အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အပိုင်း (၁၃)
မေးခွန်းထုတ်သူသည် အဖြေကို သိထားပြီးသား ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့တို့ နှစ်ယောက်ကို စောင့်ရှောက်သော လူငါးဦးအပြင် နောက်ကွယ်မှ စောင့်ကြည့်နေသော လူဆယ်ဦးကျော် ရှိသောကြောင့် ဖြစ်သည်။
သူတို့၏ တာဝန်မှာ တစ်ခုတည်းသာ ရှိ၏။ ဤလမ်းတစ်လျှောက်တွင် အမျိုးသမီး မည်မျှ ရှိသည်။ မျက်ရစ် တစ်ထပ်နှင့် နှစ်ထပ် မည်မျှ ရှိသည်ကို မှတ်တမ်းတင်ရန် ဖြစ်၏။
ဤမေးခွန်းသည် သူလျှိုတစ်ယောက်၏ အခြေခံ အရည်အသွေးကို စစ်ဆေးခြင်း ဖြစ်သော်လည်း အခက်အခဲမှာ လွန်ကဲလွန်းလှသည်။
သို့သော်ငြား ပို၍ လွန်ကဲသည်မှာ မြွေပွေး ဖြစ်၏။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ စာရွက်ပေါ်တွင် အဖြေကို တောက်လျှောက် ရေးချလိုက်ပြီး ရွှီအန်းထင်ကို ပေးလိုက်သည်။ သူ၏ ဟန်ပန်မှာ ယုံကြည်မှု အပြည့်ရှိပြီး ကြိုတင် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေ၏။
ရွှီအန်းထင်သည် မြွေပွေး၏ အဖြေလွှာကို ယူကြည့်လိုက်သည်။
[စုစုပေါင်း လူ (၁၉၅၃) ယောက် ဖြတ်သန်းသွားသည်။ အမျိုးသမီး (၃၂၇) ယောက်။ မျက်ရစ် တစ်ထပ်ပါသူ (၁၂၃) ယောက်။ မျက်ရစ် နှစ်ထပ်ပါသူ (၁၉၉) ယောက်၊ ထိုအထဲတွင် (၇) ယောက်သည် အတွင်းမျက်ရစ် ဖြစ်၏။]
[ကျန် (၅) ယောက်သည် တစ်ဖက် တစ်ထပ်၊ တစ်ဖက် နှစ်ထပ် ဖြစ်သည်။ ထိုသူတို့အနက် (၃) ယောက်သည် ဘယ်ဘက် တစ်ထပ်၊ ညာဘက် နှစ်ထပ် ဖြစ်ပြီး (၂) ယောက်သည် ဘယ်ဘက် နှစ်ထပ်၊ ညာဘက် တစ်ထပ် ဖြစ်သည်။]
ရွှီအန်းထင်သည် သူ၏ လက်အောက်ငယ်သားများ မှတ်တမ်းတင်ထားသော စံပြအဖြေလွှာကို ထုတ်ကြည့် လိုက်သည်။ အဖြေအနည်းငယ် ကွဲလွဲမှု ရှိနေ၏။
သို့သော်ငြား မြွေပွေး၏ အဖြေက ပို၍ တိကျနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အတွင်းမျက်ရစ် ပါသူများနှင့် မျက်ရစ် မတူသူများကိုပါ အသေးစိတ် မှတ်တမ်းတင်ထားသောကြောင့်ပင်။
တကယ့်ကို ထိပ်တန်း သူလျှိုပီသလှသည်။ အံ့မခန်း စွမ်းရည်ပင်။ မြွေပွေးသည် သာမန် ကိစ္စလေး တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ တည်ငြိမ်နေပြီး စာအုပ်ကို ဆက်လက် ဖတ်ရှုနေသည်။
ယွင်ကျုံးဟဲ့မှာမူ အဖြေကို မရေးသေးဘဲ မျက်လုံးများကို မှိတ်ထားဆဲပင်။ ‘အမှတ် (၂၃) ဒါဗင်ချီ... ဝင်ပူးစမ်း။ မြန်မြန် ဝင်ပူးစမ်းပါကွာ။’
ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြက်သီးများ ထသွားသည်။
ထို့နောက် သူသည် ထူးဆန်းသော စိတ်ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားပြီး အလိုအလျောက်ပင် သူ၏ ခါးအောက်ပိုင်းကို ငုံ့ကြည့်မိလိုက်၏။ ‘ဟမ်.... ကျုပ်မှာ မရှိသင့်တာ တစ်ခု ပိုနေသလိုပါလား။’
ထို့နောက် ရွှီအန်းထင် (အမျိုးသမီး) ကို ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားသည်။ ‘လှပလိုက်တဲ့ ကြွက်သား အစင်းကြောင်းတွေ... ခွဲစိတ်ပြီး တစ်စစီ ဆွဲထုတ် ကြည့်ချင်စရာပါလား။’
ဝဖြိုးဖြိုး ရွှီအန်းထင် (အမျိုးသား) ကို ကြည့်လိုက်ပြန်၏။ အရေပြားအောက်မှ အဆီပြင်များကို ခွဲစိတ် ထုတ်ယူပြီး ပုံဆွဲကြည့်လျှင် စိတ်ဝင်စားစရာ ကောင်းမည်ဟု တွေးလိုက်မိသည်။
‘ဟာ... ဟာ... မဟုတ်သေးဘူး။’
ယွင်ကျုံးဟဲ့သည် ထိုအတွေးများကို အမြန် မောင်းထုတ်လိုက်ပြီး အန်းထင် တည်းခိုခန်းမှ စာအုပ်ဆိုင်သို့ သွားရာလမ်းတစ်လျှောက် မြင်ကွင်းများကို ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။
ရုပ်ရှင်ရုံထဲတွင် ရုပ်ရှင်ပြသနေသကဲ့သို့ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ရှင်းလင်းပြတ်သားစွာ ပေါ်လာ၏။ တကယ့်ကို အံ့မခန်းပါပင်။
