← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အပိုင်း (၁၁)

ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် ရွှီအန်းထင်သည် ဒေါသထွက်ခြင်း မရှိဘဲ အေးစက်စွာ ရယ်မောလိုက်သည်။ “သေခါနီးတောင် ခေါင်းမာနေတုန်းပဲ။ စောစောက အနှိပ်စက်တောင် မခံရသေးဘူး ဝန်ခံလိုက်ပြီ။ ခင်ဗျားလောက် တက်ကြွတဲ့ သစ္စာဖောက်မျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။”

ဘီလူးမျက်နှာနှင့် အမျိုးသမီး ရွှီအန်းထင်ကလည်း အေးစက်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင် ဘယ်လောက်ငြင်းငြင်း အလကားပဲ။ စောစောက ရှင်ဝန်ခံခဲ့တာတွေက ဟေးလုံထိုင်နဲ့ အင်ပါယာကို သစ္စာဖောက်တဲ့ သက်သေ အထောက်အထားတွေပဲ။”

ယွင်ကျုံးဟဲ့က ပြန်မေးလိုက်သည်။ “ဒါဆို ထျန်းကျန်းမြစ်ထဲ ခုန်ချရင်တောင် ကျုပ်အပြစ်တွေကို ဆေးကြောလို့ မရတော့ဘူးပေါ့။”

ရွှီအန်းထင်က ဖြေသည်။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ညစ်ညမ်းနေတာ ဘယ်လိုဆေးကြောလို့ ရမှာလဲ။”

ရွှီအန်းထင် (အမျိုးသမီး) က ဖြည့်စွက်ပြောလိုက်သည်။ “နောက်ဘဝကျရင် လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါတော့။”

“လုပ်လိုက်တော့...” မောင်နှမ နှစ်ယောက် ပြိုင်တူ အမိန့်ပေးလိုက်ကြသည်။

တစ်ပိုင်းတစ်စ နီရဲနေသော သံပူကိရိယာသည် ယွင်ကျုံးဟဲ့၏ ရင်ဘတ်ဆီသို့ တိုးကပ်လာ၏။

“ရွှီ...”

အသားလောင်ကျွမ်းသံနှင့်အတူ မီးခိုးများ ထွက်ပေါ်လာပြီး အနံ့ဆိုးများ ပျံ့နှံ့သွားသည်။

“အား... အား... အား...” ယွင်ကျုံးဟဲ့ အသည်းအသန် အော်ဟစ်ကာ တုန်ခါနေလေ၏။ ဘေးနားမှ စစ်သည်များသည် အံကြိတ်ကာ ကြည့်ရှုနေကြပြီး ကျေနပ်နေကြပုံပင်။

သို့သော်ငြား မကြာမီ ရွှီအန်းထင် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်၏။ ယွင်ကျုံးဟဲ့၏ အော်သံသည် နာကျင်၍ အော်သော အသံမဟုတ်ဘဲ အရသာတွေ့နေသော အသံမျိုး ဖြစ်နေလေသည်။

‘ဒီလောကမှာ ဒီလောက် ရူးတဲ့သူ ရှိသေးတာလား။ သံပူကပ်တာကိုတောင် အရသာ ခံနေတာလား။’

ထို့နောက် နောက်ထပ် ထူးခြားမှုကို သတိထားမိလိုက်ပြန်သည်။ လေထဲတွင် အဝတ်အစား လောင်ကျွမ်းနံ့သာ ရပြီး အသားလောင်ကျွမ်းနံ့ မရရှိသောကြောင့်ပင်။

ရွှီအန်းထင်သည် အမြန် ပြေးသွားပြီး ယွင်ကျုံးဟဲ့၏ အင်္ကျီကို ဆွဲဖယ်ကြည့်လိုက်ရာ အတွင်းဘက်တွင် မှန်တစ်ချပ်ကို တွေ့လိုက်ရသည်။ သံပူကိရိယာသည် မှန်ပေါ်တွင် ကပ်နေပြီး ယွင်ကျုံးဟဲ့မှာမူ အထိအခိုက်မရှိ ဖြစ်နေ၏။

“အိုက်ရား... မိသွားပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်တို့လို ရုပ်ချောတဲ့သူတွေက အကျင့်တစ်ခု ရှိတယ်။ မှန်တစ်ချပ် အမြဲ ဆောင်ထားတတ်တယ်။ ဗိုက်ဆာရင် ထုတ်ကြည့်လိုက်တာနဲ့ ဗိုက်ဝသွားရော။”

မည်သူမှ သူ့ကို ပြန်မပြောကြပေ။

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဘာလို့လဲ သိလား။ ရုပ်ချောတာက ထမင်းစားရတာနဲ့ တူတူပဲ။ ကျုပ်လို ချောတဲ့သူကျတော့ တစ်ချက်ကြည့်လိုက်တာနဲ့ စားကောင်း သောက်ဖွယ်တွေ စားလိုက်ရသလိုပဲ။

ကျုပ် မျက်လုံးအောက်က မျက်ကွင်း မဲနေတာတွေကို တွေ့လား။ ဘာလို့ အိပ်ရေးပျက်လဲ သိလား။ မနက် (၆) နာရီတောင် မထိုးသေးဘူး၊ ကိုယ့်ရုပ်ကိုယ် ပြန်မြင်ပြီး လန့်နိုးလာလို့လေ။ တကယ် စိတ်ညစ်စရာ ကောင်းတယ်ဗျာ။”

ဘေးနားမှ လူများ၏ မျက်နှာ ရှုံ့မဲ့သွားကြသည်။

“သူဌေး... သူ့ကို ရိုက်သတ်လိုက်လို့ ရမလား။” စစ်သည်တစ်ဦးက ဒေါသတကြီးဖြင့် မေးလိုက်၏။ သူ သည်းမခံနိုင်တော့ပေ။

ရွှီအန်းထင်သည် အေးစက်သွားသော သံပူကိရိယာကို မီးဖိုထဲ ပြန်ထည့်လိုက်သည်။ မိနစ်အနည်းငယ် ကြာချိန်မှာတော့ သံပူကိရိယာသည် တစ်ဖန် ပြန်လည် နီရဲလာ၏။

ရွှီအန်းထင်သည် သံပူကိရိယာကို ကိုင်ကာ ယွင်ကျုံးဟဲ့ထံသို့ တစ်ဖန် လျှောက်လာသည်။

ထို့နောက် သူက ပြောလိုက်၏။ “ခင်ဗျားက ကိုယ့်ရုပ်ကိုယ် ပြန်မြင်ပြီး လန့်နိုးတတ်တယ်ဆိုတော့ ကျုပ် ခင်ဗျားကို ရုပ်ဖျက်ဆီး ပေးလိုက်မယ်။ ဒါဆိုရင် ခင်ဗျား ညတိုင်း ကောင်းကောင်း အိပ်ပျော်သွားမှာပါ။”

