← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အပိုင်း (၂၇)

“လူဆိုတာ ရိုးသားရမယ်။ လိမ်မပြောရဘူး။ လူတွေကို ရိုးသားမှုနဲ့ ဆက်ဆံရမယ်။”

ကျင်းဝူပြန်း၏ အကြည့်များမှာ ယွင်ကျုံးဟဲ့ထံသို့ ရောက်ရှိသွားပြီး ပြောလိုက်၏။ “ငါ့ရဲ့ကျားက လူတစ်ယောက် စားပြီးသွားတော့ ဗိုက်တစ်ဝက်လောက် ဝသွားပြီ။ မင်းကိုပါ ပေါင်းထည့်လိုက်ရင်တော့ ကွက်တိပဲ။ အခု ငါ မင်းကို တစ်ခွန်းလောက် မေးမယ်။ ငါက ရုပ်ချောလား။”

“အရမ်း ချောပါတယ်။ အရမ်းကို ချောပါတယ်။ အကယ်၍ ရုပ်ချောတာက အပြစ်တစ်ခုသာဆိုရင် ခင်ဗျားက ငရဲကြီး ဆယ့်ရှစ်ထပ် အထိတောင် ကျရမှာပါ။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။

ကျင်းဝူပြန်းက ပြောလိုက်၏။ “ကြည့်စမ်း။ ကြည့်စမ်း။ ဒါကမှ ရိုးသားတဲ့သူ... လိပ်ပြာသန့်တဲ့သူ ဆိုတာပဲ။”

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အရမ်း နှမြောစရာကောင်းတာက ခင်ဗျားက ကျုပ်နဲ့ ယှဉ်ရင် နည်းနည်းလေး လိုနေသေးတယ်။ ကျုပ်ကမှ တကယ့်ကို ပြိုင်ဘက်ကင်း အဆင့်ရှိတဲ့ လူချောပါ။”

‘တောက်... အရမ်းကို အရှက်မရှိတာပဲ။’

ကျင်းဝူပြန်းက မေးလိုက်၏။ “ဒါဆိုရင် မင်းက အစ်မ လန်ပိနဲ့ လိုက်ဖက်တယ်လို့ ထင်နေတုန်းပဲလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူမရဲ့ ဇာတာမှာ ရေဓာတ် လိုအပ်နေတယ်။ ကျုပ် နာမည်ထဲမှာ ရေ ပါနေတယ်။ ပြီးတော့ ကျုပ် လိုအပ်တာတွေကလည်း သူမဆီမှာ အတိအကျ ရှိနေတယ်။ ကျုပ်တို့က တကယ်ကို ဖူးစာဖက်တွေပါပဲ။”

စကားပြောနေစဉ်အတွင်း ယွင်ကျုံးဟဲ့သည် ညာဘက်ခြေထောက်ကို တိတ်တဆိတ် ထုတ်လိုကပြီး အပေါက်များ ပြည့်နှက်နေသော အင်္ကျီအောက်ခြေမှ ညစ်ပတ်နေသော ခြေတံရှည်ကြီးနှင့် ရှုပ်ပွနေသော ခြေသလုံးမွေးများကို တစ်ဝက်တစ်ပျက် ပြသလိုက်တော့သည်။

‘ဒီသူတောင်းစားက လူအများကြီး ရှေ့မှာ ခြေတံရှည်တွေနဲ့ မြှူဆွယ်နေတာလား။ ပြီးတော့ တစ်ဖက်က မြှူဆွယ်ရင်းနဲ့ တစ်ဖက်ကလည်း လန်ပိ ကို မျက်စိမှိတ်ပြကာ မျက်ခုံးပင့်ပြနေသေးတယ်။’

ချက်ချင်းပဲ ကျင်းဝူပြန်းသည် ပို၍ စိတ်လှုပ်ရှားလာပြီး ပို၍ စိတ်ဝင်စားလာသော်လည်း ပို၍ ဒေါသ ထွက်သွားတော့၏။ “ဒီခေတ်မှာ အရူးဟန်ဆောင်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ မင်းလောက်အထိ တကယ် ရူးနေတဲ့သူတွေကတော့ သိပ်မရှိတော့ဘူး။”

“ပစ်ထည့်လိုက်။ ကျားစာ ကျွေးလိုက်။” ကျင်းဝူပြန်း က အမိန့်ပေးလိုက်၏။

လူသန်ကြီး တစ်ဦး ရှေ့သို့တက်လာပြီး ကြက်ပေါက်လေး တစ်ကောင်ကို ဖမ်းဆွဲသကဲ့သို့ ယွင်ကျုံးဟဲ့ကို တိုက်ရိုက်မကာ ကျားကြီးရှိရာ လှောင်အိမ် အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။

‘ဒီ ကျင်းဝူပြန်းက တကယ်ကို စိတ်ဖောက်ပြန်နေတဲ့သူပဲ။ စိတ်အပြောင်းအလဲ အရမ်းမြန်ပြီး အချိန်မရွေး လူတွေကို ကျားစာ ကျွေးတတ်တယ်။ ဒီလို လူမျိုးကို စိတ်ကျန်းမာရေး ဆေးရုံထဲမှာပဲ သွားထားသင့်တာ။’

လူတိုင်း အလိုအလျောက် မျက်နှာလွှဲသွားကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျားက လူကို စားသည့် မြင်ကွင်းမှာ အရမ်း ရက်စက်လွန်းပြီး ယွင်ကျုံးဟဲ့၏ ပေါင်တစ်ရာကျော် အလေးချိန်မှာ ဤ ပေါင်တစ်ထောင်ကျော် ရှိသော ကျားကြီးကို ဗိုက်ဝစေရန် အတိအကျ ဖြစ်နေသောကြောင့်ပင်။

ထင်သည့်အတိုင်းပင် ယွင်ကျုံးဟဲ့သည် လှောင်အိမ် အတွင်းသို့ ပစ်ထည့်ခံလိုက်ရပြီးနောက် ထိုကျားမှာ အရင်ဆုံး မင်သက်သွား၏။ ပြီးနောက် ခန္ဓာကိုယ်ကို ကွေးချကာ အားယူလိုက်ပြီး နောက်တစ်စက္ကန့်တွင် ပြင်းထန်စွာ ခုန်အုပ်လာတော့မည် ဖြစ်ပေသည်။