‘ဒါဗင်ချီရဲ့ စိတ်အမြင်အာရုံက ဒီလိုမျိုးပါလား။ ဒါက မှတ်ဉာဏ်ကောင်းတာလောက် မဟုတ်တော့ဘူး။ လူသား ကင်မရာ ဖြစ်နေပြီ။
သူ ဘာလို့ ဂန္ထဝင် ပန်းချီဆရာ ဖြစ်ခဲ့သလဲ ဆိုတာ အခုမှ နားလည်တော့တယ်။ ဦးနှောက်ဖွဲ့စည်းပုံတွေကိုတောင် အသေးစိတ် ဆွဲနိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး။ သူ့ခေါင်းထဲမှာ ပုံရိပ်တွေ အားလုံးက အသင့်ရှိနေတာကိုး။’
မကြာမီ ယွင်ကျုံးဟဲ့သည် စာရွက်ပေါ်တွင် အဖြေကို ရေးချလိုက်သည်။
[စုစုပေါင်း လူ (၁၉၅၉) ယောက်။ အမျိုးသမီး (၃၂၉) ယောက်။ မျက်ရစ် တစ်ထပ် (၁၂၄) ယောက်။ မျက်ရစ် နှစ်ထပ် (၂၀၀)၊ ထိုအထဲတွင် (၇) ယောက်က အတွင်းမျက်ရစ်။ ကျန် (၅) ယောက်က မျက်ရစ် မတူကြ။ (၃) ယောက်က ဘယ်တစ်ထပ် ညာနှစ်ထပ်၊ (၂) ယောက်က ဘယ်နှစ်ထပ် ညာတစ်ထပ်။]
ရေးပြီးသည်နှင့် ဟေးလုံထိုင် စစ်သည်တစ်ဦးက စာရွက်ကို ယူပြီး ရွှီအန်းထင်ကို ပေးလိုက်သည်။
ရွှီအန်းထင်သည် အဖြေကို မြင်လိုက်ရချိန်မှာတော့ အံ့အားသင့်သွားပြီး ယွင်ကျုံးဟဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိတော့၏။
ယွင်ကျုံးဟဲ့နှင့် မြွေပွေး၏ အဖြေများ အနည်းငယ် ကွဲလွဲနေသည်။ သို့သော်ငြား နှစ်ယောက်စလုံး မှန်ကန်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ သွားရောက်သည့် အချိန် ကွာခြားမှု ရှိနေသောကြောင့် ဖြစ်သည်။ ကြက်သီးထစရာ ကောင်းလှချေသည်တကား။
မြွေပွေး ဖြေနိုင်သည်ကို လက်ခံနိုင်သည်။ သူက ပါရမီရှင် သူလျှိုတစ်ယောက် ဖြစ်ပြီး လေ့ကျင့်မှုများစွာ ရရှိထားသူ ဖြစ်သည်။
သို့သော်ငြား ယွင်ကျုံးဟဲ့သည် မည်သည့် လေ့ကျင့်မှုမှ မရှိထားပေ။ ဤမျှလောက် ခက်ခဲသည့် မေးခွန်းကို တိကျမှန်ကန်စွာ ဖြေနိုင်သည်မှာ မယုံနိုင်စရာပင်။
ဖုန်းရှင်းမြဲ့ ရူးနေတာ မဟုတ်ဘဲ တကယ်ပဲ လူတော်ကို ရွေးချယ်တတ်သည်လား။ သို့သော်ငြား ဤနှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးချယ်ရပေမည်။
ရွှီအန်းထင်သည် တုန်လှုပ်မှုကို ထိန်းချုပ်လိုက်ပြီး ဒုတိယမေးခွန်းကို ဆက်မေးလိုက်သည်။ “ဒုတိယမေးခွန်း... ခင်ဗျားတို့ တစ်ယောက်စီ စာအုပ်တစ်အုပ် ဝယ်လာတယ်။ တစ်အုပ်က ‘လိပ်ပြာအိပ်မက်’၊ နောက်တစ်အုပ်က ‘လီမိသားစု မှတ်တမ်း’။
မေးခွန်းကတော့... အဲဒီစာအုပ်ရဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ဘာလဲ။”
‘ဟာ... ဒါကတော့ သက်သက်မဲ့ နှိပ်စက်တာပဲ။ လူတစ်ယောက် ဖြေနိုင်မယ့် မေးခွန်းမျိုး မဟုတ်ဘူး။ စာအုပ်တစ်အုပ်လုံး အလွတ်ကျက်ခိုင်းရင်တောင် မှတ်ဉာဏ်ကောင်းတဲ့သူက တော်တော်များများ ရွတ်ပြနိုင်လိမ့်မယ်။
ဒါပေမဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ဘာလဲ ဆိုတာ ဘယ်သူက လိုက်မှတ်နေမှာလဲ။ ခင်ဗျားက နတ်ဆိုးလား။ ခင်ဗျား ရူးနေတာလား။ ဒါမှမဟုတ် ကျုပ် ရူးနေတာလား။ ဘယ်သူက ဒါကို သွားမှတ်မှာလဲ။’
စောစောက စာဖတ်ရင်း ပထမမေးခွန်းကို ဖြေနေရတာနှင့်တင် တော်တော် ခက်ခဲနေပြီဖြစ်သည်။ သို့သော်ငြား ယွင်ကျုံးဟဲ့အတွက် ပြဿနာ မရှိပေ။ အမှတ် (၂၃) ဒါဗင်ချီက အရမ်း တော်လွန်း၏။ သူ အလွယ်တကူပင် အဖြေကို သိနိုင်ပေမည်။
ရွှီအန်းထင်က ပြောသည်။ “ကျုပ် ကိုးကနေ ပြောင်းပြန် ရေတွက်မယ်။ မပြီးခင် အဖြေပေးရမယ်။ မဟုတ်ရင် ရှုံးမယ်။ ကိုး... ရှစ်... ခုနစ်... ခြောက်... ငါး...”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “လေး။”
မြွေပွေးက ဖြေလိုက်သည်။ “အန်း။”
ရွှီအန်းထင်က ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျားကို ရေတွက်ခိုင်းတာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “လိပ်ပြာအိပ်မက် စာအုပ်ရဲ့ (၉၅၂၇) လုံးမြောက် စာလုံးက ‘လေး’ ပါ။”
