အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) နတ်ဘုရားအင်ပါယာ....ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ကောင်းကင်ကံကြမ္မာပိုင်ရှင်က သေရာကနေ ပြန်ရှင်လာတယ်
ခုံးဝူတောက်နှင့် သူ၏အဖွဲ့ ထွက်ခွာသွားပြီး အချိန်သိပ်မကြာမီမှာပင်...
တောက်ပသော အလင်းတန်းများသည် မိုးကုတ်စက်ဝိုင်းမှ သတိထား၍ ချဉ်းကပ်လာပြီး ဧရာမ မြေကျွံတွင်း ချောက်ကမ်းပါးကြီး၏ အထက်တွင် ဆင်းသက်လာသည်။
သူတို့ကို ဖုံးလွှမ်းထားသော အလင်းစက်ဝန်းများ လုံးဝပျောက်ကွယ်သွားသည်နှင့်အမျှ မြောက်ဘက်ရွှမ် တာအိုနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။
"ဒါက..."
အောက်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရင်း လူတိုင်း သူတို့၏ ဦးရေပြားများ ထုံကျဉ်သွားသည်ကို ခံစားလိုက်ရသည်။
တစ်ချိန်က ခရမ်းကောင်းကင်ဘုံဂိုဏ်း တည်ရှိခဲ့သော ဧရိယာသည် အဆုံးအစမရှိသော မြေကျွံတွင်း ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။
ယခင်က မဟာဧကရာဇ်၏ ပုံရိပ်ယောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း ဤလောကတွင် ကျန်ရှိနေသေးသော ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်အရှိန်အဝါသည် လူများကို အကြောက်တရားဖြင့် တုန်ယင်သွားစေဆဲပင်။
ခရမ်းကောင်းကင်ဘုံဂိုဏ်းသည် သူတို့၏ မြောက်ဘက်ရွှမ် တာအိုနယ်မြေတွင် နှစ်ပေါင်းများစွာကြာအောင် လက်ဆင့်ကမ်းဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုချိန်၌ ထိုအရာသည် တခြားသော ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုများက စေလွှတ်လိုက်သော စစ်တပ်တစ်တပ်ကြောင့် ဖျက်ဆီးခံလိုက်ရခြင်း မဟုတ်ပေ။
ထိုအစား ထိုဂိုဏ်းသည် ခုံးဝူတောက်၏ ဧကရာဇ် အမိန့်တော် တစ်ခုတည်းကြောင့် ပြာကျသွားခဲ့ခြင်းသာ ဖြစ်ပေ၏။
ဤအရာကို ပြန်လည်အမှတ်ရရင်း ထိုနေရာရှိ အစွမ်းထက် ကျင့်ကြံသူများအားလုံး တညီတညွတ်တည်း တုန်ယင်သွားကြသည်။
သူတို့သည် ခုံးဝူတောက် ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ မသိစိတ်အရ ကြည့်လိုက်ပြီး ရေရွတ်လိုက်ကြသည်။
"ကောင်းကင်ဘုံတွေနဲ့အင်္သချေနယ်မြေတွေက... ပြောင်းလဲတော့မယ်..."
.........
မြောက်ဘက်ရွှမ် တာအိုနယ်မြေသို့ သူ၏ ခရီးစဉ်ကို အဆုံးသတ်ပြီးနောက်...
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ ပြန်ရန် ရည်ရွယ်မထားသေးပေ။
သူ၏ရင်ဘတ်ကြားမှ သေသပ်လှပစွာ ဖန်တီးထားသော နတ်ဘုရားကျောက်စိမ်းပြားတစ်ခုကို သူ ထုတ်ယူလိုက်သည်။
ထိုအပေါ်တွင် ကျယ်ပြန့်သော တာအို အငွေ့အသက်များ ပြည့်နှက်နေသည့် ရှေးဟောင်းရွှေရောင်စာလုံးတချို့ကို ထွင်းထုထားသည်။
ဤသည်မှာ 'နေလ နတ်ဘုရား အင်ပါယာ' ပင်။
"ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီ... မင်းနဲ့ တွေ့ရမယ့် အချိန်ရောက်ပြီ..."
ယခင်က ရှားချူလီကို ယဉ်ပါးအောင် သွေးဆောင်ခြင်း လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းကို သူ ပြီးစီးခဲ့ပြီး ဖြစ်သော်လည်း....
တိကျသောရလဒ်သည် ရှားချူလီ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်နေဆဲပင်။
အကယ်၍ သူမတွင် သူမ၏ ကိုယ်ပိုင်အစီအစဉ်များ ရှိနေမည် သို့မဟုတ် သူမက လုံလောက်အောင် မနာခံဘဲမည်ဆိုလျှင် သူသည် နေလ နတ်ဘုရားအင်ပါယာကို ဖျက်ဆီးရန် ဤခရီးစဉ်၏အခွင့်အရေးကို အသုံးချရပေလိမ့်မည်။
အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော် တစ်ပါးအနေဖြင့် သူ၏ လုပ်ရပ်များအတွက် အကျိုးဆက်များကို သူ စဉ်းစားရန် မလိုအပ်ပေ။ သူ လုပ်ချင်သည့်အတိုင်း လုပ်ရန်သာ လိုအပ်ပေ၏။
သူ စိတ်ပိုင်းဖြတ်ပြီးနောက် ခုံးဝူတောက်သည် ကောင်းကင်အလင်း မိုးပြာနဂါးကို စီးကာ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဧကရာဇ်သားတော်အစဉ်အဆက် အနည်းငယ်ကို ခေါ်ဆောင်ပြီး နေလနတ်ဘုရားအင်ပါယာ တည်ရှိရာ အထီးကျန်ပင်လယ် တာအိုနယ်မြေသို့ ဦးတည်သွားလေသည်။
..........
