အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အပိုင်း (၃၉)
အိပ်မက်ထဲတွင် ယွင်ကျုံးဟဲ့သည် X စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်ရောက်သွားသည်။ သူ့ရှေ့တွင် လူနာ ၂၆ ဦး ထိုင်နေကြ၏။ ‘တစ်လနီးပါး ရှိပြီ။ မင်းတို့ကို ငါ လွမ်းလိုက်တာကွာ။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ရဲဘော်တို့... ကျုပ်နဲ့ ကျင်းကျုံးယွဲ့ရဲ့ စစ်ပွဲ စတင်တော့မယ်။ မနက်ဖြန် ပထမဆုံး တိုက်ပွဲပဲ။ ကျုပ် နိုင်အောင် ကူညီပေးကြပါအုံး။ သူတို့ကို ဖိနပ်နဲ့ကောက်ပေါက်သလို နိုင်အောင် တိုက်ကြရအောင်...”
………………..
ယွင်ကျုံးဟဲ့သည် စိတ်ဝေဒနာရှင် ၂၆ ဦး စုံညီအစည်းအဝေး ထိုင်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
‘ဘာ... နံပါတ် ၁၊ ၂၊ ၃ ဘယ်ရောက်သွားလဲ ဟုတ်လား။ ကျုပ် ဘယ်သိမလဲ။ ကျုပ်မှ မမြင်ဖူးသေးတာ။’
(ယွင်ကျုံးဟဲ့တင် မကဘူး၊ စာရေးသူ ကိုယ်တိုင်လည်း မမြင်ဖူးသေးဘူး။)
အိပ်မက်ထဲတွင် ယွင်ကျုံးဟဲ့သည် ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ခပ်တည်တည်ဖြင့် မေးလိုက်၏။ “ဘယ်လို ဖြစ်ကြတာလဲ။ ပျောက်သွားတာ တစ်လနီးပါး ရှိနေပြီ။ အတောင်ပံပေါက်ပြီး ပျံကုန်ကြတာလား။ ကျုပ်လို ဆေးရုံအုပ်ကြီးက ခေါ်တာတောင် မလာကြတော့ဘူးပေါ့။”
“ဆရာကြီး... ကျုပ် ရှင်းပြပါရစေ။ ကျုပ်တို့က အိမ်သာ မဟုတ်ဘူးဗျ။ ခင်ဗျား တက်ချင်တိုင်း တက်လို့ရတဲ့ နေရာ မဟုတ်ဘူး။” စိတ်ဝေဒနာရှင် တစ်ဦးက ပြန်ပြောသည်။
ယွင်ကျုံးဟဲ့က ဒေါသထွက်သွား၏။ “မမှားနဲ့နော်။ ခင်ဗျားတို့က ကျုပ်ကိုယ်ထဲ ဝင်တာ။ ကျုပ်က ခင်ဗျားတို့ကိုယ်ထဲ ဝင်တာ မဟုတ်ဘူး။”
စိတ်ဝေဒနာရှင် တစ်ဦးက ပြောလိုက်သည်။ “ဆရာကြီး... ခင်ဗျား ကျုပ်တို့ကို မလေးစားဘူးလို့ ခံစားရတယ်။ အရင်တုန်းက ဘာမဟုတ်တဲ့ ကိစ္စလေးတွေလောက်နဲ့ ကျုပ်တို့ကို ခေါ်သုံးနေတာ။ ခင်ဗျား မသိတာက ကျုပ်တို့ကို ခေါ်သုံးတိုင်း ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ် ဆိုတာပဲ။”
ယွင်ကျုံးဟဲ့ ကြောင်အသွား၏။ “ဟမ်.. တန်ဖိုး ပေးဆပ်ရတယ် ဟုတ်လား။ ဘာတန်ဖိုးလဲ။”
စိတ်ဝေဒနာရှင်များက ပြန်မဖြေဘဲ ဆက်ပြောသည်။ “ဆရာကြီး... ကျုပ်တို့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။”
ယွင်ကျုံးဟဲ့က အော်လိုက်၏။ “ဘာ... မင်းတို့က ဆုံးဖြတ်တယ် ဟုတ်လား။ ရယ်စရာတွေ မပြောနဲ့။ ကျုပ်က ဆေးရုံအုပ်ကြီးကွ။ ကျုပ်မှာပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ။”
စိတ်ဝေဒနာရှင်များက ဆက်ပြောသည်။ “ဆရာကြီး... အရင်တုန်းက အသက်ရှင်နေတုန်းမို့ ခင်ဗျား အုပ်ချုပ်တာ ခံခဲ့ရတာ ထားပါတော့။ အခု သေပြီးတာတောင် ခင်ဗျား အုပ်ချုပ်တာ ခံရအုံးမှာလား။ တကယ်လို့ ခင်ဗျား ဒီလောက် အာဏာရှင်ဆန်မယ် ဆိုရင်တော့ နောက်နောင် ဘယ်တော့မှ ပေါ်မလာတော့ဘူး။”
ယွင်ကျုံးဟဲ့ ချက်ချင်း လေသံပြောင်းလိုက်၏။ “ဟေ့... ဟေ့... မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ကျုပ်က စတာပါ။ ခင်ဗျားတို့ကို ကျုပ် ဘယ်လိုလုပ် စိတ်ဆင်းရဲအောင် လုပ်ရက်မှာလဲ။”
စိတ်ဝေဒနာရှင်များက ပြောလိုက်သည်။ “ကျုပ်တို့ ဆုံးဖြတ်ချက်ကတော့။ ဒီနေ့ကစပြီး တစ်လမှာ တစ်ယောက်ပဲ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲ ဝင်မယ်။ ဆိုလိုတာက တစ်လလုံးလုံး ခင်ဗျားအနေနဲ့ စွမ်းရည်တစ်ခုတည်းကိုပဲ သုံးခွင့်ရမယ်။ အဲဒီ တစ်လအတွင်းမှာ ကြိုက်သလောက် ခေါ်သုံးလို့ ရတယ်။ ဒါပေမဲ့ တခြားလူကို ပြောင်းလို့ မရဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ်က ဘယ်သူ့ကို ယူမယ်ဆိုတာ ရွေးလို့ ရလား။”
စိတ်ဝေဒနာရှင်များက ခေါင်းခါလိုက်သည်။ “မရဘူး။ မဲနှိုက်ပြီး ရွေးမှာ။ ၅၊ ၄၊ ၃...”
