← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အပိုင်း (၂၅)

ယွင်ကျုံးဟဲ့ က မေးလိုက်၏။ “လူကြီးမင်းတို့... ဘာများ အကြံဉာဏ် ပေးချင်လို့လဲ။”

စစ်သည် တစ်ဦးက ပြန်ပြောလိုက်၏။ “အဲဒါဆိုလည်း သေချာ နားထောင်ထား။ လေခွင်းမြို့မှာ နတ်ဆရာ တစ်ယောက်ပဲ ရှိနိုင်တယ်။ အဲဒါက နတ်ဆရာလန်ပဲ။ ရည်ရွယ်ချက် ဆိုးရွားတဲ့ ဘယ်လို လမ်းဘေး နတ်ဆရာ မျိုးမဆို သေဖို့ပဲ ရှိတယ်။”

ပြောဆိုပြီးသည်နှင့် သူသည် ဓားကို ရုတ်တရက် ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို ချိန်ရွယ်၍ အေးစက်စက်ဖြင့် ပြောလိုက်၏။ “နောက်ဘဝ လူပြန်ဝင်စားရင် သေချာ ကြည့်ပြီးမှ ဝင်စား။ မရည်ရွယ်ဘဲနဲ့ မစော်ကားသင့်တဲ့ လူကို မစော်ကားမိစေနဲ့။ သေလိုက်တော့။”

ထို့နောက် ဤစစ်သည် သည် ယွင်ကျုံးဟဲ့၏ ရင်ဘတ်ကို ဓားဖြင့် ပြင်းထန်စွာ ထိုးသွင်းရန် ပြင်လိုက်တော့၏။

ရွှီအန်းထင် မောင်နှမနှင့် ဟေးလုံထိုင် စစ်သည် အချို့သည် ဆက်လက် မသည်းခံနိုင်တော့ဘဲ ယွင်ကျုံးဟဲ့ကို ကယ်တင်ရန် အလုအယက် ပြေးထွက်လာရန် ပြင်လိုက်ကြတော့၏။

......

တစ်ချိန်တည်းမှာပဲ မဝေးလှသော ပြတင်းပေါက် တစ်ခု၏ နောက်ကွယ်တွင် ဤမြင်ကွင်းကို သေသေချာချာ စောင့်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်။ သူသည် လန်ပိ စေလွှတ်လိုက်သော သွေးနက်ဂိုဏ်း၏ စစ်သူကြီးပင် ဖြစ်ပေသည်။ အကြောင်းမှာ သူတို့သည် ဤဗေဒင်ဆရာမှာ အခြားနိုင်ငံမှ စေလွှတ်လိုက်သော လျှို့ဝှက်သူလျှို ဟုတ်မဟုတ်နှင့် အဖွဲ့အစည်း ရှိမရှိကို အတည်ပြုရန် လိုအပ်သောကြောင့် ဖြစ်သည်။

သွေးနက်ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်က ပြောလိုက်၏. “ဒီဗေဒင်ဆရာက တခြားနိုင်ငံက သူလျှို တစ်ယောက် ဟုတ်မဟုတ် အတည်ပြုချင်ရင် အရမ်း လွယ်ပါတယ်။ သူ့ကို သတ်ဖို့ ကြိုးစားကြည့်လိုက်၊ တစ်ယောက်ယောက်က ဝင်ကယ်မယ်ဆိုရင် သူက အဖွဲ့အစည်းရှိပြီး သူလျှို ဖြစ်ဖို့ အလားအလာ အရမ်း များသွားပြီ။ အကယ်၍ သူက ဒီအတိုင်း အသတ်ခံလိုက်မယ်ဆိုရင်တော့ သူက တခြားနိုင်ငံက သူလျှို မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။”

စစ်သူကြီးက ပြောလိုက်သည်။ “စောင့်ကြည့်ကြတာပေါ့။ သူ့ကို ဝင်ကယ်မယ့်သူ ရှိမရှိ ကျုပ်တို့ သေချာ ကြည့်ကြတာပေါ့။ ဝင်ကယ်တဲ့သူ ရှိရင် အကောင်းဆုံးပဲ။ အဲဒီလိုဆိုရင် သူလျှို တစ်ယောက်ကို ဖမ်းမိရုံသာမက အုပ်စုလိုက် ဖမ်းမိပြီး တခြားနိုင်ငံရဲ့ လျှို့ဝှက် အဖွဲ့အစည်း တစ်ခုလုံးကို ဖော်ထုတ်နိုင်မှာလေ။”

......

ယွင်ကျုံးဟဲ့သည် ထိုစစ်သည်က ဓားဖြင့် ပြင်းထန်စွာ ထိုးသွင်းလာသည်ကို မြင်သောအခါ ရုတ်တရက် အလွန်အမင်း စိုးရိမ်သွားတော့၏။ သေရမှာ ကြောက်လို့ မဟုတ်ချေ။ ယခုအခါ စိတ်ဖတ်ခြင်း စွမ်းရည် ပျက်ပြယ်သွားပြီ ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ အနေဖြင့် တစ်ဖက်လူတွင် သတ်ဖြတ်လိုစိတ် မရှိကြောင်းကို မြင်တွေ့နိုင်၏။

မည်သို့ပင်ဆိုစေ အမှတ်(၁၆) စိတ်ကျန်းမာရေးလူနာက အကြိမ်ကြိမ် ဝင်ပူးခဲ့ဖူးသောကြောင့် ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း အခြေခံအချို့ကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်ပေသည်။ တစ်ဖက်လူ၏ မျက်လုံးများ၏ နက်ရှိုင်းသော နေရာများတွင် လုံးဝ သတ်ဖြတ်လိုစိတ် မရှိကြောင်း သူ မြင်တွေ့နိုင်သည်။

