← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အပိုင်း (၁၅)

“သခင်လေးယွင်ကျုံးဟဲ့... ဒီနေ့ကစပြီး ခင်ဗျား ဘယ်သတင်းပဲ ရရ၊ ဘာအကူအညီပဲ လိုလို ကျုပ်ဆီ လာခဲ့ပါ။ ကျုပ် တစ်ယောက်တည်းကိုပဲ ဆက်သွယ်ပါ။” ရွှီအန်းထင်က ပြောလိုက်သည်။

ရွှီအန်းထင်က ဆက်ပြောလိုက်၏။ “ဒီနေရာက တည်းခိုခန်း ဖြစ်သလို စားသောက်ဆိုင်လည်း ဖြစ်တော့ ခင်ဗျား လာစားသောက်တာ သဘာဝ ကျပါတယ်။ ကျုပ် ခင်ဗျားနဲ့ ဆက်သွယ်ချင်ရင် အပြင်မှာ ဝက်ပေါင်ခြောက် (၉) ချောင်း ချိတ်ထားလိုက်မယ်။ တတိယနဲ့ စတုတ္ထ ဝက်ပေါင်ခြောက်ကြားမှာ ကြက်သွန်ဖြူ တစ်လုံး ညှပ်ထားမယ်။”

“ကောင်းပြီ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ဒီစခန်းကို အရင်က သုံးခဲ့ဖူးလား။”

“မသုံးဖူးဘူး။ တစ်ခါမှ အသက်မသွင်းဖူးဘူး။”

ရွှီအန်းထင်က ဆက်ပြော၏။ “လွန်ခဲ့တဲ့ သုံးလလောက်က ကျုပ် မျက်စိရှေ့မှာတင် ဟေးလုံထိုင် ရဲဘော်တွေ အသတ်ခံခဲ့ရတယ်။ ကျုပ်ဆိုင်နဲ့ ပေ (၁၀၀) တောင် မဝေးဘူး။ ကျုပ် ကယ်လို့ ရနိုင်တဲ့ အနေအထားမှာ ရှိပေမဲ့ ဘာမှ လုပ်ပေးလို့ မရခဲ့ဘူး။ အမိန့်မရလို့ သူတို့ အပိုင်းပိုင်းအစစ ခုတ်ထစ်ခံရတာကို ဒီအတိုင်း ကြည့်နေခဲ့ရတယ်။ ဟေးလုံထိုင်ရဲ့ စီမံကိန်း ပျက်စီးသွားတာကို ဒီအတိုင်း ကြည့်နေခဲ့ရတယ်။”

ပြောရင်းနှင့် ဝဖြိုးသော ရွှီအန်းထင်၏ မျက်နှာတွင် နာကျင်မှု အရိပ်အယောင်များ ပေါ်လာ၏။

ယွင်ကျုံးဟဲ့က ချက်ချင်း ပြန်မပြောဘဲ မေးလိုက်သည်။ “ရွှီအန်းထင်... ခင်ဗျား ဒီမှာ နေတာ ဘယ်လောက် ကြာပြီလဲ။”

ရွှီအန်းထင်က ဖြေလိုက်၏။ “ကိုးနှစ်၊ အသက် (၂၇) နှစ်ကနေ (၃၆) နှစ်အထိပဲ။”

ကိုးနှစ်လုံးလုံး ပုန်းအောင်းနေခဲ့သော်လည်း တစ်ကြိမ်မှ အသုံးပြုခြင်း မခံခဲ့ရပေ။ မရေရာသော ပစ်မှတ် တစ်ခုအတွက် ဟေးလုံထိုင် သူလျှိုပေါင်း ရာချီသည် လေခွင်းမြို့တွင် သူတို့၏ လူငယ်ဘဝနှင့် အသက်များကို ပေးဆပ်ခဲ့ကြသည်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လေခွင်းမြို့ အထက်ပိုင်း အရာရှိတွေထဲမှာ ကျုပ်တို့ ဟေးလုံထိုင် သူလျှိုတွေ ရှိသေးလား။”

ဤအရာက ယွင်ကျုံးဟဲ့ သိချင်နေသော ကိစ္စဖြစ်သည်။ တာယင်အင်ပါယာ ဟေးလုံထိုင်သည် အလွန် အင်အား ကြီးမားပါလျက် အဘယ်ကြောင့် လေခွင်းမြို့တွင် ဤမျှ အခြေအနေ ဆိုးရွားနေရသနည်း။ ထို့အပြင် လွန်ခဲ့သည့် (၂)နှစ်က ဖုန်းရှင်းမြဲ့ အဘယ့်ကြောင့် ရှုံးနိမ့်ခဲ့ရသနည်း။

ရွှီအန်းထင်က ဖြေလိုက်သည်။ “လေခွင်းချိုင့်ဝှမ်း နယ်မြေ (၁၉) ခုထဲမှာ (၅) ခုက နယ်စားတွေဟာ ဟေးလုံထိုင် သူလျှိုတွေ ဖြစ်ခဲ့ဖူးတယ်။ လေခွင်းမြို့ စစ်တပ်မှာ တပ်မှူးကြီး (၅) ယောက် ရှိတဲ့အထဲက (၂) ယောက်က ကျုပ်တို့ လူတွေ ဖြစ်ခဲ့ဖူးတယ်။”

‘ဟေးလုံထိုင်က တကယ် ကြောက်စရာ ကောင်းပါလား။ လေခွင်းမြို့ စစ်တပ် အင်အား တစ်ဝက်လောက်ကို စိမ့်ဝင်နိုင်ခဲ့တာပဲ။’

ရွှီအန်းထင်က ရှင်းပြလိုက်သည်။ “ဒါတွေ အားလုံးက သခင်ကြီး ဖုန်းရှင်းမြဲ့ရဲ့ လက်ရာတွေပဲ။ သူက ငါးနှစ် အချိန်ယူပြီး ဟေးလုံထိုင် အင်အားစုတွေကို လေခွင်းမြို့ထဲ အမြစ်တွယ်အောင် လုပ်ခဲ့တာ။ တကယ်တော့ လွန်ခဲ့တဲ့ (၂)နှစ်တုန်းက သခင်ကြီး ဖုန်းရှင်းမြဲ့ရဲ့ စီမံကိန်းက အောင်မြင်လုနီးပါး ဖြစ်နေပြီ။”

