← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အပိုင်း (၅)

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်၏ စကားကို ကြားလိုက်သည်နှင့် တပြိုင်နက် အတိတ်မှတ်ဉာဏ် အများအပြားသည် ယွင်ကျုံးဟဲ့၏ ဦးနှောက်အတွင်းသို့ ဝင်ရောက်လာလေသည်။ မှန်ပေ၏။ ဤကမ္ဘာမှ ယွင်ကျုံးဟဲ့သည် မိဘမဲ့တစ်ဦး ဖြစ်ပြီး သူတောင်းစားဂိုဏ်းမှ မွေးစား၍ ကြီးပြင်းလာခဲ့သူ ဖြစ်၏။

ဤနေရာ၌ သူတောင်းစားဂိုဏ်းဟု ဆိုရာတွင် သိုင်းလောကဝတ္ထုများထဲမှ သူရဲကောင်းဆန်သော ဂိုဏ်းမျိုးကို ဆိုလိုခြင်း မဟုတ်ပေ။ ယုတ်မာကောက်ကျစ်သော သူတောင်းစားများ စုဖွဲ့ထားသည့် အဖွဲ့အစည်းသာ ဖြစ်သည်။ ဤမြို့တစ်မြို့တည်းမှာပင် ထိုကဲ့သို့သော သူတောင်းစားဂိုဏ်း သုံးခု ရှိနေသည်။

ဤကမ္ဘာလောက၏ အမှောင်မိုက်ဆုံးနှင့် အအရုပ်ဆိုးဆုံး နေရာသည် မည်သည့်နေရာဖြစ်သနည်းဟု မေးလာခဲ့လျှင် သူတောင်းစားဂိုဏ်းဟု ဖြေရပေလိမ့်မည်။ ယွင်ကျုံးဟဲ့ကို မွေးစားပြီးနောက် ခြေလက်များကို ချိုးကာ တောင်းရမ်းခိုင်းရန် ရည်ရွယ်ခဲ့ကြ၏။

သို့သော်ငြား သူ၏ ရုပ်ရည် လှပလွန်းနေသောကြောင့် နောင်တစ်ချိန်တွင် အကျိုးအမြတ် ထုတ်နိုင်မည်ဟု တွေးကာ ခြေလက်မချိုး၊ မျက်လုံးမဖောက်ဘဲ ချမ်းသာပေးခဲ့ခြင်းပင်။

သို့ပေမည့် ယွင်ကျုံးဟဲ့နှင့်အတူ ပါလာသော ကလေးများမှာမူ ကံဆိုးရှာ၏။ အားလုံး ကိုယ်လက်အင်္ဂါ ချို့ယွင်းအောင် ပြုလုပ်ခံရပြီး လမ်းဘေးတွင် တောင်းရမ်းခိုင်းခြင်း ခံရသည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ပြန်ပေးဆွဲခံရသော ကလေး (၃၃) ယောက်အနက် ယခုအခါ ငါးယောက်သာ အသက်ရှင် ကျန်ရစ်တော့၏။ ကျန်သူများမှာ ရောဂါဘယ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကြောင့် သေဆုံးကုန်ကြပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် မသန်စွမ်းဘဝမှ လွတ်ကင်းခဲ့သော်လည်း ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်တော့ မဟုတ်ပေ။ ရိုက်နှက်ခံရခြင်းမှာ ထမင်းစားရေသောက်ကဲ့သို့ နေ့စဉ်ကိစ္စ ဖြစ်နေပြီး ဝလင်စွာ စားသောက်ရသည်ဟူ၍ မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် ယခုကဲ့သို့ ပိန်လှီနေရခြင်းပင်။

အသက် (၁၅) နှစ်အရွယ်သို့ ရောက်ချိန်မှာတော့ သူ၏ ရုပ်ရည်မှာ ပိုမို ချောမောလာပြီး ဂိုဏ်းအတွက် ငွေရှာပေးသော ရွှေတွင်းဖြစ်လာ၏။ ချမ်းသာသော အမျိုးသမီးကြီးများ၏ အပျော်လင်အဖြစ် စေခိုင်းခံရသည်။

နောက်ပိုင်းတွင် သူ၏ ရုပ်ရည်ကို အသုံးချကာ အပြစ်ကင်းစင်သော အမျိုးသမီးပျိုများကို ဖြားယောင်း သွေးဆောင်ပြီး ငွေလိမ်လူလိမ် လုပ်ခဲ့သည်။ သူ၏ လှည့်စားမှုကို ခံရပြီး ကိုယ်ရောစိတ်ပါ နစ်နာခဲ့ရသော မိန်းမပျို မည်မျှရှိသည်ကို မည်သူမှ မသိနိုင်ပေ။

အချုပ်ဆိုရသော် သူသည် အမှန်တကယ်ပင် လူယုတ်မာ တစ်ယောက်၊ ခေါင်းအစ ခြေအဆုံး ဆိုးသွမ်းသူ တစ်ယောက် ဖြစ်သည်။ ဟေးလုံထိုင်မှ ပုဂ္ဂိုလ် ပြောသည်မှာ မမှားပေ။ ဤကမ္ဘာမှ ယွင်ကျုံးဟဲ့သည် ရေမြောင်းပုပ်ထဲမှ ပိုးမွှားထက်ပင် နိမ့်ကျသူ ဖြစ်၏။