‘ဒါ... ဒါ သေချာပေါက် စမ်းသပ်မှု တစ်ခုပဲ။’

သို့သော်ငြား ဤအရာက အန္တရာယ် အများဆုံးပင် ဖြစ်ပေသည်။ ရွှီအန်းထင် မောင်နှမသည် သူ၏ အသက် အန္တရာယ်ကို စိုးရိမ်နေကြသဖြင့် ယခုအချိန်တွင် ဘေးခန်း၌ သေချာပေါက် ရှိနေမည်ဖြစ်ပြီး သူ အသက်အန္တရာယ် ကြုံတွေ့နေရသည်ကို မြင်တွေ့ရပါက ကယ်တင်ရန် ဝင်ရောက်လာနိုင်ပေသည်။

အကယ်၍ သူတို့ ဝင်ရောက်လာပါက အနည်းငယ်မျှ ပေါ်ထွက်သွားမည်သာ ဖြစ်ပေသည်။ သူတို့သည် အခြားနိုင်ငံမှ လျှို့ဝှက်သူလျှိုများ ဖြစ်ကြောင်း သက်သေမပြနိုင်သော်လည်း ညသန်းခေါင် အချိန်ကြီးတွင် ဤနေရာ၌ အဘယ်ကြောင့် ပုန်းအောင်းနေရသနည်း။ ထို့အပြင် လမ်းဘေး နတ်ဆရာ တစ်ဦးကို အဘယ်ကြောင့် ကယ်တင်ရသနည်း။

လေခွင်းမြို့တွင် အခြားနိုင်ငံမှ လျှို့ဝှက်သူလျှိုများကို ဖမ်းဆီးရန်အတွက် မည်သည့် သက်သေ အထောက်အထားမှ မလိုအပ်ချေ။ သံသယ ရှိရုံဖြင့် ချက်ချင်း လုပ်ဆောင်မှဖြစ်သည်။

ကျင်းကျုံးယွဲ့၏ အလိုဆန္ဒအောက်တွင် သွေးနက်ဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပြတ်သားမှုတို့မှာ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ဖြစ်နေသည် မဟုတ်ပါလား။

သံသယ ရှိရုံဖြင့် သွေးနက်ဂိုဏ်းသည် အန်းထျင် တည်းခိုခန်း အတွင်းရှိ လူအားလုံးကို ဖမ်းဆီးမည်ဖြစ်ပြီး ပြင်းထန်သော နှိပ်စက်မှုများ ပြုလုပ်ကာ စစ်ဆေးမေးမြန်းပြီးနောက် အားလုံးကို သတ်ဖြတ်ပစ်မှာ ဖြစ်ပေသည်။

‘သူတို့ကို မဖြစ်မနေ တားဆီးရမယ်။ မဖြစ်မနေ တားဆီးရမယ်။ ဘယ်လို တားဆီးမလဲ။’

ရုတ်တရက် ယွင်ကျုံးဟဲ့သည် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး ထိုးသွင်းလာသော ဓားကို ရင်ဆိုင်ရချိန်တွင် အသက်ချမ်းသာပေးရန် တောင်းဆိုခြင်း မရှိဘဲ အသံကျယ်ကျယ်ဖြင့် သီချင်း စတင် ဆိုလိုက်တော့၏။

သေရမည်ကို လုံးဝ မကြောက်ရွံ့သကဲ့သို့ ပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော သီချင်း တစ်ပုဒ်ပင် ဖြစ်ပေသည်။

ဤသီချင်းမှာ အရပ်မျက်နှာ ဆယ်ခုမှ ချုံခိုတိုက်ခိုက်ခြင်း ဖြစ်ပြီး ဤကမ္ဘာလောကတွင် မရှိသော သီချင်းတစ်ပုဒ် ဖြစ်ကာ ယွင်ကျုံးဟဲ့သည် ရွှီအန်းထင် မောင်နှမ၏ အရှေ့တွင်သာ တီးခတ်ပြခဲ့ဖူးပေသည်။

ချက်ချင်းပဲ သူတို့ ချက်ချင်း နားလည်သွားကြတော့၏။

အရပ်မျက်နှာ ဆယ်ခုမှ ချုံခိုတိုက်ခိုက်ခြင်း ဆိုသည်မှာ ဤနေရာတွင် ချုံခိုတိုက်ခိုက်မှုများ ရှိနေပြီး အန္တရာယ် ရှိကြောင်း ယွင်ကျုံးဟဲ့ က သူတို့ကို သတိပေးနေခြင်းပင် ဖြစ်သည်။

‘လုံးဝ ပေါ်မလာနဲ့။ လုံးဝ ဝင်မပါနဲ့။’

ထို့ကြောင့် ရွှီအန်းထင် မောင်နှမသည် ချက်ချင်း ရပ်တန့်သွားကြပြီး အခန်းတွင်း၌သာ ဆက်လက် ပုန်းအောင်းနေကာ တစ်ချက်လေးမျှပင် မလှုပ်ရှားကြတော့ချေ။

..................

