အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အပိုင်း (၂၃)
တပ်မှူးလီရဲ့ အသံက ပြောင်းလဲလာ၏။ မျက်လုံးများက အေးစက်လာသည်။ “ဆရာကြီး... စာလုံး ရေးပြီးပြီလို့ ပြောနေတယ်လေ။ စဟောတော့လေ။ ဘာစာလုံးလဲ။ ကျုပ် ဘာဒုက္ခ ရောက်နေတာလဲ။ ဘယ်လို ဖြေရှင်းရမလဲ။”
သူ့လက်က ဓားရိုးကို လှမ်းကိုင်လိုက်သည်။ ယွင်ကျုံးဟဲ့သာ မှားယွင်းသွားပါက လူလိမ်ဟု သတ်မှတ်ပြီး မျက်နှာပြောင်တိုက်မှု မရှိအောင် သုတ်သင်ပစ်တော့မည်။
‘ငါ့လို မြို့စောင့်တပ် တပ်မှူးကို လမ်းဘေးက လူလိမ်တစ်ယောက်က လာကစားရဲတယ်ပေါ့လေ။’
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ထားဆဲဖြစ်၏။
လီထျန် စိတ်ထဲကနေ ရေတွက်နေသည်။ “တစ်ဆယ်၊ ကိုး၊ ရှစ်...” ရေတွက်လို့ ပြီးသည်နှင့် ယွင်ကျုံးဟဲ့ စကားမပြောသေးရင် သတ်ပစ်မည်။
စိတ်ဝေဒနာရှင်များကတော့ ရောက်မလာကြသေးပေ။ အမှတ် (၁၆) တင်မက မည်သူမှ ရောက်မလာချေ။ ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ ယခုတော့ သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ကံတရားကိုပဲ အားကိုးရတော့မှာ ဖြစ်သည်။
“သုံး... နှစ်... တစ်” လီထျန် ရေတွက်လို့ ပြီးသွားပြီဖြစ်၏။
သူက ဓားကို လက်မဝက်လောက် ဆွဲထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ “ယွင်ဆရာကြီး... ကျုပ် စိတ်ထဲက စာလုံး ရေးပြီးပြီ။ ခင်ဗျား နတ်မျက်စိ ရထားတယ်ဆို... ဟောလေ။ ဘာစာလုံးလဲ။ ကျုပ် ဘာပြဿနာ တက်နေတာလဲ။ ဘယ်လို ဖြေရှင်းရမလဲ။
ခင်ဗျားသာ မှန်အောင် ဟောနိုင်ရင် ဒီစာအိတ်ကို မြို့စားအိမ်တော်က သခင်လေး ကျင်းဝူပြန်းဆီ ကိုယ်တိုင် သွားပို့ပေးမယ်။ ဒါပေမဲ့ မှားခဲ့ရင်တော့ စိတ်မရှိပါနဲ့။ အယူသည်းပြီး လိမ်လည်လှည့်ဖြားတဲ့ လူတွေကို နှိမ်နင်းရတာ ကျုပ်တို့ မြို့စောင့်တပ်ရဲ့ တာဝန်ပဲ။ ကျုပ်ကို ရက်စက်တယ်လို့ မထင်ပါနဲ့။”
ယွင်ကျုံးဟဲ့၏ ဦးနှောက်သည် အလွန်အမင်း အလုပ် လုပ်နေရသည်။ ယခုအချိန်သည် သူ၏ ဉာဏ်ပညာကို စမ်းသပ်မည့် အချိန်ပင်။ ဤအရေးကြီးသော အချိန်တွင် ရဲရဲဝံ့ဝံ့ မှန်းဆကြည့်ရန်သာ ရှိတော့သည်။ မြို့စောင့်တပ် တပ်မှူးလီထျန် ရင်ဆိုင်နေရသော အသက်အန္တရာယ် ပြဿနာသည် မည်သည့်အရာ ဖြစ်နေသနည်း။
လတ်တလော ဖြစ်ပျက်ခဲ့သော အရေးကြီး ကိစ္စရပ်များကို ပြန်စဉ်းစားကြည့်လိုက်သည်။ ယွင်ကျုံးဟဲ့၏ အနီးနားတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် တစ်ခုရှိသည်။ မြို့စားအိမ်တော၏် အိမ်တော်ထိန်း လီထန်သည် ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြင့် အဖမ်းခံထားရခြင်း ဖြစ်သည်။
အိမ်တော်ထိန်း လီထန်နှင့် တပ်မှူး လီထျန်... နှစ်ယောက်စလုံး ‘လီ’ မျိုးရိုး တူနေသည်။ သူတို့နှစ်ယောက် ဆက်စပ်မှု ရှိနိုင်သည်လား။ ပို၍ ရဲရဲဝံ့ဝံ့ မှန်းဆရလျှင် လီထန်သည် လီထျန်၏ ကျောထောက်နောက်ခံ ဖြစ်နိုင်သည်။ ကျောထောက်နောက်ခံ ပြိုလဲသွားသောကြောင့် လီထျန်သည် ကြောက်ရွံ့တုန်လှုပ်နေပြီး မည်သို့ ဆုံးဖြတ်ရမည်မသိ ဖြစ်နေခြင်းမှာ အဖြစ်နိုင်ဆုံးပင်။
‘ဟုတ်တယ်။ ဒါ အဖြစ်နိုင်ဆုံးပဲ။ ဒါပေမဲ့ အဓိက သော့ချက်က လီထျန် စိတ်ထဲမှာ ရေးထားတဲ့ စာလုံးက ဘာလဲ ဆိုတာပဲ။’
ပင်လယ်ထဲ အပ်ရှာသလို ခက်ခဲလှသည်။ ယွင်ကျုံးဟဲ့သည် လီထျန်အကြောင်း တစ်ခုမှ မသိပေ။ မှန်းဆရန် အစအန မရှိချေ။ သို့သော်ငြား လီထန်၏ ကိုယ်ရေးရာဇဝင်ကို အလွတ်ကျက်ထားဖူးသည်။ လီထန်၏ အဘိုးသည် မူလက ‘လွီ’ မျိုးရိုး ဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့် ‘လီ’ အိမ်သို့ မွေးစားခံလိုက်ရပြီး မျိုးရိုး ပြောင်းသွားခြင်း ဖြစ်သည်။