ဤသည်မှာ ပေါင်တစ်ထောင်ကျော်ရှိသော ကျားကြီးဖြစ်ပြီး ၎င်း၏ ကြီးမားကာ သွေးများ စိုရွှဲနေသော ပါးစပ်ကြီးဖြင့် ယွင်ကျုံးဟဲ့ကို တိုက်ရိုက် ဝါးမျိုပစ်နိုင်စွမ်း ရှိပေသည်။ ကိုက်စရာပင် မလိုဘဲ ၎င်း၏ ဧရာမ လက်သည်းကြီးများဖြင့် ပြင်းထန်စွာ ကုတ်ခြစ်လိုက်ရုံဖြင့် ယွင်ကျုံးဟဲ့၏ သေးငယ်သော ခန္ဓာကိုယ်လေးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်၏။

ဤမျှလောက် အန္တရာယ်ကြီးမားသော အချိန်တွင် ယွင်ကျုံးဟဲ့သည် အလွန် စိတ်လှုပ်ရှားနေပုံပေါ်ပြီး အဒရီနယ်လင်းများ မြင့်တက်လာတော့သည်။

(အဒရီနယ်လင်း - ခန္ဓာကိုယ်မှာ အရေးပေါ်အခြေအနေ သို့မဟုတ် စိတ်လှုပ်ရှားစရာ အခြေအနေတစ်ခုခု ကြုံလာရချိန်တွင် ခန္ဓာကိုယ်ကို အသင့်ဖြစ်နေအောင် ပြင်ဆင်ပေးခြင်းနှင့် တိုက်မလား၊ ပြေးမလား တုံ့ပြန်မှုကို ပြုလုပ်ပေးသည့်အရာ)

ဤလူက တကယ်ကို စိတ်ဖောက်ပြန်နေခြင်းဖြစ်သည်။ သူ အရင်က ပြောခဲ့သည်မှာ မှန်၏။ လေခွင်းမြို့မှာ လျှို့ဝှက်သူလျှို လုပ်ရခြင်းသည် အမြဲတမ်း ဓားသွားပေါ်မှာ ကနေရသလိုပင်။ သို့သော်ငြား ဤ စိတ်ကျန်းမာရေးလူနာက ယခုကဲ့သို့ အခြေအနေမျိုးကို အရမ်း နှစ်သက်နေပုံ ရ၏။

“လာလေ။ လာလေ။”

ယွင်ကျုံးဟဲ့သည် လက်ညှိုးကို ကွေးပြကာ ပြောလိုက်သည်။ “ကျားကြီးရေ... လာ ကစားကြရအောင်... ကစားကြရအောင်...”

ချက်ချင်းပဲ ပတ်ဝန်းကျင်ရှိ လူများ လုံးဝ မင်သက်သွားကြပြန်သည်။

‘ချီးတဲ့မှ… ဒီလောက်တောင် မျက်နှာပြောင်တိုက်ပြီး သေဖို့မကြောက်တဲ့ လူမျိုးက ဘယ်ကျောက်တုံး ထဲကနေ ထွက်လာတာလဲ။’

ကျားသည် မူလက ခုန်အုပ်ရန် ပြင်နေသော်လည်း ယွင်ကျုံးဟဲ့၏ ဤအမူအရာကို မြင်တွေ့ရချိန်မှာတော့ အနည်းငယ် တွေဝေသွားတော့၏။

သားရဲတိရစ္ဆာန်များ၏ သဘာဝမှာ အလွန် သံသယ ကြီးမားတတ်ကြသည်။ အကယ်၍ လူက သူ့ကို ကျောခိုင်း ထားမည်ဆိုပါက ချက်ချင်း ခုန်အုပ်ကာ ကိုက်သတ်မည်မှာ သေချာပေသည်။ ထို့ကြောင့် သားရဲတိရစ္ဆာန်များကို လုံးဝ ကျောခိုင်း၍ မနေသင့်ချေ။

သို့သော်ငြား လူက မတ်တတ်ရပ်ကာ ကျားကို စိုက်ကြည့်နေပြီး တိုက်ခိုက်မည့်ဟန်ပန်မျိုး ပြသနေမည် ဆိုပါက ၎င်းသည် အနည်းငယ် သတိထားလာမည် ဖြစ်၏။

“ဝေါင်း…”

ကျားက နောက်တစ်ကြိမ် ကောင်းကင်ကို တုန်လှုပ်စေလောက်သော ဟိန်းသံကြီးကို ထုတ်လွှင့် လိုက်ပြန်၏။ ဤသည်မှာ ၎င်း၏ အလေ့အကျင့်တစ်ခုဖြစ်ပြီး အရင်ဆုံး လူကို ခြောက်လှန့်ကာ ကြောက်လန့် သွားအောင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

သာမန်လူများသာ ကျား၏ ဤကဲ့သို့ ဟိန်းခြင်းကို ခံရပါက အကြောက်လွန်ကာ မြေပြင်ပေါ်တွင် လဲကျသွားမည်မှာ သေချာပေ၏။

“သားရဲတိရစ္ဆာန်တွေရဲ့ အသံလှိုင်းနဲ့ နှိပ်နယ်ခြင်းက အရမ်း စိတ်လှုပ်ရှားဖို့ကောင်းပြီး အရမ်း ဇိမ်ရှိတာပဲ။ နောက်တစ်ခါ ထပ်လုပ်ပါအုံး။ ထပ်လုပ်ပါအုံးလေ။” ယွင်ကျုံးဟဲ့က စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။

ကျားသည် ပြင်းထန်သော စိန်ခေါ်မှုကို ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သွေးများဖြင့် ရဲရဲနီနေသော ပါးစပ်ကြီးကို ဟကာ ပြင်းထန်စွာ ခုန်အုပ်လာတော့၏။