“ဇွိ...” ထိုစစ်သည်၏ ဓားသည် ယွင်ကျုံးဟဲ့၏ ရင်ဘတ်အတွင်းသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်တော့၏။ သို့သော်ငြား အေးစက်သော ခံစားချက်သာ ရှိပြီး မနာကျင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤဓားမှာ လျှို့ဝှက်ဓား တစ်လက်ဖြစ်ပြီး မျက်လှည့်ပြပွဲများတွင် အသုံးပြုသော ပစ္စည်းတစ်ခုသာ ဖြစ်သောကြောင့်ပင်။

ဓားသွားသည် ရင်ဘတ်အတွင်းသို့ ထိုးဝင်သွားသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဓားသွားမှာ ဓားရိုးအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခြင်း ဖြစ်သည်။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ ထိုစစ်သည်သည် တစ်ချက်လေးမှ မလှုပ်ရှားဘဲ ယွင်ကျုံးဟဲ့ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ ဟန်ဆောင်နေဆဲ ဖြစ်၏။

အဝေးရှိ အိမ်၏ ပြတင်းပေါက် နောက်ကွယ်မှ စွန်ရဲတစ်ကောင်ကဲ့သို့သော အကြည့်များသည် ပတ်ဝန်းကျင် တစ်ခုလုံးကို မျက်ခြေမပျက် စောင့်ကြည့်နေသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရသလို မည်သူမှလည်း ပေါ်မလာခဲ့ချေ။

“ကြည့်ရတာ ကျုပ်တို့ အထင်လွဲသွားတာ ဖြစ်မယ်။” ထိုသွေးနက်ဂိုဏ်းမှ စစ်သူကြီး က ပြောလိုက်၏။ ထို့နောက် သူသည် ညဉ့်ငှက် အော်သံကဲ့သို့ အသံတစ်သံကို ထုတ်လွှင့်လိုက်၏။

ယွင်ကျုံးဟဲ့ကို လျှို့ဝှက်ဓားဖြင့် ထိုးထားသော စစ်သည် သည် ညဉ့်ငှက် အော်သံကို ကြားလိုက်ရချိန်မှာတော့ ချက်ချင်း လျှို့ဝှက်ဓားကို ပြန်လည် သိမ်းဆည်းလိုက်တော့၏။ ယွင်ကျုံးဟဲ့ကို စမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

ထိုစစ်သည်က ပြောလိုက်၏။ “နတ်ဆရာကြီးယွင်... သွားကြစို့။ ကျုပ်တို့နဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ပါ။”

ယွင်ကျုံးဟဲ့သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရင်ဘတ်တွင် အပေါက်ငယ်လေး တစ်ပေါက် ပေါက်နေကြောင်း တွေ့ရှိလိုက်ရ၏။

“ဘယ်သွားမှာလဲ။” ယွင်ကျုံးဟဲ့ က မေးလိုက်သည်။

“ရောက်ရင် သိပါလိမ့်မယ်။” ထိုစစ်သည်က ပြောလိုက်၏။

“လာကြစမ်း။ နတ်ဆရာကြီးယွင်ကို မြင်းလှည်းပေါ် တင်ပြီး ခေါ်သွားကြ။”

ယွင်ကျုံးဟဲ့က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “လူရှစ်ယောက်ထမ်းတဲ့ ဝေါယာဉ် မပါရင် ကျုပ် မသွားဘူး။ ကျုပ် လုံးဝ မသွားဘူး။”

သို့သော်ငြား မြို့စားအိမ်တော်မှ စစ်သည်များက စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို တိုက်ရိုက်မကာ မြင်းလှည်းပေါ်သို့ ပစ်တင်လိုက်ပြီး မြို့စားအိမ်တော်သို့ ဦးတည်သွားကြတော့၏။

ယွင်ကျုံးဟဲ့သည် မြင်းလှည်းအတွင်း၌ လှဲလျောင်းနေရင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။ ပြီးနောက် သူ၏ လက်မောင်းအောက်ကို ညင်သာစွာ စမ်းကြည့်လိုက်လေသည်။ အတွင်းရှိ ထူးခြားသော ရွှံ့လုံးလေးမှာ ရှိနေဆဲ ဖြစ်၏။

သို့သော်ငြား ခဏအကြာတွင် မြို့စားအိမ်တော်သို့ ဝင်ရောက်ပါက ခန္ဓာကိုယ် စစ်ဆေးခံရမည်ဖြစ်ရာ လက်မောင်းအောက်တွင် ဖုံးကွယ်ထားရန် မလုံခြုံတော့ဘဲ အခြားနေရာတစ်ခုတွင် ဖုံးကွယ်ထားရန် လိုအပ်ပေသည်။

လမ်းခရီးတွင် သူသည် ဦးနှောက်ကို အဆက်မပြတ် အလုပ်လုပ်စေပြီး ကျင်းဝူပြန်း၏ ထူးခြားသော စရိုက်လက္ခဏာများကို ပြန်လည် မှတ်မိအောင် ကြိုးစားနေ၏။

ပထမဆုံး အနေဖြင့် ဤလူသည် အမှန်တကယ်ပင် စိတ်ဖောက်ပြန်နေသူဖြစ်ပြီး သာမန် အမြင်များဖြင့် တွေးတော၍ မရသလို သာမန်နည်းလမ်းများဖြင့် ဆက်ဆံ၍လည်း မရနိုင်ချေ။

ဒုတိယ အနေဖြင့် ဤလူသည် လူသတ်နည်း နှစ်မျိုးကို နှစ်သက်ပေသည်။ သာမန် ဒေါသထွက်မှုမျိုးသာ ဆိုပါက တိုက်ရိုက် လည်ပင်းညှစ်သတ်ပြီး အပိုင်းပိုင်း ခုတ်ထစ်လေ့ ရှိ၏။

အမုန်းဆုံး လူများကိုမူ အခြား လူသတ်နည်း တစ်မျိုးကို အသုံးပြုလေ့ရှိပြီး ၎င်းမှာ ကျားစာ ကျွေးခြင်းပင် ဖြစ်တော့သည်။

......

ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် မျက်လုံးဖွင့်လာချိန်တွင် ရွှေရောင်တောက်ပနေသော အခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။

ခေါင်းကို မော့ကြည့်လိုက်ရာ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ အလွန် ချောမောသော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် သခင်လေး တစ်ဦးဖြစ်ပြီး ခမ်းနားသော ကုလားထိုင်ကြီး တစ်လုံးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေကာ ခြေထောက်နှစ်ဖက်ကို ကားထားသည်။

သူ့ကို ပထမဆုံး မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ယွင်ကျုံးဟဲ့ ၏ ဦးနှောက်ထဲ၌ စကားလုံး တစ်လုံး ပေါ်လာတော့၏။ ‘မောက်မာရိုင်းစိုင်းမှု။’

ဆိုလိုသည်မှာ တကယ့် မောက်မာရိုင်းစိုင်းမှု မဟုတ်ဘဲ စာမေးပွဲတွင် အမှတ် ခြောက်ဆယ် ရခဲ့သည့် လူတစ်ယောက်လိုပင်။ ဘဝမှာ ပထမဆုံးအကြိမ် စာမေးပွဲ အောင်ဖူးသောကြောင့် အိမ်အပြန်လမ်း၌ ကဏန်းတစ်ကောင်လို လမ်းလျှောက်လာတဲ့ ပုံစံမျိုးဖြစ်နေသည့် အတိုင်းပင်။

ကမ္ဘာမြေပေါ်တွင် ရှိနေစဉ်က ယွင်ကျုံးဟဲ့သည် အလွန် ချမ်းသာသော သူဌေးသား အများအပြားကို မြင်တွေ့ခဲ့ဖူးသော်လည်း မျက်စိရှေ့ရှိ ဤလူလောက် ချမ်းသာသောသူ တစ်ဦးမှ မရှိခဲ့ဖူးချေ။

မျက်စိရှေ့တွင် ရှိနေသည့် သခင်လေးမှာ စတုရန်းကီလိုမီတာ တစ်သောင်းသုံးထောင် ကျယ်ဝန်းသော နယ်မြေ၊ ပြည်သူ သိန်းချီနှင့် ရွှေတောင် ငွေပင်လယ်များကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

မောက်မာမှု၊ ရိုင်းစိုင်းမှု၊ ပေါ့ပျက်ပျက်နိုင်မှု၊ အရူးအမူးဖြစ်မှု၊ ရက်စက်မှု စသည့် အငွေ့အသက်များ အားလုံးသည် သူ၏ ကျောက်ကပ် အားနည်းနေသော မျက်နှာပေါ်တွင် အပြည့်အဝ ပေါ်လွင်နေပေသည်။

သေချာပေါက် ဤလူမှာ ကျင်းဝူပြန်းပင် ဖြစ်၏။ ထို့အပြင် ဤလူသည် မိမိ ထင်မှတ်ထားသည်ထက် ပိုမို ပြင်းထန်စွာ ဖျားနာနေပုံလည်း ပေါ်နေသည်။

မျက်လုံးနှစ်ဖက်စလုံး နီရဲနေပြီး အဖျားတက်နေသည့် လက္ခဏာများပင် ရှိနေကာ တစ်ခါတစ်ရံ မျက်နှာ ကြွက်သားများ တွန့်လိမ်သွားလေ့ ရှိသောကြောင့် သူသည် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားနေရကြောင်း သိသာလှ၏။

အနာဂတ် ကာလများတွင် ယွင်ကျုံးဟဲ့သည် ဤသူဌေးသားနောက်သို့ ကာလရှည်ကြာစွာ လိုက်ပါရတော့မည် ဖြစ်သည် မဟုတ်ပါလား။

‘ဒါက ငါ့ရဲ့ အနာဂတ် သခင်ပဲ။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ဒီ ကျင်းဝူပြန်းက အရူး တစ်ယောက်ပဲ။ သာမန် အမြင်အတိုင်း တွေးတောလို့ မရဘူးဆိုတာကို သေချာ မှတ်ထားရမယ်။’

ယခုအချိန်တွင် ကျင်းဝူပြန်းသည်လည်း ယွင်ကျုံးဟဲ့ကို ကြည့်နေပြီး သူ၏ ဦးနှောက်ထဲတွင် မေးခွန်း တစ်ခုတည်းသာ ရှိနေလေ၏။ မျက်စိရှေ့ရှိ ဤလူကို အရင်ဆုံး လည်ပင်းညှစ်သတ်ပြီးမှ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမည်လား။ ဒါမှမဟုတ် ကျားကိုက်သတ်ခိုင်းရမည်လား။

ဒေါသထွက်မှု အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားမှသာ သူက လူတွေကို ကျားစာ ကျွေးလေ့ ရှိ၏။ ထိုမြင်ကွင်းမှာ အလွန် ရက်စက်ကြမ်းကြုတ်လွန်းလှပြီး ကျားက ကြီးမားလှသော ပါးစပ်ကြီးကို ဟကာ ပြင်းထန်စွာ ကိုက်ချလိုက်ချိန်တွင် သွေးချင်းချင်းနီကာဖြင့် ထိုလူသည် ချက်ချင်း သေဆုံးမည် မဟုတ်ချေ။

ထိုသူက မိမိကိုယ်တိုင် ကျား၏ ဗိုက်ထဲသို့ အစားခံနေရသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေရမည် ဖြစ်သည်။ မည်မျှ သွေးပျက်ဖွယ် ကောင်းလှသည့် မြင်ကွင်းမျိုး ဖြစ်နေသည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေမည်။

..........