နေလနတ်ဘုရားအင်ပါယာသည် အထီးကျန်ပင်လယ် တာအိုနယ်မြေရှိ ထိပ်သီးအင်အားစုများထဲမှ တစ်ခုပင်။
ထိုအင်အားစု၏ ဘိုးဘေးနယ်မြေအတွင်းတွင် နယ်မြေများစွာကို အုပ်စိုးသော မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး အိပ်မောကျနေသည်ဟုပင် ကောလဟာလများ ရှိနေသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နေလနတ်ဘုရားအင်ပါယာသည် အလွန်အမင်း ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပေ၏။
အကြောင်းအရင်းမှာ တခြားကြောင့်မဟုတ်ဘဲ လွန်ခဲ့သော ရက်အနည်းငယ်က နိုင်ငံတော်သစ္စာဖောက်မှုနှင့် ပုန်ကန်မှုတို့ဖြင့် ကွပ်မျက်ခံခဲ့ရသော မြို့စားကျန်းကော်အိမ်တော်၏ တရားဝင်သားဖြစ်သူ ချူထျန် သည် ရှင်းပြ၍မရနိုင်သောနည်းလမ်းဖြင့် ပြန်လည်ရှင်သန်လာခဲ့သောကြောင့်ပင်။
နောက်ဆုံးတွင် အမည်မသိ နည်းလမ်းများဖြင့် သူသည် နယ်စပ်ဒေသများရှိ နယ်စားအသီးသီးကို ဦးဆောင်ကာ စစ်တပ်များဖွဲ့စည်းပြီး အဆက်မပြတ် ပုန်ကန်ခဲ့သည်။
ရုတ်တရက် အငိုက်ဖမ်းခံလိုက်ရသဖြင့် နေလ နတ်ဘုရားအင်ပါယာ၏ မရေမတွက်နိုင်သော နယ်မြေများကို ချူထျန်က သိမ်းပိုက်သွားခဲ့ပြီး နတ်ဘုရားအင်ပါယာတစ်ခုလုံးတွင် ထိတ်လန့်မှုနှင့် မငြိမ်မသက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။
နေလနတ်ဘုရားအင်ပါယာ၏ ပင်မနန်းဆောင် အတွင်းတွင်....
နတ်ဘုရားအင်ပါယာ၏ အမတ်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများ မရေမတွက်နိုင်အောင် ဤနေရာတွင် စုရုံးနေကြ၏။
"အရှင်မင်းကြီး... ဒီလူယုတ်မာချူထျန် က အရှိန်ပြင်းပြင်းနဲ့ ချီတက်လာနေတယ်... အခု မြောက်ပိုင်းနယ်စပ်ခံတပ်နဲ့ ကောင်းကင်ဘုံတောင်ကြားတို့က တစ်ခုပြီးတစ်ခု ကျဆုံးသွားပြီးတော့ သူ့ရဲ့ စစ်တပ်က ငါတို့ရဲ့ မြောက်ပိုင်းလျှန်နယ်မြေဆီကို တိုက်ရိုက်ဖိအားပေးနေတယ်..."
"မြောက်ပိုင်းလျှန်နယ်မြေသာ ကျဆုံးသွားရင် ငါတို့နတ်ဘုရား အင်ပါယာရဲ့ မြောက်ပိုင်း နယ်မြေတွေအားလုံးက ဒီလူယုတ်မာရဲ့ လက်ထဲကို သေချာပေါက် ကျရောက်သွားပါလိမ့်မယ်..."
"ဒါပေမယ့် အခု ငါတို့ဆီမှာ ရနိုင်တဲ့ တပ်ဖွဲ့ဝင်တွေ လုံးဝမရှိတော့ဘူး... နယ်စားဆယ့်ရှစ်ယောက်ထဲက ဆယ့်နှစ်ယောက်က ချူထျန်ရဲ့ အတွင်းလူတွေပဲ... အခု အရှေ့ပိုင်းအထီးကျန်နယ်မြေ နဲ့ အနောက်ပိုင်း သဲကန္တာရတို့ကိုလည်း သူပုန်စစ်တပ်က တိုက်ခိုက်နေတော့ ငါတို့က လူအင်အား မပေးနိုင်တော့ဘူး..."
"ကျေးဇူးပြုပြီး ခွင့်ပြုချက်ပေးပါ အရှင်မင်းကြီး... ဒီလက်အောက်ခံက တော်ဝင်အစောင့်အရှောက်တစ်သိန်းကို ဦးဆောင်ပြီး သူပုန်စစ်တပ်ကို ချက်ချင်းသွားရောက်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်..."
".........."
အောက်ဘက်ရှိ အမတ်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများ၏ အသံများကို နားထောင်ရင်း နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော နေလနတ်ဘုရား အင်ပါယာ၏ အုပ်စိုးသူ ရှားရွှမ်ယွမ်သည်လည်း ခေါင်းကိုက်နေလေ၏။
မြို့စားကျန်းကော်အိမ်တော် တစ်ခုလုံးနှင့်အတူ ဖျက်ဆီးခံခဲ့ရသော ချူထျန်သည် အဘယ်ကြောင့် ရုတ်တရက် ပြန်လည်ရှင်သန်လာခဲ့သနည်းဆိုသည်ကို သူ အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
အဘယ်ကြောင့် သူသည် ဤမျှထိ များပြားသော နယ်စားများကို ပုန်ကန်ရန် ဤမျှထိ လွယ်လွယ်ကူကူ လှုံ့ဆော်နိုင်ခဲ့သနည်း...
အဘယ်ကြောင့် ဤမျှထိ များပြားသော စစ်တပ်များက သူ၏ အမိန့်ကို လိုလိုလားလား နာခံခဲ့ကြသနည်း...