ထိုအချိန်၌ “ဝုန်း… ဝုန်း… ဝုန်း…” ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်သည် ရုတ်တရက် မီးလောင်ကျွမ်းလာပြီး ခန်းမကြီး တစ်ခုလုံးကို လင်းထိန်သွားတော့သည်။

သားရဲတိရစ္ဆာန် များသည် မွေးရာပါ မီးကို ကြောက်ရွံ့တတ်ကြပြီး ကျားလည်း ခြွင်းချက် မဟုတ်ပေ။

ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက် မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ ၎င်းသည် ရုတ်တရက် မင်သက်သွားပြီး ရှေ့သို့ ခုန်အုပ်မည့် အရှိန်ကို အတင်းအကျပ် ရပ်တန့်လိုက်၏။ သို့သော်လည်း သွေးများထွက်ကာ် ရဲနေသော ပါးစပ်ကြီးကိုမူ မပိတ်နိုင်သေးချေ။

ထိုအချိန်ကို အခွင့်ကောင်းယူကာဖြင့် ယွင်ကျုံးဟဲ့က သူ၏ လက်ထဲမှ အရာတစ်ခုကို အလျင်အမြန် ပစ်ပေါက်လိုက်ရာ ကျား၏ ပါးစပ်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်သွားတော့၏။

“ဘုန်း..” တိုးညင်းသော ပေါက်ကွဲသံလေး ထွက်ပေါ်လာပြီး ဆေးလုံးကြီး တစ်လုံး ပေါက်ကွဲသွားသည်။ ဆေးလုံးအတွင်းရှိ ပြင်းထန်သော ထုံဆေးများသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကျား၏ ဒဏ်ရာမှ သွေးကြောများအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားတော့သည်။

ဤသည်မှာ ယွင်ကျုံးဟဲ့ ပေးအပ်သော ဖော်စပ်နည်းဖြင့် ရွှီအန်းထင် မောင်နှမက ရက်အတော်ကြာ အချိန်ယူကာ ကိုယ်တိုင် ဖော်စပ်ထားသော မေ့ဆေး ဖြစ်သည်။ လွန်းဟွမ်ထန် အပင် ပေါင်တစ်ရာကျော်ကို အသုံးပြု၍ ပြင်းထန်သော ထုံဆေး ဆယ်ဂရမ်ကျော်ခန့်ကို ဖော်စပ်ထားခြင်းဖြစ်ရာ ဆင်တစ်ကောင်ကိုပင် မေ့မြောသွားစေရန် လုံလောက်ပြီး ကျားတစ်ကောင် ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

ထို့အပြင် ပါးစပ်အတွင်း၌ ပေါက်ကွဲသွားပြီး သွေးကြောများမှတစ်ဆင့် စက္ကန့်အနည်းငယ်အတွင်း ဦးနှောက်ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ထို့နောက် ကျားကြီးသည် မူးဝေယိမ်းယိုင်လျက် ရှိနေသည့် ခြေလှမ်းများဖြင့် ယွင်ကျုံးဟဲ့ထံသို့ လျှောက်လာ၏။ ၎င်း၏ မျက်လုံးများမှာ ပို၍ပို၍ တွေဝေလာပြီး ပို၍ပို၍ အားနည်းလာတော့၏။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း...

ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် နတ်ဘုရားတစ်ပါးကဲ့သို့ ဟန်ဆောင်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “လဲကျသွားစမ်း။ လဲကျသွားစမ်း။ လဲကျသွားစမ်း။”

ထို့နောက် ကျားကြီးသည် ယွင်ကျုံးဟဲ့၏ အရှေ့တွင် ဗုန်းကနဲ လဲကျသွားပြီး ဟထားသော ပါးစပ်ကြီး ကိုလည်း မပိတ်နိုင်တော့ချေ။ ထို့နောက် ပါးစပ်ထဲမှ တံတွေးများ မြေပြင်ပေါ်သို့ စီးကျလာတော့၏။

တစ်ကွင်းလုံး လုံးဝ အံ့ဩသွားကြတော့သည်။ မျက်စိရှေ့ရှိ ဤ သူတောင်းစားသည် ကျားကြီး တစ်ကောင်ကို နှိမ်နင်းလိုက်သည်လား။ ပေါင်တစ်ထောင်ကျော်ရှိသော ကျားကြီး တစ်ကောင်ကို နှိမ်နင်းလိုက်သည်လား။ ဤအရာက လုံးဝ ယုံကြည်နိုင်စရာ မရှိသည့်အရာပင်။

‘ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ အရမ်းကို အံ့ဩစရာ ကောင်းလွန်းနေပြီ။’

ယွင်ကျုံးဟဲ့သည် လက်မောင်းပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်လိုက်သည်။ ဤသည်မှာလည်း သာမန် လမ်းဘေး မျက်လှည့်ပညာ တစ်ခုသာ ဖြစ်ပြီး ဆီပူအိုးထဲမှ အရာဝတ္ထုများကို ယူဆောင်သည့် ပညာရပ်နှင့် အတူတူပင် ဖြစ်သည်။

“ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...” ကျင်းဝူပြန်းသည် ဒေါသမထွက်သည့်အပြင် မျက်လုံးများ ပိုမို လင်းလက်လာပြီး အားပါးတရ လက်ခုပ် တီးလိုက်တော့၏။

ကျင်းဝူပြန်းသည် ဤကဲ့သို့သော မျက်လှည့်များကို အနှစ်သက်ဆုံးဖြစ်ပြီး သူ၏ အိမ်တော် အတွင်း၌ ဤကဲ့သို့သော လမ်းဘေး မျက်လှည့်ဆရာ ရာနှင့်ချီ ရှိနေသည်။

သူသည် ယခုအခါ အကျယ်ချုပ် ချခံထားရပြီး နေ့စဉ်နေ့တိုင်း အပြင်သို့ မထွက်ရသောကြောင့် လမ်းဘေး မျက်လှည့်များကိုသာ ကြည့်ရှုနေရခြင်း ဖြစ်သည်။ ယခုလေးတင် မြင်တွေ့လိုက်ရသော ပြကွက်မှာ အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှ၏။