အပိုင်း (၂၆)

ယွင်ကျုံးဟဲ့သည် ကျင်းဝူပြန်း၏ မျက်နှာပေါ်တွင် သုံးစက္ကန့်မျှသာ အကြည့်ကို ရပ်တန့်ထားပြီးနောက် အခြားလူတစ်ဦးထံသို့ ချက်ချင်း အကြည့် ရောက်ရှိသွားတော့၏။

အမျိုးသမီး တစ်ဦး၊ အေးစက်ပြီး ပြတ်သားသော အမျိုးသမီး တစ်ဦးပင်။

‘ဝိုး။ အရမ်း လှတာပဲ။ အရေးအကြီးဆုံးက ခန္ဓာကိုယ် အချိုးအစားက အရမ်းကို လှတာပဲ။ အဲဒီ ရှည်လျားတဲ့ ခြေတံကြီး နှစ်ချောင်းက ဘယ် စူပါမော်ဒယ်ကိုမဆို အသာလေး အနိုင်ယူနိုင်ပြီး လုံးဝကို အားအင်တွေ ပြည့်နှက်နေတာပဲ။

ဒါပေမဲ့ အကြည့်တွေက အရမ်း ကြမ်းတမ်းနေလို့ ကြည့်ရတာ ကြောက်စရာ ကောင်းတယ်။ သူမက ဘယ်သူလဲ။ ဝတ်စားဆင်ယင်ပုံ အရဆိုရင် ကျင်းကျုံးယွဲ့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ အဆင့်အတန်းကတော့ အရမ်း မြင့်တယ်။

ဘာလို့လဲဆိုတော့ သူမက ကျင်းဝူပြန်းရဲ့ အရှေ့မှာ ရပ်နေပြီး ကျင်းဝူပြန်းကို ကြည့်တဲ့ အကြည့်တွေကလည်း ရွံရှာမှုတွေ ပြည့်နှက်နေလို့ပဲ။ အကယ်၍ ခန့်မှန်းချက် မမှားဘူးဆိုရင် ဒါက လန်ပိ ပဲ ဖြစ်ရမယ်။’

သွေးနက်ဂိုဏ်း၏ ခေါင်းဆောင်၊ လေခွင်းမြို့၏ သိုင်းပညာ ပါရမီရှင် လန်ပိ၊ သူမ၏ လက်ချက်ဖြင့် သေဆုံးသွားသော အခြားနိုင်ငံမှ လျှို့ဝှက်သူလျှိုများမှာ အနည်းဆုံး ရာချီ၊ ထောင်ချီ ရှိမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ဆိုလိုသည်မှာ ဤအမျိုးသမီးသည် ယွင်ကျုံးဟဲ့ ကဲ့သို့သော လူများကို အထူး သတ်ဖြတ်သူပင် ဖြစ်ပေသည်။ လျှို့ဝှက်သူလျှိုများ၏ ရန်သူကြီးပင် မဟုတ်ပါလား။

‘ဒါကြောင့်မို့လို့ အသက် နှစ်ဆယ်ကျော်လေးနဲ့ လေခွင်းမြို့ရဲ့ အထက်တန်း အဆင့်ကို ရောက်ရှိလာတာကိုး။ ဒီအောင်မြင်မှုတွေက ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်လဲ။’

ယွင်ကျုံးဟဲ့၏ ပထမဆုံး အကြည့်မှာ ခါးကို ကြည့်လိုက်ခြင်းဖြစ်ပြီး ဒုတိယ အကြည့်မှာ အောက်သို့၊ တတိယ အကြည့်မှာ အထက်သို့၊ စတုတ္ထ အကြည့်မှသာ မျက်နှာပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင် သူ၏ အကြည့်များ အားလုံးသည် အမြင့်ဆုံး နေရာတွင်သာ စုစည်းသွားတော့၏။

ထိုအကြည့်က တကယ်ကို နည်းနည်းလေးမှ ဖုံးကွယ်ထားခြင်း မရှိချေ။ ထိုအကြည့်ကို အဓိပ္ပာယ် ဖွင့်ဆိုရလျှင် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်မရေ... မင်းကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်ကစပြီး ကျုပ် ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး မင်းက လေခွင်းမြို့ မှာ ကျုပ်ရဲ့ ဒုတိယမြောက် မယားငယ်ပဲ။” ဟူ၍ ဖြစ်ပေလိမ့်မည်။

ထိုနေရာတွင် ရှိနေသော လူအချို့လည်း လုံးဝ မင်သက်သွားကြတော့၏။

‘ချီးတဲ့မှ…. မိန်းမလိုက်စားတဲ့ လူတွေကို အများကြီး မြင်ဖူးပေမယ့် ဒီလောက် သေမှာ မကြောက်တဲ့ လူမျိုးကိုတော့ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။ လန်ပိကို ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ကြည့်ရဲတဲ့ ယောက်ျားတွေ အားလုံး သေကုန်ကြပြီ။ ပြီးတော့ မျက်လုံးတွေတောင် ဖောက်ထုတ်ခံလိုက်ရသေးတယ်။ မင်းလို ညစ်ပတ်တဲ့ အဘိုးကြီးက ဘယ်လိုတောင် အတင့်ရဲတာလဲ။ မင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်ပြီး လန်ပိရဲ့ ရင်ဘတ်ထဲကိုတောင် ကျတော့မယ်။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်မလေးရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။ ဇာတိက ဘယ်ကလဲ။ အိမ်ထောင်ရော ရှိပြီလား။”

ထို့နောက် ယွင်ကျုံးဟဲ့က အလွန် ယဉ်ကျေးပျူငှာစွာဖြင့် လန်ပိကို အရိုအသေပေးလိုက်၏။ “ကျုပ် ယွင်အောက်ထျန်းက ဂါဝပြုပါတယ်။”