လီထန်သည် ထိုကိစ္စကို စိတ်ထဲ အမြဲထားရှိပြီး မူလမျိုးရိုးကို ပြန်မယူနိုင်သောကြောင့် ဝမ်းနည်းနေတတ်သည်။ လီထန်သည် စာပေအနုပညာကို မြတ်နိုးသူ ဖြစ်သောကြောင့် ယွင်ကျုံးဟဲ့က သူ့ကို ဖားရန်အတွက် သူ့လက်ရေးများကို လေ့လာခဲ့ဖူးသည်။
လီထန် အများဆုံး ရေးလေ့ရှိသော စာလုံး၊ အလှဆုံး ရေးသော စာလုံးမှာ ‘လွီ’ ဖြစ်သည်။ လီထျန်သည် လီထန်၏ တူတော်စပ်လျှင် သူ့မျိုးရိုးသည်လည်း ‘လွီ’ ဖြစ်ပေလိမ့်မည်။ သူသည်လည်း လီထန်၏ လွှမ်းမိုးမှု ခံထားရပြီး ‘လွီ’ စာလုံးကို စွဲလမ်းနေနိုင်သည်လား။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တပ်မှူးလီ... ခင်ဗျား စိတ်ထဲက စာလုံးက မျိုးရိုးစဉ်ဆက်နဲ့ သက်ဆိုင်နေတယ် မဟုတ်လား။”
ဤအရာက စမ်းသပ်မေးခွန်း ဖြစ်သည်။ မည်သည့်စာလုံးမဆို မျိုးရိုးနှင့် ဆက်စပ်၍ ရသည် မဟုတ်ပါလား။ ယွင်ကျုံးဟဲ့ မှားသည်ဟု ပြော၍လည်း မရနိုင်ပေ။ အကယ်၍ လီထျန်သာ ချက်ချင်း ဝန်ခံလိုက်သည်ဆိုပါက ထိုစာလုံးက ‘လွီ’ ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီဖြစ်သည်။
လီထျန် အနည်းငယ် အံ့သြသွားပြီး ခေါင်းညိတ်လိုက်သည်။ “မှန်တယ်။”
သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ တခြားစာလုံး ဆိုလျှင် စဉ်းစားနေဦးမည်။ ယခု ချက်ချင်း ခေါင်းညိတ် လိုက်ခြင်းက ‘လွီ’ ဖြစ်နိုင်ခြေ ပိုများစေသည်။ လီထျန်သည်လည်း လီထန်ကဲ့သို့ပင် မူလမျိုးရိုးကို ပြန်မယူနိုင်သောကြောင့် စိတ်ဒုက္ခ ရောက်နေပုံရသည်။ စိတ်ထဲတွင် စာလုံးတစ်လုံး ရေးပါ ဆိုလျှင် ‘လွီ’ ကိုသာ ပြေးမြင်မိပေလိမ့်မည်။
“ ‘လွီ’ ခင်ဗျား စိတ်ထဲက စာလုံးက ‘လွီ’ ပဲ။”
အမှောင်ထဲတွင် ပုန်းနေသော ရွှီအန်းထင် (အမျိုးသမီး) သည် လေးကို လီထျန်ထံ ချိန်ရွယ်ထား၏။ ယွင်ကျုံးဟဲ့ မှားသွားပြီး လီထျန်က တိုက်ခိုက်လာလျှင် ချက်ချင်း ပစ်သတ်ရန် အသင့် ပြင်ထားသည်။
ယွင်ကျုံးဟဲ့၏ အဖြေကို ကြားလိုက်ရချိန်မှာတော့ လီထျန် ကြောင်အသွား၏။ သူ့နားကို သူ မယုံနိုင် ဖြစ်နေသည်။ ခဏကြာမှ ဓားကို ပြန်သိမ်းလိုက်ပြီး ဦးညွှတ်လိုက်၏။ “နတ်ဆရာကြီးက တကယ့် ပညာရှင်ပါပဲ။ ကျုပ် စိတ်ထဲက စာလုံးကို တကယ် သိနေတာပဲ။”
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်သည်။ ‘မှန်သွားပြီ။ ဉာဏ်ပညာ (၃၀) ရာခိုင်နှုန်း၊ ကံတရား (၇၀) ရာခိုင်နှုန်း အသုံးချလိုက်ရတယ်။’
လီထျန်၏ လေးစားမှု အပြည့်ဖြင့် ဆက်ဆံပုံကို မြင်ချိန်မှာတော့ ယွင်ကျုံးဟဲ့ အေးစက်စွာ မေးလိုက်၏။ “စောစောက ကျုပ်ကို ဓားနဲ့ ခုတ်မလို့လား။”
လီထျန်က ပြာပြာသလဲ တောင်းပန်လိုက်သည်။ “ကျုပ်က မျက်ကန်းမို့လို့ပါ နတ်ဆရာကြီး။ ခွင့်လွှတ်ပါ။”
“ထားလိုက်ပါတော့။ အခု ခင်ဗျားရဲ့ ပြဿနာကို ရှင်းရအောင်။”
ယွင်ကျုံးဟဲ့က မြေကြီးပေါ်တွင် ‘လွီ’ စာလုံးကို ရေးလိုက်၏။
“ ‘လွီ’ စာလုံးမှာ ပါးစပ်ပေါက် (၂) ပေါက် ပါတယ်။ ရှေးခေတ်တုန်းက ဒီစာလုံးက အိမ်တစ်လုံးကို ကိုယ်စား ပြုတယ်။ အထက်က အပေါက်က ပြတင်းပေါက်၊ အောက်က အပေါက်က တံခါးပေါက်။ ဒါပေမဲ့ အိမ်ခေါင်မိုးပေါ်မှာ ပြတင်းပေါက် ဖောက်ထားတဲ့ အိမ်မျိုးက ထောင်ပဲ ရှိတယ်။ အကျဉ်းသားတွေ ထွက်မပြေးနိုင်အောင် အမြင့်မှာ ဖောက်ထားတာ။ တပ်မှူးလီ... ခင်ဗျားအတွက် အရေးကြီးတဲ့ လူတစ်ယောက် ထောင်ကျနေတယ် မဟုတ်လား။”
