလူသားမျိုးနွယ် အစွမ်းပိုင်ရှင်များက ဤနေရာတွင် တကယ် အိပ်ကြသည်လား။
အကယ်၍ အိပ်ပျော်နေစဉ် တစ်ဝက်တစ်ပျက်တွင် သန္ဓေပြောင်းစွမ်းအင်များ ကုန်ခမ်းသွားပြီး အသွင်ပြောင်းထားသည့် အခြေအနေကို မထိန်းသိမ်းနိုင်တော့ပါက အသက်ရှူကြပ်ပြီး သေဆုံးသွားနိုင်သည် မဟုတ်လား။
လင်းယွမ်က ခန္ဓာကိုယ်ကို အပေါ်သို့ ပေါ်တက်စေကာ ဈေးဝယ်စင်တာ၏ တတိယထပ်နှင့် စတုတ္ထထပ်တို့ကို ကြည့်ရှုလိုက်ရာ ထိုအထပ်များတွင် နေထိုင်သူ အလွန် နည်းပါးကြောင်း တွေ့ရှိလိုက်ရသည်။
အကြမ်းဖျင်း ကြည့်ရှုပြီးနောက် ဤရေအောက် ဈေးဝယ်စင်တာ ခိုလှုံရေးစခန်းတွင် တကယ်တမ်း လူနှစ်ဆယ်ကျော်သာ အများဆုံး ရှိနိုင်မည်ဟု လင်းယွမ် ခန့်မှန်းလိုက်သည်။
သူ လှည့်ကာ ဒုတိယထပ်သို့ ပြန်ဆင်းလာချိန်တွင်မူ ပတ်ဝန်းကျင်၌ အစွမ်းပိုင်ရှင် အများအပြား တဖြည်းဖြည်း စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့အားလုံး ရှောင်မောင်းတောင်၏ ကိစ္စရပ်များကို ကြားသိခဲ့ရသဖြင့် အားလုံး မှင်သက်နေကြသည့်အပြင် လင်းယွမ်ကိုပါ အကဲခတ် ကြည့်ရှုနေကြသည်။
လင်းယွမ်က သူတို့ကို ပြုံးပြလိုက်ပြီး နောက်ဆုံးတွင် ကွမ်ယွဲ့နှင့် ဂျိရှောင်ယွီတို့ ရှေ့သို့ ရောက်လာကာ "ခင်ဗျားတို့ဆီမှာ ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိလဲ" ဟု မေးလိုက်သည်။
ကွမ်ယွဲ့က ခုံကွေ့နုံကို တစ်ချက် ကြည့်လိုက်ပြီး "ဦးလေးနုံက ကျွန်မတို့ဆီမှာ အဓိက အရည်အသွေး အမြင့်ဆုံးလူပဲ... ကျွန်မတို့ အားလုံး သူ့စကားကို နားထောင်ကြတယ်" ဟု ပြောလိုက်သည်။
ခုံကွေ့နုံက အလျင်အမြန် လက်ကာပြလိုက်ပြီး "ကျွန်တော်က အသက်ကြီးပါပြီ... ဒီက ကိစ္စတော်တော်များများကို ရှောင်ယွဲ့တို့ပဲ လုပ်ကြတာပါ" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ဘာလိုပဲဖြစ်ဖြစ် ခင်ဗျားတို့ နှစ်ယောက်စလုံး ဒီမှာ ရှိနေတော့ ကျွန်တော် တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်... ခင်ဗျားတို့ရဲ့ လူဦးရေက သုံးဆယ် ထက် မပိုလောက်ဘူး မဟုတ်လား"
"ဟုတ်ပါတယ်" ကွမ်ယွဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အနည်းငယ် ညှိုးငယ်စွာဖြင့် "အရင်က ကျွန်မတို့ ရေအောက်မှာ နေထိုင်နိုင်တဲ့ လူတွေထဲမှာ အယောက် ငါးဆယ် ခြောက်ဆယ်ကျော် ရှိခဲ့တာပါ" ဟု ပြောလိုက်သည်။
"ချယ်ရီပန်းလမ်း တိုက်ပွဲအပြီးမှာ ကျွန်မတို့ လူတွေ အများကြီး သေဆုံးသွားခဲ့တယ်... အခု ကျွန်မတို့ပဲ ကျန်တော့တာ"
"ချယ်ရီပန်းလမ်း တိုက်ပွဲ ဟုတ်လား" လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။
ဂျိရှောင်ယွီက "ဝူယောင်ပန်းက... ကျွန်မတို့ မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးအစွမ်းပိုင်ရှင်တွေကို လှည့်စားခဲ့တဲ့ အဲ့ဒီတိုက်ပွဲကြီးလေ" ဟု သတိပေးလိုက်သည်။
လင်းယွမ်က သဘောပေါက်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်ကာ "ခင်ဗျားတို့မှာ လူဦးရေ မများတော့ ခင်ဗျားတို့ကို အရမ်းကြီးတဲ့ မြေနေရာ ပေးဖို့တော့ မဖြစ်နိုင်ဘူး" ဟု ပြောလိုက်သည်။
"ရှောင်မောင်းတောင် တောင်ခါးပန်းနားက... ရှောင်ယွီ နင် ငါတို့ကို ဂူထဲကနေ ရှောင်မောင်းတောင်ထဲ ခေါ်သွားတဲ့ နေရာကို မှတ်မိသေးလား"
"မှတ်မိပါတယ်"
"အဲ့ဒီဂူက ရေအောက်ကို တိုက်ရိုက် ရောက်နိုင်တယ်... ဂူရဲ့ အပြင်ဘက်မှာလည်း လှေကားထစ် စိုက်ခင်း တော်တော်များများ ရှိတယ်... အဲ့ဒီနေရာကို ကျွန်တော် ခင်ဗျားတို့ကို ခွဲပေးမယ်"
"ခင်ဗျားတို့ အဲ့ဒီဂူကို ဗဟိုပြုပြီး ကုန်းပေါ်မှာ အိမ်တွေ ဆောက်လို့ရတယ်... ကုန်းပေါ်မှာ နေထိုင်လို့ရတယ်"