“ယွင်ကျုံးဟဲ့... မင်း ဒီတစ်ခါ ခေါင်းဖြတ်မခံရရင်တောင် အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “မင်းက ဒီမြို့ထဲက အာဏာရှိသူ အများကြီးကို ပြစ်မှားခဲ့တယ်။ ဂိုဏ်းချုပ်ရဲ့ မယားငယ်နဲ့ ဖောက်ပြန်ခဲ့သလို မြို့ထဲက သူဌေးသမီး (၁၇) ယောက်ကိုလည်း ဖျက်ဆီးပြီး ငွေသောင်းချီ လိမ်လည်ခဲ့တယ်။ မင်းကို သတ်ချင်နေတဲ့သူ ဒီမြို့ထဲမှာ အယောက်တစ်ထောင်မက ရှိတယ်။ ထောင်တံခါးဝကနေ ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ မင်း အသားစ ဖြစ်သွားလိမ့်မယ်။”

ဤစကားများကို ကြားရချိန်မှာတော့ ယွင်ကျုံးဟဲ့ ခေါင်းနပန်း ကြီးသွားသည်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းသည် ဤမျှ မိုက်မဲဆိုးသွမ်းပါလျက် မည်သို့ အသက် (၁၉) နှစ်အထိ ရှင်သန်လာသနည်း။ ကောင်းကင်ဘုံက မျက်နှာလိုက်လွန်းသည်ဟုပင် ဆိုရမည်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ရှင်းပြလိုက်သည်။ “အရင်တုန်းက မင်းကို သခင်ကြီးလီ ကာကွယ် ပေးထားပေမယ့် အခုတော့ မင်းက တကယ့် လူကြီးတစ်ယောက်ကို ပြစ်မှားမိလိုက်ပြီ။ ဒီမြို့မှာ ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး။ ဒါကြောင့် ညသန်းခေါင်ကြီး မင်းကို အိပ်ရာထဲက ဆွဲထုတ်ပြီး သုံးရက်အတွင်း ခေါင်းဖြတ်သတ်ဖို့ အမိန့်ချခဲ့တာပဲ။”

သခင်ကြီးလီက မည်သူနည်း။ ယွင်ကျုံးဟဲ့ ပြစ်မှားမိလိုက်သော လူကြီးဆိုသည်မှာ မည်သူနည်း။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဆက်ပြော၏။ “အဲဒီလူကြီးက အာဏာအရှိဆုံး ပုဂ္ဂိုလ်ပဲ။ သူ မင်းကို သေစေချင်ရင် ပုရွက်ဆိတ်တစ်ကောင်ကို သတ်လိုက်သလို လွယ်ကူတယ်။ မိုင်ပေါင်းတစ်ထောင် အတွင်းမှာ ငါတို့ ဟေးလုံထိုင်ကလွဲလို့ ဘယ်သူမှ မကယ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့ကလည်း သူ့ကို အလကားနေရင်း ရန်မစချင်ဘူး။ မင်းဘက်က တန်ဖိုးရှိကြောင်း သက်သေပြမှ ငါတို့ ကယ်ပေးနိုင်မယ်။ ခင်ဗျားကို ကယ်တင်ဖို့အတွက် ငါတို့က လေခွင်းမြို့ကို အလဲအလှယ် လုပ်ချင်တာ။”

ယခုမှပင် ယွင်ကျုံးဟဲ့သည် သူ၏ အခြေအနေမှန်ကို သဘောပေါက်သွားတော့၏။ ထောင်ဘူးဝမှ ထွက်လိုက်သည်နှင့် သေလမ်းသာ ရှိသည်။ ကမ္ဘာမြေအဆုံးထိ ပြေးလျှင်လည်း အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရပေမည်။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမှန်အတိုင်း ဝန်ခံရရင် ကျုပ်က မိန်းမတွေကို ဖြားယောင်းတာကလွဲပြီး ဘာမှ အသုံးမကျတဲ့ လူယုတ်မာပါ။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ကျုပ်လက်ထဲ ထည့်တာ စိတ်ချရပါ့မလား။ ခင်ဗျားတို့လို အဖွဲ့အစည်းမှာ ပိုတော်တဲ့သူတွေ ရှိမှာပါ။”

