← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အပိုင်း (၇)

ယွင်ကျုံးဟဲ့၏ စကားသံ ဆုံးသည်နှင့် ယန်လျန်နှင့် လင်ပေါက်တို့၏ အကြည့်များက လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ ဖြစ်သွား၏။

ဤခေတ်ကြီးတွင် သေလမ်းရှာသူများ အများအပြား ရှိသော်လည်း ဤမျှအထိ ဆိုးရွားစွာ သေလမ်းရှာသူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ ကိုယ့်ခေါင်းကိုယ် နံရံနှင့် ဆောင့်သတ်လိုက်လျှင် ပိုမမြန်ဘူးလား။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်နေသည်။ သူ့ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ချင်နေပုံ ရ၏။

စက္ကန့်အနည်းငယ် ကြာမှသာ သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်နိုင်ပြီး အေးစက်စက် ပြောလိုက်သည်။ “မေးခွန်းသုံးခု ပြီးဆုံးပြီ။ မင်းတို့ထဲက တစ်ယောက်က အဖြေ အားလုံး မှန်တယ်။ ဂုဏ်ယူပါတယ်။ လေခွင်းမြို့ကို သွားပြီး တာဝန်ထမ်းဆောင်ခွင့် ရပြီ။ ကျန်တဲ့ နှစ်ယောက်ကတော့ သေရမယ်။”

ထိုစကားကို ကြားသည်နှင့် စာပေပညာရှင် ယန်လျန်သည် ဝမ်းသာအားရဖြင့် ဒူးထောက်ချလိုက်၏။ “သခင်ကြီးကို ကျေးဇူးတင်ပါတယ်။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးလိုက်သည်။ “ယန်လျန်... မင်းက နိုင်တဲ့သူလို့ ဘယ်သူပြောလဲ။”

ယန်လျန်က ဂုဏ်ယူနေသည့် လေသံဖြင့် ဖြေလိုက်၏။ “ကျုပ်ရဲ့ ဉာဏ်ပညာကြောင့်လေ။ ကျုပ်နဲ့ သခင်ကြီးက စိတ်ချင်း ဆက်နွယ်နေတာပဲ။

သခင်ကြီးအနေနဲ့ အထီးကျန်နေမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ကြီးရဲ့ ဉာဏ်ပညာကို လိုက်မီတဲ့သူ ရှားလို့လေ။ ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့ မိတ်ဆွေကောင်း ရှာရခက်တယ် မဟုတ်လား။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ မိတ်ဆွေကောင်း ရှာရခက်တယ်။”

ဘေးနားမှ ယွင်ကျုံးဟဲ့က ဝင်ပြောလိုက်၏။ “ရင်ကွဲမတတ်... တေးတစ်ပုဒ် ဆိုညည်းမိလည်း... ကမ္ဘာမြေအဆုံးထိတိုင်... နားဆင်ပေးမယ့် မိတ်ဆွေကောင်း ရှာရခက်ပါဘိ...”

ထိုအခါ ကျန်သုံးယောက်၏ အကြည့်များက ယွင်ကျုံးဟဲ့ဆီသို့ တစ်ဖန် ရောက်ရှိလာပြန်သည်။ ‘ဒီကောင် ယွင်ကျုံးဟဲ့ ဦးနှောက် ပျက်နေတာလား။’

ယန်လျန်က ဆက်ပြောသည်။ “သခင်ကြီး... ကျုပ် အနိုင်ရပေမဲ့ ကျုပ်လည်း အထီးကျန်နေတာပါပဲ။ ဒီပြိုင်ဘက်နှစ်ယောက်က သိပ်ညံ့လွန်းတယ်။ အင်အားချင်းမမျှတဲ့ ပြိုင်ဆိုင်မှုက ပျင်းစရာ ကောင်းတယ်ဗျာ။”

ဝန်ခံရမည်ဆိုလျှင် ယန်လျန်၏ ဟန်ဆောင်မှုက အဆင့်မြင့်လာပြီ ဖြစ်၏။

ယန်လျန်က ပြောလိုက်သည်။ “သခင်ကြီး... ကျုပ်မှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ခေါင်းညိတ်လိုက်၏။ “ပြောပါ။”

ယန်လျန်က ပြောသည်။ “ကျန်တဲ့ နှစ်ယောက်ကို ကျုပ်လက်နဲ့ ကိုယ်တိုင် သတ်ပါရစေ။ ဒါမှ ကျုပ်ရဲ့ တာဝန်က အခုတည်းက စတင်ရာ ရောက်မှာပါ။

ဒီခြေလှမ်းကို စလှမ်းလိုက်ပြီ ဆိုတာနဲ့ ကျုပ်က ဟေးလုံထိုင်ရဲ့ လူဖြစ်သွားပြီ။ ကျုပ် ဘဝက သွေးစွန်းတဲ့ လမ်းခရီးကို စတင်ရတော့မယ်။”

“ကောင်းပြီလေ။” ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဓားတစ်ချောင်းကို ကမ်းပေးလိုက်သည်။

ယန်လျန်သည် ဓားကို ကိုင်ကာ လင်ပေါက်ထံသို့ ဖြည်းညင်းစွာ လျှောက်သွား၏။

စစ်သည်တော် လင်ပေါက်က ဟေးလုံထိုင်မှ ပုဂ္ဂိုလ်ကို လှမ်းကြည့်ပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။ “သခင်ကြီး... ကျုပ် တကယ် အသက်ရှင်ခွင့် မရှိတော့ဘူးလား။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မလှုပ်မယှက်ပင် နေနေ၏။

လင်ပေါက်၏ မျက်လုံးများ နီရဲလာသည်။ “စိတ်မရှိပါနဲ့။ အသက်ရှင်ဖို့အတွက် ကျုပ်မှာ တခြားရွေးစရာ မရှိတော့ဘူး။”

ပြောပြီးသည်နှင့် လင်ပေါက်သည် လက်သီးကို ဆုပ်ကာ ယန်လျန်ထံသို့ ပြေးဝင်ကာ ထိုးနှက်လိုက်သည်။ သူသည် အသေခံမည့်သူ မဟုတ်ပေ။

“ရွှပ်...”