ထို့နောက် သူသည် သံပူကိရိယာကို ယွင်ကျုံးဟဲ့၏ မျက်နှာနားသို့ တိုးကပ်လိုက်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ မျက်နှာက တကယ်ပဲ သံမဏိလို မာကျောသလားဆိုတာ စမ်းကြည့်ရအောင်။”

ယွင်ကျုံးဟဲ့က ရယ်မောလိုက်သည်။ “သူဌေးရွှီ... နေပါအုံးဗျ။”

ထို့နောက် သူ၏ မျက်နှာထား တည်ကြည်သွားသည်။ “ကျုပ် ပြောပြီးသားလေ။ စောစောက အဖြစ်အပျက်တွေ အားလုံးက ကျုပ် သရုပ်ဆောင်ပြတာပါလို့။ ခင်ဗျားတို့ ကျုပ်ကို စမ်းသပ်မယ် ဆိုတာ ကျုပ် ကြိုသိနေတယ်။ ကျုပ်ကလည်း ခင်ဗျားတို့ကို ပြန်စမ်းသပ်လိုက်တာ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်က ကျုပ်ကို စိတ်ပျက်စေတယ်။”

ရွှီအန်းထင်က ပြန်ပြောသည်။ “ခင်ဗျား ဘယ်လောက်ပဲ လျှာအရိုးမရှိ ပြောနေပါစေ အလကားပဲ။”

လက်ရှိ အခြေအနေတွင် ယွင်ကျုံးဟဲ့သည် ထျန်းကျန်းမြစ်ထဲ ခုန်ချလျှင်ပင် အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်တော့မည် မဟုတ်ပေ။ မျက်နှာ ဖျက်ဆီးခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်ဖွယ် မရှိချေ။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်မ... ခင်ဗျားရဲ့ ခါးပတ်ထဲမှာ စာရွက်တစ်ရွက် ရှိမနေဘူးလား။ စမ်းကြည့်ပါအုံး။”

ရွှီအန်းထင် (အမျိုးသမီး) ကြောင်သွားပြီး ခါးပတ်ကို စမ်းကြည့်လိုက်ရာ ဘာမှ မရှိပေ။

“အနောက်ဘက်က ခါးပတ်ကြားထဲမှာလေ။” ယွင်ကျုံးဟဲ့က ထပ်ပြောသည်။

ရွှီအန်းထင် (အမျိုးသမီး) သည် လက်ကို နောက်ဘက်သို့ ပို့ပြီး စမ်းကြည့်လိုက်ရာ စာရွက်တစ်ရွက်ကို ဆွဲထုတ်မိလိုက်၏။ ဖွင့်ကြည့်လိုက်ချိန်မှာတော့ စာလုံးကြီးများဖြင့် ရေးထားသည်ကို တွေ့လိုက်ရ၏။

“ရွှီအန်းထင်... ကျင်းမိသားစုရဲ့ သွေးနက်ဂိုဏ်းယောင် ဆောင်ရတာ ပျော်စရာ ကောင်းလား။ စမ်းသပ်တာတွေ တော်လိုက်ပါတော့။ ကျုပ်က အစတည်းက ရိပ်မိပြီးသားပါကွ။”

မောင်နှမ နှစ်ယောက် မျက်လုံးပြူးသွားကြသည်။

ရွှီအန်းထင် (အမျိုးသား) သည် ပြေးလာပြီး စာရွက်ကို ယူဖတ်ကြည့်လိုက်၏။

မြေအောက်ခန်းထဲ ရောက်တည်းက ယွင်ကျုံးဟဲ့သည် ကြိုးတုပ်ခံထားရပြီး လှုပ်ရှား၍ မရပေ။ ထို့ကြောင့် ဤစာရွက်ကို ထည့်နိုင်သည့် တစ်ခုတည်းသော အချိန်မှာ မြေအောက်ခန်းထဲသို့ စဝင်သည့် အချိန်သာ ဖြစ်နိုင်၏။ ထိုအချိန်က စစ်ဆေးမေးမြန်းမှုပင် မစတင်ရသေးပေ။

ပို၍ အံ့သြစရာ ကောင်းသည်မှာ အန်းထင် တည်းခိုခန်းနှင့် (၂) မိုင်အကွာလောက်တည်းက ယွင်ကျုံးဟဲ့ကို ရွှီအန်းထင်၏ လူများက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ့ကို စာရေးနေသည်ဟူ၍ တစ်ကြိမ်မျှ မတွေ့ခဲ့ရပေ။ ဆိုလိုသည်မှာ ဤစာရွက်ကို သူ ကြိုတင် ရေးသားထားခြင်း ဖြစ်၏။

ရွှီအန်းထင်က သူ့ကို စမ်းသပ်မည်ဟု လွန်ခဲ့သော ရက်အနည်းငယ်တည်းက သူ ခန့်မှန်းမိခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ တကယ့်ကို ကြောက်စရာ ကောင်းသော ဉာဏ်ပညာပင်။

ရွှီအန်းထင် (အမျိုးသား)က ညီမဖြစ်သူကို ဒေါသတကြီး ကြည့်လိုက်သည်။ “မင်းက သိုင်းပညာ ဒီလောက် တော်ပြီးတော့ ကြက်ကလေးတစ်ကောင် ဖမ်းသလောက်တောင် အားမရှိတဲ့ ယွင်ကျုံးဟဲ့က မင်းခါးပတ်ထဲ စာရွက်ထည့်တာကို မသိလိုက်ဘူးလား။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူဌေးရွှီ... အစ်မကို အပြစ်မတင်ပါနဲ့။ ကျုပ်မှာ ကြက်ဖမ်းဖို့ အားမရှိပေမဲ့ အထူးစွမ်းရည် တချို့တော့ ရှိပါတယ်။ လူတွေက ကျုပ်ကို ရုပ်ချောလို့ အသည်းခွဲတဲ့လူလို့ပဲ ထင်ကြတာ။”

“တကယ်တော့ ကျုပ်က သူခိုးပါ။ အသက် (၁၀) နှစ်မတိုင်ခင်က ခါးပိုက်နှိုက်ပြီး အသက်မွေးခဲ့ရတာလေ။ တစ်နေ့ကို ငွေ (၁၀) ပြား ပြည့်အောင် မခိုးနိုင်ရင် ထမင်းငတ်တယ်။ (၅) ပြား မပြည့်ရင် အရိုက်ခံရတယ်။ (၃) ပြား မပြည့်ရင် လက်ချိုးခံရတယ်။”