“ရှိတာပေါ့။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြန်ဖြေသည်။ “လေခွင်းမြို့ကို မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြတာ။ မြို့စားမင်း ကျင်းကျုံးယွဲ့ကိုလည်း စောင့်ကြည့်နေကြတယ်။ ငါတို့ဘက်က အတော်ဆုံး သူလျှိုတွေကို စေလွှတ်ခဲ့ဖူးပေမဲ့ အားလုံး ကျရှုံးပြီး သေဆုံးခဲ့ကြတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူတို့တောင် မအောင်မြင်ခဲ့တာ ကျုပ်သွားရင် သေဖို့ သေချာနေတာပေါ့။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်သည်။ “မင်းက ပညာရှင် မဟုတ်ဘူး။ ရေမြောင်းထဲက ပိုးမွှားလို လူယုတ်မာကောင်ပဲ။ အဲဒါကပဲ မင်းရဲ့ အားသာချက် ဖြစ်နေတာ။ မင်းဆီမှာ ဟေးလုံထိုင်ရဲ့ အငွေ့အသက်တွေ မရှိဘူး။ ပညာရှင်ဆန်တဲ့ အလုပ်ကို ပညာရှင်တွေပဲ လုပ်ကြပါစေ။ ထားလိုက်တော့။ မိန်းမဖြားယောင်းတဲ့ နေရာမှာတော့ မင်းက တော်လွန်းတယ်။ ဒီတော့ မင်းက အဲတာကိုလုပ်လိုက်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လေခွင်းမြို့စားက ဘယ်လို မိန်းမမျိုးလဲ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဖြေလိုက်သည်။ “အင်အားကြီးတယ်၊ ရက်စက်တယ်၊ လှပတယ်။ ဒီနှစ်တွေအတွင်း သူ့နားကို ကပ်ဖို့ ကြိုးစားတဲ့ သူလျှိုပေါင်း ရာချီပြီး သတ်ပစ်ခဲ့တယ်။ ငါတို့ အင်ပါယာကရော၊ ရန်သူ့နိုင်ငံတွေကရောပဲ။ တချို့ကို အရှင်လတ်လတ် အရေခွံခွာတယ်၊ တချို့ကို ပြုတ်သတ်တယ်၊ တချို့ကို ခွေးစာကျွေးတယ်။ သေပုံသေနည်းတွေက အင်မတန် ဆိုးရွားတယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “သွားတဲ့သူတွေ အကုန်လုံးက ရုပ်ချောတဲ့ ယောကျ်ားတွေချည်းပဲလား။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်၏။ “မဟုတ်ဘူး။ မိန်းမတွေ ပါတယ်။ (၈) နှစ်၊ (၉) နှစ်အရွယ် ကလေးတောင်ပါတယ်။ အကုန် အသတ်ခံလိုက် ရတာပဲ။”

တကယ့်ကို ရက်စက်ကြမ်းကြုတ်သူပင်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီနှစ်တွေထဲမှာ သူ့နားကို လူတွေကပ်ဖို့ ကြိုးစားနေတာကို သူ သိနေတာပေါ့။ နိုင်ငံပေါင်းစုံက အဖွဲ့အစည်းတွေက သူ့ကို သိမ်းပိုက်ပြီး လေခွင်းမြို့ကို ရချင်နေကြတာ မဟုတ်လား။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်သည်။ “မှန်တယ်။ ဒါကြောင့် သူက နည်းလမ်းပေါင်းစုံကို မြင်ဖူးနေပြီ။ ဘယ်လိုပဲ ဟန်ဆောင်ပါစေ သူ့မျက်လုံး အောက်မှာ ဖုံးကွယ်ထားလို့ မရဘူး။”

ယွင်ကျုံးဟဲ့က သက်ပြင်းချလိုက်၏။ “ဒါဆို ဒီတာဝန်က ငရဲခန်းအဆင့်ပဲ။ ကျုပ် ခွေးစာအကျွေးခံရဖို့ များနေတာပေါ့။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။ မင်းရဲ့ မိန်းမဖြားယောင်းတဲ့ အရည်အချင်းက မဆိုးဘူး။ ဒါပေမဲ့ သူ့ရှေ့ရောက်ရင် ကလေးကစားစရာလို ဖြစ်နေလိမ့်မယ်။”

ယွင်ကျုံးဟဲ့က အံ့အားသင့်သွား၏။ “ဒါဆို ဘာလို့ ကျုပ်ကို လွှတ်ချင်သေးတာလဲ။ ကျုပ်က မိန်းမတွေကို လိမ်ညာစားသောက်တတ်ရုံပဲ တတ်တဲ့ သာမန်ကြာကူလီကောင်မျိုးလေ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်သည်။ “အမှိုက်ကို ပြန်အသုံးချတာပဲ။ မျှော်လင့်ချက် (၁) ရာခိုင်နှုန်း ရှိရင်တောင် စမ်းကြည့်ရမယ်။”

ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “ကောင်းပြီလေ။ ကျုပ် စမ်းကြည့်မယ်။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ကတိပေးလိုက်သည်။ “မင်းသာ အောင်မြင်ရင် ဟေးလုံထိုင်ရဲ့ အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းကို နင်းချေခဲ့တဲ့သူတွေ၊ သတ်ချင်နေတဲ့သူတွေ အားလုံးက မင်းရှေ့မှာ ဒူးထောက် ခစားလာကြလိမ့်မယ်။ မင်း သူတို့ကို လက်စားချေမှာ ကြောက်ပြီး ကျောချမ်းနေကြလိမ့်မယ်။”

ထိုအချိန်တွင် လူတစ်ယောက် ဝင်လာပြီး ဟေးလုံထိုင်မှ ပုဂ္ဂိုလ်ကို တီးတိုး သတင်းပို့လာ၏။ “သိပြီ။ မင်း သွားတော့။”