ယွင်ကျုံးဟဲ့ ဤရေတွက်သံကို ကြားရင် လန့်နေပြီဖြစ်၏။ “ဘာလဲ။ ဘာလဲ။ ထပ်ပြီး ပေါက်ကွဲအုံးမလို့လား။”
စိတ်ဝေဒနာရှင်များက ပြောလိုက်သည်။ “၃၊ ၂၊ ၁... အချိန်ပြည့်ပြီ။ ပထမလအတွက် စိတ်ဝေဒနာရှင် ရွေးချယ်မှု စတင်ပါပြီ။”
အမှောင်ထုထဲတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး စိတ်ဝေဒနာရှင်များ၏ မျက်နှာပေါ်သို့ ကျရောက် သွားသည်။ ထို့နောက် မီးရောင်သည် နေရာရွှေ့လျားသွားသည်။ (Battle of fate ထဲမှ နတ်ဝင်သည် ရွေးနေသလိုပင်။)
“ဒါ မဲနှိုက်နေတာပေါ့လေ။” ယွင်ကျုံးဟဲ့ ရင်တုန်လာသည်။ မဲပေါက်သည့် စိတ်ဝေဒနာရှင်၏ စွမ်းရည်ကိုသာ တစ်လလုံး သုံးစွဲခွင့် ရတော့မည်။
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်၏။ “အသုံးမကျတဲ့ စွမ်းရည်မျိုး မဖြစ်ပါစေနဲ့။”
‘ဥပမာ - သူများ အိပ်မက်ထဲ ခိုးဝင်လို့ရတယ် ဆိုတဲ့ကောင်မျိုး။ (Inception ဇာတ်ဝင်ခန်း ရိုက်နေတာ မှတ်လို့) ဒါမှမဟုတ် ကြွက်စကား နားလည်တဲ့ကောင်မျိုး။ ကြောင်စကားလည်း မဟုတ်၊ ခွေးစကားလည်း မဟုတ်၊ ကြွက်စကားတဲ့။ ဒါမှမဟုတ် မိန်းမအသွင် ပြောင်းနိုင်တဲ့ကောင်မျိုး။ ဘယ်သူက လိုချင်မှာလဲ။’
“ရွှပ်... ရွှပ်... ရွှပ်...” မီးရောင်သည် လှည့်ပတ်နေဆဲဖြစ်ပြီး မည်သူ့ဆီ ကျရောက်မလဲ မသိနိုင်ချေ။
‘စွမ်းရည်မြင့်တဲ့ ကောင်တွေ ဖြစ်ပါစေဗျာ။ နံပါတ် ၉ ကွမ်တမ် ဒါမှမဟုတ် နံပါတ် ၂၃ ဒါဗင်ချီ ဆိုရင်လည်း မဆိုးဘူး။’
ရုတ်တရက် မီးရောင် ရပ်တန့်သွားပြီး မျက်နှာတစ်ခုပေါ်တွင် တည်ငြိမ်သွားသည်။ မဲရလဒ် ထွက်ပေါ်လာပြီဖြစ်၏။
“ဆရာကြီး... လာမယ့် တစ်လလုံး ကျွန်မက ဆရာကြီးကို ပြုစုပေးရတော့မှာပေါ့။” စိတ်ဝေဒနာရှင်က တခစ်ခစ် ရယ်မောလိုက်သည်။
ယွင်ကျုံးဟဲ့ ကြောင်သွား၏။ “ဟေ့... အန်တီကြီး။ ခင်ဗျား ဘယ်သူလဲ။”
စိတ်ဝေဒနာရှင်က ဖြေလိုက်သည်။ “ဆရာကြီး... ကျွန်မက နံပါတ် ၂၇ လေ။”
ယွင်ကျုံးဟဲ့က ကြောင်အသွား၏။ ‘နံပါတ် ၂၇ ဟုတ်လား။ ဘာလုပ်တတ်တဲ့လူလဲ။ ဘာစွမ်းရည် ရှိလဲ။’
ယွင်ကျုံးဟဲ့ကို အပြစ်မတင်ပါနှင့်။ သူ ဆေးရုံအုပ် လုပ်တုန်းကလည်း စွမ်းရည်မြင့်တဲ့ လူနာတွေကိုပဲ အာရုံစိုက်ခဲ့ခြင်း ဖြစ်သောကြောင့် သာမန်လူနာတွေကို သတိမထားမိခဲ့ချေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျားမှာ ဘာစွမ်းရည် ရှိလဲ။ ဘွဲ့နာမည်က ဘာလဲ။”
နံပါတ် (၂၇)က ပြောလိုက်သည်။ “ကျွန်မရဲ့ ဘွဲ့နာမည်က သရဲမ လေ။”
ယွင်ကျုံးဟဲ့ သတိရသွား၏။ ‘နံပါတ် ၂၇ ဆိုတာ သရဲမြင်တယ်၊ သရဲနဲ့ စကားပြောတတ်တယ်လို့ ပြောတဲ့ အရူးမကြီးပဲ။’
တကယ်တမ်း ပြောရလျှင် ထိုအရာကလည်း စွမ်းရည်မြင့်သည်ဟု ပြောလို့ရနိုင်၏။ သရဲမြင်နိုင်သည် ဆိုခြင်းမှာ သာမန် မဟုတ်ချေ။ သို့သော်ငြား ဤလောကကြီးမှာ သရဲ မရှိချေ။ ကမ္ဘာမြေမှာလည်း မရှိဘူး။ ဤကမ္ဘာမှာလည်း မရှိပေ။
ထိုသို့ဆိုလျှင် သူက မည်သူနှင့့် စကားပြောရမည်နည်း။ သူကတော့ သေလူများနှင့် စကားပြောတတ်သူဟု ပြောနေ၏။ သို့သော်ငြား လူသေသွားပြီဖြစ်သောကြောင့် မည်သူက သက်သေပြနိုင်မည်နည်း။ ထို့ကြောင့် ဤနံပါတ် ၂၇ လူနာက သူ့စွမ်းရည်ကို ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့ချေ။
“ဆရာကြီး... အမှန်အတိုင်း ဝန်ခံရရင်လေ။ ဆရာကြီးက သိပ်ချောတာပဲ။ ကျွန်မ ဆရာကြီးကို ကြိတ်ကြွေနေတာ ကြာပြီ။” နံပါတ် ၂၇ သရဲမကြီးက သွားရည်တမြားမြားနှင့် ကြည့်ပြီး ပြောလိုက်သည်။
ယွင်ကျုံးဟဲ့၏ မျက်နှာက ရှုံ့မဲ့သွား၏။ ‘ခင်ဗျားက ကျုပ်ကို ကြိတ်ကြွေနေတယ် ဟုတ်လား။ မျက်နှာကြီးက သရဲရုပ်ကြီးနဲ့။’
နံပါတ် (၂၇)က ပြောလိုက်သည်။ “လာမယ့် တစ်လလုံးလုံး ကျွန်မ ဆရာကြီးကို ကောင်းကောင်း ပြုစုပေးမယ်နော်။”