ယွင်ကျုံးဟဲ့ လိမ်ပြောနေခြင်း မဟုတ်ပေ။ ဤကမ္ဘာမှ ယွင်ကျုံးဟဲ့သည် အသက် (၆) နှစ် အရွယ်တည်းက တစ်ခါမှ လက်မလွန်ဖူးပေ။

နောက်တစ်ချက်မှာ ရွှီအန်းထင် (အမျိုးသမီး) သည် အပြင်ပန်းသာ ကြမ်းတမ်းသော်လည်း အတွင်းစိတ်မှာ ဖြူစင်သူ ဖြစ်သည်။

ယွင်ကျုံးဟဲ့၏ လက်က သူမ၏ ခါးကို ကိုင်လိုက်ချိန်တွင် တစ်ကိုယ်လုံး တုန်သွား သောကြောင့် ခါးပတ်ထဲ စာရွက်ထည့်လိုက်သည်ကို သတိမထားမိခြင်း ဖြစ်၏။

ရွှီအန်းထင် (အမျိုးသား) သည် စာရွက်ကို အကြိမ်ကြိမ် ဖတ်ပြီးနောက် မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့ကို ကြည့်လိုက်ရာ ရင်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရ၏။ ပထမဆုံး တွေ့ဆုံမှုတွင် ယွင်ကျုံးဟဲ့ကို အနိုင်ကျင့်ရန် ကြံစည်ခဲ့သော်လည်း ပြန်လည် ပညာပေးခံလိုက်လေ၏။

တစ်ဖက်လူက သူ၏ လုပ်ရပ်ကို ရက်အနည်းငယ် ကြိုတင် ခန့်မှန်းထားရုံသာမက သူ့ စိတ်တိုင်းကျ ဖြစ်အောင်ပါ ကပြအသုံးတော်ခံသွားသေးသည်။ တကယ့်ကို အရှက်ရစရာပင်။

ယွင်ကျုံးဟဲ့သည် တကယ့်ကို မြေခွေးတစ်ကောင်ကဲ့သို့ ပါးနပ်လှသည်။ ဤမျှ ဉာဏ်ကောင်းသော လူမျိုးကို မတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်၏။

ဤတစ်ကြိမ်တွင် ရွှီအန်းထင် ရှုံးနိမ့်သွားပြီး အန်းထင် တည်းခိုခန်း တစ်ခုလုံးသည် ယွင်ကျုံးဟဲ့၏ ခြေဖဝါးအောက် ရောက်သွားပြီ ဖြစ်သည်။

“ဘယ်လိုလဲ သူဌေးရွှီ... ကျုပ်တို့ ဆွေးနွေးလို့ ရပြီလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ရွှီအန်းထင် ရှေ့သို့ တိုးလာပြီး ယွင်ကျုံးဟဲ့၏ ကြိုးများကို ဖြေပေးလိုက်သည်။

ထို့နောက် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်၏။ “တာယင်အင်ပါယာ ဟေးလုံထိုင်၊ ပိုင်ရှင်မဲ့နယ်မြေဌာန၊ တပ်မှူး ရွှီအန်းထင် ပါ။”

“တာယင်အင်ပါယာ ဟေးလုံထိုင်၊ ယွင်ကျုံးဟဲ့ ပါ။” ယွင်ကျုံးဟဲ့ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ရေတစ်ခွက်လောက် ပေးလို့ရမလား။”

ခဏအကြာတွင် ရေတစ်ခွက် ရောက်လာသည်။ ယွင်ကျုံးဟဲ့သည် မျက်နှာသစ်ပြီး မိတ်ကပ်များကို ဖျက်လိုက်ရာ သူ၏ မူလရုပ်ရည်ဖြစ်သော ပြိုင်ဘက်ကင်း ချောမောသည့် မျက်နှာ ပေါ်လာ၏။

“ကျုပ် မှန်လေး ပြန်ပေးပါအုံး။”

ရွှီအန်းထင်က မှန်ကို ပြန်ပေးလိုက်သည်။

ယွင်ကျုံးဟဲ့သည် မှန်ကို ကိုင်ကာ အလင်းရောင် ကောင်းသော နေရာသို့ သွားပြီး ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်လိုက်၏။ (၈) ရက်ကြာမှ သူ့မျက်နှာချောချောလေးကို ပြန်မြင်ရတော့သည်။

“တစ်ရက်မမြင်ရရင် သုံးနှစ်ကြာသလိုပဲတဲ့။ နေကောင်းလား လူချောလေး။” ယွင်ကျုံးဟဲ့က မှန်ထဲမှ ကိုယ့်ပုံရိပ်ကို ပြောလိုက်၏။

ရွှီအန်းထင် (အမျိုးသမီး) ၏ တစ်ကိုယ်လုံး တုန်သွားပြီး ယွင်ကျုံးဟဲ့ကို မျက်နှာဖျက်ဆီးပစ်ချင်စိတ် ပိုမို ပြင်းထန်လာသည်။

သုံးမိနစ်ခန့် မှန်ကြည့်ပြီးနောက် ယွင်ကျုံးဟဲ့သည် မှန်ကို ရင်ခွင်ထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်၏။

ထို့နောက် ထိုင်ခုံပေါ်တွင် ထိုင်ကာ ခြေချိတ်လိုက်ပြီး ပြောသည်။ “ကဲ... ရွှီလေး... အလုပ်သဘော စတင် တင်ပြတော့လေ။”

ရွှီအန်းထင်က ခံစားချက်မဲ့သော မျက်နှာဖြင့် ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ကျုပ်က အထက်လူကြီးပါ။”

“ဟုတ်လား။”

ယွင်ကျုံးဟဲ့ ထိုင်ခုံမှ အမြန်ထပြီး ခါးကိုင်းကာ အရိုအသေ ပြုလိုက်သည်။ “လာပါ။ တပ်မှူးရွှီ... ညွှန်ကြားပါခင်ဗျာ။”

ရွှီအန်းထင် ခေါင်းနပန်း ကြီးသွား၏။ ‘ဒီလူနဲ့ ရှေ့ဆက်ပြီး ဘယ်လို လက်တွဲ လုပ်ကိုင်ရပါ့မလဲ။’

ဟေးလုံထိုင်သည် အလွန် တည်ကြည်လေးနက်သော အဖွဲ့အစည်း ဖြစ်သည်။ အားလုံးက မျက်နှာထား တင်းတင်းဖြင့် နေတတ်ကြသည်။

