အခန်း (၅၁၇-၅၁၈)
Vol. 26 Ch. 517-518
အပိုင်း(၅၁၇) ဟင်းလင်းပြင် ဆုံမှတ်ကို ဖြတ်ကျော်ခြင်း
ဟင်းလင်းပြင် ပူဖောင်း။
ဤဘောလုံးပုံစံ ပူဖောင်းနှင့် လင်းယွမ်က အလွန်ပင် ရင်းနှီးနေခဲ့သည်။
ယင်းမှာ လီချင်းဟွာ၏ သီးသန့် အစွမ်းပင် ဖြစ်သည်။
ယခုအချိန်အထိ ဤအစွမ်းကို အသုံးပြုနိုင်သော ဒုတိယမြောက်လူကို လင်းယွမ် တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။
"လီချင်းဟွာ ဒီကို ရောက်လာခဲ့တာလား"
လင်းယွမ်က ထိုအချက်ကို ချက်ချင်း တွေးမိသွားပြီး ဤဘက်သို့ အလျင်အမြန် ကူးခတ်သွားလိုက်သည်။
ဤနေရာတွင် မြွေကြီးများ အလွန် များပြားလှပြီး အကြမ်းဖျင်း ကြည့်လိုက်လျှင်ပင် အနည်းဆုံး ကောင်ရေ ဒါဇင်နှင့်ချီ ရှိနေသည်။
မြွေတစ်ကောင်စီတိုင်းက အရှည် ပေနှစ်ဆယ်ကျော်ခန့် ရှိပြီး လက်မောင်းတစ်လုံးစာခန့် တုတ်ခိုင်ပေသည်။
ဤမြွေကြီးများ၏ တစ်ကိုယ်လုံးက အပြာရောင်သန်းသော မီးခိုးရောင် ဖြစ်ပြီး အကြေးခွံများ၏ အစွန်းများက လွှသွားကဲ့သို့ ရှိကာ သစ်ရွက်ပုံစံနှင့် တူညီပြီး အမြီးပိုင်းက ပြားချပ်ကာ ထက်မြက်သော ဓားတစ်လက်နှင့်ပင် တူညီနေသည်။
၎င်းတို့က ဟင်းလင်းပြင် ပူဖောင်းကို လှည့်ပတ်၍ အဆက်မပြတ် ကူးခတ်နေကြပြီး အချို့က ဤဟင်းလင်းပြင် ပူဖောင်းကို အစွမ်းကုန် ဝင်တိုက်နေကြသည်။
ဟင်းလင်းပြင် ပူဖောင်းထဲတွင်လည်း အလားတူ မြွေကြီး ဆယ်ကောင်ကျော်ခန့် ပိတ်မိနေပြီး ယခုအခါတွင် သေလုမျောပါး ဖြစ်နေကြပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လင်းယွမ်က ချက်ချင်းပင် နားလည်သွားခဲ့သည်။
"ဒါတွေကလည်း ဓားမြီးပင်လယ်မြွေတွေပဲလား... ပြီးတော့ သားပေါက်အရွယ် ဓားမြီးပင်လယ်မြွေတွေပဲ"
လင်းယွမ်က ရေဓာတ်အသွင်ဖြင့် ဤနေရာရှိ သားပေါက် ဓားမြီးပင်လယ်မြွေအုပ်နှင့် အနီးကပ် ထိတွေ့လိုက်သည်။
ဤအနီးတစ်ဝိုက်တွင် သိသာထင်ရှားသော တိုက်ခိုက်ထားသည့် အရာများကို သူ တွေ့ရှိလိုက်ရသည်။
မာကျောသော ချယ်ရီပင်များပင် အတော်များများ ခုတ်ဖြတ်ခံထားရပေသည်။
မြေပြင်ပေါ်ရှိ ရွှံ့နွံများတွင်လည်း ကြီးမားသော တွင်းနက်ကြီးများ ထင်ကျန်နေပေသည်။
"လီချင်းဟွာက ဘယ်လိုလုပ်ပြီး ဒီမှာ လာပေါ်တာလဲ"
လင်းယွမ်က ဟင်းလင်းပြင် ပူဖောင်းအနီးသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်ရာ ရုတ်တရက် သူ၏ အကြည့်များက စူးရှသွားပြီး ဟင်းလင်းပြင် ပူဖောင်းအတွင်း၌ အလောင်းတစ်လောင်း ရှိနေသည်ကို သတိပြုမိသွားသည်။
လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး စိတ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။
"ဝုန်း"
ပုံသဏ္ဌာန်မဲ့သော စိတ်စွမ်းအင်က ဟင်းလင်းပြင် ပူဖောင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
"ဖောင်း"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင် ပူဖောင်းက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
ဟင်းလင်းပြင်က ချက်ချင်းပင် တွန့်လိမ် ဆုတ်ဖြဲခံလိုက်ရပြီး ပတ်ဝန်းကျင်ရှိ ရေကြီးရေလျှံမှုများက ဟင်းလင်းပြင် အက်ကြောင်းထဲသို့ ဝေါကနဲ စုပ်ယူခံလိုက်ရသည်။
အနီးနားတွင် ဝိုင်းရံနေကြသော ဓားမြီးပင်လယ်မြွေများကလည်း အက်ကြောင်းထဲသို့ ချက်ချင်း လိပ်ဝင်သွားကြတော့သည်။
ကျန်ရှိနေသော ဓားမြီးပင်လယ်မြွေများက အသက်လု ထွက်ပြေးကြပြီး ပြားချပ်နေသော ဓားမြီးများကို ရူးသွပ်စွာ လှုပ်ရမ်းကာ ရေစီးကြောင်းကြီးများကို ဖန်တီး၍ ကျယ်ပြန့်လာသော ဟင်းလင်းပြင် အက်ကြောင်းမှ လွတ်မြောက်ရန် ကြိုးစားကြသည်။
လင်းယွမ်၏ အကြည့်များက နက်ရှိုင်းသွားပြီး ထိုဟင်းလင်းပြင် အက်ကြောင်းကို လှမ်းကြည့်လိုက်ရာ ရုတ်တရက် ဟင်းလင်းပြင် အက်ကြောင်း အတွင်းပိုင်းသည် လုံးဝ မှောင်မိုက်နေခြင်း မရှိဘဲ အလင်းရောင် တစ်စု စိမ့်ထွက်နေသည်ကို ထက်မြက်စွာ သတိပြုမိသွားသည်။
ရေမြုပ်နေသော အဆောက်အအုံ အချို့နှင့် ရေပေါ်တွင် မျောပါနေသော အမှိုက်သရိုက် အမြောက်အမြားကို ဝိုးတဝါး မြင်တွေ့နေရပေသည်။
လင်းယွမ်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ "ဒီအက်ကြောင်းက ဟင်းလင်းပြင်မတည်ငြိမ်လို့မဟုတ်ပဲ... တစ်ဘက်ခြမ်းမှာ တခြား ဟင်းလင်းပြင်နယ်မြေ တစ်ခုများလား"
သူက စိတ်ထဲတွင် အနည်းငယ် တွေးတောလိုက်ပြီး ဤခေါက်ချိုး ဟင်းလင်းပြင်က မူလကတည်းက ခေါက်ချိုးထားခြင်း ဖြစ်သည်ကို ရုတ်တရက် သတိပြုမိသွားသည်။
အကယ်၍ ဟင်းလင်းပြင် အက်ကြောင်း ဖြစ်ပေါ်လာပါက အက်ကြောင်း၏တစ်ဘက်သည် သာမန်အားဖြင့် ဟင်းလင်းပြင်မတည်ငြိမ်ခြင်း မဟုတ်နိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် အပြင်ဘက်ကမ္ဘာ (သို့မဟုတ်) ဤနေရာနှင့် ချိတ်ဆက်နေသော အခြား ဟင်းလင်းပြင်နယ်မြေ တစ်ခု ဖြစ်နိုင်ခြေ ရှိပေသည်။
လင်းယွမ်က အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ချက်ချင်း ဝင်မသွားခဲ့ဘဲ တစ်ဖက်တွင် မည်သည့်နေရာ ဖြစ်သည်ကို သူ သေချာ မသိနိုင်ပေ။
အကယ်၍ ဝင်သွားပြီးမှ ပြန်ထွက်လာလို့ မရရင်ရော။
သူက ဟင်းလင်းပြင် အမျိုးအစား အစွမ်းပိုင်ရှင် မဟုတ်သောကြောင့် မဆင်မချင် မစွန့်စားရဲပေ။
အဝေးတွင် ရပ်နေရင်း လင်းယွမ်က ဟင်းလင်းပြင် အက်ကြောင်း တဖြည်းဖြည်း ပြန်လည် ပိတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။
ထွက်မပြေးနိုင်ခဲ့သော သားပေါက် ဓားမြီးပင်လယ်မြွေအချို့မှာ အထဲတွင် လုံးဝ ပိတ်မိသွားကြတော့သည်။
တစ်ဝက်ခန့် ထွက်ပြေးလာနိုင်သည့် အချို့မှာလည်း ဂွပ်ကနဲ မြည်သံနှင့်အတူ ဟင်းလင်းပြင် အက်ကြောင်း၏ ညှစ်ချေမှုကြောင့် အသားနှစ်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြသည်။