ထိုလူ ထွက်သွားပြီးနောက် ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်သည်။ “ဟိုလူကြီးက မင်း မသေသေးဘူးဆိုတာ သိသွားလို့ လူလွှတ်မေးတာ။ ငါ့မှာ ဖိအားတွေ ရှိလာပြီ။ မင်းရဲ့ ခေါင်းကို ဖြတ်ပေးမလား ဒါမှမဟုတ် သူ့ကို ငြင်းမလားဆိုတာ ဆုံးဖြတ်ရတော့မယ်။ သူ့ကို ငြင်းလိုက်ရင် ပေးဆပ်ရမယ့် တန်ဖိုးက ငွေနဲ့ တိုင်းတာလို့ မရနိုင်ဘူး။”

ယွင်ကျုံးဟဲ့က ဒုတိယအကြိမ် ထပ်ပြောလိုက်သည်။ “ကျုပ် စမ်းကြည့်ပါရစေ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က လက်ခုပ်တီးလိုက်ရာ နောက်ထပ် လူနှစ်ယောက် ဝင်လာသည်။ သူတို့သည်လည်း ပြိုင်ဘက်ကင်း ရုပ်ချောသူများ ဖြစ်ကြပြီး ယွင်ကျုံးဟဲ့နှင့် အသွင်အပြင်၊ ပုံစံမတူဘဲ တစ်ယောက်က ယောကျ်ား ပီသကာ ကျန်တစ်ယောက်က စာပေပညာရှင် ရုပ်သွင်ရှိသည့် လူမျိုးပင်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ပြောလိုက်၏။ “မင်းတို့ သုံးယောက်စလုံးက ရုပ်ချောတဲ့အပြင် မိန်းမ ဖြားယောင်းတဲ့နေရာမှာ ဆရာကျတဲ့သူတွေချည်းပဲ။ အားလုံးကလည်း သေလမ်းမရှိ ထွက်ပေါက်ပိတ်နေကြသူတွေ။ ဒါပေမဲ့ လေခွင်းမြို့ကို တစ်ယောက်ပဲ လွှတ်လို့ရမယ်။ ဆိုလိုတာက ဒီနေရာမှာ တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိမယ်။ ကျန်တဲ့ နှစ်ယောက်ကို ခေါင်းဖြတ်ပြီး ဟိုလူကြီးဆီ ပို့ပေးလိုက်မယ်။”

ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့၏ နှလုံးသားက တုန်ခါသွားသော်လည်း တပြိုင်နက်တည်းမှာပဲ ထူးဆန်းသော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏။ ပြိုင်ဆိုင်မှုက နေရာတိုင်းမှာ ရှိသည်။ ရှုံးတဲ့သူက သေရမည်။ ရင်ခုန်စရာ ကောင်းလှပေသည်။

သူသည် အရင်က ယွင်ကျုံးဟဲ့ မဟုတ်တော့ပေ။ အရင်လူက သေမှာကြောက်သည်။ ယခုလည်း သေမှာ ကြောက်သော်လည်း အန္တရာယ်များလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေ၏။ လူမည်မျှ သေရမည်နည်း ဆိုခြင်းထက် မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းသနည်း ဆိုခြင်းက ပို၍ အရေးကြီးနေသလိုပင်။

“ကျုပ် မေးခွန်း သုံးခု မေးမယ်။ မင်းတို့ရဲ့ ဉာဏ်ပညာနဲ့ အရည်အချင်းကို စစ်ဆေးမယ်။ အားလုံး မှန်အောင် ဖြေနိုင်တဲ့သူက အသက်ရှင်ခွင့်ရပြီး လေခွင်းမြို့ကို သွားရမယ်။ တစ်ခု မှားတာနဲ့ သေဒဏ်ပဲ။”

……

အပိုင်း (၆)

“သခင်ကြီး... တကယ်လို့ ကျုပ်တို့ သုံးယောက်စလုံးက တစ်ခုမှ မှန်အောင် မဖြေနိုင်ရင်ရော ဘာဖြစ်မလဲ။” သိုင်းပညာရှင်ကဲ့သို့ ရုပ်ရည်ရှိသော လင်ပေါက်က မေးခွန်းထုတ်လိုက်သည်။

စာပေပညာရှင်ကဲ့သို့ နူးညံ့ဟန်ရှိသော ယန်လျန်က လှောင်ပြုံးပြုံးကာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ ဉာဏ်ပညာ မြင့်မားမှုကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဖြေလိုက်သည်။ “ဘယ်သူမှ မှန်အောင် မဖြေနိုင်ရင် သုံးယောက်စလုံးကို သတ်ပစ်ရမှာပေါ့။ ပြီးရင် နောက်တစ်သုတ် ထပ်ရွေးရုံပဲ။ ဒီလောကမှာ ရုပ်ချောတဲ့ ယောကျ်ားတွေက ပေါမှပေါ။

တကယ်လို့ နှစ်ယောက်ထက်ပိုပြီး အဖြေမှန်ရင်လည်း တစ်ယောက်တည်းကိုပဲ ရွေးမှာ။ အတိုချုပ် ပြောရရင် ခင်ဗျားတို့ သုံးယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရမယ်။”