ဓားသွားပေါ်တွင် လမ်းလျှောက်နေရသော အလုပ်ဖြစ်သောကြောင့် အမှားအယွင်း မခံပေ။ အမှားတစ်ခု လုပ်မိလျှင် လူပေါင်း ရာချီ သေဆုံးသွားနိုင်၏။

ထို့ကြောင့် ဟေးလုံထိုင် အတွင်းရှိ လူတိုင်းသည် သေမင်းတမန်များကဲ့သို့ အေးစက်နေတတ်ကြသည်။ စကားတစ်လုံး လျှော့ပြောလျှင် ပို၍ အမှားကင်းသည်ဟု ခံယူထားကြခြင်းပင်။

“သခင်လေးယွင်... လေခွင်းမြို့ စစ်ဆင်ရေးရဲ့ အကြီးဆုံး တာဝန်ခံက သခင်ကြီး ဖုန်းရှင်းမြဲ့ ဆိုတာ ခင်ဗျား သိမှာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်။ အဲဒီအတွက်ကြောင့် အင်ပါယာရဲ့ လေခွင်းမြို့အတွင်းက လျှို့ဝှက်အင်အားစုတွေ ပျက်စီးသွားပြီး စီမံကိန်း တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရတယ်။”

“ကျုပ် မသိဘူး။” ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။

ရွှီအန်းထင်က ဆက်ပြောလိုက်၏။ “အဲဒီလို အကြီးအကျယ် ရှုံးနိမ့်ခဲ့ရင် အပြစ်ပေးခံရသင့်တာပေါ့။ ဒါပေမဲ့ အခြေအနေ ထူးခြားတာရယ်၊ အကြီးအကဲရွှီက သူ့အသက်နဲ့ ရာထူးကို အာမခံပြီး တောင်းဆိုခဲ့တာရယ်ကြောင့် နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့တာ။”

ယွင်ကျုံးဟဲ့သည် အကြီးအကဲရွှီ ဆိုသူမှာ မည်သူမှန်း မသိသော်လည်း ဟေးလုံထိုင်၏ အကြီးကဲတစ်ဦး ဖြစ်မည်မှာ သေချာသည်။

ရွှီအန်းထင်က ပြောလိုက်၏။ “ရာထူး မပြုတ်သွားပေမယ့် လေခွင်းမြို့နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ အားလုံးကို ပိုင်ရှင်မဲ့နယ်မြေဌာနရဲ့ လက်အောက်ကို လွှဲပေးလိုက်ရတယ်။”

ဟေးလုံထိုင်သည် အလွန် ကြီးမားသော သူလျှိုအဖွဲ့အစည်း ဖြစ်ပြီး ဌာနခွဲ (၉) ခု ရှိသည်။ အခြေအနေအရ တိုးချဲ့ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်တတ်သည်။

ဥပမာ - နန်ကျောက်ဌာနကို အနောက်တောင်ဘက်ရှိ နိုင်ငံတစ်ခုကို တိုက်ခိုက်ရန် ဖွဲ့စည်းခဲ့သော်လည်း ထိုနိုင်ငံ ပျက်စီးသွားချိန်မှာတော့ ဖျက်သိမ်းခြင်းခံလိုက်ရ၏။

လွန်ခဲ့သော (၅) နှစ်က တောင်ပိုင်းကျိုးအင်ပါယာသည် မူဝါဒ ပြောင်းလဲပြီး မြောက်ဘက်သို့ ဦးတည် လာချိန်မှာတော့ ပိုင်ရှင်မဲ့နယ်မြေသည် ဗျူဟာမြောက် အရေးပါလာသည်။ ထို့ကြောင့် ဟေးလုံထိုင် ပိုင်ရှင်မဲ့ နယ်မြေဌာနကို ဖွဲ့စည်းခဲ့ပြီး သတင်းထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်စေခဲ့သည်။

ရွှီအန်းထင်က ဆက်ရှင်းပြလိုက်၏။ “လွန်ခဲ့တဲ့ ရက်ပိုင်းက သခင်ကြီး ဖုန်းရှင်းမြဲ့က ယွင်ကျုံးဟဲ့ကို ရွေးချယ်လိုက်တယ် ဆိုတဲ့သတင်း ကြားရတော့ ပိုင်ရှင်မဲ့နယ်မြေဌာနမှာ ဂယက်ရိုက်သွားတယ်။ အကြီးအကဲ အများအပြားက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။

သခင်ကြီး ဖုန်းရှင်းမြဲ့က ကိုယ့်ခေါင်းကို လောင်းကြေးထပ်ပြီး စားပွဲပေါ် ရွှေတံဆိပ်ပြား ရိုက်တင်လိုက်လို့သာ ခင်ဗျား လွတ်လာတာ။ မဟုတ်ရင် ပိုင်ရှင်မဲ့နယ်မြေဌာနက မြင်းနက်တပ်သားတွေ လာဖမ်းသွားလောက်ပြီ။”

ဤအတွင်းရေးများကို ယွင်ကျုံးဟဲ့ မသိရှိခဲ့ပေ။ သို့သော်ငြား ဖုန်းရှင်းမြဲ့သည် သူ့ကို ရွေးချယ်ရန်အတွက် ကြီးမားသော ဖိအားများကို ရင်ဆိုင်ခဲ့ရကြောင်း ခန့်မှန်းမိသည်။

ရွှီအန်းထင်က ပြောလိုက်၏။ “သခင်ကြီး ဖုန်းရှင်းမြဲ့က မြို့တော်ကနေ တိုက်ရိုက် စေလွှတ်လိုက်တဲ့သူ ဖြစ်ပြီး လေခွင်းမြို့ ကိစ္စတွေကို တာဝန်ယူရတယ်။ ရာထူးအရ ပိုင်ရှင်မဲ့နယ်မြေဌာနရဲ့ အောက်မှာ ရှိပေမဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်။ သူက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့ မြင်းနက်တပ်သားတွေ ပြန်ဆုတ်သွားရတယ်။

ဒါပေမဲ့ ဌာနက အရာရှိကြီးတွေက မြို့တော်ကို စာပို့ပြီး သခင်ကြီး ဖုန်းရှင်းမြဲ့ကို တိုင်ကြားထားကြတယ်။ သူ့ရဲ့ ရာထူးကို ရုပ်သိမ်းပြီး မြို့တော်ကို ဖမ်းခေါ်သွားဖို့ တောင်းဆိုထားကြတယ်။