ယန်လျန်၏ ဓားချက်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်လွန်းလှသည်။ လင်ပေါက်၏ခေါင်း ပြတ်ထွက်သွားပြီး လေထဲသို့ မြောက်တက်သွား၏။

သာမန် စာပေပညာရှင် တစ်ယောက်က သိုင်းပညာ တတ်နေသည်လား။ ထို့အပြင် သိုင်းပညာ အဆင့်အတန်း ကလည်း မြင့်မားလွန်းလှသည်။

သွေးကြောပိတ် ခံမထားရသည့် လင်ပေါက်ထက်ပင် သာလွန်နေသေး၏။ သူ၏ ဖုံးကွယ်ထားနိုင်စွမ်းက အံ့မခန်းပင်။

ယန်လျန်က ပြောလိုက်သည်။ “သခင်ကြီး... ရယ်စရာ ဖြစ်သွားပြီ။ တကယ်တော့ ကျုပ် သိုင်းပညာ လေ့ကျင့်ထားတာ ကြာပါပြီ။ ဒါပေမဲ့ လူဆိုတာ တစ်ခါတလေကျရင် ကိုယ့်အရည်အချင်းကို ဖုံးကွယ်ထားသင့်တယ် မဟုတ်လား။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ချီးကျူးလိုက်၏။ “ကောင်းတယ်။ သိပ်ကောင်းတယ်။”

ယွင်ကျုံးဟဲ့က ဝင်ပြောလိုက်ပြန်သည်။ “လင်ပေါက်က လူကောင်းလေးပါ။ ခင်ဗျား ဘာလို့ သူ့ကို လုပ်ကြံရတာလဲ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်နှင့် ယန်လျန်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ယွင်ကျုံးဟဲ့ ဘာပြောနေမှန်း သူတို့ နားမလည်ပေ။

ယန်လျန်သည် ဓားကို ဆွဲထုတ်ပြီး ယွင်ကျုံးဟဲ့ထံသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ “ယွင်ကျုံးဟဲ့... ခင်ဗျားက ပိုးဟပ်လောက်ပဲ တန်ဖိုးရှိတဲ့လူ။ ကျုပ်လက်နဲ့ သတ်ဖို့တောင် မတန်ဘူး။ ဒါပေမဲ့ ဒီနေ့ ရေစက်ဆုံကြလို့ မသေခင်မှာ မှာစရာရှိတာ မှာခဲ့ပါ။”

ယွင်ကျုံးဟဲ့က ခေတ္တမျှ စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။ “အစ်ကိုယန်... စိတ်ချလက်ချသာ သွားလိုက်ပါ။ နောက်နောင် အစ်ကို့သားက ကျုပ်သား၊ အစ်ကို့မိန်းမက ကျုပ်မိန်းမပါပဲ။ ကျုပ်မှာ အသက်ငွေ့ငွေ့ ကျန်နေသရွေ့ အစ်ကို့မိန်းမကို အထီးကျန်ခွင့် ပေးမှာ မဟုတ်ပါဘူး။”

ယန်လျန် ဒေါသထွက်သွားပြီး အေးစက်စွာ ရယ်မောလိုက်၏။ “သေခါနီးတောင် ရူးနေတုန်းပဲ။ သေလိုက်တော့။”

သူ၏ ဓားသွားသည် ယွင်ကျုံးဟဲ့၏ ရင်ဝဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာ၏။

“ရွှပ်...”

သို့သော်ငြား နောက်တစ်စက္ကန့်တွင် ယန်လျန်၏ ရင်ဘတ်အေးခဲသွားပြီး ငုံ့ကြည့်လိုက်ရာ ဓားတစ်ချောင်း ထိုးဖောက်ဝင်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်သည် အသံမထွက်ဘဲ ယန်လျန်၏ နှလုံးသားကို ထိုးဖောက်လိုက်ခြင်းပင်။

“ဘာ... ဘာလို့လဲ။” ယန်လျန် စကားမဆုံးလိုက်ပေ။ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးမမှိတ်ဘဲ သေဆုံးသွားလေသည်။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် အေးစက်မှုကို ခံစားလိုက်ရ၏။ ယန်လျန်၏ ဓားသွားသည် သူ၏ အသက်သွေးကြောနှင့် လက်မဝက်ခန့်သာ လိုတော့သောကြောင့်ပင်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ ရယ်မောလိုက်မိသည်။ “ဟား... ဟား... ဟား...”

“ရယ်စရာ ကောင်းနေလို့လား။” ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

ယွင်ကျုံးဟဲက ဖြေလိုက်သည်။ “မသိဘူး။ ငယ်ငယ်တုန်းက အဖြစ်အပျက်လေး တစ်ခုကို သွားသတိရလို့ပါ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးလိုက်၏။ “ဘာကိစ္စလဲ။”

ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းက ပြောလိုက်သည်။ “ပြောပြလည်း သခင်ကြီး နားလည်မှာ မဟုတ်ပါဘူး။ ခွဲစိတ်မှု သေးသေးလေး တစ်ခုအကြောင်းပါ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်၏ မျက်နှာ ရှုံ့မဲ့သွားပြီး အေးစက်စွာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... မင်း တကယ် မသေချင်ဘူး မဟုတ်လား။”

ထိုစကားကို ပြောနေချိန်တွင် သူသည် ယွင်ကျုံးဟဲ့ကို တကယ် ရိုက်သတ်ချင်နေမိ၏။

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကြောက်တာပေါ့။ သေမှာ ကြောက်လွန်းလို့ သေးပါထွက်တော့မယ်။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး။ သေမှာကြောက်လေ သေမင်းကို ပိုပြီး စနောက်ချင်လေပဲ။

ထက်မြက်တဲ့ ဓားသွားကို တွေ့ရင် လက်ညှိုးနဲ့ ထိကြည့်ချင်တယ်။ ဘယ်လောက် ထက်သလဲ သိချင်လို့လေ။ ချောက်ကမ်းပါးထိပ် ရောက်ရင် ခုန်ချကြည့်ချင်တယ်။ ရေခဲနေတဲ့ သံတိုင်ကို တွေ့ရင် လျှာနဲ့ ယက်ကြည့်ချင်တယ်။”