ယန်လျန်က ဦးညွှတ်အရိုအသေပြုရင်း ပြောသည်။ “သခင်ကြီး... ကျုပ်က အသက် (၁၆) နှစ်မှာ ရှို့ချိုင် အောင်မြင်ခဲ့ပါတယ်။ ပြစ်မှုမကျူးလွန်ခဲ့ရင် ဒီနှစ်ထဲမှာ ကျူရန်စာမေးပွဲ ဖြေဆိုပြီးလောက်ပါပြီ။ ဒါကြောင့် ဘယ်လိုမေးခွန်းမျိုးမဆို မေးမြန်းနိုင်ပါတယ်။”

(ရှို့ချိုင် - မြို့နယ် စာမေးပွဲအောင်မြင်သူ၊ ကျူရန် - ခရိုင်အဆင့် စာမေးပွဲအောင်မြင်သူ)

“ကောင်းပြီ။ ပထမမေးခွန်းကတော့...”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ် စကားစမည် ပြုလိုက်စဉ်မှာပဲ ယွင်ကျုံးဟဲ့က ဖြတ်မေးလိုက်သည်။ “အစ်ကိုကြီး... နာမည်လေး သိပါရစေ။ ဘာအပြစ် ကျူးလွန်ခဲ့တာလဲ။”

သူက လင်ပေါက်ဘက်သို့ လှည့်မေးလိုက်ခြင်း ဖြစ်၏။ အားလုံးက သူ့ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ဝိုင်းကြည့်နေကြသည်။ သေရေးရှင်ရေး အခြေအနေတွင် အဘယ်ကြောင့် မိတ်ဖွဲ့ချင်နေရသနည်း။ တကယ်ကို သေချင်နေသည်လား။

လင်ပေါက်က ပြန်ဖြေလိုက်သည်။ “ကျုပ်နာမည်က လင်ပေါက်။ ကျုပ်တို့ စစ်သူကြီးရဲ့ သမီးနဲ့ ဖောက်ပြန်ခဲ့လို့ အဖမ်းခံရတာ။”

ယွင်ကျုံးဟဲ့က ယန်လျန်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်၏။ “အစ်ကိုကြီးကကော ဘယ်လိုခေါ်လဲ။”

“ကျုပ်နာမည်က ယန်လျန်။ မချစ်သင့်တဲ့ မိန်းမတစ်ယောက်ကို ချစ်မိသွားလို့ အခုလို ဖြစ်ရတာပဲ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က လှောင်ရယ် ရယ်လိုက်သည်။ “မြို့စားမင်းရဲ့ သမီးနဲ့ ခိုးရာလိုက်ပြေးပြီးမှ မြို့စားမင်းရဲ့ မယားငယ်နဲ့ ထပ်ဖောက်ပြန်တာကို အချစ်လို့ ခေါ်သလား။ ဒါပေါ့... ရှောင်တယ်က သူ့အမေနဲ့ တအားတူတာကိုး။ သားအမိ နှစ်ယောက်စလုံးကို ချစ်မိသွားတာ မဆန်းပါဘူး။”

ယွင်ကျုံးဟဲ့က ယန်လျန်အား လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ “အစ်ကိုယန်က ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပါလား။ လေးစားပါတယ်ဗျာ။”

ယန်လျန်က ပြန်မေးလိုက်သည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ။ ဘာအပြစ် ကျူးလွန်ခဲ့တာလဲ။”

“အစ်ကိုကြီးတို့နှစ်ယောက်ကို မြင်မြင်ချင်း ခင်မင်သွားမိတာ အကြောင်းရှိတာပဲ။ ကျုပ်တို့အားလုံးက မျိုးတူတွေ ဖြစ်နေတာကိုး။ ကျုပ်နာမည်က ယွင်ကျုံးဟဲ့။ ကျုပ်အပြစ်ကတော့ မချစ်သင့်တဲ့ မိန်းမပေါင်း ရာချီကို ချစ်ခဲ့မိတာပဲ။ အားလုံးကလည်း ချမ်းသာတဲ့ မိန်းမတွေချည်းပဲ။”

ထိုစကားကို ကြားချိန်မှာတော့ လင်ပေါက်နှင့် ယန်လျန်တို့၏ မျက်လုံးများတွင် မီးဝင်းဝင်း တောက်လာသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အဓိပ္ပာယ်မှာ ‘ဒီကောင် ယွင်ကျုံးဟဲ့ကို သတ်ပစ်ရမယ်’ ဟူ၍ပင်။

အမှန်စင်စစ် လင်ပေါက်နှင့် ယန်လျန်တို့သည် ယွင်ကျုံးဟဲ့ကို အဖက်ပင် မလုပ်ချင်ကြပေ။ လင်ပေါက်သည် သိုင်းပညာ ထူးချွန်သော စစ်မှုထမ်းတစ်ဦး ဖြစ်ပြီး ယန်လျန်သည် ငယ်ရွယ်စဉ်ကပင် စာမေးပွဲ အောင်မြင်ခဲ့သော ပညာတတ်တစ်ဦး ဖြစ်သည်။