"ရေအောက် ပြန်ဆင်းချင်ရင်လည်း အချိန်မရွေး ဂူထဲက ရေအောက်လမ်းကြောင်းကနေ ပြန်လာလို့ ရတယ်"
"ခင်ဗျားတို့ ဘယ်လိုသဘောရလဲ"
ဂျိရှောင်ယွီနှင့် ကွမ်ယွဲ့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကွမ်ယွဲ့က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်မကတော့ အရမ်းကောင်းတယ်လို့ ထင်တယ်... ဒါဆို ကျွန်မတို့ ကုန်းပေါ်ကိုလည်း တက်လို့ရသလို ရေအောက်မှာလည်း ပြန်နေထိုင်နိုင်တယ်... တခြားသူတွေရဲ့ အာရုံစိုက်တာကိုလည်း ခံရမှာ မဟုတ်ဘူး"
ခုံကွေ့နုံက မနေနိုင်ဘဲ "ဆရာလင်းယွမ်... နောက်ပိုင်း ကျွန်တော်တို့ဆီမှာ လူဦးရေ ပိုများလာရင်ကော ကျွန်တော်တို့ နေထိုင်မယ့် ဧရိယာကို တိုးပေးနိုင်မလား" ဟု မေးလိုက်သည်။
လင်းယွမ်က ပြုံးကာ "ဒါပေါ့... ကမ္ဘာပျက်ကပ်ထဲမှာ လူဦးရေကမှ အဖိုးတန်ဆုံး အရင်းအမြစ်ပဲလေ" ဟု ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် ကြိုပြောထားချင်တာက... ရှောင်မောင်းတောင်က ဒီလောက်ပဲ အကျယ်အဝန်း ရှိတာ... မြေနေရာ အရင်းအမြစ်က ကျပ်တည်းတယ်... သုံးစွဲမယ့် မြေနေရာ အားလုံးက စနစ်တကျ စီမံကိန်း ရှိရမယ်"
"ခင်ဗျားတို့ အိမ်တွေ ဘာတွေ ဆောက်ချင်ရင်... နောက်ကျရင် အဆောက်အအုံတွေ သီးသန့်ဆောက်ဖို့ ကျွန်တော် လူလွှတ်ပေးမယ်... အဲ့ဒီလိုမှ မဟုတ်ဘဲ လူတိုင်းက သီးသန့်အိမ်တွေ ဆောက်နေရင် မြေနေရာ အရမ်း ဖြုန်းတီးရာ ကျလိမ့်မယ်"
ခုံကွေ့နုံက မနေနိုင်ဘဲ ပြုံးရယ်လိုက်ပြီး "တကယ်တော့ ကျွန်တော်တို့ ဘယ်မှာနေရနေရ ဂရုမစိုက်ပါဘူး... အဓိကက ကျွန်တော်တို့ ကိုယ်တိုင် စားဖို့သောက်ဖို့ စိုက်ပျိုးနိုင်တဲ့ မြေနေရာ တစ်ခု ရချင်တာပါ... ရေအောက်ဘဝက တကယ်ကို အသားမကျနိုင်ဘူး ဖြစ်နေလို့ပါ" ဟု ပြောလိုက်သည်။
လင်းယွမ်က ရယ်မောလိုက်သည်။ "စိုက်ပျိုးရေး လုပ်တာကတော့ သေချာပေါက် ရတာပေါ့... နောက်ပိုင်း ရှောင်မောင်းတောင်က သေချာပေါက် ဖူလုံအောင် လုပ်ရမှာပဲ"
"အချိန်ကျရင် ရှောင်မောင်းတောင်ကို ပြုပြင်ဖို့အတွက်... ကျွမ်းကျင်သူတွေကို ကျွန်တော် ခေါ်လာခဲ့မယ်"
အကယ်၍ ဤနေရာက လုံလောက်သော တည်ငြိမ်မှု ရှိပါက လင်းယွမ်က ဤနေရာကို ထိုက်ယန်တောင်၏ အရန်စခန်း တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိနေသည်။
"ကျေးဇူးတင်ပါတယ် ဆရာလင်းယွမ်"
"ကျေးဇူးတင်ပါတယ်... ရှင့်ကို ကျေးဇူးတင်ပါတယ်"
ခုံကွေ့နုံ၊ ကွမ်ယွဲ့နှင့် ကျိုးကွေ့ရှန်းတို့က အသီးသီး ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ အခြားသူများကလည်း လင်းယွမ်ထံသို့ ရှေ့ထွက်လာကာ ကျေးဇူးတင်စကား ဆိုကြသည်။
လင်းယွမ်က ဂျိရှောင်ယွီကို ကြည့်ကာ ပြုံးလိုက်ပြီး "ရှောင်ယွီ... အဲ့ဒီ ဓားမြီးပင်လယ်မြွေရဲ့ တည်နေရာကို ငါ့ကို ပြောပြလို့ရပြီ မဟုတ်လား" ဟု မေးလိုက်သည်။
ဂျိရှောင်ယွီ၏ အပြုံးများက ရပ်တန့်သွားပြီး ထိုစကားကို ကြားသောအခါ အလျင်အမြန်ပင် ဖျောင်းဖျလိုက်သည်။ "အစ်ကိုလင်း... ဓားမြီးပင်လယ်မြွေရဲ့ နေရာကို ကျွန်မ သိပါတယ်... ဒါပေမဲ့ ရှင်သူ့ကို သွားရန်မရှာတာ ပိုကောင်းမယ်"
"သူက တကယ်ကို အရမ်း စွမ်းတာ... အရင်တုန်းက ကျွန်မတို့ရဲ့ မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် မဟာမိတ်အဖွဲ့က သူ့ကို သွားပြီး အမဲလိုက်ခဲ့ကြပေမဲ့... နောက်ဆုံးမှာ သူ့ကို မသတ်နိုင်ခဲ့တဲ့အပြင် ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်တာကိုပါ ခံခဲ့ရသေးတယ်"
"အဲ့ဒါကြောင့်ပဲ ဝူယောင်ပန်းက အခွင့်အရေး ရသွားတာ... အခုအချိန်အထိ အရင်တုန်းက ဓားမြီးပင်လယ်မြွေကို ဝိုင်းဝန်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စအတွက် ကျွန်မတို့ နောင်တရနေကြတုန်းပဲ"