သူတောင်းစားလေး တစ်ယောက်က ပေါင်တစ်ထောင်ကျော်ရှိသည့် ကျားကြီး တစ်ကောင်ကို မည်သည့်အားမှ စိုက်မထုတ်ရဘဲ နှိမ်နင်းနိုင်ခဲ့ခြင်း မဟုတ်ပါလား။

“ကောင်းတယ်။ ကောင်းတယ်။ အရမ်း ကောင်းတယ်။ မင်းရဲ့ မျက်လှည့်က တကယ်ကို မဆိုးဘူး။ တကယ်ကို မဆိုးဘူး။”

ကျင်းဝူပြန်းက ပြောလိုက်သည်။ “ငါ ဒီလောက် မပျော်ရတာ အရမ်း ကြာနေပြီ။ ဒါဆိုလည်း ပိုပျော်သွားအောင် ဆက်ကစားကြတာပေါ့။ လာကြစမ်း... သယ်လာခဲ့။”

ခဏအကြာတွင် လူသန်ကြီး အချို့က ဧရာမ အိုးကြီး တစ်လုံးကို ထပ်မံ သယ်ဆောင်လာကြပြီး အောက်ဘက် တွင်လည်း မီးများ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ ဧရာမ အိုးကြီး အတွင်း၌ ဆီများ အပြည့်ပါဝင်ပြီး မီးပြင်းပြင်းတွင် တည်ထာသောကြောင့် ဆူပွက်နေလေ၏။

ခန်းမကြီး တစ်ခုလုံး ရုတ်တရက် ပူပြင်းလာသကဲ့သို့ ခံစားလိုက်ရ၏။ ဆူပွက်နေသည့် ဆီပူအိုးကြီးပင်။

ကျင်းဝူပြန်းက ပြောလိုက်၏။ “ယွင်အောက်ထျန်း... အခု မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမ တစ်ခုက အစ်မ လန်ပိရဲ့ အရှေ့မှာ ချက်ချင်း ဒူးထောက်ပြီး ခွေးတစ်ကောင်လို သူမရဲ့ ဖိနပ်အောက်ခြေကို လျက်ရမယ်။ ပြီးရင် မင်းက ‘ကျုပ် မှားသွားပါတယ်။ ဖားက ငန်းသားကို စားချင်နေမိတယ်လို့ ဝန်ခံလိုက်။’ အဲဒီလိုဆိုရင် ငါ မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးမယ်။ ပြီးတော့ မင်းကို ငါ့ရဲ့ လက်အောက်ခံအဖြစ် ခန့်အပ်မယ်။ ဘာပဲဖြစ်ဖြစ် စောစောက မင်းရဲ့ ပြကွက်က တကယ် ကောင်းပါတယ်။”

“ဒုတိယ ရွေးချယ်စရာအနေနဲ့ မင်းက သေလမ်းရှာရတာ ကြိုက်တယ် မဟုတ်လား။ အဲဒီ ဆီပူအိုးထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ် ကြော်သတ်လိုက်တော့။ အဲဒီလိုဆိုရင် မင်း အစ်မ လန်ပိကို နောက်ပြောင်ခဲ့တာနဲ့ ငါ့ကို စော်ကားခဲ့တာတွေ အားလုံး ကျေအေးသွားပြီ။”

“မြန်မြန် စဉ်းစား။ ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်...”

ရလဒ်အနေဖြင့် သူ နောက်ပြန် ရေတွက်၍ မပြီးသေမီမှာပဲ ယွင်ကျုံးဟဲ့သည် စကားတစ်ခွန်းမျှ မဆိုဘဲ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်ကာ အရှိန်ယူပြီး ဆူပွက်နေသော ဆီပူအိုးဆီသို့ ပြေးဝင်သွားတော့၏။

ပြေးဝင်နေရင်းမှာပဲ သေခါနီး အချစ်ဝန်ခံ စကားများကိုပါ အော်ဟစ်နေသေးသည်။ “သခင်မလေး လန်ပိ... ဆီပူအိုးထဲ ဆင်းရမယ် ဆိုရင်တောင်မှ ကျုပ်စကားကို လုံးဝ မပြောင်းလဲဘူး။ တကယ့် သူရဲကောင်း ဆိုတာ ကိုယ့်ရဲ့ အချစ်ကို ရင်ဆိုင်ရဲရမယ်။”

“မသေခင်လေးမှာ ကျုပ် ခင်ဗျားကို ပြောချင်တာ တစ်ခွန်းတည်းပဲ ရှိတယ်။ သခင်မလေး လန်ပိ... ကျုပ် ခင်ဗျားနဲ့ အတူတူ အိပ်ချင်တယ်။”

ပြောဆိုပြီးသည်နှင့် သူသည် လှပသည့် ရေထဲသို့ ထိုးဆင်းသောဟန်မူရာဖြင့် ဆူပွက်နေသော ဆီပူအိုး အတွင်းသို့ အရှိန်ဖြင့် ခုန်ချလိုက်ပြီး ပြီးပြည့်စုံသော ဆီလှိုင်းလေး တစ်ခုကို ဖန်တီးလိုက်တော့၏။

တစ်ကွင်းလုံး အသက်ရှုသံ မရကြားရအောင် တိတ်ဆိတ်သွားတော့သည်။

......