ကျုပ်က တပ်မှူးအဆင့်လေးပဲမို့ သိပ်အရေးမပါလှပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ကျရှုံးမှုကြောင့် လေခွင်းမြို့က လျှို့ဝှက်အင်အားစုတွေ ပျက်စီးသွားပြီး ကျုပ်က အဓိက ကျားကွက် ဖြစ်လာတယ်။ အရေးပါတဲ့ အဆုံးအဖြတ် ပေးနိုင်သူ ဖြစ်လာတာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တပ်မှူးရွှီ... လိုရင်းကိုပဲ ပြောပါ။”

ရွှီအန်းထင်က ပြောလိုက်၏။ “ကျုပ်ဆီကို အမိန့်စာ နှစ်စောင် ရောက်လာတယ်။ တစ်စောင်က သခင်ကြီး ဖုန်းရှင်းမြဲ့ဆီက၊ နောက်တစ်စောင်က ပိုင်ရှင်မဲ့နယ်မြေဌာန ညွှန်ကြားရေးမှူးဆီကပဲ။ သခင်ကြီး ဖုန်းရှင်းမြဲ့ရဲ့ အမိန့်က လေခွင်းမြို့ တာဝန်ကို ယွင်ကျုံးဟဲ့ လုပ်ဆောင်ရမယ်။ ကျုပ်က ကူညီရမယ်တဲ့။ ညွှန်ကြားရေးမှူးရဲ့ အမိန့်ကတော့ လေခွင်းမြို့ တာဝန်ကို ‘မြွေပွေး’ က လုပ်ဆောင်ရမယ်။ ကျုပ်က ကူညီရမယ်တဲ့။ ပြီးတော့ လျှို့ဝှက်ထားဖို့အတွက် ခင်ဗျားကို ချက်ချင်း ဖမ်းဆီးပြီး အင်ပါယာ နယ်မြေထဲက ဟေးလုံထိုင် လျှို့ဝှက်ထောင်ကို ပို့ပြီး တစ်သက်တစ်ကျွန်း ချရမယ်တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မြွေပွေး... သူက ဘယ်သူလဲ။”

ရွှီအန်းထင်က ရှင်းပြလိုက်၏။ “မြွေပွေး ဆိုတာ ဟေးလုံထိုင်ရဲ့ အတော်ဆုံး သူလျှိုတစ်ယောက်ပဲ။ (၁၀) နှစ်အတွင်း သူ လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေ တစ်ခုမှ မကျရှုံးဖူးဘူး။

အင်ပါယာအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်။ တကယ့် ထိပ်တန်း အထက်တန်းစား သူလျှိုပဲ။ မူလက ဒီတာဝန်ကို သူ လုပ်ဆောင်ရမှာ။ ခင်ဗျား ရောက်လာလို့ သူ နေရာဖယ်ပေးလိုက်ရတာ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်က မြွေပွေးကို လေးစားအားကျတဲ့သူပါ။ ဒီအပိုင်းထဲက လူအားလုံးလည်း သူ့ကို လေးစားကြတယ်။

သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားက တစ်ရက်မှ လေ့ကျင့်ရေး မဆင်းဖူးဘူး။ လမ်းဘေးလူမိုက် အဆင့်ပဲ ရှိတယ်။ ဒါကြောင့် အထက်လူကြီးတွေက သခင်ကြီး ဖုန်းရှင်းမြဲ့ ရူးသွားပြီလို့ ထင်နေကြတာ။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ခင်ဗျားလက်ထဲ ထည့်လိုက်ရသလား ဆိုပြီးတော့လေ။”

ဟေးလုံထိုင် အရာရှိကြီးတွေတင် မကပေ။ ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း ဖုန်းရှင်းမြဲ့ ရူးသွားပြီဟု ထင်မိသည်။

ရွှီအန်းထင်က လေးနက်စွာ မေးလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား ပြောကြည့်ပါအုံး။ ကျုပ် ဘယ်လို ရွေးချယ်သင့်လဲ။ ခင်ဗျားကို ရွေးမလား၊ မြွေပွေးကို ရွေးမလား။ ဘယ်အမိန့်ကို နာခံရမလဲ။”

‘စိတ်ဝင်စားစရာ ကောင်းလာပြီ။ ကျင်းကျုံးယွဲ့ကို သိမ်းပိုက်ဖို့ ဟေးလုံထိုင်က လူနှစ်ယောက် ပြိုင်ခိုင်းနေတာလား။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဟေးလုံထိုင်ရဲ့ ဂုဏ်ယူစရာ ‘မြွေပွေး’ က ဘယ်မှာလဲ။”

ရွှီအန်းထင်က ပြောလိုက်၏။ “သူ ရောက်နေပြီ။ ခင်ဗျားထက် နာရီပိုင်း စောပြီး ရောက်လာတာ။”

ထိုစကားကို ကြားချိန်မှာတော့ ယွင်ကျုံးဟဲ့၏ အမွေးအမျှင်များ ထောင်ထလာသည်။ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ တိုက်ခိုက်ချင်စိတ် ပြင်းပြလာခြင်း ဖြစ်သည်။ တိုက်ပွဲဝင် ကြက်ဖတစ်ကောင်ကဲ့သို့ပင် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။

‘ဟား... ပျော်စရာကြီး... ကျုပ်စွမ်းရည်တွေ ထုတ်ပြရတော့မယ်။ ကျုပ်ရဲ့ ပြပွဲ စပြီ။’

………………

အပိုင်း (၁၂)

လူတိုင်း၏ အမြင်တွင် ဖုန်းရှင်းမြဲ့ ရူးသွားပြီဟု ထင်နေကြသည်။ လေခွင်းမြို့ စစ်ဆင်ရေးသည် သူ့အသက်နှင့် ရာထူးအတွက်သာမက အကြီးအကဲရွှီအတွက်ပါ အရေးပါနေ၏။

ထိုမျှ အရေးကြီးသော တာဝန်ကို ငွေလိမ်လူလိမ် လမ်းဘေးလူမိုက် တစ်ယောက်လက်ထဲ အပ်လိုက်ခြင်းသည် ရူးသွပ်ခြင်းဟု မခေါ်ပါက မည်သို့ ခေါ်မည်နည်း။

ဖုန်းရှင်းမြဲ့သည် ယွင်ကျုံးဟဲ့အကြောင်း သေချာ သိနေသည်လား။ တကယ်တမ်းတွင် သူသည် အများ ထင်ထားသည်ထက် ယွင်ကျုံးဟဲ့ကို ပိုသိသည်။ သခင်ကြီးလီ၏ အကူအညီဖြင့် ယွင်ကျုံးဟဲ့၏ အသက်ကို ကယ်ခဲ့သည် မဟုတ်ပါလား။