လီထျန် လုံးဝ အံ့သြသွားသည်။ “နတ်ဆရာကြီးက တကယ့်ကို နတ်မျက်စိ ရထားတာပဲ။ ကျုပ် လက်ခံပါပြီ။ ထောင်ကျနေတာက ကျုပ် ဦးလေးပါ။ မြို့စားအိမ်တော် အိမ်တော်ထိန်း လီထန်လေ။ သူက ကျုပ်ရဲ့ ကျောထောက်နောက်ခံပဲ။ အခု သူတို့က ကျုပ်ကို ဦးလေးရဲ့ အပြစ်တွေကို ဖော်ထုတ်ခိုင်းနေတယ်။ မပြောရင် ကျုပ်ကိုပါ ဖမ်းမယ်တဲ့။ ကျုပ် ဘယ်လို လုပ်ရမလဲ။ ဦးလေးကို သစ္စာဖောက်ရမလား။ သစ္စာစောင့်သိရမလား။ အဓိက က ဦးလေးက ဒီအမှုကနေ လွတ်နိုင်ပါ့မလား ဆိုတာပါပဲ။”
‘ရှင်းသွားပြီ။ လီထျန်က ဦးလေးဖြစ်သူ လွတ်နိုင်မလွတ်နိုင် မသေချာလို့ ဝေခွဲမရ ဖြစ်နေတာပဲ။ သစ္စာဖောက်လိုက်လို့ လီထန် ထောင်က လွတ်လာတဲ့အခါ လီထျန် သေလိမ့်မယ်။ သစ္စာစောင့်သိလိုက်လို့ လီထန် မလွတ်တဲ့အခါ လီထျန်ပါ သေလိမ့်မယ်။’
လီထျန်က အားကိုးတကြီးဖြင့် မေးလိုက်၏။ “နတ်ဆရာကြီး... ကူညီပါအုံး။ ကျုပ် ဦးလေး လွတ်နိုင်မလား။ ကျုပ် ဘယ်လို လုပ်သင့်လဲ။”
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ပြီး လက်ချောင်းလေးတွေ တွက်ချက်ဟန် ပြုလိုက်သည်။ “ခင်ဗျား ဦးလေးရဲ့ မူလမျိုးရိုးက ‘လွီ’ မဟုတ်လား။ နောက်မှ ‘လီ’ ပြောင်းသွားတာ။”
လီထျန် ပိုပြီး အံ့သြသွားသည်။ ‘ဒါတွေကိုပါ သိနေတယ် ဆိုတော့ တကယ့် နတ်ဘုရားပါပဲ။’
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ ‘လွီ’ စာလုံးကို ကြည့်လိုက်။ အထက်က အပေါက်က ပြတင်းပေါက်၊ အောက်က အပေါက်က တံခါးပေါက်။ ထောင်နဲ့ တူတယ်။ ဒါပေမဲ့ ‘လွီ’ ကနေ ‘လီ’ ပြောင်းသွားတယ် ဆိုတာ ထောင်ထဲကနေ လွတ်မြောက်သွားတာကို ပြတာပဲ။
ဒါကြောင့် ခင်ဗျားရဲ့ဦးလေးက ဒီတစ်ခါ အန္တရာယ်ကနေ လွတ်မြောက်နိုင်လိမ့်မယ်။ ခင်ဗျား သူ့ကို သစ္စာမဖောက်နဲ့။ သူ့ဘက်က ရပ်တည်ပေးလိုက်။ အခုလောလောဆယ် ဒုက္ခရောက်နိုင်ပေမယ့် နောင်ကျရင် ကောင်းကျိုး ခံစားရလိမ့်မယ်။”
လီထျန် ဝမ်းသာအားရဖြင့် ရေရွတ်လိုက်သည်။ “မှန်တယ်။ မှန်တယ်။ ကောင်းကင်ဘုံက လမ်းပြနေတာပဲ။ ကျေးဇူးတင်ပါတယ် နတ်ဆရာကြီး။”
သူက ငွေ (၁၀၀) ပါသော သေတ္တာကို ကမ်းပေးလိုက်သည်။
ယွင်ကျုံးဟဲ့က လက်ကာပြလိုက်၏။ “ကျုပ် ပြောပြီးသားလေ။ ပိုက်ဆံ မယူဘူးလို့။ ကိစ္စပြီးရင် ဒီပိုးအိတ်ကလေးကို သခင်လေး ကျင်းဝူပြန်းဆီ သွားပို့ပေး။ ဒါဆို ကျေပြီ။”
“တကယ်လို့ ဆရာကြီး ဟောတာ မှန်ခဲ့ရင် ခေါင်းပြတ်ခံပြီး သွားပို့ပေးပါ့မယ်။” တပ်မှူးလီ ကျေးဇူးတင်စကား ဆိုပြီး ပြန်သွားလေသည်။
ယွင်ကျုံးဟဲ့ သက်ပြင်းချလိုက်၏။ မြို့စားအိမ်တော်ထဲ ဝင်နိုင်မဝင်နိုင် ဆိုခြင်းမှာ ထိုပိုးအိတ်ကလေး အပေါ်မှာ မူတည်နေပြီဖြစ်၏။
………………
တပ်မှူးလီ အိမ်ပြန်ရောက်ပြီး ပိုးအိတ်ကလေးကို သေချာ သိမ်းထားလိုက်သည်။ ထို့နောက် အိပ်ပျော်သွား တော့သည်။
နောက်တစ်နေ့ ရုံးတက်ချိန်တွင် တပ်မှူးလီ အဖမ်းခံလိုက်ရသည်။ သွေးနက်ဂိုဏ်းက သူ့ကို နှိပ်စက်ပြီး ဦးလေးဖြစ်သူ လီထန်၏ အပြစ်များကို ဝန်ခံခိုင်း၏။
ပုံမှန်ဆိုလျှင် တပ်မှူးလီ ဝန်ခံလိုက်ပြီး မိမိ၏ ဦးလေးကို ရောင်းစားလိုက်ပေမည်။ သို့သော်ငြား မနေ့ညက နတ်ဆရာကြီး၏ ဟောပြောချက်ကြောင့် သူ၏ စိတ်ဓာတ်က ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မာနေလေသည်။
“ဟား ဟား ဟား... ကျုပ်ရဲ့ ဦးလေးကို သစ္စာဖောက်ရမယ် ဟုတ်လား။ အိပ်မက်မက်နေလိုက်။ ဦးလေးက ကျုပ်ရဲ့ ကျေးဇူးရှင်။ ကျုပ် လီထျန်က ကျေးဇူးကန်းတဲ့ကောင် မဟုတ်ဘူး။ သတ်ချင်သတ်လိုက်... ကျုပ်ဘယ်တော့မှ သစ္စာမဖောက်ဘူး။”