“တကယ့် အရူးပဲ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “မင်း နိုင်သွားပြီ။ မေးခွန်းသုံးခုစလုံး မှန်တယ်။ လေခွင်းမြို့ကို သွားပြီး တာဝန်ထမ်းဆောင်လို့ ရပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကောင်းပြီ။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။ “မင်း ဘာမှ အံ့သြပုံ မရပါလား။ မင်း ဘာလို့ နိုင်သွားသလဲ သိလား။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အရင်တုန်းက ဟေးလုံထိုင် စေလွှတ်လိုက်တဲ့ လူ (၁၀) ယောက်လောက်က အသတ်ခံလိုက်ရတယ်လေ။ ဒီတာဝန်က သေမင်းရဲ့ တံဇဉ်ပေါ်မှာ ကပြရမယ့် တာဝန်မျိုးပဲ။

အဲဒီလိုနေရာမျိုးမှာ အသက်ရှင်နိုင်တာက လူနှစ်မျိုးပဲ ရှိတယ်။ အရူးနဲ့ ဖောက်ပြန်နေတဲ့သူ။ ဒါကြောင့် ကျုပ်နဲ့ အကိုက်ညီဆုံး ဖြစ်နေတာပေါ့။”

ဟေးလုံထိုင်မှ ပုဂ္ဂိုလ်က မေးလိုက်၏။ “ဒါပေမဲ့ မင်းက ဟေးလုံထိုင်ကို သစ္စာမရှိဘူး။ အင်ပါယာကိုလည်း သစ္စာမရှိဘူး။ အချိန်မရွေး သစ္စာဖောက်သွားနိုင်တယ်။ မင်းကို ဘယ်လို အသုံးချရမလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်က ဟေးလုံထိုင်ရဲ့ ထမင်းတစ်လုပ်တောင် စားဖူးတာ မဟုတ်ဘူး။ သစ္စာရှိပါတယ်လို့ ပြောရင် သခင်ကြီး ယုံမှာလား။ သစ္စာတရားနဲ့ ပတ်သက်ရင် ကျုပ်က စာရွက်အလွတ် တစ်ရွက်လိုပါပဲ။

အဲဒီပေါ်မှာ ဘာပုံဆွဲမလဲဆိုတာ သခင်ကြီးတို့အပေါ် မူတည်တယ်။ ကျုပ်က မှန်တစ်ချပ်လိုပဲ။ သခင်ကြီးတို့က ပန်းပွင့် ပေးရင် ပန်းပွင့်ပုံ ပေါ်မယ်။ သခင်ကြီးတို့က မကောင်းဆိုးဝါး ဖြစ်နေရင် မကောင်းဆိုးဝါးပုံ ပေါ်နေမှာပဲ။”

ဤစကားများကို ပြောနေချိန်တွင် ယွင်ကျုံးဟဲ့သည် နောက်ပြောင်နေခြင်း မရှိဘဲ လေးနက်တည်ငြိမ်နေ၏။ သူပြောသည်မှာ အဓိပ္ပာယ် ရှိသည်။ လေခွင်းမြို့တွင် သူလျှိုလုပ်ရခြင်းသည် ဓားသွားပေါ် လမ်းလျှောက် နေရသကဲ့သို့ အန္တရာယ်များလှ၏။

အရူးနှင့် စိတ်ဖောက်ပြန်သူများသာ ထိုအခြေအနေကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပေလိမ့်မည်။ ယွင်ကျုံးဟဲ့သည် သေမင်းနှင့် ကခုန်ရသည့် စိတ်လှုပ်ရှားမှုကို နှစ်သက်သူ ဖြစ်သောကြောင့် သူသည် ဤတာဝန်နှင့် အသင့်တော်ဆုံး ဖြစ်နေသည်။

ကျန်နှစ်ယောက် ဖြစ်သည့် လင်ပေါက်နှင့် ယန်လျန်တို့မှာ အပြင်ပန်းအားဖြင့် အရည်အချင်း ပြည့်ဝသူများ ဖြစ်သော်လည်း စိတ်ဓာတ်ရေးရာ ပြင်ဆင်မှု မရှိကြပေ။ လေခွင်းမြို့သို့ ရောက်သွားလျှင် လဝက်ပင် ခံမည် မဟုတ်ချေ။

ယွင်ကျုံးဟဲ့တွင် သစ္စာတရား မရှိသော်လည်း လူတစ်ယောက်၏ သစ္စာတရားကို ရယူခြင်းသည် ဟေးလုံထိုင်၏ ကျွမ်းကျင်မှု တစ်ရပ် ဖြစ်သည်။ သူတို့သည် ငွေကြေး၊ အကြောက်တရားတို့ကို အသုံးမပြုဘဲ ပေးဆပ်စွန့်လွှတ်မှုဖြင့် သစ္စာတရားကို လဲလှယ်ကြ၏။

ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ဟေးလုံထိုင်မှ ပုဂ္ဂိုလ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

ထောင်ခန်းတစ်ခုလုံး မီးများ လင်းထိန်လာပြီး သူ၏ မျက်နှာကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်၏။ အလွန် ခန့်ညားသော မျက်နှာသွင်ပြင် ရှိသော်လည်း မျက်နှာပေါ်တွင် ဓားဒဏ်ရာ နှစ်ချက် ရှိနေပြီး အသက် (၄၀) ကျော် အရွယ်ခန့် ရှိပုံရသည်။

“ကောင်းလိုက်တဲ့ စကားပဲ။”

သူက ဆက်ပြောသည်။ “ငါ့နာမည် ဖုန်းရှင်းမြဲ့။ မင်းက သိပ်တော်တဲ့လူပဲ။ ဒါပေမဲ့ မင်းရဲ့ တော်ပုံတော်နည်းက မိစ္ဆာဆန်လွန်းတယ်။ မင်းကို သုံးတာ မှန်မလား မှားမလားဆိုတာ ငါတောင် မဝေခွဲတတ်တော့ဘူး။”

‘ဖုန်းရှင်းမြဲ့... ခေါ်လို့ကောင်းတဲ့ နာမည်ပဲ။ ဒါပေမဲ့ ဟေးလုံထိုင်နှင့် သိပ်မလိုက်ဖက်ဘူး။ သူ့ရဲ့ ရုပ်ရည်ကလည်း လူဆိုးနှင့် မတူဘဲ အရမ်းကို ခန့်ညားလွန်းနေတယ်။’