တိုက်ဆိုင်ခြင်းပင်။
ရွှီအန်းထင် ကိုယ်တိုင်လည်း အဖြေမသိပေ။ သူသည် စာအုပ်နှစ်အုပ်ကို ယူပြီး တစ်မျက်နှာလျှင် စာလုံးရေ မည်မျှ ပါဝင်သည်ကို တွက်ချက်ထားခြင်း ဖြစ်သည်။
မကြာမီ သက်ဆိုင်ရာ စာလုံးကို ရှာတွေ့သွား၏။ လီမိသားစု မှတ်တမ်း စာအုပ်တွင် ‘အန်း’ ဟူသော စာလုံး ဖြစ်နေသည်။ မြွေပွေး မှန်သည်။ လိပ်ပြာအိပ်မက် စာအုပ်တွင်မူ တကယ်ပဲ ‘လေး’ ဟူသော စာလုံး ဖြစ်နေ၏။
‘ဒီကမ္ဘာကြီး ဘာဖြစ်နေတာလဲ။ ခင်ဗျားတို့က လူတွေရော ဟုတ်ရဲ့လား။ အရူးတွေလား။ ဒီလောက် ခက်ခဲတဲ့ မေးခွန်းကိုတောင် ဖြေနိုင်ကြတယ်ပေါ့။ ဘယ်လို မိသားစုက မွေးဖွားလာကြတာလဲ။’
အခန်းထဲရှိ လူများသည် သူတို့၏ ဘဝအမြင်များ ပြောင်းလဲကုန်ပြီဟု ခံစားလိုက်ရသည်။ ‘ဒီကမ္ဘာကြီးမှာ ပါရမီရှင်တွေက သူတို့သဘော သူတို့ဆောင် လုပ်ချင်ရာ လုပ်နေကြတာလား။’
သို့သော်ငြား ပြိုင်ပွဲက ဆက်လက် ပြုလုပ်ရဦးမည်။
…………
ရှေ့ပိုင်း နှစ်ပွဲတွင် သရေကျနေသောကြောင့် တတိယပွဲသည် အဆုံးအဖြတ် ဖြစ်လာသည်။ အနိုင်ရသူက လေခွင်းမြို့တွင် ကျန်ရစ်ခဲ့မှာဖြစ်သည်။
ယွင်ကျုံးဟဲ့ ရှုံးလျှင် အဖမ်းခံရပြီး ဟေးလုံထိုင် ထောင်သို့ ပို့ဆောင်ခံရမည် ဖြစ်သည်။ သို့သော်ငြား ရွှီအန်းထင်က အစီရင်ခံစာ တင်ပေးလိမ့်မည်။ ဤလူသည် ပါရမီရှင် ဖြစ်သောကြောင့် ထောင်ထဲတွင် အလဟဿ မဖြစ်စေသင့်ကြောင်း ထောက်ခံပေးပေလိမ့်မည်။
ဤတတိယမေးခွန်းသည် မြွေပွေးအတွက် အရေးမကြီးသော်လည်း ယွင်ကျုံးဟဲ့အတွက် အသက်တမျှ အရေးကြီးသည်။ တတိယမေးခွန်းသည် အဆုံးအဖြတ် တိုက်ပွဲဖြစ်၏။ မည်ကဲ့သို့သော မေးခွန်းမျိုး ဖြစ်မည်နည်း။ အားလုံးက စိတ်ဝင်စားနေကြ၏။
ရွှီအန်းထင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လက်ထဲရှိ တတိယမေးခွန်း စာရွက်ကို ဆုတ်ဖြဲပစ် လိုက်သည်။
ပြီးနောက် ပြောလိုက်သည်။“ခင်ဗျားတို့နှစ်ယောက်ရဲ့ စွမ်းရည်က ကျုပ် ထင်ထားတာထက် အများကြီး သာလွန်နေတယ်။ ဒါကြောင့် တတိယမေးခွန်းက အသုံးမဝင်တော့ဘူး။ အရှုံးအနိုင် ပေါ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီနေ့ အရှုံးအနိုင် ပေါ်ကို ပေါ်ရမယ်။ ဒါကြောင့် မေးခွန်း ပြောင်းလိုက်မယ်။
ကျုပ်က အဆိပ် ကျွမ်းကျင်သူ တစ်ယောက်ပါ။ ရှေးလူကြီးတွေ ပြောသလိုပဲ အဆိပ်နဲ့ ဆေးက ခွဲခြားလို့ မရဘူး။ အဆိပ်တွေကို နားလည်လွန်းလို့ ကျုပ်က ထိပ်တန်း စားဖိုမှူး တစ်ယောက် ဖြစ်လာခဲ့တာ။ အန်းထင် တည်းခိုခန်းက စီးပွားရေး ကောင်းနေတာ ကျုပ်ရဲ့ ဟင်းချက်လက်ရာကြောင့်ပဲ။”
‘အဆိပ်ကျွမ်းကျင်တာနဲ့ စားဖိုမှူး ဖြစ်ခြင်းက ဘာဆိုင်သနည်း။ တကယ်တော့ ဆိုင်၏။ အဆိပ်ရှိသော အရာများက အရသာ ရှိတတ်၏။ ဥပမာ - ငါးပူတင်း၊ မြွေဆိပ်၊ မိန်းမလှ... ဟဲဟဲ... ဒါကို ထားလိုက်ပါတော့။’
“ဒါကြောင့် တတိယပွဲစဉ်မှာ ကျုပ်ရဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီး အဆုံးအဖြတ် ယူချင်တယ်။ ခဏလောက် ခွင့်ပြုပါအုံး။”
………………
ရွှီအန်းထင် ထွက်သွားသည်မှာ တစ်နာရီခန့် ကြာမြင့်သွားသည်။ ပြန်ရောက်လာချိန်မှာတော့ ယွင်ကျုံးဟဲ့ ရှေ့ရှိ စားပွဲပေါ်တွင် ပုလင်း (၅) လုံး တင်ထား၏။
ပုလင်း (၅) လုံးစလုံး ပုံစံတူပြီး အတွင်းမှ အရည်များလည်း တူညီသည်။ အနံ့အရသာလည်း တူညီ၏။ အားလုံးက အရောင်မရှိ၊ အနံ့မရှိသော အရည်များ ဖြစ်သောကြောင့်ပင်။
ရွှီအန်းထင်က ပြောလိုက်သည်။ “ဒီပုလင်း (၅) လုံးထဲမှာ (၄) လုံးက အဆိပ်ပါတယ်။ (၁) လုံးပဲ အဆိပ်ကင်းတယ်။ အဆိပ် (၄) မျိုးထဲမှာ (၂) မျိုးက ပြင်းထန်တဲ့ အဆိပ်တွေဖြစ်ပြီး သောက်လိုက်ရင် သေနိုင်တယ်။ ကျန် (၂) မျိုးက သိပ်မပြင်းထန်ပေမယ့် သောက်လိုက်ရင် သေလုမတတ် ခံစားရလိမ့်မယ်။