ယွင်ကျုံးဟဲ့ ခေါင်းနပန်း ကြီးသွား၏။ သူ သတိရသွား၏။ သူ အဘယ့်ကြောင့် နံပါတ် ၂၇ ကို အမြဲတမ်း ရှောင်ခဲ့သနည်း ဆိုခြင်းကိုပင်။ သူမက သရဲရုပ်ပေါက်နေရုံတင် မကချေ။ တွေ့တိုင်း ယွင်ကျုံးဟဲ့ကို ကိုင်တွယ်ပွတ်သပ်ချင် နေသောကြောင့်ဖြစ်၏။
“မလုပ်နဲ့။ မလုပ်နဲ့။” ယွင်ကျုံးဟဲ့ အိပ်ရာမှ လန့်နိုးလာသည်။ နိုးလာသည်နှင်တပြိုင်နက် သူက ခေါင်းကို ခါလိုက်သည်။
‘စောစောက မက်တာ အိပ်မက်ပါ။ တကယ် မဟုတ်ပါဘူး။ တကယ် မဟုတ်ပါဘူး။’
ထို့နောက် ယွင်ကျုံးဟဲ့သည် စမ်းသပ်သည့်အနေဖြင့် ခေါ်ကြည့်လိုက်၏။ “နံပါတ် ၂၇... နံပါတ် ၂၇...”
ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် ပေါ်ပေါက်လာသည်။ “ဆရာကြီး... ကျွန်မ ရောက်ပါပြီရှင်။ အို... ဆရာကြီးရဲ့ ခန္ဓာကိုယ်လေးက သွယ်လျလိုက်တာ။ ပိန်ပိန်ပါးပါးလေး။”
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်း ထသွား၏။ “ကောင်းကင်ဘုံ... ဘာလို့ ခင်ဗျား ကျုပ်ကို ဒီလို လုပ်ရတာလဲ။”
………….
နောက်တစ်နေ့ နံနက်တွင် ယွင်ကျုံးဟဲ့သည် ကြောက်စိတ် မပြေပျောက်သေးပေ။ ‘ကောင်းကင်ဘုံ.... ဒီသရဲမကြီးက သိပ်ကြောက်စရာ ကောင်းတာပဲ။ အိပ်မက်ထဲမှာတောင် မျက်နှာကို သေချာ မမြင်ရဘူး။ ဝိညာဉ်တစ်ခုလို မဟုတ်ဘဲ စိတ်နှစ်ခွ ဖြစ်နေတဲ့ လူတစ်ယောက်လို ခံစားရတယ်။ လာမယ့် တစ်လလုံး ဒီသရဲမကြီးနဲ့ အတူတူ နေရတော့မှာလား။ မနေချင်ဘူး။ မနေချင်ဘူး။ လူလဲလို့ မရဘူးလား။’
သူ အသက်ပြင်းပြင်း ရှူလိုက်၏။ အသက်ရှုသည်ကို သတိထား၍ စောင့်ကြည့်လိုက်၏။ “ရှူသွင်း... ရှူထုတ်။”
‘စိတ်ငြိမ်အောင် အမြန်ဆုံး လုပ်ရမယ်။ ဒီနေ့ တိုက်ပွဲ ရှိတယ်လေ။ကျင်းကျုံးယွဲ့နဲ့ ပထမဆုံး တိုက်ပွဲမှာ နိုင်ကို နိုင်ရမယ်။ ရှုံးလို့ မဖြစ်ဘူး။ ဒီပွဲ ရှုံးတာနဲ့ လေခွင်းမြို့ စီမံကိန်းကနေ ထွက်သွားရတော့မယ်။ ကျင်းကျုံးယွဲ့က ဘာရာထူး ပေးမလဲ။ ဘယ်လို အခက်အခဲမျိုး ဖန်တီးထားမလဲ မသိဘူး။
ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူ ရာထူးရတာနဲ့ ဖြုတ်ချဖို့ ကြိုးစားမှာပဲ။ လာမယ့် တိုက်ပွဲအတွက် ငါ့ရဲ့ ‘ရွှေလက်ချောင်း’က တကယ် အသုံးဝင်ပါ့မလား။ ငါ့ကိုယ်ထဲ ဝင်ချင်နေတဲ့ သရဲမကြီးက တကယ် အစွမ်းထက်ပါ့မလား။’
ထိုစဉ် ယွင်ကျုံးဟဲ့၏ ခြံဝင်းတံခါး ပွင့်သွားပြီး စစ်သည်တစ်ဖွဲ့ ဝင်လာသည်။ “သခင်လေး ယွင်အောက်ထျန်း... လိုက်ခဲ့ပါ။ ရာထူးလက်ခံဖို့ ရုံးကို လိုက်ပို့ပေးပါမယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “နေပါအုံး။ မနက်စာတောင် မစားရသေးဘူး။”
သို့သော်ငြား စစ်သည်ခေါင်းဆောင်က ဂရုမစိုက်ချေ။ လက်ဝှေ့ယမ်းလိုက်ရာ စစ်သည်နှစ်ဦးက ယွင်ကျုံးဟဲ့ကို ဆွဲမပြီး ခေါ်ထုတ်သွားကြသည်။
ခြံဝင်းအပြင် ရောက်ချိန်မှာတော့ ကျင်းဝူပြန်းကို တွေ့လိုက်ရ၏။
“အောက်ထျန်း... ငါ လာနှုတ်ဆက်တာ။” ကျင်းဝူပြန်းက ပြောသည်။ “မင်းအတွက် ငွေ ၅၀၀၊ သွေးတိတ်ဆေးတွေ၊ အရိုးဆက်ဆေးတွေ ပြင်ဆင်ပေးထားတယ်။”
ယွင်ကျုံးဟဲ့ စိတ်ညစ်သွား၏။ ‘ခင်ဗျားကတော့လေ။ ကျုပ်ကို ကောင်းတာ ဘာမှ မတွေးပေးဘူးလား။ ကျုပ် ဒီနေ့ ရှုံးမယ်၊ ရာထူးပြုတ်မယ်၊ ခြေထောက် ရိုက်ချိုးခံရပြီး အောင်းထုတ်ခံရမယ်လို့ တထစ်ချ တွက်ထားတယ်ပေါ့။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီတုတ်ချောင်းက ဘာလုပ်ဖို့လဲ။”
ကျင်းဝူပြန်းက ဖြေလိုက်၏။ “အရိုက်ခံရတဲ့အခါ ပါးစပ်ထဲ ကိုက်ထားဖို့လေ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “ဒါဆို မနာတော့ဘူးလား။”
ကျင်းဝူပြန်းက ခေါင်းခါလိုက်၏။ “နာတာကတော့ နာမှာပဲ။ ဒါပေမဲ့ အော်ငိုစရာ မလိုတော့ဘူးပေါ့။ မင်းက ငါ့ညီလေ။ ငါ အရှက်မကွဲချင်ဘူး။”
“သောက်ကျိုးနည်း...”