အပိုင်း (၂၈)

ပွက်ပွက်ဆူနေသော ဆီပူအိုး၏ ကြောက်မက်ဖွယ်ကောင်းသည့်အပူချိန်မှာ စင်တီဂရိတ် မည်မျှရှိမည်နည်း။ ဤလောကရှိ လူများအနေဖြင့် ဆီပူ၏ အပူချိန် မည်မျှရှိသည်ကို တိကျစွာ မသိနိုင်ကြသော်လည်း ကြက်ကြော်၊ ဆီကြော်မုန့် အမျိုးမျိုး ကြော်ချက်သည်ကို မြင်ဖူးကြ၏။

အသားတုံး လတ်လတ်ဆတ်ဆတ်ကို ဆီပူထဲ ပစ်ထည့်လိုက်ပါက တစ်ခဏချင်း မီးသွေးတုံးကဲ့သို့ မည်းတူး သွားနိုင်ကြောင်း သိကြသည်။ သာမန်အချိန်တွင် ဆီပူအနည်းငယ် စင်သွားလျှင်ပင် နာကျင်လွန်း၍ ခုန်ဆွခုန်ဆွ ဖြစ်သွားတတ်ကြသည်။

ယခုမူ တိုက်ရိုက် ခုန်ချသွားခြင်းဖြစ်ရာ သေမတတ် နာကျင်ခံစားရမည်မှာ အသေအချာပင်။ ငရဲကြီး ၁၈ ထပ်တွင် ဆီပူအိုးငရဲ ပါဝင်နေခြင်းမှာ အကြောင်းမဲ့ မဟုတ်နိုင်ချေ။

ရောက်ရှိနေသူ အားလုံးသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို စောင့်ဆိုင်း နေကြသည်။ ယွင်ကျုံးဟဲ့၏ သွေးပျက်ဖွယ် အော်ဟစ်သံနှင့်အတူ လူသားကြော်နံ့ ရရှိလာမည့်အချိန်ကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။

ထင်ထားသည့်အတိုင်း ယွင်ကျုံးဟဲ့ထံမှ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ သို့သော်ငြား တစ်ခုခု မှားယွင်းနေသည့်ပုံပင်။

“နေပါအုံး။ ဒီအော်သံက တစ်မျိုးကြီးပါလား။”

“အား...”

“အိုး...”

“ကောင်းလိုက်တာ။ ဇိမ်ရှိလိုက်တာ….။ ကျုပ် ရေမချိုးရတာ ဆယ်ရက်လောက် ရှိနေတာနဲ့ အတော်ပဲ။ ချေးတွန်းပြီး သန့်ရှင်းရေး လုပ်လိုက်အုံးမယ်။”

ဆီပူအိုးထဲတွင် ယွင်ကျုံးဟဲ့သည် အေးအေးလူလူ ရေချိုးနေလေသည်။

အမှန်စင်စစ် ဤဆီပူအိုးမှာ အတုအယောင်သာ ဖြစ်၏။ ကြီးမားသော ဒယ်အိုးကြီး၏ အောက်ခြေတွင် အပူခံ အလွှာတစ်ခု ခံထားပြီး အပေါ်ပိုင်း၌ ရှာလကာရည်နှင့် ဓာတုဗေဒဆေးရည်များ ထည့်ထားကာ အပေါ်ယံ၌သာ ဆီအလွှာပါးပါးလေး လောင်းထည့်ထားခြင်း ဖြစ်၏။

ဤအရာမှာ ကျင်းဝူပြန်းက ယွင်ကျုံးဟဲ့၏ သတ္တိကို စမ်းသပ်ရန် ပြုလုပ်ထားသော လှည့်ကွက်သက်သက်ပင်။ အမြင်အားဖြင့် မီးခိုးအူကာ ပွက်ပွက်ဆူနေသော်လည်း လက်တွေ့ အပူချိန်မှာ ၆၀ ဒီဂရီ စင်တီဂရိတ် ဝန်းကျင်သာ ရှိလေသည်။

ယွင်ကျုံးဟဲ့သည် ရေချိုးရုံသာမက အင်္ကျီနှင့် ဘောင်းဘီများကိုပါ တစ်စစီ ချွတ်ကာ အပြင်သို့ ပစ်ထုတ်လိုက်လေ၏။

ထို့နောက် မေးမြန်းလိုက်ပြန်သည်။ “အားနာပေမဲ့ ဆပ်ပြာရှိလား။ ကွမ်းသီးခွံလေး ဘာလေးများ မရှိဘူးလား။”

“ဘာမှမရှိဘူးလား။ ဒါဆိုလည်း လက်နဲ့ပဲ ဂျီးတွန်းတော့မယ်။”

“အစ်မလန်ပိရေ... အတူတူ လာချိုးမလား။ ဇာတ်ကားထဲကလို စုံတွဲရေချိုးကြမယ်လေ။ ဘယ်လိုလဲ။”

“ဒီလို သာယာတဲ့ အချိန်အခါမျိုးမှာ ကဗျာတစ်ပုဒ်လောက် ရွတ်လိုက်ချင်တယ်။ ဘဲ... ဘဲ... ဘဲ... မိုးပေါ်မော့လို့အော်... ရေပြင်ပေါ်မှာ ယက်ကန်ယက်ကန်... လှိုင်းကြက်ခွပ်လေးတွေ ဖြစ်ပေါ်စေသတည်း။”

ယွင်ကျုံးဟဲ့သည် ကဗျာရွတ်ဆိုရင်း ရှည်လျားသော လည်တိုင်ကို မော့ကာ မြက်ခြောက်ပုံကဲ့သို့ ဖွာလန်ကြဲကာ ဂျေးများပြည့်နှက်နေသော ဆံပင်များကို ခါလိုက်သေးသည်။ မြင်ကွင်းမှာ အလွန်အမင်း မျက်စိနောက်စရာ ကောင်းလှ၏။

သို့သော်ငြား ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

‘ငါတို့ ဒီနေ့ လူသတ်ပွဲ လာကြည့်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သူတောင်းစားတစ်ယောက်ရဲ့ ဟာသ ပြဇာတ်ကို ကြည့်နေရတာပါလိမ့်။’

“ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...” ကျင်းဝူပြန်းသည် လက်နှစ်ဖက်ကို မြှောက်ကာ အားပါးတရ လက်ခုပ်တီးလိုက်ပြန်သည်။

“စိတ်ဝင်စားစရာပဲ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းက တကယ့်ကို သေမှာ မကြောက်တဲ့ကောင်ပဲ။ ဒီလောကကြီးမှာ အရူးလုပ်တဲ့လူတွေ အများကြီး ရှိတယ်။ ငါကတော့ တွေ့သမျှ အကုန်သတ်ပစ်တယ်။ ဒီလောကကြီးမှာ တကယ့်အရူးစစ်စစ်တွေလည်း အများကြီး ရှိတယ်။ သူတို့ကျတော့ အသက်မဲ့နေတဲ့ အလောင်းကောင်တွေနဲ့ ဘာမှမထူးဘူး။ ဒီလောကကြီးမှာ ရှားပါးဆုံး လူသားမျိုးစိတ် တစ်ခုပဲ ရှိတယ်။ တစ်ဝက်ရူးပြီး တစ်ဝက်ကောင်းနေတဲ့ လူတွေ။ သူတို့က အဆင်းရဲဆုံး၊ ခံစားရအခက်ဆုံး လူတွေပဲ။”