နှိပ်စက်သူများက ကြိမ်ဒဏ် (၃) ကြိမ် ပေးသော်လည်း လီထျန် မမှုပေ။
…………
“လီထျန် ဝန်ခံလား။” အမျိုးသမီး တစ်ဦးက မေးလိုက်သည်။ သူမသည် သွေးနက်ဂိုဏ်း၏ ခေါင်းဆောင် လန်ပိ ဖြစ်သည်။ ကျင်းကျုံးယွဲ့၏ လက်ရုံးတစ်ဆူဖြစ်ပြီး သူလျှိုများကို နှိမ်နင်းရာတွင် နာမည်ကြီးသည်။
ဂိုဏ်းသားက ပြောလိုက်၏။ “ဝန်မခံဘူး။ သတ်ရင်သတ် သစ္စာမဖောက်ဘူးတဲ့”
လန်ပိက အံ့အားသင့်သွားသည်။ “အင်း... မထင်ရဘူး။ ဒီလူက သစ္စာရှိလှချည်လား။”
ဂိုဏ်းသားက မေးလိုက်၏။ “သခင်မ... သူ့ကို သတ်ပစ်လိုက်ရမလား။”
လန်ပိက ပြောလိုက်သည်။ “မသတ်နဲ့။ လေခွင်းမြို့မှာ သစ္စာရှိတဲ့သူ ရှားတယ်။ ဆက်မနှိပ်စက်နဲ့တော့။”
ဂိုဏ်းသားက ထပ်မေးလိုက်၏။ “လီထန် ကိစ္စကရော။”
လန်ပိက ဖြေလိုက်သည်။ “မြို့စားကတော်ကြီး ဝင်ပြောထားလို့ မြို့စားမင်းက လီထန်ကို မသတ်တော့ဘူး။”
ဂိုဏ်းသားက မေးလိုက်ပြန်၏။ “ဒါဆို ဒီအတိုင်း လွှတ်ပေးလိုက်ရမလား။”
လန်ပိက ခေါင်းညိတ်လိုက်သည်။ “မြို့စားမင်း ဆုံးဖြတ်ပြီးပြီ။”
..........
နေ့တစ်ဝက် ကြာပြီးနောက် အိမ်တော်ထိန်း လီထန် ပြန်လွတ်လာသည်။ အလွဲသုံးစားလုပ်ထားသော ငွေ (၃) သောင်း ပြန်လျော်ရပြီး ရာထူးဖြုတ်ကာ ရွာပြန်ပို့လိုက်၏။
တပ်မှူး လီထျန်လည်း ပြန်လွတ်လာသည်။ အပြစ်မရှိကြောင်း ကြေညာပြီး မြို့စားမင်းက ဆုချသည်။ တကယ်တမ်းတွင် မြို့စားမင်း ကိုယ်တိုင် မဟုတ်ဘဲ သွေးနက်ဂိုဏ်း ခေါင်းဆောင် လန်ပိက ကိုယ်စား တွေ့ဆုံခြင်း ဖြစ်သည်။
လန်ပိက လီထျန်ကို (၁၀) မိနစ်လောက် ဆူပူကြိမ်းမောင်းလိုက်သည်။ သို့သော်ငြား လီထျန် ပျော်ရွှင်နေသည်။ ဆူပူခံရခြင်းက သူ့ကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း နားလည်သည်။ သူ့သစ္စာရှိမှုကို မြို့စားမင်း သဘောကျသွားပြီ ဖြစ်၏။
ယနေ့ လီထန်ကို သစ္စာမဖောက်လျှင် နောင်တစ်ချိန် ကျင်းမိသားစုကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။
လီထျန်သည် သာမန် တပ်မှူးလေး တစ်ယောက်သာ ဖြစ်သည်။ ယခုအခါ မြို့စားမင်း၏ အာရုံစိုက်မှုကို ရရှိသွားပြီ ဖြစ်သောကြောင့် အနာဂတ်တွင် ရာထူးတက်လာတော့မည်။
လီထျန်၏ စိတ်ထဲတွင် “ယွင်နတ်ဆရာကြီးက တကယ် နတ်ဘုရားပဲ” ဟူသော အတွေးသာ ရှိတော့သည်။ အလွန် မှန်ကန်လွန်းလှ၏။ ထို့ကြောင့် ယခု ယွင်နတ်ဆရာကြီး ခိုင်းထားသော ကိစ္စကို လုပ်ရန်သာ ကျန်တော့သည်။
လီထျန်သည် ဒဏ်ရာများကို ဂရုမစိုက်ဘဲ အိမ်ပြန်ပြေးကာ ပိုးအိတ်ကလေးကို ယူလိုက်သည်။ ဖွင့်ကြည့်ချင်စိတ် ရှိသော်လည်း မကြည့်ရဲပေ။ သခင်လေး ကျင်းဝူပြန်းနှင့် ပတ်သက်နေသောကြောင့် အန္တရာယ် များလှ၏။
ပိုးအိတ်ကို ရင်ခွင်ထဲ ထည့်ပြီး မြို့စားအိမ်တော်သို့ ပြေးသွားလေသည်။
………………
အပိုင်း (၂၄)
လီထျန် မြို့စားအိမ်တော်ဆီသို့ အပြေးအလွှား သွားရောက်လိုက်သည်။ တပ်မှူးလီသည် မြို့စောင့်တပ်တွင် ရာထူးရှိသော်လည်း မြို့စားအိမ်တော်တွင်မူ အရာမဝင်ပေ။ အထူးသဖြင့် လီထန် ရာထူးပြုတ်သွားပြီး နောက်ပိုင်း ပို၍ အခြေအနေဆိုးလာ၏။
သူက တံခါးစောင့်ကို ပြောလိုက်သည်။ “သခင်လေး ကျင်းဝူပြန်းကို တွေ့ချင်လို့ပါ။”
“တွေ့ခွင့် မပေးနိုင်ဘူး။” အစေခံက ငြင်းလိုက်၏။
တပ်မှူးလီက ပြောလိုက်သည်။ “ကျုပ်ဆီမှာ သခင်လေးရဲ့ အသက်နဲ့ဆိုင်တဲ့ ပိုးအိတ်ကလေး တစ်လုံး ပါလာတယ်။ ကိုယ်တိုင် ပေးရမယ်။”