ဤအချက်ကို ယွင်ကျုံးဟဲ့ မသိခဲ့ပေ။ ဖုန်းရှင်းမြဲ့တွင် ထိုကဲ့သို့ ပြောင်မြောက်သော အတိတ်များ ရှိခဲ့ဖူးသည်လား။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဘာတွေ ဖြစ်ကုန်တာလဲ။”

ရွှီအန်းထင်သည် နာကျင်စွာ မျက်လုံးမှိတ်လိုက်ပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ “သစ္စာဖောက်ကြောင့်လေ။ သစ္စာဖောက် တစ်ယောက်ကြောင့် ကျုပ်တို့ရဲ့ အဆင့်မြင့် သူလျှိုတွေ အားလုံး အသတ်ခံလိုက်ရတယ်။ ကျုပ်တို့လို အောက်ခြေ သူလျှိုလေးတွေပဲ ကျန်ရစ်ခဲ့တာ။

လူပေါင်း (၁၄၀၀) ကျော် အသတ်ခံခဲ့ရတယ်။ ဟေးလုံထိုင်က အချိန်တွေ၊ ငွေတွေ အများကြီး သုံးပြီး မွေးထုတ်ထားတဲ့ ထိပ်တန်း သူလျှိုတွေလေ။ အထက်တန်းလွှာရောက်ဖို့ သူတို့ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အားလုံး အမြစ်ဖြတ် သုတ်သင်ခံလိုက်ရတယ်။”

ရွှီအန်းထင်သည် ဒေါသကြောင့် စားပွဲကို ထုလိုက်ပြီး အံကြိတ်ကာ ပြောသည်။ “အဲဒီ သတင်းဆိုး ကြားပြီးတော့ သခင်ကြီး ဖုန်းရှင်းမြဲ့ သွေးအန်ပြီး သုံးရက်သုံးည သတိလစ်သွားခဲ့တယ်။

အဲဒီ အဖြစ်အပျက်က တပေါင်းလ (၃) ရက်နေ့မှာ ဖြစ်ခဲ့တာ။ ဒါကြောင့် ဟေးလုံထိုင် သမိုင်းမှာ ‘၃-၃ အရှက်တရား’ သို့မဟုတ် ‘၃-၃ အရေးအခင်း’ လို့ မှတ်တမ်းတင်ထားတယ်။

အဲဒီအချိန်ကစပြီး လေခွင်းမြို့မှာရှိတဲ့ ဟေးလုံထိုင် အင်အားစုတွေ ပျက်စီးသွားသလို ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက အင်အားစုတွေပါ ထိခိုက်ကုန်တယ်။ အင်ပါယာရဲ့ တောင်ပိုင်း စစ်ဆင်ရေး စီမံကိန်းလည်း အနည်းဆုံး (၂)နှစ်လောက် နောက်ကျသွားခဲ့ရတယ်။”

တကယ့်ကို နာကျင်စရာ ကောင်းသော ထိုးနှက်ချက်ပင်။ ဆုံးရှုံးမှုက ကြီးမားလွန်းသည်။

ရွှီအန်းထင်သည် အရည်အချင်းရှိသူ ဖြစ်သော်လည်း အန်းထင် တည်းခိုခန်းသည် ကိုးနှစ်ကြာမှ အခုလို အဆင့်မျိုး ရောက်လာခြင်းပင်။

သို့သော်ငြား ဟေးလုံထိုင် အင်အားစု အတွင်းတွင် အန်းထင် တည်းခိုခန်းသည် အနိမ့်ဆုံး အဆင့်တွင်သာ ရှိခဲ့ပြီး အရန်စခန်း သက်သက်သာ ဖြစ်ခဲ့သည်။

‘၃-၃ အရေးအခင်း’ တွင် အဓိက အင်အားစုများ ပျက်စီးသွားသောကြောင့်သာ အန်းထင် တည်းခိုခန်းသည် အရေးပါသော နေရာသို့ ရောက်လာခြင်းဖြစ်၏။

ထိုအချိန်က ဟေးလုံထိုင် အင်အားစု မည်မျှ ကြီးမားကြောင်း ခန့်မှန်းကြည့်နိုင်သည်။

“ဂိုဏ်းချုပ်က ဧကရာဇ်မင်းမြတ်ဆီမှာ အပြစ်ဝန်ခံတော့ ဧကရာဇ်မင်းမြတ်က နာနာကျင်ကျင် ပြောခဲ့တယ်။ ဒါဟာ ဟေးလုံထိုင်ရဲ့ အရှက်တရား သက်သက် မဟုတ်ဘူး။ တာယင်အင်ပါယာ တစ်ခုလုံးရဲ့ အရှက်တရားပဲ တဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီ သစ္စာဖောက်က ဘယ်သူလဲ။ ရာထူးကြီးတဲ့သူ ဖြစ်မှာပဲ။”

“ယန်ဖြန်ရှန်” ရွှီအန်းထင်က ဖြေသည်။

‘နာမည်က လူကောင်းနာမည် မဟုတ်ဘူး။ ရုပ်ချောမယ့်ပုံ ပေါက်နေတယ်။’

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “အဲဒီလူ အသက်ရှင်သေးလား။”

ရွှီအန်းထင်က ဖြေလိုက်သည်။ “ရှင်သေးတယ်။ အခု တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင် (ရေခဲနက်စင်မြင့်) မှာ အဆင့်မြင့် ခေါင်းဆောင် ဖြစ်နေပြီ။ ဧကရာဇ်ဝမ်ယွင် ကိုယ်တိုင်က သူ့ကို အရေးပေးထားတယ်။”

ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ယန်ဖြန်ရှန်က တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဆွဲဆောင်မှုကြောင့် သစ္စာဖောက်သွားတာလား။ ဒါမှမဟုတ် အစတည်းက တောင်ပိုင်းကျိုးအင်ပါယာက လွှတ်ထားတဲ့ သူလျှိုလား။”