“ယွင်ကျုံးဟဲ့... မင်းက မိဘမဲ့။ ကျောက်တုံးကြားက ပေါက်ဖွားလာတဲ့ လူပဲ။ ငယ်ငယ်တည်းက အဆိုးအကောင်း အကြောင်းအကျိုးတွေကို တွေ့ကြုံခဲ့ရတဲ့သူ။ ဒါကြောင့် ငါတို့ အင်ပါယာကို ဘယ်လောက် သစ္စာရှိကြောင်း၊ ဟေးလုံထိုင်က ဧကရာဇ်မင်းမြတ်အပေါ် ဘယ်လောက် သစ္စာစောင့် သိကြောင်း၊ အင်ပါယာရဲ့ အနာဂတ်အတွက် ဟေးလုံထိုင် အဖွဲ့သားတွေက အသက်ပေးလှူဖို့ အသင့်ရှိကြောင်း မင်းကို ပြောပြနေမှာ မဟုတ်ဘူး။ ဒါတွေ အားလုံးကို မင်းကိုယ်တိုင် ဖြည်းဖြည်းချင်း လေ့လာကြည့်လိုက်ပါ။”

ယွင်ကျုံးဟဲ့ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။ နောက်ပြောင်ခြင်းလည်း မရှိတော့ပေ။

ဖုန်းရှင်းမြဲ့က ဆက်ပြောသည်။ “ငါက ဟေးလုံထိုင်မှာ လေခွင်းမြို့တာဝန်အတွက် တာဝန်အရှိဆုံး အရာရှိပဲ။ ငါတို့ ဦးလေးနဲ့ တူလို ဆက်ဆံကြတာပေါ့။

ဒီနေ့ကစပြီး ခင်ဗျား ယွင်ကျုံးဟဲ့က ငါ ဖုန်းရှင်းမြဲ့ရဲ့ လူဖြစ်သွားပြီ။ ဟေးလုံထိုင်ရဲ့ လူဖြစ်သွားပြီ။ ဒီစကားရဲ့ တန်ဖိုးကို ငါတို့ နှစ်ယောက်စလုံး သက်သေပြနိုင်မယ့် အခွင့်အရေး ရမယ်လို့ မျှော်လင့်ပါတယ်။”

ပြောရင်းနှင့် သူ၏ လက်ကို ယွင်ကျုံးဟဲ့ ပခုံးပေါ် တင်လိုက်ပြီး ခပ်ဖွဖွ ပုတ်လိုက်သည်။ ဖုန်းရှင်းမြဲ့၏ အသံမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင် မီးတောက်လောင်နေသကဲ့သို့ ခံစားရ၏။

အထူးသဖြင့် ဟေးလုံထိုင် ဆိုသည့် စကားလုံးကို ပြောလိုက်ချိန်တွင် ထိုမီးတောက်က ပိုမို ပြင်းထန်လာပြီး ထိုအဖွဲ့အစည်းအတွက် အသက်ကိုပင် ပေးလှူရန် အသင့်ရှိနေသည့်ပုံ ပေါက်နေသည်။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ် ဘယ်တော့ လေခွင်းမြို့ကို သွားရမလဲ။”

ဖုန်းရှင်းမြဲ့က ဖြေလိုက်သည်။ “သုံးရက်နေရင် သွားရမယ်။”

ယွင်ကျုံးဟဲ့ “အဲဒီလောက် မြန်လား။”

ဖုန်းရှင်းမြဲ့ “ဟုတ်တယ်။ အဲဒီလောက် မြန်တယ်။”

အချိန်တို့သည် ရေစီးသကဲ့သို့ ကုန်ဆုံးသွားသည်။ ဟာသလုပ် နောက်ပြောင်ခွင့် မရတော့သော နေ့ရက်များ ကုန်ဆုံးသွားပြီး သုံးရက် ပြည့်မြောက်သွားပြီ ဖြစ်လေ၏။

……

အပိုင်း (၈)

သုံးရက်ကြာပြီးနောက် ဟန်ရွှေမြို့ပြင်၌...

ယွင်ကျုံးဟဲ့သည် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်၍ ရင်းနှီးကျွမ်းဝင်သလိုလိုနှင့် စိမ်းသက်နေသော မြို့ကြီးကို လှမ်းမျှော်ကြည့်နေသည်။

ဤကမ္ဘာသို့ သူရောက်ရှိလာခဲ့သည်မှာ သုံးရက်ရှိခဲ့ပြီ ဖြစ်၏။ သို့သော်ငြား သူ သိထားသည့် အရာများမှာ နည်းပါးလွန်းလှသည်။ သူ၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။

‘ရောက်လေရာ အရပ်သည် နေစရာ အရပ်ပင် ဖြစ်သည်’ ဟု ဆိုရမည်လား။ ထိုစကားကို သုံး၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာဟောင်းကို သိပ်ပြီး တွယ်တာမှု မရှိခဲ့သောကြောင့်ပင်။ သူ့တွင် မိသားစု မရှိ၊ ချစ်သူ မရှိ၊ အပျော်မယားများသာ ရှိသည်။

ထိုသို့မဟုတ်ပါက နိုင်ငံတော်အဆင့် ဆေးရုံကြီးမှ အလုပ်ထွက်ပြီး မည်သည့်နေရာကမှန်း မသိသော အရပ်မှ X စိတ်ကျန်းမာရေးဆေးရုံသို့ ပြောင်းရွှေ့ခဲ့မည် မဟုတ်ပေ။ အတင်းအဓမ္မ ဖမ်းခေါ်ခံခဲ့ရခြင်း ဖြစ်သော်လည်း သူ၏ ရင်ထဲတွင် စွန့်စားခန်းများနှင့် မသိနားမလည်သော အရာများကို လိုလားတောင့်တမှု ရှိနေ၏။

ထို့အပြင် ထိုဆေးရုံကြီးတွင်လည်း ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာဝန်မလေး သုံးယောက်သည် သူတို့၏ ယောကျ်ားများနှင့် ကွာရှင်းရန် ပြင်ဆင်နေကြသည်။