သူ၏ နတ်ဘုရားအင်ပါယာတွင် အစွမ်းထက် ကျင့်ကြံသူ အများအပြား ရှိသော်လည်း ယခုတစ်ကြိမ် ဖြစ်ပွားသော စစ်ပွဲသည် သူ၏ နေလ နတ်ဘုရားအင်ပါယာ၏ နယ်မြေအတွင်းတွင်သာ ဖြစ်ပေ၏။
အကယ်၍ အလွန်အမင်း အစွမ်းထက်သော သက်ရှိများသာ လှုပ်ရှားခဲ့မည်ဆိုလျှင် ထုတ်လွှတ်လိုက်သော စွမ်းအားသည် လောကကို ဖျက်ဆီးပစ်နိုင်သည်မှာ သေချာပေါက်ပင်။
ထိုအရာက သူ၏ နေလနတ်ဘုရားအင်ပါယာ တည်ရှိသော နယ်မြေကိုပင် သေစေလောက်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်ပြီး ထိုမှတစ်ဆင့် အရာအားလုံး ကြေမွှသွားစေနိုင်သည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤကိစ္စ၏ နောက်ကွယ်မှ အဓိကတရားခံဖြစ်သော ချူထျန်သည် အစပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သော စိန်ခေါ်စာတစ်စောင် ပေးပို့ခဲ့သည်မှလွဲ၍ အစမှအဆုံးတိုင် လုံးဝခြေရာခံ၍မရခဲ့ပေ။
အကယ်၍ နယ်မြေများ ပျက်စီးသွားပြီး လူကို ရှာမတွေ့သေးဘူးဆိုလျှင် ထိုအရာက အမှန်တကယ်ကို ဇနီးသည်ကိုရော စစ်တပ်ကိုပါ ဆုံးရှုံးရသည့် ကိစ္စရပ်မျိုး ဖြစ်သွားပေလိမ့်မည်။
ဤအကြောင်းအရင်းကြောင့် သူတို့သည် ချူထျန်၏စည်းချက်ထဲသို့သာ ကျရောက်သွားနိုင်ပြီး သာမန်တပ်မကြီးများနှင့်သာ ကြီးမားသော တိုက်ပွဲများကို ဆင်နွှဲနိုင်ကာ အစွမ်းထက် ကျင့်ကြံသူများ ဝင်ရောက်စွက်ဖက်ရန် ခက်ခဲစေခဲ့သည်။
"အမိန့်တစ်ခု ထုတ်ပြန်လိုက်... ငါတို့ နတ်ဘုရား အင်ပါယာရဲ့ ကာကွယ်သူနယ်စား ကျန်းဝူကျိကို အရှေ့ပိုင်းအထီးကျန်နယ်မြေကို စစ်ကူပေးတာ ချက်ချင်းစွန့်လွှတ်ခိုင်းပြီးတော့ မြောက်ပိုင်းလျှန်နယ်မြေ ပုန်ကန်မှုကို နှိမ်နင်းဖို့ မြောက်ဘက်ကို မြန်မြန်သွားခိုင်းလိုက်စမ်း..."
နေလနတ်ဘုရားအင်ပါယာ တစ်ခုလုံးကို ကြည့်လိုက်လျှင် ကာကွယ်သူနယ်စား ကျန်းဝူကျိ သည် စစ်ရေးဗျူဟာကို အလွန် ကောင်းမွန်သော အဆင့်အထိ ကျွမ်းကျင်ထားသည့် ဗိုလ်ချုပ်ကြီး ဖြစ်သည်မှာ သေချာပေါက်ပင်။
အကယ်၍ တိုက်ပွဲကို သာမန် တပ်မကြီးများနှင့်သာ သီးသန့်တိုက်ခိုက်မည်ဆိုလျှင် ကျန်းဝူကျိ သည် နေလနတ်ဘုရားအင်ပါယာ၏ ပြန်လည်မြင့်တက်လာရန် အားကိုးနိုင်သော ဝှက်ဖဲတစ်ခု ဖြစ်ပေလိမ့်မည်။
...........
နေလနတ်ဘုရားအင်ပါယာ...မြောက်ပိုင်းလျှန်နယ်မြေ...
မြင့်မားသော တောင်တန်းတစ်ခု၏ အထက်တွင်...
ဓားကဲ့သို့ မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများရှိပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စစ်တုရင်ခုံတစ်ခု၏ရှေ့တွင် ထိုင်နေလေ၏။
စစ်တုရင်ခုံပေါ်တွင် အနက်ရောင် နယ်ရုပ်များသည် အဖြူရောင်နယ်ရုပ်များစွာကို လုံးဝဝန်းရံထားပြီး လေးဖက်လေးတန် ဝန်းရံမှုတစ်ခုကို ဖန်တီးထားသည်။
"ဟဲ ဟဲ... ချူထျန်... မင်းရဲ့ပါရမီက တကယ့်ကို ထူးခြားတာပဲ..."
ဤအချိန်အခိုက်အတန့်တွင် အက်ရှရှဖြစ်သော်လည်း ရယ်မောနေသော အသံတစ်သံက ပဲ့တင်ထပ်လာသည်။
"ကျင့်ကြံခြင်းမှာပဲဖြစ်ဖြစ် ဂီတ စစ်တုရင် စာအရေးအသားနဲ့ ပန်းချီ အနုပညာတွေမှာပဲဖြစ်ဖြစ် မင်းရဲ့ ပါရမီက တခြားသူတွေထက် အဆပေါင်းများစွာ သာလွန်တယ်..."