အစေခံ လန့်သွားပြီး အတွင်းသို့ ဝင်ရောက် သတင်းပို့လိုက်သည်။ ခဏအကြာတွင် အစေခံ ပြန်ထွက်လာသည်။ မျက်နှာတွင် ပါးရိုက်ခံထားရသော အရာနှင့် ခန္ဓာကိုယ်တွင် ကြိမ်ဒဏ်ရာများ ပါလာသည်။ အရိုက်ခံလိုက်ရပုံပင်။
သူက ပြောလိုက်၏။ “သခင်လေးက ဝင်ခဲ့တဲ့။”
လီထျန်သည် ကြောက်ရွံ့စွာဖြင့် ဝင်ရောက်သွားသည်။ သခင်လေးအိမ်တော်ဆီ လာရခြင်းမှာ ကျားတွင်းထဲ ဝင်ရသကဲ့သို့ ခံစားနေရသည်။ သို့သော်ငြား ယွင်နတ်ဆရာကြီး ရှိနေသောကြောင့် စိတ်ထဲတွင် အားရှိနေ၏။
အနောက်ဘက် အဆောင်သို့ ရောက်ချိန်မှာတော့ လီထျန် မျက်စိကျိန်းမတတ် ဖြစ်သွားသည်။ အလွန် ခမ်းနားထည်ဝါလှသည်။ သူ ခေါင်းငုံ့ပြီး ဝင်သွားလိုက်သည်။ အဆောက်အအုံ အတွင်းသို့ ရောက်ချိန်မှာတော့ မွှေးပျံ့သော ရနံ့များ ရရှိလိုက်သည်။ ကျင်းဝူပြန်း၏ နေအိမ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။
“ဒူးထောက်” အစေခံတစ်ဦးက အော်လိုက်၏။
လီထျန် ဒူးထောက်လိုက်သည်။
“မင်းမှာ ငါ့အသက်နဲ့ ဆိုင်တဲ့ ပိုးအိတ် ပါလာတယ်ဆို” ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။
လီထျန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ တန်ခိုးကြီးတဲ့ ယွင်နတ်ဆရာကြီးက သခင်လေး လက်ထဲ အရောက်ပေးပါလို့ မှာလိုက်ပါတယ်။”
ကျင်းဝူပြန်းက တောင်းလိုက်သည်။ “ထုတ်ပေးစမ်း။”
လီထျန် ပိုးအိတ်ကို ထုတ်ပေးလိုက်၏။
လက်တစ်ဖက်က လှမ်းယူပြီး ကျင်းဝူပြန်းထံ ကမ်းပေးလိုက်သည်။
ကျင်းဝူပြန်း ပိုးအိတ်ကို ဖွင့်လိုက်သည်။ အတွင်းတွင် ဖယောင်းချိပ်ဖြင့် ပိတ်ထားသော စာအိတ်တစ်အိတ် ပါရှိနေသည်။ ဖယောင်းချိပ်ကို ခွာပြီး စာရွက်ကို ထုတ်ဖတ်လိုက်ချိန်မှာတော့ စာရွက်ထဲတွင် စာကြောင်း နှစ်ကြောင်းသာ ပါရှိသည်ကို မြင်လိုက်ရ၏။
သို့သော်ငြား ကျင်းဝူပြန်း ဖတ်လိုက်သည်နှင့် ပေါက်ကွဲသွားတော့သည်။ ပထမ စာကြောင်းမှာ “ကျုပ်က နှစ်တစ်ထောင်မှာ တစ်ယောက် ပေါ်ထွန်းသော ပါရမီရှင် ဖြစ်သည်။ တစ်နှစ်အတွင်း ကျင်းကျုံးယွဲ့ကို ဖြုတ်ချပြီး သင့်ကို မြို့စား ဖြစ်အောင် ကူညီပေးနိုင်သည်” ဟု ရေးထားသည်။
ထိုအရာက သိပ်မထူးဆန်းပေ။ သူ့ကို လာမြှောက်ပင့်သူတိုင်း ပြောနေကျ စကားများသာဖြစ်သည်။ ဒုတိယ စာကြောင်းကတောသူ့ကို သည်းခံနိုင်စွမ်း ကုန်ဆုံးစေ၏။
“ယွင်ကျုံးဟဲ့ တွက်ချက်ရသလောက် သခင်လေး ကျင်းဝူပြန်း... ခင်ဗျားက မြုံနေတယ်။ (ကလေးမရနိုင်ဘူး)”
ကျင်းဝူပြန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “လာကြ... ဒီကောင် လီထျန်ကို ရိုက်သတ်လိုက်။ ပြီးရင် အဲဒီ ယွင် ဆိုတဲ့ကောင်ကို သွားဖမ်းကြ။ ခုခံရင် အသေသတ်လိုက်။ မြန်မြန်... အဲဒီ ယွင် ဆိုတဲ့ကောင်ကို သွားဖမ်းကြ... မြို့စားအိမ်တော်ထဲ ဆွဲခေါ်ခဲ့။”
ကျင်းဝူပြန်း ဒေါသထွက်နေသည်မှာ မဆန်းပေ။ သူ မြုံနေခြင်းသည် လျှို့ဝှက်ချက် ဖြစ်သည်။ သူကိုယ်တိုင်နှင့် လူသုံး၊ လေးယောက်လောက်သာ သိထားသော ကိစ္စဖြစ်၏။
မိခင် လေခွင်းကတော်၊ အစ်မ ကျင်းကျုံးယွဲ့၊ နတ်ဆရာလန်နှင့် သွေးနက်ဂိုဏ်းခေါင်းဆောင် လန်ပိတို့သာ သိသည်။ အကယ်၍ ဤသတင်း ပေါက်ကြားသွားပါက ကျင်းဝူပြန်း၏ ဘဝ ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့၏ စာကို ဖတ်ပြီးနောက် ကျင်းဝူပြန်းသည် ရှက်ရမ်း ရမ်းကာ ဒေါသပေါက်ကွဲသွားခြင်း ဖြစ်သည်။
ကျင်းဝူပြန်း၏ အမိန့်ကြောင့် လူမိုက်များက လီထျန်ကို ဆွဲခေါ်သွားကြ၏။
“သတ်လိုက်... သတ်လိုက်... ငါ့အခန်းထဲမှာ မသတ်နဲ့။ အပြင်ထုတ်သတ်...”