သူနာပြုမလေး တစ်ယောက်ကလည်း ဆိုင်ယာနိုက်အဆိပ်ကို ကိုင်ဆောင်ကာ လက်ထပ်ခွင့် တောင်းနေ၏။ သူမကို လက်မထပ်ပါက ယွင်ကျုံးဟဲ့နှင့်အတူ အသေခံမည်ဟု ခြိမ်းခြောက်နေသေး၏။

အပျော်သဘော တွဲခဲ့ကြခြင်း ဖြစ်သော်လည်း အားလုံးက အတည်ယူပြီး လက်ထပ်ချင်နေကြ၏။ လူတွေက ရိုးသားမှု မရှိကြပေ။ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် အစပိုင်းတွင် စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း မကြာမီမှာပဲ ယွင်ကျုံးဟဲ့၏ စိတ်ထဲ၌ မျှော်လင့်ချက်များ ပြည့်နှက်လာသည်။

ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကိုလည်း သူ အတင်းအဓမ္မ ရှာဖွေခြင်း မပြုခဲ့ပေ။ ဤမြို့ကို မြင်လိုက်ရချိန်တွင် ဝိညာဉ်၏ နက်ရှိုင်းသော နေရာမှ လှုပ်ခတ်မှု အနည်းငယ် ရှိရုံသာဖြစ်၏။ ခန္ဓာကိုယ် ပိုင်ရှင်သည် ဤမြို့၌ (၁၅) နှစ်ကြာ နေထိုင်ခဲ့သည်။ နာကျည်းမှုနှင့် သံယောဇဉ်တို့ကို ယွင်ကျုံးဟဲ့ ခံစားမိနေ၏။

“ဟန်ရွှေမြို့ကနေ ထွက်သွားတော့မယ်။ ဘာဆန္ဒရှိလဲ။ ဘာလုပ်စရာ ကျန်သေးလဲ။ ဘယ်သူ့ကို တွေ့ချင်သေးလဲ။” ဖုန်းရှင်းမြဲ့က မေးလိုက်သည်။

“အခုပြောရင် အချိန်မီသေးတယ်။”

ယွင်ကျုံးဟဲ့ ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်၏။ “နှုတ်ဆက်စရာ လူတစ်ယောက်လောက်တော့ ရှာချင်သား။ ဒါပေမဲ့ ရှာမတွေ့ဘူး။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “မင်းက တကယ် သွေးအေးတဲ့လူပဲ။ သခင်ကြီးလီဆိုရင် မင်းကိစ္စကြောင့် ဒုက္ခကြီးကြီးမားမား ရောက်နေရတာ။ ဒီနှစ်တွေအတွင်း သူသာ မကာကွယ်ပေးခဲ့ရင် မင်း အသားစ ဖြစ်နေတာ ကြာပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒါဆို ကျုပ်ကြောင့် ဒုက္ခရောက်နေတဲ့ သခင်ကြီးလီကို ကူညီပေးပါလို့ ပြောရင် ခင်ဗျားတို့ ဟေးလုံထိုင်က ကူညီပေးနိုင်မှာလား။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “မပေးနိုင်ဘူး။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်၏။ “ဒါဆို ပြီးတာပဲလေ။”

ထိုအချိန်တွင် သစ်တောအုပ် လမ်းကြားထဲမှ မြင်းလှည်းတစ်စီး ထွက်ပေါ်လာသည်။ ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “လှည်းလာပြီ။ သွားတော့။”

ယွင်ကျုံးဟဲ့သည် စကားတစ်ခွန်းမှ မပြောဘဲ မြင်းလှည်းပေါ်သို့ တက်လိုက်သည်။ ထို့နောက် ခေါင်းစွပ်ကို ချွတ်လိုက်ပြီး သက်ပြင်းချလိုက်၏။

ဟန်ရွှေမြို့ကို ဖြတ်သန်းလာစဉ် တစ်လျှောက်လုံး သူ ခေါင်းစွပ်ကို မချွတ်ရဲခဲ့ပေ။ ဤမြို့တွင် သူ့ကို သတ်ချင်နေသူများ အလွန် များပြား၏။ အထူးသဖြင့် လှပသော အမျိုးသမီးငယ်လေးများ ဖြစ်သည်။

သူ့ကို မျက်နှာဖျက်ဆီးပြီး အိမ်ခေါ်ကာ လက်ထပ်ချင်နေသော သူဌေးသမီး တစ်ယောက် ရှိသည်ကို သူ မှတ်မိနေသည်။ မျက်နှာ ပျက်စီးသွားလျှင် သူ့အနားက ထွက်မပြေးနိုင်တော့ဘူးဟု ယူဆထားပုံရ၏။

‘ဟာသပဲ။ ကျုပ် ယွင်ကျုံးဟဲ့က မိန်းမ ကျွေးတာကို ထိုင်စောင့်မယ့်ကောင်လား။ ဒီလောကမှာ အရည်အချင်းကိုပဲ အားကိုးရတယ်။ ငွေလိမ်၊ လူလိမ် လုပ်ရင်လုပ်မယ်။ ဘယ်တော့မှ သူများကျွေးတာ မစားဘူး။’

ထိုသို့ တွေးနေစဉ် မြို့တံခါးဝရှိ လူအုပ်ကြီးထဲတွင် ရင်ခုန်စရာ ကောင်းလောက်အောင် လှပသော ကျောပြင် တစ်ခုကို လှမ်းတွေ့လိုက်ရသည်။ ရင်းနှီးနေသလိုပင်။ မှတ်ဉာဏ်များ ပြန်ပေါ်လာတော့မလို ခံစားလိုက်ရခြင်းပင်။

ထိုအခိုက်အတန့်မှာပင် ထိုအမျိုးသမီးက နောက်လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက လျှပ်စီးလက်သကဲ့သို့ စူးရှနေ၏။ သူ့ကို မျက်နှာဖျက်ဆီးပြီး အတင်းအဓမ္မ လက်ထပ်ယူမည့် သူဌေးသမီး ဖြစ်နေသည်။