ဆရာ မြွေပွေး၊ သခင်လေးယွင်ကျုံးဟဲ့... စားပွဲရှေ့ကို လာပါ။”
ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ စားပွဲရှေ့သို့ ရောက်လာကြသည်။
ရွှီအန်းထင်က ပြောလိုက်၏။ “ကျုပ် (၁၀) စက္ကန့် ရေတွက်ပေးမယ်။ အဲဒီအချိန်အတွင်း ခင်ဗျားတို့ ဒီပုလင်းတွေကို ကြည့်ရှု လေ့လာနိုင်တယ်။ ဒါပေမဲ့ လုံးဝ မထိရဘူး။ ရေတွက်လို့ ပြီးတာနဲ့ အမြန်ဆုံး ပုလင်းတစ်လုံးကို ရွေးပြီး သောက်ရမယ်။ အဆိပ်မပါတဲ့ ပုလင်းကို ရွေးနိုင်တဲ့သူက နိုင်မယ်။”
ယွင်ကျုံးဟဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘တတိယပွဲစဉ်က တော်တော် ရက်စက်တာပဲ။ ဟေးလုံထိုင်နဲ့ တကယ် လိုက်ဖက်တယ်။ ပုလင်း (၅) လုံးမှာ (၁) လုံးပဲ အဆိပ်ကင်းတယ်။ ဒါဆို အရှုံးအနိုင် သေချာပေါက် ပေါ်တော့မယ်။’
ရွှီအန်းထင်က ဆက်ပြောလိုက်သည်။ “ဒီပွဲစဉ်က မမျှတဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ အလုပ်က ဘယ်တုန်းက မျှတဖူးလို့လဲ။ အချိန်တိုင်း သေမင်းနဲ့ ရင်ဆိုင်နေရတာပဲ။
မြို့စားအိမ်တော်ထဲ ရောက်သွားရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲဖို့က လက်တစ်ကမ်းပဲလေ။ ဒီထက် အဆပေါင်းများစွာ ပိုအန္တရာယ်များတဲ့ အခြေအနေတွေ ကြုံရမှာ။ ဒါကို လေ့ကျင့်ခန်း တစ်ခုလို့ သဘောထားလိုက်ပါ။
ကဲ... စရေမယ်။ ပုလင်းတွေကို ကြည့်ပါ။ (၁) လုံးပဲ အဆိပ်ကင်းတယ်။ ကျန်တာ အကုန် အဆိပ်ပါတယ်။ အဆိပ်ကင်းတဲ့ ပုလင်းကို ရွေးပြီး သောက်လိုက်ရင် အနိုင်ရမယ်။ ကိုး... ရှစ်... ခုနစ်...”
ရွှီအန်းထင်က တစ်စက္ကန့်လျှင် ဂဏန်းတစ်လုံးနှုန်း ရေတွက်နေသည်။ ယွင်ကျုံးဟဲ့အတွက် (၉) စက္ကန့်သာ အချိန်ရ၏။ ပုလင်း (၅) လုံးက တူညီလွန်းနေသည်။ အနံ့လည်း မရှိသလောက်ပင်။ ကံတရားကိုသာ ပုံအပ်ရတော့မည့် အခြေအနေ ဖြစ်သည်။
မြွေပွေးက ပုလင်းများကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာတွင် ခံစားချက်မရှိဘဲ တည်ငြိမ်နေ၏။
ယွင်ကျုံးဟဲ့ မှာမူ မျက်လုံးပြူးကာ ပုလင်းများနား ကပ်ကြည့်နေသည်။
ရွှီအန်းထင်က ပြောလိုက်၏။ “သုံး... နှစ်... တစ်... ပြီးပြီ။”
ယွင်ကျုံးဟဲ့နှင့် မြွေပွေးတို့ တပြိုင်နက် လက်လှမ်းလိုက်ကြသည်။
သို့သော်ငြား မြွေပွေး၏ သိုင်းပညာက ယွင်ကျုံးဟဲ့ထက် အဆတစ်ထောင်မက သာလွန်၏။ သူက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ စတုတ္ထမြောက် ပုလင်းကို လှမ်းယူပြီး မော့သောက်လိုက်သည်။
ယွင်ကျုံးဟဲ့ အမြန်ဆုံး လှမ်းယူသော်လည်း (၀.၁) စက္ကန့် နောက်ကျသွားပြီး လက်ထဲတွင် လေသာ ဖမ်းမိလိုက်သည်။ သူ ရွှီအန်းထင်ကို လှမ်းကြည့်လိုက်၏။
အားလုံးက ရွှီအန်းထင်ကို ကြည့်နေကြသည်။ အဖြေကို စောင့်မျှော်နေကြသည်။ ဘယ်ပုလင်းက အဆိပ်ကင်းသနည်း။
ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား ရှုံးသွားပြီ။ ဆရာမြွေပွေးက တစ်လုံးတည်းသော အဆိပ်ကင်း ပုလင်းကို ယူသောက်သွားပြီ။”
ရွှီအန်းထင်က ဆက်ပြော၏။ “မမျှတဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလောကကြီးမှာ မျှတမှု ဆိုတာ မရှိပါဘူး။
သခင်လေးယွင်ကျုံးဟဲ့... လျှို့ဝှက်ချက် မပေါက်ကြားစေဖို့ ခင်ဗျားကို ဖမ်းဆီးပြီး အင်ပါယာ နယ်မြေထဲက ဟေးလုံထိုင် ထောင်ကို ပို့ရပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမှာ ပါရမီရှိကြောင်း ကျုပ် အထက်ကို တင်ပြပေးပါ့မယ်။
လာကြ... သခင်လေးယွင်ကျုံးဟဲ့ကို ဖမ်းလိုက်။”
ရွှီအန်းထင်၏ အမိန့်ပေးသံနှင့်အတူ ညီမဖြစ်သူက ကြိုးနှင့် လက်ထိပ်များကို ကိုင်ကာ ရှေ့တိုးလာသည်။ “စိတ်မရှိပါနဲ့။”
“နေပါအုံး...”