“အောက်ထျန်း... ဒီလမ်းကို မင်းဘာသာ ရွေးခဲ့တာ။ ပြီးတော့။ ငါက မင်း ရှုံးပါစေလို့ ဆုတောင်းတယ်။ ဒီနေ့ ရှုံးရင် အသက်ရှင်အုံးမယ်။ မနက်ဖြန်ကျမှ ရှုံးရင် သေမှာ။” ပြောနေရင်းဖြင့် ကျင်းဝူပြန်း၏ မျက်နှာထား လေးနက်သွားသည်။
ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “အစ်ကိုကြီး.... နောက်တစ်ခါ ဘယ်သူမဆို ခင်ဗျားကို အရူးလို့ ပြောရဲရင် ကျုပ် ခုတ်သတ်ပစ်မယ်။ ဒါပေမဲ့ ဒီလမ်းကို ကျုပ် ရွေးပြီးပြီ။ ဒီနေ့ ကျုပ် နိုင်ကို နိုင်ရမယ်။ လန်ပိကို မေ့ဆေးအုပ်ဖို့သာ ပြင်ထားလိုက်။ သူ့နှုတ်ခမ်းကို ကျုပ် နမ်းရမှ ကျေနပ်မယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် စစ်သည်များ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး အဝေးသို့ ပါသွားလေတော့သည်။
..................
လေခွင်းမြို့၏ စည်ကားသော လမ်းမထက်တွင် ယွင်ကျုံးဟဲ့က ဆွဲခေါ်ခံနေရရင်း မေးလိုက်၏။ “အစ်ကိုတို့…. ကျုပ်က အရာရှိ သွားလုပ်မလို့ပါ။ ဘာလို့ လူကို ဖမ်းခေါ်သွားသလို လုပ်နေကြတာလဲ။ လမ်းဘေးက လူတွေ ကြည့်နေတာ မြင်လား။ သေဒဏ်ကျ အကျဉ်းသားကို ခေါ်သွားတယ် ထင်နေကြပြီ။”
စစ်သည်များက ပြန်မဖြေကြချေ။
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အစ်ကိုတို့... ကျုပ်တို့ ဘယ်သွားမှာလဲ။”
စစ်သည်များ တိတ်ဆိတ်နေဆဲပင်။
ယွင်ကျုံးဟဲ့က လက်မလျော့သေးဘဲ ထပ်မေးလိုက်၏။ “ကျုပ် ဘာရာထူး ရမှာလဲ။”
စစ်သည်များက ဆွံ့အ၊ နားမကြားများကဲ့သို့ လုံးဝ ဂရုမစိုက်ပေ။
၁၅ မိနစ်ခန့် ကြာချိန်မှာတော့ စစ်သည်ခေါင်းဆောင်က ပြောလိုက်သည်။ “ရောက်ပြီ။”
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ ခမ်းနားထည်ဝါပြီး တင်းကျပ်သော အဆောက်အအုံကြီး တစ်ခုကို တွေ့လိုက် ရသည်။ မြင့်မားသော လှေကားထစ်များ၊ အေးစက်သော တံခါးမကြီးများနှင့် “လေခွင်းရုံးတော်” ဟူသော ဆိုင်းဘုတ်ကြီး၊ တံခါးဝတွင် ကြီးမားသော စည်တော်ကြီး တစ်လုံး ရှိနေ၏။
‘တကယ့်ကို ခမ်းနားလိုက်တာ။’
ပထမဆုံး မြင်ဖူးသူဆိုလျှင် မြို့စားအိမ်တော်ဟုပင် ထင်မှတ်မှားနိုင်သည်။ အမှန်တကယ် မြို့စားအိမ်တော်မှာမူ တောင်ကုန်းပေါ်ရှိ ရဲတိုက်ကြီး ဖြစ်သည်။
ဤအရာက လေခွင်းမြို့ ရုံးတော်ဖြစ်သည်။ လေခွင်းချိုင့်ဝှမ်း နယ်မြေတွင် မြို့တော် တစ်ခုနှင့် နယ်မြေ ၁၉ ခု ရှိသည်။ ကျင်းကျုံးယွဲ့သည် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံး၏ ပိုင်ရှင်၊ မြို့စားမင်း ဖြစ်၏။
လေခွင်းမြို့တွင်မူ သီးသန့် အုပ်ချုပ်သူ ရှိသည်။ ထိုသူကို “လေခွင်းမြို့ဝန်” ဟု ခေါ်သည်။ ဤလေခွင်း ရုံးတော်သည် လေခွင်းမြို့ တစ်မြို့လုံးကို စီမံအုပ်ချုပ်သော အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်။
အာဏာ အဆင့်အတန်းအရ လေခွင်းရုံးတော်သည် “သွေးနက်ဂိုဏ်း” ထက်ပင် မြင့်မားပြီး မြို့စားအိမ်တော်၏ အောက်တွင်သာ ရှိသည်။ ဤရုံးတော်သည် မြို့နေလူထု သိန်းချီကို အုပ်ချုပ်၏။
ယွင်ကျုံးဟဲ့ တွေးခဲ့ဖူးသည်။ ကျင်းကျုံးယွဲ့က သူ့ကို ဘာရာထူး ပေးမလဲ။ မြင်းထိန်းလား။ နက္ခတ်ကြည့်တဲ့ အရာရှိလား။ နာမည်ခံ ရာထူးလား။ ဒါမှမဟုတ် ပြည့်တန်ဆာရုံ ကြီးကြပ်ရေးမှူးလား။ သို့သော်ငြား သူ မထင်မှတ်ထားသည်မှာ သူ အလုပ်ဆင်းရမည့် နေရာက လေခွင်းရုံးတော်ကြီး ဖြစ်နေလေသည်။
..................