သို့သော်ငြား သူ တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ နောက်တစ်ကြိမ် ထပ်ရှုံးလျှင် ပြီးဆုံးသွားပြီဖြစ်၏။ ဟေးလုံထိုင်သည် အလွန် ရက်စက်သော နေရာဖြစ်သည်။

“သခင်လေးယွင်ကျုံးဟဲ့... ရှေ့ဆက်ပြီး ဘာဖြစ်လာနိုင်လဲဆိုတာ သိလား။” ရွှီအန်းထင်က မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြို့တော်ကနေ ဖမ်းဝရမ်း ရောက်လာပြီး ဖုန်းရှင်းမြဲ့ကို ဖမ်းခေါ်သွားတာ ဖြစ်နိုင်တယ်။”

ရွှီအန်းထင်က မေးလိုက်၏။ “မှန်တယ်။ တကယ်လို့ ကျုပ်က ဖုန်းရှင်းမြဲ့ရဲ့ အမိန့်ကို နာခံပြီး ခင်ဗျားကို ကူညီလိုက်ရင် ဘာဖြစ်မလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားပါ ထောင်ကျသွားမယ်။”

ရွှီအန်းထင်က ပြောလိုက်၏။ “မှန်တယ်။ ကျုပ်က ဖုန်းရှင်းမြဲ့ရဲ့ လက်အောက်ငယ်သား မဟုတ်ဘူး။ ပိုင်ရှင်မဲ့နယ်မြေဌာန လက်အောက်မှာ ရှိတာ။”

ယွင်ကျုံးဟဲ့က ဖြည့်စွက်ကာ ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားက မြွေပွေးကို ရွေးချယ်ပြီး ကျုပ်ကို ဖမ်းမယ်။ ပြီးရင် အင်ပါယာက လျှို့ဝှက်ထောင်ကို ပို့ပြီး တစ်သက်တစ်ကျွန်း ချပစ်မယ်။”

ရွှီအန်းထင်က သက်ပြင်းချကာ မေးလိုက်၏။ “မှန်တယ်။ အခု ကျုပ် ဘယ်လို လုပ်သင့်လဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကျုပ်ကို အခုပဲ ဖမ်းလိုက်လေ။ ကျုပ် ပြန်မခုခံပါဘူး။ တောင်းဆိုချင်တာ တစ်ခုတော့ ရှိတယ်။ အစ်မကို လာဖမ်းခိုင်းပါ။ ပြီးတော့ သူ့မျက်နှာကို ဖုံးထားပါ။”

ဘေးနားမှ ရွှီအန်းထင်(အမျိုးသမီး)၏ ရင်ဘတ်သည် ဒေါသကြောင့် ဖောင်းကားလာပြီး အရိုးများ ကျိုးပဲ့သံ ထွက်ပေါ်လာသည်။

ရွှီအန်းထင် (အမျိုးသား) သက်ပြင်းချလိုက်၏။ “လွန်ခဲ့တဲ့ တစ်နာရီကဆိုရင် ကျုပ် ဘာမှ တွေဝေနေမှာ မဟုတ်ဘူး။ ခင်ဗျားကို ချက်ချင်း ဖမ်းပြီး မြွေပွေးကို ရွေးချယ်လိုက်မှာ။ ဒါပေမဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်က သိပ်ကောင်းလွန်းတော့ ကျုပ် တွေဝေသွားတယ်။”

ရွှီအန်းထင်သည် နိုင်ငံချစ်စိတ် ပြင်းထန်သူ ဖြစ်သည်။ ယွင်ကျုံးဟဲ့၏ လှောင်ပြောင်မှုကို ခံခဲ့ရသော်လည်း အလုပ်ကို ဦးစားပေးနေဆဲ ဖြစ်၏။

သူက ပြောလိုက်သည်။ “ကျုပ်က အဆင့်နိမ့် အရာရှိလေး တစ်ယောက်ပါ။ ပုံမှန်ဆိုရင် လေခွင်းမြို့ စစ်ဆင်ရေးမှာ ပါဝင်ခွင့်တောင် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ဟေးလုံထိုင်ရဲ့ အင်အားစုတွေ ပျက်စီးသွားလို့ ကျုပ် တည်းခိုခန်းက အရေးပါလာတာ။

ကျုပ်တို့ ဒီမှာ (၁၁) နှစ်ကြာ ပုန်းအောင်းနေခဲ့တယ်။ အင်အား၊ ငွေကြေး အများကြီး သုံးစွဲခဲ့ရတယ်။ အခု စစ်ဆင်ရေးအတွက် ပြင်ဆင်ထားတဲ့ အင်အားစုမှာ လူ (၁၀၀) ကျော် ပါဝင်တယ်။ အားလုံးက ခေါင်းဆောင်အတွက် အသက်ပေးဖို့ အသင့်ပဲ။

ကျုပ် ရာထူးက နိမ့်ပေမယ့် တိုင်းပြည်နဲ့ ရဲဘော်ရဲဘက်တွေအတွက် ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ရလိမ့်မယ်။ ဆရာမြွေပွေး... ထွက်လာခဲ့ပါ။”

လေညင်းတစ်ချက် တိုက်ခတ်သွားပြီး အရိပ်တစ်ခု ထွက်ပေါ်လာသည်။ အလင်းနှင့် အမှောင်ကြားတွင် ရပ်နေသောကြောင့် ပုံသဏ္ဌာန်ကိုသာ မြင်ရပြီး မျက်နှာကို မမြင်ရပေ။

ယွင်ကျုံးဟဲ့က လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်၏။ “အစ်ကိုကြီးမြွေပွေး... တွေ့ရတာ ဝမ်းသာပါတယ်။”

“အင်း...” မြွေပွေးက အလွန် မာနကြီးပုံရသည်။

ယွင်ကျုံးဟဲ့သည် တစ်ဖက်သို့ လှည့်ကာ မြွေပွေးကိုယ်စား ပြန်လည် နှုတ်ဆက်ပြလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်။”

“နာမည်ကြားဖူးတာ ကြာပါပြီ။”

“ဝမ်းသာပါတယ်။”

ရွှီအန်းထင်၏ မျက်နှာ ရှုံ့မဲ့သွား၏။ ‘ယွင်ကျုံးဟဲ့... ခင်ဗျား တော်သင့်ပြီ။ အချိန်နဲ့ နေရာလေးတော့ ကြည့်ပါအုံး။’

ရွှီအန်းထင်က ပြောလိုက်သည်။ “ဆရာမြွေပွေး... ခင်ဗျားက ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ခင်ဗျားရဲ့ သိုင်းပညာ၊ ဉာဏ်ပညာ၊ မှတ်ဉာဏ် စွမ်းအားတွေက ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးပါတယ်။

ခင်ဗျားမှာ မျက်နှာပေါင်း ထောင်ချီ ရှိတယ် ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားနဲ့ သခင်လေးယွင်ကျုံးဟဲ့ကို ယှဉ်ပြိုင်ခိုင်းပါရစေ။”

မြွေပွေးက အေးစက်စက် ပြောလိုက်၏။ “အင်း...”