ယွင်ကျုံးဟဲ့ အော်ပြောလိုက်၏။ “နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ (နာရီဝက်)လောက် အချိန်ပေးပါ။”
ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား မကျေနပ်ဘူး ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရှုံးသွားပါပြီ။ ပြင်လို့ မရတော့ပါဘူး။”
အခြေအနေကို ကြည့်ရသည်မှာ ထိုအတိုင်းပင်။ ပုလင်း (၅) လုံးအနက် အဆိပ်ကင်း ပုလင်းကို မြွေပွေး သောက်လိုက်ပြီဖြစ်သည်။ ကျန် (၄) လုံးစလုံး အဆိပ်သင့် ပုလင်းများ ဖြစ်နေ၏။ ဘယ်ပုလင်းကို သောက်သောက် ရှုံးမှာပင်။ မသောက်လျှင်လည်း ရှုံးမှာပင်။
ယွင်ကျုံးဟဲ့ ဘာလုပ်လုပ် အလကား ဖြစ်နေ၏။ သူ ရှုံးနိမ့်သွားသည်။ လေခွင်းမြို့ တာဝန်ကို လုပ်ဆောင်ခွင့် ဆုံးရှုံးသွားပြီဖြစ်၏။
သို့သော်ငြား သူ မကျေနပ်နိုင်ပေ။ လမ်းဆုံးနေသော ဤအခြေအနေတွင် ထွက်ပေါက်တစ်ခု ရှိကို ရှိရမည်။ သေချာပေါက် ရှိရမည်။ သူ ဤအတိုင်း အရှုံးပေးလိုက်၍ မဖြစ်ချေ။ သို့သော်ငြား ထွက်ပေါက်က မည်သည့်အရာနည်း။
‘ကျန်တဲ့ ပုလင်း (၄) လုံးစလုံး အဆိပ်တွေ။ (၂) လုံးက သေစေနိုင်လောက်အောင် ပြင်းထန်တယ်။ (၂) လုံးက သေလုမတတ် ခံစားရစေတယ်။’
အချိန်က ကုန်ဆုံးနေသော်လည်း ယွင်ကျုံးဟဲ့ ထွက်ပေါက် မတွေ့သေးပေ။ သူ မျက်လုံးမှိတ်ထားပြီး မလှုပ်မယှက် ရပ်နေသည်။
“စိတ်မရှိပါနဲ့ သခင်လေးယွင်ကျုံးဟဲ့... ကျွန်မ ရှင်ကို ဖမ်းရတော့မယ်။” ရွှီအန်းထင် (အမျိုးသမီး) က ထပ်ပြောလိုက်၏။
ရုတ်တရက် ယွင်ကျုံးဟဲ့ မျက်လုံးပွင့်လာပြီး အရောင်များ တောက်ပလာ၏။ သူ ပြုံးလိုက်သည်။ “ကျုပ်... တစ်ခုတည်းသော ထွက်ပေါက်ကို ရှာတွေ့ပြီ။ ကျုပ် နိုင်တော့မယ်။”
………………
အပိုင်း (၁၄)
ယွင်ကျုံးဟဲ့သည် ရှေ့သို့ တိုးလာပြီး စားပွဲပေါ်ရှိ အဆိပ်ပုလင်း (၄) လုံးကို အစဉ်လိုက်ယူ၍ မော့သောက် လိုက်သည်။
စက္ကန့်အနည်းငယ် ကြာချိန်မှာတော့ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ယိုစီးကျလာ၏။ သေဆုံးသွားပြီဖြစ်သည်။ အသက် (၁၉) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့၏။
“ဒီလမ်းက မဖြစ်နိုင်ဘူးလား။”
ယွင်ကျုံးဟဲ့၏ စိတ်ကူးထဲတွင် အမှတ် (၉) လူနာ ကွမ်တမ်၏ စွမ်းရည်ဖြင့် အနာဂတ်ကို ကြိုတင်ခန့်မှန်း ကြည့်လိုက်ခြင်း ဖြစ်သည်။ ဦးနှောက်ထဲတွင် ဖြစ်နိုင်ခြေများကို ထပ်ခါတလဲလဲ တွက်ချက်ကြည့်နေခြင်း ဖြစ်သည်။
အမှတ် (၉) လူနာသည် (၁၆) နှစ်တာ ကာလအတွင်း ပထမနှစ်နှင့် နောက်ဆုံးနှစ်ကိုသာ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည်။ ကိန်းရှင်များ များပြားလွန်းသောကြောင့် ဖြစ်နိုင်ခြေပေါင်းများစွာကို တွက်ချက်ရ သောကြောင့် ဖြစ်မည်။ သူ့ဦးနှောက် မပေါက်ကွဲသွားသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ယွင်ကျုံးဟဲ့ တောင်းဆိုထားသော အမွှေးတိုင် တစ်တိုင်စာ နာရီဝက်အချိန်အတွင်း သူသည် မျက်လုံးကို မှိတ်ကာ အမှတ် (၉) ၏ စွမ်းရည်ဖြင့် စိတ်ကူးယဉ် စမ်းသပ်မှုများ ပြုလုပ်နေသည်။
ဒုတိယအကြိမ် စမ်းသပ်မှု... (၁)၊ (၂)၊ (၄)၊ (၃) အစဉ်လိုက် သောက်ကြည့်သည်။ သေဆုံးသွား၏။
တတိယအကြိမ် စမ်းသပ်မှု... (၁)၊ (၃)၊ (၂)၊ (၄) အစဉ်လိုက် သောက်၏။ သေဆုံးသွားပြန်သည်။
စတုတ္ထအကြိမ်… သေသည်။ ပဉ္စမအကြိမ်... သေသည်။
‘ကျွတ်... စိတ်ပျက်စရာ ကောင်းလိုက်တာ။ အချိန်က ကုန်ဆုံးနေပြီ။ အမွှေးတိုင်က ကုန်ခါနီးပြီ။’