ယွင်ကျုံးဟဲ့မှာမူ သူတောင်းစားဂိုဏ်းမှ ပေါက်ဖွားလာသော ရေမြောင်းပုပ်ထဲမှ ပိုးဟပ်တစ်ကောင်သာ ဖြစ်၏။ မည်သို့ ယှဉ်နိုင်မည်နည်း။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးခွန်းထုတ်လိုက်သည်။ “ပထမမေးခွန်း... လေခွင်းမြို့စား ကျင်းကျုံးယွဲ့ကို ဆွဲဆောင်ဖို့အတွက် မင်းတို့မှာ ဘာအရည်အချင်းတွေ ရှိသလဲ။”

လင်ပေါက်က ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်၏။ “ကျုပ်ရဲ့ သိုင်းပညာပါ။ ကျုပ်က သူ့အတွက် စစ်တိုက်ပေးနိုင်မယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်တဲ့သူပဲ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ သိုင်းပညာက တော်တော်ကောင်းပါတယ်။ မင်းကို ဖမ်းဖို့အတွက် ဟန်ရွှေမြို့က စစ်သည်တော် အများအပြား သေဆုံးခဲ့ရတယ်။ အခုတောင် မင်းရဲ့ သွေးကြောတွေကို ငွေအပ်နဲ့ ပိတ်ထားရသေးတာပဲ။”

ထို့နောက် ယန်လျန်ကို မေးလိုက်၏။ “ယန်လျန်... မင်းကရော...”

ယျန်လျန်က ဖြေလိုက်သည်။ “ကျုပ်က ဉာဏ်ပညာကို အားကိုးပါတယ်။ ပိုင်ရှင်မဲ့နယ်မြေဆိုတာ အရိုင်းဆန်ပြီး စည်းကမ်းမရှိတဲ့ နေရာပါ။ လေခွင်းမြို့က ဓားပြခေါင်းဆောင်မလေးအတွက် ကျုပ်လို စစ်ရေးအကြံပေးတစ်ယောက် လိုအပ်မှာ သေချာပါတယ်။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်၏။ “မင်းရဲ့ ဉာဏ်ပညာက တကယ် မဆိုးပါဘူး။ အဲဒါကြောင့်လည်း မြို့စားမင်းအိမ်တော်မှာ အတော်ဆုံး အကြံပေး ဖြစ်ခဲ့တာပေါ့။”

နောက်ဆုံးတွင် ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “မင်းးရော... ဓားပြခေါင်းဆောင်မကို ဖမ်းစားဖို့ ဘာကို အသုံးပြုမလဲ။”

ယွင်ကျုံးဟဲ့က ခေတ္တမျှ စဉ်းစားပြီးမှ လေးလေးနက်နက် ဖြေလိုက်၏။ “ဒါက မေးနေစရာ လိုလို့လား။ ကျုပ်ရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်နဲ့ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးမှာပေါ့။”

ထိုစကားကို ကြားချိန်မှာတော့ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သူ့ကို မမှိတ်မသုန် စိုက်ကြည့် နေကြ၏။ ‘ဒီလူ ခေါင်းရောကောင်းရဲ့လား။ အသက်ရှင်ရတာ မကောင်းလို့ သေလမ်း ရှာနေတာလား’ ဟု တွေးနေကြပုံရသည်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဒုတိယမေးခွန်းကို ဆက်မေးလိုက်၏။ “ဒုတိယမေးခွန်း... မင်းတို့ စိတ်အချရဆုံး၊ စွန့်လွှတ်ဖို့ အခက်ခဲဆုံး လူက ဘယ်သူလဲ။”

ဤမေးခွန်းကို ကြားသည်နှင့် လင်ပေါက်နှင့် ယန်လျန်တို့သည် ချက်ချင်း သဘောပေါက်လိုက်ကြသည်။ ဤမေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ သူတို့၏ သစ္စာစောင့်သိမှုကို အာမခံမည့် အရာကို မေးမြန်းခြင်း ဖြစ်သည်။

လေခွင်းမြို့သို့ ရောက်သွားလျှင် ဟေးလုံထိုင်အပေါ် သစ္စာရှိနေစေရန်အတွက် မိသားစုကို ဓားစာခံ လုပ်ထားရမည် မဟုတ်ပါလား။ မိသားစု သံယောဇဉ် ကြီးမားလေ ဟေးလုံထိုင်က ပို၍ စိတ်ချရလေ၊ အနိုင်ရရန် အခွင့်အရေး ပိုများလေ ဖြစ်၏။

လင်ပေါက်၏ မျက်ဝန်းများ နီရဲလာပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ “သခင်ကြီး... ကျုပ် သေရမှာ မကြောက်ပါဘူး။ ဒါပေမဲ့ အိမ်မှာ ကျန်ခဲ့တဲ့ မိဘနှစ်ပါးကို စိတ်မချနိုင်ဘူး။ သူတို့က ကျုပ်ကို ပျိုးထောင်ဖို့အတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတာပါ။ ထမင်းတစ်လုပ် ရေတစ်မှုတ်ရဖို့တောင် မလွယ်ကူခဲ့ပါဘူး။ ကျုပ် တစ်ရက်မှ မိဘတွေကို မေ့မရပါဘူး။