လင်းယွမ်က ထိုစကားကို ကြားသောအခါ "ဒီ ဓားမြီးပင်လယ်မြွေက တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းတာလား" ဟု မေးလိုက်သည်။
ဂျိရှောင်ယွီက "ဟုတ်တယ်... အရမ်းကို စွမ်းတာ... ဝူယောင်ပန်းတောင် သူ့ကို သွားရန်မစရဲဘူး" ဟု ပြန်ဖြေလိုက်သည်။
လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး "ဒီလိုဆိုမှတော့ သူ့ကို ပိုလို့တောင် ရှင်းပစ်ရဦးမယ်" ဟု ပြောလိုက်သည်။
ဂျိရှောင်ယွီက "ရှင်... ဘာဖြစ်လို့လဲ" ဟု အံ့သြတကြီး မေးလိုက်သည်။
"တကယ်လို့ အခု သူ့ကို မသတ်ပစ်ဘဲ ဆက်ပြီး ကြီးထွားလာခွင့် ပေးလိုက်မယ်ဆိုရင်... အနှေးနဲ့အမြန် သူက ပိုပြီး သန်မာလာမယ်... ပိုပြီး ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင် ဖြစ်လာလိမ့်မယ်"
"အဲ့ဒီအချိန်ရောက်ရင် ငါတို့ သူ့ကို သတ်ချင်တာ မသတ်ချင်တာက အရေးမကြီးတော့ဘူး... သူက ဒီ ဟင်းလင်းပြင် ခေါက်ချိုးနယ်မြေ တစ်ခုလုံးကို ကြီးစိုးဖို့ လုပ်လာမှာပဲ"
လင်းယွမ်၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံး အလန့်တကြား ဖြစ်သွားကြသည်။
ဤအကြောင်းပြချက်ကို သူတို့ နားမလည်ကြသည်တော့ မဟုတ်ပေ။ သို့သော် မည်သူကမျှ အဆုံးအထိ တွေးတောရန် မရဲဝံ့ခဲ့ကြခြင်းသာ ဖြစ်သည်။
ယခုအချိန်တွင် လူတိုင်းက ထို ဓားမြီးပင်လယ်မြွေကို မယှဉ်နိုင်ကြသဖြင့် သဘာဝကျကျပင် ရသလောက် အသက်ဆက်နေရုံမျှသာ တတ်နိုင်ကြသည်။
ထို ဓားမြီးပင်လယ်မြွေက လူသားများကို ထွက်၍ အမဲမလိုက်သရွေ့ သူတို့က ဆက်လက်၍ ရှင်သန်နိုင်ကြသေးသည်။
ဝူယောင်ပန်းကလည်း အစကတည်းက အလားတူ အတွေးမျိုး ရှိခဲ့ပုံရသည်။
သူက ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သတ္တဝါများကို အမဲလိုက်ရန်သာ အာရုံစိုက်နေခဲ့ပြီး သူ၏ မူလခန္ဓာကိုယ် စွမ်းအားကို မြှင့်တင်ရန်သာ လုပ်ဆောင်ခဲ့သည်။
ဤ ဓားမြီးပင်လယ်မြွေကို မသတ်ဘဲ လွှတ်ထားရန် အကြောင်းပြချက် မရှိပေ။
သူက ဤ ဓားမြီးပင်လယ်မြွေကို မယှဉ်နိုင်မှန်း သိနေသောကြောင့် ဓားမြီးပင်လယ်မြွေ ရေအောက်တွင် ကြီးစိုးနေသည်ကိုသာ ကြည့်နေနိုင်ခဲ့ခြင်း ဖြစ်ပေမည်။
သို့သော် ဝူယောင်ပန်း ဓားမြီးပင်လယ်မြွေကို မသတ်နိုင်ခြင်းက လင်းယွမ် မလုပ်နိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဝူယောင်ပန်းတွင် အဓိက အရည်အသွေး ၈၇ မှတ် ရှိနေပုံပေါ်သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းက မကောင်းလှပေ။
လင်းယွမ်ကမူ ထိုသို့မဟုတ်။ သူ၏ အမြင့်ဆုံး အရည်အသွေးက ခွန်အား ဖြစ်ပြီး ကြွက်သားပေါက်ကွဲအစွမ်း ကဲ့သို့သော ခွန်အား မြှင့်တင်ပေးနိုင်သည့် အစွမ်းမျိုးပင် ရှိနေသေးသည်။
ထို့ကြောင့် သူက ဝူယောင်ပန်းထက်စာလျှင် သေချာမှု ပိုရှိနေဆဲ ဖြစ်သည်။
သေချာသည်မှာ ပို၍ အရေးကြီးသောအချက်က ယခုအခါတွင် သူက ဂိုဏ်းကြီးသုံးဂိုဏ်း၏ တိုက်ပွဲကြီးကို ဖြတ်သန်းခဲ့ရပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိပ်သီးအစွမ်းပိုင်ရှင် အများအပြားကို သတ်ဖြတ်ခဲ့သောကြောင့် သူ၏ အမှတ်များက တစ်ဟုန်ထိုး ထပ်မံ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် အမှတ် သုံးသိန်းကျော်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမျှများပြားသော အမှတ်များက သူ့ကို နောက်ထပ် အရည်အသွေးမှတ် ၃၀ ထပ်မံ ကံစမ်းမဲနှိုက်ရန် လုံလောက်ပေသည်။
အကယ်၍ ကံကောင်းမည်ဆိုပါက သူက အရည်အသွေးလေးခုထဲမှ တစ်ခုခုကို တိုက်ရိုက် ၁၀၀ မှတ်အထိပင် ပြည့်သွားစေနိုင်ပေသည်။
ဆက်ရန်...