ယွင်ကျုံးဟဲ့သည် တစ်နေ့လုံး ရွှီအန်းထင်၏ စိတ်ကို ဖတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ရွှီအန်းထင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အလွန် ကောင်းမွန်လွန်းသည်။
သို့သော်ငြား မြွေပွေးက အဆိပ်ကင်း ပုလင်းကို ယူသောက်လိုက်ချိန်တွင် ယွင်ကျုံးဟဲ့ ရှုံးနိမ့်ပြီဟု ယူဆကာ ရွှီအန်းထင်၏ စိတ်ထဲတွင် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့၏။ “အကုန် သောက်လိုက်” ဟု စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ နောက်ဆုံးတွင် ရွှီအန်းတင်၏ စိတ်ကို ဖတ်နိုင်ပြီဖြစ်၏။
ထို့ကြောင့် ကျန်ရစ်သော ပုလင်း (၄) လုံးစလုံးသည် အဆိပ်များ ဖြစ်သော်လည်း အားလုံးကို ရောစပ် သောက်သုံးလိုက်လျှင် အဆိပ်ပြေသွားနိုင်သည်ဟု ယွင်ကျုံးဟဲ့ ယူဆလိုက်သည်။ အဆိပ်ချင်း ဓာတ်ပြုပြီး အာနိသင် ပျက်ပြယ်သွားခြင်း ဖြစ်နိုင်သည် မဟုတ်ပါလား။
သို့သော်ငြား သူသည် ချက်ချင်း မသောက်ဘဲ အမှတ် (၉) ၏ စွမ်းရည်ဖြင့် စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။ ရလဒ်က မကောင်းလှပေ။ အမွှေးတိုင် ကုန်သွားချိန်တွင် သူသည် (၂၃) ကြိမ်သာ စမ်းသပ်နိုင်ခဲ့သည်။ အားလုံးက သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ခဲ့၏။
(၁)၊ (၂)၊ (၃)၊ (၄) လေးလုံးကို အစဉ်လိုက်စီလျှင် နည်းလမ်းပေါင်း (၂၄) မျိုး ရှိသည်။ ယခု (၂၃) မျိုး စမ်းသပ်ပြီးပြီဖြစ်၏။ အားလုံး မှားယွင်းနေသည်။ နောက်ဆုံး တစ်နည်းသာ ကျန်တော့သည်။ (၄)၊ (၃)၊ (၁)၊ (၂)။
အမှား (၂၃) ခုကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိနေသော တစ်ခုသည် အမှန်ဖြစ်ရမည်။ သို့သော်ငြား မည်သူ အာမခံနိုင်မည်နည်း။ ရွှီအန်းထင်၏ စိတ်ထဲက စကားသည် “အကုန် သောက်လိုက်” ဟုသာ ပြောခြင်း ဖြစ်သည်။ အစဉ်လိုက် သောက်ရမည်၊ ရောသောက်ရမည်ဟု မပြောထားပေ။
ထို့အပြင် အမှတ် (၉) လူနာသည် (၁၆) နှစ်တာ ကာလအတွင်း (၃) ကြိမ်၊ (၄) ကြိမ်သာ မှန်အောင် ခန့်မှန်းနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စသည် အသက်နှင့်ရင်းပြီး လောင်းကစား လုပ်ရခြင်း ဖြစ်၏။
“သခင်လေးယွင်ကျုံးဟဲ့... အချိန်ကုန်ပြီ။” ရွှီအန်းထင်က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်လိုက်ပြီး ရှေ့သို့ တိုးသွားကာ (၄)၊ (၃)၊ (၁)၊ (၂) အစဉ်လိုက် ပုလင်းလေးလုံးကို ခွက်တစ်ခုထဲသို့ ရောထည့်လိုက်၏။
အခန်းထဲရှိ လူများ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားကြသည်။
ယွင်ကျုံးဟဲ့သည် အဆိပ်ခွက်ကို ကိုင်လျက် ဝိုင်သောက်သကဲ့သို့ ပုံစံဖမ်းလိုက်၏။ ခွက်ကို လှုပ်ခါပြီး အနံ့ခံလိုက်သည်။
“ဝေါ့...”
အနံ့က ဆိုးလွန်းသောကြောင့် ပျို့အန်ချင်စိတ် ပေါ်လာ၏။
“ဒီလို အချိန်အခါမျိုးမှာ ကဗျာတစ်ပုဒ် ရွတ်မှ ဖြစ်မယ်။” ယွင်ကျုံးဟဲ့သည် လက်သန်းကို ထောင်ကာ ကဗျာရွတ်ရန် ဟန်ပြင်လိုက်သည်။
ရွှီအန်းထင် (အမျိုးသမီး) နှင့် မြွေပွေးတို့သည် နားစွင့်နေကြပြီး မည်ကဲ့သို့သော ကဗျာမျိုး ရွတ်ဆိုမည်ကို စိတ်ဝင်စားနေကြ၏။
ယွင်ကျုံးဟဲ့သည် ခံစားချက် အပြည့်ဖြင့် ရွတ်ဆိုလိုက်သည်။
“တစ်ကိုယ်တည်း ဝိုင်သောက်ရင်း...
မူးသွားချိန်တိုင်း ချစ်သူနဲ့ ဆုံတွေ့ရမလိုလို ခံစားမိတယ်...
တစ်နေ့ကျရင် ပြန်ဆုံတွေ့ရပါစေလို့ ဆုတောင်းတယ်...