“ယွင်အောက်ထျန်း.... မင်းရဲ့ နာမည်ဝှက်ကလည်း သောက်ရမ်း ဆိုးရွားတာပဲ။ ဘယ်မိဘကများ ကိုယ့်ကလေးကို ဒီလိုနာမည်မျိုး ပေးရက်တာလဲ။ အရင်ဘဝက ဘာရန်ငြိုးတွေ ရှိခဲ့လို့လဲ။” ကျင်းဝူပြန်းက လက်ကာပြလိုက်ပြီး ဆက်ပြောသည်။

“ယွင်အောက်ထျန်း... မင်း ငါ့ကို ပြစ်မှားခဲ့သမျှ အကုန်လုံး ကျေအေးပေးလိုက်ပြီ။ မင်းက သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့လူပဲ။ တကယ့်အရူးစစ်စစ်လည်း ဖြစ်တယ်။ မင်းရဲ့ အသက်ကို ရင်းပြီး ကပြသွားတဲ့ ဖျော်ဖြေပွဲက အရမ်းမိုက်တယ်။ ဒီည ငါ သိပ်ပျော်သွားပြီ။ မင်း အသက်ချမ်းသာရာ ရပြီ။”

ထို့နောက် ကျင်းဝူပြန်းက လန်ပိဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အစ်မ... ကျုပ် ဦးနှောက်က မကောင်းဘူးဆိုတာ အစ်မလည်း သိသားပဲ။ ကိုယ်နဲ့ ဓာတ်တူတဲ့ အရူးတစ်ယောက်ကို တွေ့တုန်းလေး သူ့ကို အသက်ချမ်းသာပေးလိုက်ချင်တယ်။ ရမလားဟင်။”

လန်ပိက ပြန်ဖြေ၏။ “ငါ သတ်ခဲ့တဲ့ လူတွေက မနည်းတော့ဘူး။ အိမ်နီးချင်း နိုင်ငံကြီးတွေက သူလျှိုတွေရော၊ လေခွင်းမြို့ထဲက သစ္စာဖောက်တွေရော။ အားလုံးက ထိပ်တန်း အဆင့်တွေချည်းပဲ။ ကြွက်စုတ် တစ်ကောင်လောက်ကိုတော့ နင်းသတ်ချင် သတ်မယ်။ မသတ်ချင် မသတ်ဘူး။ သိပ်အရေးမကြီးဘူး။”

“ကျေးဇူးပါ အစ်မ...” ကျင်းဝူပြန်းက ပြောလိုက်သည်။

“ဝူပြန်း... မင်းက ဒီကြွက်စုတ်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးချင်လို့လား။” လန်ပိက မေးလိုက်၏။

ကြွက်စုတ်ဆိုသည်မှာ ယွင်ကျုံးဟဲ့ကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ကျင်းဝူပြန်းသည် ဆီပူအိုးထဲမှ ယွင်ကျုံးဟဲ့ကို ကြည့်ကာ လေသံအေးအေးဖြင့် မေးလိုက်၏။ “မင်း အခုလို အသက်စွန့်ပြီး လုပ်ပြတာတွေ အားလုံးက ငါ့ဆီမှာ ခိုလှုံခွင့်ရဖို့... မြို့စားအိမ်တော်ထဲ ဝင်ခွင့်ရဖို့အတွက် မဟုတ်လား။”

ယွင်အောက်ထျန်း တဖြစ်လဲ ယွင်ကျုံးဟဲ့သည် စကားပြန်မပြောပေ။

ကျင်းဝူပြန်းက ဆက်ပြော၏။ “စိတ်မကောင်းပါဘူးကွာ။ မဖြစ်နိုင်ဘူး။ ယွင်အောက်ထျန်း... မင်းက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ ငါ့ဘေးနားက လူတွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါပေမဲ့ မင်းက လုံလောက်အောင် မနှိမ့်ချတတ်ဘူး။ ခွေးကောင်းတစ်ကောင် မဟုတ်သလို အိမ်မွေးတိရစ္ဆာန်ကောင်း တစ်ကောင်လည်း ဖြစ်လာမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “တိုက်ဆိုင်လိုက်တာဗျာ။ ကျုပ်ကလည်း မြို့စားအိမ်တော်ထဲ ဝင်ချင်တယ်။ သခင်လေး ကျင်းဝူပြန်းဆီမှာ ခိုလှုံချင်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ တောင်းဆိုချက်က ခင်ဗျား ကျုပ်ကို ဝေါယာဉ်နဲ့ လာကြိုမှ ရမယ်။ ဒီနေ့က ခင်ဗျား လူလွှတ်ပြီး ဖမ်းခေါ်လာတာလေ။ စေတနာ မပါဘူး။ ဒါကြောင့် ကျုပ်ကလည်း ဒီတိုင်းကြီးတော့ ခိုလှုံခွင့် မတောင်းနိုင်ဘူး။”

“ဝေါယာဉ်နဲ့ လာကြိုရမယ် ဟုတ်လား။ မင်းကို မယားအဖြစ် ကောက်ယူရမှာလား။”

ကျင်းဝူပြန်းက ရယ်မောလိုက်ပြီး အမိန့်ပေးလိုက်သည်။ “လာကြစမ်း။ သခင်လေး ယွင်အောက်ထျန်းကို ပြန်ပို့လိုက်ကြ။ ဘယ်ကလာလဲ အဲဒီကို ပြန်ပို့လိုက်။ နောက်နောင် သူ့ကို လုံးဝ ဂရုမစိုက်နဲ့။ သူ့ဖျော်ဖြေပွဲက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ အသက်စွန့်စွန့် လုံးဝ အရေးမလုပ်နဲ့။”