အပိုင်း(၅၁၆) ရေဒြပ်စင်သင်္ကေတအရိုးကို ရရှိခြင်း
ချယ်ရီလမ်းမကြီးက မူလက ဂေဟမြို့တော်၏ မြောက်ဘက်တွင် တည်ရှိပြီး လင်ကျောင်းနှင့် ဆက်စပ်နေသည်။
ရေလွှမ်းမိုးမှုကြီး မတိုင်မီက ထိုနေရာက နာမည်ကြီး မြစ်ကမ်းဘေး အပန်းဖြေနေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။
နှစ်စဉ် နွေဦးရာသီ ရောက်တိုင်း လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ချယ်ရီပန်းများ မရေမတွက်နိုင်အောင် ပွင့်လန်းလေ့ရှိပြီး အလွန်ပင် သာယာလှပပေသည်။
နယ်ဝေးမှ ခရီးသွားများစွာကလည်း ချယ်ရီပန်းများကို ကြည့်ရှုရန် လာရောက်လေ့ရှိကြသည်။
"ရေကြီးပြီး သုံးလလောက်အကြာမှာ... ဓားမြီးပင်လယ်မြွေက ချယ်ရီလမ်းမကြီးမှာ နေရာယူလာခဲ့တယ်"
"အဲ့ဒီတုန်းက မိုးသည်းကြီးမဲကြီးရွာတာ သုံးလရှိသွားပေမဲ့ တချို့ အဆောက်အအုံတွေကို လုံးဝ ရေလွှမ်းမသွားသေးဘူး... အသက်ရှင်ကျန်ရစ်သူ တော်တော်များများကလည်း အဆောက်အအုံကြီးတွေထဲမှာ နေထိုင်နေကြတုန်းပဲ"
"ဒါပေမဲ့ ဓားမြီးပင်လယ်မြွေ ပေါ်လာပြီးကတည်းက... လူတွေကို နေရာအနှံ့ လိုက်ပြီး တိုက်ခိုက်တော့တာပဲ"
"အဲ့ဒီဘက်မှာ ကြောက်ဖို့ကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင် ပေါ်လာပြီဆိုတာကို အားလုံး သိသွားကြတော့... လူတိုင်းက အဲ့ဒီနေရာကနေ ထွက်ပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတယ်"
"အဲ့ဒီကနေမှ... ရှောင်မောင်းတောင် စုဝေးစခန်းဆိုတာ ဖြစ်လာခဲ့တာပဲ"
"အဲ့ဒီအချိန်တုန်းက လူတော်တော်များများ စောစောစီးစီး ထွက်ပြေးနိုင်ခဲ့လို့ တော်သေးတာပေါ့... မဟုတ်ရင် မလွယ်ဘူး... နောက်ပိုင်း ရေလွှမ်းမိုးမှုက ပိုပိုကြီးလာပြီး ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေကလည်း ပိုပိုပြီး အစွမ်းထက်လာကြတာ"
"မြစ်ကမ်းဘေးမှာ နေခဲ့ကြတဲ့ ကျွန်မတို့လို လူတွေဆိုရင်... ပြေးလို့တောင် လွတ်နိုင်မှာ မဟုတ်ဘူး"
ရေပြင်ပေါ်တွင် ထိုက်ယန်တောင် အမြန်လှေတစ်စင်းက အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။
ဂျိရှောင်ယွီက ချယ်ရီလမ်းမကြီးအကြောင်းကို မိတ်ဆက်ပေးနေရင်း ဓားမြီးပင်လယ်မြွေအကြောင်းကိုပါ ပြောပြနေသည်။
ဘေးနားရှိ ကွမ်ယွဲ့က "ဆရာလင်း... ဓားမြီးပင်လယ်မြွေက တကယ်ကို အစွမ်းထက်တယ်... ကျွန်မတို့လည်း အဲ့ဒီ တိရစ္ဆာန်ကို မတွေ့ရတာ သုံးလနီးပါးလောက် ရှိနေပြီ" ဟု ပြောလိုက်သည်။
"အခုချိန်မှာ သူက ပိုပြီး အစွမ်းထက်လာပြီလား ဆိုတာကိုတော့ မသိရသေးဘူး"
လင်းယွမ်က "ဒီဓားမြီးပင်လယ်မြွေက လင်ကျောင်းဘက်ကနေ ကူးလာတာလား"
ကွမ်ယွဲ့က ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်တယ်... အရင်ကတော့ ကျွန်မတို့ဆီမှာ ဓားမြီးပင်လယ်မြွေကို တစ်ခါမှ မတွေ့ဖူးဘူး" ဟု ပြန်ဖြေလိုက်သည်။
"ပြီးတော့ ကျွန်မ သိထားသလောက်ဆိုရင်... ဓားမြီးပင်လယ်မြွေက ပင်လယ်ထဲမှာပဲ ရှိသင့်တဲ့ ပင်လယ်မြွေ အမျိုးအစားပဲ... ရေချိုထဲမှာ မရှိသင့်ဘူးလေ"
"ဒီနေရာကို ဘယ်လို ရောက်လာမှန်းတောင် မသိပါဘူး"
လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။ သူက ရေလွှမ်းမိုးမှု အစောပိုင်းကာလ ကတည်းက ရေကြီးမှုထဲတွင် ငါးသတ္တာများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
ယင်းက မြစ်ချောင်းအင်းအိုင်များ အားလုံး စောစောစီးစီး ရေလွှမ်းမိုးခံခဲ့ရပြီး ပင်လယ်ရေများက ကုန်းမြေပေါ်သို့ ပြန်လည် စီးဝင်လာခဲ့ပြီ ဖြစ်ကြောင်းကို ပြသနေပေသည်။
ထို့ကြောင့်သာ ဤပင်လယ်သတ္တဝါများ ပေါ်ထွက်လာရခြင်း ဖြစ်သည်။
ထို့အပြင် လင်းယွမ်၏ တစ်ခဏတာ စောင့်ကြည့်လေ့လာမှုအရ ရေလွှမ်းမိုးမှုထဲရှိ သန္ဓေပြောင်း သတ္တဝါများထဲတွင် ဤပင်လယ် သန္ဓေပြောင်း သတ္တဝါများက ပို၍ အစွမ်းထက်တတ်ပြီး ရေချိုအိုင်များထဲတွင်မူ အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါများက ရှားပါးလှပေသည်။
သူက ယခင်ကလည်း ပါမောက္ခ လီဟန်ကျုံးတို့နှင့် ဤကိစ္စကို ဆွေးနွေးခဲ့ဖူးသည်။