‘သောက်ကျိုးနည်း... ပြေး... ပြေး... မြန်မြန်ပြေး... ကြောက်စရာ ကောင်းလိုက်တာ။’ ယွင်ကျုံးဟဲ့သည် မြင်းလှည်း ပြတင်းပေါက်ကို အမြန် ပိတ်လိုက်၏။ “မောင်း... မြန်မြန်မောင်း။”

ဟန်ရွှေမြို့ကို နှုတ်ဆက်လိုက်ပြီ ဖြစ်သည်။ ပစ္စည်းအချို့မှလွဲ၍ ဘာကိုမှ ချန်ထားခဲ့မည် မဟုတ်ပေ။

သူ၏ စိတ်နှလုံးသည် လေခွင်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဝမ်းနည်းပူဆွေးဖွယ်ရာ ကောင်းပြီး အပြန်အလှန် သတ်ဖြတ်ကြမည့် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို သူ မျှော်လင့်နေမိသည်။

စကားမပြောတတ်သော မြင်းရထားမောင်းသူ တစ်ဦး (လူအ)က မြင်းလှည်းကို မောင်းနှင်ကာ အနောက်တောင်ဘက်သို့ ဦးတည်ထွက်ခွာသွား၏။

ဤနေရာတွင် သမိုင်းဘီး စတင်လည်ပတ်ပြီဟု စာသားထိုးရမည်လား။ နောက်ခံတေးဂီတရော ထည့်ရမည်လား။

ယွင်ကျုံးဟဲ့သည် တေးဂီတမှူးတစ်ဦးကဲ့သို့ လက်ကို ဝှေ့ယမ်းလိုက်ပြီး လည်ချောင်းထဲမှ တယောသံကဲ့သို့ နက်ရှိုင်းသော အသံကို ပြုလုပ်လိုက်သည်။ ‘နောက်ခံတေးဂီတ မရှိရင် ကိုယ့်ဘာသာကိုယ် လုပ်ယူမယ်။’

“တယောသံ - တီ... တီ... တီ...

စန္ဒရားသံ - တုန့်... တင်... တိန်...

သံစုံတီးဝိုင်းတစ်ခုလုံး - ဝုန်း....”

‘ကောင်းလိုက်တဲ့ သံစုံတီးဝိုင်းသံပဲ။ တော်တော် အနုပညာပါရမီ ရှိတဲ့ လူပါလား။ ဘီသိုဗင်တောင် ကျုပ်ကို မီမှာ မဟုတ်ဘူး။’

လူအ “……”

…………

ဖုန်းရှင်းမြဲ့သည် တောင်ထိပ်ပေါ်တွင် ရပ်လျက် ယွင်ကျုံးဟဲ့၏ မြင်းလှည်း ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေ၏။

“သခင်ကြီး... ဘာဖြစ်လို့ သူ့ကို အမှန်အတိုင်း မပြောပြတာလဲ။” ဟေးလုံထိုင်မှ တပ်မှူးတစ်ဦးက မေးလိုက်သည်။

ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ဘာကို ပြောပြရမှာလဲ။”

ဟေးလုံထိုင်မှ တပ်မှူးက ပြောလိုက်သည်။ “သူ့အသက်ကို ကယ်ခဲ့တာက မတော်တဆ မဟုတ်ဘူး ဆိုတာလေ။ သခင်ကြီးလီခမျာ အရာအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်။ သူ့အသက်ကို ကယ်ဖို့အတွက် ဟေးလုံထိုင်က ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတယ်။ တကယ်တမ်း လေခွင်းမြို့ကို သွားရမယ့်သူက သူ မဟုတ်ဘူး။

သခင်ကြီးက သခင်ကြီးလီကို ကူညီချင်လို့ ယွင်ကျုံးဟဲ့ကို အစားထိုးလိုက်တာလေ။ သခင်ကြီးက ကိုယ့်ရဲ့ ရှေ့ရေးကိုသာမက အသက်ကိုပါ လောင်းကြေးထပ်ခဲ့တာ။ ဒီတာဝန်သာ မအောင်မြင်ခဲ့ရင် သခင်ကြီး အပြစ်ပေးခံရလိမ့်မယ်။”

ဖုန်းရှင်းမြဲ့က ပြောလိုက်သည်။ “ဒါတွေ ပြောနေလည်း အပိုပဲ။ ဒီလိုနည်းနဲ့ ရလာတဲ့ သစ္စာတရားက တန်ဖိုးမရှိဘူး။”

တပ်မှူးက စိုးရိမ်စွာဖြင့် ပြောလိုက်၏။ “ဒါဆို သူ့ကို လေ့ကျင့်ရေးလေး ဘာလေး လုပ်ပေးပါအုံးလား။ သူ လေခွင်းမြို့ ရောက်ရင် သုံးရက်တောင် ခံပါ့မလားလို့ စိုးရိမ်မိတယ်။”

ဖုန်းရှင်းမြဲ့က ပြန်ပြောလိုက်သည်။ “ဘာကို လေ့ကျင့်ပေးရမှာလဲ။ သူ့ရဲ့ အခုပုံစံက အကောင်းဆုံးပဲ။”

တပ်မှူးက သတိပေးလိုက်၏။ “ဒါပေမဲ့ သခင်ကြီးက တစ်ကြိမ် ကျရှုံးပြီးသားလေ။ အကြီးအကဲရွှီက သခင်ကြီးကို အခွင့်အရေး ထပ်ပေးဖို့အတွက် အာမခံထားရတာ။ ဒီတစ်ခါ တာဝန် ထပ်ကျရှုံးရင် သခင်ကြီးတင်မကဘူး အကြီးအကဲရွှီပါ ရာထူးပြုတ်လိမ့်မယ်။”

ဖုန်းရှင်းမြဲ့ ဘာမှ ပြန်မပြောတော့ဘဲ ယွင်ကျုံးဟဲ့၏ မြင်းလှည်း ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေမိ၏။

သူ့ရင်ထဲတွင် ဝှက်ထားသော လျှို့ဝှက်ချက် အများအပြား ရှိနေသည်။ ယွင်ကျုံးဟဲ့နှင့် ပတ်သက်သော အရေးကြီးသည့် လျှို့ဝှက်ချက်များလည်း ပါဝင်သည်။