လူများအကြား မပျော်ရွှင်နိုင်ဘဲ
တစ်ယောက်တည်းသော မင်းရုပ်သွင်ကိုပဲ
မျက်လုံးနှစ်လုံးက
အမြဲတမ်း ရှာဖွေနေတယ်...
တစ်နေ့နေ့မှာ
ပြန်လည်ဆုံတွေ့ခွင့် ရပါစေလို့
တိတ်တဆိတ် ဆုတောင်းနေမိတာ အမှန်ပဲ...
မိန်းမလှလေးရဲ့ စောင်းသံက
လေပြည်ညင်းနဲ့ လွင့်လာချိန်၊
ကျုပ်ကတော့ ဝါးတောအတွင်းမှာ
အမှတ်တရာများနဲ့ ပျော်မြူးနေဆဲ...
ချစ်သူကို လွမ်းဆွတ်တမ်းတရင်း
နှလုံးသားက မင်းနာမည်ကိုသာ ခေါ်မိတယ်...
မိုင်ပေါင်းထောင်ချီ ဝေးကွာနေသော်လည်း
တစ်နေ့မှာ မင်းဆီကို
ကျုပ် သေချာပေါက် လာခဲ့မယ်...”
အားလုံး ကြက်သီးများ ထသွားကြသည်။ ‘ကဗျာက တော်တော် ဆိုးရွားတာပဲ။’
ယွင်ကျုံးဟဲ့သည် ရက်ပ်သီချင်း ဆိုသကဲ့သို့ ရွတ်ဆိုနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး မြွေပွေးကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ် အသက်နဲ့ ရင်းပြီး လောင်းမယ်။ ကျုပ် သောက်လိုက်ပြီ။ ခင်ဗျားတို့ လောင်းရဲလား။”
ထို့နောက် သူသည် အဆိပ်ခွက်ကို မော့သောက်လိုက်၏။
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အဆိပ် (၄) မျိုး ရောထားသော အရည်ကို သောက်လိုက်ခြင်းသည် သေလမ်းရှာနေခြင်းပင် မဟုတ်ပါလား။
‘ဒီကောင် ယွင်ကျုံးဟဲ့ တကယ် ရူးနေတာပဲ။’
သောက်ပြီးနောက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်သည် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားသည်။
…………
နှစ်မိနစ် ကြာသွားပြီးနောက် ယွင်ကျုံးဟဲ့ ပါးစပ် ဟကာ ပြောလိုက်၏။ “ဆိုင်ရှင်ရွှီ... နောက်တစ်ခွက်လောက်။”
တကယ်ပဲ ဘာမှ မဖြစ်ပေ။ အဆိပ် (၄) မျိုးကို (၄)၊ (၃)၊ (၁)၊ (၂) အစဉ်လိုက် ရောစပ်လိုက်ချိန်မှာတော့ အဆိပ်ဖြေဆေး ဖြစ်သွားပြီး အသက်အန္တရာယ် မရှိတော့ပေ။
ယွင်ကျုံးဟဲ့ နိုင်သွားပြီဖြစ်၏။ တစ်ခန်းလုံး ဆက်လက် တိတ်ဆိတ်နေဆဲပင်။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ရွှီအန်းထင်၊ မြွေပွေး... ဒီပွဲ ကျုပ်နိုင်တယ် မဟုတ်လား။”
စည်းမျဉ်းအရဆိုလျှင် သရေကျသည်ဟု ဆိုနိုင်၏။ နှစ်ယောက်စလုံး အဆိပ်မသင့်ဘဲ အသက်ရှင် နေကြသည်။ သို့သော်ငြား ယွင်ကျုံးဟဲ့ နိုင်ကြောင်း အားလုံး သိကြ၏။
အဆိပ်ကင်းသည့် ပုလင်းကို ရွေးချယ်ခြင်းသည် ခက်ခဲသော်လည်း အဆိပ် (၄) မျိုးကို ရောစပ်ပြီး အဆိပ်ဖြေဆေး ဖြစ်အောင် လုပ်ခြင်းသည် ပို၍ ခက်ခဲသည်။ သတ္တိ၊ ဉာဏ်ပညာ၊ တည်ငြိမ်မှုတို့ လိုအပ်သည်။
ရွှီအန်းထင် အံ့သြမင်သက်နေမိသည်။ ဤတတိယပွဲစဉ်သည် သူ၏ ဘဝတစ်လျှောက် အဆိပ်ပညာ သုတေသနပြုချက်များ၏ ရလဒ်ဖြစ်၏။
အပြင်ပန်းကြည့်လျှင် သေလမ်းသာ ရှိသော်လည်း ထိုသေလမ်းထဲတွင် အသက်ရှင်လမ်း တစ်လမ်း ဝှက်ထားသည်။ သို့သော်ငြား မည်သူမှ ရှာတွေ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အဆိပ် (၄) မျိုး ရောစပ်လိုက်လျှင် အဆိပ်ပြေသွားမည်ဟု မည်သူက ထင်မည်နည်း။ ရောစပ်သည့် အစီအစဉ် မှားယွင်းပါက အဆိပ်ပြင်း ဖြစ်သွားနိုင်သည်။
နည်းလမ်းပေါင်း (၂၄) မျိုးထဲတွင် တစ်မျိုးသာ မှန်ကန်ပြီး ယွင်ကျုံးဟဲ့က ထိုနည်းလမ်းကို ရှာတွေ့သွားခဲ့သည်။ သူ မနိုင်ရင် မည်သူ နိုင်မည်နည်း။
‘ကဗျာ ရွတ်တာကလွဲရင် ကျန်တာတွေ အားလုံးက အံ့မခန်းပါပဲ။’
……
ရွှီအန်းထင်က မြွေပွေးကို မေးလိုက်သည်။ “ဆရာ... ဆရာ့ရာထူးက ကျုပ်ထက် မြင့်ပါတယ်။ ဆရာက ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ဘယ်လို ဆုံးဖြတ်မလဲ။ ဘယ်သူနိုင်သလဲ ဆိုတာ ဆရာပဲ ဆုံးဖြတ်ပေးပါ။”