အပိုင်း (၄၀)
“ဝင်သွား။”
စစ်သည်ခေါင်းဆောင်က ပြောလိုက်ပြီး အကျဉ်းသားတစ်ယောက်ကို တွန်းပို့သကဲ့သို့ ယွင်ကျုံးဟဲ့ကို ရုံးတော်ထဲ တွန်းထည့်လိုက်၏။
“အစ်ကိုတို့... မြို့စားမင်းက ကျုပ်ကို ဘာရာထူး ပေးထားတာလဲ။” ယွင်ကျုံးဟဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
‘ကြည့်ရတာ ရာထူး မသေးဘူး။ အာဏာလည်း ရှိမယ့်ပုံပဲ။’
စစ်သည်များက ပြန်မဖြေဘဲ ယွင်ကျုံးဟဲ့ကို ခန်းမတစ်ခုထဲသို့ ခေါ်သွားကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ခိုင်းလိုက်၏။
ထို့နောက် အရာရှိ ဝတ်စုံဝတ်ထားသော လူပေါင်း ၅၀ ခန့် ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့အား တညီတညွတ်တည်း ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
“မင်္ဂလာပါ အရှင်...”
“မင်္ဂလာပါ အရှင်...”
‘ကောင်းကင်ဘုံ.... အခမ်းအနားက ကြီးလှချည်လား။ ငါ ဘာရာထူး ရထားတာလဲ။’
အောက်တွင် ဒူးထောက်နေသော အရာရှိများကို ကြည့်ကာ ယွင်ကျုံးဟဲ့ ကြောင်သွားလေ၏။ “ကျုပ် ရထားတာ ဘာရာထူးလဲ။ ဒီလောက် လူအများကြီးကို အုပ်ချုပ်ရတာလား။”
ထို့နောက် အမျိုးသမီး အစေခံအချို့ ရောက်လာပြီး ယွင်ကျုံးဟဲ့၏ အဝတ်များကို ချွတ်လိုက်ကြသည်။
“မလုပ်ပါနဲ့ အစ်မတို့... မလုပ်ကြပါနဲ့။ ကျုပ် ရေမချိုးရတာ ကြာပြီဗျ။”
ရေမချိုးသည်သာမက ဆံပင်များလည်း ဖွာလန်ကြဲ၊ သူတောင်းစား ပုံစံအတိုင်း ရှိနေသေး၏။
ကံကောင်းထောက်မစွာပင် ယွင်ကျုံးဟဲ့၏ “အလှတရား” ကို အပြည့်အဝ မထုတ်ဖော်လိုက်ရချေ။ အမျိုးသမီးများသည် ယွင်ကျုံးဟဲ့အား အစိမ်းရောင် အရာရှိ ဝတ်စုံကို ဝတ်ပေးပြီး၊ အစိမ်းရောင် ဦးထုပ်ကို ဆောင်းပေးလိုက်ကြသည်။
ယွင်ကျုံးဟဲ့ တစ်ခုခု လွဲနေသလို ခံစားလိုက်ရ၏။ အစိမ်းရောင် အရာရှိဝတ်စုံလား။ မည်သို့ပင် ဖြစ်စေ၊ သူသည် ဤဝတ်စုံနှင့် ဦးထုပ်၏ အဓိပ္ပာယ်ကို နားမလည်သေးချေ။
ဘေးမှ လူများကမူ ယွင်ကျုံးဟဲ့ကို ကြည့်ကာ မျောက်ကို သရဖူ ဆောင်းပေးထားသလိုပဲ ဟု တွေးနေကြသည်။
“အရှင်... ကြွပါ။” ဝဝတုတ်တုတ် စာရေးတစ်ဦးက ဖိတ်ခေါ်လိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်သွားမှာလဲ။”
စာရေးက ပြောလိုက်၏။ “လေခွင်းမြို့ဝန် ဝမ်တောက်ဖူ မင်းကြီးက အရှင့်ကို စောင့်နေတာ ကြာပါပြီ။”
ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ “ဝမ်မင်းကြီး.... ဝမ်တောက်ဖူ... ဟုတ်လား။ ဒါ ပုဂ္ဂိုလ်ကြီး တစ်ဦးလေ။ မြို့စားဟောင်း ကျင်းအဲ့၏ လူယုံတော်၊ လေခွင်းမြို့ နယ်မြေချဲ့ထွင်ရေးတွင် အဓိက စွမ်းဆောင်ခဲ့သူ၊ ကျင်းကျုံးယွဲ့ရဲ့ ဆရာရင်း မဟုတ်လား။”
သူ့ကို ကျင်းကျုံးယွဲ့ကိုယ်တိုင်ကပင် ရိုသေလေးစားရသည်။ ကျင်းဝူပြန်းဆိုလျှင် သူ့ကို မြင်သည်နှင့် ကြွက်ကလေး ကြောင်တွေ့သလို ဖြစ်သွားတတ်သည်။ ငယ်ငယ်က စာသင်လျှင် အရိုက်ခံခဲ့ရဖူးသည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့သည် စာရေးနောက်သို့ လိုက်ပါသွားသည်။ အခြား အရာရှိများလည်း နောက်မှ လိုက်ပါလာကြသည်။
စာရေးက သတင်းပို့လိုက်၏။“မင်းကြီး.... ယွင်အောက်ထျန်း ရောက်ပါပြီ။”
“ဝင်ခဲ့...”