ထိုစကားကို ပြောဆိုသူသည် ချူထျန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
ထိုလူ... မဟုတ်ဘူး... ထိုလူကို လူတစ်ယောက်ဟုပင် ခေါ်ဆို၍မရနိုင်ပေ။
ထိုအစား သူသည် အသားအရေလုံးဝမရှိဘဲ ထူးဆန်းသော အရှိန်အဝါတစ်ခုဖြင့် ဖုံးလွှမ်းထားသည့် အနက်ရောင်အရိုးစုတစ်ခုပင်။
အထူးသဖြင့် သူ၏အနက်ရောင် မျက်လုံးအိမ်များတွင် လောင်ကျွမ်းနေသော ကြက်သွေးရောင်မီးတောက်နှစ်ခုက လူများကို ကျောချမ်းသွားစေသည့် ခံစားချက်အား ပေးစွမ်းနေသည်။
ထို အရိုးစုသည် သာမန်လူ မဟုတ်ပေ။ သူ၏အထောက်အထားသည် အင်ပါယာ၏ လက်ရှိအုပ်စိုးသူ ရှားရွှမ်ယွမ်၏ အင်ပါယာဘိုးဘိုးလေးပင်။
ရှားရွှမ်ယွမ်၏ အဘိုးဖြစ်သူနှင့် ထီးနန်းလုပွဲတွင် ရှုံးနိမ့်ပြီးနောက် သူသည် အင်ပါယာမိသားစုမှ ဖယ်ရှားခံခဲ့ရပြီး ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။
မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် သူသည် အခက်အခဲများကို ခံစားခဲ့ရပြီး သေမင်းစိတ်ဝိညာဉ်တာအိုသို့ ဝင်ရောက်ရန် မရေမတွက်နိုင်သော သွေးအဆီအနှစ်များကိုပင် သုံးစွဲခဲ့သည်။
နောက်ဆုံးတွင် သူသည် သူ၏ရုပ်ခန္ဓာကိုယ်ကိုပင် စတေးခဲ့ပြီး လောကီဧကရာဇ် နယ်ပယ်သို့ ရောက်ရှိခဲ့သည်။
သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် ဒဏ္ဍာရီလာနှင့် ထူးဆန်းသော သေမင်းစိတ်ဝိညာဉ် ပြန်လည်ရှင်သန်ခြင်းကျင့်စဉ်တွင် ကျွမ်းကျင်ပြီး သူ့အတွက် တိုက်ခိုက်ပေးရန် သေမင်းစိတ်ဝိညာဉ် သက်ရှိများစွာကိုပင် ဆင့်ခေါ်ယူနိုင်ပေ၏။
သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် သူ၏ ကိုယ်ပိုင်အင်ပါယာစစ်တပ်ကို တည်ထောင်ရန်အတွက် ကြီးမားသော အရင်းအမြစ်များကို သုံးစွဲရန် လုံးဝမလိုအပ်ဟု ဆိုနိုင်သည်။
သူသည် သူ၏ဧကရာဇ်တာအို နတ်ဘုရားစွမ်းရည်ဖြစ်သည့် သေမင်းစိတ်ဝိညာဉ် ဆင့်ခေါ်ခြင်းကိုသာ အသုံးပြုရန် လိုအပ်သည်။
သူသည် အဖြူရောင်အရိုးများ ပါဝင်သော စစ်တပ်များနှင့် သေမင်းစိတ်ဝိညာဉ် သက်ရှိများ ပါဝင်သော တပ်မကြီးများကို အဆက်မပြတ် ခေါ်ယူနိုင်သည်။
သူကိုယ်တိုင်သည်ပင် စစ်တပ်တစ်ခု ဖြစ်ပေ၏။
"စီနီယာ... ခင်ဗျားက ကျွန်တော့်ကို မြှောက်ပင့်နေပါပြီ..."
"တကယ်လို့ စီနီယာသာ လက်ကမ်းပြီးကူညီမပေးခဲ့ရင် ချူထျန်က နေလနတ်ဘုရားအင်ပါယာကို ဘယ်လို လက်စားချေရမလဲဆိုတာ တကယ် သိမှာမဟုတ်ဘူး..."
ဤအကြောင်းကို ပြောရလျှင် အဆုံးအစမရှိသော သတ်ဖြတ်လိုစိတ်သည် ချူထျန်၏ မျက်လုံးများတွင် လှိုင်းထလာသည်။
ထိုအချိန်တုန်းက မြို့စားကျန်းကော်အိမ်တော် ၏ တရားဝင် သားအကြီးဆုံးအနေဖြင့် သူသည် နေလနတ်ဘုရားအင်ပါယာ တစ်ခုလုံးတွင် မယုံနိုင်လောက်အောင် ဂုဏ်ယူစရာကောင်းပြီး သြဇာလွှမ်းမိုးမှု ရှိခဲ့သည်။
သို့သော် အတိအကျပြောရလျှင် သူတို့၏ မြို့စားကျန်းကော်အိမ်တော်သည် ထင်ရှားသော စစ်ရေး အောင်မြင်မှုများ ရရှိခဲ့သဖြင့် အုပ်စိုးသူကို သွယ်ဝိုက်ပြီး လွှမ်းမိုးထားသည့်ပုံပေါက်နေခဲ့ခြင်းဖြစ်သည်။
နတ်ဘုရားအင်ပါယာ၏ ရာထူးမြင့် အရာရှိများသည် သူတို့ကို အသုံးဝင်ပြီးနောက် စွန့်ပစ်ချင်ခဲ့ကြပြီး အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခုအား သူတို့အပေါ် ပုံချခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့သည် မြို့စားကျန်းကော် အိမ်တော်တစ်ခုလုံးကို လုံးဝဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် အထွတ်အထိပ် အစွမ်းထက် ကျွမ်းကျင်သူ အများအပြားကိုပင် စေလွှတ်ခဲ့ကြ၏။
မြို့စားကျန်းကော် အိမ်တော်တစ်ခုလုံးသည် သူ့ကို မြို့စားကျန်းကော်အိမ်တော်မှ ပြင်ပသို့ ပို့ဆောင်ရန် မျိုးနွယ်စုတစ်ခုလုံး၏ စွမ်းအားကို အသုံးပြုခဲ့သော်လည်း....
နတ်ဘုရားအင်ပါယာ၏ အစွမ်းထက် ကျွမ်းကျင်သူများ၏ လိုက်လံဖမ်းဆီးခြင်းကို သူ ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိသေးပေ။
နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့မှုများထဲ၌ သူသည် နေလနတ်ဘုရားအင်ပါယာ၏ တားမြစ်နယ်မြေဖြစ်သော သေမင်းစိတ်ဝိညာဉ်သင်္ချိုင်း ချောက်ကမ်းပါးထဲသို့ ခုန်ချရန်ပင် အတင်းအကြပ် ဖိအားပေးခြင်းခံခဲ့ရသည်။
သို့သော် ချူထျန် ကိုယ်တိုင် အပါအဝင် လူတိုင်းက သူ သေချာပေါက် သေရမည်ဟု ထင်ခဲ့ချိန်မှာပင်...