ထို့နောက် သူသည် ရင်ဘတ်ထဲမှ ဟောင်းနွမ်းနေသော စက္ကူယပ်တောင်ကို ထုတ်ယူကာ ဖြန့်ဖွင့်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ကားကာ ယပ်ခတ်နေလိုက်တော့သည်။

သေချာပေါက် ဤမြင်ကွင်းသည် မူလက ကြော့ရှင်းပြီး ဆွဲဆောင်မှု ရှိသင့်၏။ သို့သော်ငြား နှမြောစရာ ကောင်းသည်မှာ ယခုအခါ ယွင်ကျုံးဟဲ့သည် အသက် လေးဆယ်၊ ငါးဆယ်အရွယ် လူတစ်ယောက်အဖြစ် ရုပ်ဖျက်ထားပြီး ဆံပင်များမှာ ပေါင်းပင်များကဲ့သို့ ရှုပ်ပွနေ၏။

အဝတ်အစားများမှာလည်း အဝတ်စုတ်များကဲ့သို့ ဖြစ်နေလေသည်။ ခြေတစ်ဖက်က ဗလာဖြစ်နေပြီး အခြား ခြေတစ်ဖက်ကမူ အပေါက်ကြီး နှစ်ပေါက် ပေါက်နေသော အဝတ်ဖိနပ်ကို စီးထားကာ ခေါင်းမာသော ခြေချောင်း နှစ်ချောင်းက အပြင်သို့ ထွက်နေလေသည်။

အသက်ရှင်နေသည့် ညစ်ပတ်သော သူတောင်းစားကြီး တစ်ဦး၏ ပုံပန်းသွင်ပြင်မျိုးပင်။ သူ၏ ဟောင်းနွမ်းနေသော စက္ကူယပ်တောင်ပေါ်တွင် စာလုံးကြီး လေးလုံး ရေးသားထား၏။ “ကာလသားရောဂါ ကင်းဝေးပါစေ။”

အောက်ဘက်တွင် စာကြောင်းငယ် တစ်ကြောင်းလည်း ပါရှိသေး၏။ “ဝူယို ဆေးခန်း၊ ကာလသားရောဂါ အထူးကု၊ သင့်အား ပျော်ရွှင်မှုများ ပြန်လည် ပေးစွမ်းမည်။”

ဤသည်မှာ လေခွင်းမြို့ရှိ ဆေးခန်းတစ်ခုဖြစ်ပြီး လူသိရှင်ကြား မပြောဝံ့သော ညစ်ပတ်သည့် ရောဂါများကို အထူးကုသပေးရာ နေရာဖြစ်ကာ ဤယပ်တောင်မှာ ကြော်ငြာရန်အတွက် အသုံးပြုခြင်း ဖြစ်ပေသည်။ ယခုခေတ် ဓာတ်တိုင်များပေါ်ရှိ ရှေးဟောင်း တိုင်းရင်းဆေးဆရာများ၏ ကြော်ငြာများနှင့် ဆင်တူပေသည်။

ယွင်ကျုံးဟဲ့က ဤယပ်တောင်ကို ကိုင်ဆောင်ထားခြင်းက သူ သွားရောက် ကုသမှု ခံယူခဲ့ဖူးသည်ဟု လူများကို အလွယ်တကူ သံသယ ဝင်စေနိုင်၏။

သူ၏ ဤအစပြုမှုက လူတိုင်းကို အမှန်တကယ် အံ့ဩမင်သက်သွားစေခဲ့သည်။ ကျင်းဝူပြန်း နှင့် လန်ပိ တို့သည် အကြိမ်ကြိမ် တွေးတောခဲ့သော်လည်း ဤနတ်ဆရာယွင်သည် ဤမျှလောက် ထူးဆန်းသော ပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့မိကြချေ။

“မင်းက ဗေဒင်ဟောတာ အရမ်း တော်ပြီး နတ်မျက်စိ ပွင့်နေတယ်လို့ နာမည်ကြီးနေတဲ့ နတ်ဆရာယွင်လား။” ကျင်းဝူပြန်းက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ကျုပ်ပါပဲ။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သော်လည်း သူ၏ အကြည့်များမှာ လန်ပိထံတွင်သာ အမြဲတမ်း စွဲမြဲနေပြီး အကြည့်များဖြင့်ပင် မြှူဆွယ်နေသေး၏။

သို့သော်ငြား ယခုအချိန်တွင် သူ၏ ညစ်ပတ်ပြီး အိုမင်းနေသော ပုံစံနှင့် မျက်ခုံးပင့်ကာ မျက်စိမှိတ်ပြနေသော ပုံစံမှာ အမှန်တကယ်ပင် အလွန်တရာ အောက်တန်းကျလွန်းလှချေသည်။

“ဒီက သခင်မလေး။ ကျုပ်က မျက်နှာဖတ်တဲ့ နေရာမှာ အတော်ဆုံးပဲ။ သခင်မလေးက သားယောက်ျားလေး ရမယ့် ရုပ်သွင် ရှိတယ်။ အနာဂတ်မှာ သားသုံးယောက်၊ သမီးနှစ်ယောက် ရလိမ့်မယ်။ ဒါပေမဲ့ သခင်မလေးရဲ့ ဇာတာမှာ ရေဓာတ် လိုအပ်နေလို့ ရေဓာတ် ပါတဲ့ ယောက်ျား တစ်ယောက်ကို ရှာရလိမ့်မယ်။