အားလုံးက ကမ္ဘာကြီး သန္ဓေပြောင်းလဲမှုက စောစောစီးစီး စတင်ခဲ့ခြင်း ဖြစ်နိုင်ပြီး အစောဆုံး သန္ဓေပြောင်းလဲမှုသည် ပင်လယ်သမုဒ္ဒရာထဲမှ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု တညီတညွတ်တည်း ယူဆထားကြသည်။
ထို့ကြောင့် ဤပင်လယ်သတ္တဝါများက အခြား မျိုးစိတ်များထက် ရှေ့ပြေးကာ ဦးစွာ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ပြီး ပိုမို အစွမ်းထက်လာရခြင်း ဖြစ်သည်။
ဖုချီပေါ်ကလည်း ပင်လယ်သတ္တဝါများ၏ မျိုးစိတ်များနှင့် အရေအတွက်က ကုန်းမြေပေါ်နှင့် ရေချိုအိုင်များထဲရှိ သတ္တဝါများ၏ မျိုးစိတ်များနှင့် အရေအတွက်ထက် များစွာ သာလွန်ကြောင်းကို ထောက်ပြခဲ့သေးသည်။
ထို့ကြောင့် ဖြစ်နိုင်ခြေ သဘောတရားအရ ကြည့်မည်ဆိုလျှင် ပင်လယ်ထဲတွင် ပို၍ အစွမ်းထက်သော သန္ဓေပြောင်း သတ္တဝါများ မွေးဖွားလာခြင်းကလည်း အလွန် ပုံမှန်ပင် ဖြစ်ပေသည်။
"ဆရာလင်း... ဓားမြီးပင်လယ်မြွေက အရမ်းမြင့်မားတဲ့ ခွန်အားနဲ့ ရေအောက်အလျင်ကို ပိုင်ဆိုင်ထားရုံတင် မကဘူး... ပြင်းထန်တဲ့ အဆိပ်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်"
"သူ့ရဲ့ အဆိပ်က ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်ရုံတင် မဟုတ်ဘူး... စိတ်ကိုပါ ထိခိုက်စေနိုင်တယ်"
ကွမ်ယွဲ့က သတိပေးလိုက်သည်။
လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "သတိပေးတဲ့အတွက် ကျေးဇူးပါ... ကျွန်တော် သတိထားပါ့မယ်" ဟု ပြန်ပြောလိုက်သည်။
"ဒီနားတစ်ဝိုက်ပဲ ဖြစ်မယ်"
ဂျိရှောင်ယွီက ရုတ်တရက် ခေါင်းမော့ကာ ပတ်ဝန်းကျင်ရှိ ရေပြင်ကို အကဲခတ်လိုက်ပြီးနောက် လင်းယွမ်ကို သတိပေးလိုက်သည်။
လင်းယွမ်က ခေါင်းမော့ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် ရေပြင်ကျယ်ကြီးသာ ရှိနေပြီး တစ်ဆယ့်ရှစ်ထပ်အထက် ရှိသော အဆောက်အအုံ အချို့သာ ရေပြင်ပေါ်သို့ ပေါ်ထွက်နေသည်ကို မြင်လိုက်ရသည်။
ဂျိရှောင်ယွီက မလှမ်းမကမ်းရှိ ရေပြင်ပေါ်သို့ ပေါ်ထွက်နေသော လူနေရပ်ကွက်တစ်ခုကို လက်ညှိုးထိုးပြကာ "အဲ့ဒီရပ်ကွက်က ရွှေရှုဥယျာဉ် ဖြစ်မယ်... ချယ်ရီလမ်းမကြီးက ရွှေရှုဥယျာဉ်ရဲ့ ဘေးမှာပဲ ရှိတာ" ဟု ပြောလိုက်သည်။
ယင်းက ဒေသခံများသာ သိနိုင်သော ပထဝီဝင် အနေအထားပင် ဖြစ်သည်။
လင်းယွမ်က မတ်တတ်ရပ်ကာ အနီးနားတစ်ဝိုက်ကို ကြည့်လိုက်ရာ ရေလှိုင်းများက တလွင့်လွင့် ဖြစ်နေပြီး ရေပြင်ပေါ်တွင် အမှိုက်သရိုက် အမြောက်အမြား ပေါလောပေါ်နေသည်ကို တွေ့လိုက်ရသည်။
သစ်သားတုံးများ၊ ပလပ်စတစ် ပစ္စည်းအမျိုးမျိုး၊ မျောပါနေသော သစ်ပင်အမြစ်များ၊ အဆောက်အအုံ အပျက်အစီးများ ရှိနေပြီး အလောင်းအချို့ပင် ရှိနေသေးသည်။
သူက လေးနက်သော အသံဖြင့် "ကျွန်တော် ဆင်းပြီး သွားကြည့်လိုက်မယ်... ခင်ဗျားတို့က ဒီကနေ အရင် ထွက်သွားပြီး အနီးနားက အဆောက်အအုံကြီးတွေထဲမှာ သွားပုန်းနေလိုက်ကြ" ဟု ပြောလိုက်သည်။
"ဂရုစိုက်နော်" ဂျိရှောင်ယွီက မနေနိုင်ဘဲ အော်ပြောလိုက်သည်။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ "စိတ်ချပါ" ဟု ပြောလိုက်သည်။
ပြောပြီးနောက် သူက ခန္ဓာကိုယ်ကို တစ်ချက် လွှဲလိုက်ကာ ရေထဲသို့ တိုက်ရိုက် ခုန်ချသွားခဲ့သည်။
ဂျိရှောင်ယွီက အမြန် ခြေလှမ်းနှစ်လှမ်းခန့် လျှောက်သွားကာ အမြန်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်လိုက်ပြီး ရေလှိုင်းများကို ကြည့်ရင်း မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။
ကွမ်ယွဲ့က မနေနိုင်ဘဲ ပြုံးလိုက်ပြီး "ရှောင်ယွီ... နင်က ဆရာလင်းကို ဒီလောက်တောင် ဂရုစိုက်နေတာလား"
ဂျိရှောင်ယွီက နောက်သို့ လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။ "သူက လူကောင်းတစ်ယောက်ပါ... ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ သိပ်မရှိတော့ဘူးလေ"
ကွမ်ယွဲ့က ချက်ချင်း မှင်သက်သွားပြီး မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်လေ... ဆရာလင်း ဘေးကင်းစေဖို့ပဲ မျှော်လင့်ရတော့မှာပဲ"
သူတို့နှစ်ဦးက ရေပြင်ကို အတန်ကြာအောင် ကြည့်နေပြီးနောက် နောက်ဆုံးတွင် အမြန်လှေကို စက်နှိုးကာ မလှမ်းမကမ်းရှိ ရွှေရှုဥယျာဉ်ဆီသို့ အလျင်အမြန် မောင်းနှင်သွားကြသည်။
...