ကျင်းဝူပြန်း၏ စကားအဓိပ္ပာယ်မှာ မြို့စားအိမ်တော်၏ တံခါးကို အသေပိတ်လိုက်ခြင်းပင် ဖြစ်သည်။ ယွင်ကျုံးဟဲ့ကို တစ်သက်လုံး လက်ခံမည် မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် ယခင်က ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ရချေတော့မည်။

“ခေါ်သွားကြ။ ခေါ်သွားကြ။ ငွေစ တစ်ရာ ပေးလိုက်။ ဒီည ဖျော်ဖြေခပေါ့။” ကျင်းဝူပြန်းက လက်ခါပြလိုက်ရင်း သူ၏ ပေါင်ကြားကို မသိမသာ ကုတ်လိုက်မိပြန်သည်။ မျက်နှာတစ်ချက် ရှုံ့မဲ့သွားသည်ကို ကြည့်လျှင် နာကျင်မှု ဝေဒနာ ခံစားလိုက်ရကြောင်း သိသာလှသည်။

စစ်သည်အချို့ ရှေ့တိုးလာပြီး ယွင်ကျုံးဟဲ့ကို ဆီပူအိုးထဲမှ ဆွဲထုတ်ကာ ရန်ရှုလမ်းကြားသို့ ပြန်ပို့ရန် ပြင်လိုက်ကြ၏။ ယွင်ကျုံးဟဲ့အနေဖြင့် ဗေဒင်ဆရာအဖြစ်သာ ဆက်လက်နေထိုင်ရတော့မည့် သဘောပင်။

ယွင်ကျုံးဟဲ့က ရုတ်တရက် ထပြောလိုက်သည်။ “သခင်လေးကျင်း.... ခင်ဗျားမှာ ပြောမထွက်တဲ့ ရောဂါ ဝေဒနာ ရှိနေတယ် မဟုတ်လား။ ပုံမှန်ဆို ရေတောင် မသောက်ရဲဘူး။ ဘာလို့လဲဆိုတော့ ဆီးသွားတိုင်း ဓားနဲ့မွှန်းသလို နာကျင်ရလို့လေ။ ဒါပေမဲ့ မသောက်လေ ပိုဆိုးလေ။ ဆီးခဏခဏသွားချင်၊ ဆီးသွားရင်နာ၊ တကယ့်ကို သေမတတ် ခံစားရတယ်။ တစ်ခါတလေ ဆီးထဲ သွေးပါတာတို့ ပြည်တည်တာတို့တောင် ဖြစ်နေပြီ မဟုတ်လား။”

“ဟမ်... မင်း ဘယ်လိုသိတာလဲ။” ကျင်းဝူပြန်း တစ်ကိုယ်လုံး တုန်တက်သွားလေသည်။

“ရှူး... ရှူး... ရှူး... ရှူး..” ယွင်ကျုံးဟဲ့က ပါးစပ်ဖြင့် ပလွေမှုတ်သံ ပြုကာ ကလေးသေးတည်သလို ပြုလုပ်လိုက်၏။

ထိုအသံကို ကြားလိုက်ရုံဖြင့် ကျင်းဝူပြန်းမှာ ကြက်သီးမွေးညှင်းထကာ တစ်ကိုယ်လုံး နာကျင်လာသလို ခံစားလိုက်ရချေသည်။ “ကျွတ်... ကျွတ်... ကျွတ်...”

“မင်း... မင်း... သေချင်နေတာလား။ သေလမ်းရှာနေတာလား။” ကျင်းဝူပြန်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို အတင်း ဖိကပ်ထားလိုက်၏။

သူ အိမ်သာ မတက်ချင်၍ မဟုတ်ချေ၊ ဆီးသွားချိန်တွင် ခံစားရမည့် နာကျင်မှုကို တွေးမိရုံဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ဖြစ်ရသောကြောင့် ရေမသောက်ရဲ၊ အရက်မသောက်ရဲ ဖြစ်နေရခြင်းပင်။

လတ်တလောတွင် သူ၏ စိတ်အခြေအနေ ဆိုးရွားပြီး လူများကို ကျားစာကျွေးနေခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။ အခက်ဆုံးမှာ ထိုရောဂါမျိုးကို လူသိရှင်ကြား ထုတ်ပြောရန် ခက်ခဲခြင်းဖြစ်သည်။

သမားတော်ပေါင်းစုံ ပြသသော်လည်း မပျောက်ကင်းနိုင်ခဲ့ချေ။ ရံဖန်ရံခါ သက်သာသလို ရှိသော်လည်း မကြာခင် ပြန်ဖြစ်လာတတ်သည်။ ထို့ကြောင့် သူ၏ စိတ်ရိုင်းများ ပိုမို ဆိုးရွားလာရခြင်း ဖြစ်၏။

‘ဘာသဘောလဲ။ ဒါက ဘာသဘောလဲ။ ငါက ဒီလောက် ချောမောခန့်ညားနေတာကို ဘာလို့ ဆီးလမ်းကြောင်း ရောင်ရမ်းတဲ့ ရောဂါ ခံစားရမှာလဲ။ မင်းတို့လို ရုပ်ဆိုးတဲ့ကောင်တွေကျတော့ ဘာလို့ မဖြစ်ကြတာလဲ။ လောကကြီးက မတရားဘူး။’

...................