ရွှီအန်းထင်က ဖြေလိုက်၏။ “ဒါကတော့ ထာဝရ ပဟေဠိ ဖြစ်သွားပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီကိစ္စပြီးတော့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင်က နာမည်ကြီး သွားမှာပေါ့။”

ရွှီအန်းထင်က ရှင်းပြလိုက်၏။ “ဟုတ်တာပေါ့။ နိုင်ငံနှစ်ခုရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ တိုက်ခိုက် လာတာ နှစ်ပေါင်းရာချီနေပြီ။ အမြဲတမ်းလိုလို ကျုပ်တို့ ဟေးလုံထိုင်က အသာစီး ရခဲ့တာ။

ယန်ဖြန်ရှန်ရဲ့ ‘၃-၃ အရေးအခင်း’ ပြီးတော့ ဟေးပင်းထိုင်က ချက်ချင်း နာမည်ကြီးသွားပြီး ကျုပ်တို့ ဟေးလုံထိုင်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရတယ်။”

ယခုမှ ယွင်ကျုံးဟဲ့ သဘောပေါက်သွားသည်။ ဖုန်းရှင်းမြဲ့သည် တကယ် ရူးနေသူ ဖြစ်၏။

ဤ လေခွင်းမြို့တာဝန်သည် အင်ပါယာဗျူဟာအတွက် အရေးပါရုံသာမက ဟေးလုံထိုင်၏ သိက္ခာ ပြန်ဆယ်ပွဲလည်း ဖြစ်နေသည်။

‘ဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ကျုပ်လို လူမိုက်စာရင်းဝင် ကောင်လေး ပုခုံးပေါ် တင်ပေးလိုက်တာလား။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ယန်ဖြန်ရှန်က သစ္စာမဖောက်ခင်တုန်းက ဟေးလုံထိုင်မှာ ဘာတာဝန် ယူထားတာလဲ။”

ရွှီအန်းထင်က ဖြေလိုက်၏။ “ဟေးလုံထိုင်ရဲ့ ကြယ်ပွင့်၊ အနာဂတ် ခေါင်းဆောင်လောင်း။”

‘သောက်ကျိုးနည်း... ဒါဆို တာယင်အင်ပါယာ ဟေးလုံထိုင် ဂိုဏ်းချုပ် ဖြစ်လာမယ့်သူပေါ့။ အဲဒီလို လူစားမျိုးက ဘာလို့ သစ္စာဖောက်ရတာလဲ။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် ရင်ဆိုင်ရမယ့် ပြိုင်ဘက်က မြို့စားမင်း ကျင်းကျုံးယွဲ့ တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ တောင်ပိုင်းကျိုးအင်ပါယာက ဟေးပင်းထိုင် သူလျှိုတွေလည်း ပါတာပေါ့။”

ရွှီအန်းထင်က ပြောလိုက်၏။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က လေးလေးနက်နက် ပြောလိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာရဲ့ ဟေးပင်းထိုင် အင်အားစုက ကျုပ်တို့ထက် လေခွင်းမြို့မှာ အများကြီး ပိုအားကောင်းနေမှာပဲ။

ကျုပ်တို့ တွေ့ရမယ့် လေခွင်းမြို့ အရာရှိကြီး တစ်ယောက်ယောက်က ဟေးပင်းထိုင် သူလျှို ဖြစ်နေနိုင်တယ်။”

ရွှီအန်းထင်က ထောက်ခံလိုက်၏။ “မှန်တယ်။ ကျုပ်တို့ ဟေးလုံထိုင်က လေခွင်းမြို့မှာ အားနည်းနေတယ်။ ဝံပုလွေအုပ်ကြား ရောက်နေသလိုပဲ။ အချိန်တိုင်း သေမင်းနဲ့ ရင်ဆိုင်နေရတဲ့ အမှောင်တိုက်ပွဲ တစ်ခုကို ဆင်နွှဲရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဟေးလုံထိုင် သူလျှိုတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာ ဘယ်သူလဲ။”

ရွှီအန်းထင်က ဖြေလိုက်၏။ “မြို့စားဟောင်း ကျင်းအဲ့၊ ကျင်းကျုံးယွဲ့ရဲ့ အဖေ”

ကျင်းအဲ့၏ မှတ်တမ်းကို ယွင်ကျုံးဟဲ့ ဖတ်ဖူးသည်။ တကယ့် သူရဲကောင်း တစ်ဦး ဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်များက ကျင်းမိသားစုသည် လေခွင်းချိုင့်ဝှမ်းကို လက်လွှတ်ခဲ့ရပြီး မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။

ကျင်းအဲ့ တစ်ယောက်တည်းကသာ ဘိုးဘွားပိုင် နယ်မြေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေကို နှစ်ဆ ချဲ့ထွင်နိုင်ခဲ့ခြင်းပင်။ သူ၏ တစ်သက်တာလုံး စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး လူပေါင်းများစွာ သတ်ဖြတ်ခဲ့သည်။ နိုင်ငံရေးရော စစ်ရေးပါ ပြိုင်ဘက်ကင်း အောင်မြင်ခဲ့၏။

သို့သော်ငြား ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် မြို့စားကြီး ကျင်းအဲ့ လေဖြတ်သွားပြီး သတိလစ် မေ့မြောသွားခဲ့သည်။ သူရဲကောင်းကြီး လဲပြိုသွားပြီးနောက် ကျင်းကျုံးယွဲ့ မြို့စား ဖြစ်လာခဲ့သည်။

အားလုံးက မထင်ထားခဲ့ကြသော်လည်း ကျင်းကျုံးယွဲ့သည် ဖခင်ထက်ပင် ရက်စက်ကြမ်းကြုတ်ကြောင်း သက်သေပြခဲ့သည်။ တစ်နှစ်အတွင်းမှာပဲ ‘မိန်းမလှ ဓားပြခေါင်းဆောင်’ ဟူသော ဘွဲ့ကို ရရှိခဲ့၏။

ရွှီအန်းထင်က ပြောလိုက်၏။ “အခုချိန်မှာ ကျုပ် တကယ် စိတ်ဓာတ်ကျနေမိတယ်။ မျှော်လင့်ချက် မရှိသလို ခံစားရတယ်။