လူသားဆန်စွာ ဆုံးဖြတ်လျှင် ယွင်ကျုံးဟဲ့ နိုင်သော်လည်း စည်းကမ်းအရ ဆုံးဖြတ်လျှင် သရေ သို့မဟုတ် မြွေပွေး နိုင်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြွေပွေးသည် ပထမဆုံး အဆိပ်ကင်း ပုလင်းကို ရွေးချယ်နိုင်ခဲ့သောကြောင့် ဖြစ်၏။
အားလုံးက မြွေပွေးကို ကြည့်နေကြသည်။ မြွေပွေးသည် အရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်နေသည်။
ရွှီအန်းထင်က ထပ်မေးလိုက်၏။ “ဆရာမြွေပွေး... ဘယ်သူ ရှုံးပြီး ဘယ်သူ နိုင်သလဲ ဆုံးဖြတ်ပေးပါအုံး။”
မြွေပွေး မျက်လုံးဖွင့်လာပြီး သက်ပြင်းရှည် ချလိုက်သည်။ ထို့နောက် ယွင်ကျုံးဟဲ့ကို ကြည့်ကာ စကားတစ်ခွန်း ပြောလိုက်သည်။ “ကဗျာကောင်းပဲ။”
‘တွေ့လား။ လူတော်တွေကပဲ အနုပညာကို နားလည်တာ။ ယွင်ကျုံးဟဲ့ရဲ့ ကဗျာကို သူတစ်ယောက်တည်းပဲ သဘောကျတယ်။ မိတ်ဆွေကောင်း ရှာတွေ့ပြီ။ ဒါပေမဲ့ အစ်ကိုမြွေပွေး... ခင်ဗျားရဲ့ တုံ့ပြန်မှုက နည်းနည်း နှေးနေတယ်။’
ရွှီအန်းထင်က မေးလိုက်၏။ “ဆရာမြွေပွေး... ဒါဆို ဘယ်သူ နိုင်တာလဲ။”
မြွေပွေး ဘာမှ မပြောတော့ဘဲ လက်သီးဆုပ်လိုက်သည်။ “သွားခွင့်ပြုပါအုံး။”
ထို့နောက် သူသည် အပြင်သို့ ထွက်ခွာသွား၏။ ယွင်ကျုံးဟဲ့ နိုင်သည်ဟု အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။
တံခါးဝအရောက်တွင် ရပ်လိုက်ပြီး ယွင်ကျုံးဟဲ့ကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “လေးစားပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်နှုတ်ဆက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်။”
မြွေပွေးက ပြောလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်။”
ယွင်ကျုံးဟဲ့က နှုတ်ဆက်လိုက်သည်။ “လေးစားပါတယ်။”
ထို့နောက် မြွေပွေး ထွက်ခွာသွားလေသည်။ သူ မပြောလိုက်သော စကားများ ရှိနေ၏။ ပြန်ရောက်လျှင် ယွင်ကျုံးဟဲ့နှင့် ဖုန်းရှင်းမြဲ့အတွက် ပြောဆိုပေးမည်။ ပိုင်ရှင်မဲ့နယ်မြေဌာနကို ယွင်ကျုံးဟဲ့အား ကူညီရန် တိုက်တွန်းပေးမည်။
အစမှ အဆုံးထိ မြွေပွေး၏ မျက်နှာကို သေချာ မမြင်လိုက်ရသော်လည်း ထူးခြားသော လူတစ်ယောက် ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်သည်။
မြွေပွေး ပျောက်ကွယ်သွားမှ ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူက လူစွမ်းကောင်း တစ်ယောက်ပဲ။”
ရွှီအန်းထင်က ခေါင်းညိတ်ထောက်ခံသည်။ “ဟုတ်တယ်... ဆရာမြွေပွေးနဲ့ လက်တွဲ မလုပ်ရတာ နစ်နာစရာပဲ။”
ယွင်ကျုံးဟဲ့ မျက်မှောင်ကြုတ်လိုက်၏။ “ဆိုင်ရှင်ရွှီ... ခင်ဗျား စကားက နည်းနည်း လွန်နေပြီနော်။ ကျုပ်ကို အားနာပါအုံး။”
ရွှီအန်းထင် ယွင်ကျုံးဟဲ့ကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။
လူတချို့ ရှိ၏။ အန္တရာယ် ကြုံနေရချိန်တွင် ကယ်တင်ချင်စိတ် ပေါက်သော်လည်း ဘေးကင်းသွားချိန်တွင် သတ်ပစ်ချင်စိတ် ပေါက်စေသည်။ ယွင်ကျုံးဟဲ့သည် ထိုကဲ့သို့ လူမျိုး ဖြစ်ပြီး ယခုမှစ၍ သူသည် ယွင်ကျုံးဟဲ့နှင့် လက်တွဲ လုပ်ကိုင်ရတော့မည်။
ရွှီအန်းထင်သည် မြွေပွေးကို ပြေးခေါ်ချင်စိတ် ပေါက်နေသော်လည်း အချိန်လွန်သွားပြီ ဖြစ်သည်။
ရွှီအန်းထင်က ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... ကျုပ်တို့အဖွဲ့က ကြိုဆိုပါတယ်။ ဒီနေ့ကစပြီး လေခွင်းမြို့ တာဝန်ကို ခင်ဗျား ဦးဆောင်ရပါမယ်။ ကျုပ်တို့ အားလုံး ခင်ဗျားကို ကူညီပါ့မယ်။
အချိန်မရှိတော့ဘူး။ အခုပဲ စလိုက်ကြရအောင်။”
ယွင်ကျုံးဟဲ့ အံ့သြသွားသည်။ “အခုချက်ချင်း စတော့မှာလား။ ဒီလောက် မြန်မြန်ကြီးလား။ ကြိုဆိုပွဲလေး ဘာလေး မလုပ်တော့ဘူးလား။ မျက်နှာချင်းဆိုင်က နွေဦးအိပ်မက်မှာ သွားစားကြမယ်လေ။ အဲဒီက ညီမလေးတွေက ဖော်ရွေတယ်ဗျ။”
…………