ဖြစ်နိုင်သည်မှာ ထိုအရာသည် သူ သေဆုံးခါနီး ပြင်းထန်သော ဆန္ဒမရှိမှုနှင့် နာကြည်းမှုတို့ကြောင့် ဖြစ်နိုင်သည်။
ချောက်ကမ်းပါးထဲသို့ ကျသွားသော ချူထျန် သည် ကံဆိုးမှုကို ကောင်းချီးတစ်ခုအဖြစ် မမျှော်လင့်ဘဲ ပြောင်းလဲနိုင်ခဲ့ပြီး သေမင်းစိတ်ဝိညာဉ်သင်္ချိုင်း ချောက်ကမ်းပါးမှ မရေမတွက်နိုင်သော သေမင်းစိတ်ဝိညာဉ်ချီများကို ရှူရှိုက်မိခဲ့သည်။
ထို့ပြင် သူသည် သေမင်းစိတ်ဝိညာဉ်သင်္ချိုင်း ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသော သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်ထံမှလည်း အကူအညီ ရရှိခဲ့သည်။
နောက်ဆုံးတွင် သူသည် သေမင်းစိတ်ဝိညာဉ်များ၏ဘုရင်ဟု ချီးကျူးခံရသော ငရဲကမ္ဘာ ဖုတ်ကောင်ခန္ဓာကိုယ်ကို နိုးထလာခဲ့သည်။
ထိုရုပ်ခန္ဓာကိုယ်သည် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏ နတ်ဘုရားစွမ်းရည်နှင့်လည်း မယုံနိုင်လောက်အောင် ကိုက်ညီလေ၏။
လွန်ခဲ့သော နှစ်များစွာက နေလနတ်ဘုရားအင်ပါယာနှင့် ဖြစ်ပွားခဲ့သော မကျေနပ်ချက်များကို ပြန်လည်ပေးဆပ်ရန် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် သူ၏ ဘဝတလျှောက်လုံး သင်ယူခဲ့သမျှ အသိပညာ အားလုံးကို တတ်နိုင်သမျှ သင်ကြားပေးခဲ့သည်။
သူတို့နှစ်ဦးလုံး မုန်းတီးသော နေလ နတ်ဘုရား အင်ပါယာကို လုံးဝဖြုတ်ချရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီး သူသည် ချူထျန်၏ ကျောထောက်နောက်ခံပင် ဖြစ်လာခဲ့သည်။
...
အခန်း (၇၀) တစ်ခုတည်းသော တန်ဖိုး... ပျော်ရွှင်မှု အနည်းငယ်
"စီနီယာ... ငါတို့ရဲ့အစီအစဉ် ပထမအဆင့် ပြီးသွားပြီ..."
ချူထျန်က သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ် ကို မေးမြန်းလိုက်သည်။
"ငါတို့က အစီအစဉ်ရဲ့ ဒုတိယအဆင့်ကို စတင်ဖို့ လိုအပ်ပြီလား..."
"အရမ်း မလောပါနဲ့... တကယ်လို့ ငါတို့က သူတို့ကို အရမ်းဖိအားပေးပြီးတော့ သူတို့က မဆင်မခြင် လုပ်လာမယ်ဆိုရင် ငါတို့အတွက် အရမ်း အဆင်မပြေ ဖြစ်သွားလိမ့်မယ်..."
သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်က ခေါင်းခါယမ်းပြီး ပြောဆိုလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် နေလနတ်ဘုရားအင်ပါယာရဲ့အနက်ရှိုင်းဆုံး နေရာမှာ မဟာဧကရာဇ်နယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ နှစ်ယောက် ပုန်းကွယ်နေသေးတယ်..."
"ငါတို့က နေလနတ်ဘုရားအင်ပါယာရဲ့ နယ်မြေတွေကို ငါတို့ရဲ့လက်ထဲကို ပိုပြီးရောက်လာအောင် သိမ်းပိုက်ရမယ်..."
"ထီးနန်းပေါ်မှာ ထိုင်နေတဲ့ ဧကရာဇ်အိုကြီးက သူ့ရဲ့ အင်ပါယာ ဖျက်ဆီးခံရတာကို မြင်ချင်မှာ မဟုတ်ဘူး... ဒါကြောင့် သူ သေချာပေါက် တွန့်ဆုတ်နေလိမ့်မယ်..."
သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်သည် နေလ နတ်ဘုရား အင်ပါယာ၏ စိုးရိမ်ပူပန်မှုများကို လုံးဝဆုပ်ကိုင်ထားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဤအင်ပါယာသည် သူ၏အင်ပါယာ မဟုတ်ဘဲ နေလနတ်ဘုရား ဧကရာဇ်၏အင်ပါယာသာ ဖြစ်နေသည်။
အကယ်၍ ထိုအရာ ပျောက်ကွယ်သွားမည်ဆိုလျှင်ပင် သူ စိတ်ဆင်းရဲနေမည် မဟုတ်ပေ။
စိတ်ဆင်းရဲပြီး တွန့်ဆုတ်နေမည့်သူမှာ နေလ နတ်ဘုရားဧကရာဇ်ပင်။
ထို့ကြောင့် ဤတိုက်ပွဲတွင် အစပြုလုပ်ဆောင်ခွင့်သည် အမြဲတစေ သူတို့၏လက်ထဲတွင်သာ ရှိနေခဲ့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ အလင်းတန်း တစ်တန်း ရောက်ရှိလာပြီး ချူထျန်နှင့် သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်တို့ရှေ့တွင် ဆင်းသက်လာသည်။ သူသည် ဒူးတစ်ဖက် ထောက်ကာ လက်နှစ်ဖက်ကို ပူးဆုပ်ပြီး သတင်းပို့လိုက်၏။
"သခင်နှစ်ယောက်ကို သတင်းပို့ပါတယ်... ရှေ့တန်းက ကင်းထောက်တွေ ပြန်ပို့လိုက်တဲ့ သတင်းတွေအရပါ..."
"နေလနတ်ဘုရားအင်ပါယာက ကာကွယ်သူနယ်စား ကျန်းဝူကျိကို စေလွှတ်လိုက်ပါတယ်... သူက စစ်တပ် သုံးသိန်းကို ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ ရှေ့တန်းစစ်တပ်ဆီကို ချဉ်းကပ်လာနေပါတယ်..."
ဤစကားကို ကြားသောအခါ ချူထျန်က မျက်ခုံးပင့်လိုက်သည်။
ကာကွယ်သူနယ်စား ကျန်းဝူကျိဟု ဆိုသလော...