ဤဒေသ တစ်ခုလုံး လုံးဝ တည်ငြိမ်သွားပြီး မျက်နှာချင်းဆိုင်ရှိ ဟင်းလင်းပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်တိုင်အောင် လင်းယွမ်က မည်သည့် ဟင်းလင်းပြင် လှိုင်းဂယက်ကိုမျှ မခံစားရတော့ပေ။
"လီချင်းဟွာ ဒီမှာ ပေါ်လာခဲ့ပြီး ဒီဓားမြီးပင်လယ်မြွေတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်"
"အခု သူ ဘယ်မှာလဲ"
"စောစောက ဟင်းလင်းပြင် ပူဖောင်းထဲက အလောင်းက ဘယ်သူ့အလောင်းလဲ"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် သံသယ ဝင်လာကာ ချယ်ရီလမ်းမကြီးပေါ်တွင် နေရာအနှံ့ ထပ်မံ ရှာဖွေလိုက်ပြန်သည်။
သို့သော် ချယ်ရီလမ်းမကြီး အနီးတစ်ဝိုက် နှစ်မိုင်သုံးမိုင်ခန့်အတွင်း သူ တစ်ပတ်ပတ်ကာ ရှာဖွေခဲ့ပြီးပြီ ဖြစ်သည်။
ဓားမြီးပင်လယ်မြွေများ၏ ကြီးမားသော ကူးခတ်မှု လမ်းကြောင်း အများအပြားကို မြင်တွေ့ခဲ့ရသော်လည်း ဓားမြီးပင်လယ်မြွေများ၏ အရိပ်အယောင်ကိုမူ လုံးဝ ရှာမတွေ့ခဲ့ပေ။
"ဒီမှာ မရှိဘူးလား... မဖြစ်နိုင်ဘူး"
ကျီရှောင်ယွီနှင့် ကွမ်ယဲ့တို့၏ အဆိုအရ ဤကဲ့သို့ မျိုးရိုးဗီဇအဆင့် သန္ဓေပြောင်း သားရဲများသည် မိမိ နယ်မြေကို ကာကွယ်လိုစိတ် အလွန် ပြင်းထန်ကြသည်။
၎င်းက ချယ်ရီလမ်းမကြီးကို သိမ်းပိုက်ထားပြီးဖြစ်ရာ ဤနေရာတွင် အမြဲတမ်း နေထိုင်နေနိုင်ခြေ အလွန် များပြားပေသည်။
ထိုသားပေါက် ဓားမြီးပင်လယ်မြွေများကလည်း ဤအချက်ကို သက်သေပြနေပေသည်။
အကယ်၍ ဓားမြီးပင်လယ်မြွေ မိခင်ကြီးသာ ဤနေရာတွင် မရှိပါက ဤမျှများပြားသော သားပေါက်လေးများကို မည်သို့ မွေးဖွားနိုင်မည်နည်း။
ဟိုတွေးဒီတွေးဖြင့် လင်းယွမ်က ရုတ်တရက် ရဲတင်းသော ခန့်မှန်းချက် တစ်ခုကို ရရှိသွားသည်။
"လီချင်းဟွာက ဝူယောင်ပန်း လက်ထဲကနေ ထွက်ပြေးလာတုန်းက ဟင်းလင်းပြင် အက်ကြောင်းကို မတော်တဆ ဆုတ်ဖြဲမိပြီး ဒီချယ်ရီလမ်းမကြီး နားကို ကျလာတာများလား"
"ပြီးတော့ သူက ဓားမြီးပင်လယ်မြွေတွေကို အလန့်တကြား ဖြစ်အောင်လုပ်မိပြီး အသက်လု ထွက်ပြေးဖို့အတွက် ဟင်းလင်းပြင် အက်ကြောင်းကို ထပ်ဖွင့်ပြီး ထွက်ပြေးခဲ့ရတာများလား"
"ဒီဟင်းလင်းပြင် ပူဖောင်းက သူ ဟင်းလင်းပြင် အက်ကြောင်းကို ဖွင့်လိုက်လို့ ကျန်ရစ်ခဲ့တာလား"
"ဒါဆိုရင် ဓားမြီးမြွေ အမေကြီးက လီချင်းဟွာကို လိုက်လံ သတ်ဖြတ်ရင်း... သူနဲ့အတူ ဟင်းလင်းပြင် အက်ကြောင်းထဲကို ဝင်သွားတာများ ဖြစ်နိုင်မလား"
လင်းယွမ်က စဉ်းစားလိုက်ရာ တွေးလေတွေးလေ ပို၍ ဖြစ်နိုင်ခြေ ရှိလေဟု ခံစားလာရသည်။
ထိုသို့မှမဟုတ်လျှင် ကြီးမားလှသော ဓားမြီးပင်လယ်မြွေကြီးက ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို ရှင်းပြနိုင်မည့် နည်းလမ်း မရှိပေ။
သူက ဤချယ်ရီလမ်းမကြီးပေါ်တွင် နောက်တစ်ခေါက် ထပ်မံ ရှာဖွေလိုက်သော်လည်း ဘာတစ်ခုမျှ မရရှိခဲ့ပေ။
အရင် ဟင်းလင်းပြင် ပူဖောင်း ရှိခဲ့သော နေရာသို့ ပြန်ရောက်သောအခါ လင်းယွမ်က ဤနေရာကို ကြည့်ကာ တစ်စုံတစ်ရာကို တွေးတောနေမိသည်။
"လီချင်းဟွာက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ဆိုတော့... သူက ဟင်းလင်းပြင် ဆုံမှတ်တွေအပေါ် ထူးခြားတဲ့ ခံစားသိရှိနိုင်စွမ်း ရှိတယ်"
"သူက ဒီနေရာမှာပဲ ဟင်းလင်းပြင် လမ်းကြောင်းကို ဖွင့်လိုက်တာက... ဒီနေရာက ခေါက်ချိုး ဟင်းလင်းပြင်ရဲ့ ဆုံမှတ် တစ်ခု ဖြစ်နေလို့များလား"
"တကယ်လို့ ဆုံမှတ်သာ ဖြစ်မယ်ဆိုရင်... ဟင်းလင်းပြင် အစွမ်းပိုင်ရှင် မဟုတ်ရင်တောင်... ငါ့စွမ်းအားနဲ့ ဒီက ဟင်းလင်းပြင် အကာအရံကို တိုက်ရိုက် ချိုးဖျက်နိုင်မလား"
သာမန်အားဖြင့် ဟင်းလင်းပြင် ဆုံမှတ် ရှိနေသော နေရာသည် ဟင်းလင်းပြင် အကာအရံ အတော်လေး အားနည်းသော နေရာ ဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့ ခေါက်ချိုးဖြစ်နေသော ဟင်းလင်းပြင်မျိုးတွင် ၎င်း၏ ဆုံမှတ်နေရာက ပို၍ပင် ပျက်စီးလွယ်ပေလိမ့်မည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ချက်ချင်းပင် လူ့ခန္ဓာကိုယ်အသွင်သို့ ပြန်လည် ပြောင်းလဲလိုက်ကာ စောစောက ဟင်းလင်းပြင် ပူဖောင်း ရှိခဲ့သော နေရာသို့ ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ခပ်ကြမ်းကြမ်း ထိုးချလိုက်သည်။
"ဝုန်း"
လက်သီးစွမ်းအင်က မြည်ဟည်း ပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အနီးနားရှိ ရေလှိုင်းများက လက်သီးတစ်ချက်ကြောင့် ပေါက်ကွဲ လိမ့်ဆင်းသွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော လက်သီးလေဟုန်ကြောင့် ဖြစ်ပေါ်လာသည့် ဖိအားက ရေစီးကြောင်း အများအပြားကို ဖယ်ရှားပစ်လိုက်ပြီး ကြီးမားလှသော လေဟာနယ်နယ်မြေ တစ်ခုကို ဖန်တီးလိုက်သည်။
လင်းယွမ်က ဆက်တိုက် လက်သီးဖြင့် ထိုးချလိုက်သည်။
လက်သီးတစ်ချက်က တစ်ချက်ထက် ပို၍ ပြင်းထန်လာသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ကျယ်လောင်သော အသံကြီးများက အဆက်မပြတ် ပေါက်ကွဲနေပြီး အရှေ့ဘက်ရှိ လေဟာနယ် နယ်မြေက တဖြည်းဖြည်း ကြီးမားလာကာ ရေစီးကြောင်းများက အဝေးသို့ ညှစ်ထုတ်ခံလိုက်ရသည်။
ထိုလေဟာနယ် ရှိနေသော နေရာတွင် ဟင်းလင်းပြင်က ပြင်းထန်စွာ တုန်ခါနေပြီး ဟင်းလင်းပြင် လှိုင်းဂယက် အလွှာများပင် ပေါ်ထွက်လာခဲ့သည်။
သိထားရမည်မှာ ဤအရာက လီချင်းဟွာ၏ ဟင်းလင်းပြင် ပူဖောင်း မဟုတ်ဘဲ အစစ်အမှန် ဟင်းလင်းပြင် အကာအရံပင် ဖြစ်သည်။
ခေါက်ချိုး ဟင်းလင်းပြင် တစ်ခုမျှသာ ဖြစ်သော်လည်း ဤနေရာရှိ ဟင်းလင်းပြင် အကာအရံက ကြမ်းတမ်းသော ခွန်အားဖြင့် အတင်းအဓမ္မ ချိုးဖျက်၍ ရနိုင်သည်မျိုး မဟုတ်ပေ။