ကျုပ် သေသွားရင် မိဘတွေကို ဘယ်သူ စောင့်ရှောက်မလဲ။ ကျုပ် နာကျည်းတယ်။ တကယ် နာကျည်းတယ်။ အခုချိန်မှာ ကျုပ်လို သားမိုက်ကို မိဘတွေ မေ့ပစ်လိုက်စေချင်တယ်။ ဒါမှ သူတို့ မျက်ရည်မကျရတော့မှာ။ အဖေ... အမေ... သား မိုက်မဲခဲ့ပါတယ်။”

ပြောပြီးသည်နှင့် လင်ပေါက်သည် ဒူးထောက်ချလိုက်ပြီး မိဘများ ရှိရာအရပ်သို့ ဦးတိုက်ကာ အော်ဟစ် ငိုကြွေးတော့သည်။ နဖူးမှ သွေးများပင် စို့ထွက်လာ၏။

ယန်လျန် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ‘လင်ပေါက်... ခင်ဗျားက ရိုးသားတဲ့ စစ်သားတစ်ယောက် မဟုတ်ဘူးလား။ ဘာလို့ သရုပ်ဆောင် ကောင်းနေရတာလဲ။ ခင်ဗျားက မိဘအကြောင်း ပြောလိုက်တော့ ကျုပ်က ဘယ်လိုလုပ်ရမလဲ။’

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ယန်လျန်ကို မေးလိုက်၏။ “ယန်လျန်... မင်းရော... မင်းရဲ့ စွန့်လွှတ်ဖို့ အခက်ခဲဆုံး လူက ဘယ်သူလဲ။”

ယန်လျန်၏ ကိုယ်ခန္ဓာ တုန်ခါသွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ မျက်နှာတွင် ခံစားချက် မဲ့သွားပြီး မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည်လည်း ဒူးထောက်ကျသွားပြီး တုန်ယင်စွာဖြင့် ပြောလိုက်သည်။

“သခင်ကြီး... ကျုပ်က သေသင့်တဲ့လူပါ။ ကျုပ် မြို့စားမင်းသမီးနဲ့ ခိုးပြေးတုန်းက အပြင်မှာ တိတ်တဆိတ် မွေးထားတဲ့ သားလေးတစ်ယောက် ရှိခဲ့တယ်။ အခုဆို သူ (၂) နှစ်သား ရှိပြီ။ မင်းမင်းရေ... ဖေဖေ မင်းကို တောင်းပန်ပါတယ်။ ဖေဖေ မင်းကို လူလားမြောက်အောင် မစောင့်ရှောက်ပေးနိုင်တော့ဘူး။ မင်းရဲ့ ရယ်သံလေးတွေကို မကြားရတော့ဘူး။

မင်း အိပ်ရင် စောင်မခြုံတတ်ဘူးမလား။ နောက်ဆို ဘယ်သူက မင်းကို စောင်ခြုံပေးမလဲ။ မင်း အေးနေမလား။ ဗိုက်ဆာနေမလား။ တခြားသူတွေက အဖေမရှိတဲ့ သားဆိုပြီး အနိုင်ကျင့်ကြမလား။” ယန်လျန်သည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားကာ အသံတိတ် ငိုကြွေးနေလေသည်။

ယွင်ကျုံးဟဲ့ အံ့သြမင်သက်သွား၏။ ‘ဒီလူနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက တစ်ယောက်ထက် တစ်ယောက် သာလွန်နေပါလား။ တစ်ယောက်က အော်ဟစ်ငိုကြွေးတယ်၊ နောက်တစ်ယောက်က အသံတိတ် ငိုကြွေးတယ်။ တကယ့် သရုပ်ဆောင်တွေပဲ။’

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ယွင်ကျုံးဟဲ့ဘက်သို့ လှည့်လာသည်။ “ယွင်ကျုံးဟဲ့... မင်းရော... မင်း စိတ်အချရဆုံး လူက ဘယ်သူလဲ။”

ယွင်ကျုံးဟဲ့၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ အထင်းသား ပေါ်လာပြီး မျက်ရည်များ ဝဲလာ၏။

လင်ပေါက်နှင့် ယန်လျန်တို့ စိတ်ထဲမှ လှောင်လိုက်ကြသည်။ ‘ဒီကောင်က သူတောင်းစား... ဘယ်လိုလုပ် ငါတို့ထက် သရုပ်ဆောင် ကောင်းနိုင်မှာလဲ။’

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သခင်ကြီး... ကျုပ် စွန့်လွှတ်ဖို့ အခက်ခဲဆုံးနဲ့ စိတ်အချရဆုံး လူက သခင်ကြီးပါပဲ။ သခင်ကြီး မေ့သွားပြီလား။ စောစောကမှ ကျုပ် သခင်ကြီးကို အဖေလို့ ခေါ်ခဲ့တယ်လေ။”

‘ကောင်းကင်ဘုံ... အရှက်မရှိလိုက်တာ။’