ဒါပေမဲ့ ခင်ဗျား ရောက်လာပြီး စွမ်းဆောင်ရည်တွေ ပြလိုက်တော့ မျှော်လင့်ချက် ရောင်ခြည်သန်းလာသလိုပဲ။ ရှေ့ဆက်ရမယ့် လမ်းက ကိုးသေတစ်ရှင် ဆိုပေမယ့် မျှော်လင့်ချက်လေး တစ်စွန်းတစ်စတော့ ရှိနေပါသေးတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျင်းကျုံးယွဲ့ တက်လာပြီးနောက်ပိုင်း ဟေးလုံထိုင် သူလျှိုတွေကို ဆက်လက် နှိပ်ကွပ်နေတုန်းပဲလား။”

ရွှီအန်းထင်က ဖြေလိုက်၏။ “ဆက်လုပ်နေတုန်းပဲ။ ဒါပေမဲ့ အရှိန် နည်းနည်း လျော့သွားတယ်။ စောစောက ပြောသလိုပဲ လွန်ခဲ့တဲ့ သုံးလက ဟေးလုံထိုင် ရဲဘော်တွေ အသတ်ခံရတာကို ကျုပ်မျက်စိရှေ့မှာတင် မြင်ခဲ့ရတယ်။

သူတို့ရဲ့ မျက်လုံးတွေကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ သစ္စာရှိတဲ့ မျက်လုံးတွေ၊ အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သတ္တိတွေ...”

ယွင်ကျုံးဟဲ့ ဘာမှ မပြောဘဲ ရွှီအန်းထင်ကို ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

“ပြီးခဲ့တာတွေ ပြီးပါစေတော့။ ကျန်ရစ်သူတွေက ရှေ့ဆက်ရမယ်။ သေသွားတဲ့ ရဲဘော်တွေအတွက် ကျုပ်တို့ တိုက်ပွဲဝင်ရမယ်။ မိုးပေါ်တက်ရသလို ခက်ခဲနေပါစေ။ လေခွင်းမြို့ တာဝန်ကို ပြီးအောင် လုပ်ရမယ်။”

ရွှီအန်းထင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ ခဏကြာချိန်မှာတော့ သူ တည်ငြိမ်သွား၏။

သူက ပြောလိုက်၏။ “သခင်လေးယွင်ကျုံးဟဲ့... အခု လေခွင်းမြို့ တာဝန်ရဲ့ ပထမအဆင့်ကို စတင် ရတော့မယ်။

မြို့စားအိမ်တော်ထဲ ဝင်ရောက်ခြင်း... ဒါက ပထမအဆင့်ပဲ။ အိမ်တော်ထဲ ရောက်မှ ကျင်းကျုံးယွဲ့နဲ့ နီးစပ်ခွင့် ရမယ်။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြခွင့် ရမယ်။

အိမ်တော်ထဲ ဝင်ဖို့အတွက် လမ်းကြောင်း နှစ်ခု စီစဉ်ထားတယ်။ ပထမ လမ်းကြောင်းကတော့ ခင်ဗျားအတွက် သီးသန့် စီစဉ်ထားတာ။ ခင်ဗျားရဲ့ လုပ်ငန်းဟောင်းကို ပြန်လုပ်ရမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အပျော်လင် လုပ်ရမှာလား။”

ရွှီအန်းထင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”

‘သောက်ကျိုးနည်း... ဒါ ဟိုကောင် ယွင်ကျုံးဟဲ့ရဲ့ အလုပ်ဟောင်းလေ။ ကျုပ်အလုပ် မဟုတ်ဘူး။ ဟိုကောင်က မိန်းမတွေဆီက ပိုက်ဆံယူတာ။ ကျုပ်က ဘယ်တော့မှ ပိုက်ဆံ မယူဘူး။ ပိုက်ဆံလည်း မပေးဘူးပေါ့လေ။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မှတ်တမ်းတွေအရ ကျင်းကျုံးယွဲ့က ယောကျ်ားတွေကို စိတ်မဝင်စားဘူး။ အသတ်တောင် သတ်ချင်နေတာဆို”

ရွှီအန်းထင် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကျင်းကျုံးယွဲ့က စိတ်မဝင်စားဘူး။ ဒါပေမဲ့ စိတ်ဝင်စားမယ့်သူ တစ်ယောက် ရှိတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘယ်သူလဲ။”

ရွှီအန်းထင်က ဖြေလိုက်သည်။ “ကျင်းအဲ့ရဲ့ ညီမ။ ကျင်းကျုံးယွဲ့ရဲ့ အဒေါ်ပဲ။ ‘ကတိုးမွှေးသခင်မ’ လို့ ခေါ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက တောင်ပိုင်း လူရိုင်းခေါင်းဆောင် တစ်ယောက်နဲ့ လက်ထပ်ခဲ့ပေမယ့် အဆင်မပြေလို့ လေခွင်းမြို့မှာပဲ ပြန်လာနေတာ များတယ်။

ရုပ်ရည်ချောမောပြီး သဘောထား ပွင့်လင်းတယ်။ ခင်ဗျားလို ရုပ်ချောတဲ့ ကောင်လေးဆိုရင် သူ့အချစ်တော် ဖြစ်လာဖို့ မခက်ခဲပါဘူး။ ဒါက အိမ်တော်ထဲ ဝင်ဖို့ အလွယ်ဆုံးနဲ့ အမြင့်ဆုံး လမ်းကြောင်းပဲ။”

‘ဖြတ်လမ်းနည်း ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီအလုပ်က သိပ်ကို ရှက်ဖို့ကောင်းလွန်းတယ်။ ကျုပ်တို့လို ရိုးသားတဲ့ ယောကျ်ားကောင်းတွေ မလုပ်နိုင်ပါဘူး။’

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဒါဆို ဒုတိယ လမ်းကြောင်းကရော”

ရွှီအန်းထင်က ဖြေလိုက်သည်။ “ဒုတိယ လမ်းကြောင်းကတော့ အိမ်တော်ထဲကို အစေခံ အနေနဲ့ ဝင်ရောက်တာ။ ခင်ဗျားကို အိမ်တော်ထဲမှာ မြန်မြန် နာမည်ကြီးလာအောင်၊ လူသိများလာအောင် လုပ်ပေးမယ့် စီမံချက် အပြည့်အစုံ ရှိပါတယ်။ သခင်လေးယွင်ကျုံးဟဲ့... ခင်ဗျား ဘယ်လမ်းကို ရွေးမလဲ။”

(စာဖတ်သူတို့ရေ... ယွင်ကျုံးဟဲ့ ဘယ်လမ်းကို ရွေးသင့်သလဲ စဉ်းစားပေးကြပါအုံး...)