သူသည် နေလနတ်ဘုရားအင်ပါယာ၏ အငယ်ဆုံး စစ်နတ်ဘုရားဟု ချီးကျူးခံရသူ မဟုတ်လော...
"စီနီယာ... အဲ့ဒီကာကွယ်သူနယ်စားဆိုသူနဲ့ ကျွန်တော် သွားတွေ့ပါရစေ..."
မြို့စားကျန်းကော်အိမ်တော်၏ တရားဝင် သားအကြီးဆုံးအနေဖြင့် သူသည် စစ်ရေးဗျူဟာကိုလည်း လေ့လာခဲ့ပြီး စစ်တပ်များကို ဦးဆောင်ရာတွင် အလွန်ကျွမ်းကျင်သည်။
အတိတ်တွင် ဧကရာဇ်အိုကြီးသာ သူ၏မြို့စားကျန်းကော်အိမ်တော်ကို မဖျက်ဆီးခဲ့လျှင်...
သူသည် ဤကာကွယ်သူနယ်စား ဖြစ်လာနိုင်ခဲ့မည်ဟု သူ အပြည့်အဝ ယုံကြည်မှု ရှိသည်။
ယနေ့တွင် ထိုကာကွယ်သူနယ်စားဆိုသူသည် သူနှင့် ယှဉ်ယှဥ်နိုင်စွမ်းရှိမရှိကို သူ ကြည့်ချင်နေမိသည်။
"ကောင်းပြီလေ..."
သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏ သဘောတူညီချက်ကို ရရှိပြီးနောက်...
ချူထျန်သည် ရှေ့တန်းတွင် ကာကွယ်သူနယ်စားနှင့် ရင်ဆိုင်ရန် စစ်တပ်ကို သူကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်းထွက်ခွာသွားလေ၏။
ချူထျန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း သေမင်းစိတ်ဝိညာဉ် မဟာဧကရာဇ်၏ နှုတ်ခမ်းများတွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဟဲ ဟဲ... သူက တစ်ကြိမ် သေပြီးသား လူတစ်ယောက် ဖြစ်နေတာတောင် ဒီလောက်ထိ အပြစ်ကင်းနေတုန်းပဲ..."
"အရာအားလုံး ပြီးသွားတာနဲ့ မင်းရဲ ရုပ်ခန္ဓာကိုယ်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်..."
ဤပြန်လည်ရှင်သန်လာမှုတွင် သူ၏ ရည်ရွယ်ချက်မှာ နေလနတ်ဘုရားအင်ပါယာ ကို ဖြုတ်ချရန်သာ မဟုတ်ပေ။
သူ့အတွက် သင့်လျော်သော ရုပ်ခန္ဓာကိုယ် တစ်ခုကို ရှာဖွေရန်လည်း ဖြစ်ပေ၏။
ထိုအရိုးစုခန္ဓာကိုယ်သည် သူ့အတွက် အဆက်မပြတ် နှိပ်စက်မှုနှင့် နာကျင်မှုတစ်ခုပင်။
ထို့ပြင် ချူထျန်သည် သူ့အတွက် မယုံနိုင်လောက်အောင် ပြီးပြည့်စုံသော ရုပ်ခန္ဓာကိုယ် တစ်ခု ဖြစ်ပေ၏။
..........
တခြားတစ်ဖက်တွင်...
နေလနတ်ဘုရားအင်ပါယာ၏ ပင်မနန်းဆောင် တွင် ညီလာခံ ရပ်နားရန် ဟန်ပြင်နေသော ရှားရွှမ်ယွမ်နှင့် နတ်ဘုရား အင်ပါယာ၏ အမတ်ကြီး များသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ကြသည်။
လူတိုင်းသည် သူတို့၏ နေလနတ်ဘုရားအင်ပါယာ၏နယ်မြေပေါ်သို့ ကောင်းကင်ယံအပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဆင်းသက်လာသည်ကို ခံစားမိလေ၏။
"ဒီအရှိန်အဝါက..."
အထူးသဖြင့် ယခင်က ခုံးဝူတောက်နှင့် တွေ့ဆုံဖူးသော ရှားချူလီသည် ယခုချီန်၌ ထိုအရှိန်အဝါကို အာရုံခံမိချိန်တွင်...
သူမ၏ နေလနတ်ဘုရားအင်ပါယာအပေါ် ဆင်းသက်လာသော ဤအရှိန်အဝါသည် ခုံးဝူတောက် ဖြစ်သည်မှာ သေချာကြောင်း သူမ အကြွင်းမဲ့ ယုံကြည်နေသည်။
"အဖေ... အဲ့ဒါက နတ်ဘုရားသားတော် ခုံးဝူတောက်ပဲ... နတ်ဘုရားသားတော် ခုံးဝူတောက်က ကျွန်မတို့ရဲ့ နေလနတ်ဘုရားအင်ပါယာကိုရောက်လာပြီ..."
ရှားချူလီ၏ အံ့အားသင့်စွာ အော်ဟစ်သံနှင့်အတူ....
ရှားရွှမ်ယွမ်နှင့် အမတ်ကြီးများသည် ပထမဆုံး အနည်းငယ် မိန်းမောသွားပြီးနောက် အံ့အားသင့်တုန်လှုပ်လွန်းသဖြင့် ဆွံ့အသွားကြ၏။
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ လူငယ်မျိုးဆက်များထဲတွင် အမြင့်မြတ်ဆုံးနှင့်ဂုဏ်သရေအရှိဆုံး တည်ရှိမှုပင်။
သူသည် အကြောင်းအရင်းမရှိဘဲ သူတို့၏ နေလနတ်ဘုရားအင်ပါယာသို့ မည်သို့ ရောက်ရှိလာနိုင်မည်နည်း။
သူ၏ တွေဝေမိန်းမောနေမှုမှ ပြန်လည်သတိရလာပြီးနောက် ရှားရွှမ်ယွမ်က အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
"မြန်မြန်လေး... ငါတို့ နေလနတ်ဘုရားအင်ပါယာရဲ့ အစောင့်တွေကို သူတို့ရဲ့ ကာကွယ်ရေး မှော်ပညာရပ်တွေကို ရုတ်သိမ်းဖို့ ချက်ချင်းအမိန့်ပေးလိုက်... နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဘယ်လိုအကြောင်းပြချက်နဲ့မှမစော်ကားမိစေနဲ့..."