ရှင်းပြနိုင်စရာ တစ်ချက်သာ ရှိသည်မှာ ဤနေရာသည် အမှန်တကယ်ပင် အားနည်းသော ဟင်းလင်းပြင် ဆုံမှတ် တစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။
ယခုအချိန်တွင် လင်းယွမ် တိုက်ခိုက်နေသည်မှာ ဤအားနည်းသည့် အမှတ်ကိုပင် ဖြစ်သည်။
လက်သီးပေါင်း တစ်ဆယ့်ခုနစ်ချက် တိတိ ထိုးချလိုက်ပြီးနောက် အရှေ့ဘက်ရှိ ဟင်းလင်းပြင်က ရုတ်တရက် ကွဲအက်သံနှင့်အတူ အက်ကြောင်းများ ပေါ်ထွက်လာတော့သည်။
လင်းယွမ်၏ အကြည့်များက စူးရှသွားပြီး ချက်ချင်းပင် အံ့သြဝမ်းသာသည့် အမူအရာ ပေါ်လာခဲ့သည်။
"တကယ်ပဲ အကြမ်းနည်းနဲ့ ခွန်အားကို အားကိုးပြီး... ဟင်းလင်းပြင် အကာအရံကို ချိုးဖျက်လို့ ရတာပဲ"
လင်းယွမ် ဝမ်းသာနေစဉ်မှာပင် ကြွက်သားပေါက်ကွဲအစွမ်း ကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိ အသက်သွင်းလိုက်သည်။
"ဒုတ်... ဒုတ်... ဒုတ်"
နှလုံးသားက ရူးသွပ်စွာ ခုန်လှုပ်နေပြီး သွေးအမြောက်အမြားက သမုဒ္ဒရာပြင်ကြီးကဲ့သို့ တစ်ကိုယ်လုံးသို့ စီးဆင်းသွားတော့သည်။
သူ၏ ကြွက်သားများက ချက်ချင်း ဖောင်းကြွလာပြီး သွေးကြောစိမ်းများ ထောင်တက်လာသည်။
ဤအချိန်တွင် လင်းယွမ်၏ ခွန်အားက တိုက်ရိုက် နှစ်ဆ တိုးလာခဲ့သည်။
ခြေတစ်လှမ်း ဆုတ်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း"
အရှေ့ဘက်ရှိ ဟင်းလင်းပြင် အက်ကြောင်းက ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ဤလက်သီးတစ်ချက်က ကောင်းကင်ကြီးကို အမှန်တကယ် ချိုးဖျက်လိုက်သကဲ့သို့ ကွဲအက်နေသော ဟင်းလင်းပြင်က ပြိုကျပျက်စီးလာခဲ့သည်။
ဟင်းလင်းပြင် အတွင်းပိုင်းက အခြားကမ္ဘာ တစ်ခုနှင့်ပင် တူညီနေသည်။
ဤတစ်ကြိမ်တွင် လင်းယွမ်က မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ ပြင်းထန်စွာ ခုန်တက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤဟင်းလင်းပြင် အက်ကြောင်းထဲသို့ ဝင်ရောက်သွားတော့သည်။
"ဝှီး"
သူ တစ်ကိုယ်လုံးက မီးတန်း တစ်ခုကဲ့သို့ ဟင်းလင်းပြင် အက်ကြောင်းကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး မျက်နှာချင်းဆိုင်ရှိ ဟင်းလင်းပြင်ထဲတွင် ပေါ်လာခဲ့သည်။
ထိုကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် အနောက်ဘက်ရှိ ဟင်းလင်းပြင် အက်ကြောင်းက လျင်မြန်စွာ ပြန်လည် ပိတ်သွားသည်။
လင်းယွမ်က လှည့်ကြည့်လိုက်ရာ ဤမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူ၏ အကြည့်များက အနည်းငယ် တောက်ပသွားပြီး ရုတ်တရက် လက်ကို ခါယမ်းလိုက်သည်။
"ဝှီး"
သံမဏိချောင်း တစ်ချောင်းက ပြင်းထန်စွာ ပစ်ထွက်သွားပြီး ဟင်းလင်းပြင် အက်ကြောင်းကို တိုက်ရိုက် ဖြတ်သန်းကာ လာရာလမ်းရှိ ဝင်ပေါက်သို့ ဝင်ရောက်သွားသည်။
ထိုသံမဏိချောင်းကို ပြန်ပစ်လိုက်ပြီးနောက်တွင် ဤဟင်းလင်းပြင် အက်ကြောင်းက နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အပြင်ပန်းမှ ကြည့်မည်ဆိုလျှင် မည်သည့် ပြောင်းလဲမှုမှ မရှိသလောက်ပင် ဖြစ်သည်။
လင်းယွမ်က လေးဘက်လေးတန်ကို တစ်ပတ် ကြည့်ရှုလိုက်ရာ ပတ်ဝန်းကျင်က အဆုံးအစမဲ့ သမုဒ္ဒရာကြီး ဖြစ်နေဆဲပင်။
ရေမျက်နှာပြင်ပေါ်တွင် အမှိုက်သရိုက် အမြောက်အမြား မျောပါနေသည်။
ကောင်းကင်ယံတွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်ပြီး မိုးရေများက အေးစက်နေပေသည်။
ယင်းက လင်းယွမ်ကို သူသည် ထိုခေါက်ချိုး ဟင်းလင်းပြင်မှ ထွက်ခွာလာနိုင်ခြေ များပြားကြောင်း သိရှိစေခဲ့သော်လည်း ယခု သူ မည်သည့်နေရာတွင် ရောက်နေသည်ကိုမူ မသိနိုင်ပေ။
သူက လှမ်းကြည့်လိုက်ရာ အဝေးရှိ အထပ်မြင့် အဆောက်အအုံ အချို့မှာ အမိုးအထိပင် ရေမြုပ်လုနီးပါး ဖြစ်နေသည်ကို သတိပြုမိသွားသည်။
လင်းယွမ်က အလျင်စလို မသွားသေးဘဲ မူလနေရာတွင် ရပ်ကာ မျက်လုံးမှိတ်၍ တစ်စုံတစ်ရာကို တိတ်ဆိတ်စွာ ခံစားနေလိုက်သည်။
ခဏကြာပြီးနောက် သူက သက်ပြင်းချလိုက်သည့် အမူအရာ ပေါ်လာခဲ့သည်။
"သံမဏိချောင်းပေါ်က ထိခိုက်မှု လွှဲပြောင်းတဲ့အစွမ်းရဲ့... အကြောင်းအကျိုး ကြိုးမျှင် ရှိနေသေးတယ်"
စောစောက သူ ပစ်လိုက်သော သံမဏိချောင်းပေါ်တွင် အကြောင်းအကျိုး ကြိုးမျှင်ကို သူ စောစောစီးစီးကတည်းက ရစ်ပတ်ထားခဲ့ခြင်း ဖြစ်သည်။
ဤအကြောင်းအကျိုး ကြိုးမျှင်က ထိခိုက်မှု လွှဲပြောင်းရန်အတွက် မဟုတ်ဘဲ နေရာပြ တစ်ခုအနေဖြင့် တစ်ဖက် ဟင်းလင်းပြင်တွင် စိုက်ထားရန် ဖြစ်သည်။
ယင်းက အမှတ်အသား တစ်ခု ပြုလုပ်ထားခြင်းနှင့် အတူတူပင် ဖြစ်ပြီး အကယ်၍ သူသာ ပြန်သွားချင်ပါက ဤနေရာကို ပြန်ရှာကာ ဤဟင်းလင်းပြင် ဆုံမှတ်ကို အသုံးချ၍ ဟင်းလင်းပြင် အကာအရံကို ချိုးဖျက်ပြီးမှသာ ပြန်သွားရမည် ဖြစ်သည်။
စိတ်စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် လင်းယွမ်က သူ ရောက်ရှိနေသော ဤဒေသကို စတင် အကဲခတ်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ရေမြုပ်တော့မည့် အနီးနားရှိ အဆောက်အအုံ တစ်ခုဆီသို့ အလျင်အမြန် သွားရောက်လိုက်သည်။
ယင်းမှာ ပုံမှန် မြင်တွေ့နေကျဖြစ်သော သုံးဆယ့်နှစ်ထပ် အဆောက်အအုံကြီး တစ်ခု ဖြစ်သည်။
လင်းယွမ်က ခေါင်မိုးပေါ်သို့ ခြေချလိုက်ပြီး အမိုးပေါ်ရှိ လှေကားဆီသို့ လျှောက်သွားလိုက်သည်။
တံခါးကြီးက သံချေးများ တက်နေပြီး သံတံခါးမှာ သော့ခတ်မထားသဖြင့် သူက ဖြည်းညင်းစွာ တွန်းလိုက်သည်နှင့် တံခါးက ပွင့်သွားတော့သည်။
လှေကားလမ်းခုလပ်အတွင်းမှ ချက်ချင်းပင် ညစ်ညမ်းသော အပုပ်နံ့ တစ်ခု ထွက်ပေါ်လာသည်။
လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး အသက်အောင့်ထားလိုက်သည်။
သူက တစ်ချက် ဝေ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် နေ့စဉ်သုံး အမှိုက်အချို့ ရှိနေပြီး ငါးရိုးကဲ့သို့သော အရာများစွာလည်း ရှိနေပေသည်။