‘ယွင်’ ဆိုတာ ရေအားလုံးရဲ့ မိခင် ဖြစ်လို့ အလိုက်ဖက်ဆုံးပဲ။ အနာဂတ်မှာ သားလေးကို မင်းရဲ့ မျိုးရိုး နာမည် ပေးပြီး လန်ယွင် လို့ နာမည်ပေးလို့ ရတယ်။ ယောက်ျားလေးရော၊ မိန်းကလေးပါ သုံးလို့ ရတယ်။ မကောင်းဘူးလား။”

ပတ်ဝန်းကျင်ရှိ လူများ၏ နှုတ်ခမ်းများက တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့ကြပြီး မျက်စိရှေ့ရှိ ဤသူတောင်းစားကြီးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

‘ခင်ဗျား လန်ပိကို ပထမဆုံးအကြိမ် မြင်ဖူးရုံပဲ ရှိသေးတယ် အနာဂတ် ကလေးတွေရဲ့ နာမည်ကိုတောင် ပေးပြီးသွားပြီလား။’

လန်ပိ၏ အကြည့်များမှာ ရေခဲတမျှ အေးစက်သွားပြီး ပြောလိုက်၏။ “ယွင်အောက်ထျန်း... ရှင် သေရမှာ မကြောက်ဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ကြောက်တာပေါ့။ သေမတတ် ကြောက်တာပေါ့။”

လန်ပိ က မေးလိုက်၏။ “ဒါဆို ဘာလို့ ရူးရူးမူးမူး သေလမ်းရှာနေရတာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဘာလို့မှန်းမသိဘူး။ သခင်မလေးကို မြင်လိုက်ရတဲ့ ပထမဆုံး အကြိမ်မှာတင် ပြင်းထန်တဲ့ ဆန္ဒတစ်ခု ဖြစ်ပေါ်လာပြီး ရူးသွပ်မတတ် ပေါက်ကွဲထွက်ချင်လာလို့ပါ။”

ဤအချိန်တွင် စကားဖြည့်ပေးမည့်သူ မရှိသောကြောင့် ‘ဘယ်လို ဆန္ဒမျိုးလဲ’ ဟု အလိုအလျောက် မေးသင့်ပေသည်။

‘စကားဖြည့်ပေးမယ့်သူ မရှိဘူးလား။ ဒါဆို ငါ့ဘာသာ လုပ်လိုက်စမ်းမယ်။’

ယွင်ကျုံးဟဲ့သည် လည်ချောင်းကို ညှစ်ကာ လန်ပိ၏ အသံကို ဟန်ဆောင်၍ မေးလိုက်၏။ “ဘယ်လို ဆန္ဒမျိုးလဲ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် လန်ပိကို စိတ်အားထက်သန်စွာ ကြည့်ကာ ပြောလိုက်၏။ “သခင်မလေးရဲ့ ဓားအောက်မှာ ကျုပ် သေရမလား။ ဒါမှမဟုတ် ကျုပ်ရဲ့ ဓားအောက်မှာ သခင်မလေး သေရမလား။”

လူတိုင်း လုံးဝ မင်သက်သွားကြတော့၏။ ဤမျှအထိ ရူးရူးမူးမူး သေလမ်းရှာသည့်လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ကျင်းဝူပြန်း ကိုယ်တိုင်တောင် လုံးဝ မင်သက်သွားရပေသည်။ သူက လန်ပိကို မိမိ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ထားကြောင်း လူတိုင်း သိကြသော်လည်း မျက်စိရှေ့ရှိ ဤသူတောင်းစားက သူမကို ဤမျှလောက် ရူးရူးမူးမူး နောက်ပြောင်ရဲနေလေသည်။

လူတိုင်း ကြောက်ရွံ့ကြပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော သွေးနက်ဂိုဏ်း ခေါင်းဆောင်ကို နောက်ပြောင်ရဲသည်မှာ ဤလူက တကယ်ပဲ အသက်ရှင်နေရသည်ကို အရမ်း ငြီးငွေ့နေသောကြောင့်လား မသိချေ။

......

ရိသဲ့သဲ့ အပြောခံလိုက်ရသော လန်ပိသည် မည်သို့မှ တုံ့ပြန်ခြင်း မရှိဘဲ ငြိမ်သက်နေသော်လည်း သူမ၏ မျက်ဝန်းများကမူ ယွင်ကျုံးဟဲ့အား လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေလေသည်။

“ဟား ဟား ဟား...” ကျင်းဝူပြန်းသည် အော်ဟစ်ရယ်မောလိုက်ပြီး ကုလားထိုင်ပေါ်တွင် နောက်သို့ လှန်ချလိုက်ကာ အားရပါးရ လက်ခုပ်တီးလိုက်၏။

“စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ။ ငါ့ကိုယ်ငါ အရူးလို့ ထင်နေတာ။ ငါ့ထက် ပိုရူးတဲ့လူ ရောက်လာမယ်လို့ မထင်ထားခဲ့မိဘူး။”

ကျင်းဝူပြန်းသည် ဒေါသထွက်နေခြင်း ဖြစ်သည်။ လန်ပိသည် သူ၏ လူပျိုပေါက် အရွယ်တည်းက စွဲလမ်းခဲ့ရသော စိတ်ကူးယဉ် အိပ်မက် ဖြစ်သည် မဟုတ်ပါလား။

သို့သော်ငြား တစ်ပြိုင်နက်တည်းမှာပဲ စိတ်ဝင်စားမှုကိုလည်း ခံစားနေရ၏။ အကြောင်းမှာ ယွင်ကျုံးဟဲ့ထံမှ ရင်းနှီးသော အငွေ့အသက်ကို ရရှိနေသောကြောင့် ဖြစ်သည်။ အရူးအချင်းချင်းသာ နားလည်နိုင်သော အငွေ့အသက်မျိုး ဖြစ်၏။