"လူတိုင်း ဒီဧကရာဇ်ရဲ့နောက်ကို လိုက်ခဲ့စမ်း... နတ်ဘုရားသားတော် ခုံးဝူတောက်ကို ကိုယ်တိုင်ကိုယ်ကျ သွားကြိုကြရအောင်..."
နတ်ဘုရား အင်ပါယာအတွင်းရှိ ပုန်ကန်မှု ဆိုသည်နှင့် ပတ်သက်၍မူ....
ရှားရွှမ်ယွမ်နှင့် အမတ်ကြီးများသည် ထိုအရာကို သူတို့၏စိတ်ထဲမှ လုံးဝထုတ်ပယ်ထားလိုက်ကြလေပြီ။
ပုန်ကန်မှုကို နှိမ်နင်းရန် သူတို့ထံတွင် အခွင့်အရေး ရှိနေသေးသည်။
အကယ်၍ သူတို့သည် လုံလောက်သော ရိုသေလေးစားမှု မရှိဘဲ ဤကိစ္စကြောင့် ခုံးဝူတောက်ကို စော်ကားမိမည်ဆိုလျှင် သူတို့၏ နေလနတ်ဘုရားအင်ပါယာသည် အင်မော်တယ် များ ရောက်လာလျှင်ပင် ကယ်တင်နိုင်မည် မဟုတ်ချေ။
..........
နေလနတ်ဘုရားအင်ပါယာ၏ နယ်မြေအထက်တွင်....
ပထမဆုံး အချိန်မှာပင် နတ်ဘုရား အင်ပါယာ ၏ ရာထူးမြင့်အရာရှိများထံမှ အသံပေးပို့မှုကို လက်ခံရရှိခဲ့သော နေလနတ်ဘုရားအင်ပါယာ စစ်တပ်သည် ခုံးဝူတောက်အတွက် လမ်းဖယ်ပေးရန် လူစုခွဲလိုက်ကြသည်။
ခုံးဝူတောက် ဆင်းသက်လာသည်ကို မြင်သောအခါ မရေမတွက်နိုင်သော စစ်သားများသည် ခုံးဝူတောက်ဆီသို့ဦးတည်၍ ရိုသေလေးစားစွာဖြင့် သူတို့၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်ကြသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဂါရဝပြုပါတယ်..."
ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် ကြိုဆိုမှုက ခုံးဝူတောက်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။
ဤစစ်တပ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းအရှိန်အဝါကို ကြည့်ရသည်မှာ သူတို့သည် တိုက်ပွဲအတွက် ပြင်ဆင်နေသည့် အခြေအနေတွင် ရှိနေကြောင်း သိသာထင်ရှားပေ၏။
သူတို့သည် သူ၏ရောက်ရှိလာမှုကြောင့် သူ့ကို ကြိုဆိုရန် နေလနတ်ဘုရားအင်ပါယာမှ အထူးတလည် စေလွှတ်လိုက်သော စစ်တပ်တစ်တပ် လုံးဝမဟုတ်ပေ။
"ဖြစ်နိုင်တာက... နေလနတ်ဘုရားအင်ပါယာက မကြာသေးခင်က စစ်ပွဲတစ်ခု ဖြစ်နေတာများလား..."
ခုံးဝူတောက် ဆက်လက်တွေးတောခြင်း မပြုနိုင်မီမှာပင်...
နက်ရှိုင်းသော အသံတစ်သံသည် မိုးကုတ်စက်ဝိုင်းမှ ရုတ်တရက် ပဲ့တင်ထပ်လာသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်ရဲ့ မြင့်မြတ်တဲ့ ရောက်ရှိလာမှုက ငါတို့အတွက် ဂုဏ်ကျက်သရေပါပဲ... ငါတို့ရဲ့ နေလနတ်ဘုရားအင်ပါယာက အရှင်ကို သေသေချာချာ မကြိုဆိုနိုင်ခဲ့ဘူး... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ နတ်ဘုရားသားတော် ခုံးဝူတောက်..."
သူ၏အသံ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်မှာပင် မရေမတွက်နိုင်သော တောက်ပသော အလင်းတန်းများသည် မိုးကုတ်စက်ဝိုင်းမှ ကျရောက်လာပေ၏။
နေလနတ်ဘုရားအင်ပါယာ၏ အုပ်စိုးသူ ရှားရွှမ်ယွမ်သည် အင်ပါယာမှ ရာထူးမြင့်အရာရှိအုပ်စုကို ဦးဆောင်ကာ ခုံးဝူတောက်၏ရှေ့တွင် ဆင်းသက်လာကြသည်။
ရှေ့ဆုံးတွင် ရှိနေသော ခုံးဝူတောက်ကို မြင်သောအခါ နေလနတ်ဘုရားအင်ပါယာ၏ အုပ်စိုးသူရှားရွှမ်ယွမ်ပင်လျှင် အနည်းငယ် တွေဝေမိန်းမောမသွားဘဲ မနေနိုင်ခဲ့ပေ။
သူ၏ စီးတော်ယာဉ်ပင်လျှင် ကောင်းကင်အလင်း မိုးပြာနဂါးဖြစ်ပြီး သူတော်စင်နယ်ပယ် ရှိ နဂါးများကြားမှ ဘုရင်တစ်ကောင်ပင်။
တစ်ဖက်လူသည် သိသာထင်ရှားစွာ ငယ်ရွယ်သော်လည်း ပို၍ကြောက်မက်ဖွယ်ကောင်းသောအရာမှာ....