…………

အပိုင်း (၁၆)

ယွင်ကျုံးဟဲ့သည် အခြားတစ်ဖက်သို့ ကြည့်ကာ ဟန်မပျက် မေးလိုက်သည်။ “ပထမ နည်းလမ်းက စိတ်ချရရဲ့လား။ တခြားအဓိပ္ပာယ် မရှိပါဘူး။ ရိုးရိုး မေးကြည့်တာပါ။”

ထိုစကားကြောင့် ဘေးနားမှ အမျိုးသမီး၏ စက်ဆုပ်ရွံရှာသော အကြည့်ကို ခံလိုက်ရ၏။

ယွင်ကျုံးဟဲ့က ကြောင်အသွားသည်။ ‘ဘာအဓိပ္ပာယ်လဲ။ ရိုးရိုး မေးကြည့်တာလေ။ သိချင်လို့ မေးတာလေ။ လောကမှာ ရုပ်ချောတဲ့ ယောကျ်ားတိုင်းကို မေးကြည့်စမ်းပါ။ အိပ်နေရင်းနဲ့ ပိုက်ဆံရမယ့်၊ နှစ် (၃၀) လောက် အလုပ်မလုပ်ဘဲ နေနိုင်မယ့် အခွင့်အရေးမျိုးကို စိတ်မဝင်စားဘူးလား။’

သို့သော်ငြား ထိုအရာက စိတ်ကူးယဉ် အိပ်မက်လေးသာဖြစ်သည်။ လူဆိုသည်မှာ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားမှ ပျော်ရွှင်ရပေမည်။

ရွှီအန်းထင်က သတိထားပြီး မေးလိုက်သည်။ “သခင်လေး ယွင်ကျုံးဟဲ့... စိတ်ချရရဲ့လားဆိုတာ ဘာကို ပြောတာလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဘယ်လို လုပ်ရမှာလဲ ဆိုတာကို ပြောတာ။”

ရွှီအန်းထင်က ပြောလိုက်သည်။ “ကျုပ်တို့ ထိန်းချုပ်ထားတဲ့ ထိပ်တန်း အဆင့်မြင့် ပြည့်တန်ဆာရုံ တစ်ခု ရှိတယ်။ ကောင်းကင်အမွေးအတောင် နန်းဆောင်လို့ခေါ်တယ်။ ကတိုးမွှေးသခင်မက အဲဒီကို မကြာခဏ လာတတ်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဆိုလိုတာက... ကျုပ်ကို အဲဒီနန်းဆောင်မှာ အလုပ်ဝင်ခိုင်းမယ်။ ပြီးရင် ကတိုးမွှေး သခင်မရဲ့ သဘောကျမှုကို ရအောင်ယူပြီး မြို့စားအိမ်တော်ထဲ ခေါ်သွားခိုင်းမယ်ပေါ့။”

ရွှီအန်းထင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ခင်ဗျားပြောတဲ့ အလုပ်ဝင်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲတော့ မသိဘူး။”

ယွင်ကျုံးဟဲ့ မေးလိုက်၏။ “ကတိုးမွှေးသခင်မ သဘောမကျခင် ကြားကာလမှာ ရုပ်ဆိုးတဲ့ မိန်းမကြီးတွေကို ပြုစုပေးရတာမျိုး၊ ထူးထူးဆန်းဆန်း ကိစ္စတွေ လုပ်ပေးရတာမျိုး ရှိမလား။”

ရွှီအန်းထင်က ပြောလိုက်သည်။ “စိတ်ချပါ။ ခင်ဗျားကို စောင်းသမား အနေနဲ့ပဲ ထားမှာပါ။ မှတ်တမ်းတွေအရ ခင်ဗျား စောင်းတီးတတ်တယ်လို့ သိရတယ်။ အရမ်း မတော်ပေမယ့် ခင်ဗျားရဲ့ ရုပ်ရည်နဲ့ ပေါင်းစပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ ကတိုးမွှေး သခင်မက အနုပညာ လိုက်စားတဲ့ လူချောလေးတွေကို သဘောကျတတ်တယ်။ ဒါကြောင့် ပထမ လမ်းကြောင်းကိုရွေးရင် ဧည့်သည် လက်ခံစရာ မလိုပါဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီနန်းဆောင်က ဟေးလုံထိုင် ပိုင်တာလား။”

ရွှီအန်းထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ ကျုပ်တို့လူ ရှိတယ်။ ရာထူးကြီးတယ်။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ဒုတိယလမ်းကြောင်း... မြို့စားအိမ်တော်ထဲ အစေခံ ဝင်လုပ်မယ်ဆိုရင် ဘယ်သူ့အကူအညီနဲ့ ဝင်ရမှာလဲ။”

ရွှီအန်းထင်က ရှင်းပြလိုက်သည်။ “မြို့စားအိမ်တော်က အိမ်တော်ထိန်း တစ်ယောက် ရှိတယ်။ ကျင်းကျုံးယွဲ့ အမေရဲ့ လူယုံပဲ။ လီထန် လို့ခေါ်တယ်။ အိမ်တော်ထဲမှာ နေရာရတဲ့ လူတစ်ဦးပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူကလည်း ဟေးလုံထိုင် သူလျှိုလား။”