လင်းယွမ်က လှေကားအောက်သို့ ဆင်းသွားလိုက်ရာ မကြာမီမှာပင် ၃၂၁၂ ဆိုသည့် စာလုံးကို တွေ့လိုက်ရပြီး ယင်းမှာ သုံးဆယ့်နှစ်ထပ် ခေါင်မိုးထပ် ဖြစ်သည်။
အခန်းတံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး အခန်းထဲတွင် မည်သည့် အသံမျှ မရှိပေ။
လင်းယွမ်က စိတ်စွမ်းအင်ဖြင့် အထဲသို့ စူးစမ်းကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြသွားသည့် အမူအရာ ပေါ်လာခဲ့သည်။
"ဟင်... အသက်ရှင်တဲ့သူ ရှိနေသေးတာလား"
သူက အနည်းငယ် မယုံနိုင်အောင် ဖြစ်သွားရသည်။ ဤအဆောက်အအုံကြီးက ရေမြုပ်တော့မည် ဖြစ်သော်လည်း ဤနေရာတွင် လူ နေထိုင်နေဆဲ ဖြစ်သည်။
သူက လက်လှမ်းကာ တံခါးကို တိုက်ရိုက် ခေါက်လိုက်သည်။
"ဒေါက်... ဒေါက်... ဒေါက်"
အခန်းထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
လင်းယွမ်က မျက်မှောင်ပင့်လိုက်သည်။ သူ၏ စိတ်စွမ်းအင်က အခန်းထဲရှိ လူသည် ပြတင်းပေါက်ဆီသို့ အလျင်အမြန် တွားသွားနေပြီး ထွက်ပြေးရန် ရည်ရွယ်ထားပုံရကြောင်းကို ခံစားသိရှိနေပြီ ဖြစ်သည်။
စိတ်စွမ်းအင်က ဤမြင်ကွင်းကို ခံစားသိရှိလိုက်သည်နှင့် လင်းယွမ်က မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ လက်လှမ်းကာ အားကုန် လှည့်လိုက်သည်။
ဒိုင်းခနဲ မြည်သံနှင့်အတူ အခန်းတံခါးကြီးကို သူက အရှင်လတ်လတ် ဖြုတ်ချလိုက်တော့သည်။
သူက အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်ရာ ဤအခန်းထဲတွင် လူနေထိုင်သည့် အငွေ့အသက်များ သိသာစွာ ရှိနေပေသည်။
အခန်းကို သပ်ရပ်စွာ ရှင်းလင်းထားပြီး စားပွဲပေါ်တွင် စားကြွင်းစားကျန် ဟင်းလျာများပင် ရှိနေသေးသည်။
လင်းယွမ်က အံ့သြသွားသည်။ ဤရေများက နှစ်ဆယ့်ခြောက်ထပ် နှစ်ဆယ့်ခုနစ်ထပ်အထိ ရေမြုပ်လုနီးပါး ဖြစ်နေပြီကို ဤနေရာတွင် နေထိုင်သော လူများက စားစရာ ရှိနေသေးသည်လား။
စားပွဲပေါ်ရှိ ပန်းကန်ထဲတွင် ဆန်စေ့များ ရှိနေသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ယင်းက မယုံနိုင်စရာပင် ဖြစ်သည်။
ရေကြီးရေလျှံမှု ကြီးမားလာသည်မှ ယခုအချိန်အထိ ဤကဲ့သို့သော စားနပ်ရိက္ခာများ စောစောစီးစီးကတည်းက မရှိသင့်တော့ပေ။
လင်းယွမ်က လသာဆောင်ဆီသို့ ခပ်သုတ်သုတ် ပြေးသွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သို့သော် မိန်းကလေး တစ်ယောက်က ဘေးဘက် အိပ်ခန်းမ လသာဆောင်ကို တွယ်ကပ်နေပြီး ခပ်သွက်သွက် ခုန်ချကာ အောက်ထပ်သို့ ခုန်ဆင်းရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။
သို့သော် သူမ၏ ခန္ဓာကိုယ်က တစ်ဝက်ခန့် ခုန်ထွက်သွားချိန်တွင် ပြင်းထန်သော စိတ်စွမ်းအင် တစ်ခုက သူမကို လေထဲတွင် ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
မိန်းကလေး၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ခေါင်းမော့ကြည့်လိုက်သည်။
ထိုအခါ လသာဆောင်ပေါ်ရှိ လင်းယွမ်၏ အရိပ်အယောင်ကို မြင်လိုက်ရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်နှာက ဖြူရော်သွားတော့သည်။
"ရှင်..."
လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်နှင့် စိတ်စွမ်းအင်က တိုက်ရိုက် လိပ်တက်လာပြီး သူမကို လသာဆောင်ပေါ်သို့ ပြန်ဆွဲတင်လိုက်သည်။
သူက စွမ်းအင်တိုင်းမျက်မှန်ကို တပ်လိုက်ပြီး မိန်းကလေး၏ ပင်မ အရည်အသွေး အားကောင်းမှုကို စစ်ဆေးလိုက်သည်။
၄၇ မှတ်။
ဤကိန်းဂဏန်းသည် သာမန် အစွမ်းပိုင်ရှင်များကြားတွင်ပင် အတော်လေး မြင့်မားနေပြီ ဖြစ်သည်။
မကြာမီ အချိန်အတွင်း မျိုးရိုးဗီဇအဆင့်သို့ပင် ထိုးဖောက် ဝင်ရောက်နိုင်တော့မည်ကို စိုးရိမ်ရပေသည်။
လင်းယွမ်က စိတ်စွမ်းအင်ကို အသုံးပြု၍ သူမကို ချုပ်နှောင်ကာ အခန်းထဲသို့ ပြန်ခေါ်လာခဲ့သည်။
သူက မိန်းကလေးကို တစ်ချက် အကဲခတ်လိုက်ပြီး "မင်း နာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။
မိန်းကလေးက ခေါင်းငုံ့ကာ စကားမပြောဘဲ ဆက်သွယ်ပြောဆိုရန် ငြင်းဆန်နေခဲ့သည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒီအဆောက်အအုံကြီးထဲမှာ တခြားလူတွေ ရှိသေးလား" ဟု မေးလိုက်သည်။
သူမက စကားမပြောသေးပေ။
ထိုအခါ လင်းယွမ်၏ မျက်နှာက မှုန်ကုပ်သွားပြီး "ထပ်ပြီး စကားမပြောရင် မင်း အင်္ကျီတွေကို ငါ ချွတ်ပစ်လိုက်မယ်နော်" ဟု အော်ဟစ်လိုက်သည်။
မိန်းကလေးက ချက်ချင်း ခေါင်းမော့လာပြီး ထိတ်လန့်သည့် အမူအရာ ပေါ်လာကာ "ရှင် လုပ်ရဲလို့လား..." ဟု အော်ဟစ်လိုက်သည်။
"သြော်... မင်းက စကားပြောတတ်သားပဲ... ငါ လုပ်ရဲလား မရဲလား မင်း စမ်းကြည့်လို့ ရတယ်နော်"
လင်းယွမ်က ခပ်ပေါ့ပေါ့လေသံဖြင့် ပြောလိုက်ပြီး မိန်းကလေးကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
မိန်းကလေး၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး တစ်ဖက်လူက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိလိုက်သည်။
သူမက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးမှ "ကျွန်မ... ကျွန်မ နာမည် လင်းမြောင်မြောင်ပါ... ဒီအဆောက်အအုံကြီးထဲမှာ တခြားလူတွေ မရှိပါဘူး... ကျွန်မ တစ်ယောက်တည်းပဲ ရှိတာပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လင်းယွမ်က မျက်မှောင်ပင့်လိုက်သည်။ "မင်း တစ်ယောက်တည်းလား... တခြားလူတွေရော... မင်း တစ်ယောက်တည်းဆိုရင် မင်း ဘယ်လို အသက်ရှင်နေတာလဲ"
လင်းယွမ်က ဤစကားကို အနည်းငယ် မယုံကြည်ပေ။ ဤမျှကြီးမားသော အဆောက်အအုံကြီးထဲတွင် တစ်ယောက်တည်း နေထိုင်နေသည်မှာ လက်တွေ့ကျပါသလား။
ဆက်ရန်...