ရေအောက် ပေ ၃၀ ခန့်တွင် လင်းယွမ်က မျိုးရိုးဗီဇ အသွင်တစ်ရာကို အသုံးပြုကာ ရေလူသားအသွင်သို့ ပြောင်းလဲလိုက်သည်။
လိပ်ခွံစွမ်းအင်အကာအကွယ် ကဲ့သို့သော အကာအကွယ်များကို တိုက်ရိုက် ဖွင့်လှစ်ခြင်း သို့မဟုတ် ရေကွင်းသင်္ကေတကို အသုံးပြု၍ ရေငုပ်ခြင်းထက်စာလျှင် ဤအခြေအနေဖြင့် ရေငုပ်ခြင်းက ပို၍ လျှို့ဝှက်နိုင်ပြီး သန္ဓေပြောင်းစွမ်းအင်များကိုလည်း ပို၍ ချွေတာနိုင်ပေသည်။
လင်းယွမ်က ရေအောက်တွင် လှည့်လည်သွားလာနေပြီး သူ၏ မျက်လုံးများက ညကြည့်စွမ်းရည်ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။
မျိုးရိုးဗီဇ အသွင်တစ်ရာ အလုပ်လုပ်လာပြီးနောက် သူက ရေအောက်ရှိ ဖိအားကို အလျင်အမြန်ပင် အသားကျသွားခဲ့သည်။
သူက ရေအောက်သို့ ဆက်တိုက် ငုပ်ဆင်းသွားသည်နှင့်အမျှ မကြာမီတွင်ပင် နိမ့်ပါးသော အဆောက်အအုံ အချို့ကို မြင်တွေ့လိုက်ရသည်။
ထိုအဆောက်အအုံများက ဂေဟမြို့တော်ရှိ ဒေသခံများ၏ လူနေအိမ်များ ဖြစ်ကြပြီး နှစ်ထပ် သုံးထပ် အဆောက်အအုံငယ်လေးများနှင့် စားသောက်ဆိုင်ငယ်လေးများစွာလည်း ရှိနေပေသည်။
ဤနေရာက ချယ်ရီလမ်းမကြီးကြောင့် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဒေသခံများက ထိုအခွင့်အရေးကို အသုံးချကာ တည်းခိုခန်းများနှင့် စားသောက်ဆိုင် လုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ဤအဆောက်အအုံများ အားလုံးက ရေလွှမ်းမိုးခံခဲ့ရပြီ ဖြစ်ကာ လင်းယွမ်က တည်းခိုခန်းတစ်ခုအတွင်း ကြမ်းပြင်ပေါ်တွင် ကျန်နေခဲ့သော လူအရိုးစု အချို့ကိုပင် မြင်တွေ့လိုက်ရသေးသည်။
အနီးနားရှိ သစ်ပင်များကလည်း စောစောစီးစီး ရေလွှမ်းမိုးခံခဲ့ရပြီး ယခင်က ကားလမ်းမကြီးကလည်း ရွှံ့နွံ အမြောက်အမြားဖြင့် ဖုံးလွှမ်းခံနေရပြီ ဖြစ်သည်။
သို့သော် လင်းယွမ်ကို အံ့အားသင့်သွားစေသည်မှာ လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ ချယ်ရီပင်များက ပုပ်သိုး ညှိုးနွမ်းသွားခြင်း မရှိပေ။
ထိုချယ်ရီပင်များ၏ မျက်နှာပြင်တွင်မူ ကျောက်သလင်း ကဲ့သို့သော အခေါက်များ အမြောက်အမြား ပေါ်ထွက်နေပေသည်။
ထိုသစ်ပင် ပင်စည်များကလည်း အလွန် ကြီးမား တုတ်ခိုင်လာခဲ့ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘိလပ်မြေဖြင့် လောင်းချထားသည်နှင့်ပင် တူညီနေတော့သည်။
လင်းယွမ်က မနေနိုင်ဘဲ ရှေ့သို့ တိုးသွားကာ ထိုချယ်ရီပင်များကို အသာအယာ ထိတွေ့ကြည့်လိုက်သည်။
ထိုသို့ ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ပင်လုံးရှိ ကျောက်သလင်း အခေါက်များက ရုတ်တရက် လင်းလက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤသစ်ပင်က ပွဲတော်ကာလတွင် ရောင်စုံမီးသီးလေးများ ချိတ်ဆွဲထားသကဲ့သို့ တောက်ပလာခဲ့တော့သည်။
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားကာ "ဒီချယ်ရီပင်တွေက ရေလွှမ်းမိုးခံရပြီးတဲ့နောက်မှာ... သူတို့ရဲ့ ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းကို ရှာတွေ့သွားခဲ့တဲ့ပုံပဲ"
"နေရောင်ခြည်လည်း မရှိ... လေလည်း မရှိဘဲနဲ့ ရေအောက်မှာ ရှင်သန်ဖို့ ဘယ်လိုများ အသားကျသွားခဲ့ပါလိမ့်"
လင်းယွမ်က ရုတ်တရက် သိချင်စိတ် ပြင်းပြသွားကာ သစ်ကိုင်းတစ်ကိုင်းကို ချိုးကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသို့ အားကုန်သုံး၍ ချိုးလိုက်သောအခါ ဤချယ်ရီပင်၏ သစ်ကိုင်းများက အလွန် မာကျောလှပြီး သံမဏိချောင်းများထက်ပင် ပို၍ ခိုင်ခံ့နေကြောင်းကို တွေ့ရှိလိုက်ရသည်။
လင်းယွမ်၏ ယခုလက်ရှိ ခွန်အား အမှတ်များဖြင့်ပင်လျှင် အနည်းငယ် အားစိုက်ထုတ်နေရသည်ကို ခံစားလိုက်ရသည်။
ဤအရာက အကိုင်းအခက် သေးသေးလေး တစ်ခုသာ ရှိသေးကြောင်းကို သိထားရန် လိုအပ်ပေသည်။
သူက မနေနိုင်ဘဲ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားကာ "ဒီချယ်ရီပင်က ဘယ်လိုများ ဆင့်ကဲပြောင်းလဲလာတာလဲ... ဒီကျောက်သလင်းတွေက သံထက်တောင် ပိုမာနေသေးတယ်"
သူ့စိတ်ထဲတွင် အတွေးတစ်ချက် ဝင်လာခဲ့သည်။ အကယ်၍ ဤအရာများကိုသာ လက်နက်အဖြစ် ပြုလုပ်နိုင်ပါက တိုက်ခိုက်ရေးစွမ်းအားက သေချာပေါက် သံထည်ပစ္စည်းများထက် သာလွန်သွားပေလိမ့်မည်။
အစွမ်း သွင်းထားသော သန္ဓေပြောင်း သတ္တဝါများ၏ အရိုးများပင်လျှင် ဤကဲ့သို့သော မာကျောမှုမျိုးကို မရရှိနိုင်ပေ။
ထိုသို့ တွေးမိလိုက်သည်နှင့် လင်းယွမ်က ချက်ချင်းပင် အပင်တစ်ပင်ကို အမြစ်ပါမကျန် ဆွဲနှုတ်လိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
"ထိုက်ယန်တောင် အနီးနားက ရေအောက်မှာ ပြောင်းစိုက်လို့ ရလောက်တယ်"