ရွှီအန်းထင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ သူက ပိုက်ဆံမက်တဲ့သူပဲ။ ပြီးတော့ သူ့ရဲ့ အားနည်းချက် တစ်ခုကို ကျုပ်တို့ ကိုင်ထားတယ်။ မြို့စားအိမ်တော်ထဲမှာ ဟေးလုံထိုင် သူလျှိုတွေ ရှိတယ်။ ခင်ဗျား ရောက်သွားတာနဲ့ သူတို့ကို အသက်သွင်းပြီး ကူညီခိုင်းလို့ ရတယ်။ ဒါပေမဲ့ ခင်ဗျား အိမ်တော်ထဲဝင်တဲ့ ကိစ္စကတော့ ဟေးလုံထိုင်နဲ့ မပတ်သက်ရင် ပိုကောင်းတယ်။ ဒါမှ အဖမ်းခံရနိုင်ခြေ နည်းမှာ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အဲဒါ ပိုကောင်းတယ်။”

ရွှီအန်းထင်က မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘယ်လမ်းကို ရွေးမလဲ။ ကျုပ် အမြင်အရတော့ ဒုတိယ လမ်းကြောင်းက ပိုကောင်းတယ်။ အစေခံ ဆိုတာ နိမ့်ကျပေမယ့် လုပ်ပိုင်ခွင့် ပိုရှိတယ်။ ပထမလမ်းကြောင်းက အစပျိုး ကောင်းပေမယ့် အပျော်လင်ဆိုတာ သိက္ခာမရှိဘူး။ လူတွေရဲ့ အထင်သေးတာ ခံရမယ်။ ကျင်းကျုံးယွဲ့နဲ့ နီးစပ်ဖို့ ပိုခက်ခဲလိမ့်မယ်။ အဲဒီ နာမည်ဆိုး တွင်သွားရင် ပြန်လည် ဦးမော့ဖို့ ခက်ခဲလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျား ပြောတာ မှန်တယ်။ အစေခံ လုပ်တာက ပိုပြီး သိက္ခာရှိတယ်။”

ရွှီအန်းထင်က မေးလိုက်၏။ “ဒါဆို ဒုတိယလမ်းကြောင်း ရွေးမလား။ ကျုပ် ချက်ချင်း စီစဉ်ပေးမယ်။ သုံးရက်အတွင်း အိမ်တော်ထဲ ရောက်စေရမယ်။”

ယွင်ကျုံးဟဲ့က ငြင်းလိုက်သည်။ “မလုပ်ဘူး။ ပထမ လမ်းကြောင်းပဲ ရွေးမယ်။ တခြားကြောင့် မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေကို ကျုပ်က သဘောကျတာ မလို့ပါ။”

ရွှီအန်းထင် “ဟမ်…”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အဲဒီ ကတိုးမွှေးသခင်မက တကယ် လှလား။”

ရွှီအန်းထင်က ချီးကျူးလိုက်၏။ “တကယ် လှတယ်။ ပြီးတော့ ကျက်သရေ ရှိတယ်။”

ယွင်ကျုံးဟဲ့က စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ “ဆိုင်ရှင်ရွှီ... တခြားသဘော မရှိပါဘူး။ ဝန်ဆောင်မှု ပေးရမယ့်သူ ဆိုတော့ ဖောက်သည်ကို ရွေးလို့ မရဘူးလေ။ ကတိုးမွှေးသခင်မက အသက် ဘယ်လောက် ရှိပြီလဲ။ အရေပြားတွေ တွဲကျနေပြီလား။”

ရွှီအန်းထင်က ပြောလိုက်သည်။ “အသက် (၃၀) ကျော်ပြီ။ ဒါပေမဲ့ အရမ်း နုတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ကောင်းတာပေါ့။ တခြားသဘော မရှိပါဘူး။ ဝန်ဆောင်မှု လုပ်ငန်း လုပ်တဲ့သူတွေက ဖောက်သည်ကို နတ်ဘုရားလို သဘောထားရတယ် မဟုတ်လား။”

ရွှီအန်းထင်က မေးလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... တကယ် စဉ်းစားပြီးပြီလား။ ဒီလမ်းက ပိုခက်ခဲတယ်နော်။ အပျော်လင် ဖြစ်သွားရင် ကျင်းကျုံးယွဲ့က ခင်ဗျားကို သေလောက်အောင် မုန်းသွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “အန်းထင်ရေ... ခင်ဗျားက ခေတ်နောက်ကျနေပြီ။ ဒီလို ပြောင်းပြောလို့ ရတာပဲ။ ပါရမီရှင်၊ ရုပ်ချော၊ ဖြူစင်တဲ့ လူငယ်လေး တစ်ယောက်က မိသားစု အခက်အခဲကြောင့် ပိုင်ရှင်မဲ့နယ်မြေကို ထွက်ပြေးလာရတယ်။ ပြည့်တန်ဆာရုံ ရောက်သွားပေမယ့် ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းတယ်။ အနုပညာပဲ ရောင်းတယ်၊ ကိုယ်ခန္ဓာ မရောင်းဘူး။

ဒါပေမဲ့ အရမ်း ချောမောပြီး ထူးချွန်လွန်းတော့ ကတိုးမွှေးသခင်မ ဆိုတဲ့ ဗိုလ်ကျတဲ့ မိန်းမကြီးက အတင်းအဓမ္မ လုယူသွားတယ်။ နေ့တိုင်း အဲဒီ မိန်းမကြီးရဲ့ နှိပ်စက်မှုကို ခံရပြီး မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရတယ်။ အဲဒီလို အမှောင်ကျနေတဲ့ ဘဝထဲမှာတောင် သူက ဖြူစင်နေဆဲ၊ ဘဝကို အရှုံးမပေးဘဲ ကြိုးစားနေဆဲပဲ။ ဒီလို မြင့်မြတ်တဲ့ လူငယ်လေးကို ဘယ်သူက အပြစ်တင်ရက်မှာလဲ။ ဘယ်သူက ညစ်ညမ်းတယ်လို့ ပြောရက်မှာလဲ။”

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ရွှီအန်းထင် (ညီမ)သည် တစ်သက်လုံး အိမ်ထောင်မပြုတော့ဟု ဆုံးဖြတ်လိုက်၏။ ‘ယောကျ်ားတွေက မယုံရဘူး။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်လိုလဲ။ ကျုပ် ပြောတာ အဓိပ္ပာယ် မရှိဘူးလား။”