အပိုင်း(၅၁၈) လင်းမြောင်မြောင်နှင့် လင်းကျင်းထောင်
"မင်း တစ်ယောက်တည်း ဒီမှာ နေတာလား"
လင်းယွမ်က အေးစက်စက် ပြုံးကာ မေးလိုက်သည်။
လင်းမြောင်မြောင်က အလျင်အမြန်ပင် "မဟုတ်ပါဘူး... ကျွန်မက ဒီမှာ နေတာ မဟုတ်ပါဘူး... ခဏ လာနေရုံပါ... ကျွန်မက ဒီမှာ နေတဲ့သူ မဟုတ်ပါဘူး" ဟု ဖြေလိုက်သည်။
"ကျွန်မ ရှင့်ကို တကယ် မလိမ်ပါဘူး... ဒီမှာ အသက်ရှင်တဲ့သူတွေ မရှိတော့တာ ကြာပါပြီ... ကျွန်မ ရောက်လာတဲ့ အချိန်မှာတည်းက ဒီမှာ ဘယ်သူမှ မရှိတော့တာပါ"
လင်းယွမ်က ဤမိန်းမသည် ဤအဆောက်အအုံမှ နေထိုင်သူ မဟုတ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။
ထို့နောက် သူက "မင်း ဘယ်ကလာတာလဲ... ဒီကို ဘာလာလုပ်တာလဲ" ဟု ချက်ချင်း မေးလိုက်သည်။
လင်းမြောင်မြောင်က "ကျွန်မက ဘေးလွတ်ရာကို ထွက်ပြေးလာတာပါ..." ဟု ဖြေသည်။
"ငါ မင်းကို တစ်ခု သတိပေးလိုက်မယ်... ငါ့ရှေ့မှာ လိမ်ညာနေလို့ အလကားပဲ... မင်းရဲ့ နှလုံးခုန်သံတိုင်းကို ငါ ခံစားသိရှိနိုင်တယ်... စိတ်ခံစားမှု အတက်အကျ နည်းနည်းလေး ဖြစ်သွားတာကိုတောင် ငါ သတိထားမိတယ်"
လင်းယွမ်က သူမ၏ စကားကို ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်ပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
လင်းမြောင်မြောင်၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး မျက်နှာက အနည်းငယ် ဖြူရော်သွားတော့သည်။
ဤလူက အစွမ်းထက်ရုံသာမက သူမ လိမ်ပြောနေသလား ဆိုသည်ကိုပါ သိမြင်နိုင်စွမ်း ရှိနေသည်လား။
လင်းယွမ်အား မည်သို့ တုံ့ပြန်ရမည်ကို သူမ တစ်ခဏမျှ စဉ်းစားမရ ဖြစ်သွားခဲ့သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်း တစ်ယောက်တည်းတော့ မဟုတ်လောက်ဘူးမလား... မင်း မပြောလည်း ကိစ္စမရှိပါဘူး... ငါ ဒီကနေ စောင့်နေမယ်... အနှေးနဲ့အမြန် မင်းရဲ့ အဖော် ပြန်ရောက်လာမှာပဲ မဟုတ်ဘူးလား" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာက ပို၍ ဖြူရော်သွားတော့သည်။
အကယ်၍ သူမ၏အစ်ကိုသာ ပြန်ရောက်လာပြီး ဤလူနှင့် ရင်ဆိုင်ရပါက လုံးဝ အနိုင်ရနိုင်မည် မဟုတ်ပေ။
မဖြစ်သေး။ သူမအနေဖြင့် တစ်ဖက်လူကို လှည့်စားပြီး ထွက်သွားစေရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
သို့သော်... သို့သော် ဘယ်လိုပြောရမည်နည်း။
လင်းမြောင်မြောင်၏ စိတ်ခံစားမှုများက ပြင်းထန်စွာ လှုပ်ခတ်နေပြီး အတွေးများ ကစဉ့်ကလျား ဖြစ်နေတော့သည်။
ခေတ္တအကြာတွင် သူမက ရုတ်တရက် "ကောင်းပြီလေ... ကျွန်မ ရှင့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတော့မယ်... ကျွန်မက ဖူရုံတောင်ကြားကနေ လာတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပါ... ဒီတစ်ခေါက် ထွက်လာတာက ပစ္စည်းတွေ လာရှာတာပါ" ဟု ပြောလိုက်သည်။
"ကျွန်မ ဒီမှာ ဆက်နေဖြစ်တဲ့ အကြောင်းရင်းက... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို တွေ့ခဲ့လို့ပါ"
"အဲ့ဒီ သန္ဓေပြောင်း သတ္တဝါက ဒဏ်ရာရနေပြီမို့... အဲ့ဒါကို သတ်ဖို့ အခွင့်အရေးများ ရှိမလားလို့ စောင့်ကြည့်ချင်ရုံပါ"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ရာ တစ်ဖက်လူက လုံးဝ လိမ်မပြောနေကြောင်း မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့သည်။
သို့ရာတွင် လင်းယွမ်ကဲ့သို့ သတိကြီးသူ တစ်ယောက်က လူတွေကို မည်သို့ လှည့်စားရမည်ကို သဘာဝကျကျပင် သိရှိနေပေသည်။
လူတစ်ယောက်ကို လှည့်စားရာတွင် အမြဲတမ်း လိမ်ပြောနေရန် မလိုအပ်ပေ။ တစ်ခါတစ်ရံတွင် တစ်ဝက်ပြောပြီး တစ်ဝက် ချန်ထားခြင်းကလည်း တစ်ဖက်လူကို အတူတူ လှည့်စားနိုင်စွမ်း ရှိသည်။
သူ့ရှေ့ရှိ ဤမိန်းမ ယခုလေးတင် ပြောသွားခဲ့သည်များက လိမ်ညာထားခြင်း မရှိနိုင်သော်လည်း အရာအားလုံး အပြည့်အစုံတော့ သေချာပေါက် မဟုတ်ပေ။
"မင်း တစ်ယောက်တည်းလား" လင်းယွမ်က ခပ်ပေါ့ပေါ့ မေးလိုက်သည်။
ထိုမိန်းမက စကားလမ်းကြောင်းကို အဆိုပါ သန္ဓေပြောင်း သားရဲဘက်သို့ ပြောင်းချင်နေသည်မှာ သိသာထင်ရှားလှသည်။
သို့သော်လည်း လင်းယွမ်က သူမကို စကားလမ်းကြောင်း ပြောင်းရန် မည်သို့လုပ်ပြီး အလွယ်တကူ ခွင့်ပြုပေးမည်နည်း။
ထင်သည့်အတိုင်းပင် ဤမေးခွန်းကို မေးလိုက်သည်နှင့် လင်းမြောင်မြောင်၏ နှလုံးခုန်သံက တစ်ချက် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး သူမ၏ မျက်နှာထားကို ပုံမှန်အတိုင်း ဖြစ်အောင် ကြိုးစား ထိန်းချုပ်လိုက်သည်။
သို့သော်လည်း လင်းယွမ်၏ စိတ်ထဲတွင်တော့ အခြေအနေကို ရိပ်မိနေပြီ ဖြစ်သည်။
"ရှင် ဘာလိုချင်လို့လဲ... ကျွန်မ ပြောနိုင်တာတွေ အကုန်ပြောပြပြီးပြီလေ" လင်းမြောင်မြောင်က အံကြိတ်ကာ လင်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "ဒီနေရာက ဘယ်နေရာလဲ" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က ကြောင်အသွားပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။ တစ်ဖက်လူက လမ်းပျောက်နေတာများလား။
ယခုအချိန်တွင် ကြီးမားသော ရေလွှမ်းမိုးမှုကြီးက အတိုင်းအဆမရှိ ပျံ့နှံ့နေပြီး နေရာများစွာကို ရေမြုပ်သွားစေခဲ့ပြီ ဖြစ်သည်။
လှမ်းကြည့်လိုက်လျှင် နေရာတိုင်းတွင် အဆုံးအစမရှိသော ရေပြင်ကြီးသာ ရှိနေသောကြောင့် လမ်းကြောင်း ပျောက်ဆုံးသွားရန် အလွန် လွယ်ကူပေသည်။
လင်းမြောင်မြောင်က "ဒီနေရာက ဟူကျိုးခရိုင်ရဲ့ ကျိအန်မြို့ပါ... ဖူရုံတောင်ကြားကို ရှင် ကြားဖူးလား... ရေကြီးမှုကြီး မဖြစ်ခင်က ဟူကျိုးမှာ နာမည်ကြီးတဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုလေ" ဟု ပြောလိုက်သည်။
"ဖူရုံတောင်ကြားက ဒီတစ်ဝိုက်မှာ အကြီးဆုံး ခိုလှုံရေးစခန်းပါ... အဲ့ဒီမှာ လူတစ်သောင်းနီးပါးလောက် စုဝေးနေကြတယ်"