လင်းယွမ်က ဤချယ်ရီလမ်းမကြီး တစ်လျှောက် ဆက်လက်၍ ကူးခတ်သွားရာ ရုတ်တရက် သူ၏ ခြေလှမ်းများက တုံ့ဆိုင်းသွားပြီး မလှမ်းမကမ်းရှိ ရွှံ့နွံများ စုပုံနေသော ကားလမ်းမကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာရှိ ရွှံ့နွံများက ဘေးနှစ်ဖက်သို့ ဖယ်ရှားခံထားရပြီး အလယ်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ပေါ်ထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုမြောင်းကြီးက ပေ ၂၅ ခန့် အကျယ် ရှိကာ S ပုံသဏ္ဌာန် ကွေ့ကောက်နေပြီး တစ်စုံတစ်ရာ တွားသွားထားသော အရာနှင့်ပင် တူညီနေပေသည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး ယင်းက မည်သည့်အရာ ဖြစ်ကြောင်းကို ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
"ဓားမြီးပင်လယ်မြွေပဲ"
ဤကြီးမားသော မြောင်းကြီးက ထိုဓားမြီးပင်လယ်မြွေကြီး တွားသွားရာမှ ကျန်ရစ်ခဲ့သော အရာ ဖြစ်ဖို့ များပေသည်။
လင်းယွမ်က ထိုမြောင်းကြီးထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားခဲ့သည်။
ထိုအထဲသို့ ရောက်ရှိသွားမှသာ ဤဓားမြီးပင်လယ်မြွေကြီးက မည်မျှ ကြီးမားကြောင်းကို ခံစားသိရှိနိုင်ပေသည်။
အကျယ်က ပေ ၂၅ ခန့် ရှိပြီး အနက်ကလည်း ၁၃ ပေခန့် ရှိပေသည်။
ဤဓားမြီးပင်လယ်မြွေကြီးက အကြမ်းဖျင်း တွက်ကြည့်မည်ဆိုလျှင် အနည်းဆုံး ပေရာချီ ရှည်လျားပေလိမ့်မည်။
လင်းယွမ်က မနေနိုင်ဘဲ လေတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ ပါးဟက်အောက်တွင် ရေပူဖောင်းများက ဗွက်ဗွက်ဆူကာ ထွက်ပေါ်လာခဲ့သည်။
လင်းယွမ်က ချက်ချင်းပင် အပေါ်သို့ ခုန်တက်ကာ အလျင်အမြန် ကူးခတ်သွားပြီးနောက် အပေါ်စီးမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဤအရာများက အလွန် ရှင်းလင်း ထင်ရှားနေသဖြင့် လင်းယွမ်က ဤကြီးမားသော မြောင်းကြီးအတိုင်း ချက်ချင်းပင် ရှေ့သို့ လိုက်သွားခဲ့သည်။
ချယ်ရီလမ်းမကြီး တစ်ခုလုံးက ၃ မိုင်ခန့် ရှိသော်လည်း လင်းယွမ်အတွက်မူ အသက်ရှူကြိမ် အနည်းငယ်မျှဖြင့် ပျံသန်းဖြတ်ကျော်နိုင်သော အကွာအဝေးသာ ဖြစ်သည်။
သို့သော်လည်း ၂ မိုင်ခန့်မျှသာ ကူးခတ်ရသေးချိန်တွင် လင်းယွမ်က ရှေ့ရှိ ရွှံ့နွံလမ်းမကြီးပေါ်တွင် နက်ရှိုင်းသော မြောင်းကြီး အမြောက်အမြား ပေါ်ထွက်နေသည်ကို တွေ့လိုက်ရသည်။
ထိုမြောင်းကြီးများက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေကာ သိသာထင်ရှားသော လမ်းကြောင်းများ မရှိဘဲ အလွန် ရှုပ်ထွေးနေပေသည်။
အချို့ အရာများက အသစ်စက်စက် ဖြစ်နေပြီး အချို့ကမူ အချိန်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ကာ အမည်မသိ ရေညှိရေမှော်ပင်များပင် ပေါက်ရောက်နေပေပြီ။
လင်းယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "ဒါက ဓားမြီးပင်လယ်မြွေ အမြဲ သွားလာလှုပ်ရှားနေတဲ့ နေရာများလား" ဟု တွေးလိုက်သည်။
သူက အောက်သို့ ဆင်းသက်ကာ မြောင်းကြီးထဲသို့ ရောက်ရှိသွားပြီးနောက် မကြာမီမှာပင် မလှမ်းမကမ်းရှိ မြက်ခင်းပြင်ထဲတွင် လူသေအရိုးစု အမြောက်အမြားကို ရှာတွေ့သွားခဲ့သည်။
လင်းယွမ်က ရှေ့သို့ တိုးသွားကာ ထိုအရိုးစုများကို ခြေထောက်ဖြင့် အသာအယာ ကန်ကြည့်လိုက်ရာ ထိုအရိုးစုများထဲမှ ရှုပ်ထွေးသော သင်္ကေတများ ထွင်းထုထားသည့် သင်္ကေတအရိုး တစ်ချောင်းကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။
သူက ထိုသင်္ကေတအရိုးကို ချက်ချင်း ကောက်ယူလိုက်ပြီး သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
ယင်းက ရေဓာတ် အစွမ်းပိုင်ရှင်တစ်ဦး၏ သင်္ကေတအရိုး ဖြစ်နိုင်ကာ ထိုသင်္ကေတက ရေပြာရောင် ဖြစ်နေသဖြင့် လင်းယွမ်က သန္ဓေပြောင်းစွမ်းအင်ဖြင့် ထိုသင်္ကေတအရိုးကို တိုက်ရိုက် လှုံ့ဆော်ကြည့်ရန် ကြိုးစားလိုက်သည်။
"ဝုန်း"
ထိုသင်္ကေတက ချက်ချင်းပင် အပြာရောင် အလင်းတန်းများ တောက်ပလာပြီး နောက်တစ်စက္ကန့်တွင် သင်္ကေတအရိုး တစ်ခုလုံးက ရေခိုးရေငွေ့ တစ်အုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လင်းယွမ်က ၎င်းကို လက်ထဲတွင် ကိုင်တွယ်ကြည့်လိုက်ရာ ရေပူဖောင်း တစ်ခုကို ကိုင်တွယ်ထားရသည်နှင့်ပင် တူညီနေတော့သည်။
"ဒြပ်စင်အဖြစ် ပြောင်းလဲတာလား"
သူက အနည်းငယ် မှင်သက်သွားသည်။ ယင်းက ရေဓာတ် အစွမ်းပိုင်ရှင်များကြားတွင် အတော်လေး အားကောင်းသော အစွမ်းတစ်ခု ဖြစ်ပေသည်။
ရေဓာတ် အစွမ်းပိုင်ရှင်တိုင်းက ဤဒြပ်စင်အဖြစ် ပြောင်းလဲခြင်း စွမ်းရည်ကို နားလည် သဘောပေါက်နိုင်ကြသည် မဟုတ်ပေ။
ထိုက်ယန်တောင်တွင် ရေဓာတ် အစွမ်းပိုင်ရှင် အတော်များများ ရှိသော်လည်း ရေဒြပ်စင်အဖြစ် ပြောင်းလဲနိုင်သူကမူ သိပ်မများလှပေ။
ယခုအချိန်အထိ မြူခိုးမြို့တော်မှ ရောက်လာသော သင်္ဘောကပ္ပတိန် ကျန်းဟန်လျန်တို့ အဖွဲ့ရှိ ရေဓာတ် အစွမ်းပိုင်ရှင် အနည်းငယ်မျှသာ ထိုသို့ လုပ်ဆောင်နိုင်ကြသည်။
ဟန်ရှန်းမန်၊ လီရှောင်ကျွင်းနှင့် ခုံရှန်းတို့ကမူ ဤကျွမ်းကျင်မှုကို မပိုင်ဆိုင်ထားကြပေ။