ရွှီအန်းထင်က ပြောလိုက်၏။ “ကတိုးမွှေးသခင်မက အကဲခတ် အရမ်းတော်တယ်။ ရုပ်ချောရုံနဲ့ မရဘူး၊ အရည်အချင်းရှိမှ ကြိုက်တာ။ အထူးသဖြင့် ဂီတပညာကို သဘောကျတယ်။ ခင်ဗျားရဲ့ မှတ်တမ်းအရ ခင်ဗျားရဲ့ စောင်းပညာက မိန်းကလေးတွေကို လိမ်ညာဖို့လောက်ပဲ ကောင်းတာ။ သာမန် အဆင့်ပဲ ရှိတယ်။ ဒါကြောင့် ပညာရှင် တစ်ယောက် ခေါ်ပြီး သင်ပေးရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ငြင်းလိုက်သည်။ “မလိုဘူး။ ကျုပ်ရဲ့ စောင်းပညာက တစ်မိုးအောက်မှာ ပြိုင်ဘက်ကင်းတယ်။”

ရွှီအန်းထင်က ပြောလိုက်၏။ “ခင်ဗျား ပြောရုံနဲ့ မရဘူးလေ။ ပညာရှင် တစ်ယောက်က အကဲဖြတ်ပေးမှ ရမယ်။ တကယ်လို့ ပထမ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် ခင်ဗျားရဲ့ စောင်းပညာကို အရင် စစ်ဆေးရမယ်။”

ရွှီအန်းထင် ရရှိထားသော မှတ်တမ်းတွင် ယွင်ကျုံးဟဲ့၏ စောင်းပညာသည် သာမန်သာဖြစ်ပြီး မိန်းကလေးငယ်များကို လှည့်စားရန်လောက်သာ အသုံးဝင်သည်ဟု ပါရှိ၏။

ကတိုးမွှေးသခင်မကမူ အနုပညာ ခံစားမှု အလွန် မြင့်မားသူ ဖြစ်၏။ ကိုယ်တိုင် မတီးတတ်သော်လည်း နားထောင်လျှင် အကောင်းအဆိုး ခွဲခြားတတ်သည်။

ထို့ကြောင့် ယွင်ကျုံးဟဲ့ကို လေ့ကျင့်ပေးရန် လိုအပ်သည်။ ဟေးလုံထိုင် ဂီတပညာရှင် ရေးစပ်ထားသော သီချင်းသစ် တစ်ပုဒ်ကို တီးခတ်စေမည်။ သီချင်းကောင်းလျှင် တီးခတ်မှု ညံ့သော်လည်း အဆင်ပြေနိုင်၏။

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “အဲဒါဆို စီစဉ်လိုက်တော့။ အခုချက်ချင်း စစ်ဆေးကြည့်လို့ရတယ်။”

ရွှီအန်းထင်က မေးလိုက်၏။ “သေချာလား။”

ယွင်ကျုံးဟဲ့က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။ “သေချာတယ်။”

ရွှီအန်းထင်က အမိန့်ပေးလိုက်၏။ “စောင်းတစ်လက် သွားယူခဲ့။”

မကြာမီ စောင်းတစ်လက် ရောက်ရှိလာ၏။ နှစ်ပေါင်းရာချီ သက်တမ်းရှိသော ရှေးဟောင်း စောင်းကောင်း တစ်လက် ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ သိလိုက်သည်။ ‘ဟေးလုံထိုင်က တကယ် တော်တာပဲ။ ပစ္စည်းကောင်းတွေ အများကြီး စုဆောင်းထားနိုင်တယ်။’

ထို့နောက် ရွှီအန်းထင်က ပြောလိုက်သည်။ “သခင်လေးယွင်ကျုံးဟဲ့... စလို့ ရပြီ။”

ယွင်ကျုံးဟဲ့က စောင်းကိုယူပြီး မေးလိုက်၏။ “စစ်ဆေးမယ့် ပညာရှင်က ဘယ်သူလဲ။”

ရွှီအန်းထင်က ဘေးနားရှိ ညီမဖြစ်သူကို ကြည့်လိုက်သည်။

ယွင်ကျုံးဟဲ့က အံ့အားတသင့် ဖြစ်သွား၏။ “အစ်မကြီး... ခင်ဗျားက ဂီတပညာရှင်လား။”

ရွှီအန်းထင်က ရှင်းပြလိုက်သည်။ “ညီမလေးက (၅) နှစ်သမီး အရွယ်တည်းက ဂီတပါရမီရှင်လို့ အသိအမှတ်ပြု ခံထားရသူပါ။ နာမည်ကျော် ဂီတပညာရှင် တစ်ယောက် ဖြစ်လာမယ့်သူပေါ့။ ဒါပေမဲ့ မတော်တဆမှု တစ်ခုကြောင့် မျက်နှာ ပျက်စီးသွားပြီး အဲဒီလမ်းကြောင်း ပျောက်ဆုံးသွားခဲ့ရတယ်။

အခုတော့ လေခွင်းမြို့က အဆင့်မြင့် ပြည့်တန်ဆာရုံတွေမှာ ဂီတဆရာမ လုပ်နေတယ်။ နာမည်ကြီး အနုပညာဇိမ်ခံမယ် (၁၀) ယောက်မှာ (၇) ယောက်က သူ့တပည့်တွေပဲ။ ခင်ဗျားကို စစ်ဆေးဖို့ အရည်အချင်း မရှိဘူးလား။” ရွှီအန်းထင်၏ အသံတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။

ယွင်ကျုံးဟဲ့သည် ထိုအမျိုးသမီးကို ကြည့်လိုက်၏။ အဘယ့်ကြောင့် မျက်နှာ ပျက်စီးသွားသနည်းဟု မမေးတော့ပေ။ မျက်နှာသာ မပျက်စီးလျှင် သူမသည် အလွန် လှပသူ ဖြစ်မည်မှာ သေချာလုနီးပါးဖြစ်၏။