ယွင်ကျုံးဟဲ့ ဆိုသော ကောင်လေးသည် အမှောင်ထုထဲတွင် နှစ်မြုပ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူ့ကို ဘဝသစ် ပြန်စခွင့် မပေးလျှင် ဖုန်းရှင်းမြဲ့ တစ်သက်လုံး စိတ်လုံခြုံမှု ရရှိမည် မဟုတ်ပေ။

ဖုန်းရှင်းမြဲ့က တီးတိုး ရေရွတ်လိုက်သည်။ “ကောင်စုတ်လေး... ကျုပ်ကို စိတ်ပျက်အောင် မလုပ်နဲ့။ ခင်ဗျားရဲ့ မိဘတွေကိုလည်း စိတ်ပျက်အောင် မလုပ်နဲ့။ လေခွင်းမြို့မှာ အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးပြီး သူတို့တစ်သက်လုံး ခံခဲ့ရတဲ့ အရှက်တရားကို ဆေးကြောပစ်လိုက်စမ်းပါ။”

…………

ပိုင်ရှင်မဲ့နယ်မြေသည် စတုရန်းကီလိုမီတာ ငါးသိန်းခန့် ကျယ်ဝန်းပြီး အင်အားကြီးနိုင်ငံ သုံးခုဖြစ်သော တာ့လျန်နိုင်ငံ၊ တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာတို့၏ ကြားတွင် တည်ရှိသည်။

တာ့လျန်နိုင်ငံသည် အေးစက်ကြမ်းတမ်းသော ကုန်းမြင့်ဒေသတွင် တည်ရှိပြီး မြင်းစီးစစ်သည်များနှင့် စစ်သည်တော်များမှာ သေမင်းကို မကြောက်ရွံ့ကြပေ။

လူဦးရေ နည်းပါးသော်လည်း နယ်မြေကျယ်ဝန်းပြီး ကြမ်းတမ်းသော ပထဝီအနေအထားက ရန်သူများအတွက် အိပ်မက်ဆိုး ဖြစ်စေ၏။ သို့သော်ငြား ဤနိုင်ငံသည် နယ်မြေသိမ်းပိုက်ခြင်းထက် လုယက်တိုက်ခိုက်ခြင်းကို ပိုမို ကျွမ်းကျင်သည်။

တောင်ပိုင်းကျိုးအင်ပါယာသည် နှစ်ရာပေါင်းများစွာ သက်တမ်းရှိသော ရှေးဟောင်းအင်အားကြီးနိုင်ငံ ဖြစ်၏။ ကျဆင်းစ ပြုနေပြီ ဖြစ်သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ထျန်းယန်ဧကရာဇ်၏ ပြုပြင် ပြောင်းလဲမှုများကြောင့် ပြန်လည် အသက်ဝင်လာခဲ့၏။

နှစ်ပေါင်း(၂၀) အတွင်းမှာပဲ တောင်ပိုင်း လူရိုင်းများကို အနိုင်ယူခဲ့ပြီး လူဦးရေ သန်းချီ တိုးပွားလာကာ နယ်မြေ စတုရန်းကီလိုမီတာ တစ်သန်းခွဲခန့် ချဲ့ထွင်နိုင်ခဲ့သည်အထိ တိုးတက်လာခဲ့သည်။

လွန်ခဲ့သော ငါးနှစ်က ဧကရာဇ်ထျန်းယန်သည် အိမ်ရှေ့စံအား ထီးနန်းလွှဲပြောင်းပေးခဲ့ပြီး ဧကရာဇ်အိုကြီး အဖြစ် ခံယူခဲ့သည်။ ဧကရာဇ်သစ် နန်းတက်လာပြီး ဝမ်ယွင်ဟူသော ဘွဲ့အမည်ကို ခံယူခဲ့၏။

လူတိုင်းက ဧကရာဇ်ထျန်းယန် နန်းစွန့်ခြင်းသည် ဟန်ပြသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နန်းသက် နှစ်(၅၀) ရှိနေပြီဖြစ်ပြီး ပထမဆုံး ဧကရာဇ်ကြီး၏ နန်းသက်ထက် မကျော်လွန်လိုသောကြောင့်ပင်။

ထို့ကြောင့် သူသည် ဧကရာဇ်အိုကြီး အဖြစ် နောက်ကွယ်မှ အာဏာကို ဆက်လက် ချုပ်ကိုင်ထားလိမ့်မည်ဟု ယူဆခဲ့ကြပြီး သူ နတ်ရွာစံမှသာ ဧကရာဇ်ဝမ်ယွင် အာဏာအပြည့်အဝ ရရှိလိမ့်မည်ဟု ထင်ခဲ့ကြ၏။

သို့သော်ငြား အားလုံး၏ ထင်ကြေးများ လွဲမှားခဲ့၏။ ဧကရာဇ်ထျန်းယန်သည် နန်းစွန့်ပြီးနောက် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ဘဲ အာဏာအကုန်လုံးကို ဧကရာဇ်ဝမ်ယွင်ထံ လွှဲပြောင်းပေးခဲ့သည်။

အရွယ်ကောင်းပြီး စွမ်းရည်ထက်မြက်သော ဧကရာဇ်ဝမ်ယွင် နန်းတက်လာချိန်မှာတော့ ဓားသွားကို အိမ်မှ ဆွဲထုတ်လိုက်သကဲ့သို့ ထက်မြက်တောက်ပလာ၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ တောင်ဘက်သို့ နယ်ချဲ့သည့် မူဝါဒကို မြောက်ဘက်သို့ ပြောင်းလဲလိုက်ပြီး ကမ္ဘာလောကကို စိုးမိုးလိုသော ကစားပွဲထဲသို့ ဝင်ရောက်လာ၏။

ယွင်ကျုံးဟဲ့ ရောက်ရှိနေသော တာယင်အင်ပါယာသည် နှစ်ပေါင်းတစ်ရာခန့်သာ ရှိသေးသော်လည်း နံနက်ခင်း နေမင်းကြီးကဲ့သို့ တက်ကြွလန်းဆန်းနေ၏။ ဆယ်စုနှစ် အနည်းငယ်အတွင်း နယ်မြေကို ဆယ်ဆခန့် ချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံငယ် တစ်ဒါဇင်ကျော်ကို ဖျက်ဆီးကာ တတိယတန်းစား နိုင်ငံအဖြစ်မှ အင်အားကြီးနိုင်ငံ အဖြစ်သို့ ရောက်ရှိလာသည်။