"ရှင်သာ လမ်းပျောက်နေပြီး ပစ္စည်းတွေ ဖြည့်တင်းဖို့ လိုအပ်ရင် အဲ့ဒီကို သွားလို့ ရပါတယ်"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီး စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်။ ဤဟင်းလင်းပြင် ဆုံမှတ်မှ ထွက်လာပြီးနောက် ကျိအန်မြို့သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်လား။
ကျိအန်မြို့သည် လင်ကျောင်းမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း ဂေဟမြို့တော်မှ ဟူကျိုးအထိ ဆိုလျှင် မိုင်ခြောက်ဆယ်ကျော်ခန့် ဝေးကွာပေမည်။
သူက ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို ရိုးရိုးရှင်းရှင်းလေး ဖြတ်ကျော်ကာ ထွက်လာခဲ့ခြင်း ဖြစ်သော်လည်း မိုင်ခြောက်ဆယ်ကျော် အကွာအဝေးကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့သည်မှာ တကယ်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
ဟင်းလင်းပြင်၏ ထူးခြားဆန်းကြယ်မှုက လင်းယွမ်ကို အံ့မခန်း ဖြစ်သွားစေခဲ့သည်။
ဖူရုံတောင်ကြားနှင့် ပတ်သက်၍မူ လင်းယွမ်က တကယ်ကို သိမထားပေ။
ရေကြီးမှုကြီး မဖြစ်ခင်က သူသည် အိမ်ဖိုးပေးချေရန် ငွေရှာနေရသော ဝန်ထမ်း တစ်ယောက်သာ ဖြစ်ရာ ခရီးထွက်ရန် အချိန် မည်သို့ ရှိနိုင်မည်နည်း။
ထို့ကြောင့် အနီးအနားမြို့မှ နာမည်ကြီး ခရီးသွားနေရာ ဖြစ်နေလျှင်တောင် သူ ကြားပင် မကြားဖူးခဲ့ပေ။
လင်းမြောင်မြောင်၏ ပြောစကားအရ ဖူရုံတောင်ကြားသည် အလွန် ကျယ်ဝန်းလှပေမည်။ သို့မဟုတ်ပါက ဤမျှများပြားသော အသက်ရှင်ကျန်ရစ်သူများကို လက်ခံထားနိုင်မည် မဟုတ်ပေ။
လင်းယွမ်က "လူတစ်သောင်းလောက်ရှိတဲ့ ခိုလှုံရေးစခန်းမှာ မင်းတို့ ဘယ်လို အသက်ရှင်ကြတာလဲ... ရိက္ခာတွေက ဘယ်က ရတာလဲ" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က "တောင်ပေါ်မှာ ရေရတယ်... မီးရတယ်... စိုက်ပျိုးရေး လုပ်ကြတယ်... ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဗိုက်ပြည့်အောင်တော့ စားလို့ ရပါတယ်" ဟု ပြောလိုက်သည်။
"ဟုတ်လား... ဗိုက်ပြည့်အောင် စားလို့ရမှတော့ မင်းတို့က ဘာလို့ ပစ္စည်းတွေ ထွက်ရှာနေသေးတာလဲ"
"ကျွန်မတို့ ရှာနေတာက သာမန် ပစ္စည်းတွေ မဟုတ်ဘူး... ကျွန်မတို့ ရှာနေတာက... ရှင် ကျွန်မကို စကားလာလိမ်နှိုက်နေတာပဲ"
လင်းမြောင်မြောင်က ချက်ချင်း သတိဝင်လာပြီး မျက်နှာ အကြီးအကျယ် ပျက်သွားတော့သည်။
သူမ၏ ဤ "ကျွန်မတို့" ဆိုသော စကားတစ်ခွန်းက သူမတွင် အဖော်ပါလာကြောင်းကို ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်း မပြောလည်း ငါ ခန့်မှန်းလို့ ရပါတယ်... ပစ္စည်းရှာဖို့ ထွက်လာတာကို ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲ လာနိုင်မှာလဲ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာထားက အဆက်မပြတ် ပြောင်းလဲသွားပြီး မျက်နှာက မှုန်ကုပ်သွားတော့သည်။
"ကျွန်မတို့က ရေစက်ဆုံလို့ တွေ့ရတာပါ... ကျွန်မလည်း ရှင့်ကို ဘာမှ ပြစ်မှားထားတာ မရှိဘူး... ရှင် တကယ် ဘာဖြစ်ချင်နေတာလဲ" လင်းမြောင်မြောင်က မနေနိုင်ဘဲ ဒေါသတကြီး မေးလိုက်သည်။
ရေကြီးမှုကြီး ပြီးနောက် လူ့စိတ်ကို ခန့်မှန်းရခက်ကာ လူဆိုးများ နေရာအနှံ့ ရှိနေကြောင်းကို သူမ သိထားသော်လည်း ဤသို့ မေးလိုက်ခြင်းက အနည်းငယ်တော့ ရိုးအလွန်းရာ ကျနေပေသည်။
သို့သော်လည်း သူမက မနေနိုင်ဘဲ နှုတ်မှ ထုတ်မေးလိုက်မိသည်။
လင်းယွမ်က သူမကို ပြန်မဖြေဘဲ "မင်း မြင်ခဲ့ရတဲ့... ဒဏ်ရာရနေတဲ့ မျိုးရိုးဗီဇမျိုးစေ့ သန္ဓေပြောင်း သားရဲအကြောင်း... ငါ့ကို ပြောပြစမ်း" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က အံကို ကျိတ်လိုက်သည်။ တစ်ဖက်လူက သူမကို အပိုင်ကိုင်ထားပြီး အခြေအနေ တစ်ရပ်လုံးကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း သူမ ခံစားလိုက်ရသည်။
သို့သော် အင်အားချင်းက မယှဉ်သာသဖြင့် အရှက်ကွဲမခံချင်ပါက လိမ်လိမ်မာမာဖြင့် ပူးပေါင်းရုံသာ ရှိပေတော့သည်။
"အဲ့ဒါက မြွေအမျိုးအစား သန္ဓေပြောင်း သားရဲတစ်ကောင်ပါ... အဲ့ဒီလောက် ကြီးတဲ့ မြွေကြီးမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
"မဟုတ်ဘူး... ဒါက မြွေလို့တောင် သတ်မှတ်လို့ မရလောက်ဘူး... နဂါးတစ်ကောင် ဖြစ်လောက်တယ်"
"သူ့အရှည်က အနည်းဆုံး ပေသုံးရာကျော် ရှိပြီးတော့... လုံးပတ်ကလည်း ပေငါးဆယ်လောက် ရှိတယ်... အကြေးခွံ တစ်ခွံကတင် လူတစ်ဝက်လောက် အမြင့် ရှိတယ်"
လင်းယွမ်၏ မျက်လုံးများအတွင်းမှ အလင်းတန်းများက ချက်ချင်းပင် ရုတ်ခြည်း တောက်ပလာပြီး သူ၏ စိတ်ထဲတွင် ပြင်းထန်သော အလိုအလျောက် သိစိတ်တစ်ခု ပေါ်လာတော့သည်။
တစ်ဖက်လူ ပြောနေသော ဤမြွေသည် ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာပေါက် အဆိုပါ ဓားမြီးပင်လယ်မြွေပင် ဖြစ်ရမည်။
သူက အလျင်အမြန်ပင် "သူက ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ" ဟု မေးလိုက်သည်။
"သူ့ရဲ့ အမြီး ပြတ်သွားတာ... ဟင်းလင်းပြင် ကြားထဲ ညပ်ပြီး ပြတ်သွားတာပါ" လင်းမြောင်မြောင်က ဖြေသည်။
"ဘာပြောတယ်"
လင်းမြောင်မြောင်က "အဲ့ဒီအချိန်တုန်းက ကျွန်မ အိမ်ထဲမှာ ထမင်းစားနေတာ... ရုတ်တရက် အပြင်ဘက်ကနေ ပေါက်ကွဲသံကြီး ထွက်လာတာကို ကြားလိုက်ရတယ်"
"ကျွန်မတို့... ကျွန်မ ချက်ချင်း ပြေးထွက်ပြီး အခြေအနေကို ကြည့်လိုက်တော့ ဟိုဘက် ကောင်းကင်ယံမှာ အပေါက်ကြီး တစ်ပေါက် ကွဲအက်နေတာကို မြင်လိုက်ရတယ်"
"အဲ့ဒီ အပေါက်ကြီးထဲကနေ လူတစ်ယောက် ခုန်ထွက်လာပြီး ရေထဲကို တိုက်ရိုက် ပြုတ်ကျသွားတယ်"
"အဲ့ဒီနောက် ချက်ချင်းဆိုသလိုပဲ... အရမ်းကြီးတဲ့ သန္ဓေပြောင်း မြွေကြီးတစ်ကောင် ထွက်လာတယ်"
"ဒါပေမဲ့ အဲ့ဒီ သန္ဓေပြောင်း မြွေကြီးက အရမ်း ရှည်လွန်းနေတော့ သူ အကုန် ထွက်မလာနိုင်ခင်မှာတင် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးက ပြန်ပိတ်သွားခဲ့တယ်"
"အဲ့ဒီမြွေကြီးရဲ့ အမြီးက အဲ့ဒီလိုပဲ ဟင်းလင်းပြင် အက်ကွဲကြောင်းရဲ့ ဖြတ်တောက်ခံလိုက်ရတာပါ"