ရွှီအန်းထင်က ပြောလိုက်သည်။ “ကျုပ် အရည်အချင်းက နိမ့်ကျတော့ အခြေခံအကျဆုံး စမ်းသပ်မှုပဲ လုပ်ပါမယ်။ ဒီကနေ မိုင်ဝက်လောက် ဝေးတဲ့နေရာမှာ ထောင်ရန် စာအုပ်ဆိုင် ရှိတယ်။

ခင်ဗျားတို့ အဲဒီကို သွားပြီး စတုတ္ထ စာအုပ်စင်၊ တတိယ အတန်း၊ ပဉ္စမမြောက် စာအုပ်ကို ဝယ်ခဲ့ပါ။ ပြီးရင် ပြန်လာခဲ့ကြပါ။”

အခြေခံအကျဆုံး စမ်းသပ်မှု ဆိုသည်မှာ မှတ်ဉာဏ်စွမ်းအားကို စမ်းသပ်ခြင်း ဖြစ်၏။ နာရီဝက်အတွင်း စာအုပ်ကို အလွတ်ကျက်ပြီး ပြန်ဆိုရမည်လား။ ရိုးရှင်းသော်လည်း ခက်ခဲသော စမ်းသပ်မှု ဖြစ်သည်။

ရွှီအန်းထင်က မေးလိုက်၏။ “ဘယ်လိုလဲ။ သဘောတူလား။”

“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ဖြေသည်။

“အင်း...” မြွေပွေးက ဖြေ၏။ သို့သော်ငြား ဤသည်မှာ မြွေပွေး၏ အားသာချက် ဖြစ်သည်။ သူသည် တစ်ကြိမ်ကြည့်ရုံဖြင့် မှတ်မိသော စွမ်းရည်ရှိသူပင်။

ရွှီအန်းထင်က အမိန့်ပေးလိုက်သည်။ “ညီမလေး... သူတို့ကို စာအုပ်ဆိုင် လိုက်ပို့ပေးလိုက်။ ယွင်ကျုံးဟဲ့... ခင်ဗျား ရုပ်ဖျက်ပြီး သွားပါ။”

…………

နာရီဝက် ကြာပြီးနောက် ရွှီအန်းထင် (အမျိုးသမီး) နှင့် လူငါးယောက်သည် ယွင်ကျုံးဟဲ့နှင့် မြွေပွေးကို စောင့်ရှောက်ကာ တည်းခိုခန်းမှ ထွက်ခွာလာကြသည်။

‘ဟမ်... မြွေပွေး ဘယ်ရောက်သွားလဲ။’

ထူးဆန်းသည်မှာ သူသည် ယွင်ကျုံးဟဲ့၏ အနီးနားတွင် ရှိနေသော်လည်း မမြင်ရခြင်း ဖြစ်သည်။ သူသည် လူအုပ်ကြားထဲတွင် ရောနှော ပျောက်ကွယ်သွားခြင်း ဖြစ်၏။

မျက်နှာပေါင်း ထောင်ချီရှိသည် ဆိုသော စကားမှာ အမှန်ပင်။ ရုပ်ဖျက်ပညာ အလွန် ကောင်းမွန်လှသည်။

ယွင်ကျုံးဟဲ့ စိတ်ထဲမှ အားကျသွား၏။ ‘အရင်တုန်းကသာ ဒီပညာ တတ်ခဲ့ရင် ကောင်းမှာပဲ။ ထားခဲ့တဲ့ ရည်းစားတွေ လိုက်ရှာရင် ရုပ်ဖျက်ပြီး ထွက်ပြေးလို့ ရတာပေါ့။’

အန်းထင် တည်းခိုခန်းမှ ထောင်ရန် စာအုပ်ဆိုင်သို့ သွားရာလမ်းသည် ဖြောင့်ဖြူးနေပြီး မီတာ (၅၀၀) ခန့်သာ ဝေးသည်။ လမ်းမပေါ်တွင် လူများ စည်ကားနေလေသည်။

“အဘိုးကြီး... လာလည်ပါအုံးလား။ အိပ်ရာခင်းကြီး ချုပ်ဝတ်ထားတဲ့ အဘိုးကြီး... လာပါအုံး။ အသက် (၅၀) ကျော်ရင် လျှော့ဈေး ပေးမယ်နော်။”

ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ပြီး မေးလိုက်သည်။ “သမီးလေး... ဦးကို ခေါ်နေတာလား။”

“ဟုတ်တယ်လေ။ လာပါဦး။ သတ္တိရှိရှိ လာခဲ့စမ်းပါ။”

“နောက်မှ... နောက်မှ...”

ထို့နောက် သူက ဘေးနားမှ ရွှီအန်းထင် (အမျိုးသမီး) ကို ပြောလိုက်သည်။ “ဧည့်ဝတ်ကျေပွန်လိုက်တာ... ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်နေသလိုပဲ။”

ရွှီအန်းထင် (အမျိုးသမီး) က ဘာမှ ပြန်မပြောဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ယွင်ကျုံးဟဲ့ အမြန် လျှောက်သွားလိုက်သည်။ မီတာ (၅၀၀) ခရီးကို ယွင်ကျုံးဟဲ့သည် ဟိုငေးဒီငေး လုပ်ရင်း နာရီဝက်ကျော်ကြာ လျှောက်လှမ်းခဲ့၏။ နောက်ဆုံးတွင် စာအုပ်ဆိုင်သို့ ရောက်ရှိလာသည်။

“ဘယ် စာအုပ်စင်၊ ဘယ် အတန်း၊ ဘယ် စာအုပ်လဲ။” ယွင်ကျုံးဟဲ့က တီးတိုး မေးလိုက်၏။

ရွှီအန်းထင် (အမျိုးသမီး) ၏ မျက်နှာ ရှုံ့မဲ့သွားသည်။ ‘အသက်နဲ့ ရင်းရမယ့် ကိစ္စ၊ ဖုန်းရှင်းမြဲ့ရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ ကိစ္စကို ရှင်က မေ့သွားတယ်ပေါ့။ ဒီပွဲတော့ ရှင် ရှုံးပြီ။’