အရှိန်အဟုန် ပြင်းလွန်းခဲ့သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း(၂၀)ခန့်၊ ဧကရာဇ်ယုံကျော့ နန်းတက် လာချိန်တွင် တာယင်အင်ပါယာသည် နယ်ချဲ့မူဝါဒမှ ကာကွယ်ရေး မူဝါဒသို့ ပြောင်းလဲခဲ့သည်။ နိုင်ငံ၏ အင်အားကို စုဆောင်းပြီး ရရှိထားသော အောင်မြင်မှုများကို ခိုင်မာအောင် တည်ဆောက်ခဲ့၏။

နှစ်ပေါင်း(၂၀)ကြာ အနားယူပြီးနောက် ယခုအခါ တာယင်အင်ပါယာသည် အချမ်းသာဆုံးနှင့် အင်အား အကြီးဆုံးအချိန်သို့ ရောက်ရှိလာတော့သည်။

ယခုအခါ ကမ္ဘာလောကကို တောင်နှင့် မြောက်ဟူ၍ ခွဲခြားထားပြီး ထျန်းကျန်းမြစ် မြောက်ဘက်ကို မြောက်ပိုင်း၊ တောင်ဘက်ကို တောင်ပိုင်းဟု ခေါ်သည်။ တောင်ပိုင်းတစ်ခုလုံးတွင် နိုင်ငံပေါင်း ခုနစ်နိုင်ငံ ရှိသော်လည်း အမှန်တကယ် အင်အားကြီးသော နိုင်ငံမှာ သုံးနိုင်ငံသာ ရှိ၏။

တာ့လျန်နိုင်ငံသည် ပထဝီအနေအထားအရ ကမ္ဘာလောကကို စိုးမိုးမည့် ကစားပွဲတွင် ပါဝင်ရန် ခက်ခဲသည်။ ထို့ကြောင့် တကယ်တမ်း ယှဉ်ပြိုင်နိုင်သူမှာ တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင်အင်ပါယာ နှစ်ခုသာ ရှိသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တာယင်အင်ပါယာက ခံစစ်ဗျူဟာကို ကျင့်သုံးပြီး တောင်ပိုင်းကျိုး အင်ပါယာက တောင်ဘက်သို့ နယ်ချဲ့နေသောကြောင့် နိုင်ငံနှစ်ခုကြား ပွတ်တိုက်မှုများ ရှိသော်လည်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ကြ၏။

သို့သော်ငြား တောင်ပိုင်းကျိုးအင်ပါယာ၏ ဧကရာဇ်သစ် နန်းတက်လာပြီး ဗျူဟာကို မြောက်ဘက်သို့ ပြောင်းလဲလိုက်ချိန်တွင် နိုင်ငံနှစ်ခု၏ ဆက်ဆံရေးသည် ရန်သူ့အသွင် ပြောင်းသွားပြီး နှစ်အနည်းငယ် ကြာချိန်မှာတော့ ထိုရန်လိုမှုသည် ပိုမို ပြင်းထန်လာသည်။

ဤအင်ပါယာကြီး နှစ်ခုကြားတွင် စစ်ပွဲတစ်ပွဲ ဖြစ်ပွားရမည်မှာ မလွဲဧကန်ပင်။ အနိုင်ရသူသည် တောင်ပိုင်း၏ တစ်ခုတည်းသော အရှင်သခင် ဖြစ်လာပြီး မြောက်ပိုင်း၏ အရှင်သခင်နှင့် ယှဉ်ပြိုင်ကာ ကမ္ဘာလောကကို အုပ်စိုးခွင့် ရရှိပေလိမ့်မည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် နိုင်ငံကြီးသုံးခု ငြိမ်းချမ်းနေခဲ့သောကြောင့် ပိုင်ရှင်မဲ့နယ်မြေသည်လည်း အတော်အတန် အေးချမ်းခဲ့သည်။ သို့သော်ငြား ယခုအခါ တောင်ပိုင်းကျိုးအင်ပါယာနှင့် တာယင် အင်ပါယာတို့၏ ပဋိပက္ခကြောင့် ပိုင်ရှင်မဲ့နယ်မြေသည်လည်း ရှုပ်ထွေးလာပြီး တိုက်ပွဲများ ပြင်းထန်လာ၏။

အဘယ်ကြောင့်ဆိုသော် “ပိုင်ရှင်မဲ့နယ်မြေကို ရရှိသူသည် အနာဂတ်ကို ပိုင်ဆိုင်လိမ့်မည်” ဟူသော စကားကြောင့်ပင်။ ထို့ကြောင့် ယခုလက်ရှိ လေခွင်းမြို့သည် မုန်တိုင်းထန်နေပြီး ဓားရောင်လှံရောင် တောက်ပကာ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။

ဟေးလုံထိုင်သည် လေခွင်းမြို့တွင် ကြီးမားသော ရှုံးနိမ့်မှုတစ်ခု ကြုံတွေ့ခဲ့ရကြောင်း ဖုန်းရှင်းမြဲ့က ယွင်ကျုံးဟဲ့ကို မပြောပြခဲ့ပေ။

ပိုင်ရှင်မဲ့နယ်မြေတွင် လျှို့ဝှက်တပ်စွဲထားသော အင်အားစုများသည် ဖျက်ဆီး ခံလိုက်ရပြီး ဗျူဟာတစ်ဝက်ခန့် ပျက်စီးခဲ့ရသည်။ ဤသည်မှာ တာယင်အင်ပါယာ ဟေးလုံထိုင်အတွက် အရှက်ရစရာ ဖြစ်ခဲ့၏။

ယွင်ကျုံးဟဲ့သည် မည်သည်ကိုမှ မသိရှိဘဲ အလွန် လှပသော အဆိပ်ပြင်းမြွေတစ်ကောင် အသွင်ဖြင့် အန္တရာယ်များနှင့် ဆွဲဆောင်မှုများ ပြည့်နှက်နေသော လေခွင်းမြို့ထဲသို့ တိုးဝင်သွားလေတော့သည်။

…………

All Chapters