ယခုအခါ လင်းယွမ် အပြည့်အဝ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ ၎င်းက လီချင်းဟွာနှင့် အဆိုပါ ဓားမြီးပင်လယ်မြွေ ဖြစ်ရမည်မှာ သေချာလှသည်။
"အဲ့ဒီနောက်ရော" သူက ချက်ချင်း မေးလိုက်သည်။
"မသိဘူး... အဲ့ဒီလူနဲ့ မြွေကြီးက ရေထဲကို အတူတူ ပြုတ်ကျသွားတာပဲ"
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး "မင်းရဲ့ အဖော်က အဲ့ဒီမြွေနဲ့ အဲ့ဒီလူကို သွားရှာနေတာများလား" ဟု ချက်ချင်း မေးလိုက်သည်။
လင်းမြောင်မြောင်က ချက်ချင်းပင် ပါးစပ်ကို ပိတ်ထားလိုက်ပြီး တစ်ခွန်းမှ ထပ်မပြောတော့ပေ။
သို့သော် ဤသို့ မပြောလိုက်ခြင်းက အကုန်ပြောပြလိုက်သည်နှင့် အတူတူပင် ဖြစ်သွားလေသည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားပြီးနောက် စိတ်ပူပင်မနေတော့ပေ။
သူက လသာဆောင် အပြင်ဘက်ရှိ အဆုံးအစမရှိသော ရေပြင်ကြီးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပနေတော့သည်။
"ကြည့်ရတာ လီချင်းဟွာ ထွက်လာပြီ ထင်တယ်... အဲ့ဒီ ဓားမြီးပင်လယ်မြွေက သူ့ရဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရတာပဲ... လီချင်းဟွာက အဲ့ဒါကို ပြန်သတ်ဖို့များ အခွင့်အရေး ရှိမလား မသိဘူး"
သာမန် အစွမ်းပိုင်ရှင် တစ်ယောက်၏ စွမ်းအားဖြင့် မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ သန္ဓေပြောင်း သားရဲကို ပြန်လည် သတ်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။
ထိုက်ယန်တောင် တစ်ခုလုံးတွင် မည်သူများ လုပ်နိုင်မည်နည်းဟု ဆိုရလျှင် ဤဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်သော လီချင်းဟွာ တစ်ယောက်တည်းသာ ရှိလောက်ပေမည်။
လီချင်းဟွာ၏ ပင်ကိုယ်စွမ်းရည်က အလွန် မြင့်မားပြီး ဟင်းလင်းပြင် အမျိုးအစား အစွမ်းကလည်း အလွန် ထူးခြားကာ အကန့်အသတ်မဲ့သော အလားအလာများ ရှိနေသည်။
လင်းယွမ်က အစောပိုင်းတွင် လီချင်းဟွာကို ဖမ်းမိခဲ့စဉ်က သတ်မပစ်ဘဲ လက်အောက်ခံအဖြစ် အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းမှာ ရှားပါးလှသော သူ၏ ပင်ကိုယ်စွမ်းရည်ကြောင့်ပင် ဖြစ်သည်။
လင်းယွမ်က ဧည့်ခန်း ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ပြီး ထပ်၍ မမေးတော့ပေ။
လင်းမြောင်မြောင်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် မနေနိုင်တော့ဘဲ "ရှင် တကယ် ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခပ်ပေါ့ပေါ့ပင် "မင်းရဲ့ အဖော် ပြန်လာတာကို စောင့်မလို့" ဟု ဖြေလိုက်သည်။
"ရှင်..." လင်းမြောင်မြောင်၏ မျက်နှာက ပျက်သွားတော့သည်။
လင်းယွမ်က သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး "စိတ်ချပါ... မင်းတို့ကို ဘာမှ မလုပ်ပါဘူး... မင်းရဲ့ အဖော် စုံစမ်းလာတဲ့ သတင်းကိုပဲ ငါ လိုချင်တာပါ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်၏ မျက်နှာက ဆိုးရွားနေသော်လည်း သူမက ဘာမှ လုပ်နိုင်စွမ်း မရှိပေ။
သူမက မူလနေရာတွင် စိုးရိမ်တကြီး ထိုင်နေပြီး လက်ရှိ အခက်အခဲကို ဖြေရှင်းရန် နည်းလမ်း အမျိုးမျိုး စဉ်းစားနေတော့သည်။
"ရှင်က ဘယ်သူလဲ"
"ရှင် လမ်းပျောက်နေတာလား"
"ရှင့်ကို ကျွန်မတို့ရဲ့ ခိုလှုံရေးစခန်းဆီ ခေါ်သွားပေးလို့ ရပါတယ်... ဖူရုံတောင်ကြားမှာ စားစရာ၊ ဝတ်စရာနဲ့ နေစရာ နေရာတွေ ရှိတယ်"
"ရှင့်ရဲ့ အစွမ်းနဲ့ဆို အဲ့ဒီမှာ ကောင်းကောင်းမွန်မွန် နေလို့ ရပါတယ်... ရေထဲမှာ မျောနေပြီး ရေပေါ်လေလွင့်သူ တစ်ယောက် ဖြစ်နေစရာ မလိုပါဘူး"
လင်းယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "ရေပေါ်လေလွင့်သူ ဟုတ်လား" ဟု မေးလိုက်သည်။
လင်းမြောင်မြောင်က စိတ်ရှည်လက်ရှည်ဖြင့် "အဲ့ဒါက ရေပေါ်မှာ လုယက်ခိုးဝှက်ကြတဲ့ လူတစ်စုကို ခေါ်တာပါ... အချို့က အဖွဲ့လိုက် အလုပ်လုပ်ကြပြီး အချို့ကတော့ တစ်ကိုယ်တော် လှုပ်ရှားကြတယ်... ကျွန်မတို့ အားလုံးကတော့ သူတို့ကို လေလွင့်သူတွေလို့ ခေါ်ကြတယ်" ဟု ရှင်းပြလိုက်သည်။
"ဒီလူတွေက အပြင်မှာ လေလွင့်နေကြပေမဲ့... ရှင်တို့အားလုံးက အခြေချနေထိုင်လို့ရမယ့် နေရာတစ်ခုကို လိုချင်နေကြတယ် ဆိုတာ ကျွန်မ သိပါတယ်"
"သန္ဓေပြောင်း သားရဲတွေ အပြည့်ရှိနေတဲ့ ရေလွှမ်းမိုးမှုကြီးထဲမှာ... အမြဲတမ်း မျောပါပြီး လေလွင့်နေချင်မယ့်သူ မရှိဘူးလို့ ကျွန်မ ယုံကြည်တယ်"
သူမက လင်းယွမ်ကို စူးစိုက်ကြည့်ကာ လင်းယွမ်အား နားချရန် ကြိုးစားနေတော့သည်။
လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်သည်။ ဤမိန်းကလေးက သူ့ကို ရေပေါ်လေလွင့်သူ တစ်ယောက်အဖြစ် သတ်မှတ်ထားသည်ကိုး။
သူက ဘာမှ ရှင်းမပြတော့ဘဲ "ငါ့နာမည် လင်းယွမ်လို့ ခေါ်တယ်... မင်း ငါ့ကို ကိုလင်းယွမ်လို့ ခေါ်လို့ ရတယ်" ဟုသာ ပြောလိုက်သည်။
"ကိုလင်းယွမ် ဟုတ်လား... ရှင် ဘယ်ကလာတာလဲ" လင်းမြောင်မြောင်က လင်းယွမ် စကားပြန်ပြောသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ပြန်မဖြေဘဲ "စမ်းသပ်မနေနဲ့... မင်းရဲ့ အဖော် ပြန်လာလို့ ငါ လိုချင်တဲ့ သတင်းအချက်အလက် ရရင် မင်းတို့ကို ဒုက္ခမပေးပါဘူး" ဟုသာ ပြောလိုက်သည်။
လင်းမြောင်မြောင်က မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် လက်မှိုင်ချသွားတော့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ရေလှိုင်းပုတ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုနောက် ချက်ချင်းဆိုသလိုပင် လှိုင်းလုံးများ လိမ့်တက်လာပြီး လူရိပ်တစ်ခုက ရေအောက်မှနေ၍ လေထဲသို့ ခုန်တက်ကာ အဆောက်အအုံ၏ အပြင်ဘက်နံရံပေါ်သို့ တွယ်တက်လာခဲ့သည်။