ယွင်ကျုံးဟဲ့ အကဲခတ်ကြည့်သလောက် ကျင်းဝူပြန်း၏ ရောဂါမှာ အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ ဆီးကျိတ်ရောင်ရမ်းခြင်းမှတဆင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် အခြား ဆက်စပ်ရောဂါများပါ ဖြစ်ပွားနေပုံ ရသည်။

သူ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီရဲနေခြင်း၊ အဖျားဝင်နေခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းနေခြင်းတို့က သက်သေပင်။ ထိုင်ခုံပေါ်မှ မထရဲသည်မှာလည်း ထိုအကြောင်းကြောင့် ဖြစ်နိုင်၏။

သူ ကလေးမရနိုင်ခြင်းမှာလည်း ဆီးကျိတ်ရောင်ရမ်းခြင်းကြောင့်ပင် ဖြစ်နိုင်၏။ ၎င်းသည် အမျိုးသားများ ကလေးမရနိုင်ခြင်း၏ အဓိက တရားခံဖြစ်သည်။ ဤရောဂါကြောင့် ကျင်းဝူပြန်းသည် အမျိုးသမီးများနှင့် မနေဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ဘဝ၏ ပျော်ရွှင်မှုများ ဆုံးရှုံးနေရရှာသည်။

ခေတ်သစ်ကမ္ဘာတွင် ဤရောဂါမျိုးမှာ အသက်အန္တရာယ် မရှိသော်လည်း ခံစားရသူကို သေမတတ် ဖြစ်စေနိုင်သည်။ အိမ်သာသွားတိုင်း ငရဲကျသလို ခံစားရစေ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “သခင်လေးကျင်း... ခင်ဗျားရဲ့ရောဂါကို ကျုပ် ကုပေးနိုင်တယ်။ ခင်ဗျားရဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပြန်ယူဆောင်ပေးနိုင်တယ်။”

“အိပ်မက်မက်နေလိုက်။”

ကျင်းဝူပြန်းက ငြင်းပယ်လိုက်သည်။ “တောင်ပိုင်းကျိုးအင်ပါယာ၊ တာယင်အင်ပါယာက သမားတော်ကြီး တွေတောင် လာကုပေးဖူးတယ်။ တစ်ယောက်မှ မအောင်မြင်ဘူး။ မင်းက အရူးတစ်ပိုင်း ဗေဒင်ဆရာလေး ဖြစ်ပြီးတော့များ ငါ့ရောဂါကို ကုပေးမယ် ဟုတ်လား။ အိပ်မက်သာ မက်နေလိုက်တော့။”

“လွယ်လွယ်လေးပါ။ ဆေးလုံးလေး နည်းနည်းလောက် ဖော်စပ်လိုက်တာနဲ့ ရောဂါပျောက်ကင်း သွားစေရမယ်။”

ယွင်ကျုံးဟဲ့က ကြွားလုံးထုတ်လိုက်သည်။ “ကျုပ် ယွင်အောက်ထျန်းက နက္ခတ်တာရာ ဗေဒင်ပညာတွေ တတ်ကျွမ်းသလို စာပေဘက်မှာလည်း တိုင်းပြည်ကို အုပ်ချုပ်နိုင်တယ်။ သိုင်းပညာဘက်မှာလည်း ကာလသားရောဂါမှန်သမျှ ကုသနိုင်တယ်။ တကယ့်ကို ရှားပါး ပညာရှင်ပဲ။”

“တကယ် ကုနိုင်တာလား။” ကျင်းဝူပြန်း၏ မျက်နှာတွင် အနည်းငယ်မျှော်လင့်ချက် ရောင်ခြည် သန်းလာ၏။

အကယ်၍ စောစောက ယွင်ကျုံးဟဲ့၏ စွမ်းဆောင်ချက်များကို မမြင်ဖူးပါက လုံးဝ ယုံကြည်မည် မဟုတ်သော်လည်း ယခုမူ ယွင်ကျုံးဟဲ့၌ ပညာရှင်ဟန် အနည်းငယ် ရှိသည်ဟု ထင်မြင်မိသည်။

ထို့အပြင် ရောဂါဝေဒနာမှာ အလွန် ဆိုးရွားလှသောကြောင့် မျှော်လင့်ချက် အနည်းငယ် ရှိလျှင်ပင် လက်လွှတ်မခံချင်တော့ပေ။

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “တကယ်လို့ ရောဂါမပျောက်ဘူးဆိုရင် ကျုပ်ကို သတ်ပစ်လိုက်။ အဆိုးရွားဆုံးနည်းနဲ့ သတ်ပစ်လိုက်။ လူမဲအယောက် ၂၀ လောက် ခေါ်ပြီး ကျုပ်ကို အဓမ္မကျင့်ပြီး သတ်ခိုင်းလိုက်။”

ကျင်းဝူပြန်းက ပြန်ပြော၏။ “ယွင်အောက်ထျန်း... မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။ ငါ မင်းကို သိပ်မသတ်ချင်တော့ဘူး။ ပြီးတော့ ဒီရောဂါကို ငါ လက်လျှော့ထားပြီးပြီ။ တကယ်လို့ မင်းက ငါ့ကို မျှော်လင့်ချက် ပေးပြီးမှ မကုနိုင်ဘူးဆိုရင်တော့ အကျိုးဆက်က ကြောက်စရာ ကောင်းလိမ့်မယ်။”

ကျင်းဝူပြန်း၏ လေသံမှာ အလွန် တည်ငြိမ်လေးနက်နေသည်။

“ကတိစာချုပ် ချုပ်ကြတာပေါ့။”

......................

ယွင်ကျုံးဟဲ့သည် သူ၏ အဝတ်စုတ်ကြားမှ စုတ်တံတစ်ချောင်းကို ထုတ်လိုက်ပြီး မေးလိုက်၏။ “စာရွက်တစ်ရွက်လောက် ပေးနိုင်မလား။”

ချက်ချင်းပဲ လူတစ်ယောက်က ဖြူဖွေးသန့်စင်သော စက္ကူတစ်ရွက် လာပေးသည်။

“အားနာပါတယ်။ ဒီလို စက္ကူမျိုး ကျုပ် မသုံးတတ်ဘူး။ အိမ်သာသုံး စက္ကူကြမ်းမျိုး မရှိဘူးလား။”

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “ဒီလောက် ဖြူဖွေးချောမွတ်နေတဲ့ စက္ကူကို မြင်လိုက်ရင် ဖင်သုတ်လို့ မပြောင်မှာကိုပဲ တွေးပူမိနေလို့ပါ။ ပွတ်တိုက်အား မကောင်းမှာ စိုးလို့လေ။”

‘သောက်ကျိုးနည်း... ဘာတွေ ပြောမိနေတာပါလိမ့်။’

All Chapters