လီထျန် လန့်ဖျပ်သွားသည်။ “ဘာလို့လဲ... ဘာလို့လဲ။ ဒီနေ့ နေ့လယ်ကပဲ မြို့စားမင်းက ကျုပ်ကို ချီးကျူးခဲ့တာလေ။”
သို့သော်ငြား မည်သူမှ ဂရုမစိုက်ပေ။ သူ့ကို ခွေးတစ်ကောင်လို ဆွဲထုတ်သွားကြ၏။ လီထျန်၏ သိုင်းပညာ မဆိုးသော်လည်း ပြန်လည် ခုခံရန် မစဉ်းစားရဲပေ။
အိမ်ပြင်ရောက်ချိန်မှာတော့ လီထျန်က အော်ဟစ်လိုက်သည်။ “ယွင်နတ်ဆရာကြီး... ကယ်ပါအုံး... ကယ်ပါအုံး။”
အိမ်ထဲတွင် ရှိနေသော ဆံပင်ဖြူနှင့် နတ်ဆရာလန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာ၏။
“သခင်လေး... ဖမ်းရမယ့်လူက ဘယ်မှာလဲ။” လူမိုက်ခေါင်းဆောင်က မေးလိုက်သည်။
ကျင်းဝူပြန်းက ပြောလိုက်၏။ “ငါ ဘယ်သိမလဲ။ ဟို လီထျန် ဆိုတဲ့ကောင်ကို သွားမေးကြည့်။”
လူမိုက်ခေါင်းဆောင်က မေးလိုက်သည်။ “ဖမ်းမိရင် ချက်ချင်း သတ်လိုက်ရမလား။”
ကျင်းဝူပြန်းက ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်၏။ “မသတ်နဲ့... လုံးဝ မသတ်နဲ့။ အိမ်တော်ထဲ ခေါ်လာခဲ့။ ငါ ကိုယ်တိုင် အသားလွှာပြီး သတ်မယ်။”
…………
လူမိုက်ခေါင်းဆောင်က မေးလိုက်သည်။ “အဲဒီ ယွင်နတ်ဆရာကြီး ဘယ်မှာလဲ။”
“မြို့အနောက်ဘက် ရန်ရှုလမ်းကြားထဲမှာရှိတယ်။ လူသူကင်းမဲ့တဲ့ နေရာမှာ တစ်ယောက်တည်း ဗေဒင် ဟောနေတာ။” လီထျန်က တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်၏။
လူမိုက်ခေါင်းဆောင်က ပြောလိုက်သည်။ “ကောင်းပြီ။ အေးအေးဆေးဆေးသာ သွားပေတော့။”
လူမိုက်တစ်ယောက်က ကြိုးကွင်းစွပ်ပြီး လီထျန်ကို လည်ပင်းညှစ်သတ်ရန် ပြင်လိုက်၏။
အခြားနိုင်ငံများတွင် အရာရှိတစ်ယောက်ကို ဤကဲ့သို့ သတ်ဖြတ်ခြင်းမျိုး မရှိနိုင်ပေ။ သို့သော်ငြား ပိုင်ရှင်မဲ့ နယ်မြေတွင်မူ မြို့စားများသည် ဘုရင်တစ်ပါးသဖွယ် အာဏာရှိကြသည်။ သတ်ချင်သတ်၊ လွှတ်ချင်လွှတ် လုပ်နိုင်သည်။
ခဏအကြာတွင် လီထျန် လျှာထွက်လာပြီး အသက်ငွေ့ငွေ့သာ ကျန်တော့၏။
သူ နားမလည်နိုင်ပေ။ လီထန်၏ အမှုကြီးတွင် သူ လွတ်မြောက်ခဲ့သော်လည်း ပိုးအိတ်ကလေး လာပို့မိရုံဖြင့် အသတ်ခံရမည်တဲ့လား။ ကျင်းဝူပြန်းကို စော်ကားမိခြင်းက ငွေသောင်းချီ အလွဲသုံးစားလုပ်ခြင်းထက် ပိုအပြစ်ကြီးနေသည်လား။
ထိုအချိန်တွင် ရေခဲတုံးကဲ့သို့ အေးစက်သော အမျိုးသမီး တစ်ဦး ဝင်လာသည်။ သူမသည် ဟန့်တားခြင်း မပြုဘဲ တစ်ချက်ကြည့်လိုက်ရုံသာဖြစ်၏။ သို့သော်ငြား ထိုအကြည့်တစ်ချက်ကြောင့် လူမိုက်များက လီထျန်ကို လွှတ်ပေးလိုက်ကြသည်။
လီထျန် မြေကြီးပေါ် လဲကျသွားပြီး အသက်ကို မနည်းရှူနေရ၏။ “သခင်မလန်... ကယ်ပါအုံး။ ကယ်ပါအုံး။”
လန်ပိက ဘာမှ ပြန်မပြောဘဲ ကျင်းဝူပြန်း၏ အခန်းဘက်သို့ ဆက်လက် လျှောက်သွားလိုက်သည်။
………………
“ဝူပြန်း... ဘာဖြစ်တာလဲ။ နေ့လယ်ကမှ ဒီလူကို ငါ ကိုယ်တိုင် ချီးကျူးခဲ့တာ။ ညကျတော့ နင်က သတ်မယ် လုပ်နေတယ်။ တော်ရုံတန်ရုံ လုပ်စမ်းပါ။” လန်ပိက ဝင်ဝင်ချင်း ဆူပူလိုက်သည်။
မြို့စားအိမ်တော်တွင် သူမ၏ အဆင့်အတန်း မြင့်မားလှပြီး ကျင်းဝူပြန်းကိုပင် ဆူပူရဲနေ၏။