အထူးသဖြင့် ယွင်ကျုံးဟဲ့၏ ထူးဆန်းသော ပုံစံသည် သူ့ကို ဆွဲဆောင်နေသည်။ ရယ်မောရင်းနှင့် ခန္ဓာကိုယ် လှုပ်ရှားမိသောကြောင့် နာကျင်မှုကို ခံစားလိုက်ရပြီး မျက်နှာ ရှုံ့မဲ့သွား၏။

အလိုအလျောက် ဝိုင်ခွက်ကို လှမ်းကိုင်လိုက်သော်လည်း သောက်ရမည်ကို ကြောက်ရွံ့သောကြောင့် ပြန်ချထားလိုက်ရသည်။ ရေမသောက်ရဲ၊ ဝိုင်မသောက်ရဲ ဖြစ်နေရှာသည်။

ထို့နောက် သူ အော်ဟစ်လိုက်၏။ “လာကြ။ ပွဲစမယ်။”

ခဏအကြာတွင် အရပ် (၂) မီတာကျော် မြင့်သော လူသန်ကြီးများသည် သစ်သားလှောင်အိမ်ကြီး တစ်ခုကို ထမ်း၍ ဝင်လာကြသည်။ သံလှောင်အိမ် မသုံးနိုင်လောက်အောင် ကြီးမားသောကြောင့် သစ်သားဖြင့် ပြုလုပ်ထားရခြင်း ဖြစ်သည်။

“ဝေါင်း....”

အဝေးမှနေ၍ လှောင်အိမ်အတွင်းမှ ဟိန်းသံကို ကြားနေရပြီး အတွင်း၌ ကျားတစ်ကောင် မွေးမြူထားကြောင်း သိသာလှပေသည်။

လှောင်အိမ်ကြီးကို ခန်းမကြီး၏ အလယ်ဗဟိုသို့ သယ်ဆောင်လာပြီးနောက် အုပ်ထားသော အဝတ်ကို ရုတ်တရက် ဖယ်ရှားလိုက်ရာ အတွင်း၌ အမှန်တကယ်ပင် ကျားကြီး တစ်ကောင် ရှိနေပြီး ကမ္ဘာမြေပေါ်ရှိ ကျားများထက် အများကြီး ပိုမို ကြီးမားကာ အလေးချိန် ပေါင်တစ်ထောင်ကျော်ခန့် ရှိမည် ဖြစ်၏။

၎င်း၏ ဟိန်းသံကြောင့် ခန်းမကြီး တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရပြီး စားပွဲပေါ်ရှိ ခွက်များပင်လျှင် ယိမ်းထိုးနေကြတော့သည်။

“ငါ့ရဲ့ ဒီကျားက အစာမစားရတာ ရက်အတော်ကြာပြီ။ ဒီနေ့တော့ အသားစားခွင့် ရတော့မယ်။” ကျင်းဝူပြန်းက ပြောလိုက်ပြီး လက်ခုပ် တီးလိုက်ပြန်၏။

ချက်ချင်းပဲ ပိန်ပါးသော အမျိုးသား တစ်ဦးကို ဆွဲသွင်းလာကြ၏။ ထိုသူမှာ အလေးချိန် ခုနစ်ဆယ်၊ ရှစ်ဆယ်ပေါင်ခန့်သာ ရှိမည်ဖြစ်ကာ ဧရာမကျားကြီးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အကြောက်လွန်ကာ သေးထွက်သွားတော့သည်။

“ဒီကောင်က လမ်းမပေါ်မှာ ငါ့အကြောင်း မကောင်းပြောခဲ့တယ်။ ဟုတ်သားပဲ... သူ ငါ့အကြောင်း ဘာမကောင်းပြောခဲ့တာလဲ။”

ကျင်းဝူပြန်းသည် ခေါင်းကို ကုတ်ကာ စဉ်းစားခန်း ဝင်နေတော့၏။

“ဟုတ်ပြီ... ငါက ရုပ်ချောတယ်လို့ သူက ပြောခဲ့တာပဲ။ ကောင်းကင်ဘုံ... သူက ငါ့ကို ရုပ်ချောတယ်လို့ ပြောရဲတယ်။”

ကျင်းဝူပြန်း သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒီလိုပြောလို့ ရလား။ ငါက ပြိုင်ဘက်ကင်း အဆင့်ရှိတဲ့ လူချော တစ်ယောက်လေ။ ငါ့ကို ရုပ်ချောတယ်လို့ ပြောတာက လူကို စော်ကားလွန်းရာ မကျဘူးလား။ မင်း နဖူးပေါ် လက်တင်ပြီး စဉ်းစားကြည့်စမ်း။ ဒီလိုစကားမျိုး ပြောရတာ လိပ်ပြာလုံရဲ့လား။”

“ပစ်ထည့်လိုက်။ သူ့ကို ကျားလှောင်အိမ်ထဲ ပစ်ထည့်လိုက်စမ်း။”

ကျင်းဝူပြန်း၏ အမိန့်ပေးသံနှင့်အတူ ထိုပိန်ပါးသော လူရမ်းကားသည် လှောင်အိမ်အတွင်းသို့ တိုက်ရိုက် ပစ်ထည့်ခံလိုက်ရတော့၏။ “အား... အား... အား...”

သွေးများ ပန်းထွက်သွားပြီး သနားဖွယ်ကောင်းသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ ထိုလူမှာ ကျား၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံလိုက်ရပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့သည်။

ကျားသည် ဗိုက်မဝသေးသောကြောင့် ပို၍ပင် ကြမ်းတမ်းလာတော့၏။

....................

All Chapters