သို့သော်ငြား သူမ လုံးဝ ဝင်မပြောပေ။

ယွင်ကျုံးဟဲ့ အချိန်အကြာကြီး စဉ်းစားပြီးမှ စတုတ္ထ စာအုပ်စင်၊ တတိယ အတန်းမှ ပဉ္စမမြောက် စာအုပ်ကို ဆွဲထုတ်လိုက်သည်။

“လိပ်ပြာအိပ်မက်... ဘာစာအုပ်ကြီးလဲဟ”

နာမည် မကြားဖူးသော စာအုပ်ဖြစ်သည်။ လူကြိုက်နည်းသော စာအုပ်ဖြစ်သောကြောင့် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။ စာမျက်နှာ (၆၀၀) ကျော်၊ စာလုံးရေ နှစ်သိန်းခန့် ပါရှိ၏။

ယွင်ကျုံးဟဲ့ စာအုပ်ဝယ်ပြီး တည်းခိုခန်းသို့ ပြန်လာခဲ့သည်။ မြွေပွေးကိုမူ လုံးဝ မတွေ့ရပေ။ သို့သော်ငြား သူ ရှိနေသည်မှာ သေချာသည်။

………………

(၁၅) မိနစ်အကြာတွင် မြေအောက်ခန်းထဲသို့ ပြန်ရောက်လာ၏။

မြွေပွေးကို ပြန်တွေ့ရသည်။ သူသည် အလင်းနှင့် အမှောင်ကြားတွင် မတ်တတ်ရပ်နေဆဲပင်။ ယခု ပြိုင်ပွဲ စတင်တော့မည်။ ရှုံးသူသည် ထွက်သွားရမည်။

ယွင်ကျုံးဟဲ့အတွက် ပို၍ အန္တရာယ်များသည်။ ရှုံးပါက တစ်သက်တစ်ကျွန်း ထောင်ကျမည်။ ဖုန်းရှင်းမြဲ့လည်း ရာထူးပြုတ်ပြီး အပြစ်ပေးခံရမည် ဖြစ်သည်။

ရွှီအန်းထင်က ပြောလိုက်သည်။ “ပြိုင်ပွဲ စကြစို့။ မမျှတဘူးဆိုတာ ကျုပ် သိပါတယ်။ သခင်လေးယွင်ကျုံးဟဲ့က လေ့ကျင့်မှု မရှိတဲ့ သာမန်လူ၊ သခင်လေးမြွေပွေးက ကျွမ်းကျင်တဲ့ သူလျှို။”

“ချီးကျူးလွန်းပါပြီ။” ယွင်ကျုံးဟဲ့က ဝင်ပြောသည်။ တကယ်တမ်းတွင် မူလတန်းကျောင်းသားနှင့် ပါရဂူဘွဲ့ရသူ ပြိုင်သကဲ့သို့ ဖြစ်နေလေ၏။

ရွှီအန်းထင်က ပြောလိုက်သည်။ “နိုင်တဲ့သူကို ကျုပ် အပြည့်အဝ ကူညီပါ့မယ်။ စလိုက်ကြရအောင်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”

မြွေပွေးက အေးစက်စက် ပြောလိုက်သည်။ “အင်း...”

အားလုံးက စာအုပ်ဖတ်ပြီး အလွတ်ကျက်ရမည်ဟု ထင်မှတ်ထားကြ၏။

ရွှီအန်းထင်က ပြောလိုက်သည်။ “ခင်ဗျားတို့ ဝယ်လာတဲ့ စာအုပ်ကို ဖွင့်လိုက်ပါ။”

ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ စာအုပ်ကို ဖွင့်ပြီး အမြန် ဖတ်ရှုလိုက်ကြသည်။

ရွှီအန်းထင်က ပြောလိုက်၏။ “အချိန် (၃၀) မိနစ် ရမယ်။”

မြွေပွေးသည် စာမျက်နှာများကို တစ်ရွက်ချင်း လှန်ကာ အလွန် လျင်မြန်စွာ ဖတ်ရှုနေ၏။ တစ်ကြိမ် ကြည့်ရုံဖြင့် မှတ်မိသော ပါရမီရှင် ဖြစ်သည်။

ယွင်ကျုံးဟဲ့ ဘာလုပ်ရမည်နည်း။ X စိတ်ကျန်းမာရေးဆေးရုံတွင် ထိုကဲ့သို့ ပါရမီရှင် ရှိသလား။ ရှိသည်။ အမှတ် (၂၃) လူနာ ဒါဗင်ချီပင်။ ပန်းချီဆွဲရာတွင် ပါရမီရှင် ဖြစ်ပြီး သက်ရှိများ၏ မူလအစကို ရှာဖွေရန် ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ခဲ့သူ၊ သူ၏ မှတ်ဉာဏ်စွမ်းအားသည်လည်း ကောင်းမွန်၏။

သို့သော်ငြား ယခု ယွင်ကျုံးဟဲ့ ရရှိထားသော စွမ်းရည်မှာ အမှတ် (၁၆) ၏ စိတ်ဖတ်ခြင်း စွမ်းရည်သာ ဖြစ်သည်။ အမှတ် (၂၃) ၏ စွမ်းရည်ကို မရရှိသေးပေ။

‘ဒါဗင်ချီ... မြန်မြန် ဝင်ပူးစမ်းပါကွာ။’

ထိုအချိန်တွင် ရွှီအန်းထင်က ကြေညာလိုက်သည်။ “ပထမဆုံး မေးခွန်းကို မေးပါမယ်။ အန်းထင်တည်းခိုခန်း ကနေ စာအုပ်ဆိုင်အသွား လမ်း (၅၀၀) မီတာ အတွင်းမှာ အမျိုးသမီး ဘယ်နှယောက် တွေ့ခဲ့သလဲ။ မျက်ရစ် တစ်ထပ်ပါသူ ဘယ်နှယောက်၊ မျက်ရစ် နှစ်ထပ်ပါသူ ဘယ်နှယောက်လဲ။”

‘သောက်ကျိုးနည်း... စာအုပ်ကျက်ခိုင်းတာ မဟုတ်ဘူးလား။ ရွှီအန်းထင်... ခင်ဗျား တော်တော် ကောက်ကျစ်တာပဲ။ လမ်းမပေါ်မှာ လူတွေ ထောင်ချီ ရှိတာလေ။ ဘယ်လိုလုပ် ဖြေနိုင်မှာလဲ။ မေးခွန်းသတ် နေတာလား။’

………………

All Chapters