သူ၏အမူအရာတစ်ခုစီတိုင်းနှင့်အတူ သူ ထုတ်လွှတ်လိုက်သော စွမ်းအားသည် လူသားများကြားတွင် လျှောက်လှမ်းနေသော လူငယ်နတ်ဘုရားတစ်ပါးကဲ့သို့ မွေးရာပါ သာလွန်ထူးကဲပြီး လောကီနှင့် ကင်းကွာမှုတို့ကို ပိုင်ဆိုင်ထားခြင်းပင်။
သူသည် နိုင်ငံတစ်ခု၏ အုပ်စိုးသူတစ်ဦးဖြစ်နေလျှင်သည့်တိုင် နိမ့်ကျသည့် ခံစားချက်တစ်ခုကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။
ရှားရွှမ်ယွမ်သည် နတ်ဘုရားအင်ပါယာမှ အမတ်ကြီးများကို နောက်တစ်ကြိမ် အလျင်အမြန် ဦးဆောင်၍ နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပြုလိုက်၏။
"နေလနတ်ဘုရားအင်ပါယာရဲ့ လက်ရှိအုပ်စိုးသူ ရှားရွှမ်ယွမ်က နတ်ဘုရားသားတော် ခုံးဝူတောက်ကို ဂါရဝပြုပါတယ်... ကြိုဆိုပါတယ် အရှင်..."
"နတ်ဘုရားသားတော်..."
ရှားချူလီသည် ခုံးဝူတောက်ကို ကြည့်ရင်း သူမ၏နှလုံးခုန်နှုန်း လျှင်မြန်သွားပေ၏။
"နတ်ဘုရားသားတော်... အရင်က ကတိကို ဖြည့်ဆည်းဖို့ ဒီနေ့ ကျွန်မတို့ရဲ့ နေလ နတ်ဘုရား အင်ပါယာကို လာခဲ့တာလား..."
ယခင်က သူမသည် ခုံးဝူတောက်ထံ သွားရောက်လည်ပတ်ရန် လူများကို ဦးဆောင်ခဲ့စဉ်က...
သူမ၏ နေလနတ်ဘုရား အင်ပါယာသို့ ဧည့်သည်အဖြစ် လာရောက်လည်ပတ်မည်ဟု သူ ကတိပေးခဲ့သည်။
"အင်း..."
ခုံးဝူတောက်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမယ့် မင်းတို့ရဲ့ နတ်ဘုရားအင်ပါယာက ဒီနေ့ စစ်တပ်တွေ အများကြီး စေလွှတ်ထားတာ... စစ်ပွဲတစ်ခု ဖြစ်တော့မလို့လား..."
ဤစကားကို ကြားသောအခါ ရှားရွှမ်ယွမ်သည် သူမတို့၏ အတွင်းရေးပြဿနာများကို ပြောမပြချင်ချေ။
သူမက အလျင်အမြန် ရယ်မောပြီး ပြန်ဖြေလိုက်၏။
"အဲ့ဒါက အသေးအဖွဲ ကိစ္စလေးပါ... နတ်ဘုရားသားတော် ခုံးဝူတောက်... ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ..."
"နတ်ဘုရားသားတော် ခုံးဝူတောက်က ခရီးဝေးကနေ လာရတာ ပင်ပန်းနေလောက်ပြီ... ကျွန်မတို့က စားသောက်ပွဲတစ်ခု ပြင်ဆင်ထားပါတယ်... ကျေးဇူးပြုပြီး ကျွန်မရဲ့နောက်ကနေ နန်းတော်ထဲကိုလိုက်ခဲ့ပါ နတ်ဘုရားသားတော် ခုံးဝူတောက်..."
ခုံးဝူတောက်သည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မမေးတော့ပေ။
သူသည် ရှားရွှမ်ယွမ်နှင့်အတူ အင်ပါယာ မြို့တော်သို့ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင်အသီးသီးကို ဦးဆောင်သွားနေစဉ်မှာပင်....
စနစ်၏အသံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။
[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး ရှားချူလီအပြင် ဒီအင်ပါယာမှာ နောက်ထပ် ကောင်းကင်ကံကြမ္မာ စွမ်းအား လှိုင်းတစ်ခုကို စနစ်က ထောက်လှမ်းတွေ့ရှိရပါတယ်...]
[တိကျတဲ့ တည်နေရာကို သခင်အတွက် သေသေချာချာ မှတ်သားထားပြီးပါပြီ..နေလ နတ်ဘုရားအင်ပါယာရဲ့မြောက်ပိုင်းလျှန်နယ်မြေ...]
ဤစကားကို ကြားသောအခါ ခုံးဝူတောက်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
ထိုသို့ဆိုပါက နေလနတ်ဘုရားအင်ပါယာတွင် နောက်ထပ် ကောင်းကင်ကံကြမ္မာပိုင်ရှင်တစ်ယောက် အမှန်တကယ် ရှိနေပေ၏။
"ဒါက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ..."
တစ်ချိန်တည်းမှာပင် ခုံးဝူတောက်သည် စနစ်၏ အချက်အလက်များမှနေ၍ ကောက်ချက်တစ်ခုကို ချနိုင်ခဲ့သည်။
"ကြည့်ရတာတော့ နေလနတ်ဘုရားအင်ပါယာ က အခုမှ စစ်တပ်တွေ အများကြီး စုဆောင်းထားတာ ဖြစ်ရမယ်..."
"ဒီကိစ္စရဲ့ ဆယ်ပုံကိုးပုံက အဲ့ဒီ အမည်မသိ ကောင်းကင်ကံကြမ္မာပိုင်ရှင်နဲ့ သက်ဆိုင်နေလောက်တယ်..."
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ကံကြမ္မာပိုင်ရှင်တိုင်းသည် မဟာတာအိုမှ ရွေးချယ်ထားသော အထူးပါရမီရှင်တစ်ယောက် ဖြစ်သဖြင့် ထိုလူသည် နေလနတ်ဘုရားအင်ပါယာတွင် ဤကဲ့သို့ မုန်တိုင်းမျိုးဖြစ်အောင် မွှေနှောက်နေခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။
သို့သော် သူ ဂရုမစိုက်ချေ။
မည်သို့ပင်ဆိုစေကာမူ ထိုလူ၏ တစ်ခုတည်းသော တန်ဖိုးမှာ သူ့ထံသို့ ပျော်ရွှင်မှု အနည်းငယ် ယူဆောင်လာပေးရန်မျှသာ ဖြစ်ပေ၏။
Book 7 end.