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်၏ မျက်နှာ ရှုံ့မဲ့သွားပြီး ဓားကို ဆွဲထုတ်ကာ ခုတ်သတ်ပစ်ချင်စိတ် ပေါက်သွားသည်။ ယွင်ကျုံးဟဲ့က ဖားချင်ရုံ သက်သက်မဟုတ်ဘဲ လှောင်ပြောင်သရော်သည့် ပုံစံဖြင့် ပြောလိုက်ခြင်း ဖြစ်၏။ သေလမ်းကို ဤမျှအထိ ရှာနေသည်မှာ အံ့ဖွယ်ပင်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က စိတ်ကို ထိန်းလိုက်ပြီး တတိယမေးခွန်းကို မေးလိုက်သည်။ “လေခွင်းမြို့ထဲမှာ ကျုပ်တို့ ဟေးလုံထိုင်ရဲ့ အထူးလျှို့ဝှက်တပ်ဖွဲ့ တစ်ခု ရှိတယ်။ မင်းတို့ကို စေလွှတ်လိုက်ပြီဆိုရင် အဲဒီတပ်ဖွဲ့က ခင်ဗျားတို့ကို ကူညီပေးလိမ့်မယ်။ အဲဒီတပ်ဖွဲ့ကို လေခွင်းမြို့ထဲ ရောက်အောင် ပို့ဖို့အတွက် အင်ပါယာက ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရပြီး တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်။

တတိယမေးခွန်းကတော့... တကယ်လို့ အရေးကြီးတဲ့ အခြေအနေ တစ်ခု ရောက်လာပြီး မင်း အသက်ရှင်ဖို့ အတွက် ဟေးလုံထိုင် တပ်ဖွဲ့တစ်ခုလုံးကို စတေးပစ်ရမယ်။ ဟေးလုံထိုင်နဲ့ အင်ပါယာကို သစ္စာဖောက်ရမယ် ဆိုရင် မင်းတို့ ဘယ်လို ရွေးချယ်မလဲ။”

လင်ပေါက်က ချက်ချင်း အော်ပြောလိုက်သည်။ “ကျုပ် အပိုင်းပိုင်းအစစ အသတ်ခံရပါစေ။ အင်ပါယာနဲ့ ဟေးလုံထိုင်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ ကျုပ် သေရင်သေပါစေ။ လေခွင်းမြို့ထဲက ဟေးလုံထိုင် တပ်ဖွဲ့ကို အသက်ရှင်ခွင့် ပေးလိုက်မှာပါ။”

ယန်လျန် စိတ်ထဲတွင် ဒေါသထွက်သွား၏။ ‘လင်ပေါက်... ခင်ဗျားက ခွေးပဲ။ ဘာလို့ အမြဲတမ်း ဦးအောင် ဖြေနေရတာလဲ။ ခင်ဗျားက ဒီလို သူရဲကောင်းဆန်ဆန် ဖြေလိုက်တော့ ကျုပ်အတွက် ခက်ခဲသွားပြီပေါ့။’

ခဏကြာ စဉ်းစားပြီးနောက် ယန်လျန်က တည်ငြိမ်စွာ ဖြေလိုက်သည်။ “ကောင်းမွန်တဲ့ သူလျှိုတစ်ယောက် ဆိုတာ အဲဒီလို အခြေအနေမျိုး ရောက်အောင် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ ကိုယ့်ရဲဘော် ရဲဘက်တွေကို အန္တရာယ်တွင်းထဲ ဘယ်တော့မှ တွန်းပို့မှာ မဟုတ်ဘူး။

တကယ်လို့ အဲဒီလို ဖြစ်လာခဲ့ရင် ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်။ ဟေးလုံထိုင် တပ်ဖွဲ့ဝင်တွေကို လုံးဝ အထိအခိုက်မခံဘူး။”

လင်ပေါက် ဒေါသထွက်သွားသည်။ ‘ယန်လျန်... ခင်ဗျား တော်တော် လွန်နေပြီ။ စာပေပညာရှင်တွေက တကယ် ကောက်ကျစ်တာပဲ။’

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ယွင်ကျုံးဟဲ့ကို မေးလိုက်၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားကရော ဘယ်လို ရွေးချယ်မလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒါ ရွေးစရာ လိုသေးလို့လား။ ဟေးလုံထိုင် တပ်ဖွဲ့တစ်ခုလုံးကို စတေးပြီး ကျုပ် အသက်ရှင်အောင် နေမှာပေါ့။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က အော်လိုက်၏။ “အဲဒီတပ်ဖွဲ့ကို တည်ထောင်ဖို့ အင်ပါယာက (၁၅) နှစ်ကျော် အချိန်ယူခဲ့ရတာ။ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာကွ။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “အဲဒါ ကျုပ်နဲ့ ဘာဆိုင်လို့လဲ။ သူတို့နဲ့ ကျုပ်က ရင်းနှီးတာမှ မဟုတ်တာ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဒေါသထွက်ထွက်ဖြင့် ဓားကို တစ်ဝက်ခန့် ဆွဲထုတ်လိုက်ပြီး မေးလိုက်၏။ “ဆိုလိုတာက မင်း အသက်ရှင်ဖို့အတွက် ဟေးလုံထိုင်နဲ့ တာယင်အင်ပါယာကို တိုက်ရိုက် သစ္စာဖောက်မယ်ပေါ့။”

ယွင်ကျုံးဟဲ့က ဟန်ပါပါဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။ “စိတ်မရှိပါနဲ့။ ကိုယ့်အတွက်ကိုယ် မကြည့်တဲ့သူကို မိုးကြိုးပစ်တယ်လို့ ဆိုရိုးစကား ရှိတယ်လေ။”

……

All Chapters