အသံကြားရုံနှင့်ပင် ဆက်ဆံရခက်မည့်သူမှန်း သိသာလှသည်။ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ တင်းကျပ်သူမျိုး ဖြစ်သည်။
တံခါးပွင့်သွားပြီး ယွင်ကျုံးဟဲ့ ဝင်သွားသည်။ ကျန်လူများ အပြင်တွင် ကျန်ရစ်ခဲ့၏။
အခန်းထဲတွင် ပိန်လှီသော လူကြီးတစ်ဦး ရှိနေသည်။ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာမှာ ဓားနှင့် ထွင်းထားသကဲ့သို့ မာကျောသည်။ သူသည် အကျင့်ပျက်ခြစားမှုကို လုံးဝ လက်မခံသော၊ လက်အောက်ငယ်သားများ ကြောက်ရွံ့ရသော မင်းကြီး ဖြစ်သည်။
သူက ယွင်ကျုံးဟဲ့ကို လှည့်မကြည့်ဘဲ မေးလိုက်၏။ “မင်းက ယွင်အောက်ထျန်းလား။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
ဝမ်တောက်ဖူက မေးလိုက်၏။ “မင်းရဲ့ ပညာအရည်အချင်းက ဘာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မူကြိုကျောင်း တစ်နှစ်တက်ပြီး ထွက်ခဲ့တာပါ။”
“ပေါက်ကရတွေ...” ဝမ်တောက်ဖူ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မြို့စားမင်းက ငါ့ရဲ့ လေခွင်းရုံးတော်ကို ဘာမှတ်နေတာလဲ။ တရားသူကြီးချုပ် ရာထူးကို ဘာမှတ်နေတာလဲ။”
‘သြော်... ငါက တရားသူကြီးချုပ် ဖြစ်သွားတာကိုး။ ဒါ ဘာရာထူးလဲ။ ရဲမင်းကြီး၊ ထောင်ပိုင်ချုပ်၊ တရားသူကြီး၊ ဥပဒေအရာရှိချုပ်... ဒါတွေ အကုန်ပေါင်းထားတဲ့ ရာထူးလေ။ တရားဥပဒေ စိုးမိုးရေး၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနဲ့ တရားစီရင်ရေး အာဏာပိုင် အဖွဲ့အစည်းရဲ့ အကြီးအကဲ။ တကယ့် အာဏာရှိတဲ့ နေရာပဲ။ အရေးပါတဲ့ နေရာပဲ။ ကျင်းကျုံးယွဲ့က တကယ် ရက်ရောတာပဲ။ ဒီလို အရေးကြီးတဲ့ ရာထူးကို သူတောင်းစား တစ်ယောက်ကို ပေးရဲတယ်ပေါ့။’
ဝမ်တောက်ဖူက မေးလိုက်၏ “မင်းရဲ့ နောက်ခံက ဘာလဲ။ အရင်က အရာရှိ လုပ်ဖူးလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သူတောင်းစား၊ လူမိုက်ပါ။ အရာရှိ မလုပ်ဖူးပါဘူး။”
“ပေါက်ကရတွေ... ပေါက်ကရတွေ...” ဝမ်တောက်ဖူ ဒေါသထွက်လွန်း၍ တုန်ယင်လာ၏။ “လေခွင်းမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဘာမှတ်နေတာလဲ။ ကြောင်တွေ ခွေးတွေတောင် အရာရှိ လုပ်လို့ ရနေပြီလား။ ဂုဏ်သိက္ခာ ဘယ်မှာလဲ။ အရှိန်အဝါ ဘယ်မှာလဲ။ ယွင်အောက်ထျန်း ဆိုတဲ့ကောင်... မင်း ဘယ်ကလာလဲ အဲဒီကို ပြန်သွား။ ဝေးဝေးကို လစ်လိုက်တော့။”
‘ဒီအဘိုးကြီးက စိတ်ကြီးလိုက်တာ။’
ဝမ်တောက်ဖူက အမိန့်ပေးလိုက်သည်။ “လာကြစမ်း။ ဒီသူတောင်းစားကို ဆွဲထုတ်သွားကြ။ သူ့ဝတ်စုံကို ချွတ်ပစ်ကြ။”
“နေပါအုံး။” ယွင်ကျုံးဟဲ့က တားလိုက်၏။ “မင်းကြီးဝမ်... ကျုပ်ကို ခန့်တာ မြို့စားမင်း ကျင်းကျုံးယွဲ့ပါ။ ခင်ဗျားက သူ့အမိန့်ကို ဖီဆန်မလို့လား။ ခင်ဗျားက ဝါရင့်တယ် ဆိုပြီး သခင်ကို အနိုင်ကျင့်ချင်တာလား။”
ဝမ်တောက်ဖူ လှည့်ကြည့်လိုက်သည်။ မျက်လုံးများက စူးရှနေသည်။ “ကောင်လေး။ မြို့စားမင်းက ငါ့တပည့်... ငါတို့က သားအဖလိုပဲ။ မင်း ငါတို့ကို သွေးခွဲလို့ မရဘူး။”
‘ဒီအဘိုးကြီး မျက်လုံးက ကောင်းသားပဲ။ ယွင်ကျုံးဟဲ့က အသက် ၄၀ ကျော် ပုံဖမ်းထားတာကို “ကောင်လေး။” လို့ တန်းခေါ်နိုင်တယ်။’
ဝမ်တောက်ဖူက ပြောလိုက်၏။ “ငါ့နောက် လိုက်ခဲ့...”