ခန္ဓာကိုယ် အချိုးအစားကလည်း အလွန်လှပပြီး ကမ္ဘာကျော် အလှမယ် ဖြစ်လာနိုင်သူ တစ်ဦးပင်။ သူမ၏ တီးခတ်မှုကို နားမထောင်ဖူးသော်လည်း အဆင့်အတန်း မြင့်မားမည်မှာ သေချာသည်။

ထိုအမျိုးသမီးက ပြောလိုက်၏။ “ကြိုပြောထားမယ်။ ရှင် တီးခတ်ခွင့် တစ်ကြိမ်ပဲ ရမယ်။ ကျွန်မ အကဲဖြတ်ပေးမယ်။ အရည်အချင်း မမီရင် အချိန်မရှိတော့တဲ့အတွက် ဒုတိယလမ်းကြောင်းကိုပဲ ရွေးရမယ်။ အိမ်တော်ထဲမှာ အစေခံ သွားလုပ်ရမယ်။ တကယ်လို့ အရည်အချင်း ပြည့်မီရင်တော့ ကျွန်မ ရှင့်ကို လဝက်လောက် သင်ပေးမယ်။ တကယ့်ကို တော်သွား၊ ကောင်းသွားမှ ကတိုးမွှေးသခင်မဆီ သွားရမယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “စစ်ဆေးမှု အောင်မြင်ရင် မနက်ဖြန် ကောင်းကင်အမွေးအတောင် နန်းဆောင်ကို သွားလို့ ရပြီလား။”

ထိုအမျိုးသမီးက ပြောလိုက်၏။ “မဖြစ်နိုင်ဘူး။ ရှင့်မှတ်တမ်းအရ ရှင့်ရဲ့ စောင်းပညာက အောက်ဆုံးမှာပဲ ရှိတယ်။ နည်းစနစ် မကျဘူး။ ဒါကြောင့် ကျွန်မ အမြင်မှာတော့ ရှင့်အတွက် ပထမလမ်းကြောင်းက မဖြစ်နိုင်ဘူး။ ကတိုးမွှေးသခင်မက အနုပညာ အကဲခတ် အရမ်းတော်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။”

ယွင်ကျုံးဟဲ့ ပြန်မပြောတော့ဘဲ စောင်းရှေ့တွင် ဝင်ထိုင်လိုက်သည်။ “ကျုပ် (၂) ကြောင်းပဲ တီးမယ်။ စုစုပေါင်း ဂီတသံစဉ် (၁၄) ခုပဲ တီးမယ်။”

အားလုံး ကြောင်သွားကြသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်... (၂) ကြောင်းပဲ တီးမယ်။ အဲဒီ (၁၄) ခု တီးလို့မှ အရည်အချင်း မမီဘူးဆိုရင်၊ ခင်ဗျားကို ကြက်သီးမထစေဘူး၊ ရင်မတုန်စေဘူးဆိုရင်... ကျုပ် ဒီလက်တွေကို ဖြတ်ပြီး ခင်ဗျားကို ပေးလိုက်မယ်။ ဒီတစ်သက် စောင်းကို ပြန်မကိုင်တော့ဘူး။”

ထိုစကားကို ကြားချိန်မှာတော့ သူမ အံ့သြသွားပြီး စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။ သူမ စောင်းတီးလာတာ အနှစ် (၂၀) ကျော်ပြီဖြစ်သောကြောင့် စောင်းပညာ မည်မျှ ခက်ခဲသနည်း ဆိုသည်ကို သိ၏။ မကြားဖူးသော သီချင်းဆိုသည်မှာလည်း မရှိပေ။

အင်ပါယာ၏ နံပါတ်တစ် ဂီတပညာရှင်ဆီမှာ ပညာသင်ခဲ့ဖူးသူ ဖြစ်သည်။ သူမကို ကြက်သီးထအောင် လုပ်ဖို့ ဆိုသည်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။

ရွှီအန်းထင် (ညီမ)က ခေါင်းခါယမ်းလိုက်မိ၏။ “ဆရာတောင် မလုပ်နိုင်တဲ့ ကိစ္စကို ယွင်ကျုံးဟဲ့လို လမ်းဘေး စောင်းသမားက လုပ်နိုင်မတဲ့လား။ စောင်းပညာတင်မကဘူး။ သီချင်းကလည်း ကောင်းမှ ရမှာ။ နှစ်တစ်ရာမှာ တစ်ပုဒ် ပေါ်ခဲတဲ့ သီချင်းမျိုး ဖြစ်မှရမှာ။ ယွင်ကျုံးဟဲ့က အရည်အချင်း မီဖို့တောင် မလွယ်ဘူး။ (၂) ကြောင်းတီးရုံနဲ့ ကြက်သီးထအောင် လုပ်မယ်ဆိုတာ ယုန်က လိပ်ကို အပြေးပြိုင်မယ် ဆိုတာထက်တောင် ရယ်စရာ ကောင်းသေးတယ်။”

ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်လိုက်သည်။ “အမှတ် (၈) ဘီသိုဗင်... ဝင်ပူးစမ်း။ မြန်မြန် ဝင်ပူးစမ်း။”

အမှတ် (၈) လူနာ ဘီသိုဗင်သည် ကမ္ဘာကျော် ဂီတပညာရှင် ဖြစ်နိုင်သူ တစ်ဦးပင်။ သူ တီးခတ်လိုက်လျှင် နားထောင်သူများ ခေါင်းနှင့်နံရံ ဆောင့်မိမတတ် ဖြစ်သွားကြ၏။

ထို့ကြောင့် သူ့ကို ကုတင်နှင့် တုပ်နှောင် ထားရပြီး X စိတ်ကျန်းမာရေးဆေးရုံ၏ အန္တရာယ်အရှိဆုံး လူနာစာရင်း သွင်းထားရသည်။ မည်မျှကြမ်းတမ်းသနည်း ဆိုသည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေမည်။

ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြက်သီးများ ထသွားသည်။ သူ့ရှေ့တွင် အမှောင်ကျသွားပြီး ဘာကိုမှ မမြင်ရ၊ မကြားရတော့ပေ။ ‘သောက်ကျိုးနည်း... အမှတ် (၈) ဘီသိုဗင် ဝင်ပူးပြီကွ။’

All Chapters