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး လင်းမြောင်မြောင်ကလည်း ချက်ချင်း စိုးရိမ်သွားကာ လာမည့်သူကို သတိပေးရန် ပါးစပ်ဟလိုက်သည်ကို မြင်လိုက်ရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး ခန္ဓာကိုယ်က လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း ခံစားလိုက်ရသည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်များဖြင့် သူမကို တိုက်ရိုက် ထိန်းချုပ်ထားလိုက်ခြင်းပင် ဖြစ်သည်။
အချိန်သိပ်မကြာလိုက်ဘဲ လသာဆောင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရပြီး လူရိပ်တစ်ခုက လသာဆောင်အတွင်းသို့ သွက်လက်စွာ ခုန်ဝင်လာခဲ့သည်။
လာသူ၏ တစ်ကိုယ်လုံးတွင် အပြာရောင် သန်းနေသော အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး နားရွက်နောက်တွင် ငါးပါးဟပ်ကဲ့သို့ အင်္ဂါများ ရှိနေပေသည်။
သူ၏ ခန္ဓာကိုယ် မြေပြင်သို့ ကျရောက်လာသည်နှင့်အမျှ ရေစက်များစွာက သူ့ကိုယ်ပေါ်မှ တစ်စက်စက် ကျဆင်းလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကလည်း လူသားပုံစံသို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလာတော့သည်။
ထိုသူက အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် သိသာထင်ရှားသော ကြွက်သားများ ရှိနေပေသည်။
ထိုသူသည် "ရေလူသား" အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
"မြောင်မြောင်... ငါ ဘာတွေ့ခဲ့လဲ နင်မှန်းကြည့်စမ်း"
လာသူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ရှိနေပြီး လသာဆောင်တွင် ငြိမ်သက်စွာ ထိုင်နေသော လင်းမြောင်မြောင်ကို ချက်ချင်းပင် မြင်တွေ့သွားခဲ့သည်။
ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယွမ်ကိုမူ သူ လုံးဝ သတိမထားမိခဲ့ပေ။
လင်းမြောင်မြောင်သည် လှုပ်ရှား၍ မရဘဲ သူမ၏ မျက်လုံးများအတွင်း စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေပေသည်။
လင်းကျင်းထောင်၏ အပြုံးများက ရပ်တန့်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်းကို သူလည်း သတိထားမိသွားခဲ့သည်။
ချက်ချင်းပင် သူက ခေါင်းကို ရုတ်တရက် လှည့်ကာ အခန်းတွင်းသို့ ကြည့်လိုက်သည်။
ထို့နောက် ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယွမ်ကို မြင်တွေ့သွားတော့သည်။
"မင်းက ဘယ်သူလဲ"
လင်းကျင်းထောင်၏ မျက်နှာက ချက်ချင်း ပျက်သွားပြီး လင်းယွမ်ကို အလျင်စလို မတိုက်ခိုက်ဘဲ လင်းမြောင်မြောင်၏ အရှေ့မှနေ၍ အလျင်အမြန် ကာကွယ်ပေးလိုက်သည်။
လင်းယွမ်၏ မျက်လုံးများတွင် ချီးကျူးမှု တစ်စွန်းတစ်စ ပေါ်လာခဲ့ပြီး သူက မတ်တတ်ရပ်ကာ "ငါက လင်းယွမ်ပဲ... မင်း ဒီလောက်တောင် ဝမ်းသာနေတာ ကြည့်ရတာ ရေအောက်မှာ တစ်ခုခု ကြီးကြီးမားမား ရှာတွေ့လာလို့လား" ဟု ပြောလိုက်သည်။
လင်းကျင်းထောင်၏ မျက်နှာက ဆိုးရွားနေပြီး လက်လှမ်းကာ သူ၏ ညီမဖြစ်သူ လင်းမြောင်မြောင်ကို ဆွဲလိုက်သည်။
သို့သော်လည်း လင်းမြောင်မြောင်က ရုပ်သေးရုပ် တစ်ရုပ်လိုပင် သူ ဆွဲသည့်အတိုင်းသာ ပါလာပြီး မည်သည့် ကိုယ်ပိုင်လှုပ်ရှားမှုမျှ မရှိတော့ပေ။
သူ့မျက်နှာက အကြီးအကျယ် ပျက်သွားပြီး လင်းယွမ်ကို စူးစိုက်ကြည့်ကာ "ခွေးကောင်... ငါ့ညီမကို မင်း ဘာလုပ်လိုက်တာလဲ" ဟု ဒေါသတကြီး မေးလိုက်သည်။
လင်းယွမ်က ရုပ်သေးကြိုးမျှင်၏ တစ်စိတ်တစ်ပိုင်းကို ဖြေလျှော့ပေးလိုက်ပြီး "လင်းမြောင်မြောင်... မင်းပဲ သူ့ကို ပြောပြလိုက်ပါ" ဟု ပြောလိုက်သည်။
လင်းမြောင်မြောင်က သူမကိုယ်သူမ စကားပြောနိုင်ပြီ ဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်ရသော်လည်း ခေါင်းကိုသာ လှုပ်ရှား၍ ရနေသေးပေသည်။
သူမက အလွန် ထိတ်လန့်သွားပြီး လင်းယွမ်၏ အစွမ်းအပေါ် အံ့အားသင့်သွားတော့သည်။
"အစ်ကို... စိတ်လိုက်မာန်ပါ မလုပ်နဲ့... သူ ကျွန်မကို ဘာမှ မလုပ်ထားပါဘူး"
လင်းမြောင်မြောင်က လင်းကျင်းထောင်ကို ချက်ချင်းပင် တားဆီးလိုက်သည်။ အစ်ကိုဖြစ်သူ၏ ဒေါသကို သူမ အသိဆုံးပင် ဖြစ်သည်။
သူမ၏ အစ်ကိုက ပုံမှန်အားဖြင့် စကားပြောရ အလွန် လွယ်ကူသော်လည်း ညီမဖြစ်သူ သူမနှင့် ပတ်သက်လာပါက အသက်ကိုတောင် စတေးရဲသူ ဖြစ်သည်။
လင်းကျင်းထောင်က လင်းမြောင်မြောင်ကို တစ်ချက် ကြည့်လိုက်ရာ သူမက တစ်ပါးသူ၏ ထိန်းချုပ်ခံထားရသော်လည်း ခန္ဓာကိုယ်ပေါ်တွင် စော်ကားခံထားရသည့် လက္ခဏာမျိုး မရှိသည်ကို မြင်လိုက်ရသဖြင့် သူ့ကို အနည်းငယ် သက်ပြင်းချနိုင်သွားစေခဲ့သည်။
သူက လင်းယွမ်ကို မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ကြည့်ကာ "ကိုလင်းယွမ် ဟုတ်လား... ကျွန်တော်တို့ မောင်နှမက ခင်ဗျားကို ဘာမှ ပြစ်မှားထားတာ မရှိဘူးလေ... ခင်ဗျား ဘာလိုချင်လို့လဲ... အရင်ဆုံး ကျွန်တော့်ညီမကို လွှတ်ပေးလို့ ရမလား" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ရတာပေါ့... ငါက အထင်လွဲတာမျိုး မဖြစ်ချင်လို့ မင်းညီမကို ထိန်းချုပ်ထားလိုက်တာပါ" ဟု ဖြေလိုက်သည်။
ထိုသို့ ပြောလိုက်ပြီး သူက ရုပ်သေးကြိုးမျှင်များကို ဖြုတ်ပေးလိုက်ရာ လင်းမြောင်မြောင်က ချက်ချင်းပင် လွတ်လပ်သွားတော့သည်။
သူမက လက်နှင့်ခြေထောက်များကို တစ်ချက် လှုပ်ရှားလိုက်ပြီး အစ်ကိုဖြစ်သူ အနားသို့ အလျင်အမြန် ကပ်သွားခဲ့သည်။
လင်းကျင်းထောင်က ယင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လက်ပါရန် ပြင်လိုက်သည်။
သို့သော် လင်းမြောင်မြောင်က သူ့ကို အတင်းဆွဲထားလိုက်ပြီး သူမ၏ ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
"အစ်ကို... စိတ်လိုက်မာန်ပါ မလုပ်နဲ့... ကျွန်မတို့ သူ့ကို မယှဉ်နိုင်ဘူး"
လင်းကျင်းထောင်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားပြီး ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း စိတ်ကို ပြန်လည် ငြိမ်သက်စေကာ "ကိုလင်းယွမ်... ခင်ဗျား ဘာလိုချင်လို့လဲ" ဟု မေးလိုက်သည်။
"မင်း ဒီတစ်ခေါက် အပြင်ထွက်သွားတော့ ရေအောက်မှာ ဘာတွေ တွေ့ခဲ့လဲဆိုတာကို ငါ သိချင်တယ်"
ဆက်ရန်...