ဝမ်တောက်ဖူသည် အနောက်ဘက် ဥယျာဉ်သို့ ထွက်သွားသည်။ လျှို့ဝှက်တံခါး တစ်ခုကို ဖွင့်ပြီး မြေအောက်ခန်းထဲ ဆင်းသွားသည်။ မြေအောက်ခန်းသည် အေးစက်လွန်းလှသည်။ ရေခဲတိုက်ကဲ့သို့ပင်။
“တရားသူကြီးချုပ် ဆိုတာ ရာဇဝတ်မှုတွေကို ကိုင်တွယ်ရတဲ့ အဓိက ပုဂ္ဂိုလ်ပဲ။ အရေးကြီးဆုံး တာဝန်က အမှုစစ်တာပဲ။” ဝမ်တောက်ဖူက မေးသည်။ “မင်း အမှုစစ်တတ်လား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မစစ်ဖူးပါဘူး။ ဒါပေမဲ့ စမ်းကြည့်မှ သိမှာပေါ့။”
နောက်ပါ အရာရှိများက မထီမဲ့မြင် ပြုံးလိုက်ကြသည်။ ‘အမှုစစ်တယ် ဆိုတာ ဆယ်စုနှစ်နဲ့ချီပြီး လေ့လာရတာ၊ အတွေ့အကြုံ ယူရတာ။ မင်းလို သူတောင်းစားက ဘာတတ်မှာလဲ။’
ဝမ်တောက်ဖူက ထပ်မေးလိုက်၏။ “မှုခင်းဆေးပညာ စာအုပ်တွေ ဖတ်ဖူးလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “မဖတ်ဖူးပါဘူး။”
အားလုံးက ပိုပြီး အထင်သေးသွားကြ၏။ ‘အခြေခံ အကျဆုံး စာအုပ်တောင် မဖတ်ဖူးဘဲနဲ့ အမှုစစ်မယ်တဲ့လား။’
မြေအောက်ခန်း အောက်ဆုံးထပ်သို့ ရောက်သွားကြသည်။ အခန်းလယ်တွင် ကုတင်တစ်လုံး ရှိပြီး အဖြူရောင် ပိတ်စဖြင့် အုပ်ထားသည်။
ဝမ်တောက်ဖူက ပိတ်စကို လှန်လိုက်သည်။ အဝတ်အစား မပါသော အလောင်းတစ်လောင်း ပေါ်လာ၏။ လူလတ်ပိုင်း အရွယ်၊ ခပ်ဝဝလူတစ်ယောက်၊ ရင်ဘတ်တွင် ဓားဒဏ်ရာ တစ်ချက် ရှိသည်။ သေစေနိုင်သော ဒဏ်ရာဖြစ်၏။
“ဒါက အရင် တရားသူကြီးချုပ်ပဲ။” ဝမ်တောက်ဖူက ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ တုန်လှုပ်သွား၏။ ‘ဒါ ငါ့ရဲ့ ရှေ့က လူပေါ့။ ရာထူး တာဝန်ထမ်းဆောင်နေရင်း အသတ်ခံလိုက် ရတာလား။ ဒါကြောင့် နေရာလွတ်နေတာကိုး။ အရေးကြီးတဲ့ ရာထူးမို့လို့ အလွယ်တကူ မရနိုင်ဘူး ဆိုတာ ဒါကြောင့်ပဲ။ ငါ့အလှည့်ကျရင်ရော အသတ်ခံရအုံးမှာလား။’
“ခေါ်လာခဲ့...” ဝမ်တောက်ဖူ အမိန့်ပေးလိုက်သည်။
စစ်သည်များက လူသုံးယောက်ကို ခေါ်လာကြသည်။ စာရေးတစ်ယောက်၊ အစေခံတစ်ယောက်၊ ကိုယ်ရံတော်တစ်ယောက်တို့ပင်။
“ဒူးထောက်...”
သုံးယောက်လုံး ဒူးထောက်လိုက်ကြသည်။
ဝမ်တောက်ဖူက ပြောလိုက်၏။ “ယွင်အောက်ထျန်း... တရားသူကြီးချုပ် အနေနဲ့ အရေးကြီးဆုံးက အမှုမှန် ဖော်ထုတ်နိုင်ဖို့ပဲ။ တရားသူကြီးချုပ်ဟောင်း အသတ်ခံရတဲ့ အမှုကို ငါ စစ်ဆေးပြီးပြီ။ တရားခံက ဒီသုံးယောက်ထဲက တစ်ယောက်ပဲ။”
ယွင်ကျုံးဟဲ့က ထိုသုံးယောက်ကို ကြည့်လိုက်သည်။
ဝမ်တောက်ဖူက ထပ်ပြောလိုက်၏။ “ဒါက သိပ်လွယ်တဲ့ အမှုပါ။ မင်းကို အမွှေးတိုင် တစ်ဝက်စာ အချိန်ပေးမယ်။ တရားခံ ဘယ်သူလဲ ဆိုတာ ရှာပေး။ ရှာတွေ့ရင် မင်းကို ရာထူး လက်ခံပေးမယ်။ မှားရင်တော့ တရားစီရင်ရေးကို စော်ကားမှုနဲ့ ကြိမ်ဒဏ် ၅၀ ပေးပြီး မြို့ထဲက မောင်းထုတ်မယ်။”
ဝမ်တောက်ဖူ လက်ဝှေ့ယမ်းလိုက်ရာ အမွှေးတိုင် တစ်ဝက်ကို မီးညှိလိုက်သည်။
နောက်ထပ် စစ်သည် ၄ ဦး ဝင်လာသည်။ လက်ထဲတွင် တုတ်ကြီးများ ကိုင်ဆောင်ထားကြသည်။ ကြိမ်ဒဏ် ၅၀ ဆိုလျှင် ခါးရိုးကျိုးသွားနိုင်၏။
‘သောက်ကျိုးနည်း.... ဒါ ကျင်းကျုံးယွဲ့နဲ့ ဝမ်တောက်ဖူတို့ ပေါင်းကြံတာပဲ။ တရားသူကြီးချုပ် နေရာ လစ်လပ်သွားတယ်။ ဒါပေမဲ့ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ပေးချင်တာ မဟုတ်ဘူး။ ဒီလောက် အရေးကြီးတဲ့ နေရာကို သူတောင်းစား တစ်ယောက် ပေးစရာလား။ ဒါကြောင့် ဝတ်စုံလေး ပေးဝတ်ပြီး မျောက်ပြသလို လုပ်ခိုင်းတာ။ ပြီးတာနဲ့ ရိုက်နှက်ပြီး မောင်းထုတ်မလို့။ တကယ့်ကို လူပါးဝတာပဲ။’