လင်းယွမ်က သူ အမှတ်တမဲ့ ရှာဖွေတွေ့ရှိခဲ့သော အရိုးစုများထဲတွင် ဤကဲ့သို့သော သင်္ကေတအရိုး တစ်ချောင်း ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လင်းယွမ်၏ ခန့်မှန်းချက်အရ ရေဒြပ်စင်ပြောင်းလဲခြင်း အစွမ်းက အနည်းဆုံး အစိမ်းရောင်အဆင့် အရည်အသွေး ရှိသော အစွမ်းတစ်ခု ဖြစ်သင့်ပေသည်။
ဤကဲ့သို့သော အစွမ်းမျိုးက သာမန် တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သော စွမ်းရည် ပိုင်ဆိုင်ထားသဖြင့် အလွန် အားကောင်းလှပေသည်။
အကယ်၍ စနစ်ထဲမှ ကံစမ်းမဲနှိုက်မည် ဆိုပါက အနည်းဆုံး အမှတ် တစ်သိန်းအထက် ကုန်ကျမည် ဖြစ်သည်။
သူက ချက်ချင်းပင် အစွမ်းကို လှုံ့ဆော်ကာ မျိုးရိုးဗီဇ အသွင်တစ်ရာကို အသုံးပြု၍ ဓာတ်မဲ့ သန္ဓေပြောင်းစွမ်းအင်များကို ရေဓာတ် စွမ်းအင်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲလိုက်သည်။
ထို့နောက် ဤသင်္ကေတကို စတင် သင်ယူလိုက်တော့သည်။
သူ၏ ယခုလက်ရှိ စိတ်စွမ်းအင်ဖြင့် အစိမ်းရောင်အဆင့် အစွမ်းများကို သင်ယူရာတွင် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြီးမြောက်သွားနိုင်ပေသည်။
"ဝုန်း"
လင်းယွမ်၏ စိတ်စွမ်းအင်က ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်များကို လှုံ့ဆော်လိုက်သည်နှင့်အမျှ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားခဲ့သည်။
ထို့နောက် လင်းယွမ်က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ထူထပ်သော ရေခိုးရေငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကြောင်းကို ခံစားလိုက်ရသည်။
သူက စိတ်စွမ်းအင်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ရေခိုးရေငွေ့နှင့် တူညီသော ခန္ဓာကိုယ်က ရေစီးကြောင်းများထဲတွင် အလျင်အမြန် ကူးခတ်သွားတော့သည်။
ငါးလေးများက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောအခါ သူက ရှင်းလင်းသော အထိအတွေ့ကို ရရှိနေပေသည်။
သို့သော် ထိုငါးငယ်လေးများကမူ မည်သည့်အရာကိုမျှ မသိရှိဘဲ သူ ပြောင်းလဲထားသော ရေပူဖောင်းထဲတွင် ဟိုဟိုဒီဒီ ကူးခတ်နေကြဆဲ ဖြစ်သည်။
"ဒါက ဒြပ်စင်အဖြစ် အသွင်ပြောင်းတဲ့ ခံစားချက်လား... တကယ်ကို အံ့ဩစရာကောင်းတာပဲ"
လင်းယွမ်က ပြုံးလိုက်ပြီး "ပြန်ရောက်ရင် ဒီသင်္ကေတကို ရေဓာတ် အစွမ်းပိုင်ရှင်တွေ အားလုံးကို သင်ပေးလို့ ရပြီ"
"ထိုက်ယန်တောင်မှာ ရေဓာတ် အစွမ်းပိုင်ရှင်တွေ မနည်းဘူး... အကုန်လုံးသာ ဒီအစွမ်းကို တတ်ကျွမ်းသွားကြမယ် ဆိုရင် ထိုက်ယန်တောင်ရဲ့ အင်အားကို အများကြီး မြှင့်တင်ပေးနိုင်လောက်တယ်"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီးနောက် သူ၏ ခန္ဓာကိုယ်က ရေအောက်တွင် ဆက်လက်၍ ကူးခတ်သွားခဲ့သည်။
သို့သော်လည်း သူက မကြာမီမှာပင် ပြဿနာတစ်ခုကို တွေ့ရှိသွားခဲ့သည်။ ရေဒြပ်စင်ပြောင်းလဲခြင်း အခြေအနေတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အချုပ်အနှောင်များ မရှိတော့သည့်အပြင် အသက်ရှူရန်ပင် မလိုအပ်တော့ပေ။
တစ်နည်းဆိုရသော် ရေဒြပ်စင်ပြောင်းလဲခြင်းကို တတ်ကျွမ်းထားသော အစွမ်းပိုင်ရှင်များက ရေအောက်တွင် ရေရှည် နေထိုင်နိုင်ပြီ ဖြစ်သည်။
"ဒါပေမဲ့ ရေဒြပ်စင်ပြောင်းလဲတဲ့အစွမ်းသုံးရင်... ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေက ရေလူသားအသွင်ပြောင်းတာထက် အများကြီး ပိုများတယ်"
လင်းယွမ်က ခန္ဓာကိုယ်တွင်းရှိ ကုန်ဆုံးသွားသော စွမ်းအင်များကို ခံစားကြည့်လိုက်ရာ ရေဒြပ်စင်ပြောင်းလဲခြင်း၏ အားနည်းချက်ကို တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။
ဤအစွမ်းက စွမ်းအင်ကုန်ဆုံးမှု အလွန် ပြင်းထန်သဖြင့် အချိန်တိုအတွင်း တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော်လည်း ဤအခြေအနေကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန်မူ မဖြစ်နိုင်ပေ။
သူက ရေဒြပ်စင်ပြောင်းလဲခြင်း အစွမ်း၏ အပြောင်းအလဲများကို ခံစားနေရင်း တစ်ဖက်မှ ဆက်လက်၍ ရှာဖွေနေခဲ့သည်။
ထိုအချိန်တွင်ပင် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုံ့ဆိုင်းသွားပြီး မျက်လုံးများက မလှမ်းမကမ်းဆီသို့ လှမ်းကြည့်လိုက်သည်။
မလှမ်းမကမ်းရှိ ချိုင့်ဝင်နေသော ရေညှိတောတစ်ခုထဲတွင် ပေ ၂၀ ခန့် ရှည်လျားသော မြွေငယ်လေး အမြောက်အမြား စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ထိုရေညှိတောထဲတွင်မူ စက်ဝိုင်းပုံစံ အကြည်ရောင် ပူဖောင်းတစ်ခု ပေါ်ထွက်နေပြီး ၎င်းအထဲတွင် ရှည်လျားသော မြွေကြီးတစ်ကောင် ပိတ်မိနေပေသည်။
လင်းယွမ်က ထိုပူဖောင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။
"ဟင်းလင်းပြင် ပူဖောင်းပဲ"
ဆက်ရန်...