လန်ပိသည် မြို့စားဟောင်း ကျင်းအဲ့၏ မွေးစားသမီးဖြစ်ပြီး သိုင်းပညာ ထူးချွန်သူ ဖြစ်သည်။ ကျင်းဝူပြန်း အတွက် အစ်မတစ်ယောက်လို ဖြစ်နေသည်။
ကျင်းဝူပြန်း မျက်နှာပျက်သွားသော်လည်း လန်ပိ၏ လှပသော ခန္ဓာကိုယ်ကို ခိုးကြည့်မိလိုက်၏။ ငယ်စဉ်တည်းက ဤအစ်မကြီးက သူ၏စိတ်ကူးယဉ် အိပ်မက် ဖြစ်ခဲ့သည့်လူပင်။
“အစ်မလန်... ဒါကို ကြည့်ပါအုံး။”
ကျင်းဝူပြန်းက ယွင်ကျုံးဟဲ့၏ စာကို ကမ်းပေးလိုက်သည်။ သူ မြုံနေသည့် ကိစ္စကို လန်ပိလည်း သိထားသည် မဟုတ်ပါလား။
လန်ပိ စာကို ဖတ်ကြည့်လိုက်ချိန်မှာတော့ မျက်နှာထား ပြောင်းလဲသွားသည်။ ဒုတိယ စာကြောင်းဖြစ်သည့် ကျင်းဝူပြန်း မြုံနေသည် ဆိုသော အချက်ကို ထားလိုက်ပါတော့။ သူက အသုံးမကျသူ ဖြစ်သောကြောင့် ကလေးရသည် မရသည် အရေးမကြီးပေ။
သို့သော်ငြား ပထမ စာကြောင်း... “တစ်နှစ်အတွင်း ကျင်းကျုံးယွဲ့ကို ဖြုတ်ချပေးမည်” ဆိုသော စာသားက သူမကို ဒေါသထွက်စေသည်။
ကျင်းကျုံးယွဲ့သည် သူမ၏ သခင်၊ သူမ အသက်ပေး ကာကွယ်ရမည့်သူ ဖြစ်သည်။ ယခု လူတစ်ယောက်က သူမ၏ သခင်ကို ဖြုတ်ချမည်ဟု ကြွေးကြော်နေ၏။
လန်ပိ၏ မျက်နှာသည် ရေခဲပြင်ကဲ့သို့ အေးစက်သွားပြီး မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ “ဒီလူ... သေလမ်းရှာနေတာပဲ။”
ကျင်းဝူပြန်းက ပြောလိုက်သည်။ “ကျုပ် လူလွှတ်ပြီး ဖမ်းခိုင်းလိုက်ပြီ။ အရေခွံခွာပြီး ခွေးကျွေးပစ်မယ်။”
ထိုအချိန်တွင် ဆံပင်ဖြူ နတ်ဆရာလန်က ဝင်ပြောလိုက်၏။ “သခင်မလန်... ခဏလောက် စကားပြောချင်ပါတယ်။”
လန်ပိက ပြောလိုက်သည်။ “ပြောပါ... ဆရာလန်”
နတ်ဆရာလန်က ပြောလိုက်၏။ “စစ်ပွဲ နီးကပ်လာတာနဲ့အမျှ လေခွင်းမြို့ အခြေအနေ ရှုပ်ထွေးလာတယ်။ ဒါကြောင့် မြို့စားမင်းက အိမ်တော်ကို ပိတ်ထားဖို့ အမိန့်ပေးခဲ့တာ။ အခုအချိန်မှာ သခင်လေး ကျင်းဝူပြန်းနား ကပ်လာတဲ့သူ မှန်သမျှကို သံသယ ဝင်သင့်တယ်။”
လန်ပိက မေးလိုက်သည်။ “ဆရာလန် ဆိုလိုတာက... ဒီလူက တခြားနိုင်ငံက သူလျှို ဖြစ်နိုင်တယ်ပေါ့။”
နတ်ဆရာလန်က ခေါင်းညိတ်လိုက်၏။ “ကာကွယ်ထားတာ မမှားပါဘူး။”
လန်ပိ သဘောတူလိုက်သည်။ “ကောင်းပြီ။ နားလည်ပြီ။”
လန်ပိ အပြင်ထွက်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
သွေးနက်ဂိုဏ်းသား နှစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့ ဘယ်က ထွက်လာမှန်း မသိရပေ။
လန်ပိက အမိန့်ပေးလိုက်၏။ “နင်တို့ နှစ်ယောက်... ဟိုလူမိုက်တွေနဲ့ လိုက်သွားပြီး အဲဒီလူကို ဖမ်းခဲ့”
“ဟုတ်ကဲ့”
ထို့နောက် လူ (၈) ယောက်သည် အမှောင်ထုထဲသို့ တိုးဝင်သွားကြသည်။ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် ရန်ရှုလမ်းကြားသို့ ဦးတည်သွားကြသည်။
လန်ပိသည် ယွင်ကျုံးဟဲ့၏ စာကို ယူပြီး မြို့စားအိမ်တော် အလယ်ပိုင်းသို့ ထွက်ခွာသွား၏။ ကျင်းကျုံးယွဲ့ထံ သွားပြရမည် ဖြစ်သည်။ စာထဲတွင် ကျင်းကျုံးယွဲ့ကို စော်ကားထားရုံသာမက ကျင်းဝူပြန်း၏ လျှို့ဝှက်ချက်ကိုပါ ဖော်ထုတ်ထားသောကြောင့် အခြေအနေက ရှုပ်ထွေးနေလေ၏။
ကျင်းကျုံးယွဲ့က ဤစာကို မြင်လျှင် မည်သို့ တုံ့ပြန်မည်နည်း။
………………
သန်းခေါင်ယံ အချိန်….