ဝမ်တောက်ဖူက ပြောလိုက်သည်။ “ယွင်အောက်ထျန်း... မင်းကို အခွင့်အရေး မပေးဘူး မပြောနဲ့နော်။ တရားခံကို ရှာနိုင်ရင် မင်းကို ချက်ချင်း ခန့်အပ်ပေးမယ်။ မရှာနိုင်ရင်တော့ အပြစ်ပေးရမှာပဲ။”
‘ကျင်းကျုံးယွဲ့... မင်း တော်တော် ရက်စက်တဲ့ မိန်းမပဲ။ အမွှေးတိုင် တစ်ဝက်စာဆိုတာ ၁၅ မိနစ် ပဲ ရှိတာ။ မောင်းထုတ်ရုံတင် မကဘူး၊ လူကိုပါ ရိုက်နှက်အုံးမယ် ဆိုတော့ မင်း တော်တော် ဒေါသထွက်နေပုံ ရတယ်။’
“အချိန်မဖြုန်းနဲ့။ စလိုက်တော့။” ဝမ်တောက်ဖူသည် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မျက်လုံးမှိတ်လိုက်၏။
‘အမွှေးတိုင်က လောင်ကျွမ်းတာ မြန်နေသလိုပဲ။ ၅ မိနစ်တောင် ခံပါ့မလား။’
ဝမ်တောက်ဖူ စိတ်ထဲတွင် ကြိတ်ရယ်လိုက်သည်။ ‘မြို့စားမင်းကလည်း ကလေးဆန်လိုက်တာ။ ငါ ဒီလောက် အလုပ်ရှုပ်နေတာကို ဒီလို သူတောင်းစားနဲ့ လာကစားခိုင်းနေတယ်။ ဒီသူတောင်းစားက ၅ မိနစ်အတွင်း အမှုမှန် ဖော်ထုတ်နိုင်ပါ့မလား။ အိပ်မက်သာ မက်နေလိုက်။ အချိန်ပြည့်တာနဲ့ ရိုက်နှက်ပြီး မောင်းထုတ်လိုက်ရုံပဲ။ ဒီလိုလူမျိုး တရားသူကြီးချုပ် ဖြစ်လာရင် ငါ့သိက္ခာ ဘယ်နား သွားထားရမလဲ။’
ဘေးက လူများကလည်း အားရကျေနပ်နေကြ၏။ ‘ယွင်ကျုံးဟဲ့တော့ သေပြီ။’
……………….
၁၅ မိနစ်အတွင်း အမှုစစ်ပြီး တရားခံ ရှာဖို့ ဆိုခြင်းမှာ ကောင်းကင်ပေါ် တက်သည်ထက် ခက်သည် မဟုတ်ပါလား။
ယွင်ကျုံးဟဲ့သည် ဒူးထောက်နေသော သုံးယောက်ကို ကြည့်လိုက်သည်။ ‘စာရေး၊ ကိုယ်ရံတော်၊ အစေခံ... ဘယ်သူက လူသတ်သမားလဲ။ ၁၅ မိနစ်အတွင်း စစ်မေးဖို့ အချိန်မရှိဘူး။’
ယွင်ကျုံးဟဲ့ မျက်လုံးမှိတ်လိုက်သည်။ ‘ကံတရားက ဖန်တီးပေးတာပဲ ဖြစ်ရမယ်။ မနေ့ညကတင် သရဲနဲ့ စကားပြောနိုင်တဲ့ နံပါတ် ၂၇ စိတ်ဝေဒနာရှင် ရောက်လာတယ်လေ။ သရဲမကြီး... ခင်ဗျားအစွမ်း ပြဖို့ အချိန်ရောက်ပြီ။’
ယွင်ကျုံးဟဲ့သည် အလောင်းနားသို့ ကပ်သွားပြီး မျက်လုံးမှိတ်လိုက်၏။ “နံပါတ် ၂၇... နံပါတ် ၂၇... ကိုယ်ထဲ ဝင်တော့။”
နံပါတ် (၂၇)က ပြောလိုက်သည်။ “ဆရာကြီး... ကျွန်မ လာပါပြီရှင်...”
ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်သွားသည်။ နံပါတ် ၂၇ ဝင်လာပြီဖြစ်၏။
ထို့နောက် သူသည် အလောင်း၏ နားနားသို့ ကပ်ကာ စိတ်ထဲမှ မေးလိုက်သည်။ “သေသူရေ... မင်း မသေခင် နောက်ဆုံး ပြောခဲ့တဲ့ စကားက ဘာလဲ။”
ရုတ်တရက် ယွင်ကျုံးဟဲ့၏ ခေါင်းထဲတွင် ထူးဆန်းသော အသံတစ်ခု ပေါ်လာ၏။ “ငါ သေသွားရင်... ငါ့မိသားစု ဘေးကင်းသွားပြီ။ ဟား... ဟား... ဟား... အား။”
‘ဒါ... ဒါ တရားသူကြီးချုပ်ဟောင်းရဲ့ နောက်ဆုံး စကားလား။ ဒါက သရဲနဲ့ စကားပြောတယ် ဆိုတာလား။ သေသူရဲ့ နောက်ဆုံးစကားကို ကြားရတာလား။ ကြောက်စရာ ကောင်းလိုက်တာ။ ဒါပေမဲ့ စိတ်ဝင်စားစရာပဲ။ တရားသူကြီးချုပ်ဟောင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ။ တရားခံက သူကိုယ်တိုင် ဖြစ်နေတာပဲ။
ဟား... ဟား... ဟား... မင်းကြီး ဝမ်တောက်ဖူ... ခင်ဗျား တော်တော် ဉာဏ်များတာပဲ။ ကျုပ်ကို တွင်းနက်ကြီးထဲ တွန်းချလိုက်တာပေါ့လေ။ ဒါပေမဲ့ ခင်ဗျား ကျုပ်ရဲ့ ခြေဆေးရည်ကို သောက်ရတော့မယ်။’
…………………