ရန်ရှုလမ်းကြားသည် တိတ်ဆိတ်နေ၏။ ယွင်ကျုံးဟဲ့သည် ခွေးသေတစ်ကောင်လို လဲလျောင်းနေရင်း တွေးနေမိသည်။ ‘ငါ... ငါ ငတ်သေတော့မယ်။ အေးပြီး သေတော့မယ်။ မြို့စားအိမ်တော်က လူလွှတ်လိုက်သင့်ပြီ။ ရောက်လာသင့်ပြီ။’
ယွင်ကျုံးဟဲ့က လီထန်နှင့် လီထျန်တို့၏ ကံကြမ္မာကို မည်ကဲ့သို့ သိရှိသနည်း။ မခက်ခဲချေ။ အိမ်တော်ထိန်း လီထန်က လောဘကြီးလွန်းသူဖြစ်သောကြောင့် ငွေ အများအပြား အလွဲသုံးစား လုပ်ထား၏။
ကျင်းကျုံးယွဲ့က အာဏာရခါစမို့ သည်းခံထားသော်လည်း နေရာမြဲသွားချိန်မှာတော့ သည်းမခံတော့ချေ။ ထို့ကြောင့် လီထန် အဖမ်းခံရခြင်းပင်။
သို့သော်ငြား လီထန်က အသက်ကြီးနေပြီး မိခင်ဘက်က လူယုံလည်း ဖြစ်နေသောကြောင့် သတ်ပစ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ အများဆုံး ငွေဒဏ်ရိုက်၊ ရာထူးဖြုတ်ပြီး ရွာပြန်ပို့လိုက်ရုံသာ ဖြစ်နိုင်၏။
လီထျန်ကတော့ လီထန်ကို မှီခိုပြီး နေရာရလာသူ ဖြစ်သောကြောင့် ကံဆိုးမိုးမှောင်ကျဖို့ များ၏။ သို့သော်ငြား သူက မထင်မှတ်ဘဲ သစ္စာရှိကြောင်း ပြသလိုက်နိုင်သဖြင့် ကံကောင်းသွားခြင်းပင်။
ဤအရာများကို ယွင်ကျုံးဟဲ့က ဘေးကနေ ကြည့်ပြီး သုံးသပ်လိုက်ခြင်းသာဖြစ်သည်။ လီထျန်မှာမူ ကိုယ်တိုင် ကြုံနေရသူဖြစ်နေ၍ ကြောက်လန့်ပြီး အမှန်မမြင်နိုင်ခြင်းပင်။
‘ဒါတွေ ထားလိုက်ပါတော့။ အရေးကြီးတာက ငါ တကယ် ဗိုက်ဆာနေပြီး။ လေးရက် လေးည ရှိပြီ။ ရေပဲ သောက်ရတယ်။ အစားပြတ်နေလို့ မျက်စိတွေတောင် ပြာဝေနေပြီ။ တပ်မှူးလီ ပြန်သွားပြီးတည်းက နှစ်ရက်လုံးလုံး ယင်ကောင်တောင် မသန်းဘူး။ ဒီလမ်းကြားက လူသူကင်းမဲ့နေသလိုပဲ။’
ယွင်ကျုံးဟဲ့ ထွက်သွားပြီး ထမင်းရှာစား၍ ရ၏။ သို့သော်ငြား ထိုသို့ လုပ်လိုက်လျှင် အစီအစဉ် ပျက်သွားလိမ့်မည်။ သူ၏တွက်ချက်မှုအရဆိုလျှင် မြို့စားအိမ်တော်က လူတွေ မကြာခင် ရောက်လာတော့မည်။ ယနေ့ သို့မဟုတ် မနက်ဖြန် အတွင်း ရောက်လာရမှာဖြစ်၏။ ထို့ကြောင့် မထွက်ခွာရဲခြင်းပင်။
ယခု သူ လှုပ်ဖို့ရာ အားပင် မရှိတောသောကြောင့် ငြိမ်ငြိမ်လေးနေပြီး အသက်မသေရန် ရေကိုသာ သောက်နေရတော့၏။
အဝေးမှ စောင့်ကြည့်နေသော ရွှီအန်းထင်တို့ မောင်နှမသည် ယွင်ကျုံးဟဲ့ကို အထင်ကြီးသွားကြသည်။ အစတုန်းက လူရှုပ်လူပွေ၊ အလုပ် မလုပ်ချင်သူဟု ထင်ထားခဲ့သော်လည်း ယခုမှာတော့ ဇွဲကောင်းပုံကို မြင်လိုက်ရ၏။ ကိုယ့်အစီအစဉ် အောင်မြင်ဖို့အတွက် အစာငတ်ခံပြီး စောင့်ဆိုင်းရဲသူ ဖြစ်နေသည်။
‘ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် တော်တော် ရက်စက်တာပဲ။ ဒါပေမဲ့ သူ့အစီအစဉ်က မအောင်မြင်မယ့်ပုံ ပေါက်နေတယ်။ ဧည့်သည် နှစ်ယောက်ပဲ လာတယ်။ ဘာသတင်းမှ မကြားရဘူး။ ထမင်း လာပို့မယ့်သူတောင် မရှိဘူး။’
ရွှီအန်းထင် (ညီမ)က ပြောလိုက်သည်။ “အစ်ကို... ယွင်ကျုံးဟဲ့ အစီအစဉ် ပျက်သွားပြီ။ အစာငတ်နေတာ (၅) ရက် ရှိတော့မယ်။ ဒီလိုသာ ဆက်သွားရင် သေလိမ့်မယ်။ အစီအစဉ် ဖျက်သိမ်းပြီး သူ့ကို ကယ်ထုတ်ရအောင်။”
ရွှီအန်းထင်က ပြောလိုက်၏။ “နေအုံး... ခဏ စောင့်အုံး။”
ရွှီအန်းထင် (ညီမ)က ပြောလိုက်သည်။ “ဆက်စောင့်ရင် သေတော့မယ်။ မဖြစ်ဘူး။ ကျွန်မ သွားခေါ်တော့မယ်။”
အမျိုးသမီးက ပြေးထွက်ရန် ပြင်လိုက်သည်။ သူမ ယွင်ကျုံးဟဲ့ကို တော်တော် စိတ်ပူနေပုံ ရ၏။ သို့သော်ငြား ထိုအချိန်တွင် လူရိပ်အချို့ ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို ဝိုင်းလိုက်သည်ကို မြင်လိုက်ရသောကြောင့် သူမ ချက်ချင်း ရပ်တန့်လိုက်ပြီး ပုန်းအောင်းလိုက်သည်။
“အခြေအနေ ပြောင်းလဲသွားပြီလား။ လာတဲ့သူတွေက သာမန်လူတွေ မဟုတ်ဘူး။ သိုင်းပညာရှင်တွေ။ မြို့စားအိမ်တော်က လာတာ ဖြစ်နိုင်တယ်။”
“ယွင်ကျုံးဟဲ့ အစီအစဉ် အောင်မြင်သွားပြီလား။”
………………
ယွင်ကျုံးဟဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ လူများ ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က သူ့ရှေ့တွင် ရပ်နေ၏။
ထိုသူက မေးလိုက်သည်။ “မင်းက ဗေဒင်ဆရာလား။ တပ်မှူးလီကို ဟောပေးခဲ့တဲ့သူလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်ပဲ။”
ထိုသူက ပြောလိုက်သည်။ “ကျုပ်တို့က မြို့စားအိမ်တော်က လာတာ။”
‘ရောက်လာပြီ။ ငါ့အမျိုးတွေ ရောက်လာကြပြီ။’
…………